အခန်း (၄၄၅-၄၄၇)
Vol. 30 Ch. 445-447
အခန်း (၄၄၅) အနှိုင်းမဲ့ခြင်း၏ အဓိပ္ပာယ်ကို သက်သေပြလိုက်သော ဂိုဏ်းချုပ်ကြီး
~အန္တရာယ် အရှိဆုံးသော အခိုက်အတန့်တွင် ယဲ့ဖုန်း ပြန်လည်ရောက်ရှိလာခဲ့ပါ၏။
ဟူဖေးဖေးသည် သူမ၏ ပေါက်ကွဲစေသောတုတ်ကို တင်းတင်းဆုပ်ကိုင်လျက် တည်ငြိမ်စွာ ရပ်နေသည်။
စတုတ္ထတိုက်ခိုက်ရေးပုံစံသို့ ကူးပြောင်းရန် အဆင့်တက် စွမ်းအင်များကို အသုံးမပြုရန် သူမ၏ စိတ်ထဲတွင် ဘာကြောင့် တစ်စုံတစ်ခုက အမြဲတားဆီးနေခဲ့သနည်းဆိုသည်ကို သူမ ယခုမှ သဘောပေါက်သွားခဲ့၏။
ကြည့်ရတာ ဂိုဏ်းချုပ် ပြန်လာတော့မည်ကို သူမ၏ အာရုံက ကြိုတင်သိရှိနေခဲ့ခြင်း ဖြစ်ရမည်။
ထိုအခိုက်အတန့်တွင် သူမ၏ တစ်ကိုယ်လုံး၌ နွေးထွေးသော ခံစားချက် တစ်ခု စိမ့်ဝင်သွားရလေတော့သည်။
“ဂိုဏ်းချုပ် ပြန်လာပြီဟေ့... ကျုပ်တို့တော့... အွန်း အွန်း အွန်း”
ဝမ်ဖင်းအန်းမှာ ဝမ်းသာအားရဖြင့် မြေပြင်မှ ခုန်ထလာကာ အော်ဟစ်လိုက်သော်လည်း၊ ချက်ချင်းပင် လက်အများအပြားက သူ၏ ပါးစပ်ကို အုပ်လိုက်ကြ၏။ ဒုတိယမျိုးဆက် တပည့်များမှာ အခြေအနေကို နားမလည်ဘဲ ကြောင်ကြည့်နေကြသော်လည်း၊ ရှီလေ့၊ ဟိုယွင်ကျဲ နှင့် လုံထျန်းရှင်း တို့မှာမူ အလျင်အမြန် တုံ့ပြန်ခဲ့ကြခြင်းပင်။
နိမိတ်ပြောင်းပြန်ဘုရင် ဝမ်ဖင်းအန်းသာ တစ်ခုခုကို အမှတ်တမဲ့ ချီးကျူးလိုက်မည်ဆိုပါက၊ အခြေအနေမှာ ကမောက်ကမ ဖြစ်သွားနိုင်သည် မဟုတ်ပါလော။
ပါးစပ် အအုပ်ခံလိုက်ရသော ဝမ်ဖင်းအန်းမှာမူ မိမိ အမှားလုပ်မိတော့မည်ကို သတိရသွားသဖြင့် နှုတ်ခမ်းကို တင်းတင်းစေ့ကာ ငြိမ်နေလိုက်ရတော့၏။
“ယဲ့ဖုန်း... သူပါလား...”
ရှုဟွာမို နှင့် ကြွေထည်ဘုရင် ရှုရန်ရှန် တို့မှာ ယဲ့ဖုန်းကို မြင်လိုက်ရသည့်အခါ မျက်ဝန်းများတွင် ဒေါသတရားများ ပြည့်နှက်သွားရသည်။
“ဒီလူက ယဲ့ဖုန်း ပေါ့လေ... သူ့ဆီက ထွက်နေတဲ့ သူရဲကောင်းဝိညာဉ်စွမ်းအား တွေက ငါ့ထက်တောင် မနိမ့်ပါလား...”
ရှုမိသားစု တတိယဘိုးဘေး၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွားခဲ့၏။
ယဲ့ဖုန်းထံမှ ထွက်ပေါ်နေသော အရှိန်အဝါမှာ မူလနတ်ဘုရားအဆင့် ဒုတိယအလွှာ အထွတ်အထိပ်တွင် ရှိနေသဖြင့်၊ တောင်ပိုင်းမြစ်ဝှမ်း ဒေသ၏ အစွမ်းထက်ဆုံးသူဟူသော ဘွဲ့ထူးနှင့် ထိုက်တန်လှပေသည်။
သို့သော်လည်း သူတို့ကြားတွင် အဆင့်ငယ်တစ်ခု ကွာခြားနေဆဲ ဖြစ်၏။
“တတိယဘိုးဘေး... ယဲ့ဖုန်းက အသားတောင်ကြီးနတ်ဆိုးကို ယှဉ်နိုင်ပါ့မလားဟင်...” ရှုဟွာမိုက စိုးရိမ်တကြီး မေးမြန်းလိုက်သည်။
“မဖြစ်နိုင်ဘူး ထင်တာပဲ...” တတိယဘိုးဘေးက ခေါင်းခါယမ်းလိုက်၏။
သူကိုယ်တိုင်ပင် ထိုနတ်ဆိုးကို ယှဉ်နိုင်ရန် မသေချာပါဘဲနှင့်၊ ယဲ့ဖုန်းကဲ့သို့သော လူငယ်လေးက ဘယ်လိုလုပ် ယှဉ်နိုင်ပါမည်နည်း။
---
ကောင်းကင်ယံထက်တွင် ၊
ယဲ့ဖုန်းသည် အသားတောင်ကြီးနတ်ဆိုးကို စူးစိုက်ကြည့်ရင်း၊ ၎င်း၏ ကိုယ်ထဲမှ ထွက်ပေါ်နေသော မတူညီသည့် အရှိန်အဝါ လေးမျိုးကို အာရုံခံမိလိုက်၏။ နှစ်ခုမှာ သူနှင့် အလွန်ပင် ရင်းနှီးနေလေသည်။
“မင်းက မဟာ မူလနတ်ဘုရား အဆင့် လေးယောက်စလုံးကို ဝါးမြိုထားတာလား...”
ယဲ့ဖုန်းသည် အမှန်တရားကို သဘောပေါက်သွားသဖြင့် အံ့သြတကြီး အော်ဟစ်လိုက်မိ၏။
ရေပေါ်ဖြူမြို့တော် အပျက်အစီးများ၏ မြေအောက်မှ သူတွေ့ရှိခဲ့သော နံရံဆေးရေးပန်းချီများကြောင့် ရှေ့ဖြစ်ဟောမျိုးနွယ်စု နှင့် အသားတောင်ကြီးနတ်ဆိုး တို့၏ အကြောင်းကို သူ ကောင်းကောင်း သိရှိထားသည် မဟုတ်ပါလော။
၎င်းတို့၏ "ပေါင်းစပ်ဝါးမြိုခြင်း" ဟူသော နတ်ဘုရားစွမ်းရည်မှာ အခြားသော နတ်ဆိုးများကဲ့သို့ အချိန်အကြာကြီး သန့်စင်နေစရာ မလိုဘဲ ရန်သူ၏ စွမ်းအားကို ချက်ချင်း အသုံးချနိုင်ခြင်းပင်။
“မဆိုးဘူးပဲ... မူလနတ်ဘုရားအဆင့် ပထမအလွှာ လေးယောက်ရဲ့ အရသာက တော်တော်လေး ကောင်းတယ်... နောက်ပြီးတော့ မင်းကိုပါ ငါ ဝါးမြိုပြီးရင်တော့... ငါဟာ မူလနတ်ဘုရားအဆင့် စတုတ္ထအလွှာကို တက်လှမ်းနိုင်ပြီး၊ တောင်ပိုင်းမြစ်ဝှမ်းဒေသတစ်ခုလုံးကို ငါ့ခြေဖဝါးအောက်မှာ ထားနိုင်တော့မှာပဲ...”
အသားတောင်ကြီးနတ်ဆိုးသည် ၎င်း၏ ဧရာမခန္ဓာကြီးကို ပြန်လည် စုစည်းလိုက်ပြီးနောက်၊ လက်နှစ်ဖက်တွင် ချိတ်များကို ကိုင်ဆောင်လျက် ယဲ့ဖုန်းကို စိုက်ကြည့်လိုက်သည်။
“ဝှစ်…”
အသားတောင်ကြီးနတ်ဆိုး လှုပ်ရှားလိုက်၏။
“ချွင်…”
ယဲ့ဖုန်းကလည်း လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ထိုချိတ်ကို အသာလေး ပုတ်ထုတ်လိုက်သည်။
“ ငါ့ရဲ့ တိုက်ခိုက်မှုကို သူရဲကောင်းဝိညာဉ်စွမ်းအားနဲ့ ပယ်ဖျက်နိုင်တာလား... မဆိုးဘူးပဲ...”
အသားတောင်ကြီးနတ်ဆိုး၏ မျက်နှာမှာ အုံ့မှိုင်းသွားရသည်။ ယဲ့ဖုန်း၏ ခန္ဓာကိုယ်ကို ထွင်းဖောက်ရန်မှာ မလွယ်ကူကြောင်း ၎င်း သဘောပေါက်သွားခဲ့၏။ သို့သော်လည်း ၎င်း၌ အခြားသော နည်းလမ်းတစ်ခု ရှိနေသေးသည် မဟုတ်ပါလော။
“နတ်ဆိုးချီ တိုက်စားခြင်း...”
အသားတောင်ကြီးနတ်ဆိုးသည် အေးစိမ့်လှသော နတ်ဆိုးချီမြူထုကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ယဲ့ဖုန်းကို ရုတ်ချည်းပင်.., ဝါးမြိုလိုက်လေတော့သည်။
“ဂိုဏ်းချုပ်... သတိထားပါဦး...”
မြူခိုးဂိုဏ်းနှင့် ရေပေါ်ဖြူမြို့တော်မှ လူတိုင်းမှာ ထိတ်လန့်တုန်လှုပ်သွားကြရသည်။ ယဲ့ဖုန်းမှာ သူတို့၏ နောက်ဆုံးသော မျှော်လင့်ချက် ဖြစ်သည် မဟုတ်ပါလော။
“တစ်ခုခုတော့ မှားနေပြီ... ဘာလို့ ငါ့ရဲ့ နတ်ဆိုးချီတွေက လျော့နည်းလာရတာလဲ...”
ယဲ့ဖုန်းကို ဝါးမြိုလိုက်နိုင်သဖြင့် လှောင်ပြောင်နေသော နတ်ဆိုးမှာ ရုတ်တရက် မူမမှန်မှုကို သတိပြုမိသွားခဲ့သည်။ ၎င်း၏ နတ်ဆိုးချီများမှာ အပြင်သို့ ထွက်မလာတော့ဘဲ တဖြည်းဖြည်းနှင့် ပျောက်ကွယ်နေသည်လေ။
“မင်းက မင်းကိုယ်မင်း အနှိုင်းမဲ့နေပြီလို့ တကယ် ထင်နေတာလား...”
ထူထပ်လှသော နတ်ဆိုးချီမြူထုများကြားမှ ယဲ့ဖုန်း၏ တည်ငြိမ်လှသော အသံ ထွက်ပေါ်လာသည်။ ၎င်းမှာ ပူပြင်းလှသော ကမ္ဘာကြီးပေါ်သို့ တိုက်ခတ်လာသည့် လေပြည်အေး အလား လူတိုင်း၏ ထိတ်လန့်နေသော နှလုံးသားများကို အေးချမ်းသွားစေခဲ့၏။
နတ်ဆိုးချီမြူထုများမှာ တဖြည်းဖြည်း ကျဲပါးသွားခဲ့ပြီးနောက်၊ ယဲ့ဖုန်းသည် ထိုနတ်ဆိုးချီများကို ကိုယ်တိုင် စုပ်ယူနေခြင်းဖြစ်ကြောင်း လူတိုင်း သိရှိသွားကြတော့သည်။
“တကယ့်ကို ထူထပ်လှတဲ့ နတ်ဆိုးချီတွေပဲ... ဒီတိုက်ပွဲ ပြီးသွားရင်တော့... ငါ့ရဲ့ သတ်ဖြတ်ခြင်းအရှိန်အဝါ တွေလည်း မူလနတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်တော့မှာပဲ...”
ယဲ့ဖုန်းသည် ဘယ်လက်တွင် လေဝိညာဉ်ပုလဲလုံးကို ကိုင်ဆောင်လျက်၊ ညာလက်ကို ဆန့်ထုတ်ကာ နတ်ဆိုးချီများကို သန့်စင်လှသော "သတ်ဖြတ်ခြင်း အရှိန်အဝါ" များအဖြစ် ပြောင်းလဲပစ်နေသည်။
“ဒါ... ဒါက သတ်ဖြတ်ခြင်း အရှိန်အဝါ ပါလား...”
အသားတောင်ကြီးနတ်ဆိုးအတွင်းရှိ ဂိုဏ်းချုပ်အိုကြီး၏ ထိတ်လန့်တုန်လှုပ်နေသော အသံမှာ ထွက်ပေါ်လာခဲ့၏။ နတ်ဆိုးချီများသည် ရန်သူအပေါင်းကို နှိမ်နင်းနိုင်သော်လည်း၊ ၎င်းတို့ အကြောက်ဆုံးအရာမှာ "သတ်ဖြတ်ခြင်း အရှိန်အဝါ" ပင် ဖြစ်ချေ၏။ ၎င်းနှင့် ရင်ဆိုင်ရလျှင် နတ်ဆိုးချီများမှာ မည်သို့မျှ တန်ပြန်နိုင်စွမ်း မရှိတော့ပေ။
“အမေရေ့... သတ်ဖြတ်ခြင်း အရှိန်အဝါတဲ့လား... ပြေးမှ ဖြစ်တော့မယ်...”
စက္ကူယပ်တောင်သခင်လေးမှာ ကြောက်လန့်လွန်းသဖြင့် သူ၏ ခေါင်းပေါင်းပင် ကျွတ်ကျသွားသည်ကို သတိမမူမိဘဲ၊ ချက်ချင်းပင် လှည့်ထွက်ကာ ထွက်ပြေးတော့၏။ အသားတောင်ကြီးနတ်ဆိုးမှာ နတ်ဆိုးချီများကိုသာ အဓိက အားကိုးရခြင်း ဖြစ်ပေရာ၊ ယခုကဲ့သို့ အထိန်းချုပ်ခံလိုက်ရလျှင် ၎င်း၏ တိုက်ခိုက်မှု စွမ်းအားမှာ တဝက်ခန့် လျော့နည်းသွားမည် ဖြစ်သည်။
“မင်း လွတ်မယ် ထင်နေတာလား... အချိန်နှောင်းသွားပြီ...”
ယဲ့ဖုန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။
“မြူခိုးဂိုဏ်းက တပည့်တို့... သေသေချာချာ ကြည့်ထားကြစမ်း... အခု ငါ သုံးမယ့် နည်းစနစ်က ‘ကောင်းကင်ဘုံသို့ ခုနစ်လှမ်း’ လို့ ခေါ်တယ်... ဒါဟာ ငါတို့ ဂိုဏ်းရဲ့ လက်ရှိ အစွမ်းထက်ဆုံး နတ်ဘုရားစွမ်းရည်ပဲ...”
“တစ်လှမ်း - ချီကျင့်ကြံ၊ ကောင်းကင်မြေကြီး နိုးထ...”
ယဲ့ဖုန်းသည် ခြေလှမ်း စတင် လှမ်းလိုက်၏။
အသားတောင်ကြီးနတ်ဆိုးမှာမူ အသည်းအသန် ထွက်ပြေးနေသော်လည်း၊ ယဲ့ဖုန်း၏ တိုက်ကွက်မှာ တစ်ဖက်လူ၏ ဝိညာဉ်အရှိန်အဝါကို တိုက်ရိုက် ပစ်မှတ်ထားခြင်း ဖြစ်၏။ သူ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း မိုင်ပေါင်း ထောင်ချီအတွင်းရှိ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများမှာ သူ့ထံသို့ စုပြုံ ရောက်ရှိလာကြတော့သည်။
“ခုနစ်လှမ်း - ကောင်းကင် အရှင်မြတ်၊ စကြဝဠာမှာ ပြိုင်ဘက်ကင်း...”
ယဲ့ဖုန်း ခုနစ်လှမ်းမြောက်ကို လှမ်းလိုက်သည့် ခဏ၌၊ သူ၏ ကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါများမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီး အနှိုင်းမဲ့သော စွမ်းအားများ ဖြာထွက်နေစေတော့၏။
“ရပ်လိုက်စမ်း...”
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြီး တစ်ခု၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရသဖြင့်၊ အသားတောင်ကြီးနတ်ဆိုးအတွင်းရှိ ဂိုဏ်းချုပ်အိုကြီးမှာ ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။
သို့သော်လည်း ယဲ့ဖုန်းမှာ ရပ်တန့်ခြင်း မရှိပေ။
သူ၏ ခြေတစ်ချက်မှာ ရက်စက်စွာပင် ကျဆင်းသွားခဲ့၏။
မိုင်ပေါင်း ဒါဇင်ချီ ဝေးကွာနေသော်လည်း အသားတောင်ကြီးနတ်ဆိုး၏ ခန္ဓာကြီးမှာ စတင် ပြိုကွဲပျက်စီးလာခဲ့ပြီး၊ ကောင်းကင်ယံတစ်ခုလုံးတွင် နတ်ဆိုးချီမြူထုများအဖြစ် လွင့်စင်သွားရလေတော့သည်။
ကောင်းကင်ဝါးမြိုနတ်ဆိုးဂိုဏ်း ဂိုဏ်းချုပ်အိုကြီးမှာမူ အော်ဟစ်ရန်ပင် အချိန်မရလိုက်ဘဲ၊ ထိုအရှိန်အဝါများအောက်တွင် အစိပ်စိပ်အမွှာမွှာ ကြေမွ ပျက်စီးသွားခဲ့၏။ ဧကရာဇ်တစ်ပိုင်းအဆင့် ကျင့်ကြံခြင်းရှိသော သူသည် နေရာမှာတင် အသက်ပျောက်သွားခဲ့ရလေတော့သည်။
“ဘုန်း…”
မြေပြင်ပေါ်တွင် မီတာ ထောင်ချီ ရှည်လျားပြီး မီတာ ရာချီ နက်ရှိုင်းသော ခြေရာကြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။ ရေစီးမြစ်မှာ အနီးနားတွင် ရှိနေသဖြင့် မြစ်ရေများမှာ ထိုကျင်းကြီးအတွင်းသို့ စီးဝင်လာကြပြီး၊ မကြာမီမှာပင် ၎င်းမှာ အိုင်ကြီးတစ်ခု ဖြစ်လာပေတော့မည်။
“နတ်ဆိုးချီတွေ... အကုန် စုစည်းစေ...”
ယဲ့ဖုန်းသည် ကောင်းကင်ယံရှိ အနက်ရောင် မြူထုများကို ကြည့်ကာ သတ်ဖြတ်ခြင်း အရှိန်အဝါများဖြင့် အကုန်အစင် စုပ်ယူလိုက်၏။ ထို့နောက်တွင်တော့ သူသည် လေထဲတွင် လွင့်မျောနေသော အနက်ရောင် ပိုးအိမ် လေးခုကို တွေ့ရှိလိုက်ရသဖြင့် အလျင်အမြန်ပင် ပိုင်းဖြတ် ဖွင့်လှစ်လိုက်သည်။
ထိုအတွင်းမှနေ၍ မူလနတ်ဘုရားအဆင့် ပညာရှင် လေးဦး၏ ပုံရိပ်များ ပေါ်ထွက်လာခဲ့၏။
သူတို့မှာ အလွန်ပင် အားနည်းနေကြသည်။ မျက်နှာများမှာလည်း ဖြူရော်နေကြကာ၊ အသည်းအသန် ဖျားနာထားသည့် သူများနှင့်ပင် တူနေတော့သည်။
“ဂိုဏ်းချုပ်ယဲ့... ကျုပ် သိသားပဲ... မင်း လုပ်နိုင်မှာပါ...” ပထမဆုံး နိုးလာသူမှာ မိုထျန်းလုံ ပင် ဖြစ်ချေသည်။ သူသည် သူ၏ မကောင်းသော ဘက်ခြမ်းကို ဖြတ်တောက်ထားသူ ဖြစ်ရာ စိတ်ဓာတ်ခွန်အားမှာ အသန်မာဆုံး ဖြစ်သည် မဟုတ်ပါလော။
“ဂိုဏ်းချုပ်ယဲ့... ကျုပ်တို့ရဲ့ အသက်ကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...”
ခရိုင်ဘုရင် ရှုချန်ကျွင်း သည်လည်း အားနည်းလှသော အသံဖြင့် ပြောလိုက်သည်။
မကြာမီမှာပင် ဓားဘုရင်ဂိုဏ်း နှင့် မြင့်မြတ်သော လေဓား ဂိုဏ်း.. ဂိုဏ်းချုပ်များမှာလည်း နိုးလာခဲ့ကြ၏။ သူတို့ရှေ့တွင် ပျံဝဲနေသော ယဲ့ဖုန်းကို မြင်လိုက်ရသည့် အခါမှသာ၊ ယဲ့ဖုန်းက အခြေအနေကို ပြောင်းလဲပေးခဲ့ပြီး ထိုနတ်ဆိုးကို နှိမ်နင်းပေးခဲ့ခြင်းဖြစ်ကြောင်း သူတို့ သဘောပေါက်သွားကြတော့သည်။
“ဂိုဏ်းချုပ်ယဲ့... ကျေးဇူးတင်ပါတယ်...”
“ဒီနေ့ကစပြီး... ကျုပ်ရဲ့ အသက်က ခင်ဗျား အပိုင်ပါပဲ...”
ဓားပညာရှင်ကြီး နှစ်ဦးစလုံးမှာ ယဲ့ဖုန်းအား လေးစားသော မျက်ဝန်းများဖြင့် ကြည့်ကာ ပြိုင်တူ.. ပြောဆိုလိုက်ကြသည်။
“ကဲ... အားလုံးပဲ မြူခိုးဂိုဏ်း ထဲကို ကြွပြီး ဒဏ်ရာတွေ ကုသကြရအောင်ဗျာ...”
ယဲ့ဖုန်းက လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ပြီး၊ အလွန်ပင် အားနည်းနေကြသော မူလနတ်ဘုရားအဆင့် ပညာရှင်လေးဦးကို မြူခိုးတောင်ထိပ်ပေါ်သို့ ခေါ်ဆောင်လာခဲ့သည်။ ဝိညာဉ်စမ်းရေများကို ထုတ်ယူ၍ သူတို့ကို တိုက်ကျွေးလိုက်၏။
ထို့နောက်တွင်တော့ လေဓာတ်ဝိညာဉ်စွမ်းအင် လေးမျှင်ကို အသုံးပြု၍ သန်စွမ်းလှသော သက်စောင့်အားများအဖြစ် ပြောင်းလဲပေးလိုက်ရာ၊ ထိုပညာရှင် လေးဦးစလုံးမှာ တင်ပျဉ်ခွေထိုင်လျက် မိမိကိုယ်ကို ပြန်လည် ကုသနိုင်ခဲ့ကြလေတော့သည်။
ကုန်းချင်းချိုး၊ မိုယင် နှင့် အခြားသူများမှာမူ ယဲ့ဖုန်းကို ကြည့်ရင်း ဂုဏ်ယူဝမ်းမြောက်နေကြ၏။
“ဂိုဏ်းချုပ်ယဲ့ ကတော့ တကယ့်ကို တောင်ပိုင်းမြစ်ဝှမ်းဒေသရဲ့ အစွမ်းထက်ဆုံး ပညာရှင်ပါပဲဗျာ... သူက အသားတောင်ကြီးနတ်ဆိုးကို သုတ်သင်နိုင်ခဲ့ရုံတင်မကဘဲ... မဟာ မူလနတ်ဘုရား အဆင့် လေးယောက်ကိုပါ ကယ်နိုင်ခဲ့တာဆိုတော့... ကျုပ်တို့ရဲ့ ဒေသအတွက်တော့ မျှော်လင့်ချက်တွေ ပြန်ရှိလာပြီပေါ့...”
“ဂိုဏ်းချုပ်ယဲ့ ကတော့ တကယ့်ကို သူရဲကောင်းကြီး ပါပဲဗျာ...”
ကြည့်ရှုနေကြသော လူအုပ်ကြီးမှာ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြပြီးနောက်၊ သတင်းပေး စက္ကူ ကြိုးကြာရုပ်များကို အသုံးပြု၍ ဤသတင်းကောင်းကို အရပ်ရပ်သို့ အလျင်အမြန် ပေးပို့လိုက်ကြလေတော့သည်။
*ထိုစဉ်၊ မိုင်ပေါင်း ရာချီ ဝေးကွာသော နေရာတွင် ဖြစ်သည်။
“ဂလု...”
ရှုမိသားစု တတိယဘိုးဘေးမှာ တံတွေး တစ်လုပ်ကို မနည်းမျိုချလိုက်ရပြီး၊ မျက်နှာမှာလည်း ဖြူရော်သွားရရှာသည်။
“ငါ... ငါ့ဗိုက်က ရုတ်တရက် နာလာလို့... ငါ အရင် ပြန်နှင့်တော့မယ်နော်...”
“ကျွန်တော်လည်း ပြန်ပြီဗျိုး...”
ရှုဟွာမို သည်လည်း လှည့်ထွက်ကာ ထွက်ပြေးလေတော့သည်။ ထို့နောက် သူသည် သူ့နောက်ရှိ ရှုရန်ရှန်ကို လက်ညှိုးညွှန်ကာ အမိန့်ပေးလိုက်၏။
“ကြွေထည်ဘုရင်... မင်းကတော့ ခရိုင်ဘုရင်မြို့တော် မှာပဲ ဆက်ပြီး စောင့်ကြပ်နေခဲ့တော့... ငါ့မျက်နှာကို လာပြီး အရှက်မခွဲနဲ့တော့နော်...”
“ဗျာ... ခရိုင်ဘုရင်မြို့တော် ဆီကို ပြန်ရမှာလား...”
ကြွေထည်ဘုရင်၏ မျက်လုံးများ ပြူးကျယ်သွားပြီး၊ နှုတ်ခမ်းထောင့်များမှာလည်း တဆတ်ဆတ် တုန်ယင်နေရသည်။
အခန်း (၄၄၆) ကြွေထည်ဘုရင်က ခွေး ဖြစ်တာ၊ ငါ ရှုရန်ရှန် နဲ့ ဘာမှ မဆိုင်ဘူး
~ခရိုင်ဘုရင်မြို့တော်မှ ထွက်လာတုန်းက ကြွေထည်ဘုရင် ရှုရန်ရှန်ဟာ ‘ ဒီတစ်သက် အဲဒီမြို့ကို ခြေဦးမလှည့်တော့ဘူး၊ အကယ်၍သာ ပြန်သွားခဲ့ရင် သူဟာ လူမဟုတ်ဘဲ ခွေးဖြစ်စေရမယ်'ဟု အတည်ပေါက် ကျိန်းဝါးခဲ့တာ ဖြစ်သည်။
ယခုတော့ ရက်အနည်းငယ်မျှသာ ကြာသေးသော်လည်း ရှုဟွာမိုက သူ့ကို မြို့တော်ကိုပြန်ပြီး တာဝန်ယူဖို့ ခိုင်းစေခဲ့၏။
စဉ်းစားကြည့်စမ်းပါဦး... ဒါဟာ လူပြောရမယ့် စကားလား။
ဒီစကားတွေဟာ ဝါးတောထဲက ဝါးမျှစ်တွေလိုပဲ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး ငါ့ကို ထိုးနှက်နေသလိုပါပဲလား။
ကြွေထည်ဘုရင်မှာ သူ၏ စိတ်ဓာတ်များ ပေါက်ကွဲထွက်သွားသလို ခံစားလိုက်ရသည်။
“ကံကောင်းလို့ ငါ အဲဒီလို ပြောခဲ့တာကို ဘယ်သူမှ မသိတာပဲ။ ခရိုင်ဘုရင်မြို့တော်ကို ပြန်သွားလည်း ဘာမှမဖြစ်လောက်ပါဘူး။”
“ဒါ့အပြင်... မြို့ကို ပြန်သွားတာက ကြွေထည်ဘုရင်ပဲလေ။ သူကပဲ ခွေးဖြစ်တာပေါ့၊ ငါ ရှုရန်ရှန် နဲ့ ဘာမှမဆိုင်ဘူး။”
ရှုရန်ရှန်သည် မိမိကိုယ်မိမိ ထိုသို့ နှစ်သိမ့်လိုက်ပြီးနောက်၊ မိုင်ပေါင်း ထောင်ချီဝေးကွာသော ခရိုင်ဘုရင်မြို့တော်ဆီသို့ စိတ်ပျက်လက်ပျက်ဖြင့် ပျံသန်းထွက်ခွာသွားလေတော့သည်။
---
မြူခိုးတောင်ထိပ် ထက်ဝယ် ဖြစ်သည်။
မဟာ မူလနတ်ဘုရား အဆင့် လေးဦးမှာ မြူခိုးတောင်ထိပ်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေကြဆဲပင်။ သူတို့သည် ယဲ့ဖုန်းပေးအပ်ထားသော လေဓာတ် ဝိညာဉ်စွမ်းအင်များကို အသုံးပြုကာ ဆုံးရှုံးသွားသော စွမ်းအားများကို ပြန်လည်ဖြည့်တင်းနေကြ၏။ သူတို့၏ ကျင့်ကြံခြင်း အခြေခံကို အမြန်ဆုံး တည်ငြိမ်အောင် လုပ်ဆောင်နေကြသည်။
“ခင်ဗျားတို့အားလုံး အဆင်ပြေကြရဲ့လားဗျ...”
ယဲ့ဖုန်းသည် ကုန်းချင်းချိုး၊ ဟူဖေးဖေး၊ ရှီလေ့နှင့် အခြားသူများကို စိုးရိမ်တကြီး ကြည့်ကာ မေးလိုက်သည်။
“ဂိုဏ်းချုပ်ရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်ရှင်၊ ကျမတို့ အဆင်ပြေပါတယ်...”
ကုန်းချင်းချိုးက ခေါင်းညိတ်ပြလိုက်သော်လည်း၊ ရုတ်တရက် ရင်ဘတ်ကို လက်ဖြင့်ဖိကာ နီရဲသော သွေးတစ်လုပ်ကို အန်ထုတ်လိုက်ရသည်။
“အဟွတ်... အဟွတ်...”
တပည့်များစွာမှာလည်း စတင် ချောင်းဆိုးလာကြ၏။ အချို့မှာ သွေးများပင် အန်နေကြသဖြင့် ဒဏ်ရာရရှိထားကြသည်မှာ ထင်ရှားလှပေသည်။
သူတို့သည် ခုနက အသားတောင်ကြီးနတ်ဆိုးကို စုပေါင်းတိုက်ခိုက်ခဲ့ကြရာတွင် အားနည်းသူက သန်မာသူကို ရင်ဆိုင်ခဲ့ကြခြင်း ဖြစ်၏။ သူတို့၏ စိတ်ဓာတ်မှာ လူတိုင်း၏ အသိအမှတ်ပြုမှုကို ရရှိခဲ့သော်လည်း၊ အင်အားချင်း မမျှတမှုကြောင့် တန်ပြန်သက်ရောက်မှုဒဏ်ကို ခံစားခဲ့ကြရခြင်းပင်။
ယခုအခါ မြူခိုးဂိုဏ်းသားများ၏ ခုနစ်ဆယ်ရာခိုင်နှုန်းခန့်မှာ ဒဏ်ရာရရှိနေကြ၏။
သူတို့အထဲတွင် ခေါင်းအမာဆုံးဖြစ်သော အစ်ကိုကြီး ခေါင်းပြား မှာမူ ကောင်းကင်ယံသို့ တိုက်ရိုက်ထိုးတက် တိုက်ခိုက်ခဲ့သဖြင့်၊ သူ၏ ကိုယ်ခန္ဓာမှာ ထက်ရှလှသော လေဓားချက်များကြောင့် အစိပ်စိပ်အမွှာမွှာ ဖြစ်မတတ် ခံစားခဲ့ရရှာသည်။
“ဝါး...”
သူသည် ဝိညာဉ်သားရဲ စင်္ကြံပေါ်တွင် လှဲလျောင်းနေပြီး၊ ထရန် ကြိုးစားသော်လည်း အားအင်ကုန်ခမ်းနေသဖြင့် လုံးဝ မလှုပ်ရှားနိုင်တော့ပေ။
ယဲ့ဖုန်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ လူတိုင်းနီးပါး ဒဏ်ရာရနေကြသည်ကို မြင်တွေ့လိုက်ရသဖြင့်၊ ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းအပေါ် ထားရှိသော သူ၏ စိတ်နှလုံးမှာ ပိုမို အေးစက်လာခဲ့သည်။
“ရူယွီ... လူတိုင်းကို ကုသပေးလိုက်ပါဦး...”
ယဲ့ဖုန်းသည် သူ့ဘေးရှိ ယန်ရူယွီကို လှမ်းကြည့်ကာ ပြောလိုက်၏။
ကုသပေးသူ တစ်ဦးအနေဖြင့် ယန်ရူယွီ၏ ကုသခြင်းစွမ်းအားမှာ အလွန်ပင် ကြီးမားလှပေသည်။ သူမကိုယ်တိုင်လည်း တိုက်ပွဲဒဏ်ကြောင့် ဒဏ်ရာရခဲ့သော်လည်း ယခုအခါ ပြန်လည်သက်သာနေပြီ ဖြစ်သည်။
“ဟုတ်ကဲ့ပါ...”
ယန်ရူယွီသည် အပြေးလေး သွားလိုက်ပြီး၊ သူမ၏ လက်နှစ်ဖက်မှ အေးမြလှသော သက်စောင့်ဝိညာဉ်စွမ်းအားများကို အဆက်မပြတ် ထုတ်လွှတ်ကာ၊ ဒဏ်ရာအပြင်းထန်ဆုံးရထားသော အစ်ကိုကြီး ခေါင်းပြားကို စတင်ကုသပေးလေတော့သည်။
“သက်စောင့်ဝိညာဉ် ခန္ဓာလား...”
“ပါရမီရှင်တွေ ပေါများလှတဲ့ မြူခိုးဂိုဏ်းဆိုတော့လည်း မထူးဆန်းပါဘူးဗျာ၊ ဒီလို ထူးခြားတဲ့ ဝိညာဉ်ခန္ဓာ ပိုင်ရှင်တောင် ရှိနေတာကိုး...”
“ဂိုဏ်းချုပ်ယဲ့ ရှိနေတဲ့ ဂိုဏ်းမှာ ဘာတွေများ လိုအပ်ဦးမှာလဲဗျာ...”
“အဲဒါတော့ အမှန်ပဲဗျ...”
မဟာ မူလနတ်ဘုရား အဆင့် လေးဦးစလုံးမှာ မျက်စိလျင်သူများ ဖြစ်ကြရာ၊ ယန်ရူယွီ၏ ခန္ဓာအမျိုးအစားကို ချက်ချင်းမှတ်မိသွားကြပြီး အံ့သြခြင်း၊ မနာလိုခြင်းတို့ဖြင့် ကြည့်နေကြသည်။
“ဝါး...”
သက်စောင့်ဝိညာဉ်စွမ်းအားများ ဖြည့်တင်းပေးခြင်း ခံရပြီးနောက်၊ အစ်ကိုကြီး ခေါင်းပြားမှာ အတော်လေး သက်သာသွားသဖြင့် နောက်ဆုံး၌ မတ်တပ်ရပ်နိုင်ခဲ့၏။
သူသည် သူ့ဘေးရှိ ယန်ရူယွီကို လှည့်ကြည့်လိုက်ရာ၊ သူ၏ မျက်ဝန်းများတွင်တော့ အမြဲတမ်း တွေ့ရတတ်သော တိုက်ခိုက်လိုစိတ်များအစား ထူးခြားလှသော နူးညံ့မှုအရိပ်အယောင်အချို့ ဖြတ်သန်းသွားသည်။
ယဲ့ဖုန်းသည် လေထဲတွင် ပျံဝဲနေသည်။
ထိုအခိုက်အတန့်၌၊ လက်ကျန် လေဓာတ် ဝိညာဉ်စွမ်းအင်များကို ထုတ်ယူကာ မြူခိုးတောင်ထိပ်ရှိ ဝိညာဉ်စမ်းရေအတွင်းသို့ ထည့်သွင်းလိုက်ရာ၊ များပြားလှသော သက်စောင့်အားများကို ဆွဲထုတ်လိုက်လေတော့သည်။
“ဝှစ်…”
ဝိညာဉ်စမ်းရေ အမြောက်အမြားမှာ ကောင်းကင်သို့ ထိုးတက်နေ၏။ မီတာ ထောင်ချီအမြင့်သို့ ရောက်သောအခါ ရုတ်တရက် ပေါက်ကွဲထွက်သွားပြီးနောက်၊ ကြီးမားလှသော သက်စောင့်အားများ ပြည့်နှက်နေသည့် မိုးသည်းထန်စွာ ရွာသွန်းမှုအဖြစ် မြူခိုးဂိုဏ်းတစ်ခုလုံးပေါ်သို့ ကျဆင်းလာခဲ့သည်။
ဤ သက်စောင့်မိုးရေများအောက်တွင် လူတိုင်း၏ ဒဏ်ရာများမှာ ပိုမို လျင်မြန်စွာ ကုသခြင်း ခံလိုက်ရသည်။
ထိုစဉ်၊ မိုထျန်းလုံသည် ကောင်းကင်ယံရှိ သက်တံကို မော့ကြည့်ရင်း တဟားဟား ရယ်လိုက်သည်။
“ဂိုဏ်းချုပ်ယဲ့ရဲ့ ဂုဏ်ပုဒ်နဲ့ တကယ့်ကို ထိုက်တန်လှပါပေတယ်၊ သူ့ရဲ့ ကုသတဲ့ နည်းလမ်းတွေက တကယ့်ကို အံ့သြစရာပါပဲဗျာ။ တောင်ပိုင်းမြစ်ဝှမ်းဒေသရဲ့ နံပါတ်တစ် ပုဂ္ဂိုလ်ဆိုတာ ငြင်းစရာမရှိတော့ဘူး...”
“ကျွန်တော်လည်း အဲဒါကို အသိအမှတ်ပြုပါတယ်...” ဓားဘုရင်ဂိုဏ်းချုပ်ကလည်း ထောက်ခံလိုက်၏။
“ဘယ်သူကများ ဒါကို ငြင်းရဲမှာလဲဗျာ...” ခရိုင်ဘုရင် ရှုချန်ကျွင်းက ပြန်မေးလိုက်သည်။
“မှန်တာပေါ့...” မြင့်မြတ်သော လေဓား ဂိုဏ်းချုပ်ကလည်း ရယ်လိုက်သည်။
ထိုအခိုက်အတန့်တွင် ယဲ့ဖုန်းသည် မြူခိုးတောင်ထိပ်ပေါ်သို့ ဆင်းသက်လိုက်၏။
လူတိုင်း စနစ်တကျ ဒဏ်ရာများ ကုသနေကြသည်ကို ကြည့်ရင်း အေးချမ်းသာယာလှသော အချိန်လေးကို ခံစားလိုက်ရသည်။
ဤဘေးဒုက္ခကို သူတို့ ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ကြောင်း သူ သိရှိလိုက်၏။
ယင်ရှာ ဓားစိတ်ဆန္ဒ များကို ထုတ်ဖော်နေသော မြင့်မြတ်သော လေဓား ဂိုဏ်းချုပ်ကို ကြည့်ရင်း ယဲ့ဖုန်းက စူးစမ်းလိုသောစိတ်ဖြင့် မေးလိုက်သည်။
“မြင့်မြတ်သော လေဓား ဂိုဏ်းချုပ်... ကျွန်တော် တကယ်ပဲ သိချင်လို့ပါ၊ နတ်ဆိုးပိတ်လှောင်မျှော်စင် ရှိနေမှန်း သိသိကြီးနဲ့ ဘာလို့ အရင်က မဖျက်ဆီးခဲ့တာလဲဗျ...”
ကျန်ရှိသော မူလနတ်ဘုရား အဆင့် ပညာရှင် သုံးဦးစလုံးသည်လည်း မြင့်မြတ်သော လေဓားဂိုဏ်းချုပ်ဆီသို့ အကြည့်များ လွှဲလိုက်ကြသည်။
“လောဘနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲမိလို့ပါပဲဗျာ...” မြင့်မြတ်သော လေဓား ဂိုဏ်းချုပ်က သက်ပြင်းတစ်ချက်ကို ညင်သာစွာ ချလိုက်သည်။
“ဘာကို ဆိုလိုတာလဲဗျ...” ယဲ့ဖုန်းက မေးလိုက်၏။
“လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးရာတုန်းက ကျုပ်တို့ ဂိုဏ်းက အကြီးအကဲတစ်ယောက်ဟာ ခရီးကနေ ပြန်လာပြီးတော့၊ နတ်ဆိုးသားရဲတွေကို ချုပ်နှောင်ဖို့နဲ့ နတ်ဆိုးချီတွေကို ထုတ်ယူဖို့ဆိုပြီး နတ်ဆိုးပိတ်လှောင်မျှော်စင်ကို တည်ဆောက်ခဲ့တာ ပေါ့”
“အဲဒီအချိန်တုန်းက နတ်ဆိုးချီတွေကို ဓားစိတ်ဆန္ဒတွေနဲ့ ပေါင်းစပ်လိုက်ရင် ပိုပြီး အစွမ်းထက်တဲ့ ယင်ရှာ ဓားစိတ်ဆန္ဒကို ဖန်တီးနိုင်မယ်ဆိုတာ ကျုပ် တွေ့ရှိခဲ့တယ်။ ပြီးတော့ အဲဒီမျှော်စင်တွေက အစပိုင်းမှာ တကယ်ပဲ နတ်ဆိုးသားရဲတွေကို ပိတ်လှောင်ထားတာဆိုတော့၊ ကောင်းတဲ့အလုပ်လို့ ထင်ပြီး မတားခဲ့ဘူး။”
“ဒါပေမဲ့ နောက်ပိုင်းမှာ မျှော်စင်တွေ ပိုများလာပြီး နတ်ဆိုးချီတွေလည်း ပိုထွက်လာတယ်။ အဲဒီအချိန်ကျမှ မဟာအကြီးအကဲက သူ့ရဲ့ တကယ့်ရုပ်မှန်ကို ထုတ်ပြတော့တာပဲ။”
“မဟာအကြီးအကဲရဲ့ နောက်ကွယ်မှာ နတ်ဆိုးချီတွေကို အဓိက စုဆောင်းနေတဲ့ ‘ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း’ ဆိုတဲ့ လျှို့ဝှက်အင်အားစု ရှိနေမှန်း သိလိုက်ရတယ်။”
“ဒီကိစ္စက မရိုးရှင်းဘူးဆိုတာ ကျုပ် နားလည်ခဲ့ပါတယ်။”
“ရန်သူကို အရိပ်အယောင် မပြမိစေဖို့အတွက် ကျုပ်က နတ်ဆိုးချီတွေကို တိတ်တဆိတ် စုပ်ယူခဲ့ပြီးတော့၊ နောက်ဆုံးမှာ ယင်ရှာ ဓားစိတ်ဆန္ဒကို ကျင့်ကြံအောင်မြင်ခဲ့တယ်၊ အဲဒါကြောင့်လည်း ကျုပ်ရဲ့ အင်အားတွေ သိသိသာသာ တိုးတက်လာခဲ့တာပေါ့။”
“အဲဒီမှာ မာန်တက်သွားမိတာပဲ။”
“ကျုပ်ရဲ့ အင်အားနဲ့ဆိုရင်.. မူလနတ်ဘုရားအဆင့်ကို ရောက်သွားရင် မဟာအကြီးအကဲရဲ့ နောက်ကွယ်က ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းက ဘယ်လောက်ပဲ အစွမ်းထက်ပါစေ ကျုပ်ကို မယှဉ်နိုင်ဘူးလို့ ယုံကြည်မိပြီးတော့ ခဏ လွှတ်ထားလိုက်မိတာ။”
“အရူးလို ဟန်ဆောင်နေတဲ့ အကြီးအကဲဟောင်း နတ်ဆိုးအိုကြီး တင်း ဆိုတာကလည်း တကယ်တော့ ရန်သူကို မျက်စိလည်အောင် လုပ်ဖို့နဲ့ ကျုပ်ရဲ့ လျှို့ဝှက်လက်နက်အနေနဲ့ ထားဖို့ ကျုပ်ရဲ့ စီမံကိန်းပါပဲ။”
“ဒါပေမဲ့ ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းရဲ့ အင်အားကို အထင်သေးခဲ့မိတယ်။ သူတို့ရဲ့ ဂိုဏ်းချုပ်က အသားတောင်ကြီးနတ်ဆိုး လို ကြောက်စရာကောင်းတဲ့ ရုပ်သေးရုပ်ကြီးကို ရှာတွေ့ထားလိမ့်မယ်လို့ ကျုပ် လုံးဝ ထင်မထားခဲ့ဘူးဗျာ...”
ထိုနေရာသို့ ရောက်သောအခါ မြင့်မြတ်သော လေဓားဂိုဏ်းချုပ်က နာကျင်စွာ သက်ပြင်းချလိုက်သည်။
အကယ်၍သာ အသားတောင်ကြီးနတ်ဆိုး မရှိခဲ့လျှင်၊ ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းချုပ်၏ ဧရာမတစ်ပိုင်းအဆင့် စွမ်းအားမှာ သူ့ရှေ့တွင် အမှန်တကယ်ပင် ပြောပလောက်စရာ မရှိပေ။
သို့သော်လည်း ဤလောကတွင် အသားတောင်ကြီးနတ်ဆိုးကဲ့သို့ မသေနိုင်သော ရုပ်သေးမျိုး ရှိလိမ့်မည်ဟု မည်သူကများ ထင်ထားပါမည်နည်း။
ဤစကားများကို ကြားရသောအခါမှသာ ယဲ့ဖုန်းနှင့် အခြားသူများမှာ ဇာတ်ကြောင်းအလုံးစုံကို နားလည်သွားကြတော့သည်။
မြင့်မြတ်သော လေဓား ဂိုဏ်းချုပ်က နတ်ဆိုးပိတ်လှောင်မျှော်စင်ကို ဘာကြောင့် လွှတ်ထားခဲ့သနည်းဆိုသည်မှာ ရှင်းသွားခဲ့၏။ သူကိုယ်တိုင်လည်း နတ်ဆိုးချီများကို လိုအပ်နေခဲ့ခြင်းကြောင့်ဖြစ်ပြီး၊ ရန်သူကို အထင်သေးမှုနှင့် မိမိကိုယ်ကို ယုံကြည်မှု လွန်ကဲမှုတို့က ယခုကဲ့သို့ အခြေအနေဆီသို့ ဦးတည်သွားစေခဲ့ခြင်းပင်။
အကယ်၍သာ သူသည် နတ်ဆိုးပိတ်လှောင်မျှော်စင်ကို စောစောစီးစီး ဖျက်ဆီးပြီး ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းကို အပြတ်တိုက်ခဲ့မည်ဆိုပါက၊ အသားတောင်ကြီးနတ်ဆိုးမှာ ပေါ်ထွက်လာလိမ့်မည် မဟုတ်ပေ။
“ကံကောင်းလို့ ဂိုဏ်းချုပ်ယဲ့ ရှိနေတာပေါ့ဗျာ၊ မဟုတ်ရင် ကျုပ်တို့အားလုံး သေလူတွေ ဖြစ်ကုန်ကြမှာ...” ခရိုင်ဘုရင် ရှုချန်ကျွင်းက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။
“ဟုတ်ပါပေ့ဗျာ...” အခြားသူများကလည်း တညီတညွတ်တည်း ထောက်ခံလိုက်ကြကုန်၏။
တောင်ပိုင်းမြစ်ဝှမ်းဒေသတွင် ယဲ့ဖုန်းကဲ့သို့သော ဒဏ္ဍာရီဆန်လှသည့် ဂိုဏ်းချုပ်တစ်ဦးနှင့် မြူခိုးဂိုဏ်း ပေါ်ထွက်လာခဲ့ခြင်းမှာ သူတို့အတွက် တကယ့်ကို ကံကောင်းခြင်း တစ်ခုပင်။
မဟုတ်ပါက တောင်ပိုင်းမြစ်ဝှမ်းဒေသမှာ အသားတောင်ကြီးနတ်ဆိုး၏ လက်ချက်ဖြင့် တကယ်ပင် မြေလှန်ခံရပြီး၊ သန်းနှင့်ချီသော သာမန်လူသားများမှာ ဘေးဒုက္ခဆိုးကြီးနှင့် ရင်ဆိုင်ရမည်မှာ ဧကန်ပင်။
“အခုတော့ အသားတောင်ကြီးနတ်ဆိုးကိုလည်း ဂိုဏ်းချုပ်ယဲ့က သတ်လိုက်ပြီ၊ ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းချုပ်လည်း အသက်ပျောက်သွားပြီဆိုတော့... ကျုပ်တို့ နောက်ထပ် ခြေလှမ်းကို လှမ်းရတော့မယ်၊ ဥပမာ - ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းကို ဝင်တိုက်ပြီးတော့ နတ်ဆိုးပိတ်လှောင်မျှော်စင်တွေ အားလုံးကို ဖျက်ဆီးပစ်ဖို့ပေါ့...”
ခရိုင်ဘုရင် ရှုချန်ကျွင်းက နေရာမှ ထရပ်လိုက်သည်။
သူ၏ ဒဏ်ရာများမှာ အတော်လေး သက်သာသွားခဲ့၏။ သူ၏ တိုက်ခိုက်မှုစွမ်းအားမှာ အထွတ်အထိပ်သို့ မရောက်သေးသော်လည်း၊ ဧရာမတစ်ပိုင်းအဆင့် စွမ်းအားများကိုမူ ထုတ်ဖော်နိုင်နေပြီ ဖြစ်ပါ၏။
အပြည့်အဝ ပြန်လည်သက်သာလာသည်နှင့် သူသည် သူ၏ အထွတ်အထိပ် အခြေအနေသို့ ပြန်လည်ရောက်ရှိပေတော့မည်။
ထိုအခါ၊ ယဲ့ဖုန်းက မတ်တပ်ရပ်ရင်း ပြောလိုက်သည်။
“ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းကို ဖျက်ဆီးမယ့်ကိစ္စကိုတော့ ကျွန်တော့်ကိုပဲ လွှဲထားလိုက်ပါဗျာ။ ဘာပဲဖြစ်ဖြစ် ကျွန်တော် အဲဒီဂိုဏ်းထဲကို လွန်ခဲ့တဲ့ အချိန်ကတည်းက ဝင်ရောက် စုံစမ်းပြီးသားမို့ အခြေအနေတွေကို အသေးစိတ် သိထားပါတယ်...”
“ဗျာ...”
လူအုပ်ကြီးမှာ အတိုင်းထက်အလွန် အံ့အားသင့်သွားရသည်။
ကြည့်ရတာ ယဲ့ဖုန်းဟာ ဒီကိစ္စကို အစောကြီးကတည်းက သိရှိထားရုံတင်မကဘဲ၊ ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းထဲကိုပါ ကိုယ်တိုင် ကိုယ်ကျ တိတ်တဆိတ် ဝင်ရောက်ပြီး သတင်းတွေ စုဆောင်းခဲ့တာပေါ့လေ။
ယဲ့ဖုန်းဟာ ဒီကိစ္စရဲ့ ရှေ့ဆုံးမှာ အမြဲတမ်း ရှိနေခဲ့တာပါလား။
“ဒါဆိုရင် ဂိုဏ်းချုပ်ယဲ့က အရာရာကို ကြိုတင်စီစဉ်ထားပြီးသားမို့လို့ ဒီလောက်တောင် တည်ငြိမ်နေခဲ့တာကိုး...”
“ဂိုဏ်းချုပ်ယဲ့ဟာ တောင်ပိုင်းမြစ်ဝှမ်းဒေသရဲ့ ကောင်းချီးတစ်ပါးပါပဲဗျာ...”
“ဂိုဏ်းချုပ်ယဲ့ဟာ တကယ့်ကို နတ်ဘုရားပါပဲ...”
မဟာ မူလနတ်ဘုရား အဆင့် လေးဦးစလုံးမှာ ယဲ့ဖုန်းအား တပြိုင်နက်တည်း လက်မထောင်၍ ချီးကျူးလိုက်ကြတော့သည်။
ယဲ့ဖုန်းနှင့် မူလနတ်ဘုရား အဆင့် ပညာရှင် လေးဦးတို့က နောက်ထပ် လုပ်ဆောင်ရမည့် အစီအစဉ်များကို ဆွေးနွေးနေကြစဉ်အတွင်း၊ မြူခိုးဂိုဏ်းတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲသတင်းမှာ တောမီးပမာ ဟုန်းဟုန်းတောက်သွားခဲ့၏။
မကြာမီမှာပင် တောင်ပိုင်းမြစ်ဝှမ်းဒေသ တစ်ခုလုံးရှိ အင်အားစုကြီးများ အားလုံးမှာ ဤထိတ်လန့်တုန်လှုပ်ဖွယ် သတင်းကောင်းကို လက်ခံ ရရှိလိုက်ကြပြီး၊ လောကကြီး တစ်ခုလုံးမှာ ထိုသတင်းကြောင့် ဆူညံသွားခဲ့ရ၏။
အခန်း (၄၄၇) ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းကို ဝင်ရောက်စီးနင်းခြင်းနှင့် နတ်ဆိုးပိတ်လှောင်မျှော်စင်များကို ဖျက်ဆီးခြင်း
~ကျွန်းပေါင်းတစ်သောင်း မဟာမိတ်ဝယ်၊
“ဂိုဏ်းချုပ်ယဲ့ ကတော့ တကယ့်ကို နတ်ဘုရားပါပဲ...”
နဂါးပြာဘုရင်သည် သတင်းကို ပထမဆုံး လက်ခံရရှိသည်နှင့် တစ်ပြိုင်နက်၊ နေရာမှာတင် ဝမ်းသာအားရ ခုန်ပေါက်လိုက်ပြီး သူ၏ မျက်နှာတွင်လည်း အားရပါးရ ပြုံးရယ်နေလေတော့သည်။
“ဘာများ ဖြစ်လို့လဲဟင်...”
မင်ရှီး ၏ မျက်ဝန်းလေးများမှာ အနည်းငယ် နီမြန်းနေပြီး၊ နဂါးပြာဘုရင်ကို ဇဝေဇဝါဖြင့် ကြည့်ကာ မေးမြန်းလိုက်၏။ ဘေးပတ်ဝန်းကျင်ရှိ ဝိညာဉ်ပင်လယ် အဆင့် နတ်ဆိုးဘုရင်များမှာလည်း စူးစမ်းလိုစိတ်များဖြင့် ဝိုင်းအုံလာကြသည်။
“အသားတောင်ကြီး နတ်ဆိုး က မြူခိုးဂိုဏ်း ကို တိုက်ခိုက်ခဲ့ပေမဲ့... ‘ကြယ်တာရာ နန်းတော်’ လို့ ခေါ်တဲ့ ဝိညာဉ်ရတနာကြီးက ခဏ တားဆီးထားနိုင်ခဲ့တယ်တဲ့... အဲဒီနောက်မှာတော့ ဂိုဏ်းချုပ်ယဲ့ က ခန့်ညားထည်ဝါစွာ ပြန်လည် ရောက်ရှိလာပြီး အသားတောင်ကြီး နတ်ဆိုး ကို အပြတ်ရှင်းပစ်လိုက်ပြီလေ...”
“အဲဒါတင် မကဘူး... မဟာ မူလနတ်ဘုရား အဆင့် လေးယောက်စလုံးကိုလည်း ကယ်တင်နိုင်ခဲ့တယ်...”
“ကျုပ်တို့ရဲ့ မဟာမိတ် ခေါင်းဆောင်ကြီး အသက်ရှင်နေပါသေးတယ်...”
“ဂိုဏ်းချုပ်ယဲ့ က လက်ညှိုးတစ်ချက် တောက်လိုက်ရုံနဲ့တင်... သက်စောင့်ဝိညာဉ်စွမ်းအားတွေ ပြည့်နှက်နေတဲ့ မိုးရေတွေ ကျဆင်းလာစေပြီး၊ ဒဏ်ရာရနေတဲ့သူတွေကို ကုသပေးခဲ့တယ်လို့လည်း ကြားရတယ်...”
နဂါးပြာဘုရင်သည် သတင်းစကားကို ဖတ်ကြားရင်း အသံပင် တုန်ယင်နေရှာသည်။
ထိုစကားကို ကြားလိုက်ရသည့်အခါ လူတိုင်းမှာ မှင်သက်သွားကြရလေ၏။
“ဒါ... ဒါတွေက တကယ်ပဲလားဟင်...”
မင်ရှီး မှာမူ အမြန်ဆုံး သတိပြန်ဝင်လာပြီး၊ သူမ၏ မျက်ဝန်းများတွင် အံ့သြဝမ်းသာမှုများ ပြည့်နှက်လျက် မြူခိုးဂိုဏ်း ရှိရာ အရပ်ဆီသို့ လှမ်းကြည့်လိုက်သည်။ ထိုခန့်ညားလှသော ကျောပြင်ကြီးကို သူမ မြင်ယောင်နေမိသည်မှာ အမှန်ပင်။
နဂါးပြာဘုရင်က အားပါတရ ခေါင်းညိတ်ပြလိုက်၏။ “ရာနှုန်းပြည့် အမှန်ပါပဲ...”
ထိုစကားကြောင့် လူတိုင်းမှာ တစ်ခဲနက် အော်ဟစ်အောင်ပွဲခံလိုက်ကြကုန်သည်။ မင်ရှီး သည်လည်း အတိုင်းထက်အလွန် စိတ်လှုပ်ရှားနေသော်လည်း၊ ၎င်းထက် ပိုမိုနက်နဲသော ခံစားချက်တစ်ခုကို ခံစားနေရ၏။
သူမသည် သူမ၏ ဖြူနုသော လက်ကလေးဖြင့် ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်ကို အသာအယာ မှီထားရင်း၊ မြူခိုးဂိုဏ်း ရှိရာဘက်သို့ လှမ်းကြည့်ကာ နှုတ်ခမ်းနီနီလေးမှာ အနည်းငယ် ပြုံးယောင်သန်းသွားသည်။
“သူကတော့... တကယ့်ကို အံ့သြဖို့ ကောင်းတဲ့သူပဲရှင်...”
မင်ရှီး က ညင်သာစွာ ရေရွတ်လိုက်မိပြီး၊ သူမ၏ မျက်ဝန်းများတွင်လည်း နူးညံ့လှသော အလင်းတန်းများဖြင့် ပြည့်နှက်နေတော့၏။
---
မြင့်မြတ်သော လေဓား ဂိုဏ်း။
စည်းကမ်းထိန်းသိမ်းရေးတောင်ထိပ်၊ စည်းကမ်းထိန်းသိမ်းရေးခန်းမဆောင်ဝယ်၊
ကျီဝူရွှမ်း သည် ရွှေရောင် သတင်းပေး စက္ကူ ကြိုးကြာရုပ် ကို ကိုင်ဆောင်လျက်၊ သူမ ကြားသိရသမျှ သတင်းအားလုံးကို စိတ်လှုပ်ရှားစွာဖြင့် ပြောပြနေသည်။
“နောက်ဆုံး အခိုက်အတန့်မှာတော့... ဂိုဏ်းချုပ်ယဲ့ က ‘ကောင်းကင်ဘုံသို့ ခုနစ်လှမ်း’ လို့ ခေါ်တဲ့ အထွတ်အထိပ် နတ်ဘုရား စွမ်းရည် နဲ့ အခြေအနေကို ပြောင်းလဲပေးခဲ့ပြီး၊ အသားတောင်ကြီး နတ်ဆိုး ကို အမှုန့်ဖြစ်အောင် ချေမှုန်းပစ်ခဲ့တယ်... ဒီဘေးအန္တရာယ်ကြီးကို သူ ရှင်းထုတ်ပေးနိုင်ခဲ့ပြီလေ...”
“ပြီးတော့..ကျွန်တော်တို့ ဂိုဏ်းချုပ်လည်း အသက်ရှင်နေပါသေးတယ်...”
ကျီဝူရွှမ်း သည် အခြေအနေများကို အဆက်မပြတ် သတင်းပို့နေရင်း၊ သူ၏ တစ်ကိုယ်လုံးမှာ စိတ်လှုပ်ရှားမှုကြောင့် သစ်ရွက် တစ်ရွက်ပမာ တဆတ်ဆတ် တုန်ယင်နေခဲ့၏။
မူရူရွှယ် မှာမူ အစပိုင်းတွင် အံ့သြတကြီး ထရပ်လိုက်သော်လည်း၊ နောက်တစ်ခဏ၌ ပလ္လင်ပေါ်သို့ ပြန်လည် ထိုင်ကျသွားကာ၊ မျက်နှာကို လက်ဖြင့်အုပ်လျက် ဝမ်းသာလွန်းသဖြင့် မျက်ရည်များ ကျဆင်းလာခဲ့ရရှာသည်။
“နောက်ဆုံးတော့..ငါတို့ရဲ့ ကလဲ့စားချေမှုကြီး အောင်မြင်သွားပြီပေါ့...”
“ဂိုဏ်းချုပ်ယဲ့... ကျေးဇူးတင်ပါတယ်...”
သူမ ခေါင်းမော့ကြည့်လိုက်သည့်အခါ မျက်ဝန်းထောင့်မှ မျက်ရည်စများမှာ ပျောက်ကွယ်သွားခဲ့၏။ သူမသည် ပြုံးလျက် ကောင်းကင်ယံကို မော့ကြည့်လိုက်မိ၏။ ထိုနေရာတွင် လူငယ်လေး တစ်ဦးက သူမအား လက်ဝှေ့ယမ်းပြနေသည့်နှယ်။
“အစ်မ... ကလဲ့စားချေမှုက ပြီးဆုံးသွားပါပြီ... အစ်မရဲ့ စိတ်ထဲက စွဲလမ်းမှုတွေကို လွှတ်ချလိုက်ပါတော့... ဒီလောကကြီးက ပန်းတွေ ပွင့်ဝေနေပြီး အခွင့်အလမ်းတွေ အများကြီး ရှိပါတယ်... ရှေ့ကိုပဲ ရဲရဲဝံ့ဝံ့ လျှောက်လှမ်းပါတော့နော်...”
လူပျိုဖော်ဝင်စ လူငယ်လေးတစ်ဦး၏ အသံမှာ မူရူရွှယ် ၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားခဲ့ရာ၊ သူမ၏ မျက်ရည်များကို ထိန်းချုပ်၍ မရနိုင်တော့ပေ။
ကျီဝူရွှမ်းမှာ ဤမြင်ကွင်းကို ကြည့်ကာ စိတ်မသက်မသာ ဖြစ်သွားရသဖြင့် အပြင်သို့ ခဏ ထွက်သွားလိုက်သည်။ သို့သော်လည်း မကြာမီမှာပင် သူမသည် လက်ကိုင်ပုဝါ တစ်ခုကို ယူဆောင်လာပြီး မူရူရွှယ် အား ကမ်းပေးကာ အသာအယာပင် ဆုတ်ခွာသွား၏။
---
ခရိုင်ဘုရင်မြို့တော်၌မူ၊
အစေခံမလေးထံမှ သတင်းကို ကြားလိုက်ရသည်နှင့် ရှုဟုန်ယွီ သည် နေရာမှ ဝုန်းခနဲ ထရပ်လိုက်သည်။ သူမ၏ မျက်ဝန်းများတွင် အံ့သြခြင်း၊ ဝမ်းသာခြင်း နှင့် ဖော်ပြ၍မရသော ခံစားချက်များစွာ ယှက်သန်းနေ၏။
“ခမည်းတော် ဘာမှမဖြစ်ဘူးဆိုတော့ သိပ်ကောင်းတာပဲ... အခုချက်ချင်း ခရိုင်ဘုရင် ရာထူးကို ဆက်ခံစရာ မလိုတော့ဘူးပေါ့...”
သူမသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက်၊ ဝိညာဉ်စမ်းရေ ဖြင့် မျက်နှာသစ်ကာ မျက်ဝန်းထောင့်ရှိ မျက်ရည်စများကို ဆေးကြောလိုက်သည်။ ခရိုင်ဘုရင်မြို့တော် တစ်ခုလုံးမှာလည်း စိတ်လှုပ်ရှားဖွယ် အော်ဟစ်သံများမှာ လှိုင်းတံပိုးများပမာ တစ်ခုပြီးတစ်ခု ထွက်ပေါ်နေတော့သည်။
ဘိုးဘေးနင် - “ငါ သိသားပဲ... ဂိုဏ်းချုပ်ယဲ့ က ထွက်လာမှာပါ... အခုဆိုရင်တော့ သူဟာ တောင်ပိုင်းမြစ်ဝှမ်း ဒေသ ရဲ့ အစွမ်းထက်ဆုံးသူဆိုတာကို ဘယ်သူမှ ငြင်းလို့ မရတော့ဘူးဟေး...”
မော့ဝမ်ရှီး - “ဂိုဏ်းချုပ်ယဲ့... တကယ့်ကို ဘုန်းတန်ခိုးကြီးလှပါတယ်...”
လျူမင် - “ဂိုဏ်းချုပ်ယဲ့... ပြိုင်ဘက်ကင်းပါပဲဗျာ...”
လူတိုင်း စိတ်လှုပ်ရှားနေကြသော်လည်း၊ ကြွေထည်ဘုရင် ရှုရန်ရှန် မှာမူ ခန်းမဆောင်ကြီးအတွင်း၌ တုန်တုန်ယင်ယင်နှင့် ကုတ်ကုတ်လေး ထိုင်နေရှာသည်။
“မူလနတ်ဘုရား အဆင့် (၃) အထွတ်အထိပ်တောင်မှ အဖိနှိပ်ခံလိုက်ရတယ်ဆိုတော့... ယဲ့ဖုန်း ရဲ့ စွမ်းအားက အနည်းဆုံး မူလနတ်ဘုရား အဆင့် (၄) တော့ ရှိရမယ်... ငါတို့ ဘိုးဘေးကြီးနဲ့တောင် ယှဉ်နိုင်လောက်တယ်... တကယ့်ကို အကြမ်းစားဟ...”
ကြွေထည်ဘုရင်သည် အပြင်သို့ မထွက်ရဲတော့ဘဲ လျှို့ဝှက်ခန်းအတွင်း၌သာ ပုန်းအောင်းနေရ၏။
---
ဓားဘုရင်ဂိုဏ်းတွင်၊
သတင်းရောက်လာသည့်အခါ လူတိုင်းမှာ အစပိုင်းတွင် တိတ်ဆိတ်သွားကြသော်လည်း၊ နောက်ပိုင်းတွင်တော့ ဟိန်းထွက်သွားသော အောင်ပွဲခံသံများမှာ အဆက်မပြတ် ထွက်ပေါ်လာခဲ့၏။ မူလက သတင်းဟောင်းများကို ကြားရစဉ်က တောင်ပိုင်းမြစ်ဝှမ်း ဒေသ ကြီး ပျက်စီးတော့မည်ဟု ထင်မှတ်ခဲ့ကြသည် မဟုတ်ပါလော။
ဘယ်သူ ထင်မှာလဲ။ ယဲ့ဖုန်းက နောက်ဆုံးတွင်တော့ အခြေအနေကို ပြောင်းလဲပေးခဲ့ပြီး ဤဧရာမ ဘေးအန္တရာယ်ကြီးကို ရှင်းထုတ်ပေးနိုင်ခဲ့သည် မဟုတ်ပါလော။
“ဂိုဏ်းချုပ်ယဲ့ ရဲ့ စွမ်းအားကတော့... တကယ့်ကို အားကျစရာပါပဲ...”
အမွေခံတပည့် ခေါင်းဆောင် ကျန်းပိုင်ကော သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိ၏။ သူ့အတွက်မူ မြင့်မားလှသော တောင်ကြီးတစ်လုံးပမာ အတုယူထိုက်သည့် စံပြပုဂ္ဂိုလ်တစ်ဦးကို တွေ့ရှိသွားခဲ့၏။
ယွန်းဟွာဂိုဏ်း၊ လျူယွင်ဂိုဏ်း၊ ချင်ယွင်ဂိုဏ်း နှင့် အခြားသော အင်အားစုများမှာလည်း ဤသတင်းကို ကြားရသဖြင့် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြကုန်၏။
ဤသတင်းကောင်းမှာ တောမီးပမာ အရှိန်အဟုန်ဖြင့် ဟိုးလေးတကျော် ဖြစ်နေဆဲပင် ဖြစ်ချေသည်။
---
မြူခိုးတောင်ထိပ် ထက်ဝယ် ၊
[ဂိုဏ်းဂုဏ်သတင်းတန်ဖိုး +၇၅၄၇၆၃]
[ယုံကြည်ခြင်းစွမ်းအား +၉၉၇၆၅]
စနစ်၏ အသိပေးသံများကို နားထောင်ရင်း ယဲ့ဖုန်း စိတ်လှုပ်ရှားနေပါ၏။ ဂုဏ်သတင်းတန်ဖိုးများမှာ သန်းချီ၍ တိုးတက်လာနေဆဲဖြစ်ရာ၊ ယခုတစ်ခေါက် ကြိုးပမ်းမှုမှာ များစွာ အကျိုးရှိလှသည်ဟု ဆိုရပေမည်။
“နောက်ဆုံးတော့... တိုက်ပွဲဝင်ရမည့်အချိန် ရောက်လာခဲ့ပြီ...”
မဟာ မူလနတ်ဘုရား အဆင့် လေးဦးမှာ နေရာမှ ထရပ်လိုက်ကြပြီး၊ ကောင်းကင်သို့ ပျံတက်ကာ ယဲ့ဖုန်း၏ နောက်မှ လိုက်ပါလာကြသည်။ မူလကမူ ယဲ့ဖုန်းသည် ကျောက်မည်း လွင်ပြင် ဆီသို့ တစ်ဦးတည်းသွားကာ ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း ကို အမြစ်ပြတ် ရှင်းပစ်ရန် ကြံစည်ခဲ့ခြင်း ဖြစ်၏။ သို့သော်လည်း ကျန်ရှိသော မူလနတ်ဘုရား အဆင့် လေးဦးမှာလည်း လိုက်ပါလိုကြသဖြင့် ယဲ့ဖုန်းက စောင့်ဆိုင်းပေးခဲ့ခြင်းပင်။
ဘာပဲဖြစ်ဖြစ်... ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း က ဘယ်သူမှ လွတ်အောင် ပြေးနိုင်မှာ မဟုတ်တော့သဖြင့် စိုးရိမ်စရာ မရှိတော့ပေ။
“သွားကြစို့...”
ယဲ့ဖုန်းက ရှေ့ဆုံးမှ ဦးဆောင်၍ ပျံသန်းထွက်ခွာလိုက်ရာ၊ သူ၏ နောက်တွင်တော့ မဟာ မူလနတ်ဘုရား အဆင့် လေးဦး၊ အစ်ကိုကြီး ခေါင်းပြား၊ ဟူဖေးဖေး၊ လီဇီလုံ၊ ရှီလေ့၊ လုံထျန်းရှင်း နှင့် အခြားသော တပည့် ဒါဇင်ပေါင်းများစွာတို့မှာ လိုက်ပါလာကြပြီး၊ ကျောက်မည်း လွင်ပြင် ရှိရာဆီသို့ ဦးတည်ခဲ့ကြလေတော့သည်။
---
“ဝုန်း…”
ယဲ့ဖုန်းသည် အစွမ်းထက်သော အဖွဲ့ကြီးကို ဦးဆောင်ကာ ပစ်မှတ်ဆီသို့ ရောက်ရှိသွားခဲ့ပြီးနောက်၊ မြေပြင်ကို ရိုက်ခွဲကာ ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း ၏ မြေအောက်ဟင်းလင်းပြင်အတွင်းသို့ စုပြုံဝင်ရောက်လိုက်ကြသည်။
“ကျွန်တော်တို့ကို မသတ်ပါနဲ့ရှင်...”
ကျန်ရှိနေသော ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း မှ တပည့် ဒါဇင်ပေါင်းများစွာမှာ မြေပြင်ပေါ်တွင် ဒူးထောက်လျက် အသနားခံနေကြတော့၏။
“သူတို့အားလုံးကို ဖမ်းထားလိုက်... သူတို့ရဲ့ ကံကြမ္မာကိုတော့ ငါ နောက်မှ ဆုံးဖြတ်မယ်...” ယဲ့ဖုန်းက အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့ပါ...” ရှီလေ့ နှင့် အခြားတပည့်များမှာ ချက်ချင်း လှုပ်ရှားလိုက်ကြပြီး၊ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ပင် မရှိကြသေးသော ထိုသူများကို အသာလေး ဖမ်းဆီးလိုက်ကြသည်။
မကြာမီ ယဲ့ဖုန်းသည် မြေအောက် ဒုတိယအလွှာသို့ ရောက်ရှိသွားခဲ့၏။ ထိုနေရာတွင် ပြိုကျနေသော ကျောက်တိုင်များသာ ကျန်ရှိတော့ပြီး၊ ဝိညာဉ်ပင်လယ် အဆင့် ရှိသော မဟာအကြီးအကဲ တစ်ဆယ့်နှစ်ဦးမှာမူ ခြေရာလက်ရာမကျန် ပျောက်ကွယ်နေကြသည်။ ဝတ်ရုံနက်ဝတ် အကြီးအကဲများမှာလည်း အစောကြီးကတည်းက ထွက်ပြေးသွားခဲ့ကြခြင်းပင်။
“ဂိုဏ်းချုပ်ယဲ့... လူတွေက ထွက်ပြေးကုန်ကြပြီဗျ... ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ...” မိုထျန်းလုံ က မေးမြန်းလိုက်၏။
“သူတို့ ပြေးလို့ မလွတ်ပါဘူးဗျာ...” ယဲ့ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
“ပဉ္စမအဆင့် မန္တန်ဖြစ်တဲ့ ‘ချီခြေရာခံ နည်းစနစ်’ ကို သုံးကြည့်လိုက်ရင် သူတို့ကို ရှာတွေ့မှာပါ...”
“ကျမ စမ်းကြည့်ပြီးပါပြီ... ဒါပေမဲ့ ရှာမတွေ့ဘူးရှင်...”
ကုန်းချင်းချိုး က ခေါင်းခါပြလိုက်၏။
သူမသည် ဤမန္တန်ကို ကျွမ်းကျင်စွာ တတ်မြောက်ထားသူ ဖြစ်သော်လည်း၊ ခုနက စမ်းသပ်ကြည့်သည့်အခါ ချီခြေရာများမှာ ဝေဝါးနေသဖြင့် ရလဒ်မကောင်းခဲ့ကြောင်း ဆိုလိုခြင်းပင်။
“ဒါဆိုရင်တော့... ဒါကို သုံးရမှာပေါ့...”
ယဲ့ဖုန်းသည် လေဝိညာဉ် ပုလဲလုံး ကို ထုတ်ယူလိုက်သည်။
အချိန်အတန်ကြာ အနားယူထားသဖြင့် လေဓာတ် ဝိညာဉ်စွမ်းအင်များမှာ ပြန်လည် ပြည့်တင်းနေခဲ့၏။
ဝှစ်...
လေဓာတ် ဝိညာဉ်စွမ်းအင် တစ်မျှင်မှာ လောင်ကျွမ်းသွားပြီးနောက်၊ နွယ်မျှင်လေး ဒါဇင်ကျော်အဖြစ် ပြောင်းလဲကာ အရပ်မျက်နှာ အသီးသီးသို့ ပျံသန်းသွားလေတော့သည်။
“ဒီနွယ်မျှင်လေးတွေက... ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် အထက်မှာ ရှိတဲ့ ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းသားတွေ ရှိရာဆီကို လမ်းပြပေးလိမ့်မယ်... ဒီနွယ်မျှင်တွေနောက်ကို လိုက်သွားကြပါ... မင်းတို့မှာ အချိန် သုံးရက်ပဲ ရှိမယ်... အဲဒီထဲမှာ ဝိညာဉ်ပင်လယ် အဆင့် ရှိတဲ့သူ တစ်ဆယ့်နှစ်ယောက် ပါနေတာမို့လို့... သတိထားကြဦးနော်...” ယဲ့ဖုန်းက မှာကြားလိုက်သည်။
သူသည် ယခင်က ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း သို့ ရောက်ရှိခဲ့ဖူးသဖြင့် မဟာအကြီးအကဲများနှင့် အခြားသော အကြီးအကဲများကို မြင်တွေ့ဖူးထားသည်။ ထိုသူများမှာ နတ်ဆိုးချီများကို သယ်ဆောင်ထားကြသူများ ဖြစ်ရာ ခြေရာခံရန်မှာ ပို၍ပင် လွယ်ကူလှပေ၏။ လေဓာတ် ဝိညာဉ်စွမ်းအင် ၏ လမ်းပြမှုအောက်တွင် သူတို့ ပုန်းအောင်းစရာ နေရာ ရှိတော့မည် မဟုတ်ပေ။
“ကောင်းပြီလေ... ကျုပ်တို့ အဖွဲ့ခွဲပြီးတော့ လိုက်ဖမ်းကြတာပေါ့...”
မိုထျန်းလုံ က ခေါင်းညိတ်လိုက်ပြီး၊ သတင်းပေး စက္ကူ ကြိုးကြာရုပ် တစ်ခုကို ထုတ်ယူလိုက်သည်။
“ကျုပ် ..ကျွန်းပေါင်းတစ်သောင်း မဟာမိတ် အဖွဲ့ဝင်အားလုံးကို အမိန့်ပေးလိုက်မယ်... ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း ရဲ့ အကြွင်းအကျန် အင်အားစုတွေကို အမြစ်ပြတ် ချေမှုန်းပြီး... နတ်ဆိုးပိတ်လှောင်မျှော်စင် တွေကို ဖျက်ဆီးပစ်ဖို့ပေါ့...”
“ကျွန်တော်လည်း အခုချက်ချင်း အမိန့်ထုတ်လိုက်ပါ့မယ်...” ခရိုင်ဘုရင် ရှုချန်ကျွင်း ကလည်း စက္ကူ ကြိုးကြာရုပ် တစ်ခုကို ထုတ်လိုက်သည်။
ဓားဘုရင်ဂိုဏ်းချုပ်၊ မြင့်မြတ်သော လေဓားဂိုဏ်းချုပ် နှင့် အခြားသူများမှာလည်း အသီးသီး လှုပ်ရှားလိုက်ကြ၏။
“ဒါဆိုရင် ဒီကိစ္စကို ခင်ဗျားတို့ပဲ ကိုင်တွယ်လိုက်ကြပါတော့ဗျာ...” ယဲ့ဖုန်းနှင့် မြူခိုးဂိုဏ်း တပည့်များမှာမူ ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း ၏ အမာခံစခန်းကို ထိန်းချုပ်လိုက်ကြသည်။
မဟာ မူလနတ်ဘုရား အဆင့် လေးဦးမှာမူ မြေပြင်ပေါ်သို့ ပြန်လည် တက်လှမ်းကာ သတင်းများကို ဖြန့်ဝေလိုက်ကြသည်။ မကြာမီမှာပင် တောင်ပိုင်းမြစ်ဝှမ်း ဒေသ ရှိ ဂိုဏ်းအားလုံးမှာ လှုပ်ရှားလာကြပြီး၊ ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းသားများကို လိုက်လံ ဖမ်းဆီးကြရုံတင်မကဘဲ နေရာအနှံ့ရှိ နတ်ဆိုးပိတ်လှောင်မျှော်စင် များကိုပါ ဖြိုဖျက်ပစ်လိုက်ကြလေတော့၏။
*
ပိုင်ရှ အခြေချစခန်းငယ်။
“ဆယ့်ငါးခုမြောက်ပဲ...”
မူရူရွှယ် သည် မျက်စိတစ်မှိတ်အတွင်းမှာပင် ဓားချီများစွာကို ထုတ်ဖော်လိုက်ရာ၊ နတ်ဆိုးပိတ်လှောင်မျှော်စင်ကြီးမှာ အစိပ်စိပ်အမွှာမွှာ ကြေမွသွားခဲ့၏။ ထို့နောက်၊ အခြားသော နေရာများဆီသို့ ဆက်လက် ပျံသန်း ထွက်ခွာသွားပြန်သည်။ ဒေါသတရားများကို အရင်းခံလျက်၊ သူမသည် နတ်ဆိုးပိတ်လှောင်မျှော်စင် ရှိရာ နေရာတိုင်းသို့ သွားရောက်ကာ တစ်ခုမကျန် ဖျက်ဆီးပစ်နေခြင်းပင်။
*ရေစီးမြစ်ကမ်းဘေးတွင် ဖြစ်သည်။
လီဟန်ရှောင် နှင့် ဝူတယ် တို့မှာမူ အဝေးတစ်နေရာတွင် ပုန်းအောင်းလျက်၊ မူရူရွှယ် ၏ ဓားချက်အောက်တွင် နှစ်ခြမ်းကွဲသွားသော နတ်ဆိုးပိတ်လှောင်မျှော်စင် ကို ကြည့်ကာ ကြိတ်၍ မျက်ရည်ကျနေကြရှာသည်။
“အစ်ကိုကြီးလီ..ကျုပ်တို့ နောက်တစ်ခါ အိုးမဲ့အိမ်မဲ့ ဖြစ်ပြန်ပြီ ထင်တယ်ဗျာ...”
“ညီလေးဝူ... ငါတို့ရဲ့ ကံတရားကတော့ တကယ်ကို သနားစရာ ကောင်းလွန်းပါတယ်ကွာ...”
လီဟန်ရှောင် နှင့် ဝူတယ် တို့မှာ တစ်ဦးကိုတစ်ဦး ဖက်ကာ အသည်းအသန် ငိုကြွေးနေကြပြီး၊ တကယ့်ကို အားကိုးရာမဲ့နေသော ပုံစံများဖြင့် ကျန်ရစ်ခဲ့ရ၏။