အခန်း (၂၅၅-၂၅၆)
Vol. 26 Ch. 255-256
🌹Chapter 255
ယန်ရုန်ရုန် အေးအေးလူလူ ပြန်ပြောလိုက်သည်။
“ကျွန်မက စကားလုံးတချို့ပဲ ပြောင်းလိုက်တာပါ၊ စုဝမ်နဲ့ အဲ့ဒီဘုန်းတော်တို့ရဲ့ ချစ်မေတ္တာက ရှင်ထင်သလောက် ခိုင်မာနေမယ်ဆိုရင် အဲ့လို ကြားဖြတ်နှောင့်ယှက်မှု သေးသေးလေးတစ်ခုကြောင့် စိတ်ပြောင်းသွားကြပါ့မလား၊ နောက်ဆုံးကျတော့လည်း ရှင့်ပုံပြင်ထဲက ဇာတ်ကောင်တွေရဲ့ စိတ်ကိုက နူးညံ့ပျော့ပြောင်းလွန်းတာ၊ စမ်းသပ်မှု သေးသေးလေးကိုတောင် ခံနိုင်ရည်မရှိကြဘူး”
ဆရာကြီးယုက ရယ်မောလိုက်သည်။
“မင်းကိုကြည့်ရတာ အချစ်ဇာတ်လမ်းတွေအပေါ် အမြင်စောင်းနေသလိုပဲ”
“ကျွန်မက အချစ်ဇာတ်လမ်းတွေအပေါ် အမြင်စောင်းတာမဟုတ်ပါဘူး၊ ‘အချစ်’ဆိုတဲ့ စကားလုံးက မြင့်မြတ်တယ်၊ စစ်မှန်တယ်၊ ပြီးတော့ ဖြူစင်သန့်စင်တယ်၊ အဲ့တာမျိုးကို ပိုင်ဆိုင်ရဖို့ဆိုတာ သုံးဘဝစာ ကုသိုလ်ကံပါလာမှ ဖြစ်မှာ”
ဆရာကြီးယုက ထပ်မေးသည်။
“အဲ့တာဆို ငါ့ပုံပြင်ကို ဘယ်လိုသဘောရလဲ”
ယန်ရုန်ရုန် ခပ်ပါးပါးပြုံးလိုက်ပြီး ပီပီသသ တစ်လုံးချင်း ပြန်ဖြေလိုက်သည်။
“ညံ့ဖျင်းတယ်”
ထိုစကားဆုံးသည်နှင့် သူမအောက်ရှိ လှေကလေး ရုတ်တ ရက် ငြိမ်သက်သွားသည်ကို ခံစားလိုက်ရသည်။ စမ်းချောင်းမှ ရေစီးသံများလည်း ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။
ကမ္ဘာကြီးတစ်ခုလုံး အေးခဲသွားသလို ခံစားလိုက်ရသဖြင့် သူမအဖြေက ဆရာကြီးယု၏ ချက်ကောင်းကို ထိမှန်သွားမှန်း ယန်ရုန်ရုန် သိလိုက်ပါသည်။
အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားပြီးနောက် စမ်းချောင်းရေများက ရုတ်တရက် ပြင်းထန်စွာ လှိုင်းထလာခဲ့သည်။ ထို့နောက် ဖြူဖျော့နေသည့် တစ္ဆေလက်ကြီးများ ရေထဲမှ ထွက်လာကာ ယန်ရုန်ရုန့်ထံ ဦးတည်လာခဲ့ပါသည်။
ကံကောင်းစွာဖြင့် ယန်ရုန်ရုန် အလျှင်အမြန်တုံ့ပြန်ခဲ့ပြီး အချိန်မီ ရှောင်ရှားနိုင်လိုက်သည်။
သို့သော်လည်း ကျန်ခရီးသည်လေးဦးကတော့ ကံမကောင်းလှပါ။ စမ်းချောင်းထဲမှ တစ္ဆေလက်များစွာ ထပ်မံ ထွက်ပေါ်လာပြီး ခရီးသည်လေးဦးကို ရေထဲသို့ အရှိန်အဟုန်ဖြင့် ဆွဲချသွားကြသည်။
မိစ္ဆာခရီးသည်လေးဦးက အသိစိတ်ပြန်ဝင်လာကြပြီး ရုတ်တရက်ဖြစ်ပျက်သွားသည့် အခြေအနေကြောင့် ထိတ်လန့် တုန်လှုပ်ကာ အသည်းအသန် ရုန်းကန်ကြတော့သည်။
သို့သော် ထိုတစ္ဆေလက်ကြီးများ၏ ခွန်အားက ကြောက်စရာကောင်းအောင် ကြီးမားလွန်းပါသည်။ သူတို့ ဘာပညာပဲ ထုတ်သုံးကြပါစေ မလွတ်မြောက်နိုင်ခဲ့ပါ။ နောက်ဆုံးမှာတော့ အာခေါင်ခြစ် အော်ဟစ်သံများနှင့်အတူ ရေနက်ထဲသို့ ဆွဲခေါ်ခံလိုက်ရတော့သည်။
ဆရာကြီးယုက ယန်ရုန်ရုန့်ကို လေးလံမှောင်မိုက်သော မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။
“မင်းက ငါ့ပုံပြင်ကို ညံ့ဖျင်းတယ်လို့ ထင်တယ်ပေါ့၊ တကယ်ညံ့ဖျင်းတဲ့ပုံပြင်ဆိုတာ ဘာမှန်း မင်းသိအောင်ပြဖို့ အချိန်တန်ပြီနဲ့တူတယ်”
ထိုစဉ် လှေကလေး ရုတ်တရက် တိမ်းစောင်းသွားခဲ့သည်။ စားပွဲပုလေး မှောက်သွားပြီး အပေါ်တွင် တင်ထားသည့် အခါးရည်အိုးများနှင့် ခွက်များပါ နေရာအနှံ့ လွင့်စင်ကုန်ကြသည်။
ယန်ရုန်ရုန်က လှေနံဘေးကို တင်းတင်း ဆုပ်ကိုင်ရင်း ဟန်ချက်ထိန်းဖို့ ကြိုးစားပါသည်။ သူမ စိတ်ပျက်လက်ပျက် ပြောလိုက်သေးသည်။
“အမှန်တရားကို ပြောပြတာလေ၊ မကြိုက်ရင် မကြိုက်ဘူးပေါ့၊ အဲ့လို ရှက်ရမ်းရမ်းပြီး ဒေါသထွက်စရာလိုလို့လား”
ထိုစဉ် ရေထဲမှ တစ္ဆေလက်များစွာ ထပ်မံထွက်ပေါ်လာသည်။ နောက်ဆုံးတော့ လှေကလေးပါ ပျက်စီးသွားပြီး ယန်ရုန်ရုန်ကော ဆရာကြီးယုကော ရေနက်ထဲသို့ ဆွဲချခံလိုက်ရပါသည်။
ယန်ရုန်ရုန်၏ နား၊ နှာခေါင်းနှင့် ပါးစပ်များကို တစ္ဆေလက်များက လာဖုံးအုပ်ထားကြသည်။ သူမ၏ ခန္ဓာကိုယ်ကို အေးစိမ့်နေသည့် စမ်းရေများက လွှမ်းခြုံသွားပြီး ခေါင်းထဲမှာလည်း ပြင်းပြင်းထန်ထန် မူးဝေသွားခဲ့ပါသည်။
အမြင်အာရုံများ အမှောင်ကျကာ ချက်ချင်းပင် အသိစိတ်လွတ်ကင်းသွားတော့သည်။
--- --- ---
ယန်ရုန်ရုန် မျက်လုံးများ ပြန်ပွင့်လာသောအခါ အရဟတ္တကုတင်တစ်လုံးပေါ်သို့ ရောက်ရှိနေခဲ့ပါသည်။ ဘေးတွင်လည်း ယောကျ်ားတစ်ဦးက သနားစရာကောင်းစွာ ငိုယိုနေလေသည်။
“ကိုယ့်အပြစ်ပါ စုဝမ်ရယ်… ကိုယ်သာ စုဝမ်ကို အပြင်ခေါ်ထုတ်မသွားခဲ့ရင် အဲ့ဒီမြွေမိစ္ဆာနဲ့ ဆုံခဲ့ရမှာ မဟုတ်ဘူး! ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ ထပ်မကြိုးစားပါနဲ့၊ ကိုယ့်အသက်ကို စတေးရမယ်ဆိုရင်တောင် စုဝမ်ကို ကာကွယ်ပေးပါ့မယ်! အီးဟီးဟီး!”
သူ့ငိုသံကြောင့် ယန်ရုန်ရုန် ခေါင်းများပင် ကိုက်ခဲလာခဲ့သည်။ သူမလက်ကို မြှောက်လျက် နားထင်ကို ပွတ်သပ်ဖို့ ကြိုးစားသော်လည်း သူမ ဘယ်သူဘယ်ဝါဖြစ်ကြောင်း၊ ဒီကို ဘယ်လိုရောက်ရှိလာကြောင်းတို့ကို လုံးဝ မမှတ်မိတော့သဖြင့် ထိတ်လန့်သွားခဲ့ရသည်။
ထိုစဉ် သူမမျက်စိရှေ့တွင် စာသားအချို့ပေါ်လာခဲ့ပါသည်။
“မင်းက စုဝမ်လို့ခေါ်တဲ့ မက်မွန်ပွင့် မိစ္ဆာမလေးတစ်ကောင်ပဲ၊ လွန်ခဲ့တဲ့ တစ်လက ဝါးစိမ်းဝိညာဉ်ကနေ ဖြစ်တည်လာတဲ့ မိစ္ဆာကျင့်ကြံသူ ကျူးယောက်နဲ့ လက်ဆက်ထိန်းမြှားခဲ့တယ်၊ မင်းတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုးပြီး အေးအေးချမ်းချမ်း သာသာယာယာ နေထိုင်ခဲ့ကြတယ်”
“ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်ရက်က ကျူးယောက်နဲ့ ခရီးအတူတူ သွားနေတုန်း မြွေမိစ္ဆာချန်းကျို့နဲ့ ဆုံခဲ့ရတယ်၊ ချန်းကျို့က မင်းကို မြင်မြင်ချင်း ချစ်မိသွားပြီး သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်မြင့်မားတာကို အသုံးချပြီးတော့ မင်းကို အတင်းအဓမ္မ ရယူဖို့ ကြိုးစားတယ်၊ မင်းက အရှက်နဲ့ သိက္ခာကို လဲဖို့ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားပေမယ့် ကျူးယောက်က အချိန်မီ လာကယ်ခဲ့တယ်”
“ကျူးယောက် ရင်တွေ နာကျင်သွားပြီး မင်းကို ကာကွယ်ပေးဖို့အတွက် မြွေမိစ္ဆာနဲ့ အသေအကျေတိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့တယ်၊ ဒါပေမယ့် မြွေမိစ္ဆာကို သူယှဉ်နိုင်မှာ မဟုတ်မှန်း မင်းသိနေခဲ့တယ်၊ ကျူးယောက် အသက်ကို အလကား မစတေးရအောင် ချန်းကျို့နဲ့ မင်း ညှိနှိုင်းခဲ့တယ်၊ အဲ့ဒီနောက် မင်းချန်းကျို့လက်ထဲ ကျရောကက်သွားပြီး သူ့ရဲ့ ကစားစရာဖြစ်သွားခဲ့တယ်”
ဇာတ်လမ်းက ထိုနေရာတွင် ရပ်တန့်သွားသည်။ ‘စုဝမ်’ဟူသည့် အမည်ကို ယန်ရုန်ရုန် အာရုံထဲ ထပ်ခါတလဲလဲ ရေရွတ်နေမိပါသည်။
ထိုအမည်က သူမ၏ အမည်အရင်းမဟုတ်ကြောင်း မသိစိတ်မှ အလိုလိုသိနေသော်လည်း သူမ သရုပ်မှန်က ဘယ်သူ ဘယ်ဝါဖြစ်ကြောင်းကိုလည်း မမှတ်မိနိုင်ခဲ့ပါ။
သူမဘေးကလူ ငိုလို့ဝသွားပုံရပြိး နီမြန်းနေသော သူ့မျက်လုံးများကို ပွတ်လျက် ရှိုက်သံဖြင့် ပြောလိုက်သည်။
“စုဝမ် အိမ်မှာပဲ ဘေးကင်းကင်းနေခဲ့နော်၊ ကိုယ်အဲ့ဒီ မြွေမိစ္ဆာကို သွားရှာပြီး အဆုံးထိ တိုက်ခိုက်တော့မယ်”
သူမတ်တပ်ရပ်လိုက်ပြီး ထွက်သွားဖို့ ပြင်လိုက်သည်။ သို့သော် ခြေနှစ်လှမ်းလောက် လှမ်းပြီးချိန်တွင် သူမကို ဇဝေဇဝါ ပြန်လှည့်ကြည့်ပြီး မေးလိုက်ပါသည်။
“စုဝမ် ဘာလို့ ဘာမှမပြောတာလဲ”
ဇနီးဖြစ်သူအကြောင်းကို ကျူးယောက် ကောင်းကောင်း သိပါသည်။ သူမက ဖြူစင်ပြီး သဘောကောင်းကြင်နာတတ်သူ ဖြစ်သည်။ သူများတွေကို ဒုက္ခပေးမည့်အစား သူမကိုယ်တိုင် အနစ်နာခံပေးတတ်သူလည်း ဖြစ်သည်။
ထို့ကြောင့် သူမအတွက် သူ့အသက်ကို ရင်းရတော့မည်ကို သိလျှင် အသည်းအသန် တားမြစ်ပါလိမ့်မည်။ သို့သော် ယခု သူမပုံစံက အလွန်တိတ်ဆိတ်ငြိမ်သက်လွန်းနေသဖြင့် ပုံမှန်မဟုတ်သလို ခံစားလာရသည်။
ယန်ရုန်ရုန်ရှေ့က စာသားများ ပျောက်ကွယ်သွားသည့်အခါ ကျူးယောက်ကို သူမ လှည့်ကြည့်လိုက်သည်။ သူမကို ကျူးယောက်စိုက်ကြည့်နေသော်လည်း ထိုစာသားများကို မြင်ပုံမပေါ်ပါ။ ထို့ကြောင့် ထိုစာသားများကို သူမတစ်ယောက်တည်း မြင်နိုင်ခြင်းဖြစ်မည်ဟု ခန့်မှန်းလိုက်သည်။
ယန်ရုန်ရုန် ပါးစပ်ဟပြီး “လမ်းခရီးမှာ အဆင်ပြေပါစေ”ဟု ပြောချင်ခဲ့သည်။
သို့သော် သူမ ပါးစပ်ထဲမှ ထိုစကားလုံးများ ထွက်မလာခဲ့ပါ။ မမြင်ရသည့် လက်တစ်ချောင်းက သူမလည်ပင်းကို ဆွဲညှစ်ထားသည့်ပမာ ဘာအသံမှ မထွက်နိုင်ခဲ့ပေ။
ဇာတ်ညွှန်းအတိုင်း လိုက်နာဖို့ အတင်းအကျပ်စေခိုင်းခံထားရသည့်နှယ် သူမ နှုတ်မှ အလိုလို ထွက်သွားခဲ့သည်။
“ချန်းကျို့ဆီ မသွားပါနဲ့၊ ရှင်သူ့ကို မယှဉ်နိုင်ဘူး!”
ဒီတစ်ခါတော့ ထိုစကားလုံးများက အလွန်ချောမွေ့နေခဲ့ပါသည်။ ယန်ရုန်ရုန် ချက်ချင်းနားလည်လိုက်သည်။ ထိုဇာတ်ညွှန်း စာသားများက သူမကို ချစ်ရသူကို ကာကွယ်ပေးဖို့ ဘာမဆို လုပ်ဝံ့သည့် ‘အချစ်ရူး’ဇာတ်ကောင်တစ်ကောင်အဖြစ် ပြောင်းလဲပေးလိုက်သည်။
ထိုဇာတ်ကောင်စရိုက်နှင့် ကိုက်ညီအောင် သူမ ပြုမူ ပြောဆိုရပါမည်။ ဇာတ်ညွှန်းမှ သွေဖယ်လျှင် မမြင်ရသည့် အင်အားတစ်ခုက သူမကို တားဆီးလိမ့်မည်။
ရုပ်သေးရုပ်တစ်ရုပ်ပမာ ကြိုးဆွဲခံနေရသည့် ခံစားချက်ကြီးက သူမကို စိတ်ရှုပ်ထွေးသွားစေခဲ့ပါသည်။ ထို့ကြောင့် ဒီအခက်အခဲမှ လွတ်မြောက်အောင် ဘယ်လိုရုန်းထွက်ရမလဲ စတင် စဉ်းစားလေတော့သည်။
ထိုစကားလုံးများကို ကြားသောအခါ ကျူးယောက်၏ မျက်ရည်များ ပြန်စီးကျလာခဲ့သည်။ ကုတင်ဘေးသို့ ပြန်ပြေးလာပြီး သူမ၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လျက် ငိုကြီးချက်မ ပြောလိုက်ပါသည်။
“စုဝမ်… မင်းအတွက်ကိုယ် ဘာမဆို လုပ်ပေးမှာပါ၊ သေဆိုလည်း သေရဲတယ်! ဒါပေမယ့် ကိုယ်သေသွားရင် မင်းကို ကာကွယ်ပေးမယ့်သူ ဘယ်သူမှမရှိတော့မှာ စိုးရိမ်တယ်၊ အဲ့ဒီအခါ စုဝမ် ဘယ်လိုလုပ်မလဲ”
ယန်ရုန်ရုန်က “တစ်ယောက်တည်းဆို ပိုတောင်ပျော်စရာ ကောင်းသေးတယ်!” ဟု ပြောချင်ခဲ့ပါသည်။
သို့သော် ပြောဖို့ မဖြစ်နိုင်ပေ။ ‘အချစ်ရူး’ဇာတ်ကောင်စရိုက်နှင့် ကိုက်ညီအောင် ဝမ်းနည်းပက်လက် ပြန်ပြောလိုက်ရပါသည်။
“ယောက်ျား… ရှင့်စိတ်ကို ကျွန်မ နားလည်ပါတယ်၊ ဒါပေမယ့် စိတ်အေးအေးထားပါ၊ အခုလို စိတ်လိုက်မာန်ပါ ထွက်သွားရင်တောင် ကျွန်မတို့အခြေအနေကို ပြောင်းလဲနိုင်မှာ မဟုတ်ဘူး၊ ကျွန်မတို့ သေသေချာချာ စဉ်းစားမှ ဖြစ်မယ်… ချန်းကျို့က ဘာကို လိုချင်တာလဲ”
ကျူးယောက်က သူမကို မျက်ရည်အပြည့်ဖြင့် ကြည့်လိုက်သည်။
“သူ စုဝမ်ကို လိုချင်တာ မဟုတ်ဘူးလား”
ယန်ရုန်ရုန်က ပြန်ချေပသည်။
“သူလိုချင်တာ ကျွန်မလို့ ဘာလို့ တပ်အပ်ပြောနိုင်ရတာလဲ”
သူမ စကားကို နားမလည်သည့်ပုံစံဖြင့် ကျူးယောက် ကြက်သေသေသွားခဲ့သည်။ ယန်ရုန်ရုန်က သူ့လက်ကို ဆုပ်ကိုင်ရင်း နူးညံ့သိမ်မွေ့စွာ ပြောလိုက်ပါသည်။
“ကျွန်မတို့ အပြင်ထွက်တဲ့နေ့တုန်းက ချန်းကျို့မြင်ခဲ့တာ ကျွန်မတစ်ယောက်တည်းကို မဟုတ်ဘူးလေ၊ ရှင့်ကိုလည်း မြင်ခဲ့တယ်၊ အဲ့ဒီအချိန်တုန်းက သူ ကျွန်မကို ကြည့်တာထက် ရှင့်ကိုကြည့်တာ ပိုကြာမှန်း ကျွန်မ သတိထားမိတယ်၊ ကျွန်မ ပြောတာ မယုံရင် သေချာပြန်စဉ်းစားကြည့်ပါဦး၊ ကျွန်မပြောတာ မဟုတ်ဘူးလား”
သူမပြောသည့်အတိုင်း ကျူးယောက် ပြန်စဉ်းစားကြည့်လိုက်သည်။ အမှန်တကယ်လည်း ထိုသို့ဖြစ်ခဲ့ပုံရသည်။
သို့သော် ကျူးယောက် ချက်ချင်းပြန်ချေပလိုက်ပါသည်။
“အဲ့တာက ကိုယ်တို့နှစ်ယောက် နီးနီးကပ်ကပ် ရှိနေခဲ့လို့လေ၊ ကိုယ့်ကို သူအမြင်စောင်းနေလို့ နေမှာပေါ့”
ယန်ရုန်ရုန် ခါးသီးစွာ ပြုံးလိုက်ပါသည်။
“သူရှင့်ကို အမြင်စောင်းနေတာဆိုရင် ဘာလို့အဲ့လောက်အကြာကြီး စိုက်ကြည့်ခဲ့မှာလဲ၊ ကျွန်မသာ တစ်ယောက်ယောက်ကို အမြင်စောင်းတယ်ဆိုရင် စိုက်ကြည့်ဖို့နေနေသာသာ တစ်ချက်တောင် လှည့်ကြည့်ချင်မှာ မဟုတ်ဘူး”
🌹Chapter 256
စုဝမ်၏ တွေးခေါ်ပုံက တစ်ခုခု မှားယွင်းနေသည်ဟု ကျူးယောက် ခံစားနေရဆဲပင်။
ထို့ကြောင့် မျက်မှောင်ကြုတ်ကာ သူမေးလိုက်သည်။
“ချန်းကျို့က ကိုယ့်ကို သဘောကျနေတာလို့ ပြောချင်တာလား၊ မဖြစ်နိုင်ဘူးနော်၊ သူက ယောက်ျားအချင်းချင်း သဘောကျတတ်တာဆိုတဲ့ ကောလဟာလမျိုး တစ်ခါမှမကြားဖူးဘူး၊ ပြီးတော့ သူမင်းကို လက်ထပ်ဖို့ ကြံရွယ်ထားတယ်လို့ တစ်လောကလုံးသိအောင် ကြေညာထားပြီးပြီလေ၊ မင်းကိုပဲ မြင်မြင်ချင်း ချစ်မိသွားတာ သိသာပါတယ်”
ယန်ရုန်ရုန် သက်ပြင်းချလိုက်သည်။ သူမ မျက်နှာက အတော်လေး စိတ်ဓာတ်ကျသွားပုံပေါ်သည်။
“ကျွန်ကို ပစ်မှတ်ထားတာဆိုရင်တောင် ပိုကောင်းဦးမယ်၊ အဲ့တာဆို ရှင့်အတွက် ဘေးကင်းတာပေါ့၊ ဒါပေမယ့် ချန်းကျို့ တကယ် လိုလားတဲ့သူက ရှင်ပဲ၊ ကျွန်မကို လက်ထပ်မယ်လို့ သူရည်ရွယ်ချက်ရှိရှိ ကြေညာထားပေမယ့် ကျွန်မဘက်က လက်ခံမှာမဟုတ်မှန်း မျက်လုံးပါတဲ့လူတိုင်း မြင်နိုင်တယ်၊ ဒါပေမယ့် သူတဇွတ်ထိုး လုပ်ခဲ့တာပဲ၊ ကျွန်မ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံအောင် သူဖန်တီးခဲ့တာ”
“သူအောင်မြင်သွားပါတယ်၊ ကျွန်မ ဖိအားတွေကို ခံနိုင်ရည်မရှိတော့လို့ အဆုံးသတ်ဖို့ ကြိုးစားခဲ့တယ်၊ ရှင်သာ အချိန်မီ လာမကယ်ခဲ့ရင် ကျွန်မ သေသွားပြီး အခုလောက်ဆို ချန်းကျို့က ရှင့်ကို လက်ထပ်ခွင့် တောင်းနေလောက်ပြီ၊ ရှင်နဲ့ နီးစပ်ဖို့အတွက် အဲ့လောက်ထိ အကွက်ကျကျ စီစဉ်ထားခဲ့တာ… အဲ့တာတွေကို ကြည့်ရုံနဲ့ ရှင့်အပေါ်ထားတဲ့ သူ့မေတ္တာကို ကွင်းကွင်းကွက်ကွက် မြင်နိုင်တာပဲလေ!”
နောက်ဆုံးစကားကို ယန်ရုန်ရုန် စိတ်ခံစားချက် အပြည့်နှင့် မာန်ပါပါ ပြောဆိုလိုက်သဖြင့် ကျူးယောက်ပင် ချက်ချင်း မှင်သက်သွားခဲ့ရသည်။
သူ့မျက်လုံးများ ဖြည်းညှင်းစွာ ပြူးကျယ်လာပြီး နှုတ်ခမ်းများ တုန်ယင်လျက် မျက်နှာပေါ်မှာလည်း လုံးဝ မယုံကြည်နိုင်သော မျက်နှာထားမျိုး ရှိနေခဲ့ပါသည်။
‘မဖြစ်နိုင်တာ… ချန်းကျို့က သူ့ကို တကယ်သဘောကျနေတာလား’
ယန်ရုန်ရုန့် မျက်ဝန်းများနီမြန်းသွားပြီး သူ့ကို ငေးကြည့်ရင်း နူးညံ့သိမ်မွေ့စွာ ပြောလိုက်သည်။
“ကျွန်မက တစ်ခါသေဖူးတဲ့လူတစ်ယောက်ပါ၊ ကျွန်မမှာ ဘာမှကြောက်စရာမရှိတော့ဘူး၊ ကျွန်မ ရှင်နဲ့ပဲ တစ်သက်လုံး အတူတူ နေသွားချင်တာ၊ ကျွန်မကို ထားခဲ့ပြီး ချန်းကျို့ဆီကို မသွားပါနဲ့နော်”
ကျူးယောက် တိတ်ဆိတ်နေဆဲပင်။
ယန်ရုန်ရုန် သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီး ထိတ်လန့်တကြား ပြောလိုက်ပါသည်။
“ဘာလို့ ဘာမှပြန်မပြောတာလဲ၊ ရှင်သူ့ဆီ သွားချင်နေတုန်းပဲလား၊ ရှင့်ကို သူသဘောကျတယ်ဆိုရင်တောင်၊ ရှင့်ကိုသူ နာကျင်အောင် မလုပ်ဘဲနဲ့ ရှင့်ရဲ့ ကျင့်ကြံခြင်းစွမ်းအားတွေ တိုးမြင့်လာအောင် လုပ်ပေးနိုင်တယ်ဆိုရင်တောင်… ကျွန်မ ရှင်မရှိဘဲ မနေနိုင်လို့ပါ! ကျေးဇူးပြုပြီး ကျွန်မကို မထားခဲ့ပါနဲ့!”
ကျူးယောက်၏ မျက်ဝန်းများ လှုပ်ခါသွားခဲ့သည်။
ယန်ရုန်ရုန့်ကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး နူးညံ့သိမ်မွေ့စွာ နှစ်သိမ့်ပေးလိုက်ပါသည်။
“ကိုယ်လည်း သူ့ဆီ မသွားချင်ပါဘူး၊ ဒါပေမယ့် ဒီကိစ္စကို ပြီးပြတ်အောင် မဖြေရှင်းနိုင်ရင် ကိုယ်တို့ ဘယ်တော့မှ အေးအေးချမ်းချမ်း နေရမှာ မဟုတ်ဘူး၊ ကိုယ်ဒုက္ခရောက်တာ ကိစ္စမရှိပေမယ့် ကိုယ်နဲ့အတူ စုဝမ်ကိုပါ ဒုက္ခမရောက်စေချင်ဘူး”
အကာအကွယ်လိုအပ်နေသော နုနယ်သည့် ပန်းကလေးတစ်ပွင့်ပမာ ယန်ရုန်ရုန် သူ့ရင်ခွင်ထဲ နားခိုနေခဲ့ပါသည်။ သူမ ခေါင်းကို အသည်းအသန်ခါရင်း ပြန်ပြောလိုက်သည်။
“ကျွန်မလည်း နာကျင်ရမှာ မကြောက်ပါဘူး၊ ရှင်နဲ့အတူ ရှိနေနိုင်မယ်ဆိုရင် ဘယ်လိုဒုက္ခကိုပဲဖြစ်ဖြစ် ရင်ဆိုင်နိုင်တယ်”
ကျူးယောက်က သူမလက်များကို သူ့ခန္ဓာကိုယ်ပေါ်မှ အတင်းအကျပ် ဖယ်ရှားလိုက်သည်။ ထို့နောက် သူမ မျက်နှာလေးကို လက်နှစ်ဖက်ဖြင့် တယုတယကိုင်ကာ မျက်ဝန်းတွေထဲ စေ့စေ့စိုက်ကြည့်ရင်း လေးလေးနက်နက် ပြောလိုက်ပါသည်။
“စုဝမ်၊ ကိုယ်သူ့ကို စကားသွားပြောရုံပါပဲ၊ သူနဲ့ ကိုယ့်ကြား မှာ ဘယ်လိုမှမဖြစ်နိုင်ဘူးဆိုတာ သူနားလည်သွားအောင် ရှင်းပြလိုက်မယ်၊ သူလက်လျှော့လိုက်ပြီဆိုတာနဲ့ ကိုယ့်ကို ပြန်လွှတ်ပေးလိမ့်မယ်၊ အဲ့ဒီအခွင့်အရေးကို အသုံးချပြီး သူ့ကျင့်စဉ်နည်းလမ်းတွေကိုပါ လေ့လာလို့ ရနိုင်တယ်၊ ကိုယ့်စွမ်းအားတွေ ပိုတိုးတက်လာရင် စုဝမ်ကိုလည်း ပိုကာကွယ်ပေးနိုင်မှာပေါ့၊ အဲ့တာ မကောင်းဘူးလား”
သူ့စကားကြောင့် ယန်ရုန်ရုန် အနည်းငယ် စိတ်ယိမ်းယိုင်သွားပုံရသည်။ သူမ မျက်ဝန်းတွေထဲမှာတော့ တွေဝေမှု မျက်ရည်များ ပြည့်နှက်နေဆဲပင်။
“ရှင့်အတွက် မတရားပါဘူး… ကျွန်မ ခံနိုင်ရည်မရှိဘူး… ကျွန်မ အရမ်းကြောက်တယ်၊ ရှင်ထွက်သွားပြီးရင် ပြန်ရောက်မလာတော့မှာကို အရမ်းကြောက်မိတယ်”
သူမပါးလေးကို ကျူးယောက် ပွတ်သပ်ပေးလိုက်ပြီး လေသံကလည်း ပိုမိုနူးညံ့သွားခဲ့သည်။
“ကောင်းကင်ဘုံကို တိုင်တည်ပြီး ကိုယ်သစ္စာဆိုရဲပါတယ်၊ ကိုယ့်ကို အိမ်မှာပဲ လိမ်လိမ်မာမာနဲ့ စောင့်နေနော်၊ ဟုတ်ပြီလား”
ယန်ရုန်ရုန် ခေါင်းခါလိုက်သည်။
“မစောင့်ချင်~”
ကျူးယောက်၏ လေသံက အနည်းငယ် စူးရှသွားခဲ့သည်။
“ခေါင်းမမာစမ်းပါနဲ့၊ ဒါကိုယ်တို့နှစ်ယောက်ရဲ့ မေတ္တာကို ကောင်းကင်ဘုံက စမ်းသပ်တာ ဖြစ်နိုင်တယ်၊ ဒီအခက်အခဲကို ကျော်လွှားပြီးတာနဲ့ ကိုယ်တို့ ဘဝဆက်တိုင်း အပူအပင်ကင်းကင်းနဲ့ ပေါင်းဖက်နိုင်တော့မှာ”
ယန်ရုန်ရုန် ပြန်ချေပစရာ စကားမရှိတော့သဖြင့် သူ့ရင်ခွင်ထဲသာ တိုးဝင်ပြီး ထိန်းမနိုင်သိမ်းမရ ငိုကြွေးတော့သည်။
အချိန်အတန်ကြာသောအခါ ယန်ရုန်ရုန် အငိုတိတ်သွားခဲ့ပါသည်။ ကျူးယောက် ငုံ့ကြည့်လိုက်ရာ သူမ အိပ်ပျော်သွားပြီဖြစ်မှန်း မြင်လိုက်ရသည်။
သူမ မျက်နှာက ဖြူရော်နေပြီး မျက်တောင်လေးတွေမှာလည်း မျက်ရည်စက်ကလေးများဖြင့် စိုစွတ်နေဆဲပင်။ သူမ ပုံစံက အလွန်သနားစရာ ကောင်းနေပါသည်။
သူမကို ကုတင်ပေါ် ဂရုတစိုက် လှဲသိပ်ပေးလိုက်ပြီး စောင်ခြုံပေးကာ နောက်ဆုံးတစ်ကြိမ် နက်နက်ရှိုင်းရှိုင်း ငေးကြည့်လိုက်သည်။
“ဂရုစိုက်နော်”
ထိုသို့ပြောပြီးနောက် ကျူးယောက် ပြတ်သားသော ဆုံးဖြတ်ချက်ဖြင့် လှည့်ထွက်လာခဲ့တော့သည်။
သူ့ဇနီးကို ထိုမြွေမိစ္ဆာ လာရောက် လုယူရဲသည့် တစ်ခုတည်းသော အကြောင်းအရင်းက ကျင့်ကြံခြင်းအဆင့် မြင့်မားနေခြင်းကြောင့်သာ။ မိစ္ဆာနယ်မြေတွင် စွမ်းအားက အလွန်အရေးပါသည်။
မြွေမိစ္ဆာ၏ စွမ်းအားကို အသုံးချပြီး သူ့ထက်သာလွန်အောင် ကြိုးစားနိုင်လျှင် နောက်ဆုံးတွင် မြေမိစ္ဆာကို သူ့ဖဝါးအောက် နင်းချေနိုင်မည်ဖြစ်ကာ ဘယ်သူမှ သူ့ပိုင်ဆိုင်မှုကို လာရောက် လုယူရဲကြတော့မည် မဟုတ်ပေ။
မြွေမိစ္ဆာကို ဘယ်လိုရင်ဆိုင်ရကောင်းကိုတော့… သူကြိုတင် စဉ်းစားထားပြီးပါပြီ။ ထိုကဏ္ဍတွင် ကျူးယောက် အတွေ့အကြုံသိပ်မရှိသော်လည်း ယောက်ျားနှစ်ဦးကြားက ‘ထိုကိစ္စမှာ’ ယောကျ်ားတစ်ဦးနှင့် မိန်းမတစ်ဦးတို့ကြားက ‘ထိုကိစ္စ’နှင့် သိပ်ပြီး ကွာခြားမှာ မဟုတ်ဟု ယူဆမိပါသည်။
---
ကျူးယောက်ထွက်သွားပြီး သိပ်မကြာလိုက်ဘဲ ယန်ရုန်ရုန် ပြန် ‘နိုး’လာခဲ့သည်။
သူမ ပျင်းရိစွာ အကြောဆန့်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်းပင် စာသားအရှည်ကြီး ပေါ်လာပြန်ပါသည်။
“သူချစ်ရတဲ့ ယောက်ျားကို ကာကွယ်ပေးဖို့အတွက် ချန်းကျို့နဲ့ ညှိနှိုင်းဖို့ စုဝမ်ထွက်သွားခဲ့တယ်၊ ဒါပေမယ့် မအောင်မြင်ခဲ့ဘဲ ချန်းကျို့ရဲ့ အတင်းအဓမ္မ သိမ်းပိုက်မှုကိုသာ ခံခဲ့ရတယ်၊ ချန်းကျို့က စိတ်ကျေနပ်သွားပေမယ့် စုဝမ်ကတော့ ရှင်လျက်နဲ့ ငရဲကျနေသလို ခံစားခဲ့ရတယ်”
“သူ့ကိုယ်သူ ညစ်နွမ်းပြီး သိက္ခာမရှိတော့ဘူးလို့ ခံစားရလို့ ကျူးယောက်နဲ့ ရင်မဆိုင်ရဲတော့ဘဲ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံဖို့ စုဝမ် ထပ်ကြိုးစားခဲ့တယ်၊ ဒါပေမယ့် ချန်းကျို့က သူ့ကို တားဆီးခဲ့ပြီး အာခံမှုတွေကို မြင်ရတော့ ဒေါသထွက်သွားပြီး ဂူတစ်လုံးထဲမှာ ကစားစရာအဖြစ် ပိတ်လှောင်ထားခဲ့တယ်၊ အဲ့ဒီ ဂူထဲမှာ စုဝမ် အသိစိတ်ကင်းမဲ့ပြီး အချိန်အတော်ကြာအောင် နေထိုင်ခဲ့ရတယ်၊ ဒါပေမယ့် တစ်နေ့မှာတော့ သူ့မှာ ကိုယ်ဝန်ရှိနေမှန်း…@#$%$”
နောက်ပိုင်းတွင် စာသားများက ရုတ်တရက် ယိုယွင်းသွားခဲ့သည်။
ယန်ရုန်ရုန် ပျော့ပျော့အိအိ ခေါင်းအုံးတစ်လုံးကို ကျောမှီလျက် စာသားများကို စောင့်ကြည့်နေပါသည်။ ထိုစာသားများ ကြမ်းကြမ်းတမ်းတမ်းလှုပ်ခါသွားပြီး မမြင်ရသည့် လက်ကြီးတစ်ဖက်က ပယ်ဖျက်လိုက်သည့်အလား ပျောက်ကွယ်ကာ စာသားအသစ်များ အစားထိုး ဝင်ရောက်လာခဲ့လေသည်။
“မြွေမိစ္ဆာတကယ်တောင့်တတဲ့လူက သူကိုယ်တိုင်ဖြစ်နေလိမ့်မယ်လို့ ကျူးယောက် လုံးဝထင်မထားခဲ့ဘူး၊ ရွံရှာမိပေမယ့် ခွန်အားအတွက် စွန့်စားဖို့ဆုံးဖြတ်လိုက်တယ်၊ ဇနီးဖြစ်သူကို တိတ်တဆိတ် ထားခဲ့ပြီး မြွေမိစ္ဆာရဲ့ ဂူကို သူသွားရောက်ခဲ့တယ်၊ ကျူးယောက် ရောက်လာတာကို မြင်တော့ ချန်းကျို့လည်း အံ့အားသင့်သွားခဲ့ရတယ်”
“သူ့နှလုံးသားကို နားလည်ပြီး စမ်းကြည့်ချင်တယ်လို့ ကျူးယောက်က ကမ်းလှမ်းလာတော့ ချန်းကျို့ ပိုလို့တောင် အံ့အားသင့်သွားခဲ့ရတယ်၊ ချန်းကျို့က သူ့ကို မောင်းထုတ်ပေမယ့် ကျူးယောက် ချန်းကျို့ ရှက်နေတာလို့ပဲ ယူဆပြီး စိတ်ကို အားတင်းပြီးတော့ ချန်းကျို့ကို အတင်းအကျပ်ပြေးနမ်းလိုက်…@%#%#@”
စာသားများက ထပ်မံယိုယွင်းသွားခဲ့ပြန်သည်။ ဇာတ်လမ်းက အလွန်ရယ်စရာကောင်းလွန်းနေသဖြင့် နောက်ကွယ်က ‘စာရေးဆရာ’မှာ ဇာတ်လမ်းကို ပယ်ဖျက်ပစ်ဖို့ ကြိုးစားနေပုံရသည်။
သို့သော်လည်း ယန်ရုန်ရုန်ကတော့ လူယုတ်မာ အပြုံးသာ ပြုံးလိုက်ပါသည်။
“မရပ်လိုက်နဲ့လေ! ဆက်ပြောပါဦး!”
အချိန်အတန်ကြာသောအခါ စာသားအသစ်များ ဖြည်းညှင်းစွာ ပေါ်လာခဲ့ပါသည်။
“ချန်းကျို့ ဒေါသအရမ်းထွက်သွားပြီး ကျူးယောက်ကို သေလုမျောပါးဖြစ်တဲ့အထိ ရိုက်နှက်ပစ်ခဲ့တယ်၊ သူ့ဆီက အမှန်တရားကို သိလိုက်ရပြီးတဲ့နောက်မှာ စုဝမ်ဆီကို ချန်းကျို့ ရောက်လာခဲ့တယ်၊ အဲ့ဒီနေ့မှာပဲ စုဝမ်ကို ရအောင် သိမ်းပိုက်ပြီး ကျူးယောက်ကြောင့် အရှက်ရခဲ့တာတွေကို ဆေးကြောပစ်မယ်လို့ ချန်းကျို့ ကျိန်ဆိုခဲ့တယ်”
‘နေပါဦး… ပြဿနာက ငါ့ဆီပြန်ရောက်လာတာလား’
ယန်ရုန်ရုန် အိပ်ရာပေါ်မှ အသည်းအသန်ထပြီး ထွက်ပြေးဖို့ ကြိုးစားပါသည်။ သို့သော် ခြေလှမ်းနှစ်လှမ်းသာ လှမ်းလိုက်ရပြီး မမြင်နိုင်သည့် အားတစ်ခုက သူမကို ပြန်ဆွဲခေါ်လိုက်သည်။
“စုဝမ်ကို ချန်းကျို့ သူ့ဂူဆီ ပြန်ဖမ်းခေါ်သွားခဲ့တယ်၊ အဲ့ဒီမှာ ဒဏ်ရာအပြင်းအထန်ရထားတဲ့ ကျူးယောက်ကို စုဝမ် မြင်လိုက်ရတယ်၊ ချန်းကျို့ သတိမဲ့သွားတဲ့အချိန် အတူတူ ထွက်ပြေးလို့ ရအောင်လို့ လိုက်လျောချင်ယောင်ဆောင်ပေးလိုက်ဖို့ စုဝမ်ကို ကျူးယောက် တောင်းပန်ခဲ့တယ်”
“စုဝမ်ကလည်း ကျူးယောက်ခိုင်းတဲ့အတိုင်းလုပ်ပြီး ချန်းကျို့ကို မူးတဲ့အထိ တိုက်ခဲ့တယ်၊ ကံမကောင်းစွာနဲ့ ချန်းကျို့က သူ့အကြံတွေကို ကြိုသိနေလို့ မူးနေတာကို အကြောင်းပြချက်ပေးပြီး သူ့ကို လှဲချပစ်လိုက်တယ်၊ စုဝမ် ရုန်းမထွက်နိုင်ဘဲ အဝတ်အစားတွေစုတ်ဖြဲခံလိုက်ရတယ်၊ အသည်းအသန် အော်ဟစ်ရင်း ကယ်တင်ရှင်ပေါ်လာဖို့ စောင့်မျှော်နေတော့တယ်”