အခန်း (၁၅၃၅-၁၅၃၆)
Vol. 154 Ch. 1535-1536
အခန်း (၁၅၃၅) - ငါ ဖန့်ချန်ယွဲ့ ပြန်လာပြီ
လူအုပ်ကြီးသည် ဖန့်ချန်နှင့် ဖန့်ချန်ယွဲ့တို့ ထွက်ခွာသွားသည်ကို ငေးကြည့်နေကြပြီး အသက်ပင် ပြင်းပြင်းမရှူရဲကြချေ။
၎င်းတို့ မြင်ကွင်းမှ ပျောက်ကွယ်သွားတော့မှသာ စိတ်လှုပ်ရှားစွာဖြင့် တီးတိုးပြောဆိုသံများ ဆူညံပွက်လောရိုက်သွားတော့သည်။
တစ်ယောက်က သံသယဖြင့် ရေရွတ်သည်
"ဖန့်စစ်သူကြီးက အခု ငါတို့လိုပဲ ဝိညာဉ်ဖြစ်သွားပြီလား မသိဘူးနော်..."
ထိုစကားကို ကြားသည်နှင့် ဘေးလူက ချက်ချင်းပင် ပြန်လည်ချေပကာ ငေါက်ငမ်းလေတော့သည်။
"မင်းကတော့ တကယ် ပြိန်းတာပဲ ၊ ဖန့်စစ်သူကြီးက ဘယ်လိုပုဂ္ဂိုလ်မျိုးလဲဟ။ လွန်ခဲ့တဲ့ နှစ်ပေါင်းရာချီကတည်းက ငါတို့ မဟာရှရဲ့ နယ်စားကြီး ဖြစ်ခဲ့တာလေ။ သူက ကျင့်ကြံသူကွ၊ ပညာရှင်ကြီး သူ့သက်တမ်းက အရှည်ကြီးရှိသေးတာ၊ ဘယ်လိုလုပ် သေမှာလဲ "
"ကောင်းလိုက်တာဗျာ၊ ဖန့်စစ်သူကြီး ပြန်လာပြီဆိုတော့ ဒီအသုံးမကျတဲ့ တော်ဝင်မျိုးနွယ်တွေ နောက်ထပ် ရမ်းကားလို့ ရတော့မှာ မဟုတ်ဘူး "
"လွန်ခဲ့တဲ့ နှစ်တွေက ငါနေတဲ့အိမ်ကို တော်ဝင်မျိုးနွယ်တစ်ယောက်က အကြောင်းပြချက်မရှိဘဲ ဈေးပေါပေါနဲ့ အတင်းဝယ်သွားတာ။ အဲ့ဒါကြောင့် ငါ့မှာ ဒီနှစ်တွေထဲ ခိုကိုးရာမဲ့ ဖြစ်နေခဲ့တာ။ အခုတော့ ဝင်ရောက်စီမံပေးမယ့်သူ ပေါ်လာပြီ "
"ထွီ"
တစ်ယောက်က ကျန့်လျန်ဝမ်ဖေး ဘက်သို့ တံထွေးဖြင့် ထွေးလိုက်ရာ ဘေးပတ်ဝန်းကျင်ရှိ လူများကလည်း ထိုနည်းတူ လိုက်လံလုပ်ဆောင်ကြတော့သည်။
လီပါးတောင်းသည် ထိုမြင်ကွင်းကို ကြည့်ကာ လူများကို ထိုနေရာမှ ချက်ချင်း ခေါ်ထုတ်သွားလိုက်သည်။ ထို့နောက် ဘေးတွင် လိုက်ပါလာသော အရာရှိငယ်များကို ကြည့်ကာ အေးစက်စွာ ပြုံး၍ ဆိုသည်။
"ဒီအရှင်သခင်က တကယ်ကို ဒေါသထွက်သွားပြီ။ ဒါကြောင့် နောက်ပိုင်းမှာ နေရာအနှံ့ကို မုန်တိုင်းတစ်ခု တိုက်ခတ်တော့မယ်။ မင်းတို့ ပိုင်ယွဲ့မြို့ကလည်း ကြိုတင်ပြင်ဆင်ထားတာ အကောင်းဆုံးပဲ"
ဌာနအသီးသီးမှ အရာရှိငယ်များမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြရင်း ရင်ထဲတွင် လေးလံထိုင်းမှိုင်းသွားကြတော့သည်။
ဖန့်ချန်ယွဲ့သည် ဘေးမှ လူများကို ဖယ်ခွာစေပြီးနောက် ဖန့်ချန်နှင့်အတူ မြို့ပြင်ဘက်သို့ တစ်ဦးတည်း လျှောက်လှမ်းလာခဲ့သည်။ နှစ်ဦးသား တံတားပေါ်သို့ တက်ရန် ပြင်လိုက်စဉ်မှာပင် အဖိုးအိုတစ်ဦးသည် ခြွေရံသင်းပင်းများနှင့်အတူ ချွေးသံရွှဲရွှဲဖြင့် အပြေးရောက်လာသည်ကို မြင်လိုက်ရသည်။
သူတို့ရှေ့သို့ ရောက်သည်နှင့် ထိုအဖိုးအိုက "ဗုန်း" ကနဲ အသံမြည်အောင် ဒူးထောက်ချလိုက်ပြီး သူ၏နောက်လိုက်များကလည်း ခေါင်းငုံ့လျက် စကားတစ်ခွန်းပင် မဟရဲဘဲ ဒူးထောက်လိုက်ကြသည်။
"ကျန့်လျန်မင်းသား... မင်း အသက်ရှင်နေစဉ်တုန်းက မင်းသားတွေအများကြီးထဲမှာ မင်းက အရည်အချင်းအရှိဆုံးနဲ့ ကိုယ့်ဂုဏ်သိက္ခာကိုယ် အလေးထားဆုံးသူ တစ်ယောက်ပဲ။ ဒါပေမဲ့ နှမြောစရာကောင်းတာက မင်းသေသွားပြီးတဲ့နောက်မှာ မင်းရဲ့ မိသားစုဝင်တွေကို အရမ်းလွှတ်ပေးထားခဲ့တာပဲ"
ဖန့်ချန်ယွဲ့က အေးစက်စွာ ဆိုသည်
"တကယ်လို့ အမှုစစ်လို့ မင်းဆီမှာ အမှားရှိနေရင်တော့ ဥပဒေအတိုင်းပဲ လုပ်ရလိမ့်မယ်။ ငါ့ကို လာရှိခိုးနေလည်း အပိုပဲ၊ ယင်လောကမှာလည်း ယင်လောကရဲ့ ဥပဒေရှိတယ်"
သူမသည် တစ်ဖက်လူကို စကားပြောခွင့်ပင် မပေးဘဲ ဖန့်ချန်ကို ဆွဲကာ တံတားပေါ်သို့ တက်သွားတော့သည်။ အဖိုးအိုမှာ ငိုင်ကျကျဖြင့် ကျန်ရစ်နေစဉ် ဘေးမှ လူလတ်ပိုင်းတစ်ဦးက တိုးတိုးလေး မေးသည်။
"ဝမ်ယဲ (မင်းသားကြီး)... ကျွန်တော်တို့ ဟိုအထောက်အထားတွေကို ဖျက်ဆီးလိုက်ရမလား..."
"မလုပ်နဲ့"
အဖိုးအိုက ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်သည်။
"အဲ့ဒီလို မလုပ်နဲ့။ အဲ့ဒီ ဖန့်နယ်စားကြီးရဲ့ အစွမ်းတွေကို မင်းမသိလို့ပါ။ တကယ်လို့ ငါတို့သာ အဲ့ဒီလိုလုပ်ရင် ငါတို့အားလုံး ပြီးသွားလိမ့်မယ်။ တရားသူကြီးဌာနကို ရိုးရိုးသားသားပဲ သွားလိုက်ကြစို့။ ရှိသမျှအမှန်အတိုင်း ဝန်ခံပြီး အပြစ်ဒဏ် လျှော့ပေါ့ပေးဖို့ပဲ ကြိုးစားရတော့မယ်"
"..."
လူတိုင်းမှာ မျက်နှာပျက်သွားကြပြီးနောက် ခေါင်းညိတ်ရုံမှတစ်ပါး အခြားမရှိတော့ချေ။
လူ့လောကသို့ မပြန်မီလေးမှာပင် ဖန့်ချန်သည် ဖန့်ချန်ယွဲ့အတွက် နေ့ကင်းလှည့် မျိုးနွယ်ဝင်အဖြစ် ခန့်အပ်လွှာ တစ်ခုကို ရေးသားပေးခဲ့သည်။
ထိုခန့်အပ်လွှာရှိနေသဖြင့် နောင်တွင် ဖန့်ချန်ယွဲ့သည် လူ့လောကသို့ သွားရောက်သည့်အခါ လူသားများရှေ့တွင် ကိုယ်ထင်ပြနိုင်မည်ဖြစ်ပြီး လွင့်စင်နေသော ဝိညာဉ်အသွင်မျိုး ဖြစ်တော့မည် မဟုတ်ပေ။
လူစည်ကားလှသော မြို့တော်လမ်းမပေါ်တွင် ပုံရိပ်နှစ်ခုသည် အသံတိတ် ပေါ်ထွက်လာခဲ့သည်။ ဘေးမှ လမ်းသွားလမ်းလာများ ရှိနေသော်လည်း သူတို့က မျက်စိမှားသည်ဟုသာ ထင်မှတ်ကြပြီး အထူးတဆန်း မရှိကြချေ။
"ဒီမြို့တော်က ပိုပြီး ကျယ်လာတာပဲ"
ဖန့်ချန်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။
ဤလမ်းမကြီးမှာ သူ နောက်ဆုံးအကြိမ် ထွက်မသွားခင်ကထက် အနည်းဆုံး ၅ ဆ၊ ၆ ဆခန့် ပိုကျယ်လာသည်ကို တွေ့ရသည်။
ရှေးဟောင်း အဆောက်အအုံများစွာ ပျောက်ကွယ်သွားပြီး ၎င်းတို့အစား လက်ရာမျိုးစုံ ပေါင်းစပ်ထားသော အဆောက်အအုံအသစ်များ ရောက်ရှိလာခဲ့သည်။ အမှတ်အသားပြုရမည့် အဆောက်အအုံအချို့သာ ကျန်ရှိနေခဲ့ပြီး ဥပမာအားဖြင့် ယခင် ဖန့်အိမ်တော်ကဲ့သို့သော နေရာမျိုး ဖြစ်သည်။ ထိုနေရာကိုမူ ဖန့်ချန်ထံမှ အမိန့်မရဘဲ ရှရွှမ်ကျိ ပင်လျှင် ရမ်းရမ်းကားကား မလုပ်ရဲချေ။
"အင်း... မြို့တော်မှာ လူတွေ ပိုများလာလို့ တိုးချဲ့လိုက်ရတာ။ ရာစုနှစ်ပေါင်းများစွာအတွင်းမှာ တဖြည်းဖြည်း ပြောင်းလဲလာတာဆိုတော့ ငါ့အမြင်မှာတော့ သိပ်မထူးခြားသလိုပဲ။ မင်းက ပြန်မလာတာ ကြာပြီမို့လို့ ချက်ချင်း သတိထားမိတာပေါ့"
ဖန့်ချန်ယွဲ့က ပြုံး၍ ဆိုသည်။
"တခြားနေရာက လူတွေ အကုန်လုံး ဒီကို စုပြုံရောက်နေကြတာလား "
ဖန့်ချန် စိတ်ဝင်တစား မေးလိုက်သည်။
"တခြားက လာတဲ့သူတွေတင် မဟုတ်ပါဘူး။ အဓိကက အခု ခေတ်ကောင်းနေတော့ အိမ်တိုင်းစေ့မှာ သားသမီးတွေ အများကြီး ထွန်းကားလာကြတာလေ"
ဖန့်ချန်ယွဲ့က ပြုံးလျက်
"မှတ်မိသေးတယ်... အဲ့ဒီတုန်းက ရှောင်စစ်သူကြီး က မင်းကို သမီးနဲ့ လက်ထပ်ပြီး သားမက်အဖြစ် ဝင်နေဖို့ ပြောတုန်းက မဟာရှမြို့တော်မှာ လူဦးရေ ၂၂ သန်းလောက်ပဲ ရှိတာ။ အခုဆိုရင် အဲ့ဒါထက် ၁၀ ဆမက များနေပြီလေ၊ အဲ့ဒါကြောင့် ဆက်တိုက် တိုးချဲ့နေရတာပေါ့"
"၁၀ ဆမက များလာတယ်..."
ဖန့်ချန်၏ မျက်နှာထားမှာ အနည်းငယ် တည်ကြည်သွားသည်။
ဤအချက်ကို သူ အသေအချာ မလေ့လာခဲ့မိချေ။
အကယ်၍ လူဦးရေ ရုတ်တရက် ပေါက်ကွဲထွက်လာခြင်းမှာ ဟိုဘက်လောကနှင့် ပတ်သက်နေမည်ဆိုပါက ထိုဘက်၏ အခြေအနေမှာ တကယ်ပင် မကောင်းတော့ကြောင်း သက်သေပြနေခြင်းလား။
လူတွေ သေဆုံးမှု များလေလေ၊ ဝိညာဉ်တွေ လူ့ဘဝသို့ ပြန်လည်ဝင်စားလာမှု ပိုများလေလေ ဖြစ်နေနိုင်သည် မဟုတ်ပါလား။
"ဖန့်ချန်... မင်း ဘာတွေ တွေးနေတာလဲ မင်း အဒေါ်ရဲ့ လင် (ဦးလေး) ကို သွားတွေ့မလား "
ဖန့်ချန်ယွဲ့က မေးသည်။
"တွေ့ရမှာပေါ့... နှစ်ပေါင်းများစွာ မတွေ့ရတာပဲ။ ပြန်ရောက်လာတုန်း တွေ့ဖြစ်အောင် တွေ့ရမယ်"
ဖန့်ချန်က ပြုံး၍ ခေါင်းညိတ်လိုက်သည်။
ထို့နောက် နယ်နိမိတ်ဘူးသီး ကို ထုတ်ကာ ဖန့်ရှောင်ထျန်းနှင့် ဖန့်ရှောင်ပန်း တို့ကို လွှတ်ပေးလိုက်သည်။
သူတို့နှစ်ဦးမှာ ဘူးသီးထဲတွင် ကြာကြာမနေခဲ့ရသလို ဖန့်ချန်၏ အထူးကာကွယ်မှုလည်း ပါရှိသော်လည်း ဘူးသီးထဲမှ ဓာတ်ငါးပါးစွမ်းအား များကြောင့် အလွန်အမင်း ထိတ်လန့်သွားခဲ့ကြသည်။
သူတို့သည် ထိုမျှအထိ သန့်စင်လှသော ဓာတ်ငါးပါးစွမ်းအားများကို မမြင်ဖူးကြချေ။ စွမ်းအားက သန့်စင်လေလေ၊ ပို၍ ကြောက်စရာကောင်းလေလေပင်။
"သူတို့က ဘယ်သူတွေလဲ"
ဖန့်ချန်ယွဲ့မှာ အနည်းငယ် အံ့အားသင့်သွားသည်။
ဖန့်ရှောင်ပန်း မှာမူ စပ်စုလိုစိတ်ဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်နေပြီး လမ်းဘေးရှိ စားသောက်ဖွယ်ရာ ဆိုင်တန်းများပေါ်တွင် အကြည့်မခွာနိုင် ဖြစ်နေသည်။
ဖန့်ရှောင်ထျန်းကမူ တည်ငြိမ်လှသည်။
သူသည် ရှေ့မှ မြင်ကွင်းကို သေချာကြည့်ပြီးနောက် ဖန့်ချန်ကို ဂါရဝပြုလိုက်သည်။
"အစ်ကိုကြီး... ကျွန်တော်တို့ အခု ဘယ်ရောက်နေတာလဲ "
"ဖန့်ချန်... သူက ဘာလို့ မင်းကို အစ်ကိုကြီးလို့ ခေါ်တာလဲ မင်းရဲ့ ညီအစ်ကိုတွေလား"
ဖန့်ချန်ယွဲ့က စိတ်ဝင်တစား မေးသည်။
"အဒေါ်... ဒါက ဖန့်ရှောင်ထျန်း၊ ဒါက ဖန့်ရှောင်ပန်း ပါ။ ကျွန်တော်နဲ့ ဖန့်ကျစ်ရွှယ်လိုပဲ... အဖေတူ အမေတူ မောင်နှမတွေပါပဲ"
ဖန့်ချန်က ပြုံး၍ မိတ်ဆက်ပေးလိုက်သည်။
ဖန့်ချန်ယွဲ့၏ တည်ငြိမ်လှသော အမူအရာမှာ ထိုစကားကြောင့် ချက်ချင်းပင် ပျောက်ကွယ်သွားပြီး အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားတော့သည်။
သူမသည် ဖန့်ရှောင်ထျန်း မောင်နှမကို ငေးကြည့်နေမိပြီး သူတို့၏ မျက်နှာတွင် ရင်းနှီးနေသော အငွေ့အသက်အချို့ကို တကယ်ပင် တွေ့လိုက်ရသည်။
"အဒေါ် "
ဖန့်ရှောင်ထျန်းမှာ အလွန်အမင်း ထိတ်လန့်သွားပြီး ဖန့်ချန်ယွဲ့ကို တစ်လှည့်၊ ဖန့်ချန်ကို တစ်လှည့် မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။
ဖန့်ချန်က ပြုံး၍ ခေါင်းညိတ်ပြသည်ကို မြင်တော့မှ စိတ်လှုပ်ရှားစွာဖြင့် နှုတ်ဆက်လိုက်သည်။
"ရှောင်ထျန်းက အဒေါ့်ကို ဂါရဝပြုပါတယ်"
အဖေနှင့်အမေ ထွက်ခွာသွားပြီးကတည်းက သူတို့သည် အစ်ကိုကြီး ဖန့်ချန်နှင့် အရင်ဆုံး တွေ့ဆုံခဲ့ရပြီး ယခုအခါတွင် နောက်ထပ် ဆွေမျိုးရင်းချာတစ်ဦးနှင့် ထပ်မံတွေ့ဆုံရသဖြင့် မည်သို့လျှင် စိတ်မလှုပ်ရှားဘဲ နေနိုင်ပါမည်နည်း။
"အစ်ကိုကြီး... သူက တကယ်ပဲ ကျွန်မတို့ အဒေါ်လား "
ဖန့်ရှောင်ပန်း၏ အာရုံစိုက်မှုသည် လမ်းဘေးဆိုင်များမှ ဖန့်ချန်ယွဲ့ထံသို့ ရောက်ရှိလာခဲ့ပြီး အလွန်ပင် စိတ်လှုပ်ရှားနေဟန် ရှိသည်။
"ဟုတ်တာပေါ့၊ ဂါရဝမပြုသေးဘူးလား"
"အဒေါ်"
ဖန့်ရှောင်ပန်း သည် ရှေ့သို့ တိုးသွားကာ ဖန့်ချန်ယွဲ့ကို တန်းပြီး ဖက်လိုက်တော့သည်။
"ကောင်းတယ်... လိမ္မာတဲ့ ကလေးတွေ..."
ဖန့်ချန်ယွဲ့သည် ဖန့်ရှောင်ပန်း၏ ပခုံးကို ပုတ်ကာ ရှောင်ထျန်းနှင့် ရှောင်ပန်းကို တစ်လှည့်စီ ကြည့်ရင်း မျက်ဝန်းများ နီမြန်းလာသည်။
"အစ်ကိုနဲ့ အစ်မကလည်း... ဘာလို့ ကလေးတွေကို အိမ်ပြန်မခေါ်လာကြတာလဲ။ တကယ်လို့ ဖန့်ချန်သာ မပြောရင် အဒေါ်လည်း သမီးတို့ ရှိနေမှန်း သိမှာ မဟုတ်ဘူး..."
"အဒေါ်... ဒီကိစ္စက ပြောရရင် အရှည်ကြီးပဲ။ သူတို့ နေတဲ့နေရာက ဒီနဲ့ အရမ်းဝေးလွန်းတယ်။ အဲ့ဒီအကွာအဝေးက သာမန်ကျင့်ကြံသူတွေရဲ့ ကျင့်ကြံမှုနဲ့တောင် မဖြတ်ကျော်နိုင်တဲ့ အကွာအဝေးမျိုးပါ"
ဖန့်ချန်က ခါးသက်စွာ ပြုံးလျက်
"ကျွန်တော်တို့ နန်းတော်ထဲ အရင်သွားကြစို့၊ လမ်းမှာ ပြောပြပါ့မယ်"
"ကောင်းပြီ"
လူတစ်စုသည် နန်းတော်ဘက်သို့ ဦးတည်လျှောက်လှမ်းလာခဲ့ကြသည်။ မည်သည့် တန်ခိုးစွမ်းအားကိုမှ အသုံးမပြုဘဲ လူအုပ်ကြားထဲတွင်သာ တိုးဝှေ့သွားရင်း ဖန့်ချန်သည် ပတ်ဝန်းကျင်၏ အလှအပများကို ကြည့်ရှုလာခဲ့သည်။
နန်းတော်တံခါးဝသို့ ရောက်လုနီးပါးအချိန်တွင် ဖန့်ချန်ယွဲ့သည် အဖြစ်အပျက်များကို နားလည်သွားခဲ့ပြီး ရှောင်ထျန်းမောင်နှမကို သနားကရုဏာဖြင့် ကြည့်ကာ ပြောလိုက်သည်။
"တကယ်လို့ မင်းတို့သာ အစ်ကိုကြီးနဲ့ မတွေ့ခဲ့ရင် နောက်ပိုင်း ဘဝတွေကို ဘယ်လိုများ ဖြတ်သန်းကြမလဲ..."
မောင်နှမနှစ်ဦးမှာ ဆိတ်ဆိတ်နေမိကြသည်။
ဟုတ်ပါသည်၊ အကယ်၍ ဖန့်ချန်နှင့်သာ မတွေ့ခဲ့လျှင် သူတို့ ယခုအချိန်အထိ အသက်ရှင်နိုင်ပါဦးမည်လော။ ဖြစ်နိုင်သည်မှာ...
"အဖေနဲ့ အမေရဲ့ အခြေအနေက အခုနည်းနည်း ထူးခြားနေတယ်။ ရှောင်ထျန်းနဲ့ ရှောင်ပန်း အပြင် ကျွန်တော့်မှာ တခြား မောင်နှမတွေလည်း ရှိဦးမှာပဲ၊ အခုတော့ ဘယ်မှာ ရှိနေကြမှန်း မသိသေးဘူး"
ဖန့်ချန်က ပြုံး၍ ဆိုသည်။
"အစ်ကိုနဲ့ အစ်မက ဒီနှစ်တွေမှာ တစ်ခါမှ ပြန်မလာကြဘူး။ ဒီလိုမှန်းသိရင် အဲ့ဒီတုန်းက သူတို့နောက်ကို ငါ လိုက်သွားလိုက်ရမှာ"
ဖန့်ချန်ယွဲ့က သက်ပြင်းချလိုက်သည်။
စကားအဆုံးတွင် သူမသည် စိတ်ကို ပြန်လည်တင်းမာလိုက်ပြီး ပြောလ်ုက်သည်။
"ဒါပေမဲ့ ဒါကလည်း ကောင်းတာပါပဲ၊ ငါတို့ ဖန့်အိမ်တော်မှာ လူဦးရေက သိပ်မများဘူး။ ငါ့မှာလည်း ယွမ်ရှင်းတစ်ယောက်ပဲ ရှိတယ်၊ သူကလည်း ရှ မျိုးရိုးဖြစ်နေတာ။ မင်းရဲ့ ဦးလေးကလည်း သားသမီး မယူဘူး။ အခုတော့ အစ်ကိုတို့ရှိနေပြီဆိုတော့ မိသားစုက လူစည်ကားပြီး ကောင်းချီးတွေ ရတော့မှာပေါ့။ ဒါမှသာ မိသားစုတစ်ခုနဲ့ တူမှာ"
သူမသည် ဖန့်ရှောင်ပန်း၏ လက်ကို ဆွဲကာ နန်းတော်တံခါးရှေ့သို့ လျှောက်သွားလိုက်ပြီး တံခါးစောင့် စစ်သည်များကို အေးစက်စွာ ဆိုလိုက်သည်။
"ရှရွှမ်ကျိ ကို ပြောလိုက်ပါ... ငါ ဖန့်ချန်ယွဲ့ ပြန်လာပြီလို့"
အခန်း (၁၅၃၆) - တစ်ခါတရံမှာ တချို့အရာတွေကို မမှတ်မိတော့ဘူး
နန်းတော်အစောင့်စစ်သည်သည် တစ်ဖက်လူက မိမိတို့ ဘိုးဘေးဧကရာဇ်၏ နာမည်ကို တိုက်ရိုက်ခေါ်ဆိုလိုက်သည်ကို ကြားသောအခါ ဒေါသထွက်ရန် ပြင်လိုက်သော်လည်း ဖန့်ချန်ယွဲ့ ဟူသော နာမည်ကိုပါ ကြားလိုက်ရသဖြင့် ခဏတာ မှင်တက်သွားရသည်။
ဘေးနားရှိ စစ်သည်တစ်ဦးမှာ ရင်ထဲ၌ အေးစက်သွားကာ အမြန်ရှေ့တိုး၍ ဂါရဝပြုရင်း မိဖုရားကြီး ဟု ဟစ်အော်နှုတ်ဆက်တော့မှသာ ကျန်တဲ့လူများလည်း သတိဝင်လာကြတော့သည်။
ထိုလေးဦးမှာ မကြာမီမှာပင် နန်းဆောင် သို့ လမ်းညွှန်ခေါ်ဆောင်ခြင်း ခံရပြီး နှစ်ပေါင်းများစွာ မတွေ့ရတော့သည့် ရှရွှမ်ကျိနှင့် တွေ့ဆုံခွင့်ရခဲ့သည်။
ဖန့်ရှောင်ထျန်းနှင့် ဖန့်ရှောင်ပန်းတို့မှာ ဤပုဂ္ဂိုလ်သည် သူတို့၏ ဦးလေး (အဒေါ်လင်) ဖြစ်ကြောင်း သိထားကြသော်လည်း ဖန့်ချန်က မိတ်မဆက်ပေးသေးသဖြင့် စကားမဟရဲဘဲ ရှရွှမ်ကျိကိုသာ စပ်စုသလို ကြည့်နေမိကြသည်။
မကြာမီမှာပင် သူတို့မောင်နှမ သတိထားမိလိုက်သည်မှာ ရှရွှမ်ကျိ၏ ကျင့်ကြံခြင်းအဆင့်မှာ သူတို့နှစ်ဦးထက်ပင် နိမ့်ကျနေပုံရခြင်းပင်။
ရှရွှမ်ကျိ၏ နားထင်နှစ်ဖက်မှ ဆံပင်များမှာ ဖြူဖွေးနေပြီး အရင်ကထက်စာလျှင် သိသိသာသာ အိုမင်းရင့်ရော်လာခဲ့ပြီ ဖြစ်သည်။
သို့သော် သူ၏ကျင့်ကြံခြင်းမှာ ပေါင်းစပ်ခြင်းအဆင့် အစောပိုင်းသို့ ရောက်ရှိနေပြီဖြစ်ရာ ထိုအဆင့်၏ သက်တမ်းအရဆိုလျှင် ယခုအချိန်တွင် ဤမျှ အိုမင်းသွားရန် မဖြစ်နိုင်ပေ။
"ချန်ယွဲ့... ငါတို့ မတွေ့ရတာ ကြာပြီနော်"
ရှရွှမ်ကျိသည် ဖန့်ချန်ယွဲ့၏ ရှေ့သို့ လျှောက်လာကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ သူ့မျက်လုံးထဲတွင် ဖန့်ချန်တို့ သုံးဦး ရှိနေသည်ကိုပင် သတိမပြုမိတော့သည့်အလား။
"ဒီလိုတွေ လာမလုပ်နဲ့၊ ရှင်က တစ်လတစ်ခါ ယင်လောကကို ဆင်းလာနေတာပဲ၊ ငါတို့တွေ့ရတာ နည်းနေလို့လား"
ဖန့်ချန်ယွဲ့က လက်ကာပြလိုက်ပြီး
"ဖန့်ချန် ပြန်လာလို့ ရှင့်ကို တွေ့ချင်တယ်ဆိုလို့ လိုက်လာတာ၊ ပြီးရင် ငါတို့ တောင်ပိုင်းက အိမ်တော်ကို ရက်နည်းနည်း သွားနေကြမလို့။ ဪ... ဒါနဲ့ ဒီနှစ်ယောက်က ရှင့်ရဲ့ တူနဲ့ တူမပဲ၊ သူတို့က ဖန့် မျိုးရိုးတွေ"
"ဦးလေး"
မောင်နှမနှစ်ဦးက အမြန်ပင် လက်အုပ်ချီ နှုတ်ဆက်လိုက်ကြသည်။
ရှရွှမ်ကျိမှာ အနည်းငယ် အံ့အားသင့်သွားပြီးနောက် ရယ်မောကာ ဆိုသည်။
"မင်းတို့က ဘာလို့ ငါ့ကို ဦးလေးလို့ ခေါ်တာလဲ၊ အဆင့်တွေ မှားကုန်ပြီ။ ဘိုးဘိုးလေး လို့ ခေါ်ရမှာလေ"
သူက ဖန့်ချန်ဘက်သို့ လှည့်ကြည့်ကာ
"ဖန့်ချန်... မင်းကလည်း မင်းရဲ့ကလေးတွေကို သေချာ ရှင်းမပြထားဘူးလား"
ဖန့်ရှောင်ထျန်းနှင့် ရှောင်ပန်းမှာ မှင်တက်သွားကြသည်။
ဖန့်ချန်ယွဲ့က သက်ပြင်းချရင်း
"သူတို့က အစ်ကိုကြီးနဲ့ အစ်မတို့ရဲ့ သားသမီးတွေလေ၊ ဖန့်ချန်ရဲ့ မောင်နှမအရင်းတွေပါ"
"..."
ရှရွှမ်ကျိမှာ ခဏတာ ဆွံ့အသွားပြီးမှ ဖန့်ရှောင်ထျန်း မောင်နှမကို မယုံကြည်နိုင်သလို ပြန်ကြည့်ကာ။
"မင်းရဲ့ အဖေနဲ့အမေက အခုထိ ကလေးမွေးနိုင်သေးတာလား ဖန့်ချန် တစ်ယောက်တည်းနဲ့ မလုံလောက်သေးလို့လား "
"ဦးလေး... အဲ့ဒီစကားက နားထောင်ရတာ တစ်မျိုးကြီးပဲနော်"
ဖန့်ချန်က ပြုံး၍ ခေါင်းခါလိုက်ပြီး
"ကျွန်တော် ခင်ဗျားနဲ့ နောက်ဖေးဘက်မှာ ခဏလောက် သီးသန့် စကားပြောလို့ ရမလား "
"အာ... ရတာပေါ့"
ရှရွှမ်ကျိက ချက်ချင်း ခေါင်းညိတ်လိုက်ပြီး ဖန့်ချန်နှင့်အတူ နန်းဆောင်ထဲမှ ထွက်ခွာလာခဲ့သည်။ ဖန့်ရှောင်ထျန်း မောင်နှမကို သေချာဧည့်ခံထားရန်လည်း ဖန့်ချန်ယွဲ့ကို မှာကြားခဲ့သေးသည်။
"သူတို့ကို လွှတ်ထားလိုက်ပါ၊ အဒေါ်က သမီးတို့ မောင်နှမကို လိုက်ပြမယ်။ သမီးတို့ အစ်ကိုကြီး ဝတ်လစ်စလစ်နဲ့ လျှောက်ပြေးနေတုန်းက ဒီနန်းတော်ထဲမှာပဲ ခြေရာလက်ရာတွေ အများကြီး ကျန်ခဲ့တာ၊ ကြည့်ချင်လား"
ဖန့်ချန်ယွဲ့က ပြုံး၍ မေးလိုက်သည်။
နှစ်ဦးသား မျက်လုံးများ တောက်ပသွားကြသည်။ သူတို့ တကယ်ကို ကြည့်ချင်ကြသည် မဟုတ်ပါလား။
"ဒီနှစ်တွေထဲမှာ မဟာရှက အဆင်ပြေရဲ့လား"
နန်းတော်တော်ဝင်ဥယျာဉ်ထဲတွင် ဖန့်ချန်နှင့် ရှရွှမ်ကျိတို့မှာ ဘေးချင်းယှဉ် လျှောက်လှမ်းရင်း အေးအေးဆေးဆေး မေးလိုက်သည်။
"ကောင်းတာပေါ့၊ အင်မတန် ကောင်းပါတယ်။ အခု မဟာရှရဲ့ နယ်မြေက မင်းမှန်းဆလို့တောင် ရမှာ မဟုတ်တော့ဘူး။ ဒါပေမဲ့ အလုပ်တွေကလည်း အရမ်းများလွန်းလို့ ငါ့ဆံပင်တွေတောင် ဖြူကုန်ပြီ"
ရှရွှမ်ကျိက သက်ပြင်းသဲ့သဲ့ချကာ
"ကံကောင်းတာက အဖိုးကြီး မှာခဲ့တဲ့ အလုပ်တွေကို ငါ အမှားအယွင်းမရှိ လုပ်နိုင်ခဲ့တာပဲ။ မဟာရှ ထိန်းချုပ်ထားတဲ့ နယ်မြေတွေထဲမှာ လူသားနှင့် ကျင့်ကြံသူ သီးခြားစီနေထိုင်တဲ့ အမိန့် ကို စတင်ကျင့်သုံးနေပြီ။ ကျင့်ကြံသူတွေနဲ့ လူသားတွေကြားမှာ တိတိကျကျ ခွဲခြားထားရမယ်၊ ကျင့်ကြံသူတွေက လူသားတွေရဲ့ ကိစ္စမှာ ဝင်မစွက်ဖက်ရဘူး။
ဒီအမိန့်ကို ထုတ်ပြန်ပြီးတဲ့နောက်မှာ ကျင့်ကြံသူတွေအတွက် တပည့်ရှာရတာ နည်းနည်းခက်သွားပေမဲ့ ပြည်သူတွေကတော့ အရင်ကထက် ပိုပြီး အေးအေးချမ်းချမ်း နေထိုင်လာရတယ်။
တစ်နေ့မှာ ကောင်းကင်က ဓားပျံတစ်စင်း ကျလာပြီး တစ်ရွာလုံး လူသေကုန်မလားဆိုတဲ့ စိုးရိမ်စိတ်တွေ မရှိတော့ဘူးပေါ့"
စကားအဆုံးတွင် သူက ဖန့်ချန်ကို တစ်ချက်ကြည့်ကာ မေးလိုက်သည်။
"မင်းရော... အပြင်မှာ ဒီလောက်ကြာအောင် သွားနေတာ ဘာတွေ လုပ်ခဲ့လဲ "
"နည်းနည်းတော့ ရှုပ်ထွေးတယ်၊ နောက်မှပဲ အေးဆေးပြောပြတော့မယ်။ ဒါနဲ့... ဟို နဂါးစားဘုရင် ရော နောက်ပိုင်း ဒီကို လာသေးလား"
ဖန့်ချန်က မေးလိုက်သည်။
"သူလား သူက လာရဲဦးမလား"
ရှရွှမ်ကျိက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ အရင်က နဂါးစားဘုရင်က သူ့ရဲ့ ကိုယ်ခန္ဓာကို သိမ်းပိုက်ခဲ့တာကို အခုထိ တေးထားပုံရသည်။
သို့သော် ယခု ဖန့်ချန်၏ အမြင်တွင်မူ ထိုကိစ္စမှာ ဟိုဘက်လောကနှင့် ပတ်သက်နေနိုင်သည်။
နဂါးစားဘုရင်သည်လည်း မိစ္ဆာသန္ဓေသား ကို ဖြတ်ကျော်နိုင်ခဲ့သည့် ပုဂ္ဂိုလ် ဖြစ်နိုင်ခြေ ရှိသည်။ ခွဲထုတ်ခံလိုက်ရသည့် ရှရွှမ်ကျိမှာမူ လူသားစစ်စစ် ဝိညာဉ်ဖြစ်နိုင်သောကြောင့် အဘိုးက သူ့ကို အရေးပေးခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
'သူသာ လူသားဝိညာဉ်ဆိုရင် ရှကျိ ကလည်း လူသားစစ်စစ် ဖြစ်မှာပဲ၊ ကောင်းတာပေါ့'
ဖန့်ချန်က ထိုသို့တွေးတောရင်း ပြုံးလိုက်သည်။
"ကျွန်တော် အခု ပြန်လာတော့ ပိုင်ယွဲ့မြို့ကို ဖြတ်လာခဲ့တာ၊ မဟာရှ တော်ဝင်မျိုးနွယ်တချို့ရဲ့ အပြုအမူတွေက နည်းနည်း ပြဿနာရှိနေတာ တွေ့ခဲ့တယ်"
"မင်း သတိထားမိမှာကို ငါ သိပြီးသားပါ၊ အဲ့ဒါကြောင့်ပဲ မင်းကိုပဲ လွှဲပေးထားလိုက်တာ"
ရှရွှမ်ကျိက ခပ်အေးအေး ပြုံးကာ
"ဒီကောင်တွေက ငါ့နားမှာ တစ်နေ့ကုန် ဆူညံပူညံ လုပ်နေကြတာ။ သူတို့ အသက်ရှင်နေတုန်းဆိုရင်တော့ ငါ နည်းနည်းပါးပါး စီမံလို့ ရသေးတယ်၊ အခုတော့ ယင်လောကမှာဆိုတော့ ငါက အဝေးကနေ ဘာမှလုပ်မရဘူး။ တစ်ယောက်စနှစ်ယောက်စ အပြစ်ပေးလည်း ဘာမှ ထိရောက်မှုမရှိတဲ့အပြင် လူဆိုးအမည်ပဲ အဖတ်တင်မှာ။ မင်းကပဲ ကိုင်တွယ်လိုက်တာ အကောင်းဆုံးပဲ၊ သူတို့က မင်းကိုပဲ ကြောက်ကြတာ၊ ငါ့ကိုလည်း လာအပြစ်တင်လို့ မရတော့ဘူးပေါ့"
ဖန့်ချန်က ရယ်မောလိုက်ပြီး ရှရွှမ်ကျိနှင့်အတူ မဟာရှ၏ နိုင်ငံရေးကိစ္စများကို ဆက်လက် စကားပြောဖြစ်ခဲ့ကြသည်။
မွန်းတည့်ချိန်တွင် ကောင်းကင်မှာ ကြည်လင်နေသော်လည်း ရုတ်တရက် မိုးကြိုးသံတစ်ချက်က မိုင်ပေါင်းထောင်ချီအထိ ဟိန်းထွက်သွားတော့သည်။ ရှရွှမ်ကျိက ကောင်းကင်ကို တစ်ချက်ကြည့်ကာ ပြုံးလိုက်သည်။
"ဘယ်က လာတဲ့ ကျင့်ကြံသူတွေလဲ မသိဘူး၊ စည်းကမ်းကို နည်းနည်းလေးမှ မသိကြဘူး"
မကြာမီမှာပင် မိုးကြိုးသံများ ဆက်တိုက် ထွက်ပေါ်လာပြီး မြို့တော်ရှိ ပြည်သူများမှာလည်း ကောင်းကင်တွင် လူပုံရိပ်နှစ်ခု တိုက်ခိုက်နေသည်ကို မြင်လိုက်ရသည်။ သူတို့ အပြင်းအထန် တိုက်ခိုက်နေစဉ်မှာပင် ရဲရင့်သောဓားစောင့်စစ်သည်တစ်စု ကောင်းကင်သို့ ပျံတက်သွားပြီး ထိုနှစ်ဦးကို သံခြေကျဉ်းများ ခတ်ကာ ခေါင်းကို အိတ်မည်းစွပ်၍ ချက်ချင်း ဖမ်းဆီးခေါ်ဆောင်သွားတော့သည်။
ထိုဖြစ်ရပ်လေးပြီးနောက် ရှရွှမ်ကျိက နန်းတွင်းစားဖိုဆောင်ကို ခိုင်း၍ ခမ်းနားသော နေ့လယ်စာ စားပွဲတစ်ခု ပြင်ဆင်စေခဲ့သည်။
ထိုပွဲတွင် သူသည် ဖန့်ချန်ကို ဆက်တိုက် အရက်တိုက်ရင်း နေဝင်ချိန်အထိ သောက်စားခဲ့ကြသည်။ မိဖုရားကြီး လူ့လောကသို့ ပြန်ရောက်လာသည့် သတင်းမှာ တဖြည်းဖြည်း ပျံ့နှံ့သွားသဖြင့် မဟာရှ တော်ဝင်မျိုးနွယ်များစွာ ရောက်ရှိလာကြသော်လည်း စစ်သည်များက တားဆီးထားသဖြင့် ဘယ်သူမှ ဝင်တွေ့ခွင့် မရခဲ့ကြချေ။
နန်းတော်ထဲတွင် တစ်ညအိပ်စက်ပြီးနောက် ဒုတိယမြောက်နေ့တွင် သူတို့ လေးဦးမှာ တောင်ပိုင်းရှိ ဖန့်အိမ်တော်သို့ တိုက်ရိုက် ခရီးဆက်ခဲ့ကြသည်။
"မင်းရဲ့ ဦးလေးက ဒီနှစ်တွေမှာ အမြဲတမ်း အပြင်ထွက်နေတာ၊ ဘာတွေ အလုပ်ရှုပ်နေလဲ မသိပါဘူး။ အဖိုးကြီးကလည်း ပြန်မလာတာ ကြာပြီ၊ မင်းရဲ့ အဖေနဲ့အမေကလည်း မရှိဘူး။ အခု ဖန့်အိမ်တော်မှာတော့ အရင်က ခေါ်ထားခဲ့တဲ့ စစ်တပ်က မိဘမဲ့ကလေးတွေရဲ့ သားသမီးတွေပဲ ကျန်တော့တယ်။ သူတို့ပဲ အိမ်တော်ကို စောင့်ရှောက်နေကြတာ၊ အဲ့ဒီထဲမှာ ကျင့်ကြံခြင်း ပါရမီပါတဲ့ ကလေးတွေလည်း အများကြီး ထွက်လာတယ်"
ဖန့်ချန်ယွဲ့က ရှင်းပြရင်း သူတို့ သုံးဦးကို ဖန့်အိမ်တော်ထဲသို့ ခေါ်ဆောင်လာခဲ့သည်။
ယခုခေတ် ဖန့်အိမ်တော်တွင် ရင်းနှီးသော မျက်နှာဟောင်းများ မရှိတော့ချေ။ ဖန့်ချန်ကလည်း အရှုပ်အယှက် မဖြစ်လိုသဖြင့် အစီရင်ခံတစ်ခု ပြုလုပ်ထားလိုက်ရာ သာမန်လူများမှာ သူတို့ လေးဦးကို လုံးဝ မြင်နိုင်စွမ်း မရှိတော့ပေ။
"ဒီတစ်ခါ အစ်ကိုကြီးနဲ့ အစ်မတို့က တိုက်တိုက်ဆိုင်ဆိုင် ပြန်လာရင်တော့ ကောင်းမှာပဲ"
ဖန့်ချန်ယွဲ့က ပြောရင်း ပုံမှန်အားဖြင့် ဖွင့်လေ့မရှိသော ရှေ့ခန်းမဆောင် တံခါးကြီးကို တွန်းဖွင့်လိုက်သည်။
အထဲတွင် လူပုံရိပ်နှစ်ခုမှာ ထမင်းစားနေကြသည်ကို တွေ့လိုက်ရသည်။ လူဝင်လာသည်ကို မြင်သောအခါ သူတို့နှစ်ဦး ခေါင်းမော့ကြည့်လိုက်ပြီး ပြုံးပြလိုက်ကြသည်။
"လာ... အချိန်ကိုက်ပဲ၊ ထမင်းစားနေတာ။ မင်းတို့လည်း ထိုင်စားကြ"
ထိုနှစ်ဦးမှာ ဖန့်ချန်၏ မိဘများဖြစ်သော ဖန့်ချန်ဟိုင် ဇနီးမောင်နှံပင် ဖြစ်သည်။
ဖန့်ရှောင်ထျန်းနှင့် ဖန့်ရှောင်ပန်းတို့မှာ သူတို့နှစ်ဦးကို မြင်သည်နှင့် မိုးကြိုးပစ်ခံလိုက်ရသလို မှင်တက်သွားကြပြီး နေရာတင် ရပ်နေမိကြသည်။
သူတို့ မောင်နှမမှာ ကြီးပြင်းလာသဖြင့် ရုပ်ရည် ပြောင်းလဲသွားခဲ့သော်လည်း ရှေ့မှ မိဘနှစ်ပါးမှာမူ အရင်ကအတိုင်း တစ်စက်ကလေးမျှ ပြောင်းလဲသွားခြင်း မရှိပေ။
"အစ်ကိုကြီးနဲ့ အစ်မ... ပြန်လာတာ ကောင်းလိုက်တာ။ ဒါက ရှောင်ထျန်းနဲ့ ရှောင်ပန်းလေ၊ သူတို့ကို မေ့သွားတာတော့ မဟုတ်ပါဘူးနော် "
ဖန့်ချန်ယွဲ့မှာ သက်ပြင်းချရင်း မောင်နှမနှစ်ဦးကို ရှေ့သို့ ဆွဲခေါ်လာခဲ့သည်။
မိဘနှစ်ပါး၏ မျက်နှာမှာ ခဏတာ ဝေဝေဝါးဝါး ဖြစ်သွားသော်လည်း မောင်နှမနှစ်ဦး ရင်တထိတ်ထိတ် ဖြစ်နေစဉ်မှာပင် သူတို့၏ မျက်ဝန်းများမှာ ရုတ်တရက် ကြည်လင်လာခဲ့သည်။
ဖန့်ဖခင်နှင့် မိခင်တို့မှာ ပြုံးလိုက်ကြသော်လည်း မျက်ရည်များမှာမူ အသံတိတ် စီးကျလာတော့သည်။
"အဖေ... အမေ"
ရှောင်ထျန်းနှင့် ရှောင်ပန်းမှာ ရင်ထဲရှိ ဝမ်းနည်းမှုများကို မထိန်းနိုင်တော့ဘဲ မိဘနှစ်ပါးရှေ့တွင် ဒူးထောက်လိုက်ကြတော့သည်။
ဖန့်မိခင်က သက်ပြင်းသဲ့သဲ့ချကာ
"ကလေးတို့... ငါတို့ကို အပြစ်မတင်ကြပါနဲ့။ အမေနဲ့ အဖေက ပြဿနာတချို့ ရှိနေလို့ပါ။ တစ်ခါတရံမှာ... တချို့အရာတွေကို မမှတ်မိတော့ဘူး..."
"ပြန်လာရင် ပြီးတာပါပဲ၊ ပြန်လာရင် ပြီးတာပါပဲ"
ဖန့်ချန်ဟိုင်က ထရပ်လိုက်ပြီး သူတို့နှစ်ဦးကို ထူပေးကာ ပြုံး၍ ဆိုသည်။
"ဒီလောက်တောင် ကြီးကုန်ကြပြီလား၊ အဖေနဲ့အမေတောင် မင်းတို့ကို မမှတ်မိတော့မလို့ပဲ"