အခန်း (၂၄၃-၂၄၄)
Vol. 25 Ch. 243-244
🌹Chapter 243
ယန်ရုန်ရုန် မျက်မှောင်ကြုတ်သွားခဲ့သည်။
“အရှိကို အရှိအတိုင်း လက်ခံလိုက်ပြီလို့ မနေ့ညကပဲ ရှင်ပြောခဲ့တယ်လေ၊ ကျွန်မအတွက် အခက်တွေ့အောင် မလုပ်တော့ဘူးလို့လည်း ကတိပေးခဲ့တာ မဟုတ်ဘူးလား”
ဟမ်ယဲ့က အပြုံးမပျက်သေးပါ။ သူ့နှုတ်ခမ်းအောက်မှ ချွန်ချွန်ထက်ထက် အစွယ်လေးနှစ်ချောင်းပင် ထွက်နေသည်။
“ဟုတ်တယ်လေ၊ မင်းဆီက ခွင့်လွှတ်မှုရဖို့ဆိုတာ မဖြစ်နိုင်မှန်း ငါသိတယ်၊ မင်းစိတ်ပြောင်းသွားမယ်လို့လည်း ငါမျှော်လင့်မထားဘူး၊ ခုနက ဓားပျံစီးချင်လို့သာ ငါ့ဖက်က အဖိုးအခပေးမယ်လို့ ကမ်းလှမ်းခဲ့တာ၊ မင်းသဘောမတူနိုင်ဘူးဆိုလည်း ငါဆက်ပြီး ဖိအားမပေးတော့ဘူး၊ အဲ့တာ မင်းကို အခက်တွေ့အောင် လုပ်တာလို့ ပြောလို့မရဘူးမလား”
ယန်ရုန်ရုန် ဆွံ့အသွားသည်။ ဟမ်ယဲ့ကို သူမ အထင်သေးလိုက်မိပါပြီ။
ဟမ်ယဲ့ကို ယန်ရုန်ရုန် ပထမဆုံး ဆုံတွေ့ခဲ့စဉ်တုန်းက သူ့တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်ကာ အလွန်ခိုကိုးရာ မဲ့နေခဲ့သော်လည်း သူ့မျက်ဝန်းများက ချောင်ပိတ်မိနေသည့် ဝံပုလွေတစ်ကောင်ပမာ ကြမ်းကြုတ် ခက်ထန်နေခဲ့ပါသည်။
သူမ၏ ဂရုတစိုက် စောင့်ရှောက်ပေးမှုများကြောင့် သူ့ဒဏ်ရာများ တဖြည်းဖြည်း သက်သာလာပြီး သူမအပေါ်လည်း ပိုပိုပြီး မှီခိုလာခဲ့သည်။
ထိုအချိန်တုန်းက ဟမ်ယဲ့မှာ ငယ်ရွယ်ပြီး ရိုးအခဲ့သည်။ စိတ်လိုက်မာန်ပါ လုပ်တတ်သော်လည်း သူ့နှလုံးသားက ဖြူစင်ခဲ့ပါသည်။
ချစ်လျှင်ချစ်ကြောင်း၊ မုန်းလျှင်မုန်းကြောင်း ထုတ်ပြတတ်သည်။ သူတစ်ခုခုလိုချင်လျှင် ပွင့်ပွင့်လင်းလင်း တောင်းဆိုတတ်ပါသည်။
ယခင်တုန်းက သူမ သိခဲ့သည့် ဝံပုလွေပေါက်လေးမှာ ယခုလို စိတ်ကစားနည်းများကို ကစားတတ်လာလိမ့်မည်ဟု ယန်ရုန်ရုန် ထင်မထားမိခဲ့ပေ။
သို့သော် သေချာစဉ်းစားကြည့်လျှင်လည်း ယခင်တုန်းကလို စိတ်လိုက်မာန်ပါလုပ်တတ်ပြီး ရိုးအနေသေးပါက မိစ္ဆာဘုရင်ရာထူးနှင့် ထီးနန်းကို ဒီလိုမြဲမြံအောင် ဟမ်ယဲ့ ထိန်းသိမ်းထားနိုင်ခဲ့မှာ မဟုတ်လောက်ပါ။
--- --- ---
မိစ္ဆာတစ်ထောင်နန်းတော်နှင့် မြေခွေးမိစ္ဆာတောင်တို့၏ အကွာအဝေးက မိစ္ဆာနယ်မြေတစ်ဝက်လောက်နီးပါး ကျယ်ပြန့်ပါသည်။
ခရီးစဉ်က အလွန်ရှည်လျားသော်လည်း ပျံလွှားငှက်၏ အမြန်နှုန်းကြောင့် တစ်ရက်အတွင်းမှာပင် မြေခွေးမိစ္ဆာ တောင်အနီးသို့ ယန်ရုန်ရုန်တို့ ရောက်ရှိသွားခဲ့ကြသည်။
ဟမ်ယဲ့က သူ့အရှိန်အဝါကို ဖုံးကွယ်ထားဖို့ စိတ်ကူးမရှိပါ။ သူတို့ ရောက်ရှိလာသည်နှင့် တောင်ပေါ်တွင် ရှိနေသည့် မြေခွေးမိစ္ဆာများအားလုံး အလွန်ကြီးမားသည့် ဖိအားတစ်ခုကို ခံစားလိုက်ရသည်။
မြေခွေးမိစ္ဆာမျိုးနွယ်စု၏ သခင်မဖြစ်သော ဟူထျန်းယင်က ညီအစ်မများနှင့်အတူ သေရည်သောက်သုံးပြီး ဂီတသံစဉ်များ နားဆင်နေစဉ် အလွန်အားကောင်းလှသည့် မိစ္ဆာစွမ်းအင်တစ်ခုကို ခံစားလိုက်ရပါသည်။
မိစ္ဆာဘုရင် ကြွလာကြောင်း သိလိုက်ရသည်နှင့် သူမ စိတ်ရွှင်နေသည်များ ချက်ချင်း ပျောက်သွားခဲ့သည်။ မြေခွေးမိစ္ဆာတစ်စုကို ဦးဆောင်ပြီး ဝင်ပေါက်ထံသို့ ထွက်လာခဲ့ပါသည်။
ဟမ်ယဲ့ကို မြင်သည်နှင့် အားလုံး ပြိုင်တူ ဒူးထောက်ချလိုက်ကြသည်။
“အရှင်မင်းကြီးကို ကြိုဆိုပါတယ်!”
ထိုမြေခွေးမိစ္ဆာများကို ယန်ရုန်ရုန် အကဲခတ်ကြည့်လိုက်သည်။
မြေခွေးမိစ္ဆာတိုင်းက အလွန့်အလွန် ချောမော လှပလွန်းပါသည်။ ဒီလို မှင်သက်စရာကောင်းသည့် ယောက်ျားမိန်းများစွာကို တစ်နေရာတည်းတွင် တစ်ပြိုင်တည်း တွေ့လိုက်ရသဖြင့် အတော်လေး မျက်စိပဒေသဖြစ်စရာကောင်းလှသည်။
မြေခွေးမိစ္ဆာအုပ်ထဲတွင် ဟူချင်းပိုင်ကို ဟမ်ယဲ့ မမြင်မိပါ။ ထို့ကြောင့် အေးစက်စွာ မေးလိုက်သည်။
“မင်းတို့ရဲ့ အကြီးအကဲ ဟူချင်းပိုင် ဘယ်မှာလဲ”
ဟူထျန်းယင် ခေါင်းမော့လာပြီး သူမ၏ နှုတ်ခမ်းနီနီဖြင့် ညှို့အားပြင်းစွာ ပြုံးလိုက်သည်။ သူမ၏ အသံကလည်း အလွန်နူးညံ့သိမ်မွေ့ကာ ဆွဲဆောင်မှု ရှိလွန်းပါသည်။
“ဟူချင်းပိုင် ဂူအောင်ကျင့်ကြံနေတာ နှစ်ပေါင်းများစွာ ကြာပြီလေ၊ အခုထိ သူ့ကို ဘယ်သူမှ မတွေ့ရသေးဘူး”
ထို့နောက် ဟမ်ယဲ့ကို မဝံ့မရဲကြည့်ကာ သူမ မေးမြန်းလိုက်သည်။
“အရေးကြီးကိစ္စတစ်ခုခုရှိလို့ သူ့ကိုတွေ့ချင်တာလား အရှင်”
မိစ္ဆာဘုရင်ကိုယ်တိုင် နန်းတော်အတွင်းမှ ထွက်လာပြီး မြေခွေးမိစ္ဆာတောင်သို့ ကြွလာရခြင်းက သာမန်မဟုတ်နိုင်ပါ။ ဟူထျန်းယင်၏ စိတ်ထဲ ဖြစ်နိုင်ချေပေါင်းစုံကို တွေးလိုက်မိသည်။
ဟမ်ယဲ့က သူမ၏ မေးခွန်းကို ပြန်မဖြေဘဲ အမိန့်တစ်ချက်သာ ပေးလိုက်သည်။။
“ငါတို့ကို သူ့ဆီ ခေါ်သွားပေး”
ဟူထျန်းယင် အနည်းငယ် မျက်နှာပျက်သွားခဲ့လေသည်။
“ဒါပေမယ့် သူဂူအောင်းကျင့်ကြံနေတာ…”
ကျင့်ကြံခြင်းလောကတွင် ဂူအောင်းကျင့်ကြံခြင်းဟူသည်မှာ ပြင်ပလောကနှင့် ထိတွေ့မှုကို တားမြစ်ထားသည့် ကျင့်ကြံခြင်းမျိုး ဖြစ်သည်။
ရုတ်တရက် နှောင့်ယှက်ခံလိုက်ရပါက ဂူအောင်းကျင့်ကြံသူ၏ ကျင့်ကြံခြင်းလမ်းစဉ် ထိခိုက်သွားနိုင်ရုံသာမကဘဲ ဘေးထွက်ဆိုးကျိုးများကိုပါ ခံစားရနိုင်သည်။
ဟူထျန်းယင်ကို ဟမ်ယဲ့ အေးစက်စွာ စိုက်ကြည့်လိုက်ပါသည်။ ပြင်းထန်လှသော မိစ္ဆာဖိအားတစ်ချက်ကြောင့် ဟူထျန်းယီ မျက်နှာ ဖြူရော်သွားခဲ့ပြီး မြေပေါ်တွင် ပြားပြားဝပ်သွားခဲ့ရသည်။
ဟူထျန်းယင်က မိစ္ဆာစစ်သူကြီးအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသူဖြစ်ပြီး မိစ္ဆာဘုရင်အဆင့်သို့ တက်လှမ်းဖို့ ခြေတစ်လှမ်းသာ လိုအပ်တော့သည်။
သူမသာ အသက်စွန့်ပြီးတိုက်ခိုက်မည်ဆိုလျှင် ယခင်တုန်းက ဟမ်ယဲ့ကို အနိုင်ယူကောင်း အနိုင်ယူနိုင်ပါလိမ့်မည်။ ဟမ်ယဲ့ကို လေးစားသော်လည်း သူမ မကြောက်ရွံ့ခဲ့ပါ။
သို့သော် ယခုတော့ ဟမ်ယဲ့၏ ကျင့်ကြံခြင်းစွမ်းအားများ အဆမတန် မြင့်တက်သွားပြီဖြစ်မှန်း ဟူထျန်းယင် သိလိုက်ရကာ အလွန်စိတ်ချောက်ချားသွားခဲ့ရပါသည်။
‘သူ ဟင်းလင်းပြင်ဖောက်ထွင်းခြင်းအဆင့်ကို ရောက်သွားပြီလား!’
သူမတို့အကြား အဆင့်နှစ်ဆင့်လောက် ကွာခြားနေသဖြင့် သူမကို ဟမ်ယဲ့ ပုရွက်ဆိတ်တစ်ကောင်ပမာ အလွယ်တကူ သတ်ပစ်နိုင်ပါသည်။
ဟူထျန်းယင် အလွန်ကြောက်လန့်သွားခဲ့ရသည်။ မိစ္ဆာဘုရင် ဘာကြောင့် ဒီလောက်ထိ စွမ်းအားတိုးမြင့်သွားရကြောင်းကိုလည်း နားမလည်နိုင်ပါ။
မိစ္ဆာဘုရင် အဆင့်တက်သွားသည့် အဖြစ်ကို မိစ္ဆာနယ်မြေတစ်ခုလုံးက အောင်ပွဲခံသင့်သော်လည်း ဟူထျန်းယင် ဘာသတင်းမှ မကြားမိခဲ့ချေ။
မြေခွေးမိစ္ဆာမျိုးနွယ်စု၏ သခင်မတစ်ဦးအနေဖြင့် ဟူထျန်းယင်က အခြေအနေ အချိန်အခါနှင့် ကိုက်ညီစွာ ပြုမူပြောဆိုတတ်ပါသည်။
မိစ္ဆာဘုရင်ကို ဒေါသထွက်အောင် လုပ်လို့မဖြစ်မှန်း သူမ နားလည်သဖြင့် ချက်ချင်း ဂါဝရပြုလိုက်သည်။
“ဟူချင်းပိုင်ဆီကို အခုပဲ ခေါ်သွားပေးပါ့မယ်”
--- --- ---
ဟူထျန်းယင် ရှေ့ဆုံးမှ ဦးဆောင်ပြီး ဟမ်ယဲ့တို့အဖွဲ့ကို ဟူချင်းပိုင် ကျင့်ကြံနေသည့် ဂူထံသို့ လမ်းပြပေးခဲ့သည်။
မြေခွေးမိစ္ဆာတောင်၏ မြေပြင်အခြေအနေမှာ အလွန်ရှုပ်ထွေးလွန်းပါသည်။ အပြင်လူများကို အလွယ်တကူ ထောင်ချောက်ဆင်နိုင်သည့် ပုံရိပ်ယောင် အစီအရင်များဖြင့် ပြည့်နှက်နေလေသည်။
သို့သော် မြေခွေးမိစ္ဆာသခင်မကိုယ်တိုင် လမ်းပြပေးခဲ့၍ ဂူဝင်ပေါက်သို့ အခက်အခဲမရှိ ရောက်ရှိသွားခဲ့ကြပါသည်။
ဂူဝင်ပေါက်ကို လေးလံသည့် ကျောက်သားတံခါးကြီးတစ်ချပ်က ခိုင်ခိုင်မာမာ ပိတ်ဆို့ထားသည်။ မြေခွေးမိစ္ဆာလေး တစ်ကောင်က ဝင်ပေါက်တွင် တံမြက်စည်း လှည်းနေလေသည်။
မြေခွေးမိစ္ဆာသခင်မနှင့် မိစ္ဆာဘုရင်တို့ ရုတ်တရက် ကြွလာသည်ကိုမြင်ပြီး မြေခွေးမိစ္ဆာလေး အလွန်လန့်ဖျပ်သွားကာ တံမြက်စည်းကို ပစ်ချပြီး ဒူးထောက်ချလိုက်ပါသည်။
ဟူချင်းပိုင်ကို ခေါ်ထုတ်လာဖို့ မြေခွေးမိစ္ဆာလေးအား ဟူထျန်းယင် အမိန့်ပေးလိုက်သည်။ မြေခွေးမိစ္ဆာလေးက ထစ်ငေါ့စွာ ပြန်ပြောလိုက်ပါသည်။
“အ…အကြီးအကဲ ချင်းပိုင်က… ဂူအောင်းကျင့်ကြံနေတုန်းပါပဲ၊ သူ… သူဧည့်သည်တွေနဲ့ တွေ့နိုင်ဦးမှာ မဟုတ်ဘူး”
“မိစ္ဆာဘုရင်ကိုယ်တိုင် ကြွလာတာလေ! သူတွေ့နိုင်သည်ဖြစ်စေ မတွေ့နိုင်သည်ဖြစ်စေ ထွက်တွေ့ရမှာပဲ! သူ့ကို အခုချက်ချင်း ခေါ်ထုတ်လာခဲ့!”
ဟူထျန်းယင် ငေါက်လိုက်လေသည်။
သူမ၏ ကြမ်းကြုတ်မှုကြောင့် မြေခွေးမိစ္ဆာလေး ထိတ်လန့်သွားပြီး ဂူထဲသို့ သုတ်သုတ်ပြာပြာ ပြေးဝင်သွားလေတော့သည်။
ထို့နောက် ဟူထျန်းယင်က ဟမ်ယဲ့ကို လှည့်ကြည့်လိုက်ပြီး မျက်နှာကလည်း ချက်ချင်းပြုံးရွှင်သွားပါသည်။
“ကျေးဇူးပြုပြီး ဝင်ခဲ့ပါ အရှင်”
ဂူအတွင်းသို့ လျှောက်လှမ်းလာစဉ် ယန်ရုန်ရုန်က ရုတ်တရက် မေးလိုက်ပါသည်။
“ဒီကာလအတွင်း ဟူချင်းပိုင်က မြေခွေးမိစ္ဆာတောင်ကနေ ဘယ်ကိုမှ တကယ် မသွားခဲ့တာလား”
မိစ္ဆာဘုရင်နှင့် ‘ကျူးကျူး’ဟု ခေါ်သည့် မိန်းကလေးတို့၏ ပတ်သတ်မှုအကြောင်းကို ဟူထျန်းယင် ကြားဖူးပါသည်။ သို့သော် လူချင်းတော့ တစ်ခါမှ မတွေ့ဖူးခဲ့ချေ။
ထို့ကြောင့် ယန်ရုန်ရုန့်ကို အကဲခတ်သော အကြည့်ဖြင့် ကြည့်ရင်း ဟူထျန်းယင် မေးလိုက်ပါသည်။
“မင်းက ဘယ်သူလဲ”
“ယန်ရုန်ရုန်ပါ”
ဂိုဏ်းအမည်လည်းမပါ၊ ဂုဏ်ဒြပ်တွေလည်းမပါဘဲ နာမည်တစ်လုံးတည်းကိုသာ မိတ်ဆက်ခဲ့သည်။ လေလွင့်ကျင့်ကြံသူတစ်ဦး၏ မိတ်ဆက်မှုမျိုးပင်။
ဟူထျန်းယင် နားမလည်နိုင် ဖြစ်သွားခဲ့ရပါသည်။
‘လေလွင့်ကျင့်ကြံသူတစ်ယောက်က မိစ္ဆာဘုရင်နဲ့အတူ ဘာလို့ရှိနေတာလဲ’
အဖြေကို သိရဖို့အတွက် ဟမ်ယဲ့ကို ဟူထျန်းယင် လှည့်ကြည့်လိုက်မိသည်။
ဟမ်ယဲ့က နက်ရှိုင်းသောအသံဖြင့် အမိန့်ပေးလိုက်ပါသည်။
“သူ မေးတာသာ ဖြေ”
‘ယန်ရုန်ရုန်’ဟူသော အမည်ကို ဟမ်ယဲ့ စိတ်ထဲတွင် အကြိမ်ကြိမ်အခါခါ ရေရွတ်လိုက်မိသည်။
‘အဲ့တာ ကျူးကျူးရဲ့ နာမည်အစစ်ပေါ့…’
ထိုမိန်းကလေးကို မိစ္ဆာဘုရင်က အလွန်မျက်နှာသာပေးထားမှန်း မြင်သဖြင့် ဟူထျန်းယင် အထင်မသေးရဲတော့ပါ။
ထို့ကြောင့် အမှန်အတိုင်း ပြန်ဖြေလိုက်ပါသည်။
“ဟူချင်းပိုင် ဂူအောင်းကျင့်ကြံနေတာ နှစ်ပေါင်းများစွာ ကြာနေပြီလေ၊ မြေခွေးမိစ္ဆာတောင်ကနေ ထွက်သွားဖို့နေနေသာသာ ဒီဂူထဲကနေ အပြင်ကိုတောင် ခြေမလှမ်းသေးဘူး”
ယန်ရုန်ရုန် အတွေးနယ်လွန်သွားခဲ့သည်။
‘သူ တောင်ပေါ်မှာပဲ ရှိနေတာဆိုရင် ကျောက်ပြာရေကန်ဆီကို ဘယ်လိုရောက်လာခဲ့တာလဲ… သူများတွေ မသိဘဲ ထွက်လာနိုင်တဲ့ လျှို့ဝှက်နည်းလမ်းတစ်ခုခု ရှိနေတာလား’
“ဒီကနေ ထွက်နိုင်တဲ့ လျှို့ဝှက်လမ်းတွေဘာတွေ ရှိလား”
ယန်ရုန်ရုန် မေးလိုက်သည်။
ဟူထျန်းယင်က ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်ပါသည်။
“မင်းဘာတွေ စဉ်းစားနေလဲ ငါသိတယ်၊ တောင်ပေါ်ကနေ ဟူချင်းပိုင် ခိုးထွက်နေတယ်လို့ သံသယဖြစ်နေတာလား၊ မဖြစ်နိုင်ဘူးနော်၊ ဒီတောင်ကို အစီအရင်ပေါင်းများစွာနဲ့ ကာကွယ်ထားတာ၊ ငါမသိဘဲ ဘယ်သူမှ ဝင်လာလို့မရသလို ထွက်သွားလို့လည်း မရဘူး”
ယန်ရုန်ရုန် ဖြစ်နိုင်ခြေတစ်ခုကို ထပ်စဉ်းစားလိုက်ပါသည်။
“သူ့ဝိညာဉ်ရဲ့ အစိတ်အပိုင်းတစ်ခုကို ခွဲထုတ်ပြီး တောင်ပေါ်ကနေ ထွက်သွားခဲ့တာဆိုရင်ကော၊ အဲ့တာဆိုရင်ကော ရှင်သတိထားမိဦးမှာလား”
ဟူထျန်းယင် ခေတ္တ ဆွံ့အသွားခဲ့ရသည်။ သူမ၏ အမူအရာကို အကဲခတ်ရင်း ယန်ရုန်ရုန် ကောက်ချက်ချလိုက်ပါသည်။
“အဲ့လိုသာဆို ရှင်သိနိုင်မှာ မဟုတ်လောက်ဘူး ထင်တယ်နော်”
ဟူထျန်းယင် မငြင်းဆန်ခဲ့သော်လည်း ပြန်ချေပခဲ့သည်။
“ဝိညာဉ်ခွဲထုတ်တယ်ဆိုတာ အရမ်းအန္တရာယ်များတယ်၊ အရမ်း နာကျင်ရတဲ့ ဖြစ်စဉ်တစ်ခုမို့လို့ ခံနိုင်ရည်ရှိတဲ့သူလည်း ရှားတယ်၊ အမှားအယွင်းတစ်ခုလောက် ဖြစ်သွားတာနဲ့ ရာသက်ပန် ထိခိုက်ဒဏ်ရာ ရပြီး ကျင့်ကြံခြင်းစွမ်းအားတွေပါ အကြီးအကျယ် ဆုံးရှုံးလိုက်ရနိုင်တယ်၊ သူအဲ့လောက်ထိ စွန့်စားစရာ ဘာအကြောင်းမှ မရှိဘူးလေ”
ယန်ရုန်ရုန်က ဆိုသည်။
“အကြောင်းရှိမရှိကတော့ သူ့ကိုတွေ့တာနဲ့ သိရမှာပေါ့”
🌹Chapter 244
သူတို့ သတိမထားမိလိုက်စဉ်မှာပင် ဟူချင်းပိုင်၏ ကျင့်ကြံခြင်းခန်းမသို့ ရောက်ရှိသွားခဲ့ကြသည်။
တံခါးကို တင်းကျပ်စွာ ပိတ်ထားပြီး အလယ်တည့်တည့်တွင်လည်း အသံတိတ်အဆောင်စက္ကူတစ်ရွက်ကို ဖိကပ်ထားလေသည်။
အကြီးအကဲ ဟူချင်းပိုင် အာရုံစိုက် ကျင့်ကြံနိုင်ဖို့အတွက် ထိုအဆောင်စက္ကူက ဆူညံသံအားလုံးကို ဖယ်ရှားပေးနိုင်ပြီး ကျင့်ကြံခြင်းခန်းမအပြင်ဘက်ရှိ နယ်မြေတစ်ခုလုံးကို တိတ်ဆိတ်ငြိမ်သက်နေစေပါသည်။
ဥပမာအားဖြင့် စောစောက မြေခွေးမိစ္ဆာလေး တံခါးကို အကြိမ်ကြိမ် ခေါက်ခဲ့သော်လည်း တံခါးထံမှ ‘ဒေါက်ဒေါက်’ ဟူသည့် အသံသေးသေးလေးပင် ထွက်မလာခဲ့ပေ။
အကြီးအကဲချင်းပိုင်ဟု အော်ခေါ်ဖို့ ကြိုးစားသော်လည်း သူ့လည်ချောင်းထဲမှ ဘာအသံမှ ထွက်မလာခဲ့ပါ။ ထို့ကြောင့် ဟူထျန်းယင်ကိုသာ အားကိုးတကြီး လှည့်ကြည့်လိုက်ရသည်။
ဟူထျန်းယင် ရှေ့သို့တိုးလာပြီး အသံတိတ်အဆောင်စက္ကူကို ဆွဲခွာကာ တံခါးခေါက်လိုက်သည်။ ဒီတစ်ခါတော့ ‘ဒေါက် ဒေါက်’မြည်သံ သိသိသာသာ ထွက်ပေါ်လာခဲ့ပါသည်။
“အကြီးအကဲချင်းပိုင်”
သူမ အော်ခေါ်လိုက်သည်။
“မိစ္ဆာဘုရင် ကြွမြန်းလာလို့ ကျေးဇူးပြုပြီး အခုချက်ချင်း ထွက်လာခဲ့ပေးပါ”
အားလုံး အချိန်အတော်ကြာအောင် စောင့်နေခဲ့သော်လည်း တုံ့ပြန်မှုမရှိခဲ့ပေ။
ဟူထျန်းယင် မျက်မှောင်ကြုတ်သွားခဲ့ပြီး တံခါးထပ်ခေါက်ကြည့်လိုက်ပါသည်။ ရလဒ်ကတော့ မပြောင်းလဲပေ။
တတိယအကြိမ် ထပ်ခေါက်ဖို့ ကြံလိုက်စဉ် ဟမ်ယဲ့က သူမကို ဘေးဖယ်ဖို့ အမိန့်ပေးလိုက်ပါသည်။
ထို့နောက် တံခါးအလယ်တည့်တည့်သို့ ခြေထောက်ဖြင့် အားပါပါ ဟမ်ယဲ့ ဆောင့်ကန်ပစ်လိုက်သည်။ သစ်သားပေါ်တွင် ခင်းကျင်းထားသည့် အကာအကွယ်အစီအရင်များ ချက်ချင်းဆိုသလို ကျိုးပျက်သွားခဲ့ရပါသည်။
အစီအရင်များ မရှိတော့သောအခါ တံခါးကလည်း ဟမ်ယဲ့၏ ကန်ချက်ကို တောင့်မခံနိုင်တော့ဘဲ ဝုန်းခနဲမြည်သံနှင့်အတူ အနောက်သို့ လန်ကာ ကြမ်းပြင်ပေါ် ပြုတ်ကျသွားခဲ့သည်။
မြေခွေးမိစ္ဆာလေး၏ မျက်နှာ ထိတ်လန့်ချောက်ချားမှုဖြင့် ဖြူရော်သွားခဲ့ရသည်။ ဒီလို ကြမ်းကြုတ်သော အပြုအမူမျိုးကို သူကန့်ကွက်ချင်ခဲ့သော်လည်း သတ္တိမဲ့နေခဲ့ပါသည်။
ဟမ်ယဲ့ကမလိုအပ်ဘဲ ကြမ်းတမ်းနေသည်ဟု ဟူထျန်းယင်လည်း ထင်မိသည်။ သို့သော် သူမ ဘာမှ မပြောခဲ့ပေ။ ဘာပဲဖြစ်ဖြစ် မိစ္ဆာဘုရင်၏ စွမ်းအားက အကြွင်းမဲ့သဖြင့် သူမမှာ ဝေဖန်ပိုင်ခွင့် မရှိပါ။
ကျင့်ကြံခြင်းခန်းမထဲသို့ ဟမ်ယဲ့ ခပ်သုတ်သုတ်ဝင်သွားခဲ့ပါသည်။ ယန်ရုန်ရုန်လည်း အနောက်မှ လိုက်လာခဲ့သည်။
ကျင့်ကြံခြင်းခန်းမအတွင်း ပရိဘောဂဟူ၍ တစ်ခုတလေပင် မရှိပါ။ ထို့ကြောင့် တစ်ချက်လောက် ကြည့်လိုက်ရုံနှင့် တစ်ခန်းလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
ကြမ်းပြင်ပေါ်တွင် အစီအရင်စည်းဝိုင်းတစ်ခုကို ရေးဆွဲထားပြီး အလယ်တည့်တည့်၌ ရွှေချည်မျှင်နှင့် ရက်လုပ်ထားသော ကြမ်းခင်းတစ်ခု ရှိနေပါသည်။
ထိုကြမ်းခင်းပေါ်တွင် ဟူချင်းပိုင် ထိုင်ကာ ကျင့်ကြံနေသင့်သော်လည်း ယခုတော့ ထိုနေရာက ဗလာကျင်း ဖြစ်နေလေသည်။ ဟူချင်းပိုင်၏ အရိပ်အယောင်ကိုပင် မတွေ့ရချေ။
ဟူထျန်းယင်ကို ဟမ်ယဲ့ ချက်ချင်းလှည့်ကြည့်ပြီး တိုးညှင်းစွာ မေးလိုက်သည်။
“သူ ဘယ်မှာလဲ”
ဟူထျန်းယင်လည်း အမှန်တကယ် မှင်သက်သွားခဲ့ရသည်။
“ကျွန်မ မသိဘူး! နှစ်တွေအကြာကြီး သူဒီထဲမှာပဲ ကျင့်ကြံနေခဲ့တာ၊ သူ့ကို ကျွန်မ မတွေ့ရတာ တော်တော်ကြာနေပြီ”
မိစ္ဆာဘုရင် မယုံကြည်မှာကို စိုးရိမ်သဖြင့် ဟူထျန်းယင် လက်ကို ကောင်းကင်ပေါ်သို့ မြှောက်ကာ ကျိန်ဆိုပြလိုက်ပါသည်။
“ကျွန်မ အမှန်အတိုင်း ပြောနေတာပါ၊ လိမ်ညာခဲ့သည်ရှိသော် ကောင်းကင်ဘုံက ကောင်းကင်ဘုံမိုးကြိုးနဲ့ ပြစ်ဒဏ် ခတ်ပါစေ”
ထို့နောက် တံခါးဝတွင် တုန်ယင်နေသည့် မြေခွေးမိစ္ဆာလေးအား ဟူထျန်းယင် လှည့်ကြည့်ကာ စူးစူးရှရှ မေးမြန်းလိုက်သည်။
“နင်ပြောတော့ သူဒီထဲမှာ ကျင့်ကြံနေတာဆို! အခုဘာလို့ မရှိတာလဲ၊ သူဘယ်ရောက်သွားတာလဲ!”
အကြီးအကဲချင်းပိုင် ပျောက်ဆုံးသွားသည်ဟူသော အချက်ကို မြေခွေးမိစ္ဆာလေး လက်မခံနိုင် ဖြစ်နေစဉ်မှာပင် ထိုမေးခွန်းပေါင်းများစွာကို ထပ်ကြားလိုက်ရပါသည်။
ထစ်ထစ်ငေါ့ငေါ့နှင့် သူပြန်ပြောလိုက်သည်။
“ကျွန်…ကျွန်တော်လည်း မသိဘူး! ကျွန်တော် ဒီဂူကို နေ့တိုင်းလာတာ မှန်ပေမယ့် အကြီးအကဲချင်းပိုင် အပြင်ထွက်လာတာ တစ်ခါမှ မမြင်ဖူးဘူး၊ အဲ့တာကြောင့် သူဒီထဲမှာပဲ ရှိနေသင့်တာ!”
ဟမ်ယဲ့ အေးစက်စွာ ရယ်မောလိုက်သည်။
“ငါတို့ရောက်လာမယ်မှန်းသိလို့ လိပ်ပြာမလုံဖြစ်ပြီး ထွက်ပြေးသွားတာ နေမှာပေါ့”
ဟူထျန်းယင် နားမလည်နိုင်ဖြစ်သွားသည်။
“အကြီးအကဲချင်းပိုင်က ဘာတွေလုပ်ခဲ့လို့လဲ၊ ဘာလို့ ရုတ်တရက်ကြီး ထွက်ပြေးသွားရတာလဲ”
ဟမ်ယဲ့က ဟူထျန်းယင်ကို လျစ်လျူရှုလိုက်ပြီး ယန်ရုန်ရုန့်ကိုသာ လှည့်ကြည့်လိုက်သည်။
ယခု ယန်ရုန်ရုန်က အစီအရင်စည်းဝိုင်းအတွင်းမှာ ဆောင့်ကြောင့်ထိုင်ပြီး ကြမ်းပြင်ပေါ်ရှိ မှော်သင်္ကေတများကို ကြည့်ရှုကာ အစီအရင်ကို လေ့လာနေပါသည်။
ယန်ရုန်ရုန့်မျက်နှာ အနည်းငယ် သုန်မှုန်သွားခဲ့ပြီး တီးတိုး ရေရွတ်လိုက်လေသည်။
“ဒီအစီအရင်က တစ်ခုခုလွဲနေတယ်”
ဟမ်ယဲ့က အလိုက်တသင့် မေးမြန်းလိုက်လေသည်။
“ဘာဖြစ်လို့လဲ”
ယန်ရုန်ရုန်က သင်္ကေတတစ်ခုကို လက်ညှိုးထိုးပြရင်း ရှင်းပြလိုက်ပါသည်။
“များသောအားဖြင့် ကျင့်ကြံသူတွေ ဂူအောင်းကျင့်ကြံတဲ့အခါ ဝိညာဉ်စွမ်းအင်တွေ ပိုပြီးတိုးမြင့်စေဖို့အတွက် ဝိညာဉ်စွမ်းအင် စုဆောင်းတဲ့ အစီအရင်တွေကို အသုံးပြုလေ့ရှိတာလေ၊ ရှင်တို့ မိစ္ဆာမျိုးနွယ်မှာတော့ ဝိညာဉ်စွမ်းအင်အစား မိစ္ဆာစွမ်းအင်ကို အသုံးပြုတာ ကျွန်မသိတယ်၊ ဒါပေမယ့် သဘောတရားက အတူတူပဲ၊ ဒီအစီအရင်က ကျင့်ကြံခြင်းကို အားဖြည့်ပေးနိုင်တဲ့ ဝိညာဉ်စွမ်းအင်စုဆောင်းတဲ့ အစီအရင်တစ်ခုလို့ ထင်ရတယ်”
‘တစ်ခုခုလွဲနေသည်’ဟု ယန်ရုန်ရုန် ဆိုခဲ့သဖြင့် နောက်ထပ်အကြောင်းအရာရှိနေနိုင်သေးမှန်း သိကာ သူမ ဆက်ရှင်းပြမည့်အချိန်ကို ဟမ်ယဲ့ စောင့်နေလိုက်ပါသည်။
“ဒါပေမယ့် ဝိညာဉ်စွမ်းအင်စုဆောင်းတဲ့ အစီအရင်အပြင်… အဲ့ဒီမှော်သင်္ကေတတွေထဲ သွယ်ဝှက်ထားတဲ့ အခြား အစီအရင်တစ်ခုလည်း ရှိသေးတယ်”
လောလောလည်း ထိုစည်းဝိုင်းနားသို့ ရောက်ရှိလာပြီး ကြမ်းပြင်ပေါ် သေချာစိုက်ကြည့်လိုက်သည်။ သိပ်မကြာလိုက်ဘဲ ထူးခြားချက်တစ်ခုကို သူမြင်လိုက်ရပါသည်။
“ဒီအစီအရင်က ကျင့်ကြံသူတစ်ယောက်ရဲ့ ဝိညာဉ်ကို တည်ငြိမ်အောင်လုပ်ပေးတဲ့ အစီအရင်နဲ့တူတယ်နော်”
ယန်ရုန်ရုန်က ခေါင်းညိတ်ထောက်ခံလိုက်သည်။
“ဒါ ဝိညာဉ်ပျိုးတဲ့ အစီအရင်ပဲ၊ ဝိညာဉ်စွမ်းအင် စုဆောင်းတဲ့ အစီအရင်နဲ့ ဆင်တူတယ်လို့ ထင်ရပေမယ့် အာနိသင်က တခြားစီပဲ၊ ကျင့်ကြံသူတစ်ယောက်ရဲ့ ဝိညာဉ်ကို တည်ငြိမ်အောင် ထိန်းသိမ်းပေးပြီး ပြိုလဲ မသွားအောင်၊ ယိုယွင်းမသွားအောင် ကာကွယ်ပေးတယ်၊ သာမန်အခြေအနေမှာဆိုရင်တော့ ကျင့်ကြံသူတစ်ယောက်အတွက် အဲ့ဒီအစီအရင်က ဘာမှအသုံးမဝင်နိုင်ဘူး၊ ဒါပေမယ့်…”
လောလောက သူမစကားကို အဆုံးသတ်ပေးလိုက်ပါသည်။
“ဒါပေမယ့် အဲ့ဒီကျင့်ကြံသူရဲ့ ဝိညာဉ်မှာ ထိခိုက်မှု ရှိနေမယ်ဆိုရင်တောာ့ အသုံးဝင်နိုင်တယ်”
ဟူထျန်းယင် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ပါသည်။
‘ယန်ရုန်ရုန်ပြောသလို တကယ်ဖြစ်နေတာလား၊ ဟူချင်းပိုင်က သူ့ဝိညာဉ်တစ်စိတ်တစ်ပိုင်းကို ခွဲထုတ်ပြီး မြေခွေးမိစ္ဆာတောင်ပေါ်ကနေ ခိုးထွက်နေခဲ့တာလား၊ ဒါပေမယ့် အဲ့လောက် အန္တရာယ်များတဲ့လုပ်ရပ်မျိုး ဘာလို့ လုပ်ခဲ့ရတာလဲ’
ဟူထျန်းယင်ကို ဟမ်ယဲ့ လှည့်ကြည့်လိုက်သည်။ သူ့မျက်နှာက အလွန်မှောင်မိုက်နေပါသည်။
“မင်းပြောတော့ တောင်ပေါ်က အဝင်အထွက်မှန်သမျှကို သိတယ်ဆို၊ သူဘယ်တုန်းက ထွက်သွားမှန်း မင်းဘာလို့ မသိရတာလဲ”
ဟူထျန်းယင် မဲ့ပြုံးပြုံးလိုက်လေသည်။
“ကျွန်မ တကယ်မသိရပါဘူး၊ တောင်ပေါ်က အစီအရင်တွေမှာ ဘာတုံ့ပြန်မှုမှ မရှိခဲ့ဘူး၊ သူအပြင်ထွက်သွားတဲ့ လက္ခဏာမျိုး လုံးဝ မတွေ့ရဘူး”
ထိုစဉ် ယန်ရုန်ရုန်က ရုတ်တရက် ဝင်ပြောလိုက်သည်။
“သူဒီတောင်ပေါ်မှာပဲ ရှိနေသေးလောက်တယ်”
အားလုံး သူမကို လှည့်ကြည့်လိုက်ကြသည်။ ယန်ရုန်ရုန်က ကြမ်းခင်းအနီးရှိ သွေးစက်လေး တစ်စက်ကို လက်ညှိုးထိုးပြလိုက်ပါသည်။
“အဲ့တာ ဟူချင်းပိုင် သွေးချောင်းဆိုးလို့ ထွက်ကျလာတဲ့ သွေးစက်ဖြစ်နိုင်တယ်၊ သူ ပြင်းပြင်းထန်ထန် ဒဏ်ရာ ရထားတာ… အဲ့တာကြောင့် အဝေးကြီးကို သွားနိုင်မှာ မဟုတ်ဘူး”
ဟူချင်းပိုင် ဒဏ်ရာရထားသည်ဟု သူမဘာကြောင့် တပ်အပ်ပြောနိုင်ရသလဲ ဟူထျန်းယင် မေးမြန်းချင်သော်လည်း သူမ ဘာမှမပြောနိုင်ခင် ဟမ်ယဲ့က အမိန့််ပေးလိုက်ပါသည်၊။
“မြေခွေးမိစ္ဆာတောင်တစ်ခုလုံးကို ပိတ်ချလိုက်၊ ဟူချင်းပိုင်ကို တွေ့အောင်ရှာကြ၊ မြေလှန်ပြီး ရှာရမယ်ဆိုရင်တောင် ငါ့ဆီရောက်အောင် ဆွဲခေါ်လာခဲ့ကြ!”
ဟူထျန်းယင် ဘာမှမမေးရဲတော့ဘဲ အမိန့်နာခံရင်း ဂူအပြင်သို့ ခပ်သုတ်သုတ် ပြန်ထွက်သွားခဲ့ပါသည်။
ဟူထျန်းယင် မရှိတော့သောအခါမှ ယန်ရုန်ရုန် ဆက်ပြောလိုက်သည်။
“မနေ့က ကျောက်ပြာရေကန်ထဲမှာ ကျွန်မကို တိုက်ခိုက်ခဲ့တာ ဟူချင်းပိုင်ရဲ့ ဝိညာဉ်အပိုင်းအစ ဖြစ်နေနိုင်တယ်၊ သူ့ဝိညာဉ်က ရေကန်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲသွားပေမယ့် သူ့ရုပ်ခန္ဓာက ဒီမှာ ရှိနေတုန်းပဲ၊ ကွဲထွက်သွားတဲ့ ဝိညာဉ်အပိုင်းအစတွေ သူ့ခန္ဓာကိုယ်ထဲ ပြန်ရောက်လာလို့ မသေခဲ့တာ၊ ဒါပေမယ့် သူ့အမြုတေ ပြင်းပြင်းထန်ထန် ထိခိုက်သွားခဲ့တယ်၊ အဲ့တာကြောင့် ဝိညာဉ်ပျိုးအစီအရင်ကို လိုအပ်ခဲ့တာ”
လောလောက မေးပွတ်ကာ ပြောလိုက်သည်။
“ဝိညာဉ် ထိခိုက်ဒဏ်ရာ ရသွားတယ်ဆိုတာ ပေါ့သေးသေး မဟုတ်ဘူးနော်၊ အစီအရင်တစ်ခုလောက် သုံးရုံနဲ့ ညတွင်း ချင်း ပြန်ကောင်းသွားမှာမဟုတ်ဘူး”
ယန်ရုန်ရုန် မတ်တပ်ရပ်လိုက်သည်။
“အဲ့တာကြောင့် သူဝေးဝေး မရောက်နိုင်သေးဘူးလို့ ကျွန်မပြောတာပေါ့”
တံခါးဝတွင် ရပ်နေသည့် မြေခွေးမိစ္ဆာလေးက တစ်ခုခုဝင်ပြောချင်နေဟန် ပေါက်နေသဖြင့် ဟမ်ယဲ့ လှမ်းမေးလိုက်လေသည်။
“ဘာပြောချင်လို့လဲ”
မြေခွေးမိစ္ဆာလေး တုန်ယင်သွားပြီး ထစ်ငေါ့စွာ ပြောလိုက်ပါသည်။
“အဲ့… အဲ့ဒီမှာ ပန်းချီကားတစ်ချပ် ချိတ်ထားဖူးတာ ကျွန်တော် မှတ်မိတယ်”
သူညွှန်ပြသည့် နံရံပေါ်သို့ ယန်ရုန်ရုန် လှည့်ကြည့်လိုက်ပါသည်။ နံရံပေါ်တွင် ဘာမှ ရှိမနေခဲ့ပေ။ ထိုနံရံနား ယန်ရုန်ရုန် လျှောက်သွားပြီး လက်ချောင်းဖြင့် ခေါက်ကြည့်ကာ မြေခွေးမိစ္ဆာလေးအား မေးမြန်းလိုက်သည်။
“ဘယ်လို ပန်းချီကားမျိုးလဲ”
“အမြီးကိုးချောင်းမြေခွေးတစ်ကောင်ရဲ့ ပန်းချီပဲ၊ အကြီးအ ကဲချင်းပိုင်က အဲ့ဒီပန်းချီကားကို အရမ်းတန်ဖိုးထားတာ၊ တခြားဘယ်သူ့ကိုမှ ထိခွင့်မပြုဘူးလေ”
ယန်ရုန်ရုန် ခန့်မှန်းလိုက်သည်။
“အဲ့တာဆို သူထွက်ပြေးတုန်းက ပန်းချီကားကိုပါ ယူသွားတဲ့ သဘောပေါ့”
တစ်ချိန်တည်းမှာပင် ဟူထျန်းယင်က မြေခွေးမိစ္ဆာမျိုးနွယ်စုတစ်စုလုံးကို လှုပ်ရှားစေခဲ့ပြီး တောင်တစ်ခုလုံးကို မြေလှန်ကာ ရှာဖွေခိုင်းခဲ့ပါသည်။ သို့သော် ဟူချင်းပိုင်၏ အရိပ်အယောင်ကို မမြင်ခဲ့ရပေ။
ရွေးချယ်စရာမရှိသည့်နောက်ဆုံး ဟမ်ယဲ့ထံ ပြန်လာပြီး ဟူချင်းပိုင်ကို ရှာဖွေဖို့ မအောင်မြင်ခဲ့သည့်အကြောင်းကို အစီရင်ခံရတော့သည်။