← Chapters

အခန်း (၃၄၆-၃၄၈)

Vol. 24 Ch. 346-348

အခန်း (၃၄၆-၃၄၈)

Vol. 24 Ch. 346-348

အခန်း (၃၄၆) - လျှို့ဝှက် စာတိုပေးပို့မှု (၂)

~သို့သော်ငြား... ဆုမိုရော ယန်ရှောင်ယွင်ပါ ထင်မှတ်မထားသည့် အရာတစ်ခု ရှိလေသည်။ ဆုထျန်းယန်က ဝင်ပေါက်ဖွင့်နည်းကို သွမ့်ဆုန်အား ကြိုတင် ပြောပြထားခဲ့ခြင်းပင်။

ဒါတင် မကသေး... ဒီကိစ္စထဲမှာ လူလည်ကျသော လှည့်ကွက်လေးတွေ ပါဝင်နေသေးသည်။

ရယ်စရာကောင်းသည်မှာ... သွမ့်ဆုန်က အဲဒီ ကလေးကလား လှည့်ကွက်တွေကို အဟုတ်မှတ်ပြီး တကယ် လိုက်လုပ်နေခြင်းပင်။

သွမ့်ဆုန်ကပဲ အယုံလွယ်လွန်းတာလား... သို့တည်းမဟုတ် ငယ်စဉ်ကတည်းက ဆုထျန်းယန်၏ လှည့်စားမှုများကို အကြိမ်ကြိမ် ခံခဲ့ရဖူးသဖြင့်... တစ်ခါတစ်ရံတွင် မယုံတာထက် ယုံလိုက်တာက ပိုစိတ်ချရသည်ဟု တွေးတောမိသွားခြင်းလား မပြောတတ်ပေ။

ဆုမိုကတော့ ဒီအချက် နှစ်ချက်စလုံး ပေါင်းစပ်သွားခြင်း ဖြစ်မည်ဟု ယူဆမိသည်။

သို့မဟုတ်ပါက... ဒီအခြေအနေထိ ရောက်လာစရာ အကြောင်း မရှိပေ။

ဆုမို တွေဝေမနေတော့ဘဲ ယန်ရှောင်ယွင်ကို ချက်ချင်း ပြောလိုက်သည်။

“အစ်မယွင်... အစ်မက အပေါ်မှာပဲ အခြေအနေ ကြည့်နေပေး...”

“ကောင်းပြီ...”

ယန်ရှောင်ယွင် ခေါင်းငြိမ့်လိုက်သည်။ ဆုမိုသည် ကြိုးကို ဆွဲယူကာ အောက်ဘက်သို့ ခုန်ဆင်းလိုက်၏။

အောက်ဘက်ရှိ နေရာလွတ်မှာ ထင်ထားသည်ထက် ပိုကျဉ်းမြောင်းနေသည်။

ခြေဖျား မြေထိသည်နှင့် အုတ်ဖြင့် စီဆောက်ထားသော အခန်းငယ်လေး တစ်ခုကို တွေ့လိုက်ရသည်။

အခန်းထဲတွင် ကျောက်စားပွဲတစ်လုံး ရှိပြီး... စားပွဲပေါ်၌ သေတ္တာတစ်လုံးနှင့် မီးထွန်းထားသော ဖယောင်းတိုင်တစ်တိုင် ရှိနေ၏။

ဖယောင်းတိုင်မီးက လင်းလက်နေသည်။ သွမ့်ဆုန်သည် ဖယောင်းတိုင်မီးရောင်အောက်တွင် စားပွဲရှေ့၌ ရပ်လျက် တုံ့ဆိုင်းနေသည်။ သေတ္တာကို ကောက်ယူပြီး ဖွင့်ကြည့်သင့် မသင့် ဝေခွဲမရ ဖြစ်နေပုံရသည်။ သေတ္တာထဲတွင် လျှို့ဝှက်ယန္တရားများ ပါနေမလားဟု စိုးရိမ်နေသည့်ပုံပင်။

အတန်ကြာ စောင့်ကြည့်ပြီးနောက် ဆုမို စိတ်မရှည်တော့ပေ။ မနေနိုင်ဘဲ လှမ်းမေးလိုက်သည်။

“ကျွန်တော် ကူဖွင့်ပေးရမလား...”

“ပေါ့ဆလို့ မဖြစ်ဘူး...”

သွမ့်ဆုန်က ခေါင်းမလှည့်ဘဲ ပြန်ဖြေသည်။

“ဆုထျန်းယန် ဆိုတဲ့ကောင်က သဘာဝကိုက ကောက်ကျစ်စဉ်းလဲတာ... သူ့ရဲ့ နည်းဗျူဟာတွေက အမှန်အမှား ခွဲခြားရခက်တယ်... အတုလို့ ထင်ရပေမယ့် တကယ်တမ်း အစစ် ဖြစ်နေတတ်သလို... အစစ်လို့ ထင်ရပေမယ့် အတု ဖြစ်နေတတ်ပြန်ရော... ဒီသေတ္တာကို ဒီနေရာမှာ ထားထားတာက သိပ်ပြီးတော့... ဟေ...”

သူသည် ကိုယ့်အတွေးနှင့်ကိုယ် မျောပါနေသဖြင့် ထိုအသံက သူ့စိတ်ထဲက အသံမဟုတ်ကြောင်း သတိမထားမိပေ။

အသံက သူ့နောက်ကျောဘက်ဆီမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

စကားဖောင်ဖွဲ့နေရင်းမှ ရုတ်တရက် အသိဝင်လာပြီး... ချာခနဲ လှည့်ကြည့်လိုက်ရာ မျက်လုံးများ ပြူးကျယ်သွားသည်။

“မင်း...”

ဆုမိုက လက်သီးဆုပ် အရိုအသေပြုလိုက်သည်။

“ဂါရဝပြုပါတယ် စီနီယာ...”

“...”

သွမ့်ဆုန်သည် `ယန်ရီဇီ` ၏ မျက်နှာဖုံးကို တပ်ဆင်ထားဆဲ ဖြစ်သည်။ ယခုအချိန်တွင် သူသည် ကျောက်ရုပ်တစ်ရုပ်အလား တောင့်တင်းနေပြီး... အတန်ကြာမှ သူ့မျက်ဝန်းထဲတွင် အေးစက်သော အရောင်များ လက်လာကာ... လေအေးများ ဝှေ့ရမ်းတိုက်ခတ်လာပြန်၏။

ဆုမို၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားသည်။

“စီနီယာ... စိတ်အေးအေး ထားပါဗျာ... ဘုရားသခင် ယောင်ဆောင်မနေပါနဲ့တော့...”

“နောက်တစ်ခါ ထပ်ပြီး...”

ဒီစကားကို ကြားတော့ သွမ့်ဆုန် ပခုံးများ တွဲကျသွားသည်။

“မင်း ငါ့ကို ဘယ်အချိန်ကတည်းက တိတ်တိတ်လေး ချောင်းကြည့်နေတာလဲ...”

“စီနီယာ အခေါင်းထဲက ထွက်လာကတည်းကပါ...”

ဆုမို ပြုံးရင်း ဆက်ပြောသည်။

“စီနီယာက ခန်းမဆောင် ခေါင်မိုးတန်းပေါ်မှာ ပုန်းနေတယ်... ပြီးတော့ ညဘက်ရောက်မှ အခွင့်ကောင်းယူပြီး ဇီယန်အာမခံဌာနကို လာတယ်... ပြီးတော့ အခန်းထဲရောက်တော့ `သုံးကြိမ် ဒူးထောက် ကိုးကြိမ် ဦးချ` ပြီး...”

“တော်တော့... ပါးစပ်ပိတ်ထား...”

သွမ့်ဆုန် ကပျာကယာ အော်ဟစ်တားဆီးလိုက်သည်။

ဒီည သူလုပ်ခဲ့သမျှ အရှက်ရစရာ ကိစ္စတွေကို ဒီကောင်လေး အကုန်မြင်သွားပြီပေါ့။

သူ့မျက်နှာသူ ပြန်စမ်းမိပြီး သက်ပြင်းချလိုက်သည်။

တော်သေးတာပေါ့... အဲဒီ အရှက်ကွဲစရာတွေ လုပ်တုန်းက ယန်ရီဇီရဲ့ မျက်နှာဖုံး စွပ်ထားလို့။

စိတ်နည်းနည်း သက်သာရာ ရသွားသော်လည်း... တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိထားမိလိုက်၏။

“နေပါဦး... မင်း အကုန်မြင်နေရက်နဲ့ ဘာလို့ ထွက်မလာတာလဲ...”

“ဘာလို့ တိတ်တိတ်လေး ချောင်းကြည့်ပြီး နောက်ယောင်ခံ လိုက်နေတာလဲ...”

“ငါ့အကြောင်းကို မင်း မသိချင်ဘူးလား...”

“...”

ခဏမျှ စဉ်းစားပြီးနောက် ဆုမို ပြန်ဖြေလိုက်သည်။

“`ဟောက်ရန် ကျောင်းတော်` မှာတုန်းက... စီနီယာ `လောကီ သံယောဇဉ် ဖြတ်` ဆေးလုံး သောက်တုန်းကလည်း... ကျွန်တော် ပြတင်းပေါက် အပြင်ဘက်ကနေ ချောင်းကြည့်နေခဲ့တာပါ...”

“...မင်းက ဘာလို့ မင်းအဖေနဲ့ ဒီလောက် တူရတာလဲ...”

“လူတွေကို နောက်ကွယ်ကနေ ချောင်းကြည့်တာ သဘောကျသလား...”

“နေပါဦး... အဲဒီညက မင်း ဟောက်ရန် ကျောင်းတော်ကို ပြန်ရောက်လာတာလား... ယန်ရီဇီ နဲ့ ရန်ဖြစ်ပြီး စိတ်ဆိုးမာန်ဆိုး ပြန်သွားတာ မဟုတ်ဘူးလား...”

ပြောရင်းနှင့် သွမ့်ဆုန် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ ချက်ချင်းဆိုသလို အမှန်တရားကို သဘောပေါက်သွား၏။

“မင်း တမင်သက်သက် လုပ်ခဲ့တာပဲ... ယန်ရီဇီရဲ့ လုပ်ရပ်တွေက ပုံမှန် မဟုတ်ဘူး ဆိုတာ မင်း ကြိုရိပ်မိနေတာမလား...”

“...လုံးဝ မှန်ပါတယ်...”

စကားဝိုင်းက ဒီအဆင့်ထိ ရောက်လာမှတော့ အမှန်တရားကို ခန့်မှန်းမိတာ မဆန်းတော့ဘူးဟု ဆုမို ယူဆလိုက်သည်။

“ဆုထျန်းယန်ရဲ့ သား ဖြစ်ဖို့ ထိုက်တန်ပါပေတယ်...”

သွမ့်ဆုန် ခေါင်းငြိမ့်လိုက်သည်။

“ယန်ရီဇီက မင်းရှေ့မှာ ဟန်ဆောင်ပြနေပေမယ့်... `ဖန်` မိသားစု ရှေ့မှာတော့ ဘဝင်မြင့်လွန်းနေခဲ့တာကိုး...”

ဆုမို ပြုံးလိုက်သည်။ သွမ့်ဆုန်က တခြားဟာတွေ မေးချင်နေပုံ ရသော်လည်း ဆုမိုက စကားဖြတ်ပြောလိုက်သည်။

“စီနီယာ... ဒီသေတ္တာကို မဖွင့်တော့ဘူးလား...”

“...”

သွမ့်ဆုန် ခဏတာ ငြိမ်သက်သွားသည်။ သေတ္တာကို တစ်ချက်ကြည့်၊ ဆုမိုကို တစ်ချက်ကြည့်ပြီး ခေါင်းငြိမ့်လိုက်သည်။

“မင်း ဖွင့်လိုက်...”

“...စီနီယာ... ဒါက ကျွန်တော့်ကို ဓားစာခံ လုပ်တာတော့ မဟုတ်ပါဘူးနော်...”

ဆုမို၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွား၏။ ရည်ရွယ်ချက်က သိသာလွန်းနေသည် မဟုတ်ပါလော။

“မင်းရော မင်းအဖေရော... နှစ်ယောက်စလုံးက ကောက်ကျစ်စဉ်းလဲတာချင်း အတူတူပဲ...”

“ငါ ငယ်ငယ်ကတည်းက မင်းအဖေ လက်ချက်နဲ့ ခံခဲ့ရတာ အကြိမ်တစ်ထောင် မပြည့်ရင်တောင် ရှစ်ရာလောက်တော့ ရှိတယ်...”

“ထားပါတော့... ဒါတွေက ဂုဏ်ယူစရာမှ မဟုတ်တာ... အတိုချုပ်ပြောရရင် အဲဒီလူက နောက်ကွယ်ကနေ ဉာဏ်ဆင်ရတာ ဝါသနာပါတယ်...”

“သူ့လိုလူမျိုးကို ကိုင်တွယ်ဖို့ ဆိုရင်... သူ့လိုပဲ ဉာဏ်များတဲ့လူက ကိုင်တွယ်မှ ဖြစ်မှာ...”

“သူ့သားဖြစ်တဲ့ မင်းက ဒီကိစ္စအတွက် အသင့်တော်ဆုံးပဲ...”

“လုပ်စမ်းပါကွာ... ငါကတော့ ဒီသေတ္တာကို မဖွင့်ရဲဘူး... မင်းပဲ စမ်းဖွင့်ကြည့်လိုက်ပါ...”

“...”

စကားလမ်းကြောင်းက ဒီအခြေအနေထိ ရောက်လာမှတော့ ဆုမို ငြင်းဆန်ဖို့ မသင့်တော်တော့ပေ။

ရှေ့သို့ ခြေလှမ်းတိုးလိုက်ပြီး ကျောက်စားပွဲပေါ်မှ သေတ္တာကို အသာအယာ ဖိကြည့်၊ လှုပ်ကြည့်လိုက်သည်။

မျက်ခုံးအနည်းငယ် ပင့်လိုက်ပြီး သွမ့်ဆုန်ကို လှမ်းကြည့်လိုက်သည်။

“ဒီသေတ္တာထဲမှာ ဘာရှိတာလဲ...”

“ငါ မသိဘူး...”

သွမ့်ဆုန် ခေါင်းခါလိုက်၏။

ဆုမို ဘာမှ မပြောဘဲ သူ့ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။

“...တကယ် ပြောတာပါကွာ... ငါ မသိဘူး...”

ဆုမို၏ မျက်ဝန်းထဲတွင် မယုံကြည်မှုများကို မြင်လိုက်ရသဖြင့် သွမ့်ဆုန် ဆက်ရှင်းပြလိုက်ရသည်။

အခန်း (၃၄၇) - လျှို့ဝှက် စာတိုပေးပို့မှု (၃)

~“ဒီခရီးစဉ်ကို ငါလာခဲ့တာက ဂိုဏ်းချုပ်ကြီးရဲ့ အမိန့်ကြောင့်ပဲ...”

“ယန်ရီဇီက အရေးကြီးတဲ့ ကိစ္စတစ်ခုအတွက် သေချင်ယောင်ဆောင်ပြီး ထွက်ပြေးဖို့ စီစဉ်ထားတာ... ဂိုဏ်းချုပ်ကြီးက ငါ့ကို သူ့ကို ကူညီဖို့ တာဝန်ပေးလိုက်တယ်... ပြီးတော့ အခွင့်ကြုံတုန်း လော့ရှားမြို့ကို ဝင်ပြီး ဇီယန်အာမခံဌာနကနေ ပစ္စည်းတစ်ခု ယူခဲ့ဖို့ မှာလိုက်တာ...”

“ရော့... ဒါလေး ဖတ်ကြည့်လိုက်ရင် မင်း နားလည်သွားလိမ့်မယ်...”

သွမ့်ဆုန်သည် တွန့်ဆုတ်ခြင်း မရှိဘဲ သူ့လက်အိတ်ကပ်ထဲမှ စာတစ်စောင်ကို ထုတ်ပေးလိုက်သည်။

ဆုမိုက စာကို လှမ်းယူလိုက်ပြီး ဖွင့်ဖတ်ကြည့်လိုက်သည်။

“စက္ကူအသစ်၊ မင်အသစ်နဲ့ပါလား... ဒါ စီနီယာ့အဖေ အခုမှ ရေးပေးလိုက်တာ မဟုတ်လား...”

“ဘယ်ကလာ...”

သွမ့်ဆုန်က ဆုမိုကို မျက်စောင်းထိုးလိုက်သည်။

“ဒီစာက ဟိုးအရင်ကတည်းက ရေးထားတာ... ငါ့ဆီကို ရေးတာ မဟုတ်ဘူး... ငါတို့ ဇီယန်ဂိုဏ်းချုပ်ကြီးဆီကို ရေးထားတာ...”

“ဂိုဏ်းချုပ်ကြီးက ဟိုးအရင်က ရေးထားတဲ့ မူရင်းစာကို ငါ့လက်ထဲ ထည့်ပေးလိုက်လို့ မဖြစ်ဘူးလေ... ဒါကြောင့် သူမှတ်မိသလောက် ပြန်ရေးပေးလိုက်တာ... တံခါးဖွင့်နည်း အပါအဝင် အကုန်ပါတယ်...”

အကျိုးကြောင်းကတော့ ဆီလျော်သားပဲ။

ဆုမိုသည် ကျောက်ခန်းငယ်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် စာကို ငုံ့ဖတ်လိုက်သည်။

[လေးစားအပ်ပါသော ဆရာသခင်...

ပစ္စည်းကို လျှို့ဝှက်ခန်းထဲမှာ ထည့်ထားလိုက်ပါပြီ။ ထျန်းယန် အသက်ရှင်နေသမျှ ကာလပတ်လုံး ဒီပစ္စည်း လုံခြုံနေမှာပါ။

ဒါပေမဲ့ မမျှော်လင့်တဲ့ ဘေးဒုက္ခတွေက အချိန်မရွေး ကျရောက်လာနိုင်တယ်လေ... တကယ်လို့ ထျန်းယန် သေဆုံးသွားခဲ့ရင် ဒီပစ္စည်းကို ဒီမှာ ဆက်ထားတာက ရေရှည်အတွက် ကောင်းမွန်တဲ့ အဖြေတစ်ခု မဟုတ်ပါဘူး။

ကျွန်တော့် သားငယ်လေးက အရမ်း အားနည်းလွန်းတယ်... ဒီလောက်ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးကို ထမ်းထားနိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်တယ်... ဒါကြောင့် အပြောင်းအလဲ တစ်ခုခု ဖြစ်ခဲ့ရင်... ဂိုဏ်းထဲက တပည့်တွေကို လွှတ်ပြီး ဇီယန်အာမခံဌာနကနေ ဒီပစ္စည်းကို ပြန်ယူခိုင်းပါ...

ဆရာသခင်ရဲ့ ကရုဏာကို မျှော်လင့်မိပါရဲ့...

တံခါးဖွင့်နည်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်...

တပည့်မိုက် ဆုထျန်းယန် ဦးခိုက်ပါ၏...]

ဆုမို စာကို နှစ်ခေါက် ဖတ်လိုက်သည်။ တံခါးဖွင့်နည်းမှလွဲ၍ ကျန်စာကြောင်းများသည် ပြောမပြနိုင်သော စကားလုံးများစွာကို သိုဝှက်ထားသကဲ့သို့ ခံစားရသည်။

သို့သော် သေချာ ပြန်စိစစ်ကြည့်ပြန်တော့လည်း သာမန် ရိုးရှင်းနေသလိုပင်။

သူ ခေါင်းကို အသာအယာ ခါလိုက်ပြီး သေတ္တာကို ပြန်ကြည့်လိုက်၏။ ထို့နောက် သေတ္တာကို လှမ်းဆွဲယူလိုက်သည်။

ဒါကို မြင်တော့ သွမ့်ဆုန် နောက်သို့ ခြေလှမ်းအတော်များများ ဆုတ်သွားပြီး အဝေးကနေ လှမ်းကြည့်နေသည်။ သူ့ဆီသို့ လျှို့ဝှက်လက်နက်တွေ၊ မြှားတွေ ပျံထွက်မလာမှ သက်ပြင်းချရဲတော့၏။

ဆုမို သူ့ကို ဂရုမစိုက်တော့ပေ။

သွမ့်ဆုန် အကြောင်းကို သူ အနည်းငယ် နားလည်လာပြီ ဖြစ်သည်။

ဆုထျန်းယန်နှင့် အတူတူ ကြီးပြင်းလာခဲ့ရသူ ပီပီ... ဆုထျန်းယန်၏ ပေါ်ပေါ်ထင်ထင် တစ်မျိုး၊ လျှို့ဝှက်တစ်မျိုး လှည့်စားမှုများကို အကြိမ်ကြိမ် ခံခဲ့ရဖူးသူ ဖြစ်မည်။

သွမ့်ဆုန်ကို စကားတစ်ခွန်းတည်းနှင့် ပုံဖော်ရလျှင်... 'လေးကြိုးသံ ကြားရုံနဲ့ လန့်နေတဲ့ ငှက်' ဟု ဆိုရပေမည်။

ဒါကြောင့် သူ ဘယ်လောက်ပဲ ဉာဏ်ကောင်းကောင်း... ဆုထျန်းယန်နှင့် ပတ်သက်လာလျှင် မှန်ကန်သော ဆုံးဖြတ်ချက် ချဖို့ အမြဲတမ်း ခက်ခဲနေတတ်သည်။

တကယ်တမ်း စဉ်းစားကြည့်လျှင်... ဆုထျန်းယန် အရင်တုန်းက ဒီစာကို ရေးခဲ့စဉ်ကတည်းက... နောက်ဆုံးကျလျှင် ဇီယန်အာမခံဌာနကို ဒီပစ္စည်း လာယူမည့် သူက သွမ့်ဆုန် ဖြစ်လိမ့်မည် ဆိုတာ ကြိုခန့်မှန်းမိခဲ့မှာ သေချာသည်။

ဒါကြောင့်လည်း တံခါးဖွင့်နည်းမှာ လှည့်ကွက်လေးတွေ ထည့်ထားခဲ့တာ ဖြစ်မည်။

သို့သော်၊ ဒုက္ခပေးလိုသည့် ရည်ရွယ်ချက် မရှိဘဲ... ငယ်သူငယ်ချင်းကို စနောက်ချင်သည့် သဘောလောက်သာ ပါဝင်ပုံ ရ၏။

လျှို့ဝှက်ခန်းထဲ ဝင်ပြီး ပစ္စည်း ယူတာလောက်ကို ထပ်ပြီး ဉာဏ်ဆင်ထားမယ် ဆိုလျှင်တော့... ဒါက မသမာသော ရည်ရွယ်ချက် ရှိနေပြီဟု ဆိုရမည်။

ဆုမို သေတ္တာကို လက်ထဲ ကိုင်ထားပြီး သေချာ စစ်ဆေးကြည့်သည်။ ထို့နောက် ပေါ့ပေါ့ပါးပါးပင် ဖွင့်လိုက်၏။

အတွင်းထဲတွင် ပစ္စည်းတစ်ခု ရှိနေသည်။

ထောင့်လေးထောင့် စပ်ထားသော ထိုပစ္စည်းသည် အပိုင်းအစ အသေးလေးများစွာဖြင့် ဖွဲ့စည်းထားသကဲ့သို့ ထင်ရ၏။

အပိုင်းအစ တစ်ခုစီတွင် စာလုံးများ ပါရှိသော်လည်း... တစ်ချက်ကြည့်လိုက်ရုံဖြင့် အဓိပ္ပာယ်ဖော်ရန် ခက်ခဲနေသည်။

ဆုမို ပစ္စည်းကို ထုတ်ယူလိုက်ပြီး ဟိုကြည့်ဒီကြည့် လုပ်ကြည့်သည်။ ထို့နောက် ခေါင်းခါလိုက်ပြီး သွမ့်ဆုန်ကို မေးလိုက်၏။

“စီနီယာ... ဒီပစ္စည်းကို သိလား...”

“ဒါက...”

သွမ့်ဆုန်သည် ယန်ရီဇီ၏ မျက်နှာဖုံးနှင့် အနားသို့ တိုးကပ်လာသည်။ ပစ္စည်းကို ယူကြည့်လိုက်ပြီး ရုတ်တရက် အံ့ဩသွား၏။

“ဒါက `လျှို့ဝှက် စာတိုပေးပို့မှု သေတ္တာ` ပဲ...”

“လျှို့ဝှက် စာတိုပေးပို့မှု သေတ္တာ...”

ဆုမို ဒီနာမည်ကို တစ်ခါမှ မကြားဖူးပေ။ စိတ်ဝင်စားသွားသည်။

“အဲဒါ ဘာကြီးလဲ...”

“ဒီလိုကွ...”

သွမ့်ဆုန် အနည်းငယ် ပြုံးလိုက်၏။

“`အနောက်ဘက် ပြည်နယ်` အကြောင်း မင်း သိလား...”

“ကမ္ဘာ့ အရပ်လေးမျက်နှာ အကြောင်းတော့ ကြားဖူးပါတယ်... ဒါပေမဲ့ အသေးစိတ်တော့ သိပ်မသိပါဘူး...”

“မဆန်းပါဘူးလေ...”

သွမ့်ဆုန် ခေါင်းငြိမ့်လိုက်သည်။

“အနောက်တောင်ဘက် ဒေသက ငါတို့ `အရှေ့ပိုင်း ကန္တာရ` (တုန်းဟွမ်) ရဲ့ တံခါးပေါက် ဆိုပေမယ့်... အနောက်ဘက် ပြည်နယ်ကတော့ အရမ်းဝေးလွန်းတယ်လေ... အရင်တုန်းက ငါတို့ ဇီယန်ဂိုဏ်းက စီနီယာ တစ်ယောက် ကမ္ဘာပတ် ခရီးထွက်ရင်း အနောက်ဘက် ပြည်နယ်ကို ရောက်သွားဖူးတယ်... သူ့ရဲ့ အတွေ့အကြုံတွေကို ဇီယန်ဂိုဏ်းရဲ့ မှတ်တမ်းတွေထဲမှာ ရေးသားထားခဲ့တယ်...”

“အနောက်ဘက် ပြည်နယ်မှာ ကျွမ်းကျင်တဲ့ လက်မှုပညာရှင်တွေ ရှိတယ်တဲ့...”

“သူတို့ရဲ့ သိုင်းပညာတွေက လက်မှုပညာနဲ့ ပေါင်းစပ်ထားလေ့ ရှိတယ်...”

“စက်ရုပ်ရုပ်သေးတွေနဲ့ တခြား ပစ္စည်းလေးတွေကို ပိုးကြိုးမျှင်တွေနဲ့ ထိန်းချုပ်ပြီး တိုက်ခိုက်တတ်ကြတယ်... ခန့်မှန်းရ ခက်တယ်...”

“တကယ်တော့ ဒါက `ထာဝရ ည တောင်ကြား` ရဲ့ လူရေခွံ လှည့်ကွက်တွေ၊ အရိပ်ပညာတွေနဲ့ နည်းနည်း ဆင်တူတယ်... နှစ်မျိုးစလုံးက ပြင်ပပစ္စည်းတွေကို ထိန်းချုပ်ပြီး တိုက်ခိုက်ကြတာလေ...”

“ဒါပေမဲ့ ထာဝရ ည တောင်ကြားရဲ့ နည်းလမ်းတွေက ရက်စက်ပြီး ကောက်ကျစ်တယ်... `ဖြောင့်မတ်သော လမ်းစဉ်` မဟုတ်ဘူး...”

“အနောက်ဘက် ပြည်နယ်ရဲ့ နည်းလမ်းတွေကတော့ စိတ်ဝင်စားဖို့ ကောင်းတယ်...”

“အဲဒီအထဲမှာ အတော်ဆုံး လက်မှုပညာရှင်တွေက `လျှို့ဝှက် စာတိုပေးပို့မှု သေတ္တာ` သုံးလုံး ပြုလုပ်ခဲ့ဖူးတယ်လို့ ဆိုတယ်...”

“ဒီပစ္စည်းက ရွှေလည်း မဟုတ်၊ ကျောက်စိမ်းလည်း မဟုတ်၊ သံလည်း မဟုတ်၊ ကျောက်လည်း မဟုတ်ဘူး... ဓားနဲ့ခုတ်ရင် မပျက်စီးသလို မီးနဲ့ရှို့ရင်လည်း မလောင်ဘူး... အတင်းအကြပ် ဖွင့်ဖို့ ကြိုးစားရင် အတွင်းထဲက ယန္တရား ပွင့်သွားပြီး... အလွှာတွေကြားထဲမှာ ဝှက်ထားတဲ့ `မီးနတ်ဘုရား ဆီ` တွေ ပေါက်ကွဲထွက်လာလိမ့်မယ်... အထဲမှာ ရှိသမျှ အရာအားလုံး ပြာကျသွားလိမ့်မယ်...”

“ရွှေတွေ သံတွေတောင် အရည်ပျော်သွားနိုင်တယ်...”

“ဒါကြောင့် ဒါကို ကမ္ဘာပေါ်မှာ လုံခြုံမှု အရှိဆုံး လျှို့ဝှက် သိုလှောင်နည်းလို့ သတ်မှတ်ကြတယ်...”

“...ဒါဆိုရင် ဒါက `ပဟေဠိ သေတ္တာ` လိုမျိုးပေါ့...”

ဆုမို၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားသည်။

“ပဟေဠိ သေတ္တာ... အင်း... အဲဒီနာမည်နဲ့ လိုက်ဖက်သားပဲ...”

သွမ့်ဆုန် ခေါင်းငြိမ့်လိုက်သည်။

“ကြည့်လိုက်စမ်း... အပေါ်က စာလုံးတွေက ရှုပ်ထွေးနေတယ်မလား... ဒါပေမဲ့ အမျိုးအစား တစ်ခုချင်းစီမှာ ကိုယ်ပိုင် အစီအစဉ်တွေ ရှိတယ်... မျက်နှာပြင် ခြောက်ဖက်လုံးမှာ မတူညီတဲ့ ပေါင်းစပ်မှုတွေ ရှိတယ်...”

“စုစုပေါင်း စာလုံးရေ ခြောက်ရာ ရှိတယ်... အားလုံးကို သတ်မှတ်ထားတဲ့ အစီအစဉ်အတိုင်း စီပေးရမယ်...”

“တစ်ဆင့် မှားတာနဲ့ အစကနေ ပြန်စရမှာ...”

“...”

ဆုမို၏ နှုတ်ခမ်းထောင့်များ ထပ်မံ တွန့်ကွေးသွားသည်။ ဒီလောက်သေးငယ်တဲ့ သေတ္တာလေးကို ဒီလောက်အထိ လုပ်ထားတာ နည်းနည်းတော့ လွန်လွန်းနေပြီ။

“ဒါကို ဖွင့်နိုင်တဲ့လူ တကယ်ရော ရှိရဲ့လား...”

“ဒါကြောင့်လည်း ကြောက်စရာ ကောင်းတယ်လို့ ပြောတာပေါ့... ဖွင့်ရခက်လို့လေ...”

သွမ့်ဆုန် ပြုံးလိုက်သည်။

“ပထမဆုံး သေတ္တာတုန်းကဆို ဖန်တီးတဲ့လူ ကိုယ်တိုင် ဖွင့်နည်းမေ့သွားလို့ မသုံးဘဲ လွှင့်ပစ်လိုက်ရတယ် ဆိုပဲ...”

“နောက်ထပ် သေတ္တာနှစ်လုံး လုပ်ပြီးတဲ့အခါကျမှ... ဖွင့်နည်းကို စာရွက်ပေါ်မှာ ချရေးထားလိုက်တယ်...”

“ဒါပေမဲ့ စာရွက်ပေါ်က အကြောင်းအရာတွေကလည်း ရှုပ်ထွေးပြီး ကမောက်ကမ နိုင်လွန်းတယ်... သာမန်လူတွေ မြင်ရင် ဘာမှန်း သိမှာ မဟုတ်ဘူး...”

“သင့်မှာ သေတ္တာလည်း ရှိရမယ်... ဖွင့်နည်းလည်း ရှိရမယ်... မဟုတ်ရင် ဒီပစ္စည်းက ဘာမှ သုံးမရဘဲ အလကား ဖြစ်နေမှာ...”

“...”

ဒါကို ကြားလိုက်ရတော့ ဆုမို ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည်။

သူ၏ လက်အိတ်ကပ်ထဲမှ အသေအချာ ခေါက်သိမ်းထားသော စာရွက်တစ်ရွက်ကို စမ်းသပ် ရှာဖွေလိုက်သည်။ ထုတ်ယူပြီး ဖြန့်ကြည့်လိုက်ရာ... စာလုံးအသေးလေးများဖြင့် ပြည့်နှက်နေသည်။

ဘယ်ကနေ ညာဘက် ဖတ်ဖတ်၊ အပေါ်ကနေ အောက်ဘက် ဖတ်ဖတ်... စာလုံးတွေက အဓိပ္ပာယ် ဖော်မရအောင် ရှုပ်ထွေးနေသည်။

ဆုမိုသည် သေတ္တာနှင့် စာရွက်ကို နှိုင်းယှဉ် ကြည့်လိုက်သည်။ စိတ်ဝင်စားစရာ အချက်တစ်ခုကို တွေ့လိုက်ရသည်။

သေတ္တာပေါ်တွင်ရော၊ စာရွက်ပေါ်တွင်ရော... စာလုံးရေ (၁၃) လုံးစီ ပါဝင်သော စာကြောင်းများဖြင့် ရေးသားထားခြင်း ဖြစ်သည်။

(ဒီအကြောင်းအရာကို အားလုံး မေ့နေကြပြီ ထင်တယ်) ဟူ၍။

အခန်း (၃၄၈) - အမွေအနှစ်

~ဒီစာရွက် အပိုင်းအစလေးက ဆုမိုလက်ထဲ ရောက်နေတာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

`ယွီလင်းရှင်း` နှင့် ပထမဆုံးအကြိမ် တွေ့ဆုံပြီးနောက်... ဆုမို လော့ရှားမြို့တွင် လုပ်ကြံခံခဲ့ရဖူးသည်။

ထိုလုပ်ကြံမှုကို စီစဉ်သူမှာ `လော့ဖုန်း မဟာမိတ်အဖွဲ့` မှ `ထျန်းယွီမြို့` ဒုတိယမြို့စား `ဇူချိုယန်` ပင် ဖြစ်သည်။ ထိုညက ဇူချိုယန်ကို သတ်ဖြတ်ပြီးနောက်... ဆုမို သူ့အလောင်းကို ရှာဖွေစစ်ဆေးခဲ့သည်။

မထင်မှတ်ဘဲ ဇူချိုယန်၏ ဆံထိုးကို ချိုးလိုက်မိရာမှ... အတွင်းထဲတွင် ဝှက်ထားသော ဒီစာရွက်ပိုင်းလေးကို ရရှိခဲ့ခြင်း ဖြစ်သည်။

အဲဒီအချိန်တုန်းက ဆုမိုရော ယန်ရှောင်ယွင်ပါ ဒီစာရွက်ကို အသေအချာ လေ့လာခဲ့ကြသည်။ သို့သော် ဘယ်လိုဖတ်ဖတ် အဓိပ္ပာယ် ဖော်မရအောင် ရှုပ်ထွေးနေခဲ့သည်။

သိို့သော်၊ စဉ်းစားစရာက... ဇူချိုယန်လို လူမျိုးက ဘာလို့ ဒီလို အဓိပ္ပာယ်မရှိသော စာရွက်လေးကို ဒီလောက် လုံခြုံအောင် ဝှက်ထားရတာလဲ။

ထို့ကြောင့် ယန်ရှောင်ယွင်က ထိုအချိန်ကတည်းက သုံးသပ်ခဲ့သည်။ ဒါက `လျှို့ဝှက်စာ` တစ်စောင် ဖြစ်လောက်သည်။ ရှုပ်ထွေးနေသော စာလုံးများထဲမှ အဓိပ္ပာယ်မှန်ကို ဖော်ထုတ်နိုင်မည့် အထူးနည်းလမ်း တစ်ခုခု ရှိလိမ့်မည် ဟူ၍။

လုံခြုံစွာ သိမ်းဆည်းထားသော အရာဖြစ်သဖြင့် ဆုမိုလည်း မလွှင့်ပစ်ဘဲ သိမ်းထားခဲ့၏။

သို့သော် ယခုအချိန်အထိ သဲလွန်စ ဘာမှ မရခဲ့ချေ။

အခု `လျှို့ဝှက် စာတိုပေးပို့မှု သေတ္တာ` ကို မြင်လိုက်ရမှ ဆုမို ထိုကိစ္စကို ပြန်သတိရသွားခြင်း ဖြစ်သည်။

ယခုအချိန်တွင် သူ သေချာ နှိုင်းယှဉ်ကြည့်လိုက်သောအခါ... ပုံသေနည်းတချို့ကို ရှာတွေ့လိုက်ရသည်။

လျှို့ဝှက် စာတိုပေးပို့မှု သေတ္တာပေါ်ရှိ စာလုံးများသည် တစ်ကြောင်းလျှင် (၁၀) လုံးစီ စီထားပြီး... မျက်နှာပြင် ခြောက်ဖက်လုံးတွင် တစ်ဖက်လျှင် (၁၀) ကြောင်းစီ ပါရှိသည်။

စုစုပေါင်း စာလုံးရေ (၆၀၀) တိတိ။

ဆုမို လက်ထဲရှိ စာရွက်ပေါ်တွင်လည်း တစ်ကြောင်းလျှင် စာလုံး (၁၀) လုံးစီ ပါရှိသည်။ ဖယောင်းတိုင်မီးရောင်အောက်တွင် သူ ရေတွက်ကြည့်လိုက်ရာ စုစုပေါင်း (၆၀) ကြောင်း ရှိနေသည်။

စုစုပေါင်း စာလုံးရေ... (၆၀၀) တိတိ။

ဆုမို ခေါင်းမော့လိုက်ပြီး သွမ့်ဆုန်ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။ သွမ့်ဆုန်ကလည်း ဆုမိုကို နားမလည်စွာ ပြန်ကြည့်နေ၏။

“ဒါက ဘယ်က ရလာတာလဲ...”

“ကောက်ရတာပါလို့ ပြောရင် စီနီယာ ယုံမလား...”

“...ယုံတယ်...”

သွမ့်ဆုန် ခေါင်းငြိမ့်လိုက်သည်။

“မင်းတို့ သားအဖ ပြောသမျှ ငါ အကုန်ယုံတယ်...”

ဆုမို တစ်ခဏမျှ စကားဆွံ့အသွားပြီး ခေါင်းကို အသာအယာ ခါလိုက်မိ၏။

“တိုက်ဆိုင်လွန်းမနေဘူးလားဗျာ...”

“ပြောရခက်တယ်...”

သွမ့်ဆုန်က လက်ကာပြလိုက်သည်။

“လျှို့ဝှက် စာတိုပေးပို့မှု သေတ္တာ ဆိုတာက ခေတ်အဆက်ဆက် လက်ဆင့်ကမ်းလာခဲ့ကြတာ... အတုအယောင် ဖြေရှင်းနည်းတွေလည်း အများကြီး ရှိတယ်... မင်းလက်ထဲကဟာက အစစ်လား အတုလား ဆိုတာ မသိနိုင်သေးဘူး...”

“သြော်... ဟုတ်လား...”

ဆုမို ခေါင်းငြိမ့်လိုက်ပြီး... လက်ထဲရှိ လျှို့ဝှက် စာတိုပေးပို့မှု သေတ္တာကို သွမ့်ဆုန် လက်ထဲသို့ ပေါ့ပေါ့ပါးပါး ပစ်ပေးလိုက်သည်။

“ငါ့... ငါ့ကို ပေးတာလား...”

သွမ့်ဆုန် ကပျာကယာ ဖမ်းယူလိုက်ပြီး ကြောင်တောင်တောင် ဖြစ်သွားသည်။

“စီနီယာက ဒီပစ္စည်းကို လာယူဖို့ အမိန့်ရထားတာ မဟုတ်လား... အဖေကလည်း သူ့စာထဲမှာ စီနီယာ့ကို လာယူခိုင်းထားတာလေ...”

“စီနီယာ့ကို မပေးလို့ ဘယ်သူ့ပေးရမှာလဲ...”

ဆုမိုက ပြန်မေးလိုက်၏။

သွမ့်ဆုန် သေချာ စဉ်းစားကြည့်လိုက်တော့လည်း ဟုတ်နေပြန်သည်။ ဒါပေမဲ့ သံသယ မျက်လုံးများဖြင့် ဆုမိုကို ပြန်ကြည့်နေဆဲ။

“မင်း တကယ်ပဲ ငါ့ကို ဒီအတိုင်း ပေးလိုက်တာလား...”

“...မလိုချင်ရင် ပြန်ပေးဗျာ...”

“ဘယ်သူက မလိုချင်ဘူး ပြောလို့လဲ...”

သွမ့်ဆုန်က သေတ္တာကို ရင်ဘတ်ထဲ အမြန် သိမ်းထည့်လိုက်သည်။ ထို့နောက် ဆုမိုလက်ထဲမှ စာရွက်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။

ဆုမိုက စာရွက်ကို သွမ့်ဆုန်မြင်အောင် တစ်ချက် ယမ်းပြလိုက်သည်။ ပြီးမှ ဖြည်းဖြည်းချင်း သပ်သပ်ရပ်ရပ် ခေါက်လိုက်ပြီး သူ့လက်အိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်၏။

“...”

သွမ့်ဆုန်၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားသည်။

“ငါ ဒီကို လာတာ ဒါလေး လိုချင်လို့ပါကွာ... အခု ပစ္စည်းရပြီ ဆိုတော့... ငါ ပြန်တော့မယ်...”

“ကောင်းပါပြီ...”

ဆုမို ပြုံးရင်း ပြောလိုက်သည်။ “ကျွန်တော် လိုက်ပို့ပေးမယ်...”

“နေ... နေပါစေ...”

သွမ့်ဆုန် လက်ကာပြလိုက်ပြီး ထွက်ပေါက်ရှိရာသို့ နောက်ပြန်ဆုတ်သွား၏။ ထို့နောက် ကြိုးကို ဆွဲကိုင်ကာ ခြေဖျားထောက်ပြီး အပေါ်သို့ ခုန်တက်သွားလေသည်။

ဆုမို အပေါ်သို့ ပြန်ရောက်လာချိန်တွင်... သွမ့်ဆုန်နှင့် ယန်ရှောင်ယွင်တို့ မျက်လုံးချင်း ဆုံနေကြ၏။

ဆုမို ထွက်လာသည်ကို မြင်မှ ယန်ရှောင်ယွင် သက်ပြင်းချနိုင်တော့သည်။

သွမ့်ဆုန်က သူတို့နှစ်ဦးကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး ခေါင်းကို အသာအယာ ငြိမ့်ပြ၏။

“နောက်လှိုင်းက ရှေ့လှိုင်းကို ကျော်တာပဲ... ကြောက်စရာ ကောင်းတဲ့ လူငယ်လေးတွေ...”

“စီနီယာက မြှောက်လွန်းပါပြီဗျာ...”

ဆုမိုက ပြောလိုက်သည်။ “ကျွန်တော် လိုက်ပို့ပေးပါ့မယ်...”

“မလိုပါဘူးဆို...”

သွမ့်ဆုန် ခေါင်းခါလိုက်၏။ ထွက်သွားရန် ပြင်လိုက်သော်လည်း တံခါးဝအရောက်တွင် ခြေလှမ်းတုံ့ခနဲ ရပ်သွားပြီး ဆုမိုဘက်သို့ ပြန်လှည့်ကြည့်သည်။

“ဇီယန်ဂိုဏ်းကို ဘယ်တော့ ပြန်လာမှာလဲ...”

“ကျွန်တော် စာရေးပြီး ပို့လိုက်ပါပြီ... မကြာခင် တုန်းချန်ဘက်ကို လာခဲ့ပါ့မယ်...”

“ကောင်းပြီ...”

သွမ့်ဆုန် ပြုံးလိုက်၏။

“ဒါဆို ဇီယန်ဂိုဏ်းမှာ ငါ စောင့်နေမယ်... အခု မင်းကို မြင်ရင် ဂိုဏ်းချုပ်ကြီး မျက်နှာ ဘယ်လို ဖြစ်သွားမလဲ ဆိုတာ သိချင်စမ်းပါဘိ...”

သွမ့်ဆုန်၏ မျက်လုံးများထဲတွင် ထူးခြားသော အရောင်အဝါ တစ်ခု တောက်ပနေသည်။ ဆုမိုနှင့် စတွေ့တုန်းကလို ခန့်ညားထည်ဝါသော ပုံစံမျိုး ပြန်ပေါ်လာသည်။

သို့သော်၊ တမင် ဟန်လုပ်ထားတာလား ဆိုတာတော့ မပြောတတ်။

ထို့နောက် သွမ့်ဆုန် သက်ပြင်းတိုးတိုး ချလိုက်ပြီး တံခါးကို တွန်းဖွင့်ကာ ခေါင်မိုးပေါ်သို့ ခုန်တက်လိုက်၏။ မျက်နှာပေါ်မှ `လူရေခွံ မျက်နှာဖုံး`ကို ခွာလိုက်ပြီး... ညမှောင်ရိပ်ထဲတွင် တရိပ်ရိပ် ပျောက်ကွယ်သွားတော့သည်။

ဆုမိုသည် တံခါးဝတွင် ရပ်လျက် အတန်ကြာ ငေးကြည့်နေပြီးမှ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်၏။ အခန်းကြမ်းပြင်ရှိ အပေါက်ကို ငုံ့ကြည့်လိုက်သည်။

“ဘာတွေ ဖြစ်ခဲ့တာလဲ...”

ယန်ရှောင်ယွင်က အသံတိုးတိုးဖြင့် မေးလိုက်၏။

ဆုမိုသည် လျှို့ဝှက်ခန်းထဲမှ အဖြစ်အပျက်များကို အကျဉ်းချုပ် ပြန်ပြောပြလိုက်သည်။

ယန်ရှောင်ယွင် အံ့အားသင့်သွားသည်။

“လျှို့ဝှက် စာတိုပေးပို့မှု သေတ္တာ ဟုတ်လား... နင်ပြောပုံအရ ဆိုရင် အဲဒီ သေတ္တာထဲက အကြောင်းအရာတွေက ကြီးမားတဲ့ လျှို့ဝှက်ချက် တစ်ခုခု ဖြစ်လောက်တယ်...”

“သေချာတာပေါ့...”

ဆုမို ခေါင်းငြိမ့်လိုက်၏။

“ကျွန်တော် သံသယ ဖြစ်နေတာက... အဲဒီထဲမှာ နောက်ထပ် `ဆန်းကြယ်တဲ့ ယန္တရား` တစ်ခုခု ရှိနေမလား... ဒါမှမဟုတ် အဲဒီ ယန္တရားနဲ့ ဆက်စပ်နေတဲ့ အရာတစ်ခုခုများလား ဆိုပြီးတော့...”

“ဒါပေမဲ့ သွမ့်ဆုန် သိတာလည်း အကန့်အသတ်နဲ့ပဲ... ဒီမှာ တစ်ယောက်တည်း စဉ်းစားနေမယ့်အစား... ဇီယန်ဂိုဏ်း ရောက်မှ ဂိုဏ်းချုပ်ကြီးကို တိုက်ရိုက် မေးကြည့်တာ ပိုကောင်းမယ်...”

သူ ထူးဆန်းသော မျက်နှာထားဖြင့် ပြောလိုက်သည်။

အကြောင်းမှာ ထိုစာသည် `ဆရာသခင်ထံသို့ ဦးခိုက်ပါ၏` ဟု အစချီထားသောကြောင့် ဖြစ်၏။

ဆိုလိုသည်မှာ... ဇီယန်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးသည် `ဆုထျန်းယန်` ၏ ဆရာသခင် ဖြစ်နေသည်။

ဒါဆိုရင် သူ့အတွက်တော့... ဇီယန်ဂိုဏ်းချုပ်ကြီးက `ဆရာသခင်၏ ဆရာ` ဖြစ်မနေဘူးလား။

ဒီအချက်ကို `ယန်ရီဇီ` တောင် သူ့ကို တစ်ခါမှ ထုတ်မပြောပြဖူးခဲ့ပေ။

“ရှောင်မို...”

ယန်ရှောင်ယွင် ရုတ်တရက် ခေါ်လိုက်သည်။ ဆုမို လှည့်ကြည့်လိုက်သည်။

“ဘာဖြစ်လို့လဲ...”

“ငါ သိပ် နားမလည်ဘူး...”

ယန်ရှောင်ယွင် မျက်မှောင် အနည်းငယ် ကြုတ်ထား၏။

“ဇူချိုယန်ရဲ့ ဆံထိုးထဲက စာရွက်က... လျှို့ဝှက် စာတိုပေးပို့မှု သေတ္တာနဲ့ ဆက်စပ်နေတယ်... ပြီးတော့ ဒီသေတ္တာကို ဦးလေးဆုက လျှို့ဝှက်ခန်းထဲမှာ တယုတယ သိမ်းထားခဲ့တယ်...”

“ဒါဆိုရင်... ဦးလေးဆုပိုင်တဲ့ သေတ္တာကို ဖွင့်မယ့် `သော့` က... ဘာဖြစ်လို့ ဇူချိုယန် လက်ထဲ ရောက်နေရတာလဲ…”

All Chapters