← Chapters

အခန်း (၂၅၅၁-၂၅၅၂)

Vol. 196 Ch. 2551-2552

အခန်း (၂၅၅၁-၂၅၅၂)

Vol. 196 Ch. 2551-2552

အခန်း(၂၅၅၁)

“ကံကောင်းထောက်မစွာနဲ့ ထိုက်ယီအင်မော်တယ်ဂိုဏ်းက လူတွေ ရောက်မလာခဲ့ဘူးပဲ”

ဟင်းလင်းပြင်း ဝဲဂယက်ထဲကနေ ထွက်လာပြီးနောက်တွင် လျှိုချင်းယွီသည် ပတ်ဝန်းကျင်ကို အသာအယာ ဝေ့ကြည့်လိုက်ပြီး သက်ပြင်းတစ်ချက် ချကာ ရေရွတ်လိုက်သည်။

ဤနေရာသည် ထိုက်ယီအင်မော်တယ်ဂိုဏ်း၏ နယ်မြေဖြစ်သည်။

အကယ်၍သာ သူတို့သည် ထိုက်ယီ အင်မော်တယ်ဂိုဏ်းနှင့် ပက်ပင်းတိုးခဲ့လျှင် ဤနေရာမှ ထွက်ခွာရန် ခက်ခဲသွားနိုင်၏။

“မဟုတ်ဘူး.. ထိုက်ယီအင်မော်တယ်ဂိုဏ်းက လူတွေ ရောက်နေပြီ”

ထိုစကားကိုပြောရင်း ကျန်းချန်သည် ဟင်းလင်းပြင်ရှိ တစ်နေရာကို လှမ်းကြည့်ကာ အေးစက်စက် ပြောလိုက်သည်။

“ရောက်နေပြီ ဆိုမှတော့ ဘာလို့ ထွက်မလာတာလဲ”

ကျန်းချန်၏ စကားဆုံးသည်နှင့် အပြာရောင်ဝတ်စုံဝတ် အဘိုးအိုသည် ဟင်းလင်းပြင်ထဲကနေ ထွက်ပေါ်လာခဲ့သည်။

အပြာရောင်ဝတ်စုံဝတ် အဘိုးအိုကို မြင်လျှင် လျှိုချင်းယွီသည် သိသိသာသာပင် မျက်နှာပျက်သွားခဲ့သည်။

ထိုက်ယီ အင်မော်တယ်ဂိုဏ်းမှ လူများ ဤမျှ မြန်မြန်ဆန်ဆန် ရောက်ရှိလာလိမ့်မည်ဟု သူလုံးဝ ထင်မထားခဲ့ပေ။

အပြာရောင်ဝတ်စုံဝတ် အဘိုးအိုသည် သာမန်ဟုသာ ထင်ရပြီး ခန္ဓာကိုယ်ပေါ်တွင် မည်သည့် အရှိန်အဝါမှ မရှိပေ။

သို့သော်လည်း မဟာယာန တစ်ပိုင်းအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသော လျှိုချင်းယွီသည် အပြာရောင်ဝတ်စုံဝတ် အဘိုးအိုနှင့် ရင်ဆိုင်ရသည့်အခါတွင် အသက်ရှူကျပ်မတတ် ခံစားချက်မျိုးကို ရရှိခဲ့သည်။

လျှိုချင်းယွီသည် ဤကဲ့သို့ ခံစားချက်မျိုးကို စိမ်းလန်းသောမြစ်ဂိုဏ်း၏ ဂိုဏ်းချုပ် ထံမှသာ ခံစားခဲ့ဖူး၏။

ထို့ကြောင့် အပြာရောင်ဝတ်စုံဝတ် အဘိုးအိုသည် မဟာယာနအဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်သည်မှာ သံသယဖြစ်စရာ မလိုပေ။

“ငါ ခန့်မှန်းထားတဲ့အတိုင်း အပြင်လူတွေက ထျန်းယွိ အမွေအနှစ် နယ်မြေရဲ့ သော့ကို ရရှိပြီး အမွေအနှစ်နယ်မြေထဲ ဝင်သွားခဲ့တာကိုး”

အပြာရောင်ဝတ်စုံဝတ် အဘိုးအိုက ကျန်းချန်ကို အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။

“မင်းရဲ့ခွန်အားက မဆိုးဘူးပဲ ကောင်လေး.. ငါခန့်မှန်းတာမမှားဘူး ဆိုရင် ကူချင်းယွမ်က မင်းရဲ့ လက်ချက်နဲ့ ကျဆုံးသွားတာပဲ ဖြစ်ရမယ်”

ဤလူလေးယောက် ထဲတွင် ကျင့်ကြံခြင်းအဆင့်ကို ထွင်းဖောက် မမြင်နိုင်သည့် ထိုကောင်လေးက လွဲလျှင် ကျန်သုံးယောက်သည် ကူချင်းယွမ်ကို မည်သို့မျှ အန္တရာယ်ပေးနိုင်မည် မဟုတ်ပေ။

အကယ်၍ ကူချင်းယွမ် ကျဆုံးသည်မှာ သူ့ရှေ့မှ လူလေးယောက်နှင့် ပတ်သက်နေမည် ဆိုလျှင် ယင်းသည် ထိုကောင်လေး၏ လက်ချက် ဖြစ်ဖို့ အလွန်များ၏။

ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

“တကယ်လို့ ကျုပ်က မသတ်ခဲ့ဘူးလို့ ပြောရင်ရော ခင်ဗျားက ယုံမှာမို့လို့လား”

“မယုံဘူး”

အပြာရောင်ဝတ်စုံဝတ် အဘိုးအိုက ခေါင်းခါရမ်းလိုက်သည်။

ထျန်းယွိ အမွေအနှစ်နယ်မြေ ထဲကို လူတိုင်း မဝင်နိုင်ပေ။

ဤလူလေးယောက်သည် ထျန်းယွိ အမွေအနှစ်နယ်မြေထဲကနေ အသက်ရှင်လျက် လွတ်မြောက်နိုင်သည်ကပင် ၎င်းတို့သည် သာမန် မဟုတ်မှန်း သက်သေပြရန် လုံလောက်နေခဲ့သည်။

ထို့အပြင် ကူချင်းယွမ် ကျဆုံးခဲ့ရသည့် အကြောင်းအရင်းမှာ ထျန်းယွိ အမွေအနှစ်နယ်မြေ၏ ပယောဂ မဟုတ်လျှင် သူ့ရှေ့မှ လူများကြောင့်သာ ဖြစ်နိုင်၏။

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။

“မယုံဘူး ဆိုမှတော့ ခင်ဗျား ဘာလို့ အပိုစကားတွေ ပြောနေသေးတာလဲ”

“ဟုတ်တယ်.. ငါ မင်းတို့နဲ့ အပိုစကားတွေ ပြောမနေတော့ဘူး”

အပြာရောင်ဝတ်စုံဝတ် အဘိုးအိုက ခံစားချက်ကင်းမဲ့သောအမူအရာဖြင့် ပြောလိုက်သည်။

“မင်း ဝန်မခံလည်း ငါတို့ ထိုက်ယီ အင်မော်တယ်ဂိုဏ်းမှာ စစ်ဆေးနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိတယ်.. ငါနဲ့အတူ ထိုက်ယီ အင်မော်တယ်ဂိုဏ်းကို လိုက်ခဲ့ပါ”

“အဲဒါဆိုရင် ခင်ဗျားမှာ အဲလို စွမ်းရည်မျိုး ရှိ မရှိ ကြည့်ရသေးတာပေါ့”

ထိုစကားကို ပြောပြီးသည်နှင့် ကျန်းချန်သည် လျှိုချင်းယွီတို့ သုံးယောက်ဘက်သို့ လှည့်ကြည့်ကာ ပြောလိုက်သည်။

“ခေါင်းဆောင်လျှို.. ခင်ဗျားတို့ အရင်သွားနှင့်တော့”

အပြာရောင်ဝတ်စုံဝတ် အဘိုးအိုသည် မဟာယာနအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး ကျိုလီ အင်မော်တယ်ဂိုဏ်းမှ လီထျန်းယွမ် ထက်ပင် ပို၍ အစွမ်းထက်၏။

လျှိုချင်းယွီတို့ ဤနေရာတွင် ရှိနေခြင်းသည် သူ့ကို အကူအညီ မပေးနိုင်ရုံသာမက သူ့ကိုပင် အနှောင့်အယှက် ဖြစ်စေပေလိမ့်မည်။

အပြာရောင်ဝတ်စုံဝတ် အဘိုးအိုကို ရှင်းပစ်ရန်အတွက် သူ့အနေဖြင့် ဝှက်ဖဲတချို့ သို့မဟုတ် အင်မော်တယ်ကျောက်တိုင်၏ စွမ်းအားကိုပင် အသုံးပြုရနိုင်ခြေ ရှိသည်။

ကျန်းချန်သည် လျှိုချင်းယွီ တို့ကို သူ၏ လျှို့ဝှက်ချက်များအား မမြင်စေလိုခဲ့ပေ။

“ဒါဆိုလည်း မိတ်ဆွေလေးကျန်းချန် ဂရုစိုက်ပါ”

လျှိုချင်းယွီသည် ဤအဆင့်ရှိ တိုက်ပွဲမျိုးက သူတို့ ပါဝင်နိုင်သည့် အရာ မဟုတ်မှန်း သိထားပြီး သူတို့ ရှိနေလျှင် ကျန်းချန်အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်သွားနိုင်သည်ကို ကောင်းစွာ သိထားခဲ့သည်။

သူက ကျန်းချန်ကို ဂရုစိုက်ရန် မှာကြားပြီးနောက်တွင် ချင်းလီတို့နှင့်အတူ အလျင်အမြန် ထွက်ခွာသွားခဲ့သည်။

လျှိုချင်းယွီတို့ သုံးယောက် ထွက်ခွာသွားသည်ကို မြင်သော်လည်း အပြာရောင် ဝတ်စုံဝတ် အဘိုးအိုသည် မတားဆီးခဲ့ပေ။

ထိုသုံးယောက်သည် သူ၏ မျက်ဝန်းထဲတွင် သာမန်မျှသာ ဖြစ်ပြီး သူ၏ အဓိကပစ်မှတ်မှာ သူ့ရှေ့မှ လူငယ်သာ ဖြစ်သည်။

သူ၏ ရှေ့မှ လူငယ်ကို ထိန်းချုပ်ထားနိုင်သ‌ရွေ့ ထိုက်ယီ အင်မော်တယ်ဂိုဏ်း၏ နည်းလမ်းများကို အသုံးပြုပြီး ထိုသုံးယောက်ကို ရှာဖွေရန်မှာ လေပြေလေညှင်းများ တိုက်ခတ်သကဲ့သို့ အလွန်တရာ လွယ်ကူသည် မဟုတ်ပါလား။

“ကောင်လေး မင်းက ကိုယ့်ကိုယ်ကိုယ် အတော်လေး ယုံကြည်မှု ရှိနေတာပဲ.. ဒီလိုဆိုမှတော့ ငါတို့ တိုက်ခိုက်ကြတာပေါ့.. ကူချင်းယွမ်ကို မင်းလက်ထဲမှာ ကျဆုံးသွားအောင် လုပ်နိုင်တဲ့ မင်းရဲ့ စွမ်းရည် အစစ်အမှန်တွေကို ငါကြည့်ချင်တယ်”

စကားဆုံးသည်နှင့် အပြာရောင်ဝတ်စုံဝတ် အဘိုးအိုသည် သူ၏ လက်ဖဝါးနှစ်ဖက်ကို ရင်ဘတ်နားတွင် ချက်ချင်းဆိုသလို ပူးကပ်လိုက်ရာ သူ၏ ကျောဘက်တွင် ဧရာမအပြာရောင် လက်ဝါးတစ်ဖက် ထွက်ပေါ်လာခဲ့သည်။

ထိုအပြာရောင် ဧရာမ လက်ဖဝါး ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် တောင်တန်းနှင့် သမုဒ္ဒရာ ကဲ့သို့ ကြောက်မက်ဖွယ် စွမ်းအားများသည် ကမ္ဘာတစ်ခုလုံးကို ချက်ချင်းဆိုသလို ဖုံးလွှမ်းသွားခဲ့သည်။

ထိုအခိုက်အတန့်တွင် ကောင်းကင်ယံရှိ မိုင်ပေါင်းထောင်ချီ ဧရိယာသည် ကြေမွသွားခဲ့ပြီး ကြောက်မက်ဖွယ် စွမ်းအင်လှုပ်ခတ်မှုများကြောင့် ကမ္ဘာပေါ်ရှိ သက်ရှိအားလုံးသည်ပင် တုန်လှုပ်သွားခဲ့သည်။

ဤလူငယ်သည် ကူချင်းယွမ်ကို သတ်ဖြတ်ခဲ့သူ ဖြစ်နိုင်ခြေ အလွန်များ၍ မဟာယာနအဆင့် ကျင့်ကြံသူများထက် မနိမ့်ကျသည့် တိုက်ခိုက်ရေး စွမ်းရည်ကို ပိုင်ဆိုင်ထားနိုင်၏။

ထို့ကြောင့်ပင် အပြာရောင်ဝတ်စုံဝတ် အဘိုးအိုသည် လက်ဦးမှုယူ၍ တိုက်ခိုက်လိုက်ပြီး မဟာယာနအဆင့် နည်းစနစ်ကို ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။

“ကောင်လေး.. ငါ့ရဲ့တိုက်ကွက်ကို ခံယူကြည့်လိုက်စမ်း”

အပြာရောင်ဝတ်စုံဝတ် အဘိုးအိုက အေးစက်စက် ကြုံးဝါးလိုက်သည်။

ထို့နောက်တွင် သူ၏ ကျောဘက်ရှိ ဧရာမ လက်ဖဝါးကြီးသည် ဟင်းလင်းပြင်ကို ချက်ချင်းဆိုသလို ထိုးဖောက်သွားခဲ့သည်။

ထိုဧရာလက်ဖဝါးမှ ဧရာမ လက်ချောင်းငါးချောင်းသည် ကောင်းကင်ယံရှိ မြစ်ကြီးငါးစင်း ကဲ့သို့ ဟင်းလင်းပြင်တွင် အက်ကြောင်း ငါးခုကို ဖြစ်ပေါ်စေခဲ့သည်။

ဤအခိုက်အတန့်တွင် ဧရာမ အပြာရောင်လက်ဖဝါး၏ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားများသည် ကောင်းကင်ယံ တစ်ခုလုံးကို လွှမ်းမိုးသွားခဲ့သည်။

ကျန်းချန်က အပြာရောင်ဝတ်စုံဝတ် အဘိုးအို၏ တိုက်ကွက်ကို အေးစက်စက် ကြည့်နေခဲ့သည်။

သူက အနည်းငယ်မျှပင် နောက်ဆုတ်ရန် ရည်ရွယ်ချက်မရှိခဲ့ပေ။

သူက ရှေးဟောင်းရွှေရောင်ဓား တစ်ဖြစ်လဲ လူသားဧကရာဇ်ဓားကို ထုတ်ယူ၍ ဓားကွက် တစ်ကွက်ကို ထုတ်ဖော်လိုက်သည်။

ရွှေရောင်ဓားအလင်းသည် ဒီရေလှိုင်းကဲ့သို့ လေထဲကို ထိုးတက်သွားခဲ့ပြီး မိုင်ပေါင်းထောင်ချီအထိ ဆန့်ထွက်သွားကာ ဧရာမ အပြာရောင်လက်ဖဝါးကို နှစ်ခြမ်း ခွဲပစ်လိုက်သည်။

ရွှေရောင်ဓားအလင်းကြောင့် ဟင်းလင်းပြင်သည်ပင် နှစ်ခြမ်းကွဲသွားသလို ဖြစ်သွားခဲ့၏။

“မင်းက အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာကလူ မဟုတ်ဘူး.. မင်းဘယ်သူလဲ”

အပြာရောင်ဝတ်စုံဝတ် အဘိုးအိုသည် ကျန်းချန်၏ တိုက်ကွက်ကို မြင်လျှင် အံ့အားသင့်သွားခဲ့သည်။

ကျန်းချန်သည် အင်မော်တယ်ကျင့်စဥ် ဖြစ်သည့် အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်ကို ကျင့်ကြံထားပြီး ယခုအခါတွင် အုပ်စိုးသူအဆင့်သို့ ထိုးဖောက်ရောက်ရှိသွားပြီ ဖြစ်၍ အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာမှ မဟာယာနအဆင့် ကျင့်ကြံသူပင်လျှင် သူ၏ အထောက်အထားကို မြင်နိုင်ရန် ခဲယဥ်း၏။

သို့သော်လည်း နတ်ဘုရားနယ်မြေ၏ သိုင်းပညာ ယဥ်ကျေးမှုနှင့် အင်မော်တယ် ကျင့်ကြံခြင်း ယဥ်ကျေးမှုတို့ကြားတွင် ကွဲပြားမှုအချို့ ရှိနေခဲ့သည်။

ထို့ကြောင့် သူနှင့် မဟာယာနအဆင့် ကျင့်ကြံသူ ဖြစ်သည့် အပြာရောင်ဝတ်စုံဝတ် အဘိုးအိုတို့ တိုက်ခိုက်လိုက်သည်နှင့် တစ်ပြိုင်နက် သူက အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှ မဟုတ်မှန်း အဘိုးအို သိရှိသွားခဲ့ခြင်း ဖြစ်သည်။

“ငါက ဒီနေ့ မင်းကို သတ်မဲ့သူပဲ”

ကျန်းချန်က အပြာရောင်ဝတ်စုံဝတ် အဘိုးအိုကို အေးစက်စက် စိုက်ကြည့်လိုက်သည်။

သူ၏ ခန္ဓာကိုယ်ကနေ အလွန်တရာ ပြင်းထန်သော လူသတ်ငွေ့များ တိုက်ရိုက်ဆိုသလို ပျံ့နှံ့သွားခဲ့၏။

ကျန်းချန်သည် သူ့ရှေ့မှ မဟာယာနအဆင့် ကျင့်ကြံသူနှင့်တိုက်ပွဲ ဖြစ်ပွားသရွေ့ သူ၏ အထောက်အထားကို ဖုံးကွယ်ရန် ခက်ခဲလိမ့်မည်ကို ကောင်းစွာ သိထားခဲ့သည်။

ယခုအခါတွင် သူက အုပ်စိုးသူအဆင့်သို့ ထိုးဖောက်ရောက်ရှိသွားပြီ ဖြစ်သော်လည်း အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာ တစ်ခုလုံးနှင့် ယှဥ်ပြိုင်ရန် မလုံလောက်သေးပေ။

သူ၏ အထောက်အထားကို ဖော်ထုတ်ခံလိုက်ရသည့် အတွက် သူ့အနေဖြင့် အပြာရောင်ဝတ်စုံဝတ် အဘိုးအိုကို အသက်ရှင်ခွင့်ပေး၍ လုံးဝ မဖြစ်နိုင်ချေ။

ထို့အပြင် သွေးနတ်ဆိုးဂိုဏ်းသည် နတ်ဘုရားနယ်မြေနှင့်ပတ်သက်၍ လတ်တလောတွင် ဘာမှ ထုတ်မပြောသေးသော်လည်း ယင်းမှာ ဆက်လက် ဖုံးကွယ်ထားမည်ဟု မဆိုလိုပေ။

သွေးနတ်ဆိုးဂိုဏ်းက အင်မော်တယ်ကျောက်တိုင်၏ သတင်းကို ထုတ်ပြန်လိုက်သည်နှင့် တစ်ပြိုင်နက် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာရှိ မဟာယာနအဆင့် ကျင့်ကြံသူတိုင်းသည် နတ်ဘုရားနယ်မြေ အတွက် ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်လာပေလိမ့်မည် မဟုတ်ပါလော။

အကယ်၍ သူသာ အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာမှ မဟာယာနအဆင့် ကျင့်ကြံသူတစ်ဦးကို သတ်ဖြတ်နိုင်ခဲ့လျှင် နတ်ဘုရားနယ်မြေအပေါ် အင်မော်တယ်ကျင့်ကြံခြင်းစကြဝဠာ၏ ခြိမ်းခြောက်နိုင်စွမ်းသည် အနည်းငယ် လျော့နည်းသွားလိမ့်မည် ဖြစ်သည်။

ထိုကြောင့် ဤကဲ့သို့သော အခြေအနေမျိုးတွင် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာမှ မဟာယာနအဆင့် ကျင့်ကြံသူကို သတ်ဖြတ်နိုင်မည့် မည်သည့် အခွင့်အရေးကိုမှ သူ့အနေဖြင့် လက်လွှတ်ခံမည် မဟုတ်ပေ။

“ငါ့ကို သတ်မလို့လား ကောင်လေး.. မင်းရဲ့ခွန်အားက အရမ်းသန်မာပြီး မဟာယာနအဆင့် ကျင့်ကြံသူ တစ်ယောက်ထက် မနိမ့်ကျဘူး ဆိုပေမဲ့ ငါ ကျွမ်းယွမ်စန်းကို သတ်ချင်တယ် ဆိုရင်တော့ မင်းက အများကြီး လိုပါသေးတယ်”

အပြာရောင်ဝတ်စုံဝတ် အဘိုးအိုက မထီမဲ့မြင်ပြုံးကာ ပြောလိုက်သည်။

အခန်း(၂၅၅၁)ပြီး၏။

အခန်း(၂၅၅၂)

“ဒီလူက ထိုက်ယီအင်မော်တယ်ဂိုဏ်းရဲ့အကြီးအကဲ ကျွမ်းယွမ်စန်း ဖြစ်နေတာပဲ”

အပြာရောင်ဝတ်စုံဝတ် အဘိုးအို၏ နာမည်ကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းများသည် အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

ယနေ့ ကျန်းချန်သည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ အကြောင်းကို များစွာ မသိသေးသော်လည်း ဘာမှမသိသည့်လူတစ်ယောက် မဟုတ်တော့ပေ။

ကျန်းချန်က ထိုက်ယီအင်မော်တယ်ဂိုဏ်းမှ အကြီးအကဲ ကျွမ်းယွမ်စန်း၏ အမည်ကို သဘာဝကျစွာပင် ကြားဖူးထားခဲ့သည်။

ထိုက်ယီ အင်မော်တယ်ဂိုဏ်းသည် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ၏ ထိပ်တန်းဂိုဏ်းကြီး ဆယ်ဂိုဏ်းစာရင်းတွင် ထိပ်ဆုံး သုံးနေရာ၌ ရှိသောဂိုဏ်း ဖြစ်၍ ၎င်း၏ အင်အားကို မှန်းဆ၍ မရလောက်အောင် နက်ရှိုင်းသည်ဟု ဆိုနိုင်သည်။

ထိုက်ယီ အင်မော်တယ်ဂိုဏ်းတွင် မဟာယာနအဆင့် ကျင့်ကြံသူ ဆယ်ယောက်ထက်မက ရှိသည်ဟု ဆိုကြသည်။

အကြီးအကဲ ကျွမ်းယွမ်စန်းသည် ထိုက်ယီအင်မော်တယ်ဂိုဏ်း၏ မဟာယာနအဆင့် ကျင့်ကြံသူများထဲမှာပင် အဆင့်အတန်းမြင့်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်၏။

“ကောင်လေး မင်းက သိုင်းပညာယဥ်ကျေးမှု ထွန်းကားတဲ့ စကြဝဠာက ဖြစ်ပြီး ငါတို့ အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာထဲ ဝင်ရောက်လာရဲတယ်လား.. မင်းဘယ်သူပဲဖြစ်ဖြစ် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာက မင်းစိတ်ကြိုက် ရမ်းကားလို့ရတဲ့ နေရာမဟုတ်ဘူး.. သေဖို့သာ ပြင်ထားလိုက်တော့”

ကျွမ်းယွမ်စန်း၏ အသံက မိုးခြိမ်းသံများနှင့် ရောနှောကာ ထွက်ပေါ်လာခဲ့သည်။

အကြောင်းအရင်းမှာ ကျွမ်းယွမ်စန်းသည် ကြောက်မက်ဖွယ်ရာကောင်းသော အပြာရောင်မိုးကြိုးများကို ထုတ်ဖော်လိုက်၍ ဖြစ်သည်။

ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်သည်ပင် ထိုကြောက်မက်ဖွယ်ရာကောင်းသည့် မိုးကြိုးစွမ်းအားကို ခံနိုင်ရည်မရှိဘဲ အဆက်မပြတ် အက်ကွဲလာခဲ့သည်။

ထိုအခိုက်အတန့်တွင် ကျွမ်းယွမ်စန်း၏ ခန္ဓာကိုယ်သည်ပင် အပြာရောင် မိုးကြိုးများဖြင့် တလက်လက် တောက်ပနေခဲ့၏။

သူက လက်နှစ်ဖက်ကို အလျင်အမြန် ပူးကပ်လိုက်ပြီး သူ၏ ကျောဘက်ရှိ ဧရာမ အပြာရောင်လက်ဖဝါး ပုံရိပ်ကို လှုံ့ဆော်လိုက်သည်။

ထိုအခါ ဧရာမ အပြာရောင် လက်ဖဝါး၏ လက်ချောင်းငါးချောင်း ထံကနေ ထူထဲသော အပြာရောင်မိုးကြိုး လျှပ်စီးငါးခု ထွက်ပေါ်လာခဲ့၏။

ထိုအပြာရောင် မိုးကြိုးလျှပ်စီး ငါးခုသည် အပြာရောင်မိုးကြိုးနဂါးငါးကောင် အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကြောက်မက်ဖွယ် အရှိန်အဝါနှင့်အတူ ကျန်းချန်ထံ ဦးတည်သွားခဲ့သည်။

“ဒီအဘိုးကြီးရဲ့ ခွန်အားက လီထျန်းယွမ်ထက်တောင် ပိုသာနေတာပဲ.. ငါ့အထင် ဒီအဘိုးကြီးက မဟာယာန အလယ်အလတ်အဆင့်ကိုတောင် ရောက်နေလောက်ပြီ”

ကျွမ်းယွမ်စန်း ဆီကနေ ထွက်ပေါ်လာသည့် စွမ်းအားများကို ကြည့်ရင်း ကျန်းချန်၏ မျက်နှာထက်တွင် လေးနက်သောအမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

“ဓားနှင့်နတ်ခန္ဓာပုံရိပ် တစ်သားတည်း ပေါင်းစည်းမယ်”

ကျန်းချန်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။

ထို့နောက်တွင်မူ သူ၏ လက်ထဲမှ ရှေးဟောင်းရွှေရောင်ဓားသည် ကျောဘက်ရှိ နတ်ခန္ဓာပုံရိပ် ဖြစ်သည့် လူသားဧကရာဇ်ဓားနှင့် လျင်မြန်စွာ ပေါင်းစည်းသွားခဲ့သည်။

လေထုထဲတွင် ကြောက်မက်ဖွယ်ရာကောင်းသော ရွှေရောင်ဧရာမ ဓားတစ်လက် ဖြစ်ပေါ်လာခဲ့ပြီး ကျန်းချန်သည် ထိုဓားကို ထိန်းချုပ်ကာ ဓားချက် ငါးချက်ကို ဆက်တိုက်ဆိုသလို ထုတ်ဖော်လိုက်သည်။

ရွှေရောင်ဓားအလင်း ငါးခုသည် မျက်စိတစ်မှိတ် အတွင်းမှာပင် ကောင်းကင်နှင့်မြေကြီးကို ထိုးဖောက်ပြီး အပြာရောင်မိုးကြိုးနဂါး ငါးကောင်ထံ သက်ရောက်လာခဲ့သည်။

အုပ်စိုးသူအဆင့်ကို ထိုးဖောက်ပြီးနောက်တွင် ကျန်းချန်သည် ဓားနှင့်နတ်ခန္ဓာပုံရိပ်ကို ပေါင်းစည်းသည့် တိုက်ကွက်ကိုသာ ထုတ်သုံးနိုင်ခြင်း မဟုတ်တော့ဘဲ ဓားနှင့်နတ်ခန္ဓာပုံရိပ်ပေါင်းစပ်ပြီး ဖြစ်ပေါ်လာသည့် ဧရာမ ရွှေရောင်ဓားကို စိတ်ကြိုက် အသုံးချ၍ ရနေပြီ ဖြစ်သည်။

ထို့ကြောင့် သူ ထုတ်ဖော်လိုက်သည့် ဓားချက်တိုင်းသည် ကမ္ဘာကြီးကိုပင် ဖျက်ဆီးပစ်နိုင်လောက်သည်အထိ အစွမ်းထက်နေခဲ့၏။

“ဝုန်း..”

“ဝုန်း..”

“ဝုန်း..”

ရွှေရောင်ဓားအလင်း ငါးခုက အပြာရောင်မိုးကြိုးနဂါး ငါးကောင်ကို ထိမှန်သွားပြီးနောက်တွင် ဆက်တိုက်ဆိုသလို ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအင် မုန်တိုင်းများသည် ကမ္ဘာတစ်ခုလုံးကို လွှမ်းမိုးသွားခဲ့သည်။

ကျန်းချန်၏ ဓားချက်သည် အပြာရောင်မိုးကြိုးနဂါး ငါးကောင်ကို အစအနပင် မကျန်ရှိသည်အထိ ချေမှုန်းလိုက်ပြီ ဖြစ်၏။

ထိုတိုက်ခိုက်မှုကို ထုတ်ဖော်ပြီးနောက်တွင် ကျန်းချန်၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ယင်သွားခဲ့ပြီး ပေပေါင်းသောင်းချီ အကွာအဝေးအထိ ဆက်တိုက်ဆိုသလို နောက်သို့ဆုတ်လိုက်ရသည်။

ချက်ချင်းဆိုသလိုပင် သူက အပြာရောင်ဧကရာဇ် သက်ရှည် ကျင့်စဥ်၏ စွမ်းအားကို အသုံးပြုကာ သူ၏ ခန္ဓာကိုယ်မှ မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို ဖိနှိပ်လိုက်သည်။

“ဒီအဘိုးကြီးက ငါ ခန့်မှန်းထားတဲ့အတိုင်း မဟာယာန အလယ်အလတ် အဆင့်ကို ရောက်နေတာပဲ.. ဒီအဆင့်က တကယ်ကို ကိုင်တွယ်ရ ခက်ခဲလွန်းတယ်”

“ဒီကောင်လေးက တကယ်ပဲ ဒီလောက်တောင် သန်မာတယ်လား”

တစ်ဖက်တွင်လည်း ကျန်းယွမ်စန်းသည် လေထုထဲတွင် ခြေဆယ်လှမ်းမက နောက်ဆုတ်သွားရပြီးနောက် အံ့အားသင့်နေခဲ့သည်။

ထိုလူငယ်သည် ဤမျှ ငယ်ရွယ်သော အသက်အရွယ်ဖြင့်ပင် မဟာယာန အလယ်အလတ်အဆင့် ကျင့်ကြံသူကို ချေမှုန်းနိုင်သည့် ကြောက်မက်ဖွယ်ရာ စွမ်းအားများကို ပိုင်ဆိုင်ထားခဲ့သည်။

အစောပိုင်းက ထိပ်တိုက် ရင်ဆိုင်မှုတွင် ကျန်းချန်သည် အားနည်းသယောင် ထင်ရသော်လည်း ကျန်းယွမ်စန်း၏ စိတ်ထဲတွင်မူ အလွန်အမင်း တုန်လှုပ်နေခဲ့၏။

ဤမျှအထိ ထူးချွန်သော ပါရမီရှင်မျိုးသည် သူတို့ အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ၏ ထိပ်တန်း ပါရမီရှင်များထဲမှာပင် အလွန်တရာ ရှားပါးသည်။

[ဒီကောင်လေးက သိုင်းပညာ ယဥ်ကျေးမှုထွန်းကားတဲ့ ဘယ်စကြဝဠာက လာတာများ ဖြစ်နေမလဲ.. အင်မော်တယ်ကျင့်ကြံခြင်းစကြဝဠာထဲကို တိတ်တဆိတ် ဝင်ရောက်လာတဲ့ သူ့ရဲ့ရည်ရွယ်ချက်က ဘာများလဲ]

"ကောင်လေး.. မင်းက ငါ့တစ်သက် မြင်တွေ့ဖူးသမျှ ပါရမီရှင်တွေထဲမှာ အထူးချွန်ဆုံး ပါရမီရှင် ဆိုတာ ငါဝန်ခံပါတယ်.. ကူချင်းယွမ်က မင်းလက်ထဲမှာ ကျဆုံးသွားတာ ဘာမှ မထူးဆန်းတော့ဘူး”

ကျွမ်းယွမ်စန်းက တောက်ပသော မျက်ဝန်းများဖြင့် ကျန်းချန်ကို အေးစက်စက်စိုက်ကြည့်ကာ ပြောလိုက်သည်။

“ဒါပေမဲ့ မင်းရဲ့ပါရမီ ဘယ်လောက်ပဲ ထူးချွန်နေပါစေ.. ဒီနေ့ ငါ့ရှေ့မှာ မင်း ဘာမှတတ်နိုင်မှာ မဟုတ်ဘူး”

အေးစက်စက် စကားသံ အဆုံးသတ်သည်နှင့် တစ်ပြိုင်နက် ကျွမ်းယွမ်စန်း၏ ခန္ဓာကိုယ်ထဲကနေ တောက်ပသော မိုးကြိုးအလင်းများ ထပ်မံ၍ ပေါက်ကွဲထွက်လာခဲ့သည်။

ကျွမ်းယွမ်စန်း၏ ဆံပင်တစ်ချောင်းချင်းစီမှာပင် အပ်ဖျားလောက် ရှိသည့် မိုးကြိုးစွမ်းအားများ ထွက်ပေါ်နေခဲ့၏။

ကောင်းကင်ပေါ်ရှိ မိုင်ပေါင်းသောင်းချီ ဧရိယာသည်လည်း ချက်ချင်းဆိုသလိုပင် မိုးကြိုးတိမ်တိုက်များ ပြည့်နှက်သွားခဲ့သည်။

“ဂျိန်း..”

“ဂျိန်း..”

ကောင်းကင် တုန်ဟည်းမတတ် မိုးခြိမ်းသံများသည် ဟင်းလင်းပြင်ထဲတွင် အဆက်မပြတ် မြည်ဟည်းနေခဲ့ပြီး ထူထဲသော မိုးကြိုးများသည်လည်း အဆုံးမရှိ ဖြစ်ပေါ်နေခဲ့သည်။

“ကမ္ဘာဖျက်ဆီးမိုးကြိုးစွမ်းအား.. ပေါင်းစည်းစမ်း”

ကျွမ်းယွမ်စန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ပတ်ဝန်းကျင်ရှိ ဖျက်ဆီးခြင်းမိုးကြိုး အလင်းများသည် သူ၏ ကျောဘက်ရှိ ဧရာမ လက်ဖဝါးနှင့် ပေါင်းစည်းသွားခဲ့သည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် ကျွမ်းယွမ်စန်း၏ ကျောဘက်ရှိ ဧရာမ လက်ဖဝါးမှ မိုးကြိုးစွမ်းအားများသည် အထွတ်အထိပ်ကို ရောက်ရှိသွားခဲ့သည်။

ထို့နောက်တွင်မူ ကျွမ်းယွမ်စန်းသည် ထိုဧရာမ လက်ဖဝါးကို ထိန်းချုပ်၍ လက်သီးချက် တစ်ချက်ကို ထုတ်ဖော်ကာ ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။

“ဝုန်း..”

ကြောက်မက်ဖွယ်ရာကောင်းသော အပြာရောင်မိုးကြိုးအလင်းသည် ကောင်းကင်နှင့်မြေကြီးကိုပင် ဖျက်ဆီးပစ်နိုင်လောက်သည့် စွမ်းအားများနှင့် အတူ ပျက်သုဥ်းခြင်း အလင်းတန်းသဖွယ် ကျန်းချန်ဆီ ဦးတည်လာခဲ့သည်။

“အင်မော်တယ်ဖျက်ဆီးခြင်းဓားသိုင်း.. အင်မော်တယ်များကို ခုတ်ပိုင်းခြင်း”

ကျန်းချန်က အနည်းငယ်မျှပင် တုံ့ဆိုင်းမနေဘဲ ဓားနှင့်နတ်ခန္ဓာပုံရိပ် ပေါင်းစပ်ပြီး ဖြစ်ပေါ်လာသည့် ဧရာမ ရွှေရောင်ဓားကို အသုံးပြုကာ အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်းကို ထုတ်ဖော်လိုက်သည်။

အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်းသည် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်က သူ့ကို လက်ဆင့်ကမ်းပေးခဲ့သည့် အင်မော်တယ် ဓားနည်းစနစ်တစ်ခု ဖြစ်သည်။

အထူးသဖြင့် အုပ်စိုးသူအဆင့်သို့ ကျန်းချန် ထိုးဖောက်သွားပြီးနောက်တွင် အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်း၏ စွမ်းအားသည် သာမန် မဟာယာနအဆင့် ကျင့်ကြံသူများပင် အလွယ်တကူ မခုခံနိုင်လောက်သည် အထိ ကြောက်မက်ဖွယ်အစွမ်းထက်လာခဲ့သည်။

ယခုလို ဓားနှင့် နတ်ခန္ဓာပုံရိပ်တို့ ပေါင်းစပ်ထားသည့် ဧရာမရွှေရောင်ဓားကြီး၏ အားဖြည့်မှုအောက်တွင် ဆိုလျှင် အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်းသည် ပို၍ပင် ကြောက်မက်ဖွယ်ရာ ကောင်းသွားခဲ့ချေပြီ။

ဓားအလင်းသည် ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့ပြီး သူ့ထံသို့ ဦးတည်လာသည့် မိုးကြိုးအလင်းကို ခုတ်ပိုင်းပစ်လိုက်သည်။

ဓားချက် တစ်ချက်တည်းဖြင့် ကမ္ဘာဖျက်မိုးကြိုးအလင်းကို ခုတ်ပိုင်းလိုက်ပြီးနောက်တွင် ကျန်းချန်သည် ကောင်းကင်ယံဆီသို့ ပျံသန်းသွားခဲ့သည်။

သူက ကျွမ်းယွမ်စန်းကို အသက်ရှူချိန်ပင် အနည်းငယ်မျှ မပေးဘဲ အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်း၏ ဒုတိယမြောက် ဓားကွက်ကို ထုတ်ဖော်လိုက်သည်။

“မိုးကြိုးတွေအားလုံး ငါ့ဆီလာခဲ့စမ်း”

ကျန်းချန် ခုတ်ပိုင်းလိုက်သည့် ဓားချက်ကို ကြည့်ရင်း ကျွမ်းယွမ်စန်း၏ မျက်ဝန်းထဲတွင် မိုးကြိုးအလင်းများ ပြည့်နှက်သွားခဲ့သည်။

ထိုခဏဝယ် သူ၏ ကျောဘက်ရှိ ဧရာမလက်ဖဝါးသည် ဟင်းလင်းပြင်ထဲရှိ မိုးကြိုးအားလုံးကို ဖမ်းယူတော့မည့်အလား ဖြစ်နေခဲ့၏။

“ဂျိန်း..ဂျိန်း..”

ဟင်းလင်းပြင်ထဲတွင် ကောင်းကင် တုန်ဟည်းမတတ် မိုးခြိမ်းသံများ အဆက်မပြတ် မြည်ဟည်းနေပြီး မိုးကြိုးစွမ်းအားများအားလုံးသည် တစ်စုံတစ်ရာ ဆွဲဆောင်မှုကြောင့် ကျွမ်းယွမ်စန်းဆီ အဆက်မပြတ် စုစည်းလာခဲ့သည်။

ကြောက်မက်ဖွယ် မိုးကြိုးစွမ်းအားများသည် ကျွမ်းယွမ်စန်း၏ ခန္ဓာကိုယ်ကို ဝန်းရံသွားခဲ့ပြီး အဆုံးသတ်တွင် မိုးကြိုးအလင်းများ ဖြာထွက်နေသည့် အပြာရောင် ချပ်ဝတ်တန်ဆာ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် အလွန်အမင်း ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဝါ တစ်ခုသည် ကျွမ်းယွမ်စန်း၏ ခန္ဓာကိုယ်ကနေ ပေါက်ကွဲထွက်လာခဲ့သည်။

ဤအခိုက်အတန့်တွင် ကျွမ်းယွမ်စန်းသည် မိုးကြိုးနတ်ဘုရားတစ်ပါး ကဲ့သို့ ဖြစ်နေခဲ့၏။

“ဝုန်း..”

ကြောက်မက်ဖွယ်ရာကောင်းသော မိုးကြိုးစွမ်းအားများသည် အရပ်မျက်နှာ အနှံ့သို့ လွှမ်းမိုးသွားခဲ့ပြီး ကမ္ဘာကြီး၏ အရောင်အဆင်းကိုပင် ပြောင်းလဲသွားစေခဲ့သည်။

ယင်းအခိုက်အတန့်တွင် ကောင်းကင်နှင့်မြေကြီး ကြားတွင် အဆုံးမဲ့ မိုးကြိုးလျှပ်စီးများနှင့် မရေမတွက်နိုင်သော မိုးကြိုးများကို အုပ်စိုးထားသည့် ကျွမ်းယွမ်စန်း တစ်ယောက်သာ ရှိနေတော့သလိုပင်။

ကျန်းချန်၏ ဓားချက်က ကောင်းကင်ယံကို ထိုးတက်သွားခဲ့သော်လည်း ကျွမ်းယွမ်စန်း၏ ခန္ဓာကိုယ် ပတ်ပတ်လည်ရှိ စွမ်းအားများကြောင့် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

ကျွမ်းယွမ်စန်းက လေထုထဲတွင် လက်နှစ်ဖက်ကို နောက်ပစ်ကာ ဝင့်ကြွားစွာ ရပ်နေရင်း ကျန်းချန်ကို အထက်စီးကနေ ငုံ့ကြည့်လိုက်သည်။

သူ၏ မျက်ဝန်းထဲတွင် အပြာရောင်မိုးကြိုးများ ရစ်သိုင်းနေခဲ့၏။

“ကောင်လေး.. ငါက မိုးကြိုးလမ်းစဥ်ဝိညာဥ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့သူပဲ.. ငါ ကျင့်ကြံခြင်းလမ်းစဥ်ကို စတင်လျှောက်လှမ်းကတည်းက မိုးကြိုးတွေကို အသုံးချပြီး ကိုယ့်ကိုယ်ကိုယ် အဆင့်မြှင့်တင်လာခဲ့တယ်.. ငါ့မှာ အပြာရောင်မိုးကြိုးနတ်ဘုရား ချပ်ဝတ်တန်ဆာလည်း ရှိတယ်.. ဒါကြောင့် မင်းရဲ့ဓားသိုင်းက ဘယ်လောက်ပဲ အစွမ်းထက်ပါစေ.. ငါ့ကို ဘယ်တော့မှ ဒဏ်ရာရစေမှာ မဟုတ်ဘူး”

ကျွမ်းယွမ်စန်းက ကျန်းချန်ကို အေးစက်စက်ကြည့်ကာ ပြောလိုက်သည်။

သူ၏ လေသံတွင် အလွန်အမင်း ယုံကြည်သော အရိပ်အယောင်များ ပြည့်နှက်နေခဲ့သည်။

အခန်း(၂၅၅၂)ပြီး၏။

All Chapters