← Chapters

အခန်း (၂၄၉-၂၅၀)

Vol. 25 Ch. 249-250

အခန်း (၂၄၉-၂၅၀)

Vol. 25 Ch. 249-250

🌹Chapter 249

မှတ်ဉာဏ်အားလုံးကို ထုတ်ယူပြီးသည့်နောက်တွင် ဟူချင်းပိုင်၏ ဝိညာဉ်အတွင်းမှ ယန်ရုန်ရုန် ဝိညာဉ်စွမ်းအင်များကို ပြန်ရုတ်သိမ်းလိုက်ပါသည်။

ထို့နောက် ချက်ချင်းဆိုသလိုပင် ဟူချင်းပိုင်၏ ဝိညာဉ်မှာ အလင်းစက်များအဖြစ် ကြွေလွင့်သွားပြီး စက္ကန့်ပိုင်းအတွင်းမှာပင် လောကကြီးထဲမှ ထာဝရ ပျောက်ကွယ်သွားသည်ကို အားလုံး မြင်တွေ့လိုက်ရသည်။

သူမ ဘာတွေမြင်ခဲ့ကြောင်း ဟမ်ယဲ့ မေးဖို့ ကြံလိုက်သော် လည်း သူဘာမှ မပြောနိုင်ခင် ယန်ရုန်ရုန်က မြေပေါ်တွင် ဆောင့်ကြောင့်ထိုင်ချလိုက်ပါသည်။

ထို့နောက် ဟူချင်းပိုင်၏ မြေခွေးမြီးကို ဆုပ်ကိုင်ကာ သူ့အလောင်းကို ပက်လက်လှန်လိုက်သည်။

သူ့အလောင်းကို ခေါင်းအစခြေအဆုံး အကဲခတ်ကြည့်လိုက်ပြီး နောက်ဆုံးတွင်တော့ သူ့လည်ပင်းတွင် ချိတ်ဆွဲထားသည့် ကျောက်စိမ်း လည်ဆွဲတစ်ခုထံ ယန်ရုန်ရုန် အကြည့်ရောက်သွားခဲ့လေသည်။

ထိုလည်ဆွဲကို ဆွဲဖြုတ်လိုက်ပြီး မျက်နှာပြင်ကို လက်ဖျားထိပ်ဖြင့် ပွတ်သပ်ကြည့်လိုက်သည်။ ထိုအခါ လည်ဆွဲ၏ မျက်နှာပြင်ပေါ်မှ အကာအကွယ်အစီအရင်တစ်ခု၏ တုန်ခါမှုကို ခံစားမိကာ အဆင့်မြင့် သိုလှောင်ခြင်းနတ်ရတနာ တစ်ခုဖြစ်မှန်း ယန်ရုန်ရုန် သိလိုက်ရပါသည်။

ရတနာ၏ အဆင့်က အလွန်မြင့်မားပုံရပြီး သခင်ဖြစ်သူ သေဆုံးသွားပြီဖြစ်သော်လည်း လည်ဆွဲပေါ်က အကာအရံမှာ ခိုင်မာနေဆဲပင်။

လောလောကို ယန်ရုန်ရုန် မော့ကြည့်ကာ လည်ဆွဲကို ပြသလိုက်သည်။

“ဒီအကာအရံကို အင်အားသုံးပြီး ချိုးဖျက်လို့ ရနိုင်လား”

ဝမ်ပေါင်မျှော်စင်၏ ပိုင်ရှင်ဖြစ်သော လောလောက ရတနာပေါင်းများစွာကို မြင်ဖူးပါသည်။ ထို့ကြောင့် ထိုကျောက်စမ်းလည်ဆွဲကို ယူကာ အနီးကပ် စစ်ဆေးကြည့်လိုက်သည်။

“ဒီအကာအရံက အတော်လေး ထူးခြားတယ်၊ အတင်း အကျပ်ဖွင့်ဖို့ ကြိုးစားရင် အလိုလျောက်ဖျက်ဆီးတဲ့ စနစ်ကို နှိုးဆွလိုက်သလို ဖြစ်သွားမှာ စိုးရိမ်ရတယ်”

ယန်ရုန်ရုန် မျက်မှောင်ကြုတ်သွားခဲ့သည်။ အလိုလျောက်ဖျက်ဆီးသည့်စနစ် အသက်ဝင်သွားလျှင် ထိုလည်ဆွဲထဲ သိုလှောင်ထားသည့် ပစ္စည်းတိုင်း ပျက်စီးသွားပါလိမ့်မည်။

အစောကြီးကတည်းကသာ ကြိုသိခဲ့လျှင် ဟူချင်းပိုင်ကို ဒီလောက်မြန်မြန်ဆန်ဆန် သေခွင့်ပေးလိုက်မှာ မဟုတ်ပါ။

ယခုတော့ ပိုင်ရှင်က သေဆုံးသွားပြီး လည်ဆွဲကို သာမန်နည်းလမ်းနှင့်ဖွင့်၍ မရသလို အကြမ်းနည်းသုံး၍ ဖွင့်ဖို့ ကြိုးစားလျှင်လည်း အလိုလျောက်ပျက်စီးသွားနိုင်သဖြင့် သူမတို့ လမ်းပျောက်နေခဲ့ပါပြီ။

“ငါလုပ်ကြည့်မယ်”

ဟမ်ယဲ့က ရုတ်တရက် ဝင်ပြောလိုက်သည်။

ယန်ရုန်ရုန် သူ့ကို အံ့အားသင့်စွာ လှည့်ကြည့်လိုက်ပါသည်။

“ရှင် လုပ်နိုင်လို့လား”

ယခင်တုန်းကသာဆို ငယ်ငယ်ရွယ်ရွယ်နှင့် ဟမ်ယဲ့က လေလုံးထွားလျက် ကြွားဝါနေလောက်သေးသည်။ သို့သော်လည်း အခက်အခဲများစွာကို ရင်ဆိုင်ခဲ့ရပြီး ရင့်ကျက်သူတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်ရာ ကမ္ဘာပေါ်တွင် ရာနှုန်းပြည့် သေချာသည့်အရာဟူ၍ မရှိနိုင်မှန်း နာားလည်နေပါပြီ။

ထို့ကြောင့် ရိုးရိုးရှင်းရှင်းသာ သူပြောလိုက်သည်။

“ကြိုးစားကြည့်မယ်”

ယန်ရုန်ရုန့်တွင် တခြားရွေးချယ်စရာလည်းမရှိသဖြင့် လည်ဆွဲကို သူ့လက်ထဲ ထည့်ပေးလိုက်ရသည်။

ဟမ်ယဲ့က ကျောက်စိမ်းလည်ဆွဲကို ခေတ္တ အကဲခတ်ကြည့်လိုက်ပါသည်။ သူ့ရွှေရောင်သားရဲမျက်ဝန်းများ မှေးစင်းသွားခဲ့သည်။

သူ့လက်ဖျားထိပ်မှ မမြင်နိုင်လောက်အောင် ပါးလွှာသော မိစ္ဆာစွမ်းအင်တစ်ခု စိမ့်ထွက်လာပြီး လည်ဆွဲအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။ လည်ဆွဲက ရုတ်တရက် ခရမ်းရောင်ဖျော့ဖျော့ လင်းလာခဲ့ပါသည်။

ယန်ရုန်ရုန်လည်း မျှော်လင့်ချက်အပြည့်ဖြင့် စောင့်ကြည့်နေခဲ့သည်။ အတန်ကြာသောအခါ ဟမ်ယဲ့က လည်ဆွဲကို ပြန်ပေးလိုက်ပါသည်။

“ပြီးသွားပြီ”

ယန်ရုန်ရုန် မယုံသင်္ကာဖြင့် လည်ဆွဲကိုပြန်ယူလိုက်သည်။ ‘ဒါပဲလား၊ အဲ့လောက် လွယ်တာလား’

လည်ဆွဲအတွင်းသို့ ယန်ရုန်ရုန် ဝိညာဉ်စွမ်းအင် ထပ်မံထည့်သွင်းကြည့်လိုက်သည်။ ဒီတစ်ခါတော့ ဘာအတား အဆီး အကာအရံမှ မရှိတော့ပါ။

လည်ဆွဲ၏ အတွင်းပိုင်းက သူမအာရုံထဲ ပေါ်လာခဲ့ပြီး သူမ ရယူနိုင်သည့် ပစ္စည်းများစွာကိုလည်း မြင်လိုက်ရသည်။

ယန်ရုန်ရုန် ပျော်ရွှင်သွားခဲ့ပါသည်။

သူမ အမူအရာကိုမြင်ပြီး အကာအရံကျိုးပျက်သွားပြီဖြစ်မှန်း လောလော သိလိုက်သည်။ ထို့ကြောင့် ဟမ်ယဲ့အား စိတ်ဝင်တစား လှည့်မေးလိုက်ပါသည်။

“မင်း ဘယ်လိုဖွင့်လိုက်တာလဲ”

ဟမ်ယဲ့က ရေးကြီးခွင်ကျယ်မဟုတ်သကဲ့သို့ ပခုံးတွန့်ပြလိုက်လေသည်။

“ဟူချင်းပိုင်ရဲ့ စွမ်းအင်အမှတ်အသားနဲ့တူအောင် ငါ့မိစ္ဆာစွမ်းအင်ကို တုပလိုက်တာ၊ သူ့သခင်ပြန်လာပြီလို့ လည်ဆွဲက ထင်သွားတာနဲ့ အတွင်းဘက်ကနေ အကာအရံကို ဖျက်သိမ်းလိုက်တာ”

သူပြောပုံအရ ရိုးရှင်းသည်ဟု ထင်ရသော်လည်း လောလော ကောင်းကောင်းနားလည်ပါသည်။ မိစ္ဆာကျင့်ကြံသူတိုင်းတွင် ထူးခြားသည့် စွမ်းအင်အမှတ်အသားများ ရှိတတ်ကြသည်။ တစ်ဦးကိုတစ်ဦး တုပဖို့ ဟူသည်မှာ မဖြစ်နိုင်သလောက် ခက်ခဲမှန်း လောလော သိပါသည်။

သို့သော် ဟမ်ယဲ့ကတော့ ဖြစ်အောင် လုပ်နိုင်ခဲ့သည်။

ထို့ကြောင့် လောလော မနေနိုင်ဘဲ မေးလိုက်လေသည်။

“မင်းက ဘယ်လိုမကောင်းဆိုးဝါးများလဲ”

ဟမ်ယဲ့က သူရွှေရောင်သားရဲမျက်လုံးများဖြင့် လောလောကို တစ်ချက် စိုက်ကြည့်လိုက်သည်။ လောလော လန့်ဖျပ်သွားပြီး လက်နှစ်ဖက်စလုံးကို မြှောက်ကာ ချက်ချင်း အညံ့ခံလိုက်ရပါသည်။

“ငါ့ကို အဲ့လိုမကြည့်နဲ့လေ! ငါမင်းကို ချီးကျူးတာပါဟ!”

ယန်ရုန်ရုန့် အသိစိတ်က လည်ဆွဲအတွင်းရှိ ရှားပါးဆေးပင်များ၊ ဝိညာဉ်ကျောက်တုံးများကို ဖြတ်ကျော်ကာ စာလိပ်တစ်ခုကို ရှာတွေ့သွားခဲ့သည်။

ထိုစာလိပ်ကို လည်ဆွဲအတွင်းမှ ဆွဲထုတ်လိုက်ပြီး ချက်ချင်း ဖွင့်ကြည့်လိုက်ပါသည်။

၎င်းမှာ ကိုးမြီးမြေခွေး၏ ပုံတူပန်းချီကားပင်။

“အဲ့ဒီပန်းချီက ဘာဖြစ်လို့လဲ”

ယန်ရုန်ရုန်၏ အကြည့်ကို ရိပ်စားမိပြီး လောလော မေးလိုက်ပါသည်။

“ဒီကိုးမြီးမြေခွေး အသက်ဝင်လာတာကို ဟူချင်းပိုင် မြင်ခဲ့တယ်”

ယန်ရုန်ရုန် ပြန်ဖြေလိုက်ပါသည်။ သူမ မျက်ဝန်းများက ပန်းချီကားပေါ်မှ မခွာသေးပါ။

“အဲ့ဒီကိုးမြီးမြေခွေးကို သူ့ဘိုးဘေးလို့ ယုံကြည်နေပြီး သူပေးတဲ့ အမိန့်တိုင်းကို နာခံခဲ့တာ”

လောလော အံ့အားသင့်သွားခဲ့သည်။

“အဲ့လိုတကယ်ဖြစ်ခဲ့တာလား”

ဟမ်ယဲ့၏ အကြည့်များလည်း ပိုမို စူးရှသွားခဲ့သည်။

“အဲ့ဒီ ‘ဘိုးဘေး’က မင်းကို ထိခိုက်အောင်လုပ်ဖို့ ဟူချင်းပိုင်ကို အမိန့်ပေးခဲ့တာလား”

ယန်ရုန်ရုန် ခေါင်းညိတ်လိုက်ပါသည်။

“ဟုတ်တယ်… သူ့စွမ်းအားတွေကို ယာယီတိုးမြှင့်ပေးတဲ့ အဲ့ဒီမိစ္ဆာအမြုတေကိုတောင် ဒီပန်းချီကားက ချီးမြှင့်ခဲ့တာ”

ထိုစကားကို ကြားပြီး ဟူထျန်းယင် အနားကပ်လာခဲ့သည်။ သူမ၏ မျက်ဝန်းလှလှများဖြင့် ကိုးမြီးမြေခွေး ပန်းချီကားကို ကြည့်ရင်း မှင်သက်သွားခဲ့ရသည်။

သူမ တိုးညှင်းစွာ မေးလိုက်ပါသည်။

“ဘိုးဘေး… ပန်းချီကားထဲက တကယ်ပဲ ဘိုးဘေးရဲ့ ဝိညာဉ်လားဟင်”

အခြားသူတွေအားလုံး သူမကို ရူးကြောင်ကြောင် အကြည့်များဖြင့် ဝိုင်းကြည့်ကြလေသည်။

ထိုအကြည့်များကြောင့် ဟူထျန်းယင် အနည်းငယ် ရှက်ရွံ့သွားခဲ့ရသည်။

သူမ ရှက်ကိုးရှက်ကန်း ရယ်ရင်း ရှင်းပြလိုက်ပါသည်။

“ဟားဟား… ကျွန်မက ဒီတိုင်း ခန့်မှန်းကြည့်လိုက်တာပါ၊ ပန်းချီကားတစ်ချပ်မှာ ဝိညာဉ်ပူးကပ်နေနိုင်မယ်လို့ ကျွန်မ တကယ် မယုံကြည်ဘူး၊ ဟူချင်းပိုင် အလှည့်စားခံခဲ့ရတာပဲ နေမှာ”

သို့သော် ယန်ရုန်ရုန် ခေါင်းခါလိုက်သည်။

“သူလှည့်စားခံခဲ့ရတာ မဟုတ်လောက်ဘူး”

ဟူထျန်းယင် ကြက်သေသေသွားလေသည်။ “ဟင်”

ယန်ရုန်ရုန့် မျက်နှာထား အနည်းငယ် ရှုပ်ထွေးသွားခဲ့သည်။

“မြေခွေးမိစ္ဆာတွေဆိုတာ သဘာဝအလျောက် ဉာဏ်နီဉာဏ် နက်များကြတာ၊ ဟူချင်းပိုင်ကလည်း နှစ်တစ်ထောင်ကျော်သက်တမ်းရှိတဲ့ စွမ်းအားကြီး ကျင့်ကြံသူတစ်ယောက်ပဲ၊ တခြားသူတွေထက် ပိုပြီးထက်မြက်တယ်၊ မျိုးဆက်အစစ် အမှန်ဖြစ်လို့ ကိုးမြီးမြေခွေးရဲ့အကြောင်းကို အပြင်လူတွေထက် သူပိုနားလည်တယ်၊ သူ့ကို ကိုးမြီးမြေခွေးယောင် ဟန်ဆောင်ပြီး လှည့်စားနိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ… အဲ့တာကြောင့်…”

ဟူထျန်းယင်က သူမစကားကို အဆုံးသတ်ပေးလိုက်ပါသည်။

“…အဲ့တာကြောင့် သူ့ကို အမိန့်ပေးခဲ့တာ တကယ်ပဲ ကိုးမြီးမြေခွေးပေါ့”

ထို့ကြောင့်သာ ဟူချင်းပိုင်က အမိန့်မှန်သမျှကို တသွေမတိမ်း နာခံခဲ့ခြင်း ဖြစ်နိုင်ပါသည်။

ဟူထျန်းယင် ရင်ခုန်သံများ မြန်ဆန်သွားခဲ့သည်။

ပန်းချီကားထဲက ကိုးမြီးမြေခွေးကို သူမ ထပ်ကြည့်လိုက်ပြီး မျက်လုံးတွေထဲမှာလည်း စိတ်အားထက်သန်မှုများ ရိပ်ပြေးသွားခဲ့ပါသည်။

ကိုးမြီးမြေခွေး၏ ကာကွယ်မှုသာ ရှိနေလျှင် မြေခွေးမိစ္ဆာမျိုးနွယ်စု ဒီ့ထက်ပိုပြီး ကျိန်းသေပေါက် ကြီးပွားတိုးတက်လာပါလိမ့်မည်။

ဟူထျန်းယင် စိတ်လှုပ်ရှားလွန်းသဖြင့် လက်ချောင်းများပင် တုန်ယင်နေခဲ့သည်။

“ပန်းချီကားထဲက ငါတို့ ဘိုးဘေးရဲ့ဝိညာဉ်ဆိုတော့ ငါတို့လက်ထဲ ပြန်အပ်ပေးလို့ရမလားဟင်”

ယန်ရုန်ရုန်က ဟူထျန်းယင်ကို လှည့်ကြည့်ကာ မေးခွန်းတစ်ခု ပြန်မေးလိုက်ပါသည်။

“ရှင်တို့ရဲ့ ဘိုးဘေး ကိုးမြီးမြေခွေးဆိုတာ မှန်ကန်ရင် ကျွန်မကို သတ်ဖို့ ဘာလို့အဲ့လောက်ထိ ကြံစည်ခဲ့ရတာလဲ၊ ကျွန်မ သူနဲ့လည်း တစ်ခါမှမဆုံဖူးဘူး၊ ရန်ငြှိုးရန်စလည်း မရှိဘူး၊ သူ့ရဲ့ ရည်ရွယ်ချက်ကဘာလဲ”

ဟူထျန်းရီ ထပ်မံကြက်သေသေသွားခဲ့ပြီး အဖြေမပေးနိုင်ခဲ့ပါ။

အချိန်အတန်ကြာခါမှ သူမ ရှက်ကိုးရှက်ကန်း ပြန်ပြောလိုက်ပါသည်။

“ဒီပန်းချီကားထဲမှာ ငါတို့ရဲ့ ဘိုးဘေးဝိညာဉ် ရှိနေတာလို့ နင်ပဲ ပြောခဲ့တာမဟုတ်ဘူးးလား၊ အဲ့တာအမှန်ဆိုရင် သူ့ကို ကောင်းကောင်းမွန်မွန်နဲ့ ကိုးကွယ် ပူဇော်သင့်တာပေါ့”

ယန်ရုန်ရုန့် မျက်နှာက ခန့်မှန်းရခက်နေပါသည်။

“ရှင်တို့ရဲ့ ဘိုးဘေးဝိညာဉ်ဖြစ်နေတာနဲ့ပဲ ကောင်းမွန်တဲ့ဝိညာဉ်လို့ မဆိုလိုဘူး၊ တကယ်လို့ သူ့ဝိညာဉ်ကို ယုတ်ညံ့တဲ့ အရာတစ်ခုခုက ပူးကပ်လိုက်ပြီး သူများတွေကို ဒုက္ခပေးတတ်တဲ့ ဝိညာဉ်ဆိုးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ရင်ကော၊ အဲ့လိုအရာကို ရှင်တို့ ကိုးကွယ်လိုက်ရင်… အဲ့ဒီ ယုတ်ညံ့တဲ့အရာက ရှင်တို့ မြေခွေးမိစ္ဆာမျိုးနွယ်စုတစ်စုလုံးကို ဒုက္ခပေးလာမှာ မကြောက်ဘူးလား”

ဟူထျန်းယင် လုံးဝ ဆွံ့အသွားခဲ့ရသည်။

စိတ်လှုပ်ရှားမှု လွန်ကဲနေခဲ့သဖြင့် ထိုဖြစ်နိုင်ခြေကိုပင် ထည့်မတွက်ခဲ့မိပေ။

🌹Chapter 250

ဟူထျန်းယင် ဘာဆက်လုပ်ရမှန်းမသိတော့ဘဲ တွေဝေသွားခဲ့သည်။ သူမကိုယ်စား ဆုံးဖြတ်ချက် ကူချပေးဖို့အတွက် ဟမ်ယဲ့ကို အားကိုးတကြီး လှည့်ကြည့်လိုက်မိပါသည်။

သို့သော် ဟမ်ယဲ့မျက်လုံးများကတော့ ယန်ရုန်ရုန့်ပေါ်တွင်သာ ရှိနေသည်။ သူ့အမူအရာကို ကြည့်ခြင်းအားဖြင့် ယန်ရုန်ရုန် ဆုံးဖြတ်သည့်အတိုင်းသာ လိုက်နာမည်ဖြစ်မှန်း သိသာထင်ရှားပါသည်။

ယန်ရုန်ရုန်က တိတ်ဆိတ်မှုကို ချိုးဖျက်လျက် အဖြေတစ်ခု ပေးလိုက်သည်။ သူမ၏ ချန့်ခွင်းအိတ်ထဲမှ တောက်ပနေသည့် ကြေးမုံတစ်ချပ်ကို ဆွဲထုတ်လိုက်ပါသည်။

ထိုကြေးမုံကို မြင်လိုက်သည်နှင့် လောလော မျက်လုံးများ အရောင်လက်သွားပြီး ရေရွတ်လိုက်မိသည်။

“ဖူရှန်းကြေးမုံပဲ!”

ထို့နောက် ဟမ်ယဲ့ကို လှည့်ကြည့်ကာ လောလော စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ခုနက ကမ္ဘာပေါ်မှာ ရှိသမျှ ပုံရိပ်ယောင်တွေအားလုံးကို ဖောက်ထွင်းမြင်နိုင်တဲ့ ရတနာတစ်ခု ယန်ရုန်ရုန့်မှာ ရှိတယ်လို့ ငါပြောခဲ့တယ်လေ၊ အဲ့တာ အဲ့ဒီကြေးမုံကို ပြောတာ”

ဟူထျန်းယင်လည်း နားလည်သွားခဲ့သည်။ ထို့ကြောင့်လည်း ဟူချင်းပိုင် ဖန်တီးထားသည့် ပုံရိပ်ယောင်ထဲမှ ယန်ရုန်ရုန် အမြန်ဆုံး လွတ်မြောက်လာခဲ့ခြင်း ဖြစ်ပါလိမ့်မည်။

သူမတွင် အဖိုးမဖြတ်နိုင်သော ရတနာတစ်ခု ရှိနေခြင်းကြောင့်ပင်။

ဖူရှန်းကြေးမုံကို ကြည့်ရင်း ဟူထျန်းယင်၏ မျက်လုံးများ အရောင်လက်သွားခဲ့ရသည်။

ထိုကြေးမုံက ပုံရိပ်ယောင်အားလုံးကို အမှန်တကယ် ဖောက်ထွင်းမြင်နိုင်စွမ်း ရှိလျှင် ကိုးမြီးမြေခွေးပန်းချီကား၏ သရုပ်မှန်ကိုလည်း ပြသပေးနိုင်ပါလိမ့်မည်။

ယန်ရုန်ရုန့် နှုတ်ခမ်းများ ကွေးတက်သွားခဲ့သည်။

“ကဲ… ဒီပန်းချီကားထဲ ဘယ်လိုသတ္တဝါ ပုန်းကွယ်နေလဲ ကြည့်ရအောင်”

သူမစကားဆုံးသည်နှင့် ဖူရှန်းကြေးမုံကို ကိုးမြီးမြေခွေး ပန်းချီကားထံသို့ ချိန်ရွယ်လိုက်ပါသည်။

အားလုံးအသက်ရှူအောင့်ကာ ဖူရှန်းကြေးမုံကို စောင့်ကြည့်နေခဲ့ကြသည်။

ပန်းချီကားထဲရှိ ကိုးမြီးမြေခွေး၏ ပုံရိပ်မှာ ငြိမ်သက်နေဆဲ ဖြစ်သော်လည်း ကြေးမုံပေါ်တွင်တော့ လှိုင်းများ စတင် တွန့်လာခဲ့သည်။ ထို့နောက် ကြေးမုံအတွင်းရှိ ကိုးမြီးမြေးခွေးက မျက်လုံးများ ဖြည်းညှင်းစွာ ပွင့်လာခဲ့ပါသည်။

၎င်း၏ အနီရောင် မြေခွေးမျက်လုံးများ လှုပ်ရှားသွားခဲ့ပြီး ဖြည်းညှင်းစွာ မတ်တပ်ရပ်လာခဲ့ကာ ကျောနောက်တွင်လည်း အမြီးကိုးချောင်းက ယိမ်းထိုးနေခဲ့သည်။

ဟူထျန်းယင် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရသည်။

‘တကယ် ကိုးမြီးမြေခွေးပဲ! ငါတို့ဘိုးဘေးရဲ့ ဝိညာဉ်အစစ်အမှန်ပဲ!’

သို့သော် စက္ကန့်ပိုင်းပင် မကြာလိုက်ဘဲ ကိုမြီးမြေခွေး၏ ခန္ဓာကိုယ်ပေါ်တွင် မီးတောက်မီးလျှံများ စတင် လောင်ကျွမ်းခဲ့တော့သည်။

ထိုမီးတောက်မီးလျှံများအကြား ကိုးမြီးမြေခွေး အသည်းအ သန် ရုန်းကန်နေရပြီး မျက်နှာတစ်ခုလုံး ပုံပျက်ပန်းပျက်ဖြစ်ကာ ခေါင်းကို မိုးပေါ်သို့ မော့လျက် စူးစူးဝါးဝါး နာနာကျင်ကျင် အော်ဟစ်နေခဲ့ပါသည်။

ထိုစဉ် ပန်းချီကား၏ အလယ်တည့်တည့်မှ မီးတောက်များ ထွက်လာပြီး အလွန်လျှင်မြန်စွာ ပျံ့နှံ့သွားကာ မျက်စိတစ်မှိတ်အချိန်အတွင်း ပန်းချီကားတစ်ချပ်လုံးကို ဝါးမျိုသွားခဲ့သည်။

ထိုမီးတောက်များက သူမ လက်ဖျားထိပ်ကို လာရောက်ထိတွေ့သောအခါ အလွန်ပူပြင်းတောက်လောင်သည့် ခံစားချက်ကို ခံစားလိုက်ရသဖြင့် သာမန်မီးတောက်များ မဟုတ်မှန်း ယန်ရုန်ရုန် နားလည်သွားခဲ့သည်။ ထို့ကြောင့် ပန်းချီကားကို ချက်ချင်း လွှတ်ချလိုက်ရသည်။

ဟူထျန်းယင်က ထိုပန်းချီကားကို အသည်းအသန် လှမ်းဆွဲဖို့ ကြိုးစားလိုက်ပြီး မန္တန်ပေါင်းစုံအသုံးပြုကာ မီးကို ငြှိမ်းသတ်ဖို့ ကြိုးစားပါသည်။

သို့သော် အသုံးမဝင်ခဲ့ပေ။

ပန်းချီကားတစ်ချပ်လုံး ပြာကျသွားခါမှ မီးတောက်မီးလျှံများ ပျောက်ကွယ်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ဖူရှန်းကြေးမုံအတွင်းရှိ ကိုးမြီးမြေခွေးလည်း ပျောက်ကွယ်သွားခဲ့သည်။ ဖူရှန်းကြေးမုံ၏ မျက်နှာပြင်မှာ ဗလာကျင်း ပြန်ဖြစ်သွားခဲ့ပါပြီ။

ဟူထျန်းယင်တစ်ယောက် အပူလောင်သွားသော သူမလက်များနှင့် မြေပေါ်မှ ပြာပုံတို့ကို တစ်လှည့်စီကြည့်ရင်း ရီဝေသွားခဲ့သည်။ အချိန်အတော်ကြာမှ သူမ အသိစိတ်ပြန်ကပ်လာခဲ့ပါသည်။

တစ်ချိန်ဆုံး တိတ်တဆိတ်စောင့်ကြည့်နေခဲ့သည့် ဟမ်ယဲ့က ရုတ်တရက် ပြောလိုက်သည်။

“ကိုးမြီးမြေခွေး နှုတ်ပိတ်ခံလိုက်ရပြီ”

ယန်ရုန်ရုန် ခေါင်းညိတ်ကာ သူ့သုံးသပ်ချက်ကို ထောက်ခံလိုက်ပါသည်။

လောလောကလည်း မေးပွတ်လျက် သုံးသပ်ကြည့်လိုက်သည်။

“အဲ့တာဆို ကိုးမြီးမြေခွေးရဲ့ ရုပ်ခန္ဓာက ပျက်စီးသွားတာ ကြာပြီဆိုပေမယ့် သူ့ဝိညာဉ်က ကျန်ရစ်နေခဲ့တာပေါ့၊ တစ်ယောက်ယောက်က ကိုးမြီးမြေခွေးရဲ့ ဝိညာဉ်ကို ပန်းချီကားထဲမှာ ချိပ်ပိတ်ချုပ်နှောင်ပြီး ဟူချင်းပိုင်ကို ထိန်းချုပ်ဖို့ အသုံးချခဲ့တယ်၊ ကံမကောင်းစွာနဲ့ ဟူချင်းပိုင်ရဲ့ အကြံအ စည်တွေ မအောင်မြင်ဘဲ ကိုးမြီးမြေခွေးရဲ့ သရုပ်မှန်လည်း ပေါ်သွားတယ်၊ အဲ့တာကြောင့် နောက်ကွယ်က ကြိုးကိုင်သူက ကိုးမြီးမြေခွေးရဲ့ ဝိညာဉ်ကိုပါ ဖျက်ဆီးပြီး အားလုံးကို အဆုံးသတ်လိုက်တာပေါ့၊ ဟူး… တကယ် ရက်စက်တာပဲ”

ဟူထျန်းယင်ကမူ လက်မခံနိုင်သေးဘဲ နှုတ်မှ တတွတ်တွတ် ရေရွတ်နေမိသည်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…၊ အဲ့တာ ကိုးမြီးမြေခွေးလေ၊ ကမ္ဘာဦးကတည်းက ဖြစ်တည်ခဲ့တဲ့ မဟာမိစ္ဆာသားရဲတစ်ကောင်လေ၊ သူက စွမ်းအားအရမ်းကြီးမားတာ၊ သူ့ဝိညာဉ်ကို ဖျက်ဆီးပစ်ဖို့က အဲ့လောက် လွယ်ကူပါ့မလား”

လောလော စိတ်မကောင်းဖြစ်သွားပြီး စိတ်ရှည်လက်ရှည် ရှင်းပြလိုက်ပါသည်။

“ကိုးမြီးမြေခွေးရဲ့ ရုပ်ခန္ဓာက မဟာကပ်ဘေးမှာ သေဆုံးသွားခဲ့တာကြာပြီ၊ သူ့ဝိညာဉ်အစိတ်အပိုင်းလေး တစ်ခုပဲ ကျန်ခဲ့တယ်၊ အဲ့ဒီ အစိတ်အပိုင်းလေးမှာ အသိစိတ်တောင် အပြည့်အဝ မရှိဘူး၊ ဘယ်လောက် စွမ်းအားကြီးနိုင်ဦးမယ် ထင်လို့လဲ၊ သူများတွေ အသုံးချတာကို ခံလိုက်ရတဲ့ ပစ္စည်းတစ်ခုသက်သက်ပဲ”

ဟူထျန်းယင်ကို ရှင်းပြရင်း ‌လောလော ကိုယ့်အကြောင်းကိုယ် ပြန်တွေးမိသွားခဲ့သည်။ မျိုးနွယ်တူတစ်ယောက်အတွက် သူ့ရင်ထဲ ဝမ်းနည်းသည့်ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့ပါသည်။

ကမ္ဘာဦးကာလတွင် ရှင်သန်နိုင်ခဲ့သူများက အလွန်စွမ်းအားကြီးမားကြသည်ဟု လူတိုင်းက မှတ်ယူထားကြသည်။ သို့သော် ဘယ်လောက်ပဲ စွမ်းအားကြီးမားခဲ့ကြပါစေ မဟာကပ်ဘေးကြီးကိုတော့ မရှောင်လွှဲနိုင်ခဲ့ကြပါ။

ကျယ်ပြောလှသော ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့အကြား သက်ရှိအားလုံက သဲတစ်ပွင့်မျှသာ ခွန်အားရှိသည်။ ကောင်းကင်ဘုံတာအို ပျက်သုဉ်းသည့်အခါ ထိုသဲပွင့်များလည်း လွင့်စင်ပျောက်ကွယ်သွားရလိမ့်မည်။

ယန်ရုန်ရုန် ဖူရှန်းကြေးမုံကို ပြန်သိမ်းလိုက်ပါသည်။

“ကိုးမြီးမြေခွေး သေသွားပြီဆိုပေမယ့် ကျွန်မတို့ လမ်းကြောင်းမှန်ပေါ် ရောက်နေတယ်ဆိုတဲ့ သဘောပဲ၊ ဟူချင်းပိုင်မှာ မဟာမိတ်တစ်ယောက် ကျိန်းသေပေါက် ရှိတယ်၊ အခုအဲ့ဒီ မဟာမိတ်ကို ရှာဖို့ပဲ လိုတော့တယ်”

ထို့နောက် ယန်ရုန်ရုန့်မျက်နှာ အနည်းငယ် ထူးဆန်းသွားခဲ့သည်။ သူမ တစ်ခုခုထပ်ပြောဖို့ ကြံနေသည်ဟု လောလော ထင်လိုက်သော်လည်း နောက်ဆုံးမှာတော့ ယန်ရုန်ရုန် ဘာမှ ထပ်မပြောခဲ့ပါ။

ဟူချင်းပိုင်ကော၊ ကိုးမြီးမြေခွေးကော သေဆုံးသွားပြီဖြစ်သဖြင့် ယန်ရုန်ရုန်တို့ မြေခွေးမိစ္ဆာတောင်ပေါ်မှာ ဆက်နေစရာအကြောင်း မရှိတော့ပေ။ ထို့ကြောင့် ထွက်ခွာရန် ပြင်ကြသည်။

သူတို့ကို ခဏလောက် ဆက်နေရန် ဟူထျန်းယင် ဖြောင်းဖြခဲ့သော်လည်း မအောင်မြင်သဖြင့် မြေခွေးမိစ္ဆာတောင်၏ ထွက်ပေါက်အထိ သူမ လိုက်ပို့ပေးခဲ့ပါသည်။

နှုတ်ဆက်ခါနီးတွင် ဟူထျန်းယင်က တောင်းဆိုလိုက်သည်။

“ကိုးမြီးမြေခွေးနဲ့ ဟူချင်းပိုင်တို့ကို သတ်သွားတဲ့ တရားခံကို ရှာတွေ့ရင် ကျွန်မကို အကြောင်းကြားပေးပါနော်”

ဘာတွေပဲဖြစ်ခဲ့ပါစေ ဟူချင်းပိုင်က မြေခွေးမိစ္ဆာမျိုးနွယ်ဟု၏အကြီးအကဲတစ်ဦးဖြစ်ကာ ကိုးမြီးမြေးခွေးကလည်း သူမတို့အားလုံး၏ဘိုးဘေးဖြစ်သည်။ ယခု နှစ်ယောက်စလုံး အကွက်ကျကျ ကြံစည်သတ်ဖြတ်ခံလိုက်ရသဖြင့် ကလဲ့စားချေရမှ ဖြစ်ပါမည်။

မဟုတ်ပါက ထိုအငြှိုးတရားကို ဟူထျန်းယင် တစ်သက်လုံး မျိုသိပ်ထားနိုင်မှာ မဟုတ်ပါ။

ဟမ်ယဲ့က ခေါင်းညိတ်လိုက်ပြီး သူမ၏ တောင်းဆိုချက်ကို သဘောတူလိုက်ပါသည်။ ဟူထျန်းယင်လည်း အကြိမ်ကြိမ်အခါခါ ကျေးဇူးတင်လိုက်တော့သည်။

ပျံလွှားငါးကြီး အဝေးသို့ ရောက်ရှိသွားခါမှ ဟူထျန်းယင် ပြန်လှည့်လာခဲ့ပါသည်။ သူမ၏ ဂူသို့ ပြန်ရောက်သောအခါ ညီအစ်မများ၏ ဖိတ်ကြားမှုကို ငြင်းဆန်လျက် ဂူအောင်းကျင့်ကြံဖို့ ဆုံးဖြတ်လိုက်တော့သည်။

ဟူချင်းပိုင်နှင့် ယန်ရုန်ရုန်တို့၏ တိုက်ပွဲကို မျက်မြင်တွေ့ခဲ့ရသဖြင့် ဟူထျန်းယင် အလွန်တုန်လှုပ်ခဲ့ရသည်။ မြေခွေးမိစ္ဆာမျိုးနွယ်စု၏ အကြီးအကဲနှင့် ဘိုးဘေးတို့၏ ရုတ်ခြည်းဆန်သော သေဆုံးမှုကြောင့် ကြီးမားသည့် အန္တရာယ်အငွေ့အသက်တစ်ခုကို သူမ ခံစားလာရသည်။

ထို့ကြောင့် သူမ အမြန်ဆုံး ပိုသန်မာလာမှ ဖြစ်ပါမည်။

နောက်ကွယ်က ကြိုးကိုင်သူမှာ ဘယ်သူဘယ်ဝါဖြစ်မှန်း မသိနိုင်သော်လည်း အမှန်တရားတစ်ခုကိုတော့ ဟူထျန်းယင် နားလည်လိုက်ပါသည်။ အားကြီးသူက အားနည်းသူကို ဝါးမျိုတတ်သည့် ဒီကမ္ဘာကြီးတွင် လုံလောက်သည့် စွမ်းအားကို ပိုင်ဆိုင်ထားမှသာ သူမနှင့် မြေခွေးမျိုးနွယ်စု၏ ဘေးကင်းလုံခြုံမှုကို အာမခံနိုင်ပါလိမ့်မည်။

--- --- ---

ကောင်းကင်ယံတွင် ပျံလွှားငါးကြီး လျှင်မြန်စွာ ပျံသန်းနေခဲ့သည်။ ယန်ရုန်ရုန်လည်း တစ်လမ်းလုံး တိတ်ဆိတ်နေခဲ့ပါသည်။

မြို့ငယ်လေးတစ်မြို့ပေါ်မှ ပျံသန်းသွားစဉ် ယန်ရုန်ရုန် ရုတ်တရက် ရေရွတ်လိုက်သည်။

“မဟုတ်သေးဘူး…”

ဟမ်ယဲ့က မေးသည်။

“ဘာကိုပြောတာလဲ”

ယန်ရုန်ရုန် ဟမ်ယဲ့ကို မော့ကြည့်လိုက်ပြီး ခေတ္တတွန့်ဆုတ်သွားပြီးနောက် ရှင်းပြလိုက်ပါသည်။

“ကျွန်မတို့ ကိုးမြီးမြေခွေးနဲ့ ပတ်သတ်တဲ့ သဲလွန်စတွေကို ရှာတွေ့ရုံပဲရှိသေးတယ်၊ သူနှုတ်ပိတ်ခံလိုက်ရပြီ၊ နောက်ကွယ်က ကြိုးကိုင်သူရဲ့ လှုပ်ရှားမှုတွေက မြန်ဆန်လွန်းတယ်မထင်ဘူးလား”

သူမ ဘာကို ဆိုလိုချင်မှန်း ဟမ်ယဲ့ ချက်ချင်း နားလည်သွားခဲ့ပြီး အတည်ပေါက် မေးမြန်းလိုက်ပါသည်။

“ငါတို့နောက်ကို တစ်ယောက်ယောက် လိုက်နေတယ်လို့ သံသယဖြစ်မိလို့လား”

သို့သော် သူချက်ချင်း ခေါင်းခါကာ ထိုအတွေးကို ပြန်ပယ်ဖျက်လိုက်သည်။

“ဒီခရီးတစ်လျှောက်လုံး ငါအရမ်း သတိထားခဲ့တာ၊ မိစ္ဆာအာရုံကိုလည်း အမြဲတမ်း ဖြန့်ကျက်ထားတယ်၊ တစ်ယောက် ယောက်သာ ငါတို့နောက် တကယ် လိုက်နေတယ်ဆိုရင် ငါကျိန်းသေပေါက် အာရုံခံမိခဲ့မှာပေါ့”

ယန်ရုန်ရုန် နှုတ်ခမ်းများ စည်းတင်းသွားခဲ့သည်။

“ခြေရာခံ လိုက်တာမျိုး မဟုတ်လောက်ဘူး…”

သူမက ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်ရှိသော ကျင့်ကြံသူတစ်ဦးဖြစ်သည်။ ဟမ်ယဲ့ကလည်း ဟင်းလင်းပြင်ဖောက်ထွင်းခြင်းအဆင့်ရှိသော မိစ္ဆာကျင့်ကြံသူတစ်ဦးဖြစ်ကာ ရှေးဟောင်းနတ်သားရဲဖြစ်သော လောလော၊ ရှေးဟောင်းကျိန်စာသားရဲများဖြစ်ကြသော လျို့လန်၊ မုထုန်တို့လည်း သူမတို့နှင့် အတူတူ ပါလာကြသည်။

အားလုံး၏ စွမ်းအားကိုသာ ပေါင်းစည်းလိုက်လျှင် သူတို့သတိမထားမိအောင် တိတ်တဆိတ် နောက်ယောင်ခံ လိုက်နိုင်မည့်သူမျိုးဟူသည် မိစ္ဆာနယ်မြေတစ်ခုလုံးတွင် မရှိနိုင်ပေ။

All Chapters