← Chapters

အခန်း (၂၅၇-၂၅၈)

Vol. 26 Ch. 257-258

အခန်း (၂၅၇-၂၅၈)

Vol. 26 Ch. 257-258

🌹Chapter 257

ထွက်ပြေးလို့မရနိုင်မှန်း သိလိုက်ရသဖြင့် ယန်ရုန်ရုန် ကုတင်ပေါ်မှာသာ ပြန်ထိုင်နေလိုက်ပါသည်။

ထို့နောက် လက်ပိုက်လျက် လေပေါ်တွင် ပေါ်လာသည့် စာသားများကို စောင့်ကြည့်နေခဲ့သည်။ သူမ နှုတ်ခမ်းပေါ်တွင်လည်း သရော်ပြုံးတစ်ခု ပေါ်လာပါသည်။

ပထမတော့ ဇာတ်လမ်းက ‘လုယူခြင်းနှင့် အဓမ္မရယူခြင်း’၊ နောက်တော့ ‘ခွန်အားဖြင့် ဖိနှိပ်ခြင်း’၊ ထို့နောက် ‘အကျဉ်းချ နှိပ်စက်ခြင်း’၊ ထို့နောက် ‘တဇွတ်ထိုးအချစ်’ စသည်ဖြင့် အဆင့်ဆင့် ပြောင်းလဲသွားခဲ့သည်။

‘တကယ်ပါပဲ၊ ဒီလို အစုတ်အပြတ်ဇာတ်လမ်းမျိုး ရေးတဲ့ကောင် ဘယ်လောက်တောင် ညံ့ဖျင်းလိုက်သလဲ!’

ယန်ရုန်ရုန် ဘေးနားတစ်ဝိုက်ကို လှည့်ကြည့်လိုက်ရာ ကုတင်ဘေးရှိ စားပွဲတစ်လုံးပေါ်တွင် ခြင်းငယ်လေးတစ်လုံးကို မြင်လိုက်ရသည်။

ထိုခြင်းထဲတွင် ကတ်ကြေးများ၊ ပင်အပ်များနှင့် တစ်ဝက် တစ်ပျက် ပန်းထိုးထားသည့် လက်ကိုင်ပဝါလေးတစ်ထည်တို့ ရှိနေပါသည်။ ယန်ရုန်ရုန် ထိုခြင်းငယ်လေးဆီ လက်လှမ်းလိုက်ပြီး ကတ်ကြေးတစ်ချောင်းကို ဆွဲယူကာ ဝတ်ရုံထဲ ထည့်ဖွက်ထားလိုက်သည်။

ထိုစဉ် အခန်းတံခါး ဝုန်းခနဲ ပွင့်သွားပြီး အေးစက်သည့် မိစ္ဆာလေပြင်းများ အခန်းထဲ တိုးဝှေ့လာခဲ့သည်။ ယန်ရုန်ရုန် မျက်နှာကို လက်ဖြင့် အလိုလို ကာလိုက်မိပါသည်။

လေပြန်ငြိမ်သွားသောအခါ လက်ကို ပြန်ချလိုက်ရာ အနက်ရောင်ဝတ်ရုံနှင့်လူတစ်ယောက် သူမရှေ့တွင် ရန်လိုစွာ ရပ်နေသည်ကို မြင်လိုက်ရသည်။

သူ့မျက်လုံးများမှာ သားကောင်ကို ရှာနေသည့်အလား မှောင်မိုက်နေပြီး မျက်နှာကလည်း ရေပြင်ပမာ အေးစက်လွန်းပါသည်။

ထိုလူက တခြားသူမဟုတ်ဘဲ မြွေမိစ္ဆာ ချန်းကျို့ပင်…

ချန်းကျို့တစ်ယောက် ဒေါသကြောင့် အငွေ့တထောင်း ထောင်း ထနေပုံရသည်။ ‘စုဝမ်’ကို မြင်လိုက်သည်နှင့် သူချက်ချင်း မေးမြန်းလိုက်ပါသည်။

“ငါ့ကို အဓိပ္ပာယ်မရှိတဲ့စကားတွေ လာပြောအောင် ကျူးယောက်ကို မင်းတကယ် သွေးထိုးခဲ့တာလား၊ ငါ ဒေါသထွက်ပြီး သူ့ကို သတ်ပစ်လိုက်မှာ မင်းမကြောက်ဘူးလား!”

ယန်ရုန်ရုန် မိုးကြိုးပစ်ခံလိုက်ရသလို ဟန်ဆောင်လိုက်သည်။ သူမ မျက်နှာလေး သွေးမဲ့ဖြူရော်သွားပြီး အချိန်မရွေး လဲကျသွားတော့မည့်ပုံစံဖြင့် တစ်ကိုယ်လုံး ယိမ်းယိုင်သွားခဲ့ပါသည်။

“ရှင်… ရှင် ကျူးယောက်ကို သတ်ပစ်လိုက်ပြီလား”

သူမ တုန်ယင်နေသော အသံဖြင့် မေးလိုက်သည်။

သူမကို ထိုပုံစံဖြင့် မြင်လိုက်ရသောအခါ ချန်းကျို့ အနည်း ငယ်ပင် ကရုဏာ သက်သွားခဲ့ပါသည်။ သို့သော် သူမ နှုတ်မှ ထွက်လာသည့် စကားလုံးများကတော့ သူ့ဒေါသကို ပိုမိုတောက်လောင်သွားစေခဲ့သည်။

ချန်းကျို့ ရှေ့သို့ ဆက်လျှောက်လာပြီး သူမလက်ကို ဆုပ်ကိုင်ကာ သူ့မျက်နှာတည့်တည့်သို့ ကြည့်စေလျက် ခက်ထန်စွာ မေးမြန်းလိုက်သည်။

“မင်း ဂရုစိုက်တာဆိုလို ကျူးယောက်ပဲ ရှိတာလား! အဲ့ဒီကောင်က ဘာမှအသုံးမကျဘူး၊ မင်းကိုတောင် ကာကွယ်ပေးနိုင်စွမ်း မရှိဘူး၊ မင်းမျက်လုံးထဲမှာ ငါ့ကို ဘာလို့မမြင်ရတာလဲ၊ ငါက သူ့ထက် ကျင့်ကြံခြင်းအဆင့်လည်း အများကြီး ပိုမြင့်တယ်၊ ငါ့ နောက်သာ လိုက်ခဲ့ရင် မင်းဘဝက အခုထက် အဆပေါင်းထောင်နဲ့ချီပြီး ပိုသာမှာ!”

ယန်ရုန်ရုန် သူ့စကားများကို ကြားပုံမရဘဲ ထပ်မေးလိုက်သည်။

“ကျူးယောက်ကို ရှင်တကယ် သတ်ပစ်လိုက်တာလား”

ချန်းကျို့ အံကြိတ်ရင်း ပြန်ဖြေလိုက်ပါသည်။

“မသတ်ရသေးဘူး၊ မသေရုံတမယ်ပဲ ထားခဲ့တာ”

ယန်ရုန်ရုန် သက်ပြင်းမချနိုင်ခင်မှာပင် ချန်းကျို့က ဆက်ပြောသည်။

“ဒါပေမယ့် ငါသူ့ကို သတ်ချင်တဲ့အချိန် သတ်ပစ်လိုက်လို့ရတယ်၊ မင်းသူ့ကို မသေစေချင်ဘူးဆိုရင် အခုချိန်ကစပြီး ငါ့ဆီမှာ လိမ်လိမ်မာမာနဲ့ လာနေလိုက်တော့”

ယန်ရုန်ရုန့် မျက်ဝန်းများ နီမြန်းသွားပြီး မျက်တောင်ဖျားတွင် မျက်ရည်များ စိုစွတ်လာသည်။ သူမ၏ အသံတွင် ရှိုက်သံများပင် ပါဝင်နေပါသည်။

“ကျွန်မ ကျူးယောက်ကို တွေ့ချင်တယ်”

ကျူးယောက်၏ လက်ရှိအခြေအနေကို သူမ မြင်လိုက်ရလျှင် ပိုကောင်းမည်ဟု ချန်းကျို့တွေးလိုက်သည်။ ထိုအခါ သူမအထင်ကြီးနေသည့် ယောက်ျားက အားကိုးလို့မရနိုင်သည့် အလကားကောင်ဖြစ်မှန်း သိသွားကောင်း သိသွားပါလိမ့်မည်။

ထို့ကြောင့် စုဝမ်ကို ဖမ်းဆီးလျက် သူ့ဂူထံသို့ ခေါ်ဆောင်လာခဲ့တော့သည်။

ကျူးယောက်ကို ကျောက်သားအကျဉ်းခန်းတစ်ခုထဲ ပိတ်လှောင်ထားပါသည်။ ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိထားပြီး တစ်ကိုယ်လုံး သွေးတွေစိုရွှဲကာ ကြမ်းပြင်ပေါ် မှောက်ခုံလဲလျက် မသေရုံတမယ်အခြေအနေတွင် ရှိနေသည်။

ယန်ရုန်ရုန် သူ့ထံ ပြေးလာပြီး သူ့ပခုံးများကို ဆုပ်ကိုင်လျက် အသည်းအသန် လှုပ်ခါကာ အော်ဟစ်ငိုယိုတော့သည်။

“ယောက်ျား! ယောက်ျား!”

သူမ၏ အသည်းအသန် လှုပ်ခါမှုကြောင့် ကျူးယောက်မှာ ကျန်ရှိနေသေးသည့် အသက်ကလေးပင် ထွက်သွားတော့မလို ခံစားလိုက်ရသည်။ ကျူးယောက် စကားတစ်ခွန်းကို အားတင်းလျက် ညှစ်ပြောလိုက်သည်။

“တော်… တော်ပါတော့…”

ယန်ရုန်ရုန် ဆက်ပြီး လှုပ်ခါချင်သေးသည့် ပုံစံပေါက်သော် လည်း ရပ်တန့်လိုက်ပါသည်။ သူ့ကို စိုစွတ်နေသော မျက်ဝန်းများဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။

“ကျွန်မ အပြစ်ပါ ယောက်ျားရယ်… ကျွန်မကြောင့် ရှင်ဒီလိုဖြစ်ခဲ့ရတာ…”

ကျူးယောက်၏ စိတ်ထဲတွင်လည်း သူမကို အမှန်တကယ် အပြစ်တင်မိပါသည်။ သူမသာ အဓိပ္ပာယ်မရှိသော စကားများကို မပြောခဲ့လျှင်၊ ချန်းကျို့က ယောက်ျားချင်းကြိုက်တတ်သည်ဟု သူ့ကို မလိမ်ညာခဲ့လျှင် သူလည်း မြွေမိစ္ဆာဆီ ရောက်လာပြီး အခုလို သေလုမျောပါးဖြစ်သည်အထိ အရိုက်ခံခဲ့ရစရာအကြောင်း မရှိပေ။

သို့သော် သူမ၏ သနားစရာ မျက်နှာလေးကိုမြင်ပြီး ကျူးယောက် အပြစ်မတင်ရက်ခဲ့ပါ။ ထို့ကြောင့် အလွန် အားနည်းနေသည့် လေသံဖြင့် ကျူးယောက် ပြောလိုက်သည်။

“မငိုပါနဲ့… ကိုယ်မင်းကို အပြစ်မတင်ပါဘူး… အခုအရေးကြီးဆုံးက ဒီနေရာကြီးကနေ ထွက်သွားနိုင်ဖို့ပဲ”

ထိုစဉ် ချန်းကျို့၏ အေးစက်သော လှောင်ရယ်သံ ထွက်ပေါ်လာခဲ့သည်။

“ထွက်ပြေးဖို့ အခုထိ စဉ်းစားနေတုန်းလား၊ စိတ်ကူးသာယဉ်နေလိုက်စမ်းပါ”

ကျူးယောက် တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့သည်။ အကျဉ်းခန်းတံခါးဝတွင် ချန်းကျို့ ရပ်နေမှန်း သူယခုမှ မြင်မိပါသည်။

မြွေမိစ္ဆာကိုမြင်ပြီး မကြာသေးခင်က သူ့ကို အတင်းအကျပ်နမ်းဖို့ ကြိုးစားခဲ့မိပုံကိုပြန်သတိရကာ ရှက်ဒေါသကြောင့် ကျူးယောက် မျက်နှာတစ်ခုလုံး နီရဲသွားခဲ့ရသည်။

ချန်းကျို့သည်လည်း ထိုရွံစရာကောင်းသော အခိုက်အတန့်ကိုပြန်တွေးမိပုံရပြီး မျက်နှာ ပိုမိုမှောင်မိုက်သွားခဲ့ပါသည်။

ယန်ရုန်ရုန်ကတော့ သူတို့နှစ်ယောက်အကြားက အခြေအနေကို သတိထားမိပုံမရပေ။ ကျူးယောက်ကို နူးညံ့သိမ်မွေ့သော မျက်ဝန်းများဖြင့် သူမ စိုက်ကြည့်လိုက်သော်လည်း နှုတ်မှထွက်လာသည့် စကားလုံးများကတော့ ဝမ်းနည်းပြတ်သားမှုများဖြင့် ပြည့်နှက်နေပါသည်။

“ယောက်ျား… ကျွန်မတို့နှစ်ယောက် မလွတ်မြောက်နိုင်တော့ဘူးဆိုမှတော့ အတူတူ သေလိုက်ကြတာပေါ့”

ကျူးယောက် ထိတ်လန့်သွားသည်။ လက်ရှိ အခြေအနေက ဆိုးရွားနေသော်လည်း သူ့ဘဝ လုံးဝ အဆုံးသတ်သွားခဲ့ပြီဟုတော့ မခံစားမိသေးပါ။

ထို့ကြောင့် ယန်ရုန်ရုန့်ကို ဖြောင်းဖြဖို့ သူကြိုးစားလိုက်သည်။

“အဲ့လို အခြေအနေအထိ မရောက်သေးပါဘူး! ကိုယ်ပြောတာ နားထောင်၊ ချန်းကျို့ကို မင်းလိုက်လျောချင်ယောင် ဆောင်လိုက်၊ သူ သတိမဲ့သွားပြီဆိုတာနဲ့ ကိုယ်တို့နှစ်ယောက် ထွက်ပြေးဖို့ နည်းလမ်းရှာလို့ရတယ်”

ယန်ရုန်ရုန် ခေါင်းမာစွာ ခေါင်းခါလိုက်သည်။ ရီဝေနေသော သူမ မျက်ဝန်းများက ဆုံးဖြတ်ချက် ပြတ်သားခိုင်မာနေခဲ့သည်။

“မရဘူး! ကျွန်မနှလုံးသားကို ရှင်တစ်ယောက်တည်း ပိုင်ဆိုင်ရမှာ၊ ရှင့်နောက်ကွယ်မှာ တခြားယောက်ျားတစ်ယောက်နဲ့ မပတ်သတ်နိုင်ဘူး!”

“မင်းနှလုံးသားကို ကိုယ်နားလည်ပါတယ်! ကိုယ်လည်း မင်းကို တခြားယောက်ျားတစ်ယောက်နဲ့ ဘယ်ပတ်သတ်စေချင်ပါ့မလဲ! ဒါပေမယ့် တခြားနည်းလမ်းမှမရှိတာ၊ စိတ်မပူပါနဲ့၊ မင်းနဲ့သူ့အကြား တစ်ခုခုဖြစ်သွားရင်တောင် ကိုယ်မင်းကို အထင်မသေးဘူး၊ ကိုယ့်နှလုံးသားထဲမှာတော့ မင်းက အမြဲတမ်း သန့်စင်နေမှာပဲ”

ယန်ရုန်ရုန်ကတော့ ခေါင်းခါနေဆဲပင်။

“ဟင့်အင်း ဟင့်အင်း၊ ကျွန်မ မလုပ်နိုင်ဘူး၊ အဲ့ဒီလို အညစ်နွမ်းခံရမှာထက်စာရင် ရှင်နဲ့အတူတူ သေလိုက်တာမှ ပိုကောင်းဦးမယ်၊ နောင်ဘဝရောက်ခါမှ ကျွန်မတို့ လင်မယားတွေအဖြစ် ဆက်နေကြတာပေါ့”

“စိတ်အေးအေးထားစမ်းပါ”

သို့သော် ယန်ရုန်ရုန်ကတော့ စိတ်ပိုင်းဖြတ်ပြီးသွားပါပြီ။ ကျူးယောက် စကားမဆုံးခင် ယန်ရုန်ရုန် ဝတ်ရုံထဲမှကတ် ကြေးကို ဆွဲထုတ်ကာ သူ့ဝမ်းဗိုက်ထဲ နက်နက်ရှိုင်းရှိုင်း ထိုးစိုက်ပစ်လိုက်တော့သည်။

ဒဏ်ရာမှ သွေးများ ပန်းထွက်လာပြီး သူ့ဝတ်ရုံတစ်ခုလုံး နီရဲသွားခဲ့သည်။ ကျူးယောက် မျက်လုံးများ အလွန်ပြူးကျယ်သွားပြီး ယန်ရုန်ရုန့်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေခဲ့ပါသည်။

မကြာမီ နာကျင်မှုကြောင့် သူ့မျက်နှာတစ်ခုလုံး ရှုံ့တွသွားပြီး ဒဏ်ရာကိုလက်ဖြင့်ဖိရင်း မှောက်လဲသွားခဲ့တော့သည်။

ဒါကိုမြင်ပြီး သူမလုပ်ရပ်ကိုသူမ ထိတ်လန့်သွားသကဲ့သို့ ယန်ရုန်ရုန် အော်ဟစ်လိုက်သည်။ ထို့နောက် သွေးစွန်းနေသော ကတ်ကြေးကိုလွှင့်ပစ်ကာ ကျူးယောက်၏ ခန္ဓာကိုယ်ကို ပြေးဖက်ရင်း ဝမ်းနည်းပက်လက် ငိုကြွေးလေတော့ သည်။

အခြေအနေတွေ ဒီလောက်ထိ ပြောင်းလဲသွားလိမ့်မည်ဟု ချန်းကျို့ ထင်မထားခဲ့ပေ။ မလှုပ်မယှက် ငြိမ်သက်နေသော ကျူးယောက်ကို ကြည့်ရင်း သူ့အတွက်ကောင်းသည့် ကိစ္စဖြစ်နိုင်သည်ဟု ချန်းကျို့ယူဆလိုက်ပါသည်။

ယောက်ျားဖြစ်သူ သေဆုံးသွားသည်နှင့် ‘စုဝမ်’ကို သူတစ် ယောက်တည်းသာ ပိုင်ဆိုင်နိုင်တော့မည်။

သို့သော် ယန်ရုန်ရုန်က အငြှိုးတရားများတောက်လောင်နေသော မျက်လုံးများဖြင့် သူ့ကို လှည့်ကြည့်လိုက်သည်။

“အားလုံး ရှင့်အပြစ်တွေပဲ! ကျွန်မ ယောက်ျားကို ရှင်သတ်လိုက်တာ!”

ချန်းကျို့က သူမဘေးတွင်ကျနေသည့် ကတ်ကြေးကို လက်ညှိုးထိုးပြရင်း အသိပေးလိုက်သည်။

“သူ့ကို ကတ်ကြေးနဲ့ထိုးလိုက်တာ မင်းလေ”

ယန်ရုန်ရုန်ကတော့ သူ့စကားကို ကြားပုံမရဘဲ စိတ်လွတ်သွားသည့်နှယ် အော်ဟစ်နေခဲ့ပါသည်။

“ရှင်သာ ဝင်မရှုပ်ခဲ့ရင် ကျွန်မယောက်ျားနဲ့ ကျွန်မ ဒီလို အဆုံးသတ်သွားပါ့မလား! ပြဿနာရဲ့ ဇာစ်မြစ်က ရှင်ပဲ! ရှင်သူ့ကို ပြန်ကယ်ပေးရမယ်!”

ဟာသတစ်ခုကို ကြားလိုက်ရသည့်နှယ် ချန်းကျို့ ရယ်မောလိုက်သည်။

“ငါက ဘာလို့ကယ်ပေးရမှာလဲ”

ယန်ရုန်ရုန် ကတ်ကြေးကို ထပ်ပြီး ဆုပ်ကိုင်လိုက်သည်။ သူမ တစ်ကိုယ်လုံး တုန်ယင်နေပြီး အစွန်းရောက်နေသော လေသံမျိုးဖြင့် ခြိမ်းခြောက်လိုက်သည်။

“ကျွန်မယောက်ျားသေသွားရင် တမလွန်မှာ သူ့ကို အဖော်ပြုပေးလို့ရအောင် ရှင့်ကိုပါ သတ်ပစ်မှာနော်!”

သူမ၏ ခြိမ်းခြောက်စကားက ရယ်ချင်စရာကောင်းသည်ဟု ချန်းကျို့ထင်မိသည်။ ထို့ကြောင့် ပိုမိုကျယ်လောင်စွာ ရယ်မောရင်း ပြောလိုက်ပါသည်။

“လုပ်လိုက်လေ! မင်းလက်နဲ့ သတ်တာကိုခံရတာ ငါ့အတွက်တော့ ဂုဏ်ယူစရာပဲပေါ့! လုပ်လိုက်စမ်းပါ!”

သူ့ကျင့်ကြံခြင်းအဆင့်က စုဝမ်ထက် အများကြီး ပိုမြင့်မားပါသည်။ ဒီမက်မွန်ပွင့်မိစ္ဆာမလေးကို သူလုံးဝ အထင်မကြီးသလို သူ့ကို ထိခိုက်အောင် လုပ်နိုင်မည်ဟုလည်း မယုံကြည်ပေ။

သူ့ထံ စုဝမ်ချဉ်းကပ်လာသောအခါ ချန်းကျို့က ရှောင်ပင်မရှောင်ခဲ့ပါ။ ထို့အစား လက်နှစ်ဖက်ကို ဆန့်တန်းလျက် သူမကို ရင်ခွင်ထဲ ဆွဲသွင်းဖို့ ကြံရွယ်လိုက်ပါသည်။

သို့သော် စက္ကန့်ပိုင်းအတွင်းမှာပင် သူ့ဝမ်းဗိုက်မှ စူးစူးရှရှ နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။

သူ့ဗိုက်ထဲသို့ စိုက်ဝင်နေသည့် သွေးစွန်းနေသော ကတ်ကြေးကို ချန်းကျို့ မယုံကြည်နိုင်စွာ ငုံ့ကြည့်လိုက်ပါသည်။

‘ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… ဒါသာမန်ကတ်ကြေးတစ်ချောင်းလေ… ငါဘာလို့ ထိခိုက်သွားရတာလဲ!’

အခြေအနေတွေ ထိန်းမနိုင်သိမ်းမရဖြစ်လာခဲ့ပြီ ဖြစ်ရာ ရှင်သန်လိုစိတ်ကြောင့် ချန်းကျို့ လက်ကိုမြှောက်လျက် စုဝမ်၏ခေါင်းကို ကြောက်စရာကောင်းသော အရှိန်ဖြင့် ရိုက်ချပ်ပစ်လိုက်တော့သည်။၊

🌹Chapter 258

ချန်းကျို့၏ ကျင့်ကြံခြင်းအဆင့်မှာ စုဝမ်ထက် များစွာသာလွန်ပါသည်။ သူ့လက်ဖဝါးဖြင့် တစ်ချက်လောက် ရိုက်လိုက်ရုံနှင့် စုဝမ် အသက်ထွက်သွားနိုင်သည်။

သို့သော် သူ့ရိုက်ချက်က စုဝမ်ကို မထိမှန်ခဲ့ပေ။

သူ့လက်ကောက်ဝတ်ကို ယန်ရုန်ရုန်က လေထဲမှာပင် ဖမ်းဆုပ်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်က မိုးမခပင်ပမာ နုနယ်သည်ဟု ထင်ရပြီး ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသော်လည်း ချန်းကျို့တစ်ယောက် သူ့လက်ကို ပေါင်ချိန်တစ်ထောင်လောက်ရှိသော သံညှပ်ကြီးဖြင့် အညှပ်ခံထားရသလို ခံစားလိုက်ရပါသည်။

သူဘယ်လောက်ပဲ ရုန်းကန်ပါစေ မလွတ်မြောက်နိုင်ခဲ့ပါ။

ချန်းကျို့ အလွန့်အလွန် စိတ်ချောက်ချားသွားခဲ့ရသည်။ စုဝမ်ကို သူအလွန်အကျွံ အထင်သေးလိုက်မိပြီဖြစ်မှန်း နားလည်လိုက်ရပါပြီ။

ဒီမိစ္ဆာမလေးက နူးညံ့ပျော့ပြောင်းပြီး အားနည်းမည့်ပုံစံပေါက်သော်လည်း ကျားကိုပြန်စားမည့် ဝက်တစ်ကောင်ပမာ လှည့်ဖျားမှုတွင် တစ်ဖက်ကမ်းကပ် ကျွမ်းကျင်သော ဆရာတစ်ဆူပင်။

ယန်ရုန်ရုန်လည်း သူ့နည်းတူ အံ့အားသင့်မိပါသည်။ သူမကိုယ်သူမ ကာကွယ်ဖို့အတွက်သာ ချန်းကျို့၏ လက်ကို ဖမ်းဆုပ်လိုက်ခြင်းဖြစ်သည်။ အင်အားလည်း သိပ်မသုံးခဲ့ပါ။ သို့သော် ချန်းကျို့က သူမလက်မှ ရုန်းမထွက်နိုင် ဖြစ်သွားခဲ့သည်။

ယန်ရုန်ရုန် မျက်လုံးများ လှုပ်ခတ်သွားပြီး ဒီခန္ဓာကိုယ်၏ စွမ်းအားက ဇာတ်ညွှန်းထဲမှာ ဖော်ပြထားသည်ထက် အများကြီး ပိုသာလွန်မှန်း နားလည်သွားခဲ့သည်။

ထို့ကြောင့် ချက်ချင်းဆိုသလို ယန်ရုန်ရုန် ယုံကြည်ချက်များ ပိုမိုမြင့်တက်သွားသည်။

‘ဒီဇာတ်လမ်းရဲ့ စာရေးဆရာက ဒရမ်မာဆန်တာကို အဲ့လောက်သဘောကျရင် နှစ်ဆတိုးပေးလိုက်ရုံပေါ့!’

ရိုးအီနေသည့် ဇာတ်လမ်းများကို အနိုင်ယူဖို့ဟူသည်မှာ ပိုပြီးရိုးအီသော ဇာတ်လမ်းများကို ဖန်တီးတတ်ရပါမည်။

ယန်ရုန်ရုန် အလွန်ဝမ်းနည်းသွားသည့် မျက်နှာဖြင့် အော်ဟစ်မြည်တမ်းလိုက်သည်။

“အားလုံးရှင့်အပြစ်တွေပဲ! ကျွန်မယောက်ျားကို ရှင်သတ်လိုက်တာ! ရှင့်ကိုကျွန်မ သတ်ပစ်မယ်!”

ကတ်ကြေးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ပြီး သူ့ဝမ်းဗိုက်ထဲ နောက်တစ်လက်မခန့် ထပ်ထိုးစိုက်ပစ်လိုက်သည်။ နာကျင်မှုကြောင့် ချန်းကျို့မျက်နှာ အကျည်းတန်သွားခဲ့သည်။ ယန်ရုန်ရုန့်လက်ကို သူအသည်းအသန် ဆုပ်ကိုင်ပြီး ကတ်ကြေးကို ဖယ်ရှားဖို့ကြိုးစားသော်လည်း မအောင်မြင်ခဲ့ချေ။

ယန်ရုန်ရုန့် ခွန်အားက ကြီးမားလွန်းလှသည်။ သူမကို ချန်းကျို့ မယှဉ်နိုင်တော့ပေ။

မျက်စိတစ်မှိတ်အချိန်အတွင်း ကတ်ကြေးတစ်ချောင်းလုံးကို သူ့ခန္ဓာကိုယ်ထဲ ယန်ရုန်ရုန် ထိုးသွင်းပစ်လိုက်ပါသည်။ ထိုမျှနှင့် မရပ်သေးဘဲ ကတ်ကြေးကို ဗြိခနဲမြည်အောင် ပြန်ဆွဲ ထုတ်လိုက်သေးသည်။

ထို့ကြောင့် ဒဏ်ရာမှ သွေးများ ဒလဟော ပန်းထွက်ကာ နှစ်ယောက်စလုံး၏ ဝတ်ရုံများ စိုရွှဲသွားခဲ့တော့သည်။ သွေးအမြောက်အများထွက်နေသည့် ဒဏ်ရာကို ချန်းကျို့ လက်ဖြင့်ဖိပိတ်ရင်း မျက်နှာဖြူရော်သွားခဲ့ပြီး သေချင်စိတ်ပင် ပေါက်သွားခဲ့သည်။

‘လှပသည့် အမျိုးသမီးအပေါ် ကြင်နာရမည်’ဟူသော ခံစားချက်များ အငွေ့ပျံပျောက်ကွယ်သွားပြီး ယခုအချိန်မှာ သူ့ရင်ထဲ ထိုနှလုံးသားမဲ့သည့် အရူးမကို သတ်ဖြတ်ချင်စိတ်မှအပ အခြားဘာမှ မရှိတော့ပါ။

“သောက်ရူးမ…!”

ချန်းကျို့ အံကြိတ်ရင်း ငေါက်လိုက်သည်။

“မင်းမျက်လုံးနဲ့ သေချာကြည့်စမ်းပါ! မင်းယောက်ျား အသက်ရှူနေတုန်းပဲ! သူ မသေသေးဘူး၊ ငါ့ကို ခွေးရူးလို လာကိုက်မနေနဲ့!”

ယန်ရုန်ရုန် ရုတ်တရက် အသိစိတ်ပြန်ကပ်သွားသကဲ့သို့ ပြုမူကာ ကျူးယောက်ဘေးသို့ အမြန်ပြေးသွားခဲ့သည်။ သူအမှန်တကယ် အသက်ရှူနေသေးမှန်း သိလိုက်ရသောအခါ အငိုမျက်နှာမှ တောက်ပနေသော အပြုံးမျက်နှာအဖြစ် ချက်ချင်း အသွင်ပြောင်းသွားခဲ့ပါသည်။

“ဝမ်းသာစရာကြီး! ယောက်ျား မသေသေးဘူးပေါ့!”

ချန်းကျို့က အခွင့်အရေးကို အရယူပြီး ကျောက်သားအကျဉ်းခန်းထဲမှ ခပ်သုတ်သုတ် ထွက်ပြေးလာခဲ့သည်။ ထွက်မပြေးခင်လည်း စိတ္တဇမ ထွက်မလာနိုင်စေဖို့ အကျဉ်းခန်းတံခါးကို ပိတ်ကာလော့ခ်ချပစ်ခဲ့သည်။ ထို့နောက် အဝေးဆုံးသို့ ထွက်ပြေးသွားခဲ့တော့သည်။

ယန်ရုန်ရုန် ခေါင်းမော့ကြည့်လိုက်သောအခါ ချန်းကျို့ မရှိတော့ပေ။ ထို့နောက် လေထဲတွင် ချက်ချင်းဆိုသလို စာသားအသစ်များ ပေါ်လာခဲ့ပါသည်။

“သူ့ကိုလွှတ်ပေးပါလို့ ချန်းကျို့ကို စုဝမ်တောင်းတောင်းပန်ပန်ပြောခဲ့တယ်၊ သူ့မျက်ရည်တွေက ချန်းကျို့ကို မတားဆီးနိုင်ခဲ့တဲ့အပြင် ပိုပြီး ရူးသွပ်သွားစေခဲ့တယ်၊ အဲ့ဒီနေ့ညက အရှင်လတ်လတ် အရေခွံနွှာခံရသလို စုဝမ်အတွက် သေဆုံးခြင်းထက် ပိုဆိုးတဲ့… $@%#@^@”

စာသားများ ပျက်စီးယိုယွင်းသွားခဲ့ပြန်သည်။ ခဏအကြာတွင် မမြင်နိုင်သည့် လက်ကြီးတစ်ဖက်က စာသားအဟောင်းမျာားကို ဖျက်ပစ်ကာ စာသားအသစ်များဖြင့် အစားထိုးလိုက်ပါသည်။

“စုဝမ်က ကျူးယောက်ကို အရမ်းချစ်ခဲ့တယ်၊ တခြားယောက်ျားတစ်ယောက်နဲ့ ပတ်သတ်မယ့်အစား အသေပဲ ခံလိုက်မယ်လို့ ဆုံးဖြတ်ခဲ့တယ်၊ စိတ်လွတ်သွားတဲ့ အချိန်တစ်ခဏမှာ ကျူးယောက်ကို သူ ကတ်ကြေးနဲ့ ထိုးလိုက်တယ်၊ ဒါပေမယ့် သူ့ကို သေစေနိုင်လောက်တဲ့အားနဲ့ မထိုးနိုင်ခဲ့လို့ ကျူးယောက် မသေခဲ့ဘူး”

“သေတစ်ဝက်ရှင်တစ်ဝက်ဖြစ်နေတဲ့ ယောက်ျားဖြစ်သူကို ကြည့်ရင်း စုဝမ် အရမ်းရင်နာသွားခဲ့ရတယ်၊ သူ့ကို ချက်ချင်း မကူညီရင် သေသွားတော့မှာကို သိတဲ့အတွက် ချန်းကျို့ကို တောင်းပန်ဖို့ စုဝမ် ဆုံးဖြတ်ခဲ့တယ်၊ ချန်းကျို့က သဝန်တိုမှုတွေနဲ့ တောက်လောင်ပြီး ကျူးယောက်ရဲ့ အသက်ကို ကယ်စေချင်ရင် သူ့ဆီမှာ အညံ့ခံရမယ်လို့ စုဝမ်ကို ခြိမ်းခြောက် အကျပ်ကိုင်ခဲ့တယ်၊ စုဝမ်က လက်မခံဘဲ ထွက်ပြေးဖို့ ကြိုးစားပေမယ့် ချန်းကျို့က သူ့ကို ကုတင်ပေါ် ပစ်တင်ပြီး လက်နှစ်ဖက်စလုံးကို ချုပ်နှောင်ပြီးတော့…!@#%$!”

ယန်ရုန်ရုန် ဆွံ့အသွားသည်။ နှစ်ယောက်စလုံးကို သူမ ကတ်ကြေးဖြင့် ထိုးစိုက်ပစ်ခဲ့သည်မှာ သေချာပါသည်။ သို့သော် ဇာတ်လမ်းကတော့ ရိုးအီနေသော အတင်းအဓမ္မသိမ်းပိုက်ခြင်းလမ်းကြောင်းထံကိုသာ တစ်ပတ်ပြန်လည်လာခဲ့သည်။

ထိုကဲ့သို့ ‘အတင်းအဓမ္မ’ရယူခြင်းက ရာဇဝတ်မှုမြောက်ပြီး ထောင်နန်းစံရမည့် လုပ်ရပ်မျိုးဖြစ်သည်ဟု ထို ‘စာရေး ဆရာ’ကို ယန်ရုန်ရုန် ရှင်းပြချင်မိပါသည်။

သေလုမျောပါးဖြစ်နေသည့် ကျူးယောက်ကို ယန်ရုန်ရုန်လှည့်ကြည့်လိုက်သည်။ သူ့ဝမ်းဗိုက်မှ သွေးများ စိမ့်ထွက်နေဆဲဖြစ်ကာ ဒီတိုင်းသာ ဆက်သွားလျှင် ကြာကြာခံတော့မှာ မဟုတ်ပေ။

ယန်ရုန်ရုန် သက်ပြင်းချလိုက်ပါသည်။

“ရှင်တို့အားလုံး ကျွန်မလက်ကို တွန်းအားပေးနေကြတာပဲ”

‘ဇနီးကောင်း’တစ်ယောက် မဖြစ်နိုင်တော့လျှင် လုံးဝ ရူးသွပ်နေသော စိတ္တဇတစ်ယောက်အဖြစ်သာ နေထိုင်ပါတော့မည်။

ယန်ရုန်ရုန် မတ်တပ်ရပ်လိုက်ပြီး အကျဉ်းခန်းတံခါးထံ လျှောက်လာခဲ့သည်။ လက်ဖြင့် အသာအယာတွန်းလိုက်ရုံနှင့် တံခါးပွင့်သွားခဲ့ပါသည်။

ချန်းကျို့ ချိတ်ထားခဲ့သည့် သော့ကလည်း ပျောက်သွားခဲ့လေပြီ။ သူကို ချန်းကျို့နှင့် တွေ့ဆုံနိုင်အောင် ‘ဇာတ်ညွှန်းနတ်ဘုရား’က လမ်းဖွင့်ပေးလိုက်ခြင်းဖြစ်မှန်း ခန့်မှန်းဖို့ပင် မလိုအပ်ပါ။

ထို့နောက် ယန်ရုန်ရုန် အကျဉ်းထောင်ထဲမှ တိတ်တဆိတ် ထွက်လာခဲ့တော့သည်။

---

ချန်းကျို့တစ်ယောက် အိပ်ခန်းဆောင်ထဲတွင် ဒဏ်ရာများကို ကုသနေပါသည်။ အပေါ်ပိုင်းဗလာဖြစ်နေသဖြင့် ကြံ့ခိုင်သည့် သူ့ကြွက်သားများက အထင်းသားပေါ်နေသည်။

ဆေးအနည်းငယ်ထည့်ပြီးနောက် ဒဏ်ရာက သွေးတိတ်သွားခဲ့သည်။ မိစ္ဆာတစ်ကောင်၏ ဒဏ်ရာပြန်ကောင်းနှုန်းနှင့်သာဆို ရက်ပိုင်းအတွင်း သက်သာသွားပါလိမ့်မည်။

စိတ္တဇမ စုဝမ်အကြောင်းကို ပြန်တွေးရင်း ချန်းကျို့ရင်ထဲ အငြှိုးတရားကော၊ ကြောက်ရွံ့မှုတို့ကိုကော ခံစားလိုက်ရသည်။ သူမကို သဘောကျမိခဲ့သည့် သူပဲ ရူးသွပ်နေခြင်းဖြစ်ပါလိမ့်မည်။

ဒဏ်ရာတွေ ပြန်သက်သာသွားသည်နှင့် သူမကိုကော၊ ကျူးယောက်ကိုကော သတ်ပစ်ပြီး ထိုစိတ္တဇလင်မယားနှစ်ယောက်ကို လောကကြီးမှ ထာဝရ ပျောက်ကွယ်သွားအောင် လုပ်ပစ်ပါမည်။

သို့သော် စက္ကန့်ပိုင်းပင် မကြာလိုက်ဘဲ ခြေသံအချို့ကို ချန်းကျို့ ကြားလိုက်ရသည်။

ချန်းကျို့ ဆတ်ခနဲ ခေါင်းမော့ကြည့်လိုက်ပါသည်။ အိပ်ခန်းဆောင်တံခါးက အသံမမြည်ဘဲ တိတ်တဆိတ် ပွင့်သွားခဲ့ပြီး တံခါးဝတွင် သူကြောက်ရွံ့ရသည့် မိစ္ဆာမက တောင့်တောင့် တင်းတင်း မတ်တပ်ရပ်နေလေသည်။

ညလေပြည်က အေးစက်နေပြီး သူမပေါ်သို့ ငွေရောင်သန်းသည့် လရောင်ဖြာကျနေသဖြင့် သူမ၏နက်မှောင်သော ဆံနွယ်၊ အဖြူရောင်ဝတ်ရုံနှင့် မျက်ဝန်းများမှ ကြောက်စရာကောင်းသည့် အလင်းရောင်များ ဖြာထွက်နေပါသည်။ သူမပုံစံက အမှောင်ထုထဲတွင် ဝိညာဉ်များကို အမဲလိုက်တတ်သည့် သေမင်းတစ်ကောင်နှင့် တူနေလေသည်။

ချန်းကျို့ ကြက်သီးမွေးညှင်းများ ထသွားခဲ့ပြီး သူ့ဒဏ်ရာကို အလိုလို ကာကွယ်လိုက်ကာ သူမကို မဝံ့မရဲ မေးမြန်းလိုက်ပါသည်။

“အကျဉ်းခန်းထဲက မင်း ဘယ်လိုထွက်လာတာလဲ”

သူ့ကြောက်ရွံ့မှုများကို ယန်ရုန်ရုန် မသိချင်ယောင်ဆောင်လိုက်ပြီး အခန်းထဲသို့ ပေါ့ပါးသော ခြေလှမ်းများဖြင့် ဝင်လာခဲ့သည်။

ချန်းကျို့ ကြောက်လန့်တကြားဖြစ်ပြီး ရုတ်တရက် မတ်တပ်ထရပ်လိုက်ရာ ဒဏ်ရာကို ထိခိုက်သွားသဖြင့် နာကျင်မှုကြောင့် ပါးစပ်မှ ညည်းသံပင် အလိုလိုထွက်သွားခဲ့သည်။

“မင်းကို ဘယ်သူဝင်ခွင့်ပေးလို့လဲကွ!”

ယန်ရုန်ရုန် သူ့ကို သနားစရာကောင်းသည့်မျက်နှာလေးနှင့် ကြည့်လိုက်သည်။

“ကျွန်မ အကူအညီတောင်းစရာလေး ရှိလို့ပါ၊ ရှင်သဘောတူမယ်ဆိုရင် ကျွန်မ ချက်ချင်းထွက်သွားပေးပါ့မယ်”

ချန်းကျို့က သူမကို ချက်ချင်းထွက်သွားဖို့ မောင်းထုတ်ချင်ခဲ့သော်လည်း စကားလုံးတစ်လုံးမှ မထွက်နိုင်ခင် သူ့ပါးစပ်ကို ယန်ရုန်ရုန်လက်ဖြင့် အုပ်လိုက်ပါသည်။

ယန်ရုန်ရုန် နူးညံ့ချိုမြိန်စွာ ပြုံးပြလိုက်သည်။

“ကျွန်မကို တစ်ခုခု ပြန်မပြောခင် သေသေချာချာ စဉ်းစားနော်”

ပုံမှန်အခြေအနေမှာသာဆို သူ့နှုတ်ခမ်းဝသို့ နူးညံ့အိစက်သည့် လက်ကလေးတစ်ဖက် ရောက်လာလျှင် သူ့ဆန္ဒတွေ ပြင်းပြလာနိုင်ပါသည်။ သို့သော် ယခုတော့ ချန်းကျို့ စိတ်ချောက်ချားမှုကိုသာ ခံစားရသည်။

သူမ၏ အလျှင်က အလွန်မြန်ဆန်လွန်းပါသည်။ မျက်စိတစ်မှိတ်အချိန်အတွင်း သူ့ရှေ့သို့ ဖျပ်ခနဲ ရောက်လာကာ သူ့ပါးစပ်ကို အုပ်ပစ်လိုက်သည်။

ကြောက်စရာပိုကောင်းသည်က သူမလက်ကို ချန်းကျို့ ဖယ်ရှားမရခဲ့ပါ။

ယခုတော့ ချန်းကျို့ သေချာသွားခဲ့ပါပြီ။ စုဝမ်၏ ကျင့်ကြံခြင်းအဆင့်က သူ့ထက် အလွန့်အလွန် ပိုမြင့်မားပါလိမ့်မည်။ အားလုံးကို လှည့်စားဖို့အတွက် အားနည်းပျော့ညံ့ချင်ယောင် ဟန်ဆောင်ခဲ့ခြင်းသာ ဖြစ်လိမ့်မည်။

အားကြီးသူသာ အနိုင်ယူစတမ်းဟူသည့် မိစ္ဆာလောက၏ နိယာမအရ ချန်းကျို့ ရွေးချယ်စရာမရှိတော့ဘဲ အရှုံးပေးလိုက်ရတော့သည်။

ချန်းကျို့ မရုန်းကန်တော့သည်ကို မြင်ပြီး ယန်ရုန်ရုန် လက်ကို ပြန်ဖယ်ပေးလိုက်ပါသည်။

ချန်းကျို့၏ တစ်ကိုယ်လုံးရှိ ကြွက်သားများ တောင့်တင်းသွားပြီး ခြောက်ကပ်နေသော လေသံဖြင့် မေးလိုက်သည်။

“မင်း ဘာလိုချင်လို့လဲ”

သူ့မျက်နှာကို ယန်ရုန်ရုန် စေ့စေ့ စိုက်ကြည့်လိုက်သည်။

“ကျူးယောက် ဒဏ်ရာအပြင်းအထန် ရထားတယ်၊ သူ့အသက်ကို ကယ်ပေးပါ”

“ငါက ဆေးလမ်းစဉ်ကျင့်ကြံသူမှ မဟုတ်တာ! ဆေးပညာအကြောင်း ဘာမှ နားမလည်ဘူး! ငါသူ့ကို ဘယ်လိုကယ်ပေးရမှာလဲ!”

ယန်ရုန်ရုန်က ချက်ချင်း ပြန်ဖြေလိုက်သည်။

“ရှင် ဘာမှလုပ်စရာမလိုဘူး၊ ဒီတိုင်း ငြိမ်ငြိမ်လေး လှဲနေရုံပဲ၊ ကျန်တာ ကျွန်မ တာဝန်သာထား”

All Chapters