အခန်း (၂၄၅-၂၄၆)
Vol. 25 Ch. 245-246
🌹Chapter 245
ဟူထျန်းယင်ကို ဟမ်ယဲ့ စေ့စေ့စိုက်ကြည့်ကာ မေးလိုက်သည်။
“မင်းလည်း ဟူချင်းပိုင်နဲ့ တစ်ဖွဲ့တည်းတော့ မဟုတ်လောက်ပါဘူးနော်”
မြေခွေးမိစ္ဆာတောင်က ကြီးလည်းမကြီး သေးလည်းမသေးလှပါ။ မိစ္ဆာကျင့်ကြံသူတစ်ဦးကိုအမှန်တကယ် ရှာဖွေချင်သည်ဆိုလျှင် ဒီတိုင်း အငွေ့ပျံ ပျောက်ကွယ်သွားဖို့ဟူသည်မှာ မဖြစ်နိုင်သလောက် ရှိပါသည်။
သူမလူကို ကာကွယ်ပေးဖို့ ဟူထျန်းယင် ဟန်ပြရှာဖွေခဲ့ခြင်း ဖြစ်နိုင်သည်ဟု ဟမ်ယဲ့ သံသယဝင်မိသည်။
ဟူထျန်းယင် ခါးသီးစွာ ပြုံးလိုက်ပါသည်။
“အရှင်အဲ့လို သံသယဝင်မယ်ဆိုတာ ကျွန်မ သိပါတယ်၊ ဟူချင်းပိုင် ဘာတွေ လုပ်ခဲ့လို့ အရှင်ကိုယ်တိုင် ဖမ်းဆီးဖို့ ဒီအထိ ကြွလာရသလဲဆိုတာ မသိပေမယ့် သူ့ကို ကျွန်မ ဖွက်ထားတာ မဟုတ်ဘူးလို့ တာအိုနှလုံးသားကို တိုင်တည်ပြီး ကျိန်ဆိုရဲတယ်”
ဟမ်ယဲ့၏ အကြည့်က လေးလံနေဆဲပင်။ သူမကို ယုံကြည်သလား မယုံကြည်သလား ခန့်မှန်းရခက်ပါသည်။
ဟူထျန်းယင် ရင်ထဲ အလွန်တင်းကျပ်သွားခဲ့ပြီး သူမကိုယ်သူမ ကာကွယ်ဖို့ စိုးရိမ်တကြီး ရှင်းပြလိုက်လေသည်။
“အရှင်က အခု ဟင်းလင်းပြင်ဖောက်ထွင်းခြင်းအဆင့်ရှိတဲ့ မိစ္ဆာကျင့်ကြံသူတစ်ယောက် ဖြစ်နေပြီပဲ၊ ကျွန်မတို့ မျိုးနွယ်စုတစ်စုလုံး ပေါင်းလိုက်ရင်တောင် အရှင့်ကို ယှဉ်နိုင်မှာ မဟုတ်ဘူး၊ ကျွန်မအသက်ကို ကျွန်မ ဂရုမစိုက်ဘူး ဆိုရင်တောင် မြေခွေးမိစ္ဆာမျိုးနွယ်စုအတွက် ကျွန်မငဲ့ပေးရမယ်၊ ဟူချင်းပိုင်လို တစ်ဦးတစ်ယောက်အတွက်နဲ့ အရှင့်ကို ကျွန်မ မပုန်ကန်ရဲပါဘူး၊ အဲ့လိုလုပ်ဖို့ လုံးဝ မတန်ပါဘူး!”
ထိုစကားလုံးများက သွေးအေးရက်စက်သည်ဟု ထင်ရသော်လည်း ရှင်သန်နိုင်ဖို့အတွက်ကတော့ အမှန်တရားပင် ဖြစ်သည်။ ဟူချင်းပိုင်နှင့် သူမ ခင်မင်ရင်းနှီးနေလျှင်တောင် မျိုးနွယ်စုတစ်စုလုံးကို စတေးပြီး ကာကွယ်ပေးရလောက်သည့်အထိ မစွန့်စားနိုင်ပေ။
ဟမ်ယဲ့ကလည်း သံသယသာရှိပြီး သက်သေမရှိသဖြင့် ဘာမှ ဆက်မပြောတော့ပါ။ ယန်ရုန်ရုန့်ဘက်သို့လှည့်ကာ သူ မေးမြန်းလိုက်သည်။
“သူအခု ဘယ်မှာ ပုန်းနေမယ်လို့ထင်လဲ”
ယန်ရုန်ရုန်က ဟူထျန်းယင်ကို ထပ်မေးလိုက်သည်။
“ဒီတောင်ပေါ်မှာ ရှိသမျှ နေရာတိုင်းကို တကယ် ရှာဖွေပြီးပြီလား”
ဟူထျန်းယင် အမြန်ပြန်ဖြေလိုက်သည်။
“တကယ် ရှာပြီးပါပြီ! ရှာလို့ရတဲ့ နေရာမှန်သမျှကို အကုန်ရှာပြီးသွားပြီ!”
သူမစကားထဲမှ သံသယဖြစ်စရာ အဓိပ္ပာယ်ကို ရိပ်စားမိကာ ယန်ရုန်ရုန် မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။
“ရှာလို့ရတဲ့ နေရာမှန်သမျှကို ရှာပြီးသွားပြီတဲ့လား… အဲ့တာဆို ရှာလို့မရတဲ့နေရာတွေ ရှိတယ်ဆိုတဲ့ သဘောလား”
ဟူထျန်းယင် တွန့်ဆုတ်သွားခဲ့သော်လည်း ဟမ်ယဲ့၏ ဖိအားကို ခံစားရသဖြင့် ဘာမှ သိုဝှက်မထားရဲပါ။ ထို့ကြောင့် နာကျင်နေသော မျက်နှာဖြင့် ရှင်းပြလိုက်ရပါသည်။
“တောင်နောက်ဘက်မှာ မြေခွေးမိစ္ဆာဂူသင်္ချိုင်းတစ်ခု ရှိတယ်၊ အဲ့တာက ကျွန်မတို့ မျိုးနွယ်စုရဲ့ တားမြစ်နယ်မြေဆိုလည်း ဟုတ်တယ်၊ မြေခွေးမိစ္ဆာတစ်ကောင် သေဆုံးသွားတဲ့အခါ ရုပ်ကြွင်းတွေကို အဲ့ဒီမှာ ထိန်းသိမ်းထားတယ်၊ ကျွန်မတို့ ဘိုးဘေးတွေရဲ့ နတ်ကွန်းကလည်း အဲ့ဒီမှာပဲရှိနေတာ”
“တစ်ခါတလေ မြေခွေးမိစ္ဆာမျိုးနွယ်စုက တစ်ယောက် ယောက် အပြစ်ကျူးလွန်ခဲ့ရင် အဲ့ဒီဂူသင်္ချိုင်းဆီ စေလွှတ်ပြီး အပြစ်ဒဏ် ခံယူခိုင်းတယ်၊ အဲ့ဒီ ဂူသင်္ချိုင်းကို ကျွန်မတစ်ယောက်တည်းပဲ ဖွင့်နိုင်တဲ့ အစီအရင်နဲ့ ကာရံထားတာ၊ ဟူချင်းပိုင်တောင် ဝင်လို့မရဘူး၊ အဲ့တာကြောင့် သူအဲ့ဒီမှာ ရှိနေတာ မဖြစ်နိုင်ပါဘူး”
ယန်ရုန်ရုန်က ဆက်မေးသည်။
“ရှင်တို့ ကိုးကွယ်တဲ့ အဲ့ဒီဘိုးဘေးဆိုတာ ဘယ်သူလဲ”
“ရှေးခေတ်က မဟာမိစ္ဆာသားရဲ ကိုးမြီးမြေခွေးလေ”
ဟူထျန်းယင်၏ မျက်နှာပေါ်တွင် ဂုဏ်ယူဝံ့ကြွားမှုအပြည့် ရှိနေသည်။ သူမ၏ မျိုးရိုးအပေါ် အလွန်ဂုဏ်ယူမှန်း သိသာပါသည်။
ဟူချင်းပိုင်ကလည်း ကိုးမြီးမြေခွေး၏ မျိုးဆက်ဖြစ်ကြောင်းနှင့် သူထွက်ပြေးစဉ်က ကိုးမြီးမြေခွေး၏ ပန်းချီကားတစ်ချပ်ကိုပါ ယူဆောင်သွားခဲ့ကြောင်း ယန်ရုန်ရုန် မှတ်မိသွားခဲ့သည်။
သူ့ဘိုးဘေးအပေါ် စွဲလမ်းမှုက သာမန်ထက် ထူးကဲနေပါသည်။ ထို့ကြောင့် ဟမ်ယဲ့ကို ယန်ရုန်ရုန် မျက်လုံးဖြင့် အချက်ပြလိုက်သည်။
ဟမ်ယဲ့ကလည်း ချက်ချင်း နားလည်လိုက်ပြီး အမိန့်ပေးလိုက်သည်။
“ငါတို့ကို မြေခွေးမိစ္ဆာ ဂူသင်္ချိုင်းဆီ ခေါ်သွားပေးစမ်း”
သူ့လေသံတွင် ဩဇာအာဏာ အပြည့်ပါဝင်နေသည်။ ဟူထျန်းယင် တွန့်ဆုတ်မိသော်လည်း မတတ်သာသဖြင့် အမိန့်နာခံခဲ့ရပါသည်။
“ကောင်းပါပြီ အရှင်”
--- --- --
ယန်ရုန်ရုန်တို့ကို ဂူထဲမှ ပြန်ခေါ်ထုတ်လာပြီး တောင်နောက်ဘက်သို့ ခေါ်ဆောင်သွားခဲ့သည်။ မြေခွေးမိစ္ဆာဂူသင်္ချိုင်းကို အလွန်ထူထဲသည့် အဖြူရောင်မြူခိုးများက ဖုံးအုပ်ထားပါသည်။
ဟူထျန်းယင် အစီအရင်ကို ရပ်တန့်လိုက်ကာမှ ထိုမြူခိုးများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး အတွင်းပိုင်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်လေသည်။
သေဆုံးသွားသည့် ရက်စွဲအလိုက် စနစ်တကျ စီရီ တည်ဆောက်ထားသော ရာချီထောင်ချီသည့် အုတ်ဂူများ သူတို့ရှေ့တွင် ရှိနေပါသည်။
ဒီနေရာကို အပြင်လူများ ခေါ်လာဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်သဖြင့် ဟူထျန်းယင် ရင်ထဲ အလွန်ထိတ်လန့်နေခဲ့သည်။ ဘိုးဘေးများ ဗွေမယူစေဖို့ စိတ်ထဲမှလည်း တိတ်တဆိတ် ဆုတောင်းနေမိပါသည်။
သူတို့အဖွဲ့ ရှည်လျားလှသော လှေကားထစ်များအတိုင်း တက်လာခဲ့သည်။ တောင်ထိပ်တွင် ကျောင်းဆောင်တစ်ခု ရှိနေပါသည်။ ထိုကျောင်းဆောင်က ကိုးမြီးမြေခွေးအတွက် တည်ဆောက်ပေးထားသည့် နတ်ကွန်းတစ်ခုဖြစ်သည်ဟု ဟူထျန်းယင်က ရှင်းပြသည်။
ယန်ရုန်ရုန် အချိန်မဖြုန်းလိုသည့်အတွက် မြေကျုံ့အဆောင်စက္ကူတစ်ရွက်ကို ထုတ်ကာ သူမပခုံးပေါ် ကပ်လိုက်ပါသည်။ အဆောင်စက္ကူ၏ အာနိသင် ပြသောအခါ ခြေတစ်လှမ်း လှမ်းလိုက်ရုံနှင့် ရှေ့သို့ ပေ ၃၀ လောက် ချက်ချင်း ရောက်ရှိသွားခဲ့သည်။
အခြားသူတွေလည်း ကိုယ့်နည်းလမ်းနှင့်ကိုယ် အမြန်ဆုံးလိုက်လာခဲ့ကြပြီး မျက်စိတစ်မှိတ်အချိန်အတွင်း နတ်ကွန်းရှေ့သို့ အားလုံး ရောက်ရှိသွားခဲ့ကြပါသည်။
သူတို့အားလုံး နတ်ကွန်းရှေ့တွင် မတ်တပ်ရပ်နေကြသည်။ နတ်ကွန်း၏ လေးလံသော တံခါးကြီးများမှာ တင်းတင်းကျပ်ကျပ် ပိတ်လျက်သား ရှိနေပါသည်။
ဟူထျန်းယင် မျက်မှောင်ကြုတ်သွားခဲ့သည်။
“ဒီတံခါးတွေကို ပုံမှန်ဆို ဖွင့်ထားတာပါ၊ ဒီနေ့ကျမှ ဘာလို့ ပိတ်ထားတာလဲ”
တစ်စုံတစ်ရာကို တွေးမိသွားဟန်ဖြင့် ဟူထျန်းယင် မျက်နှာအလွန်ပျက်သွားခဲ့သည်။
‘အထဲမှာ ဟူချင်းပိုင် တကယ်ရှိနေတာများလား!’
ဟမ်ယဲ့ကို ဟူထျန်းယင် လှည့်ကြည့်လိုက်သည်။ မှောင်မိုက်နေသည့် သူ့မျက်နှာကိုမြင်ပြီး နတ်ကွန်းတံခါးများကိုပါ ခြေထောက်ဖြင့် ကန်ဖွင့်လိုက်မည်ကို စိုးရိမ်သွားမိပါသည်။
ဒီနေရာက မြင့်မြတ်သည့်နေရာတစ်ခုဖြစ်၍ ထိုကဲ့သို့ ကြမ်းကြုတ်မှုမျိုးကို ခွင့်ပြုပေးလို့ မရပါ။ ထို့ကြောင့် ဟူထျန်းယင် ရှေ့သို့ဦးစွာပြေးကာ တံခါးကို ထုရိုက်ရင်း အော်မေးလိုက်ပါသည်။
“အထဲမှာ ဘယ်သူရှိလဲ!”
ဟူချင်းပိုင်သာ အထဲမှာ အမှန်တကယ်ရှိနေလျှင် ဟမ်ယဲ့ စိတ်လွတ်သွားပြီး ဘိုးဘေးများကို မစော်ကားမိခင် အမြန်ထွက်လာပါစေဟု သူမ ဆုတောင်းမိပါသည်။
အတွင်းဘက်ကတော့ တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။ ဟူထျန်းယင် သည်းမခံနိုင်တော့ဘဲ သူ့အမည်ကိုပါ အော်ခေါ်လိုက်လေသည်။
“ဟူချင်းပိုင်! နင် အထဲမှာ ရှိမှန်း ငါသိတယ်! ဒါ ဘိုးဘေးတွေရဲ့ နတ်ကွန်းနော်၊ ငါတို့ရဲ့ ဘိုးဘေးတွေ ကောင်းကင်ဘုံကနေ စောင့်ကြည့်နေတယ်၊ မဆင်မခြင်မလုပ်နဲ့နော်!”
ထိုစဉ် ဟမ်ယဲ့က တိုးညှင်းသော်လည်း အာဏာအပြည့်ပါသော လေသံဖြင့် ပြောလိုက်သည်။
“မင်းထွက်မလာဘူးဆိုရင် ငါကိုယ်တိုင် ဝင်လာပြီး မင်းကိုရှာမှာနော်”
ထို့နောက် နတ်ကွန်းတံခါးကို ကန်ဖွင့်ဖို့အတွက် သူ့ခြေထောက်ကို မြှောက်လိုက်ပါသည်။ ဟူထျန်းယင်က လှမ်းအော်ပြီး ပြေးတားဖို့ ကြိုးစားသော်လည်း သူမ အနားမကပ်နိုင်ခင် ပြင်းထန်သည့် မိစ္ဆာစွမ်းအင်တစ်ခုက သူမကို ချုပ်နှောင် ထားလိုက်လေသည်။
သူမ ဘယ်လိုနည်းလမ်းပဲ ထုတ်သုံးပါစေ တစ်လှမ်းမှ ရှေ့တိုးလို့ မရတော့ပါ။
ဟမ်ယဲ့တစ်ယောက် ခြေထောက်ကို မ,ကာ တံခါးကို ဝုန်းခနဲ ကန်ပစ်လိုက်ပါသည်။ တံခါးပေါ်မှ ရှေးဟောင်း အစီအရင်များလည်း ကျယ်လောင်သော အသံများနှင့်အတူ ပျက်စီးသွားလေတော့သည်။
တံခါးများ ပွင့်ထွက်သွားသည့်အခါ အတွင်းဘက်သို့ နေရောင်ခြည်များ ဖြာကျလာသဖြင့် အတွင်းဘက်ရှိ မြင်ကွင်းများကို ထင်ထင်ရှားရှား မြင်လိုက်ရပါသည်။
နတ်ကွန်းထဲတွင် အထင်ရှားဆုံးအရာက ကိုးမြီးမြေခွေးရုပ်တုပင် ဖြစ်သည်။ အလွန်လှပသည့် ကျောက်စိမ်းနီဖြင့် ထွင်းထုထားပြီး မြေခွေး၏ လက်တစ်ဖက်က ဝိညာဉ်ကျောက်တုံးတစ်တုံးပေါ်တွင် တင်ထားသည်။ ၎င်း၏ ခန္ဓာကိုယ်က ရှေ့သို့ ကိုင်းညွတ်နေပြီး ခေါင်းကို မော့ထားကာ ကျဉ်းမြောင်းသော မျက်လုံးများဖြင့် အထက်သို့ ကြည့်နေပါသည်။
၎င်း၏ အနောက်ဘက်တွင် အလွန်ရှည်လျားလှသည့် အမြီးကိုးချောင်းက အရပ်မျက်နှာပေါင်းစုံသို့ ဖြန့်ကျက်နေခဲ့သည်။ ရုပ်တုက အသက်ဝင်လွန်းသဖြင့် အခန်းထဲတွင် မဟာမိစ္ဆာသားရဲကြီးတစ်ကောင်၏ အရှိန်အဝါမျိုးကို အမှန်တကယ် ခံစားနေရကာ ဟူထျန်းယင်တစ်ယောက် အလိုလို ပြားပြားဝပ်သွားခဲ့ရသည်။
ယန်ရုန်ရုန်၏ အကြည့်က ရုပ်တုကို ကျော်လွန်းပြီး ဟူချင်းပိုင်ကို ချက်ချင်း ရှာတွေ့သွားခဲ့သည်။ ဟူချင်းပိုင်က ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကာ ကျောက်စိမ်းနီ ကိုးမြီးမြေခွေးရုပ်တုကြီးကို ပူဇော်နေလေသည်။
ဆူညံသံများကို ကြားသောအခါ ဟူကျင်းပိုင် ခါးမတ်သွားပြီး ဝင်ပေါက်ထံသို့ လှည့်ကြည့်လိုက်ပါသည်။ သူ့မျက်လုံးများက ယန်ရုန်ရုန်၊ ဟမ်ယဲ့၊ လောလော၊ လျို့လန်နှင့် မုထုန်တို့ကို အသီးသီး ကြည့်လိုက်ပြီး နောက်ဆုံးမှာတော့ ယန်ရုန်ရုန့်ထံ ပြန်လည်ရောက်ရှိလာခဲ့သည်။
ဟူချင်းပိုင် အင်အားချည့်နဲ့နေသော အပြုံးဖြင့် ဆိုလိုက်သည်။
“ငါတို့ ထပ်တွေ့ကြပြန်ပြီပေါ့”
သူ့မျက်နှာက သွေးမဲ့ဖြူရော်နေပြီး နှုတ်ခမ်းများကလည်း အရောင်အသွေး ကင်းမဲ့နေပါသည်။ သူ့ဆံနွယ်ရှည်များ အလွန် ရှုပ်ထွေးနေကာ သူ့မိစ္ဆာရောင်ဝါများကလည်း အန္တရာယ်ရှိလောက်အောင် မှေးမှိန်နေပါသည်။
ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိထားသည့် လက္ခဏာများပင် ဖြစ်သည်။
ယန်ရုန်ရုန် စကားအပိုမပြောဘဲ လိုရင်းကိုသာ မေးလိုက်သည်။
“ကျွန်မကို ဘာလို့သတ်ဖို့ ကြိုးစားခဲ့တာလဲ”
ဟူချင်းပိုင်က လက်တစ်ဖက်ဖြင့် ကြမ်းပြင်ကို ထောက်ကာ ခက်ခက်ခဲခဲ မတ်တပ်ရပ်လိုက်ပါသည်။
“ဘာလို့လဲဆိုတဲ့ မေးခွန်းကို ဘာလို့မေးနေသေးတာလဲ၊ ငါ့ကို ရှာတွေ့နေပြီပဲ၊ ရှင်းစရာရှိတာ ရှင်းကြတာပေါ့၊ မင်းရဲ့ ခွန်အားအစစ်အမှန်ကို ထုတ်ပြစမ်းပါ”
ဟမ်ယဲ့က ရှေ့ထွက်ဖို့ ပြင်လိုက်သော်လည်း ယန်ရုန်ရုန် လက်တစ်ဖက်ဖြင့် လှမ်းတားလိုက်သည်။
“သူက ကျွန်မကို အဓိက ပစ်မှတ်ထားခဲ့တာ၊ အဲ့တာကြောင့် သူ့ကို ကျွန်မပဲ အဆုံးသတ်ပေးသင့်တယ်”
ယန်ရုန်ရုန့်ကို ဟမ်ယဲ့ နက်ရှိုင်းစွာာ ကြည့်လိုက်သည်။ စိုးရိမ်ပူပန်မိသော်လည်း ယန်ရုန်ရုန့်စကားကို သူနားထောင်ခဲ့ပါသည်။
ယန်ရုန်ရုန်က ဝူဝမ့်ဓားကို ဖြည်းညှင်းစွာ ထုတ်ရင်း ပြောလိုက်လေသည်။
“ရှင် ကျွန်မကို မယှဉ်နိုင်တော့ပါဘူး”
မူလက ဟူချင်းပိုင်၏ ခွန်အားမှာ သူမထက် အနည်းငယ် သာလွန်ပါသည်။ သို့သော် ယခု သူ့ဝိညာဉ် ထိခိုက်ထားသဖြင့် ကျင့်ကြံခြင်းစွမ်းအားများ အဆမတန် ထိုးကျသွားခဲ့ပြီဖြစ်သည်။
ယန်ရုန်ရုန့်အတွက်တော့ သူ့ကို သတ်ဖို့ဟူသည်မှာ လက်တစ်ဖက်ဝှေ့ယမ်းရသလောက် လွယ်ကူပါလိမ့်မည်။
ဟူချင်းပိုင်က နာကျင်နေသော ရင်ဘတ်ကို လက်ဖြင့်ဖိထားရင်း ပြန်ပြောလိုက်သည်။
“ငါမင်းကို ယှဉ်နိုင်သလား မယှဉ်နိုင်ဘူးလားဆိုတာ တိုက်ခိုက်ကြည့်မှ ဆုံးဖြတ်လို့ရမှာပေါ့၊ ဒီနေရာမှာ တိုက်ခိုက်လို့ အဆက်မပြေဘူး၊ အပြင်ထွက်ကြရအောင်”
🌹Chapter 246
ယန်ရုန်ရုန် ခေါင်းညိတ် သဘောတူလိုက်သည်။
ဟမ်ယဲ့၊ လောလောနှင့် အခြားသူတွေလည်း ရှိနေကြသဖြင့် ဟူချင်းပိုင် ထွက်ပြေးသွားမည်ကို သူမ စိတ်ပူဖို့ မလိုအပ်ပါ။
အပြင်မှာ တိုက်ခိုက်ကြမည်ဟု ကြားလိုက်ရသောအခါ ဟူထျန်းယင် အလွန်စိတ်အေးသွားခဲ့ပြီး တိတ်တဆိတ်သက် ပြင်းချမိပါသည်။ နတ်ကွန်းအတွင်းမှာသာ တိုက်ပွဲပြင်းထန်သွားလျှင် ကိုးမြီးမြေခွေး ရုပ်တုကြီး ထိခိုက်သွားမှာ စိုးရိမ်ရသည်။
ကျောက်စိမ်းနီ ကိုးမြီးမြေခွေးရုပ်တုကြီးကို ဟူချင်းပိုင် နောက်ဆုံးတစ်ကြိမ် ငေးကြည့်လိုက်ပြီး နတ်ကွန်းအပြင်ဘက်သို့ ယိုင်တိုင်တိုင် ခြေလှမ်းများဖြင့် ထွက်လာခဲ့တော့သည်။
ဟူချင်းပိုင် အသက်ဝဝရှူလိုက်ပြီး ရင်ဘတ်ထဲက နာကျင်မှုကို ဖိနှိပ်ကာ သူ့ခန္ဓာကိုယ်ထဲတွင် ကျန်ရှိနေသေးသည့် မိစ္ဆာစွမ်းအင်မှန်သမျှကို စုစည်းလိုက်သည်။
ထို့နောက် သူ့ညာဘက်လက်ကို ဆန့်ထုတ်ပြီး ကြိုဆိုသော အမူအရာလုပ်ပြကာ ပြောလိုက်ပါသည်။
“စလို့ရပြီ”
သူ့ကို ဦးစွာတိုက်ခိုက်ဖို့ ယန်ရုန်ရုန့်အား အခွင့်အရေးပေးလိုက်ခြင်းပင်။
ယန်ရုန်ရုန်ကလည်း အားနာမနေပါ။ ဝူဝမ့်ဓားကို ဝှေ့ယမ်းလိုက်ရာ လခြမ်းသဏ္ဌာန် ဓားချီစွမ်းအင်တစ်ချက် ဖြာထွက်သွားပြီး ဟူချင်းပိုင်ထံ တန်းတန်းမတ်မတ် ပျံသန်းလာခဲ့သည်။
ထိုဓားချက်ကို ဟူချင်းပိုင် ချောချောမွေ့မွေ့ ရှောင်ရှားနိုင်လိုက်သော်လည်း စက္ကန့်ပိုင်းပင် မကြာလိုက်ဘဲ အပြာရောင် ဓားချက်ပေါင်းများစွာက သူ့ထံ လှိုင်းလုံးများပမာ အလုံးအရင်းနှင့် ဝင်ရောက်လာခဲ့ပါသည်။
ဒီတစ်ခါတော့ ဟူချင်းပိုင် ရှောင်ရုံရှောင်၍ မရတော့ပေ။ သူ့လက်နှစ်ဖက်ကို မြှောက်ကာ ရှေ့တည့်တည့်တွင် မိစ္ဆာစွမ်းအင်များကို စုစည်းလိုက်ပြီး ခပ်ပါးပါး အကာအရံတစ်ခုကို ဖန်တီးလိုက်ပါသည်။
အကာအရံနှင့် ထိရိုက်မိသော ဓားအလင်းတန်းများ ပျောက်ကွယ်သွားကြသော်လည်း အကာအရံကပါ အလင်းစက် ပေါင်းများစွာအဖြစ် အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားခဲ့ပါသည်။
အလင်းစက်များ ပျောက်ကွယ်သွားသောအခါ ဟူချင်းပိုင်လည်း ပျောက်ကွယ်သွားခဲ့လေသည်။
တစ်ချိန်တည်းမှာပင် ယန်ရုန်ရုန့်နောက်မှ လူရိပ်တစ်ခု တိတ်တဆိတ် ပေါ်လာခဲ့ပြီး စူးရှထက်မြက်သော မြေခွေးတစ်ကောင်၏လက်သည်းများက သူမ နှလုံးသားထံသို့ တန်းတန်းမတ်မတ် ဦးတည်လာခဲ့လေသည်။
သို့သော်လည်း ထိုမြေခွေးလက်က သူမဝတ်ရုံကိုပင် မထိနိုင်ခဲ့ပေ။ ယန်ရုန်ရုန် ချက်ချင်းနောက်လှည့်ကာ ထိုမြေခွေးလက်ကို ဝူဝမ့်ဓားဖြင့် ခုတ်ချပစ်လိုက်ပါသည်။
ပြတ်တောက်သွားသည့် မြေခွေးလက်က မြေပေါ် ပြုတ်ကျသွားခဲ့သော်လည်း သွေးတစ်စက်မှ ထွက်မလာခဲ့ပေ။
ယန်ရုန်ရုန် ချက်ချင်းနားလည်လိုက်သည်။ ဒါပုံရိပ်ယောင်တစ်ခုပင်။
သူမ ခန့်မှန်းချက် မှန်ကန်ပါသည်။ ဟူချင်းပိုင်၏ ခန္ဓာကိုယ်မှာ အစိမ်းရောင် အခိုးအငွေ့များထဲ တိုးဝင်ပျောက်ကွယ်သွားပြီး မကြာမီ ဟူချင်းပိုင်ပေါင်းများစွာ ထွက်ပေါ်လာကာ ယန်ရုန်ရုန့်ကို ဝိုင်းရံလိုက်ကြသည်။
ထို့နောက် လက်သည်းများထုတ်လျက် ယန်ရုန်ရုန့်ကို အရပ်မျက်နှာပေါင်းစုံမှ ခုန်အုပ်လိုက်ကြလေသည်။
မြေခွေးမိစ္ဆာများက လှည့်စားမှုအတတ်တွင် အလွန်ကျွမ်းကျင်သူများဖြစ်ကြကာ ဟူချင်းပိုင်ကလည်း ခြွင်းချက်မရှိပါ။ ထိုပုံရိပ်ပေါင်းများစွာအနက် တစ်ယောက်ကသာ ဟူချင်းပိုင် အစစ်အမှန်ဖြစ်သည်။
အစစ်အမှန်နှင့် အတုအယောင်ကို မျက်စိတစ်မှိတ်အချိန်အတွင်း ခွဲခြားဖို့ ဟူသည်မှာ မဖြစ်နိုင်သလောက် ခဲယဉ်းပါသည်။
ယန်ရုန်ရုန်ကလည်း ခွဲခြားဖို့ ကြိုးစားမနေတော့ပေ။ အစစ် အမှန်နှင့် အတုအယောင်ကို မခွဲခြားနိုင်လျှင် အားလုံးကို ပိုင်းဖြတ်ပစ်လိုက်ရုံသာ ရှိသည်။
သူမရှေ့သို့ ဝူဝမ့်ဓား ဝဲပျံလာပြီး ပြင်းထန်စွာ တုန်ခါရင်း အသွင်တူ ဝူဝမ့်ဓားပေါင်းများစွာအဖြစ် ကွဲထွက်သွားခဲ့သည်။
ယန်ရုန်ရုန် လက်သင်္ကေတတစ်ခု ဖော်ဆောင်လျက် မန္တန်တစ်ခု အမြန်ရွတ်လိုက်ရာ ဝူဝမ့်ဓားများက ကြာပွင့်တစ်ပွင့်ပမာ အပြင်ဘက်သို့ ဖြာထွက်သွားကြပြီး ‘ဟူချင်းပိုင်’အားလုံးကို တစ်ပြိုင်နက်တည်း ထိုးဖောက်သွားလေတော့သည်။
ပုံရိပ်ယောင်များအားလုံး တစ်ခုပြီးတစ်ခု အငွေ့ပျံ ပျောက်ကွယ်သွားခဲ့ပြီး နောက်ဆုံးတွင်တော့ ဟူချင်းပိုင် အစစ်အမှန် တစ်ယောက်တည်းသာ ကျန်ခဲ့ကာ သွေးထွက်နေသော ဒဏ်ရာကို လက်ဖြင့်ဖိလျက် မြေပေါ် လဲကျသွားခဲ့သည်။
သူ့လက်တစ်ဖက်ဖြင့် မြေပေါ်ကို အားပြုကာ ထောက်ထားပြီး မျက်နှာမှာလည်း စက္ကူကဲ့သို့ ဖြူရော်နေပါသည်။ သူ့ပါးစပ်ထဲမှ သွေးများ ရုတ်တရက် အန်ထွက်လာသဖြင့် ဒဏ်ရာများ ပိုမိုဆိုးရွားလာပြီဖြစ်မှန်း သိသာလှသည်။
သူ့ရှေ့သို့ ယန်ရုန်ရုန် ရောက်လာပြီး ဓားကို လှလှပပ သိမ်းဆည်းကာ သူ့ကို ငုံ့ကြည့်လိုက်ပါသည်။
“ကျွန်မကို သတ်ဖို့ ဘာလို့အဲ့လောက်ထိ ကြိုးစားခဲ့တာလဲဆိုတာ ပြောပြရင် ရှင့်ကို အမြန်ဆုံး အဆုံးသတ်ပေးမယ်”
ဟူချင်းပိုင်က ယန်ရုန်ရုန့်ကို မော့ကြည့်ကာ ပြုံးလိုက်ပါသည်။ နောက်ဆုံးအချိန်သို့ ရောက်နေသည့်တိုင်အောင် ပြုံးဖို့ ခွန်အား ရှိနေသေးသည်။
“မင်းသတ်နိုင်တယ်ဆို ငါ့ကို အခုချက်ချင်း သတ်ပစ်လိုက်လေ”
ယန်ရုန်ရုန် မျက်မှောင်ကြုတ်သွားလေသည်။
“ရှင့်ရဲ့ သရုပ်မှန်တွေ အကုန် ပေါ်နေပြီပဲ၊ ဘာတွေ ဖုံးကွယ်ထားစရာ ရှိသေးလို့လဲ၊ ဒါမှမဟုတ် ရှင့်မှာ ကြံရာပါ တစ်ယောက်ရှိနေသေးလို့လား၊ ရှင့်ရဲ့ မဟာမိတ်ကို ကာကွယ်ဖို့အတွက် အခုလို နှုတ်ဆိတ်နေတာလား”
ဟူချင်းပိုင်၏ နှုတ်ခမ်းထက်မှအပြုံး ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။
“မင်းအတွေးလွန်နေပြီ၊ ငါ့မှာ ဘာမဟာမိတ်မှ မရှိဘူး၊ မင်းကို ကြည့်မရလို့ သတ်ပစ်ချင်ခဲ့တာ၊ အဲ့တာထက် ဘာမှ မပိုဘူး”
သူငြင်းဆန်လေလေ ယန်ရုန်ရုန် ပိုပြီး ယုံကြည်လာလေလေပင်။
“ကြည့်ရတာ ရှင့်မှာ မဟာမိတ်တစ်ယောက် တကယ်ရှိနေတဲ့ပုံစံပဲ၊ အဲ့ဒီမဟာမိတ်က မြေခွေးမိစ္ဆာတစ်ကောင်ပဲလား”
ထိုစကားကိုကြားပြီး ဟူထျန်းယင်အား ဟမ်ယဲ့ လှည့်ကြည့်လိုက်သည်။
ဟူထျန်းယင် ရင်တုန်သွားကာ ဟမ်ယဲ့နှင့် ခပ်ခွာခွာတွင် ရပ်လိုက်သည်။
“ကျွန်မ မဟုတ်ဘူးနော်! ယန်ရုန်ရုန့်ကို ကျွန်မ သိတောင် မသိခဲ့ဘူး! သူ့ကိုသတ်လည်း ကျွန်မအတွက် ဘာအကျိုးအမြတ်မှ မရှိဘူး၊ အဲ့လောက် အဓိပ္ပာယ်မဲ့တဲ့လုပ်ရပ်မျိုး ကျွန်မ ဘာလို့လုပ်ရမှာလဲ!”
ဟူချင်းပိုင် စကားပြန်ပြောမိသည်ကိုပင် အလွန်နောင်တရနေပါပြီ။ ဒီမိန်းကလေး၏ ဖြတ်ထိုးဉာဏ်က ကြောက်စရာကောင်းလောက်အောင် ထက်မြန်လွန်းသည်။
အဖြေမရှိလျှင်တောင် သူ့အမူအရာများကို အကဲခတ်ပြီး အမှန်တရားကို ရှာဖွေနိုင်စွမ်းရှိသည်။ သူမက ရင်ဆိုင်ဖို့ လွယ်ကူသူ မဟုတ်ပါ။ ထို့ကြောင့် တစ်ခွန်းမှ ထပ်မပြောတော့ဖို့ ဟူချင်းပိုင် ဆုံးဖြတ်လိုက်တော့သည်။
ဟူချင်းပိုင် ခေါင်းငုံ့သွားခဲ့ပြီး ပါးစပ်ထဲ ဆေးလုံးတစ်လုံး အမြန်ပစ်ထည့်လိုက်လေသည်။
ထိုလုပ်ရပ်ကို မြင်ပြီး ယန်ရုန်ရုန် မျက်မှောင်ပိုကြုတ်သွားခဲ့ရသည်။
“ရှင် ဘာစားလိုက်တာလဲ”
ဟူချင်းပိုင် ဒူးတစ်ဖက်ထောက်ကာ ခေါင်းကို ငုံ့ထားပြီး အသက်ရှူသံများ ပြင်းထန်နေပါသည်။ သူ့မေးစေ့မှ သွေးများလည်း တစ်စက်ပြီးတစ်စက် စီးကျနေလေသည်။
သူ့ခန္ဓာကိုယ်အတွင်းမှ မိစ္ဆာစွမ်းအင်များ ကြောက်စရာကောင်းလောက်အောင် ဖြာထွက်လာခဲ့သည်။
သူ့အသားပေါ်တွင် မီးခိုးရောင်သန်းသော သားမွေးများ ရုတ်တရက် ပေါက်လာပြီး မျက်နှာမှာလည်း ပုံပျက်ပန်းပျက်ဖြစ်ကာ နောက်ကျောဘက်မှ အမြီးပွကြီး တစ်ချောင်း ထွက်ပေါ်လာသည်။
သူ့ခန္ဓာကိုယ် ကြီးသထက် ကြီးမားလာသဖြင့် ဝတ်ရုံများ စုတ်ပြဲသွားခဲ့ပါသည်။
မျက်စိတစ်မှိတ် အချိန်တွင်းမှာပင် ဟူချင်းပိုင်တစ်ယောက် ဧရာမ မီးခိုးငွေရောင် မြေခွေးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားတော့သည်။
ဒါက ဟူချင်းပိုင်၏ အသွင်အစစ်အမှန်လည်း ဖြစ်သည်။ သူ၏ ခြေလေးဖက်ဖြင့် မြေပြင်ကို ကုတ်ခြစ်ထားပြီး ခေါင်းကိုမော့ကာ စူးရှသော အစွယ်များဖြင့် ယန်ရုန်ရုန့်ကို မာန်ဖီပြနေလေသည်။
ကျဉ်းမြောင်းနေသော သူ၏ မျက်လုံးများကလည်း ယခုတော့ သွေးချင်းနီနေပါပြီ။
သို့သော် ဒီလောက်နှင့် အဆုံးသတ်မသွားခဲ့ပါ။
သူ့နောက်ကျောမှ ဒုတိယအမြီးတစ်ချောင်း ထပ်ပေါက်လာသည်။ ထို့နောက် တတိယတစ်ချောင်း၊ စတုတ္ထတစ်ချောင်းနှင့်… နောက်ဆုံးတွင် ရှည်လျားလှသော အမြီးကိုးချောင်းစလုံး ထွက်ပေါ်လာတော့သည်။
ထိုမြင်ကွင်းကို မြင်ပြီး ဟူထျန်းယင် ကြက်သေသေသွားခဲ့ရသည်။
မြေခွေးမိစ္ဆာများ၏ ရာဇဝင်တွင် အမြီးအရေအတွက်များလေလေ ကျင့်ကြံခြင်းအဆင့် မြင့်မားလေလေဟု သတ်မှတ်ထားကြသည်။ သူမ မှတ်မိသလောက်ဆိုလျှင် ဟူချင်းပိုင်တွင် အမြီးရှစ်ချောင်းသာ ရှိသင့်ပါသည်။
‘သူဘယ်တုန်းက ကိုးချောင်းမြောက်အမြီးကို ရလိုက်တာလဲ’
သို့သော် တစ်စုံတစ်ခု မူမမှန်သည်ကို ဟူထျန်းယင် ချက်ချင်း ခံစားမိသွားသည်။ သူ့တွင် အမြီးကိုးချောင်း ရှိနေသော် လည်း သူ့ရောင်ဝါများက အတော်လေး မတည်မငြိမ်ဖြစ်နေပါသည်။
ထို့အပြင် သူ့စွမ်းအားကလည်း စစ်မှန်သည့် ကိုးမြီးမြေခွေးနတ်ဘုရားတစ်ပါး၏ အဆင့်နှင့် လုံးဝ မနီးစပ်ပေ။ သူ့ကျင့်ကြံခြင်းအဆင့်ကို ကိုးမြီးအဖြစ် ယာယီမြှင့်တင်ပေးသည့် တားမြစ်ဆေးတစ်မျိုးကို သောက်သုံးလိုက်ခြင်းဖြစ်မှန်း ဟူထျန်းယင် နားလည်သွားခဲ့ပါသည်။
ထိုဆေးလုံးများ၏ ဘေးထွက်ဆိုးကျိုးများက ကြောက်စရာ ကောင်းလွန်းသည်။ အာနိသင်များ ပြယ်သွားသည်နှင့် ပြန်ခံစားရမည့် ဆိုးကျိုးများက နှစ်ဆ ပိုကြီးမားပါသည်။
နဂိုကတည်းက ဒဏ်ရာအပြင်းအထန်ရရှိထားသည့် ဟူချင်းပိုင်အတွက် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်လိုက်ခြင်းနှင့် အတူတူပင်။
ဟူထျန်းယင် နားမလည်နိုင်တော့ပါ။ ‘ဒီကိစ္စအတွက်နဲ့ သူ့အသက်သူ စတေးရလောက်အောင် တန်လို့လား’
ယန်ရုန်ရုန်က မိစ္ဆာကျင့်ကြံသူမဟုတ်သော်လည်း ထိုထူးခြားချက်ကို မြင်နိုင်ပါသည်။ နောက်ဆုံးအကြိမ်အဖြစ် အစွမ်းကုန်ထုတ်ကာ တိုက်ခိုက်ရန် ဟူချင်းပိုင် ကြံစည်နေခြင်း ဖြစ်သည်။ သူ့ကိုယ်သူ လွတ်လမ်းမရှိအောင် လုပ်လိုက်ပြီဖြစ်သဖြင့် ယန်ရုန်ရုန်လည်း ဘာမှဆက်ပြောစရာမရှိတော့ပါ။
ထိုစဉ် ကြီးမားလှသည့် မြေခွေးအမြီးတစ်ချောင်းက အရိုးတွေကြေမွသွားစေနိုင်လောက်သော အရှိန်ဖြင့် သူမထံ ဝှေ့ယမ်းလာခဲ့ပါသည်။
ဒီတစ်ခါတော့ ယန်ရုန်ရုန် ဝူဝမ့်ဓားကို အသုံးမပြုတော့ပါ။ ချန့်ခွင်းအိတ်ထဲမှ မီးအလင်းတောက် အဆောင်စက္ကူ လက်တစ်ဆုပ်စာကို ထုတ်ယူပြီး ထိုမြေခွေးအမြီးထံ ပစ်လွှတ်လိုက်သည်။
ထိုအဆောင်စက္ကူများ မြေခွေးမြီးကို ထိမှန်သွားသောအခါ ချက်ချင်း မီးလောင်ကျွမ်းသွားခဲ့ပါသည်။
ဟူချင်းပိုင်လို အဆင့်ရှိသည့် မိစ္ဆာတစ်ကောင်ကို သာမန်မီးတောက်များက မထိခိုက်စေနိုင်သော်လည်း ထိုအဆောင်စက္ကူများက ရွှမ်ကျီးကလောင်တံဖြင့် ဆွဲသားဖန်တီးထားသည့် ထိပ်တန်းအရည်အသွေးရှိ အဆောင်စက္ကူများ ဖြစ်ကြသည်။
၎င်းတို့၏ စွမ်းအားကို လျှော့တွက်၍ မရပေ။ သူ့အမြီးတစ်ချောင်းလုံးကို မီးတောက်မီးလျှံများ ဝါးမျိုသွားခဲ့ပြီး သားမွေးများလည်း ချက်ချင်းပင် မည်းနက်သွားခဲ့ရပါသည်။
သာမန် အဆောင်စက္ကူများက သူ့ကို နာကျင်စေလိမ့်မည်ဟု ဟူချင်းပိုင် ထင်မထားခဲ့ပေ။ ပူလောင်လှသော နာကျင်မှုကြောင့် သူ့မျက်နှာတစ်ခုလုံး ပုံပျက်သွားရပြီး လည်ချောင်းအတွင်းမှလည်း တိုးညှင်းသော မာန်ဖီသံများ ထွက်ပေါ်လာခဲ့ပါသည်။
ယန်ရုန်ရုန့်ကို ပိုမိုကြမ်းကြုတ်စွာ ခုန်အုပ်ဖို့ သူထပ်ကြိုးစားလိုက်ပါသည်။
မိစ္ဆာသားရဲကြီးတစ်ကောင်၏ ပြင်းထန်လှသော ဖိအားတစ်ခုက မိုးပြိုသလို ဆင်းသက်လာခဲ့သည်။
သို့သော် ယန်ရုန်ရုန်ကတော့ ခေါင်းငုံ့ထားဆဲဖြစ်ပြီး ချန့်ခွင်းအိတ်ထဲမှ တစ်စုံတစ်ခုကို ရှာဖွေနေခဲ့ပါသည်။
ဒါကိုမြင်ပြီး ငှက်ပေါက်လေး ရူးမတတ် ကြောက်လန့်သွားခဲ့သည်။ စိတ်ထဲမှလည်း အသည်းအသန် အော်ဟစ်လိုက်မိပါသည်။
‘စနစ်ပိုင်ရှင် ဘာရပ်လုပ်နေတာလဲ! မြန်မြန်ပြေးတော့လေ!’