အခန်း (၂၄၁-၂၄၂)
Vol. 25 Ch. 241-242
🌹Chapter 241
သူမ သွေးကြောင့် ထောင်ထျဲသားရဲ မတော်တဆလွတ် မြောက်သွားခဲ့ရခြင်းက တိုက်ဆိုက်မှုသက်သက်ဖြစ်မည်ဟု ယန်ရုန်ရုန် တွေးခဲ့ဖူးပါသည်။
ဝိညာဉ်လှိုင်းနှုန်းချင်း တူညီသွားခြင်း သို့မဟုတ် ရှင်းပြ၍ မရနိုင်သော ဓာတုဗေဒဓာတ်ပြုမှုတစ်ခုခုကြောင့် ဖြစ်မည်ဟု သူမ ထင်ထားခဲ့သည်။
သို့သော်လည်း ထောင်ဝူသားရဲနှင့် ဆုံလိုက်ရပြီးနောက်တွင်တော့ ဒီကိစ္စမှာ တိုက်ဆိုင်မှုနှင့် မသက်ဆိုင်တော့ကြောင်း ယန်ရုန်ရုန် နားလည်သွားခဲ့ရပါသည်။
ထိုရှေးဟောင်းသားရဲများ၏ အချုပ်အနှောင်ကို ချိုးဖျက်ပေးဖို့အတွက် လိုအပ်သည့် ဂုဏ်သတ္တိတစ်ခုခု သူမ သွေးထဲတွင် ရှိနေကြောင်း တစ်စုံတစ်ယောက်က သိထားလိမ့်မည်။
ထို့နောက် ထိုလူက ဇာတ်ကြောင်းပေါင်းစုံ ဖန်တီးပြီး သူမကို ရှေးဟောင်းသားရဲများ ရှိရာထံသို့ ရည်ရွယ်ချက်ရှိရှိမျှားခေါ်ခဲ့သည်။
သူမကို သေစေချင်ရုံတင်မဟုတ်ဘဲ သူမ၏အလောင်း သို့မဟုတ် သူမ၏အမြုတေကို အသုံးချပြီး ကမ္ဘာဦးကပ်ဘေးများကို ကမ္ဘာမြေပေါ်သို့ ပြန်လည်ဆင့်ခေါ်ဖို့ ကြံစည်နေကြခြင်းပင် ဖြစ်နိုင်ပါသည်။
ထောင်ထျဲသားရဲ လွတ်မြောက်သွားစဉ်က ကောင်းကင်ဘုံမိုးကြိုးကြောင့် ဦးနှောက်ပျက်သွားခြင်းကြောင့်သာ မဟုတ်လျှင် ထိုသားရဲကြီးကို ယန်ရုန်ရုန်တစ်ယောက်တည်း ချုပ်နှောင်နိုင်ခဲ့မှာ မဟုတ်ပါ။
နှစ်ထောင်ပေါင်းများစွာ ချုပ်နှောင်ခံထားရသဖြင့် အမျက် ဒေါသ အငြှိုးတရားများနှင့် ပြည့်နှက်နေသည့် ရှေးဟောင်း ကျိန်စာသားရဲတစ်ကောင် အချုပ်အနှောင်မှ ရုတ်တရက် လွတ်မြောက်သွားလျှင် ပထမဆုံး လုပ်မည့်အရာက လူသားလောကတွင် သွေးချောင်းစီးအောင် ကလဲ့စားချေဖို့ပင်။
ထောင်ဝူသားရဲကလည်း ထိုနည်းလည်းကောင်းဖြစ်သည်။ တစ်စုံတစ်ယောက်က ထိုကပ်ဘေးများကို အသုံးချပြီး လောကကြီးပျက်စီးသွားသည်ကို ထိုင်ကြည့်ချင်နေပုံရသည်။
‘ဒါပေမယ့် ဘာလို့လဲ… ဘာလို့ ငါ့သွေး ဖြစ်နေရတာလဲ’
သူမ နားမလည်သည့်အရာများကို သားရဲသုံးကောင်အား ထုတ်မေးခဲ့သည်။ မှတ်ဉာဏ်ဆုံးရှုံးလိုက်ရသည့် လျို့လန်က ချစ်စရာကောင်းစွာ စိုက်ကြည့်နေရုံကလွဲပြီး ဘာအဖြေမှ မပေးနိုင်ခဲ့ပါ။
လောလောကလည်း ခေါင်းခါပြလိုက်သည်။ အလွန်ရှေးကျသည့် လျှို့ဝှက်ချက်များကို သူ မသိနိုင်ပေ။
နောက်ဆုံးတော့ မုထုန်ထံသို့သာ အားလုံး အကြည့်ရောက်သွားခဲ့ကြသည်။
အစ်ကိုဖြစ်သူ စိုက်ကြည့်နေသည်ကို မြင်ပြီး မုထုန် ကိုယ့်ကိုယ်ကိုယ် အရေးပါသွားသလို ခံစားလိုက်ရသည်။
ထို့ကြောင့် မုထုန် ခေါင်းမော့ရင်ကော့လျက် အားတက်သ ရော ပြန်ဖြေလိုက်ပါသည်။
“အဲ့ဒီမီးခိုးရောင်ဝတ်ရုံနဲ့လူက ငါ့ကိုပြောသွားခဲ့တာ၊ ကျောက်ပြာရေကန်ထဲ မိန်းကလေးကျင့်ကြံသူတစ်ဦး ရောက်လာလိမ့်မယ်တဲ့၊ သူ့ဆီက သွေးတစ်စက်လောက်ရနိုင်မယ်ဆိုရင် ငါအချုပ်အနှောင်တွေကနေ လွတ်မြောက်နိုင်လိမ့်မယ်တဲ့”
ယန်ရုန်ရုန်က ထပ်မေးသည်။
“နင်ကကော ဘာလို့ သူ့ကိုယုံရတာလဲ”
သာမန်ဆိုလျှင် သူစိမ်းတစ်ယောက် ရောက်လာပြီး အခြားသူစိမ်းတစ်ယောက်၏ သွေးကို ရရှိအောင်လုပ်နိုင်ပါက လွတ်လပ်ခွင့်ရမည်ဟု ပြောသွားလျှင် သက်သေခိုင်ခိုင်လုံလုံမရှိဘဲ မည်သူမှ ယုံကြည်ကြမှာ မဟုတ်ပါ။
သို့သော် မုထုန်က သာမန်မဟုတ်ပေ။
သူ မခံချင်စွာ ပြန်ချေပလိုက်သည်။
“ငါ့မှာ ပိုကောင်းတဲ့အစီအစဉ် ရှိခဲ့လို့လား! သူ့နည်းလမ်းကို စမ်းကြည့်တာက ဘာမှ အရှုံးမရှိဘူးလေ၊ အဆိုးဆုံးအခြေ အနေဆိုလို့ ဆက်ပြီး ချုပ်နှောင်ခံထားရရုံပဲရှိမှာ၊ တကယ်လို့ အလုပ်ဖြစ်တယ်ဆိုရင် ငါလွတ်မြောက်သွားမှာ မဟုတ်ဘူးလား!”
ထောင်ဝူသားရဲ၏ရိုးရှင်းလှသော တွေးခေါ်ပုံကြောင့် ယန်ရုန်ရုန် ဆွံ့အသွားခဲ့ရသည်။
ထိုစဉ် လောလောက အေးအေးလူလူ ဝင်မေးလိုက်ပါသည်။
“အဲ့ဒီလူက မင်း လွတ်မြောက်လာတဲ့အချိန်မှာ မင်းကို သတ်ပစ်ပြီး မင်းရဲ့ အရေခွံတွေ၊ အရိုးတွေကို နတ်ရတနာဖန်တီးဖို့ ကုန်ကြမ်းပစ္စည်းအဖြစ် သုံးလိုက်ရင် ဘယ်လိုလုပ်လဲ”
မုထုန် ကြက်သေသေသွားလေသည်။ ထိုဖြစ်နိုင်ချေကို သူလုံးဝ မစဉ်းစားမိခဲ့ပါ။
“မ… မဖြစ်နိုင်ပါဘူး၊ ငါက ထောင်ဝူသားရဲလေ! ငါ့ကို ဘယ်သူ သတ်နိုင်မှာတုန်း”
သတ္တိရှိချင်ယောင် ဆောင်ပြနေသော်လည်း သူ့အသံတွေ တုန်ယင်နေပါသည်။ သူလည်း ယုံကြည်ချက် ပြည့်ဝမနေတော့ပါ။
လျို့လန် အထင်အမြင်သေးစွာ ဝင်ငေါက်လိုက်လေသည်။
“ဦးနှောက်မရှိလိုက်တဲ့ကောင်!”
မုထုန် ဝမ်းနည်းသွားဟန်ဖြင့် ဆိုသည်။
“အဲ့တာ အစ်ကိုကြီးနဲ့ ဒုတိယအစ်ကိုတို့ မရှိခဲ့လို့ပေါ့၊ အစ်ကိုကြီးတို့ နှစ်ယောက်သာရှိရင် ဘယ်လိုလှည့်စားမှုမျိုးကိုပဲဖြစ်ဖြစ် ကြိုမြင်နိုင်မှာသေချာတယ်”
ယခင်တုန်းက သူတို့ညီအစ်ကိုလေးယောက် မခွဲမခွာအတူ တူရှိခဲ့ကြသည်။ အစ်ကိုကြီးနှင့် ဒုတိယအစ်ကိုတို့က ဉာဏ်ရည် မြင့်မားကြပြီး ဆုံးဖြတ်ချက်တိုင်းကို ဦးဆောင် ချမှတ်တတ်ကြကာ ထောင်ဝူနှင့် ဟွင်သွမ်းတို့က သူတို့ ခိုင်းသည့်အတိုင်းသာ လိုက်လုပ်တတ်ကြသည်။
သူတို့ပြဿနာရှာမိလျှင်ပင် အစ်ကိုကြီးနှစ်ယောက်က အမြဲတမ်း ဖြေရှင်းပေးနိုင်ခဲ့ပါသည်။ ထို့ကြောင့် မုထုန်တွင် ဘာမှ မစဉ်းစားဘဲ စိတ်လိုက်မာန်ပါလုပ်တတ်သည့် အကျင့်ဆိုးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ထိုအကျင့်ဆိုးကြောင့်ပဲ မီးခိုးရောင်ဝတ်ရုံနှင့်လူ၏လှည့်စားမှုကို အလွယ်တကူ ခံခဲ့ရခြင်းဖြစ်ပါလိမ့်မည်။
လျို့လန်က ငေါက်လိုက်သော်လည်း သူ့ကို မုထုန်ပြန်ချီးကျူးနေသဖြင့် အံ့အားသင့်သွားရပြီး မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်မိသည်။
သို့သော် ချီးကျူးစကားကို မနှစ်သက်သူဟူ၍မရှိပါ။ ထောင်ထျဲသားရဲဖြစ်နေလျှင်တောင် မာန်မာနတော့ ရှိပါသေးသည်။
လျို့လန် လက်နှစ်ဖက်ကို ကျောနောက်သို့ ပစ်ကာ မေးငေါ့လျက် ဆရာကြီးတစ်ဦးပမာ ဆုံးမလိုက်သည်။
“အဲ့တာကို သင်ခန်းစာကောင်းကောင်းယူ၊ နောက်ဆို သူစိမ်းတွေပြောတာ အလွယ်တကူ မယုံမိစေနဲ့”
မုထုန်လည်း အသည်းအသန် ခေါင်းညိတ်လိုက်ပါသည်။ အတိတ်က နေ့ရက်များကိုပင် ပြန်လည် အမှတ်ရမိသွားသည်။
“ကျွန်တော်မှတ်ထားပါ့မယ်! အခုချိန်ကစပြီး အစ်ကိုကြီးကိုပဲ ယုံကြည်ပါ့မယ်!”
လျို့လန် ခက်ထန်စွာ ဆုံးမလိုက်သည်။
“ငါ့ကိုပဲ ယုံကြည်ရမှာမဟုတ်ဘူး၊ မေမေ့ကိုလည်း အကြွင်းမဲ့ ယုံကြည်ထားရမယ်”
မုထုန် အနည်းငယ် တွန့်ဆုတ်သွားသော်လည်း သူ့အစ်ကိုကြီး၏ မျက်နှာဖြင့် သဘောတူလိုက်ရပါသည်။
“ပြီးတာပဲ!”
ထိုစဉ် လောလောက အတွေးနယ်လွန်နေသည့် ယန်ရုန်ရုန့် မျက်နှာကို ကြည့်ရင်း သူမအတွေးများကို ခန့်မှန်းမိခဲ့သည်။
“အဲ့ဒီအကြောင်းတွေ အရမ်းသိချင်နေရတာက ငါတို့ကို ချုပ်နှောင်ခဲ့တဲ့လူက မင်းနဲ့ ဆက်နွယ်မှုတစ်ခုခု ရှိနေလိမ့်မယ်လို့ သံသယဖြစ်မိလို့မလား”
“အဲ့လိုတော့ သံသယဖြစ်မိတာတော့ ဟုတ်ပါတယ်”
ယန်ရုန်ရုန် ဝန်ခံလိုက်သည်။
“ဒါပေမယ့် ရှေးခေတ်ကလူတစ်ယောက်နဲ့ ကျွန်မ ဘယ်လိုပတ်သတ်မှုမျိုး ရှိနေနိုင်တာလဲ ဆိုတာ နားမလည်ဘူး”
လောလော သုံးသပ်လိုက်သည်။
“ဧကန္တ လူဝင်စားလား၊ ဒါမှမဟုတ် မျိုးဆက်လား”
ယန်ရုန်ရုန် ခေါင်းခါလိုက်ပါသည်။
“အဲ့တာတွေ မဖြစ်နိုင်ဘူး”
သူမက ကမ္ဘာကူးပြောင်းလာသူတစ်ဦးဖြစ်ကာ စနစ်၏ အကူအညီဖြင့် အချိန်နှင့် အာကာသကို ဖြတ်ကျော်ခဲ့သော သူစိမ်းတစ်ယောက် ဖြစ်ပါသည်။
သူမတွင် အတိတ်ဘဝတစ်ခု ရှိနေမည်ဆိုလျှင်တောင် မူလကမ္ဘာနှင့်သာ သက်ဆိုင်ပေလိမ့်မည်။ မျိုးဆက်ဟု တွေးရအောင်လည်း သူမက ခေတ်သစ်လူ့အဖွဲ့အစည်းမှ လာခဲ့သူဖြစ်ကာ မိသားစုကလည်း မျိုးနှင့်ရိုးနှင့် သာမန် လူသားများသာဖြစ်ကြသည်။
သူမ၏ မျိုးရိုးထဲတွင် ‘ရှေးဟောင်းနတ်ဘုရား သို့မဟုတ် ရှေးဟောင်းမိစ္ဆာ’ဟူသည့် သွေးတစ်စက်ပင် မပါပေ။
သူမက ကမ္ဘာကူးပြောင်းလာသူဖြစ်မှန်း မသိသည့် လောလောကတော့ သူမ၏တွေးခေါ်ပုံကို နားမလည်နိုင်ပေ။
“ဘာလို့မဖြစ်နိုင်ရမှာလဲ၊ ကိုယ့်အတိတ်ဘဝအကြောင်းကို မှတ်မိတဲ့လူဆိုတာ ရှိလို့လား၊ မင်းလည်း ရှေးခေတ်တုန်းက အင်အားကြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက် မဖြစ်နိုင်ခဲ့ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ”
“ကျွန်မမှာ အကြောင်းပြချက်တွေ ရှိတယ်၊ ဒါပေမယ့် ပြောပြလို့မရဘူး” ယန်ရုန်ရုန်က ဆိုသည်။
“အဲ့ဒီအချက်တွေ မဟုတ်တာတော့ သေချာတယ်”
လောလောက သက်ပြင်းချလိုက်သည်။
“အဲ့တာတွေမဟုတ်ရင် ဘာဖြစ်နိုင်ဦးမှာလဲ”
သူမ၏ အိပ်မက်ထဲမှ ရောင်စုံဝတ်ရုံနှင့်အမျိုးသမီး၊ ငွေဖြူရောင်ဆံနွယ်နှင့်လူတို့ကို ယန်ရုန်ရုန် ပြန်မြင်ယောင်မိခဲ့သည်။ ထိုအမျိုးသမီးက သူမနှင့် တစ်ပုံစံတည်း တူညီနေပါသည်။
ဒါတိုက်ဆိုင်မှု မဖြစ်နိုင်ပါ။ ကိုယ့်ပါးကိုယ် ပြန်ကိုင်ကြည့်ရင်း လောလောအား ယန်ရုန်ရုန် မေးလိုက်သည်။
“လောလော၊ ရှေးခေတ်တုန်းက ကျွန်မနဲ့ ပုံစံချင်းတူတဲ့ အမျိုးသမီးတစ်ယောက်ကို မြင်ဖူးလား”
ယန်ရုန်ရုန့်မျက်နှာကို လောလော သေချာအကဲခတ်လိုက်ပြီး သူ့မှတ်ဉာဏ်အတွင်းရှိ နတ်ဘုရားတိုင်း၊ နတ်ဆိုးတိုင်း၊ မိစ္ဆာတိုင်းကို ပြန်မြင်ယောင်ကြည့်လိုက်သည်။
ထို့နောက် အခိုင်အမာ ပြန်ဖြေလိုက်ပါသည်။
“မမြင်ဖူးဘူး”
“သေချာရဲ့လား၊ ထပ်စဉ်းစားကြည့်ပါဦး”
“သေချာပါတယ်၊ တကယ်မမြင်ဖူးဘူး၊ မင်းမျက်နှာနဲ့ တူတဲ့လူတစ်ယောက်ကို မြင်ဖူးရင် မင်းနဲ့ တွေ့တဲ့အချိန်ကတည်းက မှတ်မိမှာပေါ့၊ တကယ်ဘယ်သူမှ မရှိခဲ့ဘူး”
“အဲ့ဒီတုန်းက ရှင်အားလုံးကို မြင်ခဲ့ဖူးလို့လား၊ ရှင်မမြင်ဖူးတဲ့လူတွေ ရှိနေရင်ကော”
လောလော စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့သည်။
“ရှိတာပေါ့ဟ! ကမ္ဘာပေါ်မှာ သက်ရှိတွေက အများကြီး ရှိတာ၊ တချို့တွေက တစ်ကိုယ်တည်း ပုန်းအောင်းပြီး မျက်နှာကို ဘယ်တော့မှ ထုတ်မပြကြဘူး၊ တချို့ကလည်း အဆင့်အ တန်းတွေ အရမ်းမြင့်လွန်းလို့ သူတို့နားကို သာမန်လူတွေ မကပ်နိုင်ကြဘူး၊ ငါလူတိုင်းကိုတော့ ဘယ်လိုလုပ် လိုက်ကြည့်နေနိုင်မှာလဲ”
ယန်ရုန်ရုန် စိတ်ဓာတ်ကျသွားသည်ကို မြင်ပြီး လောလော အကြံတစ်ခုပေးလိုက်ပါသည်။
“တကယ်တော့ မင်းမေးခွန်းတွေအားလုံးကို ဖြေပေးနိုင်မယ့် တစ်ယောက်တော့ရှိတယ်၊ သူက ကြယ်တွေရဲ့ ရွေ့လျားမှုကစလို့ ကမ္ဘာမြေရဲ့ လျှို့ဝှက်ချက်တွေအထိ အကုန်သိတယ်၊ အတိတ်နဲ့ အနာဂတ်တွေကိုလည်း မြင်နိုင်တယ်၊ ရှေးခေတ်ရဲ့ အသိဉာဏ်အကျွယ်ဝဆုံး သားရဲတစ်ကောင်ပဲ”
ယန်ရုန်ရုန် မျက်လုံးများ အရောင်လက်သွားခဲ့သည်။
“ဘယ်သူလဲ”
“ရှေးဟောင်းနတ်သားရဲကြီးလေးပါးထဲက တစ်ပါးဖြစ်တဲ့ ပိုင်ကျဲနတ်သားရဲပဲ”
ထိုအမည်ကို ကြားလိုက်ရသောအခါ ယန်ရုန်ရုန် မိုးကြိုးပစ်ချခံရသလို တုန်ယင်သွားခဲ့သည်။ အိပ်မက်ထဲတွင် ငွေဖြူရောင် ဆံနွယ်နှင့်လူကလည်း ထိုအမည်ကို ရေရွတ်ခဲ့ဖူးပါသည်။
ရောင်စုံဝတ်ရုံနှင့် အမျိုးသမီးကြောင့် တစ်လောကလုံး ကပ်ဆိုက်လိမ့်မည်ဟု ပိုင်ကျဲနတ်သားရဲက ဟောကိန်းထုတ်ထားသဖြင့် သူမကို သတ်ဖြတ်ဖို့ ကြိုးစားခဲ့ခြင်းဖြစ်သည်ဟု ငွေဖြူရောင်ဆံနွယ်နှင့်လူ ရှင်းပြခဲ့သည်။
ထိုအချက်သာ အမှန်ဖြစ်နေလျှင် ထိုအမျိုးသားနှင့် အမျိုး သမီးတို့နှစ်ယောက်စလုံး၏အကြောင်းကို ပိုင်ကျဲနတ်သားရဲ သိနေပါလိမ့်မည်။
ယန်ရုန်ရုန် အားအင်များ ပြန်လည်ပြည့်ဝလာသလို ခံစားလိုက်ရသည်။
“အဲ့တာဆို အဲ့ဒီပိုင်ကျဲနတ်သားရဲက အခု ဘယ်မှာလဲ”
🌹Chapter 242
လောလော တိုးညှင်းစွာ သက်ပြင်းချလိုက်သည်။
“ကောင်းကင်ဘုံတာအို ပျက်သုဉ်းသွားတဲ့အချိန်ကတည်းက ငါသူ့ကို မတွေ့ရတော့တာ၊ တကယ်လို့ ကံကောင်းရင်တော့ ငါတို့လိုပဲ တစ်နေရာရာမှာ ချုပ်နှောင်ခံထားရတာဖြစ်နိုင်တယ်… ဒါပေမယ့် သူကံကုန်သွားရင်တော့ အခုလောက်ဆို သူ့ ရုပ်ခန္ဓာ ပုပ်သိုးပျက်စီးပြီး အရိုးတွေတောင် မြေမှုန့်ဖြစ်နေလောက်ပီဲ”
ယန်ရုန်ရုန် တိတ်ဆိတ်သွားခဲ့သည်။ မကြာသေးခင်ကမှ တောက်လောင်လာသည့် မျှော်လင့်ချက်မီးပွားလေး ချက်ချင်းဆိုသလို ငြှိမ်းသတ်ခံလိုက်ရပါသည်။
လောလောက သူမ ပခုံးကို ပုတ်ပေးရင်း နှစ်သိမ့်ပေးလိုက်သည်။
“စိတ်ဓာတ်မကျပါနဲ့ဦး၊ ပိုင်ကျဲနတ်သားရဲကို ရှာနိုင်မယ်ဆိုရင် အားလုံး ရှင်းလင်းသွားလိမ့်မယ်”
“သူ့ကို ရှာလို့တောင် ရပါ့မလား”
ယန်ရုန်ရုန် မေးလိုက်သည်။ သူမ အသံက အားအင်များ ပြတ်လပ်နေပါသည်။
လောလော ရယ်မောလိုက်လေသည်။
“ရှာတွေ့နိုင်ချေက နည်းပေမယ့် သုညထက်တော့ ပိုများပါသေးတယ် ဟုတ်တယ်မလား၊ ဘယ်ပြောလို့ရမလဲ မင်းကံကောင်းလွန်းပြီး သူ့ဆီ တန်းတန်းမတ်မတ် ရောက်သွားရင် ရောက်သွားမှာပေါ့”
‘ကံ’ဟူသည့် စကားလုံးကို ကြားလိုက်ရသောအခါ ယန်ရုန်ရုန် စိတ်ဓာတ်ပိုကျသွားပါသည်။
ဒီကမ္ဘာထဲ ကူးပြောင်းလာစဉ်ကတည်းက သူမ၏ ကံမှာ ဆိုးရွားသည်ထက်ကို ပိုခဲ့သည်။ ကြောက်စရာကောင်းအောင် ဆိုးရွားပါသည်။
ပိုင်ကျဲနတ်သားရဲကို ကံကောင်းမှ ရှာတွေ့နိုင်မည်ဆိုလျှင် သူမတော့ ကျရှုံးမှာ သေချာသလောက် ရှိနေလေပြီ။
‘ထားလိုက်ပါတော့… တခြားနည်းလမ်းပဲရှာလိုက်မယ်’ သူမ တွေးလိုက်ပါသည်။
ရွေးချယ်စရာလမ်းဟူ၍ အမြဲတမ်း ရှိနေတတ်ပါသည်။ သူမ သေဆုံးသွားပြီး အသက်ပင် ပြန်ရှင်နိုင်ခဲ့လျှင် ဒီကမ္ဘာကြီးထဲမှာ သူမကို အရှုံးပေးအောင် လုပ်နိုင်မည့်အရာဟူ၍ မရှိနိုင်တော့ပါ။
ထို့ကြောင့် စိတ်ဓာတ်ကျမှုများကို ခါထုတ်ပစ်လိုက်ပြီး မျက်လုံးများထဲ အားအင်များ ပြန်လည်ပြည့်ဝသွားခဲ့သည်။
ဒါကိုမြင်ပြီး လောလော၏ အပြုံးလည်း နက်ရှိုင်းသွားခဲ့ပါသည်။ ယန်ရုန်ရုန့်တွင် သူအလေးစားရဆုံး အချက်ကို ပြပါဆိုလျှင် အလွန် ခိုင်မာသော သူမ၏ စိတ်ဓာတ်ပင် ဖြစ်သည်။
သူမ အခက်အခဲတွေ ဘယ်လောက်ပဲ ကြုံနေရပါစေ အချိန်တိုအတွင်းမှာပင် စိတ်ဓာတ်ကို ပြန်လည် ပြုပြင်နိုင်စွမ်း ရှိပါသည်။
ယန်ရုန်ရုန် စကားလမ်းကြောင်း ပြောင်းလိုက်သည်။
“မနက်ဖြန် မြေခွေးမိစ္ဆာမျိုးနွယ်စုဆီ သွားမလို့၊ ဟူချင်းပိုင်နဲ့ စာရင်းရှင်းစရာရှိတယ်”
ထို ‘ဟူချင်းပိုင်’ဟူသည့် အမည်ကို လောလော မကြားဖူးပေ။
ယန်ရုန်ရုန် အံကြိတ်ရင်း အငြှိုးကြီးစွာ ပြောလိုက်သည်။
“မုထုန်ကို လှည့်စားပြီး ကျောက်ပြာရေကန်ထဲမှာ ငါ့ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခဲ့တာ သူလေ”
လောလော နားလည်သဘောပေါက်သွားခဲ့သည်။
“အဲ့လိုကိုး… အဲ့တာဆို ကျိန်းသေပေါက် စာရင်းရှင်းရမှာပေါ့၊ ငါတို့လည်း လိုက်ခဲ့မယ်”
ယန်ရုန်ရုန် ခေါင်းညိတ်လိုက်ပါသည်။
မြေခွေးမိစ္ဆာမျိုးနွယ်စုက အင်အားအလွန်များပြီး စွမ်းအားလည်း ကြီးမားကြသည်။ သူမတစ်ယောက်တည်း ခရီးမနှင်ရဲပါ။ လောလော၊ လျို့လန်နှင့် မုထုန်တို့ကို အတူခေါ်သွားလျှင် သူမ ယုံကြည်ချက် ပိုရှိပါလိမ့်မည်။
“ဒီနေ့ည ကောင်းကောင်းအနားယူပြီး အားဖြည့်ထားကြ၊ မနက်ဖြန် အရုဏ်တက်တာနဲ့ ထွက်ကြမယ်”
“ဟုတ်ပြီ”
--- --- ---
ယန်ရုန်ရုန် အိပ်ခန်းဆောင်ထံ ပြန်ရောက်သောအခါ သူမ၏ ဒန်တျန်အတွင်းမှ ရွှမ်ကျီးကလောင်တံကို ထုတ်ယူလိုက်ပါသည်။
ကလောင်တံ၏ ကျောက်စိမ်းရောင် ကိုယ်ထည်က သိမ်မွေ့သော အလင်းရောင်တစ်ခုကို ပေးစွမ်းနေပြီး ၎င်း၏ ထိပ်ဖျားရှိ ငွေဖြူရောင် ဝံပုလွေမွေးတွင် မင်အနည်းငယ် စွန်းထင်းနေပါသည်။
ကလောင်တံကို ပြန်လည် ရယူနိုင်ခဲ့သော်လည်း ကျောက်ပြာရေကန်အောက်ခြေတွင် အချိန်အတော်ကြာအောင် အိပ်စက်နေခဲ့ရသဖြင့် ၎င်း၏ ဝိညာဉ်အမြုတေများ အားနည်းနေခဲ့ပါပြီ။
ထို့ကြောင့် သူမ၏ ဒန်တျန်အတွင်း ထည့်သွင်းပြီး ပြန်လည် ပျိုးထောင်ကာ စွမ်းအားများ ဖြည့်တင်းဖို့ လိုအပ်သည်။
ယန်ရုန်ရုန် အိပ်ရာပေါ်တွင် တင်ပလ္လင်ခွေကာ ထိုင်လိုက်ပြီး ကလောင်တံကို သူမ လက်ဖဝါးပေါ်တွင် ဝဲပျံစေကာ ဝိညာဉ်စွမ်းအင်များ စတင်ထည့်သွင်းခဲ့သည်။
ကလောင်တံက ဖြည်းညှင်းစွာ လည်ပတ်လာပြီး အလွန်သိမ်မွေ့သော အလင်းတန်းများက ဝန်းရံလာခဲ့သည်။ အနီးနားရှိ ခေါင်းအုံးပေါ်တွင် ငှက်ပေါက်လေးကလည်း ယန်ရုန်ရုန့်၏ လုပ်ငန်းစဉ်များကို စောင့်ကြည့်နေခဲ့ပါသည်။
--- --- ---
နောက်တစ်နေ့ မနက်မိုးလင်းသောအခါ ယန်ရုန်ရုန်နှင့် ဟမ်ယဲ့တို့ ‘မိစ္ဆာတစ်ထောင်နန်းတော်’မှ ထွက်ခွာလာကြသည်။ လောလော၊ လျို့လန်၊ မုထုန်နှင့် ငှက်ပေါက်လေးတို့လည်း အတူ ပါလာကြပါသည်။
မိစ္ဆာနယ်မြေတွင်သာ ရှိသည့် ဝေဟင်ပျံသတ္တဝါ ‘ပျံလွှားငါး’ကို စီးနင်းကာ သူတို့ ခရီးနှင်ခဲ့ကြသည်။ ၎င်းတို့၏ ခန္ဓာကိုယ်က ငါးသဏ္ဌာန်ဖြစ်သော်လည်း အတောင်ပံများကို ပိုင်ဆိုင်ထားပြီး အလွန်မြန်ဆန်စွာ ပျံသန်းနိုင်ကြသည်။
ပုံမှန်အားဖြင့် ယဉ်ပါးပြီး ရန်လိုမှုမရှိသဖြင့် စီးနင်းဖို့အကောင်းဆုံး သတ္တဝါများဖြစ်ကြသည်။ သို့သော် အလွန်ရှားပါးတတ်ကြပြီး ၎င်းတို့ကို ကျွေးမွေးရသည့် အဆင့်မြင့် ဝိညာဉ်ဆေးပင်များ၏ တန်ဖိုးကြောင့် အချမ်းသာဆုံးသော မိစ္ဆာကျင့်ကြံသူများသာ ပိုင်ဆိုင်နိုင်ကြပါသည်။
ဟမ်ယဲ့ ပိုင်ဆိုင်သည့် ပျံလွှားငါးကြီးက အလွန်ကြီးမားပြီး တစ်ဖွဲ့လုံး စီးနင်းဖို့အတွက် ကျောပေါ်တွင် နေရာလုံလုံလောက်လောက် ရှိပါသည်။
ကောင်းကင်ပေါ်တွင် ပျံသန်းနေစဉ် ဒီပျံလွှားငါးက သူမ၏ ဓားပျံထက် ပိုမိုမြန်ဆန်ကြောင်းကို ယန်ရုန်ရုန် သတိပြုမိသွားသည်။ ထို့အပြင် သူမဘက်က ဝိညာဉ်စွမ်းအင် ထုတ်သုံးစရာလည်း မလိုအပ်ပါ။
သူမ ပင်ပန်းလာလျှင် ဒီအတိုင်း အိပ်စက်လိုက်လို့လည်း ရသည်။ ပျံလွှားငါးက လမ်းကြောင်းကို သိပြီး သခင်ဖြစ်သူကို အန္တရာယ်မှ ကာကွယ်ပေးပါလိမ့်မည်။
အလွန် အဆင့်မြင့်သော ပရီမီယံ ခရီးသွားဝန်ဆောင်မှုတစ်ခုပင်…
ယန်ရုန်ရုန် အနည်းငယ် အားကျသွားကာ လောလောကို ဈေးနှုန်းမေးမြန်းကြည့်လိုက်ပါသည်။ အသေးငယ်ဆုံးနှင့် အပေါများဆုံး ပျံလွှားငါးတစ်ကောင်ကပင် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်ထောင်ကျော်တန်မှန်း သိလိုက်ရသောအခါ ယန်ရုန်ရုန် စိတ်ကူးများကို ချက်ချင်း ပြန်ရုတ်သိမ်းလိုက်ပါတော့သည်။
စိတ်ထဲမှလည်း ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်သည်။ ‘လူမွဲတွေဆိုတာ ဇိမ်ခံလို့မရဘူး!’
ထိုစဉ် လောလော မျက်လုံးများအရောင်လက်သွားပြီး အကြံပြုလိုက်ပါသည်။
“မင်းအတွက် စီးတော်ယာဉ်တစ်ခုခု လိုအပ်နေရင် ငါ့ကို ရွေးလိုက်လေ၊ ငါက ဘယ်လိုငါးမျိုးထက်မဆို ပိုမြန်တယ်”
ယန်ရုန်ရုန် သူ့ကို မျက်နှာသေဖြင့် ကြည့်လိုက်သည်။ သူဒီလောက် ရက်ရောမှာမဟုတ်မှန်း သူမစိတ်မှ အလိုလို သိနေပါသည်။
သေချာပါသည်။ လောလောက ဆက်ပြောသည်။
“ငါ့နှုန်းထားက သိပ်မများပါဘူး၊ တစ်ရက်ကို အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၃၀ လောက်ဆို ရပြီ”
ယန်ရုန်ရုန် မျက်စပစ်လိုက်သည်။
“ဓားပြသာ တိုက်စားပါတော့လား”
တစ်ရက်ကို ဝိညာဉ်ကျောက်တုံး ၃၀ ဟူသည်မှာ နည်းပါးသည်ဟု ထင်ရသော်လည်း ၃၆၅ ရက်နှင့် မြှောက်လိုက်လျှင်တော့ မနည်းပါးတော့ပါ။
သူမ၏ နှစ်စဉ် ‘ခရီးသွားစရိတ်’နှင့်ပင် ဝိညာဉ်ကျောက်တုံး ၁၀,၀၀၀ ကျော်နေပါပြီ။ နှစ်အနည်းငယ်ကြာသည်နှင့် သူမ မွဲပြာကျသွားလိမ့်မည်။
လောလောက ဈေးဗန်းခင်းဖို့ ကြိုးစားသေးသည်။
“ငါက ရှေးဟောင်းနတ်သားရဲတစ်ကောင်နော်! အဆင့်အ တန်းအရ ပြောရရင် အဲ့ဒီ ငါးတွေထက် အဆပေါင်းများစွာ ပိုသာတယ်၊ ငါ့ကို စီးရတာ ဘယ်လောက်ထိ ဂုဏ်ရှိတယ်ထင်သလဲ!”
ယန်ရုန်ရုန် ရင်မခုန်ပေ။
“ကျေးဇူးပဲ၊ ဒါပေမယ့် ကျွန်မကဒီတိုင်း အေးအေးဆေးဆေးပဲ နေချင်တာ၊ ကြွားတာဝါတာ ဝါသနာမပါဘူး”
‘ဒီကောင်က ကပ်စေးနည်းရုံတင်မကဘူး အမြဲတမ်း ငါ့ဆီက အမြတ်ထုတ်ဖို့ နည်းလမ်းပေါင်းစုံ စဉ်းစားနေတာ၊ အဲ့တာကြောင့်လည်း ဝမ်ပေါင်မျှော်စင်ကို ဒီလောက်ထိ အောင်မြင်အောင် ဦးဆောင်နိုင်ခဲ့တာနေမှာပေါ့၊ မွေးရာပါ အမြတ်ကြီးစားသမားပဲ!’
လမ်းတစ်လျှောက်လုံး သူမကို စိတ်ပြောင်းလာအောင် လောလော နားပူနားဆာ လုပ်နေသဖြင့် ယန်ရုန်ရုန် အတော်လေး စိတ်တိုလာခဲ့ပါသည်။
နောက်ဆုံးတော့ သည်းမခံနိုင်တော့ဘဲ ပြန်ပြောလိုက်သည်။
“ဒီလိုဆိုရင်ကော ကျွန်မရှင့်ရဲ့ ယာဉ်မောင်းလုပ်ပေးမယ်လေ၊ ရှင့်ကို ကျွန်မဓားပျံပေါ်မှာ တင်ခေါ်သွားမယ်၊ ပျံလွှားငါးလောက် မမြန်ပေမယ့် ဈေးပေါပါတယ်၊ တစ်ရက်ကို အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၁၀ တုံးပဲကျမှာ၊ ဘယ်လိုလဲ သဘောတူလား”
လောလော ချက်ချင်း ပါးစပ်ပိတ်သွားခဲ့သည်။ ဝိညာဉ်ကျောက်တုံး ဆယ်တုံးမဆိုဦးနှင့် သူ့အိတ်ကပ်ထဲမှ အဆင့်နိမ့် ကျောက်တုံးတစ်တုံးပင် ထွက်လာမှာ မဟုတ်ပါ။
နောက်ဆုံးတော့ ယန်ရုန်ရုန် နားအေးသွားခဲ့ရသည်။ သို့သော် သိပ်မကြာလိုက်ဘဲ ဟမ်ယဲ့က ဖြည်းညှင်းစွာ ပြောလိုက်ပါသည်။
“ငါ ဝိညာဉ်ကျောက်တုံး ၁၀ တုံးပေးမယ်”
ယန်ရုန်ရုန် သူ့ကို လှည့်ကြည့်လိုက်သည်။ ဟမ်ယဲ့ပုံစံက အနည်းငယ် ရှက်ရွံ့နေပုံရပြီး အသံကလည်း တီးတိုးပြောသံမျှသာ ကျယ်သည်။
“ငါတစ်ခါမှ ဓားပျံမစီးဖူးဘူး၊ ငါ့ကို မင်းဓားပျံပေါ် တင်ခေါ်ပေးမလား”
ပွဲကြီးပွဲကောင်း ကြည့်ရှုဖို့ လောလော အဆင်သင့်ပြင်လိုက် ပါသည်။
ယန်ရုန်ရုန်က လောလော၏ ပါးစပ်ကို ပိတ်နိုင်ဖို့သာ ထိုသို့ ပြောခဲ့ခြင်းဖြစ်သည်။ ဟမ်ယဲ့ တကယ်ကြီး အတည်ယူနေလိမ့်မည်ဟု သူမ ထင်မထားခဲ့ပါ။
ယခုတော့ သူမအခြေအနေက ရှေ့မတိုး နောက်မဆုတ်သာ အခြေအနေ ဖြစ်နေပါပြီ။
ယန်ရုန်ရုန် နှုတ်ဆိတ်နေသည်ကို မြင်ပြီး ဟမ်ယဲ့၏အမွေးပွပွ နားရွက်များ စိုက်ကျသွားခဲ့ရသည်။ သူ့ပုံစံက အတော်လေး စိတ်ဓာတ်ကျသွားပုံပေါ်ပါသည်။
“သဘောမတူနိုင်ဘူးလား၊ အတိတ်က ဖြစ်ရပ်တွေကြောင့် မင်းစိတ်နာနေတုန်းပဲ ထင်တယ်၊ ငါတို့ကြားမှာ ဖြစ်ခဲ့တာတွေကို မင်းမမေ့နိုင်သေးဘူး၊ အဲ့တာကြောင့် သဘောမတူတာပေါ့၊ ငါနားလည်ပါတယ်… ငါမမေးခဲ့သင့်ဘူး၊ တောင်းပန်ပါတယ်”
ယန်ရုန်ရုန်: “…”
‘ဘာလို့ လက်ဖက်စိမ်းနံ့တွေ ထွက်နေပါလိမ့်…’
လောလောက သဘောကျလွန်းသဖြင့် တခိခိ ရယ်မောနေပါသည်။ သူ့ကို ယန်ရုန်ရုန် နဂါးမျက်စောင်းနှင့် တစ်ချက် စိုက်ကြည့်လိုက်ပြီး ဟမ်ယဲ့ကို အတည်ပေါက် ပြန်ပြောလိုက်သည်။
“ဟုတ်တယ်၊ ကျွန်မက သဘောထားသေးသိမ်တဲ့လူတစ်ယောက်ပဲ၊ ကျွန်မကို နာကျင်အောင် လုပ်ခဲ့ဖူးတဲ့လူတွေကို နှလုံးသားထဲထိစွဲအောင် မှတ်ထားတယ်၊ ကျွန်မ ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ဘူး”
သူမ၏ စကားက ပွင့်လင်းလွန်းသဖြင့် ဟမ်ယဲ့ ပြန်ချေပဖို့ လမ်းစပင် မရှိတော့ပါ။ ဟမ်ယဲ့တစ်ယောက် အပြစ်ရှိစိတ်များဖြင့် ပြိုလဲသွားလိမ့်မည်ဟု လောလောထင်ထားခဲ့သော် လည်း မိစ္ဆာဘုရင်လေးက ရုတ်တရက် ပြုံးလိုက်ပါသည်။
သူ့မျက်လုံးများလည်း အရောင်လက်သွားခဲ့သည်။
“မင်းစကားနဲ့မင်းနော်၊ ငါ့ကို တစ်သက်လုံး အမှတ်ရနေရမယ်၊ ဘယ်တော့မှ မေ့သွားလို့မရဘူး”
သူ့တွေးခေါ်ပုံကို နားမလည်နိုင်သည့် လောလောက ဝင်ပြောလိုက်သည်။
“သူမင်းကို ဘယ်တော့မှ ခွင့်မလွှတ်နိုင်ဘူးလို့ ပြောနေတာကွ”
ဟမ်ယဲ့ အပြုံးမပျက်ပေ။
“ငါသိတယ်၊ အတိတ်က ကျူးကျူးအပေါ် ငါတာဝန်မကျေခဲ့မိဘူး၊ ငါအမှားတွေ လုပ်ခဲ့မိတယ်၊ အဲ့တာကြောင့် ငါ့ကို ခွင့်မလွှတ်တာ ဖြစ်သင့်ပါတယ်၊ သူငါ့ကို ဘယ်လိုပဲ ဆက်ဆံပါစေ ငါလက်ခံတယ်”
သူမနှလုံးသားထဲမှာ သူရှိနေသေးသရွေ့ အမုန်းတရားကြောင့် ဖြစ်နေလျှင်ပင် သူကျေနပ်ပါသည်။