← Chapters

အခန်း (၂၅၅၇-၂၅၅၈)

Vol. 196 Ch. 2557-2558

အခန်း (၂၅၅၇-၂၅၅၈)

Vol. 196 Ch. 2557-2558

အခန်း(၂၅၅၇)

ဆိတ်ငြိမ်သွေးကောင်းကင်နယ်မြေ၏ ရွှယ်ယန်မြို့သည် သွေးနတ်ဆိုးဂိုဏ်းနှင့် အနီးဆုံးမြို့ကြီးတစ်မြို့ဖြစ်ပြီး အင်မော်တယ်ကျင့်ကြံခြင်းစကြဝဠာ၏ အစည်ကားဆုံးမြို့တော်များထဲမှ တစ်ခုလည်း ဖြစ်သည်။

ထို့နေ့က ကျန်းချန်သည် ရွှယ်ယန်မြို့တွင် ဆူပူသောင်းကျန်းခဲ့ပြီး မြို့စားရွှယ်ချင်းယန်ကို သတ်ဖြတ်ခဲ့သော်လည်း ရွှယ်ယန်မြို့အပေါ်တွင် ကြီးမားသော သက်ရောက်မှု မရှိခဲ့‌ပေ။

သို့သော်လည်း ယခုအချိန်တွင်မူ ရွှယ်ယန်မြို့သည် ယခင်က ကဲ့သို့ စည်ကားမှုများ ပျောက်ဆုံးနေခဲ့ချေပြီ။

ရွှယ်ယန်မြို့၏ လေးဖက်လေးတန်ရှိ မြို့တံခါးများကို တင်းတင်းကြပ်ကြပ် ပိတ်ထားပြီး သွေးရောင်အကာအကွယ်အတားအဆီးသည် တစ်မြို့လုံးကို လွှမ်းခြုံထားခဲ့သည်။

မြို့ထဲရှိ လမ်းများတွင်လည်း လူသူမရှိသလောက်ပင် ဖြစ်နေခဲ့သည်။

ရွှယ်ယန်မြို့ တစ်ခုလုံးသည် မျှော်လင့်ချက်ကင်းမဲ့မှုနှင့် လေးနက်သော အငွေ့အသက်များ လွှမ်းမိုးနေခဲ့ပြီး တစပြင်နှယ် တိတ်ဆိတ်နေခဲ့သည်။

ရွှယ်ယန်မြို့၏ မြို့စားစံအိမ်ရှိ ခန်းမတစ်ခု ထဲတွင် လူအနည်းငယ်သည် တိတ်ဆိတ်စွာ ထိုင်နေခဲ့ကြသည်။

အကယ်၍ ကျန်းချန်သာ ထိုနေရာတွင် ပေါ်လာခဲ့လျှင် အံ့အားသင့်သွားပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် ထိုနေရာတွင် ထိုင်နေသောသူများမှာ သွေးဓားအင်မော်တယ်ဂိုဏ်း၏ အဖွဲ့ဝင်များ ဖြစ်နေသောကြောင့်ပင်။

သူတို့၏ ခေါင်းဆောင်မှာ ကျန်းချန် သွေးဓားအင်မော်တယ်ဂိုဏ်းကို ပထမဆုံးအကြိမ် သွားစဥ်က တွေ့ခဲ့ရသည့် အဘိုးအိုဖြစ်သည်။

သို့သော် ထိုအဘိုးအိုသည် ကျန်းချန် တွေ့ဆုံခဲ့စဥ်ကနှင့်မတူဘဲ တခြားလူ တစ်ယောက်လို ဖြစ်နေခဲ့၏။

သူ၏ အရှိန်အဝါသည် အတိုင်းအဆမရှိ နက်ရှိုင်းပြီး ရိုးရှင်းသော သူ၏ မျက်ဝန်းထဲကနေ ကြောက်မက်ဖွယ်ရာကောင်းသည့် ဓားဆန္ဒ အရှိန်အဝါများ ထွက်ပေါ်နေသည်ကို အတိုင်းသား မြင်နေရသည်။

သာမန် ကျင့်ကြံသူတစ်ယောက်သာ သူ့ကို တစ်ချက်ကြည့်မိမည် ဆိုလျှင် ထိုကျင့်ကြံသူ၏ ဝိညာဥ်သည် ထိုး‌ဖောက်လုမတတ် ခံစားရပေလိမ့်မည်။

ပို၍ မယုံကြည်နိုင်စရာကောင်းသည်မှာ ယခင်က ဖြူဖွေးနေသည့် အဘိုးအို၏ ဆံပင်များသည် ယခုအခါတွင် အနက်ရောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီး ခန္ဓာကိုယ် တစ်ခုလုံးသည် ဆယ်နှစ်ကျော်ခန့် ပြန်ပြီး နုပျိုသွားသလို ဖြစ်နေခဲ့သည်။

အဘိုးအို၏ နံဘေးတွင် ကျန့်ဝူရွှယ် ခေါင်းဆောင်သည့် မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူတချို့လည်း ရှိနေခဲ့၏။

ယင်းအပြင် ထိုလူစုထဲတွင် စိမ်းလန်းသောမြစ် မြို့ကနေ ထွက်ခွာသွားသည့် ရွှယ်ချန်ကျဲလည်း ပါဝင်နေခဲ့သည်။

ရွှယ်ချန်ကျဲ၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါသည်လည်း ယခင်နှင့်မတူဘဲ များစွာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ရွှယ်ချန်ကျဲသည် မိုးမခသွေးနတ်ဆိုးသစ်သီးကို စားသုံးပြီးနောက်တွင် ကပ်ဘေး အထွတ်အထိပ် အဆင့်ကနေ နောက်ထပ် ခြေတစ်လှမ်း လှမ်းနိုင်ခဲ့ပြီး မဟာယာန တစ်ပိုင်းအဆင့်ကို ရောက်ရှိသွားသည်မှာ ထင်ရှားနေခဲ့သည်။

“အားလုံးပဲ.. ငါတို့ သွေးဓားအင်မော်တယ်ဂိုဏ်းက ရွှယ်ယန်မြို့ကို အလစ်အငိုက် တိုက်ခိုက်ခဲ့တဲ့ အတွက် သိပ်မကြာခင်မှာ သွေးနတ်ဆိုးဂိုဏ်းက ပြန်လည် တိုက်ခိုက်လာလိမ့်မယ်.. အားလုံးပဲ တိုက်ပွဲကြီးအတွက် ကြိုတင်ပြင်ဆင်ပြီး စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားကြပါ”

အဘိုးအိုက ခန်းမထဲကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။

ဤကာလအတွင်း ကျန်းချန်နှင့် ရွှယ်ချန်ကျဲ တို့သည် သွေးနတ်ဆိုးဂိုဏ်း၏ အာရုံကို ဆွဲဆောင်ထားနိုင်ခဲ့၍ သွေးဓားအင်မော်တယ်ဂိုဏ်း အနေဖြင့် အသက်ရှူချောင်ခဲ့ရသည်။

ဤအချိန်ကို အမိအရ အသုံးချပြီး အဘိုးအိုသည် အာရုံစူးစိုက်၍ ကျင့်ကြံခဲ့ရာ အဆုံးသတ်တွင် မဟာယာနအဆင့်ကို အောင်မြင်စွာ ထိုးဖောက်နိုင်ခဲ့ပြီး မဟာယာနအဆင့် ဓားလမ်းစဥ်ကျင့်ကြံသူ တစ်ယောက် ဖြစ်လာခဲ့သည်။

သူ မဟာယာနအဆင့်ကို တက်လှမ်းပြီး သိပ်မကြာခင်မှာပင် သွေးနတ်ဆိုးဂိုဏ်းမှ ရွှယ်ကျိုးမင် ကျဆုံးသွားသည့်သတင်းကို ရရှိခဲ့သည်။

ထို့ကြောင့်ပင် အဘိုးအိုသည် သွေးနတ်ဆိုးဂိုဏ်းကို လက်ဦးမှုယူ၍ တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့၏။

သူက သွေးဓားအင်မော်တယ်ဂိုဏ်းကို ဦးဆောင်ပြီး လျှပ်စီးလက်သကဲ့သို့ အရှိန်အဟုန်ဖြင့် ရွှယ်ယန်မြို့ကို သိမ်းပိုက်ခဲ့ပြီး ရွှယ်ယန်မြို့ကို သွေးနတ်ဆိုးဂိုဏ်းနှင့် တိုက်ခိုက်မည့် စစ်မြေပြင် အဖြစ် အသုံးပြုရန် ရည်ရွယ်ထားခဲ့သည်။

သို့သော်လည်း ဤနှစ်တွေအတွင်း သွေးဓားအင်မော်တယ်ဂိုဏ်းနှင့် သွေးနတ်ဆိုးဂိုဏ်းတို့ ကြားရှိ ကွာခြားချက်သည် အမှန်တကယ်ပင် ကြီးမားလွန်းလှ၏။

သူက မဟာယာနအဆင့်ကို ထိုးဖောက်နိုင်ခဲ့သော်လည်း သွေးဓားအင်မော်တယ်ဂိုဏ်း၏ အင်အားသည် သွေးနတ်ဆိုးဂိုဏ်းထက် များစွာ နိမ့်ကျနေပါသေး၏။

သို့တိုင် အဘိုးအိုသည် သွေးနတ်ဆိုးဂိုဏ်းကို တိုက်ခိုက်ရန်သာ ရွေးချယ်ခဲ့သည်။

သွေးနတ်ဆိုးဂိုဏ်းတွင် မဟာယာနအဆင့် ကျင့်ကြံသူ ငါးယောက် ရှိသော်လည်း ထိုအထဲမှ တစ်ယောက်သည် ကြယ်တာရာဟင်းလင်းပြင်ကို ထွက်ခွာသွားပြီးနောက်တွင် ပြန်မလာနိုင်ခဲ့ပေ။

ထို့အပြင် ရွှယ်ကျိုးမင်သည်လည်း စိမ်းလန်းသောမြစ်ကောင်းကင်နယ်မြေတွင် ကျဆုံးသွားခဲ့ပြီ ဖြစ်သည်။

အကြီးအကဲချုပ်ဖြစ်သည့် သွေးအရိပ်ဘိုးဘေးကမူ နှစ်ပေါင်းတစ်‌သောင်းခန့် လူရှေ့သူ့ရှေ့ ထွက်မလာသောကြောင့် အသက်ရှင်နေသေးသလား ဆိုသည်ကိုပင် တိတိကျကျ မသိတော့ပေ။

သွေးနတ်ဆိုးဂိုဏ်းတွင် မဟာယာနအဆင့် ကျင့်ကြံသူ ငါးယောက်ထဲ၌ သုံးယောက် မရှိတော့၍ နှစ်ယောက်သာ ကျန်တော့သည် ဖြစ်ရာ သွေးနတ်ဆိုးဂိုဏ်းသည် အင်အားအပြင်းအထန် ထိခိုက်သွားသည်ဟု ဆို၍ရသည်။

အကယ်၍ သူသာ ယခုအချိန်တွင် မလှုပ်ရှားခဲ့လျှင် သွေးနတ်ဆိုးဂိုဏ်း၏ အခြေအနေ ပြန်ကောင်းသွားသည်နှင့် သူတို့သွေးဓားအင်မော်တယ်ဂိုဏ်း အတွက် မည်သည့်အခွင့်အရေးမှ ရှိတော့မည် မဟုတ်ချေ။

“စိတ်မပူပါနဲ့ အကြီးအကဲချုပ်.. သွေးဓားအင်မော်တယ်ဂိုဏ်းက ဒီတိုက်ပွဲအတွက် အပြည့်အဝ ပြင်ဆင်ထားပြီးပါပြီ.. ကျွန်တော်တို့ရဲ့အင်အားက သွေးနတ်ဆိုးဂိုဏ်းကို ရင်ဆိုင်ဖို့ လုံလောက်ပါတယ်”

သွေးဓားအင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သည့် ကျန့်ဝူရွှယ်က ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်သည်။

အကြီးအကဲချုပ်သည် မဟာယာနအဆင့်ကို ယခုမှ စတင်ထိုးဖောက်ခဲ့သော်လည်း ဓားလမ်းစဥ် ကျင့်ကြံသူတစ်ယောက်အနေဖြင့် သူ၏ တိုက်ခိုက်ရေးစွမ်းအားသည် သာမန်မဟာယာနအဆင့် ကျင့်ကြံသူများထက် ပို၍ သာလွန်နေခဲ့သည်။

ထို့အပြင် သွေးဓားအင်မော်တယ်ဂိုဏ်းတွင် ဝှက်ဖဲတချို့လည်း ရှိနေသေး၏။

သွေးနတ်ဆိုးဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သည့် သွေးနတ်ဘုရားကိုယ်တိုင် ရောက်လာလျှင်ပင် အကြီးအကဲချုပ်ကို အနိုင်ယူရန်မှာ လွယ်ကူမည် မဟုတ်ပေ။

အကြီးအကဲချုပ် အနေဖြင့် သွေးနတ်ဘုရားကို တားဆီးထားနိုင်သရွေ့ သွေးဓားအင်မော်တယ်ဂိုဏ်း၏ ပြင်ဆင်မှုများနှင့် ပေါင်းစပ်လိုက်လျှင် သွေးနတ်ဆိုးဂိုဏ်းသည် သူတို့ကို အလွယ်တကူ အနိုင်ယူနိုင်မည် မဟုတ်ချေ။

သူတို့အနေဖြင့် အချိန်အနည်းငယ် ဆွဲထားပြီး ကျန်းချန် ပြန်ရောက်လာသည်ကို စောင့်ဆိုင်းရုံသာ ဖြစ်၏။

ကျန်းချန် ပြန်ရောက်လာသည်နှင့် ကျန်းချန်နှင့် ပူးပေါင်းပြီး သွေးနတ်ဆိုးဂိုဏ်းကို ချေမှုန်းပစ်၍ ရမည် မဟုတ်ပါလော။

ကျန်းချန်က သွေးနတ်ဆိုးဂိုဏ်း၏ မဟာယာနအဆင့် ကျင့်ကြံသူ ရွှယ်ကျိုးမင်ကို သတ်ဖြတ်ခဲ့မှန်း ရွှယ်ချန်ကျဲ ဆီကနေ သူတို့ သိထားပြီးသား ဖြစ်သည်။

ထို့ကြောင့် ကျန်းချန် လာရောက်ပူးပေါင်းသည်နှင့် တစ်ပြိုင်နက် သူတို့ သွေးဓားအင်မော်တယ်ဂိုဏ်းသည် သွေးနတ်ဆိုးဂိုဏ်းကို အမှန်တကယ် အနိုင်ယူနိုင်ပြီး သွေးဓားအင်မော်တယ်ဂိုဏ်း၏ ယခင်က ဂုဏ်သိက္ခာကို ပြန်လည်ရယူနိုင်မည် ဖြစ်သည်။

“အဲလိုဖြစ်ပါစေလို့ မျှော်လင့်ရတာပဲ”

အဘိုးအိုက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီးနောက်တွင် ရွှယ်ချန်ကျဲကို ကြည့်ကာ မေးလိုက်သည်။

“ရွှယ်ချန်ကျဲ.. မင်းရဲ့သခင်က ဆိတ်ငြိမ်သွေးကောင်းကင်နယ်မြေကို ဘယ်တော့ပြန်လာမှာလဲ”

“ကျွန်တော် မသိဘူး.. သခင် ထွက်သွားတုန်းက ဘယ်တော့ပြန်လာမလဲ ဆိုတာ မပြောခဲ့ဘူး”

ရွှယ်ချန်ကျဲက ခေါင်းခါရမ်းကာ ပြောလိုက်သည်။

သွေးနတ်ဆိုးဂိုဏ်း၏ အင်အားသည် ယခုအခါတွင် အကြီးအကျယ် ထိခိုက်နေပြီ ဖြစ်သော်လည်း သွေးဓားအင်မော်တယ်ဂိုဏ်းကမူ မဟာယာနအဆင့် ဓားလမ်းစဥ် ကျင့်ကြံသူတစ်ယောက် ထွက်ပေါ်လာခဲ့သည်။

အကယ်၍ ကျန်းချန်သာ သွေးဓားအင်မော်တယ်ဂိုဏ်းနှင့် ပူးပေါင်းနိုင်မည် ဆိုလျှင် သွေးနတ်ဆိုးဂိုဏ်းကို အနိုင်ယူရန်မှာ အခက်အခဲ သိပ်ရှိလိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် ရွှယ်ချန်ကျဲသည်လည်း ကျန်းချန်ကို သဘာဝကျစွာပင် အမြန် ပြန်လာစေချင်ခဲ့သည်။

သို့သော်လည်း ကျန်းချန် မည်သည့်နေရာ ရောက်နေမှန်း သူ မသိ၍ ကျန်းချန်ကို ဆက်သွယ်ရန်မှာ မဖြစ်နိုင်ပေ။

သူက ကျန့်ဝူရွှယ်ဆီမှ သတင်းရရချင်း သွေးဓားအင်မော်တယ်ဂိုဏ်းဆီ ပြန်လာပြီးနောက်တွင် ကျန်းချန် ပြန်လာမှ တိုက်ခိုက်ရန် အကြံပြုခဲ့သော်လည်း သွေးဓားအင်မော်တယ်ဂိုဏ်းသည် လက်ဦးမှု ယူ၍ တိုက်ခိုက်ရန်သာ ဆုံးဖြတ်ခဲ့သည်။

ရွှယ်ချန်ကျဲသည် ယခင်က သွေးနတ်ဆိုးဂိုဏ်း၏ ပါရမီရှင် ဖြစ်၍ သွေးနတ်ဆိုးဂိုဏ်းအကြောင်းကို ကောင်းစွာ သိထားခဲ့သည်။

သွေးနတ်ဆိုးဂိုဏ်းသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းစာရင်းတွင် ပါဝင်နိုင်ခဲ့သည်မှာ အကြောင်းမဲ့သက်သက် မဟုတ်ပေ။

ဆိုရလျှင် သွေးဓားအင်မော်တယ်ဂိုဏ်းသည် သွေးနတ်ဆိုးဂိုဏ်း၏ အင်အားကို အလွန်အမင်း အထင်သေးလွန်းနေခဲ့၏။

အကယ်၍ သွေးနတ်ဆိုးဂိုဏ်းသာ အင်အား အကုန်အစင်သုံးပြီး တိုက်ခိုက်လာခဲ့လျှင် သွေးဓားအင်မော်တယ်ဂိုဏ်း၏ အင်အားဖြင့် သွေးနတ်ဆိုးဂိုဏ်းကို အချိန်အကြာကြီး ခုခံနိုင်လိမ့်မည် မဟုတ်ပေ။

ယခုအခါတွင် သွေးဓားအင်မော်တယ်ဂိုဏ်း အရေးနိမ့်ခြင်း မရှိခင် သူ့သခင် အချိန်မီ ပြန်ရောက်လာဖို့ ဆုတောင်းရုံသာ တတ်နိုင်တော့သည်။

အဘိုးအိုက မျက်မှောင်ကြုတ်သွားခဲ့သည်။

သူ စကားပြောတော့မည့် အချိန်မှာပင် ရွှယ်ယန်မြို့၏ အပြင်ဘက်ရှိ ဟင်းလင်းပြင်ကနေ ကျယ်လောင်သော မိုးခြိမ်းသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် အေးစက်စက် စကားသံသည် ရွှယ်ယန်မြို့၏ ကောင်းကင်ယံတွင် ချက်ချင်းဆိုသလို ပျံ့လွင့်သွားခဲ့၏။

“ကျန့်ဝူရွှယ်.. အခုချက်ချင်း ထွက်လာပြီး အသေလာခံစမ်း”

ရုတ်တရက် ထွက်ပေါ်လာသည့် အေးစက်စက် ကြုံးဝါးသံကို ကြားလိုက်ရလျှင် ခန်းမထဲရှိ လူတိုင်းသည် ချက်ချင်းဆိုသလို မျက်နှာပျက်သွားခဲ့သည်။

“သွေးနတ်ဆိုးဂိုဏ်းက လူတွေ ရောက်လာပြီ"

"သွေးနတ်ဆိုးဂိုဏ်းက တကယ်ကို မြန်မြန်ဆန်ဆန် ရောက်လာတာပဲ”

အဘိုးအိုက အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ပြီး လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

“သွေးနတ်ဆိုးဂိုဏ်းက ရောက်နေပြီ ဆိုမှတော့ ငါတို့ သွားတွေ့ကြတာပေါ့”

စကားဆုံးသည်နှင့် အဘိုးအို၏ ခန္ဓာကိုယ်သည် ရွှယ်ယန်မြို့၏ ကောင်းကင်ယံတွင် မျက်စိတစ်မှိတ်အတွင်း ပေါ်လာခဲ့သည်။

သူက ရွှယ်ယန်မြို့၏ အပြင်ဘက်ရှိ ဟင်းလင်းပြင်ဆီသို့ လှမ်းကြည့်လိုက်၏။

ထိုနေရာတွင် ထူးခြားသော အရှိန်အဝါများ ထုတ်လွှတ်နေသည့် သွေးရောင်အရိပ် ဆယ်ခုထက်မက ဝင့်ကြွားစွာ ရပ်နေခဲ့ကြသည်။

အဘိုးအို၏ အကြည့်သည် သွေးရောင်သရဖူကို ဆောင်းထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားဆီသို့ ကျရောက်သွားခဲ့၏။

“သွေးနတ်ဘုရား.. မတွေ့ရတာတောင် အတော်ကြာပြီ.. ကျန်းခန့်သာလို့ မာပါစ”

အခန်း(၂၅၅၇)ပြီး၏။

အခန်း(၂၅၅၈)

“ကျန့်ချုံရှန်း.. မင်းမသေသေးဘူးလား”

ရွှယ်ယန်မြို့၏ ကောင်းကင်ယံတွင် ပေါ်လာသည့် အပြာရောင်ဝတ်စုံဝတ် အဘိုးအိုကို မြင်လျှင် သွေးနတ်ဘုရားသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

သူ၏ မယုံကြည်နိုင်စွာ ရေရွတ်လိုက်သော စကားသံသည် ကောင်းကင်နှင့်မြေကြီး ကြားတွင် ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားခဲ့၏။

ကျန့်ချုံရှန်းသည် သွေးဓားအင်မော်တယ်ဂိုဏ်း၏ အရင်ဂိုဏ်းချုပ်ဖြစ်ပြီး အလွန်မြင့်မားသော ဓားပါရမီရှင် ဖြစ်ကာ ပြိုင်ဘက်ကင်း ဓားသမား တစ်ယောက်လည်း ဖြစ်သည်။

ထိုအချိန်က ကျန့်ချုံရှန်း၏ ကျင့်ကြံခြင်းအဆင့်သည် မဟာယာန တစ်ပိုင်းအဆင့်သာ ရှိသေးသော်လည်း သူ၏ ပြိုင်ဘက်ကင်းတိုက်ခိုက်ရေးစွမ်းရည်ဖြင့် မဟာယာနအဆင့် ကျင်ကြံသူများကိုပင် ယှဥ်ပြိုင်နိုင်ခဲ့သည်။

သွေးနတ်ဆိုးဂိုဏ်းသည်‌ သွေးဓားအင်မော်တယ်ဂိုဏ်းမှ ဤကဲ့သို့ ပြိုင်ဘက်ကင်းပုဂ္ဂိုလ် ကြီးပြင်းလာမည်ကို သဘာဝကျစွာပင် ခွင့်မပြုနိုင်ခဲ့ပေ။

ထို့ကြောင့် သွေးနတ်ဆိုးဂိုဏ်းသည် အစွမ်းကုန်ကြိုးစားခဲ့ပြီး ပေးဆပ်မှုတချို့ ပြုလုပ်ခဲ့ပြီးသာ အဆုံးသတ်တွင် ကျန့်ချုံရှန်းကို အကွက်ဆင်၍ သတ်ဖြတ်နိုင်ခဲ့သည်။

လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက သေဆုံးသွားသော ထိုလူသည် ယခုအခါ သူ့ရှေ့တွင် အရှင်လတ်လတ် ရုတ်တရက် ပေါ်လာလိမ့်မည်ဟု သွေးနတ်ဘုရားမထင်ထားခဲ့ပေ။

ထို့အပြင် ကျန့်ချုံရှန်းသည် ယခုအခါတွင် မဟာယာန အဆင့်ကို ထိုးဖောက်သွားခဲ့ပြီး စစ်မှန်သော မဟာယာနအဆင့် ဓားလမ်းစဥ် ကျင့်ကြံသူတစ်ယောက် ဖြစ်နေပြီမှန်း သူခံစားမိခဲ့သည်။

“ငါအသက်ရှင်နေသရွေ့ မင်းတို့ သွေးနတ်ဆိုးဂိုဏ်းက ငါ့ကို ဘယ်လိုနည်းနဲ့မဆို သတ်ဖြတ်ဖို့ ကြိုးစားကြလိမ့်မယ်ဆိုတာ ငါခန့်မှန်းထားပြီးသားပဲ”

ကျန့်ချုံရှန်းက အေးစက်စက် ပြုံးကာ ပြောလိုက်သည်။

“တကယ်လို့ ငါသာ သေဟန်မဆောင်ခဲ့ဘူးဆိုရင် မဟာယာနအဆင့်ကို ထိုးဖောက်ဖို့အတွက် မင်းတို့ သွေးနတ်ဆိုးဂိုဏ်းရဲ့ လက်က လွတ်မှာမဟုတ်ဘူး”

ထိုစကားကိုကြားလျှင် သွေးနတ်ဘုရား၏ မျက်နှာသည် ရုတ်တရက် ရှုံ့မဲ့သွားခဲ့သည်။

ထိုအချိန်က သူတို့သည် ကျန့်ချုံရှန်းကို သတ်ဖြတ်ရန် အစွမ်းကုန် ကြိုးစားခဲ့ရသည်။

သို့သော်လည်း ကျန့်ချုံရှန်းသည် ထိုကိစ္စအတွက် ကြိုတင်ပြင်ဆင်ထားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ကျန့်ချုံရှန်းသည် သူတို့၏ မျက်စိကို လှည့်စားရန်အတွက် မည်ကဲ့သို့သော နည်းလမ်းကို အသုံးပြုခဲ့မှန်းပင် သူတို့မသိခဲ့ကြပေ။

ကြည့်ရသည်မှာ သူတို့သွေးနတ်ဆိုးဂိုဏ်းသည် အတော်လေး ပေါ့ဆခဲ့မိပုံရ၏။

“ကျန့်ချုံရှန်း မင်းက အရှင်လတ်လတ် ရှိနေသေးရုံတင်မကဘဲ မဟာယာနအဆင့်ကိုပါ ထိုးဖောက်နိုင်ခဲ့မယ်လို့ ငါမထင်ထားခဲ့ဘူး.. သွေးဓားအင်မော်တယ်ဂိုဏ်းက ငါ့ရဲ့ သွေးနတ်ဆိုးဂိုဏ်းကို တိုက်ခိုက်ရဲတာ မဆန်းတော့ဘူး”

သွေးနတ်ဘုရားက ကျန့်ချုံရှန်းကို ရက်စက်လိုသော မျက်ဝန်းများဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။

“ကျန့်ချုံရှန်း.. မဟာယာနအဆင့်ကို ထိုးဖောက်လိုက်ရုံနဲ့ သွေးဓားအင်မော်တယ်ဂိုဏ်းက ငါ့ရဲ့သွေးနတ်ဆိုးဂိုဏ်းကို ယှဥ်ပြိုင်ဖို့ အရည်အချင်းပြည့်မီသွားပြီလို့ မင်းထင်နေလား”

“မင်းတို့ သွေးနတ်ဆိုးဂိုဏ်းက အင်အားကြီးမားတယ်ဆိုတာ ငါသိပါတယ်.. တကယ်လို့ မင်းတို့သွေးနတ်ဆိုးဂိုဏ်းက မဟာယာနအဆင့် ကျင့်ကြံသူ ငါးယောက် တစ်ပြိုင်နက်တည်း လှုပ်ရှားမယ်ဆိုရင် ငါတို့ သွေးဓားအင်မော်တယ်ဂိုဏ်းက လုံးဝ ခုခံနိုင်စွမ်းရှိမှာမဟုတ်ဘူး”

ကျန့်ချုံရှန်းက သွေးနတ်ဘုရားနှင့် သွေးနတ်ဘုရား၏ နောက်မှ လူဆယ်ယောက်ကျော်ကို တစ်ချက်ဝေ့ကြည့်ကာ တည်တည်ငြိမ်ငြိမ်ပင် ပြောလိုက်သည်။

“ဒါပေမဲ့ ဒီနေ့ မင်းခေါ်လာတဲ့ လူတွေနဲ့တော့ င့ါရဲ့သွေးဓားအင်မော်တယ်ဂိုဏ်းကို အနိုင်ယူဖို့ မလွယ်လောက်ဘူးထင်တယ်”

သွေးနတ်ဆိုးဂိုဏ်း၏ မဟာယာနအဆင့် ကျင့်ကြံသူငါးယောက်ထဲတွင် ကျဆုံးသွားသော ရွှယ်ကျိုးမင်နှင့် ကြယ်တာရာကောင်းကင်ယံကနေ ပြန်မလာနိုင်တော့သည့် ကျင့်ကြံသူပြီးလျှင် အသက်ရှင်နေသေးသလားမှန်းပင် မသိရသည့် သွေးအရိပ်ဘိုးဘေးကို ဖယ်ထားလိုက်လျှင် ခေါင်းဆောင်ဖြစ်သည့် သွေးနတ်ဘုရားနှင့် လက်ဝဲကိုယ်ရံတော် ရွှယ်ရန်ဟဲတို့နှစ်ယောက်သာ ကျန်ရှိတော့သည်။

ကျန့်ချုံရှန်း အစက ထင်ထားသည်မှာ ဤတစ်ခေါက်သွေးဓားအင်မော်တယ်ဂိုဏ်းက ရွှယ်ယန်မြို့ကို ကျူးကျော်လိုက်လျှင် သွေးနတ်ဆိုးဂိုဏ်းသည် အလွန်အမင်း ဒေါသထွက်ပြီး သွေးနတ်ဘုရားနှင့် ရွှယ်ရန်ဟဲတို့ နှစ်ယောက်လုံး တိုက်ခိုက်လာလိမ့်မည်ဟု ထင်မှတ်ခဲ့သည်။

သို့သော်လည်း ရွှယ်ယန်မြို့ကို သွေးနတ်ဘုရားတစ်ယောက်တည်း ရောက်ရှိလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

အကယ်၍ မဟာယာနအဆင့်ကျင့်ကြံသူနှစ်ယောက်ကို ရင်ဆိုင်ရမည်ဆိုလျှင် ကျန့်ချုံရှန်းသည် ခက်ခက်ခဲခဲ ရင်ဆိုင်ရလိမ့်မည်ဖြစ်သည်။

ယခု ရွှယ်ယန်မြို့ကို လာရောက်တိုက်ခိုက်သည့် သွေးနတ်ဆိုးဂိုဏ်းဘက်တွင် မဟာယာနအဆင့်ကျင့်ကြံသူ ဟူ၍ သွေးနတ်ဘုရား တစ်ယောက်တည်းသာ ရှိသည်။

သွေးနတ်ဘုရား၏ ကျင့်ကြံခြင်းအဆင့် မဟာယာနနှောင်းပိုင်းအဆင့်ကို ရောက်နေလျှင်ပင် ကျန့်ချုံရှန်းအနေဖြင့် ကြောက်ရွံ့နေမည်မဟုတ်ပေ။

တကယ်တမ်းတွင် သွေးနတ်ဘုရားက ရွှယ်ရန်ဟဲကို မခေါ်လာခဲ့ရသည့် အကြောင်းအရင်းရှိသည်။

ကျန်းချန်တို့ နှစ်ယောက်ကို ရှာဖွေရန်အတွက် ရွှယ်ရန်ဟဲသည် တားမြစ်နည်းစနစ်ကို အသုံးပြုခဲ့သောကြောင့် ကျင့်ကြံခြင်းအဆင့် နိမ့်ကျသွားခဲ့ပြီး ယခုအချိန်အထိ ပြန်လည် နာလန်မထူနိုင်သေးပေ။

သို့မဟုတ်လျှင် သွေးနတ်ဘုရားအနေဖြင့် ယနေ့တွင် ရွှယ်ရန်ဟဲကို အဘယ်ကြောင့်‌ ခေါ်မလာဘဲ နေပါမည်နည်း။

“ငါမင်းကို ဘယ်လိုရင်ဆိုင်မလဲဆိုတာ စမ်းကြည့်လိုက်ရင် သိရမှာပေါ့”

သွေးနတ်ဘုရားက အေးစက်စက် ကြုံးဝါးလိုက်သည်။

ထိုခဏဝယ် သူ၏ ခန္ဓာကိုယ်ကနေ သွေးအရှိန်အဝါများ ရုတ်တရက် ပျံ့နှံ့လာခဲ့သည်။

ထိုမြင်ကွင်းကိုမြင်လျှင် ကျန့်ချုံရှန်းသည် သူ၏ လက်ဖဝါးကိုလှုပ်ရှားလိုက်ရာ ကြီးမားသော သွေးရောင်ဓားရှည်တစ်လက်သည် သူ၏ လက်ထဲတွင် ပေါ်လာခဲ့သည်။

ထို့နောက်တွင်မူ ကျန့်ချုံရှန်းသည် သွေးရောင်ဓားရှည်ဖြင့် ဓားကွက် တစ်ကွက်ကို ထုတ်ဖော်လိုက်၏။

သွေးရောင်ဓားအလင်းသည် ကောင်းကင်ယံကို ဖြတ်သန်းသွားခဲ့ပြီး ဟင်းလင်းပြင်ကို ပင်လယ်ရေကဲ့သို့ နှစ်ခြမ်းကွဲသွားစေခဲ့ကာ ရှည်လျားသော သွေးရောင်လမ်း တစ်ခုကိုပင် ဖြစ်ပေါ်စေခဲ့သည်။

ဓားအလင်းက သွေးနတ်ဘုရား ဆီသို့ တိုက်ရိုက်ပင် ဦးတည်ခဲ့၏။

မဟာယာန နှောင်းပိုင်းအဆင့် ဖြစ်သည့် သွေးနတ်ဘုရားနှင့် ရင်ဆိုင်ရသောအခါတွင် ကျန့်ချုံရှန်းသည် အနည်းငယ်မျှပင် တုံ့ဆိုင်းမနေဘဲ လျင်မြန်စွာ တိုက်ခိုက်လိုက်သည်။

ကျန့်ချုံရှန်း၏ ကြောက်မက်ဖွယ်ဓားချက်ကို မြင်သော်လည်း သွေးနတ်ဘုရားသည် အနည်းငယ်မျှပင် နောက်မဆုတ်ခဲ့ပေ။

သူက လက်ငါးချောင်းကို စွန်ကုတ်လက်သည်း သဏ္ဌာန်ကွေးလိုက်ပြီး လေထဲကို ကုတ်ဆွဲလိုက်သည်။

သွေးရောင် အလင်းတန်းငါးခုသည် လေထုကို ရုတ်တရက် ထိုးဖောက်သွားခဲ့သည်။

လေထဲတွင် စူးရှသော အသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး သွေးရောင်အလင်းတန်း ငါးခုသည် သွေးမြားတစ်စင်း အဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ ကျန့်ချုံရှန်း ထုတ်ဖော်လိုက်သည့် ဓားချက်နှင့် ထိပ်တိုက် ရင်ဆိုင်လိုက်၏။

ဟင်းလင်းပြင်က ပေါက်ကွဲသွားခဲ့ပြီး ကောင်းကင်နှင့်မြေကြီးက ပြိုကျပျက်စီးမတတ် ဖြစ်သွားခဲ့သည်။

ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအင်လှိုင်းများသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ကမ္ဘာကြီးကို ဖျက်ဆီးပစ်နိုင်လောက်သည့် သွေးမုန်တိုင်း အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး နတ်သမီး ပန်းကြဲချလိုက်သကဲ့သို့ အရပ်မျက်နှာ အနှံ့ကို ပျံ့လွင့်သွားခဲ့သည်။

မဟာယာနအဆင့် ကျင့်ကြံသူ နှစ်ယောက်၏ တိုက်ပွဲသည် အလွန်ပင် ကြောက်မက်ဖွယ်ရာကောင်းနေခဲ့သည်။

ရွှယ်ယန်မြို့၏ ကောင်းကင်ယံရှိ အစီအရင်ပင်လျှင် ထိုကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားကို ခံနိုင်ရည်မရှိတော့ဘဲ သွေးမုန်တိုင်း၏ ရိုက်ခတ်မှုအောက်တွင် ပြိုလဲမတတ် ဖြစ်နေခဲ့သည်။

အစီအရင်သာ ပျက်စီးသွားလျှင် အောက်ဘက်ရှိ ရွှယ်ယန်မြို့ တစ်ခုလုံးသည် သွေးမုန်တိုင်းအောက်တွင် ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားမည်ကို စိုးရိမ်ရ၏။

“ဖြိုခွင်းစမ်း”

ကျန့်ချုံရှန်းက အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့ပြီး လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ အစီအရင်ကို ရိုက်ခတ်နေသည့် သွေးမုန်တိုင်းသည် ဘာမှ မကျန်ရှိတော့သည် အထိ ဖြိုခွဲခံလိုက်ရသည်။

“သွေးနတ်ဘုရား.. ငါတို့ ဟင်းလင်းပြင်မှာပဲ တိုက်ကြရအောင်”

စကားဆုံးသည်နှင့် ကျန့်ချုံရှန်း၏ ပုံရိပ်သည် သွေးရောင်ဓားအလင်းတန်း တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့ကာ မိုင်ပေါင်းထောင်ချီ အမြင့်တွင် ချက်ချင်းဆိုသလို ပေါ်လာခဲ့သည်။

ထိုမြင်ကွင်းကိုမြင်လျှင် သွေးနတ်ဘုရားသည် နှာခေါင်းရှုံ့လိုက်ပြီး တောက်ပသော သွေးအလင်းတစ်ခု အဖြစ်သို့ ပြောင်းလဲကာ ကောင်းကင်ယံသို့ ပျံသန်းသွားခဲ့သည်။

သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော သွေးအလင်းများသည် အရပ်မျက်နှာအနှံ့သို့ တောက်ပနေခဲ့၍ ဟင်းလင်းပြင်တွင် ချိတ်ဆွဲထားသည့် သွေးရောင်နေမင်းကြီး တစ်စင်းအလား ဖြစ်နေခဲ့သည်။

ပတ်ဝန်းကျင်ရှိ တိမ်တိုက်များသည်ပင် သွေးရောင်များအဖြစ် ဆေးခြယ်ထားသည့်နှယ် ဖြစ်နေခဲ့သည်။

သူက ကျန့်ချုံရှန်းကို ကြည့်ကာ လှောင်ပြုံးပြုံး၍ ပြောလိုက်သည်။

“ကျန့်ချုံရှန်း မင်းက အရမ်းကို စိတ်လောလွန်းတယ်.. မဟာယာန အဆင့်ကို ထိုးဖောက်ပြီးပြီးချင်း ငါ့ရှေ့မှာ ပေါ်မလာခဲ့သင့်ဘူး”

ကျန့်ချုံရှန်းသည် သွေးဓား အင်မော်တယ်ဂိုဏ်း၏ အထွတ်အထိပ် ပါရမီရှင် ဖြစ်ပြီး အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာတွင် နာမည်ကျော်ကြားသော မဟာယာနတစ်ပိုင်းအဆင့် ပါရမီရှင် တစ်ယောက်လည်း ဖြစ်သည်။

သူက မဟာယာန တစ်ပိုင်းအဆင့်ဖြင့်ပင် မဟာယာနအဆင့် ကျင့်ကြံသူများကို ရင်ဆိုင်နိုင်ခဲ့သူ ဖြစ်၏။

အကယ်၍ ကျန့်ချုံရှန်းသာ ဆက်လက်ပုန်းအောင်း၍ တိတ်တဆိတ် ကျင့်ကြံနေမည်ဆိုလျှင် ကျန့်ချုံရှန်း၏ အဆင့်သည် သူကဲ့သို့ အဆင့်မျိုး ရောက်လာခဲ့လျှင် သူပင်လျှင် ယှဥ်ပြိုင်ဖို့ ခက်ခဲလိမ့်မည်ကို စိုးရိမ်ရသည်။

သို့သော်လည်း ယခုအခါတွင်မူ ကျန့်ချုံရှန်းသည် မဟာယာနအဆင့်ကို စတင် ထိုးဖောက်စသာ ရှိသေးသည်။

သို့ဖြစ်ရာ သူ့အနေဖြင့် သွေးနတ်ဆိုးဂိုဏ်းအတွက် ကြီးမားသည့် စိုးရိမ်ပူပန်မှုကို ဖယ်ရှားရန် ကျန့်ချုံရှန်းကို ဤနေရာတွင် မဖြစ်မနေ သတ်ရပေလိမ့်မည်။

“တကယ်လား.. အဲဒီတုန်းကလည်း မင်းငါ့ကို ဒီစကားမျိုး ပြောခဲ့ဖူးတာ ငါမှတ်မိသေးတယ်.. ဒါပေမဲ့လည်း ဒီနေ့အထိ ငါ အသက်ရှင်နေတုန်းပဲ မဟုတ်လား”

ကျန့်ချုံရှန်းက ပြိုင်ဘက်ကင်း ဓားအင်မော်တယ်တစ်ပါး ကဲ့သို့ တိမ်တိုက်များအပေါ်တွင် ဝင့်ကြွားစွာ ရပ်နေခဲ့သည်။

“အဲဒီအချိန်က ငါပေါ့ဆသွားလို့သာ မင်းအသက်ရှင်ခွင့်ရခဲ့တာပေါ့.. ဒီနေ့တော့ မင်းမှာ အဲလိုအခွင့်အရေးမျိုး ထပ်ရှိတော့မှာမဟုတ်ဘူး”

စကားဆုံးသည်နှင့် သွေးနတ်ဘုရားက အဆီအနှစ်စွမ်းအားများကို ထုတ်ဖော်လိုက်ရာ သူ၏ ခန္ဓာကိုယ်ကနေ တစ္ဆေသရဲများ ငိုကြွေးသံနှင့် ဝံပုလွေအူသံများ ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့သည်။

မကြာမီမှာပင် ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဝါများ ထုတ်လွှတ်နေသည့် သွေးရောင်ဓားအလင်း တစ်ခုသည် သွေးနဂါး တစ်ကောင်ကဲ့သို့ ကောင်းကင်နှင့်မြေကြီးကြားတွင် ရုတ်တရက် ပေါ်လာခဲ့သည်။

ထိုသွေးနဂါး၏ အရှိန်အဝါသည် ၎င်း၏ ပတ်ဝန်းကျင်ရှိ တိမ်တိုက်များကိုပင် အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားစေခဲ့သည်။

“ကျန့်ချုံရှန်း.. အဲဒီတုန်းက မင်းကို ငါ မသတ်နိုင်ခဲ့ပေမဲ့ ဒီနေ့ ငါ မင်းကို သေချာပေါက် သတ်ပြမယ်”

စကားဆုံးသည်နှင့် သွေးနတ်ဘုရားက သူ၏ လက်ဖဝါးကို လှုပ်ရှားလိုက်ရာ သွေးနဂါးသည် သူ၏ လက်ဖဝါးထဲကို ချက်ချင်းဆိုသလို ပျံသန်းလာခဲ့ပြီး သွေးရောင်ဓားရှည်တစ်လက် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထို့နောက်တွင်မူ သွေးနတ်ဘုရားသည် သွေးရောင်ဓားရှည်ကို လက်ထဲတွင် ကိုင်စွဲကာ ရုတ်တရက် ဓားကွက် တစ်ကွက်ကို ထုတ်ဖော်လိုက်၏။

အခန်း(၂၅၅၈)ပြီး၏။

All Chapters