← Chapters

အခန်း (၂၅၉-၂၆၀)

Vol. 26 Ch. 259-260

အခန်း (၂၅၉-၂၆၀)

Vol. 26 Ch. 259-260

🌹Chapter 259

သူမ၏ ဆိုလိုရင်းကို နားမလည်သဖြင့် ချန်းကျို့ မဝံ့မရဲ မေးလိုက်သည်။

“မင်း… နည်းနည်းလောက် ရှင်းရှင်းလင်းလင်း ပြောလို့မရဘူးလား”

“အချိန်က ဒီလောက်အရေးကြီးနေတာ!”

ယန်ရုန်ရုန် အလောတကြီးဆိုလိုက်သည်။

“ဒီ့ထက် အချိန်ထပ်ဆွဲနေရင် ကျွန်မ ယောက်ျား သေသွားလိမ့်မယ်၊ လှဲစရာရှိတာသာ လှဲလိုက်စမ်းပါ၊ ပြီးမှ သေချာရှင်းပြမယ်”

ချန်းကျို့ပခုံးကို သူမလက်ဖြင့် ဖိချလိုက်ရာ ကြီးမားလှသည့် ခွန်အားကြောင့် ကုတင်ပေါ် လဲကျသွားခဲ့တော့သည်။ ချန်းကျို့လည်း မတတ်သာဘဲ ကုတင်ပေါ် လှဲလျောင်းလိုက်ရသည်။ သူ့စိတ်ထဲမှာလည်း စက္ကန့်နှင့်အမျှ လေးလံလာခဲ့သည်။

ထို့နောက် တံတောင်ဆစ်ဖြင့် သူ့ခန္ဓာကိုယ်ကို မ,တင်လျက် ပြန်ထိုင်ဖို့ ကြိုးစားရင်း ပြောလိုက်သည်။

“ငါ အဝတ်အစားလေး ပြန်ဝတ်~”

“ရတယ်မလိုဘူး၊ ဒီတိုင်းက ပိုကောင်းတယ်”

သူ့ရင်ဘတ်ကို ယန်ရုန်ရုန် လက်ဖြင့် အသာအယာဖိချလိုက်ရာ ကုတင်ပေါ်သို့ ချန်းကျို့အရှိန်ဖြင့် ပြန်လဲကျသွားခဲ့သည်။

ယန်ရုန်ရုန့်ကို ကြည့်ရင်း ချန်းကျို့ ကြောက်လန့်တကြား တံတွေးမျိုချလိုက်မိသည်။

“မင်း… မင်း ဘာလုပ်ဖို့ ကြံနေတာလဲ”

ယန်ရုန်ရုန်က သွေးစွန်းနေသော ကတ်ကြေးကို ထပ်ထုတ်လိုက်သည်။ ချွန်ထက်နေသော ကတ်ကြေးစွန်းဖြင့် ချန်းကျို့၏ ဝမ်းဗိုက်ကို ရွယ်ရင်း အတည်ပေါက် ပြောလိုက်ပါသည်။

“ကျွန်မ ကတ်ကြေးနဲ့ထိုးလိုက်တုန်းက ကျူးယောက်ရဲ့ ကျောက်ကပ်ပျက်စီးသွားတယ်၊ ရှင့်ဆီက ကျောက်ကပ်တစ်လုံးထုတ်ပြီး သူ့ကို အစားထိုးပေးမှဖြစ်မယ်”

ချန်းကျို့ ကြောက်လန့်တကြား အော်ဟစ်လိုက်လေသည်။

“ဘာကွ!!”

“မကြောက်ပါနဲ့”

ယန်ရုန်ရုန် သူ့ကို နူးညံ့သိမ်မွေ့စွာ နှစ်သိမ့်ပေးလိုက်ပါသည်။

“ရှင့်မှာ ကျောက်ကပ်က နှစ်လုံးရှိတာ တစ်လုံးလောက်ထုတ်လိုက်လည်း ဘာမှမဖြစ်ပါဘူး”

ချန်းကျို့မျက်နှာ သွေးမဲ့ဖြူရော်သွားခဲ့သည်။

‘ကိုယ့်စကား ကိုယ် နားထောင်ကြည့်စမ်းပါဦး! အဲ့တာ စိတ်မှန်တဲ့လူတစ်ယောက် ပြောသင့်တဲ့ စကားလား!’

ချန်းကျို့ အသည်းအသန် ရုန်းကန်ရင်း ထွက်ပြေးဖို့ ကြိုးစားပါသည်။ သို့သော် ယန်ရုန်ရုန့် ခွန်အားက ကြောက်စရာကောင်းအောင် ကြီးမားလွန်းလှသဖြင့် ချန်းကျို့မှာ ကုတင်ပေါ်တွင် ပိုးကောင်လေးတစ်ကောင်ပမာ ဖိနှိပ်ခံထားရပါသည်။

ချန်းကျို့၏ ရုန်းကန်မှုများကြောင့် ‘ခွဲစိတ်မှု’ အကြိမ်ကြိမ်အခါခါ မအောင်မြင်သည့်အခါ ယန်ရုန်ရုန့်မျက်နှာ မှောင်မိုက်သွားခဲ့သည်။

“ကျွန်မကို အကြမ်းနည်းနဲ့လုပ်ရအောင် တွန်းအားမပေးနဲ့နော်! ကျူးယောက်ဆိုတာ ကျွန်မချစ်ရတဲ့ ယောက်ျား၊ သူ့အတွက် ကျောက်ကပ်လှူပေးရတာက ရှင့်အတွက် သုံးဘဝစာ ကုသိုလ်ပဲ!”

ချန်းကျို့ ဒေါသထွက်လွန်းသဖြင့် ရယ်မောလိုက်မိပါသည်။

“အဲ့တာ ကုသိုလ်ဆိုရင် မင်းဖာသာမင်း ယူပါ့လား!”

ယန်ရုန်ရုန် ဆက်ပြီး ငြင်းခုံမနေတော့ပါ။

ချန်းကျို့မျက်နှာကို လက်သီးဖြင့် ပိတ်ထိုးရင်း သတိလစ်သွားအောင်လုပ်လိုက်သည်။ နောက်ဆုံးတော့ ချန်းကျို့ ငြိမ်သက်သွားခဲ့ပြီဖြစ်ရာ ခွဲစိတ်မှုကို ချောချောမွေ့မွေ့ ဆောင််ရွက်နိုင်ပါပြီ။

ချန်းကျို့ သတိပြန်လည်လာသောအခါ သူ့ကိုယ်ထဲ ကျောက် ကပ်တစ်လုံး ပျောက်ဆုံးနေရုံတင်မကဘဲ ကျင့်ကြံခြင်းစွမ်းအားတွေပါ ပျက်စီးနေမှန်းသိလိုက်ရသည်။ ဒေါသထွက်လွန်းသဖြင့် ချက်ချင်းသတိပြန်လစ်သွားခဲ့ပါသည်။

ယန်ရုန်ရုန်ကတော့ ကျောက်သားအကျဉ်းခန်းထဲ ပြန်ရောက်လာပြီး ကျောက်ကပ်အသစ်ကို ကျူးယောက်ကိုယ်ထဲ ထည့်သွင်းပေးခဲ့သည်။

သို့သော် မြွေမိစ္ဆာတစ်ကောင်နှင့် ဝါးမိစ္ဆာတစ်ကောင်တို့၏ ခန္ဓာကိုယ်တည်ဆောက်ပုံချင်းက မတူညီကြပေ။ ထို့ကြောင့် ကျူးယောက်ကို ဒဏ်ရာ သက်သာစေမည့်အစား ထိုကျောက်ကပ်အသစ်က သူ့ကို ဆန့်ကျင်ပြီး အသည်းခိုက်အောင် နာကျင်သွားစေခဲ့ပါသည်။

နာကျင်မှုကြောင့် မြေပေါ်တွင် လူးလှိမ့်နေရသော ကျူးယောက်ကို ကြည့်ရင်း ယန်ရုန်ရုန့်မျက်နှာပေါ် ‘စိုးရိမ်ပူပန်မှု’များ အပြည့်ပေါ်လာခဲ့သည်။

“ဘုရား ဘုရား…! ဘာလို့ ဒီလိုဖြစ်သွားရတာလဲ!”

ကျူးယောက်က သူမကို အော်ဆဲချင်နေသော်လည်း နာကျင်မှုက ပြင်းထန်လွန်းသဖြင့် တိရိစ္ဆာန်တစ်ကောင်လို ဝူးဝူးဝါး ဝါးအော်ရုံသာ တတ်နိုင်ခဲ့ပါသည်။

ထိုအချိန်တွင် ယန်ရုန်ရုန့် မျက်စိရှေ့ ရင်းနှီးနေသော စာသားများ ပေါ်လာခဲ့ပြန်သည်။

“ချစ်ရတဲ့ယောက်ျားကို ကာကွယ်ဖို့ ချန်းကျို့ဆီမှာ သူအညံ့ခံလိုက်ရတယ်၊ ချန်းကျို့က စုဝမ်ကို…”

စာသားက ပေါ်လာခါစဖြစ်သော်လည်း လမ်းတစ်ဝက်တွင် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ ခေတ္တကြာပြီးနောက် ထိုစာသား ပြန်ပျောက်သွားပြီး စာသားအသစ်ပေါ်လာခဲ့သည်။

“သူ့ယောက်ျားကို ကယ်တင်ဖို့အတွက် ချန်းကျို့ကို စုဝမ် အကူအညီသွားတောင်းခဲ့ရတယ်၊ ချန်းကျို့က ကူညီပေးချင်စိတ်မရှိလို့ စုဝမ်…”

စာသားက ရပ်တန့်သွားခဲ့ပြန်သည်။ ယန်ရုန်ရုန် အချိန်အတော်ကြာအောင် စောင့်နေခဲ့သော်လည်း ဘာမှ ထပ်ပေါ်လာတော့ပါ။

ထို့ကြောင့် စိတ်မရှည်စွာ လှမ်းအော်လိုက်မိသည်။

“စုဝမ်က ဘာဖြစ်လဲ မြန်မြန်ဆက်ရေးလေ!”

စာသားများက အလွန်ရုန်းကန်နေရသည့်ပုံစံဖြင့် တဖျပ်ဖျပ် တုန်ခါလာခဲ့သည်။ နောက်ဆုံးမှာတော့ စာသားအသစ်များ ခက်ခက်ခဲခဲ ဆက်ပေါ်လာခဲ့ပါသည်။

“အဲ့တာကြောင့် ချန်းကျို့ဆီမှာ စုဝမ် အညံ့ခံ…”

ယန်ရုန်ရုန် ဖြတ်ပြောလိုက်သည်။

“ချန်းကျို့က ကျောက်ကပ်တောင် အထုတ်ခံထားရတာ၊ ‘အဲ့လို’ကိစ္စမျိုး ဘယ်လိုလုပ် လုပ်နိုင်တော့မှာလဲ!”

စာသားများ ရပ်တန့်သွားခဲ့ရပြန်သည်။ အချိန်အတော်ကြာအောင် ရပ်တန့်သွားပြီးနောက် စာသားအသစ်များ ဝန်လေးစွာဖြင့် ပေါ်လာတော့သည်။

“အဲ့တာကြောင့် ချန်းကျို့ သတိမဲ့နေတုန်း စုဝမ် သူ့ကို သတိလစ်အောင် လုပ်ပစ်ခဲ့တယ်၊ ပြီးတော့ ကျောက်သား အကျဉ်းခန်းဆီ ပြန်ရောက်လာပြီး ကျူးယောက်နဲ့အတူတူ ထွက်ပြေးလွတ်မြောက်လာခဲ့တယ်၊ ဒါပေမယ့် ချန်းကျို့ကြောင့် စုဝမ်ရဲ့ခန္ဓာကိုယ်က မသန့်ရှငးတော့ဘူးလို့ ကျူးယောက် တိတ်တဆိတ် သံသယဝင်နေခဲ့တယ်”

“နောက်တော့ သူတို့နှစ်ယောက် လွတ်မြောက်စေဖို့အတွက် သူ့အလှတရားကို အသုံးချပြီး ချန်းကျို့ကိုလှည့်စားခဲ့သလားလို့ ကျူးယောက်က မေးလားခဲ့တယ်၊ စုဝမ်က အခိုင်အမာ ငြင်းဆန်ပေမယ့် ကျူးယောက်က မယုံကြည်တော့ဘူး၊ အဲ့တာကြောင့် စုဝမ်ကို အကျဉ်းချပြီး သူ့ရဲ့ သန့်စင်မှုကို အတင်းအဓမ္မ စစ်ဆေး…”

ယန်ရုန်ရုန် သည်းမခံနိုင်တော့ဘဲ ဖြတ်ပြောလိုက်လေသည်။

“ကျူးယောက်က မသေရုံတမယ်အခြေအနေဖြစ်နေတာ၊ ဒီကနေ ဘယ်လိုလုပ်လွတ်မြောက်နိုင်မှာလဲ၊ ပြီးတော့ စုဝမ်ကိုကော ဘယ်လိုလုပ် အတင်းအဓမ္မကြံနိုင်မှာလဲ၊ ဇာတ်လမ်းတစ်ပုဒ်ရေးရင် ယုတ္တိရှိအောင်လေးရေးစမ်းပါ!”

စာသားများက တုန်ခါသွားပြီး ရုတ်တရက် ရပ်တန့်သွားသည်။ ကြမ်းပြင်ပေါ်တွင်လည်း ကျူးယောက်က အော်ဟစ် လူးလှိမ့်နေဆဲပင်။ သူ့အော်သံများက လျစ်လျူရှုဖို့ ခဲယဉ်းပါသည်။

ယန်ရုန်ရုန် လက်ပိုက်လိုက်ပြီး လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။

“လက်လျှော့လိုက်ပါတော့၊ နင့်ရဲ့ ဇာတ်လိုက်မင်းသား နှစ်ယောက်စလုံး နလံမထူနိုင်တော့ဘူး”

လက်ရှိအခြေအနေတွင် ချန်းကျို့ကော၊ ကျူးယောက်ကော စုဝမ်ကို အရိုးထဲထိ စွဲအောင် မုန်းတီးနေကြပါပြီ။ အချစ်ဇာတ်လမ်းတစ်ခုအဖြစ် ပြောင်းလဲဖို့ လုံးဝမဖြစ်နိုင်တော့ပေ။

စာသားများက သိသိသာသာတွန့်ဆုတ်သွားသော်လည်း နောက်ဆုံးတွင်တော့ စာသားအဟောင်းများကို ပြန်ဖျက်ပြီး ရိုးရိုးရှင်းရှင်း စာသားတစ်ကြောင်းနှင့်သာ ဇာတ်သိမ်းလိုက်တော့သည်။

“ချန်းကျို့နဲ့ ကျူးယောက်တို့နှစ်ယောက်စလုံး ဒုက္ခိတတွေဖြစ်သွားပြီး ဘာမှမစွမ်းဆောင်နိုင်တော့ဘူး၊ နှစ်ယောက်စလုံးက စုဝမ်ကိုပဲ အပြစ်တင်ခဲ့ကြတယ်၊ စုဝမ်လည်း သူတို့နှစ်ယောက်ကို ဝမ်းနည်းညှိုးငယ်စွာနဲ့ ကျောခိုင်းခဲ့ရတော့တယ်၊ သူတို့သုံးယောက် ဘယ်တော့မှ ထပ်မဆုံတွေ့ခဲ့ကြတော့ဘူး”

---

ဒီလိုနှင့် ဒုတိယမြောက် ပုံပြင်လည်း ဇာတ်သိမ်းသွားခဲ့ပါသည်။

ဘေးပတ်လည်ရှိ မြင်ကွင်းများ ပြန်လည်ပျောက်ကွယ်သွားသည်။ ယန်ရုန်ရုန် အလွန်ခေါင်းကိုက်သွားသဖြင့် နဖူးကို လက်ဖြင့်အုပ်ကာ ညည်းတွားမိပါသည်။ အချိန်အတော်ကြာမှာ ခေါင်းကိုက်ဝေဒနာ သက်သာသွားခဲ့သည်။

ပျောက်ဆုံးနေသည့် သူမ မှတ်ဉာဏ်များ နောက်ဆုံးတော့ ပြန်လည်ဝင်ရောက်လာခဲ့လေပြီ။ သူမ ဘယ်သူဘယ်ဝါဖြစ်ကြောင်း ပြန်မှတ်မိကာ လက်ရှိ အခြေအနေကိုလည်း နားလည်သွားခဲ့သည်။

စက်ဆုပ်စရာကောင်းလှသည့် ဆရာကြီးယုကို သူမစိတ်ထဲမှ ကျိန်ဆဲမိပါသည်။ သူမ၏ မှတ်ဉာဏ်ကို ရည်ရွယ်ချက်ရှိရှိ ပိတ်လှောင်ခဲ့ပြီး ပထမပုံပြင်တုန်းကလို ရွှမ်ကျီးကလောင်တံဖြင့် ဇာတ်ကွက်ကို မပြောင်းလဲနိုင်အောင် တားမြစ်ခဲ့ခြင်းပင်။

ကံကောင်းစွာဖြင့် ယန်ရုန်ရုန် မှတ်ဉာဏ်များ ပျောက်ဆုံးခဲ့သော်လည်း ကျင့်ကြံခြင်းစွမ်းအားများကတော့ ပျောက်ကွယ်မသွားခဲ့ပေ။ ကလောင်တံမရှိလျှင်တောင် ဇာတ်လမ်းကို ဆိုးဆိုးရွားရွားဖြစ်အောင် ဖျက်ဆီးပစ်ခဲ့ပြီး ခွေးသွေးဇာတ်လမ်းကို ရှောင်ရှားနိုင်ခဲ့လေသည်။

ယခုတော့ သူမရေထဲကို ပြန်ရောက်လာခဲ့ပါပြီ။ ဘေးပတ် လည်တွင် အေးစိမ့်နေသည့် စမ်းရေများက လွှမ်းခြုံထားဆဲဖြစ်ပြီး ဖြူဖျော့နေသည့် တစ္ဆေလက်များကလည်း သူမခန္ဓာကိုယ်ကို ချုပ်ကိုင်ထားဆဲပင်။

သို့သော် ယန်ရုန်ရုန် မရုန်းကန်ခဲ့ပါ။ ချန့်ခွင်းအိတ်ထဲသို့ လက်နှိုက်ကာ ဖူရှန်းကြေးမုံကို ထုတ်လိုက်ပြီး သူမကိုယ်သူမ ပြန်ချိန်ရွယ်လိုက်သည်။

ကြေးမုံ၏ မျက်နှာပြင်ပေါ်တွင် သူမ မျက်နှာထင်ထင်ရှားရှား ပေါ်လာခဲ့ပါသည်။ သို့သော် သူမ မျက်နှာတစ်ခုတည်းသာ…

ကြေးမုံမျက်နှာပြင်ထဲတွင် ရေတွေကော၊ တစ္ဆေလက်တွေကော ပေါ်မလာခဲ့ပါ။

“အားလုံးက အတုအယောင်တွေပဲပေါ့”

ယန်ရုန်ရုန် ပြုံးလိုက်သည်။

ထိုအခါ ပုံရိပ်ယောင်များအားလုံး ပြိုကွဲသွားခဲ့ပါသည်။ တစ္ဆေလက်များအားလုံးလည်း ပျောက်ကွယ်သွားခဲ့သည်။ မျက်စိတစ်မှိတ်အချိန်အတွင်း လှေကလေးပေါ်ရှိ စားပွဲပုလေးရှေ့သို့ ယန်ရုန်ရုန် ပြန်ရောက်လာခဲ့ပါသည်။

စားပွဲပုလေးပေါ်တွင် အခါးရည်နှင့် သစ်သီးများ ရှိနေဆဲပင်။ ဆရာကြီးယုကလည်း ဝါးခမောက်ကို ဆောင်းထားဆဲ ဖြစ်ပြီး သူမနှင့် မျက်နှာချင်းဆိုင်တွင်ထိုင်ကာ သူမကို ဖော်ပြရခက်သော မျက်နှာထားဖြင့် စိုက်ကြည့်နေပါသည်။

“မင်းငါ့ပုံပြင်ကို ဖျက်ဆီးလိုက်ပြန်ပြီ”

“ကျွန်မ ပြောသားပဲ”

ယန်ရုန်ရုန် ပြုံးကာ ပြောလိုက်ပြီး ဖူရှန်းကြေးမုံကိုလည်း ဆရာကြီးယုထံသို့ ရွယ်လိုက်သည်။

“ရှင့် ပုံပြင်တွေက ညံ့ဖျင်းလွန်းတယ်၊ ကျွန်မ မကြိုက်ဘူး”

ဆရာကြီးယုက ဝါးခမောက်ကို ဆွဲချပြီး သူ့မျက်နှာကို ဖုံးကွယ်ဖို့ ကြိုးစားပါသည်။ ကြေးမုံက သူ့မျက်နှာကို မဖမ်းမိလိုက်သော်လည်း သူ့ခန္ဓာကိုယ်အပေါ်ပိုင်းကိုတော့ ထင်ထင်ရှားရှား မြင်နိုင်သည်။

ယန်ရုန်ရုန် ကြေးမုံမျက်နှာပြင်ထဲ ကြည့်လိုက်ရာ ခေတ္တ မှင်သက်သွားခဲ့ရသည်။

ထို့နောက် အံ့အားသင့်စွာ မျက်ခုံးပင့်ရင်း သူမ ရေရွတ်လိုက်ပါသည်။

“လက်စသတ်တော့ ရှင်ကိုး…”

မျက်နှာကို ဖုံးကွယ်ထားသော်လည်း သူ့သရုပ်မှန်ကို ယန်ရုန်ရုန် သိသွားလိမ့်မည်ဟု ဆရာကြီးယု ထင်မထားခဲ့ပါ။

ထို့ကြောင့် ခေါင်းပြန်မော့လာခဲ့ပြီး သူ့ရန်လိုမှုများကိုလည်း ဖုံးကွယ်မထားခဲ့တော့ပေ။ ယန်ရုန်ရုန့်ကို စိုက်ကြည့်နေသည့် သူ့မျက်ဝန်းများက အလွန်အေးစက်ခက်ထန်နေခဲ့ပါသည်။

🌹Chapter 260

အမေဖြစ်သူကို စိတ်မချသဖြင့် လျို့လန် အငြိမ်မနေနိုင်ခဲ့ဘဲ သူမကို သွားရှာဖို့ အဆက်မပြတ် နားပူနားဆာလုပ်နေခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ ထိုအသံများကြောင့် လောလောလည်း ခေါင်းအလွန်ကိုက်လာပြီး ရွေးချယ်စရာ မရှိတော့ဘဲ သူ့ဆန္ဒကို လိုက်လျောပေးခဲ့ရပါသည်။

သူတို့ ပျံလွှားငါး၏ ဦးတည်ချက်ကို ပြန်လှည့်လိုက်ပြီး မုန့်ရှီးမြို့အနီးတဝိုက်တွင် ဆင်းသက်လိုက်ကြသည်။ မြို့အဝင်ဝတွင် လှေငယ်တစ်စင်းကို ငှားရမ်းလိုက်ကြပြီး မြို့တွင်းရှိ ရေလမ်းကြောင်းတစ်လျှောက် ပတ်ရှာခဲ့ကြသော်လည်း ယန်ရုန်ရုန့်ကို မတွေ့ခဲ့ရပါ။

ယခုတော့ လျို့လန်သာမက လောလောပါ စတင်စိတ်ပူလာခဲ့လေပြီ။

မုန့်ရှီးမြို့က သေးငယ်ပါသည်။ ထို့အပြင် သူတို့အားလုံး ယန်ရုန်ရုန်နှင့် ဝိညာဉ်သားရဲစာချုပ်ချုပ်ဆိုထားကြသဖြင့် သူမကို ရှာဖွေဖို့ ဒီလောက်ထိ မခက်သင့်ပါ။

သို့သော် ယခုတော့ ဒီမြို့ထဲ သူမတစ်ခါမှ ခြေမချခဲ့သည့်အလား အရိပ်အယောင်ကိုပင် ရှာမရခဲ့ကြပေ။ ထို့ကြောင့် နိမိတ်မရှိသလို ဆိုးဆိုးရွားရွားခံစားချက်များ ဖြစ်ပေါ်လာခဲ့လေသည်။

လျို့လန်က စိတ်ဖိစီးစွာဖြင့် ခြေကိုဆောင့်လိုက်သည်။

“မေမေဘယ်ရောက်သွားတာလဲ! သူ့ကို လူဆိုးတွေ ဖမ်းသွားတာလား!”

လောလော မျက်မှောင်ကြုတ်သွားသည်။ ဟမ်ယဲ့သာ ဒီမှာရှိနေလျှင် အရာရာ ပိုလွယ်ကူသွားလိမ့်မည်။ မိစ္ဆာနယ်မြေက သူ့ပိုင်နက်ဖြစ်သဖြင့် သူ့အကူအညီနှင့်သာဆို ယန်ရုန်ရုန့်ကို ရှာဖွေဖို့ ပိုလွယ်ကူပါလိမ့်မည်။

ကံမကောင်းစွာဖြင့် ယန်ရုန်ရုန်နှင့် စကားများရန်ဖြစ်ပြီး ဟမ်ယဲ့ ထွက်သွားခဲ့သည်။ ယခုလောက်ဆို မိစ္ဆာတစ်ထောင် နန်းတော်ကိုပင် ပြန်ရောက်နေလောက်ပါပြီ။

သူတို့လှေလေး ကမ်းကပ်သောအခါ လှေသမားကို ဝိညာဉ်ကျောက်တုံးထပ်ပေးပြီး မြို့ထဲ နောက်တစ်ပတ်လောက် လိုက်ရှာခိုင်းဖို့ လောလော ကြံလိုက်သည်။ ထိုစဉ် သူ့မျက်လုံးထောင့်မှ ရင်းနှီးနေသော လူရိပ်တစ်ခုကို ဖျပ်ခနဲ လှမ်းမြင်လိုက်ပါသည်။

ကမ်းပေါ်သို့ လောလော ဆတ်ခနဲ လှမ်းကြည့်လိုက်သည်။

မက်မွန်ပင်တစ်ပင်အောက်တွင် ဟမ်ယဲ့ တစ်ကိုယ်တည်း မတ်တပ်ရပ်နေလေသည်။

လေထဲတွင် အဖြူရောင်နှင့် ပန်းရောင် ပွင့်ဖတ်ကလေးများ ကြွေလွင့်နေပါသည်။ သို့သော် သူ့အပေါ် ပွင့်ဖတ်တစ်ချပ်ပင် ကျရောက်လာခြင်း မရှိခဲ့ပေ။

ဟမ်ယဲ့ကို မိစ္ဆာဘုရင်မှန်းသိသည့် လှေသမား အလွန်ထိတ် လန့်သွားပြီး လှော်တက်များကို ပစ်ချကာ ချက်ချင်းဦးညွှတ်ဂါဝရ ပြုလိုက်ပါသည်။

ဟမ်ယဲ့က လှေသမားကို အဆင့်မြင့်ဝိညာဉ်ကျောက်တုံးတစ်တုံး ပစ်ပေးလိုက်ပြီး ခပ်ပြတ်ပြတ် အမိန့်ပေးလိုက်သည်။

“သွားတော့၊ လှေကိုထားခဲ့”

လှေသမားက ဝိညာဉ်ကျောက်တုံးကို လက်နှစ်ဖက်ဖြင့် ဖမ်းယူလိုက်သည်။ ဒီလောက် အရည်အသွေးမြင့်သည့် ဝိညာဉ်ကျောက်တုံးမျိုးနှင့်သာဆို လှေအစီးတစ်ရာလောက် ဝယ်နိုင်ပါလိမ့်မည်။

ထို့ကြောင့် သူအပျော်လွန်သွားပြီး မိစ္ဆာဘုရင်ကို ဦးညွှန်ဂါဝရထပ်ပြုကာ အမြန်ဆုံး ထွက်လာခဲ့တော့သည်။

ဟမ်ယဲ့ ရှေ့သို့ တစ်လှမ်းတိုးလိုက်ရာ မက်မွန်ပင်အောက်မှ သူ့ပုံရိပ်ဖျပ်ခနဲ ပျောက်သွားပြီး လှေပေါ် အလိုလို ရောက်လာခဲ့ပါသည်။

“မေမေပျောက်သွားပြီ!”

လျို့လန်က စိတ်ဖိစီးစွာ အော်ပြောလိုက်သည်။

ဟမ်ယဲ့ မျက်လုံးများက အေးစက်မှောင်မိုက်နေသည်။

“ငါသိတယ်”

‌

လောလော အံ့အားသင့်သွားလေသည်။

“မင်းနန်းတော်ကို ပြန်သွားတာမဟုတ်ဘူးလား၊ ဘာလို့ ဒီကို ရုတ်တရက်ကြီး ရောက်လာတာတုန်း”

ဟမ်ယဲ့က အကျဉ်းချုန်းရှင်းပြလိုက်ပါသည်။ ယန်ရုန်ရုန်နှင့် ရန်စဖြစ်သည့်အချိန်ကတည်းက သူ့ကို ရည်ရွယ်ချက်ရှိရှိ ပထုတ်ဖို့ သူမကြံရွယ်နေခြင်းဖြစ်မှန်း ဟမ်ယဲ့ ရိပ်စားမိခဲ့သည်။

“ကျူးကျူးက သူများကို အခြေအမြစ်မရှိဘဲ စွပ်စွဲတတ်တဲ့လူမျိုး မဟုတ်ဘူး၊ ငါ့အပေါ် ရုတ်တရက်ကြီး သံသယဝင်လာတုန်းက သူ့မှာ ပြောပြလို့မရတဲ့ ရည်ရွယ်ချက်တစ်ခုခု ရှိနေမယ်ဆိုတာ ငါသိခဲ့တယ်၊ အဲ့တာကြောင့် ငါလည်း သူ့အကြံအတိုင်းလိုက်ပြီး ဟန်ဆောင်ပေးခဲ့တာ”

ဟမ်ယဲ့ကို လောလော အကဲခတ်လိုက်သည်။ မိစ္ဆာဘုရင်၏ သရုပ်ဆောင်စွမ်းရည်က ဒီလောက်ကောင်းမွန်လိမ့်မည်ဟု သူထင်မထားခဲ့မိပေ။

“အဲ့တာဆို မင်းလုံးဝ ထွက်မသွားခဲ့ဘူးပေါ့၊ ငါတို့နောက်ကနေ တစ်ချိန်လုံး လိုက်လာခဲ့တာလား”

ဟမ်ယဲ့ ခေါင်းခါလိုက်သည်။

“မဟုတ်ဘူး၊ မင်းတို့နဲ့ ငါလမ်းခွဲပြီးတော့ မိစ္ဆာတစ်ထောင်နန်းတော်ကို အမြန်ဆုံး ပြန်သွားခဲ့သေးတယ်”

“ဘာလို့လဲ”

“ငါအတည်ပြုစရာကိစ္စတစ်ခုရှိလို့”

ဟမ်ယဲ့ ရပ်တန့်သွားသည်။ သူ့ရွှေရောင်သားရဲ မျက်ဝန်းများထဲ မြူတွေ ဆိုင်းနေသကဲ့သို့ ရီဝေနေပါသည်။

“ငါတို့ရန်ဖြစ်တာက ဟန်ဆောင်တာ ဆိုပေမယ့် ကျူးကျူးရဲ့ သံသယတွေကတော့ မမှားယွင်းဘူး၊ နောက်ကွယ်ကကြိုးကိုင်သူက ငါတို့ရဲ့ လှုပ်ရှားမှုတွေကို ကြိုသိနေလို့ သက်သေတွေကို သတ်ပစ်ဖို့ ကြိုစီစဉ်နိုင်ခဲ့တာ၊ သေသေချာချာ စဉ်းစားကြည့်လိုက်တော့ ငါဘယ်ကိုသွားမလဲဆိုတာ သိနိုင်တဲ့သူ တစ်ယောက်ပဲရှိတယ်၊ ဒါပေမယ့် ငါ့အပေါ် သူသစ္စာဖောက်လိမ့်မယ်လို့ မယုံကြည်ချင်ခဲ့ဘူး၊ အဲ့တာကြောင့် သူ့ကို မျက်နှာချင်းဆိုင် မေးမြန်းဖို့ နန်းတော်ဆီ ပြန်သွားခဲ့တာ”

လောလော ထပ်မမေးနိုင်ခင် ဟမ်ယဲ့က ဆက်ပြောလိုက်သည်။

“နန်းတော်ကို ငါပြန်ရောက်တော့ အဲ့ဒီလူ ရှိမနေခဲ့ဘူး၊ သူဘယ်ရောက်သွားမှန်းလည်း ဘယ်သူမှ မသိကြဘူး၊ သူကျူးကျူးဆီ ထွက်သွားတာဖြစ်မယ်လို့ ငါခန့်မှန်းမိခဲ့တယ်၊ အဲ့တာကြောင့် ငါအမြန်ဆုံး ပြန်လာခဲ့တာ၊ ဒါပေမယ့် ငါခြေတစ်လှမ်း နောက်ကျသွားတဲ့ပုံပဲ၊ ကျူးကျူး သူ့လက်ထဲ ရောက်သွားလောက်ပြီ”

လောလော စိတ်ပိုဖိစီးသွားခဲ့သည်။

“မင်းဘယ်သူ့ကို ပြောနေတာလဲ!”

ဟမ်ယဲ့ လေးလေးလံလံဖြင့် တစ်လုံးချင်း ပြောလိုက်သည်။

“ဟယ့်ပျယ်ချင်း”

---

တစ်ဖက်က လှေငယ်တစ်စင်းပေါ်တွင်လည်း ‘ဆရာကြီးယု’က ဝါးခမောက်ကို ဖယ်ရှားလိုက်ပါသည်။ သူ့မေးစေ့ပေါ်က မုတ်ဆိတ်မွေးများ ပျောက်ကွယ်သွားပြီး အသားအရေက ချောမွတ်သွားခဲ့သည်။

ဆံနွယ်နက်များအကြားမှ ဆံဖြူတစ်စမှာ သူ့နဖူးပေါ်သို့ ဝဲကျလာခဲ့သည်။ သူဝတ်ဆင်ထားသည့် အဝတ်အစားအကြမ်း ထည်များမှာလည်း အဖြူရောင်လက်ကျယ်ဝတ်ရုံတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ဝတ်ရုံ၏အနားသတ်များတွင် အနက်ရောင် ငှက်မွေးများကို ထိုးထားပါသည်။

မျက်စိတစ်မှိတ်အချိန်အတွင်း ဖရိုဖရဲနိုင်သည့် လူလတ်ပိုင်းတစ်ဦးမှ ခံ့ညားထည်ဝါသော ပညာရှိလူငယ်တစ်ဦးအဖြစ် အသွင်ပြောင်းလဲသွားခဲ့တော့သည်။

ယန်ရုန်ရုန် အံ့အားသင့်သွားခဲ့ရသည်။

“အကြီးအကဲဟယ့်… ရှင်ဖြစ်နေမယ်လို့ တကယ်ထင်မထားဘူး”

ယခု သူမရှေ့တွင် ရှိနေသည့် ဟယ့်ပျယ်ချင်းမှာ ယခင်ကလို နူးညံ့သိမ်မွေ့ပြီး ဖော်ရွေတတ်သော ပုံစံမျိုးမရှိတော့ချေ။ သူ့မျက်နှာပေါ်တွင် ခံစားချက်ကင်းမဲ့နေပြီး မျက်လုံးများကလည်း ကြောက်စရာကောင်းလောက်အောင် အေးစက်နေပါသည်။

သူ့ညာဘက်လက်ကို မြှောက်လိုက်ရာ လက်ဖဝါးပေါ်တွင် ဗျိုင်းဖြူငှက်မွေးကလောင်တံ တစ်ချောင်းပေါ်လာခဲ့သည်။ ထိုငှက်မွေး၏ ထိပ်စွန်းတွင် မင်နက်များဖြင့် စွန်းထင်းနေပါသည်။

ထိုငှက်မွေးထံမှ အလွန်အားကောင်းသည့် မိစ္ဆာစွမ်းအင်များဖြာထွက်နေသည်ကို ယန်ရုန်ရုန် ခံစားလိုက်ရသည်။ မျက်နှာပေါ်တွင် အပြုံးမပျက်သေးသော်လည်း သူမလက်က ဝူဝမ့်ဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပါပြီ။

“ကျွန်မတို့ကြားမှာ ဘာရန်ငြှိုးရန်စရှိလို့လဲ အကြီးအကဲ၊ ဒီလောက်ထိလုပ်ဖို့ မလိုအပ်ပါဘူး၊ စကားအေးအေးဆေး ဆေး ပြောကြရအောင်လား”

ဟယ့်ပျယ်ချင်း သူမစကားကို လျစ်လျူရှုလိုက်ပြီး ငှက်မွေးကိုဆုပ်ကိုင်ကာ လေထဲတွင် မျဉ်းတစ်ကြောင်း ဆွဲသားလိုက်သည်။ ထိုမျဉ်းက ကြိုးတစ်ချောင်းအဖြစ် ချက်ချင်းအသွင်ပြောင်းသွားပြီး ယန်ရုန်ရုန့်ကိုတုပ်နှောင်ဖို့ ပျံသန်းလာခဲ့ပါသည်။

ယန်ရုန်ရုန် ဝူဝမ့်ဓားကိုဝှေ့ယမ်းပြီး ထိုကြိုးကို ခုတ်ချပစ် လိုက်သည်။ သို့သော် ဟယ့်ပျယ်ချင်းကို ပြန်မော့ကြည့်လိုက်သောအခါ သူက ဗျိုင်းဖြူငှက်မွေးကလောင်တံဖြင့် လေထဲတွင် စာတစ်ကြောင်း ရေးသားနေလေပြီ။

“ယန်ရုန်ရုန် အလျင်လိုသွားလို့ ကြိုးတစ်စနဲ့ ခလုတ်တိုက်မိပြီး ချက်ချင်း သတိလစ်သွားခဲ့တယ်…”

ထိုလက်ရေးက ယခင်ပုံပြင်စာသားများကို ထိန်းချုပ်ခဲ့သည့် လက်ရေးနှင့် ထပ်တူညီနေပါသည်။ ယန်ရုန်ရုန် ထိတ်လန့်သွားခဲ့ရသည်။

‘သူရေးတဲ့စာတွေက အရှိတရားကိုပါ ထိန်းချုပ်နိုင်တာလား’

ဟယ့်ပျယ်ချင်းကို ယန်ရုန်ရုန် တားဆီးဖို့ကြံလိုက်သော် လည်း ရှေ့သို့ ခြေလှမ်းလိုက်ရာ ကြိုးအပိုင်းအစတစ်ခုက သူမခြေသလုံးကို လာရောက် ရစ်ပတ်ခဲ့သည်။

ယန်ရုန်ရုန် ဟန်ချက်ပျက်သွားပြီး လဲကျကာ နဖူးနှင့် လှေနံတို့ ပြင်းထန်စွာ ရိုက်မိသွားလေသည်။

သူမအမြင်အာရုံများ အမှောင်ကျကာ ချက်ချင်းပင် သတိလစ်သွားခဲ့တော့သည်။

---

အခြားတစ်ဖက်တွင်မူ လောလော၏ အာရုံထဲသို့ အဖြူရောင်ဝတ်ရုံကို လွှမ်းခြုံထားသည့် ခံ့ခံ့ညားညား လူတစ်ဦး၏ ပုံရိပ် ပေါ်လာခဲ့ပါသည်။

“သူလား… ဒါပေမယ့် ဘာလို့လဲ၊ ယန်ရုန်ရုန့်ကို သူ သိတောင် မသိဘူးလေ၊ သူ့ကိုဒုက္ခပေးဖို့ ဘာလို့အဲ့လောက် ခက်ခက်ခဲခဲ ကြံစည်ခဲ့ရတာလဲ”

“သူ့ကို ရှာတွေ့ရင် အကြောင်းအရင်းကို သိရမှာပေါ့”

ဟမ်ယဲ့ ဖြည်းညှင်းစွာ ပြောလိုက်သည်။

“ဒါပေမယ့် ဘယ်မှာ သွားရှာရမှာလဲ”

ဟမ်ယဲ့ ပြန်မဖြေဘဲ ခါးကုန်းလိုက်ကာ လှော်တက်များကို ကောက်ယူလျက် အားပြင်းစွာ တစ်ချက်လှော်ခတ်လိုက်သည်။

ထိုအခါ လှေက အရှိန်အဟုန်ဖြင့် ရှေ့သို့ ထိုးထွက်သွားပြီး ကမ်းစပ်ရှိ ဧရာမ မက်မွန်ပင်ကြီးထံသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားတော့သည်။

မုထုန်က လျို့လန်ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်ပြီး ကြောက်လန့်တကြား အော်ဟစ်လိုက်ပါသည်။

“အား!!! တိုက်မိတော့မယ်! အစ်ကိုကြီး မကြောက်နဲ့နော်! ကျွန်တော် ကာကွယ်ပေးမယ်!”

မုထုန်ကို ဟမ်ယဲ့ လှည့်ကြည့်လိုက်သည်။ သူ့အသွင်အစစ် အမှန်ကိုသာ မမြင်ဖူးလျှင် ဒီကလေးက စွမ်းအားကြီးမားသည့် ကျိန်စာသားရဲတစ်ကောင်ဖြစ်ကြောင်းကို သူယုံကြည်နိုင်မှာ မဟုတ်ပါ။

လျို့လန်ကတော့ သူနှင့်ဆန်ကျင်ဘက်ဖြစ်ကာ အလွန်တည် ငြိမ်နေပြီး မုထုန်ကို စက်ဆုပ်စွာတွန်းထုတ်ပစ်လိုက်ပါသည်။

မက်မွန်ပင်ကြီးနှင့် လှေတို့ တဖြည်းဖြည်း နီးကပ်လာသည်ကို လောလော မြင်လိုက်ရသည်။

နောက်ဆုံးတွင်တော့…

ဝုန်း!

သူတို့အားလုံး၏အမြင်အာရုံများ ခေတ္တအမှောင်ကျသွားခဲ့သည်။ ထို့နောက် အလင်းသစ်တစ်ခု ထွက်ပေါ်လာခဲ့ပါသည်။

သူတို့ရှေ့တွင် တည်ငြိမ်နေသော စမ်းချောင်းလေးတစ်စင်းနှင့် တိတ်ဆိတ်နေသော အိမ်ကလေးများစွာ ရှိနေသည်။ မုန့်ရှီးမြို့နှင် တစ်ထေရာတည်းတူညီသော်လည်း တစ်ခုခုတော့ လွဲချော်နေပါသည်။

အိမ်တိုင်း၏ တံခါးများ၊ ပြူတင်းပေါက်များကို တင်းတင်းကျပ်ကျပ် ပိတ်ထားကြပြီး လူရိပ်လူယောင်လည်း မမြင်ရပေ။ လေထုထဲတွင် အဖြူရောင် မြူခိုးမြူငွေ့များ လွင့်ဝဲနေပြီး တည်ငြိမ်လွန်းသည့် ရေစီးသံများမှအပ တစ်မြို့လုံးက ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်နေပါသည်။

All Chapters