← Chapters

အခန်း (၅၃၃-၅၃၄)

Vol. 54 Ch. 533-534

အခန်း (၅၃၃-၅၃၄)

Vol. 54 Ch. 533-534

အခန်း (၅၃၃) - ဒီလူက တကယ့်ကို အမာစားကြီးပဲ ၊နှုတ်ထွက်စကားအတိုင်း ဖြစ်စေခြင်း ၊ အမည်မသိ နယ်မြေ

ရှူး...

ဝူး...

ရှူး...

ဝူး...

ကြီးမားလှသော လေစုပ်သံကြီးမှာ ဤအမည်မသိ နယ်မြေအတွင်းဝယ် ပဲ့တင်ထပ်နေသော်လည်း၊ ထိုအနက်ရောင်အရိပ်၏ မျက်နှာပေါ်တွင်မူ အံ့အားသင့်သော အရိပ်အယောင်များ တဖြည်းဖြည်း ပေါ်လွင်လာတော့သည်။

"ဒါ ဘယ်လိုဖြစ်တာလဲ... ဘာလို့ စုပ်လို့မရတာလဲ"

သူသည် လုံးဝကို ကြောင်အသွားရချေပြီ။

သူ မည်မျှပင် အားစိုက်၍ စုပ်ယူပါစေ၊ တစ်ဖက်မှ ပါလာသော ကံကြမ္မာအရှိန်အဝါမှာ အနည်းငယ်မျှသာ ရှိသလို၊ နောက်ပိုင်းတွင်မူ လုံးဝကြီး ရပ်တန့်သွားကာ အစအနလေးပင် စုပ်ယူ၍ မရတော့ပါချေ။

"ဒီတစ်ခါ ငါ ဘယ်လိုအရာကြီးကို သွားစုပ်မိတာလဲ"

ဟု အရိပ်က အံ့ဩတုန်လှုပ်စွာ ဆိုလိုက်သည်။

သို့သော် သူသည် ဤမျှနှင့် အရှုံးပေးမည့်သူ မဟုတ်ပေ။ အသက်ကို ဝဝရှူသွင်းကာ အားအရှိန်ကို ပိုမိုမြှင့်တင်လိုက်၏။ ကံကြမ္မာအရှိန်အဝါများကို ဝါးမြိုခြင်းသည် သူ့ကိုယ်သူ ပိုမိုသန်မာအောင် ပြုလုပ်ခြင်းပင် ဖြစ်သည်။ တစ်ဖက်လူ၏ ကံကြမ္မာမှာ ထူးထူးခြားခြား ပြင်းထန်နေသည်ဟု မခံစားရသော်လည်း သူ လုံးဝ လက်မလွှတ်နိုင်ပါချေ။

ထိုအချိန်တွင် တည်းခိုခန်းအတွင်းရှိ လီယန်ချူမှာမူ ပုံမှန်အတိုင်းပင် ရှိနေသည်။ ဆိုင်ရှင်မက သူ့ကို ကြည့်ကာ

"ဘယ်လိုလဲ... တစ်ခုခု ခံစားရလား" ဟု မေးလိုက်သည်။

လီယန်ချူက ခေါင်းခါပြကာ

"အစပိုင်းမှာတော့ ကံကြမ္မာတွေ ယိုစီးသွားသလို ခံစားရပေမဲ့၊ မကြာခင်မှာပဲ ပြန်ငြိမ်သွားတယ်" ဟု ဆိုသည်။

ဆိုင်ရှင်မက ခေါင်းညိတ်ကာ

"ဒါဆိုရင်တော့ တော်သေးတာပေါ့"

"သူ ဘယ်မှာလဲဆိုတာ ရှင် ရှာတွေ့လား"

ဆိုင်ရှင်မက ဆက်မေးသည်။

လီယန်ချူက လေသံအေးအေးဖြင့်

"ဒီအငွေ့အသက်က ပြတ်တောင်းပြတ်တောင်းနဲ့ ရှိလိုက် မရှိလိုက်မို့ ငါလည်း အတတ်မပြောနိုင်သေးဘူး" ဟု ပြန်ဖြေလိုက်သည်။

သို့သော် သူတို့နှစ်ဦး စကားပြောနေစဉ်မှာပင် လီယန်ချူ၏ မူလဝိညာဉ် ထံသို့ မမြင်ရသော စွမ်းအင်တစ်ခု ရုတ်တရက် ရိုက်ခတ်လာသည်ကို ခံစားလိုက်ရသည်။

ထိုစွမ်းအင်ထဲတွင် မင်္ဂလာမရှိသော နိမိတ်ဆိုး အငွေ့အသက်များ ပါဝင်နေ၏။

ဒါက မှော်အတတ်လား မှော်ဝိညာဉ် က လာတဲ့ မှော်အတတ်လား ဟု လီယန်ချူ စိတ်ထဲက ရေရွတ်လိုက်သည်။

သို့သော် သူ သိပ်ပြီး စိုးရိမ်မနေပါချေ။

သူ၏ မူလဝိညာဉ်ထဲမှ ခရမ်းရွှေရောင် အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး၊ သူ၏ ပတ်ဝန်းကျင်တစ်ခုလုံးကို ခရမ်းရောင်အငွေ့အသက်များ ဖုံးလွှမ်းသွားစေရာ တကယ့်ကို ဆန်းကြယ်လှပေသည်။

ထိုအခါ ဟိုဘက်မှ လာသော ထူးဆန်းသည့် စွမ်းအင်မှာ လမ်းကြောင်းပျောက်သွားသလို ဖြစ်သွားကာ လီယန်ချူထံမှ ကံကြမ္မာကို လုံးဝ စုပ်ယူနိုင်ခြင်း မရှိတော့ပေ။

"တောက်... ဒါက ဘယ်လိုဖြစ်တာလဲ"

အမည်မသိ နယ်မြေထဲမှ အနက်ရောင်အရိပ်မှာ ဒေါသတကြီး ဆဲဆိုလိုက်တော့သည်။

သူသည် မှော်နတ်ဘုရားက ဖန်တီးထားသော ဝိညာဉ်တစ်ခုဖြစ်ပြီး၊ ဒြပ်ရှိခန္ဓာကိုယ် မရှိပါချေ။

သူတစ်ပါး၏ ကံကြမ္မာကို ဝါးမြိုခြင်းဖြင့်သာ မိမိကိုယ်ကိုယ် အဆင့်မြှင့်တင်သူ ဖြစ်သည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ လုံးဝ စုပ်ယူ၍မရသော လူတစ်ယောက်နှင့် တိုးနေရချေပြီ။

"ကျိန်စာတိုက်လိုက်ရမလား တကယ်ကို အမာစားကြီးပဲ၊ ကိုင်တွယ်ရ ခက်လိုက်တာ "

ဟု အရိပ်က ဒေါသတကြီး ရေရွတ်လိုက်၏။

ယခင်က မိန်းကလေးငယ် (လျူကျွင်း) မသေဆုံးခဲ့ခြင်းမှာ သူမ၏ ကိုယ်ပေါ်တွင် မှော်နတ်ဘုရား၏ သွေးမျိုးဆက် ပါဝင်နေသောကြောင့် ဖြစ်သည်။

သွေးမျိုးဆက်မှာ အနည်းငယ်မျှသာ ရှိသော်လည်း အလွန်ပင် သန့်စင်လှ၏။

ထို့နောက်တွင် လူနှစ်ယောက်ကို ဆက်တိုက် စုပ်ယူခဲ့သော်လည်း ထူးထူးခြားခြား မခံစားခဲ့ရပေ။

ယခု ဤတာအိုဆရာလေး ရောက်လာမှသာ အစပိုင်းတွင် အနည်းငယ်မျှ စုပ်ယူ၍ရပြီး၊ နောက်ပိုင်းတွင်မူ တစ်ဖက်လူက ရိပ်မိသွားသကဲ့သို့ လုံးဝ စုပ်ယူ၍ မရတော့ခြင်း ဖြစ်သည်။

ဒါက သူ့ကို အတော်လေး ပေါက်ကွဲစေသည်။ ဤကဲ့သို့သော ဝိညာဉ်များတွင်လည်း လူသားကဲ့သို့ စိတ်ခံစားချက်များ ရှိတတ်ရာ၊ ယခုအခါ သူသည် အလွန်အမင်း ဒေါသထွက်နေချေပြီ။

"မင်းက မှော်နတ်ဘုရား ချန်ထားခဲ့တဲ့ သွေးမျိုးဆက်လည်း မဟုတ်ဘဲနဲ့... ငါ စုပ်လို့မရရင် မင်းကို သတ်ပစ်မယ်"

ဟု အရိပ်က အော်ဟစ်လိုက်သည်။

လီယန်ချူ၏ မူလဝိညာဉ်မှာ ဘေးအန္တရာယ် ကျရောက်တော့မည့် အချက်ပေးမှုကို ခံစားလိုက်ရ၏။

ထို့နောက်တွင် ယခင်ကထက် အဆပေါင်းများစွာ ပြင်းထန်လှသော နိမိတ်ဆိုး အရှိန်အဝါများက သူ့အပေါ်သို့ အုပ်မိုးလာတော့သည်။

လီယန်ချူ၏ မူလဝိညာဉ်ထဲတွင် တည်ရှိနေသော ရှင်းဟွမ်အလံ မှာ အနည်းငယ်မျှ တုန်ခါသွားသည်။

ဂျူန်း

ထိုနိမိတ်ဆိုး အရှိန်အဝါများမှာ ခဏချင်းမှာပင် အမှုန့်အမုန့် ဖြစ်သွားတော့သည်။ လီယန်ချူ၏ မျက်ဝန်းများ ဝင်းလက်သွား၏။

ဟုတ်သားပဲ... နတ်ဘုရားလက်နက် တွေက တိုင်းပြည်ရဲ့ ကံကြမ္မာကိုတောင် တည်ငြိမ်အောင် လုပ်ပေးနိုင်တာပဲ၊ လူတစ်ယောက်ရဲ့ ကံကြမ္မာကိုများ မကာကွယ်နိုင်ဘဲ နေပါ့မလား။

ဤသို့ တွေးမိလိုက်သောအခါ သူ၏ စိတ်မှာ ကြည်လင်သွားတော့သည်။ ထိုနေရာတွင် ဆန်းကြယ်လှသော မှော်ဝိညာဉ်၏ ကံကြမ္မာ ဝါးမြိုရေး အစီအစဉ်မှာ လုံးဝကို ကျဆုံးသွားရချေပြီ။

ထိုအရိပ်မှာ မှုန်ဝါးဝါး လူပုံသဏ္ဌာန် အနက်ရောင်အရိပ်သာ ဖြစ်ပြီး မျက်နှာသွင်ပြင်ကို မမြင်ရပါချေ။ သို့သော် သူ့တွင် မျက်နှာသာ ပါရှိမည်ဆိုလျှင် ယခုအချိန်တွင် မည်မျှအထိ ဒေါသထွက်ကာ အံ့ဩနေမည်ကို မြင်နိုင်ပေလိမ့်မည်။

"ထူးဆန်းလိုက်တာ... ဒီလောက်အထိ မာတဲ့လူ ရှိသေးတာလား"

ဟု အရိပ်က မယုံနိုင်စွာ ရေရွတ်လိုက်သည်။ သူသည် ထိုလူကို မိမိရှိရာသို့ ဆွဲခေါ်ရန် ဆုံးဖြတ်လိုက်၏။

သူ၏ ပါးစပ်မှ တိုးတိုးလေး ရွတ်ဆိုလိုက်သည်နှင့် တစ်ပြိုင်နက်၊ ဤအမည်မသိ နယ်မြေမှာ စတင်၍ တွန့်လိမ်လာတော့သည်။ အနက်ရောင် ကြေးနီတံခါးကြီး တစ်ချပ် ပေါ်လာပြီး "ကျွိ..." ခနဲ မြည်သံနှင့်အတူ၊ ချောမောခန့်ညားလှသော တာအိုဆရာလေး တစ်ဦးမှာ ထိုနယ်မြေအတွင်းသို့ ရောက်ရှိလာတော့သည်။

ဆိုင်ရှင်မ၏ မျက်လုံးထဲတွင်မူ လီယန်ချူမှာ ကြောက်မက်ဖွယ် အရာတစ်ခုခု၏ ဝါးမြိုခြင်းကို ခံလိုက်ရသကဲ့သို့ တစ်နေရာတည်းမှာပင် ရုတ်တရက် ပျောက်ကွယ်သွားခြင်း ဖြစ်သည်။

"သူ ဘာမှမဖြစ်နိုင်ဘူးမလား"

တင်းရုံက စိုးရိမ်တကြီး မေးလိုက်သည်။

"မဖြစ်ပါဘူး၊ သူ့ရဲ့ ကံကြမ္မာက သိပ်မပြင်းထန်ဘူး ဆိုရင်တောင်မှ၊ သူ့ရဲ့ ဇာတာ ကတော့ တကယ့်ကို အမာစားကြီးပဲ၊ စိတ်ကူးကြည့်လို့ မရနိုင်လောက်အောင်ကို မာတဲ့လူမျိုးလေ။ အခုလည်း ဒိုချန်ပုတီး လိုမျိုး ကံကောင်းခြင်းရတနာ ပါ ရှိနေတာဆိုတော့... ဘေးဒုက္ခကနေ လွတ်မြောက်ပြီး ကံကောင်းခြင်းတွေ ဆုံစည်းကာ အရာရာ အဆင်ပြေချောမွေ့သွားမှာပါ"

ဟု ဆိုင်ရှင်မက ယုံကြည်မှုအပြည့်ဖြင့် ဆိုလိုက်သည်။

သူမ ပြောလိုက်သော စကားများမှာ ဆန်းကြယ်သော ဂါထာတစ်ခုအလား သို့မဟုတ် ပညာရှိတို့၏ နှုတ်ထွက်စကားအတိုင်း ဖြစ်စေခြင်း ကဲ့သို့ လီယန်ချူ၏ ကံတရားကို ဝိုင်းဝန်းပံ့ပိုးပေးနေသယောင် ရှိတော့သည်။

အမည်မသိ နယ်မြေအတွင်းဝယ်

အနက်ရောင်အရိပ်တစ်ခုသည် ထိုတာအိုဆရာလေးကို အထက်စီးမှ ကြည့်နေသည်။

"ငါ့ရဲ့ အစီအစဉ်ကို ဖျက်ဆီးတယ်ပေါ့ သာမန် လူသားတစ်ယောက် ဖြစ်ပြီးတော့ အသေခံချင်နေတာပဲ"

ဟု အရိပ်က အေးစက်စွာ ဆိုလိုက်၏။

လီယန်ချူက မိမိ၏ အခြေအနေကို စစ်ဆေးကြည့်လိုက်ရာ မိမိ၏ ခန္ဓာကိုယ်ပါ ထိုနေရာသို့ ဆွဲသွင်းခံလိုက်ရကြောင်း သိလိုက်ရသည်။

"မင်း တစ်ယောက်တည်းနဲ့လား"

ဟု လီယန်ချူက ခနဲ့တဲ့တဲ့ ပြုံးလိုက်သည်။

အနက်ရောင် စုတ်တံတစ်ချောင်းမှာ သူ၏ လက်ထဲမှ လေထဲသို့ ပျံထွက်သွားပြီး အနက်ရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ထိုဆန်းကြယ်သော အရိပ်မှာ ပထမဦးဆုံးအကြိမ်အဖြစ် ကြောက်ရွံ့မှုကို ခံစားလိုက်ရ၏။ နောက်တစ်စက္ကန့်တွင် သူ ပျောက်ကွယ်သွားသည်။

ဤကျယ်ပြောလှသော နယ်မြေကို သူကိုယ်တိုင် ပြုပြင်ဖန်တီးထားခြင်း ဖြစ်သဖြင့်၊ ဤနေရာတွင် သူ၏ အစွမ်းမှာ နှစ်ဆမျှ ပိုမိုပြင်းထန်လှပေသည်။

သူသည် မိမိအလိုရှိရာ မည်သည့်နေရာတွင်မဆို ပေါ်လာနိုင်၏။

"မင်းရဲ့ အစွမ်းက ဒါလေးတင်လား"

ဟု လီယန်ချူ၏ အသံမှာ သူ၏ နောက်ကျောဘက်မှ လှောင်ပြောင်သံနှင့်အတူ ထွက်ပေါ်လာသည်။

အရိပ်မှာ ထပ်မံ ပျောက်ကွယ်သွားပြန်၏။ ယခုတစ်ကြိမ်တွင်မူ သူ မူလနေရာသို့ ပြန်ရောက်သွားပြီး၊ သူ၏ ရှေ့တွင် အနက်ရောင် အလုံးကြီးတစ်ခုကို ဖန်တီးထားသည်။ ထိုအလုံးကြီးမှာ ပျက်စီးခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ခြောက်ကပ်ခြင်း အငွေ့အသက်များကို ပေးစွမ်းနေပြီး ကြောက်မက်ဖွယ် ကောင်းလှ၏။

ချွမ်း

လီယန်ချူက ဓားကို ဆွဲထုတ်ကာ ခုတ်ချလိုက်ရာ၊ ရွှေရောင်ဓားအလင်းတန်းတစ်ခု ဖြတ်သန်းသွားပြီးနောက် ထိုအနက်ရောင် အလုံးကြီးမှာ အလယ်တည့်တည့်မှ နှစ်ခြမ်းကွဲသွားတော့သည်။ သူ၏ ဓားဦးမှာ ထိုအရိပ်ထံသို့ အေးစက်စွာ ချိန်ရွယ်ထား၏။ အရိပ်မှာ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားကာ ထပ်မံ၍ ပျောက်ကွယ်သွားပြန်သည်။

လီယန်ချူက သူ၏ ရင်ဘတ်ထဲမှ ရှစ်ခွင်မှန် ကို ထုတ်လိုက်ရာ၊ မှန်မှာ လေထဲတွင် လူတစ်ရပ်စာခန့်ရှိသော ကြေးမှန်ကြီးအဖြစ် ပြောင်းလဲသွားသည်။

ရှစ်ခွင်မှန်မှ ထွက်ပေါ်လာသော နတ်ဘုရားအလင်းတန်းများမှာ ဤနယ်မြေအနှံ့ကို အဆက်မပြတ် လိုက်လံထိုးကြည့်နေတော့သည်။

ထို့နောက်တွင်မူ လီယန်ချူသည် သိုလှောင်အိတ် ထဲမှ ရွှေရောင်မြူဦးထုပ် ကို ထုတ်ယူကာ ဆောင်းလိုက်ပြန်၏။ သူ၏ ပုံရိပ်မှာလည်း တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားတော့သည်။

"…………" အရိပ်

သူသည် ရှစ်ခွင်မှန်၏ အလင်းတန်းများကို မနားတမ်း ရှောင်ကွင်းနေရသည်။

တစ်ချိန်တည်းမှာပင် သူ၏ မျက်လုံးများမှ ထူထပ်လှသော အနက်ရောင်အငွေ့အသက်များ ထွက်ပေါ်လာကာ ပတ်ဝန်းကျင်ကို လိုက်လံစူးစမ်း တော့သည်။ သို့သော် ဤနယ်မြေတစ်ခုလုံးကို လိုက်ကြည့်သော်လည်း ထိုတာအိုဆရာလေး၏ အငွေ့အသက်ကို လုံးဝ ရှာမတွေ့ပါချေ။

"ဒါ ဘယ်လိုဖြစ်ရတာလဲ"

ဟု အရိပ်က မျက်မှောင်ကြုတ်လျက် ဆိုသည်။

ရုတ်တရက်...

ပြင်းထန်လှသော ချုပ်နှောင်မှု စွမ်းအင်တစ်ခု က သူ့အပေါ်သို့ အုပ်မိုးလာသည်ကို ခံစားလိုက်ရ၏။

အရိပ်သည် အစွမ်းကုန် ရုန်းကန်ကာ၊ ထိုနယ်မြေ၏ အစွမ်းကို အသုံးပြု၍ သူ၏ နောက်ကျောမှ အနက်ရောင် စုတ်တံကို လွင့်ထွက်သွားအောင် လုပ်လိုက်သည်။ သူသည် မှော်နတ်ဘုရား ဖန်တီးထားသော ဝိညာဉ်ဖြစ်ရာ၊ ဤမျှလောက်နှင့် အလွယ်တကူ အနိုင်ကျင့်ခံမည့်သူ မဟုတ်ပေ။

"တာအိုဆရာလေး... ငါ့ရှေ့ကို ထွက်လာစမ်း"

အရိပ်က ရဲရဲတင်းတင်း ဟိန်းဟောက်လိုက်သည်။

ချက်ချင်းပင်

သူ၏ နားနားတွင် လေတိုးသံ ပြင်းပြင်းထန်ထန် ကြားလိုက်ရ၏။

ထိုအသံကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် သူ၏ ခန္ဓာကိုယ်မှာ လက်သီးချက်ကို အပြင်းအထန် ခံလိုက်ရတော့သည်။

ပြင်းထန်လှသော သွေးချင်းချင်းနီသည့် စွမ်းအင်များ က သူ၏ ဦးခေါင်းကို တိုက်ရိုက် ပေါက်ကွဲထွက်သွားအောင် လုပ်လိုက်လေသည်။

သို့သော် ဦးခေါင်း မရှိတော့သော ထိုအရိပ်မှာ ချက်ချင်း သေဆုံးမသွားပါချေ။

သူသည် မူလကတည်းက ဒြပ်ရှိခန္ဓာ မဟုတ်ဘဲ ဖန်တီးထားသော ဝိညာဉ်သာ ဖြစ်သည်။ သူသည် လက်ကို မြှောက်လိုက်ကာ ပြင်းထန်လှသော အလင်းတန်းတစ်ခုကို သူ၏ နောက်ကျောဘက်သို့ ပစ်လွှတ်လိုက်တော့သည်။

ထိုဟင်းလင်းပြင်အတွင်း၌ သူသည် မသေနိုင်သော အစွမ်းရှိသူ ဖြစ်သည်။ ဝိညာဉ် လွင့်စင်သွားအောင် အရိုက်ခံရလျှင်ပင် ပြန်လည် စုစည်းကာ အသက်ရှင်လာနိုင်စွမ်း ရှိပေသည်။

အခန်း (၅၃၄) - ဒီတာအိုဆရာ ဘယ်ရောက်သွားတာလဲ ၊ သတ်ရခက်ရင်လည်း မသတ်တော့ဘူး ၊ ချင်းဝမ်စံအိမ်တော် ပုန်ကန်ခြင်း ၊ မြို့ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း

ဤမှော်ဝိညာဉ်အတွက်မူ ထိုတာအိုဆရာလေးမှာ သူ့ထံသို့ ကံကြမ္မာအရှိန်အဝါ အနည်းငယ်မျှပင် မပေးစွမ်းနိုင်ရုံသာမက၊ ထိုနယ်မြေထဲသို့ ဆွဲသွင်းခံလိုက်ရပြီးနောက်တွင်လည်း တစ်ဖက်လူက သူ့ကို အမှုန့်လုပ်ပစ်တော့မည့်အလား ခံစားနေရသည်။

တကယ်ကို ထိတ်လန့်စရာ ကောင်းလှပေသည်

အမှန်အတိုင်း ပြောရလျှင် သူ အတော်လေး နောင်တရနေမိပြီ ဖြစ်သည်။

လီယန်ချူသည် ရွှေရောင်ဦးထုပ် ကို ဆောင်းလိုက်ကာ သူ၏ ကိုယ်ခန္ဓာကို လုံးဝ ဖျောက်ကွယ်လိုက်သည်။

ယင်းမှာ ယင်ဝိညာဉ်အထွတ်အထိပ် ရောက်နေသော အနက်ရောင်ဝတ် ရဟန်းအိုသာမက၊ ဤဆန်းကြယ်လှသော မှော်ဝိညာဉ်ပင်လျှင် သူ့ကို မမြင်နိုင်တော့ပါချေ။

သူ ခေတ္တမျှ စဉ်းစားလိုက်၏။

ထိုကောင်၏ ပြန်လည်ရှင်သန်နိုင်စွမ်းမှာ အတော်လေး ကြောက်စရာကောင်းလှရာ၊ သာမန်အတိုင်း ခုတ်ဖြတ်ရုံဖြင့် သတ်နိုင်မည့်ပုံ မပေါ်ပေ။

"မြန်မြန်ဆန်ဆန်ပဲ အဆုံးသတ်ရမယ်"

ဟု လီယန်ချူ စိတ်ထဲက ရေရွတ်လိုက်သည်။

ထိုနေရာမှာ တစ်ဖက်လူ၏ နယ်မြေဖြစ်နေသဖြင့်၊ အကယ်၍ သူက ရုတ်တရက်ကြီး မိမိကို အပြင်သို့ ပြန်ကန်ထုတ်လိုက်ပါက သူ့တွင် တခြားနည်းလမ်း မရှိတော့ပေ။

လီယန်ချူသည် ဂါထာမန္တန်ကို ရွတ်ဆိုကာ သူ၏ သိုလှောင်အိတ် ထဲမှ လက်ရာမြောက်လှသော ပုလင်းလေးတစ်လုံးကို ထုတ်ယူလိုက်သည်။

ဗုဒ္ဓဘာသာ၏ အဖိုးတန်ရတနာ

စင်ကြယ်သော ကျောက်စိမ်းရောင် ပုလင်း

ဤသည်မှာ ယခင်က ထောင်ယွမ်ရှန်း၏ ဂူနယ်မြေ အတွင်းဝယ် သူ လုယူခဲ့သော နတ်ဘုရားလက်နက် ဖြစ်သည်။

ထိုစဉ်က သူသည် လင်ကွမ်ဖိတ်ခေါ်အဆောင် ကို သုံးထားပါလျက်နှင့်ပင် ထိုပုလင်း၏ စုပ်ယူခြင်းကို ခံရလုနီးပါး ဖြစ်ခဲ့ရသည်။

သူသည် မကြာသေးခင်ကမှ ဤလက်နက်ကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့ခြင်း ဖြစ်ရာ၊ ယခု ထိုကိုင်တွယ်ရခက်သော မှော်ဝိညာဉ်ကို နှိမ်နင်းရန် အတော်ပင် အသုံးတည့်သွားတော့သည်။

ဤမှော်ဝိညာဉ်၏ မူလစွမ်းအား မည်မျှရှိသည်ကို လီယန်ချူ မသိသော်လည်း၊ ယခု တိုက်ခိုက်ကြည့်သောအခါ ၎င်း၏ အဆင့်မှာ ထင်သလောက် မမြင့်မားလှကြောင်း သိလိုက်ရသည်။ ၎င်း တည်ရှိနေသော ဟင်းလင်းပြင်မှာ ဆန်းကြယ်နေပြီး နည်းပရိယာယ်များက ထူးဆန်းနေခြင်းသာ ဖြစ်သည်။

ရှုခနဲ

စင်ကြယ်သော ကျောက်စိမ်းရောင် ပုလင်း၏ ပြင်းထန်လှသော စုပ်ယူမှုအရှိန်ကြောင့် ထိုအနက်ရောင်အရိပ်မှာ ခဏချင်းမှာပင် ပုလင်းအတွင်းသို့ စုပ်ယူခြင်း ခံလိုက်ရတော့သည်။ ဗုဒ္ဓဘာသာ၏ အဖိုးတန်ရတနာတွင် ကြီးမားလှသော နတ်ဘုရားစွမ်းအင် ချုပ်နှောင်မှုများ ရှိနေသဖြင့်၊ ကြီးထွားရန် လိုသေးသော ဝိညာဉ်အဆင့်မျှသာရှိသည့် ဤအရာမှာ ခုခံနိုင်စွမ်း မရှိပါချေ။

ထိုဝိညာဉ်ကို သိမ်းဆည်းလိုက်ပြီးနောက် ဤအမည်မသိ နယ်မြေမှာ ပျောက်ကွယ်မသွားသော်လည်း၊ လီယန်ချူ၏ ပုံရိပ်မှာ ထိုနေရာမှ တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားတော့သည်။

"ဒီနေရာကို ဒီမှော်ဝိညာဉ်က ဖန်တီးထားတာ မဟုတ်တဲ့ပုံပဲ"

ဟု လီယန်ချူက တွေးမိလိုက်သည်။

နောက်တစ်ခဏတွင်မူ သူသည် ထိုက်ဖင်တည်းခိုခန်း အတွင်းသို့ ပြန်လည်ရောက်ရှိသွားတော့သည်။ သူသည် ရွှေရောင်ဦးထုပ်ကို ချွတ်လိုက်ကာ ကိုယ်ပျောက်အတတ်ကို ဖျက်သိမ်းလိုက်၏။

"ဘယ်လိုလဲ" ဆိုင်ရှင်မက မေးလိုက်သည်။

"ဖမ်းခဲ့ပြီ၊ သတ်ရတာတော့ သိပ်မလွယ်ဘူး"

လီယန်ချူက သူ၏ လက်ထဲမှ ပုလင်းကို မြှောက်ပြလိုက်သည်။

ဆိုင်ရှင်မက ခေါင်းညိတ်ပြ၏။

ဤရလဒ်မှာ သူမ ခန့်မှန်းထားပြီးသားပင်။ မဟုတ်လျှင်လည်း သူမသည် လီယန်ချူကို ဤကဲ့သို့ အန္တရာယ်ရှိသော နေရာသို့ သွားခိုင်းမည် မဟုတ်ပေ။

တင်းရုံမှာမူ ကြောင်ကြည့်နေမိတော့သည်။

ထိုနှစ်ယောက် စကားပြောနေပုံမှာ အဘယ်ကြောင့် ဤမျှလောက်အထိ အေးဆေးနေကြရသနည်း ပြီးတော့ ထိုပုလင်းပေါ်မှ ပြင်းထန်လှသော ဗုဒ္ဓဘာသာ အငွေ့အသက်များမှာ... ဒဏ္ဍာရီလာ ဗုဒ္ဓဘာသာဝင်တို့၏ အဖိုးတန်ရတနာ စင်ကြယ်သော ကျောက်စိမ်းရောင် ပုလင်း များလား။

အစကတော့ တင်းရုံသည် လီယန်ချူကို သူမထက် အနည်းငယ်မျှ ပိုသန်မာသော ရွယ်တူတစ်ယောက်ဟု ထင်ခဲ့သော်လည်း၊ ယခုအခါတွင်မူ လီယန်ချူမှာ အံ့ဩစရာကောင်းကြောင်း သိလိုက်ရပြီဖြစ်သည်။

လျူကျွင်း၏ အသက်အန္တရာယ်မှာ ထိုမျှလောက် လွယ်ကူစွာဖြင့် ပြေလည်သွားချေပြီ။

ယင်းမှာ သာမန် မိစ္ဆာနှင်သည့် အဖြစ်အပျက်တစ်ခုအလားပင်။

သို့သော် အခြေအနေအရပ်ရပ်ကို သိသူများအတွက်မူ ထိုကိစ္စသည် မည်သူ့အပေါ် ကျရောက်သည်ဖြစ်စေ ဖြေရှင်း၍မရနိုင်သော ဘေးဒုက္ခတစ်ခု ဖြစ်သည်။

ပထမဆုံးအဆင့်အနေဖြင့် ထို (မမြင်ရသော) ကြိုးကို မြင်အောင်ကြည့်နိုင်ဖို့ပင်လျှင် ပြဿနာတစ်ခု ဖြစ်သည်။

လီယန်ချူ၏ ယင်ဝိညာဉ်အထွတ်အထိပ် ကျင့်ကြံမှုဖြင့်ပင် ဝိညာဥ်မျက်စိအတတ်သော်လည်းကောင်း၊ အရှိန်ဝါကြည့်အတတ် သော်လည်းကောင်း သုံးပါလျက်နှင့် ဘာမျှမမြင်ခဲ့ရပေ။

နောက်ဆုံးတွင် ကုသိုလ်မှတ် ၁ သိန်းတန် နတ်ဘုရားလက်နက် ရှစ်ခွင်မှန် ကို သုံးမှသာ လျူကျွင်း၏ ခေါင်းပေါ်က ကြိုးကို မြင်ခဲ့ရခြင်း ဖြစ်သည်။

ထို့အပြင် ထိုကြိုးမှာ ထိ၍မရ၊ မြင်၍မရဘဲ မန္တန်အတတ် အတော်များများက ၎င်းကို မထိတွေ့နိုင်ပါချေ။ ထိုကြိုးကို တစ်စုံတစ်ယောက်ဆီသို့ လွှဲပြောင်းချည်နှောင်ပေးခြင်းမှာ ကောင်းကင်ကို ဖုံးကွယ်နိုင်လောက်သော အစွမ်းမျိုး ရှိမှသာ ဖြစ်နိုင်သည်။

ဤကဲ့သို့သော အလုပ်ကို လုပ်နိုင်သူမှာ အလွန်လှပလွန်းလှသော ဆိုင်ရှင်မ ဖြစ်နေခြင်းကိုလည်း ယုံကြည်ရန် ခက်ခဲလှပေသည်။

ထို့နောက်တွင် ထိုကြိုးကို မည်သူ့အပေါ်သို့ လွှဲပြောင်းမည်နည်း ဆိုသည်မှာလည်း မေးခွန်းထုတ်စရာပင်။

ပထမတစ်ကြိမ်က ချန်နိုင်ငံတွင် အလွန်နာမည်ကြီးလှသော မိစ္ဆာရဟန်း ဖာနန်း အပေါ်သို့ ချည်နှောင်ခဲ့သည်။

ရှောင်ရန်နှင့် တင်းရုံတို့ပင်လျှင် မိမိတို့၏ နောက်ဆုံးလက်နက်ကို မထုတ်ပါက ထိုမိစ္ဆာရဟန်းကို မနိုင်နိုင်ပါချေ။

သို့သော် မိစ္ဆာရဟန်း ဖာနန်း၏ နောက်ဆုံးရလဒ်မှာ သာမန် မြို့စောင့်ရဲမက်တစ်ယောက်၏ မြားချက်ဖြင့် အဓိပ္ပာယ်မရှိစွာ သေဆုံးသွားရခြင်းကို သူတို့ မြင်တွေ့ခဲ့ရသည်။

သူတို့ မသိလိုက်သော အချက်မှာ ထိုကြိုးသည် ဖာနန်း၏ ဆရာဖြစ်သူ အနက်ရောင်ဝတ် ရဟန်းအို ခုန်းရှင်း ထံသို့ပါ ချည်နှောင်သွားခြင်း ဖြစ်သည်။

ခုန်းရှင်း၏ အစွမ်းမှာ အားလုံး မြင်တွေ့ခဲ့ရသည့်အတိုင်းပင်၊ သူသည် ဒဏ်ရာရနေပါလျက်နှင့် ရှောင်စဲ့ ကဲ့သို့သော လူငယ်ပါရမီရှင်ကို အလွယ်တကူ အနိုင်ယူနိုင်သူ ဖြစ်သည်။

တတိယအဆင့် ရောက်ခါနီးဖြစ်သော ယွမ်ကျွယ်ဆရာတော် ပင်လျှင် သူ့ကို ရင်ဆိုင်ရန် အနိုင်ရနိုင်ခြေ အနည်းငယ်သာ ရှိသည်။

ထိုကဲ့သို့သော ပုဂ္ဂိုလ်ကြီးပင်လျှင် ထိုကြိုး၏ ပြင်းထန်လှသော ကံကြမ္မာယိုစီးမှုကို မတားဆီးနိုင်ခဲ့ပေ။ ဤသည်မှာ မည်မျှအထိ ဘေးဒုက္ခကြီးမားကြောင်း သိသာလှသည်။

သို့သော် လီယန်ချူကမူ တောင့်ခံနိုင်ခဲ့သည်။

တောင့်ခံနိုင်ရုံသာမက ထိုနောက်ကွယ်က မှော်ဝိညာဉ်၏ အမည်မသိ နယ်မြေသို့ ဆွဲခေါ်သွားခြင်း ခံရသည့်တိုင်အောင်၊ မကြာခင်မှာပင် ထိုဝိညာဉ်ကိုပါ ပြန်လည်ဖမ်းဆီးလာနိုင်ခဲ့ခြင်း ဖြစ်သည်။

ဤသည်ကို အပြင်လူက ကြည့်လျှင် ပွဲကောင်းကြည့်ရသလို ရှိသော်လည်း၊ အတွင်းသိလူများအတွက်မူ မည်သို့မှ နားမလည်နိုင်လောက်အောင်ပင် ဆန်းကြယ်လွန်းလှရာ "သာဓု" ဟုသာ အော်ခေါ်ရန် ရှိတော့သည်။

နောက်ပိုင်း ရက်အနည်းငယ်အတွင်း လီယန်ချူ၏ နေ့ရက်များမှာ အတော်လေး အေးဆေးလှပေသည်။

နေ့စဉ် ကျင့်ကြံခြင်း၊ လက်ဖက်ရည်သောက်ခြင်းနှင့် လက်ဝှေ့လေ့ကျင့်ခြင်းတို့ဖြင့် အချိန်ကို အကျိုးရှိစွာ ကုန်လွန်စေသည်။

တင်းရုံမှာမူ ဆိုင်ရှင်မဟူသော တောင်ကြီးတစ်တောင် ခံနေသဖြင့် လီယန်ချူထံသို့ အနားကပ်ရန် အခွင့်အရေး မရရှာပေ။

အဘယ်ကြောင့်ဆိုသော် လီယန်ချူသည် လွန်ခဲ့သော ရက်အနည်းငယ်ကစ၍ ညတိုင်း ဆိုင်ရှင်မ၏ အခန်းထဲတွင်သာ အိပ်စက်သောကြောင့် ဖြစ်သည်။

"ဟို အမျိုးသမီး တာအိုဆရာလေးက ရှင့်ကို သဘောကျနေတာပဲ၊ ကြည့်စမ်း... အဲဒီမျက်လုံးတွေက ရှင့်ကို အခုချက်ချင်း စားပစ်ချင်နေတဲ့အတိုင်းပဲ"

ဆိုင်ရှင်မက အပေါ်ဝတ်ရုံလေးကို တစ်ကိုယ်လုံး ပတ်ထားရင်း ပျင်းရိပျင်းတွဲစွာ ဆိုလိုက်သည်။

လီယန်ချူက ပြုံးလျက်

"အို... တင်းလေး က ငါ့ကို အသက်နဲ့လဲပြီး ချစ်ချင်နေတာ ကြာပါပြီ၊ ငါကပဲ စိတ်ဓာတ်ခိုင်မာနေလို့ပါ။ ကျန်းထင်ရှန်း နယ်မြေထဲမှာ ဘယ်သူမှ မရှိတဲ့အချိန်တုန်းကတောင် ငါ့စိတ်က မလှုပ်ရှားခဲ့ပါဘူး" ဟု ဆိုသည်။

"တကယ်ပဲ စိတ်မလှုပ်ရှားဘူးလား"

ဆိုင်ရှင်မက သူမ၏ နှုတ်ခမ်းလေးကို ခပ်ဖွဖွ ကိုက်လိုက်ကာ

"ရှင်ပဲ ပြောခဲ့တယ်လေ... ယောက်ျားတိုင်းက ဝတ်စုံနဲ့ ဆွဲဆောင်တာမျိုး ကို ကြိုက်ကြတယ်ဆို"

လီယန်ချူမှာ ရယ်မောသွားရ၏။

"မင်းက ဒီစကားလုံးကိုတောင် မှတ်ထားတာလား၊ အခုတော့ ငါ့မှာ အဲဒီစိတ်မရှိပါဘူး၊ တတိယအဆင့်ကို အမြန်ဆုံးကျော်ဖြတ်ပြီး ယန်ဝိညာဉ်ကို ဖန်တီးနိုင်ဖို့ပဲ စိတ်စောနေတာပါ"

မိန်းမတွေက ငါ့ရဲ့ ဓားဆွဲတဲ့အရှိန်ကို နှေးကွေးစေရုံပဲ ရှိမှာပါ။

ဆိုင်ရှင်မက ပြုံးလိုက်ကာ ဘာမျှမပြောဘဲ ပြတင်းပေါက်နားသို့ လျှောက်သွားသည်။

သူမသည် ပြတင်းပေါက်ဘောင်ပေါ်တွင် မှီလိုက်ရာ၊ နောက်ကျောဘက်မှ ကြည့်လျှင် သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာ အလွန်ပင် ဆွဲဆောင်မှုရှိသော အကွေးအဆန့်များဖြင့် ပေါ်လွင်နေတော့သည်။

သူမသည် ပြတင်းပေါက်ကို လက်နှစ်ဖက်ဖြင့် အားပြုကာ လှည့်ကြည့်၍ ပြုံးလိုက်၏။

"ဆက်ပြီး ကျင့်ကြံဦးမလား"

လီယန်ချူက ဟားခနဲ ရယ်မောလိုက်ကာ

"ကျင့်ကြံခြင်းကို ဘယ်လိုလုပ် ပျက်ကွက်လို့ ရမှာလဲ"

နောက်တစ်နေ့။

လီယန်ချူသည် ထိုက်ဖင်တည်းခိုခန်းမှ ထွက်လာစဉ် လမ်းမပေါ်၌ အလွန်ပင် ထိတ်လန့်တုန်လှုပ်နေသော ရှင်ဟုန်ယဲ့ နှင့် တိုးတော့သည်။

"လီတာအိုဆရာ... အမှုဖြစ်ပြီ"

ဟု ရှင်ဟုန်ယဲ့က ပျာပျာသလဲ ပြောလိုက်သည်။

"စိတ်အေးအေးထားပါဦး၊ ဘာဖြစ်လို့လဲ"

ဟု လီယန်ချူက မေးလိုက်၏။

သူသည် ရှင်ဟုန်ယဲ့ ဤမျှလောက်အထိ ထိတ်လန့်နေသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

"ချင်းဝမ်စံအိမ် ပုန်ကန်ပြီ"

ဟု ရှင်ဟုန်ယဲ့က ဆိုသည်။

"ပုန်ကန်တယ်" လီယန်ချူ ကြောင်သွားသည်။

"ဟုတ်တယ်၊ ချင်းဝမ်ရဲ့ သားတော် က ကျင့်ကြံသူတွေ၊ လူတန်းစားပေါင်းစုံက လူတွေနဲ့ ပေါင်းပြီးတော့ တရားရေးရုံးက လာစစ်ဆေးတဲ့ သံတမန်ကို သတ်ပစ်လိုက်တယ်၊ အဲဒီနောက်မှာ ချင်းဝမ်အိုကြီးက စစ်အင်အားတွေကို သိမ်းပိုက်ပြီး ပုန်ကန်တော့တာပဲ၊ အခုဆိုရင် မြို့နယ်ပေါင်း တစ်ဒါဇင်ကျော်လောက်ကို သိမ်းပိုက်ထားပြီ "

လီယန်ချူ အံ့ဩသွားမိသည်။

ထိုချင်းဝမ်ရဲ့သားတော်က တကယ့်ကို အကြမ်းစားပါလား ဒီအတိုင်းကြီး ပုန်ကန်လိုက်တာလား။

"ချင်းဝမ် ပုန်ကန်ရင်လည်း အစိုးရက စစ်တပ်လွှတ်ပြီး နှိမ်နင်းလိုက်ရုံပဲလေ၊ မင်းက ဘာလို့ ဒီလောက်တောင် ထိတ်လန့်နေရတာလဲ "

ဟု လီယန်ချူက နားမလည်နိုင်စွာ မေးလိုက်သည်။

"ချင်းဝမ်စံအိမ်တော်က ဘယ်ကနေ ဖိတ်ခေါ်လာမှန်းမသိတဲ့ ယန်ဝိညာဉ် ကျွမ်းကျင်သူတစ်ယောက် ပါလာတယ်၊ ကျိုကုန်းကျိန်းရန် တဲ့။ ဗုဒ္ဓဘာသာနဲ့ တာအိုဘာသာက ကျွမ်းကျင်သူ ၇ ယောက်၊ ၈ ယောက်လောက် သူ့လက်ထဲမှာ သေကုန်ပြီ။ ဒီလူက မြို့သိမ်းတဲ့နေရာမှာလည်း အရမ်းရက်စက်တယ်၊ ဝေယန်မြို့ကို သိမ်းတုန်းက မြို့ထဲက လူ ၁ သိန်းကျော်လုံးကို တစ်ယောက်မကျန် သတ်ပစ်လိုက်တယ် "

ရှင်ဟုန်ယဲ့၏ အသံမှာ လေးလံနေတော့သည်။ ချင်းဝမ်စံအိမ်တော်က ဤမျှလောက်အထိ ရက်စက်ကြမ်းကြုတ်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

လီယန်ချူသည် ထိုစကားကို ကြားသောအခါ တိတ်ဆိတ်သွားမိသည်။

ယင်းမှာ သာမန်ပြည်သူ ၁ သိန်းကျော်ပင် ဖြစ်သည်...

"ယန်ဝိညာဉ် တစ်ပါး နောက်ကွယ်မှာ ရှိနေတာကိုး၊ ချင်းဝမ်စံအိမ်တော်က ဒီလောက်အထိ ရဲတင်းနေတာ မဆန်းပါဘူး"

ဤကဲ့သို့သော နတ်ဘုရားနှင့် လူသားတို့ ရောယှက်နေသော ကမ္ဘာတွင် တစ်ဦးချင်းစီ၏ တိုက်ခိုက်နိုင်စွမ်းမှာ အလွန်ပင် မြင့်မားလှရာ၊ ကျင့်ကြံသူတစ်ဦး၏ သတ်ဖြတ်နိုင်စွမ်းမှာ သာမန်စစ်သည်များထက် အဆပေါင်းများစွာ သာလွန်ပေသည်။

တစ်ခါက ကျင့်ကြံသူတစ်ဦးသည် လောကကြီးကို ဒုက္ခပေးရန် စိတ်ကူးလိုက်သည်နှင့် ဖြစ်ပေါ်လာမည့် ဘေးအန္တရာယ်မှာ ခန့်မှန်း၍မရနိုင်ပေ။

သာမန် ကျင့်ကြံသူပင် မဟုတ်ဘဲ တတိယအဆင့်ဖြစ်သော ယန်ဝိညာဉ် ကျွမ်းကျင်သူ ဆိုလျှင်မူ... ယင်းမှာ ကပ်ဘေးတစ်ခုပင် ဖြစ်တော့သည်။

All Chapters