← Chapters

အခန်း (၁၉၃-၁၉၄)

Vol. 17 Ch. 193-194

အခန်း (၁၉၃-၁၉၄)

Vol. 17 Ch. 193-194

ထာဝရသိုင်းတာအိုအရှင်

အခန်း (၁၉၃) - လင်းဖုန်းအကြောင်း စုံစမ်းနေသူ

ဘာသာပြန် - အားသစ်

လမ်းမပေါ်တွင် လင်းဖုန်းသည် သူ၏ ဆက်သွယ်ရေးကိရိယာကို ချထားလိုက်သည်။ အချိန်အတော်ကြာအောင် သူ စိတ်ပူနေခဲ့သော အရာတစ်ခု ရှိသည်။ သူ့စိတ်ထဲမှ ပုံရိပ်တစ်ခုကို ဖျောက်ဖျက်၍ မရခဲ့ပေ။

သူသည် ဝင်ရိုးစွန်းအကယ်ဒမီကိုပင် တမင်တကာ ရှောင်ရှားနေခဲ့သည်။ ဤတစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲကို ဝင်ရိုးစွန်းအကယ်ဒမီတွင် ကျင်းပမည်ဖြစ်ခြင်းအပေါ် လင်းဖုန်း ခံစားချက်ပေါင်းစုံ ရောထွေးနေခဲ့သည်။ သို့သော် သူ ချူချန်း၏ ဆက်သွယ်ရေးကိရိယာကို ခေါ်ဆိုပြီး ရိုးရှင်းသော စကားလုံးအနည်းငယ် ပြောဆိုလိုက်ပြီးချိန်တွင် လူချင်းမတွေ့ရသော်လည်း သူ့နှလုံးသား အနက်ရှိုင်းဆုံးနေရာမှ ကြီးမားသော ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ကျဆင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ ရုတ်တရက် ပေါ့ပါးသွားသည်။

"ဒီလောက် ရိုးရှင်းတာပဲကို..."

လင်းဖုန်း သဘောပေါက်သွားသည်။ သူ့ စိတ်အခြေအနေသည်လည်း ချီတုံချတုံဖြစ်နေမှုများ ပျောက်ကွယ်သွားကာ ကြည်ကြည်လင်လင် လန်းလန်းဆန်းဆန်းဖြစ်သွားသည်။ သူ ချူချန်းနှင့် အပြင်တွင် လူချင်းမတွေ့ရဘဲ သူငယ်ချင်းများကဲ့သို့သာ ပုံမှန်အတိုင်း နှုတ်ဆက်ခဲ့ရသော်လည်း ဤမျှနှင့်ပင် လုံလောက်နေပြီ ဖြစ်သည်။

အမှနိတကယ်ပင် လုံလောက်နေပြီ။ ယခုလက်ရှိတွင် လင်းဖုန်းသည် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ခဲ့ပြီး ဖြစ်သည်။ ထူးဆန်းသော ရောဂါဆိုးကြီးက သူ့ကို ဆက်လက် ဒုက္ခမပေးနိုင်တော့ပေ။ သူ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်လိုက်သည့် အချိန်မှစ၍ သူ့ဘဝအတွက် အခန်းကဏ္ဍသစ်တစ်ခုကို အစပျိုးလာခဲ့ပြီ ဖြစ်သည်။

သူနှင့် ချူချန်းတို့၏ ဆက်ဆံရေးအတွက်လည်း အခန်းကဏ္ဍသစ်တစ်ခု စတင်ရန် အချိန်ကျရောက်လာလေပြီ။

...

အချိန်များ မျက်စိတစ်မှိတ်အတွင်း အလျင်အမြန် ကုန်ဆုံးသွားသည်။ တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲကို သတ်မှတ်ထားသည့်အတိုင်း ကျင်းပခဲ့သည်။ ဝင်ရိုးစွန်းအကယ်ဒမီကို ဖွင့်လှစ်လိုက်ပြီး စာရင်းသွင်းထားသော သိုင်းသမားများအားလုံး ဝင်ရိုးစွန်းအကယ်ဒမီသို့ ဝင်ရောက်နိုင်ပြီ ဖြစ်သည်။

စာရင်းသွင်းထားခြင်းမရှိသော အခြားသူများအတွက်မူ နတ်ဘုရားနယ်ပယ်နှင့်အထက် သိုင်းသမားများမှာ တိုက်ရိုက် ဝင်ရောက်နိုင်သည်။ အစိုးရအဖွဲ့မှ ဝန်ထမ်းအချို့၊ စစ်တပ်မှ အရာရှိကြီးများ၊ နယ်ပယ်အသီးသီးမှ နာမည်ကြီးပုဂ္ဂိုလ်များ၊ သတင်းထောက်များ စသည်တို့အတွက်မူ ဝင်ခွင့်အတွက် ဖိတ်စာ လိုအပ်သည်။

ဤသည်က လူများစွာကို မကျေမနပ် ဖြစ်စေခဲ့ပြီး အနည်းငယ် တရားမမျှတဟု ခံစားရစေသည်။ သို့သော် ဤပြိုင်ပွဲသည် အဖွဲ့အစည်းကြီး ငါးခုက ပူပေါင်းတွန်းအားပေးနေသည့် ပြီုင်ပွဲတစ်ခု မဟုတ်ပါလား။ သိုင်းသမားများသည် အရာရာတိုင်းတွင် ဦးစားပေးခံရမည်သာ ဖြစ်သည်။ ထို့ပြင် နတ်ဘုရားနယ်ပယ်နှင့်အထက် သိုင်းသမားများမှာ ပို၍ပင် အထူးအခွင့်အရေးများ ရရှိကြသည်။

သို့သော် မကျေနပ်သူ မည်မျှပင် ရှိပါစေ အဖွဲ့အစည်းကြီးငါးခု၏ စည်းမျဉ်းစည်းကမ်းများကို သူတို့ မပြောင်းလဲနိုင်ပေ။

အမှန်တကယ်တော့ အဖွဲ့အစည်းကြီးငါးခုက ဖိတ်စာများစွာကို ပေးပို့ထားပြီးဖြစ်သော်လည်း ဝင်ရိုးစွန်းအကယ်ဒမီသို့ ဝင်ရောက်ကာ တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲကို ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုချင်သူများမှာ အလွန်ပင် များပြားလွန်းလှသည်။ အချို့သော သူဌေးကြီးများသည် ဝင်ခွင့်ဖိတ်စာကို အလွန်မြင့်မားသော ဈေးပေး၍ပင် ဝယ်ယူလိုကြသည်။

လက်ရှိတွင် ဖိတ်စာတစ်စောင်၏ ဈေးနှုန်းမှာ တစ်သန်းကျော်အထိ ရောက်ရှိနေပြီဖြစ်သော်လည်း ရောင်းချမည့်သူ အလွန် နည်းပါးလှသည်။ မည်သူကမှ ဤကဲ့သို့သော ဖိတ်စာကို စွန့်လွှတ်ပြီး ဤမျှ ကြီးကျယ်ခမ်းနားသော ပြိုင်ပွဲအခမ်းအနားကြီးကို လက်လွတ်မခံလိုကြပေ။

အဆက်အသွယ်လမ်းကြောင်းမရှိသော သာမန်လူများအတွက်မူ သူတို့အားလုံး ရုပ်မြင်သံကြားရှေ့တွင် စုဝေးနေကြသည်။ သို့တည်းမဟုတ် အွန်လိုင်းမှတစ်ဆင့် တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲတိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသည်။ ဤနေ့ရက်များတွင် ကုမ္ပဏီကြီးများနှင့် ကော်ပိုရေးရှင်းကြီးများကပင် သူတို့၏ ဝန်ထမ်းများ တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲကို ကြည့်ရှုနိုင်ရန် အထူး အချိန်ပေးကြမည် ဖြစ်သည်။ အဖွဲ့အစည်းကြီးငါးခုကလည်း နောက်ကွယ်မှနေ၍ အရှိန်အဟုန်ကို လျှို့ဝှက်စွာ မြှင့်တင်ပေးထားမည်မှာ သေချာပေသည်။

အဓိကရည်ရွယ်ချက်မှာ ကမ္ဘာပေါ်တွင် အကြီးကျယ်ဆုံးသော အခမ်းအနားကြီးကို ဖန်တီးရန်နှင့် လူ့အဖွဲ့အစည်းကို သိုင်းပညာခေတ်သို့ လုံးလုံးလျားလျား ဝင်ရောက်လာစေရန် တွန်းအားပေးဖို့ပင် ဖြစ်သည်။

...

လင်းဖုန်းနှင့် မိုလေ့တို့သည် ဝင်ရိုးစွန်းအကယ်ဒမီအတွင်းသို့ အတူတကွ ပုံမှန်အတိုင်း လျှောက်ဝင်လာကြသည်။ လူများလွန်း၍ ရောထွေးရှုပ်ပွေနေခြင်း မရှိစေရန် ပြိုင်ပွဲဝင်သိုင်းသမားများနှင့် ပရိသတ်များအတွက် သီးခြားလမ်းကြောင်း နှစ်ခု ခွဲထားသည်။

ထိုသို့ ခွဲထားသည့်တိုင် လင်းဖုန်း လှမ်းကြည့်လိုက်သည့်အခါ သိုင်းသမားများ၏ တန်းစီနေမှုမှာ အလွန်ပင် များပြားရှည်လျားလှသည်။ အမှန်တကယ်ပင် သောင်းနှင့်ချီ၍ ရှိနေသည်။ တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲတွင် ပါဝင်သည့် အသွင်ပြောင်းနယ်ပယ် သိုင်းသမားများ အဘယ်ကြောင့် ဤမျှ များပြားနေရသနည်း။

"အစ်ကိုမိုလေ့... ဒီပြိုင်ပွဲမှာ အသွင်ပြောင်းနယ်ပယ် သိုင်းသမား ဘယ်လောက်ပါသလဲ အစ်ကို သိလား" လင်းဖုန်းက သိလိုစိတ်ဖြင့် မေးလိုက်သည်။

မိုလေ့က ခေါင်းခါကာ ပြောလိုက်သည်။ "ငါ သေချာတော့ မသိဘူး၊ ဒါပေမဲ့ သောင်းနဲ့ချီပြီးတော့ ရှိရမယ်။ တကယ်တော့ လူသားသိုင်းသမားတွေက အများကြီးရှိတယ်။ အသွင်ပြောင်းနယ်ပယ် သိုင်းသမားတွေ နည်းတယ်လို့ ထင်ရပေမဲ့ သူတို့က ကမ္ဘာအနှံ့ ပြန့်ကျဲနေလို့လေ။ ကမ္ဘာပေါ်မှာ လူဦးရေ ၁၀ ဘီလီယံ ရှိတယ်။ လူသန်း ၁၀၀ လောက်ကပဲ သိုင်းပညာကို လေ့ကျင့်ပြီး အဲဒီထဲက လူတစ်ရာမှာ တစ်ယောက်ပဲ အောင်မြင်မယ်ဆိုရင်တောင်မှ နောက်ဆုံး မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်တဲ့ သိုင်းသမားတွေ အများကြီး ရှိနေမှာပဲမလား"

လင်းဖုန်း စဉ်းစားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ အမှန်တကယ်တော့ လူသားသိုင်းသမား အရေအတွက်ကို သူတစ်ခါမှ သေချာဂရုမစိုက်ခဲ့ဖူးပေ။ ယခု မိုလေ့၏ စကားကို ကြားရသောအခါမှ လူသားသိုင်းသမားအရေအတွက်က တကယ်ပဲ အတော်လေး များပြားလှကြောင်း သတိထားမိလိုက်သည်။

"လင်းဖုန်း... ဒီတစ်ကြိမ် တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲမှာ စာရင်းသွင်းထားတဲ့ သိုင်းသမားတွေက တကယ်ကို အများကြီးပဲ။ စုစုပေါင်း ၃၆၉၈၁ ယောက် ရှိတယ်" ရုတ်တရက် လောင်းဘီသမ်၏ အသံ လင်းဖုန်း၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။

လောင်ဘီသမ်သည် အင်တာနက်ကွန်ရက်ထဲတွင် အရာရာကို လုပ်ဆောင်နိုင်စွမ်း ရှိသည်။ ဤအချက်အလက်ကို စုံစမ်းရန်မှာ သူ့အတွက် ထမင်းစားရေသောက်သကဲ့သို့ အလွန်လွယ်ကူလွန်းလှသည်။

"လူ ၃၆၀၀၀ ကျော်တောင်လား။ ဒါ တကယ်ကို များတာပဲ"

လင်းဖုန်း၏ ရင်ခုန်သံလည်း မြန်သွားရသည်။ ဤတစ်ကြိမ် တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲတွင် ပါဝင်သူ အများစုမှာ တတိယအဆင့် အသွင်ပြောင်းနယ်ပယ် သိုင်းသမားများ ဖြစ်ကြကြောင်း သတိချပ်ရပေမည်။ စာရင်းသွင်းမည့် ပထမအဆင့်နှင့် ဒုတိယအဆင့် အသွင်ပြောင်းနယ်ပယ် သိုင်းသမား အနည်းငယ်မှလွဲ၍ ကျန်သူများအားလုံးမှာ တတိယအဆင့် အသွင်ပြောင်းနယ်ပယ် သိုင်းသမားများ ဖြစ်ကြသည်။ မည်သို့ပင်ဆိုစေ တတိယအဆင့် အသွင်ပြောင်းနယ်ပယ်ခွန်အား မရှိပါက အလကားသွားလာရသလိုသာ ဖြစ်ပေလိမ့်မည်။

ထို့ပြင် ဤတစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲကို ကြည့်ရှုသူ ၁၀ ဘီလီယံရှေ့တွင် တစ်ကမ္ဘာလုံးသို့ တိုက်ရိုက်ထုတ်လွှင့်မည် ဖြစ်သည်။ အကယ်၍ သူတို့ ခွန်အား မပြည့်မီဘဲ ဤနေရာသို့ လာရောက်ယှဉ်ပြိုင်ပါလျှင် အရှက်တကွဲဖြစ်ရပေလိမ့်မည်။ သူတို့၏ အသိမိတ်ဆွေများ မြင်တွေ့သွားလျှင် မျက်နှာပင် မဖော်နိုင်အောင် ရှက်စရာဖြစ်ပေလိမ့်မည်။

စာရင်းသွင်းထားသော ပြိုင်ပွဲဝင် သိုင်းသမားများအားလုံးမှာ အနည်းနှင့်အများဆိုသလို ခွန်အားကိုယ်စီ ရှိကြသူများသာ ဖြစ်သည်။

သေချာသည်မှာ တတိယအဆင့် အသွင်ပြောင်းနယ်ပယ် သိုင်းသမား ၃၀၀၀၀ ကျော် ရှိနေသော်လည်း အကြမ်းဖျင်း တွက်ကြည့်မည်ဆိုပါက အသွင်ပြောင်းနယ်ပယ် သိုင်းသမား သိန်းနှင့်ချီ သို့မဟုတ် သန်းနှင့်ချီ ရှိနေလျှင်ပင် ပြင်ပနယ်မြေရှိ ကြမ်းကြုတ်သားရဲများ၏ စုစုပေါင်းအင်အားနှင့် ယှဉ်လျှင် ဘာမှ မပြောပလောက်သေးပေ။

ထိုကြမ်းကြုတ်းသားရဲများထဲရှိ နတ်ဆိုးအရေအတွက်သည်ပင် ရေတွက်၍ မရနိုင်လောက်အောင် ရှိချေသည်။ အရေအတွက်သက်သက်အရ ဆိုလျှင် လူသားသိုင်းသမားများ နောက်ထပ် ၁၀ ဆ အဆ ၁၀၀ တိုးလာလျှင်ပင် ပြင်ပနယ်မြေရှိ မြောက်မြားစွာသော သားရဲများနှင့် ယှဉ်နိုင်ဦးမည် မဟုတ်ပေ။

"လင်းဖုန်း... မင်းတို့ ကွန်ရက်ပေါ်က လူတွေက ရေပန်းအစားဆုံး ထိပ်တန်းဆယ်ယောက်ကို မဲပေးရွေးချယ်ထားကြတယ်။ သူတို့က ဘယ်သူတွေလဲဆိုတာ မင်း သိချင်လား"

အင်တာနက်ပေါ်တွင် အချိန်အတော်ကြာ လှည့်လည်သွားလာပြီးနောက် လောင်ဘီသမ်သည်လည်း အတော်လေး စပ်စုတတ်လာပုံ ရသည်။

"ငါ သိဖို့ စိတ်မဝင်စားပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီအထဲမှာ ငါ ပါမှာမှ မဟုတ်တာ"

လင်းဖုန်းတွင်လည်း မိမိကိုယ်ကို သိမြင်နားလည်မှုတချို့ ရှိသည်။ သူသည် လူသားမျိုးနွယ်၏ သူရဲကောင်းတံဆိပ်ကို ရရှိခဲ့ပြီး ကျောက်တုံးမြို့တွင် ဆူညံပွက်လောရိုက်အောင် လုပ်ခဲ့သော်လည်း မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ခဲ့သည့် အချိန်မှာ တိုတောင်းလွန်းလှသည်။ သူ ဤပြိုင်ပွဲတွင် ရေပန်းစားသူတစ်ဦး ဖြစ်လာရန်မှာ မဖြစ်နိုင်ပေ။

ဤတစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲတွင် သူသည် မြင်းနက် (Dark Horse - မမျှော်လင့်ဘဲ အောင်မြင်လာသူ) အဖြစ်သာ ပေါ်ထွက်လာနိုင်မည် ဖြစ်သည်။

"ပျင်းစရာကောင်းလိုက်တာ။ ဒါပေမဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကွန်ရက်ပေါ်မှာ မင်းရဲ့ အချက်အလက်တွေကို စုံစမ်းနေတဲ့သူ တစ်ယောက် ရှိတယ်"

"ငါ့အချက်အလက်တွေကို စုံစမ်းနေတယ် ဟုတ်လား။ ဘယ်သူများလဲ"

လင်းဖုန်း၏ နှလုံးသားမှာ ဆတ်ခနဲ ဖြစ်သွားသည်။ သူ မကြာသေးမီ အချိန်အတွင်း မည်သူ့ကိုမျှ မစော်ကားခဲ့ပေ။ အဘယ်ကြောင့် တစ်စုံတစ်ယောက်က သူ့အချက်အလက်များကို စုံစမ်းနေရသနည်း။

ကျောက်တုံးမြို့ကြီး၏ အုပ်ချုပ်ရေးမှူး ကျန်းဇီဖုန်းကို သူ တွေးမိလိုက်သည်။ ဤကျန်းဇီဖုန်းမှာ နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်သော်လည်း နတ်ဘုရားတစ်ပါးကဲ့သို့ မောက်မာသော စိတ်ထားရှိသည်။ ကျန်းဇီဖုန်းသည် လင်းဖုန်းအတွက် ဟောက်ရှီရီ၏ သင်ခန်းစာပေးခြင်းကို ခံရပြီးနောက် အမြီးကုပ်၍ ထွက်သွားခဲ့ရသည်။ အကယ်၍ ကျန်းဇီဖုန်းက သူ့ကို သတ်ချင်နေမည်ဆိုလျှင် လင်းဖုန်း လုံးဝအံ့ဩမည် မဟုတ်ပေ။

ထို့ပြင် ဗဟိုပင်လယ်မြို့မှ ကျောက်မိသားစုလည်း ရှိသေးသည်။ ကျောက်ဖျင်၏ ကိစ္စကြောင့် လင်းဖုန်း ဘာမှမလုပ်လျှင်ပင် ကျောက်မိသားစု၏ မျက်လုံးထဲတွင် စူးနေသော ဆူးတစ်ချောင်း ဖြစ်နေမည်သာ။ လင်းဖုန်း ပိုမို အစွမ်းထက်လာလေ သူ့အဆင့်အတန်း ပိုမိုမြင့်မားလာလေ သူ၏ ဩဇာလွှမ်းမိုးမှု ပိုမိုကြီးမားလာလေ ကျောက်မိသားစုမှာ ပို၍ စိုးရိမ်ပူပန်ရလေ ဖြစ်လိမ့်မည်။

သို့သော် ကျောက်မိသားစုသည် လင်းမိသားစုအကြောင်း ကောင်းကောင်း သိသည်။ သူတို့ အွန်လိုင်းပေါ်တွင် စုံစမ်းနေရန် မလိုအပ်ပေ။

"လီဟန်လို့ ခေါ်တဲ့သူတစ်ယောက်ပဲ။ သူက ဝင်ရိုးစွန်းအကယ်ဒမီက ကျောင်းသားတစ်ယောက်ပဲ"

"ဝင်ရိုးစွန်းအကယ်ဒမီက ကျောင်းသားတစ်ယောက်က ငါ့ကို စုံစမ်းနေတယ် ဟုတ်လား။ လီဟန်ဆိုတဲ့နာမည် ငါမကြားဖူးပါဘူး။ ငါ မသိတဲ့သူပဲ ဖြစ်မယ်။ လောင်ဘီသမ်...အကြောင်းရင်းကို မင်း စုံစမ်းပြီးလောက်ပြီ မဟုတ်လား"

"ဒါပေါ့ ငါ သေသေချာချာ စုံစမ်းပြီးပြီ။ လီဟန်က မင်းရဲ့ အချက်အလက်တွေကို စုံစမ်းနေရုံပဲ ရှိသေးတယ်။ ပြီးတော့ အဲဒါတွေအကုန်လုံးက အများပြည်သူတွေ သိနိုင်တဲ့ အချက်အလက်တွေချည်းပဲ။ ငါ သူ့ရဲ့ အကောင့်ကို ခြေရာခံကြည့်တော့ စိတ်ဝင်စားစရာကောင်းတာတစ်ခု သွားတွေ့တယ်။ မင်းတို့ လူသားတွေရဲ့ အပြောအရဆိုရင်တော့ သူက မင်းရဲ့ အချစ်ပြိုင်ဘက် ဖြစ်ရမယ်။ သူမနေ့က မင်း ဖုန်းခေါ်ခဲ့တဲ့ မိန်းကလေးနဲ့ မင်းရဲ့ ဆက်ဆံရေးကို စုံစမ်းနေတာကွ"

လင်းဖုန်း သက်ပြင်းချလိုက်မိသည်။ ချူချန်းကြောင့် ကိုး။

အချစ်ပြိုင်ဘက် ဟုတ်လား။

လင်းဖုန်း လုံးဝ ဂရုမစိုက်ပေ။ ချူချန်းမှာ အလွန် ထူးချွန်သဖြင့် ဗဟိုပင်လယ်တက္ကသိုလ်တွင် ရှိစဉ်ကတည်းက သူမကို လိုက်နေသူများ မရှားခဲ့ပေ။ ဝင်ရိုးစွန်းအကယ်ဒမီကိုတော့ ပြောနေစရာပင် မလိုတော့ပေ။ ချူချန်းကို လိုက်နေသူရှိခြင်းမှာ အလွန်ပင် သဘာဝကျလှသည်။

အကယ်၍ ထိုလီဟန်က စုံစမ်းချင်သည်ဆိုလျှင် လင်းဖုန်း လုံးဝ ဂရုမစိုက်ပေ။ သူသည် မျိုးရိုးဗီဇကန့်သတ်ချက်ကိုပင် မချိုးဖျက်ရသေးသော ဝင်ရိုးစွန်းအကယ်ဒမီမှ ကျောင်းသားတစ်ယောက်သာ ဖြစ်သည်။ လင်းဖုန်းက ဘာကြောင့် ဂရုစိုက်ရမည်နည်း။

လက်ရှိ လင်းဖုန်းသည် ထူးဆန်းသော ရောဂါဆိုးကြီးဖြင့် ဒုက္ခရောက်နေသော ကောင်လေး မဟုတ်တော့ပေ။ ယခုသူသည် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ထားပြီး အဆုံးမဲ့ အလားအလာများ ရှိနေသော ပါရမီရှင် သိုင်းသမားတစ်ဦး ဖြစ်သည်။ မည်သည့် ပါရမီရှင်နှင့်မဆို ယှဉ်ပြိုင်နိုင်စွမ်း ရှိသည်ဟု သူ ယုံကြည်ချက် ရှိသည်။

ထာဝရသိုင်းတာအိုအရှင်

အခန်း (၁၉၄) - သူတော်စင်ကိုးပါး

ဘာသာပြန် - အားသစ်

ဝင်ရိုးစွန်းအကယ်ဒမီ၏ ရင်ပြင်မှာ လူတစ်သိန်းခန့်ပင် ချောင်ချောင်ချိချိ ဝင်ဆံ့လောက်အောင် အလွန် ကြီးမားကျယ်ပြန့်လှသည်။

သို့သော် ယခုမူ ထိုမျှကြီးမားသော ရင်ပြင်ကြီးသည် လူများစွာဖြင့် ပြည့်ကျပ်နေလေပြီ။ အဆင့်အတန်းရှိသူတချို့မှာ အထူးနေရာများတွင် ထိုင်နေကြသည်။

တမူထူးသည်မှာ ရင်ပြင်၏ ပတ်ဝန်းကျင်တွင် ဖန်သားပြင်များနှင့် ပရိုဂျက်တာများ အပြည့် တပ်ဆင်ထားသည်။ မည်သည့်နေရာမှမဆို တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲ၏ မြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်စေရန် စီစဉ်ထားခြင်းပင်။

အလွန်မြင့်မားသော အဆင့်အတန်းရှိသူများသည် သဘာဝကျကျပင် သာလွန်နတ်ဘုရားနယ်ပယ်နှင့် နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများ ဖြစ်ကြသည်။ သူတော်စင်ကိုးပါး၏ ပုံရိပ်ယောင်များမှာမူ ထွက်ပေါ်လာခြင်း မရှိသေးပေ။ အခြားသော အစိုးရအရာရှိကြီးများ၊ စစ်တပ်အရာရှိကြီးများနှင့် နယ်ပယ်အသီးသီးမှ ထိပ်သီးပုဂ္ဂိုလ်များမှာလည်း သီးသန့်နေရာများ အသီးသီး ရရှိထားကြသည်။

သတင်းထောက်များအတွက် သီးသန့်နေရာလည်း ရှိသေးသည်။ သတင်းထောက်များစွာမှာ နေရာအသီးသီးတွင် အလုပ်များနေကြသည်။ ကမ္ဘာတစ်ဝန်းလုံးသို့ တိုက်ရိုက်ထုတ်လွှင့်မည့် ဤပြိုင်ပွဲအတွက် သူတို့ အနည်းငယ်မျှပင် ပေါ့ပေါ့ဆဆ မပြုမူရဲပေ။ ဤတစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲတွင် သူတို့သည် အလုပ်အများဆုံးသူများ ဖြစ်ပေလိမ့်မည်။

ဝင်ရိုးစွန်းအကယ်ဒမီမှ ကျောင်းသားများအတွက် သီးသန့်ဖယ်ထားပေးသော နေရာတစ်ခုလည်း ရှိသေးသည်။ ဤသည်မှာ ဝင်ရိုးစွန်းအကယ်ဒမီ ကျောင်းသားများအတွက် အထူးအခွင့်အရေးတစ်ခုဟု ဆိုနိုင်သည်။ မည်သို့ပင်ဆိုစေ ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲကို ဝင်ရိုးစွန်းအကယ်ဒမီတွင် ကျင်းပခြင်းဖြစ်ရာ အကယ်ဒမီကျောင်းမှ ကျောင်းသားများအနေဖြင့် တိုက်ရိုက်ကြည့်ရှုခွင့် ရရှိကြသည်။

ယခုအချိန်တွင် ဝင်ရိုးစွန်းအကယ်ဒမီ ကျောင်းသားများ၏ နေရာများမှာ လူများစွာဖြင့် ပြည့်နေလေပြီ။ ချူချန်း နှင့် သူမ၏အဖော်များသည် အတော်လေး ကောင်းမွန်သော နေရာကို ရရှိထားကြသည်။ ဤသည်မှာ လီဟန်၏ ကျေးဇူးကြောင့်ပင်။

လီဟန်သည် ဝင်ရိုးစွန်းအကယ်ဒမီတွင် ဩဇာတိက္ကမရှိသူတစ်ဦးဟု ဆိုနိုင်သည်။ နေရာကောင်း အနည်းငယ် ရရန်မှာ သူ့အတွက် သဘာဝကျကျပင် လွယ်ကူလှသည်။

ဤဝင်ရိုးစွန်းအကယ်ဒမီမှ ကျောင်းသားများအားလုံး အလွန် စိတ်လှုပ်ရှားနေကြသည်။ သူတို့အမြင်တွင် ယခုတစ်ကြိမ် သိုင်းပညာပြိုင်ပွဲ၌ ပါဝင်နိုင်သူများအားလုံးမှာ ပါရမီရှင်များနှင့် နာမည်ကျော် သိုင်းသမားများသာ ဖြစ်ကြသည်။

သူတို့သည် ဝင်ရိုးစွန်းအကယ်ဒမီ၏ ကျောင်းသားများ ဖြစ်ကြသော်လည်း မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ရန်မှာမူ မလွယ်ကူလှပေ။ အကယ်၍ သူတို့ နှစ်အနည်းငယ်အတွင်း မျိုးရိုးဗီဇကန့်သတ်ချက်ကို မချိုးဖျက်နိုင်ပါက ဝင်ရိုးစွန်းအကယ်ဒမီမှ ထွက်ခွာရမည် ဖြစ်သည်။

ထို့ကြောင့် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်ခြင်းကပင် သူတို့ကို အားကျစေရန် လုံလောက်နေပြီ ဖြစ်သည်။ ထို့ပြင် ဤပြိုင်ပွဲဝင် သိုင်းသမားများမှာ အသွင်ပြောင်းနယ်ပယ် သိုင်းသမားများထဲတွင် ထိပ်သီးများ ဖြစ်နိုင်ပေသည်။

သေချာသည်မှာ လူကြိုက်အများဆုံးသူများသည် ဝင်ရိုးစွန်းအကယ်ဒမီမှ စီနီယာများပင် ဖြစ်ပေသည်။ မည်သို့ပင်ဆိုစေ ဝင်ရိုးစွန်းအကယ်ဒမီမှာ သူတို့၏ အိမ်ကွင်းဟု ဆိုနိုင်သည် မဟုတ်ပါလား။

"ဟိုမှာကြည့်... အဲဒါ စီနီယာနှင်းဆီ မဟုတ်လား။ စီနီယာနှင်းဆီက ရှေ့တန်းမှာ ကြမ်းကြုတ်သားရဲတွေနဲ့ အမြဲတမ်း တိုက်ခိုက်နေတာလို့ ငါ ကြားတယ်။ ဒီတစ်ခါ သူ လာလိမ့်မယ်လို့ မထင်ထားဘူး"

"စီနီယာ ရွှီချန်ကွမ်းလည်း ရှိသေးတယ်။ ကျစ်... သူက နတ်ဆိုးစစ်သူကြီးတစ်ကောင်လက်ကနေတောင် လွတ်မြောက်လာဖူးတယ်လို့ ငါ ကြားဖူးတယ်ကွ။ သူက အရမ်းကို အစွမ်းထက်တာ"

"ဟဲဟဲ... သူ ဘယ်လောက်ပဲ အစွမ်းထက်ပါစေ စီနီယာ လီရှန်းကို ဘယ်လိုလုပ် ယှဉ်နိုင်မလဲ။ အင်တာနက်ပေါ်က မဲပေးထားတာကို ကြည့်လိုက်လေ။ စီနီယာ လီရှန်းက ထိပ်တန်း ရေပန်းစားသူ ၁၀ ယောက်ထဲက တစ်ယောက်ဖြစ်ပြီး ထိပ်တန်း ၁၀ ယောက်စာရင်းထဲ ဝင်ဖို့ သေချာပေါက် အခွင့်အရေးရှိတယ်"

"ဟုတ်တယ်။ အရင်တုန်းက အကယ်ဒမီကျောင်းကြီး သုံးခုကြားမှာ လုပ်တဲ့ သိုင်းပြိုင်ပွဲတွေမှာ ငါတို့ ဝင်ရိုးစွန်းအကယ်ဒမီက အမြဲတမ်း အသာစီးရခဲ့တာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီတစ်ခါလည်း ငါတို့ ဝင်ရိုးစွန်းအကယ်ဒမီက စီနီယာတွေ ရလဒ်ကောင်းတွေ ရမှာ သေချာတယ်ကွ"

"အဲဒါကတော့ ပြောရခက်တယ်။ အလွတ်တန်းကျင့်ကြံသူများသမဂ္ဂမှာ ထိပ်တန်း ပါရမီရှင်တစ်ယောက် ရှိတယ်လို့ ငါ ကြားထားတယ်..."

ဝင်ရိုးစွန်းအကယ်ဒမီမှ ကျောင်းသားများမှာ ကောလာဟလမျိုးစုံကို စိတ်အားထက်သန်စွာ ဆွေးနွေးနေကြသည်။ ပြိုင်ပွဲဝင် ပါရမီရှင်သိုင်းသမားများကို သူတို့ အထူး စိတ်ဝင်စားနေကြသည်။

သို့သော် ချူချန်းမှာမူ ဝင်ရောက်ဆွေးနွေးခြင်း မပြုပေ။ သူမ၏ အကြည့်များမှာ ပြိုင်ပွဲဝင် လူအုပ်ကြီးထဲတွင် တစ်စုံတစ်ယောက်ကို ရှာဖွေနေသကဲ့သို့ ရှိသည်။

လီဟန်မှာ တိတ်ဆိတ်နေသည်။ လွန်ခဲ့သော ရက်အနည်းငယ်က သူသည် လင်းဖုန်းအကြောင်းကို စုံစမ်းခဲ့သည်။ အမည်တစ်ခုသာ ရှိသော်လည်း သူ၏ စွမ်းရည်ဖြင့် အရာများစွာကို စုံစမ်းသိရှိနိုင်ခဲ့သည်။

ထို့ပြင် ယခုလက်ရှိတွင် လင်းဖုန်းဆိုသည်မှာ နာမည်ကျော်တစ်ဦးဖြစ်ကြောင်း သူ သိသွားခဲ့လေပြီ။ လွန်ခဲ့သော အချိန်အတန်ကြာက ဟိုးလေးတကျော်ဖြစ်ခဲ့သော နဂါးကျောက်တုံးမြို့ အကျပ်အတည်း၊ ကျောက်တုံးမြို့ကြီးအတွင်း ဖြစ်ရပ်နှင့် သိုင်းသမား မူဝါဒအသစ် ထွက်ပေါ်လာခြင်းတို့တွင် လင်းဖုန်း၏ ခြေရာလက်ရာများမကင်းပေ။ သူသည် ထိုဖြစ်ရပ်များတွင် အဓိကလူပင် ဖြစ်နေသည်။ ယခုလက်ရှိ လင်းဖုန်းသည် ခေါင်းအစခြေအဆုံး ဩဇာတိက္ကမရှိသူတစ်ဦး ဖြစ်နေလေပြီ။

လင်းဖုန်း၏ သတင်းများမှာ အင်တာနက်ပေါ်တွင် နေရာအနှံ့ ရှိသည်။

အစပိုင်းတွင် လီဟန်သည် လူသားမျိုးနွယ်၏ သူရဲကောင်းတံဆိပ် ရရှိထားသော လင်းဖုန်းနှင့် ချူချန်းကို ဆက်သွယ်ခဲ့သော လင်းဖုန်းမှာ တစ်ဦးတည်း ဟုတ်မဟုတ် သိပ်မသေချာခဲ့ပေ။ သို့သော် လင်းဖုန်းသည် ဗဟိုပင်လယ်မြို့မှ ဖြစ်ပြီး ချူချန်းနှင့် တက္ကသိုလ်တစ်ခုတည်း တက်ခဲ့ဖူးကြောင်း သိလိုက်ရချိန်တွင် သူ၏ အချစ်ပြိုင်ဘက်မှာ အင်တာနက်ပေါ်တွင် သတင်းမွှေးနေသော လင်းဖုန်းဖြစ်ကြောင်း သူ အသေအချာ သိလိုက်ရတော့သည်။

မူလက လီဟန်သည် မည်သူ့ထက်မျှ မနိမ့်ကျကြောင်း အလွန် ယုံကြည်မှု ရှိခဲ့သည်။ အမှန်တကယ်တော့ သူသည် ရွယ်တူများထက် ပို၍ပင် ထူးချွန်သည်။ သူ၏ မိသားစု နောက်ခံဖြစ်စေ၊ သူကိုယ်တိုင်ဖြစ်စေ အရာအားလုံး အဘက်ဘက်မှ ပြည့်စုံလုံလောက်နေသည်။

သို့သော် လင်းဖုန်းအကြောင်းကို စုံစမ်းသိရှိရချိန်တွင် လီဟန်သည် ပထမဆုံးအကြိမ်အဖြစ် ယုံကြည်မှု အနည်းငယ် လျော့ကျသွားသလို ခံစားလိုက်ရသည်။

လင်းဖုန်းသည် အသက် ၂၀ အရွယ်တွင် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်ခဲ့ပြီး လူသားမျိုးနွယ်၏ သူရဲကောင်းတံဆိပ်ကို ရရှိခဲ့သည်။ သူ၏ နှလုံးသားထဲတွင် အထူးချွန်ဆုံးဖြစ်သော သူ၏အစ်ကို လီရှန်းပင်လျှင် လူသားမျိုးနွယ်၏ ကာကွယ်သူတံဆိပ်ကိုသာ ရရှိခဲ့ဖူးကြောင်း သတိပြုရပေမည်။

ဖြစ်နိုင်သည်မှာ မိသားစု နောက်ခံတစ်ခုတည်းနှင့်ဆိုလျှင် လီဟန်သည် လင်းဖုန်းထက် အနည်းငယ် သာလွန်နိုင်ပေသည်။ သို့သော် သိုင်းသမားများအတွက်မူ ကိုယ်ပိုင်ခွန်အားကသာ အရေးအကြီးဆုံး ဖြစ်သည်။ လင်းဖုန်းသည် မိသားစုတစ်စုကို တစ်ယောက်တည်း ထောက်ပံ့ပေးနိုင်ပြီး လင်းဖုန်းကိုယ်တိုင်ကပင် သူ့မိသားစုအတွက် နောက်ခံအဖြစ် ရှိနေပြီ ဖြစ်သည်။

မည်သို့ပင်ဆိုစေ လီဟန်သည် လင်းဖုန်းကို ဤအချက်နှင့်တော့ မယှဉ်နိုင်ပေ။

လီဟန်သည် ယခင်က အနည်းငယ် စိတ်ဓာတ်ကျနေခဲ့သော်လည်း နောက်ပိုင်းတွင် သူ အတွေးတစ်ခုဝင်လာသည်။ လင်းဖုန်းက မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်တော့ရော ဘာဖြစ်လဲ။ သူလည်း အနှေးနှင့်အမြန်ဆိုသလို မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်ပေလိမ့်မည်။ သူ အပြည့်အဝ ယုံကြည်ချက် ရှိပေသည်။

ထို့ပြင် သူ့တွင် နတ်ဘုရားနယ်ပယ် သိုင်းသမားဖြစ်လာရန် အခွင့်အရေးရှိသော အလွန်ထူးချွန်သည့် အစ်ကိုကြီးတစ်ယောက် ရှိသေးသည်။ အချိန်တန်လျှင် သူ့အစ်ကိုကြီး၏ စောင့်ရှောက်မှုဖြင့် သူလည်း နတ်ဘုရားနယ်ပယ်သိုင်းသမား ဖြစ်လာရန် အခွင့်အရေးရှိသည်။ ချူချန်းသာ သူ့နောက်လိုက်မည်ဆိုပါက လုံးဝ ဆင်းရဲဒုက္ခရောက်ရမည် မဟုတ်ပေ။ မည်သည့် နစ်နာမှုမှလည်း ရှိလိမ့်မည် မဟုတ်ပေ။

ယခု လင်းဖုန်းသည် သူ့ထက် အနည်းငယ်သာ ရှေ့ရောက်နေခြင်း ဖြစ်သည်။

ထို့ပြင် လင်းဖုန်းသည် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ခဲ့သည်မှာ လအနည်းငယ်သာ ရှိသေးသည်။ သူ မည်မျှထိ အစွမ်းထက်နိုင်မည်နည်း။ သို့သော် သူသည် တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲတွင် ပါဝင်နေသေးသည်။ အချိန်တန်လျှင် ချူချန်းရှေ့တွင် လင်းဖုန်း အရှက်တကွဲ ရှုံးနိမ့်သွားရပေလိမ့်မည်။ ထိုသည်က လီဟန်အတွက် အခွင့်အရေး ဖြစ်လာနိုင်သည်။

"သူ ဘာလို့ ရောက်မလာသေးတာလဲ"

ချူချန်း မျက်မှောင်ကြုတ်လိုက်သည်။ သူမ လင်းဖုန်းကို အခုထက်ထိ မတွေ့မိသေးပေ။ အဓိကအားဖြင့် လူတွေ များလွန်းသောကြောင့် ဖြစ်နိုင်သည်။ သူမ လင်းဖုန်းကို ထပ်ခေါ်ချင်သော်လည်း ခဏမျှ စဉ်းစားပြီးနောက် ယခုအချိန်တွင် လင်းဖုန်းကို မနှောင့်ယှက်သင့်ဟု ခံစားလိုက်ရသည်။

မည်သို့ပင်ဆိုစေ ဤသည်မှာ ပြိုင်ပွဲမစမီ ညနေခင်း ဖြစ်သည်။ လင်းဖုန်းကို သူမ အနှောင့်အယှက် မပေးလိုပေ။

သူမ၏ စိုးရိမ်နေသော မျက်နှာကို ကြည့်ပြီး လီဟန်၏ ရင်ထဲတွင် မည်မျှနာကျင်ရကြောင်း ချူချန်း မသိပေ။ သို့သော် သူ အနည်းငယ် မနာလိုလည်း ဖြစ်မိသည်။ အဘယ်ကြောင့်ဆိုသော် ချူချန်းက သူ့အတွက် စိုးရိမ်နေခြင်း မဟုတ်ဘဲ အခြားကောင်တစ်ယောက်အတွက် ဖြစ်နေသောကြောင့်ပင်။

"သူတို့ လာပြီ၊ သူတို့ လာနေပြီ။ သူတော်စင်ကိုးပါးရဲ့ ပုံရိပ်ယောင်တွေ ထွက်လာပြီ"

ဆူညံနေသော ရင်ပြင်၏ လေထုမှာ ရုတ်တရက် ပို၍ပင် တက်ကြွလာသည်။

လူသားမျိုးနွယ် လူ့အဖွဲ့အစည်းတွင် အစွမ်းထက်ဆုံး သိုင်းသမားများဖြစ်ကြသော သူတော်စင်များသည် နောက်ဆုံးတော့ သူတို့၏ ပုံရိပ်ယောင်များကို ပို့လွှတ်လိုက်ပြီ ဖြစ်သည်။

ပုံရိပ်ယောင်များသာ ဖြစ်လင့်ကစား လူပေါင်းများစွာကို စိတ်လှုပ်ရှားစေရန် လုံလောက်နေပေပြီ။

ဤသူများမှာ သူတော်စင်များ ဖြစ်ကြသည်။ သူတို့၏ လုပ်ဆောင်ချက်များကို လူတိုင်း ရင်းနှီးပြီးသား ဖြစ်သည်။ သူတို့မှာ စင်စစ်ပင် ဒဏ္ဍာရီလာ ဂန္ထဝင်ပုဂ္ဂိုလ်များ ဖြစ်နေကြလေပြီ။

လက်ရှိအချိန်တွင် သိုင်းသမားများ၊ အစိုးရအရာရှိများ၊ စစ်ဗိုလ်ချုပ်များ၊ နာမည်ကျော် ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ စသည်ဖြင့် လူတိုင်းလူတိုင်း မတ်တပ်ရပ်ကာ သူတော်စင် ကိုးပါးကို အရိုအသေပေးလိုက်ကြသည်။

လင်းဖုန်းလည်း သူတော်စင်ကိုးပါး၏ ပုံရိပ်ယောင်များကို သေသေချာချာ စိုက်ကြည့်နေမိသည်။ သူတော်စင်ကိုးပါးထဲတွင် ပြိုက်ဘက်ကင်းလက်သီးသူတော်စင်ကိုသာ သူ တွေ့ဖူးသည်။ အခြား သူတော်စင်ရှစ်ပါးကို သူ တစ်ခါမျှ မတွေ့ဖူးသော်လည်း ထိုသူတော်စင်ရှစ်ပါးမှာ မည်သူမည်ဝါဖြစ်ကြောင်း သိရန် သူ့အတွက် အခက်အခဲ မရှိပေ။

မည်သို့ပင်ဆိုစေ သူတော်စင်ကိုးပါးသည် လူသားမျိုးနွယ် လူ့အဖွဲ့အစည်းတွင် ဒဏ္ဍာရီများ ဖြစ်နေကြပြီ ဖြစ်သည်။ သူတို့၏ ရုပ်ဆင်းသွင်ပြင်နှင့် လုပ်ဆောင်ချက်များမှာ ဟိုးယခင်ကတည်းက ပျံ့နှံ့နေခဲ့ပြီး လူတိုင်းနီးပါး ရင်းနှီးပြီးသား ဖြစ်ကြသည်။

အနန္တလမ်းစဉ်အကယ်ဒမီမှ ပြိုက်ဘက်ကင်းလက်သီးသူတော်စင်...

ဝင်ရိုးစွန်းအကယ်ဒမီမှ သူတော်စင်ပင်းယွီ...

သူတော်စင်အကယ်ဒမီမှ သူတော်စင်ကတ်...

အစိုးရအဖွဲ့အစည်းမှ 'ရှေ့ဆောင်လမ်းပြ' ဟု နာမည်ကျော်သော သူတော်စင်ခန်း...

အစိုးရအဖွဲ့အစည်းမှ သူတော်စင် ကလော့...

စစ်တပ်အဖွဲ့အစည်းမှ သူတော်စင်ကျိုးထျန်းချီ...

စစ်တပ်အဖွဲ့အစည်းမှ သူတော်စင်ပါမန်...

စီးပွားရေးအဖွဲ့အစည်းမှ သူတော်စင်ဘာတိုင်...

အလွတ်တန်းကျင့်ကြံသူများသမဂ္ဂမှ သူတော်စင် ယွမ်ယီ...

လူသားမျိုးနွယ်၏ သူတော်စင် ကိုးပါး... အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု လေးကြိမ်အထိ ဖြတ်သန်းထားသော ပြိုင်ဘက်ကင်း ကျွမ်းကျင်သူများအားလုံး သူတို့၏ ပုံရိပ်များကို ပို့လွှတ်လိုက်ကြပြီ ဖြစ်သည်။

တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲသည် လက်ရှိအချိန်တွင် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ အကယ်၍ သူတော်စင်ကိုးပါးက ဘာမှမလုပ်ဘဲ ပုံရိပ်ယောင် ကိုးခုကို စုစည်းရုံမျှဖြင့်ပင် တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲ၏ အဆင့်အတန်းကို အဆပေါင်းများစွာ မြှင့်တင်ပေးနိုင်ပေသည်။

ထိုအခါတွင်မှသာ တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲကို ကမ္ဘာကြီးတစ်ခုလုံး၏ အာရုံစိုက်အခံရဆုံးအရာအဖြစ် အမှန်တကယ် သတ်မှတ်နိုင်တော့မည် ဖြစ်သည်။

All Chapters