← Chapters

အခန်း (၁၃၇-၁၃၈)

Vol. 12 Ch. 137-138

အခန်း (၁၃၇-၁၃၈)

Vol. 12 Ch. 137-138

အပိုင်း (၁၃၇)

ကျင်းကျုံးယွဲ့ စကားမဆိုရသေးမီမှာပဲ ခန်းမဆောင်အတွင်းရှိ စစ်သူကြီးများနှင့် အစောင့်အရှောက်များက ဓားများကို ဆွဲထုတ်လိုက်ကြပြီး ထန်ထိုင်ဖန်၏ လက်အောက်ခံ သိုင်းသမားများကို ဝိုင်းရံလိုက်ကြသည်။

ထိုသူများက လေခွင်းမြို့အတွင်း၌ သူတို့သခင်မ၏ ခင်ပွန်းဖြစ်သူကို လာရောက် ဖမ်းဆီးရဲသည်အထိ ရိုင်းစိုင်းလွန်းနေပြီ ဖြစ်၏။

လေထုတစ်ခုလုံး တင်းမာသွားသည်။

ထန်ထိုင်ဖန်က အေးစက်စွာ ပြောလိုက်၏။ “ခင်ဗျားတို့က အမိန့်ကို ဖီဆန်ပြီး ပုန်ကန်ချင်တာလား။ ပိုင်ရှင်မဲ့ နယ်မြေမှာ သံမဏိစည်းမျဉ်း တစ်ခု ရှိတယ်။ အင်ပါယာကြီး နှစ်ခုက သူလျှိုတွေကို တွေ့တာနဲ့ သတ်ရမယ်။ သူ့ရာထူး ဘယ်လောက် ကြီးကြီး၊ ဘယ်လောက်ပဲ အကျိုးပြုခဲ့ပါစေ သေဒဏ်ပဲ။”

သူက ဆက်ပြောလိုက်သည်။ “ပြီးတော့ မဟာမိတ်အဖွဲ့ ညီလာခံမှာ ရှင်းရှင်းလင်းလင်း ပြောထားပြီးသား။ ပိုင်ရှင်မဲ့ နယ်မြေဆိုတာ မြို့စားတွေ အားလုံးနဲ့ သက်ဆိုင်တယ်။ အင်ပါယာကြီး နှစ်ခုရဲ့ စားပွဲပေါ်က ဟင်းလျာ မဟုတ်ဘူး။ အင်ပါယာကြီး နှစ်ခုကို ဆန့်ကျင်ဖို့ဆိုတာ မြို့စားတိုင်းက စွဲကိုင်ထားရမယ့် ရပ်တည်ချက်ပဲ။ ဘယ်သူမှ ဖောက်ဖျက်ခွင့် မရှိဘူး။

ပိုင်ရှင်မဲ့ နယ်မြေက မြို့စားတွေထဲမှာ တစ်ယောက်ယောက်ကများ အင်ပါယာတွေနဲ့ ပူးပေါင်းကြံစည်မယ်ဆိုရင် တစ်နယ်မြေလုံးရဲ့ ဘုံရန်သူပဲ။ ကျန်တဲ့ မြို့စားတွေ အားလုံးက တပ်တွေ ပေါင်းပြီး သွားရောက် တိုက်ခိုက်ရမယ်။”

ထန်ထိုင်ဖန်က စာရွက်စာတမ်းများကို တစ်ရွက်ပြီးတစ်ရွက် ထုတ်ယူကာ အသံနေအသံထား ပြတ်သားစွာဖြင့် ဖတ်ပြ၏။ ဤစာရွက်စာတမ်းများ အားလုံးသည် အလွန်တရာ လေးနက်ပြီး အာဏာစက် ပါဝင်လှသည်။ ပိုင်ရှင်မဲ့ နယ်မြေတစ်ခုလုံး၏ တားမြစ်ချက်များပင် ဖြစ်၏။

ယခင်က ယွင်ဝမ်ရွှယ်ကို ယွင်ကျုံးဟဲ့ ကိုယ်တိုင် သတ်ဖြတ်ခဲ့ခြင်း ဖြစ်၏။ အင်ပါယာ၏ သူလျှို ဖြစ်နေသောကြောင့် ပူလောင်နေသော သံရည်ပူများကို ယွင်ဝမ်ရွှယ်၏ ခေါင်းပေါ်သို့ လောင်းချခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်က ထန်ထိုင်မြဲ့မင် ပြောခဲ့သော စကားတစ်ခွန်း ရှိ၏။ အင်ပါယာကြီး နှစ်ခု၏ သူလျှိုများ ပိုင်ရှင်မဲ့ နယ်မြေတွင် ဤကဲ့သို့သော နိဂုံးချုပ်ရမည် ဟူ၍ ဖြစ်သည်။ ထိုအချိန်တည်းက သူ့ကို တိတ်တဆိတ် သတိပေး ခြိမ်းခြောက်နေခဲ့ခြင်းလည်း ဖြစ်နိုင်၏။

ထန်ထိုင်ဖန်က ကျင်းကျုံးယွဲ့ဘက်သို့ လှည့်ကာ ပြောလိုက်သည်။ “မြို့စား ကျင်းကျုံးယွဲ့… ယွင်ကျုံးဟဲ့က ခင်ဗျားနဲ့ အခုမှ လက်ထပ်ထားတာကို ကျုပ်တို့ သိပါတယ်။ ဒါပေမဲ့ ကျင်းမိသားစု တစ်ခုလုံး ပျက်စီးမယ့် ဘေးကနေ ကင်းဝေးဖို့အတွက် သူ့ကို ကျုပ်တို့ လက်ထဲ အပ်လိုက်ဖို့ အကြံပေးချင်တယ်။

ယွင်ကျုံးဟဲ့… ခင်ဗျားလည်း ထွက်ပြေးလို့ မရတော့ဘူး။ ကိုယ့်သဘောနဲ့ကိုယ် အဖမ်းခံတာ ပိုကောင်းမယ်။ ဒါမှ သေရတာ သိပ်ပြီး မနာကျင်မှာ။ ယွင်ဝမ်ရွှယ် ဘယ်လို သေသွားလဲ ဆိုတာ ခင်ဗျား မျက်စိထဲမှာ မြင်ယောင်နေတုန်းပဲ မဟုတ်လား။ ခင်ဗျားကိုယ်တိုင် သတ်ခဲ့တာလေ။”

ယွင်ကျုံးဟဲ့က အေးစက်စွာ ပြုံးလိုက်၏။ “ခင်ဗျားတို့က ကျုပ်ကို ရန်သူ့အင်ပါယာရဲ့ သူလျှိုလို့ ပြောတိုင်း ကျုပ်က သူလျှို ဖြစ်သွားရရောလား။ သက်သေကရော။”

ထန်ထိုင်ဖန်က လှောင်ပြုံး ပြုံးလိုက်သည်။ “သက်သေ ဟုတ်လား။ ကျုပ်တို့ဆီမှာ ရှိတာက သက်သေတွေပဲ။ ခိုင်လုံတဲ့ သက်သေတွေ ရှိနေလို့ လာဖမ်းတာ။ ဒီသက်သေတွေက လုံလောက်လွန်းနေပြီလားလို့တောင် ကျုပ်တို့ တွေးနေသေးတယ်။”

ထန်ထိုင်ဖန်က ဆက်ပြောလိုက်၏။ “ခင်ဗျားက ငယ်ငယ်တည်းက တာယင်အင်ပါယာ ဟန်ရွှေမြို့မှာ လိမ်ညာလှည့်စားပြီး ငွေရော၊ မိန်းမပါ လိမ်ခဲ့တယ်။ သူတောင်းစားဂိုဏ်းချုပ်ကို စော်ကားခဲ့သလို၊ တခြား အရေးပါတဲ့ သူတွေကိုလည်း စော်ကားခဲ့တယ်။ နောက်ဆုံးတော့ ခင်ဗျား လုံးဝ မစော်ကားသင့်တဲ့ လူတစ်ယောက်ကို စော်ကားမိသွားတယ်။ အဲဒါက တာယင်အင်ပါယာရဲ့ တောင်ပိုင်းနယ်စားကြီးပဲ။”

ထိုစကားကြောင့် ယွင်ကျုံးဟဲ့ မျက်နှာထက်တွင် အပြုံးတစ်ခု ရှိနေဆဲ ဖြစ်သော်လည်း ရင်ထဲတွင်မူ တုန်လှုပ်သွားတော့သည်။

ထန်ထိုင်ဖန်၏ အသံက အခန်းတွင်း၌ ပဲ့တင်ထပ်သွား၏။ “ခင်ဗျားက တောင်ပိုင်းနယ်စားကြီးရဲ့ ဇနီးသည်ကို စော်ကားခဲ့တယ်။ ဒီကိစ္စကြောင့် ခင်ဗျား သေဘေးနဲ့ ရင်ဆိုင်ခဲ့ရတယ်။ သေချာပေါက် သေရမယ့် ကိစ္စပဲ။ နယ်စားကြီးက ခင်ဗျားကို သတ်ဖို့ သိုင်းသမားတွေ အများကြီး လွှတ်ခဲ့သလို၊ သူတောင်းစားဂိုဏ်းက မင်းရဲ့ အပေါင်းအပါတွေကိုပါ သတ်ပစ်ခဲ့တယ်။ လမ်းဆုံးနေတဲ့ အချိန်မှာ လူတစ်ယောက်က ခင်ဗျားကို ကယ်တင်ခဲ့တယ်။ အဲဒီလူက အင်ပါယာရဲ့ သူလျှိုခေါင်းဆောင်ပဲ။

ခင်ဗျား အကျွမ်းကျင်ဆုံးက ဘာလဲ။ လိမ်ညာတာ၊ မိန်းမတွေကို မြှူဆွယ်တာပဲ။ အဲဒီတော့ သူလျှိုခေါင်းဆောင်က ခင်ဗျားကို လေခွင်းမြို့ဆီ လွှတ်လိုက်တယ်။ ခင်ဗျားရဲ့ အရည်အချင်းတွေကို အသုံးချပြီး လေခွင်းမြို့စား ကျင်းကျုံးယွဲ့ကို မြှူဆွယ်ဖို့ပေါ့။ ရည်ရွယ်ချက်ကတော့ တစ်ခုတည်းပဲ။ လေခွင်းမြို့ တစ်ခုလုံးကို အင်ပါယာဆီ ဆက်သဖို့ပဲ။”

ထန်ထိုင်ဖန်က အေးစက်စွာ ဆက်ပြောလိုက်သည်။ “အရင်ကတော့ သူတို့က ခင်ဗျားအပေါ် သိပ်မျှော်လင့်ချက် မထားခဲ့ပါဘူး။ ခင်ဗျားက သူတောင်းစား လမ်းဘေးလူမိုက် တစ်ယောက်ပဲလေ။ မြို့စား ကျင်းကျုံးယွဲ့က ခင်ဗျားကို ဘယ်လိုလုပ် သဘောကျပါ့မလဲ။ ဒါပေမဲ့ ခင်ဗျားက တကယ် အောင်မြင်သွားခဲ့တယ်။ မြို့စား ကျင်းကျုံးယွဲ့ကို တကယ်ပဲ လက်ထပ်နိုင်ခဲ့တယ်။

ခင်ဗျား အခု အလုပ်စနေပြီ မဟုတ်လား။ မြို့စား ကျင်းကျုံးယွဲ့ကို အင်ပါယာဆီ ခိုလှုံဖို့ စပြီး သိမ်းသွင်းနေပြီပေါ့။ အကယ်၍ ခင်ဗျားသာ တကယ် အောင်မြင်သွားခဲ့ရင် ပိုင်ရှင်မဲ့ နယ်မြေ တစ်ခုလုံးအတွက် ကြီးမားတဲ့ ကပ်ဘေးကြီး ဆိုက်ရောက်သွားလိမ့်မယ်။

ကံကောင်းထောက်မစွာနဲ့ ခင်ဗျား လုံးဝ မအောင်မြင်သေးခင်မှာ ကျုပ်တို့က ခင်ဗျားကို ရှာတွေ့ခဲ့တယ်။ ခင်ဗျားလို အန္တရာယ်များတဲ့ သူလျှိုကို ဖော်ထုတ်နိုင်ခဲ့လို့ ပိုင်ရှင်မဲ့ နယ်မြေအတွက် ပျက်စီးစေမယ့် ကပ်ဘေးကို တားဆီးနိုင်ခဲ့ပြီ။”

ထန်ထိုင်ဖန် စကားပြောအပြီးတွင် ခန်းမဆောင် တစ်ခုလုံး တိတ်ဆိတ်သွားသည်။

လူတိုင်းက ယွင်ကျုံးဟဲ့ကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေကြသည်။ အံ့သြမှုများနှင့် သံသယများ ပြည့်နှက်နေကာ ယုံသင့်၊ မယုံသင့် ဝေခွဲမရ ဖြစ်နေကြ၏။

ထန်ထိုင်ဖန် လှောင်ပြုံး ပြုံးလိုက်သည်။ “ယွင်ကျုံးဟဲ့.. ခင်ဗျားက အရမ်းကို နက်နက်ရှိုင်းရှိုင်း ပုန်းကွယ်နေနိုင်ပေမဲ့ အလကားပါပဲ။ ကျုပ်တို့က ခင်ဗျားအကြောင်းကို အကုန်လုံး စုံစမ်းပြီးသွားပြီ။ အချိန် ဆွဲမနေနဲ့။ ကျုပ်တို့နဲ့အတူ မဟာမိတ်အဖွဲ့ ဌာနချုပ်ကို လိုက်ခဲ့တော့။

အင်ပါယာရဲ့ သူလျှိုတွေ အပေါ်မှာ ကျုပ်တို့က အမြဲတမ်း ရက်စက်တယ်။ ဒါပေမဲ့ ဒီတစ်ခါတော့ ခင်ဗျားကို သက်တောင့်သက်သာလေး သေခွင့်ပေးမယ်။ ကျုပ်တို့ရဲ့ မီးဖိုကြီးထဲမှာ သံရည်ပူတွေ ဆူပွက်နေတယ်။ ခင်ဗျားကို အဲဒီထဲ တိုက်ရိုက် ပစ်ထည့်လိုက်မယ်။ ခဏလေးအတွင်းမှာ မီးသွေးတုံး ဖြစ်သွားပြီး နာကျင်မှုက ခဏလေးထက် ပိုမှာ မဟုတ်ဘူး။”

ပြောပြောဆိုဆိုဖြင့် ထန်ထိုင်ဖန်က ရှေ့သို့ တိုးလာကာ ယွင်ကျုံးဟဲ့ကို ဖမ်းဆီးရန် ပြင်လိုက်၏။

ကျင်းကျုံးယွဲ့က အေးစက်သည့် လေသံဖြင့် ဟန့်တားလိုက်၏။ “သက်သေ ဘယ်မှာလဲ။ ခိုင်လုံတဲ့ သက်သေ မရှိရင် ရှင်တို့ ဒီနေ့ ဒီကနေ ထွက်သွားနိုင်ဖို့ မစဉ်းစားနဲ့။”

ထန်ထိုင်ဖန်က ခေါင်းညိတ်ပြလိုက်သည်။ “သက်သေ ဟုတ်လား။ အသေးစိတ် အချက်အလက် တချို့ကို အရင် ပြောပြမယ်။”

သူက ဆက်ပြောလိုက်၏။ “ပထမ တစ်ချက်… ပိုင်ယင်နယ်မြေကိစ္စ အပြီးမှာ လေခွင်းချိုင့်ဝှမ်းက မတန်တဆ လျော်ကြေးငွေတွေ ပေးခဲ့ရတယ်။ ဒါပေမဲ့ ယွင်ကျုံးဟဲ့က လဝက်လောက် အချိန်တိုလေး အတွင်းမှာ ငွေတစ်သန်းကျော် ရှာနိုင်ခဲ့တယ်။ ဘယ်ကနေ ရလာတာလဲ။

တောင်ပိုင်းကျိုးအင်ပါယာမှာ ရှိတုန်းက ခင်ဗျားက မော့မျိုးနွယ်စုမှာ ဝန်ခံခဲ့ဖူးတယ်။ နင်အန်းနယ်စား အိမ်တော်က သခင်လေးရဲ့ ကာလသားရောဂါကို ကုသပေးခဲ့လို့ အဖိုးတန် ပန်းချီကား တစ်ချပ် ရခဲ့တယ်လို့ ပြောခဲ့တယ်။ ပြီးတော့ အဲဒီပန်းချီကားကို တစ်လွှာခြင်းခွဲ၊ ပြန်လည် မွမ်းမံပြီး ရောင်းချလိုက်လို့ ငွေတစ်သန်းကျော် ရခဲ့တယ်လို့ ပြောတယ်။

တကယ်တမ်းတော့ အဲဒီလို ကိစ္စမျိုး လုံးဝ မရှိခဲ့ဘူး။ အဲဒီညက နင်အန်း နယ်စားအိမ်တော်မှာ အဲဒီပန်းချီကားကို အရမ်း လိုချင်နေတဲ့သူက အဲဒီပန်းချီကားကို လုံးဝ မဝယ်နိုင်ခဲ့ဘူး။ ထို့ကြောင့် ယွင်ကျုံးဟဲ့ ခင်ဗျားက ဒီငွေတစ်သန်းကျော်ကို ရှာနိုင်ခဲ့တာ လုံးဝ မဟုတ်ဘူး။

ဒါဆိုရင် ကျင်းကျုံးယွဲ့ကို ခင်ဗျား ပေးခဲ့တဲ့ ငွေတွေက ဘယ်က ရလာတာလဲ။ အင်ပါယာက ခင်ဗျားကို လျှို့ဝှက် ထောက်ပံ့ပေးထားတာပဲ ဖြစ်ရမယ်။ မဟုတ်ရင် လဝက်အတွင်းမှာ ဒီလောက်များပြားတဲ့ ငွေပမာဏကို ဘယ်လိုလုပ် ရှာနိုင်မှာလဲ။”

ထန်ထိုင်ဖန် ဆက်လက် ရှင်းပြလိုက်သည်။ “ဒုတိယ တစ်ချက်… ပိုင်ယင်နယ်မြေ လျော်ကြေးကိစ္စအတွက် စေ့စပ်ဆွေးနွေးတုန်းက ယွင်ဝမ်ရွှယ် ဆိုတာ လောင်းကစားဘုရင် တစ်ယောက်ပဲ။ ဒါပေမဲ့ သူက ခင်ဗျားလက်ထဲမှာ ရှုံးနိမ့်သွားခဲ့တယ်။ လောင်းကစားဘုရင်ကိုတောင် နိုင်တယ်ဆိုတော့ ခင်ဗျားက လောင်းကစားဘုရင်ထက် ပိုတော်နေလို့လား။

တတိယ တစ်ချက်… သခင်လေး မော့ချိုနဲ့ ယှဉ်ပြိုင်တုန်းက ခင်ဗျား စကားတစ်ခွန်း တိုးတိုးလေး ပြောပြီး သူ့အာရုံကို ဖမ်းစားခဲ့တယ်။ ခင်ဗျား အသံက တိုးပေမဲ့ အဲဒီနေရာမှာ ရှိနေတဲ့ ထိပ်တန်း သိုင်းသမား တစ်ယောက်က ခင်ဗျားပြောတာကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရတယ်။ ခင်ဗျား ပြောလိုက်တာက သခင်ကြီး ယန်ဖြန်ရှန်က ခင်ဗျားကို ပြောခိုင်းတဲ့ စကားရှိတယ် ဆိုတာပဲ။”

ယွင်ကျုံးဟဲ့၏ ခန္ဓာကိုယ်မှာ တုန်ယင်သွား၏။ ထိုအချိန်က ထိုစကားကို သူ တကယ် ပြောခဲ့ခြင်း ဖြစ်သည်။ သို့သော်ငြား အသံက အလွန် တိုးလှပြီး ပွဲကြည့်စင်နှင့်လည်း အလွန် ကွာဝေးလှ၏။

သခင်လေး မော့ချို တစ်ယောက်တည်းသာ ကြားနိုင်မည် မဟုတ်လား။ အခြားသူ ကြားသွားခဲ့သည်လား။ ထိုသူက မည်သူနည်း။ ထန်ထိုင်ကျင့်လား။ ထိုသူ၏ သိုင်းပညာက ထိုမျှလောက်အထိ မြင့်မားနေသည်လား။

ထန်ထိုင်ဖန်က အေးစက်စက် ပြုံးလိုက်ပြန်၏။ “ယန်ဖြန်ရှန်ဆိုတာ ဘယ်သူလဲ။ တချို့လူတွေ မသိလောက်ဘူး။ ကျုပ် နည်းနည်း မိတ်ဆက်ပေးမယ်။ ယန်ဖြန်ရှန်ဆိုတာ တောင်ပိုင်းကျိုးအင်ပါယာ မြောက်ပိုင်းစစ်ဆင်ရေး ထောက်လှမ်းရေး ဗျူဟာရဲ့ အမြင့်ဆုံး တာဝန်ခံပဲ။

ဟေးပင်းထိုင်ရဲ့ အကြီးအကဲ၊ အိမ်ရှေ့စံရဲ့ အကြံပေးအရာရှိ အနာဂတ် ဟေးပင်းထိုင် စစ်သေနာပတိချုပ်ရဲ့ ဆက်ခံသူ ဧကရာဇ်မင်းမြတ်ရဲ့ စာကြည့်ဆောင်မှာ ဝင်ထွက်ခွင့်ရှိသူ တောင်ပိုင်းကျိုးအင်ပါယာ မြောက်ပိုင်းသိမ်း တပ်တော် ဌာနချုပ်ရဲ့ အထူးကိုယ်စားလှယ် ဧကရာဇ်ရဲ့ အမိန့်တော် အမှတ်အသားကို ကိုင်ဆောင်ထားတဲ့ လျှို့ဝှက် အထူးသံတမန်ပဲ။

သူ့ရဲ့ အရေးပါပုံကို ခင်ဗျားတို့ မသိလောက်ဘူး။ ပိုင်ရှင်မဲ့ နယ်မြေ တစ်ခုလုံးရဲ့ ထောက်လှမ်းရေးနဲ့ သံတမန်ရေးရာကို သူက တာဝန်ယူထားတယ်။ အင်ပါယာ မြောက်ပိုင်းက အကျင့်ပျက်ခြစားမှုတွေကို နှိမ်နင်းရတဲ့ အမြင့်ဆုံး အရာရှိပဲ။

ဒီတစ်ကြိမ် တောင်ပိုင်းကျိုးအင်ပါယာမှာ သူ့လက်ချက်နဲ့ သေဆုံးသွားရတဲ့ အဆင့်မြင့် အရာရှိတွေ၊ မျိုးရိုးမြင့် အထက်တန်းလွှာတွေ ရာဂဏန်းလောက် ရှိတယ်။ ဒီလူက အနာဂတ်ရဲ့ ထောက်လှမ်းရေး ဘုရင် အမှောင်ကမ္ဘာရဲ့ ဘုရင်၊ တောင်ပိုင်းကျိုးအင်ပါယာ တစ်ခုလုံးကို ထိတ်လန့်တုန်လှုပ်သွားစေနိုင်တဲ့ အင်မတန် ကြီးကျယ်တဲ့ ပုဂ္ဂိုလ်ကြီးဆိုရင် မမှားဘူး။”

ယွင်ကျုံးဟဲ့ အံ့အားသင့်သွားသည်။

ထိုစဉ်က နင်အန်း နယ်စားအိမ်တော်မှ သခင်လေး ကာလသားရောဂါ ကူးစက်ခံရချိန်၌ မြောက်ပိုင်းသိမ်း တပ်တော် ဌာနချုပ်ကို ကျင်းကျိုးမြို့တွင် ဖွင့်လှစ်မည်ဟူသော ကောလာဟလများ ထွက်ပေါ်ခဲ့ပြီး ဖြစ်သည်။ စစ်ပွဲကြီး ဖြစ်ပွားလုနီးအချိန်တွင် တောင်ပိုင်းကျိုး ဧကရာဇ်မင်းမြတ်သည် မြောက်ပိုင်းရှိ ပြည်နယ်အချို့၏ အခြေအနေကို အလွန် မကျေမနပ် ဖြစ်နေခဲ့၏။

ထိုမှူးမတ်မျိုးနွယ်များမှ လူငယ်များသည် တိုင်းပြည်အတွက် အလုပ်အကျွေးပြုရန် မစဉ်းစားဘဲ နေ့စဉ်ရက်ဆက် သောက်စားမူးယစ်ကာ မိန်းမလိုက်စားပြီး လောင်းကစား ပြုလုပ်နေကြသောကြောင့် ဖြစ်သည်။

ထို့ကြောင့် မြောက်ပိုင်းသိမ်း တပ်တော် ဌာနချုပ် တည်ထောင်ခြင်းကို အကြောင်းပြု၍ တောင်ပိုင်းကျိုး အင်ပါယာမှ တစ်ခါမှ မကြုံဖူးသော နှိမ်နင်းမှုကြီး တစ်ခုကို ပြုလုပ်ခဲ့ခြင်း ဖြစ်၏။ သို့သော်ငြား ဤစစ်ဆင်ရေးကြီးက ယခုလို အရှိန်အဟုန်ဖြင့် စတင်နေပြီဟု သူ မထင်မှတ်ထားခဲ့ပေ။

ယန်ဖြန်ရှန်သည် ဤနှိမ်နင်းမှုကြီး၏ တာဝန်ခံ ဖြစ်၏။ ထို့ပြင် သူကိုယ်တိုင် တောင်ပိုင်းကျိုးအင်ပါယာမှ မှူးမတ်အထက်တန်းလွှာ အများအပြားကို သတ်ဖြတ်ခဲ့သေးသည်။ သူ၏ ရာထူးနေရာသည် အမှန်တကယ်ပင် မြင့်မားလှပြီး ဧကရာဇ်မင်းမြတ်၏ အထူး ယုံကြည်ကိုးစားမှုကို ရရှိထားသူ ဖြစ်ကြောင်း ထင်ရှားလှသည်။

ထန်ထိုင်ဖန်က အသံကို မြှင့်လိုက်၏။ “ယန်ဖြန်ရှန်လို ပုဂ္ဂိုလ်ကြီးကတောင် လေခွင်းမြို့ကို မျက်စိကျနေတယ်။ ဘာလို့လဲဆိုတော့ လေခွင်းမြို့က ပိုင်ရှင်မဲ့ နယ်မြေရဲ့ အချက်အချာကျတဲ့ နေရာမှာ ရှိနေလို့ပဲ။ လေခွင်းမြို့ကိုသာ သိမ်းပိုက်နိုင်ရင် အနာဂတ် စစ်ပွဲတွေမှာ အခက်အခဲ မရှိတော့ဘူး။

ပြီးတော့ တောင်ပိုင်းကျိုးအင်ပါယာရဲ့ ဟေးပင်းထိုင်က လေခွင်းမြို့မှာ အဆင့်မြင့် သူလျှို တစ်ယောက်ကို ထားထားတယ်။ သူ့ရဲ့ လျှို့ဝှက်အမည်က လောက်ချန်း။ အဲဒီ လောက်ချန်းဆိုတာ ခင်ဗျားပဲ မဟုတ်လား။ ယွင်ကျုံးဟဲ့။”

ထန်ထိုင်ဖန်၏ အေးစက်သော အသံအဆုံးတွင် ယွင်ကျုံးဟဲ့ လုံးဝ အံ့အားသင့်သွားသည်။ တစ်ခဏတာမျှ အသိစိတ် လွတ်သလို ဖြစ်သွားသည်။

ဤလောကကြီးက ရူးသွပ်ဖို့ ကောင်း၏။ သူက နေ့တိုင်း ထိုလောက်ချန်း ဆိုသူကို ရှာဖွေနေခဲ့ခြင်း ဖြစ်၏။ အချိန်အတော်ကြာ ရှာဖွေနေခဲ့သော်လည်း တောင်ပိုင်းကျိုးအင်ပါယာမှ ထိုအဆင့်မြင့် သူလျှိုကို မတွေ့ခဲ့ရပေ။

ယနေ့တွင်မူ တစ်စုံတစ်ယောက်က သူ့နှာခေါင်းကို လက်ညှိုးထိုးကာ လောက်ချန်းဟု စွပ်စွဲလာလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ချေ။

............

အပိုင်း (၁၃၈)

ထန်ထိုင်ဖန်က ခနဲ့တဲ့တဲ့ ပြောလိုက်၏။ “ယွင်ဝမ်ရွှယ်က လောင်းကစားမှာ ဘယ်တုန်းကမှ မရှုံးဖူးဘူး။ ဒီကမ္ဘာပေါ်မှာ လောင်းကစားဘုရင်ကို နိုင်တဲ့သူ တစ်ယောက်တည်း ရှိတယ်။ အဲဒါက လောက်ချန်းပဲ။

ယွင်ကျုံးဟဲ့ ခင်ဗျားက လောက်ချန်းပဲ။ အဲဒီ ငွေတစ်သန်းကျော် ဆိုတာလည်း တောင်ပိုင်းကျိုးအင်ပါယာ ဟေးပင်းထိုင်က ခင်ဗျားကို ပေးထားတဲ့ လျှို့ဝှက် စစ်စရိတ်တွေပဲ။

နင်အန်းနယ်စားအိမ်တော် သခင်လေးကို ဆေးကုပေးတာတို့ သူက ပန်းချီကား လက်ဆောင်ပေးတာတို့ ဆိုတာတွေက အယောင်ပြသက်သက်၊ ပိုက်ဆံရလာတဲ့ အကြောင်းပြချက် တစ်ခု ဖန်တီးပေးရုံ သက်သက်ပဲ။”

ယွင်ကျုံးဟဲ့က ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ “သက်သေ.... ခိုင်လုံတဲ့ သက်သေ ပေးစမ်းပါ။”

ထန်ထိုင်ဖန်ကလည်း အော်ရယ်လိုက်၏။ “သက်သေ ဟုတ်လား။ သေချာပေါက် ရှိတာပေါ့။ ခေါ်လာခဲ့စမ်း။”

ထန်ထိုင်ဖန်၏ အမိန့်အဆုံးတွင် သိုင်းသမား အချို့က လူတစ်ယောက်ကို ဖမ်းဆီးခေါ်ဆောင်လာကြ၏။ လူတိုင်း အသေအချာ ကြည့်လိုက်ချိန်မှာတော့ မနေ့ညက ဧကရာဇ်၏ အမိန့်တော် လာရောက်ဖတ်ကြားခဲ့သော တောင်ပိုင်းကျိုးအင်ပါယာမှ မိန်းမစိုး ဖြစ်နေသည်။

ထန်ထိုင်မိသားစု လုံးဝ ရူးသွပ်နေကြပြီ ဖြစ်၏။ တောင်ပိုင်းကျိုးအင်ပါယာမှ မိန်းမစိုးကိုပဲ ဖမ်းဆီးရဲကြသည်။ ဤသူသည် သာမန် မိန်းမစိုး မဟုတ်။ ဧကရာဇ်မင်းမြတ် အပါးတော်မှ မိန်းမစိုး၊ နန်းတွင်းမိန်းမစိုးအဖွဲ့၏ အစစ်အမှန် အဖွဲ့ဝင် တစ်ဦး ဖြစ်နေ၏။

ကျင်းကျုံးယွဲ့က မျက်မှောင်ကြုတ်လိုက်၏။ “ဒီမိန်းမစိုးက ဘာဖြစ်လို့လဲ။”

ထန်ထိုင်ဖန်က မေးခွန်းထုတ်လိုက်သည်။ “မနေ့ညက တောင်ပိုင်းကျိုး ဧကရာဇ်ရဲ့ အမိန့်တော်ကို အားလုံး ကြားခဲ့ကြတယ် မဟုတ်လား။ အကြောင်းအရာက အရမ်း ရိုးရှင်းတယ်။”

အားလုံး မှတ်မိကြ၏။ ကျင်းကျုံးယွဲ့နှင့် ယွင်အောက်ထျန်းတို့၏ မင်္ဂလာပွဲကို ဂုဏ်ပြုပြီး ကျောက်စိမ်းရူယီ တစ်စုံ ချီးမြှင့်ခြင်းသာ ဖြစ်၏။

ထန်ထိုင်ဖန်က မေးလိုက်သည်။ “အဲဒီ အမိန့်တော်ရော။”

ကျင်းကျုံးယွဲ့က ဖြေလိုက်၏။ “ဆွဲဖြဲပြီး အိမ်သာထဲ ပစ်ထည့်လိုက်ပြီ။”

ထန်ထိုင်ဖန်က အေးစက်စွာ ပြုံးကာ ပြောလိုက်သည်။ “ဒီမိန်းမစိုးက လျှို့ဝှက် တာဝန်နဲ့ လာခဲ့တာ။ ယွင်ကျုံးဟဲ့နဲ့ လာတွေ့တာပဲ။ သူ ထွက်သွားပြီးတဲ့နောက်မှာ ရုပ်ဖျက်ပြီး လေခွင်းမြို့ထဲမှာ သာမန်လူ တစ်ယောက်လို နေထိုင်နေခဲ့တယ်။

သူ့ဆီကနေ လျှို့ဝှက် စာအုပ် တစ်အုပ် ကျုပ်တို့ ရှာတွေ့ခဲ့တယ်။ ဒီစာအုပ်ကို ခင်ဗျား တော်တော် ရင်းနှီးမှာပါ။ မနေ့ညက တောင်ပိုင်းကျိုး ဧကရာဇ် ပေးခဲ့တဲ့ အမိန့်တော်ကို ပြန်ကောက်ပြီး သေချာ ဆေးကြောပေးလို့ ရမလား။”

ကျင်းကျုံးယွဲ့က ခေါင်းညိတ်လိုက်၏။

ခဏအကြာတွင် အိမ်သာထဲ လွှင့်ပစ်ခံလိုက်ရသော တောင်ပိုင်းကျိုးအင်ပါယာ၏ အမိန့်တော်ကို ပြန်လည် ကောက်ယူလာကာ သေချာစွာ ဆေးကြော အခြောက်ခံပြီး ယူဆောင်လာကြသည်။

အမိန့်တော်၏ တစ်ဖက်တစ်ချက်စီတွင် လိပ်တံများ ရှိပြီး အများစုမှာ သစ်သားဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ထန်ထိုင်ဖန်က အမိန့်တော်အတွင်းရှိ လိပ်တံ နှစ်ခုကို ဆွဲထုတ်လိုက်၏။

အပြင်ပန်းတွင် သာမန် နံ့သာမွှေးသစ်သား လိပ်တံများသာ ဖြစ်ကြောင်း တွေ့ရသည်။ ထို့နောက် ဓားဖြင့် ခုတ်ပိုင်းလိုက်ရာ လိပ်တံအတွင်း၌ တံဆိပ်တုံးများကဲ့သို့ အဖုအထစ်များ ပါဝင်သော အက္ခရာပုံစံများကို တွေ့လိုက်ရတော့သည်။

“တံဆိပ်တုံးမင် ယူခဲ့။”

တံဆိပ်တုံးမင် ယူလာချိန်မှာတော့ ထန်ထိုင်ဖန်က လိပ်တံအတွင်းရှိ အဖုအထစ်များကို မင်ဖြင့် ဖိနှိပ်ကာ စာရွက်ဖြူပေါ်တွင် ပြန်လည် ရိုက်နှိပ်လိုက်၏။

အဓိပ္ပာယ် မရှိသော သင်္ကေတ အစုအဝေး တစ်ခုသာ ထွက်ပေါ်လာ၏။ သို့သော် ဒုတိယ လိပ်တံကို ထပ်မံ ခုတ်ပိုင်းလိုက်ချိန်မှာတော့ ၎င်းအတွင်း၌လည်း အဖုအထစ်များ ရှိနေပြန်သည်။ မင်သုတ်ကာ စာရွက်ဖြူပေါ်တွင် ထပ်မံ ရိုက်နှိပ်လိုက်သည်။

သင်္ကေတ နှစ်ခု ပေါင်းစပ်သွားချိန်မှာတော့ ရှင်းလင်းပြတ်သားသော စာကြောင်းတစ်ကြောင်း ထွက်ပေါ်လာ၏။

“လောက်ချန်း… မင်း ကျင်းကျုံးယွဲ့ကို အောင်နိုင်ခဲ့ပြီ။ မျိုချခြင်း စီမံကိန်း တရားဝင် စတင်ပြီ။”

လက်မှတ်နေရာတွင် စာသား မဟုတ်ဘဲ အလွန် သေသပ်လှပသော ပျံလွှားငှက် ပုံစံလေး တစ်ခု ရေးဆွဲထားသည်။

လူတိုင်း လုံးဝ အံ့အားသင့်သွားကြပြီး ထိုအရာအားလုံးကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေကြ၏။

ထန်ထိုင်ဖန်က ဩရှရှအသံဖြင့် ပြောလိုက်သည်။ “လူတိုင်း မသိလောက်ဘူး။ ဒီလက်ရေးက ယန်ဖြန်ရှန်ရဲ့ လက်ရေးပဲ။ ဒီပျံလွှားငှက် ပုံစံလေးက သူ့ရဲ့ အမှတ်အသားပဲ။ အခု အမှန်တရားက မရှင်းလင်းသေးဘူးလား။ ကျင်းကျုံးယွဲ့ကို အောင်နိုင်ခဲ့ပြီလို့ ဂုဏ်ပြုခံရတာ။ အဲဒါ ယွင်ကျုံးဟဲ့ မဟုတ်ရင် ဘယ်သူ ဖြစ်နိုင်အုံးမှာလဲ။

ဒီလူက တောင်ပိုင်းကျိုး ဧကရာဇ် အပါးတော်က မိန်းမစိုးပဲ။ ရာထူးကလည်း မနိမ့်ဘူး။ သူ ကိုယ်တိုင် အမိန့်တော် လာပို့တာက လောက်ချန်းနဲ့ လာတွေ့ဖို့ပဲ။ ပြီးတော့ အဲဒီထဲမှာ ယန်ဖြန်ရှန်ရဲ့ လျှို့ဝှက် ထောက်လှမ်းရေး သတင်းတွေ ပါလာတယ်။ ယွင်ကျုံးဟဲ့ တစ်ဖြစ်လဲ လောက်ချန်း… မျိုချခြင်း စီမံကိန်း ဆိုတာ ဘာလဲဆိုတာ ပြောပြပါအုံး။”

ထန်ထိုင်ဖန်က အော်လိုက်၏။ “ခင်ဗျား ဇွတ်ငြင်းနေတုန်းပဲ မဟုတ်လား။ လူတွေ ထပ်ခေါ်ခဲ့စမ်း။”

ခဏအကြာတွင် လူနှစ်ယောက်ကို ခေါ်ဆောင်လာကြသည်။ တစ်ယောက်မှာ ကျင်းဝူပြန်းက မွေးစားဖခင်အဖြစ် လေးစားရသော နတ်ဆရာလန် ဖြစ်ပြီး အခြားတစ်ယောက်မှာ ကျင်ယီဝေ တပ်စုမှူး လန်ယွီ ဖြစ်၏။ သူတို့ နှစ်ယောက်စလုံး ဒဏ်ရာများဖြင့် သွေးသံရဲရဲ ဖြစ်နေကြသည်။

ထန်ထိုင်ဖန်က အေးစက်စွာ ပြောလိုက်၏။ “ယွင်ကျုံးဟဲ့ ဒီနှစ်ယောက်ကလည်း တောင်ပိုင်းကျိုးအင်ပါယာရဲ့ သူလျှိုတွေပဲ။ အရင်က သူတို့ သီးခြား လှုပ်ရှားခဲ့ပေမဲ့ နောက်ပိုင်းမှာ ခင်ဗျား တစ်ယောက်တည်းအတွက်ပဲ အလုပ် လုပ်ပေးခဲ့ကြတယ်။

ခင်ဗျား အရမ်းကို ရှင်းရှင်းလင်းလင်း သိမှာပါ။ ကျင်းဝူပြန်း စိတ်ဖောက်ပြန်ပြီး ဆေးစွဲနေတာကလည်း နတ်ဆရာလန်ရဲ့ လက်ချက်ပဲ။

နတ်ဆရာလန်၊ လန်ယွီ… မှန်မှန်ဖြေစမ်း။ ယွင်ကျုံးဟဲ့က ကိုယ်တိုင် သွားတွေ့ဖို့ အဆင်မပြေလို့ ခင်ဗျားတို့ နှစ်ယောက်က လျှို့ဝှက် တွေ့ဆုံမယ့် နေရာကို သွားပြီး ဒီတောင်ပိုင်းကျိုး မိန်းမစိုး ရွှီ နဲ့ တွေ့ဆုံကာ အမိန့်သစ်တွေ လက်ခံခဲ့တာ မဟုတ်လား။

ယွင်ကျုံးဟဲ့က ကျင်းကျုံးယွဲ့ကို လက်ထပ်ပြီးပြီဆိုတော့ နောက်ထပ် တာဝန်တွေ ပြောင်းလဲသွားပြီ။ တောင်ပိုင်းကျိုးအင်ပါယာအတွက် လေခွင်းမြို့ကို လျှို့ဝှက် သိမ်းပိုက်ပေးဖို့ မဟုတ်လား။

ကျုပ်တို့က သတိဝီရိယ ကြီးကြီး ရဲရဲတင်းတင်းနဲ့ ဒီတောင်ပိုင်းကျိုး မိန်းမစိုးကို စောင့်ကြည့်နေခဲ့လို့ အကုန်လုံး ဖမ်းမိသွားလိမ့်မယ်၊ နတ်ဆရာလန်နဲ့ လန်ယွီ ဆရာတပည့် နှစ်ယောက်လုံး ထောက်ချောက်ထဲ သက်ဆင်းသွားရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး မဟုတ်လား။”

ထန်ထိုင်ဖန်က ဆောင့်ကြောင့်ထိုင်လိုက်ကာ လှောင်ပြုံး ပြုံးရင်း မေးလိုက်၏။ “နတ်ဆရာလန်၊ လန်ယွီ… ခင်ဗျားတို့ရဲ့ အဆင့်မြင့်ဆုံး သူလျှို လောက်ချန်းက ခင်ဗျားတို့ ရှေ့မှာ ရှိနေတယ်။ သူက မြို့စား ကျင်းကျုံးယွဲ့ကို အောင်မြင်စွာ လက်ထပ်နိုင်ခဲ့ပြီဆိုတော့ ခင်ဗျားတို့ အရမ်း ဝမ်းသာနေကြမှာပဲ။ အောင်မြင်ဖို့ နီးစပ်လာပြီလို့ ထင်နေကြမှာပေါ့။

အခု သက်သေ အားလုံး ခိုင်လုံနေပြီ။ ဝန်ခံလိုက်တော့။ ဒီ ယွင်ကျုံးဟဲ့ ဆိုတဲ့ကောင်က လောက်ချန်း ဟုတ်လား၊ မဟုတ်ဘူးလား။ တောင်ပိုင်းကျိုးအင်ပါယာက လေခွင်းမြို့မှာ ထားထားတဲ့ အဆင့်မြင့် သူလျှို ဟုတ်လား၊ မဟုတ်ဘူးလား။”

နတ်ဆရာလန်နှင့် လန်ယွီတို့က ပြတ်သားစွာ ဖြေလိုက်ကြသည်။ “မဟုတ်ဘူး။”

“မဟုတ်ဘူး။”

ထန်ထိုင်ဖန်က ခေါင်းညိတ်ပြ၏။ “ကောင်းပြီ။ လုံလောက်တဲ့ သစ္စာတရားပဲ။ ကျုပ် သဘောကျတယ်။ ဒါပေမဲ့ အလောတကြီး ဖြေဖို့ မလိုပါဘူး။ ကျုပ်တို့မှာ အချိန်တွေ အများကြီး ရှိသေးတယ်။ ကျုပ်တို့ လက်ထဲ ရောက်လာပြီဆိုတော့ ခင်ဗျားတို့ကို နှိပ်စက်ဖို့ နည်းလမ်းပေါင်း ထောင်သောင်းမက ရှိတယ်။ ညှဉ်းပန်း နှိပ်စက်နည်းတွေ အများကြီး ရှိတယ်။ ခင်ဗျားတို့ကို ပါးစပ်ဟစေမယ့် နည်းလမ်း တစ်ခုတော့ သေချာပေါက် ရှိမှာပါ။”

ထိုစကားကြောင့် နတ်ဆရာလန်နှင့် လန်ယွီတို့ နှစ်ယောက်စလုံး၏ မျက်နှာများမှာ ပြာနှမ်းသွားကြ၏။

ထန်ထိုင်ဖန်က ထပ်ပြောလိုက်သည်။ “ဝန်ခံလိုက်စမ်းပါ။ ဒါဆိုရင် သက်တောင့်သက်သာ သေရမယ်။ လုံးဝ နာကျင်မှု မရှိဘဲ ချက်ချင်း သေသွားလိမ့်မယ်။ ဝန်မခံဘူးဆိုရင်တော့ ရှင်သန်ချင်ပေမဲ့ ရှင်သန်ခွင့် မရ၊ သေချင်ပေမဲ့ သေခွင့် မရတဲ့ အဖြစ်က ဘယ်လိုလဲဆိုတာ ခင်ဗျားတို့ကို သိစေရမယ်။”

နတ်ဆရာလန်က ယွင်ကျုံးဟဲ့ကို တစ်ချက် ကြည့်လိုက်ပြီး သူ၏ မျက်ဝန်းများထဲတွင် ပြတ်သားသော အရိပ်အယောင်တစ်ခု ပေါ်လွင်သွား၏။ ထို့နောက် အံကိုတင်းတင်း ကြိတ်လိုက်ရာ ပါးစပ်ထောင့်မှ သွေးနက်များ ယိုစီးကျလာတော့၏။

သူက ပြောလိုက်သည်။ “ကျုပ်… ကျုပ် သေရရင်တောင် ကျုပ်ရဲ့ ရဲဘော်ရဲဘက်ကို လုံးဝ သစ္စာဖောက်မှာ မဟုတ်ဘူး။”

စကားအဆုံးတွင် နတ်ဆရာလန်၏ခေါင်း ငိုက်ကျသွားကာ ချက်ချင်း အသက်ထွက်သွားသည်။ မျက်နှာရှိ အပေါက် ခုနစ်ပေါက်လုံးမှ သွေးများ ယိုစီးကျလာ၏။

ထန်ထိုင်ဖန် အလွန်တရာ အံ့အားသင့်သွားပြီး အော်ဟစ်လိုက်သည်။ “သူ့ပါးစပ်ကို ဖြဲထားစမ်း။ သူ့ကို အသေမခံနဲ့။”

သို့သော်ငြား အချိန်မမီတော့ပေ။ လန်ယွီသည်လည်း တစ်ကိုယ်လုံး တုန်ယင်သွားပြီး နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးနက်များ ယိုစီးကျလာ၏။ သူလည်း ခွာရခုနစ်ပေါက်မှ သွေးများ ယိုစီးကျကာ သေဆုံးသွား၏။

လူအချို့က ရှေ့သို့ တိုးလာကာ နှာခေါင်းဝရှိ အသက်ရှူနှုန်းကို စမ်းသပ်ကြည့်ပြီး သွေးခုန်နှုန်းကို စမ်းသပ်လိုက်ကြ၏။ ထို့နောက် ခေါင်းခါပြလိုက်ကြသည်။

“သခင်ကြီး ထန်ထိုင်ဖန်... သေသွားပါပြီ။”

ထန်ထိုင်ဖန်က လက်ခုပ်တီးကာ ပြောလိုက်၏။ “အံ့သြစရာပဲ။ တကယ်ကို အံ့သြစရာပဲ။ တောင်ပိုင်းကျိုး အင်ပါယာ ဟေးပင်းထိုင်ရဲ့ သူလျှိုတွေက ဒီလောက်တောင် သစ္စာရှိပြီး သေရမှာကို မကြောက်ကြဘူးလို့ ကျုပ် တကယ် မထင်ထားခဲ့ဘူး။ ယွင်ကျုံးဟဲ့ လို့ခေါ်တဲ့ လောက်ချန်း… သူတို့က သေရရင်တောင် ခင်ဗျားကို သစ္စာမဖောက်ကြဘူး။ အရမ်းကို နှမြောစရာ ကောင်းလိုက်တာ။”

ယွင်ကျုံးဟဲ့ လုံးဝ နှုတ်ဆိတ်နေဆဲပင်။

ထန်ထိုင်ဖန်က ဆက်ပြောလိုက်သည်။ “အခုလေးတင် ဖြစ်သွားတဲ့ မြင်ကွင်းက သက်သေပြနေတာပဲ မဟုတ်လား။ ခင်ဗျားက လောက်ချန်းပဲ။ နတ်ဆရာလန်နဲ့ လန်ယွီက ခင်ဗျားကို ကာကွယ်ဖို့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားကြတယ်။ ခင်ဗျား တစ်ယောက်တည်းကပဲ ဒီလို တန်ဖိုးရှိတာလေ။”

ခန်းမဆောင် တစ်ခုလုံး အသက်ရှူသံများ ရပ်တန့်သွားကြပြီး လူတိုင်း၏ အကြည့်များက ယွင်ကျုံးဟဲ့ထံသို့ ရောက်ရှိသွားကြ၏။

ယွင်ကျုံးဟဲ့မှာမူ အံ့အားသင့်လွန်း၍ ဆွံ့အလျက် ရှိနေသည်။ အလွန်တရာ အစွမ်းထက်ပြီး အလွန်တရာ ရက်စက်လွန်းလှ၏။ တကယ့်ကို အသေသတ်ပြီး အမြစ်ဖြတ်သည့် လုပ်ရပ် ဖြစ်သည်။

ထန်ထိုင်မိသားစုက သူ့အတွက် ဤမျှ ကြီးမားသော လုပ်ရပ်မျိုးကို ပြုလုပ်လိမ့်မည်ဟု တကယ် မထင်မှတ်ထားခဲ့ပေ။ ပေးဆပ်ရသည့် တန်ဖိုးက မည်မျှ ကြီးမားနေသနည်း။

ဤမိန်းမစိုးသည် အစစ်အမှန် ဖြစ်၏။ တောင်ပိုင်းကျိုး ဧကရာဇ်မင်းမြတ် အပါးတော်မှ အစစ်အမှန် ဖြစ်သည်။ ထို့ပြင် အမိန့်တော်အတွင်းရှိ လျှို့ဝှက်စာများသည်လည်း အစစ်အမှန် ဖြစ်ပြီး ယန်ဖြန်ရှန် ကိုယ်တိုင် ရေးသားထားခြင်း ဖြစ်နိုင်ချေ များလှ၏။

နတ်ဆရာလန်နှင့် လန်ယွီဆိုသော သူလျှို နှစ်ဦးသည်လည်း အစစ်အမှန် ဖြစ်သည်။ အမှန်တကယ်တော့ ထိုနှစ်ဦးမှာ တောင်ပိုင်းကျိုးအင်ပါယာမှ သူလျှိုများဖြစ်ကြောင်း ယွင်ကျုံးဟဲ့ အစောတည်းက ရိပ်မိထားခဲ့ သော်လည်း အရမ်းကာရော မလှုပ်ရှားခဲ့ခြင်းသာ ဖြစ်သည်။

ယခုမူ ၎င်းတို့နှစ်ဦးအား ယွင်ကျုံးဟဲ့ကို သူလျှိုအဖြစ် သတ်မှတ်နိုင်ရန်အတွက် စတေးလိုက်ကြပြီ ဖြစ်၏။ ယခုလေးတင် ဖြစ်သွားသော မြင်ကွင်းက အလွန် ရှင်းလင်းနေသည် မဟုတ်ပါလား။

နတ်ဆရာလန်နှင့် လန်ယွီတို့ လူပုံအလယ်တွင် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခြင်းသည် ယွင်ကျုံးဟဲ့ကို သစ္စာမဖောက်လိုကြောင်း ပြသလိုက်ခြင်း ဖြစ်၏။ သို့ပေမည့် ထိုအရာကပင် ပိုမို ထင်ရှားစေရန် ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားခြင်း ဖြစ်ကြောင်း သိသာလှသည်။

အကယ်၍ ယွင်ကျုံးဟဲ့သာ ထို လောက်ချန်းဆိုသူ မဟုတ်ခဲ့လျှင် နတ်ဆရာလန်နှင့် လန်ယွီတို့ အနေဖြင့် မည်သူ့ကိုမဆို အလွယ်တကူ စွပ်စွဲနိုင်ပေသည်။ ယခုကဲ့သို့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခြင်းသည် ယွင်ကျုံးဟဲ့၏ ကိုယ်ပိုင်အမှတ်အသားကို သေချာပေါက် သတ်မှတ်လိုက်ခြင်းပဲ ဖြစ်တော့၏။

တောင်ပိုင်းကျိုး ဧကရာဇ်မင်းမြတ် အပါးတော်မှ မိန်းမစိုး ကိုယ်တိုင် လာရောက် တွေ့ဆုံခြင်း၊ သူလျှို နှစ်ဦးကို စတေးလိုက်ခြင်း… ဤအရာအားလုံးသည် ယွင်ကျုံးဟဲ့ကို လုပ်ကြံစွပ်စွဲရန် သက်သက်သာ ဖြစ်၏။ သူ့အတွက် ဤမျှ ကြီးမားလှသော အစီအစဉ်ကြီးကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။

ထန်ထိုင်မြဲ့မင်က ဤမျှအထိ သူ့ကို သတ်ချင်နေသည်လား။ ယနေ့ မြင်ကွင်းနှင့် နှိုင်းယှဉ်လျှင် သစ်ရွက်ကြွေ နယ်မြေမှ လေးသည်တော်များ၏ လုပ်ကြံမှုမှာ ဘာမှ မဟုတ်တော့ပေ။

အမှန်တကယ်တော့ နတ်ဆရာလန်နှင့် လန်ယွီတို့ တကယ် သေသွားခြင်း မဟုတ်ဘဲ အတုအယောင် သတ်သေခြင်းသာ ဖြစ်နိုင်၏။ အနည်းဆုံး သူတို့ကိုယ်တိုင်အတွက်တော့ ထိုသို့ ထင်မြင်ထားကြပေမည်။

သို့သော်ငြား သူတို့ ပြန်ရှင်လာနိုင်မည်လား ဆိုသည်မှာမူ မသေချာတော့ပေ။ သူတို့အတွက်တော့ အတုအယောင် သတ်သေခြင်း ဖြစ်သော်လည်း သူတို့ နောက်ကွယ်မှ အင်အားစုအတွက်မူ အမှန်တကယ် သေဆုံးသွားခြင်း ဖြစ်နိုင်၏။

ယခု အခြေအနေအရ ခိုင်လုံသော သက်သေများ ရှိနေပြီ ဖြစ်သောကြောင့် ထျန်းကျန်းမြစ်ထဲ ခုန်ချလျှင်တောင် အပြစ်ကင်းကြောင်း သက်သေပြနိုင်မည် မဟုတ်တော့ပေ။

ယွင်ကျုံးဟဲ့သည် တောင်ပိုင်းကျိုးအင်ပါယာမှ လေခွင်းမြို့တွင် ထားရှိသော အဆင့်မြင့်ဆုံး သူလျှို လောက်ချန်း ဖြစ်သွားပြီ ဖြစ်သည်။

သူတို့က ယွင်ကျုံးဟဲ့ကို အတော်လေး အထင်ကြီးနေကြသည် မဟုတ်ပါလား။ ယန်ဖြန်ရှန်သည် အလွန်တရာ အစွမ်းထက်လှပြီး ဧကရာဇ်၏ အမိန့်တော်ကိုပါ အသုံးချနိုင်ခဲ့သလို ဧကရာဇ် အပါးတော်မှ မိန်းမစိုးကိုပါ အသုံးချနိုင်ခဲ့၏။

နန်းတွင်းနှင့် အမိန့်တော်ကို အသုံးပြုကာ ယွင်ကျုံးဟဲ့အား တောင်ပိုင်းကျိုးမှ သူလျှိုဖြစ်ကြောင်း သက်သေပြခဲ့သည်။ ဤအရင်းအနှီးက အလွန် ကြီးမားလှ၏။ သို့ပေမည့် ဤမျှ ကြီးမားသော အရင်းအနှီးများ ထုတ်သုံးရခြင်းမှာ သူ့တစ်ယောက်တည်းကို သတ်ရန် သက်သက်လား။

သူ တကယ် မယုံကြည်နိုင်ပေ။ သေချာပေါက် ပိုမို ကြီးမားသော ရည်မှန်းချက်များ ပိုမို ကြီးမားသော ရည်ရွယ်ချက်များ ရှိရပေမည်။ သို့မဟုတ်လျှင် ဤမျှ ကြီးမားသော တန်ဖိုးကို ပေးဆပ်ကာ သူ့တစ်ယောက်တည်းကို သတ်ရခြင်းမှာ အလွန်တရာ နှမြောစရာ ကောင်းလွန်းလှ၏။

ဤလုပ်ကြံမှုကြီးကို ဦးဆောင်သူက မည်သူနည်း။ ယွင်ကျုံးဟဲ့ စဉ်းစားခန်း ဝင်နေမိသည်။ သူ၏ ခေါင်းထဲတွင် ထန်ထိုင်မြဲ့မင်၏ မှုန်ဝါးဝါး မျက်နှာ ပေါ်လာ၏။ ထို့နောက် ထန်ထိုင်ကျင့်၏ ခန့်ညားပြီး အေးစက်လှသော မျက်နှာ ပေါ်လာပြန်သည်။

အခြား မည်သူ ရှိသေးသနည်း။ ယန်ဖြန်ရှန်လား။ သူက ပါဝင်ပတ်သက်ရုံ သက်သက်လား။ သို့မဟုတ် ဦးဆောင်သူလား။ သူနှင့် ထန်ထိုင်မိသားစုအကြား မည်သို့သော ဆက်ဆံရေး ရှိနေသနည်း။

................................

All Chapters