← Chapters

အခန်း (၄၄၈-၄၅၀)

Vol. 30 Ch. 448-450

အခန်း (၄၄၈-၄၅၀)

Vol. 30 Ch. 448-450

အခန်း (၄၄၈) အသေးစား ဝိညာဉ်ကြောများ ဖန်တီးခြင်းနှင့် သွေးနတ်ဆိုး ခန်းမသခင်ချုပ်၏ ဒေါသ

~ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း ၏ ဂိုဏ်းချုပ်မှာ ကျဆုံးသွားခဲ့၏။

အသားတောင်ကြီး နတ်ဆိုးမှာလည်း ပြိုလဲပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

မြင့်မြတ်သော လေဓား ဂိုဏ်း အတွင်းဝယ် သူလျှိုအဖြစ် ပုန်းအောင်းနေခဲ့သော မဟာအကြီးအကဲမှာမူ အစောကြီးကတည်းက အသတ်ခံခဲ့ရပြီး၊ သူ၏ အလောင်းကိုပင် ရှာမတွေ့နိုင်တော့ချေ။ ကျန်ရှိနေသော ဂိုဏ်းသားများမှာမူ လမ်းမပေါ်မှ ကြွက်များနှင့်ပင် တူနေတော့ပြီး၊ အင်အားကြီး ဂိုဏ်းအသီးသီး၏ လိုက်လံ ဖမ်းဆီး သုတ်သင်ခြင်းကို ခံနေကြရသည်။

ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း ဟူသော အမည်နာမမှာ သမိုင်းစာမျက်နှာများအတွင်းသို့ လုံးဝ ဥဿုံ နစ်မြုပ်သွားခဲ့၏။

သုံးရက်မျှသော အချိန်အတွင်းမှာပင် ဝိညာဉ်ပင်လယ် အဆင့် ရှိသော မဟာအကြီးအကဲ တစ်ဆယ့်နှစ်ဦးမှာ မဟာ မူလနတ်ဘုရား အဆင့် ပညာရှင် လေးဦးနှင့် ကြယ်နှစ်ပွင့်အဆင့် အင်အားစုကြီး လေးခု၏ လက်ချက်ဖြင့် နေရာမှာတင် အဆုံးစီရင်ခံလိုက်ရသည်၊ သို့မဟုတ် အရှင်ဖမ်းဆီးခံလိုက်ရသည်။

နေရာအနှံ့ရှိ နတ်ဆိုးပိတ်လှောင်မျှော်စင် ရာပေါင်းများစွာမှာလည်း အားလုံးနီးပါး ပြိုလဲပျက်စီးသွားခဲ့၏။

တောင်ပိုင်းမြစ်ဝှမ်း ဒေသ တစ်ခုလုံးသည် သက်ဝင်တက်ကြွလှသော မူလ အခြေအနေသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။

မဟာ မူလနတ်ဘုရား အဆင့် လေးဦးမှာလည်း မိမိတို့၏ ဂိုဏ်းအသီးသီးသို့ ပြန်လည် ရောက်ရှိသွားကြပြီး၊ အသည်းအသန် အသုံးချခဲ့ရသော အခြေခံ စွမ်းအားများကို ပြန်လည် ဖြည့်တင်းရန်အတွက် တံခါးပိတ် ကျင့်ကြံခြင်းကို စတင်လိုက်ကြ၏။ မကြာမီ အချိန်အတွင်းမှာပင် သူတို့သည် သူတို့၏ အထွတ်အထိပ် အခြေအနေသို့ ပြန်လည် ရောက်ရှိနိုင်မည်မှာ ဧကန်ပင်။

မြူခိုးဂိုဏ်း၊

ယဲ့ဖုန်း သည် ကောင်းကင်ယံ အမြင့်တွင် လွင့်မျောနေသော ကြယ်တာရာ နန်းတော် ၏ ထိပ်ဖျားတွင် ရပ်နေသည်။ သူသည် အောက်ခြေရှိ မြေကမ္ဘာကြီးကို ငုံ့ကြည့်နေ၏။

အသားတောင်ကြီး နတ်ဆိုး ကို အမြစ်ပြတ် ချေမှုန်းနိုင်ခဲ့သည်မှာ ယနေ့ဆိုလျှင် ခုနစ်ရက်မြောက် ရှိခဲ့၏။

ဤအတောအတွင်း အနားယူပြီးနောက်တွင်တော့ ဂိုဏ်းသားများမှာ အားအင်များ ပြန်လည် ပြည့်ဝနေကြပြီ ဖြစ်သည်။ သူတို့သည် ရေပေါ်ဖြူ မြို့တော်ကို ချဲ့ထွင်ခြင်း၊ လမ်းများကို ပြုပြင်ခြင်း နှင့် အုတ်ခဲများ သယ်ယူခြင်း အစ ရှိသော တာဝန်အသီးသီးကို တက်ကြွစွာ ထမ်းဆောင်နေကြသည်။

မြူခိုးဂိုဏ်း ၏ တိုက်ပွဲသတင်းမှာ အရပ်မျက်နှာ အနှံ့သို့ ပျံ့သွားခဲ့သဖြင့်၊ တစ်ချိန်က သာမန် နယ်မြေလေးတစ်ခု ဖြစ်ခဲ့သော ဤနေရာမှာ ယခုအခါတွင်မူ တောင်ပိုင်းမြစ်ဝှမ်း ဒေသ တစ်ခုလုံး၏ နိမ္ဗာန် တစ်ခု ဖြစ်လာခဲ့၏။

မြောက်များစွာသော လူအပေါင်းမှာ မိမိတို့၏ ဆန္ဒအလျောက် ဤနေရာသို့ ပြောင်းရွှေ့ အခြေချလာကြသည်။

ရက်အနည်းငယ်အတွင်းမှာပင် ရေပေါ်ဖြူ မြို့တော် ၏ စုစုပေါင်း လူဦးရေမှာ နှစ်သန်း ကျော်လွန်သွားခဲ့ပြီဖြစ်ပြီး အဆက်မပြတ် တိုးတက်နေဆဲပင်။

ယဲ့ဖုန်း သိရှိထားသည်မှာ လူဦးရေ သုံးသန်း ပြည့်ရန်မှာ အလွန်ပင် နီးစပ်နေပြီ ဖြစ်ကြောင်းပင်။

သို့သော်လည်း ရေပေါ်ဖြူ မြို့တော် ၏ လူဦးရေ တိုးတက်လာသည်နှင့်အမျှ ကျင့်ကြံခြင်းအတွက် အရင်းအမြစ်များမှာမူ လုံလောက်မှု မရှိသေးပေ။

အခြားအရာများကို ထားလိုက်ဦး၊ ဝိညာဉ်ကြော မှာ လူသန်းပေါင်းများစွာအတွက် အမှန်တကယ်ပင် လုံလောက်ခြင်း မရှိလှပေ။

လက်ရှိ ရေပေါ်ဖြူ မြို့တော် တွင် မြို့တော်ဝန် စံအိမ်၏ နောက်ကျောဘက်၌ အသေးစား ဝိညာဉ်ကြော တစ်ခုသာ ရှိပေရာ၊ လူသန်းချီအတွက် ခွဲဝေသုံးစွဲရန်မှာ မဖြစ်နိုင်သည် မဟုတ်ပါလော။

“ဝိညာဉ်ကြောတွေ မလုံလောက်ဘူးဆိုရင်တော့... ငါကိုယ်တိုင်ပဲ ဖန်တီးရမှာပေါ့...”

ယဲ့ဖုန်းက တီးတိုးဆိုရင်း လေဝိညာဉ် ပုလဲလုံးကို ထုတ်ယူလိုက်သည်။

“အခု စုဆောင်းထားတဲ့ စွမ်းအင်တွေအရဆိုရင်... ‘ကမ္ဘာငယ် ပြောင်းလဲခြင်း’ တစ်ကြိမ်နဲ့ ‘ကမ္ဘာဦး ပြန်လည်ပြုပြင်ခြင်း’နှစ်ကြိမ် လုပ်လို့ ရပြီပဲ...”

“ဒါပေမဲ့... ရေပေါ်ဖြူ မြို့တော် ရဲ့ အကျယ်အဝန်းက တဖြည်းဖြည်းနဲ့ ကျယ်ပြန့်လာနေတာဆိုတော့... ဝိညာဉ်ကြော သုံးခုတည်းနဲ့တော့ မလုံလောက်နိုင်ဘူး... အဲဒီတော့ ရှိသမျှ စွမ်းအားတွေကို အသေးစား ဝိညာဉ်ကြောတွေ ဖန်တီးဖို့ပဲ သုံးလိုက်တော့မယ်...”

“အဲဒီလိုဆိုရင်... ‘ကမ္ဘာငယ် ပြောင်းလဲခြင်း’ တစ်ကြိမ်ကို ‘ကမ္ဘာဦး ပြန်လည်ပြုပြင်ခြင်း’ သုံးကြိမ်အဖြစ် ခွဲသုံးလိုက်မယ်... ဒါဆိုရင် စုစုပေါင်း အသေးစား ဝိညာဉ်ကြော ငါးခု ရမှာပေါ့... အဲဒီ ဝိညာဉ်ကြောတွေကို မြို့တော်ရဲ့ အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်တွေနဲ့ ရှောင်လင်းကျေးရွာ ရှိတဲ့ မြို့သစ် နယ်မြေတွေမှာ စနစ်တကျ ခွဲဝေထားလိုက်မယ်...”

“ဟုတ်ပြီ... ဒီအတိုင်းပဲ လုပ်မယ်...”

ယဲ့ဖုန်းသည် ဆုံးဖြတ်ချက် ချလိုက်ပြီးနောက် အောက်သို့ ပျံဆင်းခဲ့သည်။

သူသည် ပထမဆုံးအဖြစ် ရှောင်လင်းကျေးရွာ ကို ဗဟိုပြု၍ အရှေ့နှင့် အနောက်ဘက်သို့ ချဲ့ထွင်ထားသော အရှေ့မြို့တော် နယ်မြေသစ် ဆီသို့ ဦးတည်လိုက်၏။

ဤနယ်မြေမှာ မီတာ သုံးထောင်ခန့် ရှည်လျားပြီး မီတာ ငါးရာခန့် ကျယ်ဝန်းကာ၊ ဘယ်ဘက်တွင် မြစ်ကြီးတစ်စင်း ရှိပြီး ညာဘက်တွင်မူ မြူခိုးတောင်ထိပ် ၏ ခြေရင်းနှင့် ထိစပ်နေသည်။

ယဲ့ဖုန်းသည် ရှောင်လင်းကျေးရွာ ၏ အလယ်ဗဟိုသို့ ဆင်းသက်လိုက်သည်။

ထိုနေရာတွင် နှစ်ပေါင်း ရာချီ၍ အသက်ရှင်နေခဲ့သော ဧရာမ ညောင်ပင်ကြီး တစ်ပင် ရှိ၏။

“ဟော... ဂိုဏ်းချုပ်ယဲ့ ပါလား...”

“ဂိုဏ်းချုပ်ကြီးကို ဂါရဝပြုပါတယ် ခင်ဗျာ...”

“ဂိုဏ်းချုပ်... ကြက်ဥလေးတွေ ဘာတွေ သုံးဆောင်ပါဦးမလားဟင်...”

ယဲ့ဖုန်း ရောက်ရှိလာသည်နှင့် ရွာသူရွာသားများမှာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြတော့သည်။

“အားလုံးရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်ဗျာ... ကျွန်တော့်မှာ အခု လုပ်စရာ အရေးကြီးကိစ္စလေးတွေ ရှိနေလို့ ဒီတစ်ခေါက်တော့ မစားတော့ဘူးနော်...” ယဲ့ဖုန်းက ပြန်လည် ပြောကြားလိုက်သည်။

သူသည် ထိုညောင်ပင်ကြီးကို စိုက်ကြည့်ရင်း၊ ‘ကမ္ဘာဦး ပြန်လည်ပြုပြင်ခြင်း’ အခွင့်အရေး တစ်ခုကို အသုံးပြုလိုက်သည်။

“ဝှစ်…”

ရွှေရောင် အလင်းတန်းများမှာ ကောင်းကင်ယံမှ ကျဆင်းလာပြီး ညောင်ပင်ကြီးအတွင်းသို့ ပေါင်းစပ်သွားခဲ့၏။

ထိုအပင်ကြီးမှာ ရုတ်တရက် စတင် တောက်ပလာခဲ့လေတော့သည်။

ပင်စည်မှာ ပိုမို ထွားကြိုင်းလာပြီး၊ အရွက်များမှာလည်း ပိုမို စိမ်းစိုလာကာ ရွှေရောင် မန္တန်အမှတ်အသားများဖြင့် ဖုံးလွှမ်းသွားသဖြင့် တကယ့်ကို မြင့်မြတ်သော အသွင်ကို ဆောင်နေတော့သည်။

“ဝီ…”

ရွှေရောင် ညောင်ပင်ကြီးမှာ ညင်သာစွာ တုန်ခါလာပြီးနောက်၊ ၎င်း၏ အရွက်များမှနေ၍ သန့်စင်လှသော သဘာဝ ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်လိုက်လေတော့သည်။

“မဆိုးဘူးပဲ...”

ယဲ့ဖုန်း အသာ ပြုံးလိုက်မိ၏။

ဤ ‘ကမ္ဘာဦး ပြန်လည်ပြုပြင်ခြင်း’ အခွင့်အရေးမှာ တကယ့်ကို ထိုက်တန်လှပေသည်။ သာမန် ညောင်ပင်အိုကြီး တစ်ပင်ကို ‘ဝိညာဉ်ကြော ရွှေညောင်ပင်’ အဖြစ် အောင်မြင်စွာ ပြောင်းလဲပေးနိုင်ခဲ့ပြီး အသေးစား ဝိညာဉ်ကြော တစ်ခု ဖြစ်ပေါ်လာစေခဲ့သည် မဟုတ်ပါလော။

“ဒီအပင်ကြီးက နတ်ဝင်သွားတာလား မသိဘူးဟေ...” အဘိုးအို တစ်ဦးက အံ့သြတကြီး အော်ဟစ်လိုက်မိသည်။

“ဘာတွေ လျှောက်ပြောနေတာလဲ..အဘိုးရယ်၊ ဒါက ဂိုဏ်းချုပ်ယဲ့ က ကောင်းချီးပေးလိုက်လို့... အသေးစား ဝိညာဉ်ကြော တစ်ခု ဖြစ်သွားတာလေ...” လမ်းသွားလမ်းလာ ကျင့်ကြံသူ တစ်ဦးက လှောင်ပြောင်ရင်း မှန်ကန်အောင် ပြင်ပေးလိုက်သည်။

“ကျွန်တော် သွားဦးမယ်ဗျာ...”

ယဲ့ဖုန်းသည် လူအုပ်ကြီးကို ရှင်းပြမနေတော့ဘဲ ကောင်းကင်သို့ ပျံတက်လိုက်ပြီး၊ အရှေ့မြို့တော် နယ်မြေ ဆီသို့ ဦးတည်ခဲ့ပါသည်။

ထိုနေရာတွင် သူသည် ကျောက်တုံးကြီး တစ်တုံးကို ရွေးချယ်လိုက်ပြီး ‘ကမ္ဘာဦး ပြန်လည်ပြုပြင်ခြင်း’ ကို အသက်သွင်းနေ၏။ ကျောက်စိမ်းတုံးကြီး တစ်တုံးအဖြစ် ပြောင်းလဲလိုက်ရာ၊ အေးမြလှသော ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်နေသည့် အသေးစား ဝိညာဉ်ကြော တစ်ခု ထပ်မံ ဖြစ်ပေါ်လာပြန်သည်။

“ကျောက်တုံးကို ကျောက်စိမ်းဖြစ်အောင် ပြောင်းလဲနိုင်တာလား... တကယ့်ကို အစွမ်းထက်လှပါပေတယ်...”

“ တောင်ပိုင်းမြစ်ဝှမ်း ဒေသ ရဲ့ နံပါတ်တစ် ပညာရှင် ဆိုတာ အမှန်ပဲဗျာ...”

ကျင့်ကြံသူ အများအပြားမှာ ကြည်ညိုလေးစားသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေကြကုန်၏။

ထို့နောက်တွင်တော့ ယဲ့ဖုန်းသည် ရေပေါ်ဖြူ မြို့တော် ၏ တောင်ဘက်၊ အနောက်ဘက် နှင့် မြောက်ဘက် နယ်မြေများသို့ ဆက်လက် သွားရောက်ခဲ့သည်။

သူ၏ လက်တစ်ချက် အထိအတွေ့ဖြင့်ပင် တောင်ကုန်းလေးတစ်ခု၊ ရှေးဟောင်း ရေတွင်း တစ်ခု နှင့် ရုပ်တု တစ်ခုတို့မှာ အသေးစား ဝိညာဉ်ကြောများအဖြစ် အသီးသီး အသွင်ပြောင်းသွားကြလေတော့သည်။

သန့်စင်လှသော သဘာဝ ဝိညာဉ်စွမ်းအင်များ ပျံ့နှံ့လာသည်နှင့်အမျှ၊ ဤ အသေးစား ဝိညာဉ်ကြော အသစ် ငါးခုမှာ အရပ်မျက်နှာ အသီးသီး၏ အာရုံစိုက်မှုကို ရရှိသွားခဲ့ပြီး၊ မိမိတို့ နယ်မြေအသီးသီး၏ ဗဟိုချက်မများ ဖြစ်လာခဲ့ကြ၏။

“ဂိုဏ်းချုပ်ယဲ့ က ညောင်ပင်ကြီးကို ‘ဝိညာဉ်ကြော ရွှေညောင်ပင်’ အဖြစ် ပြောင်းလဲလိုက်ပြီဟေ့...”

“ဂိုဏ်းချုပ်ယဲ့ က ကျောက်တုံးကို ကျောက်စိမ်းဖြစ်အောင် လုပ်ပြီး ဝိညာဉ်စွမ်းအင်တွေ ပေါက်ကွဲထွက်စေခဲ့တယ်... အသေးစား ဝိညာဉ်ကြောတွေ ဖန်တီးပေးခဲ့တာဗျာ... တကယ့်ကို နတ်ဘုရားပါပဲ...”

“ဟဲဟဲ... အခုဆိုရင် ငါတို့ နယ်မြေမှာလည်း ဝိညာဉ်ကြော ရှိနေပြီဆိုတော့... ကျင့်ကြံတာက အရင်ကထက် အများကြီး ပိုမြန်လာမှာ သေချာတယ်...”

ဤသတင်းမှာ ရေပေါ်ဖြူ မြို့တော် တစ်ခုလုံးသို့ ပျံ့သွားခဲ့ပြီး လူတိုင်းကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့သည်။

မြို့ဟောင်း နယ်မြေအတွင်းရှိ လူများမှာမူ ဤသတင်းကို ကြားရသည့်အခါ တိတ်တဆိတ် မနာလို ဖြစ်နေကြရရှာ၏။

“ဂိုဏ်းချုပ်ယဲ့ က ဝိညာဉ်ကြောတွေကို ဖန်တီးနိုင်တဲ့ သူ့ရဲ့ နတ်ဘုရားဆန်တဲ့ စွမ်းအားတွေကို နောက်တစ်ခါ ထုတ်ပြပြန်ပြီပေါ့လေ...”

“မြန်မြန်... သတင်းလွှင့်လိုက်ကြစမ်း... ရေပေါ်ဖြူ မြို့တော် မှာ အသေးစား ဝိညာဉ်ကြော အသစ် ငါးခု ထပ်တိုးလာပြီလို့... ဒီနေရာက ကျင့်ကြံဖို့အတွက် ပိုပြီး ကောင်းမွန်တဲ့ နေရာဖြစ်သွားပြီ... ငါတို့ မိသားစု တစ်စုလုံး ဒီကို ရွှေ့ပြီပဲ...”

“ဟုတ်ကဲ့ပါ...”

သတင်းများ ပျံ့သွားသည်နှင့်အမျှ၊ ဆုံးဖြတ်ချက် မချနိုင်သေးသော ကျင့်ကြံသူ အချို့မှာလည်း ချက်ချင်းပင် စိတ်ပိုင်းဖြတ်လိုက်ကြပြီး သူတို့၏ မိသားစုများကို ရေပေါ်ဖြူ မြို့တော် ဆီသို့ ခေါ်ဆောင်လာခဲ့ကြရ၏။

---

မိုင်ပေါင်း ထောင်ချီ ဝေးကွာသော နေရာတွင် ဖြစ်သည်။

စက္ကူယပ်တောင် သခင်လေး သည် အသစ်ဝတ်ဆင်ထားသော ခေါင်းပေါင်းကို စမ်းကြည့်ရင်း၊ သူ၏ အသွင်အပြင်ကို သေသေချာချာ ပြင်ဆင်နေ၏။ ထို့နောက်၊ ထိတ်လန့်တုန်လှုပ်နေသည့် ဟန် ဆောင်လျက် သွေးနတ်ဆိုး ခန်းမဆောင်၏ ခန်းမဆောင်ကြီးအတွင်းသို့ အသည်းအသန် ပြေးဝင်သွားသည်။

“ဘေးဒုက္ခကြီး ဆိုက်ရောက်ခဲ့ပါပြီ...”

စက္ကူယပ်တောင် သခင်လေးသည် ဝမ်းနည်းပူဆွေးသော မျက်နှာထားဖြင့် ပြောလိုက်၏။

“ဒုတိယ ခန်းမသခင် နဲ့ ကျွန်တော်ဟာ... တောင်ပိုင်းမြစ်ဝှမ်း ဒေသ ဆီကို သွားပြီး ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း နဲ့ ပူးပေါင်းပြီး မြူခိုးဂိုဏ်း ကို တိုက်ခိုက်ခဲ့ကြပါတယ်... ဒါပေမဲ့... နောက်ဆုံးမှာတော့ ယဲ့ဖုန်း ရဲ့ ခြေဖဝါးအောက်မှာပဲ ကျွန်တော်တို့ အားလုံး မှုန့်မှုန့်ညက်ညက် ကြေခဲ့ရပါတယ်ဗျာ...”

သူ စကားဆုံးသည်နှင့် တစ်ပြိုင်နက် ခန်းမဆောင်အတွင်းရှိ လူတိုင်းမှာ မျက်လုံးများကို ဖွင့်လိုက်ကြပြီး၊ သူ၏ဆီသို့ အကြည့်များ စုပြုံ ရောက်ရှိလာကြသည်။

လူအများအပြား၏ မျက်နှာထားမှာ လုံးဝ ပျက်ယွင်းသွားရ၏။

ဒုတိယ ခန်းမသခင် ဆိုသည်မှာ မူလနတ်ဘုရား အဆင့် ပညာရှင်တစ်ဦး ဖြစ်သည် မဟုတ်ပါလော။ ထိုမျှ အစွမ်းထက်လှသော ပုဂ္ဂိုလ်မှာ ဘယ်လိုလုပ်ပြီး ကျဆုံးသွားရမှာလဲ။

“တကယ်ပဲ ဘာတွေ ဖြစ်ခဲ့တာလဲ...”

ဝတ်ရုံနီကို ဆင်မြန်းထားပြီး ဆံပင်ဖြူ၊ မျက်ခုံးဖြူများနှင့် အဘိုးအို တစ်ဦးမှာ ခမ်းနားထည်ဝါသော အရှိန်အဝါများဖြင့် ရှေ့သို့ လှမ်းတက်လာခဲ့သည်။

ထိုသူ့ထံမှ ထွက်ပေါ်နေသော မူလနတ်ဘုရား အလယ်အလတ် အဆင့် ၏ အရှိန်အဝါများကြောင့် စက္ကူယပ်တောင် သခင်လေး၏ နှလုံးသားမှာ တုန်ခါသွားရပြီး၊ ခန်းမသခင်ချုပ်ကြီး ၏ ကျင့်ကြံခြင်းမှာ အမှန်တကယ်ပင် အဆင့်တက်လှမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း တိတ်တဆိတ် အံ့သြချီးကျူးနေမိသည်။

“ကိစ္စက ဒီလိုပါ... တောင်ပိုင်းမြစ်ဝှမ်း ဒေသ နယ်စပ်မှာရှိတဲ့ ခန်းမခွဲလေးဟာ မြူခိုးဂိုဏ်း ရဲ့ လက်ချက်နဲ့ အကြီးအကျယ် ဆုံးရှုံးခဲ့ရပါတယ်... အဲဒါကြောင့် ဒုတိယ ခန်းမသခင် နဲ့ ကျွန်တော်ဟာ အဲဒီကိစ္စကို သွားပြီး ရှင်းလင်းဖို့ ဆုံးဖြတ်ခဲ့တာပါ...”

“တောင်ပိုင်းမြစ်ဝှမ်း ဒေသ မှာ ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း ဆိုတဲ့ လျှို့ဝှက် အင်အားစုတစ်ခု ရှိနေပါတယ်... ကျွန်တော်က အဲဒီဂိုဏ်းရဲ့ ဂိုဏ်းချုပ်အိုကြီးနဲ့ သိကျွမ်းထားတာမို့လို့၊ သူတို့နဲ့ ပူးပေါင်းဖို့ စီစဉ်ခဲ့တာပါ...”

“ပြီးတော့ ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း မှာ အစွမ်းထက်တဲ့ လျှို့ဝှက်နည်းစနစ် တစ်ခု ရှိပါတယ်... အဲဒါကတော့ မူလနတ်ဘုရား အဆင့် ပညာရှင် တစ်ယောက်က အဲဒီနည်းစနစ်ကို ကျင့်သုံးမယ်ဆိုရင်... အစွမ်းထက် အသားတောင်ကြီး နတ်ဆိုး အဖြစ် အသွင်ပြောင်းနိုင်တာပါပဲ...”

“မြူခိုးဂိုဏ်း ကို တစ်ချက်တည်းနဲ့ အမြစ်ပြတ် ချေမှုန်းနိုင်ဖို့အတွက်... ဒုတိယ ခန်းမသခင် ကိုယ်တိုင် အဲဒီ လျှို့ဝှက်နည်းစနစ် ကို စမ်းသပ် ကျင့်သုံးခဲ့ပြီးတော့ အသားတောင်ကြီး နတ်ဆိုး အဖြစ် အသွင်ပြောင်းခဲ့တာပါ...”

“အဲဒီနောက်မှာတော့ ကျွန်တော်တို့ စတင် တိုက်ခိုက်ခဲ့ကြပါတယ်... အစပိုင်းမှာတော့ တောင်ပိုင်းမြစ်ဝှမ်း ဒေသ တစ်ခုလုံးကို အသာလေး နှိမ်နင်းနိုင်ခဲ့ပေမယ့်... နောက်ပိုင်းမှာတော့ မြူခိုးဂိုဏ်းချုပ် ယဲ့ဖုန်းရဲ့ နှိမ်နင်းတာကို ခံလိုက်ရပါတယ်...”

“ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းချုပ်ရော... ဒုတိယ ခန်းမသခင် ရော... အဲဒီတိုက်ပွဲမှာ အသက်ပျောက်သွားခဲ့ရပါပြီ...”

“ကျွန်တော်ကတော့... ကျွန်တော့်ရဲ့ အစွမ်းရှိသမျှကို အသုံးချပြီးတော့... ခန်းမသခင်ချုပ်ကြီး ဆီကို ဒီသတင်း လာပို့နိုင်ဖို့အတွက် မနည်း လွတ်အောင် ပြေးခဲ့ရတာပါဗျာ...”

စက္ကူယပ်တောင် သခင်လေးသည် ပူဆွေးသော မျက်နှာထားဖြင့် ပြောပြနေသည်။

အခြေအနေ အရပ်ရပ်မှာ သူပြောပြသကဲ့သို့ အမှန်တကယ် ဖြစ်ပျက်ခဲ့ခြင်း ဖြစ်၏။

သို့သော်လည်း ဒုတိယ ခန်းမသခင်မှာ လှည့်ဖြားခံရပြီး အသားတောင်ကြီး နတ်ဆိုး အဖြစ် အသွင်ပြောင်းခံလိုက်ရသည့် အစိတ်အပိုင်းကိုမူ၊ ဒုတိယ ခန်းမသခင် ကိုယ်တိုင် ဆန္ဒရှိရှိ လုပ်ဆောင်ခဲ့သည့်အလား သူက လှည့်ပတ် ပြောဆိုခဲ့ခြင်းပင်။

စက္ကူယပ်တောင် သခင်လေးမှာမူ သူ၏ ဇာတ်လမ်းမှာ လုံးဝ ဥဿုံ ခိုင်မာနေသည်ဟု ယုံကြည်ထားသည်။

ဘာပဲဖြစ်ဖြစ်... လူတွေလည်း သေကုန်ပြီ၊ သက်သေလည်း မရှိတော့မှတော့ သူ ကြိုက်သလို ပြောလို့ ရသည် မဟုတ်ပါလော။

ထိုစကားကို ကြားလိုက်ရသည့်အခါ ခန်းမသခင်ချုပ်ကြီး ၏ မျက်နှာမှာ မည်းမှောင်သွားရသည်။

သူသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်၏။

“ခန်းမသခင်ချုပ်ကြီးကို တင်ပြပါရစေ... ဒုတိယ ခန်းမသခင် ရဲ့ ဝိညာဉ်မီးအိမ် ဟာ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ကြေမွသွားခဲ့တာ မှန်ပါတယ်...” ဝိညာဉ်ဆီမီးခွက်များကို စောင့်ကြပ်နေရသော အကြီးအကဲက တင်ပြလိုက်သည်။

“အင်း...” ခန်းမသခင်ချုပ်ကြီးက အနည်းငယ် ခေါင်းညိတ်ပြလိုက်၏။

လွန်ခဲ့သော ရက်အနည်းငယ်ကပင် သွေးနတ်ဆိုး ခန်းမဆောင် အနေဖြင့် တောင်ပိုင်းမြစ်ဝှမ်း ဒေသ မှ ဖြစ်ပျက်ခဲ့သော သတင်းအချို့ကို လက်ခံရရှိထားပြီး ဖြစ်၏။

ခန်းမသခင်ချုပ်ကြီးသည် ဒုတိယ ခန်းမသခင် သေဆုံးမှုနှင့် ပတ်သက်၍ စက္ကူယပ်တောင် သခင်လေး အပေါ် သံသယ ရှိခဲ့သော်လည်း၊

ယခုအခါ စက္ကူယပ်တောင် သခင်လေးမှာ ရဲရဲဝံ့ဝံ့ ပြန်လည် ရောက်ရှိလာသည်ကို ကြည့်ခြင်းအားဖြင့်၊ ပြဿနာ မရှိနိုင်။

မဟုတ်ရင်တော့ ဒီကောင် ဘယ်လိုလုပ် ပြန်လာရဲပါ့မလဲ။

၎င်းအပြင် ဒုတိယ ခန်းမသခင်၏ ဝိညာဉ်ဆီမီးခွက် ကြေမွသွားသည့် အချိန်မှာလည်း အသားတောင်ကြီး နတ်ဆိုး ပေါက်ကွဲသွားသည့် အချိန်နှင့် အလွန်ပင် နီးစပ်နေသည် မဟုတ်ပါလော။

ယခု စက္ကူယပ်တောင် သခင်လေး၏ စကားကို နားထောင်ပြီးနောက်တွင်တော့၊ ဒုတိယ ခန်းမသခင်သည် မဟာ မူလနတ်ဘုရား အဆင့် လေးဦးကို နှိမ်နင်းနိုင်ရန်အတွက် မိမိ၏ ဆန္ဒအလျောက် အသားတောင်ကြီး နတ်ဆိုး အဖြစ် အသွင်ပြောင်းခဲ့ခြင်း ဖြစ်မည်ဟု ခန်းမသခင်ချုပ်ကြီး ယုံကြည်သွားခဲ့၏။

စက္ကူယပ်တောင် သခင်လေး ကဲ့သို့သော သာမန် ဝိညာဉ်ပင်လယ် အဆင့် ကျင့်ကြံသူ တစ်ဦးမှာမူ၊ မည်မျှပင် ဉာဏ်များပါစေ မူလနတ်ဘုရား အဆင့် ရှိသော ဒုတိယ ခန်းမသခင်ကို ဒုက္ခပေးနိုင်ရန်မှာ မည်သို့မျှ မဖြစ်နိုင်သည် မဟုတ်ပါလော။

သေချာစွာ စဉ်းစားပြီးနောက်တွင်တော့ ခန်းမသခင်ချုပ်ကြီးမှာ စက္ကူယပ်တောင် သခင်လေး ၏ စကားကို ယုံကြည်ရန် ရွေးချယ်လိုက်လေတော့သည်။

သူ၏ အကြည့်များမှာ မြူခိုးဂိုဏ်း ရှိရာ အရပ်ဆီသို့ အေးစိမ့်စွာ လှည့်ကြည့်လိုက်၏။

“ယဲ့ဖုန်း ဆိုတဲ့ ကောင်ကတော့... တော်တော် ရဲတင်းတာပဲ... ငါ့လက်အောက်က ဒုတိယ ခန်းမသခင် ကို သတ်ရဲတယ်ပေါ့လေ..ငါ ဒင်းကို အမှုန့်ဖြစ်အောင် လုပ်ပြမယ်...”

အခန်း (၄၄၉) မြို့ပြဖွံ့ဖြိုးတိုးတက်ခြင်း နှင့် ရှားပါးလှသော ငြိမ်းချမ်းသာယာမှု အခိုက်အတန့်

~သွေးနတ်ဆိုး ခန်းမသခင်ချုပ်ကြီး၏ စကားကို ကြားလိုက်ရသည့်အခါ စက္ကူယပ်တောင် သခင်လေး၏ မျက်နှာအမူအရာမှာ ပြောင်းလဲခြင်း မရှိသော်လည်း၊ ရင်ထဲတွင်တော့ သက်ပြင်းအေးကြီး တစ်ချက်ကို ခိုးချလိုက်မိသည်။

သူသည် သွေးနတ်ဆိုး ခန်းမဆောင်သို့ မပြန်လာမီကပင် မိမိ၏ အသက်အန္တရာယ် ရှိ၊ မရှိကို ကိုယ်တိုင် ကြိုတင်ဟောကိန်းထုတ် စစ်ဆေးခဲ့ပြီး ဖြစ်၏။ ဘေးကင်းမည်ကို သေချာမှသာ ပြန်လာဝံ့ခြင်းပင်။

အခြားသူများကို လှည့်ဖြားနိုင်ရန်အတွက် သူသည် ဒုတိယခန်းမသခင်နှင့် သွားခဲ့သော ခရီးစဉ်အသေးစိတ်ကို အနည်းငယ် အကြံအဖန် လုပ်၍ ပြောဆိုခဲ့ခြင်း ဖြစ်၏။ ဘာပဲဖြစ်ဖြစ် ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းမှာ အမြစ်ပြတ်သွားပြီ ဖြစ်ရာ၊ သူသည် ထိုဂိုဏ်း၏ နောက်ကွယ်မှ ကြိုးကိုင်သူဖြစ်ကြောင်းကို ဤလောကတွင် မည်သူမျှ မသိနိုင်တော့ပေ။

ဤသို့ လိမ်လည်ပြောဆိုလိုက်ခြင်းဖြင့် သူ့အား မည်သူမျှ လာရောက် မေးခွန်းထုတ်နိုင်တော့မည် မဟုတ်ပါလော။

"ခန်းမသခင်ချုပ်ကြီး... ကျွန်တော်တို့ မြူခိုးဂိုဏ်းကို ဘယ်တော့လောက် တိုက်ကြမလဲ ခင်ဗျာ"

သွေးရောင် ချပ်ဝတ်ကို ဆင်မြန်းထားသော ဗလတောင့်တောင့် အမျိုးသားတစ်ဦးက ထိုအချိန်တွင် မေးမြန်းလိုက်သည်။

သွေးနတ်ဆိုး ခန်းမသခင်ချုပ်ကြီးသည် လက်နှစ်ဖက်ကို နောက်ပစ်ထားလျက်၊ လေမတိုက်ဘဲ လွင့်နေသော ဝတ်ရုံစများကို ဂရုမပြုဘဲ ခေတ္တမျှ စဉ်းစားပြီးမှ ၊

"မင်းတို့ မြူခိုးဂိုဏ်းအကြောင်း ဘယ်လောက် သိကြသလဲ"

ထိုစကားကြောင့် ခန်းမအတွင်းရှိ လူတိုင်းမှာ တိတ်ဆိတ်သွားကြရသည်။

အမှန်အတိုင်း ပြောရလျှင် သူတို့၏ မြူခိုးဂိုဏ်းအပေါ် နားလည်မှုမှာ သူတစ်ပါးပြောစကားများကို ကြားရုံမျှသာ ရှိပေသည်။ မြူခိုးဂိုဏ်းသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ဖူးသူဟူ၍ တစ်ဦးမျှ မရှိရာ၊ အသေအချာ သိပါသည်ဟု ပြောရန်မှာ မဖြစ်နိုင်ပေ။

ဗေဒင်နှင့် ဟောကိန်းထုတ်ခြင်းတွင် ကျွမ်းကျင်သော စက္ကူယပ်တောင် သခင်လေးက ခန်းမသခင်ချုပ်ကြီး၏ စိုးရိမ်မှုကို ရိပ်မိလိုက်သဖြင့် ကြားဖြတ်ပြောလိုက်သည်။

"ခန်းမသခင်... မြူခိုးဂိုဏ်းရဲ့ နောက်ကွယ်မှာ ပိုပြီးတော့ အစွမ်းထက်တဲ့ အင်အားစုကြီးတစ်ခုခု ကျောထောက်နောက်ခံ ရှိနေမှာကို စိုးရိမ်နေတာလား ခင်ဗျာ"

သွေးနတ်ဆိုး ခန်းမသခင်ချုပ်ကြီးက ခေါင်းညိတ်ပြလိုက်၏။

သူသည် သူ၏ ထိုင်ခုံတွင် ပြန်လည် ထိုင်လိုက်ရင်း ဆိုသည်။

"မြူခိုးဂိုဏ်းက ရုတ်တရက်ကြီး အရှိန်အဟုန်နဲ့ တိုးတက်လာတာဟာ အစွမ်းထက်တဲ့ နောက်ခံမရှိဘဲနဲ့တော့ မဖြစ်နိုင်ဘူး။ ယခု ယဲ့ဖုန်း ပြသနေတဲ့ စွမ်းအားအ၊ ငါ ..သူ့ကို နှိမ်နင်းနိုင်ပေမယ့်၊ သူ့မှာ ပိုပြီး အစွမ်းထက်တဲ့သူတွေ ရှိမနေဘူးလို့ ဘယ်သူ အာမမခံနိုင်မလဲကွ"

စကားပြောရင်း ခန်းမသခင်က ခေတ္တရပ်လိုက်ပြီးမှ ဆက်ပြော၏။

" တစ်ခုခု မလုပ်ခင်မှာ သေသေချာချာ စီစဉ်ရမယ်"

စက္ကူယပ်တောင် သခင်လေး၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွားပြီး မေးလိုက်သည်။

"ဒါဆို ခန်းမသခင်က သူလျှိုတွေ လွှတ်ဖို့ ကြံနေတာလား ခင်ဗျာ"

သွေးနတ်ဆိုး ခန်းမသခင်ချုပ်ကြီးက ခေါင်းခါယမ်းလိုက်ပြီး -

"မလိုပါဘူး။ တောင်ပိုင်းမြစ်ဝှမ်း ဒေသထဲကို ကင်းထောက်တွေ ပိုလွှတ်ပြီး၊ မြူခိုးဂိုဏ်းရဲ့ လှုပ်ရှားမှုတိုင်းကို အနီးကပ် စောင့်ကြည့်ရုံပဲ။ ပြိုင်ဘက်ရဲ့ အခြေအနေအရပ်ရပ်ကို အရင်ဆုံး လက်ဦးအောင် လုပ်ရမယ်"

"ဒါဆိုရင် ဘယ်အချိန်မှာ တိုက်မှာလဲဗျ" တစ်စုံတစ်ယောက်က ထပ်မံ မေးမြန်းလိုက်ပြန်သည်။

"တောအုပ်ထဲမှာ အမြင့်ဆုံးသစ်ပင်က လေဒဏ်ကို အခံရဆုံးပဲလေ။ မြူခိုးဂိုဏ်းရဲ့ နာမည်ကျော်ကြားမှုက အခုဆိုရင် ဟိုးဟိုးကျော်နေပြီ။ လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော်ရဲ့ နန်းမြို့တော်က လူတွေလည်း ဒီအတိုင်း ဘယ်ထိုင်ကြည့်နေကြမလဲ.. ငါတို့ကတော့ တောင်ပေါ်ကနေ ကျားနှစ်ကောင် သတ်ပွဲကို ထိုင်ကြည့်နေရုံပါပဲ။ အချိန်ကောင်းရောက်မှပဲ လှုပ်ရှားကြတာပေါ့"

သွေးနတ်ဆိုး ခန်းမသခင်ချုပ်ကြီးက ရယ်ရင်း ပြောလိုက်၏။ သူသည် ပင်ကိုယ်ဗီဇအရ အလွန်သတိကြီးသူ ဖြစ်ပြီး၊ မိမိကိုယ်တိုင် အစွမ်းထက်သော်လည်း မလိုအပ်ဘဲ စွန့်စားရသည်ကို မနှစ်သက်သူ ဖြစ်၏။

---

မြူခိုးဂိုဏ်းအတွင်းမှ အေးချမ်းသော အချိန်ကာလ…

မြူခိုးဂိုဏ်းအတွင်း၌ ယဲ့ဖုန်းသည် အပန်းဖြေ ထိုင်ခုံတစ်ခုပေါ်တွင် လှဲလျောင်းနေသည်။ သူ၏ ဘေးတွင်မူ မင်းသမီး ဟူဖေးဖေးက အနားတွင် လှုပ်ရှားသွားလာရင်း လက်ဖက်ရည်ဖျော်ပေးခြင်း၊ ပန်းပင်ရေလောင်းခြင်းနှင့် ယပ်တောင်ခတ်ပေးခြင်းတို့ကို လုပ်ဆောင်ပေးနေ၏။ သူမ၏ ရှည်လျားလှပသော ခြေတံများကို မြင်တွေ့နေရသဖြင့် ယဲ့ဖုန်းမှာ အနည်းငယ်ပင် ခေါင်းမူးချင်သလို ဖြစ်နေရရှာသည်။

"ဒီလို ဘဝမျိုးကတော့ တကယ့်ကို သာယာလှပေတယ်ဗျာ"

ယဲ့ဖုန်းသည် ချိုမြိန်အေးမြလှသော စပျစ်သီး တစ်လုံးကို စားလိုက်မိ၏။

"ဂိုဏ်းချုပ်... ဂိုဏ်းရဲ့ နောက်ဆုံး တိုးတက်မှု အခြေအနေတွေကို လာပြီး တင်ပြတာပါ"

ကုန်းချင်းချိုးသည် စာအုပ်အထူကြီးတစ်အုပ်ကို ကိုင်ဆောင်ကာ ရောက်ရှိလာသည်။

"ပြောပါဦး အကြီးအကဲကုန်း" ယဲ့ဖုန်းက ခပ်အေးအေးပင် ဆိုလိုက်၏။

"ဟုတ်ကဲ့ပါ" ကုန်းချင်းချိုးက စာအုပ်ကို ဖွင့်လိုက်ပြီး အသေးစိတ် တင်ပြတော့သည်။

* တပည့်သစ်များ: ကံကြမ္မာ ခရမ်းရွှေ ခေါင်းလောင်း၏ အသိအမှတ်ပြုမှုကို ရရှိပြီး အစမ်းခန့်တပည့် ဖြစ်လာသူ ဒါဇင်ပေါင်းများစွာ ထပ်တိုးလာပါသည်။

* ဒုတိယမျိုးဆက်: အများစုမှာ ချီကျင့်ကြံခြင်း စတုတ္ထအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး၊ တာဝန်တစ်ခုစီ ပြီးမြောက်ခဲ့ကြသဖြင့် အပြင်စည်းတပည့် အဖြစ် တိုးမြှင့်ခံရပါပြီ။

* ပထမမျိုးဆက် ပါရမီရှင်များ: ယွီစု ၊ ယွီဝေ၊ အိုးယန်ယွီ၊ အိုးယန်ဖုန်း၊ ရှဟဲ နှင့် ချိုကျူတို့သည် ချီကျင့်ကြံခြင်း နဝမအဆင့်သို့ ခုလေးတင် ရောက်ရှိသွားကြပါသည်။

* အခြား ပထမမျိုးဆက်များ: အများစုမှာ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်သို့ ရောက်ရှိကုန်ကြပြီး၊ ကျန်ရှိသူများမှာလည်း အဆင့်တက်ရန် တံခါးပိတ် ကျင့်ကြံနေကြဆဲ ဖြစ်ပါသည်။

* စီမံခန့်ခွဲမှု: အသစ်ခန့်အပ်ထားသော ကြီးကြပ်သူများမှာ အပြင်စည်း တာဝန်ခံ အကြီးအကဲ ချူယွင်အာ၏ အကူအညီဖြင့် ဂိုဏ်းနှင့် အသားကျသွားကြပြီး၊ လုပ်ငန်းဆောင်တာများမှာ စနစ်တကျ လည်ပတ်နေပါသည်။

* မြို့ပြလူဦးရေ: ရေပေါ်ဖြူ မြို့တော်သို့ ပြောင်းရွှေ့လာသူများပြားသဖြင့် ယခုအခါ လူဦးရေမှာ ၂ ဒသမ ၅ သန်း ကျော်လွန်သွားခဲ့ပါပြီ။

ကုန်းချင်းချိုးက စာဆန်ဆန် တင်ပြချက်များကို အဆုံးသတ်ကာ စာအုပ်ကို ကမ်းပေးလိုက်သည်။ ယဲ့ဖုန်းသည် စာအုပ်ကို ခေတ္တမျှ ဖတ်ကြည့်ပြီးနောက် ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။

"မဆိုးပါဘူး... တပည့်တွေ တိုးတက်မှု မြန်သားပဲ။ ပထမမျိုးဆက်တွေ အကုန်လုံး အတွင်းစည်းကို ရောက်ကုန်ကြပြီပေါ့။ ဒုတိယမျိုးဆက်ထဲက နင်ရှန်ရှန်၊ လေရှောင်ဟူနဲ့ လန်တယ် တို့လည်း အတွင်းစည်းထဲ ပါလာကြပြီပဲ"

"ဒါပေမဲ့ နှမြောစရာကောင်းတာက... အမွေခံတပည့် တစ်ယောက်မှ ထွက်မလာသေးတာပဲဗျ"

ယဲ့ဖုန်းက အနည်းငယ် စိတ်ပျက်သလို ပြောလိုက်၏။

ထိုအခါ၊ ကုန်းချင်းချိုးက ပြန်လည် ဖြေကြားလာသည်။

"မိုယင်၊ လုံထျန်းရှင်း နဲ့ ဟိုယွင်ကျဲ တို့ကတော့ တာဝန်တွေကို အပြိုင်အဆိုင် လုပ်နေကြတယ်လို့ ကြားရပါတယ်ရှင်။ အမွေခံတပည့် ဖြစ်လာဖို့ သိပ်မဝေးတော့ဘူး ထင်ပါတယ်"

"အဲဒီလိုပဲ မျှော်လင့်ရမှာပေါ့ဗျာ" ယဲ့ဖုန်း ခေါင်းညိတ်လိုက်၏။

---

ကျင့်ကြံရေးမျှော်စင်မှ အောင်မြင်မှုများ…

ရက်အနည်းငယ် ကုန်လွန်သွားသည့်အခါ...၊

“ဝုန်း…”

ကျင့်ကြံရေး မျှော်စင်၏ သတ္တမမြောက် အလွှာမှနေ၍ ဝိညာဉ်စွမ်းအင် မုန်တိုင်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ ယဲ့ဖုန်းသည် ထိုဘက်သို့ လှမ်းကြည့်ကာ ပြုံးလိုက်မိ၏။

"ကျားယွီလန် နဲ့ ယန်ရူယွီ တို့ နှစ်ယောက်စလုံး မျှော်စင်ရဲ့ နောက်ဆုံးအဆင့်ကို တပြိုင်နက်တည်း ဖြတ်ကျော်သွားကြပြီပဲ။ တကယ်ကို မဆိုးဘူး"

ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်သို့ ရောက်ရှိပြီးကတည်းက ထိုအမျိုးသမီးနှစ်ဦးမှာ မျှော်စင်သို့ သွားရောက် စိန်ခေါ်လေ့ မရှိကြပေ။ ယခုမှသာ အချိန်လု၍ တက်လှမ်းခဲ့ကြခြင်း ဖြစ်၏။

“ဝှစ်…”

များပြားလှသော သဘာဝ ဝိညာဉ်စွမ်းအင်များမှာ ထိုနှစ်ဦးထံသို့ စုပြုံစီးဝင်သွားခဲ့ပြီး၊ သူတို့၏ ကျင့်ကြံခြင်း အဆင့်မှာလည်း တစ်ဟုန်ထိုး မြင့်တက်လာခဲ့သည်။ ဓာတ်ကြီးငါးပါး စုစည်းခြင်း ပထမအဆင့် အထွတ်အထိပ်မှ ဒုတိယအဆင့် အထွတ်အထိပ်အထိ ရောက်ရှိသွားကြ၏။ ပါရမီ ပိုမိုမြင့်မားသော ယန်ရူယွီမှာမူ ထူးခြားသော သိမြင်မှုများကို ရရှိခဲ့သဖြင့် ဓာတ်ကြီးငါးပါး စုစည်းခြင်း တတိယအဆင့်သို့ပင် တက်လှမ်းနိုင်ခဲ့၏။

ဤသည်မှာ ယဲ့ဖုန်းအတွက်တော့ မမျှော်လင့်ဘဲ ရရှိလိုက်သော ဝမ်းသာစရာ သတင်း တစ်ခုပင်။ တပည့်များ အဆင့်တက်လေလေ၊ သူ၏ ကိုယ်ခန္ဓာ ကြံ့ခိုင်မှုမှာလည်း ပိုမို အစွမ်းထက်လာလေ ဖြစ်သည် မဟုတ်ပါလော။

---

မိုင်ပေါင်း နှစ်ထောင်ခန့် ဝေးကွာသော နေရာတွင် ဖြစ်သည်။

ချောင်ကျားရှီးနှင့် လုံထျန်းရှင်းတို့သည် လေထဲတွင် ပျံဝဲနေရင်း၊ အောက်ဘက်ရှိ ခေါင်းနှစ်လုံးပါ နတ်ဆိုးသားရဲကို အေးစက်စွာ ငုံ့ကြည့်နေကြသည်။ တောင်ပိုင်းမြစ်ဝှမ်း ဒေသ၏ ဘေးအန္တရာယ် ပြီးဆုံးသွားပြီးနောက်တွင် သူတို့နှစ်ဦးမှာ အတွေ့အကြုံသစ်များ ရှာဖွေရန်နှင့် ဂိုဏ်း၏ တာဝန်များကို ထမ်းဆောင်ရန်အတွက် အတူတူ ထွက်လာခဲ့ကြခြင်း ဖြစ်၏။

အောက်ဘက်ရှိ အလယ်အလတ်စား မြို့တော်တစ်ခုကို ဖြတ်သန်းစဉ်၊ ထိုနတ်ဆိုးဗိုလ်ချုပ်အဆင့်ရှိ နတ်ဆိုးသားရဲက လူအများကို သတ်ဖြတ် ဝါးမြိုနေသည်ကို မြင်တွေ့လိုက်ရသဖြင့် သူတို့နှစ်ဦး လှုပ်ရှားလိုက်ကြခြင်းပင်။

"သောက်လေး နှစ်ယောက်.. ငါ ကျင့်ကြံ နေတာကို လာနှောင့်ယှက်ရဲတယ်ပေါ့။ လာစမ်း၊ အစိမ်းလိုက် မြိုပစ်မယ်"

ထိုနတ်ဆိုးသားရဲကြီးမှာ မီတာ တစ်ဆယ်ခန့်အထိ ကြီးမားလာပြီး၊ ခေါင်းနှစ်လုံးစလုံးဖြင့် သူတို့အား ကိုက်ခဲရန် ကြိုးစားလိုက်သည်။

"သက်စောင့်ဝိညာဉ် ဓားချက်

"ငွေနဂါး လက်သည်း"

ချောင်ကျားရှီးနှင့် လုံထျန်းရှင်းတို့မှာ အေးစက်တည်ငြိမ်စွာဖြင့် တိုက်ခိုက်လိုက်ကြ၏။ တိုက်ကွက် တစ်ချက်တည်းဖြင့်ပင် ထိုနတ်ဆိုး၏ ခေါင်းနှစ်လုံးမှာ ပြတ်တောက်သွားပြီး မြေပြင်ပေါ်သို့ ဘုန်းဘုန်းလဲ ကျသွားလေတော့သည်။

"နတ်ဘုရား ဆရာတွေ ဘုန်းကြီးပါစေဗျာ"

မြို့အတွင်းမှ အသက်ဘေးမှ လွတ်မြောက်လာသူများက ဒူးထောက်ကာ ကျေးဇူးတင်ကြသည်။

"အားလုံးပဲ... ကျွန်တော်တို့က မြူခိုးဂိုဏ်းက အတွင်းစည်းတပည့်တွေပါ။ မတရားတာကို မြင်လို့ ကူညီပေးခဲ့တာဖြစ်လို့ ကျေးဇူးတင်နေဖို့ မလိုပါဘူး။ သွားပါတော့မယ် ခင်ဗျ"

ထိုသို့ ငြင်းဆန်ကာ၊ သူတို့နှစ်ဦးမှာ ရွှေရောင်နှင့် ငွေရောင် အလင်းတန်းများအဖြစ် ပြောင်းလဲကာ ချက်ချင်းပင် ထွက်ခွာသွားကြသည်။

"ဟူး..."

"ဒါကြောင့် မြူခိုးဂိုဏ်းက တပည့်တွေက နာမည်ကြီးနေတာကိုး။ ဒီလောက် ငယ်ငယ်လေးနဲ့ ဒီလောက် အစွမ်းထက်နေကြတာ။ ငါ့မိသားစုကိုလည်း ရေပေါ်ဖြူ မြို့တော်ကို ပြောင်းမှ ဖြစ်တော့မယ်"

လူအုပ်ကြီးမှာ အထုပ်အပိုးများကို အလျင်အမြန် ပြင်ဆင်ကြပြီး ရေပေါ်ဖြူ မြို့တော်ဆီသို့ ဦးတည်ရန် အုပ်စုဖွဲ့လိုက်ကြလေတော့၏။

*.

အခြားသော နေရာများတွင်လည်း ရှီလေ့၊ လီကျောက်ကျောက်၊ ဟိုယွင်ကျဲ နှင့် မိုယင် တို့မှာလည်း တာဝန်များကို အရှိန်အဟုန်ဖြင့် ထမ်းဆောင်နေကြသည်။ သူတို့အားလုံးမှာ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်သို့ ရောက်ရှိနေကြပြီဖြစ်ရာ၊ တာဝန်အရေအတွက် ပြည့်မီသည်နှင့် အမွေခံတပည့်များ ဖြစ်လာကြပေတော့မည်။

အချိန်များ တရွေ့ရွေ့ ကုန်လွန်လာသည်နှင့်အမျှ ရေပေါ်ဖြူ မြို့တော်သို့ ပြောင်းရွှေ့လာသူ ပိုမိုများပြားလာခဲ့၏။

နောက်ဆုံးတွင်တော့ မဟာတိုက်ပွဲကြီး ပြီးဆုံးပြီး ရက်ပေါင်း သုံးဆယ် ပြည့်မြောက်သောနေ့၌ ယဲ့ဖုန်း၏ စိတ်ထဲတွင် စနစ်၏ အသိပေးသံ မြည်ဟည်းသွားခဲ့သည်။

"တီ..တီ.. ရေပေါ်ဖြူ မြို့တော်ရဲ့ အမြဲတမ်း နေထိုင်သူ လူဦးရေမှာ သုံးသန်း ကျော်လွန်သွားခဲ့ပါပြီ။ ဂုဏ်ယူပါတယ်၊ ဂ်ိုဏ်းချုပ်ဟာ ဒုတိယမြောက် တာဝန်ခွဲကို အောင်မြင်စွာ ပြီးဆုံးသွားပါပြီ"

အပန်းဖြေ ထိုင်ခုံပေါ်တွင် လှဲလျောင်းနေသော ယဲ့ဖုန်းမှာ ဝုန်းခနဲ ထထိုင်လိုက်မိ၏။

"ပြီးသွားပြီ... ပြီးသွားပြီပေါ့လေ"

ယဲ့ဖုန်းသည် ကောင်းကင်ဘုံမှ ကျဆင်းလာသော ဝမ်းသာမှုများကို အတိုင်းထက်အလွန် ခံစားလိုက်ရရ၏။

အခန်း (၄၅၀) အလယ်အလတ်စား ဝိညာဉ်ရတနာအဖြစ် တိုးတက်ခြင်းနှင့် ဘိုးဘေးလင်မြောင်၏ မျှော်လင့်ချက်

~ဒုတိယမြောက် တာဝန်ခွဲကို ပြီးမြောက်သွားသည့်အတွက် ယဲ့ဖုန်းသည် အတိုင်းထက်အလွန် စိတ်လှုပ်ရှားနေသည်။

အသားတောင်ကြီးနတ်ဆိုးကို ခြေတစ်ချက်တည်းနှင့် နင်းခြေဖျက်ဆီးခဲ့သည်မှာ တစ်လမျှသာ ရှိသေးသော်လည်း၊ ရေပေါ်ဖြူ မြို့တော် ၏ လူဦးရေမှာမူ တစ်သန်းကျော်အထိ တစ်ဟုန်ထိုး တိုးတက်လာခဲ့၏။ ၎င်းအပြင် ဂိုဏ်း၏ ဂုဏ်သတင်းတန်ဖိုး များမှာလည်း ယခုအခါ သန်းငါးဆယ် ကျော်လွန်သွားခဲ့၏။

ဤကိန်းဂဏန်းများက ယဲ့ဖုန်းကို သိပ်ပြီး အံ့သြမသွားစေပေ။

တောင်ပိုင်းမြစ်ဝှမ်း ဒေသ တစ်ခုလုံး၏ လူဦးရေမှာ ကုဋေတစ်ထောင်ကျော် ရှိသည်မဟုတ်ပါလော။ လက်ရှိ အခြေအနေအရ ပြောင်းလဲနှုန်းမှာ တစ်ရာခိုင်နှုန်းပင် မရှိသေးချေ။

ဤအရှိန်အဟုန်မှာ အလွန်ပင် နှေးကွေးနေသေးသည်ဟု သူကတော့ ခံစားနေရ၏။

သူသည် အပန်းဖြေထိုင်ခုံပေါ်တွင် ထိုင်ရင်း လက်ကို ဆန့်ထုတ်လိုက်၏။ ထိုအခါ၊ ကိုးရောင်ခြည် အလင်းတန်းများ ဝန်းရံထားသော ကံကောင်းခြင်းအိတ် တစ်အိတ်မှာ သူ၏ လက်ဖဝါးပေါ်တွင် ပေါ်ထွက်လာသည်။ ဒါက ရေပေါ်ဖြူ မြို့တော် လူဦးရေ သုံးသန်းပြည့်ခြင်းအတွက် ရရှိသော ဆုလာဘ်ပင် ဖြစ်ပါ၏။

"တီ..တီ.. ဂိုဏ်းချုပ်ရေ..ဂုဏ်ယူပါတယ်၊ 'သတ်ဖြတ်ခြင်း အရှိန်အဝါ အနှစ်သာရ' တစ်ခု ရရှိပါပြီ၊ ဒါကို သုံးပြီး လေဝိညာဉ် ပုလဲလုံးကို ပြုပြင်ပြောင်းလဲနိုင်ပါတယ်"

ကံကောင်းခြင်းအိတ်မှာ ပျောက်ကွယ်သွားပြီးနောက်၊ ရွှေအိုရောင် အလင်းဝိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ၎င်းမှာ သတ်ဖြတ်ခြင်း အရှိန်အဝါ ၏ အနှစ်သာရပင်။

"ကောင်းပြီလေ... အနှစ်သာရ အနှစ်သာရ ဆုလာဘ်ကို ရတာ ဒါနဲ့ဆို နှစ်ခါရှိပြီ။ အရင်တစ်ခါက ကမ္ဘာဦး ပြန်လည်ပြုပြင်ခြင်း စွမ်းအား၊ အခုတော့ သတ်ဖြတ်ခြင်း အရှိန်အဝါ ပေါ့... နှစ်ခုလုံးက ငါ့အတွက် အံကိုက်တွေပဲ"

ယဲ့ဖုန်းက ကျေနပ်အားရစွာ ရေရွတ်လိုက်သည်။

ထို့နောက်၊ သူသည် လေဝိညာဉ် ပုလဲလုံး ကို ထုတ်ယူလိုက်ပြီး၊ ဤ သတ်ဖြတ်ခြင်း အရှိန်အဝါ ၏ အနှစ်သာရ နှင့် ပေါင်းစပ်လိုက်ရာ ထူးခြားသော အသွင်ကူးပြောင်းမှု.

စတင်လေ၏။

---

ဤတစ်ကြိမ်တွင်မူ တိမ်မည်းများမှာ မြူခိုးဂိုဏ်း တစ်ခုလုံးကို ဖြည်းညှင်းစွာ ဖုံးလွှမ်းသွားခဲ့သည်။ လူတိုင်း ခေါင်းမော့ကြည့်လိုက်သည့်အခါ ကျောရိုးထဲအထိ စိမ့်တက်သွားစေမည့် ထက်ရှလှသော အရှိန်အဝါ တစ်ခု.. ကောင်းကင်ယံတွင် ပေါက်ဖွားနေသည်ကို အာရုံခံမိကြသည်။

“ဂျုန်း... ဂျလိမ်း…”

ကောင်းကင်နှင့် မြေကြီးအကြား၌ မိုးခြိမ်းသံကြီးများမှာ ဟိန်းဟောက်ထွက်ပေါ်လာခဲ့၏။

"ဘာတွေ ဖြစ်နေတာလဲဟင်"

လူအုပ်ကြီးမှာ မြူခိုးတောင်ထိပ် ဆီသို့ မျှော်ကြည့်လိုက်ကြသည်။

"ဂိုဏ်းချုပ်ကြီးက ဝိညာဉ်ရတနာတစ်ခုကို သန့်စင်နေတာပဲ ဖြစ်ရမယ်" တစ်စုံတစ်ယောက်က ခန့်မှန်းလိုက်၏။

လေဝိညာဉ် ပုလဲလုံး ပေါင်းစပ်ခြင်း လုပ်ငန်းစဉ်မှာ ဤတစ်ကြိမ်တွင်လည်း ဖြည်းညှင်းလှပေသည်။ ထိုအတောအတွင်း လေပြင်းများမှာ ရူးသွပ်စွာ တိုက်ခတ်လာပြီး၊ ကမ္ဘာမြေအနှံ့ လွင့်မျောနေသော နတ်ဆိုးချီများကို ဆွဲယူနေသဖြင့် မိုင်ပေါင်း ဒါဇင်ချီ ကျယ်ဝန်းသော ဧရာမ အနက်ရောင် ဝဲဂယက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ဤမြင်ကွင်းမှာ တောင်ပိုင်းမြစ်ဝှမ်းဒေသရှိ လူတိုင်းကို နောက်တစ်ကြိမ် ထိတ်လန့်တုန်လှုပ်သွားစေခဲ့၏။ ဂိုဏ်းကြီးများမှ ဂိုဏ်းချုပ်များမှာ နတ်ဆိုးချီများ စုစည်းနေသည်ကို ကြားလိုက်ရသည့်အခါ ကြောက်လန့်လွန်းသဖြင့် မြေပြင်ပေါ်သို့ပင် ပျော့ခွေကျမတတ် ဖြစ်သွားကြရရှာသည်။

"အားလုံးပဲ မစိုးရိမ်ကြပါနဲ့... ဒါက ဂိုဏ်းချုပ်ယဲ့က နတ်ဆိုးချီတွေကို ဝါးမြိုနေတာပါ..."

မဟာ မူလနတ်ဘုရား အဆင့် ပညာရှင် လေးဦးက ဤသတင်းစကားကို အလျင်အမြန် ဖြန့်ဝေပေးလိုက်မှသာ လူအုပ်ကြီး၏ စိုးရိမ်စိတ်များမှာ ငြိမ်သက်သွားခဲ့ရ၏။

"ဂိုဏ်းချုပ်ယဲ့က အသားတောင်ကြီးနတ်ဆိုးကို နှိမ်နင်းတုန်းကလည်း... နတ်ဘုရား စွမ်းရည် တွေကို သုံးပြီး နတ်ဆိုးချီတွေကို ဝါးမြိုခဲ့တာလို့ ပြောကြတာပဲ"

"ဒါပေမဲ့ ဂိုဏ်းချုပ်ယဲ့က နတ်ဆိုးချီတွေကို အများကြီး စုပ်ယူပြီးရင်... သူကိုယ်တိုင်လည်း နတ်ဆိုးအဖြစ် ပြောင်းသွားမလား မသိဘူးနော်"

"ကျောင်းယန် ရှေးဟောင်းသူတော်စင်ကြီး ကယ်,မ ပါစေ... ဂိုဏ်းချုပ်ယဲ့ စိတ်ဖောက်ပြန်မသွားဖို့ပဲ ဆုတောင်းရမှာပဲ"

တောင်ပိုင်းမြစ်ဝှမ်းဒေသရှိ လူအပေါင်းမှာ အသည်းအသန် ဆုတောင်းနေကြသော်လည်း၊ ယဲ့ဖုန်းမှာမူ သူတို့၏ အတွေးများကို မသိရှိဘဲ ကောင်းကင်ယံတွင် နတ်ဆိုးချီများ တိုးပွားလာသည်ကို ကြည့်ကာ ပီတိဖြာနေလေသည်။

"အရင်က ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း နဲ့ တိုက်ပွဲတုန်းက ငါ့ရဲ့ သတ်ဖြတ်ခြင်း အရှိန်အဝါ တွေက မူလနတ်ဘုရား အဆင့် ကို မနည်း ရောက်ခဲ့တာလေ... လောကထဲမှာ ပျံ့နေတဲ့ နတ်ဆိုးချီတွေကို လိုက်စုပ်ရတာက အရမ်း လက်ဝင်လွန်းတယ်"

"အခုတော့ ဒီအနှစ်သာရကို လမ်းပြအဖြစ် သုံးလိုက်တော့... တောင်ပိုင်းမြစ်ဝှမ်းဒေသ တစ်ခုလုံးက နတ်ဆိုးချီတွေ ငါ့ဆီကို ရောက်လာတော့မှာပဲ... လေဝိညာဉ် ပုလဲလုံး က အလယ်အလတ်စား ဝိညာဉ်ရတနာအဖြစ် တက်လှမ်းနိုင်ပါ့မလားဆိုတာ စောင့်ကြည့်ရဦးမှာပဲ"

ယဲ့ဖုန်းမှာ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေရသည်။

---

ဝိညာဉ်ရတနာ များကို အနိမ့်စား၊ အလယ်အလတ်စား၊ အဆင့်မြင့်စား နှင့် အထွတ်အထိပ်စား ဟူ၍ အဆင့်လေးဆင့် ခွဲခြားထားပြီး၊ ၎င်းတို့မှာ မူလနတ်ဘုရား အဆင့် နှင့် ဟင်းလင်းပြင် ဖြိုခွဲ အဆင့် ပညာရှင်များအတွက် သင့်တော်လှပေသည်။ သာမန်အားဖြင့် မူလနတ်ဘုရား အဆင့် ကျင့်ကြံသူများသည် အနိမ့်စားနှင့် အလယ်အလတ်စားများကိုသာ သုံးနိုင်ကြပြီး၊ သန့်စင်သောမြေ သို့မဟုတ် ကြယ်ငါးပွင့်အင်အားစုများမှ မဟုတ်လျှင် အဆင့်မြင့်စား ဝိညာဉ်ရတနာများကို ရရှိရန်မှာ မဖြစ်နိုင်သလောက်ပင်။

တောင်ပိုင်းမြစ်ဝှမ်းဒေသ တစ်ခုလုံးတွင် ယဲ့ဖုန်း တစ်ဦးတည်းသာလျှင် လေဝိညာဉ် ပုလဲလုံး နှင့် ကြယ်တာရာ နန်းတော် ဟူသော အနိမ့်စား ဝိညာဉ်ရတနာ နှစ်ခုကို ပိုင်ဆိုင်ထားခြင်းတည်း။

လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် တစ်ခုလုံးတွင်ပင် ဝိညာဉ်ရတနာ စုစုပေါင်းမှာ အခုနှစ်ဆယ်ထက် မပိုပေ။ အစွမ်းထက်ဆုံး ဝိညာဉ်ရတနာမှာ ဘိုးဘေး လင်မြောင် ၏ ကိုယ်ပိုင်ရတနာ ဖြစ်ပြီး၊ ၎င်းမှာလည်း ယခုလေးတင် အဆင့်မြင့်စားအဖြစ်သို့ တိုးတက်သွားခဲ့ခြင်း ဖြစ်၏။

"လေဝိညာဉ် ပုလဲလုံး သာ အလယ်အလတ်စား ဖြစ်သွားရင်တော့... ငါ့ရဲ့ စွမ်းအားက အကြီးအကျယ် တိုးလာမှာပဲ"

ယဲ့ဖုန်းမှာ သုံးရက်နှင့် သုံးညတိုင်တိုင် စောင့်ဆိုင်းခဲ့ရပြီးနောက်တွင်တော့၊ နတ်ဆိုးချီများ အားလုံးမှာ သတ်ဖြတ်ခြင်း အရှိန်အဝါများအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး လေဝိညာဉ် ပုလဲလုံး အတွင်းသို့ ပေါင်းစပ်သွားခဲ့၏။

"ပြီးသွားပြီ..."

လေထဲတွင် လွင့်မျောနေသော လေဝိညာဉ် ပုလဲလုံး ကို ကြည့်ရင်း ယဲ့ဖုန်း ပြုံးလိုက်မိသည်။ ထိုအခိုက်အတန့်တွင် အချက်အလက်များစွာမှာ သူ၏ စိတ်ထဲသို့ စီးဝင်လာခဲ့လေ၏။

[လေဝိညာဉ် ပုလဲလုံး - အလယ်အလတ်စား ဝိညာဉ်ရတနာ]

* မိတ်ဆက်: ဘက်စုံသုံး ဝိညာဉ်ရတနာ တစ်ခုဖြစ်ပြီး လေဓာတ် ဝိညာဉ်စွမ်းအင် (၁၀) မျှင် ပါဝင်ပါသည်... လေကို တည်ငြိမ်စေခြင်း၊ ပိုင်းဖြတ်ခြင်း၊ အသက်ကယ်ခြင်း၊ ထွက်ပြေးခြင်း၊ စွမ်းအားမြှင့်တင်ခြင်း၊ တွက်ချက်ခြင်း နှင့် ခြေရာခံခြင်း အစရှိသော လုပ်ဆောင်ချက်များ ပါဝင်ပါသည်... ဝိညာဉ်စွမ်းအင်များ သုံးစွဲပြီးပါက ပြန်လည်ဖြည့်တင်းရန် တစ်နာရီ ကြာမြင့်မည် ဖြစ်ပါသည်...

* မှတ်ချက် (၁): ပတ်ဝန်းကျင်ရှိ အရှင်မဲ့နေသော သူရဲကောင်း ဝိညာဉ်စွမ်းအား များကို စုပ်ယူသန့်စင်၍ အသုံးပြုသူအား ထောက်ပံ့ပေးနိုင်ပါသည်...

* မှတ်ချက် (၂): ပတ်ဝန်းကျင် စွမ်းအားများကို စုပ်ယူ၍ 'ကမ္ဘာဦး ပြန်လည်ပြုပြင်ခြင်း စွမ်းအား' အဖြစ် ပြောင်းလဲပေးနိုင်ပါသည်... (၃) ရက်လျှင် တစ်ကြိမ် 'ကမ္ဘာဦး ပြန်လည်ပြုပြင်ခြင်း' အခွင့်အရေးကို ရရှိမည်ဖြစ်ပြီး ၎င်းကို စုဆောင်းထားနိုင်ပါသည်...

* မှတ်ချက် (၃): ပတ်ဝန်းကျင်ရှိ နတ်ဆိုးချီများကို အလိုအလျောက် စုပ်ယူ၍ သတ်ဖြတ်ခြင်း အရှိန်အဝါ အဖြစ် ပြောင်းလဲကာ အသုံးပြုသူအား ထောက်ပံ့ပေးနိုင်ပါသည်...

"ထင်တဲ့အတိုင်းပဲ... အလယ်အလတ်စား ဖြစ်သွားပြီပေါ့လေ"

ယဲ့ဖုန်းသည် လေဝိညာဉ် ပုလဲလုံး ကို ဆုပ်ကိုင်ကာ ဂိုဏ်းချုပ်ခန်းမဆောင်အတွင်းမှ ထွက်လာခဲ့ပြီးနောက်၊ လက်ညှိုးဖြင့် ကောင်းကင်ယံသို့ အသာအယာ ဝှေ့ယမ်းလိုက်သည်။

“ရွှပ်…”

ထက်ရှလှသော ရွှေအိုရောင် သတ်ဖြတ်ခြင်း အရှိန်အဝါ ဓားချက်က ကောင်းကင်ယံရှိ တိမ်တိုက်များကို ဖြတ်သန်းသွား၏။ ၎င်း၏ စွမ်းအားမှာ တကယ့်ကို ကြောက်စရာ ကောင်းလှပေသည်။ ထို့နောက်တွင် ယဲ့ဖုန်းသည် ရွှေရောင် သူရဲကောင်း ဝိညာဉ်စွမ်းအား ဓားချက်ကိုပါ ထပ်မံ ထုတ်ဖော်လိုက်ပြန်သည်။

ဤစွမ်းအား နှစ်မျိုးစလုံးမှာ အလွန်ပင် ပြင်းထန်လှပြီး၊ တစ်ခုချင်းစီမှာ မူလနတ်ဘုရား အဆင့် ဒုတိယအလွှာ အထွတ်အထိပ်၏ စွမ်းအားနှင့် ညီမျှသည်။ အကယ်၍ ယဲ့ဖုန်းက လေဝိညာဉ် ပုလဲလုံး ကို အသုံးပြု၍ ဤစွမ်းအား နှစ်မျိုးစလုံးကို တပြိုင်နက်တည်း ထိန်းချုပ်မည်ဆိုပါက၊ သူ၏ တိုက်ခိုက်မှု စွမ်းအားမှာ မူလနတ်ဘုရား အဆင့် စတုတ္ထအလွှာအထိ တစ်ဟုန်ထိုး ခုန်တက်သွားပေလိမ့်မည်။

ယဲ့ဖုန်းသည် လက်သီး တစ်ချက် ပင့်ထိုးလိုက်ရာ မိုင်ပေါင်း ရာချီရှိသော တိမ်တိုက်များ အကုန်လုံး လွင့်စင်သွားလေ၏။ တစ်နယ်လုံးသို့ နေရောင်ခြည်များ ပြန်လည် ကျဆင်းလာစေကာ သက်ရှိအပေါင်းကို နိုးထလာစေတော့၏။

---

* လျှို့ဝှက်ဆန်းကြယ် နန်းမြို့တော်မှ မျှော်လင့်ချက်…

"ဘိုးဘေး လင်မြောင်... ယဲ့ဖုန်းရဲ့ စွမ်းအားက ကျွန်တော်တို့ ထင်ထားတာထက်ကို ပိုပြီးတော့ အံ့သြစရာ ကောင်းနေပါတယ်... မူလနတ်ဘုရား အဆင့် အလယ်အလတ်ကို ရောက်နေတာဆိုတော့... ကျွန်တော်တို့ နိုင်ငံတော် တစ်ခုလုံးမှာတောင် သူဟာ ထိပ်တန်း ဆယ်ယောက်စာရင်းထဲ ပါဝင်နေပါပြီ"

မုတ်ဆိတ် ထူထူနှင့် နဂါးဝတ်ရုံဝတ် လူလတ်ပိုင်း အမျိုးသားမှာ ဘိုးဘေးလင်မြောင်ကို ဦးညွှတ်ကာ တင်ပြလိုက်သည်။

ဘိုးဘေး လင်မြောင် သည် လေထဲတွင် ရပ်တန့်လျက်၊ မျောလွင့်နေ၏။

သူက တည်ဆောက်နေဆဲ ဖြစ်သော လျှို့ဝှက်ဆန်းကြယ်လှသည့် ခန်းမဆောင်ကြီးကို ကြည့်ကာ မုတ်ဆိတ်ရှည်ကို သပ်ရင်း ပြောလိုက်၏။

"မူလနတ်ဘုရား အဆင့် အလယ်အလတ်လောက်ကတော့... ဘယ်လောက်ပဲ အစွမ်းထက်ပါစေ ငါတို့ နိုင်ငံတော်ရဲ့ လက်အောက်မှာပဲ ရှိနေမှာပါ... ဘာပူစရာ ရှိလို့လဲ... ပြီးတော့ ယဲ့ဖုန်း ပိုပြီး သန်မာလာလေလေ ငါတို့အတွက် ပိုကောင်းလေပဲ မဟုတ်လား"

ထိုအခါ၊ နဂါးဝတ်ရုံနှင့် အမျိုးသားက ခေါင်းညိတ်လိုက်သည်။

"မှန်ပါပေတယ် ဘိုးဘေး"

"ကောင်းပြီ... ဧရာမ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ ကို ဆက်ပြီး တည်ဆောက်ကြ.. နောက်တစ်လအတွင်းမှာ အပြီးသတ်ရမယ်... အဲဒါမှသာ ..ငါတို့ ကျောင်းယန် သန့်စင်သော မြို့တော် ဆီကို သွားမယ့် လမ်းကြောင်းကို အောင်အောင်မြင်မြင် ဖွင့်နိုင်မှာ" ဘိုးဘေးလင်မြောင်က တိုက်တွန်းလိုက်သည်။

"နားလည်ပါပြီ ခင်ဗျာ"

ဘိုးဘေး လင်မြောင် ၏ မျက်နှာတွင် အောင်နိုင်သူတစ်ဦး၏ အပြုံးများ ပြည့်နှက်နေသည်။

"ဒီဝင်္ကပါသာ ပြီးသွားရင်တော့... ငါတို့ရဲ့ လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် ဟာ ကျောင်းယန် သန့်စင်သော မြို့တော် နဲ့ အမြဲတမ်း ဆက်သွယ်နိုင်တော့မှာပေါ့... အဲဒီကနေတစ်ဆင့် 'ရှန်းကျိုးတိုက်ကြီး' ရဲ့ အရပ်မျက်နှာ အသီးသီးကိုလည်း သွားလာနိုင်တော့မယ်"

ဘိုးဘေး လင်မြောင် က မျှော်လင့်ချက်ကြီးစွာဖြင့် တီးတိုးရေရွတ်လိုက်မိ၏။ လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် အတွက် ဘုန်းကြီးလှသော ခေတ်သစ်ကြီးတစ်ခုမှာ နောက်ဆုံးတော့ ဆိုက်ရောက်လာတော့မည် ဖြစ်၏။

All Chapters