အခန်း (၂၅၅၃-၂၅၅၄)
Vol. 196 Ch. 2553-2554
အခန်း(၂၅၅၃)
“ဒီအဘိုးကြီးက တကယ်ကို ရင်ဆိုင်ရ မလွယ်ကူပါလား”
မိုးကြိုးနတ်ဘုရားတစ်ပါးလို ဖြစ်နေသည့် လေထုထဲရှိ ကျွမ်းယွမ်စန်းကို ကြည့်ကာ ကျန်းချန် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
သူက ဓားနှင့်နတ်ခန္ဓာပုံရိပ် ပေါင်းစပ်ထားသည့် ဧရာမရွှေရောင်ဓားကို အသုံးပြုပြီး အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်း၏ ဒုတိယမြောက် ဓားကွက်ကို အစွမ်းကုန် ထုတ်ဖော်ခဲ့သော်လည်း ကျွမ်းယွမ်စန်းကို ဒဏ်ရာရရှိအောင် မလုပ်ဆောင်နိုင်ခဲ့ပေ။
“ဒီ ကျွမ်းယွမ်စန်းက ထိုက်ယီအင်မော်တယ်ဂိုဏ်းရဲ့ နာမည်ကျော် မဟာယာနအဆင့် ကျင့်ကြံသူတစ်ဦး ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်.. သူက မဟာယာန အလယ်အလတ်အဆင့် ကျင့်ကြံသူတွေထဲမှာ တိုက်ခိုက်ရေးစွမ်းအား အကောင်းဆုံးတွေထဲက တစ်ယောက် ဖြစ်နိုင်တယ်”
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်သည်။
ကျွမ်းယွမ်စန်း၏ လက်ရှိအခြေအနေဖြင့် ဆိုလျှင် အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်း၏ တတိယမြောက် ဓားကွက်ကို ထုတ်သုံးလျှင်ပင် အနိုင်ယူဖို့ ခက်ခဲမည်ကို သူစိုးရိမ်နေမိသည်။
ဤလူကို ရှင်းပစ်ချင်သည် ဆိုလျှင် အင်မော်တယ်ကျောက်တိုင်၏ စွမ်းအားကို အသုံးပြုခြင်းက လွဲ၍ တခြားနည်းလမ်း မရှိတော့ပုံပင်။
ထိုခဏဝယ် ကျန်းချန်၏ မျက်လုံးများက အနည်းငယ်လင်းလက်သွားခဲ့ပြီး သူ၏ လက်ဖဝါးကို လှုပ်ရှားလိုက်ရာ အင်မော်တယ်ကျောက်တိုင်သည် သူ၏ လက်ဖဝါးထက်တွင် ပေါ်လာခဲ့သည်။
“ဒီအဘိုးကြီးက အင်အားကြီးမားတဲ့အပြင် သူ့ရဲ့ ခုခံကာကွယ်ရေးကလည်း သာမန်မဟုတ်ဘူး.. တကယ်လို့ မင်းက အင်မော်တယ်ကျောက်တိုင်ကို ဒီအတိုင်းပဲ အသုံးပြုမယ်ဆိုရင် ဒီအဘိုးကြီးကို သတ်နိုင်ဖို့ မသေချာဘူး”
ထိုအချိန်မှာပင် အင်မော်တယ်ကျောက်တိုင်၏ စကားသံသည် ကျန်းချန်၏ စိတ်ထဲတွင် တိုက်ရိုက် မြည်ဟည်းလာခဲ့သည်။
အင်မော်တယ် ကျောက်တိုင်၏ စကားကိုကြားလျှင် ကျန်းချန်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
ကျွမ်းယွမ်စန်း၏ ခွန်အားသည် အမှန်တကယ်ပင် သူထင်ထားသည်ထက်ကို လုံးဝကျော်လွန်နေခဲ့သည်။
သူက ကျွမ်းယွမ်စန်းကို ကောင်းစွာ ယှဥ်နိုင်သော်လည်း သတ်ပစ်ရန်ကမူ ခက်ခဲနေခဲ့သည်။
အကယ်၍ ကျွမ်းယွမ်စန်းကိုသာ ယနေ့တွင် မရှင်းပစ်နိုင်ခဲ့လျှင် သူ၏ အထောက်အထားသည် ဖော်ထုတ်ခံရမည် ဖြစ်ပြီး ထိုအချိန်သို့ ရောက်လျှင် အခြေအနေသည် အလွန်တရာ ဆိုးရွားသွားနိုင်၏။
“မင်းရဲ့ လက်ရှိခွန်အားနဲ့ဆိုရင် အင်မော်တယ် ကျောက်တိုင်ရဲ့ စွမ်းအားအစစ်အမှန်ကို ထိန်းချုပ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ.. ဒါကြောင့် အင်မော်တယ်ကျောက်တိုင်ကို ထိန်းချုပ်နိုင်တဲ့ ပညာရပ်တစ်ခုကို ငါသင်ပေးမယ်”
အင်မော်တယ်ကျောက်တိုင်၏ စကားဆုံးသည်နှင့် ကျန်းချန်၏ စိတ်ထဲသို့ သတင်းအချက်အလက် တချို့ စီးဝင်လာခဲ့သည်။
“အင်မော်တယ် အကျဥ်းသားစွမ်းအား ဆိုပါလား”
ယင်းက အင်မော်တယ်ကျောက်တိုင်ကို ထိန်းချုပ်ရန်အတွက် သီးသန့်တီထွင်ထားသည့် အင်မော်တယ်ပညာရပ် တစ်ခု ဖြစ်သည်။
ဤအင်မော်တယ်ပညာရပ်သည် တိုက်ကွက်စစ်စစ် မဟုတ်၍ သူ၏ရှေ့မှ ကျွမ်းယွမ်စန်းကို သဘာဝကျစွာပင် သတ်ဖြတ်နိုင်မည် မဟုတ်ပေ။
သို့သော်လည်း ဤအင်မော်တယ်ပညာရပ်သည် အင်မော်တယ်ကျောက်တိုင်ကနေ အကျဥ်းသားစွမ်းအားကို ထုတ်ဖော်နိုင်ပြီး ထိုစွမ်းအားဖြင့် လူများကို အင်မော်တယ်ကျောက်တိုင်ထဲ၌ ဖမ်းဆီးထားနိုင်သည်။
အကယ်၍ အင်မော်တယ်ကျောက်တိုင်၏ အကျဥ်းသားစွမ်းအားကို အထွတ်အထိပ်အထိ အသုံးပြုနိုင်မည် ဆိုလျှင် စစ်မှန်သော အင်မော်တယ် တစ်ယောက်ကိုပင် အင်မော်တယ်ကျောက်တိုင် အတွင်း၌ အလွယ်တကူ အကျဥ်းချထားနိုင်စွမ်း ရှိ၏။
“မင်းရဲ့ လက်ရှိအခြေအနေနဲ့ ဆိုရင် အကျဥ်းသားစွမ်းအားကို သိပ်အများကြီး ထုတ်ဖော်နိုင်မှာ မဟုတ်ဘူး.. ဒါပေမဲ့ မင်းရှေ့က မဟာယာန အလယ်အလတ် အဆင့် ကျင့်ကြံသူကို အကျဥ်းချဖို့ အတွက်တော့ ပြဿနာ ကြီးကြီးမားမား မရှိလောက်ဘူး”
ထိုအချိန်တွင် အင်မော်တယ်ကျောက်တိုင်၏ စကားသံက ထပ်မံ၍ ထွက်ပေါ်လာခဲ့သည်။
“ကျေးဇူးတင်ပါတယ် စီနီယာ”
သူ၏ စိတ်ထဲမှ အင်မော်တယ် ပညာရပ်ကို ခံစားမိလျှင် ကျန်းချန်သည် အလွန်အမင်း ဝမ်းသာသွားခဲ့သည်။
အင်မော်တယ်ကျောက်တိုင်က ဤအချိန်တွင် သူ့ကို အကျဥ်းသားစွမ်းအားဟု အမည်ရသည့် အင်မော်တယ် ပညာရပ်ကို လွှဲပြောင်းပေးလိုက်ခြင်းသည် ဆီးနှင်းတောထဲတွင် မီးသွေး ပို့ပေးလိုက်သကဲ့သို့ပင်။
ကျွမ်းယွမ်စန်းကို သတ်ဖြတ်လိုက်သည်ထက် အင်မော်တယ်ကျောက်တိုင်ထဲတွင် အကျဥ်းချထားနိုင်မည် ဆိုလျှင် ယင်းသည် သူ့အတွက် ပို၍ အကျိုးရှိစေမည် ဖြစ်သည်။
အကယ်၍သာ ကျွမ်းယွမ်စန်းကို သတ်လိုက်မည်ဆိုလျှင် သူထွက်သွားသည်နှင့် ထိုက်ယီ အင်မော်တယ်ဂိုဏ်းသည် ကျွမ်းယွမ်စန်း ကျဆုံးသွားသည့် သတင်းကို ရရှိသွားနိုင်ပြီး ထိုကိစ္စကို စုံစမ်းရန် ပို၍ အစွမ်းထက်သည့် ပုဂ္ဂိုလ်တစ်ဦးကို စေလွှတ်နိုင်သည်။
သို့သော်လည်း ကျွမ်းယွမ်စန်းကို အကျဥ်းချထားလိုက်မည် ဆိုလျှင်မူ အချိန်တချို့ကို ဆွဲဆန့်ထားနိုင်ရုံတင်မက ထိုက်ယီ အင်မော်တယ်ဂိုဏ်းကိုလည်း ပို၍ ခန့်မှန်းရ ခက်သွားစေလိမ့်မည် ဖြစ်သည်။
“ကောင်လေး.. မင်းမှာ ဒီနည်းစနစ်ပဲ ရှိတယ် ဆိုရင်တော့ ငါ့လက်ထဲမှာ အသာတကြည် အဖမ်းခံလိုက်ပါ”
ကျန်းချန်က အင်မော်တယ်ကျောက်တိုင်ကို ထိန်းချုပ်သည့် ပညာရပ်ကို သင်ယူနေချိန်တွင် ကျွမ်းယွမ်စန်းက အေးစက်စက် ပြောလိုက်သည်။
သူက ကျန်းချန်နှင့် အချိန်ဖြုန်းရန် ရည်ရွယ်ချက် မရှိခဲ့ပေ။
ထိုခဏဝယ် သူ၏ ကျောဘက်ရှိ ဧရာမ အပြာရောင် လက်ဖဝါးကနေ အပြာရောင် မိုးကြိုးအလင်းသည် ကောင်းကင်ယံကို ချက်ချင်းပင် ထိုးတက်သွားခဲ့သည်။
ထို့နောက်တွင်မူ ကြောက်မက်ဖွယ်ရာကောင်းသော ကမ္ဘာဖျက် မိုးကြိုးအလင်းသည် ကျန်းချန်ထံ နောက်တစ်ကြိမ် သက်ရောက်လာခဲ့၏။
ကျွမ်းယွမ်စန်း ယခုတစ်ကြိမ် ထုတ်ဖော်လိုက်သည့် ကမ္ဘာဖျက် မိုးကြိုးအလင်းပေါ်ရှိ မိုးကြိုးအရှိန်အဝါသည် ယခင်ကထက်ပင် နှစ်ဆမက ပို၍ ကြောက်စရာ ကောင်းနေခဲ့၏။
အကယ်၍ မဟာယာန အဆင့်အောက်မှ ကျင့်ကြံသူ တစ်ယောက် ဆိုလျှင် ထိုမိုးကြိုးအလင်းကို အနည်းငယ် ထိရုံဖြင့်ပင် ချက်ချင်းဆိုသလို ပြာအဖြစ် ပြောင်းလဲသွားမည်ကို စိုးရိမ်ရ၏။
မဟာယာန အစောပိုင်းအဆင့် ပုဂ္ဂိုလ်တချို့သည်ပင် ဤကမ္ဘာဖျက် မိုးကြိုးအောက်တွင် အသက်ရှင်လျက် ကျန်ရစ်ခဲ့လျှင် ဒဏ်ရာ အပြင်းအထန် ရရှိသွားမည်မှာ သေချာ၏။
ကျန်းချန်က ခေါင်းမော့လိုက်ပြီး လေထုထဲရှိ ကြောက်မက်ဖွယ်ရာကောင်းသော ကမ္ဘာဖျက်မိုးကြိုးအလင်းကို ကြည့်လိုက်သည်။
ထို့နောက်တွင် သူက အုပ်စိုးသူစွမ်းအားများကို အင်မော်တယ်ကျောက်တိုင်ထဲ ရူးသွပ်စွာ ပို့လွှတ်လိုက်၏။
ကျန်းချန်က လျှို့ဝှက်ဆန်းကြယ်သော လက်ဟန်တချို့ကို အဆက်မပြတ် ပြုလုပ်နေခဲ့သည်။
နောက်ထပ် တစ်ခဏတွင် သူ့ရှေ့မှ အင်မော်တယ်ကျောက်တိုင်သည် ရုတ်တရက် ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့ပြီး အဆုံးသတ်တွင် ကောင်းကင်နှင့် မြေကြီးကိုပင် ဖိနှိပ်နိုင်လောက်သည့် နတ်ဘုရားကျောက်တိုင် တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
“အကျဥ်းသားစွမ်းအား.. စုစည်းစမ်း”
ကျန်းချန်က လက်နှစ်ဖက်ကို ပူးကပ်ကာ အော်ဟစ်လိုက်သည်။
ဤအချိန်တွင် လေထုထဲရှိ နတ်ဘုရားကျောက်တိုင်သည် အဆက်မပြတ် လည်ပတ်နေခဲ့၏။
အင်မော်တယ်ကျောက်တိုင်၏ အဆက်မပြတ် လည်ပတ်မှုနှင့်အတူ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုသည် အင်မော်တယ်ကျောက်တိုင်ထဲကနေ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့ပြီး ကျန်းချန် ဆီသို့ သက်ရောက်လာသည့် ကမ္ဘာဖျက်မိုးကြိုးအလင်းကို ချက်ချင်းဆိုသလိုပင် ဆယ်ဆခန့် နှေးကွေးသွားစေခဲ့သည်။
အဆက်မပြတ် လည်ပတ်နေသည့် အင်မော်တယ်ကျောက်တိုင်၏ အရှိန်အဟုန်က ပိုမို မြန်ဆန်လာသည်နှင့်အမျှ ကမ္ဘာဖျက်မိုးကြိုးအလင်းနှင့် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်များသည် အရာအားလုံးကို ရပ်တန့်သွားစေနိုင်သည့် မှော်အတတ် တစ်မျိုး၏ ပြုစားခြင်းကို ခံလိုက်ရသကဲ့သို့ လုံးဝ တောင့်တင်းသွားခဲ့သည်။
အဆုံးသတ်တွင် အင်မော်တယ်ကျောက်တိုင်ပေါ်ရှိ အလင်းများသည် တောက်ပလာခဲ့ပြီး ကြောက်မက်ဖွယ်ရာကောင်းသော စုပ်ယူမှု စွမ်းအားတစ်ခု ထွက်ပေါ်လာခဲ့၏။
ထိုအခိုက်အတန့်တွင် ကျွမ်းယွမ်စန်းသည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ထိန်းချုပ်၍ မရတော့မှန်း ခံစားလိုက်ရသည်။
စုပ်ယူမှု စွမ်းအား၏ သက်ရောက်မှုကြောင့် ကျွမ်းယွမ်စန်းသည် အင်မော်တယ်ကျောက်တိုင်နှင့် တဖြည်းဖြည်း နီးကပ်လာခဲ့သည်။
“ဒါ ဒါက ဘယ်လိုစွမ်းအားမျိုးလဲဟ”
ကျွမ်းယွမ်စန်းက အလွန်အမင်း ထိတ်လန့်သွားခဲ့ပြီး ထိုစွမ်းအားကို ခုခံရန်အတွက် သူ၏ စွမ်းအားများကို အလျင်အမြန်ပင် ထုတ်ဖော်လိုက်သည်။
သို့သော်လည်း ဤလျှို့ဝှက်ဆန်းကြယ်သော စွမ်းအားအောက်တွင် မဟာယာန အလယ်အလတ် အဆင့်ရှိ ကျွမ်းယွမ်စန်း ပင်လျှင် စိတ်ထဲတွင် အားနည်းသွားသလို မခံစားဘဲ မနေနိုင်ခဲ့ပေ။
သူ၏ ကျောဘက်ရှိ ဧရာမလက်ဖဝါးသည် ထိုအချိန်တွင် ပြိုလဲသွားခဲ့ပြီး သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် နတ်ဘုရားကျောက်တိုင် ဆီသို့ မရည်ရွယ်ဘဲ ပျံသန်းသွားခဲ့သည်။
“မသတ်ပါနဲ့”
ကျွမ်းယွမ်စန်း၏ မျက်နှာထက်တွင် မျှော်လင့်ချက်ကင်းမဲ့ပြီး ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
သို့သော်လည်း သူ၏ နှုတ်ကနေ စကားသံ မထွက်လာခင်မှာပင် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် အင်မော်တယ် ကျောက်တိုင် ထဲသို့ ဝါးမျိုခြင်း ခံလိုက်ရ၏။
“ဖူး..”
ကျွမ်းယွမ်စန်းက အင်မော်တယ် ကျောက်တိုင်ထဲ ဝါးမျိုခံလိုက်ရသည့် အခိုက်အတန့်မှာပင် ကျန်းချန်၏ မျက်နှာသည် အလွန်အမင်း ဖြူဖျော့သွားခဲ့ပြီး ပါးစပ်ကနေ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်။
ထိုအချိန်တွင် ဟင်းလင်းပြင်ထဲမှ အင်မော်တယ်ကျောက်တိုင်သည် သုံးပေအရွယ် ကျောက်တိုင် အဖြစ်သို့ ပြောင်းလဲကာ ကျန်းချန်၏ လက်ဖဝါး ထဲကို ပြန်ကျလာခဲ့သည်။
“အကျဥ်းသားစွမ်းအားက တကယ်ကို အသုံးပြုရ မလွယ်ကူပါလား”
ကျန်းချန်က သူ၏ လက်ဖြင့် နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်လိုက်ပြီး စိတ်ထဲကနေ ခါးသီးစွာ ပြုံးလိုက်သည်။
“ကောင်လေး.. မင်းရဲ့ လက်ရှိခွန်အားနဲ့ဆိုရင် မဟာယာန အလယ်အလတ် အဆင့် ဖြစ်တဲ့ ကျွမ်းယွမ်စန်းကို အကျဥ်းချနိုင်တာက မင်းရဲ့အကန့်အသတ်ပဲ..ညမင်းအနေနဲ့ မဟာယာန နှောင်းပိုင်းအဆင့် ကျင့်ကြံသူနဲ့ ရင်ဆိုင်ရရင်တော့ အကျဥ်းချဖို့ လွယ်မှာမဟုတ်ဘူး.. ကံကောင်းပြီး အောင်မြင်ခဲ့ရင်တောင် ပေးဆပ်ရမဲ့ အဖိုးအခက အခုထက် ဆယ်ဆလောက် ပိုကြီးသွားနိုင်တယ်”
အင်မော်တယ်ကျောက်တိုင်က အေးစက်စက် ပြောလိုက်သည်။
ကျန်းချန်က ခေါင်းခါရမ်းလိုက်၏။
အင်မော်တယ်ကျောက်တိုင်၏ အကျဥ်းသားစွမ်းအားကို သူ၏ လက်ရှိခွန်အားဖြင့် ဆိုလျှင် အလွယ်တကူ ထုတ်ဖော်၍ မရနိုင်သည်မှာ ထင်ရှားနေခဲ့သည်။
အခြေအနေအရ သူတတ်မြောက်ထားသော အကျဥ်းသားစွမ်းအားသည် သူ၏ ဝှက်ဖဲတစ်ခု ဖြစ်လာနိုင်ပေသည်။
[ဒီနေရာမှာ အချိန်အကြာကြီးနေဖို့ မသင့်တော်ဘူး...ဒီကနေ မြန်မြန်ထွက်သွားမှဖြစ်မယ်]
ကျွမ်းယွမ်စန်းနှင့်တိုက်ပွဲတွင် သူသည် အစွမ်းကုန် ကြိုးစားကာ ရင်ဆိုင်ခဲ့ရပြီး အဆုံးသတ်တွင် အင်မော်တယ်ကျောက်တိုင်၏ အကျဥ်းသားစွမ်းအားကို အသုံးပြုကာ အင်မော်တယ်ကျောက်တိုင်ထဲ၌ ကျွမ်းယွမ်စန်းကို အကျဥ်းချနိုင်ခဲ့သည်။
သူ၏ လက်ရှိအခြေအနေဖြင့် ဆိုလျှင် မဟာယာနအဆင့်ကျင့်ကြံသူများနှင့် ထပ်မံ ရင်ဆိုင်ရန်မှာ မဖြစ်နိုင်တော့ပေ။
အကယ်၍ ထိုက်ယီအင်မော်တယ်ဂိုဏ်းတွင် နောက်ထပ် မဟာယာနအဆင့် ကျင့်ကြံသူ တစ်ယောက် ရှိနေမည်ဆိုလျှင် နောက်ဆက်တွဲ အကျိုးရလဒ်သည် စိတ်ကူးကြည့်၍ပင် ရနိုင်မည် မဟုတ်ပေ။
ကျန်းချန်က သူ၏ခန္ဓာကိုယ်ထဲမှ မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်သည်။
ထို့နောက်တွင် သူ၏ ခန္ဓာကိုယ်သည် အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်ယံထဲသို့ တိုးဝင်ကာ ပျောက်ကွယ်သွားခဲ့သည်။
အခန်း(၂၅၅၃)ပြီး၏။
အခန်း(၂၅၅၄)
ထိုက်ယီအင်မော်တယ်ဂိုဏ်းသည် သူတော်စင်နယ်မြေရှိ ခန်းမတစ်ခုထဲတွင် အပြာရောင်ဝတ်စုံဝတ် အဘိုးအိုတစ်ဦးသည် တင်ပျဥ်ခွေ၍ ထိုင်နေခဲ့သည်။
အကယ်၍ ကျန်းချန်သာ ဤနေရာတွင် ပေါ်လာခဲ့လျှင် အံ့အားသင့်သွားလိမ့်မည်ဖြစ်၏။
အကြောင်းအရင်းမှာ ဤအပြာရောင်ဝတ်စုံဝတ် အဘိုးအိုသည် သူကိုယ်တိုင် အင်မော်တယ်ကျောက်တိုင်ထဲတွင် အကျဥ်းချထားခဲ့သည့် ကျွမ်းယွမ်စန်းနှင့် တစ်ပုံစံတည်း တူညီနေသောကြောင့်ပင်။
ခန်းမအလယ်တွင် အပြာရောင်ဝတ်စုံဝတ်အဘိုးအို တိတ်ဆိတ်စွာ ထိုင်နေသည်မှာ အချိန်မည်မျှ ကြာသွားမှန်းပင် မသိရပေ။
မကြာမီမှာပင် အပြာရောင်ဝတ်စုံဝတ်အဘိုးအိုသည် သူ၏ အိုမင်းသော မျက်ဝန်းများကို ရုတ်တရက် ဖွင့်လိုက်သည်။
“ငါနဲ့ မူလခန္ဓာကိုယ်ရဲ့ကြားက အာရုံခံနိုင်စွမ်းက ဘာလို့ ရုတ်တရက် ပြတ်တောက်သွားရတာလဲ”
အပြာရောင်ဝတ်စုံဝတ် အဘိုးအိုက မျက်မှောင်ခပ်တင်းတင်းကြုတ်သွားခဲ့သည်။
ဤအပြာရောင်ဝတ်စုံဝတ်အဘိုးအိုသည် ကျွမ်းယွမ်စန်း ကိုယ်ပွားတစ်ခုသာ ဖြစ်သည်။
သို့သော်လည်း ကျွမ်းယွမ်စန်း၏ ကိုယ်ပွားသည် လျှို့ဝှက်နည်းစနစ်ဖြင့် ကျင့်ကြံထားသည့် ပြင်ပကိုယ်ပွားတစ်ခု ဖြစ်ပြီး မူလခန္ဓာကိုယ်နှင့် သီးခြားလွတ်လပ်သော အသိစိတ် ရှိ၏။
ထို့ကြောင့် ဤပြင်ပကိုယ်ပွားသည် မူလခန္ဓာကိုယ်နှင့် ဆက်နွှယ်မှုအချို့ ရှိသော်လည်း အတိအကျ မည်ကဲ့သို့ ဖြစ်ပျက်ခဲ့သည်ကို ရှင်းရှင်းလင်းလင်း မသိနိုင်ပေ။
သို့သော်လည်း သူအသေအချာ သိနိုင်သည့်အချက် တစ်ခုမှာ သူ၏ မူလခန္ဓာကိုယ်က တစ်စုံတစ်ရာ ဖြစ်ပျက်နေပြီ ဟူသော အချက်ပင်။
သူက တုံ့ဆိုင်းမနေတော့ဘဲ မျက်စိတစ်မှိတ်အတွင်းမှာပင် နေရာမှ ပျောက်ကွယ်သွားခဲ့သည်။
နောက်ထပ် တစ်ခဏတွင် သူက ကူကျန့်ကျွင်း၏ ရှေ့တွင် ပေါ်လာခဲ့၏။
သူ့ရှေ့တွင် ပေါ်လာသော ကျွမ်းယွမ်စန်းကို ကြည့်ရင်း ကူကျန့်ကျွင်း အံ့အားသင့်သွားခဲ့သည်။
“အကြီးအကဲကျွမ်း.. ခင်ဗျားက ဘာလို့ ဒီပြင်ပကိုယ်ပွားကို အသုံးပြုပြီး ငါ့ဆီ လာတွေ့ရတာလဲ.. မင်းရဲ့ မူလခန္ဓာကိုယ်မှာ တစ်ခုခု ဖြစ်နေလို့လား”
ကျွမ်းယွမ်စန်းက ခေါင်းညိတ်လိုက်ပြီး လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
“သိပ်မကြာခင်ကပဲ ငါနဲ့ မူလခန္ဓာကိုယ်ကြားက အာရုံခံနိုင်စွမ်း ရုတ်တရက် ပျောက်ကွယ်သွားခဲ့တယ်”
“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ကူကျန့်ကျွင်း၏ မျက်နှာထက်တွင် မယုံကြည်နိုင်သော အမူအရာ တစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။
ကျွမ်းယွမ်စန်းက အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ ပြောလိုက်သည်။
“ဂိုဏ်းချုပ်.. ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါ့အနေနဲ့ လိမ်ပြောစရာမလိုပါဘူး.. တကယ်ပဲ မူလခန္ဓာကိုယ်ရဲ့ တည်ရှိမှုကို အာရုံခံလို့မရတော့တာပါ”
ထိုစကားကိုကြားလျှင် ကူကျန့်ကျွင်း၏ မျက်ဝန်းများ အနည်းငယ် လင်းလက်သွားခဲ့သည်။
ကျွမ်းယွမ်စန်း၏ ပြင်ပကိုယ်ပွားသည် ထိုက်ယီ အင်မော်တယ်ဂိုဏ်း၏ လျှို့ဝှက်နည်းစနစ်ကို အသုံးပြု၍ ကျင့်ကြံထားခြင်း ဖြစ်သည်။
ထို့ကြောင့် ကူကျန့်ကျွင်းသည် ထိုလျှို့ဝှက်နည်းစနစ်ကို အသုံးပြု၍ ဖန်တီးထားသည့် ကိုယ်ပွားကို သဘာဝကျစွာပင် နားလည်ထားခဲ့သည်။
သာမန် အခြေအနေတွင် ပြင်ပကိုယ်ပွားနှင့် မူလခန္ဓာကိုယ်ကြားရှိ ဆက်သွယ်မှုကို အလွယ်တကူ ဖြတ်တောက်၍ မရနိုင်ပေ။
အကယ်၍ ကျွမ်းယွမ်စန်း၏ ပြင်ပကိုယ်ပွားသာ မူလခန္ဓာကိုယ်နှင့် ဆက်သွယ်မှု ပြတ်တောက်သွားခဲ့သည် ဆိုလျှင် ဖြစ်နိုင်ခြေ နှစ်ခုသာ ရှိ၏။
ပထမ ဖြစ်နိုင်ခြေမှာ ကျွမ်းယွမ်စန်း၏ မူလခန္ဓာကိုယ် ကျဆုံးသွားခြင်း ဖြစ်သည်။
သို့သော်လည်း ထိုက်ယီအင်မော်တယ်ဂိုဏ်းရှိ ကျွမ်းယွမ်စန်း၏ ဝိညာဥ်ကမ္ပည်းတိုင်သည် တစ်စုံတစ်ရာ ပျက်စီးမှုမရှိသေးပေ။
ယင်းမှာ ကျွမ်းယွမ်စန်း ကျဆုံးခြင်းမရှိသေးကြောင်း သက်သေပြရန် လုံလောက်၏။
ကျွမ်းယွမ်စန်း ကျဆုံးခြင်းမရှိသေးသည့် အတွက် အခြား ဖြစ်နိုင်ခြေ တစ်ခုသာ ကျန်တော့သည်။
ယင်းမှာ ကျွမ်းယွမ်စန်းသည် လက်ရှိအချိန်တွင် ပြင်ပကိုယ်ပွားနှင့် မူလခန္ဓာကိုယ် သီးခြားခွဲထုတ်ထားနိုင်သည့် နေရာတစ်ခုတွင် ရှိနေခြင်းပင်။
ထိုအချက်ကို တွေးမိသည်နှင့် ကူကျန့်ကျွင်းသည် ကျွမ်းယွမ်စန်းကို ကြည့်ကာ ပြောလိုက်သည်။
“ကြည့်ရတာ မင်းရဲ့ မူလခန္ဓာကိုယ်က ထျန်းယွိ အမွေအနှစ်နယ်မြေထဲကို ဝင်ရောက်သွားခဲ့လို့များလား”
“ဒါလည်း ဖြစ်နိုင်ပါတယ် ဂိုဏ်းချုပ်”
ကျွမ်းယွမ်စန်းက အနည်းငယ် စဥ်းစားပြီးမျှ ပြောလိုက်သည်။
ထျန်းယွိဆိုသည်မှာ အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ၏ ဒဏ္ဍာရီထဲတွင် နောက်ဆုံး အင်မော်တယ်တစ်ဦး ဖြစ်သည်။
အင်မော်တယ် တစ်ဦး၏ အမွေအနှစ်နယ်မြေသည် သူ၏ ပြင်ပကိုယ်ပွားနှင့် မူလခန္ဓာကိုယ်ကို သီးခြားစီ ခွဲထုတ်ထားရန် ဖြစ်နိုင်ခြေ အတော်လေး ရှိ၏။
ကူကျန့်ကျွင်းက ခဏမျှ မျက်လုံးများ မှိတ်ထားလိုက်ပြီးနောက်တွင် မျက်လုံးကို ပြန်ဖွင့်ကာ ပြောလိုက်သည်။
“အခြေအနေကို အမြန်ဆုံး စုံစမ်းစစ်ဆေးဖို့ ငါအမိန့်ပေးထားပြီးပြီ.. မကြာခင် သတင်းရလာမှာပါ”
ကျွမ်းယွမ်စန်းက ခေါင်းညိတ်ပြလိုက်ပြီး ဘာစကားမျှ ထပ်မပြောတော့ပေ။
သူတို့နှစ်ဦးသည် ခန်းမထဲတွင် တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့ကြသည်။
အချိန်မည်မျှကြာသွားမှန်းပင် မသိရပေ။
အဆုံးသတ်တွင် သတင်းတချို့ကို ရရှိခဲ့ပြီး ကူကျန့်ကျွင်း၏ မျက်နှာက ရုတ်တရက် အလွန်အမင်း သုန်မှုန်သွားခဲ့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် ကျွမ်းယွမ်စန်း အလျင်အမြန်ပင် မေးလိုက်သည်။
“ဂိုဏ်းချုပ် သတင်းရပြီလား”
ကူကျန့်ကျွင်းက လေးနက်စွာ ပြောလိုက်သည်။၊
“ငါအခုလေးတင် ရထားတဲ့ သတင်းအရဆိုရင် ထျန်းယွိအမွေအနှစ် နယ်မြေရဲ့ အပြင်ဘက်မှာ မဟာယာနအဆင့်တိုက်ပွဲတစ်ပွဲ ဖြစ်ပွားခဲ့တဲ့ပုံပဲ.. တိုက်ပွဲဖြစ်ခဲ့တဲ့ တစ်ယောက်က မင်းရဲ့ မူလခန္ဓာကိုယ် ဖြစ်ဖို့များတယ်”
ကျွမ်းယွမ်စန်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ဒါဆို မူလခန္ဓာကိုယ်နဲ့ ပတ်သက်တဲ့ သတင်းရော ရပြီလား ဂိုဏ်းချုပ်”
“မရသေးဘူး”
ကူကျန့်ကျွင်းက ခေါင်းခါရမ်းကာ ပြောလိုက်သည်။
“ထျန်းယွိ အမွေအနှစ်နယ်မြေရဲ့ ပတ်ဝန်းကျင်မှာ မင်းကို မတွေ့ရဘူး.. ဒါ့အပြင် အမွေအနှစ်နယ်မြေက ဘာအပြောင်းအလဲမှ မရှိသေးတဲ့ အတွက် မဟာယာနအဆင့်ကျင့်ကြံသူတွေ အထဲကို ဝင်ဖို့ ဆိုတာ အရင်လို ခက်ခဲနေဆဲပဲ”
ထိုစကားကို ကြားလျှင် ကျွမ်းယွမ်စန်း၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“ဒါဆို ငါ့ရဲ့ မူလခန္ဓာကိုယ်က ဘယ်ကို ရောက်သွားတာများလဲ”
သူ၏ မူလခန္ဓာကိုယ်သည် ထျန်းယွိ အမွေအနှစ်နယ်မြေ ထဲသို့ မဝင်ရောက်ခဲ့ဘဲ အသက်ရှင်နေဆဲဖြစ်နေခဲ့လျှင် ဤပြင်ပကိုယ်ပွား အနေဖြင့် မူလခန္ဓာကိုယ်၏ တည်ရှိမှုကို အာရုံမခံနိုင်စရာ အကြောင်းရင်း လုံးဝမရှိပေ။
“ဒီကိစ္စက တကယ်ကို ထူးဆန်းနေတယ်”
ကူကျန့်ကျွင်းက အေးစက်စက် ပြောလိုက်သည်။
“မင်းအရင်ပြန်သွားနှင့်လိုက်ပါ.. ဒီကိစ္စကို အသေအချာ စုံစမ်းစစ်ဆေးဖို့ ငါ အမိန့်ပေးထားပြီးပြီ.. မင်းရဲ့ မူလခန္ဓာကိုယ်က အကြောင်းမဲ့ ပျောက်ကွယ်သွားလိမ့်မယ်လို့ ငါမယုံဘူး ငါတို့ ထိုက်ယီ အင်မော်တယ်ဂိုဏ်းအနေနဲ့ သဲလွန်စ ရှာမတွေ့နိုင်စရာ ဘာအကြောင်းမှ မရှိဘူး”
ကျွမ်းယွမ်စန်းက ခေါင်းညိတ်လိုက်သည်။
သူ၏ ပြင်ပကိုယ်ပွားသည် ကျင့်ကြံခဲ့သည်မှာ အချိန်အကြာကြီး မရှိသေးပေ။
သိပ်မကြာသေးခင်ကမှ ကပ်ဘေးအဆင့်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်၏။
ထို့ကြောင့် ယခုလို မူလခန္ဓာကိုယ်နှင့် အဆက်အသွယ် ပြတ်တောက်သွားသည့် အချိန်တွင် သူ့အနေဖြင့် အကူအညီ များများစားစား မပေးနိုင်ခဲ့ပေ။
သူက ကူကျန့်ကျွင်းကို ဂါဝရပြုလိုက်ပြီးနောက်တွင် သူ၏ ပြင်ပကိုယ်ပွားသည် ကူကျန့်ကျွင်း၏ ရှေ့ရှိ လေထုထဲတွင် တိုက်ရိုက် ပျောက်ကွယ်သွားခဲ့သည်။
“အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှာ ထူးဆန်းတဲ့ဖြစ်စဥ်တွေ တစ်ခုပြီး တစ်ခု ဖြစ်ပျက်နေတာပဲ”
ကျွမ်းယွမ်စန်း ပျောက်ကွယ်သွားသည့် နေရာကို ငေးကြည့်ရင်း ကူကျန့်ကျွင်းသည် တီးတိုး ရေရွတ်လိုက်သည်။
ထိုက်ယီအင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ဦး အနေဖြင့် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် ဖြစ်ပျက်ခဲ့သော အဓိက အဖြစ်အပျက် တချို့သည် သူ၏ မျက်စိအောက်မှလွတ်ကင်းရန် သဘာဝကျစွာပင် ခက်ခဲသည်။
အထူးသဖြင့် မကြာသေးခင်က ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ကူကျန့်ကျွင်း ကောင်းစွာ သိထားခဲ့သည်။
မကြာသေးမီ ကာလအတွင်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲမှ သွေးနတ်ဆိုးဂိုဏ်းသည် အပြင်းအထန် ထိခိုက်မှုများကို ကြုံတွေ့ခဲ့ရပြီး သွေးနတ်ဆိုးဂိုဏ်း၏ လက်ယာကိုယ်ရံတော် ရွှယ်ကျိုးမင် ပင်လျှင် ကျဆုံးသွားခဲ့ရ၏။
ထို့အပြင် ကျိုလီအင်မော်တယ်ဂိုဏ်းမှ လီထျန်းယွမ်ကလည်း ကျဆုံးသွားခဲ့ပြီ ဖြစ်သည်။
ယခုအခါတွင် သူတို့ ထိုက်ယီအင်မော်တယ်ဂိုဏ်းတွင်လည်း မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင်ဖြစ်သော ကူချင်းယွမ် ကျဆုံးသွားခဲ့ပြီ ဖြစ်ပြီး မဟာယာန အလယ်အလတ်အဆင့် ကျွမ်းယွမ်စန်း ပင်လျှင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာထဲကနေ ရုတ်တရက် အငွေ့ပျံပျောက်ကွယ်သွားသကဲ့သို့ ဘာသတင်းမှ စုံစမ်း၍ မရတော့ပေ။
မဟာယာနအဆင့် ကျင့်ကြံသူ တစ်ဦးချင်းစီတိုင်းသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် အထွတ်အထိပ်၌ ရပ်တည်နိုင်သော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။
အထူး အခြေအနေတချို့ မရှိသရွေ့ ထိပ်တန်းအင်မော်တယ်ဂိုဏ်းကြီးများမှ မဟာယာနအဆင့် ကျင့်ကြံသူများသည် ပြဿနာ ဖြစ်ခဲ့လျှင်ပင် ကြီးမားသော အဖိုးအခကို ရင်းနှီးပြီး အပြင်းအထန် တိုက်ပွဲဝင်ကြမည် မဟုတ်ပေ။
ထို့ကြောင့်ပင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းတွင် မဟာယာနအဆင့် ကျင့်ကြံသူများ ကျဆုံးခြင်းမှာ အလွန်တရာပင် ရှားပါး၏။
သို့သော် ယခုအခါတွင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၌ မဟာယာနအဆင့် ကျင့်ကြံသူနှစ်ဦး ဆက်တိုက်ဆိုသလို ကျဆုံးသွားခဲ့ပြီး မဟာယာန အလယ်အလတ် အဆင့် ကျင့်ကြံသူ တစ်ဦးသည်လည်း ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့သည်။
ဤကိစ္စ၏ နောက်ကွယ်တွင် အရာအားလုံးကို ထိန်းချုပ်နေသည့် လက်တစ်စုံ ရှိနေမည်ဟု ကူကျန့်ကျွင်း မရေမရာ ခံစားမိခဲ့သည်။
ယခု ဖြစ်ပျက်နေသော ကိစ္စများကို ထောက်ရှု၍ လွန်ခဲ့သော နှစ်များက တွက်ချက်ခဲ့သည့် ဟောကိန်းကို ကူကျန့်ကျွင်း အမှတ်ရလိုက်သည်။
ယခု ဖြစ်ပျက်နေသော ကိစ္စများသည် ထိုက်ယီ အင်မော်တယ်ဂိုဏ်းတွင် တစ်စုံတစ်ရာသော ကပ်ဘေးကြီး ကျရောက်တော့မည် ဖြစ်ကြောင်း ညွှန်ပြနေပုံ ရ၏။
သို့သော်လည်း ထိုက်ယီ အင်မော်တယ်ဂိုဏ်းသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာရှိ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီးများထဲမှ တစ်ဂိုဏ်း ဖြစ်သည်။
ဆိုရလျှင် ထိုက်ယီ အင်မော်တယ်ဂိုဏ်းသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ အထွတ်အထိပ်တွင် နှစ်ပေါင်းများစွာ ရပ်တည်နိုင်ခဲ့သော ဂိုဏ်းလည်း ဖြစ်၏။
အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာထဲရှိ မည်သည့်အရာက ထိုက်ယီ အင်မော်တယ်ဂိုဏ်းအား အန္တရာယ်ပေးနိုင်မလဲ ဆိုသည်ကို ကူကျန့်ကျွင်းသည် စဥ်းစား၍ မရနိုင်အောင် ဖြစ်နေခဲ့၏။
ဖြစ်နိုင်ခြေ တစ်ခုမှာ ထိုက်ယီ အင်မော်တယ်ဂိုဏ်း၏ ကပ်ဘေးသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကနေ လာခြင်း မဟုတ်ဘဲ ပြင်ပစကြဝဠာမှ လာခြင်းလည်း ဖြစ်နိုင်ပေသည်။
အခန်း(၂၅၅၄)ပြီး၏။