← Chapters

အခန်း (၃၅၅-၃၅၇)

Vol. 24 Ch. 355-357

အခန်း (၃၅၅-၃၅၇)

Vol. 24 Ch. 355-357

အခန်း (၃၅၅) - ဝေရူဟန်နှင့် ပထမဆုံး တွေ့ဆုံခြင်း (၂)

~“အငယ်ဆုံးသားက မွေးရာပါ ဉာဏ်ရည်မမီဘူး... ကြက်ဥစားရင်း လည်ပင်းနင်ပြီး သေသွားခဲ့တယ်...”

“ကျုပ်တစ်သက်တာမှာ သူရဲကောင်းကြီး မဟုတ်ခဲ့ရင်တောင်... အခုလိုမျိုး သားသမီး မရှိတဲ့ ဘဝနဲ့ ဇာတ်သိမ်းရမယ်လို့ မထင်ထားခဲ့ဘူး...”

ဆုမို နားထောင်ရင်း တဖြည်းဖြည်း ထူးဆန်းလာသည်ဟု ခံစားရသည်။ မျက်နှာထား မပြောင်းလဲသော်လည်း စိတ်ထဲတွင် သံသယများ ဝင်လာသည်။

“ကံကောင်းစွာနဲ့ပဲ... ကောင်းကင်ဘုံက ကျုပ်ကို သနားလို့ သွေးသားရင်းချာလေး တစ်ယောက် ချန်ထားပေးခဲ့တယ်...”

“အကြီးဆုံးသားရဲ့ မိုက်မဲမှုက... တကယ်တမ်းကျတော့ ကျုပ်အတွက် အသက်ကယ်ဆေး ဖြစ်လာခဲ့တာပဲ...”

“အဲဒီကလေး ငယ်ငယ်ကတည်းက သူ့အမေရော၊ ကျုပ်ရော မျှော်လင့်ချက်တွေ အများကြီး ထားခဲ့တာ...”

“အခု မင်းလည်း သိတဲ့အတိုင်းပဲ... လော့ဖုန်း မဟာမိတ်ရဲ့ အခြေအနေက တည်ငြိမ်နေပါပြီ...”

“ဒါပေမဲ့ ကျုပ်ခန္ဓာကိုယ်က ယိုယွင်းနေပြီ... ဘယ်အချိန် သေမလဲ မသိဘူး... ကျုပ်သာ သေသွားရင် မုဆိုးမနဲ့ မိဘမဲ့လေး ကျန်ရစ်ခဲ့မှာ...”

“ကျုပ်အသက်ရှိနေတုန်းမှာတော့ သူ့ရဲ့ မဟာမိတ် ခေါင်းဆောင် နေရာကို တည်ငြိမ်အောင် ထိန်းပေးထားနိုင်ပါတယ်...”

“ဒါပေမဲ့...ကျုပ်သာ မရှိတော့ရင်...”

“ကျန်ရစ်သူ မုဆိုးမနဲ့ မိဘမဲ့ ကောင်မလေးက... သူများတွေရဲ့ အမြတ်ထုတ်တာကို ခံရမှာ သေချာတယ်...”

ဒီစကားတွေက အကျိုးကြောင်း ဆီလျော်မှု ရှိသည်။ ဆုမို စိတ်ထဲကနေ ခေါင်းငြိမ့်လိုက်မိသည်။

ဒီအထိ နားထောင်ပြီးတော့မှ ဝေရူဟန်၏ ရည်ရွယ်ချက်ကို ဆုမို ရှင်းရှင်းလင်းလင်း သဘောပေါက်လိုက်၏။

သူ ဆုံးပါးသွားပြီးနောက် ကျန်ရစ်မည့် သားအမိနှစ်ယောက်အတွက် အားကိုးရာ ရှာပေးနေခြင်း ဖြစ်သည်။

သူ၊ ဆုမို ကိုယ်တိုင်ကလည်း `ရွှမ်ကျီ တောင်ကြား မှာ `ယူချွမ်ဂိုဏ်း` က ခေါင်းဆောင် သုံးယောက်ကို ဓားတစ်ချက်တည်းနဲ့ သတ်ဖြတ်ခဲ့သူ...

ပြီးတော့ `သုံးပါး အစွန်းရောက် ဂိုဏ်း` ရဲ့ `ကောင်းကင်တံခါး သခင်` နဲ့ တိုက်ခိုက်ခဲ့တာကို `ဝူတောက်ယို` ကိုယ်တိုင် မြင်တွေ့ခဲ့သူ...

နောက်ခံသမိုင်းကြောင်းကလည်း ရှင်းလင်းပြတ်သားသူ ဖြစ်နေတော့... သူ့မြေးမလေးနဲ့ ချွေးမဖြစ်သူအတွက် အားကိုးရာ အဖြစ် ရွေးချယ်စရာ အကောင်းဆုံး ဖြစ်မနေဘူးလား။

စဉ်းစားရင်းနှင့် ဆုမို လက်ဖက်ရည်ခွက်ကို မသိမသာ မော့သောက်လိုက်၏။

ထိုအချိန်မှာပင် ဝေရူဟန်၏ အသံတိုးတိုး ထွက်ပေါ်လာသည်။

“ဒါကြောင့်... ငါ့မြေးမလေး `ဇီယီ`ကို မင်းနဲ့ စေ့စပ်ပေးဖို့ စီစဉ်ထားတယ်... ခေါင်းဆောင်ဆု ဘယ်လို သဘောရလဲ...”

“ဖူး...”

ဆုမိုရဲ့ သိုင်းပညာက အားကောင်းပြီး တုံ့ပြန်မှု မြန်ဆန်လို့သာ... မဟုတ်ရင် ပါးစပ်ထဲက လက်ဖက်ရည်တွေ ဝေရူဟန် မျက်နှာပေါ် ပန်းထွက်ကုန်မှာ သေချာသည်။

စကားစတုန်းက အားကိုးရာ ရှာမယ်ဆို... ဘယ်လိုလုပ် ရုတ်တရက်ကြီး မြေးမက် ရှာတဲ့အဆင့် ရောက်သွားတာလဲ။

ဆုမို လက်ဖက်ရည်ခွက်ကို အမြန် ပြန်ချလိုက်ပြီး ချောင်းဟန့်လိုက်၏။

တကယ်လည်း သီးသွားသည်ကိုး။

မော့ကြည့်လိုက်တော့ ဝေရူဟန်က သူ့အဖြေကို တိတ်ဆိတ်စွာ စောင့်မျှော်နေသည်ကို တွေ့ရသည်။

ခဏတာ စကားဆွံ့သွားပြီးမှ ဆုမို လေးလေးနက်နက် ပြန်ဖြေလိုက်၏။

“မဟာမိတ် ခေါင်းဆောင်ကြီးရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ ကျွန်တော့်မှာ စေ့စပ်ထားသူ ရှိပြီးသားပါ...”

“မင်းမှာ စေ့စပ်ထားသူ ရှိတာ ငါသိတာပေါ့...”

ဝေရူဟန်က လက်ကာပြလိုက်သည်။

“ဒါပေမဲ့ ယောက်ျားတစ်ယောက်မှာ မယားပြိုင်ထားတာ ဆန်းတာမှ မဟုတ်တာ...”

“ပြီးတော့ ဇီီယီ ကို တရားဝင် မယားကြီး နေရာ ပေးရမယ်လို့ ငါ အတင်းမတောင်းဆိုပါဘူး... အဲဒီနေရာကို ယန်မိသားစု ကောင်မလေးပဲ ယူထားပါစေ...”

“ဇီယီ က မင်းနဲ့ လက်ထပ်လိုက်ရင်... မင်းရဲ့ အကာအကွယ်အောက်မှာ သူ့ကို ဘယ်သူမှ အနိုင်ကျင့်ရဲတော့မှာ မဟုတ်ဘူး... ဒါဆိုရင် ငါ စိတ်ချလက်ချ သေလို့ရပြီ...”

“...မဟာမိတ် ခေါင်းဆောင်ကြီး... ဒီလိုလုပ်စရာ မလိုပါဘူးဗျာ...”

ဆုမို ဆက်ပြောလိုက်၏။

“ကျွန်တော်နဲ့ မိန်းကလေးဝေ က မိတ်ဆွေ သူငယ်ချင်းတွေပါ... တကယ်လို့ သူ အခက်အခဲ ကြုံနေရရင် ကျွန်တော် လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး...”

“မိတ်ဆွေ သံယောဇဉ် ဆိုတာက လင်မယား သံယောဇဉ်လောက် ဘယ်ခိုင်မြဲပါ့မလဲ...”

ဝေရူဟန် ခေါင်းခါလိုက်သည်။

“ပြီးတော့ ဇီယီ က အရွယ်ရောက်ရင် အိမ်ထောင်ပြုရမှာပဲ... တကယ်လို့ မင်း မဟုတ်ဘဲ တခြား မကောင်းတဲ့ကောင် တစ်ယောက်ယောက်နဲ့ တွေ့သွားရင် ဘယ်လိုလုပ်မလဲ... ဒါဆိုရင် ငါ့ရဲ့ လော့ဖုန်း မဟာမိတ် တစ်ခုလုံး လူယုတ်မာ လက်ထဲ ရောက်သွားမှာပေါ့...”

“ငါ့တစ်သက်လုံး တည်ဆောက်ခဲ့သမျှ တစ်ညတည်းနဲ့ ပျက်စီးသွားလိမ့်မယ်...”

“ဒါပေမဲ့ ကျွန်တော်က မိန်းကလေးဝေ အပေါ်မှာ အချစ်စိတ် မရှိပါဘူး... ပြီးတော့...”

ဆုမို စကားကို ဒီနေရာမှာ ရပ်လိုက်၏။

မူလကတော့... `ကျွန်တော်တို့က ချစ်သူတွေပါ... အစ်မယွင် ကို ဘယ်လို မျက်နှာပြရမလဲ` ဆိုပြီး ပြောချင်တာ ဖြစ်သည်။

သို့သေည်၊... ပြီးခဲ့သည့် အခေါက်တုန်းက `ကျောင်လုံ ရေတပ်စခန်း` မှာ ယန်ရှောင်ယွင်၏ သဘောထားကို ရုတ်တရက် ပြန်သတိရသွားသည်။

‘ဒီကောင်မလေးက... ဦးနှောက် နည်းနည်း လိုနေတာလား မသိဘူး...။

ငါ့ကို မယားငယ် ယူပေးဖို့ပဲ စဉ်းစားနေတော့တာ...။

တကယ်လို့ ဝေရူဟန်ကသာ ယန်ရှောင်ယွင် ကို သွားပြောလိုက်ရင်... သူတို့နှစ်ယောက် သဘောတွေ တူပြီး ငါ့ကို အကျပ်ကိုင်လာနိုင်တယ်’

ဒီလို တွေးမိတာနဲ့ ဆုမို အလျင်အမြန် ဆက်ပြောလိုက်၏။

“ပြီးတော့... မဟာမိတ် ခေါင်းဆောင်ကြီး... ဒီဆုံးဖြတ်ချက်ကို မိန်းကလေးဝေ သိပြီးပြီလား...”

“ကျွန်တော် မြင်သလောက်တော့ မိန်းကလေးဝေ ကလည်း ကျွန်တော့်အပေါ် အချစ်စိတ် မရှိပါဘူး...”

“တကယ်လို့ မဟာမိတ် ခေါင်းဆောင်ကြီးကသာ ဇွတ်အတင်း စီစဉ်မယ် ဆိုရင်... ကျွန်တော်တို့ကြားက ဆက်ဆံရေးတွေ အဖုအထစ် ဖြစ်ကုန်ပါလိမ့်မယ်...”

“ဒါကြောင့်... ခွင့်လွှတ်ပါ ခင်ဗျာ... ကျွန်တော် သဘောမတူနိုင်ပါဘူး...”

ဒါကို ကြားတော့ ဝေရူဟန် ဘာမှ ပြန်မပြော။ ဆုမိုကို ခဏတာ တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။

အတန်ကြာမှ သက်ပြင်းချလိုက်သည်။

“ဒါဆိုရင်... ဇီီယီ က နောက်ကျရင် ဘယ်လိုလူမျိုးနဲ့ လက်ထပ်ရမယ်လို့ မင်း ထင်လဲ...”

“...ဒါကတော့... ကျွန်တော်က ဗေဒင်ဆရာ မဟုတ်တော့ အနာဂတ်ကို မဟောတတ်ပါဘူး...”

“မမြင်တာလား... မမြင်ချင်ယောင် ဆောင်တာလား...”

ဝေရူဟန်က ဆုမိုကို လေးလေးနက်နက် ကြည့်လိုက်သည်။

“ငါ သေသွားရင်... လော့ဖုန်း မဟာမိတ်က သူတို့ သားအမိ လက်ထဲ ကျန်ရစ်ခဲ့မှာ...”

“`ဟွာချန်ယွီ` က သိုင်းပညာ ကောင်းတယ် ဆိုပေမယ့်... မဟာမိတ်အဖွဲ့ကြီး တစ်ခုလုံးကို ထိန်းချုပ်ဖို့ ဆိုတာ မလွယ်ကူဘူး...”

“သားသည်အမေ ဆိုတာ အမြဲတမ်း အမြတ်ထုတ်ခံရစမြဲပဲ...”

“ဒါကြောင့် ဇီီယီ က သာမန်လူနဲ့ လက်ထပ်လို့ မဖြစ်ဘူး...”

“ဖြစ်နိုင်ချေ နှစ်လမ်းပဲ ရှိတယ်... တစ်ချက်က မဟာမိတ် ခေါင်းဆောင် တစ်ယောက်ယောက်ရဲ့ သားနဲ့ လက်ထပ်ပြီး မဟာမိတ်အဖွဲ့ကို တည်ငြိမ်အောင် လုပ်မလား...”

“ဒါမှမဟုတ် သိုင်းလောကမှာ ဂုဏ်သတင်းကြီးတဲ့ သိုင်းပညာရှင် တစ်ယောက်ယောက်နဲ့ လက်ထပ်ပြီး... မဟာမိတ်အဖွဲ့ထဲက လူတွေကို ကြောက်ရွံ့အောင် လုပ်မလား...”

“ဘယ်လမ်းကို ရွေးရွေး... သူ လွတ်လပ်ခွင့် ရှိတော့မှာ မဟုတ်ဘူး... သူများရဲ့ သဘောဆန္ဒအတိုင်း နေထိုင်သွားရတော့မှာ...”

“...ဒါဆိုရင် သူ့ကို ကျွန်တော့်ဆီ ပုံအပ်လိုက်တာကရော... သူ့သဘောဆန္ဒအတိုင်း ရှင်သန်ခိုင်းတာ ဟုတ်ရဲ့လား...”

ဆုမို မျက်ခုံးပင့်လိုက်သည်။

“အနည်းဆုံးတော့... မင်းက သူ့ကို သစ္စာဖောက်မှာ မဟုတ်ဘူး... ဒုက္ခပေးမှာ မဟုတ်ဘူးလေ...”

ဝေရူဟန် ပြုံးလိုက်၏။

“တကယ်ပြောရရင်... ခုနက မင်းသာ ချက်ချင်း သဘောတူလိုက်ရင် ငါ စိတ်ပူမိမှာ...”

“ခေါင်းဆောင်ဆု က လူလည်တစ်ယောက်ပဲ... ဇီီယီ ကို ယူလိုက်ရင် ဘာတွေ ရလာမလဲ ဆိုတာ မင်း ကောင်းကောင်း သိမှာပါ...”

“ဧရာမ လော့ဖုန်း မဟာမိတ်ကြီး တစ်ခုလုံး မင်းလက်ထဲ ရောက်လာသလောက် ဖြစ်သွားမှာ...”

“ဒါကို သိရက်နဲ့တောင် မင်း ငြင်းလိုက်တယ် ဆိုတော့... ယန်မိသားစု ကောင်မလေးအပေါ် မင်း ဘယ်လောက် သံယောဇဉ်ကြီးတယ်၊ သစ္စာရှိတယ် ဆိုတာ ပေါ်လွင်နေတာပဲ…”

အခန်း (၃၅၆) - ဝေရူဟန်နှင့် ပထမဆုံး တွေ့ဆုံခြင်း (၃)

~“ဒီလောက် သံယောဇဉ်ကြီးတဲ့ လူမျိုး... တကယ် ရှားပါတယ်ကွာ...”

အဘိုးအိုက ဒီကိစ္စကို ပိုပြီး အကောင်အထည် ဖော်ချင်လာသည်။

“...”

ဆုမို၏ နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်ကွေးသွား၏။ သူ မသိလိုက်ဘဲ ဝေရူဟန်ရဲ့ ထောင်ချောက်ထဲ ဝင်မိသွားမှန်း သတိထားမိလိုက်သည်။

သို့ရာတွင်၊ သူက အသာအယာ ပြုံးပြီး ပြန်ပြောလိုက်၏။

“မဟာမိတ် ခေါင်းဆောင်ကြီးက ကျွန်တော့်ကို သံယောဇဉ်ကြီးတဲ့ လူလို့ အသိအမှတ်ပြုတယ်ဆိုရင်... ဒီကိစ္စ ဖြစ်နိုင်ချေ မရှိဘူး ဆိုတာ သိသင့်ပါတယ်... အစောကြီးကတည်းက လက်လျှော့လိုက်တာ ပိုကောင်းပါလိမ့်မယ်...”

“ကိစ္စမရှိပါဘူး... ကိစ္စမရှိပါဘူး...”

ဝေရူဟန်က ဆက်ပြောသည်။

“အချိန်တွေ အများကြီး ကျန်ပါသေးတယ်... လူငယ်ချင်း အပြန်အလှန် ပေါင်းသင်းဆက်ဆံရင်းနဲ့ နောက်ဆုံး ဘာဖြစ်လာမလဲ ဘယ်သူ သိမှာလဲ...”

“ထားလိုက်ပါတော့... ဒီအကြောင်း ဆက်မပြောတော့ဘူး... ဇီီယီ ပြောတာတော့ မင်း မကြာခင် ဇီယန်ဂိုဏ်းကို သွားမလို့ဆို...”

“...ဟုတ်ပါတယ်... သွားဖို့ အစီအစဉ် ရှိပါတယ်...”

“ဇီီယီ နဲ့ အတူတူ သွားကြမှာဆိုတော့... ယန်မိသားစု ကောင်မလေးက မလိုက်တော့ဘူးလား...”

“ကျွန်တော် ပြန်လာမှ အစ်မယွင် ကို ခေါ်သွားတော့မှာပါ...”

“ဟား... ဟား... ဟား...”

ဝေရူဟန်က သဘောကျစွာ ရယ်လိုက်၏။

“ခေါင်းဆောင်ဆု... မင်း စိတ်မချ ဖြစ်နေတာလား... အဲဒါကြောင့် မင်းရဲ့ စေ့စပ်ထားသူကို ထည့်ပေးလိုက်စေချင်တာလား... မင်း စိတ်မဖောက်ပြန်အောင်လို့လေ...”

“...”

ဒီမြေခွေးအိုကြီးက စကားပြော တော်တော်ကောင်းတာပဲ။

ဆုမို မျက်ခုံးပင့်လိုက်သည်။

ဝေရူဟန်က ပြုံးရင်း ဆက်ပြောလာသည်။

“ငါ့ဆီမှာ နောက်ထပ် အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိသေးတယ်... ခေါင်းဆောင်ဆု တာဝန်ယူပေးနိုင်မလား မသိဘူး...”

“...မဟာမိတ် ခေါင်းဆောင်ကြီးရဲ့ မြှောက်ပင့်ပြောဆိုမှုက သိပ်မသိသာလှပါဘူး...”

စကားဝိုင်းက ဒီအဆင့် ရောက်လာတော့ နှစ်ယောက်စလုံး ဟန်ဆောင်မနေကြတော့ဘဲ ပွင့်ပွင့်လင်းလင်း ပြောဆိုလာကြသည်။

ဝေရူဟန်က ဆက်မနောက်တော့ဘဲ လေးလေးနက်နက် ပြောလာ၏။

“ဇီယန်အာမခံဌာနက အခုဆိုရင် အရှိန်အဟုန်နဲ့ တိုးတက်နေပြီ... ယန်ရီဇီ ချန်ထားခဲ့တဲ့ လူတွေနဲ့ ပေါင်းစည်းလိုက်တော့ ပိုပြီး တောင့်တင်းခိုင်မာလာတယ်...”

“ခေါင်းဆောင်ဆု က `လမ်းငါးသွယ်ဆုံရပ်` ကို သွားပြီး ဂုဏ်သတင်း တည်ဆောက်ခဲ့ပြီးပြီ ဆိုတော့... ဒီမြောက်ဘက် လမ်းကြောင်း တစ်ခုတည်းကိုပဲ အာရုံစိုက်နေမှာ မဟုတ်လောက်ဘူး...”

“ဒါပေမဲ့... အရှေ့ဘက်ခြမ်းမှာ ခေါင်းဆောင်ဆုရဲ့ ဂုဏ်သတင်းက ဘယ်လောက် တွင်ကျယ်သလဲ ဆိုတာ မသေချာသေးဘူး...”

“ဘာပဲဖြစ်ဖြစ်... မင်းက ဆုမိုလေ... ယန်ရီဇီ မှ မဟုတ်တာ...”

“အခု အာမခံဌာနရဲ့ အတွင်းပိုင်း တည်ငြိမ်သွားပြီ ဆိုတော့... အပြင်က လူတွေရဲ့ စိတ်ကို ငြိမ်သက်အောင် လုပ်ဖို့ လိုသေးတယ်...”

“သူတို့ကို ယုံကြည်မှု ပေးနိုင်မယ့် အာမခံ ခရီးစဉ် တစ်ခု လိုအပ်နေတယ်...”

“တကယ်လို့ မင်းသာ ဒီကိစ္စကို အောင်မြင်အောင် လုပ်နိုင်ရင်... ဇီယန်အာမခံဌာနရဲ့ စီးပွားရေးက ပိုပြီး ဖွံ့ဖြိုးလာမှာ သေချာတယ်...”

“မြောက်ဘက်ရော အရှေ့ဘက်ပါ လွှမ်းမိုးထားနိုင်ရင်... ဒါက အာမခံဌာန တော်တော်များများ မလုပ်နိုင်တဲ့ အရာပဲ...”

ဆုမိုက ဝေရူဟန်ကို ကြည့်လိုက်သည်။

“မဟာမိတ် ခေါင်းဆောင်ကြီးက ကျွန်တော့်ကို စီးပွားရေး ကမ်းလှမ်းချင်တာလား...”

“ဇီီယီ က `လန်ယွဲ့ နန်းတော်` မှာ ကြီးပြင်းလာတာ... အဲဒီက စီနီယာတွေက သူ့ကို ကောင်းကောင်း စောင့်ရှောက်ပေးခဲ့ကြတယ်...”

“နှစ်တိုင်း ငါ လန်ယွဲ့ နန်းတော်ကို လက်ဆောင်တွေ ပို့ပေးလေ့ရှိတယ်... ဒါပေမဲ့ ဒီနှစ်တော့ မပို့ရသေးဘူး...”

“ခေါင်းဆောင်ဆု က အရှေ့ဘက်ကို သွားမှာဆိုတော့... ဒီအဘိုးကြီးအတွက် ဒီတာဝန်ကို ယူပေးနိုင်မလား...”

“ရတာပေါ့... ပြဿနာ မရှိပါဘူး...”

ဆုမို ခေါင်းငြိမ့်လိုက်သည်။

“ဘာပစ္စည်းတွေလဲ ဆိုတာ သိခွင့်ရှိမလား...”

“ရွှေထည်၊ ကျောက်စိမ်းထည်တွေကနေ ပါးနီဘူးတွေ အထိ အကုန်ပါပဲ... သိပ်မများပါဘူး... လှည်းတစ်စီးစာလောက်ပါပဲ...”

“လှည်းက ဘယ်မှာလဲ...”

“မြို့စားအိမ်တော်ရဲ့ နောက်ဖေးဝင်းထဲမှာ...”

“အာမခံကြေးက ဘယ်လောက်လဲ...”

“...မြေးမလေး တစ်ယောက်...”

“...”

ဆုမို တိတ်ဆိတ်စွာဖြင့် ဝေရူဟန်ကို စိုက်ကြည့်နေ၏။

ဝေရူဟန် သက်ပြင်းချလိုက်သည်။

“ငွေသား ငါးထောင်...”

“ကောင်းပြီ... မနက်ဖြန် မနက်ကျရင် လူခေါ်ပြီး လာစစ်ဆေးပါ့မယ်...”

ပြောရင်းနှင့် ဆုမို မတ်တတ်ထရပ်လိုက်သည်။

“ကျွန်တော် ပြန်ခွင့်ပြုပါဦး...”

“သွားတော့... သွားတော့... အသက်ကြီးလာတော့ ဒီအချိန်ဆို တော်တော် ပင်ပန်းနေပြီ...”

ဝေရူဟန် သက်ပြင်း ညင်သာစွာ ချလိုက်ပြီး ခပ်ဖျော့ဖျော့ ပြုံးပြ၏။

“တကယ်လို့ ခေါင်းဆောင်ဆု အချိန်ရရင်... မကြာခဏ လာလည်ပါလား...”

“တကယ်လို့ ကျွန်တော် အချိန်ရရင်... မဟာမိတ် ခေါင်းဆောင်ကြီးကို လာတွေ့ပါ့မယ်...”

“မင်းရဲ့ အဖြေကို နားထောင်ကြည့်တာနဲ့ မင်း မအားဘူး ဆိုတာ ငါ သိပါတယ်ကွာ...”

“...ခွင့်ပြုပါဦး...”

ဆုမို ဘာမှ ထပ်မပြောတော့ဘဲ နောက်လှည့် ထွက်ခွာသွားသည်။

အပြင်ဘက်တွင် စောင့်နေသော ဟွမ်ယွမ်က ဆုမို ထွက်လာသည်ကို မြင်သည်နှင့် ချက်ချင်း ဦးညွှတ်လိုက်၏။

“ခေါင်းဆောင်ဆု... ကျွန်တော် လိုက်ပို့ပေးပါ့မယ်...”

“ကျေးဇူးပါပဲ...”

ဆုမို ခေါင်းငြိမ့်လိုက်သည်။ အလိုအလျောက် ပိတ်သွားသော တံခါးကို ပြန်လှည့်ကြည့်ပြီး ခေါင်းကို အသာအယာ ခါယမ်းကာ ဟွမ်ယွမ် နောက်သို့ လိုက်ပါသွားသည်။

ခဏအကြာတွင် ဟွမ်ယွမ် ပြန်ရောက်လာပြီး သတင်းပို့လာ၏။

တံခါးကို အသာအယာ ခေါက်လိုက်သည်။ ဝေရူဟန်သည် ဆိုဖာပေါ်တွင် မှီလျက် မျက်လုံးများကို တစ်ဝက်ဖွင့် တစ်ဝက်မှိတ် ထားသည်။

ဟွမ်ယွမ် အသက်ကို ဖွဖွရှူသွင်းပြီး ခြေဖျားထောက်လျက် စားပွဲနားသို့ သွားကာ သပ်ရပ်အောင် ရှင်းလင်းလိုက်၏။

“ပြန်သွားပြီလား...”

ဝေရူဟန်၏ အသံက ဟွမ်ယွမ်၏ နားထဲသို့ ရောက်လာသည်။

ဟွမ်ယွမ် ခေါင်းငြိမ့်လိုက်သည်။ “ပြန်သွားပါပြီ...”

“တကယ့်ကို ထူးချွန်တဲ့ လူငယ်လေးပဲ... သာမန် မဟုတ်ဘူး...”

ဝေရူဟန် တိုးတိုးလေး ရေရွတ်လိုက်၏။

“အဲဒီတုန်းက ငါ့မှာသာ သူ့အရည်အချင်းရဲ့ သုံးပုံတစ်ပုံလောက် ရှိခဲ့ရင်... လော့ဖုန်း မဟာမိတ်မှာ ခေါင်းဆောင်တွေ ဒီလောက် အများကြီး ရှိလာမှာ မဟုတ်ဘူး...”

“သခင်ကြီး... သခင်မလေးရဲ့ ကိစ္စက နည်းနည်း...”

ဟွမ်ယွမ် စကားကို ခဏရပ်လိုက်သည်။ “နည်းနည်း လောလွန်းရာ မကျဘူးလား...”

“နည်းနည်း လောသွားတာတော့ ဟုတ်တယ်...”

ဝေရူဟန် နှုတ်ခမ်းသပ်လိုက်ပြီး လက်ကမ်းပေးလိုက်သည်။

ဟွမ်ယွမ်၏ အကူအညီဖြင့် မတ်တတ်ရပ်ကာ ကန့်လန့်ကာ နောက်သို့ ဝင်သွား၏။

ကုတင်ရှေ့တွင် ရပ်လျက် ဟွမ်ယွမ်က အဝတ်အစား လဲပေးနေစဉ် ပြောလိုက်သည်။

“ခေါင်းဆောင်ဆုက တကယ်ပဲ ထူးချွန်ပါတယ်... ဒါပေမဲ့ လော့ဖုန်း မဟာမိတ်ကလည်း လျှော့တွက်လို့ မရပါဘူး... အနာဂတ်ကို မပြောနဲ့ဦး... လက်ရှိ အခြေအနေ အရဆိုရင်တောင်... သူက သခင်မလေးနဲ့ မလိုက်ဖက်သေးပါဘူး...”

“ဟင်...”

ဝေရူဟန်က ဟွမ်ယွမ်ကို တစ်ချက် ကြည့်လိုက်ပြီး ရုတ်တရက် ပြုံးလိုက်သည်။

“မင်းပြောတဲ့ လောတယ် ဆိုတာက... ဒီသဘောမျိုးလား...”

“...သခင်ကြီးရဲ့ ဆိုလိုရင်းက...”

ဟွမ်ယွမ် လန့်သွားသည်။

“မိုးမျှော်ပြီး ပန်းခူးရသလို ဖြစ်နေမှာမို့လို့လား...”

ဝေရူဟန် သက်ပြင်းချလိုက်သည်။

“ယန်မိသားစု ကောင်မလေးက တော်တော် ကံကောင်းတာပဲ... ဒီလို ကံကောင်းခြင်းမျိုး ငါ့ရဲ့ ဝေမိသားစု မှာလည်း ရှိစေချင်လိုက်တာ...”

“အင်း... ဇီီယီ နဲ့ ယန်မိသားစု ကောင်မလေးတို့ ဆက်ဆံရေးက ဘယ်လိုလဲ...”

“ညီအစ်မတွေလိုပါပဲ...”

“ကောင်းတာပေါ့...”

ဝေရူဟန် ခေါင်းငြိမ့်လိုက်ပြီးမှ ခေါင်းပြန်ခါလိုက်၏။

“ဒါပေမဲ့ ဒီ ဆု မျိုးရိုးတွေက... သဘာဝကိုက ခေါင်းမာပြီး သံယောဇဉ် ကြီးတတ်ကြတယ်...”

ဒီစကားကို ပြောရင်း တစ်စုံတစ်ခုကို သတိရသွားပုံဖြင့် နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားသည်။

ဟွမ်ယွမ်၏ အကူအညီဖြင့် ဝေရူဟန် ကုတင်ပေါ် လှဲလိုက်၏။ စောင်ခြုံလိုက်ပြီး သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ရာ... အားအင်ကုန်ခမ်းနေသည့် ပုံစံ ပေါက်နေသည်။

သူ လက်ကာပြလိုက်ရာ ဟွမ်ယွမ် နောက်ဆုတ်သွား၏။

“ကျွန်တော့်က်ို သွားခွင့်ပြုပါဦး...”

ဟွမ်ယွမ် ဆက်မနှောင့်ယှက်ရဲတော့ဘဲ ဂရုတစိုက် ထွက်ခွာသွားတော့သည်။ သို့သော် တံခါးဝရောက်တော့ ဝေရူဟန်၏ စကားများကို ပြန်စဉ်းစားမိပြီး ဇဝေဇဝါ ဖြစ်နေမိသည်။

ဒီခေါင်းဆောင်ဆု က တကယ်ပဲ တော်လွန်းပါတယ်။

ဒါပေမဲ့ ဝေရူဟန်က ဘာလို့ သူတို့ရဲ့ အဖိုးတန် မြေးမလေးက သူနဲ့ လက်ထပ်ရတာ မိုးမျှော်ပြီး ပန်းခူးရသလို ဖြစ်နေမယ်လို့ ထင်နေရတာလဲ။

...

...

ဟွမ်ယွမ် တစ်ယောက်တည်း တုန်လှုပ်နေစဉ်မှာ... ယန်ရှောင်ယွင်ကတော့ ဆုမိုကို မေးခွန်းထုတ်နေ၏။

ဝေရူဟန်နှင့် ဘာတွေ ပြောခဲ့ကြလဲ ဆိုသည်ကိုပေါ့...။

ပုံမှန်ဆိုလျှင်တော့ ဆုမိုက ယန်ရှောင်ယွင်ကို အကုန်ဖွင့်ပြောပြမည်ပင်။

သို့ရာတွင်၊ ဒီနေ့ ကိစ္စကိုတော့ ဘယ်လို ရှင်းပြရမှန်း မသိတော့ပေ။

သာမန်ယောင်္ကျားတွေ ဆိုလျှင်တော့ ဒီလိုကိစ္စမျိုး ပြောပြလိုက်လျှင်... အိမ်က မိန်းမ မီးပွင့်အောင် သဝန်တိုမှာ သေချာ၍ မပြောရဲကြပေ။

ဆုမို ပြောဖို့ ကြောက်နေတာကတော့... ယန်ရှောင်ယွင်က ဝေရူဟန်နှင့် ပေါင်းပြီး သူ့ကို ညှပ်ပူးညှပ်ပိတ် တိုက်ခိုက်လာမှာ စိုးရိမ်၍ပါ။

ထို့ကြောင့် အတော်ကြာ စဉ်းစားပြီးမှ ဆုမို ညင်သာစွာ ပြောလိုက်သည်။

“ဒီလိုလုပ်ပါလား အစ်မယွင်... ဒီတစ်ခေါက် ခရီးစဉ်ကို အစ်မပါ လိုက်ခဲ့ပါလား…”

အခန်း (၃၅၇) - တစ်ကြိမ်သာ ခွင့်ပြုမည်၊ နှစ်ကြိမ် မရ

~“ဒီလိုလုပ်ပါလား အစ်မယွင်... ဒီတစ်ခေါက် ခရီးစဉ်ကို အစ်မပါ လိုက်ခဲ့ပါလား…”

ဆုမိုသည် `ဇီယန်အာမခံဌာန` ထဲသို့ ရောက်သည်နှင့် ဒီစကားကို စတင် ပြောကြားလိုက်ခြင်း ဖြစ်သည်။

အခန်းထဲတွင် ဆုမိုနှင့် ယန်ရှောင်ယွင် နှစ်ယောက်တည်းသာ ရှိ၏။

ယန်ရှောင်ယွင်သည် ဆုမိုအတွက် ရေနွေးငှဲ့ပေးနေရင်း သူ့စကားကို ကြားလိုက်ရသဖြင့် လက်ကို ရပ်တန့်လိုက်သည်။ အံ့ဩသလို၊ ရယ်ချင်သလို အကြည့်ဖြင့် ဆုမိုကို လှမ်းကြည့်လိုက်သည်။

“ဘာလို့ အသည်းကွဲနေတဲ့ ကောင်လေးလို ဖြစ်နေရတာလဲ... နင်တော်တော်လေး စွဲလမ်းနေသလိုပဲ...”

“ကြားရတာ ဝမ်းသာပေမယ့်... နင် ရုတ်တရက်ကြီး ဒီလို ပြောင်းလဲသွားတာ... နည်းနည်းတော့ ထူးဆန်းနေတယ်...”

“ဝေရူဟန်က နင့်ကို ဘာတွေများ ပြောလိုက်လို့လဲ...”

“...သူက စီးပွားရေး ကမ်းလှမ်းချက် တစ်ခု လုပ်လိုက်တယ်...”

ဆုမို ခဏမျှ စဉ်းစားပြီးမှ ဆက်ပြောသည်။

“ဒီတစ်ခေါက် `လန်ယွဲ့ နန်းတော်` ဘက်ကို လမ်းကြုံဝင်ရလိမ့်မယ်...”

“ဝေရူဟန်ရဲ့ စီးပွားရေး ကမ်းလှမ်းချက် ဟုတ်လား...”

ယန်ရှောင်ယွင် ခေါင်းငြိမ့်လိုက်၏။

“`လော့ဖုန်း မဟာမိတ်` က ဒီလိုကိစ္စမျိုးတွေမှာ ဘယ်သူ့မျက်နှာကိုမှ မကြည့်ခဲ့ဖူးဘူး... အရင်တုန်းက အဖေနဲ့ ဝူတောက်ယိုတို့ ဟန်ဆောင်ပေါင်းသင်းနေတုန်းကတောင် ဒီလို ကမ်းလှမ်းမှုမျိုး မရှိခဲ့ဘူး...”

သူမ စကားကို ခေတ္တရပ်ပြီး အသံနှိမ့်ကာ ဆက်ပြောသည်။

“အဖေက ဟန်ဆောင်နေတာ မှန်ပေမယ့် ဝူတောက်ယို ကိုယ်တိုင်ကလည်း ဒီလို ရည်ရွယ်ချက် မရှိခဲ့ဘူးလေ...”

“ဒါက ဘာပြနေလဲဆိုတော့... အခု လော့ဖုန်း မဟာမိတ်က သူတို့ပစ္စည်းတွေကို သယ်ဖို့ အာမခံဌာနကို လိုအပ်နေပြီ ဆိုတာပဲ...”

“ငါတို့အတွက်ကတော့... လော့ဖုန်း မဟာမိတ်ရဲ့ အတွင်းရေး ပဋိပက္ခတွေထဲ ပါမသွားသရွေ့... ဒါက ကောင်းတဲ့ လက္ခဏာပဲ...”

“အာမခံဌာန အတွင်းထဲမှာလည်း ရှုပ်ထွေးနေသလို... အပြင်ကလူတွေကလည်း စောင့်ကြည့်နေကြတာ...”

“ဒီအာမခံ တာဝန်သာ အောင်မြင်သွားရင်... အာမခံဌာနရဲ့ အခြေအနေကို အများကြီး ပြောင်းလဲသွားစေနိုင်တယ်... အရပ်မျက်နှာပေါင်းစုံက မုန်တိုင်းတွေကို ငြိမ်သက်သွားစေနိုင်တယ်...”

“ဒါက ကောင်းတဲ့ကိစ္စပါ... ဒါပေမဲ့... ငါက တကယ်ပဲ လိုက်သွားဖို့ လိုလို့လား...”

ယန်ရှောင်ယွင်က ဆုမိုကို တစ်ချက်ကြည့်လိုက်ပြီး ပြုံးလျက် သူ့ဘေးနားတွင် ဝင်ထိုင်လိုက်သည်။

“အာမခံဌာန နှစ်ခုက အခုမှ ပေါင်းစည်းထားတာလေ... ငါ ဒီမှာနေပြီး ကိစ္စအဝဝကို စီမံခန့်ခွဲဖို့ လိုအပ်တယ်...”

“ဒါက အရေးကြီးတဲ့ အချိန်ကာလပဲ... ခိုင်လုံတဲ့ အကြောင်းပြချက် မပေးနိုင်ရင်တော့... ငါ လိုက်မှာ မဟုတ်ဘူးနော်...”

“...”

ဆုမို၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားသည်။ သူ့မှာ အကြောင်းပြချက် ရှိပါသည်။ သို့ရာတွင်၊ ယန်ရှောင်ယွင်ကို ပြောပြလိုက်လျှင် ပြောင်းပြန်အကျိုးသက်ရောက်မှု ဖြစ်သွားမှာ စိုးရိမ်ရ၏။

ခဏမျှ စဉ်းစားပြီးနောက် သူ ခေါင်းခါပြီးသာ ပြုံးလိုက်တော့သည်။

ကြည့်ရတာ သူ ဒီကိစ္စကို အရမ်း စိုးရိမ်လွန်နေမိပုံ ရ၏။

လောကမှာ အခက်ခဲဆုံးက နှလုံးသားရေးရာ ကိစ္စတွေပဲ။

စိတ်တွေ ရှုပ်ထွေးကုန်တာ မဆန်းပါလေ...

သို့ရာတွင်၊ စိတ်လှုပ်ရှားနေရုံနှင် ဘဲ ဘာပြဿနာမှ ဖြေရှင်းနိုင်မှာ မဟုတ်။

ထို့ပြင်၊ သူတို့နှစ်ယောက်စလုံးက ဒီကိစ္စကို စိတ်မဝင်စားကြချေ။

ဝေဇီယီကလည်း စိတ်မဝင်စားသလို... ငါကိုယ်တိုင်ကလည်း ဒီကိစ္စကို ကပ်ရောဂါလို ရှောင်ဖယ်ချင်နေသည်...။

သို့ဆိုလျှင်၊ ဝေရူဟန် ပြောသည့် ကိစ္စက ဖြစ်နိုင်ချေ မရှိသလောက်ပါပင်။

ငါက သူ့စကားတွေအောက်မှာ ယိမ်းယိုင်သွားမိတာလား...

ဒီလို တွေးမိပြီး သူ ပြုံးလိုက်သည်။ ယန်ရှောင်ယွင်၏ လက်ကို ဆုပ်ကိုင်ကာ ပြောလိုက်၏။

“ဟိုတစ်ခါ ကျွန်တော် လုပ်ကြံခံရပြီး အစ်မ လိုက်ရှာတုန်းကလွဲရင်... ကျွန်တော်တို့ ဝေးကွာခဲ့ဖူးတာ သိပ်မရှိဘူးနော်...”

“ရုတ်တရက်ကြီး ခွဲခွာရမယ် ဆိုတော့... ကျွန်တော့်စိတ်ထဲ နေသားမကျသလို ဖြစ်မိတယ်...”

“ကျွန်တော့်သိုင်းပညာက ပြိုင်ဘက်ကင်းတယ်၊ လောကမှာ ယှဉ်နိုင်သူ ရှားတယ် ဆိုပေမယ့်... ကျွန်တော်က သာမန် လူသားတစ်ယောက်ပါပဲ... စိတ်ထဲမှာ ဟာတာတာကြီး ဖြစ်နေတယ်...”

“နှလုံးသားချင်း နီးစပ်နေရင်... နေ့နေ့ညည အတူရှိနေဖို့ လိုလို့လား...”

သူ့စကားကို နားထောင်ရင်း ယန်ရှောင်ယွင်၏ မျက်ဝန်းများ တောက်ပလာသည်။

“ဒီတစ်သက် နင့်ကိုပဲ ရွေးချယ်ပြီးသားပါ... အဖေ့ရှေ့မှာ ငါ ပြောခဲ့တဲ့ စကားတွေကို မှတ်မိသေးတယ် မဟုတ်လား...”

“မှတ်မိတာပေါ့... ဘယ်မေ့ပါ့မလဲ...”

“ဒါဆို ပြီးတာပဲလေ...”

ယန်ရှောင်ယွင် ပြုံးပြီး ပြောလိုက်၏။

“နင်က သိုင်းလောကထဲကို ခြေဆန့်ပါ... ငါက အိမ်ကို လုံခြုံအောင် စောင့်ရှောက်ပေးမယ်... ငါတို့နှစ်ယောက်ပေါင်းပြီး ဇီယန်အာမခံဌာနရဲ့ ဂုဏ်သတင်းကို အရှေ့ပိုင်းကန္တာရ တင်မကဘူး... တစ်လောကလုံး ပျံ့နှံ့အောင် လုပ်ကြမယ်လေ...”

“ကောင်းပါပြီ အစ်မယွင်... အစ်မရဲ့ ရည်မှန်းချက်က ကြီးမားလှပါတယ်... ကျွန်တော်လည်း နောက်ကောက်ကျ ကျန်ရစ်မှာ မဟုတ်ပါဘူး...”

ဆုမို ခေါင်းငြိမ့်လိုက်သည်။

“ဒါဆိုရင် ငါတို့ အတူတူ ကြိုးစားကြတာပေါ့...”

“အဲဒါမှ ငါ့လူ...”

ယန်ရှောင်ယွင်က ဆုမို၏ ပခုံးကို မှီလိုက်၏။ ခဏတာ ငြိမ်းချမ်းမှုကို ခံစားပြီးနောက် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည်။

“ဒါနဲ့... ဒီခရီးစဉ်ကို ဘယ်တော့ စထွက်မှာလဲ...”

“နောက်ရက် နည်းနည်းလောက် နေရင် သွားရမယ် ထင်တယ်...”

“ဦးတည်ချက်က လန်ယွဲ့ နန်းတော် ဆိုတော့... အရင်လမ်းကြောင်းဟောင်းကို သုံးလို့ မရတော့ဘူး... `ကျီယန် ကူးတို့ဆိပ်` ရောက်ရင် လမ်းကြောင်း ပြောင်းရလိမ့်မယ်...”

“လာ... လမ်းကြောင်း အတူတူ ဆွဲကြမယ်...”

“ကောင်းပြီလေ...”

နှစ်ယောက်သား ပြင်ဆင်လိုက်ကြ၏။ စကားထပ်မပြောတော့ဘဲ စုတ်တံနှင့် မင်ရည်ကို ပြင်ဆင်လိုက်သည်။ ဆုမိုက မင်ရည်သွေးပေးပြီး ယန်ရှောင်ယွင်က စုတ်တံကို မင်တို့ကာ လမ်းကြောင်းကို စဉ်းစားနေ၏။

ရံဖန်ရံခါ မီးအိမ်အလင်းရောင်အောက်မှ ဆုမိုကို မော့ကြည့်ရင်း သူမ၏ မျက်လုံးများ အရောင်တောက်လာသည်။

“ငါ စာသားလေး တစ်ခု စဉ်းစားမိတယ်...”

“ဟေ... ဘာလဲ...”

ဆုမို ကြောင်သွားသည်။

“ `အနီရောင် လက်လေးနဲ့ ရနံ့ဖြည့်မယ်` ...”

ယန်ရှောင်ယွင်က ပါးစပ်ကို အုပ်ပြီး ခိခိ ရယ်လိုက်၏။

ဆုမို ပါးစပ်အဟောင်းသား ဖြစ်သွားပြီး သူ့အင်္ကျီလက်ကို ငုံ့ကြည့်လိုက်သည်။

“ဒါက အဖြူရောင်လေ... အစ်မ ရွေးပေးထားတာ...”

“ဒါဆိုရင် `အဖြူရောင် လက်` ပေါ့... အင်း... `အဖြူရောင်` ဆိုတာက သိပ်နားထောင်လို့ မကောင်းဘူး... `စာပေ လက်` ဆိုရင်ရော...”

“စာစီကုံးဖွဲ့... မင်ရည်တို့...”

“သိုင်းလောကကို ပုံဖော်စို့…”

ဆုမိုက စကားကို ဆက်လိုက်သည်။

ထို့နောက် နှစ်ယောက်သား မှင်သက်သွားကြ၏။

စာရွက်ပေါ်မှ စာသားများကို ကြည့်ပြီး ပြိုင်တူ ပြုံးလိုက်မိကြသည်။

‘ဒီမြင်ကွင်းနဲ့ တော်တော် လိုက်ဖက်တဲ့ စာသားပဲ’

သူတို့ လမ်းကြောင်းကို အသေးစိတ် ဆွဲပြီးသွားကြသည်။ တချို့နေရာတွေကိုတော့ ယန်ရှောင်ယွင်လည်း မရောက်ဖူးပေ။

ဒါတွေကိုတော့ ဆုမိုနှင့်အတူ လိုက်ပါမည့် အာမခံ ခေါင်းဆောင်နှင့် တိုင်ပင်ရဦးမည်။

“အဖွဲ့မှူးကျန်း နဲ့ အဖွဲ့မှူးလီ နှစ်ယောက်စလုံးက ယုံကြည်ရပါတယ်... နှစ်ယောက်စလုံး ခေါ်သွားလိုက်ပါလား...”

“တစ်ယောက်တော့ ချန်ထားခဲ့မှ ဖြစ်မယ်... အာမခံဌာနရဲ့ အတွင်းရေးကိစ္စတွေကို ကူညီဖြေရှင်းဖို့လေ...”

ဆုမိုက မေးလိုက်၏။ “ဒီနှစ်ယောက်အပေါ် အစ်မ အမြင်က ဘယ်လိုလဲ...”

ထိုအခါ၊ ယန်ရှောင်ယွင် ခဏတာမျှ စဉ်းစားလိုက်သည်။

“အဖွဲ့မှူးကျန်းက စနစ်ကျတယ်... ကိုယ်ပိုင် အမြင် ရှိတယ်... ခရီးသွားရင် နင့်ကို အများကြီး ကူညီပေးနိုင်လိမ့်မယ်...”

“အဖွဲ့မှူးလီကတော့ ဖြောင့်မတ်တယ်... သိုင်းပညာက အဖွဲ့မှူးကျန်းထက် နည်းနည်း သာတယ်... စီမံခန့်ခွဲတာ အားနည်းပေမယ့် အမိန့်နာခံမှု ရှိတယ်…”

All Chapters