← Chapters

အခန်း (၁၅၃၁-၁၅၃၂)

Vol. 154 Ch. 1531-1532

အခန်း (၁၅၃၁-၁၅၃၂)

Vol. 154 Ch. 1531-1532

အခန်း (၁၅၃၁) - မထိရဲပါဘူး

ရှေးဦးလူသားတောင်သို့ စတင်ရောက်ရှိကတည်းက ဖန့်ချန်သည် ထိုမိန်းမစိုးအိုကြီးထံမှ ရင်းနှီးနေသော အငွေ့အသက်တစ်ခုကို ရရှိခဲ့သည်။

ထိုအနံ့အသက်မျိုးကို ရှေးဦးစွာ ရှုကျင်းထော် ထံတွင် တွေ့ဖူးခဲ့ခြင်းဖြစ်သည်။

ထိုသိုင်းရူးသည် ပုရွက်ဆိတ်မျှသာရှိသော လူသားခန္ဓာကိုယ်ဖြင့် ဟင်းလင်းပြင်ကို အတင်းအဓမ္မ ရိုက်ခွဲကာ ဟင်းလင်းပြင်စွမ်းအား ကို ထုတ်ယူနိုင်ခဲ့သူဖြစ်ရာ လောကတွင် တွေ့ရခဲလှပေသည်။

ဤမိန်းမစိုးအိုကြီးသည် ရှုကျင်းထော်နှင့် နှိုင်းယှဉ်လျှင် အခြေခံနှင့် ပါရမီပိုင်းတွင် များစွာကွာခြားသော်လည်း သိုင်းပညာကို လေ့လာလိုက်စားမှုအပိုင်းတွင်မူ လောကရှိ သိုင်းသမား ကိုးဆယ်ကိုး ရာခိုင်နှုန်းထက် များစွာ သာလွန်နေပြီဖြစ်သည်။

သူ၏ စွမ်းအားမှာ ကောင်းကင်အဆင့် အထွတ်အထိပ် ကို ကျော်လွန်သွားခဲ့ပြီဖြစ်ပြီး၊ ခုနက စွမ်းအားပေါက်ကွဲထွက်လာသည့် ခဏတွင် သူ၏ကိုယ်ပေါ်၌ ဟင်းလင်းပြင်စွမ်းအား အစအနတစ်ခု သိပ်သည်းနေသည်ကို တွေ့ရသည်။

"တကယ်လို့ ရှုကျင်းထော်သာ သူ့ကို အနည်းငယ် လမ်းညွှန်ပေးလိုက်မယ်ဆိုရင် မကြာခင်မှာပဲ သိုင်းနတ်ဘုရားဌာန ထဲမှာ ဒီမိန်းမစိုးအိုရဲ့ အစွမ်းက ဒုတိယနေရာအထိ ချိတ်နိုင်လောက်တယ်"

ဖန့်ချန် စိတ်ထဲမှ ရေရွတ်လိုက်မိသည်။

ယခုအခါ အောက်ဘက်ရှိ အခြေအနေမှာ မျက်တောင်တစ်ခတ်အတွင်း ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ အစက သားကောင်အဖြစ် ရှိနေခဲ့သော ဧကရာဇ်လေးသည် မိန်းမစိုးအိုကြီးက ထိပ်သီးပညာရှင် လေးဦးကို နှိမ်နင်းလိုက်ပြီးနောက်တွင် မြင့်မြတ်သော မုဆိုးတစ်ဦးအဖြစ် ချက်ချင်း ပြောင်းလဲသွားတော့သည်။

အခြေအနေများ ငြိမ်သက်သွားပြီးနောက် ပုန်ကန်သူများမှာ ခေါင်းငိုက်စိုက်ကျလျက် မြေပြင်ပေါ်တွင် ဒူးထောက်ကာ အပြစ်ပေးခံရရန် စောင့်ဆိုင်းနေကြရသည်။

"မိန်းမစိုးအို... မင်းရဲ့ သိုင်းပညာကျင့်ကြံမှုက တကယ်တော့ ဘယ်အဆင့်ကို ရောက်နေတာလဲ "

ချီပေရှန့်သည် သွေးများအန်လျက် ဒေါသတကြီး မေးလိုက်သည်။ သူ မကျေနပ်နိုင်ပေ။ မိမိသည် ဤမိန်းမစိုးအို၏ ပြိုင်ဘက်မဟုတ်လျှင်တောင် အင်အားစုအားလုံး ပူးပေါင်းလိုက်ပါက တစ်ဖက်လူကို နှိမ်နင်းနိုင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်းဖြစ်သည်။

သို့သော် တစ်ဖက်လူ၏ လက်ထဲတွင် သူသည် တစ်ကွက်ပင် မခံနိုင်ခဲ့ချေ။ ယခုမူ သူ၏ ကိုယ်တွင်းအင်္ဂါများအားလုံး ပျက်စီးသွားပြီဖြစ်ရာ သေရန်သာ ရှိတော့သည်။

"ဘယ်အဆင့်လဲ ဟုတ်လား"

မိန်းမစိုးအိုကြီးက အေးစက်စွာ ပြုံးလျက်

"ခဏတဖြုတ်တော့ စစ်ပွဲရပ်စဲခြင်း အဆင့်လို့ ခေါ်လိုက်ပါရစေ"

"စစ်ပွဲရပ်စဲခြင်း"

ချီပေရှန့်တို့ တစ်သိုက်မှာ ထိုစကား၏ အဓိပ္ပာယ်ကို နားလည်သွားပုံရပြီး ရုတ်တရက် ကျယ်လောင်စွာ ရယ်မောကြတော့သည်။ ရယ်လေ သွေးအန်လေပင် ဖြစ်သည်။

"တုန်းရှန့်မှာ ကံကြမ္မာ အရှိန်အဝါ ကုန်သွားပြီ "

"မင်းဆက်ပြောင်းမှာ အသေအချာပဲ။ မင်းလို မိန်းမစိုးတစ်ယောက်ကများ စစ်ပွဲကို ရပ်စဲချင်တယ် ဟုတ်လား ရယ်စရာပဲ "

"မင်း အခု အသက် ၈၀ ရှိပြီ၊ နောက်ထပ် ဘယ်နှစ်နှစ်လောက် နေရဦးမှာလဲ ဟားဟားဟား... ငါတို့ကတော့ မရဏလမ်းမှာ ကြိုစောင့်နေမယ် "

ထိုလေးဦးမှာ တစ်ယောက်ပြီးတစ်ယောက် အသက်ပျောက်သွားကြသည်။ သေခါနီးအထိ မိန်းမစိုးအိုကြီးထံ အသက်ဘေးမှ ချမ်းသာပေးရန် အသနားခံခြင်း မပြုခဲ့ကြပေ။

မိန်းမစိုးအိုကြီး၏ မျက်နှာထားမှာ မပြောင်းလဲသော်လည်း မျက်ဝန်းထဲတွင်မူ မှေးမှိန်သော ဝမ်းနည်းရိပ်တစ်ခု ဖြတ်ပြေးသွားသည်။

ဟုတ်ပေသည်။ သူ နောက်ထပ် ဘယ်နှစ်နှစ်လောက် ရှင်ရဦးမည်နည်း အကယ်၍ ဤအဆင့်ကို လွန်ခဲ့သော ၄၅ နှစ်ကတည်းက ရောက်ခဲ့လျှင် အရာအားလုံးက လွယ်ကူသွားပေလိမ့်မည်။

"ကျန်းကုန်းကုန်း... ဒီသစ္စာဖောက်တွေကို ဘယ်လို အပြစ်ပေးမလဲ "

ကလေးငယ်က ဒူးထောက်နေသော ပုန်ကန်သူများကို ညွှန်ပြကာ မေးလိုက်သည်။

"အရှင်မင်းကြီး... သူတို့ဟာ ရှေးဦးလူသားတောင်ကို လာရောက်နှောင့်ယှက်တဲ့အတွက် ဒီအပြစ်ဟာ သေဒဏ်ထိုက်ပါတယ်"

ဟု မိန်းမစိုးအိုကြီးက တိုးညှင်းစွာ လျှောက်တင်သည်။

"ဒါဆိုရင်... အကုန်သတ်လိုက်တော့"

ကလေးငယ်က ခေါင်းညိတ်လိုက်သည်။

သူ၏ အမိန့်တော်ကြောင့် ဦးခေါင်းပေါင်းမြောက်မြားစွာ မြေသို့ ခုတ်လှဲခံရပြီး ရှေးဦးလူသားတောင်ရှိ သွေးညှီနံ့မှာ ပိုမိုပြင်းထန်လာတော့သည်။

ထို့နောက် ကလေးငယ်သည် ပူဇော်ပွဲ၏ နောက်ဆုံးအဆင့်များကို ဆောင်ရွက်ကာ ရှေးဦးလူသားတောင်အား အဝေးမှ ဦးညွှတ်ဂါရဝပြုပြီးနောက် ထိုနေရာမှ ထွက်ခွာသွားခဲ့သည်။

နဂါးနက်လှေပေါ်တွင်မူ ဖန့်ရှောင်ပန်းက ထိုမြင်ကွင်းကိုကြည့်ကာ မနေနိုင်ဘဲ ရေရွတ်မိသည်။

"ကျွန်မ သူတို့အရွယ်တုန်းက ဒီလောက်အထိ ပြတ်သားတဲ့ စိတ်ဓာတ်မျိုး မရှိခဲ့ဘူး..."

ဖန့်ချန်က ပြုံးလိုက်ပြီး "သွားကြစို့"

နဂါးနက်လှေသည် ရှေးဦးလူသားတောင်ထဲသို့ ဖြည်းညှင်းစွာ ဝင်ရောက်သွားသည်။ ဤနေရာရှိ အစီရင်အတားအဆီးများသည် နဂါးနက်လှေနှင့် တွေ့သောအခါ အလိုအလျောက် ပွင့်သွားကြပြီး ရှေးဦးလူသားတောင်၏ တကယ့်အလှတရားများမှာ မျက်စိရှေ့တွင် ပေါ်ထွက်လာတော့သည်။

အပြင်ပန်းကြည့်လျှင် စိမ်းလန်းသော တောင်ကုန်းတစ်ခုမျှသာ ဖြစ်သော်လည်း အတွင်း၌မူ အလွန်လှပသော နတ်ဘုရားဘုံ တစ်ခု ဖြစ်နေသည်။

ရှားပါးသော ငှက်များနှင့် သားရဲများစွာ ရှိနေပြီး ပေပေါင်းသောင်းချီ မြင့်သော ရေတံခွန်ကြီးများမှာလည်း အဟုန်ဖြင့် စီးဆင်းနေကြသည်။

တောင်တန်းများမှာ သိပ်သည်းသော ဝိညာဉ်စွမ်းအားများဖြင့် ပြည့်နှက်နေလေသည်။

နဂါးနက်လှေ ပေါ်လာသည်ကို သတိပြုမိသော သားရဲအချို့မှာ လေကိုခွင်း၍ ရောက်ရှိလာကြပြီး ဟင်းလင်းပြင်၌ ဒူးထောက်ဦးချကြသည်။

နတ်ဗျိုင်းတစ်ကောင်က လူစကားပြောလာသည်

"ကျွယ်မင်နန်းတော်က မသေမျိုးများလား ခင်ဗျာ"

"ဟုတ်ပါတယ်"

ဖန့်ချန်က ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်

"ဒီနေရာကို မင်းက အုပ်ချုပ်နေတာလား"

နတ်ဗျိုင်းက အလျင်အမြန် ပြန်ပြောသည်

"မသေမျိုးကြီး အထင်မမှားပါနဲ့၊ ကျွန်တော်မျိုးက ဒီနေရာမှာ ပိုင်ရှင်မဲ့နေတုန်း သားရဲတွေက လာဖျက်ဆီးမှာစိုးလို့ စနစ်တကျဖြစ်အောင် ထိန်းသိမ်းပေးနေရုံတင်ပါ"

"မင်းမှာ အမည်နာမ ရှိသလား"

"မသေမျိုးကြီးခင်ဗျာ... ကျွန်တော်မျိုးကို ကျွယ်မင်နန်းတော်က မသေမျိုးတစ်ပါးက လုံဟဲ့ လို့ အမည်ပေးခဲ့ဖူးပါတယ်"

"လုံဟဲ့ လား... ကောင်းပြီ၊ နောက်ပိုင်းမှာလည်း ဒီနေရာက ကိစ္စအဝဝကို မင်းပဲ ဆက်ပြီး စီမံခန့်ခွဲလိုက်ပါ။ အရင်အတိုင်းပဲ ဆောင်ရွက်ပါ"

ဖန့်ချန်က ခေါင်းညိတ် ခွင့်ပြုလိုက်သည်။

လုံဟဲ့သည် အလွန်ဝမ်းသာသွားပြီး ခေါင်းကို တရစပ် ညိတ်ပြတော့သည်။ ထို့နောက် သူ၏ သားမြေးမြောက်မြားစွာကို ခေါ်ဆောင်ကာ နဂါးနက်လှေကို ဝန်းရံစောင့်ကြပ်လျက် ကျင့်ကြံရာ နယ်မြေ ဆီသို့ လမ်းပြခေါ်ဆောင်သွားခဲ့သည်။

"ဒီမှာ ကျင့်ကြံတဲ့အခန်းတွေ အများကြီးရှိတယ်၊ မင်းတို့ ကြိုက်ရာကို ရွေးကြပါ "

ဖန့်ချန်က ပြုံးလျက်

"အရမ်းအရေးမကြီးရင်တော့ အပြင်က လူသားတွေရဲ့ ကိစ္စတွေမှာ သွားမပတ်သက်ကြနဲ့ဦး။ တကယ်လို့ စိတ်ဝင်စားတယ်ဆိုရင်တော့ ရုပ်ဖျက်ပြီး လူသားလောကထဲမှာ လှည့်လည်သွားလာလို့ ရပါတယ်"

"ဟုတ်ကဲ့ပါ" ဟု လူတိုင်းက ပြိုင်တူ ထူးကြသည်။

ဖန့်ထျန်းဇွန်နှင့် ဖန့်ရွှမ်ယန်တို့အတွက် ကျင့်ကြံခန်းများ စီစဉ်ပေးပြီးနောက် ဖန့်ချန်သည် ဖန့်ရှောင်ထျန်းနှင့် ဖန့်ရှောင်ပန်းတို့ကို ခေါ်ကာ ယင်လောက သို့ တစ်ခေါက် သွားရန် ပြင်ဆင်လိုက်သည်။

"ဒါက နယ်နိမိတ်ဘူးသီး ပဲ၊ မင်းတို့နှစ်ယောက် အထဲမှာ ခဏနေရမယ်။ အထဲမှာ ဓာတ်ကြီးငါးပါး မူလစွမ်းအား တွေ ရှိတယ်၊ သတိထားနော်... ကိုယ့်ကိုယ်ကိုယ် မထိခိုက်အောင်လို့ အလွယ်တကူ သွားမစုပ်ယူမိစေနဲ့ဦး"

ဖန့်ချန်က မှာကြားလိုက်သည်။

သူတို့နှစ်ယောက်၏ ကျင့်ကြံမှုမှာ မမြင့်မားသေးရာ ဤမျှစင်ကြယ်သော မူလစွမ်းအားများကို စုပ်ယူမိပါက အခြေခံကို ထိခိုက်သွားနိုင်သည်။

သူတို့နှစ်ယောက်မှာ လေးနက်စွာ ခေါင်းညိတ်ပြသော်လည်း အနည်းငယ်တော့ ဇဝေဇဝါ ဖြစ်နေကြသည်။

"အစ်ကိုကြီး... ကျွန်တော်တို့ ဘယ်ကို သွားကြမှာလဲ"

ဟု ဖန့်ရှောင်ထျန်းက မေးသည်။

"ရောက်ရင် သိပါလိမ့်မယ်"

ဖန့်ချန်က ပြုံးလျက် သူတို့နှစ်ယောက်ကို ဘူးသီးထဲသို့ သိမ်းလိုက်ပြီးနောက် ဘူးသီးကို ဆွဲကာ အဆုံးမရှိသော မြူဖြူများကြားထဲသို့ လှည့်ဝင်သွားခဲ့သည်။

ယခုတစ်ကြိမ်တွင် သူသည် လူသားခန္ဓာကိုယ်ဖြင့် ယင်လောကသို့ ဆင်းသက်ခြင်းဖြစ်ရာ ကျွယ်မင်ယင်လောက၏ အမာခံတပည့်အချို့နှင့် မဆုံမိအောင် သတိထားရမည်ဖြစ်သည်။ သို့မဟုတ်ပါက အကြည့်ခံရလျှင် သဲလွန်စများ ပေါ်သွားနိုင်သည်။

ကံကောင်းသည်မှာ သူ၏ အမာခံတပည့်အဆင့်အတန်းကြောင့် လမ်းတစ်လျှောက်တွင် အတားအဆီးမရှိဘဲ ကျွယ်မင်ယင်လောကမှ လွယ်ကူစွာ ထွက်ခွာနိုင်ခဲ့ပြီး ဝမ်ချွမ်းမြစ် ဘက်သို့ ပျံသန်းခဲ့သည်။

လမ်းတွင် သူသည် ယင်မြို့တော်တစ်ခုကို ဖြတ်ကျော်စဉ်က ဤနေရာ၌ သူထားခဲ့ဖူးသော မဟာရှနိုင်ငံမှ စစ်သည်ဟောင်းများကို ဝင်ကြည့်ခဲ့သည်။

စစ်သည်ဟောင်း အချို့ လျော့နည်းနေသည်ကို တွေ့ရသဖြင့် မေးမြန်းကြည့်ရာ ကျန်နေသော စစ်သည်များက သူတို့၏ နည်းလမ်းများဖြင့် ကျွယ်မင်ယင်လောကထဲသို့ ခိုးဝင်သွားကြပြီဖြစ်ကြောင်း ပြောပြသည်။

ကျန်နေခဲ့သော စစ်သည်များမှာ အခွင့်အရေး မရကြသေးသူများဖြစ်ရာ ဖန့်ချန်က မေးမြန်းသောအခါ မျက်နှာတွင် ရှက်ရွံ့ရိပ်များ ပေါ်နေကြသည်။ ဖန့်ချန်က သူတို့ကို အားပေးစကားပြောပြီးနောက် ခရီးဆက်ခဲ့သည်။

သူ ဝမ်ချွမ်းမြစ်သို့ ရောက်ရှိသောအခါ ဟင်းလင်းပြင်မှ တံတားတစ်စင်းသည် အလိုအလျောက် ဆန့်ထွက်လာသည်။ တံတားပေါ်သို့ လှမ်းတက်လိုက်သည်နှင့် ထိုတံတားသည် မရဏမြစ်၏ အနက်ရှိုင်းဆုံးဆီသို့ တစ်ခဏချင်း ပျောက်ကွယ်သွားတော့သည်။

ယင်လောကငယ်၊ ပိုင်ယွဲ့မြို့တော်

ဤနေရာသည် လူသားလောကရှိ မဟာရှနိုင်ငံနှင့် ဆက်စပ်နေသော နေရာဖြစ်သည်။

ဖန့်ချန်သည် ဤနေရာသို့ မရောက်ဖြစ်သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ ထိုစဉ်က ထိုနေရာမှာပင် ရှောင်းနတ်ဘုရားမ နှင့် ရှယွီ တို့ကို ဆုံတွေ့ခဲ့ရသည်ကို သူ မှတ်မိနေသေးသည်။

ယခင် ပိုင်ယွဲ့မြို့နှင့် နှိုင်းယှဉ်လျှင် ယခုအခါ ပို၍ စည်ကားသာယာနေပြီဖြစ်သည်။

လမ်းမပေါ်တွင် ယခင်ကကဲ့သို့ ယင်သက်တမ်း မလုံလောက်၍ ဆာလောင်မွတ်သိပ်နေသော ဝိညာဉ်သူဖုန်းစားများကို မတွေ့ရတော့ပေ။

ယင်လောကငယ်လေး၏ ဌာနအသီးသီး စတင်လည်ပတ်လာကတည်းက ဤနေရာရှိ စနစ်တကျရှိမှုမှာ ပိုမိုခိုင်မာလာပြီး အစောပိုင်းကာလများကကဲ့သို့ ရှုပ်ထွေးပွေလီသော ခံစားချက်မျိုး မရှိတော့ချေ။

လမ်းမများပေါ်တွင်လည်း ယင်စစ်သည်ဌာန မှ စစ်သည်များမှာ လုံခြုံရေးအတွက် လှည့်ကင်းလှည့်နေကြသည်။

"မင်း ဘယ်လိုဖြစ်တာလဲ ငါက မင်းရဲ့ကိစ္စကို ကူညီပေးရင် ငါ့ကို ယင်သက်တမ်း ၅ နှစ် ပေးမယ်လို့ ပြောထားပြီးသားလေ။ ဘာလို့ အခုမှ ၂ နှစ် လျှော့ပြီး ၃ နှစ်ပဲ ပေးရတာလဲ မမေ့နဲ့ဦး... ငါက ယင်လောကကို ကူးပြောင်းသူ တစ်ယောက်ပဲ၊ မင်းရဲ့ ဒီလို အနိုင်ကျင့်တာကို ငါက ခံရမှာလား "

"မင်းက ယင်လောကကူးပြောင်းသူ ဖြစ်တော့ ဘာဖြစ်လဲ ငါက ဘယ်သူလဲဆိုတာ မင်းသိလား၊ ငါက မဟာရှနိုင်ငံရဲ့ တော်ဝင်မျိုးနွယ်ပဲ၊ ငါ့မျိုးရိုးက ရှ ကွ "

"မင်း... မင်း မျိုးရိုးက ရှ လား မထိရဲပါဘူး၊ မထိရဲပါဘူးဗျာ... ကျွန်တော်မျိုး အခုပဲ စော်ကားမိသွားပါတယ်၊ သွားပြီဗျို့ "

ယင်လောကကူးပြောင်းသူ တစ်ဦးသည် ဖန့်ချန်နှင့် ပုခုံးချင်းတိုက်လျက် ဖြတ်ကျော်သွားရာ သူ၏ ကျောပြင်မှာ ကြောက်ရွံ့တုန်လှုပ်နေပုံရသည်။

အခြားတစ်ဖက်တွင်မူ ဝဖြိုးသန်မာသော လူငယ်တစ်ဦးသည် ဂုဏ်ယူဝင့်ကြွားစွာ ရယ်မောနေပြီး သူ၏ ဘေးတွင် ဝိညာဉ်အချို့က ဝိုင်းအုံ၍ မြှောက်ပင့်ဖားယားနေကြသည်။

ထိုအချိန်တွင် ဇောင်ယင်းဌာနမှ အရာရှိတစ်ဦး ဖြတ်သွားသော်လည်း ဤမြင်ကွင်းကို မြင်သောအခါ ချက်ချင်း ခေါင်းလွှဲကာ ထွက်သွားပြီး ဝင်ရောက်စွက်ဖက်မည့် အရိပ်အယောင်ပင် မပြပေ။

ဖန့်ချန်က ပြုံးလိုက်ပြီး သူ၏ ကိုယ်လုံးမှာ နေရာမှာတင် ပျောက်ကွယ်သွားသည်။ သူ ပြန်ပေါ်လာသောအခါတွင်မူ ထိုကြောက်လန့်တကြား ထွက်ပြေးသွားသော ယင်လောကကူးပြောင်းသူ၏ ရှေ့တွင် ရောက်နေလေပြီ။

"အဲ့ဒီ ၂ နှစ်စာ ယင်သက်တမ်းကို မယူတော့ဘူးဆိုရင် ရပြီမလား ဘာလို့ ငါ့ကို ဒုက္ခလာပေးနေရတာလဲ၊ ကံဆိုးလိုက်တာ... ရော့၊ ဒီ ၃ နှစ်စာ ယင်သက်တမ်း ဒင်္ဂါးပြားတွေကိုလည်း မင်းပဲ ယူလိုက်တော့"

တစ်ဖက်လူသည် ဖန့်ချန်ကို ထိုတော်ဝင်မျိုးနွယ်က လွှတ်လိုက်သူဟု ထင်မှတ်ကာ မကျေမနပ်ဖြင့် ယင်သက်တမ်းဒင်္ဂါး ၃ ပြားကို ထုတ်၍ ဖန့်ချန်အား ကမ်းပေးလိုက်လေတော့သည်။

အခန်း (၁၅၃၂) - မင်း သတင်းလည်း တော်တော်နှံ့တာပဲ

ဖန့်ချန်သည် ကမ်းပေးလာသော ယင်သက်တမ်းဒင်္ဂါးများကို လှမ်းမယူဘဲ ထိုယင်လောကကူးပြောင်းသူကိုသာ အကဲခတ်ကြည့်နေမိသည်။

တစ်ဖက်လူ၏ အရှိန်အဝါမှာ မမြင့်မားလှပေ၊ အခြေခံတည်ဆောက်ခြင်း အဆင့်ရှိ ကျင့်ကြံသူတစ်ဦးသာ ဖြစ်သည်။

ပိုင်ယွဲ့မြို့တော်တွင် ယင်လောကကူးပြောင်းနိုင်သည်ဆိုလျှင် ထိုသူသည် မဟာရှနိုင်ငံ၏ ဒေသခံကျင့်ကြံသူတစ်ဦး ဖြစ်ပေလိမ့်မည်။

"အခြေခံတည်ဆောက်ခြင်းအဆင့်တောင် ယင်လောကကူးနိုင်နေပြီဆိုတော့ မြေဝက်ဝံကြယ် မှာ ယင်လောကကူးပြောင်းခြင်းအတတ်က တော်တော်လေး ပျံ့နှံ့နေပြီထင်တယ်။ ဒါက ယင်လောကငယ်လေးအတွက်တော့ အကျိုးအမြတ်တွေ အများကြီးရှိနိုင်တာပဲ၊ သုံးစွဲမှုကို မြှင့်တင်ပေးနိုင်တာကိုး"

ဟု ဖန့်ချန် တွေးလိုက်မိသည်။

"ဘာဖြစ်လို့လဲ ငါ့ဆီကနေ ယင်သက်တမ်းဒင်္ဂါးတွေ ထပ်လိုချင်နေတာလား အဲ့လိုတော့ မလုပ်နဲ့လေ၊ ဒါက လွန်လွန်းရာကျတယ်... ငါ လူ့လောက ပြန်ရောက်ရင် ကျင်းတူးမြို့တော်အထိ သွားပြီး အရေးဆိုတိုင်တန်းပစ်မယ်နော်"

ထိုအခြေခံတည်ဆောက်ခြင်းအဆင့် ယင်လောကကူးပြောင်းသူသည် ဖန့်ချန်ထံမှ ဘာတုံ့ပြန်မှုမျှ မရသဖြင့် မျက်ဝန်းထဲတွင် ဒေါသရိပ်များ ဖြတ်ပြေးသွားတော့သည်။

"အခု မဟာရှနိုင်ငံထဲမှာ မင်းလို အခြေခံတည်ဆောက်ခြင်းအဆင့်တွေ အများကြီး ရှိသလား"

ဖန့်ချန်က ပြုံး၍ မေးလိုက်သည်။

"မင်းက အဲ့ဒီ တော်ဝင်မျိုးနွယ် လွှတ်လိုက်တဲ့လူ မဟုတ်ဘူးလား "

တစ်ဖက်လူမှာ ခေတ္တမျှ မှင်တက်သွားပြီးမှ မျက်မှောင်ကြုတ်ကာ ဆိုသည်။

"ငါလို အခြေခံတည်ဆောက်ခြင်းအဆင့်က မဟာရှမှာတော့ ဘာမှမဟုတ်ပါဘူး၊ ဒါပေမဲ့ အနိမ့်ဆုံးအဆင့်တော့ မဟုတ်ဘူးပေါ့... ပထမတန်းစား ပညာရှင်လို့တော့ ပြောလို့ရတယ်။ မဟာရှထဲမှာ ရွှေအမြုတေတို့ ဝိညာဥ်သန္ဓေသားအဆင့် တို့တောင် မရှားပါဘူး"

"အလယ်သုံးဆင့် ကျင့်ကြံသူကော ရှိလား"

"အလယ်သုံးဆင့်လား မဟာရှဧကရာဇ် တစ်ယောက်ပဲ ရှိမယ်ထင်တယ်..."

တစ်ဖက်လူကလည်း သေချာတော့ မသိပေ။

ဖန့်ချန်က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

ဤနှစ်များအတွင်း သူ အတွေ့အကြုံများစွာ ရခဲ့သော်လည်း မဟာရှနိုင်ငံအတွက်မူ ရာစုနှစ်အနည်းငယ်မျှသာ ကုန်ဆုံးခဲ့ခြင်း ဖြစ်သည်။

ဤမျှသော အချိန်ကာလသည် ကျင့်ကြံခြင်းလောကအတွက် အလွန်မကြာလှပေ။

ရာစုနှစ်အနည်းငယ်အတွင်း မဟာရှနိုင်ငံ၌ ဒေသခံအခြေခံတည်ဆောက်ခြင်း နှင့် ရွှေအမြုတေအဆင့်များ ပေါ်ထွက်လာခြင်းသည်ပင် တိုးတက်မှု အလွန်မြန်ဆန်နေပြီဖြစ်ကာ ကျင့်ကြံခြင်းလောက၏ အခြေခံပုံစံ ပေါ်ပေါက်နေပြီဟု ဆိုနိုင်သည်။

"မိတ်ဆွေကလည်း ယင်လောကကူးပြောင်းသူပဲမလား ကျွန်တော် အကြံပေးပါရစေ... ပိုင်ယွဲ့မြို့မှာ ယင်လောကကူးရင် အဲ့ဒီ တော်ဝင်မျိုးနွယ်တွေရဲ့ အလုပ်ကို လက်မခံပါနဲ့၊ သူတို့နဲ့ ဆွေမျိုးတော်စပ်တဲ့သူတွေရဲ့ အလုပ်ကိုလည်း မယူနဲ့... ဒုက္ခတော်တော်များတယ်"

တစ်ဖက်လူသည် ဖန့်ချန်၏ အဆင့်အတန်းကို ခန့်မှန်းမိပုံရပြီး စေတနာဖြင့် သတိပေးလာသည်။

"ဘာကြောင့်လဲ မဟာရှတော်ဝင်မျိုးနွယ်က ဘာထူးခြားလို့လဲ ငါသိသလောက်တော့ အခု ယင်လောကငယ်လေးက စနစ်တကျ ရှိနေပြီလေ... တခြားသူတွေက ဒီမှာ လာပြီး ဗိုလ်ကျစိုးမိုးနေလို့ ရသေးတာလား သူတို့ထဲက တစ်ယောက်ယောက်က ပိုင်ယွဲ့မြို့မှာ အရာရှိကြီး လုပ်နေလို့လား "

ဖန့်ချန်က စိတ်ဝင်တစား မေးလိုက်သည်။

"မင်းက ဘာမှမသိသေးပါလား"

တစ်ဖက်လူသည် ဖန့်ချန်ကို ရင်ဖွင့်တိုင်တန်းခြင်းဖြင့် သူ၏ မကျေနပ်ချက်များကို လျှော့ချချင်ပုံရကာ အသံကိုနှိမ့်၍ ဆိုသည်။

"မဟာရှတော်ဝင်မျိုးနွယ်ဟာ အထက်မြို့တော် ဘက်က လူကြီးလူကောင်း တစ်ယောက်ယောက်နဲ့ ပတ်သက်မှုရှိတယ်လို့ ကျွန်တော်တို့ ကြားထားတယ်"

"ဒါတွေက ကောလာဟလတွေ ဖြစ်နိုင်သလို ဘယ်သူကမှလည်း ထွက်ပြီး အတည်မပြုနိုင်ကြဘူး။ ဒါပေမဲ့ ဒီက ဌာနအသီးသီးက တော်ဝင်မျိုးနွယ်တွေအပေါ် အထူးအခွင့်အရေး ပေးထားတာကို ကြည့်ရင် သိနိုင်တာပဲ"

"နောက်ပြီး မဟာရှမိဖုရားကြီး ရှိသေးတယ်... သူ သေပြီးတဲ့နောက် ပိုင်ယွဲ့မြို့ထဲမှာ အဆင့်အတန်း အလွန်မြင့်မားသွားတာ။ အင်အားကြီးတဲ့ ယင်လောကကူးပြောင်းသူ အတော်များများက သူ့ရှေ့မှာ ရိုရိုသေသေ ရှိနေကြတာကို ကျွန်တော် ကိုယ်တိုင် မြင်ဖူးတယ်"

"မဟာရှမိဖုရားကြီးလား"

ဖန့်ချန်၏ မျက်နှာထားမှာ ရှုပ်ထွေးသွားတော့သည်။ အကယ်၍ အမှားအယွင်းမရှိဘူးဆိုလျှင် ထိုသူမှာ သူ၏ အဒေါ်ပင် ဖြစ်ပေလိမ့်မည်။

"အဒေါ်က ကျင့်ကြံမှုမှာ မအောင်မြင်ခဲ့ဘဲ သက်တမ်းကုန်သွားခဲ့တာပဲ...အဖေနဲ့အမေတို့တောင် ထူးခြားသူတွေ ဖြစ်လာနိုင်တာပဲ၊ အဖိုးက ဘာလို့ အဒေါ့်ကို အဲ့ဒီလမ်းကို မပေးခဲ့တာလဲ ဒါမှမဟုတ် တခြား အစီအစဉ် ရှိနေလို့လား "

ဖန့်ချန် စိတ်ထဲမှ တွေးတောနေမိသည်။

အနည်းငယ် ဝမ်းနည်းသော်လည်း အလွန်အမင်းတော့ မဟုတ်ပေ။ အကြောင်းမှာ ဝိညာဉ်ရှိနေသရွေ့ သေဆုံးသည်ဟု မဆိုနိုင်သောကြောင့် ဖြစ်သည်။

ယင်လောကသို့ ရောက်ရှိသွားပြီး ယင်သက်တမ်းသာ အဆက်မပြတ် ရှိနေမည်ဆိုပါက ၎င်းသည်လည်း တစ်နည်းအားဖြင့် ထာဝရရှင်သန်ခြင်းပင် မဟုတ်ပါလား။

"အေး... မပြောတော့ဘူး၊ မပြောတော့ဘူး၊ ဟိုလူ လာနေပြီ"

တစ်ဖက်လူသည် စကားတစ်ခွန်း ချန်ထားခဲ့ကာ ချက်ချင်း ထွက်ပြွာရန် ပြင်လိုက်သည်။

ဖန့်ချန်က သူ၏ ဝတ်ရုံစကို လှမ်းဖမ်းထားလိုက်သည်။

"ခဏနေပါဦး၊ မင်း တရားမျှတမှုကို မလိုချင်ဘူးလား ယင်သက်တမ်း ၅ နှစ်လို့ ပြောထားရင် ၅ နှစ် အပြည့်ရရမယ်လေ... စည်းကမ်းဖောက်ဖျက်တာကို ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ "

"မင်း ငါ့ကို ဘာလို့ ဆွဲထားတာလဲ"

တစ်ဖက်လူ၏ မျက်နှာမှာ ပြာနှမ်းသွားတော့သည်။ သူ ရုန်းထွက်ရန် ကြိုးစားသော်လည်း အင်အားတစ်ခုက သူ့ကို ချုပ်နှောင်ထားသကဲ့သို့ ဖြစ်နေသဖြင့် လုံးဝ မလှုပ်နိုင်တော့ချေ။

မိမိကိုယ်ကို မဟာရှတော်ဝင်မျိုးနွယ်ဟု ဆိုသော ဝဖြိုးသော လူငယ်သည် လူတစ်စုကို ခေါ်ဆောင်ကာ ဝင့်ကြွားစွာ လျှောက်လာသည်ကို သူ မျက်တောင်မခတ်ဘဲ ကြည့်နေရတော့သည်။

"မင်း ခုနက ဒီလူနဲ့ ဘာတွေ တိုးတိုးတိတ်တိတ် ပြောနေတာလဲ ဘာအတင်းတွေ ပြောနေကြတာလဲ ငါတို့ရဲ့ အရောင်းအဝယ်ကို မကျေနပ်လို့လား "

ဝဖြိုးသော လူငယ်သည် လျှောက်လာသည်နှင့် ထိုအခြေခံတည်ဆောက်ခြင်းအဆင့် ယင်လောကကူးပြောင်းသူကို လက်ညှိုးငေါ့ငေါ့ထိုးကာ ဆိုသည်။

"လာစမ်း... ငါ မင်းကို သေသေချာချာ ပြောပြရဦးမယ်။ ငါ အချစ်ဆုံး မိန်းကလေး အချို့ကို အောက်ကို ခေါ်လာပေးဖို့ ခိုင်းတာကို မင်း လုပ်ပေးနိုင်ခဲ့လား မင်း မလုပ်ပေးနိုင်ခဲ့ဘူးမလား ဒါတောင် ငါက မင်းကို ယင်သက်တမ်း ၃ နှစ် ပေးထားသေးတယ်... ဒါကို မကျေနပ်သေးဘူးလား "

"ကျွန်တော်မျိုးကို ဒုက္ခမပေးပါနဲ့တော့ဗျာ... အရှင်က သတင်းစကား တစ်ခွန်း ပါးခိုင်းလို့သာ ကျွန်တော်က ဒီအလုပ်ကို လက်ခံခဲ့တာပါ။

အဲ့ဒီမိန်းကလေးတွေက သတင်းစကားကို ကြားပြီးတော့ အရှင်နဲ့အတူ လိုက်လာဖို့ အဆင်မပြေဘူးလို့ ပြောကြတာကို ကျွန်တော်လည်း ဘာတတ်နိုင်မှာလဲ"

ယင်လောကကူးပြောင်းသူက စိတ်ပျက်လက်ပျက်ဖြင့် ဆိုသည်။

"သတင်းစကားလို့ ပြောပေမဲ့ အဲ့ဒီထဲက အဓိပ္ပာယ်ကို မင်းက မသိဘူးလား သူတို့ မသိရင်တောင် မင်းက မသိဘူးလား "

ဝဖြိုးသော လူငယ်က ဒေါသတကြီး အော်ဟစ်သည်

"ဒီနေရာမှာ ငါ ဘယ်လောက် ပျင်းနေရသလဲဆိုတာ မင်းသိလား ငါက သူတို့ကို ဒီကို ဆင်းလာပြီး ငါနဲ့အတူ အဖော်လုပ်ပေးစေချင်ရုံတင်ပဲလေ... ဒါက လွန်လွန်းသလား။

မင်းက ယင်လောကကူးပြောင်းသူ ဖြစ်ပြီးတော့ အခြေခံတည်ဆောက်ခြင်း အဆင့်လည်း ဖြစ်နေတာကို... ဒီကိစ္စလေး တစ်ခုတောင် မအောင်မြင်ဘူးလား "

"ဒါဆိုရင် တခြား ယင်လောကကူးပြောင်းသူ တစ်ယောက်ယောက်နဲ့ပဲ ထပ်စမ်းကြည့်ပါတော့လားဗျာ... အဲ့ဒီ ၃ နှစ်စာ ယင်သက်တမ်းကိုလည်း ကျွန်တော် မယူတော့ပါဘူး"

ယင်လောကကူးပြောင်းသူသည် ၃ နှစ်စာ ယင်သက်တမ်းကို ပြန်ပေးရန် ကြိုးစားသော်လည်း မိမိမှာ ချုပ်နှောင်ခံထားရသဖြင့် လှုပ်မရသည်ကို သတိရသွားကာ စိတ်ထဲတွင် အလွန် ပူပန်နေတော့သည်။

"မင်းက ယင်လောကကူးပြောင်းသူကို မင်းအတွက် လူ့လောကမှာ လူသွားသတ်ခိုင်းတာလား ရန်ငြိုးရန်စ ရှိလို့ဆိုရင်တော့ ထားပါတော့... မင်း ဒီမှာ ပျင်းနေလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ မိန်းကလေး အချို့ကို အတင်းအဓမ္မ ခေါ်ခိုင်းတာလား "

ဖန့်ချန်က ဝဖြိုးသော လူငယ်ကို ပြုံးစစဖြင့် ကြည့်ကာ မေးလိုက်သည်။

တစ်ဖက်လူသည် မည်သည့် မျိုးဆက်မှ တော်ဝင်မျိုးနွယ် ဖြစ်သည်မသိ၊ အနည်းဆုံးတော့ ရုပ်ရည်အားဖြင့် ရင်းနှီးသော အမှတ်အသား အစအနမျှပင် မရှိချေ။

"မင်းက ဘယ်ကမို့လို့လဲ ငါ သူနဲ့ စကားပြောတာ မင်းနဲ့ ဘာဆိုင်လဲ၊ မင်းက ဘာလို့ ဝင်ပါနေရတာလဲ"

ဝဖြိုးသော လူငယ်သည် ဖန့်ချန်ကို ကြည့်ကာ မဲ့ပြုံးပြုံးလျက် ခြိမ်းခြောက်လိုက်သည်။

"ငါ ဘယ်သူလဲဆိုတာ သိလား "

"သိတာပေါ့... မဟာရှတော်ဝင်မျိုးနွယ် မဟုတ်လား"

"သိရဲ့သားနဲ့ ဘာလို့ တတွတ်တွတ် လာပြောနေတာလဲ"

"မဟာရှတော်ဝင်မျိုးနွယ်က လူကို အလုပ်ခိုင်းရင် ယင်သက်တမ်းဒင်္ဂါးကို အပြည့်မပေးလို့ ရတယ်လား။ ငါမှတ်မိသလောက်တော့ ဇောင်ယင်းဌာန မှာ ဒီကိစ္စနဲ့ ပတ်သက်လို့ ပြည့်စုံတဲ့ စည်းကမ်းချက်တွေ ရှိတယ်လေ။ ယင်လောကကူးသူက စည်းကမ်းဖောက်တာပဲဖြစ်ဖြစ်၊ ဝိညာဉ်က စည်းကမ်းဖောက်တာပဲဖြစ်ဖြစ် သက်ဆိုင်ရာ အပြစ်ပေးမှုတွေ ရှိတာပဲ"

ဟု ဖန့်ချန်က ဆိုသည်။

"ဇောင်ယင်းဌာန ပိုင်ယွဲ့မြို့မှာ ဇောင်ယင်းဌာန မရှိဘူး၊ မဟာရှတော်ဝင်မျိုးနွယ်ပဲ ရှိတယ်... မင်းက ဒီအချက်ကိုတောင် နားမလည်ဘူးလား အခုမှ ရောက်ဖူးတာလား "

ဝဖြိုးသော လူငယ်က ဟားတိုက်ရယ်မောလိုက်ရာ သူ၏ ရယ်သံမှာ ဝင့်ကြွားမှုများဖြင့် ပြည့်နှက်နေသည်။

ဘေးနားရှိ ဝိညာဉ်အုပ်စုကလည်း ဝိုင်းဝန်းမြှောက်ပင့်ပေးကြရင်း ဖန့်ချန်ကို ရန်စသော အကြည့်များဖြင့် ကြည့်နေကြသည်။

"မိတ်ဆွေ... စကားကို လျှော့ပြောပါတော့ဗျာ"

ထိုအခြေခံတည်ဆောက်ခြင်းအဆင့် ယင်လောကကူးပြောင်းသူက ဖန့်ချန်ကို အသနားခံသော မျက်ဝန်းဖြင့် ကြည့်နေရှာသည်။

"မင်းတို့က ဘာလို့ ပုန်းလျှိုးကွယ်လျှိုး လုပ်နေကြတာလဲ သူက ဇောင်ယင်းဌာနရဲ့ စည်းကမ်းကို ဖောက်ဖျက်နေတယ်၊ ယင်လောကငယ်လေးရဲ့ စည်းကမ်းကို ဖောက်ဖျက်နေတာကို သိသိကြီးနဲ့ ဘာလို့ ထွက်ပြီး အပြစ်မပေးကြတာလဲ မင်းတို့ ဇောင်ယင်းဌာနက မလုပ်ရဲဘူးဆိုရင် တရားသူကြီးဌာန ကို လွှဲပေးလိုက်ရင် မရဘူးလား "

ဖန့်ချန်က လူအုပ်ကြားထဲမှ ထောင့်တစ်နေရာသို့ ရုတ်တရက် လှမ်းကြည့်လိုက်သည်။

ဇောင်ယင်းဌာန ဝတ်စုံ ဝတ်ထားသော အငယ်တန်းအရာရှိ အချို့မှာ ချက်ချင်းပင် စိတ်ပျက်လက်ပျက် ဖြစ်သွားကြပြီး ပြန်ထူးရမလို၊ မထူးရမလိုဖြင့် ဝေခွဲမရ ဖြစ်ကုန်ကြသည်။

"ဒီလူက ဘယ်သူလဲ အခုမှ ရောက်လာတာလား တကယ်ကို သတ္တိရှိတာပဲ... မဟာရှတော်ဝင်မျိုးနွယ်နဲ့ ရန်စရဲတယ်ဆိုတော့....."

"မဟာရှတော်ဝင်မျိုးနွယ်က ဒီနှစ်ပိုင်းမှာ တော်တော်လေး လွန်လာကြတာ။ ငါလည်း သူတို့လက်ထဲမှာ ယင်သက်တမ်းဒင်္ဂါး အတော်များများ ဆုံးရှုံးဖူးတယ်"

ဘေးပတ်ဝန်းကျင်ရှိ ယင်လောကကူးပြောင်းသူ အတော်များများကလည်း ဤမြင်ကွင်းကို ကြည့်ကာ တိုးတိုးတိတ်တိတ် ပြောဆိုနေကြသည်။

"တွေ့လား... ဇောင်ယင်းဌာနက ဒီကိစ္စကို စွက်ဖက်ရဲလို့လား ငါ့ကို တရားသူကြီးဌာနကို လွှဲပေးဦးမလို့လား မင်းကိုယ်မင်း ဘယ်သူများ မှတ်နေလို့လဲအခု အထက်မြို့တော်မှာရှိတဲ့ တရားသူကြီးဌာနရဲ့ အကြီးအကဲ ကိုယ်တိုင်ကတောင် ငါတို့ မဟာရှနိုင်ငံရဲ့ အရာရှိဟောင်း တစ်ယောက်ပဲ "

ဝဖြိုးသော လူငယ်သည် ရင်ကိုကော့ကာ ဂုဏ်ယူစွာ ပြောလိုက်သည်။

"သူက ငါ့ကို စစ်ဆေးရဲပါ့မလား "

"မင်း သတင်းလည်း တော်တော်နှံ့တာပဲ"

ဖန့်ချန်သည် ပြဿနာ၏ အရင်းအမြစ်ကို နောက်ဆုံးတော့ ရှာတွေ့သွားခဲ့ပြီ ဖြစ်သည်။

ဒီလူငယ်က အထက်မြို့တော်မှာ ရှကျီ ရဲ့ အဆင့်အတန်းကို သေသေချာချာ သိပုံမရသလို၊ ဖန့်ချန် ရှိနေတာကိုလည်း သိပုံမရချေ။

သို့သော် ကျန်းယွီရှု သည် မဟာရှနိုင်ငံ၏ အရာရှိဟောင်း ဖြစ်ခဲ့သည်မှာ အမှန်ပင်။

ဘယ်သူက သတင်းဖြန့်လိုက်သည်မသိ၊ ထို့ကြောင့်လည်း မဟာရှတော်ဝင်မျိုးနွယ်သည် ဤမျှအထိ ဝင့်ကြွားနေကြခြင်းဖြစ်ကာ ထိုနေရာရှိ ဌာနအသီးသီးကလည်း ဝင်မစွက်ဖက်ရဲကြခြင်း ဖြစ်ပေလိမ့်မည်။

All Chapters