အခန်း (၁၅၃၉-၁၅၄၀)
Vol. 154 Ch. 1539-1540
အခန်း (၁၅၃၉) - မင်းကလူသွားခေါ်၊ ငါကထိန်းထားလိုက်မယ်
နန်ချင်ကြယ်တာရာ၊ ဆယ်မျက်နှာမသေမျိုးဂိုဏ်း။
လုံဖူမသေမျိုး သည် လေးနက်တည်ကြည်သော မျက်နှာထားရှိနေပြီး ရုတ်တရက်ဆိုသလို ဆယ်မျက်နှာမသေမျိုးဂိုဏ်းမှ အကြီးအကဲအချို့ ဤနေရာသို့ အပြေးအလွှား ရောက်ရှိလာကြသည်။
"လုံဖူမသေမျိုး... ဟိုကိစ္စကို သိပြီးပြီလား"
"ကျွယ်မင်အမာခံတပည့်တစ်ယောက် နယ်စပ်ကနေ ဝင်လာတယ်ဆိုတာ ဘာကိစ္စများ ရှိလို့လဲ"
"ကျုပ်တို့ ဆယ်မျက်နှာမသေမျိုးဂိုဏ်းအနေနဲ့ ဘယ်လိုအဆင့်အတန်းမျိုးနဲ့ ဧည့်ခံရမလဲ"
"ခင်ဗျားက ဘာလို့ ဒီမှာ ထိုင်နေသေးတာလဲ"
လုံဖူမသေမျိုးသည် မျက်မှောင်ကြုတ်လျက် ဤကဲ့သို့ ကယောင်ကတမ်း ဖြစ်နေကြသော အဖိုးကြီးများကို ကြည့်ကာ ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်သည်။
"ဧည့်ခံနေဖို့ မလိုဘူး။ သူက ဒီကို ကိုယ်ရေးကိုယ်တာကိစ္စလေးအတွက် လာတာလို့ ပြောတယ်၊ ကျုပ်တို့နဲ့ မဆိုင်ဘူး။ သူ့ရဲ့ လေသံအရ ကြည့်ရရင် ကျုပ်တို့နဲ့ ပတ်သက်ချင်ပုံ မရဘူး၊ ဒါကြောင့် သူ့မျက်စိရှေ့မှာ သွားမပေါ်တာက အကောင်းဆုံးပဲ"
"ဒါပေမဲ့... ဒါက... ဟိုကိစ္စနဲ့များ ပတ်သက်နေမလား"
အကြီးအကဲတစ်ဦးက ရုတ်တရက် မဝံ့မရဲဖြင့် ဆိုလာသည်။ ၎င်းမှာ ထိုကိစ္စကို ထုတ်မပြောလိုသော်လည်း အခြားသူများကလည်း မပြောကြသဖြင့် သူကပင် စတင်စကားနာထိုးလိုက်ရခြင်း ဖြစ်သည်။
လုံဖူမသေမျိုး၏ မျက်နှာထားမှာ ချက်ချင်းပင် ပြောင်းလဲသွားပြီး ငေါက်ငမ်းလိုက်တော့သည်။
"အဲ့ဒီကိစ္စက သတင်းအစအနလေးတောင် အပြင်မပေါက်သေးဘူး၊ ဘယ်လိုလုပ် ပတ်သက်နိုင်မှာလဲ ပြီးခဲ့တဲ့တစ်ခေါက်က ရှေးဟောင်းမသေမျိုး ရွှေခန္ဓာကိုယ် ကို လက်လွတ်လိုက်ရတာ ဘာကြောင့်လဲဆိုတာ မင်းတို့ အခုထိ နားမလည်ကြသေးဘူးလား သတင်းတွေ ထပ်ပြီး မပေါက်ကြားစေနဲ့၊ ကျုပ်တို့ ဆယ်မျက်နှာမသေမျိုးဂိုဏ်းအနေနဲ့ ရှေးဟောင်းမသေမျိုး ရွှေခန္ဓာကိုယ် နှစ်ခုကို ဆက်တိုက်တွေ့ဖို့ဆိုတာ မလွယ်ဘူး"
"ဟုတ်ကဲ့... ဟုတ်ကဲ့ပါ..."
လူတိုင်းမှာ စိုးရိမ်တကြီးဖြင့် ခေါင်းငုံ့သွားကြသည်။ အဓိကမှာ ဤကဲ့သို့သော အချိန်အခါမျိုးတွင် ကျွယ်မင်အမာခံတပည့်တစ်ဦး ရုတ်တရက် ရောက်လာခြင်းက ထိုကိစ္စဘက်သို့ အတွေးမရောက်ဘဲ မနေနိုင်ခြင်းကြောင့်ပင်။
တန်တိုင်တောင်နယ်မြေ၊ ချင်းယွမ်ဈေးကွက်၊ ဆန်းတောင်တန်း၊ ဆန်းယွမ်ဂိုဏ်း။
တက်ကြွလန်းဆန်းသော ကလေးသူငယ်တစ်စုမှာ ဂိုဏ်း၏ အကြီးဆုံး ကွင်းပြင်ကျယ်ကြီးထဲတွင် ထိုင်နေကြသည်။ အနီးအနားတွင် ဝိညာဉ်စွမ်းအား စုစည်းမှု အစီရင် က ဝိညာဉ်စွမ်းအားများကို ဤနေရာသို့ အဆက်မပြတ် မောင်းနှင်ပေးနေပြီး ကျင့်စဉ်များကို လေ့ကျင့်နေကြသော ကလေးငယ်များ စုပ်ယူနိုင်ရန် ထောက်ပံ့ပေးထားသည်။
ဖန့်ကျစ်ရွှယ်သည် လက်နှစ်ဖက်ကို နောက်ပစ်လျက် ကလေးငယ်များကြားတွင် လျှောက်လှမ်းနေပြီး တစ်ခါတစ်ရံ ပျင်းရိနေသူကို တွေ့ပါက လက်ထဲရှိ ကြိမ်လုံးဖြင့် အသာအယာ ခေါက်ပေးတတ်သည်။ ကျင့်စဉ်လည်ပတ်ပုံ မမှန်ကန်သူကို မြင်လျှင်လည်း တစ်ချက်နှစ်ချက် လမ်းညွှန်ပေးတတ်သေးသည်။
တစ်ပတ်ပတ်ပြီးနောက် သူမသည် စင်မြင့်မြင့်ပေါ်သို့ ပြန်တက်ကာ လက်ဖက်ရည် ဖျော်နေရင်း အောက်ခြေမှ အခြေအနေကို စောင့်ကြည့်နေသည်။ ကလေးငယ်တစ်စုမှာမူ ထိတ်လန့်တုန်လှုပ်နေကြပြီး ပျင်းရိရန် မဝံ့ဘဲ ကျင့်ကြံခြင်းကို အားသွန်ခွန်စိုက် လုပ်ဆောင်နေကြတော့သည်။
"ငါ ပြောပါရစေဦး၊ မင်းက ပေါင်းစပ်ခြင်းအဆင့်တောင် ရောက်နေပြီပဲ၊ ဒီကလေးငယ်လေးတွေကို ကိုယ်တိုင် ကြီးကြပ်နေဖို့ လိုသေးလို့လား အောက်က အခြေခံတည်ဆောက်ခြင်းအဆင့် တပည့်တွေကိုပဲ ကြည့်ခိုင်းလိုက်ပါလား"
လီတောက်ယဲ့ သည် လက်ကို နောက်ပစ်လျက် ဖန့်ကျစ်ရွှယ်ရှေ့သို့ ဖြည်းညင်းစွာ လျှောက်လာပြီး အားမလိုအားမရ ဖြစ်နေသော မျက်နှာထားဖြင့် ဆိုသည်။
"သူတို့ကို အမြဲတမ်း ကြည့်နေတာမှ မဟုတ်တာ၊ တစ်ခါတစ်ရံ စိတ်ကူးပေါက်တဲ့အခါ ဒီတပည့်တွေ ပျင်းနေလားဆိုတာ ကြည့်ရတာပေါ့။ ဟိုမှာကြည့်... ဟိုကလေးအချို့ဆိုရင် ပုံမှန်အတိုင်း အာရုံမစိုက်တာ သိသာနေတယ်၊ ကျင့်စဉ်လည်ပတ်တာတောင် မချောမွေ့ဘူး၊ ဂိုဏ်းထဲဝင်တာ ဘယ်လောက်ကြာပြီလဲ တစ်နှစ်ကျော်ပြီလေ၊ အခုထိ ဒီလိုပဲဆိုရင်တော့ ပါရမီရှိရင်တောင် နှင်ထုတ်သင့်တာ နှင်ထုတ်ရမှာပဲ"
ဖန့်ကျစ်ရွှယ်က အေးအေးဆေးဆေးပင် ပြောလိုက်သည်။
"အားလုံးက မျိုးစေ့ကောင်းလေးတွေပါပဲကွာ"
လီတောက်ယဲ့မှာ နှမြောတသဖြစ်သွားဟန်ဖြင့် ကလေးငယ်များကို တစ်ချက်ဝေ့ကြည့်လိုက်သည်။
"သူတို့က အခုမှ စိတ်ဓာတ်မခိုင်မာသေးတာပါ၊ နောက်ထပ် နှစ်အနည်းငယ်လောက် စောင့်ကြည့်ပါဦး။ တကယ်လို့ ကျင့်ကြံဖို့ စိတ်ဓာတ်မရှိတော့မှ တောင်ပေါ်က နှင်ထုတ်လည်း မနောက်ကျပါဘူး။ အဲ့ဒီအချိန်ကျရင် သူတို့လည်း ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်နေပြီလေ"
"ဟွာမြောက်ချင် အခု ဘယ်မှာလဲ ရှင်တစ်ချက်လောက် တွက်ကြည့်ပါဦး"
ဖန့်ကျစ်ရွှယ်က စကားလမ်းကြောင်း လွှဲလိုက်သည်။
"ငါ့ရဲ့ ဟောကိန်းထုတ်တဲ့ အတတ်ကလည်း အလကားရတာမှ မဟုတ်တာ၊ သူ့ကို ဘာလို့ တွက်နေမှာလဲ။ ဘာပဲဖြစ်ဖြစ် သူ ကောင်းကင်ဘေးဒုက္ခ ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ရင် ပြန်လာမှာပဲလေ။ တကယ် မထင်ထားမိဘူး၊ တိုတောင်းလှတဲ့ နှစ်ပေါင်း ရာဂဏန်းအတွင်းမှာပဲ သူက မသေမျိုးဘုရင် ဖြစ်တော့မယ်ဆိုတာ..."
လီတောက်ယဲ့ က သက်ပြင်းချရင်း ဆိုသည်။
"ရှင့်ရဲ့ ဟောကိန်းအတတ်ကို ကြာကြာမသုံးရင် လက်ချောင်းတွေ ထုံသွားဦးမယ်၊ သူ ဘေးဒုက္ခကို အောင်မြင်အောင် ကျော်ဖြတ်နိုင်မလားဆိုတာ တွက်ကြည့်ပါဦး"
ဖန့်ကျစ်ရွှယ်က တိုက်တွန်းလိုက်သည်။
လီတောက်ယဲ့ သည် ခဏတာ တုံ့ဆိုင်းသွားပြီးမှ ဖန့်ကျစ်ရွှယ်ရှေ့တွင်ပင် စတင်တွက်ချက်တော့သည်။ ဖြူလွလွ အငွေ့အသက်များ တဖွဲဖွဲ ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်ကို ဝန်းရံသွားသည်။
ခဏအကြာတွင် သူသည် မျက်လုံးများကို ဖွင့်လိုက်ပြီး
"အဆင်ပြေသွားပြီ၊ ဘေးဒုက္ခကို ကျော်ဖြတ်နိုင်သွားပြီ။ မကြာခင် ပြန်ရောက်လာလိမ့်မယ် ထင်တယ်"
"ဒါဆိုရင် ငါ့အစ်ကိုကို ထပ်တွက်ကြည့်ပါဦး၊ သူ ဘယ်တော့ ပြန်လာမလဲဆိုတာ"
ဖန့်ကျစ်ရွှယ်က မေးသည်။
"ဒါတော့ တွက်လို့မရဘူး၊ ပြီးခဲ့တဲ့တစ်ခေါက်က သူ့ကို တွက်လိုက်တာ ငါ့အသက်တောင် ပါသွားမလို့"
လီတောက်ယဲ့က လက်ကို ခါယမ်းကာ ငြင်းလိုက်သည်။
"ငါ့ဘက်မှာ ဟင်းရည်အိုး တည်ထားတာ ရှိသေးတယ်၊ မီးအရှိန် သွားကြည့်ရဦးမယ်၊ မခန်းသွားအောင်လို့။ မင်းပဲ ဆက်ပြီး အလုပ်ရှုပ်နေတော့"
"ရှင့်ရဲ့ ကြောက်တတ်တဲ့ ပုံစံကို ကြည့်ရတာတော့..."
ဖန့်ကျစ်ရွှယ်က မျက်စိတစ်ဖက် စောင်းကြည့်ကာ ရေရွတ်လိုက်သည်။
လီတောက်ယဲ့သည် လှည့်မကြည့်ဘဲ ထွက်ပြေးရန် ပြင်လိုက်သော်လည်း ရုတ်တရက် ခန္ဓာကိုယ်မှာ တောင့်ခဲသွားပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းထဲမှ တောက်ပသော နတ်ဘုရားအလင်းတန်းနှစ်ခု ထွက်ပေါ်လာကာ
"ဘယ်သူကများ ဆန်းယွမ်ဂိုဏ်းကို ဒီနေရာကနေ ချောင်းကြည့်နေတာလဲ "
သူ၏ ပါးစပ်မှ ခန့်ညားထည်ဝါသော အသံ ထွက်ပေါ်လာသည်။
ကျင့်ကြံနေသော ကလေးငယ်များမှာ မှင်တက်သွားကာ ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။
ဆန်းယွမ်ဂိုဏ်း၏ နေရာအသီးသီးမှ ကျင့်ကြံသူများသည်လည်း လက်ရှိအလုပ်များကို ရပ်တန့်ကာ လေဟာနယ်ကို ဖြတ်ကျော်၍ ရောက်ရှိလာကြသည်။
"လူရှိလို့လား"
ဖန့်ကျစ်ရွှယ်က စိတ်လှုပ်ရှားသွားပြီး ထရပ်ကာ ကောင်းကင်ကို ကြည့်လိုက်သော်လည်း သူမ၏ မျက်စိထဲတွင် ဘာမှမမြင်ရပေ။
"လူရှိတယ်၊ ကျင့်ကြံခြင်းကလည်း မနိမ့်ဘူး။ နဂါးအိုကြီး ကို အမြန်သွားခေါ်ထုတ်ရမယ်"
လီတောက်ယဲ့က လေးနက်စွာ ပြောလိုက်သည်
"မင်းကလူသွားခေါ်၊ ငါကထိန်းထားလိုက်မယ်"
"ရှင်လား ဘာနဲ့ ထိန်းထားမှာလဲ "
"ငါ့ရဲ့ လျှာစွမ်းနဲ့ပေါ့"
လေဟာနယ်ထဲတွင် ဖန့်ချန်သည် နဂါးနက်လှေပေါ်တွင် ရပ်လျက် လီတောက်ယဲ့၏ မျက်ဝန်းထဲမှ တောက်ပသော အလင်းတန်းကို ကြည့်ကာ အံ့အားသင့်နေမိသည်။
"ငါတို့က နဂါးနက်လှေပေါ်မှာ ရှိနေတာ၊ ငါသာ အလိုရှိရင် အဆင့် ၄၊ အဆင့် ၅ မသေမျိုးတွေတောင် ငါတို့ရဲ့ ခြေရာကို အလွယ်တကူ ရှာတွေ့မှာ မဟုတ်ဘူး။ ဒီကောင်ရဲ့ မျက်လုံးတွေက ဒီလောက်အထိ ထက်မြက်လိမ့်မယ်လို့ မထင်ထားမိဘူး"
"အစ်ကိုကြီး... ဒါက ဘယ်သူလဲ"
ဖန့်ရှောင်ထျန်းက စပ်စုကာ မေးသည်။
ဖန့်ချန်ယွဲ့က ပြုံးလျက် ဖြေလိုက်သည်
"ဒါက မင်းအစ်ကို မဟာရှနိုင်ငံတုန်းက သိကျွမ်းခဲ့တဲ့ သူငယ်ချင်းလေ၊ အခု ကြည့်ရတာတော့ သူ့ရဲ့ ကျင့်ကြံခြင်းကလည်း မနိမ့်တော့ဘူးပဲ"
ဖန့်ချန်က စိတ်ကူးပေါက်သွားကာ နဂါးနက်လှေကို ရုတ်တရက် သိမ်းဆည်းလိုက်သည်။
တစ်ပြိုင်နက်တည်းမှာပင် ရိပ်ခြေဗုဒ္ဓအတတ် ကို အသုံးပြုကာ လူတိုင်းကို အရိပ်ထဲသို့ ခေါ်ဆောင်သွားပြီး ပျောက်ကွယ်သွားစေသည်။
အောက်ခြေတွင်မူ လီသခင်လေး၏ မျက်နှာမှာ ဝေဝေဝါးဝါး ဖြစ်သွားပြီးမှ ရယ်မောလိုက်သည်။
"နဂါးအိုကြီးကို မခေါ်နဲ့တော့၊ သူတို့တွေ ငါ့ရဲ့ အရှိန်အဝါကို ကြောက်ပြီး ထွက်ပြေးသွားကြပြီဟေ့"
ကလေးငယ်တစ်စုမှာ ချက်ချင်းပင် လေးစားအားကျသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။
ချင်းယွမ်ဈေးကွက်ရှိ ထိုမထင်မရှားသော ဆန်းတောင်တန်းပေါ်တွင် တည်ရှိသည့် ဆန်းယွမ်ဂိုဏ်းမှာ အမှန်တကယ်ပင် ထိပ်တန်းဂိုဏ်းကြီးတစ်ခုဖြစ်ကြောင်း မည်သူမသိဘဲ နေမည်နည်း။
ပုံမှန်အားဖြင့် အေးအေးဆေးဆေး နေတတ်ကြသော်လည်း ဆန်းယွမ်ဂိုဏ်းမှ ထွက်လာသော ကျင့်ကြံသူများသည် ချင်းယွမ်ဈေးကွက်အတွင်း၌ မည်သူ့ကိုမျှ ဂရုစိုက်ရန် မလိုပေ။
"တကယ် ထွက်ပြေးသွားတာလား"
ဖန့်ကျစ်ရွှယ်က သံသယဖြင့် မေးသည်။
"ပြေးပြီပေါ့"
လီသခင်လေးက ခေါင်းညိတ်ပြသော်လည်း ချက်ချင်းပင် မျက်နှာပျက်သွားကာ အော်ဟစ်လိုက်ပြန်သည်။
"ဘယ်က ကောင်လဲကွ အခုချက်ချင်း လူကိုယ်တိုင် ထွက်လာခဲ့စမ်း "
သူက ဖန့်ကျစ်ရွှယ်ကို အမြန်ပင် တိုးတိုးလေး ပြောလိုက်သည်။
"လူသွားခေါ်တော့"
နောက်တစ်ခဏတွင် လူပုံရိပ်အချို့မှာ သူတို့နှစ်ဦးရှေ့တွင် ရုတ်တရက် ပေါ်လာတော့သည်။ လီတောက်ယဲ့ မှာ မှင်တက်သွားပြီးမှ ရှက်ကိုးရှက်ကန်းဖြင့် ဆိုသည်။
"ဪ... ဖန့်သခင်လေး ဖြစ်နေတာကိုး"
သူသည် အနီးအနားသို့ ရောက်ရှိလာကြသော ကျင့်ကြံသူများကို ချက်ချင်းပင် လက်ကာပြလိုက်သည်။
"အားလုံး လူစုခွဲလိုက်ကြတော့၊ ဘာမှမဖြစ်တော့ဘူး"
ထိုကျင့်ကြံသူများသည်လည်း ဘာဖြစ်လို့ လာရမှန်းမသိ၊ ဘာဖြစ်လို့ ပြန်သွားရမှန်းမသိဘဲ ထွက်ခွာသွားကြတော့သည်။
"အစ်ကိုကြီး"
"အဒေါ်"
ဖန့်ကျစ်ရွှယ်မှာ အတိုင်းမသိ ဝမ်းသာသွားပြီး ဖန့်ချန်၏ ရင်ခွင်ထဲသို့ ခုန်ဝင်လိုက်သည်။
ထို့နောက် ဖန့်ချန်ယွဲ့ကို မြင်လိုက်ရသဖြင့် သူမ၏ ရင်ခွင်ထဲသို့လည်း တစ်ဖန် ခုန်ဝင်လိုက်ပြန်သည်။
ဖန့်ရှောင်ထျန်းသည် ဖန့်ကျစ်ရွှယ်ထံမှ ရင်းနှီးသော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ ၎င်းမှာ ဖန့်ရှောင်ပန်းက သူ့အပေါ် ဆက်ဆံတတ်သည့် ပုံစံမျိုးပင် ဖြစ်သည်။
'အစ်ကိုကြီးနဲ့ မမတို့ ငယ်ငယ်က သံယောဇဉ်ကလည်း ငါနဲ့ ရှောင်ပန်းလိုပဲ ကောင်းခဲ့မှာ သေချာတယ်' ဟု ဖန့်ရှောင်ထျန်းက ပြုံးလျက် တွေးနေမိသည်။
"အစ်ကိုကြီး... အစ်ကိုကြီး ပြန်လာတာ ဘာလို့ ကြိုမပြောတာလဲ။ ခုနတင် လီတောက်ယဲ့နဲ့ အစ်ကိုကြီးအကြောင်း ပြောနေတာ။ ဒါနဲ့... ဟိုမှာ ပြုံးဖြီးဖြီး လုပ်နေတဲ့ လူက ဘယ်သူလဲ"
အယ်...
ဖန့်ရှောင်ထျန်း၏ အပြုံးမှာ ချက်ချင်းပင် တောင့်ခဲသွားတော့သည်။
"ညီမလေး... လာ၊ မိတ်ဆက်ပေးမယ်။ ဒါက ဖန့်ရှောင်ထျန်း နဲ့ ဖန့်ရှောင်ပန်း၊ မင်းရဲ့ မောင်လေးနဲ့ ညီမလေးတွေပေါ့"
ဖန့်ချန်က ရယ်မောရင်း မိတ်ဆက်ပေးလိုက်သည်။
မောင်လေးနဲ့ ညီမလေး
ဖန့်ကျစ်ရွှယ်မှာ အတော်ကြာမှ သတိဝင်လာသည်။
သူမသည် သူမတွင် မောင်လေးနှင့် ညီမလေး ရှိနေကြောင်းကို အရင်ကတည်းက သိထားသော်လည်း တစ်ခါမှ မမြင်ဖူးခဲ့သလို ဘယ်မှာရှိမှန်းလည်း မသိခဲ့ပေ။
ယခု ဖန့်ချန်နှင့်အတူ ပြန်ပါလာသည်ကို မြင်ရသောအခါ သူမမှာလည်း ကြောင်အမ်းအမ်း ဖြစ်သွားရသည်။
သူတို့နှစ်ဦးကို အတန်ကြာအောင် အကဲခတ်ကြည့်ပြီးနောက် ဖန့်ကျစ်ရွှယ်က အံ့ဩတုန်လှုပ်စွာ ဆိုလိုက်သည်။
"မင်းတို့ရဲ့ ကျင့်ကြံခြင်းက ငါ့ထက်တောင် နည်းနည်း ပိုမြင့်နေတာလား "
အခန်း (၁၅၄၀) - မရဏလမ်းကို တစ်ဖန်ပြန်ဖွင့်ခြင်း
ဖန့်ရှောင်ထျန်းတို့ မောင်နှမနှစ်ယောက်စလုံးမှာ ဖန့်ကျစ်ရွှယ်၏ အာရုံစိုက်ပုံက အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားနေကြရသည်။ တစ်ဖက်လူအနေဖြင့် သူတို့နှစ်ဦးကို တွေ့သည့်အခါ အရင်ဆုံး စိတ်လှုပ်ရှားစွာဖြင့် အချင်းချင်း ဖက်လဲတကင်း နှုတ်ဆက်သင့်သည် မဟုတ်ပါလော။
"ကျွန်တော်နဲ့ ရှောင်ပန်းက ပေါင်းစပ်ခြင်းအဆင့် အလယ်အလတ်ပိုင်းမှာရှိတာ၊ အစ်မလတ်က အစောပိုင်းအဆင့်မှာလား"
ဖန့်ရှောင်ထျန်းက စကားလုံးကို ချင့်ချိန်ပြီး မေးလိုက်သည်။
"အစ်ကို... သူတို့က တကယ်ပဲ ကျွန်မရဲ့ မောင်လေးနဲ့ ညီမလေးလား"
ဖန့်ကျစ်ရွှယ်က ဖန့်ချန်ဘက်သို့ လှည့်ကာ နောက်တစ်ကြိမ် ထပ်မံအတည်ပြုလိုက်သည်။
ဖန့်ချန်က ပြုံးလျက် ခေါင်းညိတ်ပြသည်
"သူတို့က မင်းနဲ့မတူဘူး၊ သူတို့က ကျင့်ကြံခြင်းနဲ့ အစောကြီးကတည်းက ထိတွေ့ခဲ့ရတာ၊ ပြီးတော့ နာမည်ကြီး ဆရာသမားတွေရဲ့ လမ်းညွှန်မှုကိုလည်း အများကြီး ရခဲ့ကြတယ်။ မင်းကတော့ အခြေခံအားဖြင့် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ပြီး ဒီလမ်းကို လျှောက်လှမ်းလာခဲ့တာလေ"
"အဲ့ဒါကတော့ တကယ်ကိုပဲ..."
ဖန့်ကျစ်ရွှယ်မှာ မနေနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။ စကားကို အဆုံးထိ ဆက်မပြောတော့ဘဲ အနည်းငယ် စိတ်ဓာတ်ကျသွားဟန် ပေါ်နေသည်။
ဖန့်ချန်ယွဲ့က ပြုံး၍ ဆိုသည်
"အားလုံးက မင်းရဲ့ မောင်လေး၊ ညီမလေးတွေပဲလေ၊ ကျင့်ကြံခြင်းအဆင့် မြင့်နေတော့ မကောင်းဘူးလား။ ဒါ့အပြင် အခု မင်းတို့အားလုံးက ပေါင်းစပ်ခြင်းအဆင့်မှာပဲ ရှိကြသေးတာပဲ၊ နောက်ပိုင်းမှာ ကျော်တက်နိုင်မယ့် အခွင့်အရေးတွေ ရှိပါသေးတယ်"
"ဟုတ်သားပဲ"
ဖန့်ကျစ်ရွှယ်၏ မျက်ဝန်းများ ချက်ချင်း တောက်ပသွားသည်။
"ဖန့်သခင်လေး... ကျုပ်တို့ ထိုင်ပြီး စကားပြောကြမလား"
လီတောက်ယဲ့က ဝင်ပြောသည်။
"ကျုပ်တို့ မိသားစုချင်း စကားပြောမှာ၊ ရှင်က မအားဘူးလေ၊ ရှင့်ရဲ့ ဟင်းရည်အိုးသွားကြည့်ဖို့ ပြန်တော့"
ဖန့်ကျစ်ရွှယ်က လက်ကာပြကာ နှင်လိုက်သည်။
"တကယ်တော့ ငါက..."
လီတောက်ယဲ့မှာ အားမလိုအားမရဖြင့် ခေါင်းညိတ်လိုက်ရသည်။
"ကောင်းပါပြီ၊ ငါ ပြန်သွားကြည့်လိုက်ပါ့မယ်"
လူစုမှာ နန်းတော်ဆောင်ကြီးတစ်ခုအတွင်းသို့ ရောက်ရှိလာကြပြီး၊ ဖန့်ကျစ်ရွှယ်က လူလွှတ်၍ မုန့်ပဲသရေစာအချို့ကို ယူဆောင်လာခိုင်းကာ ဖန့်ချန်နှင့် လွန်ခဲ့သော နှစ်များအတွင်းက ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများကို စတင်ပြောဆိုကြတော့သည်။
ဖန့်ရှောင်ပန်းမှာ ပါးစပ်ထဲသို့ မုန့်များ အဆက်မပြတ် သွတ်သွင်းနေရင်း နားကို စွင့်ထားသည်။
ဖန့်ချန်သည် ဖန့်ကျစ်ရွှယ်၏ ပြောစကားများမှတစ်ဆင့် ဟွာမြောင်ချင် ကောင်းကင်ဘေးဒုက္ခကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိလိုက်ရသည်။
နဂါးအိုကြီးမှာလည်း ကျင့်စဉ်ဝင်နေဆဲ ဖြစ်သည်။
ကျောက်ကျောင်လုံနှင့် အခြားသူများမှာလည်း လက်ရှိတွင် ကျင့်စဉ်ဝင်နေကြပြီး၊ လွန်ခဲ့သော နှစ်ပေါင်း ရာဂဏန်းနှင့် နှိုင်းယှဉ်ပါက ကျင့်ကြံခြင်းအဆင့်မှာ သိသိသာသာ တိုးတက်လာခဲ့ကြသည်။
မည်သို့ပင်ဆိုစေကာမူ ချင်းယွမ်ဈေးကွက်မှာ မကြီးမားသော်လည်း၊ တန်တိုင်တောင်နယ်မြေ၏ ထောင့်စွန်းလေးတစ်ခုသာ ဖြစ်သော်လည်း၊ ဤနေရာ၏ သယံဇာတ ကြွယ်ဝမှုမှာ ယခင်က တောရိုင်းကျောင်းတော် နှင့် နှိုင်းယှဉ်လျှင် အဆပေါင်းများစွာ သာလွန်ပေသည်။
"တောရိုင်းကျောင်းတော် အကြောင်း ပြောမိတော့မှ...ရွှင်အဖိုး ဆီ ပြန်မလည်ဖြစ်တာ တော်တော်ကြာသွားပြီပဲ"
ဖန့်ချန်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။
"အစ်ကိုကြီး... သူတို့ကို ဘယ်နေရာကနေ ရှာတွေ့ခဲ့တာလဲဆိုတာ ပြောပြပါဦး"
ဖန့်ကျစ်ရွှယ်က ထိုနှစ်ယောက်ကို ရုတ်တရက် သတိရသွားပြီး စပ်စုကာ မေးမြန်းလာသည်။
ဖန့်ချန်က ကျွေ့ယွမ်ကြယ် အကြောင်းကို ပြောပြသလို၊ ကျွယ်မင်နတ်နန်း နှင့် ပတ်သက်သည့် အကြောင်းအရာအချို့ကိုလည်း ပြောပြလိုက်သည်။
ဖန့်ကျစ်ရွှယ်မှာ အစပိုင်းတွင် နားဝေတိမ်တောင် ဖြစ်နေသော်လည်း၊ အသေးစိတ်အချက်အလက်အချို့ကို ထပ်ဆင့်မေးမြန်းပြီးနောက် နှုတ်ခမ်းဆူကာ ဆိုသည်။
"ကျွန်မကတော့ မသေမျိုးလှေ အစီရင် ကို တစ်ခါမှ မစီးဖူးသေးဘူး"
"အခွင့်အရေး ရှိမှာပါ၊ ဒီတစ်ခေါက် မင်းကို ကျွယ်မင်ကြယ်တာရာ ဆီ တစ်ခါတည်း ခေါ်သွားဖို့ ရည်ရွယ်ထားတယ်"
ဖန့်ချန်က ပြုံးလျက် ပြောသည်။
"တကယ်ကြီးလား "
ဖန့်ကျစ်ရွှယ်မှာ အတိုင်းမသိ ဝမ်းသာသွားသည်။
သူမ၏ အစ်ကိုဖြစ်သူက ယခင်အခါကဲ့သို့ ခဏတာ ပြန်လာပြီး ပြန်ထွက်သွားလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း၊ ယခုတွင် သူမကိုပါ တစ်ပါတည်း ခေါ်သွားရန် စီစဉ်ထားသည်ကို သိလိုက်ရသဖြင့် အံ့ဩဝမ်းသာ ဖြစ်နေရှာသည်။
"ဒါက လိမ်စရာမှ မဟုတ်တာ"
ဖန့်ချန်က ပြုံးလိုက်သည်။
လူတိုင်း ခဏတာ စကားစမြည် ပြောဆိုပြီးနောက်၊ ဖန့်ချန်သည် ဖန့်ကျစ်ရွှယ်အား ဖန့်ချန်ယွဲ့တို့ မောင်နှမသုံးယောက်ကို ဆန်းတောင်တန်း တစ်ပတ်ပတ်ပြရန် သို့မဟုတ် ချင်းယွမ်ဈေးကွက်သို့ လိုက်ပို့ရန် ခိုင်းစေလိုက်သည်။ သူကိုယ်တိုင်မှာမူ နဂါးနက်လှေကို ထုတ်ဖော်ကာ မျက်စိတစ်မှိတ်အတွင်း တန်တိုင်တောင်နယ်မြေမှ ထွက်ခွာလာခဲ့တော့သည်။
ယခုတစ်ခေါက် နန်ချင်ကြယ်တာရာသို့ ပြန်လာခြင်းမှာ ဖန့်ကျစ်ရွှယ်ကို လာကြည့်ပြီး ခေါ်ဆောင်သွားရန် သက်သက်သာ မဟုတ်ပေ။
ပိုမိုအရေးကြီးသည့် ကိစ္စတစ်ခုက သူ့ကို စောင့်ကြိုနေသည်။
၎င်းမှာ သတ်ဖြတ်ခြင်းနတ်ဆိုးတောင်တန်း ကဲ့သို့သော နေရာမျိုးကို ရှာဖွေရန်၊ တားမြစ်ချက်ကို ရှာရန်၊ ထို့နောက် အစီရင်ဗဟိုချက် ကို အသုံးပြုကာ တားမြစ်ထားတာကို ဖြေဖျောက်ပြီး ထိုနေရာ၏ မရဏလမ်း ကို တစ်ဖန်ပြန်ဖွင့်ရန် ဖြစ်သည်။
နဂါးနက်လှေ၏ အရှိန်မှာ အလွန်ပင် မြန်ဆန်လှပြီး၊ ဖန့်ချန်က အားသွန်ခွန်စိုက် မောင်းနှင်လိုက်သည့်အခါ လေဟာနယ်ထဲတွင် သရဲတစ္ဆေ အရိပ်တစ်ခုကဲ့သို့ လျှပ်ခနဲ ဖြတ်သန်းသွားတော့သည်။
အလွန်အစွမ်းထက်သော တည်ရှိမှု အနည်းငယ်သာ တစ်ခါတစ်ရံ သတိထားမိနိုင်သော်လည်း၊ နဂါးနက်လှေ၏ ပုံရိပ်ကို ဖမ်းဆွဲနိုင်ရန်မှာ မလွယ်ကူလှပေ။
ဖန့်ချန်သည် လပေါင်းများစွာ အချိန်ပေးကာ ရှာဖွေခဲ့ပြီးနောက်၊ နောက်ဆုံးတွင် လူသူကင်းမဲ့သော လဟာပြင်နယ်မြေတစ်ခု၌ ဤနေရာ၏ တားမြစ်ချက်ကို မြင်တွေ့လိုက်ရသည်။
၎င်းမှာ လင်ကွေ့ကြယ်တာရာ နှင့် တာ့လေယင် ပေါ်ရှိ တားမြစ်ချက်များကဲ့သို့ပင် ပကတိမျက်စိဖြင့် မမြင်နိုင်သော ထင်ယောင်ထင်မှား တောင်ကြီးတစ်လုံး ဖြစ်သည်။ သာမန်လူများမှာ လုံးဝ မြင်တွေ့နိုင်စွမ်း မရှိကြပေ။
ထို့အပြင် ဤနေရာရှိ တားမြစ်ချက်မှာ အလွန်ခိုင်မာလှသဖြင့် ဝိညာဉ်အငွေ့အသက်များ ယိုစိမ့်ထွက်ခြင်း မရှိဘဲ သတ်ဖြတ်ခြင်းနတ်ဆိုးတောင်တန်း ကဲ့သို့သော နယ်မြေမျိုးလည်း ဖြစ်ပေါ်နေခြင်း မရှိပေ။
ရှေးဦး နတ်ဘုရားမျက်လုံးကြောင့်သာ သူ၏ အမြင်အာရုံက ထက်မြက်မနေပါက၊ မတော်တဆပင် ကျော်သွားနိုင်ပေသည်။
"အစီရင်ဗဟိုချက် တစ်ခုတည်းနဲ့ အောင်မြင်ပါစေလို့ပဲ မျှော်လင့်ရတာပဲ"
ဖန့်ချန်သည် လက်ထဲရှိ အစီရင်ဗဟိုချက်ကို ကြည့်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။
သူသည် အစီရင်ဗဟိုချက် ကို မိမိနှင့် နီးစပ်သူများအား ပေးအပ်ကာ သူတို့ကို ကျွယ်မင်အမာခံတပည့် ဖြစ်လာနိုင်မည့် အခွင့်အရေးမျိုး ပေးရန် မစဉ်းစားခဲ့သည် မဟုတ်ပေ။
သို့သော် ထိုအတွေးကို ချက်ချင်းပင် ပယ်ဖျက်ခဲ့သည်။
ဤကမ္ဘာပေါ်တွင် အမာခံတပည့်များမှာ လုံးဝ မရှားပါးပေ။
ကျွယ်မင်နန်းတော် တစ်ခုတည်း၌ပင် ထောင်နှင့်ချီ၍ ရှိနေသည်။
တားမြစ်ချက်များကို ဖွင့်လှစ်ကာ လူ့လောကနှင့် ယင်လောကကို ဆက်သွယ်ပေးနိုင်မှသာလျှင်၊ လူ့လောကအတွက်ရော ဖန့်ချန်အတွက်ပါ အကျိုးကျေးဇူးက အကြီးမားဆုံး ဖြစ်လာလိမ့်မည်။
ဝမ်ချုံစန်း ရွေးချယ်ခဲ့သည့် ဤလမ်းစဉ်မှာ ဦးတည်ချက် မှန်ကန်နေသည်မှာ အမှန်ပင်။
တစ်ဖက်လူက ထိုနေရာများ၏ မရဏလမ်းကို ပိတ်ဆို့ထားသည်မှာ ကြောက်ရွံ့နေခြင်းကြောင့်ပင် ဖြစ်သည်။
သို့ဆိုလျှင် တစ်ဖက်လူ ကြောက်ရွံ့နေသည့်အရာကို မိမိတို့ဘက်က လုပ်ဆောင်ခြင်းက အမှားကြီးမှားစရာ အကြောင်းမရှိပေ။
ဝမ်ချုံစန်း၏ ပုံစံကို အတုယူလျက် ဖန့်ချန်သည် လက်ထဲမှ အစီရင်ဗဟိုချက်ကို အသာအယာ ပစ်လွှတ်လိုက်သည်။
၎င်းမှာ တံဆိပ်ခတ်နှိပ်မှုအပေါ်သို့ ကျရောက်သွားသည့်အခါ၊ ခဏချင်းပင် စူးရှတောက်ပသော အစိမ်းရောင် နတ်ဘုရားအလင်းတန်းများ ပေါက်ကွဲထွက်လာပြီး၊ စီးဆင်းနေသော ရေကဲ့သို့ ထင်ယောင်ထင်မှား တောင်ကြီး၏ အကြောအမျှင်များပေါ်သို့ ပျံ့နှံ့သွားကာ တဖြည်းဖြည်းချင်း ပေါင်းစပ်သွားတော့သည်။
ဤလုပ်ငန်းစဉ်အတွင်း တောင်ခန္ဓာကိုယ်ပေါ်ရှိ ရေတွက်၍မရနိုင်သော အစီရင်တားမြစ်ချက်များမှာ စတင်လျော့ရဲလာသည်။
ဖန့်ချန်မှာ တည်ငြိမ်သော မျက်နှာထားဖြင့် အသာအယာ စောင့်ဆိုင်းနေသည်။
ထိုအစိမ်းရောင် သွေးစက်များအားလုံး တောင်ကြီးအတွင်းသို့ ပေါင်းစပ်ဝင်ရောက်သွားသည့်အခါ၊ အစီရင်တားမြစ်ချက်များမှာ နောက်ဆုံးတွင် တစ်ခုပြီးတစ်ခု စတင်ပြိုကွဲပျက်စီးသွားတော့သည်။
မူလက အလွန်ကြီးကျယ်ခမ်းနားလှသော လှုပ်ရှားမှုမျိုး ဖြစ်သင့်သော်လည်း၊ သာမန်လူများက ထိုမြင်ကွင်းကို မမြင်တွေ့နိုင်သဖြင့် ပတ်ဝန်းကျင်အပေါ် မည်သည့်သက်ရောက်မှုမျှ မရှိဘဲ၊ သီးခြားကမ္ဘာနှစ်ခုကဲ့သို့ပင် ဖြစ်နေသည်။
ဝုန်း
တောင်ခန္ဓာကိုယ်မှာ လုံးဝပြိုကွဲသွားပြီး ဖန့်ချန်၏ မျက်စိရှေ့မှ ပျောက်ကွယ်သွားသည်။
တစ်ချိန်တည်းမှာပင် ဖန့်ချန်သည် ထိုနေရာ၌ အပြောင်းအလဲအချို့ ဖြစ်ပေါ်လာသည်ကို ခံစားလိုက်ရသည်။
နဂါးနက်လှေကို ပြန်သိမ်းကာ စိတ်အာရုံတစ်ချက်တွေးလိုက်သည်နှင့်၊ အဆုံးမရှိသော မြူဖြူများက သူ၏မျက်စိရှေ့တွင် ပေါ်လာတော့သည်။
ဖန့်ချန် ထိုမြူများထဲသို့ ဝင်ရောက်သွားပြီးနောက်မှသာ မြူများမှာ ကွယ်ပျောက်သွားသည်။
ယခင်က ဖြတ်သန်းခဲ့ဖူးသော မရဏလမ်းများနှင့် သိပ်မကွာခြားလှပေ။ အချိန်အတော်ကြာ လူသူဖြတ်သန်းမှု မရှိခဲ့သဖြင့် ကြီးမားလှသော မရဏလမ်းမှာ မြက်ပင်ပေါင်းပင်များဖြင့် ဖုံးလွှမ်းနေလေပြီ။
လမ်းတစ်ခုဟုပင် ပြောရန် ခက်ခဲနေသည်။
ဖန့်ချန်သည် မရဏလမ်း၏ အဆုံးသို့ လျှောက်လှမ်းသွားကာ ဝမ်ချွမ်းမြစ် ရှေ့သို့ ရောက်ရှိလာသည့်အခါ၊ မြစ်အောက်ခြေတွင် နစ်မြုပ်နေကြသော ဝိညာဉ်များကို တစ်ခုပြီးတစ်ခု မြင်တွေ့လိုက်ရသည်။
ထိုဝိညာဉ်များမှာ ဤနေရာတွင် မည်မျှကြာအောင် နစ်မြုပ်နေခဲ့ကြသည် မသိရဘဲ၊ တစ်ကိုယ်လုံးမှာ ခြောက်ကပ်နေပြီး မျက်လုံးများကို ပိတ်လျက် လုံးဝ လှုပ်ရှားခြင်း မရှိကြပေ။
ဖန့်ချန်၏ စိတ်အာရုံ တွေးလိုက်သည်နှင့်၊ ကြီးမားသော အရိပ်မည်းကြီးတစ်ခုသည် ရေမျက်နှာပြင်အောက်မှ ဖြည်းညင်းစွာ တက်လာသည်။
၎င်းမှာ ကျူးလုံ ပင် ဖြစ်သည်။
၎င်းက ဖန့်ချန်ကို ရင်းနှီးဖော်ရွေစွာ နှုတ်ဆက်ပြီးနောက်၊ ဝမ်ချွမ်းမြစ်အောက်သို့ ပြန်လည်ငုပ်လျှိုးသွားကာ ဝိညာဉ်များကို တစ်ခုပြီးတစ်ခု ဆယ်ယူပေးတော့သည်။
ထိုဝိညာဉ်များသည် ရေမျက်နှာပြင်ပေါ်သို့ ရောက်ရှိလာမှသာ တွေဝေစွာဖြင့် မျက်လုံးများကို ဖွင့်ကြည့်ကာ ပတ်ဝန်းကျင်ရှိ အရာအားလုံးကို အကဲခတ်နေကြသည်။
"ငါတို့ကို လာကြိုတဲ့သူ ရှိနေပြီလား "
"မဖြစ်နိုင်တာ၊ ငါတို့က အခု..."
ဝိညာဉ်အတော်များများမှာ မိမိတို့ကိုယ်မိမိ ကျူးလုံ၏ ကျောပေါ်တွင် ရောက်နေသည်ကို သိလိုက်ရသည့်အခါ တစ်ယောက်ပြီးတစ်ယောက် ထိတ်လန့်တုန်လှုပ်သွားကြသည်။
အချို့မှာမူ အလွန်တည်ငြိမ်နေပြီး ကျူးလုံ ကို ကြောက်ရွံ့ခြင်း မရှိဘဲ၊ ဖန့်ချန်ကို တိတ်တဆိတ် အကဲခတ်နေကြသည်။
ကျယ်ပြောလှသော ဝမ်ချွမ်းမြစ်ကမ်းဘေးတွင် ဖန့်ချန် တစ်ဦးတည်းသာ ရပ်နေသဖြင့် အမှန်တကယ်ပင် အာရုံစိုက်ခြင်း ခံနေရခြင်း ဖြစ်သည်။
ကျူးလုံ၏ ခန္ဓာကိုယ်မှာ ပို၍ပို၍ ကြီးမားလာပြီး၊ ဆယ်ယူပေးသော လူဦးရေမှာလည်း ပို၍ပို၍ များပြားလာသည်။ နောက်ဆုံးတွင် ၎င်း၏ကျောပေါ်၌ သိပ်သည်းလှသော၊ ရေတွက်၍မကုန်နိုင်သော ဝိညာဉ်များ ပြည့်နှက်သွားတော့သည်။
"မင်းတို့ထဲမှာ ကျင့်ကြံသူ ပါသလား"
ဖန့်ချန်သည် တစ်လှမ်းချင်း လှမ်းလျှောက်ကာ ကျူးလုံ၏ ဦးခေါင်းထက်တွင် ရပ်လျက် ဝိညာဉ်ထုကြီးကို ကြည့်ကာ မေးလိုက်သည်။
သူတို့အချင်းချင်း အပြန်အလှန် ကြည့်လိုက်ကြပြီးနောက်၊ နောက်ဆုံးတွင် လူငယ်တစ်ဦး ရှေ့သို့ ထွက်လာကာ မဝံ့မရဲဖြင့် ဆိုသည်။
"ကျွန်တော်က ကျင့်ကြံသူပါ၊ မိတ်ဆွေက ဘယ်သူပါလဲ"
"ဒီလမ်းကနေ ဖြတ်သွားရင်းနဲ့၊ မင်းတို့အားလုံး ဝမ်ချွမ်းမြစ်ထဲမှာ နစ်မြုပ်နေတာကို မြင်လို့၊ လမ်းကြုံ တစ်ခါတည်း ပို့ဆောင်ပေးချင်လို့ပါ"
ဖန့်ချန်က ပြုံးလျက် မေးလိုက်သည်
"မိတ်ဆွေကို ဘယ်လိုခေါ်သလဲ၊ ပြီးတော့ မသေခင်က ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်လဲ"
"ဘယ်လိုခေါ်သလဲ တဲ့လား..."
ထိုလူငယ်မှာ ခဏတာ တွေဝေသွားပြီးနောက်၊ မျက်ဝန်းများမှာ တည်ကြည်သွားကာ လေးနက်သော အသံဖြင့် ဆိုလိုက်သည်။
"ကျွန်တော်က ဆယ်မျက်နှာမသေမျိုးဂိုဏ်းက မဟာမသေမျိုး ပိရွှမ် ပါပဲ"