← Chapters

အခန်း (၁၉၅-၁၉၆)

Vol. 17 Ch. 195-196

အခန်း (၁၉၅-၁၉၆)

Vol. 17 Ch. 195-196

ထာဝရသိုင်းတာအိုအရှင်

အခန်း (၁၉၅) - ပုံရိပ်ယောင်တိုက်ပွဲဝင်စနစ်

ဘာသာပြန် - အားသစ်

သူတော်စင်ကိုးပါးစလုံး သူတို့ပုံရိပ်ယောင်များကို ပို့လွှတ်ထားကြသည်။ အောက်ဘက်ရှိ ပြည့်ကျပ်နေသော လူအုပ်ကြီးကို ကြည့်ရင်း သူတော်စင် ကိုးပါးစလုံးမှာ အလွန်တည်ငြိမ်နေပုံပေါ်သည်။

"သူတော်စင်ပင်းယွီ...အခုပဲ စလိုက်ကြရအောင်" အကြီးအကဲခန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

သူတော်စင်ပင်းယွီသည်လည်း ဝင်ရိုးစွန်းအကယ်ဒမီ၏ ဒုကျောင်းအုပ်ကြီးတစ်ဦးကို ခေါင်းညိတ်ပြလိုက်သည်။ ထိုဒုကျောင်းအုပ်ကြီးသည် လေးစားဖွယ် အဆင့်အတန်းရှိသော ဂုဏ်သိက္ခာကြီးမားသည့် နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဦး ဖြစ်သော်လည်း သူတော်စင် ကိုးပါးရှေ့တွင်မူ အနည်းငယ်မျှပင် မရိုမသေ မလုပ်ရဲပေ။

"တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲကို အခုပဲ တရားဝင်စတင်ပါပြီ"

"ဒီပြိုင်ပွဲမှာ ပြိုင်ပွဲဝင် အသွင်ပြောင်းနယ်ပယ် သိုင်းသမားအရေအတွက် သောင်းနှင့်ချီအထိရှိပြီးတော့ အရမ်းကို များလွန်းနေပါတယ်။ ဒါ့ပြင် သူတို့သာ အစွမ်းကုန် တိုက်ခိုက်ကြမယ်ဆိုရင် မလွှဲသာမရှောင်သာ ထိခိုက်သေဆုံးမှုတွေ ရှိလိမ့်မယ်။ ဒါကြောင့်မို့ ဒီတစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲအတွက် ကျွန်တော်တို့ရဲ့ အဆင့်အမြင့်ဆုံးနည်းပညာဖြစ်တဲ့ 'ပုံရိပ်ယောင်တိုက်ပွဲဝင်စနစ်' ကို အသုံးပြုဖို့ ကျွန်တော်တို့ ဆုံးဖြတ်လိုက်တယ်"

"ဒီပုံရိပ်ယောင်တိုက်ပွဲဝင်စနစ်က လက်ရှိလူသားတွေရဲ့ အဆင့်အမြင့်ဆုံး ပုံရိပ်ယောင်စနစ်ပဲ။ ဒီစနစ်က ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ် ခွန်အား၊ ကြယ်တာရာစွမ်းအား၊ မွေးရာပါစွမ်းရည်တွေ၊ လက်နက်တွေနဲ့ အခြားအရာတွေ အပါအဝင် သိုင်းသမားတစ်ဦးရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဘယ်လိုစွမ်းအားကိုမဆို အပြည့်အဝ ပုံတူကူးနိုင်စွမ်း ရှိတယ်။ ဒါက နည်းနည်းလေးမှ ကွဲလွဲမှုမရှိဘဲနဲ့ လက်တွေ့ဘဝက ခွန်အားနဲ့ အတိအကျနီးပါး တူစေလိမ့်မယ်။ ဒါကြောင့်မို့ ပုံရိပ်ယောင်တိုက်ပွဲဝင်စနစ်ထဲမှာ တိုက်ခိုက်သူအားလုံး ခွန်အားကို ထိန်းထားစရာမလိုဘဲနဲ့ လွတ်လွတ်လပ်လပ် အစွမ်းကုန် တိုက်ခိုက်နိုင်တယ်"

အစီအစဉ်တင်ဆက်သူက ပုံရိပ်ယောင်တိုက်ပွဲဝင်စနစ်ကို အသုံးပြု၍ တိုက်ခိုက်မည်ဟု ပြောလိုက်သည်ကို ကြားသောအခါ လူတိုင်း အလွန်တရာ အံ့ဩသွားကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ဤကိစ္စနှင့်ပတ်သတ်၍ မည်သည့်သတင်းမျှ ကြိုတင်မရရှိခဲ့သောကြောင့်ပင်။ ဤသည်မှာ အလွန် လျှို့ဝှက်ထားသော သတင်းတစ်ခု ဖြစ်ပေလိမ့်မည်။

"ပုံရိပ်ယောင်တိုက်ပွဲဝင်စနစ်က တကယ်ပဲ အဲ့လောက်တောင် အံ့ဩစရာကောင်းနေလို့လား"

"ငါတို့ရဲ့ အနန္တလမ်းစဉ်အကယ်ဒမီမှာလည်း တိုက်ပွဲဝင်စနစ်ရှိပေမဲ့ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ထားတဲ့ သိုင်းသမားတွေ ဒါမှမဟုတ် အဲဒီထက် မြင့်တဲ့သူတွေအတွက် သိပ်ပြီးတော့ မဖြစ်နိုင်ဘူး။ တိုက်ပွဲဝင်စနစ်က သူတို့ရဲ့ ကိုယ်ပိုင်ခွန်အားကို အပြည့်အဝ ပုံတူမကူးနိုင်စွမ်း မရှိဘူးလေ"

"ဒီစနစ်က တကယ်ပဲ အဲ့လောက်တောင် အဆင့်မြင့်တာလား"

"ပုံရိပ်ယောင်တိုက်ပွဲဝင်စနစ်ကို သုံးတာ အကျိုးကျေးဇူးတွေတော့ ရှိတယ်။ အနည်းဆုံးတော့ သောင်းနဲ့ချီတဲ့ သိုင်းသမားတွေကို တစ်ချိန်တည်းမှာ တိုက်ခိုက်နိုင်အောင် နေရာပေးနိုင်တယ်။ မဟုတ်ရင် တစ်ယောက်ချင်းစီ တိုက်ခိုက်နေရမယ်ဆိုရင် တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲက အချိန်အရမ်းကြာသွားမှာပေါ့"

"ပုံရိပ်ယောင်တိုက်ပွဲဝင်စနစ်ရဲ့ စည်းမျဉ်းတွေက ဘာတွေများ ဖြစ်မလဲ မသိဘူးနော်"

အချို့လူများက မေးခွန်းထုတ်နေကြပြီး တချို့ကမူ တန်ပြန်တုံ့ပြန်မည့် နည်းလမ်းများကို စဉ်းစားနေကြသည်။ သို့သော် လူအများစုမှာ ပုံရိပ်ယောင် တိုက်ပြဲဝင်စနစ်ကို အသုံးပြု၍ တိုက်ခိုက်ရမည်ကို ယုံကြည်မှု မရှိကြသည်မှာ သေချာပေသည်။

ထိုအချိန်တွင် သူတော်စင်ပင်းယွီက ရုတ်တရက် ပြောလိုက်သည်။

"ဒီပုံရိပ်ယောင်တိုက်ပွဲဝင်စနစ်က အရင်ကဟာတွေနဲ့ လုံးဝကို ကွဲပြားပါတယ်။ အားလုံးပဲ စိတ်မပူကြပါနဲ့။ ပုံရိပ်ယောင်တိုက်ပွဲဝင်စနစ်ထဲကို ဝင်ရောက်ပြီးတဲ့နောက်မှာ ပြိုင်ပွဲဝင်သိုင်းသမားတွေအနေနဲ့ အရင်ဆုံး စမ်းသပ်ကြည့်လို့ ရပါတယ်။ သံသယတစ်ခုခု ရှိတယ်ဆိုရင် ချက်ချင်း မေးမြန်းနိုင်ပါတယ်"

သူတော်စင်ပင်းယွီ ကိုယ်တိုင် ပြောလိုက်သဖြင့် အောက်ဘက်မှ ဆွေးနွေးငြင်းခုံသံများ တဖြည်းဖြည်း ငြိမ်သက်သွားသည်။

သူမဘေးရှိ သူတော်စင်ခန်းက အနည်းငယ်ပြုံးလျက် ပြောလိုက်သည်။

"သူတော်စင်ယွမ်ယီနဲ့ ကျွန်တော် ဒီစနစ်ကို အဲဒီရှေးဟောင်း အပျက်အစီးနယ်မြေထဲကနေ ရဖို့ဆိုတာ မလွယ်ကူခဲ့ဘူး။ အဲဒီ ရှေးဟောင်းအပျက်အစီးနယ်မြေက နည်းပညာယဉ်ကျေးမှုတစ်ခုကနေ ကျန်ရစ်ခဲ့တာ ဖြစ်ရမယ်။ ပြီးတော့ အဲဒါက ငါတို့ရဲ့ ပုံရိပ်ယောင်စနစ်ထက် အများကြီး ပိုအစွမ်းထက်တယ်။ နှစ်အနည်းငယ်လောက် တိုးတက်အောင် ပြုပြင်ပြီးတဲ့နောက်မှာတော့ ဘာပြဿနာမှ ရှိတော့မှာ မဟုတ်ပါဘူး"

"မှန်ပါတယ်။ ဒီစနစ်ရဲ့ ပုံတူကူးနိုင်တဲ့ ကန့်သတ်ချက်က နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူအဆင့်ထိပဲ။ ဒါကြောင့် ဒီအသွင်ပြောင်းနယ်ပယ် သိုင်းသမားတွေကို ပုံတူကူးဖို့လောက်ကတော့ လုံးဝပြဿနာမရှိနိုင်ပါဘူး"

သူတော်စင်ယွမ်ယီကလည်း ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။ သူနှင့် သူတော်စင်ခန်းတို့သည် ထိုအပျက်အစီးနယ်မြေထဲသို့ ဝင်ရောက်ရန် နှစ်ပေါင်းများစွာ အချိန်ကုန်ခံခဲ့ရသည်။ သူတို့သည် ထိုနေရာမှ နည်းပညာများစွာကို ရရှိခဲ့သော်လည်း ဤပုံရိပ်ယောင်စနစ်မှာ သူတို့၏ အကြီးမားဆုံးသော အမြတ်အစွန်းပင် ဖြစ်သည်။

အကယ်၍ ဤပုံရိပ်ယောင်စနစ်သာ တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲတွင် စွမ်းဆောင်ရည်ကောင်းများရှိပြီး လူအများ၏ အသိအမှတ်ပြုခြင်းခံရပါက ကမ္ဘာတစ်ဝန်းတွင် ဖြန့်ချိအသုံးပြုရန် မည်သည့်ပြဿနာမှ ရှိတော့မည် မဟုတ်ပေ။

ထို့နောက် ဝင်ရိုးစွန်းအကယ်ဒမီ၏ ဒုကျောင်းအုပ်ကြီးက တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲ စတင်ကြောင်း ကြေညာလိုက်သည်။ သိုင်းသမားများအားလုံး ရင်ပြင်ရှိ နေရာလွတ်ထဲသို့ တစ်ယောက်ပြီးတစ်ယောက် လျှောက်ဝင်သွားကြသည်။

သို့သော် လင်းဖုန်းမှာမူ အနည်းငယ် စိုးရိမ်နေသည်။

တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲကို ပုံရိပ်ယောင်တိုက်ပွဲဝင်စနစ်မှတစ်ဆင့် အမှန်တကယ်ပင် ကျင်းပလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ အကယ်၍ သူသာ စောစောသိခဲ့ပါက သူ ဝင်ရောက်ယှဥ်ပြိုင်မည် မဟုတ်ပေ။ အကျိုးပြုတန်ဖိုး ၁၀၀၀၀မှာ မည်မျှထိပင် တန်ဖိုးရှိနေစေကာမူ သူ၏ လျှို့ဝှက်ချက်များ ပေါက်ကြားသွားမည့် အန္တရာယ်ကို သူ မစွန့်စားလိုပေ။

ပုံရိပ်ယောင်တိုက်ပွဲဝင်စနစ်သည် သိုင်းသမားတစ်ဦး၏ ခန္ဓာကိုယ်ထဲရှိ ကြယ်တာရာစွမ်းအား၊ မွေးရာပါ စွမ်းရည်များနှင့် အခြားစွမ်းအားများကို ပြီးပြည့်စုံစွာ ပုံတူကူးနိုင်စွမ်းရှိသည်။ သို့ဖြစ်ရာ ပုံရိပ်ယောင်တိုက်ပွဲဝင်စနစ်က သူ့ ခန္ဓာကိုယ်ထဲရှိ ကြယ်တာရာစွမ်းအားမျှင် ရှစ်သောင်းလုံးကိုပါ ပုံတူကူးချနိုင်လိမ့်မည်လော။ သို့ဆိုလျှင် လင်းဖုန်းအနေဖြင့် သူ့လျှို့ဝှက်ချက်များကို ဆက်လက် ထိန်းသိမ်းထားနိုင်တော့မည် မဟုတ်ပေ။

"လောင်ဘီသမ်... မြန်မြန် တစ်ခုခု စဉ်းစားဦး။ တကယ်လို့ တခြားနည်းလမ်းမှ မရှိရင်တော့ ငါ အရှုံးပေးပြီး ဒီသိုင်းပညာပြိုင်ပွဲကနေ ထွက်လိုက်တော့မယ်"

လင်းဖုန်း အလွန် စိုးရိမ်ပူပန်နေသည်။ သိုင်းသမားများ ရင်ပြင်ထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်သွားသည်ကို ကြည့်ရင်း သူ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချရမည့် အချိန် ရောက်လာခဲ့ပြီ ဖြစ်သည်။

"စိတ်မပူပါနဲ့... ဒါက သာမန်ပုံရိပ်ယောင်တိုက်ပွဲဝင်စနစ်လေး သက်သက်ပါပဲ။ မင်းတို့ရဲ့ သူတော်စင်တွေက ဒီစနစ်ကို ရှေးဟောင်းအပျက်အစီးနယ်မြေတချို့ ဒါမှမဟုတ် နည်းပညာယဉ်ကျေးမှုတစ်ခုရဲ့ အပျက်အစီးနယ်မြေကနေ ရှာတွေ့ခဲ့တာ ဖြစ်ရမယ်။ တခြားအရာတွေသာဆိုရင်တော့ ငါ ဘာမှ လုပ်နိုင်ချင်မှ လုပ်နိုင်လိမ့်မယ်။ ဒါပေမဲ့ ဒါက ပုံရိပ်ယောင်စနစ် သက်သက်ပဲလေ။ မင်း စိတ်ချလက်ချနဲ့ ပုံရိပ်ယောင်တိုက်ပွဲဝင်စနစ်ထဲကို ဝင်သွားလို့ ရတယ်။ မင်းရဲ့ ခန္ဓာကိုယ်ထဲက ပုံမှန်မဟုတ်တဲ့ အရာတွေ အကုန်လုံးကို ငါ ဖုံးကွယ်ပေးထားမယ်။ ပြီးတော့လည်း တတိယအဆင့် အသွင်ပြောင်းနယ်ပယ်အတွက် လိုအပ်တဲ့ ကြယ်တာရာစွမ်းအား ပမာဏကိုပဲ ငါထိန်းသိမ်းထားပေးမယ်" လောင်ဘီသမ်က နောက်ဆုံးတွင် ပြန်ဖြေလာသည်။

လင်းဖုန်းရင်ထဲတွင် ဝမ်းသာသွားသော်လည်း အနည်းငယ် စိတ်မအေးဖြစ်နေဆဲပင်။

"လောင်ဘီသမ်... မင်း တကယ်ပဲ အဲဒီပုံရိပ်ယောင် တိုက်ပွဲဝင်စနစ်ကို ကိုင်တွယ်နိုင်တာ သေချာလို့လား"

"ဒါပေါ့... ငါက ကြီးမြတ်တဲ့ စက်မှုသက်ရှိပဲ။ သာမန် ပုံရိပ်ယောင်စနစ်လောက်ကတော့ စကားထဲ ထည့်ပြော‌နေစရာတောင် မလိုပါဘူး"

လောင်ဘီသမ် မည်မျှ ယုံကြည်ချက်ရှိနေသည်ကို မြင်သောအခါ လင်းဖုန်း လက်ရှိအချိန်တွင် လောင်ဘီသမ်ကို ယုံကြည်ရန်သာ ရွေးချယ်နိုင်တော့သည်။ မဟုတ်ပါက နောက်ဆုံးမိနစ်မှ ပြိုင်ပွဲမှ နှုတ်ထွက်ခြင်းက ပို၍ပင် သံသယဖြစ်စေပေလိမ့်မည်။

ပြိုင်ပွဲဝင်သိုင်းသမား ၃၀၀၀၀ ကျော်သည် ရင်ပြင်ထဲသို့ တစ်ယောက်ပြီးတစ်ယောက် အဆက်မပြတ် ဝင်ရောက်လာကြသည်။ အကယ်၍ ဤသည်သာ ယခင်က အသုံးပြုခဲ့ကြသော ပုံရိပ်ယောင်တိုက်ခိုက်ရေးအခန်းကဲ့သို့ဆိုပါက အနည်းဆုံး ပုံရိပ်ယောင်အခန်းငယ်များစွာ လိုအပ်ပေလိမ့်မည်။ သို့သော် ရင်ပြင်ထဲတွင် ပုံရိပ်ယောင်အခန်းငယ် ၃၀၀၀၀ ကျော်ကို တစ်ပြိုင်နက်တည်း မည်သို့ တပ်ဆင်နိုင်မည်နည်း။

"အားလုံးပဲ ဂရုစိုက်ကြပါ။ အာရုံစိုက်ထားကြပါ။ ပုံရိပ်ယောင်တိုက်ပွဲဝင်စနစ်ကို ချက်ချင်း စတင်ပါတော့မယ်"

ဒုကျောင်းအုပ်ကြီး စကားပြောအပြီးတွင် မီးမောင်းကြီးများနှင့်တူသော မရေမတွက်နိုင်အောင် များပြားလှသည့် ကိရိယာများ ရင်ပြင်အထက် ကောင်းကင်ယံတွင် ပေါ်လာသည်။ ထိုကိရိယာများမှ နူးညံ့သော အဖြူရောင်အလင်းတန်းများကို ထုတ်လွှင့်လိုက်သည်။ အဖြူရောင်အလင်းတန်းများက ရင်ပြင်‌ပေါ်ရှိ ပြိုင်ပွဲဝင်သိုင်းသမားများအားလုံးကို ဖုံးလွှမ်းသွားသောအခါ သူတို့အားလုံး၏ ခန္ဓာကိုယ်များ တုန်ခါသွားသည်။

ဝှစ်

လင်းဖုန်း၏ အမြင်အာရုံမှာ ရုတ်တရက် မည်းမှောင်သွားသည်။ သူသည် အထူးပတ်ဝန်းကျင်တစ်ခုရှိ စစ်တလင်းတစ်ခုထဲသို့ ရောက်နေသကဲ့သို့ ခံစားလိုက်ရသည်။

"ဒါက ပုံရိပ်ယောင်တိုက်ပွဲဝင်စနစ်လား"

လင်းဖုန်း အနည်းငယ် သိချင်စိတ်ပြင်းပြသွားသည်။ သူသည် အနန္တလမ်းစဉ်အကယ်ဒမီ၏ ပုံရိပ်ယောင်တိုက်ခိုက်ရေးအခန်းထဲသို့ ဝင်ရောက်ခဲ့ဖူးသော်လည်း လက်ရှိနေရာမှ သူ့ကို ပေးစွမ်းသော ခံစားချက်မှာ အလွန်ပင် လက်တွေ့ကျပြီး အနန္တလမ်းစဉ်အကယ်ဒမီရှိ ပုံရိပ်ယောင်အခန်းထက် များစွာ ပို၍ လက်တွေ့ဆန်လှသည်။

အနန္တလမ်းစဉ်အကယ်ဒမီ၏ ပုံရိပ်ယောင် တိုက်ခိုက်ရေးအခန်းသည်လည်း ပုံရိပ်ယောင်စနစ်တစ်ခု ဖြစ်သော်လည်း အခြေခံအားဖြင့် ဝင်ရောက်သူတိုင်းက ၎င်းမှာ ပုံရိပ်ယောင်ဖြစ်ကြောင်း ရှင်းလင်းစွာ ခံစားသိရှိနိုင်ကြသည်။

ယခုမူ ဤသည်မှာလည်း ပုံရိပ်ယောင်စနစ်မှန်း လင်းဖုန်း သိနေသော်ငြား ဤစနစ်၏ ထင်ယောင်ထင်မှား ပုံရိပ်ယောင်များကို သူ မခွဲခြားနိုင်ပေ။ ဤသည်က လက်တွေ့ထက်ပင် ပို၍ လက်တွေ့ဆန်နေပေသည်။

"ဟင်... ငါ့ခန္ဓာကိုယ်ထဲက ကြယ်တာရာစွမ်းအား၊ ငါ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အားနဲ့ ငါ့ရဲ့ မွေးရာပါ စွမ်းရည်တွေ... အားလုံးကို ပြီးပြည့်စုံအောင် ပုံတူကူးထားနိုင်တာပဲ"

လင်းဖုန်း တကယ်ကို အံ့ဩသွားသည်။ သူ၏ မွေးရာပါစွမ်းရည်များမှာ ကြမ်းကြုတ်သားရဲငါးကောင်၏ မျိုးရိုးဗီဇများမှ ဆင်းသက်လာခြင်း ဖြစ်သော်လည်း ပုံရိပ်ယောင်တိုက်ပွဲဝင်စနစ်က ထိုစွမ်းရည်တို့ကို ပြီးပြည့်စုံစွာ ပုံတူကူးချနိုင်စွမ်း ရှိနေသည်။ တကယ့်ကို အံ့ဩဖွယ်ကောင်းလှပေသည်။

ကြယ်တာရာစွမ်းအားနှင့် ပတ်သက်၍မူ ယင်းကိုလည်း ပုံတူကူးချထားသော်လည်း ကြယ်တာရာစွမ်းအားမျှင် ၉၉၉၉ မျှင်သာ ရှိနေသည်။ လင်းဖုန်းတွင် ကြယ်တာရာစွမ်းအားမျှင် ၉၉၉၉ ခုသာ ရှိသည်ဟု တိုက်ပွဲဝင်စနစ်က အထင်အမြင်လွဲမှားသွားစေရန် လောင်းဘီသမ်က တစ်ခုခု လုပ်လိုက်သည်မှာ သေချာပေသည်။

ထိုဖြစ်ရပ်၏နောက်ကွယ်ရှိ သဘောတရားမှာမူ အလွန် နက်နဲလှသည်။ လင်းဖုန်းလည်း နားမလည်ပေ။ ထို့ပြင် သူ ထိုမျှလောက်ထိ ရှင်းရှင်းလင်းလင်း သိရန်လည်း မလိုအပ်ပေ။ သူ့ခန္ဓာကိုယ်ထဲရှိ ကြယ်တာရာစွမ်းအားများ ပေါ်လွင်ထင်ရှား‌နေခြင်းမရှိသရွေ့ ဤသည်က သူ့အတွက် အကောင်းဆုံးသော ရလဒ်ပင် ဖြစ်သည်။

အခြားသိုင်းသမားများမှာလည်း လင်းဖုန်းကဲ့သို့ပင် ဖြစ်နေကြသည်။ သူတို့အားလုံး အလွန်တရာ အံ့ဩမှင်သက်နေကြသည်။ သူတို့၏ ခွန်အားအချို့ကို သုံးကြည့်သောအခါ လက်တွေ့ဘဝနှင့် အတိအကျနီးပါး တူညီနေကြောင်း တွေ့လိုက်ရသည်။ ထိုအခါမှ ပုံရိပ်ယောက်တိုက်ပွဲဝင်စနစ်၏ နည်းပညာကို မည်သူကမျှ သံသယ မဝင်ကြတော့ပေ။

"ကျေးဇူးပြုပြီး သိုင်းပြိုင်ပွဲရဲ့ စည်းမျဉ်းတွေကို သေသေချာချာ ဖတ်ရှုကြပါ။ တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲကို ငါးမိနစ်အတွင်း တရားဝင် စတင်ပါတော့မယ်"

လင်းဖုန်း၏ နားထဲတွင် သာယာသော စက်ရုပ်အမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာသည်။ ယင်းမှာ ပုံရိပ်ယောင်တိုက်ပွဲဝင်စနစ်၏ အသံဖြစ်မည်မှာ သေချာပေသည်။ တစ်ချိန်တည်းမှာပင် သိုင်းပြိုင်ပွဲ၏ စည်းမျဉ်းတချို့ လင်းဖုန်းရှေ့တွင် ပေါ်လာသည်။

ထာဝရသိုင်းတာအိုအရှင်

အခန်း (၁၉၆) - ပထမဆုံးပြိုင်ဘက်

ဘာသာပြန် - အားသစ်

“တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲကို လူရွေးပွဲနဲ့ အရည်အချင်းစစ်ပွဲဆိုပြီး နှစ်ပိုင်းခွဲထားပါတယ်။ လူရွေးပွဲတွေကို တိုက်ခိုက်မှုတွေကတစ်ဆင့် ကျင်းပမှာဖြစ်ပြီး တိုက်ပွဲဝင်စနစ်ကနေ သိုင်းသမားတွေကို တိုက်ခိုက်ဖို့အတွက် ကျပန်း စီစဉ်ပေးမှာပါ။ အနိုင်ရတဲ့သူက ဆက်လက်တိုက်ခိုက်ရမှာဖြစ်ပြီးတော့ ရှုံးတဲ့သူကတော့ ပြိုင်ပွဲကနေ ထွက်ခွာရမှာ ဖြစ်ပါတယ်”

“အနိုင်ရတဲ့ အကြိမ်အရေအတွက် အများဆုံးရရှိတဲ့ ထိပ်တန်းသိုင်းသမား ၁၀ ယောက်က နောက်ဆုံးမှာ အရည်အချင်းစစ်ပွဲကို တက်လှမ်းခွင့်ရမှာပါ။ အနိုင်ရတဲ့ အကြိမ်အရေအတွက် အများဆုံးရတဲ့သူက အနည်းဆုံးရတဲ့သူနဲ့ တိုက်ခိုက်ရမှာဖြစ်ပြီးတော့ အဲဒီကနေတစ်ဆင့် ထိပ်တန်းပြိုင်ပွဲဝင် ၁၀ ယောက်ရဲ့ အဆင့်သတ်မှတ်ချက်ကို ဆုံးဖြတ်မှာ ဖြစ်ပါတယ်”

“လူရွေးပွဲတွေမှာ ပွဲစဉ်တစ်ခု အနိုင်ရတိုင်း သင့်ရဲ့ အခြေအနေက အကောင်းဆုံး အခြေအနေကို ပြန်လည်ရောက်ရှိသွားမှာပါ။ သင်ကိုယ်တိုင် အရှုံးပေးတာမျိုး လုပ်နိုင်သလို သတ်မှတ်ထားတဲ့ လက်နက်တွေကိုလည်း အသုံးပြုနိုင်ပါတယ်”

ထိုစည်းမျဉ်းများကို မြင်ရသောအခါ လင်းဖုန်း၏ မျက်လုံးများ အနည်းငယ် ကျဥ်းမြောင်းသွားသည်။ သူတော်စင်ကိုးပါးသည် အရာရာကို သေသေချာချာ စဉ်းစားထားပုံ ရသည်။ ပထမဦးစွာ လူရွေးပွဲများကတစ်ဆင့် ဆက်တိုက်အနိုင်ရမှု အကြိမ်ရေအပေါ် မူတည်ပြီး နောက်ဆုံး သိုင်းသမား ၁၀ ယောက်ကို ရွေးချယ်မည် ဖြစ်သည်။

ထို့ပြင် ဆက်တိုက်အနိုင်ရမှုများက အရည်အချင်းစစ်ပွဲများတွင် အလွန်အသုံးဝင်သည်။ လူတိုင်းက ဆက်တိုက်အနိုင်ရရန် အစွမ်းကုန် ကြိုးစားကြရမည် ဖြစ်ပြီး ဆက်တိုက်အနိုင်ရမှု ပိုများလေ အရည်အချင်းစစ်ပွဲတွင် ပို၍ အားနည်းသော ပြိုင်ဘက်များနှင့် တွေ့ဆုံရန် အခွင့်အလမ်း ပိုများလေ ဖြစ်သည်။

မည်သို့ပင်ဆိုစေ ဆက်တိုက်အကြိမ် ၁၀၀ နိုင်ထားသော သိုင်းသမားနှင့် အကြိမ်အနည်းငယ်သာ ဆက်တိုက်နိုင်ထားသော သိုင်းသမားကြားတွင် ကွာဟချက်တစ်ခု ရှိနေမည်မှာ အသေအချာပင်။ ဤနည်းဖြင့် ပြိုင်ပွဲဝင်များသည် အရည်အချင်းစစ်ပွဲတွင် အလွန်အစွမ်းထက်သော သိုင်းသမားများအချင်းချင်း မတွေ့ဆုံရဘဲ ကံမကောင်း၍ အဆင့်နိမ့်သွားခြင်းမျိုး မဖြစ်အောင် စီစဉ်ထားခြင်း ဖြစ်သည်။

အစွမ်းထက်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ဆက်တိုက်အနိုင်ရမှု နည်းနေသည့် သိုင်းသမားတချို့လည်း ရှိနိုင်ပေသည်။ ထိုသူတို့မှာမူ နောက်ဆုံးတွင် အစွမ်းထက် ပြိုင်ဘက်များနှင့် တွေ့ဆုံရပေလိမ့်မည်။

သို့သော် အလုံးစုံ ခြုံငုံကြည့်လျှင် ဤစည်းမျဉ်းမှာ အတော်လေး တရားမျှတသည်။ ဤနည်းဖြင့် မိမိကိုယ်ကိုယ် အလွန်ယုံကြည်မှုရှိသော အစွမ်းထက် သိုင်းသမားများပင် ပြိုင်ဘက်အပေါ် တမင်တကာ အလျှော့ပေးခြင်းမျိုး လုပ်မည်မဟုတ်ပေ။ အစွမ်းထက်ပြိုင်ပွဲဝင်တိုင်း ဆက်တိုက်အနိုင်ရရှိရန် သေချာပေါက် အစွမ်းကုန် ကြိုးစားကြပေလိမ့်မည်။

“ဒါပိုကောင်းပါတယ်။ ဒီစည်းမျဉ်းတွေက ငါနဲ့ အတော်လေး ကိုက်ညီတယ်”

လင်းဖုန်း စိတ်ထဲမှ ကြိတ်၍ သဘောကျနေမိသည်။ သူသည် စည်းမျဉ်းများကို အတော်လေး ကျေနပ်မိသည်။ ထို့ပြင် ဤကဲ့သို့ မြန်ဆန်သော လူရွေးပွဲ စည်းမျဉ်းများဖြင့်သာ သောင်းနှင့်ချီသော ပြိုင်ပွဲဝင် သိုင်းသမားများကို အချိန်တိုအတွင်း ဖယ်ထုတ်နိုင်ပြီး နောက်ဆုံးတွင် ထိပ်တန်းကျွမ်းကျင်သူ ၁၀ ယောက်ကို အမြန်ဆုံး ဆုံးဖြတ်နိုင်မည် မဟုတ်ပါလား။

“ငါးမိနစ် ပြည့်ပါပြီ။ တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲကို တရားဝင် စတင်ပါပြီ။ အခု သိုင်းသမားတွေကို တိုက်ခိုက်ဖို့ ကျပန်း စီစဉ်ပေးပါတော့မယ်။ လူရွေးပွဲတွေကို အခုပဲ စတင်လိုက်ပါပြီ”

တိုက်ပွဲဝင်စနစ်၏ စကားအဆုံးတွင် ပြိုင်ပွဲဝင် သိုင်းသမားအားလုံး၏ ရင်တထိတ်ထိတ် ခုန်သွားသည်။ သူတို့သည် စိတ်လှုပ်ရှားမှုများကို အမြန်ဆုံး ထိန်းချုပ်ကာ တည်ငြိမ်အောင် ကြိုးစားလိုက်ကြသည်။ ဤသည်မှာ တစ်ကမ္ဘာလုံးက အာရုံစိုက်နေသည့် သိုင်းပြိုင်ပွဲ ဖြစ်သည်။ မည်သည့် ပြိုင်ပွဲဝင် သိုင်းသမားမျှ ပေါ့ပေါ့ဆဆ ပြုမူမည် မဟုတ်ပေ။

...

“ကြည့်စမ်း...ပြိုင်ပွဲစနေပြီ”

ဗဟိုပင်လယ်ရှိ လင်းမိသားစုတွင် လင်းဇနီးမောင်နှံနှင့် လင်းဖုန်း၏ ညီမဖြစ်သူ လင်းချန်တို့သည် ရုပ်မြင်သံကြားရှေ့တွင် ထိုင်ကာ တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲကို ကြည့်နေကြသည်။ ယနေ့မှာ တနင်္ဂနွေနေ့ ဖြစ်နေသဖြင့် မိသားစုဝင်များအားလုံး စုံစုံလင်လင် ရှိနေကြသည်။ ထို့ကြောင့် ဤပြိုင်ပွဲကို အတူတူ အာရုံစိုက်ကြည့်ရှုရန် ဆုံးဖြတ်ခဲ့ကြသည်။

လင်းချန်က အနည်းငယ် နှမြောတသဖြစ်ဟန်ဖြင့် ပြောလိုက်သည်။ “အစ်ကိုသုံး အခု ဘယ်လိုနေမလဲ မသိဘူး။ သူလည်း ဒီလို ကြီးကျယ်တဲ့ သိုင်းပညာပွဲကြီးကို သွားတက်မှာပဲ မဟုတ်လား”

လင်းဖုန်းသည် သူ ပြိုင်ပွဲဝင်မည့်အကြောင်းကို မိသားစုအား အမှန်တကယ် ပြောပြမထားခဲ့ပေ။

လင်းကျုံးက ခေါင်းခါကာ ပြောလိုက်သည်။ “လင်းဖုန်းက မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်တာ မကြာသေးဘူး။ ကမ္ဘာပေါ်က ထိပ်တန်းအသွင်ပြောင်းနယ်ပယ် သိုင်းသမားတွေ အကုန်လုံး ဒီပြိုင်ပွဲမှာ ပါနေကြတာ။ လင်းဖုန်း သွားရင်လည်း ဘာမှထူးမှာ မဟုတ်ဘူး”

လင်းချန် တစ်ယောက်ထဲ ပွစိပွစိ လုပ်နေမိသည်။ သူမသည်လည်း မကြာမီ ကျောင်းပြီးတော့မည်ဖြစ်ကာ ဘာလုပ်ရမည်ကို မသိသေးပေ။ လင်းဖုန်း မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီးကတည်းက လင်းကော်ပိုရေးရှင်းမှာ အခြေအနေ အများကြီး ပိုကောင်းလာခဲ့သည်။ သူတို့နှင့် အမြဲတစေ ဆန့်ကျင်ဘက်ဖြစ်နေသော ကျောက်မိသားစုပင်လျှင် လင်းကော်ပိုရေးရှင်းကို ဒုက္ခပေးရန် မဝံ့ရဲတော့ပေ။

“အစ်ကိုသုံး ဘယ်တော့မှ ပြန်လာမလဲဆိုတာ တကယ် သိချင်မိတယ်...”

လင်းချန် အနည်းငယ် ပျင်းနေမိသည်။ အစ်ကိုသုံး မပါဝင်သော သိုင်းပညာပြိုင်ပွဲမှာ သူမ စိတ်ဝင်စားသော အရာ မဟုတ်ပေ။

အမှန်တကယ်တော့ သိုင်းပညာလောကကို သိပ်ပြီး အာရုံမစိုက်တတ်ကြသော လင်းမိသားစုကဲ့သို့ သာမန်လူများသည်ပင် ယနေ့တွင် တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲကို ကြည့်ရှုရန် စုဝေးနေကြသည်။

မည်သို့ပင်ဆိုစေ သူတော်စင်ကိုးပါးကို မြင်တွေ့ရခြင်းကပင် တန်ဖိုးရှိလှသည် မဟုတ်ပါလား။

ကမ္ဘာပေါ်ရှိ လူဦးရေ ၁၀ ဘီလီယံ၏ ၆၀ ရာခိုင်နှုန်း သို့မဟုတ် ၇၀ ရာခိုင်နှုန်းခန့်သည် နည်းလမ်းမျိုးစုံဖြင့် တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲကို ကြည့်ရှုနေကြသည်။ ရုပ်မြင်သံကြားဌာန တိုင်းကလည်း ဤပြိုင်ပွဲကို တိုက်ရိုက်ထုတ်လွှင့်နေကြသည်။

အဖွဲ့အစည်းကြီးငါးခု၏ ပူးပေါင်းအားထုတ်မှုနှင့် သူတော်စင်ကိုးပါး၏ ပံ့ပိုးမှုတို့ဖြင့် တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲသည် လူသားမျိုးနွယ် သမိုင်းတွင် အရေးပါဆုံးသော ပြိုင်ပွဲတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။

...

“စပြီပဲ... ငါ့ရဲ့ ပထမဆုံး ပြိုင်ဘက်က ဘယ်သူများ ဖြစ်မလဲမသိဘူး”

လင်းဖုန်းသည် ပုံရိပ်ယောင်တိုက်ပွဲဝင်စနစ်ထဲတွင် တည်ငြိမ်စွာ ရပ်နေသည်။ ဤစနစ်သည် သိုင်းသမားများကို တိုက်ခိုက်ရန် ကျပန်းသက်သက် စီစဉ်ပေးခြင်း မဟုတ်ကြောင်း သူ ယုံကြည်သည်။

စွမ်းရည်အချက်အလက်ကောင်းမွန်သော သိုင်းသမားအချို့မှာ သေချာပေါက် အဓိကပြိုင်ပွဲဝင်မျိုးစေ့များအဖြစ် သတ်မှတ်ခံရမည်ဖြစ်ပြီး ပြိုင်ပွဲအစောပိုင်းတွင် အချင်းချင်း တွေ့ဆုံစေမည် မဟုတ်ပေ။ ဤသည်မှာ ပုံရိပ်ယောင်တိုက်ပွဲဝင်စနစ်ကို အသုံးပြုခြင်း၏ အကျိုးကျေးဇူးတစ်ခုပင် ဖြစ်သည်။

လင်းဖုန်း၏ စွမ်းရည်အချက်အလက်များက သူ့ကို အဓိကပြိုင်ပွဲဝင်တစ်ဦး ဖြစ်စေမလားတော့ လင်းဖုန်း မသိပေ။ စင်စစ်တွင် သူ အဓိကပြိုင်ပွဲဝင် ဖြစ်သည် မဖြစ်သည်ကို လင်းဖုန်း ဂရုမစိုက်ပေ။ မည်သို့ပင်ဆိုစေ ပထမရရန်အတွက် သူ လူတိုင်းကို အနိုင်ယူရမည်သာ မဟုတ်ပါလား။

ဝှစ်

သိုင်းပြိုင်ပွဲ စတင်သည်နှင့်အမျှ လင်းဖုန်း၏ ပတ်ဝန်းကျင်မှာလည်း အလျင်အမြန် ပြောင်းလဲသွားသည်။ ပတ်ဝန်းကျင်တစ်ခုလုံး အနည်းငယ် မှောင်သွားပြီးနောက် တစ်ခဏအတွင်း နေ့ခင်းဘက်ကဲ့သို့ပင် တောက်ပသော အလင်းရောင်များကြောင့် ထိန်ထိန်လင်းသွားသည်။

လင်းဖုန်း ရှေးဟောင်းပုံစံခြံဝင်းတစ်ခုထဲသို့ ရောက်ရှိနေကြောင်း တွေ့လိုက်ရသည်။ ခြံဝင်းမှာ အလွန် ကြီးမားပြီး မေပယ်ပင်တချို့လည်း ရှိနေသည်။ အနီရောင်မေပယ်သစ်ရွက်များ တစ်ရွက်ပြီးတစ်ရွက် ဝဲပျံလွင့်မျောကြွေကျနေသည်မှာ ရှုမညီးနိုင်သည့် မြင်ကွင်းတစ်ခုပင်။

“အင်း...စိတ်ဝင်စားဖို့ ကောင်းသားပဲ”

လင်းဖုန်း သဘောကျသွားမိသည်။ သူ့ ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားများပင် ပြောင်းလဲသွားပြီး ရှေးခေတ် ကင်းလှည့်စစ်သည်တစ်ဦး၏ ပုံစံသို့ ပြောင်းလဲသွားသည်။ ပုံရိပ်ယောင် တိုက်ခိုက်ရေးစနစ်ထဲတွင်သာ ဤကဲ့သို့ မြင်ကွင်းမျိုးကို ချက်ချင်း ဖန်တီးနိုင်ပြီး သိုင်းသမားများ၏ အဝတ်အစားများကိုလည်း ရုတ်ချည်း ပြောင်းလဲပေးနိုင်ခြင်း ဖြစ်သည်။

ဤသည်မှာ တိုက်ပွဲအတွက် နောက်ခံမြင်ကွင်းတစ်ခု ပေးရန်၊ တိုက်ပွဲကို ပိုမို ဆွဲဆောင်မှုရှိစေရန်နှင့် တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲ၏ ရေပန်းစားမှုကို မြှင့်တင်ရန်အတွက် ဖြစ်သည်မှာ သေချာပေသည်။

သို့သော် ပြိုင်ပွဲဝင် သိုင်းသမားများအတွက်မူ ပြင်ပပတ်ဝန်းကျင် မည်သို့ ပြောင်းလဲနေပါစေ အရေးမကြီးပေ။ အရေးကြီးသည်မှာ သူတို့၏ ပြိုင်ဘက်များသာ ဖြစ်သည်။

လင်းဖုန်း၏ ပြိုင်ဘက် ပေါ်လာပြီ ဖြစ်သည်။ သူသည် ဓားရှည် အသုံးပြုသူတစ်ဦး ဖြစ်သည်။ မျက်ခုံးထူထူ မျက်လုံးအိမ်ကြီးကြီးနှင့် ခန္ဓာကိုယ် တောင့်တင်းသူ ဖြစ်သည်။ ကြည့်လိုက်ရုံဖြင့်ပင် ဤသူသည် အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ကြောင်း သိနိုင်ပေသည်။ ထို့ပြင် သူ့ခန္ဓာကိုယ်ပေါ်ရှိ ကြယ်တာရာစွမ်းအားများသည်လည်း အနည်းငယ် လှုပ်ခတ်နေသည်။ ဤပြိုင်ဘက်သည် အားနည်းသူ မဟုတ်ပေ။

“အလွတ်တန်းကျင့်ကြံသူများသမဂ္ဂက ချန်းလျန်ပါ”

“အနန္တလမ်းစဉ်အကယ်ဒမီက လင်းဖုန်းပါ”

“မင်းကို ငါ သိတယ်၊ မင်းက လူသားမျိုးနွယ် သူရဲကောင်းတံဆိပ်ကို ရထားတဲ့သူပဲ။ ဒါပေမဲ့ မင်း မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ခဲ့တာ လအနည်းငယ်ပဲ ရှိသေးတယ် မဟုတ်လား။ မင်းရဲ့ မွေးရာပါပါရမီက မဆိုးပေမဲ့ အခုလိုအချိန်မှာတော့ ငါ့ကို ယှဉ်နိုင်ဖို့ ဘာအခွင့်အရေးမှ မရှိဘူး။ ကြည့်ရတာ ငါ့ကံက တော်တော်လေး ကောင်းနေပုံပဲ။ ဟားဟားဟား...”

သူ့ပြိုင်ဘက် ချန်းလျန်က သူ့ကို သိနေသည့်အတွက် လင်းဖုန်း အတော်လေး အံ့ဩသွားသည်။ သို့သော် နဂါးကျောက်တုံးမြို့ကြီးနှင့် ကျောက်တုန်းမြို့က ကိစ္စများအပြီးတွင် သူသည် နာမည်မရှိသူတစ်ဦး မဟုတ်တော့ပေ။ မကြာသေးမီက ဖြစ်ရပ်များအားလုံးကို ထည့်တွက်မည်ဆိုလျှင် သူသည် သာမန် အသွင်ပြောင်းနယ်ပယ် သိုင်းသမားများထက် များစွာ ပို၍ နာမည်ကြီးနေသည်မှာ သဘာဝကျလှသည်။ သူ့ကို မှတ်မိနေခြင်းမှာ အံ့ဩစရာ မဟုတ်ပေ။

“မင်း တကယ်ပဲ ကံကောင်းနေတယ်လား။ ငါတော့ အဲ့လိုမထင်ဘူး”

လင်းဖုန်း၏ နှုတ်ခမ်းထောင့်တွင် အပြုံးခပ်စစတစ်ခု ပေါ်လာသည်။ ဤချန်းလျန်သည် ကံကောင်းနေခြင်း မဟုတ်ပေ။ အလွန် ကံဆိုးနေခြင်းသာ ဖြစ်ပေလိမ့်မည်။

“ကောင်းပြီ... ငါ မင်းကို လူသားမျိုးနွယ်ရဲ့ သူရဲကောင်းတစ်ယောက်အနေနဲ့ လေးစားသမှု ပေးပါ့မယ်။ ငါ့ရဲ့ အစွမ်းကုန်ခွန်အားနဲ့ တစ်ချက်တည်းပဲ တိုက်ခိုက်မယ်”

ဤချန်းလျန်မှာ အတော်စိတ်ဝင်စားဖို့ ကောင်းလှသည်။ သူသည် ကျောပေါ်မှ ဓားရှည်ကို ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်သောအခါ သူ့အရှိန်အဝါ ရုတ်တရက် ပြောင်းလဲသွားသည်။

“လျှပ်တစ်ပြက်ဓားချက်”

ချန်းလျန်သည် လက်တစ်ဖက်တည်းဖြင့် ဓားချက်ကို ခုတ်ချလိုက်သည်။ သူ၏အရှိန်မှာ အလွန်တရာ မြန်ဆန်ပြီး ရက်စက်ပြတ်သားလှသည်။ လင်းဖုန်းကို အရှိန်အဝါတစ်ခုဖြင့် အတိအကျပစ်မှတ်ထားနေသကဲ့သို့ ရှိနေပြီး ရှောင်တိမ်းရန် မဖြစ်နိုင်ပေ။ ထို့ပြင် တစ်ဖက်လူ၏ တိုက်ကွက်တွင် ကြယ်တာရာစွမ်းအားများလည်း သိသိသာသာ ပါဝင်နေသည်။ ဤသည်မှာ သေချာပေါက် ကြယ်တာရာသိုင်းပညာရပ်တစ်ခုပင်။

“တကယ့်ကို အစွမ်းထက်တဲ့ ဓားပညာပဲ။ ငါ အရင်တုန်းက သုံးခဲ့တဲ့ လျှပ်စီးဓားမော့သိုင်းထက် အများကြီး ပိုပြီး အားကောင်းတယ်”

လင်းဖုန်း၏ မျက်လုံးများထဲတွင် ထက်ရှသော အရောင်အဝါတစ်ခု ဖြတ်ပြေးသွားသည်။ အမှန်တကယ်တော့ သူသည် အစစ်အမှန်အသွင်ပြောင်းနယ်ပယ် သိုင်းသမားများနှင့် အပြည့်အဝ မတိုက်ခိုက်ဖူးပေ။ ကျောက်တုန်းမြို့တွင် တိုက်ခိုက်ခဲ့စဉ်ကလည်း ထိုဥပဒေစိုးမိုးရေး အရာရှိများသည် စိုးရိမ်ပူပန်မှုများ ရှိနေကြသဖြင့် သူတို့၏ ခွန်အားအလုံးစုံကို အားကုန်အသုံးမပြုရဲကြပေ။ အုပ်ချုပ်ရေးမှူး ကျန်းဇီဖုန်းမှာမူ အလွန်အစွမ်းထက်လွန်းသဖြင့် ဖက်တုယှဉ်ပြိုင်ရသည်မှာ အဓိပ္ပာယ်မရှိပေ။

ယခု ချန်းလျန်နှင့် ရင်ဆိုင်ရချိန်မှသာ လင်းဖုန်းသည် တတိယအဆင့် အသွင်ပြောင်းနယ်ပယ်၏ အထွတ်အထိပ်တွင် ရှိနေသော သိုင်းသမားတစ်ဦးနှင့် အစွမ်းကုန် အင်တိုက်အားတိုက် တိုက်ခိုက်ရခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။

“ဟင်းလင်းပြင်ပူဖောင်း”

ချန်းလျန်က လင်းဖုန်းကို လေးစားသမှုထားကာ သူ၏ အစွမ်းအထက်ဆုံး တိုက်ကွက်ကို သုံးလိုက်သဖြင့် လင်းဖုန်းသည်လည်း ချန်းလျန်ကို လေးစားသမှု ပြန်ပေးလိုက်သည်။ ရုတ်တရက်ဆိုသလို သူ့ခန္ဓာကိုယ်ထဲမှ ကြယ်တာရာစွမ်းအားများ ချက်ချင်း ထွက်ပေါ်လာသည်။

ခမ်းနားလှပကာ ညှို့ငင်နိုင်စွမ်းပြည့်ဝသော ပူဖောင်းတစ်လုံး ဟင်းလင်းပြင်ထဲတွင် ရုတ်တရက် ပေါ်လာသည်။ ထိုပူပေါင်းသည် အလွန်တရာ လှပလွန်းလှသဖြင့် ချန်းလျန်ပင်လျှင် ခဏတာမျှ တွေဝေငေးမောသွားရသည်။

ဝုန်း

ကြယ်တာရာပူဖောင်းသည် ချန်းလျန်ကို ချက်ချင်း လွှမ်းခြုံသွားပြီး ချန်းလျန်၏ လျှပ်တစ်ပြက်ဓားချက်ပင်လျှင် ဟင်းလင်းပြင်ပူဖောင်းထဲတွင် လုံးလုံးလျားလျား ဖုံးလွှမ်းသွားသည်။ လင်းဖုန်းသာ အလိုရှိပါက ထိုကြယ်တာရာပူဖောင်းကို မီတာတစ်ရာကျော်အထိ ချဲ့ကားနိုင်ပြီး ခြံဝင်းတစ်ခုလုံးကိုပင် ဖုံးလွှမ်းသွားစေနိုင်သည်။

ထို့ကြောင့် မည်သည့် တိုက်ကွက်မျိုးမဆို လင်းဖုန်းအတွက် အဓိပ္ပာယ် မရှိတော့ပေ။

“ပြိုကွဲစေ”

တီးတိုးရေရွတ်သံတစ်ခုနှင့်အတူ လင်းဖုန်း လက်ကို ဝှေ့ယမ်းလိုက်သည်။ ခမ်းနားထည်ဝါလှသော ကြယ်တာရာပူဖောင်းမှာ ရုတ်တရက် ပြင်းပြင်းထန်ထန် ပြိုကွဲလာသည်။ ချန်းလျန်၏ တုန်လှုပ်ဖွယ် ဓားချက်ဖြစ်စေ ခန္ဓာကိုယ်ထဲရှိ ကြယ်တာရာစွမ်းအားဖြစ်စေ...

လင်းဖုန်း၏ ဟင်းလင်းပြင်ပူဖောင်းရှေ့တွင် အရာအားလုံးမှာ အချည်းနှီးသာ ဖြစ်ရသည်။

ဝှစ်

ဟင်းလင်းပြင်ပူဖောင်းသည် အနက်ရောင် အစက်အပြောက်လေးတစ်ခုအဖြစ် ပြိုကွဲသွားပြီး နောက်ဆုံးတွင် လုံးဝပျောက်ကွယ်သွားသည်။ ချန်းလျန်၏ ပုံရိပ်မှာလည်း ပူဖောင်းပြိုကွဲသွားသည်နှင့် အတူတကွ ရောယှက်လွင့်ပါးပျောက်ကွယ်သွားလေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ချန်းလျန် ပြိုင်ပွဲမှ ဖယ်ထုတ်ခြင်း ခံလိုက်ရသည်။

All Chapters