← Chapters

အခန်း (၂၅၃-၂၅၄)

Vol. 26 Ch. 253-254

အခန်း (၂၅၃-၂၅၄)

Vol. 26 Ch. 253-254

🌹Chapter 253

ဘုန်းတော်ငယ်လေးမှာ ညည့်နက်မှသာ ကျောင်းဆောင်သို့ပြန်ကာ အနားယူနိုင်သည်။ အိပ်ရာပေါ်တွင် လှဲလျောင်းလိုက်သည်နှင့် မကြာမီမှာပင် အိပ်ပျော်သွားခဲ့ပါသည်။

သေးငယ်သော မက်မွန်ပွင့်ဖတ်လေးမှာလည်း သူနှင့်အတူ အိပ်စက်နေသည့်အလား သူ့ခေါင်းအုံးပေါ်တွင် တိတ်တဆိတ် လှဲလျောင်းနေခဲ့သည်။

နောက်တစ်နေ့မနက် ဘုန်းတော်ငယ်လေး အိပ်ရာနိုးလာသောအခါ မက်မွန်ပွင့်ဖတ်လေးကို တွေ့ရှိသွားခဲ့သည်။ တစ်ချိန်က နုနယ်လှပခဲ့သော ပွင့်ဖတ်ကလေးမှာ ယခုတော့ ညှိုးနွမ်းခြောက်သွေ့သွားခဲ့ပါပြီ။ ဘုန်းတော်ငယ်လေးက ထိုပွင့်ဖတ်လေးကို လက်ချောင်းဖြင့် ညှပ်ကာ ထပ်ခါတလဲလဲ စစ်ကြည့်လိုက်သည်။

ထို့နောက် လွှင့်မပစ်ဘဲ ဗုဒ္ဓကျမ်းစာအုပ်တစ်အုပ်ကြားတွင် ဂရုတစိုက် ညှပ်၍ သိမ်းဆည်းထားလိုက်ပါသည်။

နောက်ပိုင်း နေ့ရက်များတွင်လည်း ဘုန်းတော်ငယ်လေးက ယခင်ကလိုပဲ မက်မွန်ပင်ကို ရေသွားလောင်းသည်၊ ရေခပ်သည်၊ ထင်းခုတ်သည်၊ ဆွမ်းချက်သည်၊ ပြီးလျှင် ဆရာတော်၏ တရားတော်များကို နာကြားခဲ့သည်။

မနက်ခင်း နိုးထလာသည့်အချိန်တိုင်းမှာလည်း သူ့ဘေးတွင် မက်မွန်ပွင့်ဖတ်လေးများကို တွေ့မြင်ရဆဲဖြစ်သည်။ ထိုပွင့်ဖတ်လေးများကို သူသေသေချာချာ သိမ်းဆည်းထားခဲ့ပါသည်။

ဒီလိုနှင့် နေ့ပေါင်းညပေါင်းများစွာ ကုန်လွန်သွားခဲ့သည်။

ဘုန်းတော်ငယ်လေးမှာ တဖြည်းဖြည်း အရွယ်ရောက်လာသည်။ တချိန်က ပိန်ပါးနုနယ်ခဲ့သော ခန္ဓာကိုယ်မှာလည်း အရပ်ရှည်ကာ ကြံ့ခိုင်လာခဲ့သည်။ မျက်နှာပေါ်မှ ကလေးဆန်မှုများလည်း ပျောက်ကွယ်ကာ ရုပ်ရည်ပြေပြစ်လာခဲ့သည်။

ဆရာတော်ကြီး ပရိနိဗ္ဗာန်စံပြီးနောက်တွင် ဘုန်းတော်ငယ်လေးက ကျောင်းတော်ကို ဆက်ခံကာ ကျောင်းထိုင်ဆရာ တော်အသစ် ဖြစ်လာခဲ့ပါသည်။

ဆရာတော်ကြီး၏ နမူနာကိုယူ၍ သူသည်လည်း ဘုန်းတော်ငယ်လေးတစ်ပါးကို တပည့်အဖြစ် လက်ခံခဲ့သည်။ ကျောင်းတော်၏ ဝေယျာဝစ္စကိစ္စများကို လုပ်ဆောင်ပေးမည့် တပည့်တစ်ယောက် ရှိလာပြီဖြစ်၍ ယခင်ကလို နေ့တိုင်း ရေခပ်၊ ထင်းခုတ်ရန် မလိုတော့ပေ။

ကျောင်းတော်အတွင်းမှာသာ နေထိုင်ပြီး တရားကျင့်ကြံနိုင်ခဲ့ပါသည်။

မက်မွန်ပွင့်မိစ္ဆာမလေးက သူရောက်လာမည့်အချိန်ကို နေ့ရက်ပေါင်းများစွာ စောင့်ဆိုင်းနေခဲ့သော်လည်း သူမတွေ့ချင်သော လူသားကို မတွေ့ရတော့ပေ။

သူမ သည်းမခံနိုင်တော့သည့် ညတစ်ညတွင် လူသားအသွင်ပြောင်းကာ ကျောင်းတော်သို့ ရောက်လာခဲ့ပါသည်။

--- --- ---

ယန်ရုန်ရုန် အသိစိတ်ပြန်ဝင်လာသောအခါ ထိုကျောင်းတော်ဝန်းထဲသို့ သူမ ရောက်ရှိနေခဲ့သည်။ သူမရှေ့တွင် တင်းတင်းကျပ်ကျပ် ပိတ်ထားသော ကျောင်းတော်တံခါးပေါက်များ ရှိနေပါသည်။

ညကောင်းကင်ယံတွင် လမင်းကြီးမှာ မြင့်မားစွာ ထွန်းလင်းနေပြီး မြေပြင်ပေါ်တွင် ငွေရောင်နှင်းမှုန်များ ဖြန့်ခင်းထားသကဲ့သို့ တောက်ပနေခဲ့သည်။

ယန်ရုန်ရုန် သူမဝတ်ဆင်ထားသည့် ဝတ်စုံကို ငုံ့ကြည့်လိုက်သည်။ ပန်းရောင်နှင့် အဖြူရောင်တို့ ရောစပ်ထားသည့် ဝတ်စုံတစ်ခုပင်။

သူမ၏ နှာခေါင်းဝတွင်လည်း သင်းပျံ့သည့် မက်မွန်ပွင့်ရနံ့တစ်ခုကို ရရှိနေပါသည်။ ယန်ရုန်ရုန် ခေါင်းပြန်မော့ကြည့်လိုက်ရာ လေထဲတွင် စာသားများ ပေါ်လာခဲ့သည်။

“စကားတစ်ခွန်းမှ မပြောရရင်တောင် ဘုန်းတော်ငယ်လေးကို နေ့တိုင်း မြင်တွေ့ခွင့်ရမယ်ဆိုရင် ပျော်ရွှင်နိုင်တယ်လို့ မက်မွန်ပွင့်မိစ္ဆာမလေး ခံစားခဲ့ရတယ်၊ ဒါပေမယ့် မကြာသေးခင်က ဘုန်းတော်ငယ်လေး သူ့ဆီရောက်မလာတော့ဘဲ ပျောက်ကွယ်သွားခဲ့တယ်၊ သူ့စိတ်တွေ လေးလံလာပြီး ဘုန်းတော်ငယ်လေးကို ထပ်မမြင်နိုင်တော့မှာ စိုးရိမ်မိခဲ့တယ်၊ အဲ့တာကြောင့် ကျောင်းတော်ဆီ ကိုယ်တိုင် ရောက်လာပြီး သူ့ခံစားချက်တွေကို ဖွင့်ဟဝန်ခံဖို့ ဆုံးဖြတ်ခဲ့တာပေါ့”

ခေတ္တကြာပြီးနောက် ထိုစာသားများ ပျောက်ကွယ်သွားခဲ့သည်။

သူမခြေထောက်တွေ အလိုလို လှုပ်ရှားသွားသည်ဟု ယန်ရုန်ရုန် ခံစားလိုက်ရသည်။ လှေကားထစ်များပေါ်သို့ တက်လာပြီး တံခါးရှေ့သို့ ရောက်ရှိလာခဲ့သည်။ ထို့နောက် သူမလက်မှာ အလိုလို မြောက်တက်လာခဲ့ပြီး တံခါးကို ခေါက်လိုက်တော့သည်။

ယန်ရုန်ရုန် အလွန်ထိတ်လန့်သွားခဲ့ရပါသည်။ တံခါးခေါက်ဖို့ အစီအစဉ်မရှိခဲ့သော်လည်း သူမ၏ ခန္ဓာကိုယ်ကို လုံးဝ ထိန်းချုပ်မရခဲ့ပေ။

ထိုအခါ အတွင်းဘက်မှ ကြည်လင်ပြတ်သားသည့် အမျိုးသားအသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

“ဝင်ခဲ့ပါ”

အားတစ်ခုမှ ယန်ရုန်ရုန့်ကို တွန်းပို့လိုက်သဖြင့် တံခါးကိုဖွင့်ကာ ကျောင်းတော်ထဲ ဝင်လာခဲ့သည်။ ယခုချိန်တွင် သူမက “Auto-play” လုပ်ထားသော ဂိမ်းဇာတ်ကောင်တစ်ကောင်ကဲ့သို့ ခံစားနေရပါသည်။ သူမတွင် အသိစိတ် ရှိနေသေးသော်လည်း ခန္ဓာကိုယ်က သူမအပိုင် မဟုတ်တော့ပေ။

ကျောင်းတော်အတွင်း ရုပ်ရည်ပြေပြစ်သော ဘုန်းတော်ငယ်တစ်ပါးက စင်မြင့်တစ်ခုပေါ် တင်ပလ္လင်ခွေကာ ထိုင်နေပါသည်။ ပွပွယောင်းယောင်းနှင့် မှောင်မှိုင်းသော သင်္ကန်းကို ခြုံထားပြီး လက်ထဲက ကျမ်းစာအုပ်ကို အကြည့်မခွာဘဲ ဖတ်ရှုနေသည်။

ကျောင်းတော်ထဲ ဝင်လာသူက သူ့တပည့်ငယ်ဟု ထင်မှတ်သွားပြီး ခေါင်းမော့မကြည့်ခဲ့ဘဲ မေးလိုက်ပါသည်။

“ညည့်တောင်နက်နေပြီ၊ ဘာကိစ္စရှိလို့လဲ”

သူမ ပုံပြင်ထဲသို့ ဝင်ရောက်လာပြီး ဇာတ်လိုက်မင်းသမီးဖြစ်သူ မက်မွန်ပွင့်မိစ္ဆာမလေး ဖြစ်သွားခြင်း ဖြစ်မည်ဟု ယန်ရုန်ရုန် ခန့်မှန်းလိုက်ပါသည်။ သူမရှေ့ရှိ ဘုန်းတော်ငယ်က ဇာတ်လိုက်မင်းသား ဖြစ်လောက်သည်။

လေပေါ်တွင် ပျံဝဲနေခဲ့သည့် စာသားများက ဇာတ်ညွှန်းဖြစ်နိုင်သည်။ ဇာတ်လိုက်မင်းသမီးတစ်ယောက်အနေဖြင့် ဇာတ်ညွှန်းအတိုင်း ဆောင်ရွက်ရပါမည်။ သူမ စကား မပြောချင်သော်လည်း ပါးစပ်က အလိုလိုပွင့်လာကာ နူးညံ့ချိုမြိန်သည့် အသံလေးတစ်သံ ထွက်လာခဲ့သည်။

“ပြီးခဲ့တဲ့ ရက်တွေတုန်းက မက်မွန်ပင်ကို ဘာလို့ ရေလာမလောင်းတော့တာလဲ”

ထိုလေသံက အလွန်နူးညံ့သိမ်မွေ့ကာ ချိုမြိန်လွန်းပါသည်။ ထိုလေသံမျိုးနှင့် ယန်ရုန်ရုန် တစ်ခါမှ စကားမပြောဖူးပေ။

ယန်ရုန်ရုန် မျက်မှောင်ကြုတ်ချင်သော်လည်း သူမ၏ မျက်နှာအမူအရာများကိုပါ ထိန်းချုပ်၍ မရခဲ့ပါ။ သူမ မျက်နှာတစ်ခုလုံး ရှက်သွေးဖြာနေပြီး သူမ၏ လှလှပပ မက်မွန်ပွင့် မျက်ဝန်းများတွင် မျှော်လင့်ချက်များ ပြည့်ဝနေခဲ့ပါသည်။

မိန်းကလေးတစ်ဦး၏ အသံကို ကြားလိုက်ရသဖြင့် ဘုန်းတော်ငယ် ချက်ချင်း မော့ကြည့်လာခဲ့သည်။ ပန်းရောင်ဝတ်စုံနှင့် မိန်းကလေးကို မြင်ပြီး သူ့မျက်ဝန်းများ အနည်းငယ် ဝိုင်းစက်သွားခဲ့သည်။ ကျမ်းစာအုပ်များကို အမြန်ချလိုက်ပြီး မတ်တပ်ရပ်ကာ မေးလိုက်ပါသည်။

“ဒကာမလေးက ဘယ်သူလဲ၊ ဒီကို ဘာလို့ရောက်လာရတာလဲ”

မက်မွန်ပွင့်မိစ္ဆာမလေးက ရှက်သွေးဖြာစွာ ပြောလိုက်သည်။ “ကျွန်မနာမည် စုဝမ်ပါ၊ ကျွန်မက မက်မွန်ပွင့်မိစ္ဆာမလေးတစ်ကောင်ပါ”

ခေတ္တရပ်တန့်လိုက်ပြီးနောက် တိုးညှင်းသောလေသံလေးဖြင့် သူမ ဆက်ပြောလိုက်သည်။

“အရှင်… နေ့တိုင်း ရေလာလောင်းပေးနေတဲ့ အဲ့ဒီမက်မွန်ပင်လေးက ကျွန်မပါပဲ”

ဘုန်းတော်ငယ်လေး မှင်သက်သွားခဲ့သည်။ သူနေ့စဉ် ရေလောင်းပျိုးထောင်ပေးခဲ့သည့် မက်မွန်ပင်က ဆွဲဆောင်မှုရှိသည့် မိန်းကလေးငယ်တစ်ဦးအဖြစ် ပြောင်းလဲသွားလိမ့်မည်ဟု သူလုံးဝ ထင်မှတ်မထားခဲ့ပေ။

အချိန်အတန်ကြာမှ သူထစ်ထစ်ငေါ့ငေါ့နှင့် ထပ်မေးလိုက်ပါသည်။

“ဒီ…ဒီကို ဘာကိစ္စနဲ့ ရောက်လာခဲ့ရတာလဲ”

စုဝမ် စိတ်လှုပ်ရှားစွာဖြင့် သူမ၏ ဝတ်ရုံစလေးများကို ကစားရင်း တုန်ယင်နေသော အသံဖြင့် ဖြေလိုက်သည်။

“မက်မွန်ပင်ကို အရှင်ရေလာမလောင်းတာ တော်တော်ကြာနေပြီလေ၊ အဲ့တာကြောင့် ကျွန်မ စိတ်ပူလို့ လာတွေ့တာပါ၊ ပြီးတော့ ကျွန်မ ပြောချင်တာတွေလည်းရှိတယ်… အရှင့်ကို ကျွန်မ… အရမ်း လေးစားကြည်ညိုပါတယ်၊ အရှင့်ဘေးမှာ တစ်သက်လုံး နေသွားချင်တယ်၊ ကျေးဇူးပြုပြီး ကျွန်မကို နှင်မထုတ်လိုက်ပါနဲ့နော်”

ထိုသို့ပြောပြီးနောက် သူမ၏ မျက်နှာမှာ အလွန်အမင်း နီရဲလာခဲ့ပါသည်။ ဘဝတွင် ပထမဆုံးအကြိမ် ရည်းစားစကား အပြောခံလိုက်ရခြင်းဖြစ်ကာ ပြောသူကလည်း အလွန်လှပသည့် မိန်းကလေးတစ်ဦးဖြစ်သဖြင့် ဘုန်းတော်ငယ်လေးလည်း မျက်နှာ နီမြန်းသွားခဲ့သည်။ သူ့လက်တွေ ဂနာမငြိမ်ဖြစ်လာပြီး ဘယ်နားထားရမှန်းမသိ ဖြစ်သွားခဲ့လေသည်။

သူမ၏ လောင်မြိုက်နေသော အကြည့်ကို ရှောင်လွှဲဖို့ ကြိုးစားရင်း သူအမြန်ပြောလိုက်သည်။

“မဖြစ်ဘူး မဖြစ်ပါဘူး! ကျုပ်က ဘုန်းတော်တစ်ပါးပဲ၊ ဘုန်းတော်တစ်ပါးရဲ့ သိက္ခာပုဒ်တွေကို စောင့်ထိန်းရမယ်၊ ဒကာမလေး စုဝမ်အနေနဲ့ အဲ့လိုအတွေးမျိုးတွေကို စွန့်လွှတ်ပြီး အခုချက်ချင်း ပြန်လိုက်ပါတော့”

ယန်ရုန်ရုန်တွေးလိုက်သည်။ ‘ကောင်းတယ်၊ သူငြင်းလိုက်တယ်ဆိုတော့လည်း ငါလှည့်ပြန်ရုံပေါ့’

သို့သော် စက္ကန့်ပိုင်းပင် မကြာလိုက်ဘဲ လေထဲတွင် စာသားအသစ်များ ပေါ်လာခဲ့ပြန်သည်။

“ဘုန်းတော်ငယ်က ငြင်းဆန်လိုက်ပေမယ့် သူ့အပေါ်မှာ မေတ္တာလုံးဝ မရှိတာ မဟုတ်မှန်း စုဝမ်သိလိုက်တယ်၊ ဘုန်းတော်တစ်ပါးဆိုတဲ့ ဂုဏ်ပုဒ်ကြောင့်သာ သူ့ကို တွန်းထုတ်ချင်ခဲ့တာလို့ ယူဆလိုက်တယ်၊ စုဝမ်က လက်မလျှော့ချင်ခဲ့ဘူး၊ ဘုန်းတော်ငယ်ကိုလည်း သူ့ရင်ထဲက ခံစားချက်အစစ်အမှန်တွေ ထုတ်ပြစေချင်တယ်”

“အဲ့တာကြောင့် သူ့အဝတ်အစားတွေကို ချွတ်ပစ်လိုက်ပြီး ဘုန်းတော်ငယ်ရဲ့ လည်ပင်းကို သိုင်းဖက်လိုက်တယ်၊ ပြီးတော့ သူ့နွေးနွေးစိုစို နှုတ်ခမ်းလေးတွေနဲ့ သူ့ပါးကို နမ်းရှိုက်လိုက်တယ်၊ ဘုန်းတော်ငယ်ရဲ့ နှလုံးသားလည်း စည်တစ်ခုလို မြည်ဟည်းသွားပြီး သွေးတွေ ဆူပွက်လာခဲ့တယ်၊ နောက်ဆုံးတော့ ရင်ထဲက ဆန္ဒကို မချုပ်တည်းနိုင်တော့ဘဲ မက်မွန်ပွင့် မိစ္ဆာမလေးကို ပြန်သိုင်းဖက်လိုက်တော့တယ်”

ထို့နောက်တွင် ဆင်ဆာဖြတ်ခံရမှာ ကျိန်းသေသော ၁၈ နှစ်အထက် ဖော်ပြချက်များစွာ ပါဝင်လာခဲ့ပါသည်။

ယန်ရုန်ရုန်: “…”

သူမသာ သာမန် စာဖတ်သူတစ်ယောက်ဆိုလျှင် ထိုကဲ့သို့ စာများကို ဖတ်မိပြီး စောင်ကိုက်မိမှာ သေချာသော်လည်း ယခုတော့ သူမက ဇာတ်လိုက်မင်းသမီးဖြစ်နေပါသည်။ ထို့ကြောင့် မပျော်သည့်အပြင် ဆဲပါ ဆဲချင်နေသည်။

ဖြောင့်မတ်မှန်ကန်ပြီး ဂုဏ်သိက္ခာရှိမည့်ပုံစံပေါက်သည့် ‘ဆရာကြီးယု’က ဒီလို စာပေမျိုးကို သဘောကျလိမ့်မည်ဟု ယန်ရုန်ရုန် ထင်မထားခဲ့မိပေ။

‘အပြင်ပန်း ရွှေရည်စိမ်ပြီး အတွင်းက ပုပ်ပွနေတယ်ဆိုတာ ဒါမျိုးပေါ့!’

ယန်ရုန်ရုန် စိတ်ထဲမှ သရော်လိုက်သည်။

‘ငါ့ကို သူ့ညစ်ညမ်းစာပေထဲမှာ ဇာတ်လိုက်မင်းသမီးနေရာက ထားချင်တယ်ပေါ့၊ ဒင်းမှာ အဲ့လိုလုပ်ဖို့ အစွမ်းအစရှိသလား ကြည့်ကြသေးတာပေါ့’

ထိုအတွေးဖြင့် သူမလက်ထဲ ကျောက်စိမ်းရောင် စုတ်တံတစ်ချောင်း ပေါ်လာခဲ့သည်။ ထိုစုတ်တံက အခြားမဟုတ်ဘဲ သူမဝိညာဉ်နှင့် စည်းနှောင်ထားသည့် ရွှမ်ကျီးကလောင်တံပင်။

ထိုကလောင်တံကို သူမ ဒန်တျန်အတွင်း ထည့်သွင်းပြီး ဝိညာဉ်စွမ်းအင်များဖြင့် ပျိုးထောင်ထားခြင်းဖြစ်သည်။ ထို့ကြောင့် သူမဝိညာဉ်ရှိနေသေးသရွေ့ ကလောင်တံကို ဘယ်နေရာမှာမဆို ဆင့်ခေါ်နိုင်ပါလိမ့်မည်။

ကလောင်တံ၏ ကိုယ်ထည်က နွေးထွေးချောမွတ်နေသည်။ သူမလက်ဖဝါးထဲ ရောက်ရှိလာသောအခါ ရွှင်ပျသော ရောင်ဝါတစ်ခုကို ထုတ်လွှတ်လိုက်ပါသည်။ သခင်ဖြစ်သူနှင့် အတူတူ ထပ်မံတိုက်ပွဲဝင်ရန် အသင့်ဖြစ်နေကြောင်း ပြသနေပုံပင်။

ယန်ရုန်ရုန် လက်ချောင်းများကို ဖွင့်လိုက်သည်။ ထိုအခါ ရွှမ်ကျီးကလောင်တံက လေပေါ်ပျံတက်သွားပြီး ဇာတ်ညွှန်း စာသားများအပေါ်တွင် ရပ်တန့်သွားခဲ့သည်။

ဝိညာဉ်စည်းနှောင်ထားသည့် နတ်ရတနာတစ်ခုဖြစ်သဖြင့် သူမ၏ စိတ်ဆန္ဒနှင့် တစ်ထပ်တည်း ကျနေပါသည်။ ထို့ကြောင့် ယန်ရုန်ရုန့်၏ စိတ်အလိုအတိုင်း ရွှမ်ကျီးကလောင်တံကလည်း စာသားများကို စတင်ခြစ်ဖျက်ပြီး ပြင်ဆင်လေတော့သည်။

သို့သော် ဒီနေရာက အခြားတစ်ယောက်၏ နယ်မြေပိုင်နက်ဖြစ်နေသဖြင့် သူမ ပြင်ဆင်နိုင်သည့်အတိုင်းအတာမှာ အကန့်အသတ်ရှိနေပါသည်။

ထို့ကြောင့် နောက်ဆုံးတွင် စကားလုံး အနည်းငယ်ကိုသာ ယန်ရုန်ရုန် အောင်အောင်မြင်မြင် ပြောင်းလဲနိုင်ခဲ့တော့သည်။

🌹Chapter 254

ရွှမ်ကျီးကလောင်တံ ချက်ချင်း ပျောက်ကွယ်သွားပြီး ယန်ရုန်ရုန်၏ ဒန်တျန်အတွင်းသို့ ပြန်လည်ဝင်ရောက်သွားခဲ့ပါသည်။

ယန်ရုန်ရုန် ခေါင်းမော့ကြည့်လိုက်ပြန်ရာ လေပေါ်ရှိ စာသားများ အနည်းငယ် ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည်။

“ဘုန်းတော်ငယ်က ငြင်းဆန်လိုက်ပေမယ့် သူ့အပေါ်မှာ မေတ္တာလုံးဝ မရှိတာ မဟုတ်မှန်း စုဝမ်သိလိုက်တယ်၊ ဘုန်းတော်တစ်ပါးဆိုတဲ့ ဂုဏ်ပုဒ်ကြောင့်သာ သူ့ကို တွန်းထုတ်ချင်ခဲ့တာလို့ ယူဆလိုက်တယ်၊ စုဝမ်က လက်မလျှော့ချင်ခဲ့ဘူး၊ ဘုန်းတော်ငယ်ကိုလည်း သူ့ရင်ထဲက ခံစားချက်အစစ်အမှန်တွေ ထုတ်ပြစေချင်တယ်”

“အဲ့တာကြောင့် [Xသူ့အဝတ်အစားတွေကိုX] သူ့ဖိနပ်တွေကို ချွတ်ပစ်လိုက်ပြီး ဘုန်းတော်ငယ်ရဲ့ လည်ပင်းကို [Xသိုင်းဖက်လိုက်တယ်X] ဆွဲညှစ်လိုက်တယ်၊ ပြီးတော့ သူ့[Xနွေးနွေးစိုစို နှုတ်ခမ်းလေးတွေX] ဖိနပ်လျှာနဲ့ သူ့ပါးကို [Xနမ်းရှိုက်လိုက်တယ်X] ဖြတ်ရိုက်လိုက်တယ်၊ ဘုန်းတော်ငယ်ရဲ့ နှလုံးသားလည်း စည်တစ်ခုလို မြည်ဟည်းသွားပြီး သွေးတွေ ဆူပွက်လာခဲ့တယ်၊ နောက်ဆုံးတော့ ရင်ထဲက ဆန္ဒကို မချုပ်တည်းနိုင်တော့ဘဲ မက်မွန်ပွင့် မိစ္ဆာမလေးကို ပြန်သိုင်းဖက်လိုက်တော့တယ်”

ခဏအကြာတွင် ထိုစာသားများ ပျောက်ကွယ်သွားခဲ့သည်။

အထိန်းချုပ်ခံရသည့် ခံစားချက်ကြီး ယန်ရုန်ရုန့်ထံ ပြန်လည်ရောက်ရှိလာခဲ့ပါသည်။

ယန်ရုန်ရုန့်မျက်နှာ ရှက်သွေးဖြာ နီမြန်းသွားပြီး မျက်ဝန်းများကလည်း စမ်းရေပမာ တောက်ပနေခံသည်။ ဘုန်းတော်ငယ်ကို ရှက်ကိုးရှက်ကန်းအကြည့်လေးဖြင့် ကြည့်ကာ ခါးကုန်းလျက် သူမ ဖိနပ်ကို ချွတ်လိုက်သည်။

ပိုးသားခြေအိတ်လေးများကိုသာ ဝတ်ဆင်ထားလျက် ကြမ်းပြင်ပေါ် ခြေချကာ ဘုန်းတော်ငယ်ထံ ဖြည်းဖြည်းချင်း လျှောက်လာခဲ့ပါသည်။

ဘုန်းတော်ငယ်က သူမကို ဇဝေဇဝါကြည့်နေပြီး သူမ ဘာလုပ်ဖို့ ကြံနေကြောင်းကိုလည်း မခန့်မှန်းနိုင်ခဲ့ပါ။

သူ့ထံရောက်ရှိသွားသောအခါ ယန်ရုန်ရုန့် မျက်တောင်ရှည်လေးများ လှုပ်ခါသွားပြီး အလွန်ချိုမြိန်သော အသံလေးဖြင့် ဆိုလိုက်သည်။

“ကျွန်မ အရှင့်ကို တကယ်သဘောကျတာပါ”

ဘုန်းတော်ငယ် ဘာမှပြန်မပြောနိုင်ခင် ယန်ရုန်ရုန် ရှေ့သို့ ဆက်တိုးကာ သူ့လည်ပင်းကို ဆွဲညှစ်လိုက်သည်။

ထို့နောက် ချက်ချင်းဆိုသလို သူမလက်ထဲက ဖိနပ်ဖြင့် သူ့ပါးကို တစ်ချက်ပြီးတစ်ချက် ရိုက်နှက်လေတော့သည်။

ရိုက်နှက်ရင်းနှင့်လည်း ပါးစပ်မှ မေးမြန်းနေသေးသည်။

“ကျွန်မကိုလည်း သဘောကျတယ်မလား၊ သဘောကျတယ် မလားလို့! အရှင့်ရင်ထဲမှာ ကျွန်မကို သဘောကျနေတယ်ဆိုတာ ကျွန်မ သိတယ်နော်!”

ဘုန်းတော်ငယ် လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားခဲ့သည်။

နောက်ဆုတ်ဖို့ ကြိုးစားသော်လည်း လည်ပင်းကို ဆွဲညှစ်ခံထားရသဖြင့် မလှုပ်ရှားနိုင်ခဲ့ပါ။ ဒီမိန်းကလေးက ခန္ဓာကိုယ် သေးငယ်ပြီး အားနည်းပျော့ညံ့မည့်ပုံစံပေါက်သော်လည်း ခွန်အားက ကြောက်ဖို့ကောင်းလောက်အောင် သန်မာလွန်းသည်။

သူဘယ်လောက်ပဲ ရုန်းကန်ပါစေ မလွတ်မြောက်နိုင်ခဲ့ပေ။ မကြာမီ အောက်ဆီဂျင် ပြတ်လပ်မှုကြောင့် သူ မူးဝေလာခဲ့ကာ ပါးပြင်များကလည်း နီရဲနေခဲ့ပါပြီ။

ယန်ရုန်ရုန်ကတော့ အသည်းအသန် ဆက်မေးနေဆဲပင်။

“ပြောစမ်း! ဘာလို့ ဝန်မခံတာလဲ! သဘောကျရင် ကျတယ်ပေါ့!”

လွတ်လမ်းမရှိတော့သဖြင့် ဘုန်းတော်ငယ်လေး ကိုယ့်အသက်ကိုယ် ကယ်တင်ဖို့ အညံ့ခံလိုက်ရတော့သည်။

“သ…သဘောကျပါတယ်”

လိုချင်သည့် အဖြေကို ရလိုက်ပြီဖြစ်၍ ယန်ရုန်ရုန် နောက်ဆုံးတော့ ရပ်တန့်လိုက်ပါသည်။

ဖိနပ်ကို အောက်ပြန်ချလိုက်ပြီး သူမ၏ နူးညံ့သိမ်မွေ့သည့် လက်ချောင်းကလေးများဖြင့် နီရဲရောင်ကိုင်းနေသော သူ့မျက်နှာများကို ထိတွေ့ကြည့်လိုက်သည်။

သူမ မျက်နှာက အတော်လေး ပျော်ရွှင်နေပုံပေါက်ပါသည်။ “တကယ်လား၊ ကျွန်မကို တကယ်သဘောကျတာလား”

ဘုန်းတော်ငယ်လေး ကြောက်ရွံ့မှုကြောင့် တစ်ကိုယ်လုံး တုန်ယင်နေလေသည်။

ယခင်က ညစ်နွမ်းသည့် အတွေးများ သူ့စိတ်ထဲ ရောက်ရှိလာခဲ့လျှင်တောင် ယခုတော့ အားလုံး အမြစ်ပြတ်ပျောက်ကွယ်သွားပါပြီ။ ဆရာတော်ကြီး၏ ဆုံးမစကားကိုပင် ပြန်သတိရမိသည်။ မိန်းကလေးတစ်ယောက်က လှပလေလေ ပိုပြီး ကြောက်စရာ ကောင်းလေလေပင်။

ထိုဆုံးမစကားကို သူယခု အပြည့်အဝထောက်ခံမိပါသည်။ ဒီမိန်းကလေးက အလွန့်အလွန်ကြောက်စရာကောင်းလွန်းလှသည်။

ယန်ရုန်ရုန်ကတော့ သူ့အကြောက်တရားကို မြင်ပုံမပေါ်ပါ။

သူ့အနားသို့ တိုးလာပြီး သူမလက်ချောင်းလေးများက သူ့လည်ပင်းပေါ်မှ သူ့နှလုံးသားအထိ ဆင်းသက်လာခဲ့သည်။ သူမ နှုတ်ခမ်းနီနီလေးများကလည်း ပျော်ရွှင်ကြည်နူးမှုကြောင့် ပြုံးရွှင်နေခဲ့ပါသည်။

“ဟီးဟီး၊ ကျွန်မကို သဘောကျတယ်လို့ ပြောပေမယ့် အမှန်တကယ်လား အလိမ်အညာလားဆိုတာ မသိနိုင်ဘူးလေ၊ အရှင့်ခန္ဓာကိုယ်ကို ခွဲကြည့်ပြီး နှလုံးသားကို ကြည့်ရှုခွင့်ရမယ်ဆိုရင်တော့ ကျွန်မ ကျိန်းသေပေါက် သိနိုင်မှာပဲ”

ဘုန်းတော်ငယ်လေး ချောက်ချားသွားခဲ့သည်။

နောက်ဆုံးတော့ သူသည်းမခံနိုင်တော့ဘဲ အားကုန်ထုတ်သုံးကာ ထိုမိန်းကလေးကို တွန်းထုတ်လျက် ကြောက်လန့်တ ကြား ထွက်ပြေးသွားခဲ့ပါသည်။

“ကယ်ကြပါဦး! ကျောင်းတော်ထဲ မကောင်းဆိုးဝါးတစ်ကောင် ရောက်နေတယ်! ကယ်ကြပါဦး!”

သံကုန်ဟစ်အော်ရင်း လေဖက်ထောက်လျက်သားနှင့်ပင် တံခါးဆီသို့ သုတ်ခြေတင် ပြေးသွားခဲ့သည်။ သူ့နောက်မှ ထိုမိန်းကလေး လိုက်လာမည်စိုးသဖြင့် နောက်ပင် ပြန်လှည့်မကြည့်ရဲခဲ့ဘဲ အမှောင်ထုထဲရောက်သည်အထိ ထွက်ပြေးသွားခဲ့တော့သည်။

ယန်ရုန်ရုန်ကတော့ တစ်လှမ်းမှ မရွေ့ဘဲ ကျန်ခဲ့ပါသည်။

အမှောင်ထုထဲ တိုးဝင်ပျောက်ကွယ်သွားသည့် ဘုန်းတော်ငယ်လေး၏ အရိပ်ကို ငေးကြည့်ရင်း ယန်ရုန်ရုန် တခစ်ခစ် ရယ်မောလိုက်သည်။

“ဟင်း ယောက်ျားတွေမျာား”

ဘဝသုံးပါးဟူသည့် ပုံပြင်ကို သူမ မကြားဖူးပါ။ သို့သော် ဘုန်းတော်ငယ်၏ တုံ့ပြန်ပုံကို အကဲခတ်ကြည့်ခြင်းအားဖြင့် ဇာတ်လမ်းဇာတ်ကြောင်းကို ခန့်မှန်းနိုင်ပါသည်။

ဘုန်းတော်ငယ်လေးမှာ စုဝမ်အပေါ် စိတ်ခံစားချက် အနည်း ငယ် ရှိကောင်းရှိနိုင်ခဲ့သော်လည်း ခဏတာ ဖြစ်ပေါ်လာသော ရမ္မက်စိတ်တစ်ခုသာ ဖြစ်သည်။ ထိုစိတ်များပျောက်ကွယ်သွားပြီး ဆင်ခြင်တုံတရား ပြန်လည် ဝင်ရောက်လာသည်နှင့် လောကီအာရုံများမှ တွေဝေခြင်းမရှိဘဲ ရုန်းထွက်ကာ ဗုဒ္ဓလမ်းစဉ်ကို ဆက်လက်လျှောက်လှမ်းပါလိမ့်မည်။

စုဝမ်၏ စွဲလမ်းမှုသည်လည်း နောက်ဆုံးတွင် အိပ်မက်တစ်ခုအဖြစ်သာ ကျန်ရှိခဲ့ပါလိမ့်မည်။

ထိုစဉ် လေထဲတွင် စာသားများစွာ ရုတ်တရက် ပေါ်လာခဲ့သည်။

“ရူးသွပ်ဖွယ်ရာ ညတစ်ည ကုန်လွန်သွားပြီးတဲ့ နောက်မှာတော့ စုဝမ်က ဘုန်းတော်ငယ်လေးရဲ့ ဘေးမှာ နေထိုင်ခွင့်ရခဲ့တယ်၊ ဘုန်းတော်ငယ်လေးက မက်မွန်ပင်လေးကို ကျောင်းတော်ဝန်းထဲ ကိုယ်တိုင် ပြောင်းရွှေ့စိုက်ပျိုးခဲ့တယ်၊ နေ့တိုင်းနေ့တိုင်း အခန်းတံခါးကို ဖွင့်လိုက်တာနဲ့ မက်မွန်ပွင့်လေးတွေ ဖူးပွင့်နေတာကို မြင်နိုင်ခဲ့တယ်”

“ညအချိန်ရောက်တိုင်းလည်း မက်မွန်ပွင့်ဖတ်လေးတွေက ပြူတင်းပေါက်ကနေတဆင့် လွင့်ပျံလာပြီး ပန်းရောင်ဝတ်စုံနဲ့ ချစ်စရာ မိန်းကလေးတစ်ဦးအဖြစ် အသွင်ပြောင်းလဲသွားတတ်တယ်၊ ဘုန်းတော်ငယ်လေးက တဖြည်းဖြည်းနဲ့ ဗုဒ္ဓ စာပေတွေကို လျစ်လျူရှုလာပြီး တရားဓမ္မအပေါ်မှာလည်း စိတ်ဝင်စားမှု လျော့နည်းလာခဲ့တယ်”

“အဲ့ဒီအပြောင်းအလဲကို သူ့တပည့်ငယ်လေးတောာင် သတိထားမိပြီး ဆရာတော်ကြီးရဲ့ ဂူဗိမ္မာန်ရှေ့မှာ စိုးရိမ်တကြီး ဆုတောင်းခဲ့ရတယ်၊ အဲ့ဒီနေ့ညမှာ ပျံလွန်တော်မူသွားတဲ့ ဆရာတော်ကြီးကို ဘုန်းတော်ငယ်က အိပ်မက်မြင်မက်ခဲ့တယ်၊ မိစ္ဆာမနဲ့ ပေါင်းဖက်နေတဲ့အတွက် ဘုန်းတော်ငယ်ကို ဆရာတော်ကြီးက ဆူပူကြိမ်းမောင်းခဲ့ပြီး မှန်ကန်တဲ့ ဗုဒ္ဓလမ်းစဉ်ကို ပြန်လည်လျှောက်လှမ်းဖို့ မျက်ရည်တွေနဲ့ တိုက်တွန်းခဲ့တယ်”

“အိပ်ရာနိုးလာတဲ့အခါမှာ ဘုန်းတော်ငယ်လေးက နောင်တကြီးစွာ ရခဲ့တယ်၊ စုဝမ်နဲ့ သံယောဇဉ် နှောင်ကြိုးတွေ ချက်ချင်းဖြတ်ပြီး မက်မွန်ပင်လေးကိုပါ တူးဆွပြီးတော့ တခြားနေရာဆီ ပို့ဆောင်လိုက်တယ်၊ အဲ့ဒီအချိန်ကစပြီး လောကီအာရုံကို စွန့်ပယ်ပြီး အလင်းကို မြင်နိုင်ခဲ့လို့ တရားဓမ္မကိုသာ အားထုတ်ကြိုးပမ်း ကျင့်ကြံတော့တယ်”

“စုဝမ်က ကျောင်းတော်ကို လာရောက်ငိုကြွေးပြီး တွေ့ခွင့်ပေးဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမယ့် အမြဲတမ်း ငြင်းဆန်ခံခဲ့ရတယ်၊ သူ့ရင်ထဲ နာကျည်းမိပေမယ့် ဘာမှ မတတ်နိုင်ခဲ့ဘူး၊ တစ်နှစ်မှာ မက်မွန်ပွင့်ဖတ်လေးတွေအားလုံး ကြွေလွင့်သွားပြီး သစ်ကိုင်းတွေလည်း ခြောက်သွေ့လို့ မက်မွန်ပင်မှာ ဘယ်သောအခါမှ ပန်းတွေ ထပ်ဖူးမပွင့်တော့ဘူး”

ယန်ရုန်ရုန် စာအရှည်ကြီးကို အဆုံးထိ ဖတ်လိုက်သော်လည်း ရင်ထဲတွင်တော့ ခံစားချက်မဲ့နေလေသည်။ သူမက ပုံပြင်ထဲ ရောက်ရှိနေသော်လည်း ပွဲကြည့်ပရိတ်သတ်တစ်ယောက်သာ ဖြစ်မှန်း သတိရပါသေးသည်။

ထိုဇာတ်ကောင်တွေ ငိုသည်ဖြစ်စေ၊ ရယ်သည်ဖြစ်စေ သူမနှင့် ဘာမှ မသက်ဆိုင်ပါ။

သူမ သိချင်သည့်အရာတစ်ခုတည်းသာ ရှိသည်။

‘ဒါတွေကို ရေးခဲ့တဲ့လူရဲ့ ရည်ရွယ်ချက်က ဘာလဲ’

ထိုစဉ် လေထဲရှိ စာသားများ တဖျပ်ဖျပ် မှေးမှိန်သွားသည်။ ထို့နောက် မမြင်ရသည့် ဧရာမ လက်ကြီးတစ်ဖက်ဖြင့် ပယ်ဖျက်ခံလိုက်ရသည့်နှယ် စာသားအားလုံး ပျောက်ကွယ်သွားပြီး စာသားအသစ်များ ပေါ်လာခဲ့ပါသည်။

“ရုတ်တရက် ပေါ်လာတဲ့ မက်မွန်ပွင့် မိစ္ဆာမကြောင့် ဘုန်းတော်ငယ်လေး အသည်းခိုက်အောင် ထိတ်လန့် ချောက်ချားသွားပြီး ထွက်ပြေးသွားခဲ့တယ်၊ သူ့တပည့်ငယ်လေးနဲ့အတူ ပြန်ရောက်လာတော့ လှပပေမယ့် ကြောက်စရာ ကောင်းလွန်းတဲ့ မိစ္ဆာမ မရှိတော့ဘဲ မက်မွန်ပွင့်ရနံ့ သင်းသင်းပျံပျံ့လေးသာ ကျန်ရစ်ခဲ့တော့တယ်”

“ဘုန်းတော်ငယ်လည်း စိတ်သက်သာရာရသွားပြီး သက်ပြင်းတောင် ချမိတယ်၊ အဲ့ဒီအချိန်ကစပြီး ကျောင်းတော်အပြင်ဘက်ကို သူခြေမလှမ်းရဲတော့ဘူး၊ လောကီကိစ္စတွေနဲ့ အဝေးဆုံးမှာနေပြီး တရားကျင့်ကြံခဲ့လို့ နောက်ဆုံးမှာတော့ ထင်ရှားကျော်ကြားတဲ့ ဘုန်းတော်တစ်ပါး ဖြစ်လာခဲ့တယ်”

“စုဝမ်ကလည်း သူ့ကို ဘယ်တော့မှ ထပ်သွားမတွေ့တော့ဘူး၊ စိတ်မကောင်းဖြစ်မိပေမယ့် ဘုန်းတော်ငယ်လေးက သူ့အပေါ် ခံစားချက်မရှိဘူးဆိုတာ နားလည်ခဲ့ရတယ်၊ အဲ့တာကြောင့် စွဲလမ်းမှုတွေကို စွန့်လွှတ်ပြီး လွတ်လပ်စွာ နေထိုင်ရင်း ရာသီနဲ့အတူ ပွင့်ဖူးလိုက် ကြွေလွင့်လိုက်နဲ့ အေးအေးချမ်းချမ်း ရှိနေခဲ့တော့တယ်”

နောက်ဆုံးစာသားကို ယန်ရုန်ရုန် ဖတ်ရှုလိုက်သောအခါ သူမ ဘေးပတ်လည်ရှိ မြင်ကွင်းများအားလုံး ပျောက်ကွယ်သွားခဲ့သည်။

အဖြူရောင် မြူခိုးမြူငွေ့များ ပြန်လည် ရောက်ရှိလာပြီး အရာရာ မှုန်ရီဝေဝါးသွားခဲ့သည်။

သူမ အောက်တွင် လှေကလေး လှုပ်ခါနေသည်ကို ခံစားလိုက်ရပြီး ရေစီးသံသဲ့သဲ့ကိုလည်း ကြားလိုက်ရသည်။ သူမ လှေပေါ်တွင် ရှိနေဆဲဖြစ်ပုံရသည်။

စောစောက အရာအားလုံးမှ ပုံပြင်ကြောင့် ဖြစ်တည်လာသော ပုံရိပ်ယောင်များသာ…

ထိုစဉ် သက်ပြင်းချသံသဲ့သဲ့ ထွက်ပေါ်လာပြီး ဆရာကြီးယု၏ အသံကိုပါ ကြားလိုက်ရသည်။

“မင်း ငါ့ဇာတ်သိမ်းကို တကယ် ပြန်ပြင်ရေးလိုက်တာပဲ”

အသံလာရာဘက်သို့ ယန်ရုန်ရုန် လှည့်ကြည့်လိုက်ရာ သူမ ရှေ့တည့်တည့်တွင် ထိုင်နေသည့် ဆရာကြီးယုကို မြင်လိုက်ရသည်။ သူမတို့အကြား စားပွဲပုလေးတစ်လုံး ရှိနေဲဖြစ်ပြီး မိစ္ဆာခရီးသည် လေးဦးကလည်း ထိုစားပွဲတွင် ထိုင်နေကြဆဲပင်။

သို့သော် ထိုခရီးသည်လေးဦး၏ မျက်လုံးများက မှေးမှိန်ကာ ရီဝေနေခဲ့ပြီး တစ္ဆေပူးကပ်ခံထားရသကဲ့သို့ ကျောက်ရုပ်ပမာ ငြိမ်သက်နေကြသည်။

ပုံပြင်ထဲတွင် လုံးဝ နစ်မျောနေကြပုံပေါ်ပြီး အချိန်တိုအတွင်း နိုးထလာနိုင်မည့်ပုံ မပေါက်ပေ။

All Chapters