← Chapters

အခန်း (၅၃၇-၅၃၈)

Vol. 54 Ch. 537-538

အခန်း (၅၃၇-၅၃၈)

Vol. 54 Ch. 537-538

အခန်း (၅၃၇) - ပိုင်ကျီမိစ္ဆာနိုင်ငံ၏ အရှင်သူမြတ်သုံးပါး ၊ ကျိုကုန်းကျိန်းရန် ၊ လူ့စိတ်ကို နှောင့်ယှက်ခြင်း

အစပိုင်းတွင် ချင်းဝမ်စံအိမ်တော်၏ စစ်တပ်သည် ကျင့်ကြံသူများနှင့် မိစ္ဆာများကို အသုံးချကာ အရပ်ရပ်သို့ သတ်ဖြတ်ကျော်နင်းခဲ့သည်။

သို့သော် ယခုအချိန်တွင်မူ ချင်းဝမ်စစ်တပ်မှာ အရေးနိမ့်နေသည့်ပုံ ပေါ်နေချေပြီ။

အဓိကအချက်မှာ အသေအပျောက်နှုန်းမှာ ပြောင်းပြန်ဖြစ်နေခြင်းပင်။ အုန်းလင်းဒေသခံစစ်တပ်မှ စစ်သည်သုံးယောက် သေဆုံးချိန်တွင် ချင်းဝမ်ဘက်မှ တစ်ယောက်သာ သေဆုံးသော်လည်း၊ ချင်းဝမ်အနေဖြင့် ဤသို့ အသေခံတိုက်ရသည်ကို လုံးဝ မတတ်နိုင်ပါချေအဘယ်ကြောင့်ဆိုသော် သူသည် အုန်းလင်းခရိုင်တစ်ခုလုံး၏ စစ်အင်အားကို အမှန်တကယ် လက်ဝါးကြီးအုပ် မထားနိုင်သေးသောကြောင့် ဖြစ်သည်။

၎င်းမှာ ပေ့ဖုန်းခရိုင်၏ ကျန့်ပေ့ဟုန် ရွှီမိသားစုကဲ့သို့ မဟုတ်ပါချေ။ ထိုသူမှာ သတ်ပိုင်ဖြတ်ပိုင်ခွင့် အာဏာအပြည့်အဝရှိပြီး ခရိုင်တစ်ခုလုံး၏ စစ်အင်အားမှာ သူ၏ လက်ထဲတွင်သာ ရှိသည်။ သို့ဖြစ်ရာ ချင်းဝမ်မှာ ဤကဲ့သို့ အထိအခိုက်ကို မခံနိုင်ပါချေ။

မဟာစစ်သေနာပတိ ဝေ့ဖင်ချွမ်းမှာမူ ယခုအချိန်တွင် စိတ်အေးလက်အေး မရှိလှပါ။ သူသည် စစ်ရေးစစ်ရာ ကျွမ်းကျင်သူဖြစ်ရာ၊ ချင်းဝမ်စံအိမ်တော်၏ ယခုကဲ့သို့ ပုံမှန်မဟုတ်သော လှုပ်ရှားမှုများကြောင့် သူ၏ရင်ထဲတွင် စိုးရိမ်စိတ်အရိပ်အယောင်များ ဖုံးလွှမ်းနေတော့သည်။

အကယ်၍ ဤအတိုင်းသာ ဆက်လက်တိုက်ခိုက်နေပါက နောက်ဆုံးတွင် အုန်းလင်းစစ်တပ်ကသာ သေချာပေါက် အောင်ပွဲခံမည် ဖြစ်သည်။

ဤမျှ ထင်ရှားလှသော ရှုံးနိမ့်မည့်စစ်ပွဲကို ချင်းဝမ်စံအိမ်တော်က အဘယ်ကြောင့် အချည်းနှီး အင်အားဖြုန်းတီးနေရသနည်း။

ဟိန်း... ဟိန်း... ဟိန်း

ထိုစဉ် တောင်တောထဲမှ ကြောက်မက်ဖွယ်ကောင်းသော ဟိန်းဟောက်သံများ ရုတ်တရက် ထွက်ပေါ်လာပြီး၊ မိစ္ဆာအငွေ့အသက်များမှာ ကောင်းကင်သို့ လွင့်တက်သွားတော့သည်။

တောတွင်းသားရဲ တိရစ္ဆာန်များစွာမှာ မျက်လုံးများ နီမြန်းကာ အသက်ကိုပင် ပဓာနမထားဘဲ စစ်စခန်းဆီသို့ အတင်းတိုးဝင်လာကြတော့သည်။

၎င်းမှာ လှိုင်းလုံးကြီးများ သာမကဘဲ ပြင်းထန်သော ရေကြီးမှုကြီးတစ်ခုအလား။

"ဒါက သားရဲလှိုင်း လား"

ဝေ့ဗိုလ်ချုပ်ကြီးက မျက်မှောင်ကြုတ်ကာ ဆိုသည်။

မရေမတွက်နိုင်သော ငှက်များနှင့် သားရဲတိရစ္ဆာန်များမှာ ရူးသွပ်စွာဖြင့် တိုးဝင်လာကြသည်။

ထို့တင်မကသေးဘဲ ၎င်းတို့ကြားတွင် မိစ္ဆာများစွာလည်း ရောနှောပါဝင်နေကြ၏ ကောင်းကင်ယံထက်တွင် မိစ္ဆာအငွေ့အသက်များ ဖုံးလွှမ်းသွားတော့သည်။

ထိုစဉ် ဧရာမ ပုံရိပ်ကြီး သုံးခုမှာ စစ်မြေပြင်ထက်တွင် ပေါ်ပေါက်လာ၏။

၎င်းတို့မှာ အတောင်ပံဖြန့်လိုက်ပါက ခုနစ်လံ၊ ရှစ်လံခန့် ရှိသော လင်းယုန်ကြီးတစ်ကောင်၊ ရေစည်ပိုင်းအရွယ်အစားခန့် ထူထဲသော မြွေကြီးတစ်ကောင်၊ ထို့ပြင် အရပ်သုံးလံခန့် မြင့်မားသော ကျားသစ်နက်ကြီးတစ်ကောင်တို့ ဖြစ်ကြသည်။

မိစ္ဆာမျိုးနွယ်တို့သည် ခန္ဓာကိုယ်အရွယ်အစားဖြင့် အစွမ်းကို တိုင်းတာရခြင်း မဟုတ်သော်လည်း၊ ဤမိစ္ဆာကြီး သုံးပါးမှာ ပေါ်လာသည်နှင့် ပြင်းထန်လှသော သွေးချီအငွေ့အသက်များနှင့် လက်ဆုပ်လက်ကိုင် ပြနိုင်လောက်သော မိစ္ဆာအရှိန်အဝါများ၊ ကြီးမားသော ဖိအားများကို သယ်ဆောင်လာရာ မည်သို့ကြည့်ကြည့် သာမန်မိစ္ဆာများ မဟုတ်ကြပါချေ။

၎င်းတို့မှာ ပိုင်ကျီမိစ္ဆာနိုင်ငံ ၏ အရှင်သူမြတ် သုံးပါးပင် ဖြစ်ကြ၏ အရှင်သူမြတ် နု မှာ လီယန်ချူ၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

ပိုင်ကျီမိစ္ဆာနိုင်ငံတွင် အစွမ်းအထက်ဆုံး အရှင်သူမြတ် ခြောက်ပါး ကျန်ရှိနေသေးသည်။ ယခုတစ်ကြိမ်တွင် ပိုင်ကျီမိစ္ဆာနိုင်ငံက အရှင်သူမြတ် ခြောက်ပါးလုံးကို စေလွှတ်ရန် ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ကျား၊ သမင် နှင့် ဆိတ် အရှင်သူမြတ် သုံးပါးမှာမူ အစအနမရှိ ပျောက်ဆုံးနေခဲ့သည်။

ထိုသူများနှင့်အတူ ပိုင်ကျီမိစ္ဆာနိုင်ငံမှ မိစ္ဆာအုပ်ကြီးတစ်အုပ်နှင့် အစွမ်းထက်လှသော ပါရမီရှင်တစ်ဦးလည်း ပျောက်ဆုံးသွားခဲ့ရသည်။

သို့ဖြစ်ရာ ယခုတစ်ကြိမ်တွင် အရှင်သူမြတ် သုံးပါးသာ ရောက်ရှိလာခြင်း ဖြစ်ပြီး၊ သူတို့၏ အမှတ်အသားဖြစ်သော မိစ္ဆာပုံသဏ္ဌာန်များကို ထုတ်ဖော်ကာ ချင်းဝမ်စံအိမ်တော်အတွက် အောင်ပွဲရယူပေးရန် ရောက်လာခြင်းပင် ဖြစ်သည်။

မဟာစစ်သေနာပတိ ဝေ့ဖင်ချွမ်း၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားပြီး၊ နာမည်ကြီး အမှန်တရားဂိုဏ်းများမှ ကျင့်ကြံသူများမှာလည်း တုန်လှုပ်ချောက်ချားကုန်ကြတော့သည်။

ဒုတိယအဆင့် နောက်ဆုံးအဆင့်ချင်း တူညီလျှင်ပင် တိုက်ခိုက်ရေးစွမ်းရည်မှာ ကွာခြားချက် ရှိတတ်သည်။

ဤမိစ္ဆာကြီး သုံးပါးမှာ သိသာထင်ရှားစွာပင် အကြောက်ရဆုံးသော အင်အားစုများ ဖြစ်ကြသည်။

ကောင်းကင်ထက်မှ လင်းယုန်ကြီးသည် သတ္တုနှင့် ကျောက်တုံးကိုပင် ခွင်းနိုင်လောက်သော စူးရှသည့် အော်ဟစ်သံကြီး ပြုလုပ်ကာ ငုပ်လျှိုးဆင်းသက်လာတော့သည်။ ယခုအချိန်တွင် သူ့ကို တားဆီးနိုင်မည့်သူ လုံးဝမရှိပါချေ သို့မဟုတ်ပါကလည်း ထိုနေရာရှိ အမှန်တရားဂိုဏ်းသား ကျင့်ကြံသူများသည် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာငှက်ကို ရင်ဆိုင်ရန် အာရုံခွဲနိုင်စွမ်း မရှိကြပါချေ။

ဝူရှဲ့ဆရာတော်သည် သက်ပြင်းတစ်ချက်ချလိုက်ကာ

"အမိတာဘ..."

ကြီးမားလှသော ရွှေရောင်အလင်းတန်းတစ်ခုမှာ ရွှေဖလားကြီးတစ်လုံးအလား ချင်းဖုန်းလင်၏ စစ်စခန်းကို လွှမ်းခြုံလိုက်တော့သည်။

ဒေါင်... ဒေါင်... ဒေါင်

ကောင်းကင်နှင့် မြေကြီးအကြားတွင် ဧရာမ ခေါင်းလောင်းကြီး တီးခတ်လိုက်သံမှာ နားကွဲလုမတတ် ဟိန်းထွက်သွား၏ ထိုအတောင်ပံ ခုနစ်လံ၊ ရှစ်လံခန့်ရှိသော ကြောက်မက်ဖွယ် မိစ္ဆာငှက်သည် ရွှေရောင်အလင်းနှင့် တိုက်မိကာ လွင့်ထွက်သွားပြီး၊ ကောင်းကင်ယံတွင် ဝဲပျံနေကာ ဆက်လက်တိုက်ခိုက်ခြင်း မပြုတော့ပါချေ။

"ရဟန်းပျို... ကောင်းကောင်း လုပ်နိုင်သားပဲ၊ ရဟန်းဆိုတာ ကရုဏာတရားကိုပဲ အလေးထားသင့်တာပေါ့"

ကောင်းကင်ယံမှ အိုမင်းလှသော အသံတစ်သံ ထွက်ပေါ်လာသည်။

ဝတ်စုံနက်ဝတ် အဖိုးအိုတစ်ဦးသည် လေကိုစီးကာ ကောင်းကင်ယံတွင် လမ်းလျှောက်လာ၏ သူသည် ဝေယန်မြို့ရှိ လူသားတစ်သိန်းကို သတ်ဖြတ်ခဲ့သော တတိယအဆင့် ယန်ဝိညာဉ် အရှင်သူမြတ်ပင် ဖြစ်သည်။

သူ၏အမည်မှာ ကျိုကုန်းကျိန်းရန် ဖြစ်၏။

ထိုကျိုကုန်းကျိန်းရန်သည် သူ၏ စွမ်းအားကို အကုန်မထုတ်ဘဲ အရှိန်အဝါကိုသာ ထုတ်ပြထားပြီး ကိုယ်တိုင် ဝင်ရောက်မတိုက်ခိုက်သေးပါချေ။

သူ၏ ရည်ရွယ်ချက်မှာ ထိုငယ်ရွယ်သော တတိယအဆင့် ဝူရှဲ့ ကို အရင်ဆုံး တိုက်ခိုက်လာအောင် ဆွဲဆောင်ပြီး ဝိညာဉ်စွမ်းအားများ ကုန်ခန်းသွားစေရန် ဖြစ်သည်။

ကျွမ်းကျင်သူချင်း တိုက်ခိုက်ရာတွင် တစ်ခါတစ်ရံတွင် ဦးသူက အခွင့်အရေးရတတ်သလို၊ အရှုံးအနိုင်မှာလည်း အလွန်ပါးလွှာသော မျဉ်းတစ်ကြောင်းသာ ကွာခြားတတ်သည်။

"အမိတာဘ... အရှင်အနေနဲ့ ယန်ဝိညာဉ်အဆင့်ကို ရောက်ရှိဖို့ ခက်ခက်ခဲခဲ ကျင့်ကြံခဲ့ရတာပဲ၊ ဒါပေမဲ့ မိစ္ဆာလမ်းစဉ်ကို လျှောက်လှမ်းပြီး လူသားတွေကို သတ်ဖြတ်နေမယ်လို့ မထင်ထားဘူး။ ဒါဟာ ကောင်းကင်နဲ့ မြေကြီးရဲ့ တားမြစ်ချက်ကို မကြာခင် ခံရတော့မှာပဲ"

ဟု ဝူရှဲ့ရဟန်းက လေးလံစွာ ဆိုလိုက်သည်။

"ဟားဟား... ရဟန်းပျိုက ကံကောင်းလို့ ဒီအဆင့်ကို ရောက်လာတာပဲ၊ ငါတို့လို သာမန်လူတွေရဲ့ အခက်အခဲကို မင်းဘယ်သိပါ့မလဲ။ လောကမှာရှိတဲ့ အရာအားလုံးကို လုယူပြီး ကိုယ့်ကိုယ်ကိုယ် ဖြည့်ဆည်းတယ်၊ အချုပ်အနှောင်တွေကို ချိုးဖျက်တယ်... ဒါဟာ ငါ့ရဲ့ လမ်းစဉ်ပဲ "

ဟု ကျိုကုန်းကျိန်းရန်က အေးဆေးစွာ ဆိုသည်။

ဝူရှဲ့ရဟန်းက ခေါင်းခါလိုက်၏။ တစ်ဖက်လူမှာ မိစ္ဆာလမ်းစဉ်သို့ သက်ဆင်းသွားပြီဖြစ်ရာ စကားအများကြီး ပြောနေဖို့ မလိုတော့ပါချေ။

"ရဟန်းပျို... ငါနဲ့ ဒီနေရာမှာ တိုက်မလား၊ ဒါမှမဟုတ် ငါနဲ့အတူ တခြားတစ်နေရာကို လိုက်ခဲ့မလား"

ဟု ကျိုကုန်းကျိန်းရန်က မေးသည်။

ဝူရှဲ့ရဟန်းမှာ တိတ်ဆိတ်သွားတော့သည်။

ယခုအချိန်တွင် စစ်မြေပြင်၌ ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာကြီး သုံးပါး ပေါ်လာနေခြင်းမှာ ထိန်းချုပ်၍မရသော ပြောင်းလဲမှုပင် ဖြစ်သည်။

အကယ်၍ သူသာ အုန်းလင်းစစ်တပ်ကို စွန့်ခွာသွားပါက စစ်ရှုံးပြီး ပြိုလဲသွားမည်မှာ ဧကန်ပင်။

သို့သော် အကယ်၍ သူသည် ထိုကျိုကုန်းကျိန်းရန်နှင့် ဤနေရာတွင် တိုက်ခိုက်မည်ဆိုပါကလည်း တိုက်ပွဲ၏ အကျိုးဆက်ကြောင့် သေဆုံးရမည့်သူမှာ မနည်းပါချေ။

ဤသည်မှာ ကျိုကုန်းကျိန်းရန်က လူ့စိတ်ကို နှောင့်ယှက်ကာ စမ်းသပ်နေခြင်းပင် ဖြစ်သည်။

ဝူရှဲ့ရဟန်းက ခေါင်းခါကာ သက်ပြင်းတစ်ချက် ချလိုက်ပြန်သည်။

"ဒီချင်းဝမ်စံအိမ်တော်ရဲ့ စစ်တပ်က ဘာလို့ အသေအလဲ တိုက်နေရတာလဲဆိုတာ နားလည်သွားပြီ၊ တခြား ယန်ဝိညာဉ် ကျွမ်းကျင်သူတွေ မရောက်လာခင်မှာ ဒီချင်းဖုန်းလင်ကို သိမ်းပိုက်ချင်နေတာပဲ"

ဟု ဝူရှဲ့ရဟန်းက သူ၏စိတ်ထဲတွင် ဆိုလိုက်သည်။

သူသည် စစ်ရေးမကျွမ်းကျင်သော်လည်း တစ်ဖက်လူ၏ ရည်ရွယ်ချက်မှာ ဤမျှသာ မဟုတ်ကြောင်း သိနေသည်။ အစီအစဉ်အားလုံးမှာ အစိုးရဘက်မှ စစ်ကူများ ရောက်ရှိမည့် အနေအထားပေါ်တွင် မူတည်နေသည်။

အကယ်၍ နောက်ထပ် ယန်ဝိညာဉ်တစ်ပါးသာ ရောက်ရှိလာပါက ချင်းဝမ်စံအိမ်တော်၏ အကြံအစည်များ ပျက်ပြားသွားမည် ဖြစ်သည်။

"အရှင်ရဲ့ အကြံက ကောင်းလှပေတယ်၊ ဆင်းရဲသားရဟန်းကလည်း ဆိတ်ငြိမ်တဲ့နေရာမှာ အရှင်ရဲ့ အတတ်ပညာတွေကို လေ့လာချင်နေတာပါ "

ဝူရှဲ့ရဟန်းသည် ဝေ့ဖင်ချွမ်း ဗိုလ်ချုပ်ကြီးကို ခေါင်းတစ်ချက် ငြိမ့်ပြလိုက်သည်။ ထို့နောက် ခြေထောက်အောက်တွင် ရွှေရောင်အလင်းတန်းများ ပေါ်လာကာ တစ်ကိုယ်လုံး ကောင်းကင်ယံသို့ ပျံတက်သွားတော့သည်။

"ကောင်းကင်ဘုံမှာ သက်ရှိတွေကို ချစ်မြတ်နိုးတဲ့ စိတ်ရှိတယ်... ရဟန်းပျို၊ လူသတ်တာနဲ့ လူကယ်တာက မင်းရဲ့ စိတ်ကူးတစ်ချက်ပေါ်မှာပဲ မူတည်တယ်နော်"

ဟု ကျိုကုန်းကျိန်းရန်က အေးဆေးစွာ ဆိုလိုက်သည်။

ဒါဟာ လူသတ်တာထက် ပိုနာကျင်စေတဲ့ "စိတ်ကို သတ်ဖြတ်ခြင်း" ပင်။ ဝူရှဲ့ရဟန်း မည်သို့ပင် ရွေးချယ်စေကာမူ နောင်တတစ်ခုတော့ ကျန်ခဲ့မည် ဖြစ်သည်။

ထိုယန်ဝိညာဉ် ကျွမ်းကျင်သူ နှစ်ဦး ထွက်ခွာသွားသည်နှင့် စစ်မြေပြင်ရှိ ဖိအားများမှာ အနည်းငယ် လျော့နည်းသွားတော့သည်။

ယန်ဝိညာဉ်ဆိုသည်မှာ သာမန်ထက်ထူးကဲသော စွမ်းအားအဆင့်အတန်း ဖြစ်ရာ၊ ယန်ဝိညာဉ် နှစ်ပါးသာ ဤနေရာ၌ တိုက်ခိုက်ကြပါက တကယ့်ကို တောင်ပြိုမြေလဲ ဖြစ်သွားနိုင်ပေသည်။

ကျိုကုန်းကျိန်းရန်သည်လည်း သူ၏ စစ်တပ်တစ်ခုလုံး ပြုန်းတီးသွားသည်ကို မလိုလားပါချေ။ အဘယ်ကြောင့်ဆိုသော် ကိစ္စရပ်များစွာကို လုပ်ဆောင်ရန် သာမန်စစ်သည်များ လိုအပ်နေသေးသောကြောင့် ဖြစ်သည်။

သူတို့နှစ်ဦးသည် တောနက်ရာ ဆိတ်ငြိမ်သော နေရာတစ်ခုသို့ ရောက်ရှိလာကြသည်။

ကျိုကုန်းကျိန်းရန်က ရဟန်းပျိုကို ကြည့်ကာ အေးစက်စွာ ပြုံးလိုက်ပြီး

"ဘုန်းကြီး... မင်းထွက်လာတာနဲ့ အုန်းလင်းစစ်တပ်က အကြီးအကျယ် ရှုံးနိမ့်တော့မှာပဲ။ သေဆုံးသွားမယ့် အပြစ်မဲ့သူတွေရဲ့ အကုသိုလ်က မင်းခေါင်းပေါ်မှာပဲ မဟုတ်လား"

ဟု ဆိုလိုက်သည်။

ဤရဟန်းသည် နှစ်ဖက်စစ်သည်များကို သတ်ဖြတ်ရန် ကိုယ်တိုင် ဝင်ရောက်တိုက်ခိုက်မည် မဟုတ်ကြောင်း သူက တွက်ဆထားပြီး ဖြစ်သည်။

ဝူရှဲ့ရဟန်းမှာ တိတ်ဆိတ်နေ၏။ တစ်ဖက်လူ၏ စကားလုံးများတွင် ဝိညာဉ်ကို လှည့်စားနိုင်သော အစွမ်းများ ပါဝင်နေသည်။

"အရှင်ရဲ့ အကြံက ကောင်းလှပေတယ်၊ ဒီလိုနည်းလမ်းနဲ့ ဆင်းရဲသားရဟန်းကို မိစ္ဆာလမ်းထဲ သွင်းချင်နေတာလား"

ဟု ဝူရှဲ့ရဟန်းက အေးစက်စွာ မေးလိုက်သည်။

"မိစ္ဆာလမ်းထဲ သွင်းတယ်"

"မင်း အုန်းလင်းစစ်တပ်ကို စွန့်ခွာဖို့ ရွေးချယ်လိုက်ကတည်းက မိစ္ဆာလမ်းထဲ ရောက်နေပြီပဲ။ စစ်သည် သောင်းနဲ့ချီပြီး သေဆုံးရတော့မယ်၊ ဒီလောက်ကြီးမားတဲ့ အကုသိုလ်တွေနဲ့ဆိုရင် မင်းရဲ့ ကျင့်ကြံခြင်းလမ်းကတော့ အဆုံးသတ်သွားပြီလို့ ငါထင်တယ်"

ဟု ကျိုကုန်းကျိန်းရန်က ရယ်မောကာ ဆိုလိုက်သည်။

ဝူရှဲ့ရဟန်း၏ မျက်နှာမှာ မှောင်မှိန်သွားတော့သည်။

"မင်းလို မိစ္ဆာကောင်... ငါ့ရဲ့ စိတ်အစဉ်ကို နှောင့်ယှက်ဖို့ မကြိုးစားနဲ့ "

သူ၏ ခန္ဓာကိုယ်မျက်နှာပြင်တွင် ရွှေရောင်ဗုဒ္ဓအလင်းတန်းများ ချက်ချင်း ဖုံးလွှမ်းသွားပြီး၊ တစ်ကိုယ်လုံးမှာ ရွှေဆေးသုတ်ထားသည့်အလား ခန့်ညားထည်ဝါသွားတော့သည်။

ထို့နောက် လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်ရွှေရောင်လက်သီးရိပ်သည် ပြင်းထန်သော ဗုဒ္ဓစွမ်းအားများနှင့်အတူ ကျိုကုန်းကျိန်းရန်ထံသို့ တိုက်ရိုက် ဦးတည်သွားတော့သည်။

ဝုန်း

ကျိုကုန်းကျိန်းရန်သည်လည်း ပြင်းထန်လှသော မှော်အတတ်တစ်ခုကို ထုတ်ဖော်ကာ ဝူရှဲ့ရဟန်း၏ တိုက်ကွက်ကို တားဆီးလိုက်သည်။

"ငါ ကောင်းကင်လျှို့ဝှက်ချက်ကို တွက်ချက်ထားပြီးပြီ၊ ဒီတစ်ကြိမ်မှာ မင်း သေချာပေါက် ရှုံးပြီ၊ ဘယ်လိုမှ ပြန်လှန်နိုင်မှာ မဟုတ်ဘူး "

သူ၏ အသံမှာ လှည့်စားခြင်း အစွမ်းများနှင့်အတူ ဝူရှဲ့ရဟန်းကို မရပ်မနား တိုက်ခိုက်နေတော့သည်။ အမှန်တကယ်လည်း ထိုသို့ပင် ဖြစ်၏။

ယခုအချိန်တွင် လုံဟူရှန်းဖြစ်စေ၊ တာ့ရှန့်ကော်ကျောင်းတော် သို့မဟုတ် မြို့တော်ရှိ တရားရေးရုံးဖြစ်စေ၊ အကွာအဝေးမှာ အလွန်ပင် ဝေးကွာလှသဖြင့် ချက်ချင်း စစ်ကူမလာနိုင်ပါချေ။

ဝူရှဲ့ရဟန်း၏ မျက်လုံးများထဲတွင် ဒေါသအရှိန်များ ပေါက်ကွဲထွက်လာပြီး၊ အနက်ရောင် အရိပ်တစ်ခုမှာလည်း ဝိုးတဝါး ဖြတ်ပြေးသွားတော့သည်။

၎င်းမှာ သူ၏ စိတ်မိစ္ဆာ ပင် ဖြစ်တော့သည်။

အခန်း (၅၃၈) - ဆရာတော် ကယ်တော်မူပါ ၊ မြို့ဖျက်သတ်ဖြတ်မှု၏ ငရဲခန်း ၊ နတ်မျက်စိ ၊ မျက်စိထိုးပုတီး ၊ မဟာဗိုလ်ချုပ်ကြီး လုပ်ကြံခံရခြင်း

ဝူရှဲ့ရဟန်းသည် သက်ပြင်းရှည်တစ်ချက်ကို ခပ်ပြင်းပြင်းရှူသွင်းလိုက်ပြီး ခန္ဓာကိုယ်အတွင်းရှိ စိတ်မိစ္ဆာ ကို ဖိနှိပ်လိုက်သည်။

ရွှေရောင်ဗုဒ္ဓအလင်းတန်းများမှာ သူ၏ကိုယ်ပေါ်မှ တောက်ပစွာ ပွင့်အာလာတော့သည်။ တစ်ကိုယ်လုံးမှာ လူ့လောကသို့ ဆင်းသက်လာသည့် အစစ်အမှန် ရဟန္တာတစ်ပါး အလားပင်။ သူ၏ ဦးခေါင်းနောက်ကွယ်တွင်လည်း မီးဝိုင်းတစ်ခု ပေါ်ပေါက်လာပြီး အလွန်ပင် ခန့်ညားထည်ဝါသော အရှိန်အဝါရှိနေ၏။

ခြေတစ်လှမ်း လှမ်းလိုက်ရုံဖြင့် ကျိုကုန်းကျိန်းရန်၏ ရှေ့မှောက်သို့ ရောက်ရှိသွားတော့သည်။

ဝုန်း

သူသည် ကျိုကုန်းကျိန်းရန်၏ ခန္ဓာကိုယ်ကို လက်သီးဖြင့် ပြင်းထန်စွာ ထိုးနှက်လိုက်ရာ ကျိုကုန်းကျိန်းရန်မှာ တစ်ခဏချင်းမှာပင် ပေါက်ကွဲထွက်သွားတော့၏ သို့သော် အသားစများမဟုတ်ဘဲ စက္ကူစများအဖြစ် ကောင်းကင်အနှံ့ လွင့်စင်သွားသည်။

ခဏအကြာတွင် ထိုစက္ကူစများမှာ ပြန်လည်ပေါင်းစည်းသွားပြီး ဝတ်စုံနက်ဝတ် အဖိုးအိုတစ်ဦးအဖြစ် ပြန်ပြောင်းသွားပြန်သည်။

"စက္ကူရုပ်လား"

ဝူရှဲ့ရဟန်း၏ မျက်လုံးများမှာ အေးစက်သွားတော့သည်။ ဗုဒ္ဓဘာသာ၏ မြေလျှိုးမိုးပျံတန်ခိုး ကို ထပ်မံထုတ်ဖော်ကာ ကျိုကုန်းကျိန်းရန်၏ ရှေ့သို့ ရောက်သွားပြန်သည်။ ပူပြင်းလှသော ဗုဒ္ဓအလင်းတန်းများ ပါဝင်သည့် ရွှေရောင်လက်သီးကို အားကုန်လွှဲ၍ ထိုးလိုက်ပြန်သည်။

သို့သော် သူသည် ရုတ်တရက် ရပ်တန့်သွား၏။ သူ၏မျက်ဝန်းအစုံမှ ရွှေရောင်အလင်းများ တောက်ပလာတော့သည်။

ထိုအလင်းသည် သူ၏ရှေ့မှောက်ရှိ မြင်ကွင်းအားလုံးကို တစ်ခဏချင်းမှာပင် ထိုးဖောက်ဖျက်ဆီးလိုက်၏။ သူသည် အမှန်တကယ်တွင် တစ်နေရာမှ မလှုပ်ရှားခဲ့ပါချေ။ ဒုတိယအကြိမ် ကျိုကုန်းကျိန်းရန်ကို တိုက်ခိုက်ရန် ပြင်လိုက်ကတည်းက တစ်ဖက်လူ၏ မျက်လှည့်အတတ် အတွင်းသို့ ကျရောက်သွားခြင်း ဖြစ်သည်။

"မြေလျှိုးမိုးပျံတန်ခိုးနဲ့ နတ်မျက်စိ... တကယ်ပဲ လူ့လောကရဲ့ ရဟန္တာအစစ်ပါပဲလား"

ဟု ကျိုကုန်းကျိန်းရန်က လှောင်ပြောင်ကာ ဆိုလိုက်သည်။

နောက်တစ်ခဏတွင် ဝူရှဲ့ရဟန်း၏ ရှေ့မှောက်ရှိ မြင်ကွင်းမှာ ထပ်မံပြောင်းလဲသွားပြန်သည်။

ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ သူသည် ပျက်စီးယိုယွင်းနေသော မြို့ပျက်ကြီးတစ်ခုအတွင်း ရောက်ရှိနေပြီး၊ အရပ်မျက်နှာအနှံ့တွင် အသက်ဘေးမှ ထွက်ပြေးလွတ်မြောက်ရန် တောင်းပန်နေကြသည့် ပြည်သူများကို တွေ့လိုက်ရသည်။

မျှော်လင့်ချက်မဲ့ခြင်း ၊ ထုံထိုင်းခြင်း ၊ ကြောက်ရွံ့ခြင်း ဤရှုပ်ထွေးလှသော ခံစားချက်များမှာ ထိုသူတို့၏ မျက်နှာပေါ်တွင် အထင်အရှား ဖုံးလွှမ်းနေတော့သည်။

ကောင်းကင်ယံထက်တွင်မူ အစွမ်းထက်လှသော ကျင့်ကြံသူတစ်ဦးသည် မှော်အတတ်များကို မရပ်မနား ထုတ်ဖော်နေပြီး ထိုသာမန်လူသားများ၏ အသက်ကို မြက်ရိတ်သကဲ့သို့ ရိတ်သိမ်းနေတော့သည်။

"ကယ်တော်မူပါ ဆရာတော်... ကျွန်တော့်ကို ကယ်တော်မူပါဦး"

မျက်နှာပေါ်တွင် သွေးစများ ပေကျံနေသော လူငယ်တစ်ဦးမှာ ပြေးဝင်လာပြီး သူ၏ခြေသလုံးကို ဖက်တွယ်လိုက်သည်။ ထိုလူငယ်နှင့်အတူ ဘေးဒုက္ခမှ ထွက်ပြေးလာကြသော ပြည်သူအများအပြား ရှိနေပြီး အိုမင်းမစွမ်းသူများ၊ ကလေးငယ်များ၊ အမျိုးသမီးများ စသည်ဖြင့် အစုံအလင် ရှိနေကြ၏။

"ဆရာတော်ကြီး... ကျွန်တော်တို့ကို ကယ်တော်မူပါဦး"

အရပ်မျက်နှာအနှံ့တွင် အသားစများ လွင့်စင်နေပြီး အလောင်းကောင်များမှာ မြေပြင်အပြည့် ရှိနေသည်။ သို့သော် ဤမျှော်လင့်ချက်မဲ့နေသော လူအုပ်ကြီးမှာ ကောင်းကင်ယံမှ ကျင့်ကြံသူ၏ မှော်အတတ်အောက်မှ မည်သို့မျှ ထွက်ပြေးလွတ်မြောက်နိုင်ခြင်း မရှိပါချေ။ မြို့တစ်ခုလုံးမှာ ဧရာမ သံကူကွက် သုံ့ပန်းစခန်းကြီးတစ်ခုအလားပင်။

ဤသည်မှာ ဝေယန်မြို့ ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့စဉ်က ငရဲခန်းပင် ဖြစ်တော့သည်။

ဝူရှဲ့ရဟန်းသည် သူ၏ရင်ထဲမှ သတ်ဖြတ်လိုစိတ်ကို မနည်းထိန်းချုပ်နေရ၏။ သူသည် ကောင်းကင်ယံရှိ ကျင့်ကြံသူကို အေးစက်စွာ လှမ်းကြည့်လိုက်သည်။ ထိုသူမှာ ဝတ်စုံနက်ဝတ် ကျိုကုန်းကျိန်းရန်ပင် ဖြစ်၏။

"ဗုဒ္ဓလက်နက် မိစ္ဆာနှိမ်နင်းခြင်း... သတ်"

ဝူရှဲ့ရဟန်း၏ ကိုယ်ပေါ်မှ တောက်ပလှသော ဗုဒ္ဓအလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ကောင်းကင်ရှိ ကျင့်ကြံသူထံသို့ ပစ်လွှတ်လိုက်သည်။ ဧရာမ ရွှေရောင်ဗုဒ္ဓလက်ဝါးကြီးတစ်ခုမှာ ကောင်းကင်မှ ကျဆင်းလာတော့၏။

သို့သော်

ရွှေရောင်ဗုဒ္ဓလက်ဝါးကြီး ရိုက်ချလိုက်သည့် ခဏမှာပင် ကျိုကုန်းကျိန်းရန်မှာ ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။

ထိုလက်ဝါးအောက်တွင် ရှိနေသော ပြည်သူဒါဇင်ကျော်မှာမူ တစ်ခဏချင်းမှာပင် အသားစများကြေမွကာ ရွှံ့နွံများအဖြစ် ပြောင်းလဲသွားကြရတော့သည်။

ဝူရှဲ့ရဟန်း၏ မျက်စိသူငယ်အိမ်မှာ ကျုံ့သွားပြီး ရင်ထဲတွင် သတ်ဖြတ်လိုစိတ်များ ဆူပွက်လာတော့သည် တစ်ဖက်လူသည် သူ၏ ဗုဒ္ဓစိတ်ဓာတ် ကို ပျက်ပြားအောင် တမင်တကာ လုပ်ဆောင်နေခြင်းပင်။

"ကျိုကုန်း"

ဝူရှဲ့ရဟန်းက ဒေါသတကြီး ဟိန်းဟောက်လိုက်၏ ဦးခေါင်းနောက်ကွယ်မှ မီးဝိုင်းနှင့် မျက်ဝန်းအစုံမှ တောက်ပသော အလင်းတန်းများ ပွင့်အာလာတော့သည်။ ဗုဒ္ဓဘာသာ၏ နတ်မျက်စိ သည် အရပ်ဆယ်မျက်နှာကို မြင်နိုင်စွမ်းရှိပြီး အတုအယောင် လှည့်စားမှုများကို ဖျက်ဆီးနိုင်စွမ်း ရှိသည်။

ဝူရှဲ့ရဟန်း၏ မျက်လုံးမှ ရွှေရောင်အလင်းများ ပေါက်ကွဲထွက်လာသည်နှင့် ပတ်ဝန်းကျင်ရှိ မြို့ပျက်ငရဲခန်းမှာ ပျောက်ကွယ်သွားတော့သည်။ ကျိုကုန်းကျိန်းရန်မှာမူ ဝူရှဲ့ရဟန်းကို အထင်အမြင်သေးသော အမူအရာဖြင့် အေးစက်စွာ ကြည့်နေ၏။

"ဗုဒ္ဓလမ်းစဉ်ကို ကျင့်ကြံတာက မိစ္ဆာလမ်းစဉ်လို ဘယ်မှာ လွတ်လပ်ပါ့မလဲ။ လောကမှာရှိတဲ့ အရာအားလုံးကို လုယူပြီး ကိုယ့်ကိုယ်ကိုယ် သန်မာအောင် လုပ်တာကမှ တကယ့်ကို အနှောင်အဖွဲ့ကင်းတဲ့ လွတ်လပ်ခြင်း ပဲ"

ကျိုကုန်းကျိန်းရန်၏ အသံမှာ ပတ်ဝန်းကျင်တစ်ခုလုံးတွင် ဟိန်းထွက်နေပြီး ဝူရှဲ့ရဟန်း၏ စိတ်အစဉ်ကို မရပ်မနား တိုက်ခိုက်နေတော့သည်။ သူသည် မည်သည့်စကားမှ ပြန်မပြောဘဲ မျက်ဝန်းအစုံမှ ရွှေရောင်အလင်းများကိုသာ ထုတ်ဖော်လိုက်၏။

လက်ဝါးနှစ်ဖက်လုံးကို တပြိုင်နက် ပစ်လွှတ်လိုက်သည်။ ရွှေရောင်နဂါးနှစ်ကောင်မှာ ကြောက်မက်ဖွယ်ကောင်းသော ပုံသဏ္ဌာန်ဖြင့် ကျိုကုန်းကျိန်းရန်ထံသို့ ပြေးဝင်သွားကြတော့သည် ကျိုကုန်းကျိန်းရန်မှာ ရှောင်ကွင်းသည့်အတတ်ကို အသုံးပြုကာ နဂါးများကို ရှောင်လိုက်သည်။

ဝူရှဲ့ရဟန်းသည် မြေလျှိုးမိုးပျံတန်ခိုးကို ချက်ချင်းအသုံးပြုကာ ကျိုကုန်းကျိန်းရန်၏ နောက်ကျောဘက်သို့ ရောက်ရှိသွားသည်။ သူ၏လက်ချောင်းများဖြင့် မုဒြာတစ်ခုကို ပြုလုပ်လိုက်ပြီး ဗုဒ္ဓဘာသာ၏ မန္တန်သင်္ကေတတစ်ခုကို ပစ်လွှတ်လိုက်ရာ ကျိုကုန်းကျိန်းရန်အား လုံးဝလွှမ်းခြုံသွားတော့သည်။

ခန့်ညားလှသော ဗုဒ္ဓအလင်းတန်းများက ကျိုကုန်းကျိန်းရန်၏ ခန္ဓာကိုယ်ကို စတင်လောင်ကျွမ်းစေတော့၏။ သို့သော် ကျိုကုန်းကျိန်းရန်က သူ၏ အင်္ကျီလက်ကို တစ်ချက်ခါလိုက်သည်နှင့် ပတ်ဝန်းကျင်မြင်ကွင်းမှာ ထပ်မံပြောင်းလဲသွားပြန်သည်။

သူတို့သည် စစ်မြေပြင်သို့ ပြန်လည်ရောက်ရှိသွားကြပြီး၊ ထိုရွှေရောင်မန္တန်သင်္ကေတမှာမူ အုန်းလင်းခရိုင်၏ စစ်သည်များကို လွှမ်းခြုံသွားခြင်း ဖြစ်နေသည်။ ထိုသာမန်စစ်သည်များမှာ ရွှေရောင်မန္တန်၏ လောင်ကျွမ်းမှုအောက်တွင် နာကျင်စွာ အော်ဟစ်ငိုယိုနေကြပြီး အလွန်ပင် ဒုက္ခရောက်နေကြ၏။

ဝူရှဲ့ရဟန်း၏ လက်များမှာ တုန်ယင်သွားပြီး မျက်ဝန်းအစုံမှ ရွှေရောင်အလင်းများကို ထုတ်ဖော်ကာ ပတ်ဝန်းကျင်မြင်ကွင်းကို ဖျက်ဆီးလိုက်ပြန်သည်။ သို့သော် ထိုအချိန်တွင် ကျိုကုန်းကျိန်းရန်၏ လက်ထဲမှ အလင်းတန်းတစ်ခု ပစ်ထွက်လာ၏။

"အား"

ဝူရှဲ့ရဟန်းသည် သူ၏မျက်လုံးများအတွင်း ပြင်းထန်သော ထိုးနှက်မှုကို ခံစားလိုက်ရသဖြင့် မျက်စိကို အုပ်ကာ နောက်သို့ ဆုတ်လိုက်ရတော့သည်။

၎င်းမှာ မျက်စိထိုးပုတီး ပင် ဖြစ်တော့သည် ကျိုကုန်းကျိန်းရန်၏ အစွမ်းထက်လှသော နတ်ဘုရားလက်နက်တစ်ခုပင်။

ဝူရှဲ့ရဟန်း၏ မျက်စိကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့သည်ကို မြင်သောအခါ၊ ကျိုကုန်းကျိန်းရန်သည် လောကရှိ ဝိညာဉ်စွမ်းအင်များကို ထိန်းချုပ်ကာ ဧရာမ ဓားကြီးတစ်လက်အဖြစ် ပြောင်းလဲလိုက်ပြီး ဝူရှဲ့ရဟန်း၏ မျက်ခုံးအလယ် သို့ တိုက်ရိုက် ထိုးစိုက်လိုက်တော့သည်။

ဝူရှဲ့ရဟန်းမှာ မျက်စိနှစ်ဖက်လုံး ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း သူ၏ အာရုံခံစားမှုမှာ ရှိနေဆဲပင်။

လက်နှစ်ဖက်ကို အသာအယာ ထိလိုက်ပြီး ဦးခေါင်းနောက်ကွယ်မှ မီးဝိုင်းမှ တောက်ပသော မီးလျှံများကို ပေါက်ကွဲထွက်စေလိုက်သည် သူ၏ ခန္ဓာကိုယ်မျက်နှာပြင်မှာလည်း ရွှေရောင်စွမ်းအင်များဖြင့် ဖုံးလွှမ်းသွားပြီး ရွှေဖြင့်သွန်းလုပ်ထားသည့် နတ်ဘုရားရုပ်တုကြီးအလား ဖြစ်သွားတော့သည်။

ဒေါင်

ဧရာမ ခေါင်းလောင်းကြီး တီးခတ်လိုက်သည့်အသံမှာ တစ်ခွင်လုံး ဟိန်းထွက်သွားသည် ကျိုကုန်းကျိန်းရန်သည် ကမ္ဘာမြေ၏ ဝိညာဉ်စွမ်းအင်များကို ကြောက်မက်ဖွယ်လှိုင်းလုံးကြီးများအဖြစ် ပြောင်းလဲကာ ဤရဟန်း၏ ဗုဒ္ဓခန္ဓာကိုယ် ကို ရိုက်ချဖျက်ဆီးရန် ကြိုးပမ်းနေတော့သည်။

သို့သော် ဝူရှဲ့ရဟန်းမှာ လက်နှစ်ဖက်ကို ယှက်ထားကာ မြင့်မြတ်ခန့်ညားသော အရှိန်အဝါဖြင့် တောင်ကြီးတစ်လုံးအလား မတုန်မလှုပ် ရပ်နေဆဲပင်။

ဒေါင်... ဒေါင်... ဒေါင်

ကြီးမားလှသော မြည်ဟီးသံများမှာ မရပ်မနား ထွက်ပေါ်လာပြီး၊ မီးရဲရဲတောက်နေသော သံတုံးကြီးတစ်တုံးကို ထုနှက်နေသည့်အလား မီးပွင့်များမှာ အရပ်မျက်နှာအနှံ့သို့ လွင့်စင်နေတော့သည်။

ဝူရှဲ့ရဟန်း၏ ခြေထောက်အောက်ရှိ မြေပြင်မှာ ဒါဇင်နှင့်ချီသော အက်ကြောင်းများ ဖြစ်ပေါ်သွားရပြီး မြင်ရသူအဖို့ တုန်လှုပ်ဖွယ်ရာပင်။

ထိုစဉ် ရွှေရောင်အလင်းတန်းတစ်ခု ပျံထွက်လာပြီး ရွှေနဂါးတစ်ကောင် ရစ်ပတ်ထားသည့် ရဟန္တာတစ်ပါး အဖြစ် ပြောင်းလဲသွားတော့သည်။

"နဂါးနှိမ်နင်းသူ ရဟန္တာ လား"

ကျိုကုန်းကျိန်းရန်မှာ မျက်မှောင်ကြုတ်လိုက်မိသည်။

ဝူရှဲ့ရဟန်း၏ မျက်စိနှစ်ဖက်မှာ ဒဏ်ရာရနေသော်လည်း ဝိညာဉ်ပုံရိပ် ကို ထုတ်ဖော်လိုက်ပြီးနောက်တွင်မူ သူ၏ အမြင်အာရုံမှာ မည်သည့် ထိခိုက်မှုမှ မရှိတော့ပါချေ။

"ကျိုကုန်း... ဒီနေ့တော့ ဆင်းရဲသားရဟန်းက မင်းကို သေချာပေါက် နှိမ်နင်းပြမယ်"

ဝူရှဲ့ရဟန်း၏ အသံမှာ ဟိန်းထွက်နေတော့သည်။ ကျိုကုန်းကျိန်းရန်မှာမူ အေးစက်စွာ ပြုံးလိုက်ပြီး သူ၏ ဝိညာဉ်ပုံရိပ်ကို မထုတ်ဖော်သေးပါချေ။ ထိုအစား သူ၏လက်ချောင်းများဖြင့် မုဒြာတစ်ခုကို ပြုလုပ်လိုက်ရာ သူ၏ နောက်ကျောတွင် အနက်ရောင် တံခါးကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။

ထိုတံခါးနောက်ကွယ်မှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါရှိသည့် မိစ္ဆာဘုရင် တစ်ပါး ထွက်ပေါ်လာ၏။

ထိုမိစ္ဆာမှာ တစ်ကိုယ်လုံး အနက်ရောင်မီးလျှံများ ဖုံးလွှမ်းနေပြီး အစွမ်းမှာ အလွန်ပင် ထက်မြက်လှသည်။ ကျိုကုန်းကျိန်းရန်က မှော်အတတ်ကို ဆက်လက်ထုတ်ဖော်လိုက်ရာ နောက်ထပ် နတ်ဆိုးသုံးပါး ထပ်မံပေါ်ပေါက်လာပြန်သည်။

နတ်ဆိုးလေးပါးမှာ နဂါးနှိမ်နင်းသူ ရဟန္တာကို ဝိုင်းရံထားလိုက်ကြပြီး သူတို့၏ အရှိန်အဝါများကို ပေါင်းစည်းလိုက်ကြတော့သည်။

"မင်းက ငရဲတောင် က လူဖြစ်နေတာကိုး၊ ဒါကြောင့်လည်း ဒီလောက်ထိ လူမဆန်ဘဲ ယုတ်မာနေတာပဲ"

ဟု ဝူရှဲ့ရဟန်းက ဆိုလိုက်သည်။

"ရဟန်းပျို... အမှန်တော့ ဒီနေ့ ငါလာတာက ဖိတ်စာလာကမ်းတာပါ"

ဟု ကျိုကုန်းကျိန်းရန်က ရယ်မောကာ ပြောလိုက်သည်။

"ဖိတ်စာ" ဝူရှဲ့ရဟန်းက မျက်မှောင်ကြုတ်သွား၏။

"ဟုတ်တယ်၊ မင်းကို ငါတို့ ငရဲတောင်ထဲကို သွင်းပေးဖို့ လာတာပဲ"

"မိစ္ဆာကောင် ပြောရဲလှချည်လား "

ဝူရှဲ့ရဟန်းမှာ အမျက်ဒေါသ ထွက်သွားတော့သည်။

နဂါးနှိမ်နင်းသူ ရဟန္တာသည် ဗုဒ္ဓဘာသာ၏ မဟာတန်ခိုးတော်များကို ထုတ်ဖော်လိုက်ပြီး နတ်ဆိုးတစ်ပါးကို ဖမ်းဆီးကာ သူ၏ခြေထောက်အောက်တွင် နင်းချေလိုက်တော့သည် ကျန်ရှိသော နတ်ဆိုးသုံးပါးမှာမူ အစွမ်းထက်လှသော လက်နက်များကို ထုတ်ဖော်ကာ ရဟန္တာထံသို့ တိုက်ခိုက်လာကြတော့သည်။

ဝုန်း... ဝုန်း... ဝုန်း

ကောင်းကင်ယံထက်တွင် ကြီးမားလှသော ပေါက်ကွဲသံများမှာ မရပ်မနား ထွက်ပေါ်လာနေသည်။

ဗုဒ္ဓဘာသာ၏ မဟာတန်ခိုးတော်များနှင့် မိစ္ဆာလမ်းစဉ်၏ မှော်အတတ်များမှာ ရေနှင့်မီးကဲ့သို့ တစ်ဖက်နှင့်တစ်ဖက် လုံးဝ အလျှော့မပေးဘဲ တိုက်ခိုက်နေကြတော့သည်။

ကျိုကုန်းကျိန်းရန်သည် နတ်ဆိုးလေးပါးကို ထိန်းချုပ်ကာ ဤတတိယအဆင့် ရဟန်းပျိုကို နှိမ်နင်းရန် အားထုတ်နေ၏။

အုန်းလင်းခရိုင်၏ စစ်တဲအတွင်း၌မူ

မဟာဗိုလ်ချုပ်ကြီး ဝေ့ဖင်ချွမ်းသည် စစ်တပ်များကို ဆုတ်ခွာရန် အမိန့်ပေးနေသည်။

ယခုအချိန်တွင် အစွမ်းထက်လှသော မိစ္ဆာကြီးသုံးပါး ပေါ်လာနေပြီဖြစ်ရာ စစ်ရှုံးဖို့မှာ အချိန်စောင့်ရန်သာ လိုတော့သည်။

ထိုစဉ် ရုတ်တရက်

သူ၏ နောက်ကျောဘက်တွင် တစ္ဆေအလား၊ နတ်ဘုရားအလား ဝိုးတဝါးမြင်နေရသည့် တစ်ပိုင်းတစ်စ မြင်သာသော လူရိပ်တစ်ခု ပေါ်ပေါက်လာ၏။

"ထိပ်တန်း သိုင်းပညာရှင်တစ်ယောက်ပဲ... သွေးချီအငွေ့အသက်တွေက တကယ်ကို ပြင်းထန်လှပါလား"

ဟု ထိုလူရိပ်က အေးစက်စွာ ပြုံးကာ ဆိုလိုက်သည်။

"မဟာဗိုလ်ချုပ်ကြီး... အမြန်ဆုတ်"

တာအိုဆရာအိုကြီး တစ်ဦးမှာ စိုးရိမ်တကြီး အော်ဟစ်လိုက်ပြီး၊ သူ၏လက်ထဲမှ အဝါရောင်အဆောင် တစ်ခုကို ချက်ချင်း ပစ်လွှတ်လိုက်တော့သည်။

ထိုအဆောင်မှ သန့်စင်လှသော အရှိန်အဝါများ ပေါက်ကွဲထွက်လာပြီး မိစ္ဆာနတ်ဆိုးများကို ချေမှုန်းနိုင်စွမ်းရှိသော စွမ်းအားများနှင့်အတူ ပျံထွက်သွားတော့သည်။

All Chapters