အခန်း (၁၅၃၇-၁၅၃၈)
Vol. 154 Ch. 1537-1538
အခန်း (၁၅၃၇) - နန်ချင်သို့ တစ်ခေါက်ပြန်လည်ရောက်ရှိခြင်း
မိသားစုဝင်အစုံအလင် ဝိုင်းဖွဲ့လိုက်ကြသဖြင့် ဤထမင်းဝိုင်းလေးမှာ တော်တော်လေး စည်ကားလှသည်ဟု ဆိုရပေမည်။
ပျက်ကွက်နေသူ အများအပြား ရှိနေသော်လည်း ဖန့်ရှောင်ထျန်းနှင့် ဖန့်ရှောင်ပန်းတို့အတွက်မူ ဤကဲ့သို့သော မြင်ကွင်းမျိုးမှာ အိပ်မက်ထဲတွင် အကြိမ်ပေါင်းမနည်း မက်ခဲ့ဖူးသည့် မြင်ကွင်းပင် ဖြစ်သည်။
ဖန့်ချန်၏ မျက်နှာတွင် အပြုံးနုနုလေး ရှိနေသော်လည်း ရင်ထဲ၌မူ စိုးရိမ်စိတ် အနည်းငယ် ကိန်းအောင်းနေမိသည်။
ဖန့်ဖခင်နှင့် ဖန့်မိခင်တို့သည် ထူးခြားသူဖြစ်သွားပြီးနောက် လောကရှိ အခြားသော ထူးခြားသူများနှင့်အတူ တားမြစ်အတတ် ၏ နောက်ဆက်တွဲဆိုးကျိုး ကို ဝေမျှခံစားနေကြရသည်။
ထို့ပြင် သူတို့ဇနီးမောင်နှံ ခံစားနေရသည့် ဆိုးကျိုးမှာ အခြားသူများထက် ပို၍ ပြင်းထန်ပုံရသည်။
ဒါသည် သူတို့နှစ်ဦး၏ ကျင့်ကြံခြင်း အဆင့်အတန်းနှင့် သက်ဆိုင်နေပေလိမ့်မည်။ တစ်နေ့တွင် သူတို့နှစ်ဦးသည် ထူးခြားသူများကြား၌ ထိပ်သီးပုဂ္ဂိုလ်များ ဖြစ်လာခဲ့လျှင် ထိုနောက်ဆက်တွဲ လက္ခဏာများမှာ အနည်းငယ် သက်သာသွားနိုင်ကောင်းပါရဲ့။
ဖန့်မိခင်သည် သူတို့နှစ်ဦး ထွက်ခွာသွားပြီးနောက် ကလေးငယ်နှစ်ဦး၏ ဘဝဖြတ်သန်းမှု အခြေအနေများကို အစဉ်တစိုက် မေးမြန်းနေခဲ့သည်။ ကလေးနှစ်ဦးမှာ အလွန်ငယ်ရွယ်စဉ်ကတည်းက ဖန့်ချန်နှင့် တွေ့ဆုံခဲ့ရကြောင်း သိလိုက်ရတော့မှသာ ဖန့်ဖခင်နှင့် မိခင်တို့မှာ စိတ်သက်သာရာရကာ သက်ပြင်းချနိုင်တော့သည်။
"မင်းတို့ အစ်ကိုကြီးက မင်းတို့ကို အနိုင်ကျင့်ခံရအောင် ထားမှာမဟုတ်ပါဘူး။ အဲ့ဒီနောက်ပိုင်း ဘဝတွေက အဆင်ပြေသွားတယ်မလား"
ဖန့်မိခင်က ပြုံး၍ မေးသည်။
ဖန့်ရှောင်ထျန်းက ခေါင်းညိတ်ပြသည်
"အစ်ကိုကြီးနဲ့ တွေ့ပြီးတဲ့နောက်မှာတော့ အားလုံး အဆင်ပြေသွားပါတယ်။ ကျင့်ကြံခြင်းပိုင်းမှာလည်း ဆရာ တွေ အများကြီးက လမ်းညွှန်ပေးကြတယ်။ အဲ့ဒီဆရာတွေ ရှိနေလို့ ကျွန်တော်နဲ့ ရှောင်ပန်းလည်း ဘာ ဘေးအန္တရာယ်နဲ့မှ မကြုံခဲ့ရပါဘူး"
"ကောင်းတာပေါ့... အေးရောပဲ..."
ဖန့်မိခင်က ခေါင်းကို တဆက်ဆက် ညိတ်နေမိသည်။
"အမေ... ကျွန်တော့်ရဲ့ တခြား မောင်နှမတွေက အခု ဘယ်မှာလဲဟင် အဖေနဲ့အမေ ကျွန်တော့်ကို လိပ်စာလေး ပေးထားပါဦး၊ အားတဲ့အခါ ကျွန်တော် သွားခေါ်လာခဲ့ပါ့မယ်"
ဖန့်ချန်က အခွင့်သာတုန်း ဝင်မေးလိုက်သည်။ ယခုမမေးလျှင် ထိုနှစ်ဦးမှာ မှတ်ဉာဏ်များ ထပ်မံ ပျောက်ဆုံးသွားပါက ကျန်ရှိသည့် ညီအစ်ကို မောင်နှမများ၏ သတင်းအစအနကို သိခွင့်ရတော့မည် မဟုတ်ပေ။
သို့သော် မထင်မှတ်ဘဲ သူတို့နှစ်ဦး၏ မျက်ဝန်းထဲတွင် ဝေဝေဝါးဝါး ဖြစ်မှုများ ပေါ်လာပြန်သည်။ ၎င်းတို့ကို မေ့လျော့သွားပုံရပြန်လေပြီ။
"ငါတို့က... မင်းအတွက် တခြား မောင်နှမတွေလည်း မွေးပေးထားသေးတာလား "
ဖန့်ချန်ဟိုင်က မရေမရာ ပြန်မေးသည်။
"ရှောင်ထျန်းနဲ့ ရှောင်ပန်းတို့ မတိုင်ခင်ကတည်းက အဖေတို့ ကျွန်တော့်အတွက် မောင်နှမတွေ မွေးပေးခဲ့ပြီးသားလေ။ ပြောရရင် သူတို့က ရှောင်ထျန်းတို့ရဲ့ အစ်ကိုနဲ့ အစ်မတွေပေါ့"
ဖန့်ချန်မှာ အားကိုးရာမဲ့စွာ ဆိုလိုက်ရသည်။
"မမှတ်မိတော့ဘူး..."
ဖန့်ချန်ဟိုင်မှာ စိတ်မကောင်းဖြစ်သွားပုံရသည်
"အခု သူတို့ ဘယ်မှာ ဘယ်လို နေနေကြလဲ မသိဘူး..."
"ထားလိုက်ပါတော့ အစ်ကိုကြီးရယ်... အစ်ကိုကြီး မမှတ်မိသေးရင်လည်း နောက်မှ ပြန်မှတ်မိတဲ့အခါ ကျမကို ပြောပြပေါ့။ ဖန့်ချန် နောက်တစ်ခါ ပြန်လာမှ ကျမ သူ့ကို ပြန်ပြောပြပေးပါ့မယ်"
ဖန့်ချန်ယွဲ့က ဝင်ပြောလိုက်သည်။
"ဒီလိုပဲ လုပ်ရတော့မှာပေါ့..."
ထိုနောက်ပိုင်း ဆယ်ရက်ကျော်ကာလမှာ ဖန့်ရှောင်ထျန်း မောင်နှမအတွက် အပျော်ရဆုံး အချိန်များ ဖြစ်ခဲ့ပေလိမ့်မည်။ မိဘများက သူတို့ကို မှတ်မိနေပြီး ဘေးနားတွင် ရှိနေပေးကြသည်။ နေ့စဉ်စားသောက်ရသည်မှာ သာမန် ဟင်းလျာများသာ ဖြစ်သော်လည်း အလွန်ပင် မြိန်လှသည်။
တစ်ခါတစ်ရံတွင် မိသားစုလိုက် အပြင်ထွက်ကာ မြက်ခင်းပြင်များပေါ်တွင် လမ်းလျှောက်ခြင်း၊ ခရီးတိုလေးများ ထွက်ခြင်းတို့ဖြင့် ဤတောင်ပိုင်းဒေသ၏ အလှအပများကို ခံစားကြသည်။ ဖန့်မိခင်မှာ ဖန့်ချန်နှင့် ဖန့်ကျစ်ရွှယ်တို့ ငယ်စဉ်က အကြောင်းများကို ခဏခဏ ပြောပြတတ်သည်။
"အမေ... အစ်ကိုကြီးက အသက်လည်း ဒီလောက်ကြီးနေပြီ၊ ဘာလို့ ကျွန်တော်တို့ကို မရီးတစ်ယောက်လောက် ရှာမပေးသေးတာလဲ "
တစ်နေ့တွင် အပြင်၌ အနားယူနေစဉ် ဖန့်ရှောင်ထျန်းက စိတ်ကူးပေါက်ကာ မေးလိုက်သည်။
ဖန့်မိခင်ကလည်း အံ့သြသွားဟန်ဖြင့် ဖန့်ချန်ကို လှည့်ကြည့်သည်။
"ရှောင်ယွီ ရော မင်း ရှောင်ယွီ ကို အခန်းထဲကို ခေါ်သွင်းသင့်ပြီလေ။ အရင်က သူက ဂေဟာမှာ မျက်နှာပြပြီး အလုပ်လုပ်ခဲ့ရတယ် ဆိုပေမဲ့ အဲ့ဒါက မင်းအတွက် အလုပ်လုပ်ပေးတာပဲလေ။ တကယ့် ပွေရှုပ်တဲ့လောကထဲ ကျရောက်သွားခဲ့တာ မဟုတ်ပါဘူး။ မင်းက အဲ့ဒါကြောင့် သူ့ကို အထင်သေးနေတာတော့ မဟုတ်ဘူးမလား "
"အမေကလည်း မမှတ်မိတော့ပြန်ဘူး... ရှောင်ယွီမှာ အခြေအနေတစ်ခု ဖြစ်နေလို့ပါ။ သူ နေကောင်းသွားတဲ့အခါ အိမ်ကို လက်ထပ်ခေါ်လာခဲ့ပါ့မယ်"
ဖန့်ချန်က ပြုံး၍ ဆိုသည်။
"အင်း... သူ နေကောင်းသွားရင် ငါ့ဆီ ခေါ်လာဦး"
ဖန့်မိခင်က ခေါင်းညိတ်ပြသည်။
ဖန့်ရှောင်ပန်းမှာမူ အလွန်ပင် စပ်စုချင်နေပြီး ရှောင်ယွီအကြောင်းကို မေးမြန်းနေတော့သည်။ ဖန့်ချန်ကလည်း အရင်က အကြောင်းအရာအချို့ကို ပုံပြင်ပြောသကဲ့သို့ အေးအေးဆေးဆေးပင် ပြောပြလိုက်သည်။
သူတို့နှစ်ဦးသည် ဖန့်ချန် ကျင့်ကြံခြင်း မစတင်မီကတည်းက မဟာရှနိုင်ငံတွင် နာမည်ကြီးခဲ့ပုံနှင့် မဟာရှ လျှို့ဝှက်အစောင့်တပ် ကို ကိုယ်တိုင် ဖွဲ့စည်းခဲ့ပုံတို့ကို ကြားလိုက်ရသောအခါ ရင်ထဲ၌ လေးစားအားကျစိတ်များ မဖုံးနိုင် မဖိနိုင် ပေါ်ပေါက်လာတော့သည်။
"နှမြောစရာပဲ... အဲ့ဒီအချိန်တုန်းကသာ ကျွန်တော်နဲ့ ညီမလေး မွေးနေပြီဆိုရင် အစ်ကိုကြီးကို သေချာပေါက် ကူညီပေးမှာ"
ဖန့်ရှောင်ထျန်းက အချိန်မမီခဲ့သည့်အတွက် သက်ပြင်းချမိသည်။
"အချိန်တွေက အများကြီး ကျန်ပါသေးတယ်၊ မင်း ငါ့ကို ကူညီချင်တယ်ဆိုရင် ကူညီစရာတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ အခု မင်းတို့ နှစ်ယောက်ရဲ့ ကျင့်ကြံခြင်းက မလုံလောက်သေးဘူး။ လောလောဆယ်တော့ ကြိုးစားပြီး ကျင့်ကြံကြဦးပေါ့။ နောက်ကျရင် ကျွယ်မင် နတ်ဘုရားနန်းတော်မှာ အမာခံတပည့် ဖြစ်အောင် ကြိုးစားကြ"
ဖန့်ချန်က ပြုံး၍ အားပေးလိုက်သည်။
"ကျွယ်မင် နတ်ဘုရားနန်းတော်ရဲ့ အမာခံတပည့်"
နှစ်ဦးသား မျက်လုံးများ တောက်ပသွားကာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ နဂါးနက်လှေ ကို မြင်ဖူးကတည်းက ကောင်းကင်ပြင်ပတွင် ပိုမိုကြီးမားသော လောကကြီး ရှိနေကြောင်းနှင့် ကျင့်ကြံသူများ၏ စွမ်းအားမှာ ဤမျှအထိ ထူးကဲနိုင်ကြောင်း သူတို့ သိရှိသွားခဲ့ကြသည်။
မည်သို့ပင် ဖြစ်စေ ကြိုးစားအားထုတ်ကာ ကျွယ်မင် နတ်ဘုရားနန်းဆောင်၏ အမာခံတပည့် ဖြစ်လာအောင် လုပ်မည်ဟု နှစ်ဦးသား ရင်ထဲ၌ သန္နိဋ္ဌာန် ချလိုက်ကြတော့သည်။
ရက်အနည်းငယ် ကုန်လွန်သွားပြီးနောက် တစ်နေ့တွင် လူတိုင်း နေ့လယ်စာ အတူစားရန် ပြင်ဆင်နေစဉ်မှာပင် ဖန့်ချန်ဟိုင် ဇနီးမောင်နှံမှာ ပျောက်ကွယ်သွားကြပြန်သည်။ စားပွဲပေါ်တွင် ဟင်းလျာများ အပြည့်ဖြင့် ကျန်ရစ်ခဲ့သည်ကို မြင်တော့မှ လူတိုင်း ဘာဖြစ်သွားသည်ကို နားလည်လိုက်ကြသည်။
'အဖေနဲ့အမေက တကယ်ကို အလုပ်များတာပဲ... တစ်နေ့နေ့မှာ သူတို့ကို ကူညီပေးနိုင်ရင် ကောင်းမှာပဲ' ဟု ဖန့်ရှောင်ထျန်းက ရင်ထဲမှ တွေးတောနေမိသည်။
ဤအချိန်အတောအတွင်း အတူနေထိုင်ခဲ့ရသဖြင့် အဖေနှင့်အမေနောက်ကွယ်တွင် လျှို့ဝှက်ချက်အချို့ ရှိနေကြောင်း သူ ရိပ်မိနေသော်လည်း မမေးခဲ့ပေ။ တစ်နေ့နေ့တွင် သူ သိသင့်သည့်အချိန်ရောက်လျှင် အစ်ကိုကြီးက သူ့ကိုရော ညီမလေးကိုပါ ပြောပြလိမ့်မည်ဟု သူ ယုံကြည်ထားသည်။
"အဒေါ်... ကျွန်တော်တို့နဲ့အတူ ညီမလေး (ဖန့်ကျစ်ရွှယ်) ဆီ သွားတွေ့မလား "
ဖန့်ချန်က မေးသည်။
"အဲ့ဒီကလေးမလေးကို မတွေ့ရတာလည်း နှစ်အတော်ကြာပြီပဲ၊ လိုက်ခဲ့မယ်လေ"
ဖန့်ချန်ယွဲ့က ပြုံး၍ ခေါင်းညိတ်သည်။
လေးဦးသား စားပွဲပေါ်ရှိ ဟင်းလျာများကို စားသောက်ပြီးနောက် ဖန့်ချန်သည် ရှောင်ထျန်း မောင်နှမကို နယ်နိမိတ်ဘူးသီးထဲသို့ ပြန်လည် သိမ်းဆည်းလိုက်ပြီး ဖန့်ချန်ယွဲ့နှင့်အတူ မရဏခးလမ်းထဲသို့ လှမ်းဝင်လိုက်ကြသည်။
စားပွဲပေါ်မှ ပန်းကန်ခွက်ယောက်များကိုမူ သိမ်းဆည်းခြင်း မရှိခဲ့ပေ။
မကြာမီမှာပင် လူတစ်ယောက်သည် ထိုနေရာ၏ တံခါးကြီး ပွင့်နေသည်ကို တွေ့ရှိသွားပြီး စားပွဲပေါ်တွင် ပန်းကန်ခွက်ယောက်များကို မြင်လိုက်ရသဖြင့် ဤနေရာရှိ အသက်အကြီးဆုံးနှင့် ကျင့်ကြံခြင်း အမြင့်ဆုံး အဖိုးအိုကို အပြေးအလွှား သွားခေါ်တော့သည်။
"သခင်ကြီးနဲ့ သခင်မတို့ ပြန်လာသွားကြတာပဲ"
အဖိုးအိုသည် ထိုမြင်ကွင်းကို မြင်သောအခါ မျက်ဝန်းထဲတွင် လွမ်းဆွတ်တမ်းတမှုများဖြင့် ရေရွတ်လိုက်ပြီး ပျော်ရွှင်စွာဖြင့် ပန်းကန်များကို သိမ်းဆည်းပေးလိုက်သည်။
"သခင်ကြီးတို့က သူတို့ရှိနေသေးတယ်ဆိုတာကို ငါတို့ကို အသိပေးနေတာ၊ ငါတို့ကို စိတ်အေးလက်အေး အနားယူခိုင်းနေတာပဲဟေ့"
ဖန့်အိမ်တော်ရှိ လူတိုင်း ထိုသတင်းကို ကြားလိုက်ရသောအခါ စိတ်ဓာတ်များ ပြန်လည် တက်ကြွသွားကြတော့သည်။
နဂါးနက်လှေသည် ချင်းမင်အာကာသ ထဲတွင် ပျံသန်းနေသည်။
ယခင်က နဂါးအိုကြီး၏ စွမ်းအားဖြင့် အပြင်းအထန် မောင်းနှင်လျှင်ပင် တစ်နှစ်ခန့် ကြာမြင့်မည့် နန်ချင်ကြယ်တာရာသို့...
ယခု ဖန့်ချန်သည် ကြားစခန်းဂြိုဟ်မှ ထွက်ခွာလာခဲ့ရာ ဆယ်ငါးရက်ပင် မပြည့်သေးသော အချိန်အတွင်း ရောက်ရှိခဲ့လေပြီ။
နဂါးနက်လှေ၏ အရှိန်မှာ အမှန်တကယ်ပင် အလွန်တရာ မြန်ဆန်လှသည်။
အကယ်၍ ဟင်းလင်းပြင်ထဲတွင် အဆင့် ၅ မသေမျိုး သို့မဟုတ် အဆင့် ၆ မသေမျိုး နှင့် ကြုံတွေ့ခဲ့လျှင်ပင် ထိုသူများသည် နဂါးနက်လှေကို မှီရန် ခဲယဉ်းပေလိမ့်မည်။
ရှေ့မှ ခုနစ်ရောင်ခြယ် ကြယ်တာရာ မြစ်ကြောင်းကြီးနှင့် လမ်းကြောင်းစစ်ဆေးရေး တာဝန်ယူထားသည့် ရုပ်သေးကြီး များကို မြင်လိုက်ရသောအခါ ဖန့်ချန်ယွဲ့တို့ သုံးဦးစလုံး၏ မျက်ဝန်းထဲတွင် အံ့သြမှင်တက်မှုများ ဖုံးကွယ်၍ မရတော့ချေ။
"ကျွန်တော် ဒီကို ပထမဆုံး ရောက်တုန်းကတော့ ပြဿနာလေး နည်းနည်း ကြုံခဲ့ရသေးတယ်"
ဖန့်ချန်က ရယ်မောရင်း ဆိုသည်။
ယခင်က ဤနေရာသို့ ရောက်စတွင် မာကျိ ဟုခေါ်သော အဆင့် ၄ နတ်ဘုရားက လင်ပေါင် ကို လိုက်လံသတ်ဖြတ်ခဲ့ပြီး လင်ပေါင်က နဂါးအိုကြီး၏ လှေကို ဒိုင်းအဖြစ် အသုံးပြုခဲ့ပုံကို သူ ပြန်လည် အမှတ်ရနေမိသည်။
နောက်ပိုင်းတွင် လင်ပေါင်နှင့် မာကျိ နှစ်ဦးစလုံးမှာ ထိုနေရာမှ ရုပ်သေးများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး အကျဉ်းချခံခဲ့ရသည်။
နဂါးနက်လှေသည် ၎င်း၏ စွမ်းအားအစစ်အမှန်ကို မထုတ်ဖော်ထားချိန်တွင် အပြင်ပန်းကြည့်ရုံဖြင့် ထူးခြားမှု မရှိလှပေ။ ၎င်းသည် အခြားသော မသေမျိုးလှေငယ်များနှင့်အတူ တန်းစီ၍ စစ်ဆေးမှု ခံယူရန် ပြင်ဆင်နေခဲ့သည်။
တန်းစီနေသော လူအုပ်မှာ နဂါးနက်လှေ၏ အလှည့်သို့ ရောက်ခါနီးအချိန်တွင် လှေတစ်စင်းသည် လေဟာနယ်ကို ဖြတ်ကျော်ကာ ရုတ်တရက် ရောက်ရှိလာသည်။
မာကျိသည် လက်ကို နောက်ပစ်လျက် ရပ်နေပြီး အဝေးမှပင် ဖန့်ချန်ကို ခေါင်းညိတ်ပြကာ ဆိုသည်။
"မိတ်ဆွေ... ကျွန်တော်တို့ကို အရင်ပေးဝင်ပါ၊ အရေးကြီးကိစ္စ ရှိလို့ပါ"
ဖန့်ချန်က သူ၏နောက်ဘက်ကို ကြည့်လိုက်ရာ စစ်ဆေးခံရန် စောင့်ဆိုင်းနေသော လှေအစင်း တစ်ရာကျော်ခန့်သာ ရှိသဖြင့် ရက်အနည်းငယ်ထက် ပိုမကြာနိုင်ကြောင်း တွက်ချက်မိသည်။ ထို့ကြောင့် သူက ပြုံး၍ ပြန်ပြောလိုက်သည်။
"အနောက်မှာ သွားတန်းစီပါ"
မာကျိမှာ ခဏတာ ဆွံ့အသွားပြီးနောက် မျက်နှာပျက်သွားကာ သူ၏လှေကို မောင်းနှင်၍ ဖန့်ချန်၏ ရှေ့သို့ အတင်းတိုးဝင်ရန် ကြိုးစားတော့သည်။
ဖန့်ချန်၏ မျက်နှာမှာ အေးစက်သွားပြီး နဂါးနက်လှေမှာ ရုတ်တရက် တောက်ပသော နတ်ဘုရားအလင်းတန်းများ ဖြာထွက်လာကာ ရှေ့သို့ အရှိန်အဟုန်ဖြင့် ဝင်တိုက်လိုက်တော့သည်။
အခန်း (၁၅၃၈) - အကျဉ်းထောင်အတွင်း နှစ်ငါးရာ
ဖန့်ချန်က တစ်စက်ကလေးမျှ အလျှော့မပေးဘဲ မိမိ၏ မသေမျိုးလှေကိုပင် တိုက်ရန်ပြင်နေသည်ကို မြင်သောအခါ မာကျိက ပြုံးလိုက်မိသည်။
ယခင်က ဤနေရာတွင် ပြဿနာရှာခဲ့၍ အချိန်အတန်ကြာ အကျဉ်းချခံခဲ့ရဖူးသဖြင့် သူသည် နန်ချင်ကြယ်တာရာ၏ စည်းကမ်းများကို ကောင်းကောင်းသိထားသည်။
တစ်ဖက်လူက ယခုကဲ့သို့ ရုန်းရင်းဆန်ခတ်လုပ်ရန် ရဲတင်းနေခြင်း၏ ရလဒ်မှာ မည်သို့မျှ ကောင်းလာနိုင်စရာမရှိပေ။
မာကျိအနီးအနားရှိ ကျင့်ကြံသူများကလည်း မိမိတို့အား ဝင်တိုက်ရန် ပြင်နေသည့် ထိုမသေမျိုးလှေကို ကြည့်ကာ လှောင်ပြုံးကိုယ်စီ ပြုံးနေကြသည်။
"အဆင့်မြင့် မသေမျိုး ရဲ့ လှေကိုတောင် တိုက်ရဲတယ်၊ အသက်မရှင်ချင်တော့ဘူး ထင်တယ်"
"တခြားနေရာသာဆိုရင်တော့ သူ့ကို နောင်တရအောင် ဆုံးမလိုက်မှာ"
မာကျိသည် ယခုတစ်ခေါက်တွင် တစ်ယောက်တည်းလာခြင်းမဟုတ်ဘဲ အဖွဲ့အစည်းကြီးတစ်ခုကို ဦးဆောင်လာခြင်းဖြစ်သည်။
အနီးအနားရှိ ကျင့်ကြံသူများမှာ အဆင့် ၁၊ အဆင့် ၂ မသေမျိုး များဖြစ်ကြပြီး အဆင့် ၃ မသေမျိုး တစ်ဦးပင် ပါဝင်သေးသည်။
စုစုပေါင်း ဆယ်ဂဏန်းခန့်ရှိသော ဤအဖွဲ့မှာ အောက်ပိုင်းနယ်မြေ ခြောက်ခု အတွက်ဆိုလျှင် အဆင့်မြင့် နယ်မြေသစ်ရှာဖွေရေးအဖွဲ့ငယ်တစ်ခု၏ အမြုတေဟု ဆိုနိုင်သည်။
သူတို့သည် တစ်ဖက်လူ၏ လုပ်ရပ်ကို ဝင်ရောက်တားဆီးရန် အစီအစဉ်မရှိပေ။
ထိုနေရာသည် နန်ချင်ကြယ်တာရာ ဖြစ်နေသရွေ့ ထိုသူတို့၏ စီရင်မှုကိုသာ စောင့်ကြည့်ရန် ဆုံးဖြတ်ထားကြသည်။ မသေမျိုးလှေ ပျက်စီးသွားမည်ကိုလည်း စိုးရိမ်စရာမလို၊ အဆင့် ၄ မသေမျိုးဖြစ်သူ မာကျိ ရှိနေသည် မဟုတ်ပါလား။
တန်းစီနေသော မသေမျိုးလှေများကလည်း ဤဘက်မှ ထူးခြားမှုကို သတိပြုမိသွားကြပြီး အကျိုးအကြောင်းကို တစ်ချက်ကြည့်ရုံဖြင့် သိမြင်လိုက်ကြသည်။ တချို့က သက်ပြင်းချကြသည်။
"အရမ်း စိတ်လိုက်မာန်ပါ လုပ်တာပဲ၊ ဒီလိုလုပ်ရင် နန်ချင်ကြယ်တာရာရဲ့ အပြစ်ပေးမှုကိုပဲ ခံရမှာ"
"ဆယ်မျက်နှာမသေမျိုးဂိုဏ်း က ချင်းမင်နယ်စပ်မှာ ဘယ်သူ့ကိုမှ ရမ်းကားခွင့်ပြုမှာ မဟုတ်ဘူး"
"ဘယ်သူကပဲ မှားမှား၊ ချင်းမင်နယ်စပ်မှာ ရမ်းကားရင်တော့ ရလဒ်က တစ်ခုပဲရှိတယ်။ ဘယ်နှစ်နှစ် အကျဉ်းကျမလဲဆိုတာ စောင့်ကြည့်ရမှာပဲ"
လှောင်ပြောင်သံများနှင့် သနားကရုဏာသက်သံများမှာ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာတော့သည်။
ထိုအချိန်မှာပင် ခုနစ်ရောင်ခြယ် ကြယ်တာရာမြစ်ကြောင်းထဲမှ ကြောက်မက်ဖွယ်ကောင်းသော ရုပ်သေးကြီးမှာလည်း ဤဘက်မှ လှုပ်ရှားမှုကို သတိပြုမိသွားကာ ၎င်း၏ဦးခေါင်းကို ဖြည်းညင်းစွာ လှည့်လိုက်သည်။ တည်ကြည်လေးနက်ပြီး အရှိန်အဝါကြီးမားသော မျက်ဝန်းအစုံက နဂါးနက်လှေဆီသို့ စိုက်ကြည့်လိုက်တော့သည်။
မာကျိက ပြုံးနေဆဲ။
ဖန့်ချန်ကလည်း ပြုံးနေဆဲပင်။
နဂါးနက်လှေ၏ နတ်ဘုရားအလင်းတန်းများမှာ ရုတ်တရက် ငြိမ်သက်သွားပြီးနောက် မာကျိ၏ မသေမျိုးလှေဆီသို့ အသာအယာ ဝင်တိုက်လိုက်သည်။
ထိုမျှ အသာအယာလေး တိုက်လိုက်ရုံမျှဖြင့် မာကျိ၏ မသေမျိုးလှေပေါ်တွင် အက်ကွဲကြောင်းများ စတင်ပေါ်ပေါက်လာကာ အလွန်မာကျောလှသော ဝိညာဉ်သတ္တုချပ်များမှာ တဖွဲဖွဲ ကွာကျပျက်စီးကုန်တော့သည်။
မီးပုံထဲသို့ ပစ်ချလိုက်သော စက္ကူလှေကလေးအလား၊ မီးလျှံများက ချက်ချင်းလောင်ကျွမ်းလိုက်သကဲ့သို့ အရှိန်အဟုန်ဖြင့် အရပ်မျက်နှာအနှံ့ ပျက်စီးခြင်းများ ပြန့်နှံ့သွားသည်။
မာကျိ မှင်တက်သွားရသည်။
မသေမျိုးလှေပေါ်ရှိ ကျင့်ကြံသူအားလုံးလည်း မှင်တက်သွားကြသည်။
တစ်စက္ကန့်ပင် မပြည့်သေးသည့် အချိန်အတွင်း မသေမျိုးလှေတစ်စင်းလုံး ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားလေပြီ။
ထို့ပြင် ကြောက်မက်ဖွယ်ကောင်းသော တုန်ခါမှုစွမ်းအားမှာ ထိုမျှနှင့် ရပ်တန့်မသွားဘဲ မာကျိတို့အဖွဲ့ဆီသို့ လှိုင်းလုံးကြီးအလား ရိုက်ခတ်သွားတော့သည်။
သူတို့အားလုံးမှာ မိမိတို့၏ မသေမျိုးစွမ်းအား များကို အပြင်းအထန် ထုတ်ဖော်ကာ ကာကွယ်ရေးအလွှာများဖြင့် တားဆီးရန် ကြိုးစားကြသည်။
နောက်တစ်ခဏတွင် ကာကွယ်ရေးအလွှာများ ကွဲအက်သွားပြီး သူတို့ဝတ်ဆင်ထားသော ကျင့်ကြံသူဝတ်ရုံများပါ အစိတ်စိတ်အမြွှာမြွှာ ဖြစ်ကုန်သည်။ ခန္ဓာကိုယ်ပေါ်ရှိ အဖိုးတန်ပစ္စည်းများမှာလည်း လွင့်စင်ထွက်သွားကာ ချင်းမင်အာကာသထဲတွင် လွင့်မျောနေတော့သည်။ လူများမှာမူ ချင်းမင်ထဲတွင် အရှက်တကွဲဖြင့် အရှိန်အဟုန်ဖြင့် လိမ့်ထွက်သွားကြရသည်။
ရုပ်သေးကြီး ရောက်ရှိလာပြီး တောင်ငယ်အရွယ်စားရှိသော လက်ဝါးကြီးဖြင့် သူတို့ကို ဖမ်းဆီးလိုက်တော့မှသာ ရပ်တန့်သွားကြတော့သည်။
"ဖူး..."
မာကျိ၏ ပါးစပ်မှ သွေးတစ်လုတ် ထွက်ကျလာသည်။ သူသည် ရင်ဘတ်ကို ဖိထားရင်း နဂါးနက်လှေကိုလည်းကောင်း၊ ထိုလှေပေါ်မှ သူ့အတွက် အလွန်ရင်းနှီးနေသော ပုံရိပ်ကိုလည်းကောင်း မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိသည်။
'ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်ရတာလဲ... ဒါဆို ဒီလူက အဆင့် ၅ မသေမျိုးလား'
မာကျိ၏ မျက်ဝန်းများမှာ တုန်လှုပ်နေပြီး ရင်ထဲ၌ ထိတ်လန့်မှုများ ဝင်ရောက်လာသည်။ အကယ်၍ အဆင့် ၅ မသေမျိုးနှင့် ရန်ငြိုးဖွဲ့မိလျှင် သူ၏ လက်ရှိအခြေအနေမှာ အလွန်ပင် ဆိုးရွားသွားပေလိမ့်မည်။
အနီးအနားရှိ မသေမျိုးလှေပိုင်ရှင်များမှာလည်း ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ရင်ထဲ၌ အေးစက်သွားကာ နဂါးနက်လှေကို ထိတ်လန့်တကြား ကြည့်နေမိကြသည်။
မည်ကဲ့သို့သော မသေမျိုးလှေဖြစ်၍ ဤမျှ ကြောက်စရာကောင်းသော စွမ်းအားမျိုး ရှိနေရသနည်း။
တိုက်ရုံလေး တိုက်လိုက်ရုံဖြင့် အဆင့် ၄ မသေမျိုးတစ်ဦး၏ လှေကို အမှုန့်ပြုပစ်နိုင်ရုံသာမက ထိုလူများကိုပါ ဝတ်လစ်စလစ်ဖြစ်အောင် အရှိန်အဟုန်ဖြင့် ရိုက်ထုတ်ပစ်နိုင်သည်မှာ အံ့ဩစရာပင်။
"ဒီလူက နောက်ခံမသေးဘူးပဲ၊ ဒါကြောင့်လည်း နန်ချင်ကြယ်တာရာရဲ့ ချင်းမင်နယ်စပ်မှာ လက်ရဲဇက်ရဲ လုပ်ရဲတာ"
"နောက်ခံ ဘယ်လောက်ကြီးကြီး... ဆယ်မျက်နှာမသေမျိုးဂိုဏ်းက သတ်မှတ်ထားတဲ့ စည်းကမ်းကိုတော့ လိုက်နာရမှာပဲမလား "
"အဲ့ဒါလည်း ဟုတ်တာပဲ... ဆယ်မျက်နှာမသေမျိုးဂိုဏ်းက ဒီကိစ္စကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ စောင့်ကြည့်ရမှာပဲ"
စိတ်ဝင်စားစရာ မြင်ကွင်းကို ကြည့်ရန်အတွက် စစ်ဆေးမှုအောင်မြင်ပြီးသား မသေမျိုးလှေအချို့ပင် နန်ချင်ကြယ်တာရာထဲသို့ ချက်ချင်းမဝင်သေးဘဲ နောက်ဆက်တွဲကို စောင့်ကြည့်နေကြသည်။
'နဂါးနက်လှေက တကယ်ကို စွမ်းတာပဲ။ နဂါးနက်အစီရင်ကို မသုံးရသေးဘဲနဲ့တောင် သူ့ရဲ့ မူလအင်အားသက်သက်နဲ့တင် အဆင့် ၄ မသေမျိုးကို သေလုမျောပါး ဖြစ်သွားအောင် တိုက်ထုတ်နိုင်တယ်'
ဖန့်ချန်က ရင်ထဲမှ ကျေနပ်နေမိသည်။
ထိုအချိန်မှာပင် မာကျိတို့ကို ဖမ်းဆီးထားသော ရုပ်သေးကြီးမှာ မသေမျိုးလှေရှေ့သို့ ရောက်ရှိလာသည်။
အဝေးမှ အခြားသော ရုပ်သေးကြီးအချို့လည်း ရောက်ရှိလာကြပြီး နဂါးနက်လှေကို အရပ်မျက်နှာအနှံ့မှ ဝိုင်းရံထားလိုက်ကြသည်။
ဖန့်ရှောင်ထျန်းနှင့် ဖန့်ရှောင်ပန်းတို့မှာမူ လုံးဝ ထိတ်လန့်ခြင်းမရှိပေ။
သူတို့သည် လောကကြီး၏ အကြောင်းများကို မြင်တွေ့ခဲ့ပြီးပြီဖြစ်ရာ ဤမျှလောက်သော အခြေအနေမှာ သူတို့အတွက် စိုးရိမ်စရာမဟုတ်တော့ချေ။
"ဒါဟာ ဆယ်မျက်နှာမသေမျိုးဂိုဏ်းက သတ်မှတ်ထားတဲ့ ချင်းမင်နယ်စပ်ပဲ။ မိတ်ဆွေက ဒီနေရာမှာ လက်နက်သုံးပြီး စည်းကမ်းဖောက်ဖျက်ခဲ့တဲ့အတွက် ကျုပ်တို့နဲ့အတူ လိုက်ခဲ့ပေးပါ"
မာကျိတို့ကို ဆုပ်ကိုင်ထားသော ရုပ်သေးကြီးဆီမှ အေးစက်သော အသံ ထွက်ပေါ်လာသည်။
"ဆယ်မျက်နှာမသေမျိုးဂိုဏ်းရဲ့ စည်းကမ်းတွေက ငါ့ကို အကျုံးမဝင်ဘူး။ လုံဖူ မသေမျိုးကိုပဲ ထွက်လာပြီး စကားပြောခိုင်းလိုက်ပါ"
ဖန့်ချန်က တည်ငြိမ်စွာ ပြောလိုက်သည်။
ဆယ်မျက်နှာမသေမျိုးဂိုဏ်းရဲ့ စည်းကမ်းတွေက သူ့ကို အကျုံးမဝင်ဘူး ဟုတ်လား။
ဘေးပတ်ဝန်းကျင်မှ လူများမှာ ရင်တုန်သွားကြသည်။
မာကျိတို့မှာမူ လုံးဝ ထိတ်လန့်သွားကြလေပြီ။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် တစ်ဖက်လူက မဟုတ်မမှန် ပြောဆိုနေရန် အကြောင်းမရှိပေ။
မဟုတ်လျှင် သူ ရင်ဆိုင်ရမည်မှာ ဤနေရာ၏ စည်းကမ်းဖောက်ဖျက်မှု အပြစ်ပေးခြင်းမျိုး မဟုတ်ဘဲ ဆယ်မျက်နှာမသေမျိုးဂိုဏ်း တစ်ခုလုံး၏ နှိမ်နင်းမှုကို ခံရမည် ဖြစ်သည်။
ထိုကိစ္စနှစ်ခု၏ ပြင်းထန်မှုမှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှသည်။
တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ... တစ်ဖက်လူတွင် ဆယ်မျက်နှာမသေမျိုးဂိုဏ်းကပင် အထူးအခွင့်အရေးပေးရလောက်သည့် လုံလောက်သော အဆင့်အတန်း ရှိနေခြင်းပင်။
"သူပဲ ဘယ်လိုလုပ်ပြီး သူ ဖြစ်နိုင်မှာလဲ"
မာကျိသည် ဖန့်ချန်ကို စိုက်ကြည့်ရင်း မျက်ဝန်းထဲတွင် တုန်လှုပ်မှုများ ပြည့်နှက်သွားသည်။
သူသည် ဤလူကို နောက်ဆုံးတွင် မှတ်မိသွားလေပြီ။ လွန်ခဲ့သော နှစ်ပေါင်းများစွာက သူသည် ထိုနေရာတွင်ပင် တစ်စုံတစ်ယောက်နှင့် တိုက်ခိုက်နေစဉ် မသေမျိုးလှေတစ်စင်းပေါ်တွင် ဤလူကို မြင်တွေ့ခဲ့ဖူးသည်။
သို့သော် ထိုအချိန်က... တစ်ဖက်လူမှာ အဆင့် ၄ မသေမျိုးသစ်တစ်ဦး၏ နောက်တွင် လိုက်ပါလာသော မျိုးဆက်သစ်လူငယ်လေးတစ်ဦးသာ ဖြစ်ခဲ့သည်။ ယခုမူ ဘယ်လိုဖြစ်ပြီး...
ပတ်ဝန်းကျင်ရှိ ရုပ်သေးကြီးများမှာ ရုတ်တရက် တိတ်ဆိတ်သွားကြသည်။
ခဏအကြာတွင် စကားပြောခဲ့သော ရုပ်သေးကြီး၏ မျက်ဝန်းများမှာ အရောင်တောက်ပလာပြီး ပိုမိုအသက်ဝင်လာဟန် ရှိသည်။
"ဒါက ကျွယ်မင် အမာခံတပည့်ကြီး ကိုယ်တိုင် ရောက်ရှိလာတာကိုး၊ ကျွန်တော်ကိုယ်တိုင် ကြိုဆိုပါရစေ"
ရုပ်သေးကြီးက ထပ်မံစကားပြောလိုက်သည်။
ယခုတစ်ကြိမ်တွင် အသံမှာ ယခင်ကဲ့သို့မဟုတ်ဘဲ ခံစားချက်များ ပြည့်နှက်နေပြီး တစ်စုံတစ်ဦးက တိုက်ရိုက်ထိန်းချုပ်နေပုံရသည်။
ကျွယ်မင်... အမာခံတပည့်...
ချင်းမင်အာကာသထဲတွင် သွားလာနေကြသော ကျင့်ကြံသူများအတွက် သူတို့၏ သတင်းအချက်အလက် နယ်ပယ်မှာ သာမန်ကျင့်ကြံသူများထက် အများကြီး ပိုကျယ်ပြန့်လှသည်။
အကယ်၍ အထက်ပိုင်းနယ်မြေ သုံးခု ရှိ သာမန်အဖွဲ့အစည်းများ သို့မဟုတ် သာမန် ပထမတန်းစား၊ ဒုတိယတန်းစား အဖွဲ့အစည်းများအကြောင်းကို သူတို့ ကြားဖူးချင်မှ ကြားဖူးကြလိမ့်မည်။
သို့သော် ကျွယ်မင် ဟူသော အမည်မှာမူ ချင်းမင်တွင် သွားလာနေသူများအတွက် ဝိညာဉ်ကိုပင် တုန်လှုပ်စေနိုင်သည့် တန်ခိုးကြီးလှသော အမည်နာမပင် ဖြစ်သည်။
"ကျွယ်မင် နတ်ဘုရားနန်းတော်က ကျင့်ကြံသူ တဲ့လား..."
"ငါ ခုနက အမာခံတပည့် ဆိုတဲ့ စကားကို ကြားလိုက်တာနော်..."
"ဒီလို ပုဂ္ဂိုလ်ကြီးက ဘာလို့ ဒီကို ရောက်လာရတာလဲ"
လူတိုင်းမှာ အံ့ဩတုန်လှုပ်သွားကြပြီး ရင်ထဲ၌ လှိုင်းတံပိုးများ ထနေတော့သည်။
ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးကသာ နန်ချင်ကြယ်တာရာတွင် ခြေတစ်ချက်စောင့်လိုက်လျှင် ကြယ်တာရာတစ်ခုလုံး တုန်ခါသွားပေလိမ့်မည်။
မာကျိ၏ ရင်ထဲတွင်မူ အေးစက်သွားလေပြီ။ သူသည် လေလျှော့လိုက်သည့် ဘောလုံးတစ်လုံးကဲ့သို့ပင် ဖြစ်သွားတော့သည်။
"မလိုပါဘူး၊ ငါက ကိုယ်ရေးကိုယ်တာကိစ္စလေးအတွက် လာတာပါ။ မင်းတို့ရဲ့ ရုပ်သေးတွေကို လမ်းဖယ်ခိုင်းလိုက်ရင် ရပါပြီ"
ဖန့်ချန်က ပြုံး၍ ပြောလိုက်သည်။
"အမိန့်အတိုင်းပါ"
တစ်ဖက်လူက စကားအများကြီးမပြောတော့ဘဲ ချက်ချင်းပင် ဘေးသို့ ဖယ်ပေးလိုက်သည်။
လူတိုင်း၏ စောင့်ကြည့်မှုအောက်တွင် နဂါးနက်လှေသည် ချင်းမင်နယ်စပ်ဝင်ပေါက်မှ ပျောက်ကွယ်သွားကာ နန်ချင်ကြယ်တာရာထဲသို့ ဝင်ရောက်သွားတော့သည်။
"မင်းတို့တွေက ကျွယ်မင်အမာခံတပည့်ကို စော်ကားခဲ့တဲ့အတွက် ဆယ်မျက်နှာမသေမျိုးဂိုဏ်းရဲ့ ဥပဒေအရ အကျဉ်းထောင်အတွင်း နှစ်ငါးရာ ကျခံစေ"
ရုပ်သေးကြီးသည် ရုတ်တရက် လက်ဝါးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး လူသားမသေမျိုးအားလုံးကို လက်ထဲတွင် ချုပ်ကိုင်လိုက်သည်။
ထိုလူသားမသေမျိုးများ၏ စွမ်းအားမှာ ရုပ်သေးကြီး၏ စွမ်းအားထက် သာလွန်နေသော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ ပြန်လည်ခုခံခြင်း မပြုဝံ့ကြပေ။
ဤကဲ့သို့သော ပြစ်ဒဏ်ကို ကြားလိုက်ရသောအခါ သူတို့အားလုံး မျှော်လင့်ချက် ကင်းမဲ့သွားကြသည်။ မာကျိမှာမူ နှုတ်ခမ်းကို လှုပ်ရှားလိုက်သော်လည်း အဆုံးတွင် ဘာစကားမှ ထွက်မလာခဲ့ပေ။
တစ်စုံတစ်ယောက်ကမူ မကျေမနပ် ဟစ်အော်လိုက်သည်။
"အရင်က ဒီလိုဥပဒေမျိုး ရှိတယ်လို့ မကြားဖူးပါဘူး၊ ဒါဟာ မတရားဘူး "
"အခုလေးတင် ပြင်ဆင်လိုက်တာ"
ရုပ်သေးကြီးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူတို့ကို နန်ချင်ကြယ်တာရာဆီသို့ ခေါ်ဆောင်သွားတော့သည်။
တန်းစီနေသော မသေမျိုးလှေများပေါ်မှ ကျင့်ကြံသူများမှာမူ ရင်ထဲ၌ ထိတ်လန့်တုန်လှုပ်နေကြတော့သည်။