← Chapters

အခန်း (၃၄၉-၃၅၁)

Vol. 24 Ch. 349-351

အခန်း (၃၄၉-၃၅၁)

Vol. 24 Ch. 349-351

အခန်း (၃၄၉) - အမွေအနှစ် (၂)

~“စာထဲက အသုံးအနှုန်းတွေကို ကြည့်ရတာ... ဒီ `လျှို့ဝှက် စာတိုပေးပို့မှု သေတ္တာ` က ဇီယန်ဂိုဏ်းနဲ့ အများကြီး ပတ်သက်နေပုံရတယ်...”

“ပြီးတော့ ဇီယန်ဂိုဏ်းနဲ့ ဆုမိသားစုကလည်း ရှုပ်ထွေးပွေလီ ဆက်နွှယ်နေပြန်ရော...”

“ဒါတွေအားလုံးက... တိုက်ဆိုင်မှုလို့ ပြောရအောင်လွန်းနေသလိုပဲ...”

ဆုမို နားထောင်ပြီးနောက် ရယ်ချင်စိတ်ကို မနည်းထိန်းလိုက်ရသည်။

“အလေးအနက်ထားပြီး တယုတယ သိမ်းဆည်းထားတယ် ဟုတ်လား...”

“ဟင်...”

ယန်ရှောင်ယွင် သူ့ကို လှမ်းကြည့်လိုက်သည်။

“ဘာဖြစ်လို့လဲ...”

“အခန်းထဲမှာ ကျင်းတူးပြီး ပစ်ထည့်ထားတာကို တယုတယ သိမ်းဆည်းတယ်လို့ ခေါ်သလားဗျ...”

ဆုမို မျက်ခုံးပင့်လိုက်သည်။

“လာ... အောက်ပြန်ဆင်းရအောင်...”

ယန်ရှောင်ယွင်သည် နားမလည်နိုင်စွာဖြင့် ဆုမိုနောက်သို့ လိုက်ကာ ကျင်းထဲသို့ ပြန်ခုန်ဆင်းလိုက်သည်။

ဖယောင်းတိုင်မီးက လင်းလက်နေဆဲ ဖြစ်ပြီး ကျောက်ခန်းငယ်လေး တစ်ခုလုံးကို မှိန်ဖျဖျ အလင်းပေးထားသည်။

ယန်ရှောင်ယွင် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်၏။

“အခန်းက သိပ်မကျယ်ပါလား...”

“သူတစ်ယောက်တည်း တူးထားတာဆိုတော့ ဒီထက်ပိုကျယ်ဖို့ မဖြစ်နိုင်ဘူးလေ...”

ပြောပြီးနောက် ဆုမိုသည် ကျောက်စားပွဲဆီသို့ လျှောက်သွားလိုက်သည်။

“အစ်မယွင်... ဒီစားပွဲကို တစ်ချက်လောက် စစ်ဆေးကြည့်မလား...”

“စားပွဲမှာ ဘာထူးခြားနေလို့လဲ...”

ယန်ရှောင်ယွင်သည် စားပွဲကို ပေါ့ပေါ့ပါးပါး ဖိချလိုက်ပြီးနောက် ပြန်မကြည့်လိုက်သည်။ ထို့နောက် ဆုမိုကို ဇဝေဇဝါဖြင့် လှမ်းကြည့်လိုက်၏။

“မြေကြီးနဲ့ တွဲနေတယ်...”

ဆုမိုက ပြောလိုက်သည်။

“...ဟင်...”

ယန်ရှောင်ယွင် နောက်တစ်ကြိမ် ထပ်စမ်းကြည့်လိုက်သည်။ စားပွဲက မြေကြီးနှင့် တစ်သားတည်း ဖြစ်နေပြီး အောက်ခြေတစ်ဝက်ခန့် မြှုပ်နေကြောင်း သတိထားမိလိုက်သည်။

ခဏတာ မျက်မှောင်ကြုတ်သွားပြီး...

“ကျောက်စားပွဲက မူလကတည်းက လေးပြီးသားလေ... ကြမ်းပြင်ကလည်း ညီညာနေတာပဲ... ဘာကိစ္စ ကြမ်းပြင်ထဲ မြှုပ်ထားစရာ လိုလို့လဲ... ဒီစားပွဲမှာ တစ်ခုခု ထူးခြားနေတာလား...”

“မှန်တယ်...”

ဆုမို ခေါင်းငြိမ့်လိုက်သည်။

“အတူတူ ရှာကြည့်ကြစို့...”

“ကောင်းပြီလေ...”

ယန်ရှောင်ယွင် ပြုံးလိုက်ပြီး ဆုမိုနှင့်အတူ စားပွဲကို အသေအချာ စစ်ဆေးကြည့်ကြသည်။

စားပွဲအောက်ဘက်က မှောင်နေသဖြင့် ယန်ရှောင်ယွင်က ဖယောင်းတိုင်ကို ယူပြီး ထိုးကြည့်ရသည်။ နောက်ဆုံးတွင် ကျောက်စားပွဲ၏ အောက်ခြေတွင် ရွှေ့လို့ရသော ရုပ်ကြွပန်းချီကားချပ် တစ်ခုကို တွေ့လိုက်ရသည်။

ဆုမိုနှင့် ယန်ရှောင်ယွင်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ၎င်းကို အသာအယာ တွန်းလိုက်ကြသည်။

`ချွတ်` ခနဲ အသံမြည်သွားသည်။

ဒါပေမဲ့... ဘာမှ ထူးခြားမလာပေ။

“ဒါက...”

ယန်ရှောင်ယွင် စိတ်ပျက်သွားရ၏။

“အဖေ ပြောတော့ ဦးလေးဆုက ခန့်ညားထည်ဝါတဲ့ လူကြီးလူကောင်းပါဆို... အခု လက်တွေ့မြင်ရတာနဲ့ တခြားစီပါလား...”

“သွမ့်ဆုန်က ဦးလေးဆုကို အရမ်းကြောက်ပြီး... သူ့ကို ခန့်မှန်းရခက်တဲ့ လူ၊ ခြေရာပျောက်တဲ့ လူလို့ ပြောတာ မမှားဘူးပဲ...”

“အစတုန်းကတော့ သွမ့်ဆုန်က ပိုပြောနေတယ် ထင်ခဲ့တာ... အခုတော့ သူ ပြောတာ ဟုတ်မယ့် ပုံပဲ...”

ဆုမို၏ နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်ကွေးသွားသည်။ ဒီမြင်ကွင်းကို ကြည့်ရတာ `လျှို့ဝှက်ခန်းထဲက ထွက်ပြေးရတဲ့ ကစားပွဲ` ကစားနေရသလို ခံစားနေရ၏။

သူ ကြမ်းပြင်ပေါ်တွင် ထိုင်လျက် စားပွဲမျက်နှာပြင်ကို လက်ထောက်ပြီး မတ်တတ်ရပ်ရန် ပြင်လိုက်စဉ်...

လက်ဝါးက စားပွဲမျက်နှာပြင်ပေါ်တွင် အနည်းငယ် လျှောတိုက်မိသွားပြီး... ရုတ်တရက် ယန္တရား မောင်းနှင်သံ တစ်ခုကို ကြားလိုက်ရသည်။

“ဟင်...”

ဆုမို လန့်သွားပြီး ချက်ချင်း မထသေးဘဲ လက်ဖြင့် အသာအယာ ထပ်တွန်းကြည့်လိုက်သည်။ တကယ်ပင် စားပွဲမျက်နှာပြင် တစ်ခုလုံး လည်ပတ်သွားလေသည်။

သူ့လက်ဝါးနှင့်အတူ စားပွဲမျက်နှာပြင် လည်သွားသည့်အခါ... မူလက ပန်းပုရုပ်များဟု ထင်ရသော နေရာမှ ကွဲအက်သွားပြီး လေးထောင့်ပုံစံ အခေါင်းပေါက် တစ်ခု ပေါ်လာသည်။

ထိုအခေါင်းပေါက် အောက်ဘက်မှ စင်မြင့်တစ်ခု တဖြည်းဖြည်း မြင့်တက်လာ၏။ ထိုစင်မြင့်ပေါ်တွင်... နောက်ထပ် သေတ္တာတစ်လုံး ရှိနေသည်။

ဆုမိုနှင့် ယန်ရှောင်ယွင်တို့ ထိုသေတ္တာကို တိတ်ဆိတ်စွာ ကြည့်နေမိကြသည်။ အကြည့်ချင်း ဖလှယ်ပြီးနောက် ဆုမိုက လှမ်းယူလိုက်ပြီး အလွယ်တကူပင် ဖွင့်လိုက်သည်။

ဒီတစ်ခါတော့ အတွင်းထဲတွင် ပစ္စည်း (၃) မျိုး ရှိနေ၏။

ပထမ ပစ္စည်းနှစ်ခုကို ကြည့်လိုက်တော့ ဆုမို သိပ်မအံ့ဩမိပေ။ စာတစ်စောင်နှင့် စာအုပ်တစ်အုပ် ဖြစ်သည်။

သို့သော် နောက်ဆုံးပစ္စည်းက ဆုမိုကို မျက်မှောင်ကြုတ်သွားစေသည်။

၎င်းမှာ ကျိုးပဲ့နေသော ဓားတစ်ချောင်း ဖြစ်သည်။ ဓားလက်ကိုင်ရိုးတွင် မြွေတစ်ကောင် ရစ်ပတ်ထားသည့် ပုံစံရှိပြီး... ကြမ်းကြုတ်သော မြွေခေါင်းက ပါးစပ်ဟကာ အဆိပ်စွယ်များ ဖော်ကျူထားသကဲ့သို့ ရှိသည်။ လူကို ပေါက်သတ်တော့မည့် ပုံစံပင်။

“`မြွေခေါင်းသဏ္ဌာန် ဓား` ”

ယန်ရှောင်ယွင် မျက်နှာပျက်သွားသည်။

“ရှောင်မို... ဦးလေးဆုက အဲဒီလူတွေရဲ့ ခြေရာကို လိုက်နိုင်ခဲ့တာပဲ...”

ဆုမို ခေါင်းကို ညင်သာစွာ ငြိမ့်လိုက်သည်။

ဟိုးအရင် `ကန်းဖုန်း တောင်ကြား` မှာတုန်းက `ယန်ရီဇီ` ပြောပြဖူးသည်။

ဆုမို၏ အဘိုး မဆုံးပါးခင်တုန်းက `ဆုထျန်းယန်` ကို အမှတ်အသား တစ်ခု ပေးအပ်ခဲ့ပြီး ဇီယန်ဂိုဏ်းကို ပို့ခိုင်းခဲ့သည်။

အဲဒီ အမှတ်အသားက... မြွေခေါင်းသဏ္ဌာန် ဓား ဖြစ်၏။

မထင်မှတ်ဘဲ... အဲဒီဓား၏ တစ်ဝက်ကို ဆုထျန်းယန် ကိုယ်တိုင်တူးထားသော လျှို့ဝှက်ခန်းထဲမှာ ပြန်တွေ့လိုက်ရခြင်းပင်။

ဆုမိုသည် ကျိုးပဲ့နေသော ဓားကို ကိုင်ကာ သေချာ စစ်ဆေးကြည့်သည်။

ဓားကျိုးသွားသည့် နေရာတွင် ကျန်ရစ်သော အသွားက ထက်မြနေဆဲပင်။ မြွေပါးစပ်မှ အဆိပ်စွယ်များကလည်း ကြောက်မက်ဖွယ် ကောင်းလှ၏။

ဆုမို မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။

“အဖေက မြွေခေါင်းသဏ္ဌာန် ဓားအကြောင်း စုံစမ်းလို့ ရသွားတာ မဆန်းပါဘူး... အဘိုး မဆုံးခင်တုန်းက ဇီယန်ဂိုဏ်းကို အမှတ်အသား သွားပေးခိုင်းတာကိုး... ဂိုဏ်းက စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့မှာပဲ... ဒီသဲလွန်စကို သုံးပြီး ရှာဖွေနိုင်ခဲ့တာ ဖြစ်နိုင်တယ်...”

“ဒါပေမဲ့... ဘာလို့ ဒီဓားကျိုးကို ဒီမှာ ထားခဲ့ရတာလဲ...”

ယန်ရှောင်ယွင် ခေါင်းခါလိုက်ပြီး စာအိတ်ကို ကောက်ယူလိုက်သည်။

“စာအိတ်ပေါ်မှာ ဘာစာမှ မရေးထားပါလား...”

“ဒီနေရာကို ဘယ်သူ ရှာတွေ့မလဲ ဆိုတာ သူ မသိလို့ နေမှာပေါ့...”

ဆုမို ခေါင်းခါလိုက်ပြီး စာအိတ်ကို ဖွင့်ကာ အတွင်းမှ စာရွက်ကို ထုတ်ယူလိုက်၏။ လက်တစ်ချက်ခါပြီး ဖြန့်လိုက်သည်။

ဖယောင်းတိုင် မီးရောင်အောက်တွင် တစ်ချက် ဝေ့ဖတ်လိုက်ပြီးနောက်... မျက်မှောင်ကြုတ်ကာ တစ်လုံးချင်း အသံထွက် ဖတ်လိုက်၏။

“သိုင်းလောက ခရီးလမ်းမှာ နှစ်ကာလတွေ ကုန်ဆုံးခဲ့ပြီ... လောကဓံ တရားတွေကလည်း ကွဲပြားခဲ့ပြီ...”

“ငါ ဆုထျန်းယန် ဟာ အသက် (၅) နှစ်အရွယ်ကတည်းက အဖေ့စေခိုင်းချက်နဲ့ ဇီယန်ဂိုဏ်းကို ရောက်ပြီး သိုင်းပညာ သင်ကြားခဲ့ရတယ်...”

“မကြာခင် ကျရောက်လာမယ့် ဘေးဒုက္ခတွေကို ရင်ဆိုင်ရင်း... ငါသင်ယူထားတဲ့ ပညာတွေ ပျောက်ပျက်မသွားစေချင်လို့... ကံပါတဲ့သူ တွေ့ပါစေတော့ဆိုပြီး ဒီစာကို ချန်ထားခဲ့ပါတယ်...”

“ဒီစာကို ဖတ်ရတဲ့ မျိုးဆက်သစ်လူငယ် (သို့မဟုတ်) တပည့်က ဆုမိသားစုဝင် မဟုတ်ခဲ့ရင်တောင်... ငါ့ရဲ့ သိုင်းပညာကို လေ့ကျင့်နိုင်ပြီး ငါ့တပည့်အဖြစ် သတ်မှတ်ပါတယ်...”

“ဒါပေမဲ့ ငါ့ပညာတွေ အားလုံးက ဂိုဏ်းကနေ ဆင်းသက်လာတာ ဖြစ်လို့... ငါ့အမွေကို ဆက်ခံမယ့်သူ အနေနဲ့ ဂိုဏ်း ဒုက္ခရောက်တဲ့အခါ ကူညီပေးပါ...”

“ပြီးတော့ ငါ့မှာ ရည်မှန်းချက် မရှိ၊ အရည်အချင်း မရှိတဲ့ `ဆုမို` ဆိုတဲ့ သားတစ်ယောက် ရှိတယ်... တကယ်လို့ ငါ့အမွေကို ဆက်ခံမယ့် တပည့် အနေနဲ့... ငါ့သား အသက်ရှင်နေသေးတာကို တွေ့ခဲ့ရင်... ကျေးဇူးပြုပြီး သူ့ကို စောင့်ရှောက်ပေးကြပါ...”

“ဒါဆိုရင် ဆရာ တပည့် ဝတ္တရား ကျေပွန်တယ်လို့ သတ်မှတ်ပြီး ကျေးဇူးအထူး တင်ရှိပါ့မယ်…”

အခန်း (၃၅၀) - အမွေအနှစ် (၃)

~သူ စာမျက်နှာကို ပေါ့ပေါ့ပါးပါး လှန်လိုက်ပြီး ဆက်ဖတ်လိုက်သည်။

“ဒီစာကို ဖတ်နေသူက ငါ့သား ဆုမို ဖြစ်နေမယ်ဆိုရင်... ခေတ်ကာလတွေ တကယ် ပြောင်းလဲသွားပြီ ဆိုတာ ထင်ရှားနေတာပေါ့...”

“ဒီအမွေအနှစ်ကို လက်ခံရရှိပြီးရင်... မင်းအဖေရဲ့ ဘဝဖြတ်သန်းမှု အတွေ့အကြုံတွေကို ဦးလေးယန်ဆီမှာ မေးမြန်းနိုင်တယ်...”

“တကယ်လို့ မင်း သိပြီးသား ဆိုရင်တော့... ကိုယ်ပိုင် ဉာဏ်နဲ့ ဝေဖန်ပိုင်းခြားပါတော့...”

“ငါ့တစ်သက်တာလုံး... ငယ်စဉ်ကတည်းက ဆရာသမားရဲ့ သွန်သင်ဆုံးမမှုကို ခံယူခဲ့တယ်... သိုင်းလောကထဲကို မဝင်ရောက်ခင်မှာပဲ အောင်မြင်မှုတချို့ ရရှိခဲ့တယ်...”

“ငါ့ရဲ့ လုပ်ရပ်တိုင်းမှာ... ငါ့ရဲ့ နှလုံးသားက စေခိုင်းတဲ့အတိုင်း ဖြောင့်မတ်မှန်ကန်စွာ နေထိုင်ခဲ့တယ်... ကောင်းကင်နဲ့ မြေကြီးကို သစ္စာဖောက်ဖျက်တဲ့အလုပ် ဘာတစ်ခုမှ မလုပ်ခဲ့ဘူးလို့ ယုံကြည်တယ်...”

“ဒါပေမဲ့... ငါ့ဘဝမှာ ကြီးမားတဲ့ နောင်တကြီး (၄) ခု ရှိခဲ့တယ်...”

“ပထမအချက်... ငါ လူအများကြီးအပေါ် အကြွေးတင်ခဲ့တယ်...”

“ဒုတိယအချက်... ချစ်ရတဲ့ ဇနီးသည်နဲ့ တသက်လုံး အတူမနေရခဲ့ဘူး...”

“တတိယအချက်... သားဖြစ်သူ အိမ်ထောင်ကျတာ၊ အလုပ်အကိုင် အဆင်ပြေတာကို မမြင်လိုက်ရဘူး...”

“စတုတ္ထအချက်... `လီ` မိသားစုက သစ္စာဖောက်တွေ အနောက်ဘက်မှာ လွတ်မြောက်နေတုန်းပဲ...”

“တကယ်လို့ ဒီစာဖတ်သူက ငါ့သား ဖြစ်နေမယ်ဆိုရင်... ငါတို့အိမ်လေး ဘေးကင်းနေသေးတယ် ဆိုတဲ့ အဓိပ္ပာယ်မို့... အဖေ့စိတ်ထဲမှာ အနည်းငယ်တော့ ဖြေသာမိပါတယ်...”

“သားဖြစ်သူ အနေနဲ့ မိသားစု တာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်စေချင်တယ်... မုန်တိုင်းထန်တဲ့ သိုင်းလောက အကြောင်းတွေကို သိပ်မတွေးစေချင်ဘူး...”

“သိုင်းလောက ဆိုတာက လှည့်စားမှုတွေနဲ့ ပြည့်နှက်နေပြီး... အချိန်မရွေး ပြောင်းလဲနေတတ်တယ်... တကယ်လို့ သားက ခရီးထွက်ဖို့ ဆုံးဖြတ်လိုက်ပြီ ဆိုရင်တော့... သတိတရားကို အမြဲတမ်း လက်ကိုင်ထားပါ...”

“မှတ်ထားပါ... `ပစ်လိုက်တဲ့ လှံကို ကာကွယ်ရ လွယ်ပေမယ့်... ခိုးပစ်တဲ့ မြှားကိုတော့ ရှောင်ရခက်တယ်` ဆိုတာကိုလေ...”

“အဖေတို့ `ဇီယန်ဂိုဏ်း` က ဆုမိသားစုအပေါ် ကျေးဇူးကြွေး ကြီးမားတယ်... ဒါကို ပေါ့ပေါ့တန်တန် သဘောမထားနဲ့... သစ္စာမဖောက်နဲ့...”

“တကယ်လို့ အင်အားကြီးတဲ့ ရန်သူနဲ့ ရင်ဆိုင်ရရင်... ဂိုဏ်းကို အကူအညီ တောင်းနိုင်တယ်...”

“တကယ်လို့ နားမလည်နိုင်တဲ့ ပူးပေါင်းကြံစည်မှုတွေနဲ့ ကြုံလာရရင်... ဇီယန်ဂိုဏ်းကို သွားရှာပါ...”

“ဆုထျန်းယန်၏ မှာတမ်း...”

စာဖတ်ခြင်းက ဒီနေရာမှာပဲ ရုတ်တရက် ပြီးဆုံးသွားသည်။

ယန်ရှောင်ယွင်က ဆုမိုကို လှမ်းကြည့်လိုက်၏။

ဆုမိုကတော့ သူ့ဘာသာ တိုးတိုးလေး ရေရွတ်နေသည်။

“နားမလည်နိုင်တဲ့ ပူးပေါင်းကြံစည်မှုတွေနဲ့ ကြုံလာရရင်... ဇီယန်ဂိုဏ်းကို သွားရှာပါ တဲ့...”

“ရှောင်မို... နင် အဆင်ပြေရဲ့လား...”

ယန်ရှောင်ယွင်က ညင်သာစွာ မေးလိုက်သည်။

“အော်... ပြေပါတယ်...”

ဆုမို ပြုံးလိုက်သည်။

“သူ ကျွန်တော့်အတွက် ဘာမှ မစဉ်းစားပေးဘဲ နေမှာ မဟုတ်ဘူးလို့ ထင်ထားပြီးသားပါ... တွေ့လား... တကယ်ပဲ တချို့အရာတွေကို ချန်ထားခဲ့တာပဲ...”

“ဦးလေးဆုရဲ့ စိတ်ထဲမှာ နင်က အမြဲ ရှိနေတာပါ...”

ယန်ရှောင်ယွင် သက်ပြင်းချလိုက်၏။

“နှမြောစရာ ကောင်းတာက... သူ့ဇနီးသည်က သူ့ကို ဒီလောက် ချစ်မယ်ဆိုတာ သူ ထင်မထားခဲ့တာပဲ... သူ မရှိတော့တဲ့နောက် ဒေါ်လေးလည်း စိတ်ဓာတ်ကျပြီး ဆုံးပါးသွားရရှာတယ်...”

ဆုမို ခေါင်းငြိမ့်လိုက်သည်။ စာကို ပြန်ဖတ်ကြည့်လိုက်ပြီး မသိမသာ မျက်မှောင်ကြုတ်လိုက်မိပြန်သည်။

“သူက လီမိသားစုရဲ့ သစ္စာဖောက်အကြောင်း ပြောထားတယ်... `လီစစ်ယွင်` တို့ မျိုးနွယ်စုထဲက တစ်ယောက်ကို ရည်ညွှန်းတာ နေမှာ... ဒီလူက... အနောက်ဘက်မှာ လွတ်မြောက်နေတုန်းပဲတဲ့လား...”

“...အနောက်ဘက်...”

ယန်ရှောင်ယွင် ခဏ စဉ်းစားလိုက်၏။

“အနောက်ဘက် အရပ်ဆိုတာက ကျယ်ပြောတယ်... `အနောက်ဘက် ပြည်နယ်` ဖြစ်နိုင်သလို... ပိုဝေးတဲ့ အနောက်မြောက်ဘက်က `ပေချွမ်း` လည်း ဖြစ်နိုင်တယ်... ဒီစာလုံး နှစ်လုံးတည်းနဲ့တော့ နေရာအတိအကျ ပြောဖို့ ခက်တယ်...”

“မှန်တယ်...”

ဆုမို ခေါင်းခါလိုက်သည်။

“ဒါပေမဲ့ အနည်းဆုံးတော့ ကျွန်တော်တို့မှာ ဦးတည်ချက် တစ်ခု ရှိသွားပြီလေ... သိုင်းလောက ဆိုတာက ကျယ်ပြန့်ပြီး ဆန်းကြယ်တယ်... တွေ့ချင်မှလည်း တွေ့ရမှာ...”

“သူ့ဘဝရဲ့ နောင်တတွေနဲ့ ပတ်သက်ပြီး... ပထမ နှစ်ချက်ကိုတော့ ကျွန်တော် ဘာမှ မတတ်နိုင်တော့ဘူး... ဒါပေမဲ့ နောက်ဆုံး နှစ်ချက်အတွက်တော့... ကျွန်တော် တတ်နိုင်သလောက် ဖြည့်ဆည်းပေးရမှာပေါ့...”

ယန်ရှောင်ယွင် ခေါင်းငြိမ့်လိုက်သည်။ စာအုပ်ကို ပြန်ကောက်ယူပြီး ဆုမိုလက်ထဲ ထည့်ပေးလိုက်၏။

“ဒီထဲမှာ ဦးလေးဆု သင်ယူခဲ့တဲ့ သိုင်းပညာတွေ အကုန်ပါလောက်တယ်...”

ဆုမို လှမ်းယူလိုက်ပြီး ပေါ့ပေါ့ပါးပါး လှန်လှောကြည့်လိုက်သည်။

ပထမဆုံး မြင်လိုက်ရသည့် စာမျက်နှာမှာတင် ဆုမိုရဲ့ မျက်နှာထားက ထူးဆန်းသွား၏။

“`ကျင်းဟုန် ဖန်ကွမ် လက်ဝါးသိုင်း` ...”

“ဟင်...”

ယန်ရှောင်ယွင် လန့်သွားပြီး အနားသို့ တိုးကပ်လာသည်။

ဟုတ်ပါရဲ့... လျှို့ဝှက် သိုင်းကျမ်းစာအုပ်ထဲမှာ လူပြောများနေသည့် `ကျင်းဟုန် ဖန်ကွမ် လက်ဝါးသိုင်း` ကို အတိအကျ ရေးဆွဲထားသည်။

နှစ်ယောက်သား အကြည့်ချင်း ဖလှယ်လိုက်ကြပြီး အံ့ဩလွန်း၍ အသက်ရှူမှားသွားကြ၏။

“ဦးလေးဆုက... တခြားလူကို ဓားစာခံ လုပ်ဖို့ ရည်ရွယ်ထားတာလား...”

ယန်ရှောင်ယွင်က စကားလုံးကို သတိထား ရွေးချယ်ပြီး မေးလိုက်သည်။

ဆုမို စဉ်းစားပြီးနောက် သက်ပြင်းချလိုက်သည်။

“ပြောရခက်တယ်... အချိန်တွေက ပြောင်းလဲသွားပြီလေ... ဒီအတိုင်း ကောက်ချက်ချလို့ မရဘူး...”

“စဉ်းစားကြည့်... ဒီနေရာကို ရှာတွေ့ပြီး ဒီစာ၊ ဒီသိုင်းကျမ်းစာအုပ်ကို မြင်နိုင်တဲ့လူက သိပ်မရှိဘူး...”

“ဆုမိသားစု အိမ်ကို သိမ်းပိုက်ပြီး ကံကောင်းထောက်မစွာနဲ့ ဒီစာနဲ့ သိုင်းကျမ်းစာအုပ်ကို တွေ့သွားတဲ့လူမျိုး ဖြစ်ချင်ဖြစ်မယ်...”

“တကယ်လို့ အဲဒီလူက ရိုးသားဖြူစင်တယ်... ဦးလေးယန်လည်း အသက်ရှိနေသေးတယ် ဆိုရင်... ဒီသိုင်းကျမ်းစာအုပ်ကို တွေ့ပြီးတာနဲ့ ဦးလေးယန်ဆီ သွားပြီး အမှန်တရားကို မေးမြန်းလောက်တယ်...”

“ဘာပဲဖြစ်ဖြစ်.. စာထဲမှာ ရေးထားတာက... ဒီအမွေအနှစ်ကို ရတဲ့လူဟာ သူ့တပည့်ပဲလို့ မှတ်ယူလို့ ရတယ်လေ...”

“ဒီအချက် ပါနေတော့... မူလဇာစ်မြစ် ရိုးရှင်းတဲ့ သူဆိုရင် ဖုံးကွယ်ထားစရာ အကြောင်း မရှိဘူး...”

“ဒါပေမဲ့ မသမာတဲ့ နည်းလမ်းနဲ့ ရလာတဲ့လူမျိုး ဆိုရင်တော့... လူတောထဲ ထွက်ရဲမှာ မဟုတ်ဘူး... ဒီသိုင်းပညာကို တိတ်တိတ်လေး ခိုးကျင့်ရင်းနဲ့ သူ့ကိုယ်သူ ဒုက္ခပေးသလို ဖြစ်သွားနိုင်တယ်...”

“နောက်တစ်ချက်က... ဒီနေရာက မြေအောက်ထဲမှာ နက်နက်ရှိုင်းရှိုင်း မြှုပ်နှံထားတာ... ဘယ်အချိန်မှ ပြန်တွေ့မလဲ မသိနိုင်ဘူး... နှစ်ပေါင်းများစွာ ကြာသွားနိုင်တယ်...”

“အဲဒီအချိန်ကျရင်... အလင်းရောင် မမြင်ရဲတဲ့ `ကျင်းဟုန် ဖန်ကွမ် လက်ဝါးသိုင်း` ဟာ ပျောက်ကွယ်သွားတဲ့ သိုင်းပညာ တစ်ခု ဖြစ်သွားနိုင်တယ်...”

“အင်း... ဟုတ်တာပဲ...”

ယန်ရှောင်ယွင်က ဆုမိုဘေးတွင် ရပ်ရင်း စာမျက်နှာများကို လိုက်ကြည့်နေသည်။

ဆုထျန်းယန်၏ လျှို့ဝှက်သိုင်းကျမ်းစာအုပ်ထဲတွင် သိုင်းပညာ လေ့ကျင့်စဉ် ရရှိခဲ့သော သူ၏ ထိုးထွင်းသိမြင်မှုများနှင့် ရှင်းလင်းချက်များကို အသေးစိတ် ရေးသားထားရာ... သူတို့နှစ်ဦးစလုံးအတွက် ဉာဏ်အလင်း ပွင့်စေ၏။

ဆုမိုတွင် သိုင်းပညာ အခြေခံ ရှိပြီးသား ဖြစ်သော်လည်း... စာအုပ်ထဲမှ အချက်အလက်များနှင့် ချိတ်ဆက် တွေးခေါ်နိုင်လိုက်သည်။

နားလည်သဘောပေါက်မှု ဆိုသည်မှာ သိုင်းပညာ အဆင့်အတန်းနှင့် မသက်ဆိုင်ပေ။ လူတိုင်းမှာ မတူညီသည့် အမြင်တွေ ရှိကြသည်။ သိုင်းပညာ ပိုတော်သော လူက သိုင်းပညာ ညံ့သည့် လူထက် ပိုပြီး နက်နက်ရှိုင်းရှိုင်း သိမြင်သည်ဟု ပြော၍ မရပါချေ။

“လူသုံးယောက် ခရီးသွားရင်... တစ်ယောက်ဆီကတော့ ပညာရမှာပဲ” ဆိုသည့် စကားလိုပင်။ ကိုယ့်ကိုယ်ကိုယ် အထွတ်အထိပ် ရောက်နေပြီး ၊ လောကကြီးကို အပေါ်စီးကနေ မြင်နိုင်ပြီဟု ယူဆနေလျှင်... လောကသား အားလုံးကို လျှော့တွက်ရာ ကျသွားလိမ့်မည်။

`ကျင်းဟုန် ဖန်ကွမ် လက်ဝါးသိုင်း` အခန်းကဏ္ဍ အဆုံးတွင် ဆုထျန်းယန်၏ လေးနက်သော သတိပေးစာ တစ်ကြောင်း ပါရှိ၏။

“ဒီသိုင်းပညာက ရှုပ်ထွေးမှုတွေ များပြားလွန်းတယ်... ပေါ့ပေါ့တန်တန် အသုံးမပြုရ...”

“...ဦးလေးဆု ကတော့ ဦးလေးဆု ပါပဲလေ...”

ဒါကို မြင်တော့မှ ယန်ရှောင်ယွင် သက်ပြင်းချနိုင်တော့သည်။

“ငါကပဲ အလကား စိုးရိမ်နေမိတာပါ...”

“ဒါက... ရိုးရှင်းသယောင်နဲ့ နက်နဲနေတာများလား...”

ဆုမို၏ မျက်နှာထားက အနည်းငယ် ထူးဆန်းလာသည်။ စာအုပ်ကို ဆက်လှန်ကြည့်လိုက်ရာ... ဇီယန်ဂိုဏ်း၏ `မဟာနေမင်း ဖြန့်ကျက်လက်ဝါး` ၊ `နေမင်းသုံးစင်း နှလုံးကြေမွ လက်ဝါး` ၊ `ဇီယန် နတ်ဘုရား လက်ဝါး` နှင့် အခြား သိုင်းပညာများကို အသေးစိတ် မှတ်တမ်းတင်ထားသည်ကို တွေ့ရ၏။

တချို့ သိုင်းပညာတွေကို ဆုမို တစ်ခါမှ မလေ့ကျင့်ဖူးသေးပေ။

ဥပမာအားဖြင့်... `နေမင်းသုံးစင်း နှလုံးကြေမွ လက်ဝါး` ဆိုလျှင် `သန့်စင်သော နေမင်း`အတွင်းအားကို အသုံးပြုပြီး ရန်သူ၏ နှလုံးသွေးကြောအား တိုက်ခိုက်ရသည့် အလွန် ပြင်းထန်သော သိုင်းကွက် ဖြစ်သည်။

`ဇီယန် နတ်ဘုရား လက်ဝါး` ကျတော့ ဖြောင့်မတ် ကြီးကျယ်သော လမ်းစဉ်ကို လိုက်နာသည်။ ကျယ်ပြန့်ပြီး အားပါသောကြောင့် ပိဿာချိန် ထောင်ချီ လေးသော အရာဝတ္ထုကြီးနှင့် ဖိချလိုက်သကဲ့သို့ ပြင်းထန်၏။

နှစ်ယောက်သား စာအုပ်ကို နောက်ဆုံးအထိ လှန်ကြည့်လိုက်သောအခါ... `ယိရွှမ် နတ်ဘုရားသိုင်း` ကို တွေ့လိုက်ရသည်။

ဒီကျင့်စဉ်ကို ယန်ရီဇီက ယန်ရှောင်ယွင်ကို လက်ဆင့်ကမ်းခဲ့ပြီး... ယန်ရှောင်ယွင်က ဆုမိုကို ပြန်လည် သင်ပေးခဲ့ခြင်း ဖြစ်၏။

အခု ဆုထျန်းယန် ချန်ထားခဲ့သော မှတ်တမ်းကို ပြန်ကြည့်လိုက်သောအခါ... မူလက စာလုံးရေ (၅၀၀) ခန့်သာ ရှိသော ကျင့်စဉ်၏ အနောက်တွင်... နောက်ထပ် စာလုံးရေ (၁၀၀) ခန့် ပိုနေသည်ကို တွေ့လိုက်ရသည်။

“ဒါက...”

ယန်ရှောင်ယွင် အကြီးအကျယ် လန့်သွား၏။

“ယိရွှမ် နတ်ဘုရားသိုင်း... `ဆဋ္ဌမအဆင့်` လား...”

“ဒီ နတ်ဘုရားသိုင်းက... အဆုံးထိ မရောက်သေးတာပဲ...”

ဆုမို မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။

“ဒါပေမဲ့... အဲဒီတုန်းက အဖေက ဦးလေးယန်နဲ့အတူ ဒီသိုင်းကျမ်းစာအုပ်ကို လက်ခံရရှိခဲ့တာ ဆိုရင်... `ရှို့ရွှမ်` ဆရာကြီးက မပြည့်မစုံ သင်ပေးလိုက်တာလား...”

“အဲဒီလိုတော့ မဖြစ်နိုင်ပါဘူး...”

“တကယ်လို့ အဲဒီလို မဟုတ်ဘူး ဆိုရင်... ဒီ ဆဋ္ဌမအဆင့် ကျင့်စဉ်ကို သူ ဘယ်ကနေ ရခဲ့တာလဲ…”

အခန်း (၃၅၁) - ဓားတစ်လက်ဖြင့် တုန်းချန်သို့ ဝင်ရောက်ခြင်း

~ဆုမို၏ မေးခွန်းအတွက် အဖြေကိုတော့ လောလောဆယ် သိရဦးမည် မဟုတ်သေးပေ။

သို့သော် သေချာသည့် အချက်တစ်ခုတော့ ရှိနေ၏။

ယန်ရီဇီ မသိအောင် ဆုထျန်းယန် နောက်ကွယ်တွင် လုပ်ခဲ့သော ကိစ္စရပ်များစွာ ရှိခဲ့သည် ဆိုခြင်းပင်။

ဒီ `မြွေခေါင်းသဏ္ဌာန် ဓားကျိုး` က ယင်းအချက်ကို သက်သေပြနေသည်။

“အဖေက... ဇီယန်ဂိုဏ်းကနေ ပြန်ရောက်ပြီးတဲ့နောက်... အာမခံ ခရီးသည် အယောင်ဆောင်ပြီး လီစစ်ယွင် တို့ အုပ်စုရဲ့ သဲလွန်စကို လိုက်ရှာနေခဲ့တာပဲ... တဖက်မှာလည်း ဒီဓားပိုင်ရှင်ရဲ့ နောက်ကြောင်းကို စုံစမ်းနေခဲ့ပုံရတယ်...”

“ဒါပေမဲ့ အဲဒီကာလတွေအတွင်းမှာ ဘာတွေ တကယ် ဖြစ်ပျက်ခဲ့သလဲ ဆိုတာကတော့... ကျွန်တော်တို့အတွက် ပုစ္ဆာတစ်ပုဒ် ကျန်နေတုန်းပါပဲ...”

ဆုမို ခေါင်းကို ညင်သာစွာ ခါလိုက်ပြီး ဓားကျိုးကို သေတ္တာထဲ ပြန်ထည့်လိုက်၏။

ခဏအကြာတွင် `မန်ဒရင်း ဘဲ စာရင်း` ၊ `ရွှေကျောက်စိမ်း ကတော့` နှင့် `ဆန်းကြယ်သော ယန္တရား` ချိတ်တွေကိုပါ သေတ္တာထဲသို့ ထည့်လိုက်သည်။

သေတ္တာက သိပ်မကြီးသော်လည်း ပစ္စည်းများက သေးငယ်သဖြင့် အားလုံး ထည့်ပြီးသည့်တိုင် နေရာလွတ်တောင် ကျန်နေသေးသည်။

“နင် ဒီပစ္စည်းတွေကို ဒီမှာပဲ ဝှက်ထားမလို့လား...”

ယန်ရှောင်ယွင်က ဆုမိုကို လှမ်းကြည့်ပြီး မေးလိုက်၏။

ဆုမို ခေါင်းငြိမ့်လိုက်သည်။

“အမြဲတမ်း ယူသွားနေလို့ အဆင်မပြေဘူးလေ... နေ့တိုင်း ဖောင်းပွနေတာက သိပ်ကြည့်မကောင်းသလို... ပျောက်ရှသွားရင်လည်း ဒုက္ခ...”

“ဒီနေရာက လုံခြုံပြီး လျှို့ဝှက်တယ်... စားပွဲမှာလည်း ယန္တရား တပ်ထားသေးတယ်... သွမ့်ဆုန်က ဒီနေရာကို သိပေမယ့် စားပွဲအောက်က လျှို့ဝှက်ချက်ကို သူ မသိဘူး... သူက လျှို့ဝှက်ချက် ထိန်းမယ့် လူမျိုးပါ...”

“လောလောဆယ် ဒီမှာ ထားတာ အကောင်းဆုံးပဲ... လိုအပ်လာရင်တော့ ကျွန်တော့်အခန်းထဲမှာ ကျင်းတူးပြီး ပြောင်းထည့်ရမှာပေါ့...”

“...”

ယန်ရှောင်ယွင်က ရယ်ရခက် ငိုရခက် ပြုံးလိုက်သည်။

“ကျင်းနည်းနည်းပဲ တူးပါဟယ်... ဦးလေးဖူ ပြောသလို ဆိုရင်... ဦးလေးဆုရော အဘိုးဆုရောက လျှို့ဝှက်ချက်တွေ ကိုယ်စီ ရှိကြတယ်... သူတို့ အခန်းထဲမှာ ကျင်းတူးတဲ့ အကျင့် ရှိမရှိတော့ မသိဘူး...”

“နင်သာ သူတို့လို လိုက်တူးနေရင်တော့... ဇီယန်အာမခံဌာနကြီး တစ်ခုလုံး ဆန်ကောပေါက် ဖြစ်ကုန်တော့မယ်...”

“ကျင်းတွေ များတော့ ကျွန်တော်တို့ နေလို့ ကောင်းတာပေါ့...”

ဆုမိုက ယန်ရှောင်ယွင်၏ လက်ကို ဆုပ်ကိုင်လိုက်၏။

“သိုင်းလောက မုန်တိုင်းတွေကို ရှောင်လို့ ရတယ်လေ... လေတွေ ဘယ်ဘက်ကပဲ တိုက်တိုက်... မုန်တိုင်းလာရင် ပုန်းမယ်... မုန်တိုင်းငြိမ်ရင် ခေါင်းပြုထွက်ပြီး ရှုခင်းကြည့်မယ်... တစ်ယောက်ပခုံး တစ်ယောက်မှီပြီး အေးအေးဆေးဆေး နေလို့ ရတာပေါ့...”

အစပိုင်းတွင် ယန်ရှောင်ယွင် သဘောမပေါက်သော်လည်း သေချာ စဉ်းစားလိုက်သောအခါ...

“ဒါက... ရှဉ့်တွေနဲ့ တူမနေဘူးလား...”

“အန္တရာယ်ကင်းရင် ခေါင်းပြုထွက်ပြီး ဟိုကြည့်ဒီကြည့် လုပ်မယ်... လေတိုးသံ၊ မြက်ပင်လှုပ်သံ ကြားတာနဲ့ အန္တရာယ်ကင်းအောင် ပြန်ပုန်းမယ် ဆိုတော့...”

“စိတ်ဝင်စားစရာတော့ ကောင်းသားပဲ...”

“အင်း... ဝမ်းနည်းစရာ ကောင်းတာက... သဘာဝ မုန်တိုင်းတွေက ပြင်းထန်ပေမယ့်... သိုင်းလောက မုန်တိုင်းတွေလောက် အသက်အန္တရာယ် မစိုးရိမ်ရဘူးလေ...”

ဆုမိုသည် ယန်ရှောင်ယွင်၏ လက်ကို တွဲလျက် အပြင်သို့ ထွက်လာခဲ့သည်။

“သွားကြစို့... လောလောဆယ် ဒီအတိုင်း ထားလိုက်ပါဦး... ရွှမ်ဟူ မျှော်စင်က လူကိုလည်း သတိထားရမယ်...”

“ဟုတ်ပါရဲ့...”

ယန်ရှောင်ယွင် ခေါင်းငြိမ့်လိုက်၏။

“အဖေ့ရဲ့ စီစဉ်မှုတွေက ဆန်းကြယ်တယ်... ဝူတောက်ယိုကို `သုံးပါး အစွန်းရောက် ဂိုဏ်း`ကို ခုခံဖို့ အမိန့်ပေးတာ တစ်မျိုး... သွမ့်ဆုန်ကို သေချင်ယောင် ဆောင်ပြီး ပုစဉ်းရေချွတ် လုပ်ခိုင်းတာ တစ်မျိုး... သူတို့ချင်းတောင် တစ်ယောက်အကြောင်း တစ်ယောက် သိပုံမရဘူး...”

“ရွှမ်ဟူ မျှော်စင်က လူကလည်း သွမ့်ဆုန် စကားဆိုရင် မြေဝယ်မကျ နားထောင်တယ်...”

“ကြည့်ရတာ အဖေနဲ့ ဝူတောက်ယိုရဲ့ ဆက်ဆံရေးက ငါတို့ ထင်သလောက် မနက်ရှိုင်းလောက်ဘူး...”

ထိုအခါ၊

“ဝူတောက်ယိုက အမိန့်ကို နာခံရုံသက်သက်ပါပဲ...”

ဟု ဆုမိုက စကား ထောက်လိုက်သည်။

“ရွှမ်ဟူ မျှော်စင်က လူငယ်လေးကတော့... သိုင်းလောကရဲ့ စိတ်လှုပ်ရှားစရာတွေကို မြင်ချင်လို့ လိုက်လာတာ ဖြစ်လောက်တယ်...”

“ပေါက်စီရဲ့ အရသာကိုတော့ သူ ကောင်းကောင်း သိသွားပြီ...”

ဆုမိုစကားကြောင့် ယန်ရှောင်ယွင်က ရယ်ချလိုက်၏။

“လက်ဖက်ရည်ဆိုင် ကိစ္စ ဖြစ်ပြီးကတည်းက... သူ ပေါက်စီကို တော်တော် စွဲလမ်းသွားပုံပဲ...”

“ကြည့်ရတာ သူ နည်းနည်း ဝလာသလိုပဲ...”

ဆုမို ခေါင်းခါလိုက်မိသည်။

နှစ်ယောက်သား စကားတပြောပြောဖြင့် လျှောက်လာရင်း `သံမဏိသွေး အာမခံဌာန` သို့ တိတ်တဆိတ် ပြန်ရောက်လာကြသည်။

ဈာပန ခန်းမဆောင်ထဲတွင် ရဟန်းများက တရားစာ ရွတ်ဖတ်နေဆဲ ဖြစ်သည်။ အခေါင်းထဲတွင် မင်းသားအစား သူဖုန်းစား ဝင်နေပြီ ဖြစ်ကြောင်း သူတို့ မသိကြရှာပေ။

ဆုမိုနှင့် ယန်ရှောင်ယွင်တို့ ကိုယ့်အခန်းကိုယ် ပြန်ကာ အနားယူလိုက်ကြ၏။

ထိုညတွင် ထူးခြားမှု မရှိဘဲ ကုန်ဆုံးသွားသည်။

နောက်ရက်များတွင်လည်း မုန်တိုင်း ထန်ခြင်း မရှိဘဲ အေးချမ်းနေသည်။

(၇) ရက် သက်သတ်လွတ် စားပြီးနောက်... ဝူတောက်ယို၏ အကူအညီဖြင့် မြေနေရာသန့် ရှာဖွေကာ မြေမြှုပ် သင်္ဂြိုဟ်မည့် နေ့ရက်နှင့် အချိန်အခါကို တွက်ချက်လိုက်၏။

ယန်ရီဇီ၏ ဈာပန အခမ်းအနားကြီးသည် လော့ရှားမြို့တွင် အကြီးကျယ်ဆုံး ဖြစ်ရပ် တစ်ခု ဖြစ်ခဲ့သည်။

လွန်ခဲ့သော နှစ်အနည်းငယ်က `ကောင်းကင်တံခါး အာမခံဌာန` မှ `ကျိဝမ်လီ` ဆုံးပါးသွားတုန်းကလိုပင် မြို့လုံးကျွတ် တုန်လှုပ်စေခဲ့သည်။

အာမခံဌာနကြီး နှစ်ခုမှ ဂိုဏ်းချုပ်များ ဆက်တိုက် ဆိုသလို ကွယ်လွန်သွားကြသဖြင့် လော့ရှားမြို့သားများ အနေဖြင့် သိုင်းလောက စီးပွားရေးသည် အသက်အန္တရာယ် များလွန်းသည်ဟု ယူဆလာကြ၏။

အေးအေးချမ်းချမ်းနဲ့ ဘဝနိဂုံးချုပ်ရတဲ့ ဂိုဏ်းချုပ်ဆိုတာ ရှားပါးလွန်းလှသည်။

ဇီယန်အာမခံဌာန မျိုးဆက်သုံးဆက်မှာ... နှစ်ဆက်တိုင်တိုင် သိုင်းလောကထဲမှာပဲ အသက်ပျောက်ခဲ့ရသည်။

ကျိဝမ်လီ က အိမ်မှာ အသတ်ခံလိုက်ရပြီး... ယန်ရီဇီ က တုန်းချန်မှာ သေဆုံးခဲ့၏။

ဒီလို အခြေအနေတွေကြောင့် လော့ရှားမြို့တွင် အာမခံဌာန အသေးလေးများမှ လွဲ၍... နာမည်အကြီးဆုံး အနေဖြင့် ဇီယန်အာမခံဌာနနှင့် `ယန်ဝေ အာမခံဌာန`သာ ကျန်ရှိတော့သည်။

သံမဏိသွေး အာမခံဌာနက ကောင်းကင်တံခါး အာမခံဌာနလို ပြိုကွဲမသွားသော်လည်း... ဆုမိုနှင့် ယန်ရှောင်ယွင်တို့၏ ပတ်သက်မှုကြောင့် ပေါင်းစည်းသွားမည်ကို အားလုံး သိကြ၏။

ထင်ထားသည့်အတိုင်းပင်... မြေမြှုပ်သင်္ဂြိုဟ်ပြီးနောက် ယန်ရှောင်ယွင်က တရားဝင် ကြေညာလိုက်သည်။

ထိုနေ့မှ စတင်၍ သံမဏိသွေး အာမခံဌာနနှင့် ဇီယန်အာမခံဌာနတို့ တစ်သားတည်း ပေါင်းစည်းသွားပြီ ဖြစ်ကြောင်း...။

ဒါက ဆုမိုနှင့် လက်ထပ်မည့် သူမအတွက် `မင်္ဂလာပစ္စည်း` သဘောမျိုး ဖြစ်သွားပြီဟု ဆိုနိုင်ပါ၏။

သံမဏိသွေး အာမခံဌာနမှ ခေါင်းဆောင်များနှင့် တပည့်များကတော့ မအံ့ဩကြသည့်အပြင် ဝမ်းတောင် ဝမ်းသာနေကြသေး၏။

ယန်ရှောင်ယွင်က ငယ်ရွယ်သေးသည်ဟု အများက ယူဆထားကြသည်။ ယန်ရီဇီက သူမကို နှစ်ပေါင်းများစွာ လေ့ကျင့်ပေးခဲ့သော်လည်း...

သူမက ငယ်သေးသည်။ သိုင်းပညာ အရာမှာ ရွယ်တူတွေထက် သာလွန်နေပေမယ့်... လူတွေကို စိတ်ချယုံကြည်မှု ပေးနိုင်သော အဆင့်တော့ မရောက်သေးပေ။

ဆုမိုကတော့ `ရွှမ်ကျီ တောင်ကြား` တိုက်ပွဲဖြင့် နာမည်ကျော်ကြားပြီးသား ဖြစ်သည်။

ယန်ရှောင်ယွင်က သူ့ဘေးနားမှာ ရှိနေတော့ ပိုပြီး အားရှိသွားသည်ပေါ့။

All Chapters