← Chapters

အခန်း (၂၅၅၅-၂၅၅၆)

Vol. 196 Ch. 2555-2556

အခန်း (၂၅၅၅-၂၅၅၆)

Vol. 196 Ch. 2555-2556

အခန်း(၂၅၅၅)

ကျန်းချန်က ကျွမ်းယွမ်စန်းကို အကျဥ်းချရန် အကျဥ်းသားစွမ်အားကို အသုံးပြုပြီးနောက်တွင် ထျန်းယွိ အမွေအနှစ်တည်ရှိရာ နေရာကနေ အလျင်အမြန် ထွက်ခွာလာခဲ့သည်။

သူက ထိုက်ယီ ကောင်းကင်နယ်မြေကနေ ထွက်ခွာလာပြီးနောက်တွင် ကျင့်ကြံရန်အတွက် နေရာတစ်ခုကို ရှာဖွေခဲ့သည်။

မည်သို့ပင် ဆိုစေကာမူ ကျွမ်းယွမ်စန်းနှင့် တိုက်ပွဲတွင် ကျန်းချန်သည် စွမ်းအား အလွန်အမင်း သုံးစွဲခဲ့ရ၏။

အထူးသဖြင့် အင်မော်တယ်ကျောက်တိုင် ထဲတွင် ကျွမ်းယွမ်စန်းကို ချုပ်နှောင်ရန် အကျဥ်းသားစွမ်းအားကို အဆုံးသတ်၌ စုစည်းလိုက်ခြင်းကြောင့် နောက်ဆက်တွဲ တုံ့ပြန်မှု အချို့ကို ခံစားခဲ့ရသည်။

ထို့ကြောင့် သူက အထွတ်အထိပ် အခြေအနေသို့ ပြန်လည်ရောက်ရှိရန် ပြန်လည် ကျင့်ကြံရဦးမည် ဖြစ်သည်။

သူ၏ လက်ရှိ အခြေအနေအရ ကျွမ်းယွမ်စန်း ကဲ့သို့ မဟာယာနအဆင့် ကျင့်ကြံသူနှင့် ထပ်မံ တွေ့ဆုံလျှင် အလွန်အန္တရာယ်များပေလိမ့်မည် မဟုတ်ပါလား။

ရက်အနည်းကြာ ပုန်းအောင်း၍ တိတ်တဆိတ် ကျင့်ကြံပြီးနောက်တွင် ကျန်းချန်သည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ နောက်ဆက်တွဲ တုံ့ပြန်မှုများကို ဖယ်ရှားနိုင်ခဲ့ပြီး အထွတ်အထိပ် အခြေအနေသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

ထို့နောက်တွင် ကျန်းချန်သည် အင်မော်တယ် ခရစ္စတယ်အပိုင်းအစ ပါဝင်သော ကြေးနီပြားကို ထုတ်ယူလိုက်ပြီး အင်မော်တယ်ကျောက်တိုင်ကို ၎င်း၏ မူလပုံစံအတိုင်း ပြန်လည်လုပ်ဆောင်လိုက်ကာ တိုက်ရိုက်ပင် ဝါးမျိုလိုက်သည်။

ဤအင်မော်တယ် ခရစ္စတယ် အပိုင်းအစသည် ကျန်းချန် ယခင်က ရရှိခဲ့ဖူးသည့် အင်မော်တယ် ခရစ္စတယ် အပိုင်းအစထက် ပိုမို ကြီးမား၏။

အကယ်၍ သူက ဤအင်မော်တယ် ခရစ္စတယ် အပိုင်းအစ၏ စွမ်းအားကို အပြည့်အဝ စုပ်ယူနိုင်မည် ဆိုလျှင် သူ၏ ခွန်အားကို နောက်အဆင့်သို့ သေချာပေါက် မြှင့်တင်နိုင်လိမ့်မည် ဖြစ်သည်။

"စီနီယာ.. ကျွန်တော့်ကို သိမ်းထားခိုင်းတဲ့ ဒီကျောက်တုံးက ဘာလဲ"

အင်မော်တယ် ခရစ္စတယ် အပိုင်းအစကို ဝါးမျိုပြီးနောက်တွင် ကျန်းချန်သည် ရောင်စုံကျောက်တုံးနှင့် ပတ်သက်၍ အင်မော်တယ်ကျောက်တိုင်ကို စူးစမ်းစွာ မေးလိုက်သည်။

"ဒါက အရမ်းအံ့ဩဖို့ကောင်းတဲ့ ရတနာတစ်ခုပဲ.. ဒီစကြဝဠာမှာ ဒီလို ရတနာ ရှိနေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး.. ဒါပေမဲ့ ဒါက အပိုင်းအစတစ်ခုပဲ ဖြစ်တဲ့အတွက် စွမ်းအားကတော့ အကန့်အသတ်ရှိတယ်.. တစ်နေ့နေ့မှာ မင်းအနေနဲ့ ဒီအရာကို မူလပုံစံအတိုင်း ပြန်လည် ဖော်ဆောင်နိုင်မယ်ဆိုရင် ဒီအရာက ဘယ်လောာက်တောင် ကြောက်ဖို့ကောင်းလဲ ဆိုတာ မင်းသိလာလိမ့်မယ်"

အင်မော်တယ်ကျောက်တိုင်၏ လေးနက်သော စကားသံသည် ကျန်းချန်၏ စိတ်ထဲတွင် တိုက်ရိုက် မြည်ဟည်းလာခဲ့သည်။

ထိုစကားကိုကြားလျှင် ကျန်းချန်သည် မှင်တက်သွားခဲ့သည်။

အင်မော်တယ် ကျောက်တိုင်၏ ဝိညာဥ်က မည်မျှ မာနကြီးမှန်း ကျန်းချန် ကောင်းစွာ သိထားခဲ့၏။

သူ ရရှိထားသော အင်မော်တယ် ခရစ္စတယ် အပိုင်းအစကိုပင် အင်မော်တယ်ကျောက်တိုင်၏ ဝိညာဥ်သည် အလေးအနက် မထားခဲ့ပေ။

သို့သော်လည်း ရောင်စုံကျောက်တုံးနှင့် ပတ်သက်၍မူ အင်မော်တယ်ကျောက်တိုင်၏ သဘောထားသည် အလွန်ပင် လေးနက်နေခဲ့၏။

အင်မော်တယ်ကျောက်တိုင် ထွက်ပေါ်လာကတည်းကပင် ကျန်းချန်သည် ထိုကဲ့သို့ အသံနေ အသံထားဖြင့် လေးနက်စွာ စကား ပြောဆိုသည်ကို ဤတစ်ခေါက်တွင် ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။

ဤသည်ကို ကြည့်ခြင်းအားဖြင့် ရောင်စုံကျောက်တုံး၏ မူလအစသည် သူထင်ထားသည်ထက်ပင် ပို၍ ထူးခြားနိုင်ဖွယ်ရှိ၏။

ကျန်းချန်က ခေါင်းကို ခါရမ်းလိုက်ပြီး ရောင်စုံကျောက်တုံးကို ပြန်လည် သိမ်းဆည်းလိုက်ကာ စူးစမ်းစွာ မေးလိုက်သည်။

"စီနီယာ.. အဲဒီလူ ကျွမ်းယွမ်စန်း အခု ဘယ်လိုအခြေအနေရှိလဲ"

အင်မော်တယ်ကျောက်တိုင်၏ ဝိညာဥ်က အေးစက်စက် ပြောလိုက်သည်။

"မင်းက သူ့ကို အကျဥ်းသားစွမ်းအားနဲ့ အင်မော်တယ်ကျောက်တိုင်ထဲမှာ ထည့်လိုက်တဲ့အတွက် အခု မင်းရဲ့စိတ်နဲ့ အင်မော်တယ်ကျောက်တိုင်က ဆက်သွယ်လို့ ရသွားခဲ့ပြီ.. မင်းကိုယ်တိုင်ပဲ အထဲကို ဝင်ကြည့်လိုက်ပါ"

ထိုစကားကိုကြားလျှင် ကျန်းချန်က စိတ်လှုပ်ရှားသွားခဲ့ပြီး သူ၏ အတွေးကို အင်မော်တယ်ကျောက်တိုင် ပေါ်တွင် အာရုံစိုက်လိုက်သည်။

နောက်ထပ် တစ်ခဏတွင် သူ၏ အသိစိတ်သည် အင်မော်တယ်ကျောက်တိုင်ထဲသို့ ထိုးဖောက် ဝင်ရောက်သွားခဲ့ပြီး လျှို့ဝှက်ဆန်းကြယ်သော နေရာတစ်ခုတွင် ပေါ်လာခဲ့သည်။

ကျန်းချန်က အနည်းငယ် အကဲခတ်လိုက်ရာ ထိုနေရာသည် ပေတစ်ထောင်ခန့်သာ ကျယ်ဝန်းပြီး ရှေးဟောင်းခန်းမ တစ်ခုနှင့် ဆင်တူကြောင်း တွေ့ရှိခဲ့သည်။

ခန်းမ၏ အလယ်ဗဟိုတွင် အင်မော်တယ် အလင်းတန်းများ ရစ်ပတ်ထားသော စွမ်းအင်ကြိုး တစ်ချို့သည် အပြာရောင်ဝတ်စုံဝတ် အဘိုးအိုတစ်ဦးကို တင်းကျပ်စွာ ချုပ်နှောင်ထားပြီး လုံးဝ မလှုပ်ရှားနိုင်အောင် ပြုလုပ်ထား၏။

ထိုအပြာရောင်ဝတ်စုံဝတ် အဘိုးအိုမှာ သူကိုယ်တိုင် အကျဥ်းသားစွမ်းအားဖြင့် အင်မော်တယ် ကျောက်တိုင် ထဲသို့ ထည့်သွင်းလိုက်သော ကျွမ်းယွမ်စန်းပင် ဖြစ်သည်။

ယခုအခါတွင် ကျွမ်းယွမ်စန်းသည် ဝါစဥ်ရ ဘုန်းတော်ကြီးတစ်ပါး ကဲ့သို့ ခန်းမအလယ်တွင် တင်ပျဥ်ခွေ၍ ငြိမ်သက်စွာ ထိုင်နေခဲ့သည်။

တကယ်တမ်းတွင် ကျွမ်းယွမ်စန်းသည် ဤနေရာသို့ ပထမဆုံးအကြိမ် ရောက်ရှိလာစဥ်က အကျဥ်းသားစွမ်းအား၏ ချုပ်နှောင်မှုကနေ လွတ်မြောက်ရန် ကြိုးစားခဲ့ဖူးသည်။

သို့သော်လည်း ကျွမ်းယွမ်စန်းသည် နည်းလမ်းအားလုံးကို အစွမ်းကုန် အသုံးပြုခဲ့သည့်တိုင် သူ့ကို ချည်နှောင်ထားသော စွမ်းအင်ကြိုးများကို မဖြည်နိုင်ခဲ့ပေ။

တဖြည်းဖြည်းနှင့် ကျွမ်းယွမ်စန်းသည် သူ့ကို ချုပ်နှောင်ထားသော လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားက သူကျင့်ကြံထားသည့် စွမ်းအင်အဆီအနှစ် အဆင့်ကို လုံးဝ ကျော်လွန်သွားပြီး အင်မော်တယ်စွမ်းအား ဖြစ်နိုင်ခြေ အလွန်များကြောင်း နားလည်သွားခဲ့သည်။

သူ၏ ခွန်အားဖြင့်ဆိုလျှင် အင်မော်တယ်စွမ်းအား၏ ချုပ်နှောင်မှုကနေ လွတ်မြောက်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

ထို့ကြောင့် ကျွမ်းယွမ်စန်းသည် ရုန်းကန်၍ လက်လျှော့လိုက်ပြီး ဤနေရာတွင်ပင် အာရုံစူးစိုက်ကာ ကျင့်ကြံနေခဲ့တော့သည်။

အင်မော်တယ်စွမ်းအားသည် သူ့ကို ဤနေရာတွင် ချုပ်နှောင်ထားသော်လည်း သူ၏ ကျင့်ကြံမှု အပေါ်တွင် မည်သည့်ကန့်သတ်ချက်မှ မရှိခဲ့ပေ။

ထို့အပြင် ဤနေရာ၏ ပတ်ဝန်းကျင်သည် ထိုက်ယီ အင်မော်တယ်ဂိုဏ်းရှိ သူတော်စင်နယ်မြေထက် မနိမ့်ကျသည့်အပြင် အင်မော်တယ်ကျင့်ကြံသူများ အတွက် အလွန် ကောင်းမွန်သော ပတ်ဝန်းကျင်တစ်ခုလည်း ဖြစ်သည်။

ကျန်းချန်၏ စိတ်ဝိညာဥ် ရောက်ရှိလာသည်နှင့် ကျွမ်းယွမ်စန်းသည် ချက်ချင်းပင် အာရုံခံမိသွားခဲ့သည်။

သူက မှိတ်ထားသော မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ပြီး ကျန်းချန်ကို စူးစိုက်၍ ကြည့်လိုက်သည်။

"ကောင်လေး.. နောက်ဆုံးတော့ မင်းရောက်လာပြီပေါ့"

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

"ကျွမ်းယွမ်စန်း.. မင်းကိုကြည့်ရတာ ဒီနေရာမှာ အဆင်ပြေနေပုံပဲ"

ကျွမ်းယွမ်စန်းက ကျန်းချန်ကို တည်ငြိမ်စွာ စိုက်ကြည့်၍ ပြောလိုက်သည်။

"ကောင်လေး ဒါက ဘယ်လိုနေရာလဲ.. မင်းက ဘယ်ကလဲ.. အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာထဲကို ဘယ်လိုရည်ရွယ်ချက်နဲ့ ဝင်လာတာလဲ"

"ဒါက မင်းတွေ့ခဲ့တဲ့ အင်‌မော်တယ်ကျောက်တိုင်ထဲက နေရာလွတ်တစ်ခုပဲ.. အဲဒီ အင်မော်တယ်ကျောက်တိုင်က မင်းတို့ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ ငမ်းငမ်းတက် လိုချင်နေတဲ့ အင်မော်တယ်ကျောက်တိုင်ပဲ"

ကျန်းချန်၏ နှုတ်ခမ်းထောင့်များက ကွေးညွတ်သွားခဲ့ပြီး ကျွမ်းယွမ်စန်းကို ပြုံး၍ ကြည့်ကာ မေးလိုက်သည်။

"ငါဘယ်သူလို့ မင်းထင်လဲ"

"အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာက ငမ်းငမ်းတက် လိုချင်နေတဲ့ အင်မော်တယ်ကျောက်တိုင်လား"

ထိုခဏဝယ် ကျွမ်းယွမ်စန်းသည် တစ်စုံတစ်ရာကို တွေးမိလိုက်ပြီး ကျန်းချန်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

"မင်း.. မင်းက နတ်ဘုရားနယ်မြေ စကြဝဠာကလား"

လွန်ခဲ့သော နှစ်ပေါင်းများစွာက လျှို့ဝှက်ဆန်းကြယ်သော အင်မော်တယ် ကျောက်တိုင် တစ်ခု အတွက် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာသည် နတ်ဘုရားနယ်မြေ စကြဝဠာဟု ခေါ်သော သိုင်းပညာ ယဥ်ကျေးမှု ထွန်းကားသည့် စကြဝဠာကို စစ်ပွဲ ဆင်နွှဲခဲ့ဖူးသည်။

ထိုစစ်ပွဲသည် အလွန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းခဲ့ပြီး သူတို့ ထိုက်ယီ အင်မော်တယ်ဂိုဏ်းသည်ပင် နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာပြီးမှသာ ပြန်လည် နာလန်ထူနိုင်ခဲ့ခြင်း ဖြစ်သည်။

သို့ဆိုလျှင် သူ့ကို ဖိနှိပ်ခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သော ကျောက်တိုင်သည် ဒဏ္ဍာရီထဲမှ အင်မော်တယ်ကျောက်တိုင် ဖြစ်နေခဲ့ပါသလော။

"ဂုဏ်ပြုပါတယ်.. မင်းခန့်မှန်းတာ မှန်သွားပြီ"

ကျန်းချန်က ကျွမ်းယွမ်စန်းကို ပြုံး၍ ကြည့်လိုက်သည်။

"မင်း ဒီနေရာကနေ ထွက်သွားချင်လား"

ကျွမ်းယွမ်စန်းက သူ၏ စိတ်ထဲမှ ထိတ်လန့်မှုကို ဖိနှိပ်လိုက်ပြီး နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။

"မင်းက ငါ့ကို လွှတ်ပေးမှာမို့လို့လား.. လွှတ်ပေးဖို့လည်း မင်းမဝံ့ရဲလောက်ပါဘူး"

အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာနှင့် နတ်ဘုရားနယ်မြေစကြဝဠာတို့သည် ကမ္ဘာမကြေရန်ဘက်များ ဖြစ်ကြသည်။

ယခုအခါတွင် သူက ကျန်းချန်၏ အထောက်အထားကို သိရှိသွားခဲ့ပြီဖြစ်၏။

သူသာ ဤနေရာမှ ထွက်ခွာပြီး ကျန်းချန်၏ အထောက်အထားကို သတင်း ဖြန့်လိုက်လျှင် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာတစ်ခုလုံးတွင် ကျန်းချန်အတွက် နေစရာ နေရာ ရှိတော့မည် မဟုတ်ပေ။

သို့ဖြစ်ရာ ကျန်းချန်သည် သူ့ကို ဤနေရာကနေ မည်ကဲ့သို့ လွှတ်ပေးနိုင်ပါမည်နည်း။

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

"မင်းသာ ငါ့ဆီမှာ အညံ့ခံမယ်ဆိုရင် ထိုက်ယီအင်မော်တယ်ဂိုဏ်းကို ပြန်သွားခွင့်ပြုဖို့ ဆိုတာ မဖြစ်နိုင်တဲ့အရာတော့မဟုတ်ဘူး"

လက်ရှိတွင် သူက အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် အင်အားနည်းပါးနေခဲ့သည်။

ဤအဘိုးအိုသည် ထိုက်ယီ အင်မော်တယ်ဂိုဏ်းတွင် အဆင့်မနိမ့်သလို ခွန်အားသည်လည်း အားမနည်းပေ။

အကယ်၍ ကျွမ်းယွမ်စန်းသာ သူ၏ နယ်ရုပ်တစ်ရုပ် ဖြစ်လာနိုင်ခဲ့လျှင် အနာဂတ်တွင် အလွန် အရေးပါသော အခန်းကဏ္ဍမှ သေချာပေါက် ပါဝင်လာပေလိမ့်မည် မဟုတ်ပါလော။

"မင်းက ငါ့ကို အညံ့ခံစေချင်တာလား.. အိပ်မက်သာ မက်နေလိုက်"

ကျွမ်းယွမ်စန်းက အေးစက်စက် ပြုံးကာ ပြောလိုက်သည်။

"အပိုစကားတွေ ပြောမနေနဲ့တော့.. ငါမင်းလက်ထဲကို ရောက်သွားမှာတော့ သေသေ ရှင်ရှင် အရာအားလုံးက မင်းသဘောပဲ"

"ဒါဆိုရင်လည်း ဒီမှာပဲ ဆက်နေလိုက်ပါ.. တကယ်လို့ စိတ်ကူးပြောင်းသွားမယ် ဆိုရင်တော့ ငါ့ကို အချိန်မရွေး ခေါ်လိုက်လို့ရတယ်"

ထိုစကားကို ပြောပြီးနောက်တွင် ကျန်းချန်သည် ကျွမ်းယွမ်စန်း၏ ရှေ့ရှိ လေထုထဲကနေ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။

"နတ်ဘုရားနယ်မြေစကြဝဠာရဲ့ ပြိုင်ဘက်ကင်းပါရမီရှင် တစ်ယောက်က အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာထဲ ဝင်ရောက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"

ကျန်းချန် ပျောက်ကွယ်သွားသည့် လမ်းကြောင်းကို ငေးကြည့်ရင်း ကျွမ်းယွမ်စန်း၏ မျက်ဝန်းထဲတွင် လေးနက်သော အမူအရာ တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

နတ်ဘုရားနယ်မြေမှ ပါရမီရှင်သည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကို ဖျက်ဆီးရန် အတွက် လာခဲ့ခြင်း ဖြစ်ရပေမည်။

သို့သော်လည်း ယခုအခါတွင် သူက အင်မော်တယ်ကျောက်တိုင်ထဲတွင် ပိတ်မိနေပြီး ပြင်ပကိုယ်ပွားနှင့်ပင် အဆက်အသွယ် ပြတ်တောက်သွားခဲ့ရာ ပြင်ပကမ္ဘာနှင့် လုံးဝအဆက်အသွယ် မရနိုင်တော့ပေ။

လက်ရှိအချိန်တွင် ကျွမ်းယွမ်စန်းသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာက ကျန်းချန်၏ အထောက်အထားကို အမြန်ဆုံး ရှာဖွေတွေ့ရှိနိုင်ပါစေဟု စိတ်ထဲတွင် ဆုတောင်းရုံသာ တတ်နိုင်တော့၏။

အခန်း(၂၅၅၅)ပြီး၏။

အခန်း(၂၅၅၆)

တိတ်ဆိတ်နေသော ပတ်ဝန်းကျင်တွင် လေထုကို ဖြတ်သန်းသွားသည့် အသံတစ်သံထွက်ပေါ်လာခဲ့သည်။

မကြာခင်မှာပင် ကြယ်တံခွန်တစ်ခု ကဲ့သို့ ကောင်းကင်ယံကို ဖြတ်သန်းသွားသော အနက်ရောင်ပုံရိပ် တစ်ခုသည် ကောင်းကင်ယံကနေ ဖြည်းဖြည်းချင်း ဆင်းသက်လာခဲ့သည်။

ထိုပုံရိပ်သည် အခြားသူ မဟုတ်ပေ။

ကျန်းချန်ပင် ဖြစ်သည်။

ထို့နေ့က သူ၏ ကျင့်ကြံမှု ပြီးဆုံးသွားပြီးနောက်တွင် ကျန်းချန်သည် စိမ်းလန်းသောမြစ်မြို့ ဆီသို့ တန်းတန်းမတ်မတ်ပင် ပြန်လာခဲ့သည်။

ရွှယ်ချန်ကျဲက စိမ်းလန်းသောမြစ်မြို့ကနေ ထွက်ခွာသွားပြီမှန်း သိလိုက်ရပြီးနောက်တွင် ကျန်းချန်သည် စိမ်းလန်းသောမြစ်မြို့တွင် အချိန်အကြာကြီး ဆက်လက် မနေတော့ဘဲ ဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေသို့ ပြန်ရန် ခရီးစတင်ခဲ့သည်။

ထျန်းယွိ အမွေအနှစ်နယ်မြေကို မသွားခင်က ရွှယ်ချန်ကျဲကို စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့တွင် ကျင့်ကြံကာ သူပြန်လာသည်အထိ စောင့်ဆိုင်းရန် မှာကြားခဲ့သည်။

အထူးကိစ္စ တစ်စုံတစ်ရာ မရှိလျှင် ရွှယ်ချန်ကျဲသည် စိမ်းလန်းသောမြစ်မြို့ကနေ အလွယ်တကူ ထွက်သွားမည် မဟုတ်ပေ။

အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ တစ်ခုလုံးတွင် ရွှယ်ချန်ကျဲကို လှုပ်ရှားအောင် လုပ်ဆောင်နိုင်သည် ဟူ၍ သွေးနတ်ဆိုးဂိုဏ်း တစ်ဂိုဏ်းသာ ရှိသည်။

ဆိုရလျှင် သွေးနတ်ဆိုးဂိုဏ်းတွင် ကြီးမားသော အဖြစ်အပျက် တစ်စုံတစ်ရာ ဖြစ်နေ၍သာ ရွှယ်ချန်ကျဲသည် ဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေသို့ ပြန်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်နိုင်သည်။

အုပ်စိုးသူအဆင့်ကို ထိုးဖောက်ပြီးနောက်တွင် ကျန်းချန်၏ အရှိန်အဟုန်သည် အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသော အဆင့်ကို ရောက်ရှိနေခဲ့၏။

ကျန်းချန်က ဆိတ်ငြိမ်သွေးလွင်ပြင်ကိုပင် နာရီဝက် မပြည့်ခင် ဖြတ်ကျော်နိုင်ခဲ့သည်။

ဆိတ်ငြိမ်သွေးကောင်းကင်နယ်မြေကို ပြန်ရောက်သောအခါ ကျန်းချန်သည် အနီးဆုံးရှိ မြို့တစ်မြို့ကို အရင်ဝင်ပြီး ရွှယ်ချန်ကျဲ၏ သတင်းတချို့ကို စုံစမ်းရန် ပြင်ဆင်ခဲ့သည်။

မြို့ထဲကို ဝင်ရောက်ပြီးနောက်တွင် ကျန်းချန်သည် လူအဝင်အထွက် များပြားသည့် စားသောက်ဆိုင် တစ်ဆိုင်သို့ ရောက်ရှိလာခဲ့၏။

စားသောက်ဆိုင်၏ ခန်းမထဲတွင် ကျင့်ကြံသူများသည် နှစ်ယောက်တစ်တွဲ၊ သုံးယောက်တစ်တွဲ စသည်ဖြင့် အုပ်စုလိုက် လက်ဖက်ရည်ကို ဝိုင်းဖွဲ့ကာ ထိုင်သောက်နေကြသည်။

သူတို့က တိတ်ဆိတ်နေကြသော်လည်း စိတ်ဝိညာဥ်အာရုံဖြင့် မကြာခဏ အပြန်အလှန် သတင်းဖလှယ်နေကြသည်။

ဤနေရာရှိ ကျင့်ကြံသူ အများစုသည် ရွှေအမြုတေအဆင့်နှင့် သန္ဓေဝိညာဥ်အဆင့် ကျင့်ကြံသူများသာ ဖြစ်ကြပြီး ဝိညာဥ်ခွဲထွက်ခြင်းအဆင့် ကျင့်ကြံသူများပင် အလွန်တရာ ရှားပါးသည်။

ယခု ကျန်းချန်က အုပ်စိုးသူအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ ဤကဲ့သို့ အားနည်းသော ကျင့်ကြံသူများ၏ စိတ်ဝိညာဥ်အာရုံဖြင့် အချင်းချင်း ဆက်သွယ်နေခြင်းသည် သူ့အတွက် အဓိပ္ပာယ် မရှိပေ။

ပတ်ဝန်းကျင်မှ ကျင့်ကြံသူတိုင်း၏ စကားသံများသည် သူ၏ နားထဲကို အလိုအလျောက် ဝင်ရောက်လာခဲ့သည်။

"ဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေက သိပ်မကြာခင်ကစပြီး မတည်မငြိမ် ဖြစ်လာခဲ့ပြီ.. သွေးနတ်ဆိုးဂိုဏ်းနဲ့ သွေးဓားအင်မော်တယ်ဂိုဏ်းတို့ကြားမှာ ဂိုဏ်းအချင်းချင်း စစ်ပွဲ ထပ်မံဖြစ်ပွားနေပြီလို့ ပြောနေကြတယ်"

"သွေးနတ်ဆိုးဂိုဏ်းနှင့် သွေးဓားအင်မော်တယ်ဂိုဏ်းက ကမ္ဘာမကြေရန်ဘက်တွေပဲ.. ဒီနှစ်တွေအတွင်း စစ်ပွဲဘယ်နှစ်ကြိမ် ဖြစ်ခဲ့မှန်းတောင် မသိတော့ဘူး.. ဒါက ဘာများဆန်းလို့လဲ"

"ဒီတစ်ခေါက်တော့မတူဘူး သွေးဓားအင်မော်တယ်ဂိုဏ်းက သွေးနတ်ဆိုးဂိုဏ်းကို အရင် တိုက်ခိုက်တာလို့ ကြားမိတယ်"

"........."

လက်ဖက်ရည်သောက်နေရင်းဖြင့် ကျန်းချန်သည် နားထဲကို စီးဝင်လာသည့် စိတ်ဝိညာဥ်အာရုံဖြင့် ဆက်သွယ်ပြောဆိုမှုများကို နားထောင်နေခဲ့ပြီး အဆုံးသတ်တွင် သတင်း အချက်အလက် တချို့ကို ရရှိခဲ့သည်။

"သွေးဓားအင်မော်တယ်ဂိုဏ်းက သွေးနတ်ဆိုးဂိုဏ်းကို လက်ဦးမှု ယူပြီး တိုက်ခိုက်ခဲ့တယ်လား"

ကျန်းချန် အနည်းငယ် မှင်တက်သွားခဲ့သည်။

သွေးနတ်ဆိုးဂိုဏ်းသည် သွေးဓားအင်မော်တယ်ဂိုဏ်းကနေ ခွဲထွက်လာပြီးနောက်တွင် အလွန်လျင်မြန်စွာ ဖွံ့ဖြိုးလာခဲ့ပြီး သွေးဓားအင်မော်တယ်ဂိုဏ်းနေရာတွင် အစားထိုးကာ အင်မော်တယ်ကျင့်ကြံခြင်းစကြဝဠာ၏ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲမှ တစ်ဂိုဏ်း ဖြစ်လာခဲ့သည်။

ဆန့်ကျင်ဘက်အနေဖြင့် သွေးဓားအင်မော်တယ်ဂိုဏ်းကမူ အနောက်အရပ်က ဝင်လုဆဲဆဲ နေမင်းကြီး ကဲ့သို့ တစ်နေ့ထက်တစ်နေ့ အခြေအနေ ဆိုးရွားလာခဲ့၏။

ယနေ့ခေတ်တွင် သွေးဓားအင်မော်တယ်ဂိုဏ်းသည် သွေးနတ်ဆိုးဂိုဏ်းနှင့်များစွာ ကွာခြားသွားပြီဖြစ်ပြီး သွေးနတ်ဆိုးဂိုဏ်း၏ ဖိနှိပ်မှုကြောင့် အင်အားကုန်ခမ်းလုနီးပါး အခြေအနေသို့ ဆိုက်ရောက်နေပြီ ဖြစ်သည်။

အကယ်၍ သွေးဓားအင်မော်တယ်ဂိုဏ်းတွင် ဘိုးဘေးများ ချန်ထားရစ်ခဲ့သည့် အမွေအနှစ်များသာ မရှိခဲ့လျှင် သွေးနတ်ဆိုးဂိုဏ်း၏ ဖျက်ဆီးခြင်းကို ခံလိုက်ရမည် ဖြစ်ပြီး ယခုအချိန်အထိ ကြံ့ကြံ့ခံနိုင်မည် မဟုတ်ပေ။

သူက အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာသို့ ရောက်လာခဲ့ပြီးနောက်တွင် သွေးနတ်ဆိုးဂိုဏ်းကို ဆက်တိုက် ဆိုသလို အထိနာအောင် လုပ်ဆောင်ခဲ့သည်။

ယခုဆိုလျှင် သွေးနတ်ဆိုးဂိုဏ်း၏ ပါရမီရှင် လေးယောက်ထဲတွင် သုံးယောက်ကို သတ်ဖြတ်နိုင်ခဲ့ပြီ ဖြစ်သလို မဟာယာနအဆင့် ကျင့်ကြံသူ ဖြစ်သည့် ရွှယ်ကျိုးမင်သည်ပင် သူ့လက်ထဲ၌ ကျဆုံးသွားခဲ့သည်။

မင်ယွဲ့ရှင်း သတ်ဖြတ်လိုက်သည့် မဟာယာနအဆင့် ကျင့်ကြံသူကိုပါ ထပ်ပေါင်းလိုက်လျှင် သွေးနတ်ဆိုးဂိုဏ်းသည် အင်အားများစွာ ဆုံးရှုံးသွားပြီဟုပင် ဆို၍ ရ၏။

သို့သော်လည်း ထိုသို့ဖြစ်နေသည့်တိုင် သွေးနတ်ဆိုးဂိုဏ်း၏ အင်အားသည် သွေးဓားအင်မော်တယ်ဂိုဏ်း ရင်ဆိုင်နိုင်သောအဆင့် အမဟုတ်သေးပေ။

သို့ဆိုလျှင် သွေးဓားအင်မော်တယ်ဂိုဏ်းသည် မည်ကဲ့သို့ အရင်ဦးစွာ တိုက်ခိုက်ရပါသနည်း။

သူ့အထင် မမှားလျှင် သိပ်မကြာခင်က ဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေတွင် အပြောင်းအလဲ တချို့ ရှိခဲ့ပုံရ၏။

"သွေးဓားအင်မော်တယ်ဂိုဏ်းမှာ သိပ်မကြာခင်ကမှ မဟာယာနအဆင့် ဓားကျင့်ကြံသူ တစ်ယောက် ပေါ်ထွက်လာတယ်လို့ ငါကြားမိတယ်.. ဒါ့အပြင် တစ်ဖက်က သွေးနတ်ဆိုးဂိုဏ်းက ဆက်တိုက်ဆိုသလို အထိနာနေတယ်.. ဒါကြောင့် သွေးဓားအင်မော်တယ်ဂိုဏ်းက လက်ဦးမှု ယူပြီး တိုက်ခိုက်ဖို့ ရွေးချယ်ခဲ့တဲ့ပုံပဲ"

ကျန်းချန်က စိတ်ထဲတွင် အတွေးနက်နေစဥ် နောက်ထပ် စိတ်ဝိညာဥ်အာရုံတစ်ခု၏ စကားသံသည် သူ၏ နားထဲကို ဝင်ရောက်လာခဲ့သည်။

"သွေးဓားအင်မော်တယ်ဂိုဏ်းက ထိပ်တန်းအင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းစာရင်းထဲမှာ ပါခဲ့ဖူးတာ အဆန်းမဟုတ်တော့ဘူး သွေးနတ်ဆိုးဂိုဏ်းရဲ့ ဒီလောက်အထိ ဆိုးဆိုးရွားရွား ဖိနှိပ်ခံထားရတဲ့ အခြေအနေမှာတောင် မဟာယာနအဆင့်ကျင့်ကြံသူကို မွေးထုတ်နိုင်သေးတယ်.. ကြည့်ရတာ သွေးနတ်ဆိုးဂိုဏ်းက ဒုက္ခရောက်တော့မယ်ထင်တယ်"

စိတ်ဝိညာဥ်အာရုံတစ်ခုက အံ့အားသင့်စွာ ပြောလိုက်သည်။

"ဒါတော့ မသေချာဘူး.. မဟာယာနအဆင့် ကျင့်ကြံသူတစ်ယောက်တည်းနဲ့တော့ သွေးနတ်ဆိုးဂိုဏ်းကို ခြိမ်းခြောက်နိုင်မှာမဟုတ်ဘူး.. သွေးဓားအင်မော်တယ်ဂိုဏ်းရဲ့ ဒီလှုပ်ရှားမှုက ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးတာထက်မပိုဘူး"

နောက်ထပ် စိတ်ဝိညာဥ်အာရုံ တစ်ခုက လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။

ထိုစကားကို စိတ်ဝိညာဥ်အာရုံ တစ်ခုက ကန့်ကွက်လိုက်သည်။

"သွေးဓားအင်မော်တယ်ဂိုဏ်းက နက်ရှိုင်းတဲ့ အခြေခံအုတ်မြစ်တွေရှိတယ်.. သူတို့ဂိုဏ်းမှာ လိုအပ်နေတာက မဟာယာနအဆင့် ကျင့်ကြံသူပဲ.. အခု မဟာယာနအဆင့် ကျင့်ကြံသူထွက်‌ပေါ်လာပြီ ဆိုတော့ သွေးဓားအင်မော်တယ်ဂိုဏ်းရဲ့ ဝှက်ဖဲတွေနဲ့သာ ပေါင်းစပ်လိုက်မယ် ဆိုရင် သွေးနတ်ဆိုးဂိုဏ်းကို ကြောက်ရွံ့စရာ မလိုလောက်တော့ဘူး"

သို့သော်လည်း ထိုအဆိုကို တစ်ယောက်က ချက်ချင်းပင် ပြန်လည် ချေပလိုက်သည်။

သွေးနတ်ဆိုးဂိုဏ်းက ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲမှာ ပါဝင်တဲ့အတွက် အားမနည်းဘူး.. သူတို့ ဂိုဏ်းမှာ မဟာယာနအဆင့် ကျင့်ကြံသူ ငါးဦးတောင်ရှိတယ်.. တကယ်လို့သာ သွေးဓားအင်မော်တယ်ဂိုဏ်းက သူတို့ဂိုဏ်းက ပျိုးထောင်လိုက်တဲ့ မဟာယာနအဆင့် ကျင့်ကြံသူကို အမှီပြုပြီး တဖြည်းဖြည်း ဖွံ့ဖြိုးအောင် လုပ်မယ်ဆိုရင် သွေးနတ်ဆိုးဂိုဏ်းအနေနဲ့ သွေးဓားအင်မော်တယ်ဂိုဏ်းကို ကိုင်တွယ်ရခက်ခဲလာမှာ အမှန်ပဲ.. ဒါပေမဲ့ သွေးဓားအင်မော်တယ်ဂိုဏ်းက အဲဒီအချိန်ထိ မစောင့်ဘဲ သွေးနတ်ဆိုးဂိုဏ်းကို သွားတိုက်တာက ကိုယ့်သေတွင်း ကိုယ်တူးတာနဲ့ မခြားဘူး"

"သွေးဓားအင်မော်တယ်ဂိုဏ်းမှာ မဟာယာနအဆင့် ကျင့်ကြံသူတစ်ယောက် ရှိနေပြီလား"

ကြားလိုက်ရသော စကားသံကြောင့် ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် တောက်ပသွားခဲ့သည်။

သွေးနတ်ဆိုးဂိုဏ်းတွင် မဟာယာနအဆင့် ကျင့်ကြံသူငါးယောက် ရှိသည် ဆိုသော်လည်း ယခုအခါတွင် နှစ်ယောက်က ကျဆုံးသွားခဲ့ပြီ ဖြစ်သည်။

အချိန်အတော်ကြာသည်အထိ လူရှေ့သူရှေ့သို့ ထွက်မလာတော့သည့် အကြီးအကဲချုပ် သွေးအရိပ်ဘိုးဘေးကို ဖယ်လိုက်လျှင် သွေးနတ်ဆိုးဂိုဏ်းတွင် မဟာယာနအဆင့် ကျင့်ကြံသူ နှစ်ဦးသာ ကျန်ရှိတော့၏။

ထို့ကြောင့် သွေးဓားအင်မော်တယ်ဂိုဏ်း အတွက် ယခုလို အချိန်တွင် ပြတ်ပြတ်သားသား လှုပ်ရှားသည်မှာ တကယ်ကို အခွင့်အရေးကောင်း တစ်ခု ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ယခုအခါတွင် ဆိတ်ငြိမ်သွေးကောင်းကင်နယ်မြေ တစ်ခုလုံးသည် သွေးနတ်ဆိုးဂိုဏ်း၏ လက်ထဲကို ကျရောက်လုနီးပါး ဖြစ်နေခဲ့ချေပြီ။

သွေးနတ်ဆိုးဂိုဏ်း၏ ဖွံ့ဖြိုးမှုဖြင့်သာဆိုလျှင် သွေးဓားအင်မော်တယ်ဂိုဏ်းသည် သွေးနတ်ဆိုးဂိုဏ်းနှင့် ယှဥ်ရန် အဝေးကြီးလိုပါသေး၏။

အကယ်၍ သွေးနတ်ဆိုးဂိုဏ်းတွင်သာ မဟာယာနအဆင့် ကျင့်ကြံသူ တစ်ယောက် ထပ်မံ ထွက်ပေါ်လာမည်ဆိုလျှင် သွေးဓားအင်မော်တယ်ဂိုဏ်းသည် သွေးနတ်ဆိုးဂိုဏ်းကို အနိုင်ယူရန် အခွင့်အရေး ရှိတော့မည် မဟုတ်ပေ။

"သွေးနတ်ဆိုးဂိုဏ်းကို လုံးဝ ရှင်းလင်းပစ်ဖို့ အချိန်ကျပြီ ထင်တယ်"

ကျန်းချန်က တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်၏။

သူ၏ မျက်ဝန်းထဲတွင် စူးရှသော အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။

ယခုအခါတွင် သူက အုပ်စိုးသူအဆင့်ကို ရောက်ရှိနေပြီဖြစ်သလို သွေးဓားအင်မော်တယ်ဂိုဏ်းတွင်လည်း မဟာယာနအဆင့် ဓားလမ်းစဥ် ကျင့်ကြံသူတစ်ယောက် ပေါ်ထွက်လာခဲ့ချေပြီ။

သူသာ သွေးဓားအင်မော်တယ်ဂိုဏ်းနှင့် ပူးပေါင်းလိုက်လျှင် သွေးနတ်ဆိုးဂိုဏ်း၏ အကြီးအကဲချုပ် သွေးအရိပ်ဘိုးဘေး ထွက်မလာသရွေ့ သူတို့သည် သွေးနတ်ဆိုးဂိုဏ်းကို ထိပ်တိုက် ရင်ဆိုင်ရန် အရည်အချင်း ပြည့်မီ၏။

ထို့အပြင် သူ၏ လက်ရှိအင်အားဖြင့် ဆိုလျှင် သွေးနတ်ဆိုးဂိုဏ်း၏ အကြီးအကဲချုပ် သွေးအရိပ်ဘိုးဘေး အသက်ရှင်နေသေးလျှင်ပင် သူက ပြိုင်ဘက် မဟုတ်သည့်တိုင် သူ့အသက်ကို ကာကွယ်ရန် အတွက်မူ ပြဿနာ ကြီးကြီးမားမား ရှိမည်မဟုတ်ပေ။

ဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေ၏ သတင်းအချို့ကို သိလိုက်ရပြီးနောက်တွင် ကျန်းချန်သည် စားသောက်ဆိုင်တွင် အချိန်အကြာကြီး ဆက်လက်မနေတော့ပေ။

သွေးဓားအင်မော်တယ်ဂိုဏ်းသည် သွေးနတ်ဆိုးဂိုဏ်း အပေါ် စစ်ကြေညာခဲ့သည်ကို ကျန့်ဝူရွှယ်က သူ့ဆီ ပေးအပ်ထားသည့် အဆောင်လက်ဖွဲ့က တစ်ဆင့် သတင်းပို့မည်မှာ သေချာသလောက်ပင်။

ရွှယ်ချန်ကျဲသည် ကျန့်ဝူရွှယ် ဆီမှ သတင်းကို ရရှိခဲ့သည်မှာ ထင်ရှားနေခဲ့၏။

ထို့ကြောင့်လည်း ဆိတ်ငြိမ်သွေးကောင်းကင်နယ်မြေကို ပြန်ပြီး သွေးနတ်ဆိုးဂိုဏ်းကို ရင်ဆိုင်ရန် သွေးဓားအင်မော်တယ်ဂိုဏ်းနှင့် ပူးပေါင်းဖို့ ရွေးချယ်ခဲ့ခြင်း ဖြစ်နိုင်၏။

သူ့အနေဖြင့် အခြေအနေကို အတိအကျသိရန် အတွက် သွေးဓားအင်မော်တယ်ဂိုဏ်းဆီ သွားရောက်ရန် ဆုံးဖြတ်လိုက်သည်။

ထို့နောက်တွင် ကျန်းချန်သည် တုံ့ဆိုင်းမနေတော့ဘဲ စားသောက်ဆိုင်ထဲကနေ ခြေလှမ်းကျဲကြီးဖြင့် ထွက်ခွာလာခဲ့ပြီး သွေးဓားအင်မော်တယ်ဂိုဏ်း ရှိရာ အရပ်ဆီသို့ လျင်မြန်စွာ ပျံသန်းသွားခဲ့သည်။

အခန်း(၂၅၅၆)ပြီး၏။

All Chapters