← Chapters

အခန်း (၃၅၈-၃၆၀)

Vol. 24 Ch. 358-360

အခန်း (၃၅၈-၃၆၀)

Vol. 24 Ch. 358-360

အခန်း (၃၅၈) - တစ်ကြိမ်သာ ခွင့်ပြုမည်၊ နှစ်ကြိမ်မရ (၂)

~“ဒါဆိုရင်... အဖွဲ့မှူးလီ ကို ခေါ်သွားလိုက်မယ်...”

ဆုမိုက ပြောလိုက်သည်။

“အဖွဲ့မှူးကျန်းက အာမခံဌာနက ကိစ္စတွေကို အသေးစိတ် သိတယ်... သူရှိနေရင် အစ်မအတွက် အများကြီး သက်သာစေလိမ့်မယ်...”

“အင်း... ကောင်းပြီလေ...”

ယန်ရှောင်ယွင် ခေါင်းငြိမ့်လိုက်၏။ ဆုမို၏ ဉာဏ်ပညာနှင့် သတိထားမှုသည် တခြားသူများထက် အဆပေါင်းများစွာ သာလွန်သည်။ အဖွဲ့မှူးကျန်းက ဆုမိုနှင့် သိပ်မရင်းနှီးသဖြင့် အလုပ်လုပ်ရာတွင် သဘောထား ကွဲလွဲမှုတွေ ရှိလာနိုင်သည်။

ဆုမိုက ကိုယ်တိုင် ဆုံးဖြတ်ချက်ချနိုင်သော်လည်း... သူ့ဘေးနားက လူတွေရဲ့ ခံစားချက်ကို ထည့်စဉ်းစားပေးတတ်သူ ဖြစ်၏။

ယန်ရှောင်ယွင် ကိုယ်တိုင် ပါသွားလျှင်တော့ တစ်မျိုးပေါ့။ ယခု၊ အဖွဲ့မှူးလီ လိုက်သွားမည် ဆိုလျှင်တော့ စိတ်ချရပြီပင်။

“နောက်ပြီး `ဝမ်ရှင်း ကုန်သွယ်ရေး` က `လမ်းငါးသွယ်ဆုံရပ်` ကို နောက်ထပ် ကုန်ပစ္စည်း တစ်သုတ် ပို့ချင်နေတယ်... ဒီတစ်ခေါက် ဘယ်သူ့ကို လွှတ်ကြမလဲ...”

“အခု အာမခံဌာနက ကြီးထွားလာပြီ... ကိစ္စတိုင်းကို ကိုယ်တိုင် လိုက်လုပ်နေစရာ မလိုတော့ဘူး... ငါတို့ လမ်းငါးသွယ်ဆုံရပ် ကို သွားဖူးပြီးပြီ... လမ်းခရီးမှာ အခက်အခဲ တချို့ ရှိပေမယ့် ဖြေရှင်းနိုင်ခဲ့တာပဲ...”

“ပြီးတော့ အခု ဇီယန်အာမခံဌာနရဲ့ အလံတော် လွှင့်ထူထားရင်... ကိုယ်တိုင် မပါလည်း ပြဿနာ မရှိလောက်ပါဘူး...”

“အဲဒါအတွက်ကတော့...”

ဆုမို ပြုံးလိုက်သည်။

“လျိုမို က အသင့်တော်ဆုံးပဲ...”

“နင်နဲ့ ငါ တွေးတာချင်း တူနေတာပဲ...”

ယန်ရှောင်ယွင် ခေါင်းငြိမ့်လိုက်၏။

“ဒါပေမဲ့ တစ်ခုပဲ...”

“အာမခံ အတွေ့အကြုံ နည်းနည်း လိုနေသေးတယ်...”

ဆုမိုက ဆက်ပြောသည်။

“သူ့ကို နောက်ထပ် ခေါင်းဆောင်နှစ်ယောက် ထည့်ပေးလိုက်မယ်... တစ်ယောက်က သံမဏိသွေး အာမခံဌာန က မူလအဖွဲ့ဝင် တစ်ယောက် ဖြစ်သင့်တယ်... နောက်တစ်ယောက်ကတော့... ရှောင်ချွမ် ကို လိုက်သွားခိုင်းလိုက်...”

“ရှောင်ချွမ်နဲ့ လျိုမိုက အတူတူ ခရီးထွက်ဖူးတယ်... အရမ်း ရင်းနှီးတယ်လို့ မဆိုနိုင်ပေမယ့် တစ်ယောက်အကြောင်း တစ်ယောက် သိကြတယ်လေ...”

“သူက လျိုမိုနဲ့ တခြား ခေါင်းဆောင်တွေကြားမှာ အကောင်းဆုံး ကြားခံ ဖြစ်ပေးနိုင်တယ်...”

“လမ်းကြောင်း အနေအထားအရ... လျိုမိုကို ခေါင်းဆောင်ခိုင်းပြီး ကျန်တဲ့ ခေါင်းဆောင်နှစ်ယောက်ကို လက်ထောက် အနေနဲ့ ထားလိုက်...”

“တကယ်လို့ ပြဿနာ တစ်ခုခု ဖြစ်လာလို့ တိုင်ပင်ရရင်... ရှောင်ချွမ် ရှိနေတာက ပဋိပက္ခ မဖြစ်အောင် ထိန်းပေးနိုင်တယ်...”

ယန်ရှောင်ယွင် ခေါင်းငြိမ့်လိုက်သည်။

“တကယ့်ကို ပြည့်စုံတဲ့ အစီအစဉ်ပဲ... လူအင်အား စီစဉ်ရတာ လွယ်သွားပြီ... ဒါနဲ့... ဖုဟန်ယွမ် နဲ့ ကျန်းရှောင်ရှောင် ကိုရော ဘယ်လို စီစဉ်မလဲ...”

“ရှောင်ရှောင် က အာမခံဌာနမှာပဲ နေခဲ့ပါစေ... တုန်းချန်ကို သွားတဲ့ အကြောင်းရင်းတွေထဲမှာ... ဇီယန်ဂိုဏ်းထဲက `ဝေလငါး အစာမျို ကျင့်စဉ်` အကြောင်း ရှာဖို့ ပါဝင်ပေမယ့်...”

“ဒါက အရေးတကြီး မဟုတ်သေးဘူး... ပြီးတော့ ရှာတွေ့မတွေ့ ဆိုတာလည်း မသေချာဘူး...”

“တကယ်လို့ သူ လိုက်လာရင်... ဇီယန်ဂိုဏ်းမှာ (၁၀) ရက်၊ (၁၅) ရက်လောက် ကြာသွားနိုင်တယ်... သူ့ကို အိမ်မှာပဲ ထားခဲ့တာ ကောင်းမယ်... ကျွန်တော် ပြန်ရောက်မှ ဆုံးဖြတ်တာပေါ့...”

“သူက အိမ်မှာ အစ်မကို ကူညီပေးနိုင်တယ်... ဒီကောင်မလေးက သိုင်းပညာ ကောင်းတယ်... ခွန်အားကြီးတယ်... ရန်ဖြစ်ရင် တော်တော် အားကိုးရတယ်... ပြဿနာ လာရှာတဲ့လူ ရှိရင် သူ ရှင်းပေးလိမ့်မယ်...”

“ဖုဟန်ယွမ် ကိုတော့... ကျွန်တော် ခေါ်သွားလိုက်မယ်...”

ဆုမို ခေါင်းကို အသာအယာ ခါလိုက်၏။

“ဖုဟန်ယွမ် က ထိန်းကျောင်းပေးမယ့်သူ လိုအပ်နေတုန်းပဲ... အရင်တုန်းက `ဖုန်းပိုင်ချွမ်` ၊ လျိုမို တို့နဲ့ တုန်းချန်ကို သွားတုန်းကတော့ အဆိပ်မိထားလို့ ငြိမ်နေခဲ့တာ...”

“ဒီတစ်ခေါက်တော့ သူ့ကို ကျွန်တော် ကိုယ်တိုင် ထိန်းချုပ်မှ ဖြစ်မယ်...”

“သူ့စိတ်နေသဘောထားကို ပြုပြင်ပေးဖို့ လိုသေးတယ်... အာမခံဌာန တစ်ခုလုံးမှာ သူ ကြောက်တာ ကျွန်တော် တစ်ယောက်တည်း ရှိတာ... ဒါကြောင့် ကျွန်တော် ခေါ်သွားတာ အကောင်းဆုံးပဲ...”

“`ဒုက္ခသည် သိုင်းကျမ်း` က တကယ့်ကို အံ့ဩစရာပဲ...”

ယန်ရှောင်ယွင် မနေနိုင်ဘဲ ခစ်ခနဲ.. ရယ်လိုက်သည်။

“နင် ကြုံခဲ့ရတဲ့ စွန့်စားခန်းတွေက တကယ့်ကို ဆန်းကြယ်တာပဲနော်...”

ဆုမို ဘာပြန်ပြောရမှန်း မသိ ဖြစ်သွား၏။

ဒုက္ခသည် သိုင်းကျမ်း ကိစ္စက တကယ်ကို မထင်မှတ်ထားသည့် အရာပင်။

`ဆရာတော် ဟုန်ယွင်` နှင့် တွေ့ဆုံခဲ့ရတာကလည်း ကံကောင်းမှု တစ်ခုပါပင်။

လူအင်အား စီစဉ်ပြီးနောက် ဆုမို မတ်တတ်ထရပ်လိုက်၏။

“ကဲ... ဒီနေ့တော့ ဒီလောက်ပါပဲ... မနက်ဖြန်ကျရင် မြို့စားအိမ်တော်ကို သွားပြီး ပစ္စည်းတွေ စစ်ဆေးရမယ်... ဝေရူဟန် နဲ့ စာရွက်စာတမ်း ကိစ္စတွေ ဖြတ်ရမယ်...”

“ဝမ်ရှင်း ကုန်သွယ်ရေး ကိုလည်း သွားရဦးမယ်... ဆိုင်တာဝန်ခံကြီးက မလောပါဘူး ဆိုပေမယ့်... အချိန်အကြာကြီး ဆွဲထားလို့ မဖြစ်ဘူးလေ...”

“အင်း...”

ယန်ရှောင်ယွင် ခေါင်းငြိမ့်လိုက်ပြီး ဆုမိုကို တံခါးဝအထိ လိုက်ပို့ပေးသည်။

တစ်ယောက်က အခန်းထဲ၊ တစ်ယောက်က အခန်းပြင်... ညကောင်းကင်ယံအောက်တွင် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေမိကြ၏။

ရုတ်တရက်... ယန်ရှောင်ယွင်၏ မျက်နှာ ပျက်သွားပြီး လက်ညှိုးထိုးကာ အော်လိုက်သည်။

“ဘယ်သူလဲ...”

“ဟင်...”

ဆုမို ကိုယ်ကို အသင့်အနေအထား ထားလိုက်သည်။

ယန်ရှောင်ယွင် မြင်နေရပြီး သူ သတိမထားမိသော လူတစ်ယောက် ရှိနေတယ် ဆိုရင်... အဲဒီလူရဲ့ သိုင်းပညာက မယုံနိုင်လောက်အောင် ကောင်းလွန်းနေပြီပင်။

သူ ချာခနဲ လှည့်ကြည့်လိုက်သော်လည်း နောက်ကျောဘက်တွင် ဘာမှ မရှိပေ။

ဇဝေဇဝါ ဖြစ်နေစဉ်မှာပင်... သူ့ပါးပြင်ပေါ်တွင် နူးညံ့သော အထိအတွေ့ တစ်ခုကို ခံစားလိုက်ရသည်။

သူ အံ့ဩတကြီး ပြန်လှည့်ကြည့်လိုက်ရာ... ယန်ရှောင်ယွင်၏ မျက်နှာ ရဲတွတ်နေသည်ကို တွေ့လိုက်ရပြီး... သူမက တံခါးကို ဝုန်းခနဲ ပိတ်ချလိုက်လေသည်။

ဆုမို ကြောင်အလျက်သားဖြင့် သူ့ပါးပြင်ကို စမ်းကြည့်လိုက်မိသည်။ ရင်ဘတ်ထဲတွင် လှိုက်ခနဲ နွေးထွေးသွားပြီး... စိတ်လှုပ်ရှားစွာဖြင့် တံခါးပေါ် လက်တင်လိုက်မိသည်။

“တံခါးမဖွင့်နဲ့... လျှောက်မတွေးနဲ့... သွားအိပ်တော့...”

တံခါးကြားမှ ယန်ရှောင်ယွင်၏ အသံတိုးတိုး ထွက်ပေါ်လာ၏။

“...”

ဆုမို အသက်ပြင်းပြင်း ရှူလိုက်သည်။

“အစ်မယွင်... ဒီလို ကိစ္စမျိုးက... တစ်ကြိမ်တော့ ရပေမယ့် နှစ်ကြိမ်တော့ မရဘူးနော်... နှစ်ကြိမ်ရရင် သုံးကြိမ် မရဘူး... သုံးကြိမ်ရရင် လေးကြိမ် မရဘူး... လေးကြိမ် ဆိုရင်တော့...”

ဆုမို စကားမဆုံးခင်မှာပင် ယန်ရှောင်ယွင်၏ စိတ်ဆိုးသံ ထွက်ပေါ်လာသည်။

“အိပ်မက်ထဲမှာပဲ မက်နေလိုက်... သွားအိပ်တော့...”

ထိုအခါမှ ဆုမို ပြုံးလိုက်ပြီး သူ့အခန်းရှိရာသို့ ခြေလှမ်းသွက်သွက်ဖြင့် ပြန်လာခဲ့သည်။

ဆုမို၏ ခြေသံ ဝေးကွာသွားမှ... ယန်ရှောင်ယွင်သည် ရင်ဘတ်ကို ဖိထားလိုက်၏။ ရင်ခုန်သံများက လည်ချောင်းဝအထိ ရောက်လာမတတ် ခုန်နေသည်။

သူမ ဘာလို့ ရုတ်တရက်ကြီး ဒီလောက် သတ္တိကောင်းသွားလဲ မသိ။ သတိဝင်လာချိန်မှာတော့ အရာအားလုံး ဖြစ်ပျက်ပြီးသွားလေပြီ။

ရေစီးကြောင်းလိုပဲ... အလိုလို ဖြစ်သွားခဲ့ပါ၏။

ကြိုတင်ပြင်ဆင်မှု မရှိဘဲ... `ကိစ္စကြီး` ပြီးသွားမှ သူမ ကြောက်စိတ် ဝင်လာမိသည်။

သို့သော်၊ ထိုအရှိန်လေး ကုန်သွားတော့... သူမ နှုတ်ခမ်းကို မသိမသာ သပ်လိုက်မိပြီး မျက်တောင်ခတ်ကာ ကျေနပ်စွာ ပြုံးလိုက်မိသည်။

အပြုံးက တဖြည်းဖြည်း ပိုပီပြင်လာ၏။ မျက်နှာကို အမြန် အုပ်လိုက်ပြီး... ဒါနှင့် အားမရသေးဘဲ ကုတင်ပေါ် ပြေးတက်ကာ စောင်ခေါင်းမြီးခြုံလိုက်သည်။ စောင်အောက်မှ တိုးတိုးလေး ရယ်နေမိတော့သည်။

အခန်း (၃၅၉) - တစ်ကြိမ်သာ ခွင့်ပြုမည်၊ နှစ်ကြိမ်မရ (၃)

~နောက်တစ်နေ့မနက်တွင်...

အားလုံး စားသောက်ခန်းမ၌ မနက်စာ စားနေကြသည်။

ယန်ရှောင်ယွင် တစ်ယောက် ခါးကို မတ်မတ်ထားကာ စားနေရပြီး... ဘေးက ဆုမိုကို တစ်ချက်လေးမှ မကြည့်ရဲပေ။

ဆုမိုကတော့ ဘာမှ မဖြစ်ခဲ့သလို ပုံစံဖြင့် စားသောက်နေ၏။ ယန်ရှောင်ယွင်အတွက်တော့ သူ့အမူအရာက စိတ်အနှောင့်အယှက် ဖြစ်စရာပင်။

သူတို့နှစ်ယောက်ကြားက ကိစ္စကို ဘယ်သူမှတော့ မသိကြ။ တချို့က အငွေ့အသက် မကောင်းဘူး ဆိုတာ ရိပ်မိကြသလို... တချို့ကတော့ ဘာမှ မသိဘဲ ပုံမှန်အတိုင်း စားသောက်နေကြလေသည်။

`ဦးလေးဖူ` က ဆုမိုနားကို တိုးကပ်လာပြီး... အတန်ကြာ တွန့်ဆုတ်နေပြီးမှ နားနားကပ်ပြီး တိုးတိုးလေး ပြောလိုက်သည်။

“သခင်လေးရယ်... မနက်မိုးလင်းရင် မျက်နှာလေးတော့ သစ်ပါဦး... အပြင်သွားနေတာလည်း မဟုတ်ဘူး... ကိုယ့်အိမ်ကိုယ်ရာမှာ နေနေတာကို...”

“ဖူး...”

ယန်ရှောင်ယွင် ဟင်းရည်သောက်နေရင်း သီးသွား၏။ ထမင်းဝိုင်းပေါ် ဟင်းရည်တွေ ပန်းထွက်ကုန်တော့မလို ဖြစ်သွားသည်။

ဦးလေးဖူက ဆုမိုရဲ့ ဂုဏ်သိက္ခာကို ငဲ့ညှာပြီး တိုးတိုးလေး ပြောလိုက်တာ ဖြစ်ပေမယ့်...

ဒီအခန်းထဲမှာ ရှိနေသူတွေ အကုန်လုံးက `အတွင်းအား` ရှိကြသည့် သိုင်းသမားတွေ ဖြစ်ပါသည်။ နားစွင့်လိုက်လျှင် ယင်ကောင်ပျံတာတောင် ကြားရသည့် လူတွေ။

ဦးလေးဖူရဲ့ လေသံတိုးတိုးကို အားလုံးက အတိုင်းသား ကြားနေရသည်ပေါ့။

သို့သော်၊... မျက်နှာမသစ်တာလောက်က ဘာမှ မဟုတ်ပါချေ။

သူတို့ နားမလည်တာက... ဘာကြောင့် ယန်ရှောင်ယွင်က ဒီလောက်အထိ အလွန်အကျွံ တုံ့ပြန်လိုက်ရတာလဲ ဆိုသည့်အချက်ကိုပင်။

`ကျန်းရှောင်ရှောင်` ကတော့ ပန်းကန်လုံးအကြီးကြီးနှင့် အသည်းအသန် စားသောက်နေတုန်းပါပင်။ ကျန်သည့် လူတွေကတော့ ယန်ရှောင်ယွင်ကို ဝိုင်းကြည့်နေကြ၏။

ယန်ရှောင်ယွင် မျက်နှာရဲသွားသည်။ ဘာမှ မဖြစ်သလို ဟန်ဆောင်ပြီး... ဘေးနားက `ကျောက်တိ` ပေါက်စီ စားပြီးသွားတာ တွေ့လိုက်တာနှင့် နောက်ထပ် ပေါက်စီအလုံးကြီး တစ်လုံး ထပ်ထည့်ပေးလိုက်၏။

ကျောက်တိ ခမျာ ဗိုက်ကားနေသော သူမ ဗိုက်ကလေးကို ပုတ်ကြည့်လိုက်မိသည်။ တုံ့ဆိုင်းတုံ့ဆိုင်း ဖြစ်နေပြီး... ဒီပေါက်စီအလုံးကြီးကို ထပ်စားနိုင်ပါ့မလားဟု ကိုယ့်ဗိုက်ကိုယ် ပြန်မေးနေရသည်။

ထိုအချိန်တွင် ဆုမိုက အေးအေးဆေးဆေး ပြောလိုက်၏။

“ကျွန်တော် ဆုံးဖြတ်လိုက်ပြီ... နောက်ဆိုရင် မျက်နှာမသစ်တော့ဘူး...”

“.....”

ဦးလေးဖူ လန့်သွားသည်။ သခင်လေးက အရင်တုန်းကလို ပေတေတေ ပုံစံ ပြန်ဖြစ်သွားပြီလားဟု စိုးရိမ်သွားပုံရ၏။

ယန်ရှောင်ယွင်ကတော့ စားပွဲအောက်ကနေ ဆုမို၏ ပေါင်ကို လှမ်းပြီး လိမ်ဆွဲလိုက်သည်။ အသားကုန် လှည့်ပြီး ဆွဲလိုက်တာတောင် သူမ၏ ဒေါသ မပြေနိုင်သေး။

စားသောက်ခန်းမထဲက အခြေအနေက ပိုပြီး ထူးဆန်းလာသလိုပင်။

ဒီလို ထူးဆန်းသော အခြေအနေနှင့်ပင် မနက်စာ စားပြီးသွားကြသည်။ ဆုမိုက `လျိုမို` ၊ `အဖွဲ့မှူးလီ` ၊ `ရှောင်ချွမ်` နှင့် `ဖုဟန်ယွမ်` တို့ကို ခေါ်လိုက်၏။

ထို့နောက် အာမခံဌာနမှ လူ (၂၀) ကျော်ကို ရွေးချယ်ပြီး အားလုံး ထွက်ခွာလာခဲ့ကြသည်။

ပထမဆုံး `ဝမ်ရှင်း ကုန်သွယ်ရေး` ကို သွားကြသည်။ ဆိုင်တာဝန်ခံကြီးက သူတို့ကို ဝမ်းသာအားရ ကြိုဆို၏။

လျိုမိုကို မြင်ရင် အခြေအနေ တင်းမာသွားမလားဟု ဆုမို ထင်ခဲ့သော်လည်း... သူတို့နှစ်ယောက်ကတော့ ဘာမှ မဖြစ်ခဲ့သလို ပုံမှန်အတိုင်း ဆက်ဆံနေကြသည်။

ကုန်ပစ္စည်းတွေ စစ်ဆေး၊ စာရင်းမှတ်၊ အားလုံး ပြင်ဆင်ပြီးသည့် နောက်... ဆိုင်တာဝန်ခံကြီးက `စရန်ငွေ` ငွေသား တစ်ထောင် ပေးချေပြီး စာချုပ်ချုပ်ဆိုလိုက်၏။

ထုံးစံအတိုင်း ဆုမိုက ရှောင်ချွမ်နှင့် အဖွဲ့ကို ကုန်ပစ္စည်းတွေ စောင့်ကြပ်ခိုင်းထားခဲ့သည်။ သေတ္တာတွေကို တံဆိပ်ခတ်ပြီး လုံခြုံရေးအတွက် စီစဉ်ထားခဲ့၏။

ထို့နောက် လျိုမိုနှင့် ဖုဟန်ယွမ်ကို ခေါ်ပြီး `မြို့စားအိမ်တော်` ဆီသို့ အမြန် သွားလိုက်သည်။

မနေ့ညကလို မဟုတ်ဘဲ ဒီနေ့က အလုပ်ကိစ္စ ရှိနေတာဆိုတော့... နောက်ဖေးပေါက်ကနေ ဝင်လိုက်ကြသည်။

ဆုမိုကို ကြိုဆိုတာက `ဝေဇီယီ` နှင့် `ဟွမ်ယွမ်` တို့ ဖြစ်၏။

တွေ့ဆုံကြသည့်အခါ ဝေဇီယီက ဆုမိုကို အရင်လို ပုံမှန်အတိုင်း ဆက်ဆံနေသည်။ ဆုမိုအတွက်တော့ နည်းနည်း ထူးဆန်းနေသလိုပင်။

‘မနေ့ညကပဲ `မဟာမိတ် ခေါင်းဆောင်ကြီး` က သူ့ကို လက်ထပ်ဖို့ စီစဉ်နေတာလေ... ဒီနေ့ အဲဒီ ကာယကံရှင်နဲ့ တွေ့နေရတာ...

မဟာမိတ် ခေါင်းဆောင်ကြီးက တမင်သက်သက် လုပ်နေတာများလား’

“ခေါင်းဆောင်ဆု...”

ဝေဇီယီက လက်သီးဆုပ်ပြီး နှုတ်ဆက်လိုက်၏။

“ငါ စောင့်နေတာ ကြာပြီ...”

ဆုမို ခေါင်းငြိမ့်လိုက်သည်။

“လမ်းပြပါဦး...”

“ကောင်းပြီ... လိုက်ခဲ့...”

ဝေဇီယီက ရှေ့ကနေ လမ်းပြသွား၏။ ခါးကြားမှ ယပ်တောင်ကို ထုတ်ပြီး ဖြန့်ခတ်လိုက်သည်။

ယပ်တောင်ပေါ်မှာ “လူကြီးလူကောင်း”ဟု ရေးထားလေ၏။

“`လော့ကျန်း` ... နင် ဒီယပ်တောင်ကို ပြန်မပေးရသေးဘူးလား...”

ဆုမို အံ့ဩစွာ မေးလိုက်သည်။

“ဒါနဲ့ နေပါဦး... အဲဒီ ရုပ်ဆိုးဆိုး လူကြီးလူကောင်း ဘယ်ရောက်သွားပြီလဲ...”

“သူ ထွက်သွားတာ ကြာပြီ...”

ဝေဇီယီ ခေါင်းခါလိုက်၏။

“တကယ်တော့ သူက ထူးခြားတဲ့ လူတစ်ယောက်ပါ... ရုပ်ဆိုးပေမယ့် စိတ်ထားကောင်းတယ်... ဒါကြောင့် ငါက သူ့ကို `လော့ဖုန်း မဟာမိတ်` ထဲ ဝင်ဖို့ ကမ်းလှမ်းခဲ့တာ...”

“ဒါပေမဲ့ သူက သိုင်းလောကထဲမှာပဲ လွတ်လွတ်လပ်လပ် နေချင်တယ်တဲ့... ဂိုဏ်းတွေနဲ့ အဖွဲ့အစည်းတွေရဲ့ ချည်နှောင်မှုကို မကြိုက်ဘူးတဲ့လေ...”

“လူတိုင်းမှာ ကိုယ်ပိုင် ဆန္ဒတွေ ရှိကြတာပဲ... သူ့ကို အတင်းအကြပ် လုပ်လို့ မရဘူးလေ...”

“ဒါပေမဲ့ သူက ငါ့ရဲ့ အကူအညီကို အလကား မယူချင်ဘူး ဆိုပြီး ဒီယပ်တောင်ကို ပေးခဲ့တယ်...”

“အစတုန်းကတော့ ငါ အားနာမိတယ်... ဒါက သူ့ရဲ့ အမှတ်အသားပဲလေ...”

“ဒါပေမဲ့ သူက ပြောတယ်... ဒီစာကို သူကိုယ်တိုင် ရေးထားတာတဲ့... သူ လိုချင်ရင် အခုချက်ချင်း (၁၀) ချောင်းလောက် ရေးလို့ရတယ် ဆိုလို့သာ ငါ လက်ခံလိုက်တာ...”

ပြောရင်းနှင့် သူမက ဆုမိုဘက်သို့ လှည့်ပြီး သွားဖြီးပြလိုက်သည်။

“ဒါနဲ့... အဘိုး ပေးလိုက်တဲ့ ဒီအာမခံ တာဝန်က... တကယ်တော့ နင့်ကို မပေးသင့်ဘူး...”

“ဟေ... ဘာဖြစ်လို့လဲ...”

ဆုမို လန့်သွား၏။

“`လန်ယွဲ့ နန်းတော်` က ဒီရက်ပိုင်း `ဇီယန်ဂိုဏ်း` နဲ့ မသင့်မြတ်ဘူး...”

ဝေဇီယီက ထူးဆန်းသော မျက်နှာထားဖြင့် ပြောသည်။

“နင်က ဇီယန်ဂိုဏ်းနဲ့ အဆက်အသွယ် ပြတ်နေတာ ကြာပြီ ဆိုပေမယ့်... နင်က ဇီယန်ဂိုဏ်းဝင် တစ်ယောက်ပဲလေ... ဒီပစ္စည်း သွားပို့ရင် နန်းတော်တံခါးဝ ဝင်ခွင့်ရပါ့မလား စိုးရိမ်မိတယ်...”

“ဇီယန်ဂိုဏ်းက `မိုးအေးကြယ်ပျံဓား` ကြောင့်လား...”

“နင် ဘယ်လိုလုပ် သိတာလဲ...”

ဝေဇီယီ အံ့ဩသွား၏။

“အမှန်အတိုင်း ပြောရရင်...”

ဆုမိုက ပြောလိုက်သည်။

“ပြီးခဲ့တဲ့ တစ်ခေါက် တုန်းချန်ကို သွားတုန်းက... လန်ယွဲ့ နန်းတော်က အမျိုးသမီး သူရဲကောင်း တချို့နဲ့ တွေ့ခွင့်ရခဲ့တယ်...”

“ဟေ... ဟုတ်လား...”

ဝေဇီယီ မျက်လုံးများ အရောင်တောက်သွား၏။

“ဘယ်သူတွေလဲ...”

“...`ချူချိုယွီ` ...”

“စီနီယာအစ်မ ချူ လား...”

ဝေဇီယီ ချက်ချင်း ပြုံးလိုက်သည်။ “စီနီယာအစ်မ ချူ က သဘောအကောင်းဆုံးပဲ... နင်နဲ့ သူ သိနေလိမ့်မယ်လို့ ငါ မထင်ထားဘူး... ပြောပါဦး... ဘယ်လို စသိကြတာလဲ...”

ဆုမို သက်ပြင်းချလိုက်သည်။

“နင် ကြားချင်မယ့် ဇာတ်လမ်းမျိုးတော့ ဟုတ်ချင်မှ ဟုတ်မှာ...”

သူက ချူချိုယွီ နှင့် တွေ့ဆုံခဲ့ပုံကို အကျဉ်းချုပ် ပြန်ပြောပြလိုက်သည်။ `အငတ်ဘေး ဂိုဏ်း` အကြောင်း ပါလာသောအခါ ဝေဇီယီ၏ မျက်နှာထား တင်းမာသွား၏။

ဒီဇာတ်လမ်းရဲ့ အစမှာတင် ကလီစာ အထုတ်ခံထားရသည့် အလောင်းတစ်လောင်း ပါနေပြီလေ။

ထို့ပြင်၊ အငတ်ဘေး ဂိုဏ်းနှင့် လန်ယွဲ့ နန်းတော်က တပည့်တွေ ဆက်စပ်နေမှုက ဝေဇီယီကို အခြေအနေ မှန်သမျှ သဘောပေါက်သွားစေသည်။

ဆုမိုက ချူချိုယွီ နှင့် မတွေ့ခင်၊ တွေ့ပြီးနောက် အဖြစ်အပျက်များကို `ကျောင်လုံ ရေတပ်စခန်း` အထိ အသေးစိတ် ပြောပြလိုက်၏။

နောက်ဆုံးတွင် တုန်းချန်သို့ လှေဖြင့် ကူးသွားပုံနှင့် ချူချိုယွီ က ဇီယန်ဂိုဏ်းနှင့် လန်ယွဲ့ နန်းတော်ကြားက ရန်ငြိုးကို ရှင်းပြခဲ့ပုံများကိုပါ ထည့်ပြောလိုက်သည်။

နားထောင်ပြီးနောက် ဝေဇီယီက လက်သီးဆုပ်ကာ လေးလေးနက်နက် ဦးညွှတ်လိုက်၏။

“လန်ယွဲ့ နန်းတော်က ဝေဇီယီ က... ခေါင်းဆောင်ဆုရဲ့ တရားမျှတစွာ ကူညီမှုအတွက် ကျေးဇူးတင်ပါတယ်... ဒီကျေးဇူးတရားကို လန်ယွဲ့ နန်းတော်က ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး...”

“နင်နဲ့ငါက သူငယ်ချင်းတွေပဲလေ... ဘာလို့ ဒီလောက် ယဉ်ကျေးနေရတာလဲ...”

ဆုမိုက သူမကို တွဲထူလိုက်သည်။

“ငါတို့က သူငယ်ချင်းတွေ ဆိုတာ ဟုတ်ပါတယ်... ဒါပေမဲ့ နင် ကူညီပေးခဲ့တာက ဝေဇီယီ ဆိုတဲ့ ငါ့မျက်နှာကြောင့် မဟုတ်ဘဲ... နင့်ရဲ့ သူရဲကောင်း စိတ်ဓာတ်ကြောင့်လေ... ဒါကြောင့် ကျေးဇူးတင်စကား ပြောသင့်ပါတယ်...”

ပြောရင်းနှင့် သူမ သက်ပြင်းချကာ ခါးသီးစွာ ပြုံးလိုက်၏။

“စီနီယာအစ်မ ချူ ကို နင်က အကြိမ်ကြိမ် ကယ်တင်ပေးခဲ့လိမ့်မယ်လို့ မထင်ထားခဲ့ဘူး... ဒီကျေးဇူးကို ဘယ်လို ပြန်ဆပ်ရမလဲတောင် မသိတော့ဘူး...”

“ပြီးတော့ ပိုအံ့ဩစရာ ကောင်းတာက... စီနီယာအစ်မ ချူ က နင့်ကို ငါ့ဆရာရဲ့ အတိတ်ဇာတ်လမ်းဟောင်းတွေ ပြောပြလိုက်တာပဲ...”

“...ဆရာ...”

ဆုမို ကြောင်သွား၏။

“ `မိုးအေးကြယ်ပျံဓား` က နင့်ဆရာလား…”

အခန်း (၃၆၀) - တည်းခိုခန်း၌ တည်းခိုခြင်း

~သိုင်းလောက ဆိုတာက ကျယ်ပြောပြီး အဆုံးအစ မရှိပါ။ မြင်ကွင်းတစ်ဆုံး ရှည်လျား ထွေပြားလှသည်။

သို့သော်၊ သိုင်းလောက ဆိုတာကလည်း အံ့ဩစရာကောင်းလောက်အောင် ကျဉ်းမြောင်းလှသည်။ လုံးဝ မပတ်သက်ဘူးဟု ထင်ထားသည့် လူတွေက မထင်မှတ်ဘဲ တစ်ယောက်နှင့် တစ်ယောက် ဆက်နွှယ်နေတတ်ကြ၏။

`ဝေဇီယီ`၏ ဆရာက `မိုးအေးကြယ်ပျံဓား` ဖြစ်နေမည်ဟု ဆုမို ဘယ်တုန်းကမှ ထင်မထားခဲ့မိချေ။

ထို့အပြင်၊ ဒီ `မိုးအေးကြယ်ပျံဓား` က သူ့အဖေလုပ်သူကို တစ်သက်လုံး စွဲလမ်းရူးသွပ်ခဲ့သည်တဲ့လေ။

ယခုချိန်မှာ သူ့စိတ်ထဲ ဖြစ်ပေါ်နေသည့် နူးညံ့သိမ်မွေ့သော ခံစားချက်တွေကို ဘယ်လို မျက်နှာထားမျိုးနဲ့ ဖော်ပြရမလဲတောင် မသိတော့ချေ။

ဆုမို ခေါင်းခါလိုက်ပြီး လက်ရှိ ကိစ္စကိုပဲ အာရုံစိုက်ဖို့ ဆုံးဖြတ်လိုက်သည်။

ဝေဇီယီက လမ်းလျှောက်ရင်း ပြောလိုက်သည်။

“ငါ့ဆရာက မူလက `လန်ယွဲ့ နန်းတော်` ရဲ့ ပါရမီရှင် တစ်ယောက်ပါ... ဝမ်းနည်းစရာ ကောင်းတာက သူက တစ်သက်လုံး သံယောဇဉ် ကြိုးကွင်းထဲမှာပဲ ပိတ်မိနေခဲ့တာ...”

“တကယ်လို့သာ ဒီလို မဖြစ်ခဲ့ရင်... သူ့ရဲ့ အောင်မြင်မှုတွေက အခုထက် အများကြီး သာလွန်နေမှာ...”

“နောက်ဆုံးတော့... ယောင်္ကျားတွေ ပေးတဲ့ ဒုက္ခကြောင့်ပါပဲ...”

“...တကယ်တော့ ဇာတ်လမ်းထဲက သူရဲကောင်းက ဘာမှ အမှားမလုပ်ခဲ့ဘူးလို့ ငါထင်တယ်...”

စဉ်းစားပြီးနောက် ဆုမိုက သူ့အဖေဘက်ကနေ ကာကွယ်ပြောပေးလိုက်၏။

“ဘာပဲဖြစ်ဖြစ် သူက အိမ်ထောင်ရှိပြီးသားလေ... တခြားလူကို ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ...”

“ယောင်္ကျားကောင်း တစ်ယောက်အတွက် မယားပြိုင်ထားတယ် ဆိုတာက ရိုးရှင်းတဲ့ ကိစ္စပါ...”

ဝေဇီယီက ဆုမိုကို ထူးဆန်းစွာ ကြည့်လိုက်သည်။

“ဒါပေမဲ့ အခြေအနေတွေက တစ်ယောက်နဲ့ တစ်ယောက် မတူကြဘူးလေ... တကယ်လို့ သူက ကိုယ့်နှလုံးသားကို သစ္စာရှိတယ် ဆိုရင်... အစကတည်းက ငါ့ဆရာကို မျှော်လင့်ချက် မပေးခဲ့သင့်ဘူး...”

“တစ်ဖက်မှာကျတော့ အထာပေးတာကို မငြင်းဆန်ဘူး... တခြားတစ်ဖက်ကျတော့ အိမ်ထောင်သည်ပါလို့ ပြောပြန်ရော... ဒါ ဘာသဘောလဲ...”

ဆုမို ပြန်ချေပစရာ စကားရှာမတွေ့တော့ပေ။

ဆုမို တိတ်ဆိတ်နေသည်ကို မြင်တော့ ဝေဇီယီ ပြုံးလိုက်သည်။

“ဒါကြောင့် ခေါင်းဆောင်ဆု အနေနဲ့ ကိုယ့်နှလုံးသားကို သစ္စာရှိရမယ်... တောင်စဉ်ရေမရ မဖြစ်စေနဲ့... အစ်မယွင်ရဲ့ နင့်အပေါ်ထားတဲ့ မေတ္တာတွေကို လျစ်လျူမရှုနဲ့...”

“ကောင်းမွန်တဲ့ အကြံဉာဏ်ပါပဲ... ငါ သေချာ မှတ်သားထားပါ့မယ်...”

ဆုမို လေးလေးနက်နက် လက်သီးဆုပ်ကာ ဖြေလိုက်၏။

သို့သော်၊ စိတ်ထဲမှာတော့ ဒီစကားကို မိမိက ပြောရမှာ မဟုတ်ဘူး... ကိုယ့်အဘိုးကိုယ် သွားပြောသင့်တာဟု တွေးနေမိသည်။

စကားတပြောပြောဖြင့် လျှောက်လာရင်း သူတို့ ဦးတည်ရာ နေရာသို့ ရောက်ရှိလာကြသည်။ ကုန်ပစ္စည်း စစ်ဆေးခြင်း ကိစ္စကတော့ ထွေထွေထူးထူး ပြောစရာ မလိုတော့ပေ။

ကိစ္စအားလုံး ပြီးသွားသောအခါ ဝေဇီယီက ငွေစက္ကူ (၅၀၀၀) ကို ထုတ်ပြီး ဆုမိုအား တန်းပေးလိုက်၏။

“ဇီယန်အာမခံဌာန နဲ့ စီးပွားရေး လုပ်တာပဲ... စရန်ငွေ ဆိုတာကို ထည့်စဉ်းစားစရာ မလိုပါဘူး... ခေါင်းဆောင်ဆု က လော့ဖုန်း မဟာမိတ်ရဲ့ သဘောထားသေးသိမ်မှုကို လှောင်ပြောင်မှာ စိုးလို့... ငွေအကျေ ပေးလိုက်ပါလို့ အဘိုးက မှာလိုက်တယ်...”

“တကယ့်ကို မဟာမိတ် ခေါင်းဆောင်ကြီး ပီသပါပေတယ်... ဒီလို သတ္တိမျိုး ရှိတာ ရှားပါတယ်...”

ဆုမို ပြုံးလိုက်ပြီး ငွေစက္ကူကို ပေါ့ပေါ့ပါးပါး ယူလိုက်သည်။ ရေတွက်စစ်ဆေးပြီးနောက် သိမ်းဆည်းလိုက်သည်။

“ဒီပစ္စည်းတွေကို ဒီမှာပဲ လူစောင့်ထားခဲ့ရမလား... ဒါမှမဟုတ် အာမခံဌာနကို အရင် သယ်သွားရမလား...”

“ပြီးတော့... နင်က တုန်းချန်ကို ဘယ်တော့ သွားမှာလဲ...”

“အင်း... နင်ရော...”

“မြန်လေ ကောင်းလေပဲ...”

“ဒါဆို ငါ မနက်ဖြန် ထွက်မယ်...”

“လော့ဖုန်း မဟာမိတ်ထဲက ကိစ္စတွေကို ဖြေရှင်းပြီးပြီလား...”

“အင်း... ဒီတစ်ခေါက်က ဘာပဲဖြစ်ဖြစ် လမ်းကြုံဝင်တာပဲလေ... အဓိက အချက်က အဘိုးဆီမှာပဲ ရှိတာ...”

“ဒီပစ္စည်းတွေကို အာမခံဌာနကိုပဲ တန်းသယ်သွားလိုက်ပါ... မနက်ဖြန် မနက်ကျရင် ငါ အဲဒီကို လာရှာမယ်...”

“ကောင်းပြီလေ...”

အစီအစဉ် ဆွဲပြီးနောက် ဆုမိုသည် သူ့အဖွဲ့ကို ဦးဆောင်ကာ ပစ္စည်းများကို သယ်ယူသွားလေသည်။

သို့သော် ဒီအချိန်မှာပဲ ဆုမို၏ ရှေ့မှောက်တွင် နောက်ထပ် ပြဿနာ တစ်ခု ပေါ်လာသည်။

သူ `တာဝန် မျက်နှာပြင်` ကို အသာအယာ ဖွင့်ကြည့်လိုက်သည်။

[တာဝန် - `ဝမ်ရှင်း ကုန်သွယ်ရေး` ၏ ကုန်ပစ္စည်းများကို `လမ်းငါးသွယ်ဆုံရပ်` သို့ အရောက်ပို့ဆောင်ရမည်။]

[လက်ခံမည်လော။]

[တာဝန် - `လော့ဖုန်း မဟာမိတ်` ၏ လက်ဆောင်ပစ္စည်းများကို `လန်ယွဲ့ နန်းတော်` သို့ အရောက်ပို့ဆောင်ရမည်။]

[လက်ခံမည်လော။]

တာဝန် နှစ်ခု...

ဒီတာဝန် နှစ်ခုကို ကြည့်ပြီး ဆုမို အနည်းငယ် တွန့်ဆုတ်နေမိသည်။

အခုချိန်ထိ စနစ် က သူ့ကို တာဝန် တစ်ခုပြီးမှ တစ်ခု ပေးခဲ့တာ ဖြစ်သည်။ သို့သော်၊ အာမခံဌာန ကြီးထွားလာတာနှင့်အမျှ ဆုမို ရွေးချယ်စရာ တာဝန်တွေ အများကြီး ပေါ်လာမယ် ဆိုတာ ထင်ရှားနေသည်။

ဆုမို တွန့်ဆုတ်နေရခြင်းမှာ... သူ ဒီတာဝန် နှစ်ခုစလုံးကို တစ်ပြိုင်နက်တည်း လက်ခံ၍ ရမရ ဆိုတာကို ဖြစ်၏။

‘တကယ်လို့ တစ်ပြိုင်နက်တည်း လက်ခံလို့ ရတယ်ဆိုရင်... နှစ်နေရာစလုံးကို သူကိုယ်တိုင် လိုက်ပို့ရမှာလား။

သူကိုယ်တိုင် မလိုက်နိုင်ဘဲ... တခြားလူကို သူ့အစား လွှတ်လိုက်ရင်ရော... သူ တာဝန်အောင်မြင်တယ်လို့ သတ်မှတ်မှာလား။

ပြီးတော့... တကယ်လို့ တာဝန် တစ်ခုတည်းကိုပဲ လက်ခံလို့ ရတယ်ဆိုရင်... ကျန်တဲ့ တစ်ခုက ဘာဖြစ်သွားမလဲ။

စောင့်နေမှာလား... ဒါမှမဟုတ် ပျောက်သွားမှာလား’

ဒါကြောင့် ရွေးချယ်မှုက အဓိကသောချက် ဖြစ်လာသည်။

စနစ် က ဒီကမ္ဘာကြီးမှာ သူ အားအကိုးရဆုံး အရာပင်။

ဒါကို ပေါ့ပေါ့တန်တန် သဘောထား၍ မဖြစ်။

ခဏမျှ စဉ်းစားပြီးနောက်... ဆုမို တစ်စုံတစ်ခုကို စမ်းသပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်၏။

သူ လက်လှမ်းလိုက်ပြီး လော့ဖုန်း မဟာမိတ် တာဝန်အောက်က [လက်ခံမည်] ဆိုတာကို ရွေးလိုက်သည်။

နောက်တစ်ခဏတွင် တာဝန် မျက်နှာပြင် ပြောင်းလဲသွား၏။

[တာဝန် - `လော့ဖုန်း မဟာမိတ်` ၏ လက်ဆောင်ပစ္စည်းများကို `လန်ယွဲ့ နန်းတော်` သို့ အရောက်ပို့ဆောင်ရမည်။ (လက်ခံပြီး)]

[အခြေအနေ - ဆောင်ရွက်ဆဲ...]

ဒါပါပဲလား။

ဆုမို သက်ပြင်းချလိုက်သည်။

“ထင်တဲ့အတိုင်းပဲ... တစ်ပြိုင်နက်တည်း နှစ်ခု လက်ခံလို့ မရဘူး... ဒီစနစ်က 2G ကွန်ရက် သုံးထားရုံတင် မကဘူး... `တစ်ကိုယ်တော် ကစားရတဲ့ ဂိမ်း` ဖြစ်နေတာပဲ...”

သို့သော် လက်ရှိ အနေအထားအရ ကြည့်မည် ဆိုလျှင်... နောက်ပိုင်း တာဝန်တွေကို ရွေးချယ်သည့်အခါ ပိုပြီး သတိထား စဉ်းစားဖို့ လိုအပ်လာပြီပင်။

‘ပထမ အတွေ့အကြုံ နှစ်ခုကို ကြည့်လျှင်... အာမခံ ခရီးစဉ်၏ အခက်အခဲနှင့် ဆုလာဘ်တွေက တိုက်ရိုက် အချိုးကျတာမျိုး မဟုတ်ပေ။

ပထမ ခရီးစဉ်တုန်းက လုံရှန်း ဉာဏ်ဖွင့် နတ်ဘုရား ကျင့်စဉ်ကို ရခဲ့၏။ ဒုတိယ ခရီးစဉ်က ပိုပြီး အန္တရာယ်များတာ သိသာနေသော်လည်း... `ဒဏ်ရာခုနစ်ချက် လက်သီး` ပဲ ရခဲ့သည်။

`ဒဏ်ရာခုနစ်ချက် လက်သီး` က မကောင်းဘူးဟု ပြောတာ မဟုတ်... သို့သော်၊ နှိုင်းယှဉ်ကြည့်လိုက်လျှင် သိသိသာသာ လျော့နည်းနေတာတော့ အမှန်ပင်။

သို့သော်၊ နောက်ပိုင်း အတွေ့အကြုံတွေက ဆုမိုကို ပြောပြနေတာက... အမြဲတမ်း ဒီလို မဟုတ်ပြန်ဘူးဟူ၍။

`လမ်းငါးသွယ်ဆုံရပ်` ကို သွားသည့် ပထမဆုံး ခရီးစဉ်တုန်းက ဆုမိုအတွက် ဘာအန္တရာယ်မှ မရှိခဲ့သော်လည်း... `ကိုယ်ဖော့ပညာ` တစ်စုံ ရခဲ့၏။

`မန်ဒရင်း ဘဲ စာရင်း` အား `ဟောက်ရန် ကျောင်းတော်` ဆီ ပို့တုန်းကကျတော့... (၁၂) ဆင့်မြောက် `ရွှေခေါင်းလောင်း အကာအကွယ်` ကို ရခဲ့သည်။

ဒီ ခရီးစဉ် နှစ်ခုရဲ့ အခက်အခဲက နှိုင်းယှဉ်လို့ မရအောင် ကွာခြားသလို... ဆုလာဘ်တွေကလည်း မိုးနဲ့မြေလို ကွာခြားခဲ့တယ်’

ထို့ကြောင့် ဆုမို စဉ်းစားနေမိ၏။

‘ပထမ ခရီးစဉ်က ရိုးရှင်းပေမယ့် ဆုလာဘ်က အရမ်းကောင်းနေခဲ့တာ... ဒါက `ကစားသမားသစ် ဆုကြေး` သဘောမျိုး ဖြစ်နေလို့များလား…’

All Chapters