အခန်း (၁၅၃၃-၁၅၃၄)
Vol. 154 Ch. 1533-1534
အခန်း (၁၅၃၃) - သီချင်းနားထောင်တာပါ
"ဟင်း..."
"အထက်မြို့တော် တရားသူကြီးဌာနရဲ့ အကြီးအကဲ ဟုတ်လား"
"မဖြစ်နိုင်တာ..."
အချို့က အံ့အားသင့်လွန်း၍ အသက်ရှူမှားကုန်ကြပြီး၊ အချို့ကမူ မှင်တက်နေကြသလို၊ အချို့ကလည်း လုံးဝမယုံကြည်နိုင်ကြပေ။
တရားသူကြီးဌာန အကြီးအကဲ ဆိုသည်မှာ မည်မျှမြင့်မြတ်သော အဆင့်အတန်းနည်း။
၎င်းမှာ သူတို့တစ်သက်တွင် တစ်ကြိမ်တစ်ခါမျှပင် မြင်တွေ့ခွင့်ရနိုင်မည့် ပုဂ္ဂိုလ်မျိုးမဟုတ်ပေ။ အထက်မြို့တော်ကို ထားပါဦး၊ ပိုင်ယွဲ့မြို့ရှိ ဝိညာဉ်များ သို့မဟုတ် ယင်လောကကူးပြောင်းသူများအတွက်ပင် ဤနေရာမှ ထွက်ခွာရန် မည်မျှခက်ခဲသနည်း။ ဤမြို့မှ ထွက်ခွာရန် လိုအပ်သော ယင်သက်တမ်းဒင်္ဂါးကိုပင် သူတို့ မတတ်နိုင်ကြချေ။
ထို့အပြင် အထက်မြို့တော်နှင့် ဤနေရာကြားတွင် ပိုင်ယွဲ့မြို့ကဲ့သို့သော မြို့ပေါင်း မည်မျှခြားနားနေသနည်း။ ရေတွက်၍ပင် မကုန်နိုင်ပေ။
"အရမ်းကြီး ပိုပြောလွန်းနေပြီ၊ ဘယ်လိုလုပ် အထက်မြို့တော်ရဲ့ အကြီးအကဲ ဖြစ်နိုင်မှာလဲ။ အထက်မြို့တော်မှာ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိတစ်ယောက်ယောက်လို့ ပြောရင်တော့ တော်သေးတာပေါ့..."
"မဟာရှနိုင်ငံက မဆိုးဘူးဆိုပေမဲ့ ကျယ်ပြောလှတဲ့ ယင်လောကကြီးနဲ့ နှိုင်းယှဉ်ရင်တော့ သဲကန္တာရထဲက သဲတစ်ပွင့်လောက်ပါပဲ"
"မင်းတို့က တကယ်မယုံတာလား အထက်မြို့တော် တရားသူကြီးဌာနက အကြီးကဲ ရဲ့ မျိုးရိုးက ကျန်းလို့ ငါကြားဖူးတယ်။ မဟာရှမှာလည်း အရင်က ကျန်း မျိုးရိုးနဲ့ အမတ်ကြီးတစ်ယောက် ရှိခဲ့ဖူးတယ်လေ"
"မျိုးရိုးတူတာပဲ ဖြစ်မှာပါ၊ ဘာမှမထူးခြားပါဘူး"
"ဒါဆို ပိုင်ယွဲ့မြို့က ဌာနအသီးသီးက မဟာရှတော်ဝင်မျိုးနွယ်အပေါ် ဆက်ဆံတဲ့ ပုံစံကိုကော ဘယ်လိုပြောမလဲ "
"..."
ထိုစကားကြောင့် ငြင်းခုံသံများ ချက်ချင်းရပ်တန့်သွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားတော့သည်။
"ဟုတ်သားပဲ၊ ငါတို့က ဒီမှာ ဘာလို့ လျှောက်တွေးနေကြတာလဲ။ ဌာနအသီးသီးရဲ့ သဘောထားကို ကြည့်ရင်တင် သိသာနေတာပဲလေ။ ဌာနဆိုင်ရာတွေရဲ့ သတင်းက ငါတို့ထက်တော့ ပိုနှံ့မှာ အသေအချာပဲ မဟုတ်လား "
"ဒီလိုကြည့်ရင်တော့ မဟာရှတော်ဝင်မျိုးနွယ်က တကယ်ပဲ သာမန်မဟုတ်ဘူးပဲ..."
"ဟင်းဟင်း... ကြောက်သွားကြပြီလား"
ဝဖြိုးသော လူငယ်သည် ဖန့်ချန်ကို ပြုံးစစဖြင့် ကြည့်ကာ ပြောလိုက်သည်။
"ဘယ်ကလာတဲ့ ကောင်မို့လို့ ငါ့ရှေ့မှာ ဌာနတွေအကြောင်း လာပြောနေတာလဲ။ ဌာနအသီးသီးက လူတွေကိုလည်း ငါတွေ့ဖူးပါတယ်။ သူတို့က ငါတို့နဲ့ ဘာထူးလို့လဲ ငါတို့ကို တကယ်ပဲ အရေးယူရဲလို့လား လူ့လောကမှာပဲဖြစ်ဖြစ်၊ ယင်လောကမှာပဲဖြစ်ဖြစ် အရေးကြီးတာက နောက်ခံပဲ။ ခဏတဖြုတ် ဒေါသနဲ့ မစဉ်းစားနဲ့၊ နားလည်လား "
"ငါ မင်းကို ပြောသားပဲ ငါ ပြောခဲ့သားပဲ မင်းကမှ နားမထောင်တာ ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်အောင် လုပ်တာတင်မကဘူး ငါ့ကိုပါ ဆွဲထည့်နေပြီ "
ထိုအခြေခံတည်ဆောက်ခြင်းအဆင့် ယင်လောကကူးပြောင်းသူမှာ ငိုမဲ့မဲ့မျက်နှာဖြင့် ဖန့်ချန်ကို စိုက်ကြည့်ကာ စိတ်ထဲတွင် အလွန်ပင် မကျေမနပ် ဖြစ်နေတော့သည်။ သူက ကိစ္စကို ငြိမ်းအေးအောင် ကြိုးစားနေပါသော်လည်း ဘယ်ကမှန်းမသိ ရောက်လာသော ထိုလူကြောင့် ပြဿနာထဲသို့ ပါသွားရခြင်း ဖြစ်သည်။
"ကျန်းအကြီးကဲ က လူ့လောကမှာ ရှိစဉ်တုန်းက တရားမျှတမှုကို လက်ကိုင်ထားတဲ့သူ ဖြစ်ခဲ့တယ်။ အဲ့ဒါကြောင့်တောင် တစ်ချိန်က အပယ်ခံရပြီး လုပ်ပိုင်ခွင့်တွေ အသိမ်းခံခဲ့ရသေးတယ်"
ဖန့်ချန်က အေးအေးလူလူ ပြုံးလျက်
"အခု သူ အထက်မြို့တော် တရားသူကြီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့အခါမှာ အရင်ကထက်တောင် ပိုပြီး ဖြောင့်မတ်တည်ကြည်နေဦးမှာပဲ။ မင်းအတွက်နဲ့ သူက ထွက်ပြီး ကာကွယ်ပေးပါ့မလား "
"မင်းက သူ့ကို သိနေတဲ့အတိုင်း ပြောနေတာပဲ"
ဝဖြိုးသော လူငယ်က မထိတထိ ရယ်မောလိုက်သည်။
ဖန့်ချန် စိတ်ထဲမှ သက်ပြင်းတစ်ချက် ဖွဖွချလိုက်မိသည်။ ဌာနဆိုင်ရာ အကြီးအကဲများကို အကြောင်းကြားပြီး ဤကဲ့သို့သော ကိစ္စရပ်များကို သေသေချာချာ ပြုပြင်တည်းဖြတ်ရန် ညွှန်ကြားရပေလိမ့်မည်။
ပိုင်ယွဲ့မြို့တင်မကဘဲ အခြားသော ယင်မြို့ငယ်လေးများတွင်လည်း ထိုကဲ့သို့ ဖြစ်နေနိုင်ပေသည်။ ဧကရာဇ်နှင့် ဝေးကွာသော နေရာများတွင် ဤသည်မှာ ဓမ္မတာကဲ့သို့ ဖြစ်နေသော်လည်း အချိန်အတိုင်းအတာတစ်ခုတိုင်းတွင် ပြုပြင်မှုများ ပြုလုပ်ပေးပါက ဘေးထွက်ဆိုးကျိုးကို အနည်းဆုံးအထိ ထိန်းချုပ်ထားနိုင်မည်ဖြစ်သည်။
"မင်းနဲ့ စကားအရှည်မပြောတော့ဘူး"
ဖန့်ချန်က ဝဖြိုးသော လူငယ်ကို ပြုံးပြလိုက်သည်။
သူသည် ဖန့်ချန်ယွဲ့၏ အငွေ့အသက်ကို ခံစားမိနေပြီဖြစ်ရာ သူမကိုပါ ခေါ်ဆောင်၍ ဖန့်မိသားစုထံသို့ တစ်ခေါက် ပြန်ရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။
ဖန့်ချန် ထွက်ခွာတော့မည်ကို မြင်သောအခါ ဝဖြိုးသော လူငယ်က အလျှော့မပေးဘဲ ဘေးနားရှိ ဝိညာဉ်များကို လမ်းပိတ်ခိုင်းလိုက်သည်။
"မင်းကတော့ မိုက်တွင်းနက်လှချေလား... မင်းကို နောက်ထပ် ရက်အနည်းငယ်လောက် ပျော်ပါစေဦးလို့ ကြံရွယ်ထားတာကို"
ဖန့်ချန်က သက်ပြင်းတစ်ချက်ချရင်း မြေပြင်ကို ခြေတစ်ချက် ဆောင့်လိုက်သည်။
သူ၏ ဘေးနားတွင် ထူထပ်သော ယင်စွမ်းအား များ စုစည်းလာပြီး ခဏချင်းအတွင်း အတွင်းခံဘောင်းဘီတစ်ထည်တည်းသာ ဝတ်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ပေါ်ထွက်လာတော့သည်။
"ဒါက..."
လူတိုင်းမှာ အံ့အားသင့်သွားကြပြီး သူတို့၏ မျက်နှာထားများမှာ ထူးဆန်းသွားကြသည်။
လီပါးတောင်း၏ မျက်လုံးထဲတွင် ဝေဝါးမှုများ ဖြတ်ပြေးသွားပြီးနောက် အသက်အနည်းငယ်ရှူပြီးမှ အခြေအနေကို သတိပြုမိသွားသည်။ ရင်းနှီးနေသော ခံစားချက်ပင်။ အရင်က ထိုပုဂ္ဂိုလ်ကြီး သူ့ကို ဆင့်ခေါ်စဉ်ကလည်း ဤကဲ့သို့ပင် မဟုတ်ပါလား။
သို့သော် နှစ်ပေါင်းများစွာ ကြာသွားသည့်တိုင်အောင် ထပ်မံဆင့်ခေါ်ခြင်း မခံရသဖြင့် သူက ထင်မှတ်ထားခဲ့သည်မှာ...
"ဝူဟူမြို့တော် ရဲ့ နေ့လှည့်ကင်းဗိုလ်ချုပ် လီပါးတောင်း၊ အရှင်မင်းကြီးကို ဂါရဝပြုပါတယ် "
လီပါးတောင်းက ငိုမဲ့မဲ့မျက်နှာဖြင့် မြေပြင်ပေါ် ဒူးထောက်ကာ အလေးပြုလိုက်သည်။
ရှက်စရာကောင်းလိုက်တာ၊ လူပုံအလယ်မှာ ရှက်စရာကြီးဗျာ။
နေ့လှည့်ကင်းဗိုလ်ချုပ်
လူတိုင်းမှာ အသက်ရှူမှားကုန်ကြပြီး အတွင်းခံဘောင်းဘီတစ်ထည်တည်းနှင့် ထိုလူလတ်ပိုင်းအမျိုးသားက နေ့လှည့်ကင်းဗိုလ်ချုပ်တစ်ဦး ဖြစ်နေလိမ့်မည်ဟု မယုံကြည်နိုင်ကြချေ။
သူတို့အတွက်မူ အထက်မြို့တော်မှ အရှင်တွေဖြစ်စေ၊ နေ့လှည့်ကင်းမျိုးနွယ်မှ ဗိုလ်ချုပ်ဖြစ်စေ အားလုံးမှာ မော်ဖူး၍ပင် မမီနိုင်သော အဆင့်အတန်းများဖြစ်ရာ ထူးမခြားနားပေ။
ဌာနအသီးသီးမှ အငယ်တန်းအရာရှိများမှာ တုန်လှုပ်သွားကြပြီး အချို့ကမူ သတင်းပို့ရန် ပြင်ဆင်ကြတော့သည်။ ဝဖြိုးသော လူငယ်မှာလည်း မှင်တက်နေပြီး သတိပြန်မဝင်သေးပေ။
အခြေခံတည်ဆောက်ခြင်းအဆင့် ယင်လောကကူးပြောင်းသူမှာလည်း ပါးစပ်အဟောင်းသားဖြင့် ဖန့်ချန်ကို ကြည့်ကာ မယုံနိုင်စရာ ကောင်းလွန်းသော အခြေအနေကြောင့် မှင်တက်နေလေတော့သည်။
"အရင်က မင်းက ရွှမ်ယဲ့မြို့ မှာ မဟုတ်ဘူးလား အော်... နေ့လှည့်ကင်းဗိုလ်ချုပ်အဖြစ် ရာထူးတိုးသွားပြီဆိုတော့ နေရာပြောင်းတာပေါ့"
ဖန့်ချန်က စဉ်းစားဟန်ဖြင့် ပြောလိုက်ပြီး လီပါးတောင်း၏ ဝတ်စားဆင်ယင်မှုကို ကြည့်ကာ ပြုံးစစဖြင့် ဆိုသည်။
"ပြည့်တန်ဆာရုံမှာ သွားပြီး ပျော်ပါးနေပြန်ပြီလားနှစ်တိုင်း အဲ့ဒီနေရာမှာ ဖြုန်းတီးနေတဲ့ ယင်သက်တမ်းက မနည်းတော့ဘူး ထင်တယ်နော်"
"အ... အရှင်မင်းကြီး... လက်အောက်ငယ်သားက လုပ်ဖော်ကိုင်ဖက် အချို့နဲ့အတူ သီချင်းသွားနားထောင်တာပါ၊ သီချင်းနားထောင်တာပါဗျ..."
လီပါးတောင်းက ကယောင်ကတမ်းဖြင့် ရယ်ပြရင်း
"တကယ်လို့ အရှင်မင်းကြီး မယုံဘူးဆိုရင် အဲ့ဒီ လုပ်ဖော်ကိုင်ဖက်တွေကိုပါ တစ်ခါတည်း ဆင့်ခေါ်လိုက်လို့ ရပါတယ်..."
အကယ်၍ အခြားသူတွေပါ ရောက်လာလျှင် သူတစ်ယောက်တည်း ရှက်နေရမှာ မဟုတ်တော့ပေ။ ထိုသူတွေကလည်း အခုလောက်ဆို တိုက်ပွဲဝင် နေကြလောက်ပြီဖြစ်ရာ ရောက်လာလျှင် သူ့ဘက်က ဒေါသတွေကို ခွဲယူသွားပေးနိုင်လိမ့်မည်။
ထိုသို့တွေးမိသည်နှင့် လီပါးတောင်း စိတ်ထဲတွင် အားနာစိတ် အနည်းငယ် ပေါ်လာသော်လည်း ချက်ချင်းပင် စိတ်ကို ပြန်ခိုင်မာအောင် ထားလိုက်သည်။
'သူများသေတာထက် ကိုယ်မသေဖို့က အဓိကပဲ'
ထိုအရှင်မင်းကြီးကို သူ့ထက် ပိုပြီးအဲ့မှာပျော်ပါး သူတွေ ရှိပါသေးတယ်ဆိုတာ သိအောင် လုပ်ရမည်။
"ရပြီ... အဝတ်အစားတွေ ဝတ်လိုက်တော့"
ဖန့်ချန်က အေးဆေးစွာ ဆိုသည်။
ထိုအခါမှ လီပါးတောင်း သတိဝင်လာပြီး ယင်စွမ်းအားများကို လှုံ့ဆော်လိုက်ရာ နေ့လှည့်ကင်းဗိုလ်ချုပ်၏ ချပ်ဝတ်တန်ဆာမှာ ခန္ဓာကိုယ်ပေါ်တွင် ချက်ချင်း အစီအရီ ပေါ်လာတော့သည်။
သူသည် အတွင်းခံဘောင်းဘီတစ်ထည်တည်းနှင့် လူလတ်ပိုင်းကြီးအဆင့်မှ ခန့်ညားထည်ဝါလှသော ဗိုလ်ချုပ်ကြီးအသွင်သို့ ချက်ချင်း ပြောင်းလဲသွားသည်။
ဌာနအသီးသီးမှ အရာရှိငယ်များမှာ ယခုမှပင် ထိုပုဂ္ဂိုလ်သည် နေ့လှည့်ကင်းမျိုးနွယ်မှ အရာရှိကြီးဖြစ်ကြောင်း အတည်ပြုနိုင်တော့သဖြင့် လူအုပ်ထဲမှ တိုးထွက်လာကာ ဖန့်ချန်ရှေ့တွင် ဒူးတစ်ဖက်ထောက်၍ ဂါရဝပြုကြသည်။
ဤသည်မှာ ဖန့်ချန်ကို ဂါရဝပြုခြင်း ဖြစ်သည်။
နေ့လှည့်ကင်းဗိုလ်ချုပ်တစ်ဦးကိုပင် ဆင့်ခေါ်နိုင်သူဖြစ်ရာ သူ၏ အဆင့်အတန်းမှာ တရားသူကြီးဌာန အကြီးအကဲ မဟုတ်လျှင်တောင် ၎င်းနှင့် မရှေးမနှောင်း အဆင့်ရှိသူဖြစ်ကြောင်း ထင်ရှားနေသည်။
ဝဖြိုးသော လူငယ်မှာလည်း နောက်ဆုံးတွင် သတိဝင်လာပြီး ဖန့်ချန်ကို ကြည့်ကာ အတင်းအဓမ္မ ပြုံး၍ ပြောလိုက်သည်။
"ဒါက... ခုနကဟာတွေက အထင်မှားတာပါ၊ ဟုတ်တယ်... အထင်မှားတာပါဗျာ။ အထင်အမြင်လွဲတာလေး ပြေလည်သွားပြီဆိုတော့ ရပါပြီ။ အရှင်မင်းကြီးလည်း ဒီလောက်အထိ အတည်ပေါက်ကြီး လုပ်မနေပါနဲ့ဦး။ ကျွန်တော်... ကျွန်တော့်မှာ တခြားကိစ္စလေးတွေ ရှိသေးလို့ အရင်သွားလိုက်ပါဦးမယ်"
သူသည် ပြောပြောဆိုဆိုနှင့် ဘေးမှလူများကို တွန်းဖယ်ကာ ထွက်ပြေးရန် ကြိုးစားတော့သည်။
"ဖမ်းလိုက်" ဖန့်ချန်က အမိန့်ပေးလိုက်သည်။
လီပါးတောင်းက အော်ဟစ်လိုက်ပြီး ယင်စွမ်းအားများကို ကြိုးမျှင်အဖြစ် ပြောင်းလဲကာ ဝဖြိုးသော လူငယ်ကို ချည်နှောင်၍ မိမိရှေ့သို့ ဆွဲခေါ်လာခဲ့သည်။
"အရှင်မင်းကြီး... ဒီကောင့်ကို ဘယ်လို အပြစ်ပေးရမလဲ"
လီပါးတောင်းက လက်အုပ်ချီ မေးလိုက်သည်။
ဝဖြိုးသော လူငယ်မှာ ထိတ်လန့်တုန်လှုပ်နေလျက်
"ခင်ဗျားတို့ ဘယ်လိုလုပ်... ဘယ်လိုလုပ်..."
"အရင်ဆုံး တရားသူကြီးဌာနကို ပို့ထားလိုက်။ ငါ့အလုပ်တွေ ပြီးသွားမှပဲ လာပြီး စစ်ဆေးတော့မယ်"
ဖန့်ချန်က လက်ယမ်းပြလိုက်သည်။
"အမိန့်အတိုင်းပါ"
လီပါးတောင်းက ခေါင်းညိတ်ပြပြီး ဝဖြိုးသော လူငယ်ကို တရားသူကြီးဌာနသို့ ခေါ်သွားရန် ပြင်လိုက်သည်။
ထိုလူငယ်၏ ဘေးတွင် မြှောက်ပင့်ပေးနေကြသော ဝိညာဉ်အုပ်စုမှာမူ ကြောက်ရွံ့လွန်းသဖြင့် ကျောက်ရုပ်များကဲ့သို့ ရပ်နေကြပြီး စကားတစ်ခွန်းပင် မဟရဲကြချေ။
ထိုစဉ် လူအုပ်အပြင်ဘက်မှ စူးရှသော အသံတစ်သံ ထွက်ပေါ်လာသည်။
"ဘယ်သူလဲ ငါ့မြေးကို တရားသူကြီးဌာန ပို့ရဲတဲ့သူက ဘယ်သူလဲ "
အဘွားအိုတစ်ဦးသည် ဝိညာဉ်အုပ်စုကြီးကို ခေါ်ဆောင်ကာ လူအုပ်ထဲသို့ အဟုန်ဖြင့် တိုးဝင်လာသည်။
ဝဖြိုးသော လူငယ် သံကြိုးဖြင့် အချည်ခံထားရသည်ကို မြင်သည်နှင့် ဘာမပြောညာမပြောဘဲ လီပါးတောင်းကို ပြေး၍ ကုတ်ခြစ်တော့သည်။
လီပါးတောင်းမှာ မှင်တက်သွားတော့သည်။ နေ့လှည့်ကင်းဗိုလ်ချုပ်၏ ချပ်ဝတ်တန်ဆာကို ဝတ်ထားပါလျက်နှင့် သာမန်ဝိညာဉ်တစ်ခုက မိမိကို တိုက်ခိုက်ရဲလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။
သူသည် ဖန့်ချန်ကို မဝံ့မရဲ လှမ်းကြည့်လိုက်သည်။
"အခြေအနေက ဒီလိုဆိုမှတော့... အကုန်လုံးကိုပဲ ဖမ်းလိုက်တော့"
ဖန့်ချန်က အေးဆေးစွာပင် အမိန့်ပေးလိုက်လေသည်။
အခန်း (၁၅၃၄) - အမှားပြင်ဆင်၍ အမှန်သို့တည့်မတ်ခြင်း
မြင်ကွင်းမှာ ခဏချင်းအတွင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။
ထိုအဘွားအိုရော၊ သူမနှင့်အတူ ပါလာသော ဝိညာဉ်များပါ အသက်ရှူရုံမျှသော အချိန်အတွင်းမှာပင် လီပါးတောင်း၏ နှိမ်နင်းခြင်းကို ခံလိုက်ရသည်။
ဝိညာဉ်ဖမ်းသံကြိုးများမှာ ဇီးသီးများကို သီတံဖြင့် ထိုးသကဲ့သို့ ထိုဝိညာဉ်အုပ်စုကို တန်းစီ၍ ခိုင်မြဲစွာ ချုပ်နှောင်ထားသဖြင့် သူတို့မှာ အနည်းငယ်မျှပင် မလှုပ်ရှားနိုင်ကြတော့ချေ။
ဘေးပတ်ဝန်းကျင်ရှိ ဝိညာဉ်များ၊ အရာရှိငယ်များနှင့် ယင်လောကကူးပြောင်းသူများမှာ ရင်တထိတ်ထိတ် ဖြစ်သွားကြသည်။
ရှေ့မှ ပုဂ္ဂိုလ်သည် မဟာရှတော်ဝင်မျိုးနွယ်အပေါ် ဤမျှအထိ ဆက်ဆံနေသည်မှာ အမှန်တကယ်ပင် အထက်မြို့တော်၏ အမျက်ဒေါသကို ဖိတ်ခေါ်နေခြင်းများလားဟု တွေးတောနေကြသည်။
"မင်း... မင်းက ဘယ်လိုတောင် ရဲတင်းရတာလဲ"
"ပြီးတော့ မင်းကောပဲ... မင်းက ဘာမို့လို့ ငါ့လိုလူကို ဒီလိုမျိုး ဆက်ဆံရဲတာလဲ၊ ဘာကြောင့်လဲ ငါ့ရဲ့ အဆင့်အတန်းကို မင်းသိလား "
အဘွားအိုမှာ ဒေါသအလိပ်လိပ် ထွက်နေပြီး ချုပ်နှောင်ခံထားရသော်လည်း ပါးစပ်ကမူ မနားတမ်း ဆဲဆိုနေဆဲပင်။ လီပါးတောင်းကို တရပ်စပ် ဆဲဆိုပြီးနောက် သူမ၏ ပစ်မှတ်မှာ ဖန့်ချန်ဘက်သို့ လှည့်သွားကာ စူးရှလှသော အော်ဟစ်သံများမှာ နားထဲတွင် အလွန်ပင် ခါးသက်လှသည်။
"မင်းရဲ့ အဆင့်အတန်းကို ပြောပြပါဦး"
ဖန့်ချန်က ပြုံး၍ ဆိုသည်။
"မဟာရှနိုင်ငံက အဆင့်အတန်းကိုပဲ ပြောရင် ရပါပြီ။ ပိုင်ယွဲ့မြို့မှာတော့ မင်းက ဝိညာဉ်တစ်ခုသက်သက်ပဲ၊ ဘာရာထူးမှလည်း မရှိသလို ဘာအဆင့်အတန်းမှလည်း မရှိဘူး"
"ရဲတင်းလှချေလား ဒီပုဂ္ဂိုလ်က ဝမ်ဖေး (မင်းသမီးကြီး) ကွ၊ မဟာရှနိုင်ငံရဲ့ ကျန့်လျန်မင်းသား ရဲ့ ကြင်ယာတော်ပဲ "
"ချက်ချင်း လက်ပြန်ရုပ်စမ်း၊ ငါတို့ ဝမ်ဖေးကို ထိခိုက်အောင် မလုပ်နဲ့ "
အဘွားအိုနှင့် ပါလာသော ဝိညာဉ်များက ဒေါသတကြီး အော်ဟစ်ကြသည်။
"ကျန့်လျန်မင်းသား မကြားဖူးပါဘူး၊ ရှရွှမ်ကျိ နဲ့ဆိုရင် ဘယ်နှစ်မျိုးဆက်လောက် ကွာသွားပြီလဲ "
ဖန့်ချန်က မေးလိုက်သည်။
အဘွားအိုနှင့် လူအုပ်မှာ ထိတ်လန့်သွားကြပြီးနောက် ပို၍ပင် ဒေါသထွက်သွားကြပြန်သည်။
"မင်းက ငါတို့ရဲ့ ဘိုးဘေးဧကရာဇ်ရဲ့ နာမည်ကို တိုက်ရိုက်ခေါ်ရဲတယ်လား "
"ဘိုးဘေးဧကရာဇ် လား ကြည့်ရတာ မဟာရှက တော်တော်လေး တိုးတက်လာပုံရတယ်"
ဖန့်ချန်က စဉ်းစားဟန်ဖြင့် ဆိုသည်။
ထိုစဉ်မှာပင် ဖန့်ချန်ယွဲ့သည် မိန်းမစိုးများနှင့် နန်းတွင်းအစေခံများကို ခေါ်ဆောင်ကာ လျှောက်လှမ်းလာခဲ့သည်။
အဘွားအိုသည် ဖန့်ချန်ယွဲ့ကို မြင်သည်နှင့် မျက်ရည်များ ဝဲတက်လာကာ အသံကုန် အော်ဟစ်တော့သည်။
"ဘိုးဘေးကြီး... ဘိုးဘေးကြီး... ကျွန်မတို့ မဟာရှတော်ဝင်မျိုးနွယ်တွေ လမ်းမပေါ်မှာ နှိပ်စက်ခံနေရပါပြီ၊ ဘိုးဘေးကြီးက ထွက်ပြီး ကူညီပေးပါဦးရှင် "
"ဒါ... မဟာရှ ဘိုးဘေးဧကရာဇ်ရဲ့ မိဖုရားကြီး မဟုတ်လား"
"ဟုတ်ပုံရတယ်..."
"ဒါဆိုရင်တော့ အဆင့်အတန်းက မသေးတော့ဘူး၊ တကယ်လို့ သူတို့က အထက်မြို့တော်က လူကြီးနဲ့ တကယ် ပတ်သက်တယ်ဆိုရင် ဒီမိဖုရားကြီးက ပိုပြီး ပတ်သက်မှာ အသေအချာပဲ "
လူအုပ်က တီးတိုးပြောဆိုနေကြပြီး ပတ်ဝန်းကျင်ရှိ ဌာနဆိုင်ရာ အရာရှိငယ်များမှာလည်း ဖန့်ချန်ယွဲ့ကို မြင်သည်နှင့် ရိုသေကိုင်းညွတ်သော အမူအရာများ ပြသကြသည်။
လွန်ခဲ့သော အချိန်အတော်ကြာကတည်းက သူတို့ သတိပေးချက် ရရှိထားပြီးဖြစ်သည်။
ဤအမျိုးသမီး၏ အဆင့်အတန်းမှာ ထူးခြားမြင့်မြတ်လှသဖြင့် သူမ ဘာပဲလုပ်လုပ် ဝင်ရောက်စွက်ဖက်ခြင်း မပြုရသလို အနည်းငယ်မျှပင် ရိုင်းစိုင်းခြင်း မရှိစေရဟု ဆိုထားသည်။
ထ်ုသတိပေးချက်မှာ အထက်မြို့တော်မှ တိုက်ရိုက် ရောက်ရှိလာခြင်းဖြစ်သဖြင့် အချို့သော ကောလာဟလများမှာ တဖြည်းဖြည်း ပျံ့နှံ့လာခဲ့ခြင်း ဖြစ်သည်။
"ဘိုးဘေးအဘွားကြီး"
ဝဖြိုးသော လူငယ်သည်လည်း ဖန့်ချန်ယွဲ့ကို မြင်သောအခါ ဝမ်းနည်းပူဆွေးမှုများ ပြည့်နှက်နေသော အသံဖြင့် အော်ဟစ်လိုက်သည်။
ဖန့်ချန်ယွဲ့သည် လူအုပ်ထဲသို့ လျှောက်ဝင်လာပြီးနောက် ထိုမဟာရှတော်ဝင်မျိုးနွယ်စုဝင်များကို တစ်ချက်ဝေ့ကြည့်ကာ ဖန့်ချန်ထံတွင် အကြည့်ကို ရပ်တန့်လိုက်သည်။
အဘွားအိုနှင့် လူအုပ်က ဖန့်ချန်ယွဲ့သည် တစ်ဖက်လူကို ငေါက်ငမ်းကြိမ်းမောင်းလိမ့်မည်ဟု ထင်မှတ်နေစဉ်မှာပင် ဖန့်ချန်ယွဲ့က လူတိုင်း မမျှော်လင့်ထားသော အပြုအမူကို လုပ်ဆောင်လိုက်သည်။
သူမသည် ဖန့်ချန်၏ ရှေ့သို့ လျှောက်သွားကာ ဖန့်ချန်၏ ပါးနှစ်ဖက်ကို ဖွဖွလေး ဆွဲလိုက်ပြီးနောက် ပခုံးကို ပုတ်ကာ ပြောလိုက်သည်။
"ပြန်လာတာ ဝမ်းသာပါတယ်၊ မင်း နောက်ဆုံးအကြိမ် ထွက်သွားပြီးကတည်းက မဟာရှကို ပြန်မလာတာ နှစ်ပေါင်း မနည်းတော့ဘူး၊ အဒေါ်လည်း စိတ်ပူနေခဲ့တာ"
"အ... အဒေါ်"
အဘွားအို၏ မျက်နှာပေါ်မှ မျက်ရည်များမှာ ချက်ချင်းပင် ခြောက်ကပ်သွားပြီး မျက်လုံးများ ပြူးကျယ်လျက် ရှေ့မှမြင်ကွင်းကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေတော့သည်။
ဝဖြိုးသော လူငယ်မှာလည်း မှင်တက်နေပြီး ထိုအခေါ်အဝေါ်၏ အဓိပ္ပာယ်ကို ဦးနှောက်ထဲ၌ အသည်းအသန် အဖြေရှာနေလေသည်။
"သူ... သူကလည်း မဟာရှတော်ဝင်မျိုးနွယ်ပဲလား"
ဘေးမှ ဝိညာဉ်များကလည်း အံ့အားသင့်နေကြသည်။
ထိုအထဲတွင် အသက် ၅၀၊ ၆၀ ခန့်ရှိသော်လည်း မျက်ဝန်းထဲတွင် ဘဝအတွေ့အကြုံများစွာ ကိန်းအောင်းနေသော ဝိညာဉ်အချို့မှာ ဖန့်ချန်ကို စိုက်ကြည့်ရင်း အတိတ်ကို အသည်းအသန် ပြန်လည်အောက်မေ့နေကြသည်။
ရုတ်တရက် တစ်ယောက်က အသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။
"ဒါ... ဖန့်စစ်သူကြီး မဟုတ်လား"
ထိုစကားသည် ဝိညာဉ်ဟောင်း အတော်များများ၏ မှတ်ဥာဏ်တံခါးကို ချက်ချင်း ဖွင့်လှစ်လိုက်သကဲ့သို့ပင်။
ထိုစဉ်က ဖန့်စစ်သူကြီး ဆိုသည်မှာ ထိုမိဖုရားကြီး၏ တူအရင်း မဟုတ်ပါလား။
"ကျွန်...ကျွန်တော်က ဖန့်စစ်သူကြီး ကို ဂါရဝပြုပါတယ် "
ဝိညာဉ်ဟောင်းတစ်ဦးသည် ရုတ်တရက် မြေပြင်ပေါ် ဒူးထောက်ကာ ဦးတိုက်တော့သည်။
သူ ပြန်လည်မော့ကြည့်လာသောအခါတွင် စိတ်လှုပ်ရှားလွန်း၍ မျက်ရည်များပင် ကျဆင်းနေရှာသည်။
"ရာစုနှစ်အတော်ကြာပြီးမှ ဖန့်စစ်သူကြီး ကို ထပ်တွေ့ရမယ်လို့ မထင်ထားခဲ့ဘူး၊ စစ်သူကြီး ပြန်လာတာက မဟာရှအတွက် တကယ့်ကို ကံကောင်းခြင်းပါပဲ "
ယနေ့ မြင်ကွင်းကို ကြည့်နေသော ဝိညာဉ်များထဲတွင် မဟာရှနိုင်ငံ၏ ရှေးမျိုးဆက် ဝိညာဉ်များစွာ ပါဝင်နေသည်။
အချို့က ဖန့်ချန်ကို ကိုယ်တိုင်မမြင်ဖူးသော်လည်း သူ၏ သတင်းကို ကြားဖူးကြသည်။
အချို့ကမူ ငယ်စဉ်ကတည်းက လူကြီးများ ပြောပြလေ့ရှိသော ဤစစ်သူကြီးအကြောင်းကို နားရည်ဝနေကြသူများ ဖြစ်သည်။
ထိုစဉ်က သုံးလောကတောင် တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီး မဟာရှနိုင်ငံ အားနည်းနေစဉ် ချင်းဆုန်း ကဲ့သို့သော နိုင်ငံများ၏ နှိပ်စက်မှုကို ခံခဲ့ရပုံ၊ ထို့နောက်တွင် ထိုဖန့်စစ်သူကြီးက တစ်ညတည်းနှင့် ချင်းဆုန်းနိုင်ငံ၏ သံရုံးကို သွေးနဲ့ဆေးခဲ့ပြီး မြို့တော်ရှိ ချင်းဆုန်းစစ်သည်များကို အကုန်အစင် သတ်ဖြတ်ခဲ့ပုံများကိုလည်း သူတို့ သိရှိကြသည်။
မဟာရှနိုင်ငံသည် ထိုအချိန်မှစ၍ တနေ့တခြား တိုးတက်လာခဲ့ကာ ယခုကဲ့သို့ ထွန်းတောက်နေသော ခေတ်ဆီသို့ ရောက်ရှိလာခြင်း ဖြစ်သည်။
ထို ကျန့်လျန်ဝမ်ဖေး မှာမူ ယခုအခါ ကြောက်ရွံ့လွန်းသဖြင့် ရုပ်ပျက်ဆင်းပျက် တုန်ရီနေရှာသည်။
သူမနှင့်အတူ ပါလာသော တော်ဝင်မျိုးနွယ်များမှာလည်း ထိတ်လန့်တုန်လှုပ်နေကြသည်။
သူတို့သည် ဝက်သားကို မစားဖူးသော်လည်း ဝက်ပြေးတာကိုတော့ မြင်ဖူးကြသူများဖြစ်ရာ ဤဖန့်စစ်သူကြီးသည် မည်မျှအထိ အစွမ်းထက်ပြီး နောက်ခံတောင့်တင်းသနည်းဆိုသည်ကို အပြင်လူများထက် ပို၍ အသေးစိတ် သိရှိထားကြသည်။
"ဟင်း..."
အခြေခံတည်ဆောက်ခြင်းအဆင့် ယင်လောကကူးပြောင်းသူမှာလည်း ရင်ထဲ၌ အသက်ရှူမှားနေမိသည်။ မဟာရှနိုင်ငံ၏ ကျင့်ကြံခြင်းလောကတွင်လည်း ဤဖန့်စစ်သူကြီး၏ ဒဏ္ဍာရီများမှာ အထင်အရှား ရှိနေဆဲပင်။
ကျန်ရှိနေသော သမိုင်းအထောက်အထားများအရ ဤပုဂ္ဂိုလ်သည် ကျင့်ကြံခြင်းလောက၏ ထိပ်တန်းပညာရှင်ကြီးတစ်ဦး ဖြစ်ကြောင်း သူတို့ သိရှိထားကြသည်။
ထို့အပြင် မြောက်ပိုင်းမြို့တော်ရှိ ဖန့်အိမ်တော်ဖြစ်စေ၊ တောင်ပိုင်းရှိ ဖန့်အိမ်တော်ဖြစ်စေ အားလုံးတွင် နက်နဲလှသော အစီရင်ခံများဖြင့် ကာကွယ်ထားသည်။
တစ်ခါက ကျင့်ကြံသူတစ်ဦးသည် ဖန့်အိမ်တော်ကို ကြံစည်ရန် ကြိုးစားခဲ့သော်လည်း အိမ်တော်နားသို့ မကပ်နိုင်မီမှာပင် အစေခံတစ်ဦး၏ ရိုက်နှက်မှုကြောင့် ဝိညာဉ်လွင့်စင်သွားခဲ့ရဖူးသည်။
ထိုအချိန်မှစ၍ မဟာရှကျင့်ကြံခြင်းလောကတွင် ဖန့်အိမ်တော်သည် အလွန်ပင် နက်နဲလှပြီး အလယ်သုံးဆင့် ပညာရှင်ကြီးများ စောင့်ကြပ်နေနိုင်ကြောင်းကို ဘယ်သူမှ မသိဘဲ မနေချေ။
"အဒေါ်... ဒီနှစ်တွေမှာ နေကောင်းရဲ့လား ပိုင်ယွဲ့မြို့မှာ နေရတာ အဆင်ပြေရဲ့လား ဘာလို့ အထက်မြို့တော်မှာ သွားမနေတာလဲ"
ဖန့်ချန်က ပြုံး၍ မေးလိုက်သည်။
အထက်မြို့တော်
လူတိုင်းမှာ စိတ်ထဲတွင် ထိတ်လန့်သွားကြပြန်သည်။ ကောလာဟလများက တကယ်ပဲ မှန်နေခဲ့သည်ပေါ့။ သူတို့တစ်သက် မရောက်နိုင်သော နေရာတစ်ခုသည် ထိုပုဂ္ဂိုလ်၏ ပါးစပ်ထဲတွင်မူ အချိန်မရွေး သွားလာနိုင်သော အနောက်ဖေးဝန်းတစ်ခုကဲ့သို့ပင်။
"အထက်မြို့တော်က သိပ်ပြီး အဆင်မပြေဘူးလေ၊ ဒီမှာဆိုရင် လူ့လောကကို တစ်ခါတစ်လေ ပြန်ကြည့်လို့ရသေးတယ်"
ဖန့်ချန်ယွဲ့က ပြုံးလျက်
"ယွမ်ရှင်းက အခု အထက်မြို့တော်မှာ အလုပ်လုပ်နေတာ၊ အဒေါ်က အဲ့မှာသွားနေရင် သူက အဒေါ့်ကိုပဲ စိတ်ပူနေတော့မှာပေါ့၊ ဘယ်မှာ အလုပ်အာရုံစိုက်နိုင်တော့မှာလဲ"
"ဒါလည်း ဟုတ်တာပါပဲ"
ဖန့်ချန်က ခေါင်းညိတ်လိုက်သည်။
သူတို့နှစ်ဦးသည် ဘေးတွင် လူမရှိသကဲ့သို့ အေးအေးဆေးဆေး စကားပြောနေကြသော်လည်း ထိုစကားများကို ကြားနေရသော ကျန့်လျန်ဝမ်ဖေးမှာမူ ရင်တုန်ပန်းတုန် ဖြစ်နေရရှာသည်။
နောက်ဆုံးတွင် သူမက မနေနိုင်တော့ဘဲ အသံတိုးတိုးဖြင့် "ဘိုး... ဘိုးဘေးကြီး..."
"မင်းတို့ ကိစ္စတွေကို ငါလည်း နှစ်ပေါင်းများစွာ လွှတ်ထားပေးခဲ့တာပါ။ ဖန့်ချန် ပြန်လာတဲ့အခါမှာ မင်းတို့နဲ့ တိုက်တိုက်ဆိုင်ဆိုင် တွေ့ဆုံနိုင်လိမ့်မယ်လို့ ငါ တွေးထားခဲ့တာ၊ ထင်တဲ့အတိုင်း ဖြစ်လာတာပဲ"
ဖန့်ချန်ယွဲ့က သူမကို မဲ့ပြုံးလေးဖြင့် ကြည့်ကာ
"ဒီနှစ်တွေထဲမှာ ငါ မင်းကို သတိမပေးခဲ့ဘူးလို့ ထင်နေတာလား မင်း အသက် ၁၀ နှစ်ကျော်ကျော် အရွယ်တုန်းကတော့ အလွန် ရိုးသားဖြူစင်ခဲ့တာပဲ၊ ဘာလို့ အသက်ကြီးလာတဲ့အခါမှာ ပိုပြီးတော့ လူမဆန်ဖြစ်လာရတာလဲ"
ကျန့်လျန်ဝမ်ဖေး မှာ စကားပင် ပြန်မပြောနိုင်တော့ဘဲ မျက်လုံးထဲတွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။
သူမ ကြားဖူးသည်မှာ ထိုဖန့်စစ်သူကြီး သည် ရာဇဝတ်ဌာန ဝန်ကြီး ကျန်းယွီရှုနှင့် တစ်ခေတ်တည်း တာဝန်ထမ်းဆောင်ခဲ့ပြီး အလွန်ခင်မင်ကြသည်ဟူ၍ ဖြစ်သည်။
အကယ်၍ ကျန်းယွီရှုသည် တကယ်ပင် အထက်မြို့တော်၏ တရားသူကြီးဌာန အကြီးအကဲ ဖြစ်နေမည်ဆိုပါက ယခုတစ်ကြိမ်တွင် သူမကို မည်သူမှ ကယ်နိုင်တော့မည် မဟုတ်ချေ။
"ဖန့်ချန်... ရှမိသားစုထဲမှာ ကျင့်ကြံလို့မရတဲ့ ကလေးတွေ အများကြီး ရှိတယ်လေ။ ဒါကြောင့် သူတို့က အသက်မရှည်ကြဘဲ မျိုးဆက်တစ်ခုပြီးတစ်ခု သေဆုံးပြီး ပိုင်ယွဲ့မြို့ကို ရောက်လာကြတာ။ လူတွေ များလာတဲ့အခါမှာတော့ သဘာဝအတိုင်း ရုတ်ရုတ်သဲသဲတွေ ဖြစ်ကုန်တာပေါ့။
မင်း ပြန်လာတာနဲ့ တစ်ခါတည်း အမှားတွေကို ပြင်ပေးလိုက်ပါဦး။ ပြီးတော့ ဒီက အရာရှိတွေကိုလည်း ပြောလိုက်ပါဦး၊ မဟာရှတော်ဝင်မျိုးနွယ်ကို ဒီလိုမျိုး အခွင့်ထူးပေးနေစရာ မလိုဘူးလို့လေ။ ငါပြောတာကိုတော့ သူတို့က နားမထောင်ကြဘူး၊ မင်းကိုယ်တိုင် ပြောမှပဲ ဖြစ်မှာ"
ဖန့်ချန်ယွဲ့က ပြုံးပြုံးလေး ပြောလိုက်သည်။
ဖန့်ချန် ခေါင်းညိတ်လိုက်ပြီး ဌာနအသီးသီးမှ အရာရှိငယ်များကို တစ်ချက်ဝေ့ကြည့်ကာ လီပါးတောင်းကို အမိန့်ပေးလိုက်သည်။
"ဒီကိစ္စကို မင်းပဲ တာဝန်ယူပြီး စစ်ဆေးလိုက်ပါ။ အရင်က အမှားတွေရော၊ အခု အမှားတွေရော... လိုအပ်တာမှန်သမျှကို အမှားပြင်ဆင်ပြီး အမှန်ကို တည့်မတ်လိုက်ပါ။ အပြစ်ကြီးသူတွေကိုတော့ တရားသူကြီးဌာနကို လွှဲပြီး အပြစ်ပေးခိုင်းလိုက်"
"အမိန့်အတိုင်းပါ"
လီပါးတောင်းက အားရပါးရ အော်လိုက်သည်။
ထိုစကားကို ကြားသည်နှင့် ကျန့်လျန်ဝမ်ဖေး မှာ မျက်စိပြာသွားကာ နေရာမှာတင် ထိတ်လန့်တုန်လှုပ်ပြီး မေ့လဲသွားလေတော့သည်။