အခန်း (၂၅၅၉-၂၅၆၀)
Vol. 196 Ch. 2559-2560
အခန်း(၂၅၅၉)
ထိုဓားချက်အောက်တွင် ထူထပ်သော တိမ်ပင်လယ်သည်ပင် ချက်ချင်းဆိုသလို နှစ်ခြမ်းကွဲသွားခဲ့သည်။
အတိုင်းအဆမရှိ ကျယ်ပြောသော တိမ်ပင်လယ်တွင် ကြီးမားသော သွေးရောင် အက်ကွဲကြောင်းကြီး တစ်ခု ရုတ်တရက် ပေါ်ပေါက်လာခဲ့၏။
ကောင်းကင်ယံကို ထိုးတက်သွားသော သွေးရောင် ဓားအလင်းသည် ကောင်းကင် အင်မော်တယ်များကိုပင် ပိုင်းဖြတ်ပစ်နိုင်စွမ်း ရှိပုံရ၏။
ထိုဓားချက် ထွက်ပေါ်လာသည်နှင့် လောကကြီး တစ်ခုလုံးသည် အရောင်အဆင်း ပြောင်းလဲသွားခဲ့သည်။
သွေးနတ်ဘုရားသည် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာ၏ အထွတ်အထိပ်ပုဂ္ဂိုလ် ဆယ်ဦးထဲမှ တစ်ဦးဖြစ်သည်။
ရှင်းလင်းစွာဆိုရလျှင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် နှစ်ပေါင်းများစွာ ဇာတ်မြုပ်နေသော မွန်းစတားအိုကြီးအချို့မှ လွဲလျှင် သွေးနတ်ဘုရားသည် အသန်မာဆုံးပုဂ္ဂိုလ်များထဲမှ တစ်ဦးဟု ဆို၍ရ၏။
ဤကဲ့သို့ ပြိုင်ဘက်ကင်းပုဂ္ဂိုလ် တစ်ဦး၏ အစွမ်းကုန် တိုက်ခိုက်မှုသည် သဘာဝကျစွာပင် ကြောက်မက်ဖွယ်ရာကောင်းနေခဲ့သည်။
သာမန် မဟာယာနအဆင့် ကျင့်ကြံသူ တစ်ဦးပင်လျှင် သွေးနတ်ဘုရား၏ ဓားချက်ကို ခုခံနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။
သွေးနတ်ဘုရား၏ ကြောက်မက်ဖွယ်ဓားချက်ကို မြင်လျှင် ကျန့်ချုံရှန်းသည် အနည်းငယ်မျှပင် မပေါ့ဆဝံ့တော့ပေ။
ထိုခဏဝယ် ကျန့်ချုံရှန်းသည် လျှို့ဝှက်နည်းစနစ် တစ်ခုကို ထုတ်ဖော်လိုက်ရာ ချက်ချင်းဆိုသလိုပင် သူ၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့သည်။
ထို့နောက်တွင်မူ ကျန့်ချုံရှန်းသည် သူ၏ လက်ထဲရှိ သွေးရောင်ဓားရှည် ပေါ်သို့ သွေးတစ်လုတ်ကို ထွေးထုတ်လိုက်၏။
“သွေးနဲ့ ဓားကို ပူဇော်ပြီး အဆင့်တက်မယ်”
ကျန့်ချုံရှန်းက အေးစက်စက် ရေရွတ်လိုက်သည်။
“ဝုန်း..”
ကျန့်ချုံရှန်း၏ စကားသံ အဆုံးသတ်သည်နှင့် သူ၏ လက်ထဲရှိ သွေးရောင်ဓားရှည်ပေါ်မှ ကြောက်မက်ဖွယ်စွမ်းအားများသည် ကျန့်ချုံရှန်း၏ ခန္ဓာကိုယ်ထဲသို့ လျင်မြန်စွာ စီးဝင်သွားခဲ့ပြီး ကျန့်ချုံရှန်း၏ အရှိန်အဝါကို တစ်ဟုန်ထိုး မြင့်တက်သွားစေခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာ ကျန့်ချုံရှန်း၏ အရှိန်အဝါသည် မဟာယာန အစောပိုင်းအဆင့်ကို ကျော်ဖြတ်ကာ မဟာယာန အလယ်အလတ် အဆင့်သို့ ရောက်ရှိသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ကျန့်ချုံရှန်းသည် သွေးရောင်ဓားရှည်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ပြီး ဦးခေါင်ပေါ်သို့ မြှောက်လိုက်ကာ ရိုးရှင်းသော ဓားချက် တစ်ချက်ကို ထုတ်ဖော်လိုက်သည်။
ထိုဓားချက်သည် ဘုံးကိုးပါးမှ ကြယ်တာရာမြစ်ကြီး စီးဆင်းလာသကဲ့သို့ အားမာန်အပြည့် ဖြစ်နေခဲ့ပြီး မည်မျှ အစွမ်းထက်သည်ကိုပင် ခန့်မှန်းရန် ခက်ခဲ၏။
ဟင်းလင်းပြင်ထဲတွင် ဓားအလင်း နှစ်ခုသည် ထိပ်တိုက် ဆုံတွေ့သွားကြပြီး ကြောက်မက်ဖွယ်ရာ ဓားအရှိန်အဝါများသည် ဟင်းလင်းပြင်ထဲတွင် ရောယှက်သွားကာ ဟင်းလင်းပြင်ကို ချက်ချင်းဆိုသလို ပရမ်းပတာ ဖြစ်စေခဲ့သည်။
ဓားအလင်းနှစ်ခု၏ ထိပ်တိုက် ရင်ဆိုင်မှုအပြီးတွင် သွေးနတ်ဘုရားသည် နောက်သို့ ခြေသုံးလှမ်းခန့် ဆုတ်လိုက်ရ၏။
သူ၏ ခန္ဓာကိုယ် ဟန်ချက်ကို ပြန်လည် ထိန်းချုပ်ပြီးနောက်တွင် ကျန့်ချုံရှန်းကို ကြည့်နေသော သွေးနတ်ဘုရား၏ မျက်နှာထက်တွင် လေးနက်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ကျန့်ချုံရှန်းသည် ဓားလမ်းစဥ်တွင် အလွန်မြင့်မားသော ပါရမီရှိသည့် ပြိုင်ဘက်ကင်း ဓားသမားတစ်ဦး ဖြစ်ကာ မဟာယာန တစ်ပိုင်း အဆင့်ဖြင့်ပင် မဟာယာနအဆင့် ကျင့်ကြံသူများကို ယှဥ်ပြိုင်နိုင်ခဲ့သူ ဖြစ်သည်။
ယခုအခါတွင် ကျန့်ချုံရှန်းသည် မဟာယာနအဆင့်ကို ထိုးဖောက်နိုင်ခဲ့ပြီး လျှို့ဝှက်နည်းစနစ်ကို အသုံးပြုကာ သူ၏ ကျင့်ကြံခြင်းအဆင့်ကို မဟာယာန အလယ်အလတ် အဆင့်အထိ အတင်းအကျပ် မြှင့်တင်ထားသဖြင့် သူကဲ့သို့ မဟာယာန နှောင်းပိုင်းအဆင့်ကိုပင် ယှဥ်ပြိုင်နိုင်စွမ်း ရှိနေခဲ့၏။
ကျန့်ချုံရှန်းကို စူးစိုက်၍ ကြည့်နေရင်း သွေးနတ်ဘုရား၏ စိတ်ထဲတွင် သတ်ဖြတ်လိုက်သော ဆန္ဒများ ပို၍ပင် ပြင်းထန်လာခဲ့သည်။
ယနေ့တွင် မည်မျှပင် ရင်းနှီးရပါစေ၊ ကျန့်ချုံရှန်းကို မဖြစ်မနေ သတ်ဖြတ်ရန် သူဆုံးဖြတ်ထားခဲ့သည်။
ထိုသို့မဟုတ်ဘဲ ကျန့်ချုံရှန်းသာ ကြီးထွားလာရန် အခွင့်အရေးရရှိသွားခဲ့လျှင် ဤလူသည် သွေးနတ်ဆိုးဂိုဏ်း အတွက် ဘေးအန္တရာယ် တစ်ခု သေချာပေါက် ဖြစ်လာပေလိမ့်မည်။
“ကျန့်ချုံရှန်း.. မင်းက ကောင်းကင်လျှို့ဝှက်ဓားဂိုဏ်းကို တစ်ချိန်က နှိမ်နင်းနိုင်ခဲ့တဲ့ ပြိုင်ဘက်ကင်း ဓားသမား တစ်ယောက်လို့ မပြောရဘူး.. တကယ်ကို အစွမ်းထက်လွန်းတာပဲ.. ဒါပေမဲ့ မင်းဘယ်လောက်ပဲ ထူးချွန်နေပါစေ.. ဒီနေ့တော့ မင်းသေချာပေါက် သေရလိမ့်မယ်.. သွေးနတ်ဆိုးကောင်းကင်ဓားချက်.. ပိုင်းဖြတ်စမ်း”
သွေးနတ်ဘုရားက လက်ထဲမှ ဓားကို ဝှေ့ယမ်းကာ ကျန့်ချုံရှန်းကို တိုက်ခိုက်လိုက်သည်။
သွေးနတ်ဘုရား၏ ဓားချက်ကြောင့် ဟင်းလင်းပြင်သည်ပင် နှစ်ခြမ်းကွဲသွားခဲ့ပြီး ကြယ်တာရာမြစ် ကဲ့သို့ ဟင်းလင်းပြင်အက်ကွဲကြောင်းများထဲက မရေမတွက်နိုင်သော ဟင်းလင်းပြင်မုန်တိုင်းများ တိုက်ခိုက်လာခဲ့သည်။
လောကကြီးက ပရမ်းပတာ ဖြစ်သွားခဲ့ပြီး အဖျက်စွမ်းအင်မုန်တိုင်းများကြောင့် ကမ္ဘာပျက်တော့မည့်အလား ဖြစ်နေခဲ့သည်။
သွေးနတ်ဘုရား၏ ဓားချက်ကိုမြင်လျှင် ကျန့်ချုံရှန်း၏ အမူအရာက ပို၍ပင် လေးနက်သွားခဲ့သည်။
သွေးနတ်ဆိုးဂိုဏ်းသည် သွေးဓားအင်မော်တယ်ဂိုဏ်းမှ ခွဲထွက်သွားသောဂိုဏ်း ဖြစ်သည်။
ထို့ကြောင့် သွေးနတ်ဆိုးဂိုဏ်းမှ ဓားသိုင်း အများစုသည် အမှန်စင်စစ် သွေးဓားအင်မော်တယ်ဂိုဏ်းမှ ဓားသိုင်းများသာ ဖြစ်သည်။
သူ့ရှေ့မှ သွေးနတ်ဘုရား ထုတ်ဖော်လိုက်သော ဓားချက်သည် တကယ်တမ်းတွင် သွေးဓားအင်မော်တယ်ဂိုဏ်း၏ ထိပ်တန်းဓားသိုင်း ဖြစ်သည့် သွေးနတ်ဆိုးကောင်းကင်ဓားသိုင်းမှ ဆင်းသက်လာခြင်း ဖြစ်၏။
ထိုဓားသိုင်းသည် သွေးဓားအင်မော်တယ်ဂိုဏ်း၏ အထွတ်အထိပ် ဓားသိုင်းများထဲတွင် အစွမ်းထက်ဆုံး ဓားသိုင်းလည်း ဖြစ်သည်။
ယခုအခါတွင် သွေးနတ်ဘုရားသည် မဟာယာနနှောင်းပိုင်းအဆင့် စွမ်းအားဖြင့် ထိုဓားကွက်ကို ထုတ်ဖော်လိုက်သည် ဖြစ်ရာ အလွန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့၏။
ကျန့်ချုံရှန်းက အသက်ကို ခပ်ပြင်းပြင်းရှုရှိုက်လိုက်သည်။
သူက တုံ့ဆိုင်းမနေတော့ဘဲ လက်ထဲမှ သွေးရောင်ဓားရှည်ကို အနည်းငယ် လှုပ်ရှားလိုက်ရာ သွေးရောင်ဓားအလင်း တစ်ခုသည် ကောင်းကင်ယံသို့ ချက်ချင်းဆိုသလို ထိုးတက်သွားခဲ့သည်။
နောက်ထပ် တစ်ခဏတွင် ဓားအလင်းသည် သွေးရောင်ဓားငယ် ကိုးလက် အဖြစ်သို့ ချက်ချင်းဆိုသလို ကွဲထွက်သွားခဲ့သည်။
ကျန့်ချုံရှန်း၏ ထိန်းချုပ်မှုအောက်တွင် ထိုသွေးရောင်ဓားငယ် ကိုးလက်သည် ဟင်းလင်းပြင်အတွင်း သွေးရောင် ဓားအစီအရင် တစ်ခု အဖြစ် ပေါ်ပေါက်လာခဲ့၏။
“ဓားကိုးလက်ကြာပန်း ပေါ်ထွက်စမ်း”
ကျန့်ချုံရှန်းက ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။
သွေးရောင်ဓားငယ် ကိုးလက်သည် ဟင်းလင်းပြင်အတွင်း လှည့်ပတ်နေကြပြီး အဆုံးသတ်တွင် သွေးကြာပန်းတစ်ပွင့်အဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ သွေးနတ်ဘုရား ထုတ်ဖော်လိုက်သော ဓားချက်နှင့် ထိပ်တိုက် ရင်ဆိုင်လိုက်၏။
“ဝုန်း..”
ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားနှစ်ခုသည် မျက်စိတစ်မှိတ်အတွင်း ထိပ်တိုက် ဆုံတွေ့သွားခဲ့ကြသည်။
ယင်းအခိုက်အတန့်တွင် ကောင်းကင်ယံ တစ်ခုလုံး တုန်ခါသွားခဲ့၏။
အောက်ဘက်ကနေ တိုက်ပွဲကို ကြည့်ရှုနေကြသူများသည်ပင် ကောင်းကင်ယံက သက်ရောက်လာသည့် ကြောက်မက်ဖွယ်ဖိအားကို ခံစားလိုက်ရ၏။
ဟင်းလင်းပြင် တစ်ခုလုံးသည် သွေးရောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီး ပရမ်းပတာ ဖြစ်နေခဲ့သည်။
ကောင်းကင်ယံတွင် သွေးနတ်ဆိုး ကောင်းကင်ဓားအလင်းနှင့် သွေးကြာပန်း တို့သည် အဆက်မပြတ် ရင်ဆိုင်နေခဲ့ကြ၏။
ခဏအကြာတွင် သွေးနတ်ဆိုး ကောင်းကင်ဓား အလင်းနှင့် သွေးကြာပန်းတို့သည် ၎င်းတို့၏ အကန့်အသတ်သို့ ရောက်ရှိသွားကြပြီး ဟင်းလင်းပြင်အတွင်း ပေါက်ကွဲသွားကြ၏။
တစ်ချိန်တည်းမှာပင် သွေးနတ်ဘုရားသည် ပေထောင်ချီ အကွာအဝေး အထိ လွင့်စင်သွားခဲ့သည်။
“အကြီးအကဲချုပ်က တကယ်ကို တားဆီးနိုင်ခဲ့တာပဲ”
ဟင်းလင်းပြင်အတွင်း အထိအခိုက်မရှိဘဲ ဝင့်ကြွားစွာ ရပ်နေသည့် ကျန့်ချုံရှန်းကို ကြည့်ရင်း ကျန့်ဝူရွှယ် တို့သည် စိတ်လှုပ်ရှားလာခဲ့ကြသည်။
ကျန့်ချုံရှန်းသည် သွေးဓားအင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ်ဟောင်း ဖြစ်သော်လည်း ယခုအခါတွင် ဂိုဏ်း၏ အကြီးအကဲချုပ် အဖြစ်သာ တာဝန်ယူကာ ဇာတ်မြုပ်နေခဲ့ခြင်း ဖြစ်သည်။
ကျန့်ချုံရှန်း အနေဖြင့် သွေးနတ်ဘုရားကို ထိန်းထားနိုင်သရွေ့ သူတို့ သွေးဓားအင်မော်တယ်ဂိုဏ်းသည် သွေးနတ်ဆိုးဂိုဏ်းကို ကောင်းစွာ တိုက်ခိုက်နိုင်မည် ဖြစ်၏။
တစ်ချိန်တည်းမှာပင် ရွှယ်ယန်မြို့အပြင်ဘက်ရှိ သွေးနတ်ဆိုးဂိုဏ်းမှ အင်အားကြီး ပုဂ္ဂိုလ်များ၏ မျက်နှာအမူအရာများသည် အလွန်ပင် လေးနက်သွားကြသည်။
ယခုအခါတွင် သွေးနတ်ဆိုးဂိုဏ်း၏ အင်အားသည် အကြီးအကျယ် ထိခိုက်နေပြီဖြစ်ရာ မဟာယာနအဆင့်ကျင့်ကြံသူ ငါးဦး ထဲတွင် အမှန်တကယ် တိုက်ခိုက်နိုင်သူ ဟူ၍ သွေးနတ်ဘုရား တစ်ဦးတည်းသာ ရှိတော့သည်။
အကယ်၍ သွေးနတ်ဘုရားသည် ကျန့်ချုံရှန်းကို အနိုင်မယူနိုင်လျှင် သွေးနတ်ဆိုးဂိုဏ်းသည် သွေးဓားအင်မော်တယ်ဂိုဏ်းကို ယခင်ကကဲ့သို့ ဆက်လက် ဖိနှိပ်ထားနိုင်တော့မည် မဟုတ်ပေ။
ဆိတ်ငြိမ်သွေးကောင်းကင်နယ်မြေ အတွင်းရှိ အခြေအနေသည် ယနေ့မှစ၍ အပြောင်းအလဲ ဖြစ်သွားတော့မည်ကိုပင် စိုးရိမ်ရ၏။
“ဓားကိုးလက်ကြာပန်းသိုင်းကွက်က မင်းတို့ သွေးဓားအင်မော်တယ်ဂိုဏ်းက အဘိုးကြီး ဓားကိုးလက် ဖန်တီးခဲ့တဲ့ ပြိုင်ဘက်ကင်းဓားကွက်လို့ မပြောရဘူး.. တကယ်ကို ထူးခြားတာပဲ”
သွေးနတ်ဘုရားက သူ၏ ခန္ဓာကိုယ်အတွင်းရှိ မတည်မငြိမ်ဖြစ်နေသော စွမ်းအားများကို ထိန်းချုပ်လိုက်သည်။
ဤအခိုက်အတန့်တွင် ကျန့်ချုံရှန်းကို ကြည့်နေသော သူ၏ အကြည့်သည် အလွန်အမင်း သုန်မှုန်နေခဲ့၏။
သွေးဓားအင်မော်တယ်ဂိုဏ်းသည် ရှည်လျားသော အမွေအနှစ် သမိုင်းကြောင်းရှိပြီး ဂိုဏ်း၏ နောက်ခံသည် အတိုင်းအဆမရှိ နက်ရှိုင်းသည်။
ဤနှစ်များအတွင်း သွေးဓားအင်မော်တယ်ဂိုဏ်းသည် အင်အားလျော့နည်းလာခဲ့ပြီး မဟာယာနအဆင့် ကျင့်ကြံသူ တစ်ဦးပင် ပေါ်ထွက်မလာခဲ့သော်လည်း သူ့အနေဖြင့် သွေးဓားအင်မော်တယ်ဂိုဏ်းကို အမြဲတစေ သတိထားနေခဲ့ပြီး သွေးနတ်ဆိုးဂိုဏ်းကို ဦးဆောင်ကာ သွေးဓားအင်မော်တယ်ဂိုဏ်းသို့ သွားမတိုက်ဝံ့ခဲ့ပေ။
သွေးနတ်ဆိုးဂိုဏ်း၏ ခေါင်းဆောင်တစ်ဦး အနေဖြင့် သွေးနတ်ဘုရားသည် သွေးဓား အင်မော်တယ်ဂိုဏ်း၏ ဘိုးဘေးများက မည်ကဲ့သို့သေ အစီအစဥ်များ ပြုလုပ်ထားသည်ကို တခြားသူများထက် ကောင်းစွာ ပို၍ သိထားခဲ့သည်။
ရှင်းလင်းစွာဆိုရလျှင် သွေးဓားအင်မော်တယ်ဂိုဏ်းသည် မဟာယာနအဆင့် ကျင့်ကြံသူများ မရှိ၍သာ သွေးနတ်ဆိုးဂိုဏ်း၏ ဖိနှိပ်မှုကို ခံခဲ့ရခြင်း ဖြစ်၏။
ယခုအခါတွင် ကျန့်ချုံရှန်းသည် မဟာယာန အဆင့်သို့ ထိုးဖောက်သွားခဲ့ပြီး သွေးဓားအင်မော်တယ်ဂိုဏ်းမှ အမွေအနှစ်ရတနာအချို့ကို အသုံးပြုကာ သူ့ကို ယှဥ်ပြိုင်နိုင်စွမ်း ရှိနေပြီဖြစ်သည်။
ကျန့်ချုံရှန်းက ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“သွေးနတ်ဘုရား.. မင်းက မဟာယာန နှောင်းပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်ပေမဲ့ ငါ့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူးလို့ ငါမင်းကို အစောကြီးကတည်းက ပြောခဲ့သားပဲ”
အခန်း(၂၅၅၉)ပြီး၏။
အခန်း(၂၅၆၀)
“ကျန့်ချုံရှန်း မင်းသိပ်ပြီး မာန်တက်မနေနဲ့”
သွေးနတ်ဘုရားက ဒေါသတကြီး ကြုံးဝါးလိုက်သည်။
သူ၏ ခန္ဓာကိုယ်မှ သွေးစွမ်းအားများ ထွက်ပေါ်လာခဲ့ပြီး သူ၏ ကျောဘက်တွင် မိုးထိအောင် မြင့်မားသည့် သွေးမြစ်ကြီးတစ်ခု အဖြစ် ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့သည်။
ထိုသွေးမြစ်ကြီးထဲတွင် ယုတ်ညံ့သည့် သွေးအရှိန်အဝါများကို ထုတ်လွှတ်နေသော သွေးရောင်ဧရာမငါး တစ်ကောင်သည် ကောင်းကင်ယံသို့ မော့ကြည့်ကာ အော်ဟစ်နေခဲ့သည်။
လူသတ်ငွေ့များသည် ကောင်းကင်ယံ တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ပြီး သွေးမုန်တိုင်းများကိုပင် ဖြစ်ပေါ်စေခဲ့၏။
“ကျန့်ချုံရှန်း.. မင်းရဲ့လက်ထဲမှာ ဝှက်ဖဲ ဘယ်နှစ်ချပ် ရှိမလဲဆိုတာ ငါကြည့်ချင်သေးတယ်”
စကားဆုံးသည်နှင့် သွေးနတ်ဘုရားသည် ကျန့်ချုံရှန်းထံ လက်သီးတစ်လုံးကို ပစ်သွင်းလိုက်သည်။
“ဝုန်း..”
ဟင်းလင်းပြင် တစ်ခုလုံးက တုန်ခါသွားခဲ့ပြီး လောကကြီး၏ အရောင်အဆင်းသည်ပင် ပြောင်းလဲသွားခဲ့သည်။
ကျန့်ချုံရှန်းသည် သွေးနတ်ဘုရား၏ လက်သီးချက်အောက်တွင် ကောင်းကင်နှင့်မြေကြီး ကြားမှ တိုက်ခိုက်လာသော ကြောက်မက်ဖွယ် အအေးဓာတ်ကို ခံစားလိုက်ရ၏။
ထိုအခိုက်အတန့်တွင် ပတ်ဝန်းကျင် တစ်ခုလုံးသည် သွေးရောင်များဖြင့် ဖုံးလွှမ်းသွားခဲ့ပြီး ကျန့်ချုံရှန်းသည် အကန့်အသတ်မရှိ ကျယ်ဝန်းသည့် သွေးကမ္ဘာထဲ ရောက်ရှိသွားသလို ခံစားလိုက်ရသည်။
ဤသွေးကမ္ဘာထဲမှ ကြောက်မက်ဖွယ် သွေးရောင်လေပြင်းများသည် ကျန့်ချုံရှန်း၏ ခန္ဓာကိုယ် တစ်ခုလုံးကို အစိတ်စိတ်အမြွှာမြွှာ ဆွဲဖြတ်ပစ်တော့မည့်အလား ဖြစ်နေခဲ့၏။
ကျန့်ချုံရှန်း၏ အမူအရာက လေးနက်သွားခဲ့ပြီး ဓားကိုးလက်ကြာပန်းကို ချက်ချင်းဆိုသလို ထပ်မံ ထုတ်ဖော်ကာ ပတ်ဝန်းကျင်ရှိ သွေးရောင်လေပြင်းများကို ချေဖျက်ရန် ပြင်လိုက်သည်။
“ကျန့်ချုံရှန်း.. ဒါက ငါဖန်တီးထားတဲ့ အကန့်အသတ်မဲ့ သွေးကမ္ဘာပဲ.. မင်းမှာ ထူးခြားတဲ့ တိုက်ခိုက်ရေးစွမ်းအားနဲ့ မရေမတွက်နိုင်တဲ့ ဝှက်ဖဲတွေ ရှိနေရင်တောင် ငါ့ရဲ့ အကန့်အသတ်မဲ့ သွေးကမ္ဘာကိုတော့ အလွယ်တကူ ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး”
သွေးနတ်ဘုရားသည် သွေးကမ္ဘာ၏ အထက်တွင် ဝင့်ကြွားစွာ ရပ်နေခဲ့ပြီး ကျန့်ချုံရှန်းကို လှောင်ပြုံးဖြင့် ကြည့်ကာ ပြောလိုက်သည်။
“ငါထင်တာ မမှားဘူးဆိုရင် မင်းအသုံးပြုထားတဲ့ လျှို့ဝှက်နည်းစနစ်က အချိန်အကြာကြီး ခံလောက်မှာ မဟုတ်ဘူး”
သွေးနတ်ဘုရား၏ စကားကိုကြားလျှင် ကျန့်ချုံရှန်းသည် အနည်းငယ် မျက်နှာပျက်သွားခဲ့သည်။
သူက သွေးဓားအင်မော်တယ်ဂိုဏ်း၏ လျှို့ဝှက်နည်းစနစ်ကို အသုံးပြုကာ သူ၏ ကျင့်ကြံခြင်းအဆင့်ကို အချိန်တိုအတွင်း မြှင့်တင်နိုင်ခဲ့သော်လည်း ထိုသို့မြှင့်တင်ထားမှုသည် အမွှေးတိုင် တစ်တိုင် လောင်ကျွမ်းစာခန့်သာ ခံမည် ဖြစ်သည်။
လျှို့ဝှက်နည်းစနစ်၏ စွမ်းအား ကုန်ဆုံးသွားသည်နှင့် သူ၏ ခန္ဓာကိုယ်သည် အတိုင်းအတာ တစ်ခု အထိ ပြန်လည်ထိခိုက်မှုကို ခံရပေလိမ့်မည်။
ထိုအချိန်သို့ ရောက်လျှင် သူက သွေးနတ်ဘုရားကို လုံးဝ ယှဥ်ပြိုင်နိုင်တော့မည် မဟုတ်ပေ။
“တိုက်ပွဲကို အမြန်အဆုံးသတ်မှ ဖြစ်မယ်”
ကျန့်ချုံရှန်း၏ မျက်ဝန်းထဲတွင် စူးရှသော အလင်းတန်းများ လင်းလက်သွားခဲ့သည်။
သူက ချက်ချင်းဆိုသလို ဓားကွက် တစ်ကွက်ကို ထုတ်ဖော်လိုက်ရာ ဓားအလင်းသည် ကြယ်တာရာမြစ် စီးဆင်းနေသကဲ့သို့ တုန်လှုပ်ချောက်ချားဖွယ်ရာကောင်းသော အလင်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး သွေးနတ်ဘုရားထံ ဦးတည်လာခဲ့သည်။
ကျန့်ချုံရှန်း၏ ဓားချက်အောက်တွင် သွေးကမ္ဘာတစ်ခုလုံး တုန်ခါသွားခဲ့သည်။
ဓားအလင်း ဖြတ်သန်းသွားရာ နေရာတိုင်းရှိ အရာအားလုံးသည် ကြေမွပျက်စီးကာ ပျောက်ကွယ်သွားခဲ့ပြီး ဓားအလင်း၏ စွမ်းအားသည် အကန့်အသတ်မဲ့ သွေးကမ္ဘာကိုပင် ဖောက်ထွက်သွားတော့မည့်အလား ဖြစ်နေခဲ့သည်။
“ကျန့်ချုံရှန်း.. ငါ့ရဲ့ အကန့်အသတ်မဲ့ သွေးကမ္ဘာထဲမှာတော့ မင်းရဲ့ တိုက်ခိုက်မှုက အလကားပဲ”
သွေးနတ်ဘုရားက ကျန့်ချုံရှန်း၏ ဓားချက်ကို ကြည့်ရင်း လက်တစ်ဖက် ဝှေ့ယမ်းလိုက်သည်။
ချက်ချင်းဆိုသလိုပင် ကောင်းကင်ယံက အပြောင်းအလဲ ဖြစ်သွားခဲ့ပြီး ပဲ့စေ့ခန့် အရွယ်အစားရှိသော သွေးမိုးစက်များသည် ဟင်းလင်းပြင်ကနေ ရုတ်တရက် ကျဆင်းလာခဲ့ကာ ကြောက်မက်ဖွယ် အအေးဓာတ်သည် အကန့်အသတ်မဲ့သွေးကမ္ဘာထဲတွင် ထွက်ပေါ်လာခဲ့သည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် ထိုသွေးမိုးစက်များသည် ဟင်းလင်းပြင်ထဲတွင် ရေခဲအဖြစ် ခဲသွားကြပြီး ကျန့်ချုံရှန်းနှင့် ကြယ်တာရာမြစ် ကဲ့သို့ ဓားအလင်းကိုပါ အေးခဲသွားစေခဲ့သည်။
ခဏအကြာတွင်မူ ဓားအလင်းသည် ချေဖျက်ခံလိုက်ရပြီး ကျန့်ချုံရှန်းကမူ မိုင်ပေါင်းရာချီ အကွာအဝေး အထိ နောက်သို့လွင့်စင်သွားခဲ့သည်။
ကျန့်ချုံရှန်းသည် သူ၏ ခန္ဓာကိုယ်အတွင်းမှ မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို အတင်းအကျပ် ထိန်းချုပ်လိုက်ရသည်။
သူ၏ မျက်နှာက အလွန်ပင် ဖြူဖျော့နေခဲ့၏။
“အကြီးအကဲချုပ်က သွေးနတ်ဘုရားရဲ့ ဖိနှိပ်မှုကို ခံလိုက်ရပြီ”
ကောင်းကင်ယံမှ တိုက်ပွဲ အခြေအနေကို ကြည့်ရင်း ကျန့်ဝူရွှယ်၏ အမူအရာသည် အလွန်ပင် လေးနက်သွားခဲ့သည်။
ကျန့်ချုံရှန်း ထံတွင် ဝှက်ဖဲတစ်ခု ကျန်ရှိနေသေးသည်ကို သူသိသော်လည်း ထိုဝှက်ဖဲသည် သွေးနတ်ဘုရား တစ်ဦးတည်း အတွက် ပြင်ဆင်ထားခြင်း မဟုတ်ပေ။
အကယ်၍ ဤအချိန်တွင်သာ ထိုဝှက်ဖဲကို အသုံးပြုလိုက်ရလျှင် ယင်းသည် သွေးဓားအင်မော်တယ်ဂိုဏ်း အတွက် သတင်းကောင်း မဟုတ်ချေ။
[ငါဇွတ်မလုပ်ဖို့ ပြောခဲ့သားပဲ.. ဒါပေမဲ့ သူတို့က ငါ့စကားကို နားမထောင်ခဲ့ကြဘူး]
ဟင်းလင်းပြင်မှ မြင်ကွင်းကို ကြည့်ရင်း ရွှယ်ချန်ကျဲသည် တိတ်တဆိတ် ခေါင်းခါရမ်းလိုက်သည်။
ကျန့်ချုံရှန်းသည် မဟာယာနအဆင့်သို့ ယခုမှစတင် ထိုးဖောက်ခဲ့သူ ဖြစ်၍ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတစ်ခုလုံးကိုပင် တုန်လှုပ်စေနိုင်လောက်အောင် အစွမ်းရှိသည့် သွေးနတ်ဘုရား ကဲ့သို့ မဟာယာန နှောင်းပိုင်းအဆင့် ကျင့်ကြံသူနှင့် ယှဥ်လျှင် ကွာခြားချက်သည် ကြယ်နှင့်လ ကဲ့သို့ ဖြစ်နေခဲ့သည်။
ကျန့်ချုံရှန်းသည် ဓားလမ်းစဥ်တွင် ပြိုင်ဘက်ကင်း၍ နည်းလမ်းတချို့ကို အသုံးပြုကာ သွေးနတ်ဘုရားကို ယှဥ်ပြိုင်နိုင်သော်လည်း အနိုင်ယူရန်မှာမူ မဖြစ်နိုင်သလောက်ပင်။
ထိုအခိုက်အတန့်တွင် ဟင်းလင်းပြင်ထဲရှိ ကျန့်ချုံရှန်းသည် အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး နှုတ်ကနေ ခပ်တိုးတိုးရေရွတ်လိုက်သည်။
“နောက်ဆုံးတော့ ငါက မဟာယာန နှောင်းပိုင်းအဆင့်ကို လျှော့တွက်မိသွားတာပဲ.. ကြည့်ရတာ အဲဒီရတနာကို ထုတ်သုံးရတော့မယ် ထင်တယ်”
သွေးဓားအင်မော်တယ်ဂိုဏ်း၏ အမွေအနှစ် သမိုင်းကြောင်းသည် အလွန်ပင် ရှည်လျားပြီး အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်များစွာကို မွေးထုတ်ခဲ့ဖူးသည်။
ဆိုရလျှင် သွေးဓားအင်မော်တယ်ဂိုဏ်း၏ ဘိုးဘေးများသည် အမှန်တကယ်ပင် အစွမ်းထက် ဝှက်ဖဲများစွာကို ချန်ထားခဲ့ကြ၏။
သို့သော်လည်း ဝှက်ဖဲအများစုသည် သွေးဓားအင်မော်တယ် ဂိုဏ်းအတွင်း၌သာ တည်ရှိပြီး အပြင်သို့ ယူဆောင်လာ၍ မရပေ။
ယခုအခါတွင် သူ့အနေဖြင့် သွေးအဆောင်လက်ဖွဲ့ကို ထုတ်သုံးရုံသာ ကျန်ရှိတော့၏။
မူလက ထိုသွေးအဆောင်လက်ဖွဲ့ကို ကျန့်ချုံရှန်းသည် အချိန်အတော်ကြာ လူရှေ့သူရှေ့ ထွက်မလာတော့သည့် သွေးနတ်ဆိုးဂိုဏ်း၏ သွေးအရိပ်ဘိုးဘေး အတွက် အသုံးပြုရန် ပြင်ဆင်ထားခြင်း ဖြစ်သည်။
သို့သော်လည်း ယခုအခါတွင်မူ မဖြစ်မနေ အသုံးပြုရပေတော့မည်။
အကြောင်းရင်းမှာ သူ၏ လက်ရှိအင်အားဖြင့် ဆိုလျှင် အစွမ်းကုန် ကြိုးစားလျှင်ပင် သွေးနတ်ဘုရား၏ အကန့်အသတ်မဲ့ သွေးကမ္ဘာကို အချိန်တိုအတွင်း ဖောက်ထွက်နိုင်မည် မဟုတ်သောကြောင့်ပင်။
ထို့အပြင် သူ၏ လျှို့ဝှက်နည်းစနစ်သည်လည်း အချိန်အကြာကြီး ခံတော့မည် မဟုတ်ချေ။
ကျန့်ချုံရှန်းက တုံ့ဆိုင်းမနေတော့ဘဲ သွေးနတ်ဘုရားကို အနိုင်ယူရန် သူ၏ နောက်ဆုံးဝှက်ဖဲကို ထုတ်ဖော်တော့မည့်ဆဲဆဲတွင် သူ၏ ပတ်ဝန်းကျင်ရှိ အကန့်အသတ်မဲ့ သွေးကမ္ဘာသည် ပြင်ပမှ ပြင်းထန်စွာ တိုက်ခိုက်ခံလိုက်ရသကဲ့သို့ ရုတ်တရက် တုန်ခါသွားခဲ့ပြီးနောက် အဆက်မပြတ် တွန့်လိမ်သွားခဲ့သည်။
ဤမြင်ကွင်းကို မြင်လျှင် ကျန့်ချုံရှန်း တစ်ခဏမျှ မှင်တက်သွားခဲ့၏။
သွေးနတ်ဘုရား ဖန်တီးထားသော အကန့်အသတ်မဲ့ သွေးကမ္ဘာသည် သွေးနတ်ဘုရားထက် မနိမ့်သည့် ကျင့်ကြံခြင်းအဆင့်မရှိလျှင် ဖောက်ထွက်ရန် အမှန်တကယ်ပင် ခက်ခဲ၏။
သို့သော်လည်း အကန့်အသတ်မဲ့ သွေးကမ္ဘာ၏ အားနည်းချက်က ပြင်ပတွင် ရှိသည်။
အကယ်၍ အကန့်အသတ်မဲ့ သွေးကမ္ဘာကိုသာ ပြင်ပမှ တိုက်ခိုက်မည် ဆိုလျှင် အကန့်အသတ်မဲ့ သွေးကမ္ဘာကိုဖျက်ဆီးရန်မှာ ပို၍ လွယ်ကူမည် ဖြစ်သည်။
သို့သော် လွယ်ကူသည် ဆိုသည်မှာ နှိုင်းယှဥ်ချက်အရသာ ဖြစ်၏။
အနည်းဆုံး မဟာယာနအဆင့် ကျင့်ကြံမှု မရှိလျှင် အကန့်အသတ်မဲ့ သွေးကမ္ဘာကို တုန်ခါအောင် လုပ်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
သို့သော်လည်း သွေးဓားအင်မော်တယ်ဂိုဏ်းတွင် သူမှလွဲ၍ မဟာယာနအဆင့် ကျင့်ကြံသူ နောက်တစ်ဦး မရှိပေ။
သို့ဆိုလျှင် ပြင်ပကနေ အကန့်အသတ်မဲ့ သွေးကမ္ဘာကို တိုက်ခိုက်နေသူမှာ မည်သူနည်း။
“ဝုန်း..”
ကျန့်ချုံရှန်း ဝေခွဲမရ ဖြစ်နေစဥ်မှာပင် အကန့်အသတ်မဲ့ သွေးကမ္ဘာသည် နောက်ထပ်တစ်ဖန် အတောမသတ်နိုင်အောင် တုန်ခါသွားခဲ့သည်။
ယင်းနောက်တွင်မူ အကန့်အသတ်မဲ့ သွေးကမ္ဘာသည် အဆက်မပြတ် အက်ကွဲသွားကာ အဆုံးသတ်တွင် မရေမတွက်နိုင်သော သွေးရောင်အစအနများ အဖြစ် ဟင်းလင်းပြင်ထဲတွင် ပေါက်ကွဲထွက်သွားခဲ့သည်။
အကန့်အသတ်မဲ့ သွေးကမ္ဘာ ဖျက်ဆီးခံလိုက်ရသည်နှင့် သွေးနတ်ဘုရား၏ ခန္ဓာကိုယ်သည် တုန်ယင်သွားခဲ့၏။
သူ၏ အကြည့်သည် မိုင်တစ်ရာခန့်အကွာရှိ ဟင်းလင်းပြင် ဆီသို့ ကျရောက်သွားခဲ့သည်။
သူက ထိုနေရာတွင် ရုတ်တရက် ပေါ်လာသည့် လူငယ်လေးကို စိုက်ကြည့်ကာ ဒေါသတကြီး အော်ဟစ်လိုက်၏။
“ကောင်လေး.. မင်းဘယ်သူလဲ”
ထိုလူငယ်မှာ ငယ်ရွယ်ပုံရသော်လည်း သူ၏ အကန့်အသတ်မဲ့ သွေးကမ္ဘာကိုပင် ဤမျှလောက်အထိ လွယ်ကူစွာ ဖျက်ဆီးနိုင်သဖြင့် အနည်းဆုံး မဟာယာန အဆင့်သို့ ရောက်ရှိနေမည်ကို သူ စိုးရိမ်နေမိသည်။
ဤအခိုက်အတန့်တွင် သွေးနတ်ဆိုးဂိုဏ်း၏ ခေါင်းဆောင် ဖြစ်သည့် သွေးနတ်ဘုရားသည် အတော်လေး တုန်လှုပ်သွားခဲ့သည်။
အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် မည်သည့် အချိန်ကစ၍ ဤမျှအထိ ကြောက်မက်ဖွယ်ရာကောင်းသော ပုဂ္ဂိုလ် တစ်ဦး ရှိနေပါသနည်း။
လူငယ်လေးက လက်နှစ်ဖက်ကို နောက်ပစ်ကာ ဟင်းလင်းပြင်တွင် ဝင့်ကြွားစွာ ရပ်နေခဲ့သည်။
သူ၏ အေးစက်စက် စကားသံက ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့၏။
“သွေးနတ်ဘုရား.. ငါက မင်းရှာနေတဲ့သူပဲ”
အခန်း(၂၅၆၀)ပြီး၏။