← Chapters

အခန်း (၃၅၂-၃၅၄)

Vol. 24 Ch. 352-354

အခန်း (၃၅၂-၃၅၄)

Vol. 24 Ch. 352-354

အခန်း (၃၅၂) - တုန်းချန်သို့ ဓားတစ်လက်ဖြင့် ဝင်ရောက်ခြင်း (၂)

~ဒီအခြေအနေက လူတိုင်းအတွက် မျှော်လင့်ချက် ရောင်ခြည်သန်းစေတာ အမှန်ပါပင်။

သို့သော်၊... အာမခံဌာန နှစ်ခု ပေါင်းစည်းလိုက်ပြီ ဆိုကာမှ... ဖြေရှင်းစရာ ပြဿနာပေါင်း သောင်းခြောက်ထောင်ကလည်း အစီအရီ ပေါ်လာတော့သည်ပင်။

ဒီလို အကျပ်အတည်း ကာလမှာပင်... တုန်းချန်ဘက်က စာတစ်စောင်နှင့်အတူ... မဖိတ်ခေါ်ဘဲ ရောက်လာသော ဧည့်သည် တစ်ယောက် ရှိနေပြန်သည်။

ဇီယန်အာမခံဌာန၏ ဧည့်ခန်းမဆောင် အတွင်း၌...

အိမ်ရှင်နှင့် ဧည့်သည် နေရာ အခင်းအကျင်း အဆင်ပြေသွားပြီးနောက်... အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့သော `ဝေဇီယီ` သည် ဒေါသတကြီးဖြင့် ပစ္စည်းတစ်ခုကို ဆုမို၏ ရှေ့သို့ `ဒုန်း` ခနဲ ပစ်ချလိုက်လေသည်။

“ဒါ ဘာသဘောလဲ...”

သူမ၏ ဖြူနုသော လက်ညှိုးလေးဖြင့် ဖြန့်ထားသော စာရွက်ကို ထိုးပြရင်း အော်ဟစ်မေးမြန်းလိုက်၏။

စာရွက်ပေါ်တွင် ရေးထားသည်က စာလုံးကြီးကြီး နှစ်လုံးတည်း... "ဖတ်ကြည့်..." တဲ့။

“ငါက နင့်ဆီကို အကျိုးအကြောင်း အစုံအလင်နဲ့ အပင်ပန်းခံပြီး စာရေးလိုက်တာလေ... နင်က ငါ့ကို `ဖတ်ကြည့်` ဆိုတဲ့ စာနှစ်လုံးတည်း ပြန်ရေးလိုက်တာလား...”

သူမ၏ မျက်ဝန်းအစုံ ပြူးကျယ်ဝိုင်းစက်သွားပြီး ဆုမိုကို ဒေါသတကြီး စိုက်ကြည့်နေသည်။

ကျေနပ်လောက်မည့် အဖြေ တစ်ခုကို တောင်းဆိုနေသည့် ပုံစံပင်။

ယန်ရှောင်ယွင် ကတော့ ဘေးနားမှာ ထိုင်ရင်း ဘာမှ မသိသလို ပုံစံဖြင့် အေးအေးလူလူ ကြည့်နေသည်။

ဆုမိုက လက်ဖက်ရည်ခွက်ကို အသာအယာ ပွတ်သပ်ရင်း တည်ငြိမ်စွာ မေးလိုက်၏။

“ငါ နင့်ဆီကို နောက်ထပ် စာတစ်စောင် ထပ်ပို့လိုက်သေးတယ် မဟုတ်လား...”

“အဲဒီစာသာ နောက်ကနေ ထပ်မရောက်လာရင်... ငါ နင့်ဆီကို ဓားဆွဲပြီး ရောက်လာမိမှာ...”

ဝေဇီယီက နှာမှုတ်ရင်း ပြောလိုက်သည်။

“...ဓားဆွဲပြီး ရောက်လာမယ် ဟုတ်လား...”

ဆုမို အနည်းငယ် အံ့ဩသွားသည်။

“ရန်လာရှာမလို့လား...”

“...”

ဝေဇီယီ မျက်လုံးများ ဝိုင်းသွားပြန်သည်။ နောက်ဆုံးတွင် သူမ မနေနိုင်တော့ဘဲ မတ်တတ်ထရပ်ကာ ယန်ရှောင်ယွင်၏ ဘေးနားသို့ အားကိုးတကြီး ပြေးသွားလေ၏။

ဆုမိုကို လက်ညှိုးထိုးပြရင်း...

“အစ်မယွင်... ကြည့်ပါဦး... သူ လုပ်ပုံကို...”

ယန်ရှောင်ယွင်က ဝေဇီယီကို မတတ်သာသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

“နင်က ငါ့ကို သူ့အပေါ် ဒေါသထွက်ပေးစေချင်တာလား...”

“...ငါ မေ့သွားတယ်... နင်က လင်ယောင်္ကျားဘက်ပါတဲ့ မိန်းမပဲ...”

ဝေဇီယီ စိတ်ပျက်လက်ပျက် ဖြစ်သွားရှာ၏။

ယန်ရှောင်ယွင် ရုတ်တရက် ပြုံးလိုက်သည်။

“ကဲပါ... ကဲပါ... သူ လုပ်တာ နည်းနည်း လွန်သွားပါတယ်... နင့်အစား ငါ သူ့ကို ဆူပေးပြီးပါပြီ...”

“တကယ်လား...”

ဝေဇီယီ၏ မျက်နှာတွင် သံသယများ ပြည့်နှက်နေသည်။

“တကယ်ပါလို့ ပြောရင်... နင် စိတ်သက်သာသွားမလား...”

“ငါ့စိတ်သက်သာဖို့က လွယ်ပါတယ်... အစ်မယွင် စိတ်သက်သာရာ ရတယ်ဆိုရင်... ငါ့စိတ်လည်း အလိုလို အေးချမ်းသွားမှာပါ...”

ဝေဇီယီက ယန်ရှောင်ယွင်၏ လက်ကို ဆုပ်ကိုင်လိုက်ရင်း ပြောသည်။

“ခေါင်းဆောင်ယန်ရဲ့ ဝိညာဉ်ကလည်း... အစ်မကို ဒီလို စိတ်ဆင်းရဲနေတာမျိုး မြင်ချင်မှာ မဟုတ်ပါဘူး...”

ယန်ရှောင်ယွင် ခဏတာ တိတ်ဆိတ်သွားပြီးမှ သက်ပြင်းတစ်ချက် ညင်သာစွာ ချလိုက်သည်။ ဝေဇီယီ၏ လက်ကို ပြန်လည် ပုတ်ပေးရင်း...

“ဒါနဲ့... နင် ဘာလို့ ရုတ်တရက်ကြီး ပြန်ရောက်လာတာလဲ...”

ယခုအချိန်တွင် ဝေဇီယီသည် `ထျန်းယွီမြို့` ၏ ဒုတိယမြို့စား ရာထူးကို ရယူထားသူ ဖြစ်သည်။ နေ့စဉ် စီမံခန့်ခွဲစရာ ကိစ္စများ များပြားလှသဖြင့် အားလပ်ချိန် ရခဲလှသည်။

“သူ့ကြောင့်ပေါ့...”

ဝေဇီယီက ဆုမိုကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်သည်။

“သူက `ကျိုးချင်ချွမ်` ကို တစ်ချက်တည်းနဲ့ သတ်ပြလိုက်တော့... တော်တော်လေး ဟိန်းသွားတာကိုး... အဲဒါကြောင့် `ချီလု` က အဘိုးဆီမှာ မျက်နှာရအောင် အသည်းအသန် ကြိုးစားတော့တာပေါ့... အဘိုးခမျာလည်း ပါးစပ်နားရွက်တက်ချိတ်အောင် ပြုံးနေရတာ...”

သူမ ဘေးပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်သည်။

ဆုမိုက လက်ကာပြလိုက်ရာ အစေခံများနှင့် အလုပ်သမားများ အားလုံး အခန်းထဲမှ ဆုတ်ခွာသွားကြသည်။

ဝေဇီယီက ဆက်ပြောသည်။

“ဒီက အခြေအနေကို နင်တို့ သိကြတဲ့အတိုင်းပါပဲ... အခု ထျန်းယွီမြို့ရော `ကျုံးဖူမြို့` ပါ ငါတို့လက်ထဲ ရောက်နေပြီဆိုတော့ အခြေအနေက တော်တော်လေး ကောင်းမွန်နေတယ်...”

“ဒါပေမဲ့... `ဝူတောက်ယို`က တုန်းချန်ကနေ ပြန်ရောက်လာပြီးတဲ့နောက် သူ့ဂုဏ်သတင်းက အကြီးအကျယ် တက်လာတယ်...”

“နယ်မြေအသစ် ချဲ့ထွင်နိုင်ခဲ့တဲ့ ဂုဏ်ပုဒ်ကြောင့်... မူလက ဘယ်ဘက်ပါရမှန်းမသိ ယိမ်းယိုင်နေတဲ့ မဟာမိတ်ခေါင်းဆောင် နှစ်ယောက်ထဲက တစ်ယောက်က သူ့ဘက်ကို လုံးဝ ပါသွားပြီ...”

“မဟာမိတ် ခေါင်းဆောင်နေရာအတွက် အဘိုးက တိုက်ရိုက် ဝင်ရောက် စွက်ဖက်လို့ မရဘူး... အခြေအနေကို မျှအောင် ထိန်းညှိပေးရုံလောက်ပဲ လုပ်နိုင်တာ...”

“`လော့ဖုန်း မဟာမိတ်` က မြို့ကြီးလေးမြို့၊ မြစ်သုံးစင်းနဲ့ ပင်လယ်အော် နှစ်ခုကို လွှမ်းမိုးထားတာ... ဘယ်ဘက်က ကြည့်ကြည့် အာဏာအပြောင်းအလဲ ဆိုတာ ရှိနိုင်ပေမယ့်... မဟာမိတ်အဖွဲ့ကြီး တစ်ခုလုံး ပြိုကွဲသွားမယ့် ပဋိပက္ခမျိုးတော့ အဖြစ်ခံလို့ မဖြစ်ဘူး...”

“အနည်းငယ် ထိခိုက်မှု ရှိသွားရင်တောင်... မဟာမိတ်အဖွဲ့ တစ်ခုတည်း မကဘူး... အုပ်ချုပ်မှုအောက်က ပြည်သူတွေပါ ဒုက္ခရောက်ကုန်ကြမှာ...”

“အဘိုးကို ဖယ်ထားလိုက်ရင်... မူလက မဟာမိတ် ခေါင်းဆောင် (၇) ယောက် ရှိတယ်... အမေနဲ့ ငါကတော့ သဘောထားချင်း တိုက်ဆိုင်ပြီးသား... အခု ချီလုပါ ပေါင်းလိုက်ရင်... ငါတို့ဘက်က နယ်မြေတစ်ဝက်နီးပါးကို ပိုင်ဆိုင်ထားပြီ...”

“ဝူတောက်ယို ပြန်ရောက်လာပြီးတဲ့နောက်... နောက်ထပ် ခေါင်းဆောင်တစ်ယောက်က သူ့ဘက် ယိမ်းသွားတယ်... အင်အားစု အသေးစားလေး တစ်ခုပေါ့...”

“လက်ရှိ ပြဿနာက ကျိုးချင်ချွမ် ထားခဲ့တဲ့ နေရာလွတ်ပဲ... ဝူတောက်ယိုက ဒီအခြေအနေကို အကြီးအကျယ် အသုံးချနေတယ်...”

ဒီနေရာမှာ ဝေဇီယီက.. စကားကို ခေတ္တရပ်ပြီး ဆုမိုနှင့် ယန်ရှောင်ယွင်ကို လှမ်းကြည့်လိုက်သည်။

“ငါ သိပါတယ်... ဦးလေးယန် ကိစ္စမှာ ဝူတောက်ယိုက အများကြီး ကူညီပေးခဲ့တယ် ဆိုတာ... တကယ်တော့ ငါက လော့ဖုန်း မဟာမိတ်ရဲ့ အတွင်းရေးတွေကို မပြောပြချင်ပါဘူး...”

“ဒါပေမဲ့ နင်တို့က မေးလာတော့လည်း... စကားစပ်မိရင်း ပြောပြလိုက်တာပါ... ဗဟုသုတ အနေနဲ့ မှတ်ထားလိုက်ကြပေါ့...”

“ကျိုးချင်ချွမ်ရဲ့ နေရာလွတ်မှာ... ဝူတောက်ယိုက သူ့လူကို အစားထိုးချင်နေတယ်... အဘိုးကကျတော့ ငါတို့ဘက်က လူကို ထည့်ချင်တယ်... ဒီကိစ္စက အဖြေမပေါ်ဘဲ တင်းနေကြတာ...”

“ချီလုက ကျုံးဖူမြို့စား ဖြစ်သွားတော့... သူ့ရဲ့ မူလနေရာ ဒုတိယမြို့စား ရာထူးက လစ်လပ်သွားတယ်...”

“မူလကတော့ ဒီရာထူးက သိပ်အရေးမပါပါဘူး... ဒါပေမဲ့ အခုချိန်မှာတော့ အဆုံးအဖြတ် ဖြစ်လာပြီ... ဒီနေရာကို ရတဲ့လူက နောက်ဆုံး ကျန်နေတဲ့ ကြားနေ ခေါင်းဆောင်ရဲ့ ထောက်ခံမှုကို သေချာပေါက် ရသွားလိမ့်မယ်...”

“အဲဒီကျရင် အင်အား အသာအနိမ့်က ချက်ချင်း ထင်ရှားသွားမှာ... ပိုပြောတာ မဟုတ်ဘူးနော်... ဒီနေရာကို ရတဲ့လူက လော့ဖုန်း မဟာမိတ် တစ်ခုလုံးကို ထိန်းချုပ်နိုင်လိမ့်မယ်...”

ဆုမို နားထောင်ရင်း တစ်စုံတစ်ရာ လွဲချော်နေသည်ဟု ခံစားလိုက်ရသည်။

ယုတ္တိသဘောအရ တွေးကြည့်မည် ဆိုလျှင်... ဝူတောက်ယိုက ဘယ်သူ့ဘက်မှာ ရှိနေသလဲ ဆိုတာ ဝေဇီယီ သိပြီးနေသင့်ပြီ မဟုတ်ပါလော။

‘ဘာဖြစ်လို့ အခုချိန်ထိ ဒီကိစ္စကို ရှင်းရှင်းလင်းလင်း မသိရသေးတာလဲ။

`ယန်ရီဇီ` ပြောခဲ့တာ မှန်ကန်တယ်။

ဝူတောက်ယို လော့ရှားမြို့ကို ပြန်ရောက်လာတာနဲ့ မဟာမိတ် ခေါင်းဆောင်နေရာ လုပွဲက ပြီးဆုံးသွားသင့်ပြီ။

အခုထိ ဘာရည်ရွယ်ချက်နဲ့ ဒီလို အားပြိုင်နေတဲ့ ပုံစံ ဟန်ဆောင်နေကြသေးတာလဲ’

ဆုမိုသည် ထိုင်ခုံလက်ရန်းကို လက်ချောင်းများဖြင့် အသာအယာ ခေါက်နေမိ၏။

`ဝေရူဟန်` ဆိုတာ ကောက်ကျစ်စဉ်းလဲပြီး တွက်ချက်တတ်သူ... `ဘောင်းဘီချွတ်ပြီး လေလည်` သလိုမျိုး အပိုအလုပ်တွေကို ဘယ်တော့မှ လုပ်မည့်သူ မဟုတ်။

ဒီအခြေအနေရဲ့ နောက်ကွယ်မှာ တခြား လျှို့ဝှက်ချက် တစ်ခု ရှိနေရမယ်။

ဒီလို တွေးမိပြီး သူသည် ယန်ရှောင်ယွင်၏ လက်ကို အသာအယာ ပုတ်လိုက်သည်။

နှစ်ဦးသားကြားတွင် နားလည်မှု ရှိပြီးသား ဖြစ်၍... ဒီအထိအတွေ့ကို ရလိုက်သည်နှင့် ယန်ရှောင်ယွင် သဘောပေါက်လိုက်သည်။ သူမ၏ သဘောထားကို ထုတ်မပြဖို့ ဆုမိုက သတိပေးလိုက်ခြင်းပင်။

သူမသည် ဘာမှ နားမလည်သလို ဟန်ဆောင်ကာ မေးလိုက်၏။

“နင် ဒီတစ်ခေါက် ပြန်လာတာ... ဒီကိစ္စ တစ်ခုတည်း အတွက်ပဲလား…”

အခန်း (၃၅၃) - တုန်းချန်သို့ ဓားတစ်လက်ဖြင့် ဝင်ရောက်ခြင်း (၃)

~“ဟုတ်တာပေါ့...”

ဝေဇီယီက ပြုံးပြီး ပြောလိုက်သည်။

“ဒါပေမဲ့ တခြားကိစ္စ တစ်ခု ရှိသေးတယ်... ငါ `လန်ယွဲ့ နန်းတော်` ကို ခဏ ပြန်ရဦးမယ်... တုန်းချန်မှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စကြီး တစ်ခုအကြောင်း နင်တို့ ကြားပြီးကြပြီလား မသိဘူး...”

“တုန်းချန်တင် မကဘူး... `အရှေ့ပိုင်း ကန္တာရ` (တုန်းဟွမ်) တစ်ခုလုံး တုန်လှုပ်သွားတဲ့ ကိစ္စလေ...”

“ဘာဖြစ်လို့လဲ...”

သူမ၏ စကားက ဆုမိုရော ယန်ရှောင်ယွင်ကိုပါ စိတ်ဝင်စားသွားစေ၏။

“ `ယွီလျို ဓားနှလုံးသား` `လျူဆွေဖုန်း` က... ဓားတစ်လက်တည်းနဲ့ တုန်းချန်ကို ဝင်လာပြီး... ဂိုဏ်းပေါင်းစုံကို စိန်ခေါ်နေတယ်တဲ့... သူ့ရဲ့ `သက်တန့်ရောင်စဉ် နှလုံးသားဓားသိုင်း` ကို သွေးစွမ်းရည် တင်ချင်လို့တဲ့လေ...”

“ဘာ...”

ဆုမိုနဲ့ ယန်ရှောင်ယွင်တို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိကြသည်။

“အဲဒီသတင်းက ဘယ်တုန်းက ထွက်လာတာလဲ...”

“ဒီလအတွင်းမှာပဲ ဖြစ်သွားတာ...”

ဝေဇီယီက ဆက်ပြောသည်။

“အဲဒါကြောင့် အဘိုးနဲ့ `ကျုံးဖူမြို့` ကိစ္စ ဆွေးနွေးပြီးတာနဲ့... ငါ့ကို ဂိုဏ်းက ပြန်ခေါ်နေတာ... လျူဆွေဖုန်းက လန်ယွဲ့ နန်းတော်ကို လာစိန်ခေါ်ရင် ကြည့်ရအောင်လို့...”

“ဒါပေမဲ့... အဲဒါ အကုန်မဟုတ်သေးဘူး... လျူဆွေဖုန်း ရုတ်တရက်ကြီး ဓားဆွဲပြီး တုန်းချန်ကို ဝင်လာတာက... လူတစ်ယောက်ကြောင့်တဲ့...”

“နင်ကတော့လေ... သူများတွေဆီက မဟုတ်တာတွေပဲ အတုခိုးတတ်တယ်...”

ဆုမို၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွား၏။

“ဟွန်း...”

ဝေဇီယီက သူ့ကို မျက်စောင်းထိုးလိုက်ပြီးမှ ဆက်ပြောသည်။

“တစ်ယောက်ယောက်က သူ့ကို စိန်ခေါ်လိုက်လို့...”

“ဘယ်သူလဲ...”

“ `ဝမ်ချန်ရှင်း` ...”

ဝေဇီယီက နာမည်သုံးလုံးကို လေးလေးနက်နက် ပြောလိုက်၏။

“.........”

ဆုမိုရော ယန်ရှောင်ယွင်ပါ ကြောင်အသွားကြသည်။ ဘာလို့ ဒီလူ ဖြစ်နေရတာလဲ။

သူတို့ နားမလည်နိုင် ဖြစ်နေစဉ်မှာပင် နောက်ထပ် မေးခွန်းတစ်ခု ခေါင်းထဲ ဝင်လာ၏။

“ဘာအကြောင်းပြချက်နဲ့လဲ...”

‘ဝမ်ချန်ရှင်း ဆိုတာ `ဝူရှန်းခန်းမ` က နာမည်မကြီးတဲ့ သာမန်တပည့်လေး တစ်ယောက်လေ။ ဝူရှန်းခန်းမရဲ့ မင်းသမီးလေးကို ကြိုက်မိလို့သာ သိုင်းလောက လူတွေက သူ့ကို သိနေကြတာ။

ကောလာဟလတွေအရ သူ့သိုင်းပညာက မဆိုးဘူး ဆိုပေမယ့်...

သူ့အရည်အချင်းနဲ့ လျူဆွေဖုန်းကို စိန်ခေါ်တယ် ဆိုတာက... လျူဆွေဖုန်းကရော သူ့ကို အဖတ်လုပ်ပါ့မလား။

လူတိုင်းသာ လာစိန်ခေါ်လို့ ရမယ်ဆိုရင် ယွီလျို ဓားနှလုံးသား တစ်ယောက် အေးအေးချမ်းချမ်း နေရပါတော့မလား။

ဂုဏ်သတင်းအရ ကြည့်မလား၊ သိုင်းပညာအရ ကြည့်မလား... ဒီလူက အရည်အချင်း မမီပါဘူး’

“သိုင်းလောက ဆိုတာက စိတ်ဝင်စားဖို့ ကောင်းတယ်...”

ဝေဇီယီက လှပစွာ ပြုံးပြီး ရှင်းပြလာသည်။

“ဝူရှန်းခန်းမရဲ့ ခန်းမဆောင်မှူးကြီး `ဝမ်ယွီထန်` တောင်မှ... သူ့ဂိုဏ်းထဲက သတိမထားမိတဲ့ ဂျူနီယာတပည့်လေးမှာ ဒီလို နောက်ခံမျိုး ရှိနေမယ်လို့ ထင်ထားမှာ မဟုတ်ဘူး... တုန်းချန်ရဲ့ နံပါတ်တစ် ဓားသမားက ဘယ်သူလဲ သိလား...”

“တုန်းချန်ရဲ့ နံပါတ်တစ် ဓားသမား...”

ယန်ရှောင်ယွင် မျက်နှာ အနည်းငယ် ပျက်သွားသည်။

“ဇီီယီ... နင်ပြောတာ `ကောင်းကင်စမ်းရေ ဓားနတ်ဘုရား` လား...”

“ဟုတ်တယ်... သူပဲ...”

ဝေဇီယီက ခေါင်းငြိမ့်လိုက်ပြီး ဇဝေဇဝါ ဖြစ်နေသော ဆုမိုကို ကြည့်ကာ ပြုံးလိုက်၏။

“ခေါင်းဆောင်ဆုက သိုင်းပညာမှာ ထိပ်တန်းရောက်နေပြီ ဆိုပေမယ့်... ဗဟုသုတ နည်းနည်း လိုနေသေးတာပဲ...”

“လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက... ကောင်းကင်စမ်းရေ ဓားနတ်ဘုရားက ရုတ်တရက် နာမည်ကြီးလာပြီး `ကောင်းကင်စမ်းရေ ဓား` ကို ကိုင်စွဲပြီးတော့ အရှေ့ပိုင်း ကန္တာရ တစ်ခုလုံးက ဓားသမားတွေကို လိုက်စိန်ခေါ်ခဲ့ဖူးတယ်...”

“သိုင်းလောကထဲ ရောက်ကတည်းက သူ ဘယ်တုန်းကမှ မရှုံးနိမ့်ခဲ့ဖူးဘူး...”

“သူ့ရဲ့ `ကောင်းကင်စမ်းရေ နှလုံးသားသန့်စင် ဓားသိုင်း`နဲ့ သိုင်းလောက တစ်ခုလုံးကို တုန်လှုပ်စေခဲ့တာ...”

“အဲဒီအချိန်ကတည်းက သူ့ကို တုန်းချန်ရဲ့ နံပါတ်တစ် ဓားသမားလို့ သတ်မှတ်ခဲ့ကြတယ်...”

“ဒါပေမဲ့ အသက် (၃၀) ကျော်ပြီးတဲ့နောက်... သူက တိုက်ခိုက်တာတွေ ရပ်လိုက်ပြီး တပည့် (၃) ယောက် လက်ခံပြီး ပညာသင်ပေးခဲ့တယ်...”

“ကံဆိုးတာက... အဲဒီ တပည့် (၃) ယောက်စလုံး ကံမကောင်းခဲ့ကြဘူး...”

“ပထမတပည့်ကြီးက မကောင်းဆိုးဝါးတွေကို နှိမ်နင်းမယ် ဆိုပြီး `ထာဝရ ည တောင်ကြား`ကို သွားပြီး `ညသခင်`ကို သွားလုပ်ကြံတယ်...”

“နောက်ဆုံးတော့ ညသခင် လက်ချက်နဲ့ပဲ သေသွားခဲ့ရတယ်...”

“ဒုတိယတပည့်ကကျတော့... ဓားသိုင်းလေ့ကျင့်ရင်း လမ်းမှားရောက်သွားပြီး `ဓားနှလုံးသား` က မိစ္ဆာစိတ် ဝင်သွားတယ်... စိတ်ထားတွေ ပြောင်းလဲပြီး တုန်းချန်မှာ သောင်းကျန်းတော့တာပဲ...”

“နောက်ဆုံးတော့ ငါတို့ လန်ယွဲ့ နန်းတော် နဲ့.. ဇီယန်ဂိုဏ်း က စီနီယာတွေ ပေါင်းပြီး နှိမ်နင်းလိုက်ရတယ်...”

“အငယ်ဆုံးတပည့်ကတော့ သနားစရာ အကောင်းဆုံးပဲ... သူက ဉာဏ်အကောင်းဆုံး၊ ပါရမီအရှိဆုံးနဲ့ သိုင်းပညာ အတော်ဆုံးပဲ...”

“သူက အစွန်းမရောက်ဘူး၊ ခေါင်းမမာဘူး... ယဉ်ကျေးသိမ်မွေ့တယ်လို့ နာမည်ကြီးတယ်...”

“ဒါပေမဲ့ အချစ်ကြောင့် သူ့ဂုဏ်သတင်းတွေ ပျက်စီးပြီး... နောက်ဆုံးတော့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ရတယ်...”

“ဒီကိစ္စတွေ ဖြစ်ပြီးတဲ့နောက်... ကောင်းကင်စမ်းရေ ဓားနတ်ဘုရားက တပည့်ထပ်လက်မခံတော့ဘူး... သူ့ရဲ့ ကောင်းကင်စမ်းရေ ဓားကိုလည်း စွန့်လွှတ်လိုက်ပြီလို့ သတင်းထွက်ခဲ့တယ်...”

“ဒါပေမဲ့ ဘယ်သူ ထင်မှာလဲ... အဲဒီ တိတ်ဆိတ်နေတဲ့ ဝမ်ချန်ရှင်း က... ဓားနတ်ဘုရား အသက်ကြီးမှ လက်ခံထားတဲ့ `တံခါးပိတ်တပည့်` ဖြစ်နေလိမ့်မယ်လို့...”

“သူက ကောင်းကင်စမ်းရေ နှလုံးသားသန့်စင် ဓားသိုင်းရဲ့ အနှစ်သာရကို တတ်မြောက်ထားတယ်လို့ ပြောကြတယ်...”

“သူက ဝူရှန်းခန်းမမှာတုန်းက ဓားတစ်ခါမှ မသုံးဖူးဘူး... လက်ဗလာနဲ့တင် ခန်းမဆောင်မှူး တစ်ယောက်ကို သတ်ပြီး နှစ်ယောက်ကို ဒဏ်ရာအပြင်းအထန် ရစေခဲ့တာ...”

“တကယ်လို့သာ သူ ဓားကို သုံးခဲ့မယ်ဆိုရင်... အဲဒီ သုံးယောက်စလုံး သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး...”

“သူ ဝူရှန်းခန်းမက ထွက်ပြီး တုန်းချန်ကို ရောက်သွားတော့မှ သူ့ကိုယ်သူ ဘယ်သူလဲ ဆိုတာ ထုတ်ပြောပြီး... `ထျန်းချူမြို့` မှာ လျူဆွေဖုန်းကို စိန်ခေါ်လိုက်တာ...”

“ဒါကြောင့်လည်း လျူဆွေဖုန်းက တုန်းချန်ကို ဓားတစ်လက်တည်းနဲ့ ဝင်လာပြီး... လမ်းတစ်လျှောက်က ဂိုဏ်းတွေကို စိန်ခေါ်ရင်း... သူ့ရဲ့ သက်တန့်ရောင်စဉ် နှလုံးသားဓားသိုင်းကို သွေးနေတာ... ဝမ်ချန်ရှင်း နဲ့ တိုက်ခိုက်ဖို့ အသင့်ပြင်နေတာပေါ့...”

ဒီရှည်လျားသည့် ရှင်းပြချက် ပြီးသွားသည့်အခါ... ဆုမိုရော ယန်ရှောင်ယွင်ပါ ပါးစပ်အဟောင်းသား ဖြစ်ကျန်ရစ်ခဲ့သည်။

ဒီလို အကွေ့အကောက်တွေ ရှိနေမည်ဟု မည်သူ ထင်မည်နည်း။

သို့ရာတွင်၊ သူတို့ နားလည်လိုက်တာ တစ်ခုရှိသည်။

ဝမ်ချန်ရှင်း က ဒီလောက် အရည်အချင်း ရှိပါရက်နှင့် အဘယ်ကြောင့် ဝူရှန်းခန်းမမှာ သာမန်တပည့်လေး အဖြစ် နေခဲ့ရတာလဲ ဆိုသည်ကိုပေါ့။

ဝူရှန်းခန်းမက သာမန်တပည့်လေး တစ်ယောက် အနေနှင့်... ဝူရှန်းခန်းမ၏ သခင်မလေးကို လက်ထပ်ဖို့ ဆိုတာ ယုန်က လမင်းကို မှန်းသလို ခက်ခဲလွန်းသည်လေ။

အခု သူက ပုန်းမနေတော့ဘဲ သူ့အစစ်အမှန်ကို ထုတ်ပြလိုက်ပြီ။ ကောင်းကင်စမ်းရေ ဓားနတ်ဘုရား၏ တပည့်တစ်ယောက် အနေနှင့် ကြီးကျယ်သည့် အောင်မြင်မှု တစ်ခုခု ရယူပြီး... ချစ်သူနှင့် ပြန်ပေါင်းဖက်ဖို့ ကြိုးစားနေတာ နေမည်။

အထူးသဖြင့် ဒီတိုက်ပွဲမှာသာ သူ နိုင်သွားခဲ့လျှင်... ဝူရှန်းခန်းမ အနေနှင့် `သေမိန့်` ကို မသိမသာ ရုပ်သိမ်းလိုက်ရုံ ရှိတော့မည်။ ဝမ်ယွီထန် ခမျာလည်း ဒီသမက်ကို မိသားစုထဲ တရားဝင် ခေါ်သွင်းပြီး... သမီးဖြစ်သူကို စိတ်ချလက်ချ ထည့်ပေးလိုက်ရတော့မည့် ကိန်းပင်။

“ခေတ်ကာလတွေ ပြောင်းလဲတာ မြန်လိုက်တာနော်... နှစ် (၃၀) အတွင်းမှာ မြစ်ရေတောင် အရှေ့ကနေ အနောက် ပြောင်းစီးနိုင်တယ် ဆိုတာ ဒါမျိုးကိုး...”

ဆုမို ခေါင်းကို အသာအယာ ခါလိုက်၏။

“ငါလည်း ဒီရက်ပိုင်း တုန်းချန်ဘက်ကို သွားဖို့ စီစဉ်နေတာ... ဒီပွဲကောင်းကို ကြည့်ရမယ့် အခွင့်အရေး ရှိလောက်တယ်...”

“နင်လည်း တုန်းချန်ကို သွားမလို့လား...”

ဝေဇီယီ အံ့ဩသွားသည်။

“ဟုတ်တယ်... ငါ ဒီရက်ပိုင်း ဇီယန်ဂိုဏ်းကို စာရေးပို့လိုက်သေးတယ်... ဂိုဏ်းချုပ်ကြီးက စာပြန်လိုက်ပြီ... ငါ့ကို လာတွေ့ခွင့်ပြုတယ်တဲ့...”

ဆုမို ပြုံးလိုက်သည်။ သူက ဝေဇီယီထက်တောင် စောပြီး စာပြန်ရထားတာ ဖြစ်၏။

သွမ့်ဆုန် ပေးခဲ့သော စာထဲက လက်ရေးနှင့် ဂိုဏ်းချုပ်ကြီး၏ စာပြန်လက်ရေးကို တိုက်စစ်ကြည့်ပြီးပြီ... လူတစ်ယောက်တည်း ရေးတာ သေချာသည်။

“...ဒါဆို အတူတူ သွားကြမယ်လေ... လမ်းခရီးမှာ အဖော်ရတာပေါ့...”

“အင်း... ကောင်းသားပဲ...”

ဆုမို ခဏစဉ်းစားပြီး ခေါင်းငြိမ့်လိုက်သည်။ ပြီးမှ ယန်ရှောင်ယွင်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။

ယန်ရှောင်ယွင်က ရယ်ပြီး ပြောလိုက်၏။

“ငါတော့ မလိုက်တော့ပါဘူး... ဟိုတစ်နေ့က `ဝမ်ရှင်း ကုန်သွယ်ရေး` က နောက်ထပ် အာမခံ ခရီးစဉ် တစ်ခု ထပ်အပ်လာတယ်... အာမခံဌာနမှာ ရှင်းစရာတွေ ပုံနေတာပဲ...”

“ပြီးတော့ အဖေကလည်း... အခုလို အချိန်မှာ ငါ အိမ်ကနေ ခရီးထွက်သွားတာ သိပ်မသင့်တော်ပါဘူး...”

“နင်တို့ ဒီည အားကြလား...”

ဝေဇီယီက ရုတ်တရက် မေးလိုက်သည်။

“ `ဟွမ်ယွမ်` ပြောတာတော့... သူက အဘိုးဆီ စာရေးပြီး နင်တို့ကို မြို့စားအိမ်တော်မှာ ထမင်းလာစားဖို့ ဖိတ်ထားဖူးတယ်တဲ့... ဒါပေမဲ့ ခေါင်းဆောင်ယန် ကိစ္စ ဖြစ်သွားတော့ ရက်ရွှေ့လိုက်ရတာ...”

“တကယ်လို့ ဒီည နင်တို့ အားတယ်ဆိုရင်... မြို့စားအိမ်တော်ကို လာခဲ့ကြပါလား…”

wun

အခန်း (၃၅၄) - ဝေရူဟန်နှင့် ပထမဆုံး တွေ့ဆုံခြင်း

~`မြို့စားအိမ်တော်` ...

ယခုအချိန်တွင် `ဟွမ်ယွမ်`သည် ဆုမိုကို ဦးဆောင်ကာ `ဝေရူဟန်` ရှိရာသို့ ခေါ်ဆောင်သွားနေသည်။

နေ့လည်ခင်းက `ဝေဇီယီ` ပြောပြီးနောက်... ဆုမို သွားရောက် တွေ့ဆုံသင့်သည်ဟု ယူဆခဲ့သည်။

သူသည် ယန်ရှောင်ယွင်၏ အကြံဉာဏ်ကို တောင်းခံပြီး ဝေဇီယီနှင့်လည်း တိုင်ပင်ခဲ့၏။

နောက်ဆုံးတွင် ဆုမိုနှင့် ယန်ရှောင်ယွင်တို့နှင့်အတူ လိုက်ပါမည့်သူများမှာ သူတို့နှစ်ယောက်တည်း မဟုတ်တော့ပေ။

`လျိုမို` ၊ `ဖုဟန်ယွမ်` ၊ ခေါင်းဆောင် `ကျန်း`၊ `လီ` နှင့် `ရှောင်ချွမ်` တို့ပါ ပါဝင်ခဲ့သည်။

အရေးကြီးဆုံးကတော့... `ကျန်းရှောင်ရှောင်` လည်း ပါလာခြင်းပင်။

ဒီကောင်မလေးရဲ့ စားနိုင်စွမ်းအားက အံ့မခန်း ဖြစ်ရာ... အခုလို တခါတလေ အပြင်ထွက်စားခြင်းဖြင့် အိမ်စားစရိတ်ကို အများကြီး သက်သာစေနိုင်သည်။

ထိုအချိန်တွင် `ရွှမ်ဟူ မျှော်စင်` မှ `သခင်လေး စစ်ထူ` ကလည်း `ဇီယန်အာမခံဌာန` တွင် ဧည့်သည်အဖြစ် ရောက်နေခိုက် ဖြစ်၍... သတင်းကြားသည်နှင့် အပျော်အပါး မက်သူပီပီ လိုက်ပါလိုကြောင်း ပြောလာ၏။

မူလကတော့ ဆုမိုက စားပွဲသောက်ပွဲ သက်သက်အတွက် လူအများကြီး ခေါ်သွားတာ မသင့်တော်ဘူးဟု ထင်ခဲ့သော်လည်း... ဝေဇီယီက လူများလေ ပိုစည်လေ ဟု ပြောသဖြင့်...

ဆုမိုမှာ မလွန်ဆန်သာဘဲ အားလုံးကို ခေါ်လာခဲ့ရသည်။

စားသောက်ပွဲ အတွင်းတွင် ဝေရူဟန်ကို မတွေ့ရဘဲ... ဝေဇီယီကသာ ဦးစီး ဧည့်ခံခဲ့၏။

စားသောက်ပြီးစီး၍ အိမ်ရှေ့ဝင်းထဲတွင် စကားစမြည် ပြောနေကြစဉ်... ဟွမ်ယွမ်က ဆုမိုကို ဝေရူဟန်၏ နေအိမ်ဘက်သို့ ခေါ်ဆောင်သွားလေသည်။

လမ်းတစ်လျှောက်တွင် ဆုမိုနှင့် ဟွမ်ယွမ်တို့ စကားစမြည် ပြောလာရင်း... မကြာမီမှာပင် မြို့စားအိမ်တော်၏ အနက်ရှိုင်းဆုံး နေရာသို့ ရောက်ရှိသွားကြသည်။

ထိုအိမ်တော်ဝင်းသည် လူသူကင်းဆိတ်ပြီး အလွန်တရာ တိတ်ဆိတ်ငြိမ်သက်နေသည်။

ဟွမ်ယွမ်က ဆုမိုကို ခဏစောင့်ဖို့ တောင်းပန်လိုက်၏။

ထို့နောက် တံခါးဝသို့ တိုးကပ်သွားပြီး တံခါးကို အသာအယာ ခေါက်ရန် ပြင်လိုက်စဉ်... တံခါးရွက်များက ဘေးနှစ်ဖက်သို့ အလိုအလျောက် ပွင့်သွားသည်။

အတွင်းထဲမှ အိုမင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။

“`ခေါင်းဆောင်ဆု` ကို အထဲဝင်ဖို့ ဖိတ်လိုက်ပါ...”

ဟွမ်ယွမ် ချက်ချင်း ခေါင်းငြိမ့်လိုက်ပြီး ဆုမိုဘက်သို့ လှည့်ကာ...

“ကြွပါ ခေါင်းဆောင်ဆု...”

“ကျေးဇူးပါပဲ...”

ဆုမို ပြုံးလိုက်ပြီး အထဲသို့ ဝင်လိုက်၏။

သူ ဝင်လိုက်သည်နှင့် သူ့နောက်ကျောဘက်မှ တံခါးကြီး ပြန်ပိတ်သွားသည်။

အခန်းတစ်ခုလုံး မှောင်အတိ ကျသွားသော်လည်း... `ချီ` ဓာတ် လှုပ်ရှားမှုနှင့်အတူ ဖယောင်းတိုင်မီးများ ရုတ်တရက် လင်းထိန်လာသည်။

ထိုအခါမှ အခန်းတွင်း အပြင်အဆင်ကို ရှင်းလင်းစွာ မြင်လိုက်ရသည်။

အခန်းက ကျယ်ဝန်းပြီး တိုင်လုံးများမှ တွဲလောင်းကျနေသော ပိုးသားလိုက်ကာများက စောစောက လေစီးကြောင်းကြောင့် ညင်သာစွာ ယိမ်းနွဲ့နေကြ၏။

အခန်း၏ အဆုံးတွင် `ကန့်လန့်ကာ` တစ်ခု ရှိပြီး... ထိုနောက်တွင် ကုတင်ခြေရင်းကို မသဲမကွဲ မြင်နေရသည်။

ကန့်လန့်ကာ၏ ရှေ့တွင်တော့ ကျယ်ဝန်းသော နေရာလွတ်တစ်ခု ရှိပြီး စားပွဲတစ်လုံးတည်းသာ ရှိသည်။

စားပွဲ၏ ဘေးနှစ်ဖက်တွင် ပျော့ပျောင်းသော ဆိုဖာခုံများ ရှိပြီး... စားပွဲနောက်တွင်တော့ ပိန်လှီခြောက်ကပ်နေသော အဘိုးအို တစ်ယောက် ထိုင်နေ၏။ ပိန်လွန်း၍ အရိုးပေါ်အရေတင် ဖြစ်နေသော်လည်း သပ်သပ်ရပ်ရပ် ရှိလှသည်။

ယခုအချိန်တွင် သူသည် အလင်းရောင်နှင့် အသားမကျသဖြင့် မျက်လုံးများကို မှေးထားသည်။

ဆုမို သူ့ကို ကြည့်နေသည်ကို မြင်သောအခါ သူ အသာအယာ ပြုံးလိုက်၏။

“ခေါင်းဆောင်ဆု ရယ်ချင်နေပြီလား... ဟုတ်ပါတယ်... လူတွေက သေခါနီးလေ... အမှောင်ထဲမှာ နေချင်လေ ဖြစ်လာတတ်တယ်...”

“ညနေပိုင်းတွေဆိုရင် ကျုပ် မီးသိပ်မထွန်းဖြစ်ဘူး... ညရဲ့ တိတ်ဆိတ်မှုက စိတ်ကို အေးချမ်းစေတယ်လေ...”

“အခန်းက ကျယ်ပေမယ့် ဧည့်ခံစရာ ကောင်းကောင်းမွန်မွန် မရှိပါဘူး... ရေနွေးကြမ်း တစ်ခွက်ပဲ တည်ခင်းထားပါတယ်... ခေါင်းဆောင်ဆု မငြိုငြင်ပါနဲ့...”

သူက လက်ကို ဆန့်တန်းပြီး ဖိတ်ခေါ်လိုက်သည်။ အသက်ကြီးနေသော်လည်း သူ၏ ကျက်သရေက ရှိနေဆဲပင်။

“လာပါ... ထိုင်ပါဦး...”

“မဟာမိတ် ခေါင်းဆောင်ကြီးကို ဂါရဝပြုပါတယ်...”

ဆုမိုသည် လူငယ်တစ်ယောက် အနေဖြင့် လေးလေးစားစား ဦးညွှတ်ပြီးမှ ဝင်ထိုင်လိုက်သည်။

ဝေရူဟန်သည် ဆုမိုကို သေချာ စိုက်ကြည့်နေပြီး သက်ပြင်းတိုးတိုး ချလိုက်၏။

“ `ဆုထျန်းယန်`က သူ့အရည်အချင်းကို လူမသိအောင် ဖုံးကွယ်ထားခဲ့တာပဲ... လူမြင်ကွင်းက ပျောက်နေပေမယ့်... သူက တကယ့် ထိပ်တန်းပုဂ္ဂိုလ် တစ်ယောက်ပါ...”

“ဒီနှစ်ပိုင်းတွေမှာ မင်း နာမည်ကြီးလာတာ ကြားပါတယ်... အခုမှပဲ မြင်ရတော့တယ်... မင်းက မင်းအဖေရဲ့ နည်းလမ်းတွေကို တကယ် နားလည်တာပဲ...”

“ဆုမိသားစုရဲ့ မျိုးဆက်တွေက တစ်ဆက်ပြီးတစ်ဆက် လျှော့တွက်လို့ မရဘူး...”

“မျိုးဆက် တစ်ယောက်တည်းပဲ ရှိပေမယ့်... အားကျစရာ ကောင်းလှပါတယ်...”

စကားပြောနေရင်း သူက ဆုမိုအတွက် ရေနွေးငှဲ့ပေးလိုက်သည်။

“မဟာမိတ် ခေါင်းဆောင်ကြီးက မြှောက်လွန်းပါပြီ...”

ဆုမို ခေါင်းကို အသာအယာ ခါလိုက်၏။

“ကျွန်တော်က သိုင်းလောကထဲ အခုမှ ရောက်တဲ့ ဂျူနီယာ တစ်ယောက်ပါ... အတွေ့အကြုံတွေ နုနယ်ပါသေးတယ်... လိုအပ်တာတွေ အများကြီးပါ...”

“ဉာဏ်ပညာနဲ့ သိုင်းပညာ ဆိုတာက နေ့တိုင်း တိုးတက်နေနိုင်တာပဲ... အဲဒါတွေက အဓိက မဟုတ်ပါဘူး...”

ဝေရူဟန်က သူ့ကို တစ်ချက်ကြည့်ပြီး ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

“ကျုပ် သိုင်းလောကထဲ စရောက်တုန်းကဆို... ဂိုဏ်းသေးသေးလေး တစ်ခုက လူမိုက်တစ်ယောက် အဆင့်ပဲ ရှိတာ... တရွတ်တိုက် လျှောက်ရင်း သေမလို ဖြစ်ခဲ့တာ အကြိမ်ကြိမ်ပဲ...”

“ဒီလော့ရှားမြို့မှာ ခေါင်းမမော့ခင်တုန်းကဆို... အလိမ်ခံရ၊ အညာခံရတာလည်း မရေတွက်နိုင်အောင်ပဲ...”

“ `လော့ဖုန်း မဟာမိတ်` ကို ကိုယ်တိုင် တည်ထောင်ခဲ့တယ်... မဟာမိတ်ဖွဲ့လိုက်၊ လှည့်ကွက်သုံးလိုက်နဲ့ အခုလို `လော့ဖုန်း မဟာမိတ်` အဖြစ် မြို့ကြီးလေးမြို့၊ မြစ်သုံးစင်းနဲ့ ပင်လယ်အော် နှစ်ခုကို လွှမ်းမိုးနိုင်ခဲ့တယ်... အနောက်တောင်ဘက် ဒေသမှာ ပြိုင်ဘက်ကင်း မဟုတ်ပေမယ့်... ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ခဲ့တယ်...”

“မဟာမိတ် ခေါင်းဆောင်ကြီးက ထူးချွန်ပြောင်မြောက်ပါတယ်... သာမန်လူတွေနဲ့ ဘယ်နှိုင်းယှဉ်လို့ ရမလဲ...”

ဆုမိုက ပြောရင်း ရေနွေးတစ်ငုံ သောက်လိုက်သည်။ ခေါင်းငြိမ့်ရုံမှလွဲ၍ ဘာမှ ထပ်မပြောတော့ပေ။

ဘာပဲဖြစ်ဖြစ်... သူ ဘာမှ ဝေဖန်သုံးသပ်၍ မရသေးသည်ကိုး။

“ကျုပ် ဒီအကြောင်းတွေကို ပြောပြနေတာက... ကိုယ့်ကိုယ်ကိုယ် သူရဲကောင်းကြီး လုပ်ပြီး ကြွားချင်လို့ မဟုတ်ပါဘူး...”

“ကျုပ် ပြောချင်တာက... ကျုပ် ငယ်ငယ်တုန်းက ဘာမှ နားမလည်တဲ့ လူကြမ်းတစ်ယောက်ပါ... ယုံလွယ်တယ်... သိုင်းလောက ကိစ္စတွေကို ပေါ့ပေါ့တန်တန် သဘောထားခဲ့တယ်...”

“ကံကောင်းထောက်မစွာနဲ့ သေဘေးတွေက လွတ်ခဲ့လို့သာ... အခုချိန်ထိ အသက်ရှင်ပြီး ဒီအဆင့်ထိ ရောက်လာတာ...”

“ဒါပေမဲ့ ကံတရား ဆိုတာက ခန့်မှန်းရခက်တယ်... တကယ်လို့သာ အဲဒီတုန်းက ကျုပ်မှာ မင်းလို ဉာဏ်ပညာမျိုး၊ မင်းလို သတိထားတတ်တဲ့ အကျင့်မျိုး ရှိခဲ့မယ်ဆိုရင်... လော့ဖုန်း မဟာမိတ်က မြို့ကြီးလေးမြို့၊ မြစ်သုံးစင်းနဲ့ ပင်လယ်အော် နှစ်ခုထက် ပိုကျယ်ပြန့်ခဲ့မှာ...”

“ဒီအချက်မှာတော့ မင်းက တော်တယ်... ဒါကြောင့် မင်းရဲ့ အနာဂတ်က အကန့်အသတ် မရှိ တိုးတက်မယ်လို့ ကျုပ် ယုံကြည်တယ်...”

ဝေရူဟန်၏ အသံက အိုမင်းနေသော်လည်း... ဒီစကားတွေကို ပြောလိုက်သည့် အခါမှာတော့ ပြတ်သားခိုင်မာမှု ရှိနေသည်။

ဆုမို ခဏတာ ကြောင်အသွားသည်။ ဝေရူဟန်၏ ပါးစပ်မှ ဒီလိုစကားမျိုး ကြားရလိမ့်မည်ဟု ထင်မထားခဲ့မိပါ။

သူ ခဏ စဉ်းစားလိုက်၏။ ဘယ်လို ပြန်ပြောရမလဲ မသိ။

ထိုအချိန်တွင် ဝေရူဟန်က လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“ကျုပ်မှာ ဆွေးနွေးစရာ ကိစ္စတစ်ခု ရှိတယ်... ခေါင်းဆောင်ဆု ဘယ်လို သဘောရလဲ မသိဘူး...”

“...မဟာမိတ် ခေါင်းဆောင်ကြီး ခိုင်းစေစရာ ရှိရင် ပြောပါ ခင်ဗျာ...”

“ဒီကိစ္စကတော့...”

ဝေရူဟန် ပြုံးလိုက်သော်လည်း ချက်ချင်းပင် သက်ပြင်းချလိုက်၏။

“မင်းလည်း သိမှာပါ... ကျွန်တော့်ဘဝမှာ သား (၃) ယောက် ရှိတယ်... တစ်ယောက်မှ ကောင်းကောင်းမွန်မွန် မဖြစ်ခဲ့ကြဘူး...”

“သားကြီးက ပျောက်ဆုံးသွားတယ်... မြစ်ထဲ မျောပါသွားပြီး ငါးစာ ဖြစ်သွားလောက်ပြီ...”

“ဒုတိယသားက ပါရမီရှင်ပဲ... `ယင်ယန် လူထူးဆန်း` က ရွေးချယ်ပြီး သိုင်းပညာ သင်ပေးခဲ့တယ်... ဝမ်းနည်းစရာ ကောင်းတာက `မြောက်ပိုင်းနယ်မြေ` က `မိုင်တစ်သောင်း ရေခဲပြင်`ထဲ ဝင်သွားပြီး ပြန်မလာတော့ဘူး…”

All Chapters