အခန်း (၁၉၇-၁၉၈)
Vol. 17 Ch. 197-198
ထာဝရသိုင်းတာအိုအရှင်
အခန်း (၁၉၇) - ဖယ်ထုတ်ခြင်း
ဘာသာပြန် - အားသစ်
ဝှစ်
ရင်ပြင်ထဲတွင် ချန်းလျန်သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် သတိပြန်ဝင်လာသည်။ သူ့မျက်နှာထက်တွင် အံ့ဩတုန်လှုပ်မှုများ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
သူသည် ချက်ချင်းဆိုသလိုပင် ပြိုင်ပွဲမှ ဖယ်ထုတ်ခံလိုက်ရသည်။ ဤသည်မှာ မည်သို့ ဖြစ်နိုင်မည်နည်း။
"ငါ့ခန္ဓာကိုယ်ထဲမှာ ကြယ်တာရာစွမ်းအားမျှင် ၅၆၀၀ တောင် ရှိနေတာပဲ။ အသွင်ပြောင်းနယ်ပယ် တတိယအဆင့်ရဲ့ အထွတ်အထိပ်ကို မရောက်သေးဘူးဆိုပေမဲ့လို့... ခုနက လျှပ်တစ်ပြက်ဓားချက်မှာ ကြယ်တာရာစွမ်းအားမျှင် ၅၀၀၀တောင် သုံးလိုက်တာကို။ အဲဒါက လုံးဝ အသေသတ်တိုက်ကွက်တစ်ခုလို့တောင် ပြောလို့ရတယ်။ ဒါတောင်မှ ငါ ဘယ်လိုလုပ် ရှုံးသွားရတာလဲ"
ချန်းလျန် မည်သို့ပင် စဉ်းစားပါစေ အဖြေရှာမရ ဖြစ်နေသည်။ လင်းဖုန်းက ပူဖောင်းတစ်ခုကို ထုတ်လွှတ်လိုက်သည်ကိုသာ သူ ဝေဝေဝါးဝါး မှတ်မိသည်။ ထို့နောက် သူသည် ထိုပူဖောင်း၏ အလှအပတွင် မိန်းမောသွားခဲ့ပုံရပြီး သတိပြန်ဝင်လာချိန်တွင်မူ ပြိုင်ပွဲမှ ဖယ်ထုတ်ခြင်း ခံလိုက်ရပြီ ဖြစ်သည်။
ချန်းလျန် ဖယ်ထုတ်ခံရပြီးနောက် ဝင်ရိုးစွန်းအကယ်ဒမီမှ ဝန်ထမ်းများက ချန်းလျန်ကို ရင်ပြင်ထဲမှ ဖိတ်ခေါ်ကာ ပရိသတ်ထိုင်ခုံများတွင် သွားရောက် ထိုင်စေလိုက်သည်။ သူ၏ သိုင်းပြိုင်ပွဲ ခရီးစဉ်မှာ စမည်မကြံရသေးခင်မှာပင် ပြီးဆုံးသွားလေပြီ။ ချန်းလျန်သည် အခြားသော ပြိုင်ပွဲဝင်သိုင်းသမားများ၏ စွမ်းရည်များကို ပရိသတ်တစ်ဦးအနေဖြင့်သာ ငေးမောကြည့်ရှုနိုင်တော့မည်။
"အစ်ကို ချန်းလျန်... အစ်ကိုလည်း ဖယ်ထုတ်ခံလိုက်ရတာလား"
"ဟုတ်တယ် အစ်ကိုချန်းလျန်။ အစ်ကိုက ဟို ထိပ်တန်း သိုင်းသမား ၁၀ ယောက်ထဲက တစ်ယောက်ယောက်နဲ့ တိုးသွားလို့များလား။ မဟုတ်ရင် အသွင်ပြောင်းနယ်ပယ် တတိယအဆင့် အထွတ်အထိပ် သိုင်းသမားတစ်ယောက်တောင် အစ်ကိုချန်းလျန်ကို ဒီလောက် မြန်မြန် အနိုင်မယူနိုင်လောက်ပါဘူး"
"ဒါနဲ့ အစ်ကို ချးန်လျန်... အစ်ကို့ရဲ့ ပြိုင်ဘက်က ဘယ်သူများလဲ"
ချန်းလျန် ပရိသတ်နေရာတွင် ထိုင်လိုက်သည်နှင့် သူနှင့်ရင်းနှီးသော သိုင်းသမားများစွာကို ဘေးပတ်ပတ်လည်တွင် တွေ့လိုက်ရသည်။ ထိုသိုင်းသမားများမှာ ချန်းလျန်ကို မြင်သောအခါ အလွန်အံ့ဩသွားကြသည်။ သူတို့သည်လည်း ဖယ်ထုတ်ခံထားရသော သိုင်းသမားများ ဖြစ်ကြသည်။ သို့သော် အများစုမှာ ကံစမ်းလိုသော အသွင်ပြောင်းနယ်ပယ် ဒုတိယအဆင့် သိုင်းသမားများသာ ဖြစ်ကြသည်။
ချန်းလျန်မှာမူ အသွင်ပြောင်းနယ်ပယ် တတိယအဆင့်တွင် ရှိနေသူဖြစ်သည်။ သူသည် အထွတ်အထိပ်သို့ မရောက်သေးသော်လည်း သူသင်ယူတတ်မြောက်ထားသော လျှပ်တစ်ပြက်ဓားချက်မှာ အလွန်ကြောက်မက်ဖွယ် ကောင်းလှသည်။ ထိပ်သီးဆယ်ယောက်အတွက် အလွန်ရေပန်းစားသော သိုင်းသမားများသာ ချန်းလျန်ကို ဤမျှ မြန်မြန်ဆန်ဆန် ဖယ်ထုတ်နိုင်ပေလိမ့်မည်။
ချန်းလျန်က ဖျော့တော့စွာ ပြုံးပြကာ ပြောလိုက်သည်။ "ငါ ဘယ်လို ဖယ်ထုတ်ခံလိုက်ရလဲဆိုတာ ငါကိုယ်တိုင်တောင် မသိဘူး။ ဒါပေမဲ့ သူ့နာမည်ကိုတော့ ငါသိတယ်။ သူ့နာမည်က လင်းဖုန်းတဲ့။ အနန္တလမ်းစဉ်အကယ်ဒမီက လင်းဖုန်းလေ... နဂါးကျောက်တုံးမြို့မှာ လူသားမျိုးနွယ်ရဲ့ သူရဲကောင်းတံဆိပ်ရခဲ့တဲ့ ပါရမီရှင်သိုင်းသမားပေါ့"
"ဘာ... အစ်ကိုက အဲဒီလင်းဖုန်း လက်ချက်နဲ့ ဖယ်ထုတ်ခံလိုက်ရတာလား"
"ဟုတ်တယ်။ လင်းဖုန်းအကြောင်း ငါတို့လည်း သိပါတယ်။ သူက နဂါးကျောက်တုံးမြို့ကြီးမှာ သူရဲကောင်းတံဆိပ် ရခဲ့တယ်ဆိုပေမဲ့ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ခဲ့တာ လအနည်းငယ်ပဲ ရှိသေးတာလေ။ တစ်နှစ်တောင် မပြည့်သေးဘူး မဟုတ်လား။ သူ ဘယ်လောက်ပဲ ပါရမီရှိပြီး အသွင်ပြောင်းနယ်ပယ် ဒုတိယအဆင့်ကို တက်လှမ်းနိုင်ခဲ့ရင်တောင် အစ်ကို့ကို ယှဉ်နိုင်ဖို့ကတော့ လုံးဝမဖြစ်နိုင်ပါဘူး"
"နှမြောစရာပဲ... လင်းဖုန်းရဲ့ ဆက်တိုက်အနိုင်ရမှုက ထိပ်တန်း ၁၀၀ စာရင်းထဲ မဝင်သေးဘူး။ မဟုတ်ရင် သူ့ရဲ့ တိုက်ပွဲမြင်ကွင်းကို ငါတို့ ကြည့်လို့ရမှာ"
"ဟုတ်တယ်။ ဒီလင်းဖုန်းကို ငါတို့ သေချာစောင့်ကြည့်ရမယ်။ သူက အစ်ကို ချန်းလျန်ကိုတောင် ဖယ်ထုတ်နိုင်ခဲ့တာဆိုတော့ ထင်သလောက် ရိုးရှင်းပုံမရဘူးကွ"
အမှန်တကယ်တော့ ချန်းလျန်ကိုယ်တိုင်လည်း ဝေခွဲမရ ဖြစ်နေသည်။ သို့သော် လင်းဖုန်းသည် အသွင်ပြောင်းနယ်ပယ် ဒုတိယအဆင့် ကျင့်ကြံသူမျှသာ မဟုတ်ဟု သူ ဝေဝေဝါးဝါး ခံစားနေရသည်။ အသွင်ပြောင်းနယ်ပယ် တတိယအဆင့် သိုင်းသမားတစ်ဦး ဖြစ်နေနိုင်သလော။
သို့သော် ပြန်စဉ်းစားကြည့်လျှင် ဤသည်မှာ မဖြစ်နိုင်သကဲ့သို့ ရှိနေသည်။ တစ်နှစ်မပြည့်ခင် အချိန်အတိုလေးအတွင်းတွင် သာမန်ပရော်ဖက်ရှင်နယ်သိုင်းသမားတစ်ယောက်က အသွင်ပြောင်းနယ်ပယ် တတိယအဆင့်ကို ရောက်နိုင်ပါမည်လော။
ကံဆိုးစွာပင် ယခုလက်ရှိအချိန်တွင် လင်းဖုန်း၏ တိုက်ပွဲမြင်ကွင်းများကို ကြည့်ရှု၍မရနိုင်သေးပေ။
အမှန်တကယ်တန်းတွင် ရင်ပြင်တစ်ခုလုံး၌ ဖန်သားပြင် ရာပေါင်းများစွာ ရှိနေသည်။ ပရိုဂျက်တာများကလည်း သိုင်းသမားများ၏ တိုက်ပွဲမြင်ကွင်းများကို အသီးသီး ပြသနေသည်။ သို့သော် ဆက်တိုက်အနိုင်ရမှုအရေအတွက် ထိပ်တန်း ၁၀၀ စာရင်းဝင်သော သိုင်းသမားများ၏ တိုက်ပွဲမြင်ကွင်းများကိုသာ ပြသခြင်း ဖြစ်သည်။ အခြား သိုင်းသမားများအတွက်မူ မည်သည့်ထုတ်လွှင့်ပြသမှုမှ မရှိပေ။
လက်ရှိလင်းဖုန်းတွင် တိုက်ပွဲမြင်ကွင်း ထုတ်လွှင့်ပြသခြင်း မရှိသေးပေ။ လက်ရှိတွင် သူသည် ထိပ်တန်း ၁၀၀ စာရင်းထဲသို့ မဝင်သေးသော်လည်း ချန်းလျန်ကမူ လင်းဖုန်းအပေါ် အလွန်ယုံကြည်မှု ရှိနေသည်။ လင်းဖုန်းသည် သူ့ကိုပင် မျက်စိတစ်မှိတ်အတွင်း ဖယ်ထုတ်နိုင်ခဲ့သဖြင့် ထိပ်တန်း ၁၀၀ စာရင်းထဲသို့ ဝင်ရောက်ရန်မှာ လင်းဖုန်းအတွက် ပြဿနာရှိမည် မဟုတ်ဟု သူ ထင်မြင်မိသည်။
တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲမှာ စတင်ကာစသာ ရှိသေးသော်လည်း လူတိုင်း စိတ်လှုပ်ရှားမှုများဖြင့် တုန်ယင်နေကြပြီ ဖြစ်သည်။
ဤအဆင့်မြင့် ပုံရိပ်ယောင်တိုက်ပွဲဝင်စနစ်မှာလည်း ချီးကျူးစရာပင်။ တိုက်ပွဲနောက်ခံ မြင်ကွင်းတိုင်းမှာ မတူညီကြပေ။ သဲကန္တာရထဲတွင် ဖြစ်နိုင်သလို ကျယ်ပြောလှသော ကြယ်တာရာ စကြဝဠာထဲတွင် သို့မဟုတ် သမုဒ္ဒရာ အနက်ပိုင်းတွင်လည်း ဖြစ်နိုင်သည်။
အတိုချုပ်ပြောရလျှင် ပုံရိပ်ယောင်တိုက်ပွဲဝင်စနစ်သည် လက်တွေ့ဘဝမှ တိုက်ပွဲမြင်ကွင်းအားလုံးကို ပုံတူကူးချနိုင်သည်။
ကြယ်တာရာ စကြဝဠာထဲတွင် သို့မဟုတ် သမုဒ္ဒရာ ကြမ်းပြင်တွင် တိုက်ခိုက်ခြင်းကဲ့သို့ လက်တွေ့တွင် မဖြစ်နိုင်သော မြင်ကွင်းမျိုးကိုပင် ပုံရိပ်ယောင် တိုက်ခိုက်ရေးစနစ်က ဖန်တီးပေးနိုင်သည်။ ထို့ကြောင့် တိုက်ပွဲတိုင်းမှာ ခမ်းနားထည်ဝါပြီး အိပ်မက်ဆန်လှသည်။
ရင်ပြင်တွင် ကိုယ်တိုင်ကြည့်နေသူဖြစ်စေ ရုပ်မြင်သံကြားရှေ့မှ ကြည့်နေသူဖြစ်စေ ကြည့်ရှုနေသူအားလုံး မည်သည့် ရုပ်ရှင်ကို ကြည့်ရသည်ထက်မဆို ပို၍ နှစ်သက်သဘောကျနေကြသည်။
အထူးသဖြင့် ထိုသိုင်းသမားများ၏ အဖျက်စွမ်းအားမှာ အလွန်တရာ အံ့ဩဖွယ်ရာ ကောင်းလှသည်။ ဥပမာအားဖြင့် သိုင်းသမားတစ်ဦး၏ မွေးရာပါစွမ်းရည်သည် ရေကိုထိန်းချုပ်နိုင်ခြင်း ဖြစ်ပေသည်။ သူ၏ ဓားချက်တစ်ချက်ဖြင့် ပင်လယ်ထဲတွင် လှိုင်းလုံးကြီးများ ထကြွလာပြီး မိုးနှင့်မြေကို ဖုံးလွှမ်းသွားကာ မြင့်မြတ်သော နတ်ဘုရားတစ်ပါး တန်ခိုးပြသနေသကဲ့သို့ ရှိသည်။
ဤတိုက်ပွဲမြင်ကွင်းကို ဗီဒီယိုဝဘ်ဆိုဒ်များပေါ်သို့ ချက်ချင်းဆိုသလို တင်လိုက်ကြသည်။ လူပေါင်းများစွာက ထိုမြင်ကွင်းကို ထပ်ခါတလဲလဲ ကြည့်ရှုကြသည်။ ထိုစွမ်းဆောင်ရည်မှာ အလွန်လှပပြီး အံ့ဩမှင်သက်ဖွယ်ရာ ကောင်းလွန်းလှသည်။
ဤသည်မှာ အထူးသဖြင့် သာမန်လူများအတွက် ဖြစ်သည်။ သာမန်လူတို့သည် သူတို့၏ ဘဝတစ်သက်တာတွင် အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦးကို မြင်ဖူးချင်မှ မြင်ဖူးကြမည်ဖြစ်ရာ အသွင်ပြောင်းနယ်ပယ် သိုင်းသမားများ၏ ကြီးကျယ်ခမ်းနားသော တိုက်ပွဲကို မြင်တွေ့ရခြင်းမှာ ပြောစရာပင် မလိုတော့ပေ။
သူတို့သည် သာလွန်လူသား ကျွမ်းကျင်သူများအကြောင်းကိုသာ သိထားကြပြီး သာလွန်လူသားအဆင့် ကျွမ်းကျင်သူများထဲမှ အသွင်ပြောင်းနယ်ပယ် သိုင်းသမားများမှာ ပထမအဆင့်သာ ရှိသေးပြီး အားအနည်းဆုံးသူများ ဖြစ်ကြောင်းကိုမူ မသိကြပေ။
သို့သော် တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲ ပေါ်ပေါက်လာမှုနှင့်အတူ ကျွမ်းကျင်လိမ္မာသော ဝေဖန်သုံးသပ်သူများထံမှ သိုင်းသမားများ၊ အထူးသဖြင့် သာလွန်လူသား ကျွမ်းကျင်သူများအကြောင်း အထွေထွေ ဗဟုသုတများစွာကို သူတို့ လေ့လာသိရှိခဲ့ကြရသည်။
အသွင်ပြောင်းနယ်ပယ် သိုင်းသမားများ၏ လွှမ်းမိုးနိုင်စွမ်းရှိပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကိုလည်း သူတို့ မြင်တွေ့ခဲ့ကြရသည်။ ထိုစွမ်းအားများကို သူတို့၏ နှလုံးသားထဲမှ လှိုက်လှိုက်လှဲလှဲ ရိုသေလေးစားမိကြသည်။ ယခုအချိန်တွင် သွေးပူနေသော လူငယ်အချို့မှာ သိုင်းသမား ဖြစ်လာရန်ပင် ပြင်းပြစွာ ဆန္ဒရှိနေကြပြီ ဖြစ်သည်။
ဤသိုင်းပညာပြိုင်ပွဲ ပြီးဆုံးသွားသည်နှင့် လူသားမျိုးနွယ်တစ်ခုလုံးတွင် သိုင်းပညာအပေါ် စိတ်အားထက်သန်မှု လှိုင်းလုံးကြီးတစ်ခု ထပ်မံ ထကြွလာမည်ကို ကြိုတင်ခန့်မှန်းနိုင်ပေသည်။ ဤသည်မှာလည်း သူတော်စင်ကိုးပါးနှင့် အဖွဲ့အစည်းကြီးငါးခုတို့ မြင်တွေ့လိုသောအရာ အတိအကျပင် ဖြစ်ပေသည်။
"အားလုံးပဲ... ဒီပုံရိပ်ယောင်တိုက်ပွဲဝင်စနစ်ကို ဘယ်လို ထင်ကြသလဲ" အကြီးအကဲခန်းက ပြုံး၍ မေးလိုက်သည်။
"မဆိုးပါဘူး။ လက်တွေ့ကျမှုက ၁၀၀ ရာခိုင်နှုန်းပဲ။ ဉာဏ်ရည်တု အဆင့်အတန်းကလည်း အများကြီး တိုးတက်လာတယ်။ ငါတို့သာ အရင်က ပုံရိပ်ယောင်နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုအတိုင်း တစ်ဆင့်ချင်း သွားမယ်ဆိုရင် နောက်ထပ် နှစ်တစ်ရာကြာရင်တောင် ဒီအဆင့်ထိ ရောက်လာဖို့ မလွယ်ဘူး"
ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က ခေါင်းညိတ်ကာ ဝမ်းနည်းသံ အနည်းငယ်ဖြင့် ပြောလိုက်သည်။
"မှန်ပါတယ်။ အကြီးအကဲခန်းနဲ့ ကျွန်တော် အဲ့ဒီရှေးဟောင်းအပျက်အစီးနယ်မြေကို သိမ်းပိုက်ဖို့ နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရပြီးမှ နောက်ဆုံးမှာ ဒီပုံရိပ်ယောင် တိုက်ခိုက်ရေးစနစ်ကို ရခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ အဲဒီ အပျက်အစီးနယ်မြေတွေက အရမ်းကို အစွမ်းထက်တဲ့ နည်းပညာယဉ်ကျေးမှုတစ်ခုက ကြွင်းကျန်ရစ်ခဲ့တာ ဖြစ်ရမယ်။ အဲဒီမှာရှိတဲ့ တချို့အရာတွေက ငါတို့လို သူတော်စင်တွေကိုတောင် ခြိမ်းခြောက်နိုင်စွမ်း ရှိတယ်။ အဲဒီနည်းပညာယဉ်ကျေးမှုက သူတို့ရဲ့ အထွတ်အထိပ်အခြေနေမှာတုန်းက ဘယ်လောက်တောင် ခမ်းနားခဲ့မလဲဆိုတာ ထင်ရှားပါတယ်။ ဒါပေမဲ့ အဲဒီလောက် အစွမ်းထက်တဲ့ ယဉ်ကျေးမှုတောင် နောက်ဆုံးမှာ ပျက်သုဉ်းသွားခဲ့ရတယ်။ ဘာကြောင့်လဲဆိုတာကိုတော့ ငါ သိချင်မိတယ်" သူတော်စင်ယွမ်ယီ၏ စကားများက လေထုကို ချက်ချင်းပင် လေးလံသွားစေသည်။
အမှန်တကယ်တော့ သူတော်စင်ကိုးပါးသည် ရှေးဟောင်းအပျက်အစီးနယ်မြေများစွာကို တစ်ခုပြီးတစ်ခု တူးဖော်ခဲ့ကြပြီး ဖြစ်သည်။ ထိုရှေးဟောင်း အကြွင်းအကျန်များမှာ ခေတ်တစ်ခုတည်း သို့မဟုတ် ယဉ်ကျေးမှုတစ်ခုတည်းမှ မဟုတ်ဘဲ မတူညီသော ယဉ်ကျေးမှုများမှ ဖြစ်ကြောင်း သူတို့ အတည်ပြုနိုင်ခဲ့ကြသည်။
ရှာဖွေတွေ့ရှိခဲ့သော အပျက်အစီးနယ်မြေများမှာပင် မှင်သက်စရာ ကောင်းလှသည်။ ထိုယဉ်ကျေးမှုများသည် ကြီးကျယ်ခမ်းနားမှုတွင် လက်ရှိလူသားယဉ်ကျေးမှုထက် မနိမ့်ကျကြသော်လည်း နောက်ဆုံးတွင် တစ်ခုပြီးတစ်ခု ပျက်သုဉ်းသွားခဲ့ကြရသည်။
ထိုယဉ်ကျေးမှုများ ပျက်သုဉ်းသွားရခြင်း၏ နောက်ကွယ်မှ အဓိကအကြောင်းရင်းက ဘာဖြစ်လိမ့်မလဲ။
ဤအချက်သည် သူတော်စင်ကိုးပါး၏ နှလုံးသားထဲတွင် အရိပ်တစ်ခုကဲ့သို့ စွဲထင်နေပေသည်။
"ဒီတစ်ခါတော့ ကလေးတွေက ငါတို့ကို စိတ်မပျက်စေဖို့ မျှော်လင့်ပါတယ်။ တကယ်လို့ သူတို့သာ အဲဒီ သင်္ဘောပျက်ထဲကို ချောချောမောမော ဝင်နိုင်ပြီး အတွင်းက လျှို့ဝှက်ချက်တွေကို တူးဖော်နိုင်မယ်ဆိုရင် ငါတို့ အဖြေရနိုင်ကောင်း ရနိုင်ပါလိမ့်မယ်" အကြီးအကဲခန်းက သက်ပြင်းရှည်ကြီး ချလိုက်သည်။
သူတော်စင်အားလုံး ဖန်သားပြင်များကို ပြန်လည် ကြည့်ရှုလိုက်ကြသည်။
လက်ရှိအချိန်တွင် ဖန်သားပြင်ပေါ်ရှိ အမြင့်ဆုံး ဆက်တိုက်အနိုင်ရမှုသည် ဆယ်ကြိမ်အထိ ရောက်ရှိနေပြီ ဖြစ်ပေသည်။ တိုက်ပွဲမှာ အနားယူချိန် မရှိသလောက်ပင် အထွတ်အထိပ်သို့ ရောက်ရှိနေလေပြီ။
ထာဝရသိုင်းတာအိုအရှင်
အခန်း (၁၉၈) - ဆက်တိုက်အနိုင်ရမှု
ဘာသာပြန် - အားသစ်
"ထိပ်ဆုံးမှာရှိတဲ့ ပြိုင်ပွဲဝင်က ဆယ်ပွဲဆက်တိုက် နိုင်သွားပြီလား။ ကြည့်ရတာ ငါ တခြားသိုင်းသမားတွေကို အထင်သေးလို့ မရတော့ဘူးပဲ"
ချန်းလျန်ကို ဖယ်ထုတ်ပြီးပြီးချင်း လင်းဖုန်း လှည့်ကြည့်လိုက်သောအခါ တစ်စုံတစ်ယောက်သည် ဆယ်ပွဲဆက်တိုက် အနိုင်ရရှိသွားပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ လင်းဖုန်းသည် သိုင်းပြိုင်ပွဲတွင် ပထမဆုရယူရန် ဆုံးဖြတ်ထားသဖြင့် ဆက်တိုက်အနိုင်ရမှု အကြိမ်ရေကို သိပ်ဂရုမစိုက်ပေ။ အနိုင်ရမှု အများဆုံးဖြစ်စေ အနည်းဆုံးဖြစ်စေ သူ လူတိုင်းကို အနိုင်ယူရမည်သာ ဖြစ်သည်။
သို့သော် သူ အလွန် နှေးကွေးနေပါက တိုက်ပွဲဝင်စနစ်က ပိုမိုအစွမ်းထက်သော သိုင်းသမားများကို သူ့ထံသို့ ပေးပို့လာနိုင်သည်။ သူ ဘာကိုမှ မကြောက်သော်လည်း ထိုသည်မှာ အတော်လေး ဒုက္ခများပေလိမ့်မည်။
ထို့ကြောင့် လင်းဖုန်းသည် အရှိန်မြှင့်ရန် ပြင်ဆင်လိုက်သည်။
ဝှစ်
လင်းဖုန်း၏ ဒုတိယပွဲစဉ်မှာ သဲကန္တာရတစ်ခုထဲတွင် ဖြစ်သည်။ ကောင်းကင်ယံတွင် နေမင်းကြီးက ပူပြင်းစွာ တောက်ပနေသည်။ လင်းဖုန်းသည် နေရာအနှံ့ သဲဝါများ လွင့်ပျံနေသော သဲကန္တာရထဲတွင် ရပ်နေခဲ့ရာ အတော်လေး ခမ်းနားထည်ဝါသော မြင်ကွင်းတစ်ခုပင် ဖြစ်သည်။
ရွှမ်း
သတိပေးချက် တစ်စုံတစ်ရာမရှိဘဲ လင်းဖုန်း၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားကာ အမွေးများပင် ထောင်သွားသည်။ သူသည် အန္တရာယ်တစ်ခုကို ဝေဝေဝါးဝါး ခံစားလိုက်ရသည်။
ယင်းမှာ အလင်းတန်းတစ်ခု ဖြစ်သည်။ မဟုတ်ပေ... ကြယ်တာရာစွမ်းအားများ ထုတ်လွှတ်နေသော ဓားမြှောင်တစ်လက်၏ အသွားပင်။ ဤကြယ်တာရာစွမ်းအားမှာ ကျယ်ပြန့်နက်ရှိုင်းကာ အရှိန်အဟုန် ပြင်းထန်လှသည်။ အနည်းဆုံး ကြယ်တာရာစွမ်းအားမျှင် ၅၀၀၀ ခန့် ရှိရပေမည်။
ထို့ပြင် ဓားချက်မှာ အလွန်တရာ မြန်ဆန်ကာ ရုတ်တရက်ဆန်လွန်းလှသည်။ သူတို့သည် အချင်းချင်း နှုတ်ဆက်ခြင်း မိတ်ဆက်ခြင်းပင် မရှိကြပေ။ သူတို့ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကျောချမ်းဖွယ် သတ်ဖြတ်လိုသော အငွေ့အသက်များ ချက်ချင်းထွက်ပေါ်လာသည်။
လင်းဖုန်း မျက်ခုံးပင့်လိုက်သည်။ တိုက်ပွဲမစမီ မိမိကိုယ်ကိုယ် မိတ်ဆက်ရန် သို့မဟုတ် အချင်းချင်း နှုတ်ဆက်ရန် မလိုအပ်သော်လည်း ဤသည်မှာ ပြိုင်ပွဲတစ်ခုသာဖြစ်ပြီး သေရေးရှင်ရေး တိုက်ပွဲ မဟုတ်ပေ။ ဤကဲ့သို့ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ရန် လိုအပ်ပါသလော။
"ဟမ့်"
တစ်ဒင်္ဂအတွင်း လင်းဖုန်းထံမှလည်း အေးစက်သော အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်။ သူသည် နေရာမှပင် လှုပ်ရှားခြင်းမရှိဘဲ ချက်ချင်း လက်ညှိုးညွှန်လိုက်သည်။
ဝူး...
ရုတ်တရက် ခမ်းနားလှပသော ကြယ်တာရာပူပေါင်းတစ်ခုက ထိုပုံရိပ်ကို လွှမ်းခြုံသွားသည်။
ကြယ်တာရာပူပေါင်းက တစ်ဖက်လူကို အပြည့်အဝ လွှမ်းခြုံသွားမှသာ ထိုပုံရိပ်မှာ အမျိုးသမီး သိုင်းသမားတစ်ဦးဖြစ်ကြောင်း လင်းဖုန်း သိလိုက်ရသည်။ ထို့ပြင် သူမမှာ အလွန်လှပသော်လည်း ထာဝရရေခဲပြင်ကဲ့သို့ အေးစက်သော အငွေ့အသက်တစ်ခု ရှိနေသည်။
"ဟင်..."
ကြယ်တာရာပူပေါင်းသည် ခမ်းနားထည်ဝါကာ ညှို့ငင်ဖမ်းစားနိုင်လှပေသည်။ ပူပေါင်းက ပြိုင်ဘက်ကို လွှမ်းခြုံသွားသည်နှင့် ထင်ယောင်ထင်မှားအိပ်မက်ထဲမှ ကိုယ်တိုင် ရုန်းထွက်နိုင်သူကို လင်းဖုန်း လုံးဝ မတွေ့ဖူးသလောက်ပင်။ သို့သော် ယခုမူ ဤအမျိုးသမီး သိုင်းသမားမှာ ထိုအိပ်မက်ထဲသို့ ခဏတာမျှ နစ်မြုပ်သွားပြီးနောက် ချက်ချင်း သတိပြန်ဝင်လာခဲ့သည်။
ဤသည်က လင်းဖုန်းကို အနည်းငယ် အံ့ဩသွားစေသည်။
"ပြိုကွဲစေ"
လင်းဖုန်း အနည်းငယ် အံ့ဩသွားသော်လည်း လုံးဝ တွန့်ဆုတ်မနေပေ။ စုစုပေါင်း ကြယ်တာရာစွမ်းအားမျှင် ၄၀၀၀ ပါဝင်သော ကြယ်တာရာ ပူဖောင်းမှာ လျင်မြန်စွာ ပြိုကွဲသွားသည်။
အမျိုးသမီး သိုင်းသမားမှာလည်း လက်ရှိ အခြေအနေကို ချက်ချင်း နားလည်သွားသည်။ သူမ၏ ခန္ဓာကိုယ်ထဲရှိ ကြယ်တာရာစွမ်းအားများအားလုံး ပေါက်ကွဲထွက်ပေါ်လာသည်။
ဘုန်း
လင်းဖုန်းပင်လျှင် ကြယ်တာရာ ပူဖောင်းထဲမှ ပြင်းထန်သော တုန်ခါမှုများကို ခံစားနေရသည်။ ယင်းတို့မှာ ကြယ်တာရာစွမ်းအား၏ လှုပ်ခတ်မှုများပင် ဖြစ်သည်။ ၉၀၀၀ ကျော်သော ကြယ်တာရာစွမ်းအားမျှင်တို့၏ လှုပ်ခတ်မှုမှာ မည်မျှ ကြောက်မက်ဖွယ်ရာ ကောင်းလိုက်သနည်း။
တစ်ဖက်လူမှာ အသွင်ပြောင်းနယ်ပယ် တတိယအဆင့် အထွတ်အထိပ် သိုင်းသမားတစ်ဦး ဖြစ်ရပေမည်။ သူမ၏ ခွန်အားမှာ ယခင်ပြိုင်ဘက် ချန်းလျန်ထက် များစွာ ပိုမိုအစွမ်းထက်လှသည်။ ဤအမျိုးသမီး သိုင်းသမား ပြသခဲ့သော စိတ်ဓာတ်ခွန်အားနှင့် လက်တွေ့ တိုက်ပွဲဝင် နည်းလမ်းများအရ ချန်းလျန်သည်သာ သူမနှင့်ရင်ဆိုင်ရပါက သုံးကွက်ပင် တောင့်ခံနိုင်မည် မဟုတ်ပေ။
လင်းဖုန်း၏ အမူအရာသည်လည်း အနည်းငယ် လေးနက်သွားသည်။ ကြယ်တာရာပူပေါင်း၏ ပြင်းထန်သော တုန်ခါမှုကို သူ ရှင်းရှင်းလင်းလင်း ခံစားနေရသည်။ ကြယ်တာရာစွမ်းအားမျှင် ၄၀၀၀ မှာ အနည်းငယ် မလုံလောက်သေးပေ။
သူသည် နောက်ထပ် ကြယ်တာရာစွမ်းအားမျှင် ၃၀၀၀ ကို ချက်ချင်း ထည့်သွင်းလိုက်သည်။ စုစုပေါင်း ကြယ်တာရာစွမ်းအားမျှင် ၇၀၀၀ ဖြင့် ဖွဲ့စည်းထားသော ကြယ်တာရာပူပေါင်းသည် နောက်ဆုံးတွင် ၎င်း၏ ကြောက်မက်ဖွယ် စွမ်းအားကို ပြသလိုက်တော့သည်။
ကြယ်တာရာပူပေါင်းသည် အသက်တစ်ရှိုက်စာအတွင်း အလျင်အမြန် ပြိုကွဲသွားသည်။ အမျိုးသမီး သိုင်းသမား၏ မျက်လုံးထဲတွင် အံ့ဩမှုနှင့် ဝေခွဲမရဖြစ်မှုတချို့ ရှိနေပုံရသည်။ နောက်ဆုံးတွင် သူမသည် လင်းဖုန်းကို မှတ်မိစေရန် ကြိုးစားနေသကဲ့သို့ စိုက်ကြည့်နေရုံသာ တတ်နိုင်တော့သည်။
ဝူး
ကြယ်တာရာပူပေါင်း ပျောက်ကွယ်သွားပြီး အမျိုးသမီး သိုင်းသမားလည်း ပြိုင်ပွဲမှ ဖယ်ထုတ်ခံလိုက်ရသည်။
ရင်ပြင်ထဲတွင် ချင်ခယ့်ရန် မျက်လုံးအစုံကို ဖွင့်လိုက်သည်။ သူမ၏ လှပသော မျက်လုံးများထဲတွင် အေးစက်စက် အရိပ်အယောင်တစ်ခု ရှိနေသည်။
"ငါ ဖယ်ထုတ်ခံလိုက်ရတာလား"
ချင်ခယ့်ရန်က မယုံနိုင်သေးသည့်အလား တီးတိုးရေရွတ်မိသည်။ သူမ၏ အမည်နာမမှာ အလွန် ယဉ်ကျေးသိမ်မွေ့ပုံရသော်လည်း အမှန်တကယ်တနိးတွင် ချင်ခယ့်ရန်မှာ လုံးဝ နူးညံ့သိမ်မွေ့ခြင်း မရှိပေ။ အမှန်တော့ သူမသည် အလွန်တရာ ကြမ်းတမ်းရက်စက်သူ ဖြစ်သည်။
သူမ ငယ်စဉ်ကတည်းက လေ့ကျင့်ခဲ့သော ပညာရပ်မှာ လုပ်ကြံသတ်ဖြတ်ခြင်း ဖြစ်သည်။ သူမသည် အေးစက်မှောင်မိုက်ပြီး ခိုကိုးရာမဲ့သော ဘဝတစ်ခုကို ဖြတ်သန်းခဲ့ဖူးသည်။ နောက်ဆုံးတွင် ထိုမှောင်မိုက်သော ဘဝမှ ရုန်းထွက်လွတ်မြောက်ရန် အလွတ်တန်းကျင့်ကြံသူများသမဂ္ဂသို့ ဝင်ရောက်ခဲ့ရသည်။
ချင်ခယ့်ရန်သည် အလွန်တရာ အစွမ်းထက်သူဖြစ်သည်။ အထူးသဖြင့် အလွတ်တန်းကျင့်ကြံသူများသမဂ္ဂသို့ ဝင်ရောက်ပြီးနောက်တွင် ပို၍ပင် အစွမ်းထက်လာခဲ့သည်။ သူမသည်လည်း ဤတစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲတွင် ထိပ်တန်း ၁၀၀ စာရင်းဝင်လိုသည်။ လင်းဖုန်းနှင့် မတွေ့ဆုံမီက သူမသည် သုံးပွဲဆက်တိုက် အနိုင်ရထားပြီး ဖြစ်သည်။
ထင်မှတ်မထားဘဲ သူမသည် စတုတ္ထအချီတွင်ပင် ဖယ်ထုတ်ခံလိုက်ရသည်။
"အဲဒီပူပေါင်းက ဟင်းလင်းပြင်ပူပေါင်းများ ဖြစ်နေမလား"
ချင်ခယ့်ရန်မှာ ဗဟုသုတ ကြွယ်ဝသူဖြစ်ရာ လင်းဖုန်း အသုံးပြုခဲ့သော ကြယ်တာရာသိုင်းပညာကို ခပ်ဝါးဝါး ပြန်လည်မှတ်မိနေသည်။
သို့သော် သာမန်ဟင်းလင်းပြင်ပူဖောင်းတစ်ခုက မည်သို့ ဤမျှထိ အစွမ်းထက်နိုင်မည်နည်း။
ချင်ခယ့်ရန် မသိပေ။ အမှန်တကယ်တော့ လင်းဖုန်းကိုယ်တိုင်ပင် သိချင်မှ သိပေလိမ့်မည်။ မူလကတည်းက ဟင်းလင်းပြင်ပူပေါင်းနည်းစနစ်ကို ကျွမ်းကျင်နိုင်သော သိုင်းသမားမှာ အလွန်ပင် နည်းပါးလှပြီး ကျွမ်းကျင်ရန်အတွက်မူ အလွန်တရာ ခက်ခဲလှပေသည်။
သူတို့ ကျွမ်းကျင်ခဲ့လျှင်ပင် ထိုနည်းစနစ်၏ စွမ်းအားမှာ ကောင်းမွန်သော်လည်း အသွင်ပြောင်းနယ်ပယ် တတိယအဆင့် သိုင်းသမားတစ်ဦးကို မျက်စိတစ်မှိတ်အတွင်း သတ်ဖြတ်နိုင်ရန် လုံးဝမဖြစ်နိုင်ပေ။ ခုနက တိုက်ပွဲတွင် ချင်ခယ့်ရန် လုံးဝ အပြတ်အသတ် ရှုံးနိမ့်သွားခဲ့ရပြီး ပြန်လည်ခုခံတိုက်ခိုက်ရန်ပင် မစွမ်းခဲ့ပေ။ ဤသည်မှာ ပုံမှန် မဟုတ်ပေ။
ချင်ခယ့်ရန်သည် သူမကို ဖယ်ထုတ်ခဲ့သော သိုင်းသမားမှာ မည်သူမှန်း မသိပေ။ ထို့ကြောင့် သူမသည် ဖန်သားပြင်ကိုသာ စိုက်ကြည့်နေခဲ့သည်။ တစ်ဖက်လူသည် သူမကို အလွယ်တကူ ဖယ်ထုတ်နိုင်ခဲ့သဖြင့် သူ ထိပ်တန်း ၁၀၀ စာရင်းတွင် သေချာပေါက် ပါဝင်မည်ဟု သူမ ယုံကြည်သည်။
သူမကို ဖယ်ထုတ်ခဲ့သူမှာ မည်သူဖြစ်ကြောင်း သူမ သေသေချာချာ ကြည့်ရှုလိုသည်။
...
ပုံရိပ်ယောင်တိုက်ပွဲဝင်စနစ်ထဲတွင် လင်းဖုန်း မျက်မှောင်ကြုတ်နေသည်။ သူသည် နှစ်ပွဲဆက်တိုက် နိုင်ထားပြီးဖြစ်သော်လည်း ပြိုင်ဘက်တိုင်းမှာ ယခင်လူထက် ပိုမို အစွမ်းထက်နေသည်ဟု အဘယ်ကြောင့် ခံစားနေရသနည်း။
စနစ်၏ ကျပန်းခွဲဝေမှုက သူ့ကို ခြေသုတ်ပုဆိုးကဲ့သို့ သဘောထားကာ ပိုမို အစွမ်းထက်သော သိုင်းသမားအချို့ကို သီးသန့် ပေးပို့နေခြင်းမှာ ထင်ရှားလှသည်။
လင်းဖုန်း ခေါင်းခါလိုက်သည်။ တတိယအချီ ရောက်လာသောအခါ ပတ်ဝန်းကျင်မှာ ထပ်မံ ပြောင်းလဲသွားပြန်သည်။ ဤတစ်ကြိမ်တွင် မြင့်မားသော အဆောက်အအုံများဖြင့် ဝန်းရံထားသော ခေတ်သစ် လမ်းမများထဲတွင် ဖြစ်သည်။
သူ၏ တတိယအချီ ပြိုင်ဘက် ပေါ်လာပြီ ဖြစ်သည်။ ထိုသူသည် အသွင်ပြောင်းနယ်ပယ် ဒုတိယအဆင့် သိုင်းသမားတစ်ဦး ဖြစ်သည်။ လင်းဖုန်းကို မြင်သောအခါ သူ အလွန်စိတ်လှုပ်ရှားနေပုံ ရသည်။
"ဟင်းလင်းပြင်ပူပေါင်း"
လင်းဖုန်း ခေါင်းခါကာ လက်ကို ဝှေ့ယမ်းလိုက်သည်။ ဟင်းလင်းပြင်ပူပေါင်းက သူ၏ ပြိုင်ဘက်ကို ရစ်ပတ်သွားပြီး ချက်ချင်း ပြိုကွဲသွားသည်။ ထိုသိုင်းသမားမှာ ရုန်းကန်ခုခံရန် အနည်းငယ်မျှပင် မစွမ်းနိုင်ဘဲ တိုက်ရိုက် ဖယ်ထုတ်ခံလိုက်ရသည်။
"သူတို့က ပိုအားနည်းသွားတာလား။ ငါ အစွမ်းထက်တဲ့ သိုင်းသမား နှစ်ယောက်ကို ဆက်တိုက် အနိုင်ယူပြီးတဲ့နောက် စနစ်က ငါ့ကို ပိုအစွမ်းထက်တယ်လို့ သတ်မှတ်လိုက်ပြီး အဓိကပြိုင်ပွဲဝင်တစ်ယောက်လို အခွင့်အရေး ပေးလိုက်တာများလား"
စနစ်က ပြိုင်ပွဲဝင်များကို ကျပန်း ခွဲဝေပေးမည် မဟုတ်ကြောင်း လင်းဖုန်း ကောင်းကောင်း သိသည်။ ပုံမှန်အားဖြင့် အဓိကပြိုင်ပွဲဝင်များ ရှိပေလိမ့်မည်။
အဓိကပြိုင်ပွဲဝင်က ပိုမို အစွမ်းထက်လေ ပုံမှန်အားဖြင့် ပိုမို အားနည်းသော ပြိုင်ဘက်နှင့် တွေ့ဆုံရလေ ဖြစ်သည်။ လင်းဖုန်းသည် အစွမ်းထက်သော သိုင်းသမားများကို နှစ်ပွဲဆက်တိုက် အနိုင်ယူပြီး အဓိကပြိုင်ပွဲဝင်အဖြစ် သူ့အဆင့်အတန်းကို တည်ဆောက်နိုင်ခဲ့သည်။
ထို့ကြောင့် တတိယအချီမှ သိုင်းသမားမှာ နှိုင်းယှဉ်ကြည့်လျှင် အတော်လေး အားနည်းနေခြင်း ဖြစ်သည်။
သေချာသည်မှာ ဤသည်က လင်းဖုန်း၏ ယူဆချက်သက်သက်သာ ဖြစ်သည်။ သူ၏ ယူဆချက်ကို စတုတ္ထ၊ ပဉ္စမ၊ ဆဋ္ဌမ အချီနှင့် အခြားပွဲစဉ်များတွင် ထပ်မံ အတည်ပြုနိုင်ခဲ့ပေသည်။
လင်းဖုန်းသည် အသွင်ပြောင်းနယ်ပယ် သိုင်းသမားများ၏ နည်းလမ်းများအကြောင်းကိုလည်း ပိုမို ရှင်းလင်းထင်ရှားသော အသိပညာမျိုးစုံ ရရှိခဲ့သည်။ အသွင်ပြောင်းနယ်ပယ် တတိယအဆင့် အထွတ်အထိပ် သိုင်းသမားများ၏ ခွန်အားကိုလည်း သူ တိုက်ရိုက် နားလည်လာသည်။
တစ်နည်းအားဖြင့် သူသည် ထပ်မံ၍ လေ့လာစောင့်ကြည့်ရန် စိတ်ဝင်စားမှု ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် နောက်ပိုင်း တိုက်ပွဲတချို့တွင် လင်းဖုန်းသည် သူတို့အားလုံးနီးပါးကို စက္ကန့်ပိုင်းအတွင်း အနိုင်ယူခဲ့ပြီး ပြိုင်ပွဲတစ်လျှောက်လုံး တိုက်ကွက်တစ်ကွက်တည်းဖြင့် အသက်တစ်ရှိုက်စာအတွင်း အနိုင်ယူလာခဲ့သည်။
သတ္တမအချီ၊ အဋ္ဌမအချီ၊ နဝမအချီ၊ ဒသမအချီ...
ပြိုင်ဘက်နှင့် ရင်ဆိုင်ရတိုင်း လင်းဖုန်းသည် ဆယ်စက္ကန့်ထက် ပို၍ မတိုက်ခိုက်ခဲ့ပေ။ ထို့ပြင် လင်းဖုန်းသည် ဟင်းလင်းပြင်ပူပေါင်းကို အသုံးပြုရာတွင် ပိုမို ကျွမ်းကျင်လာသည်။ အတိတ်က လေ့ကျင့်ခြင်းသက်သက်မှာ လက်တွေ့ တိုက်ပွဲနှင့် များစွာ ကွာခြားမှု ရှိနေသေးသည်။
စင်စစ်တွင် လင်းဖုန်းသည် ဟင်းလင်းပြင်ပူပေါင်းနည်းစနစ်ကို ကိုယ့်ခြေကိုယ့်လက်ကဲ့သို့ အလွယ်တကူ ထိန်းချုပ်နိုင်စွမ်း ရှိလာသည်။ ကြယ်တာရာပူပေါင်း မပြိုကွဲသေးသရွေ့ သူသည် မည်သည့်အချိန်တွင်မဆို ကြယ်တာရာစွမ်းအားများကို ကြယ်တာရာပူပေါင်းထဲသို့ စိတ်ရှိသလို ထည့်သွင်းနိုင်လာသည်။
ဤကဲ့သို့ မမျှော်လင့်ထားသော အံ့ဩဖွယ်ရာကို လင်းဖုန်း ကြိုမတွေးထားခဲ့မိပေ။ ထို့ကြောင့် တိုက်ပွဲတွင် ဟင်းလင်းပြင်ပူပေါင်းကိုသာ ကြိမ်ဖန်များစွာ အသုံးပြုလာခဲ့သည်။
လင်းဖုန်း၏ ဆက်တိုက်အနိုင်ရမှု အကြိမ်ရေ ဆက်လက် တိုးလာသည်နှင့်အမျှ သူ၏ အဆင့်မှာလည်း တည်ငြိမ်စွာ မြင့်တက်လာသည်။
ဆက်တိုက်အနိုင်ရမှု အကြိမ် ၂၀၊ ၃၀၊ ၄၀...
နောက်ဆုံးတွင် လင်းဖုန်း၏ အမည်နာမသည် လူတိုင်းရှေ့တွင် ပထမဆုံးအကြိမ်အဖြစ် ပေါ်လာသည်။ သူသည် လောလောဆယ် အဆင့် ၉၈ တွင် ရှိနေပေသည်။