အခန်း (၁၉၉-၂၀၀)
Vol. 17 Ch. 199-200
ထာဝရသိုင်းတာအိုအရှင်
အခန်း (၁၉၉) - အဆင့်သတ်မှတ်ချက်မြင့်တက်လာခြင်း
ဘာသာပြန် - အားသစ်
"ကြည့်စမ်း... စီနီယာလီရှန်း ထိပ်တန်း ၁၀၀ ထဲ ဝင်သွားပြီ။ သူက အဆင့် ၉၈ မှာပဲ"
"စီနီယာလီရှန်းက ငါတို့ ဝင်ရိုးစွန်းအကယ်ဒမီရဲ့ ပါရမီရှင် သိုင်းသမားပီသပါပေတယ်။ ထိပ်တန်း ၁၀၀ ထဲကို ဒီလောက်မြန်မြန် ဝင်နိုင်ခဲ့တာပဲ။ ဒါ့အပြင် စီနီယာလီရှန်းရဲ့ ခွန်အားနဲ့ဆိုရင် ဒီထက်တောင် ပိုမြင့်တဲ့အဆင့်ကို သေချာပေါက် ရောက်နိုင်ဦးမှာ"
"စီနီယာလီရှန်းရဲ့ တိုက်ပွဲမြင်ကွင်းတွေက တကယ့်ကို မိုက်တာပဲ။ ပြိုင်ဘက်တွေကို လက်သီးတစ်ချက်တည်းနဲ့ အပြတ်ရှင်းပစ်တာ။ သူက တကယ်ကို အစွမ်းထက်တယ်"
ဝင်ရိုးစွန်းအကယ်ဒမီမှ လီရှန်းသည်လည်း ထိပ်တန်း ၁၀၀ စာရင်းဝင်သွားရာ ဝင်ရိုးစွန်းအကယ်ဒမီ တစ်ခုလုံး ချက်ချင်းပင် သက်ဝင်တက်ကြွသွားသည်။
လီဟန်သည်လည်း မပြုံးဘဲ မနေနိုင်တော့ပေ။ သူသည် ဘေးရှိ ချူချန်းကို တစ်ချက်ကြည့်လိုက်ပြီး ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
"ချူချန်း... ငါ့အစ်ကိုကြီး ထိပ်တန်း ၁၀၀ ထဲ ဝင်လာဖို့က အချိန်တစ်ခုပဲလိုတာလေ။ သူ့ရဲ့ သိုင်းပညာတွေက မြန်ဆန်ပြီး ပေါက်ကွဲထွက်တတ်တဲ့ အမျိုးအစား မဟုတ်ပေမဲ့ အတည်ငြိမ်ဆုံးပဲ။ ငါ့အစ်ကိုကြီးက သေချာပေါက် တည်တည်ငြိမ်ငြိမ်နဲ့ ရှေ့ဆက်တက်လှမ်းနိုင်မယ်လို့ ငါ ယုံကြည်တယ်။ နောက်ဆုံးမှာ သူ ထိပ်တန်း ၁၀ ယောက်စာရင်း မဝင်နိုင်ရင်တောင် ထိပ်တန်း ၅၀ ထဲမှာတော့ သေချာပေါက် ပါမှာပဲ"
လီဟန်သည် အမှန်တကယ်ပင် အလွန် ဂုဏ်ယူနေပေသည်။ ထိုသူမှာ သူ၏လေးစားအားထားသော အစ်ကိုကြီး၊ သူတို့ မိသားစု၏ ဂုဏ်ယူစရာပင်။ ဤသည်မှာ ကမ္ဘာပေါ်ရှိ အသန်မာဆုံး အသွင်ပြောင်းနယ်ပယ် သိုင်းသမားများ စုဝေးရာ တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲ ဖြစ်သည်။ ထိပ်တန်း ၁၀၀ စာရင်းဝင်ခြင်းကပင် မယုံနိုင်စရာ အောင်မြင်မှုတစ်ခု ဖြစ်နေပြီ မဟုတ်ပါလား။
ချူချန်းကလည်း ခေါင်းညိတ်ကာ ပြောလိုက်သည်။
"ဂုဏ်ယူပါတယ် စီနီယာလီရှန်း"
ချူချန်း၏ ဘေးရှိ အဖော်ကလည်း ပြုံးလျက် ပြောလိုက်သည်။
"စီနီယာလီရှန်းက အဲဒီလောက်တောင် ထူးချွန်တာဆိုတော့ စီနီယာလီဟန်လည်း နောင်ကျရင် သေချာပေါက် အောင်မြင်မှာပဲ"
"ငါလည်း မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ဖို့ ပြင်ဆင်နေပါပြီ။ အလွန်ဆုံး ကြာရင် တစ်နှစ်၊ ဒါမှမဟုတ် သုံးလကနေ ငါးလအတွင်း ရလဒ်ကို မြင်ရမှာပါ"
လီဟန်သည် စိတ်လှုပ်ရှားစွာဖြင့် ပြုံးကာ ပြောလိုက်သည်။
"ဘာ... စီနီယာ လီဟန်လည်း မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်တော့မလို့လား။ ဂုဏ်ယူပါတယ် စီနီယာ။ ချန်းချန်း... စီနီယာလီဟန်က သေချာပေါက် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်မှာ မဟုတ်လား"
သို့သော် ချူချန်းမှာ အာရုံလွင့်နေခဲ့သည်။ သူမသည် တစ်စုံတစ်ရာကို ရှာဖွေနေသကဲ့သို့ ဖန်သားပြင်ကို စူးစိုက်ကြည့်နေသော်လည်း ထိုရင်းနှီးသော အမည်ကို ရှာမတွေ့သေးပေ။ သူမ စိုးရိမ်နေသော ထိုပုံရိပ်ကိုဆိုလျှင် ပြောနေစရာပင် မလိုတော့ပေ။
သူမ၏ အဖော်မေးလိုက်သည်ကို ကြားသောအခါ သူမ ခေါင်းညိတ်ကာ ပြောလိုက်သည်။
"ဒါဆိုရင် စီနီယာလီဟန် အမြန်ဆုံး မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်"
မူလက လီဟန်သည် မိမိကိုယ်ကိုယ် အလွန် ကျေနပ်နေခဲ့သည်။ သူသည် ဤမျှ ငယ်ရွယ်သော အသက်အရွယ်ဖြင့် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်တော့မည်ဖြစ်ရာ ပါရမီရှင်များဖြင့်ပြည့်နှက်နေသော ဝင်ရိုးစွန်းအကယ်ဒမီ တစ်ခုလုံးတွင်ပင် အတော်လေး ထူးချွန်သူဟု ဆိုနိုင်သည်။ သို့သော် ချူချန်း၏ စိတ်လွင့်နေမှုနှင့် ဝတ်ကျေတမ်းကျေ ဆုတောင်းပေးမှုကို မြင်လိုက်ရချိန်တွင် သူ အနည်းငယ် အနေရခက်သွားသည်။
ချူချန်း ဘာကို ရှာနေသလဲဆိုတာ သူ သိသည်။ သေချာပေါက် သူမက လင်းဖုန်း၏ အမည်ကို ရှာဖွေနေခြင်းပင်။
"ဟမ့်... လင်းဖုန်းက မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ထားတာ လအနည်းငယ်လောက်ပဲ ရှိသေးတာ။ သူက ပထမအချီမှာတင် ပြိုင်ပွဲကနေ ဖယ်ထုတ်ခံလိုက်ရလောက်ပြီ။ သူက ဘယ်လိုလုပ် ထိပ်တန်း ၁၀၀ ထဲ ပါနိုင်မှာလဲ"
လီဟန် အနည်းငယ် မကျေမနပ် ဖြစ်သွားသော်လည်း ထုတ်မပြခဲ့ပေ။ သူသည် ချူချန်းကို သဘောကျသဖြင့် သူမ၏ အတိတ်ကို သဘာဝကျကျ သည်းခံရမည်သာ။ သူမအတွက် မည်သူက ပို၍ သင့်တော်ကြောင်းကို သူ၏ ထူးချွန်မှုဖြင့် ချူချန်းအား သက်သေပြမည် ဖြစ်သည်။
လီဟန်သည် ပိုမိုကြိုးစားရန် တိတ်တဆိတ် ဆုံးဖြတ်လိုက်ချိန်မှာပင် ချူချန်း၏ မျက်လုံးများ ရုတ်တရက် လင်းလက်သွားပြီး ဖန်သားပြင်ကို စိုက်ကြည့်နေခဲ့သည်။ ချူချန်း၏ ဘေးရှိ အဖော်မှာလည်း အံ့ဩတုန်လှုပ်မှုကြောင့် မျက်နှာ ဖြူရော်သွားခဲ့သည်။
"ဒုက္ခပါပဲ။ စီနီယာလီရှန်း ကျော်တက်ခံလိုက်ရပြီ။ သူက လောလောဆယ် အဆင့် ၉၉ ကို ရောက်သွားပြီ။ သိုင်းသမား အသစ်တစ်ယောက်ရဲ့ နာမည် ပေါ်လာတယ်"
"ဘာ"
လီဟန် မျက်လုံးအပြူးသားဖြင့် ဖန်သားပြင်ကို စူးစိုက်ကြည့်လိုက်သည်။ ယခုလက်ရှိအချိန်တွင် ဧရာမ ဖန်သားပြင်ပေါ်ရှိ အဆင့် ၉၈ နေရာ၌ အမည်တစ်ခု ရှိနေသည်။ လင်းဖုန်း...
လီဟန်သည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူ လုံးဝ အံ့ဩမှင်သက်သွားသည်။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ လင်းဖုန်းက မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ခဲ့တာ လအနည်းငယ်လောက်ပဲ ရှိသေးတာ။ တစ်နှစ်တောင် မပြည့်သေးဘူး မဟုတ်လား။ တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲမှာ သူက ပရိသတ်တစ်ယောက်ပဲ ဖြစ်နိုင်တာလေ။ သူက အမြင်ကျယ်အောင် လာတာဖြစ်ပြီးတော့ အလွန်ဆုံး အမြောက်စာပဲ ဖြစ်နိုင်မှာမဟုတ်ဘူးလား။သူက ဘယ်လိုလုပ် ရုတ်တရက်ကြီး ထိပ်တန်း ၁၀၀ ထဲ ရောက်လာရတာလဲ။
ထို့ပြင် လီဟန်အတွက် နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေသော သူ့အစ်ကိုကြီး လီရှန်းကိုပင် ကျော်တက်သွားခဲ့သေးသည်။ ဤသည်မှာ မည်သို့ ဖြစ်နိုင်မည်နည်း။ လင်းဖုန်းက သူ့အစ်ကိုကြီးထက် ဘယ်လိုလုပ် ပိုအစွမ်းထက်နိုင်မှာလဲ။
ယခုအချိန်တွင် လီဟန်သည် လုံးဝသတိမကပ်နိုင်ဘဲ အံ့ဩမှင်သက်မှုများဖြင့် ပြည့်နှက်နေသည်။ သူ အခုလေးတင် တည်ဆောက်ထားခဲ့သော ယုံကြည်မှုများအားလုံး ချက်ချင်း ပြိုလဲသွားသည်။ သူ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်လျှင်ပင် အဘယ်သို့ အသုံးဝင်မည်နည်း။ သူက သူ့အစ်ကိုကြီးနှင့် ယှဉ်နိုင်ပါမည်လော။ သူက သူ့အစ်ကိုကြီးနှင့်ပင် ယှဉ်နိုင်စွမ်းမရှိပါလျက် သူ့အစ်ကိုကြီးထက် အစွမ်းထက်သည့် လင်းဖုန်းနှင့် ဘယ်ပုံဘယ်နည်းဖြင့် ယှဉ်နိုင်ပါဦးမည်နည်း။
"မဟုတ်ဘူး၊ မဟုတ်ဘူး၊ လင်းဖုန်းက အစ်ကိုကြီးထက် ပိုအစွမ်းထက်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ အစ်ကိုကြီးက ခဏလေး ပေါ့ဆသွားလို့ နေမှာပါ။ သူ သေချာပေါက် လင်းဖုန်းကို ပြန်ကျော်တက်နိုင်မှာပဲ"
လီဟန်၏ ခန္ဓာကိုယ်တစ်ခုလုံး အနည်းငယ် တုန်ယင်နေသည်။ သူတည်ငြိမ်အောင် မနည်းထိန်းထားရသည်။
အခြားတစ်ဖက်တွင်မူ ချူချန်းသည် လင်းဖုန်း၏ အမည်ကို မြင်လိုက်ရချိန်တွင် အလွန် အံ့ဩဝမ်းသာသွားသည်။ သူမသည် လင်းဖုန်း၏ တိုက်ပွဲမြင်ကွင်းကိုပင် ချက်ချင်း ရှာတွေ့သွားသည်။
ထိပ်တန်းပြိုင်ပွဲဝင် ၁၀၀ စလုံးတွင် တိုက်ပွဲမြင်ကွင်းများ ရှိကြသည်။ ချူချန်းသည် ဖန်သားပြင်ပေါ်ရှိ လင်းဖုန်းကို ကြည့်လိုက်သည်။ လက်ရှိလင်းဖုန်းသည် ဗဟိုပင်လယ်တွင် ရှိစဉ်ကနှင့် လုံးလုံးလျားလျား မတူတော့သကဲ့သို့ ရှိနေသည်။ သူ့မျက်နှာမှာ ယခင်ကကဲ့သို့ ဖြူဖတ်ဖြူရော် ဖြစ်မနေတော့ဘဲ သူ့အကြည့်များမှာလည်း ပို၍ နက်ရှိုင်းလာသည်။
သို့သော် ချူချန်းသည် သူ့ထံမှ အလွန်ရင်းနှီးသော ခံစားချက်တစ်ခုကို ရရှိနေသည်။ ဖန်သားပြင်ပေါ်ရှိ လင်းဖုန်းက သူမစိတ်ထဲရှိ မှတ်ဉာဏ်များကို တဖြည်းဖြည်း ပြန်လည်နိုးထလာစေသည်။ ပုံရိပ်နှစ်ခုမှာ တဖြည်းဖြည်း ထပ်တူကျလာပြီး နောက်ဆုံးတွင် တစ်ခုတည်းအဖြစ် လုံးဝ ပေါင်းစပ်သွားသည့်အလားပင်။
ဖန်သားပြင်ပေါ်ရှိ ထိပ်တန်း ၁၀၀ အဆင့်သတ်မှတ်ချက်များမှာ အဆက်မပြတ် ပြောင်းလဲနေပြီး အထူးသဖြင့် အဆင့် ၈၀ နောက်ပိုင်း နေရာများတွင် ဖြစ်သည်။ ခုလေးတင် ထိပ်တန်း ၁၀၀ ထဲသို့ အနိုင်နိုင် ဝင်ရောက်လာသူတချို့မှာ ချက်ချင်းပင် ပြန်လည် ဖယ်ထုတ်ခံလိုက်ရသည်။
သို့သော် လင်းဖုန်း၏ ပေါ်ထွက်လာမှုက အာရုံစိုက်မှု အချို့ကို ရရှိနေဆဲပင်။ ထိုသည်မှာ လင်းဖုန်းသည် အဆင့် ၉၈ တွင် ရှိနေသောကြောင့် မဟုတ်ဘဲ သူ၏ တည်ငြိမ်မှုကြောင့်ပင်။
မှန်ပေသည်၊ တည်ငြိမ်မှုပင်။ လင်းဖုန်းသည် ပွဲလေးဆယ် ဆက်တိုက်အနိုင်ရရှိပြီးနောက် မည်သည့်ပြိုင်ဘက်နှင့် ရင်ဆိုင်ရပါစေ တစ်ကွက်တည်းဖြင့် အနိုင်ယူခဲ့သည်။ တိုက်ပွဲမှာ ငါးစက္ကန့်ထက် ပို၍ ကြာလေ့မရှိပေ။
သူ၏ ဆက်တိုက်အနိုင်ရရှိမှုမှာလည်း တတိတိနှင့် လျင်မြန်စွာ တိုးတက်လာသည်။
၄၁ ပွဲ၊ ၄၂ ပွဲ၊ ၄၃ ပွဲ၊ ၄၅ ပွဲ...
မျက်စိတစ်မှိတ်အတွင်းမှာပင် လင်းဖုန်း၏ ဆက်တိုက်အနိုင်ရမှုမှာ အကြိမ် ၅၀ အထိ တည်တည်ငြိမ်ငြိမ် တက်လှမ်းသွားသည်။ သူ၏ အဆင့်သတ်မှတ်ချက်မှာလည်း အဆင့် ၉၈ မှ ၈၈ သို့ နေရာ ၁၀ ခုတိတိ တက်လာသည်။
ဤ ၁၀ နေရာမျှသာ တိုးတက်လာခြင်းကို အထင်သေး၍ မရပေ။ လင်းဖုန်းသည် သူ့အဆင့်ကို အခက်အခဲမရှိသည့်အလား တည်ငြိမ်စွာ မြှင့်တင်နိုင်ခဲ့သည်။ ဤသည်မှာ အလွန် ရှားပါးလှသည်။ အဆင့် အလွန်မြင့်နေသော ထိုသိုင်းသမားများမှာ အခြေခံအားဖြင့် အစောကြီးကတည်းက ရှေ့ရောက်နေကြပြီး အားသာချက်များအားလုံးကို ရရှိထားကြသည်။ အခြားသိုင်းသမားများအတွက် သူတို့ကို အမီလိုက်ရန် သို့မဟုတ် ကျော်တက်ရန်မှာ အလွန် ခက်ခဲလွန်းလှသည်။
လင်းဖုန်း တစ်ယောက်တည်းသာ သူ၏ အဆင့်ကို တည်ငြိမ်စွာ မြှင့်တင်နေနိုင်ခဲ့ခြင်း ဖြစ်သည်။
"ဒီကောင်လေးက တကယ်ကို အံ့ဩစရာတွေနဲ့ ပြည့်နေတာပဲ"
နတ်ဘုရားနယ်ပယ် သိုင်းသမားများကြားတွင် ဟောက်ရှီရီသည် သူ့မျက်လုံးများကို မှေးစင်းကြည့်လိုက်သော်လည်း သူ့နှုတ်ခမ်းထက်ရှိ အပြုံးကိုမူ ဖုံးကွယ်၍ မရနိုင်ခဲ့ပေ။ သူသည် ဘေးရှိ ရှလောင်ကွေ့ကိုပင် ဂုဏ်ယူဝင့်ကြွားစွာဖြင့် တစ်ချက်ကြည့်လိုက်သေးသည်။
ရှလောင်ကွေ့က နှုတ်ခမ်းမဲ့ကာ ပြောလိုက်သည်။
"ဟောက်ရှီရီ... မင်း ဘာလို့ အဲဒီလောက် ဂုဏ်ယူနေရတာလဲ။ လင်းဖုန်းလေးက မင်းရဲ့ တပည့်မှ မဟုတ်တာ"
"ဟားဟား... ရှလောင်ကွေ့ မင်း ကြိုက်သလောက်သာ မနာလိုဖြစ်နေလိုက်။ လင်းဖုန်းက ငါ့တပည့် မဟုတ်ပေမဲ့ ငါ သူ့အသက်ကို ကယ်ခဲ့ဖူးတယ်ကွ။ အဲဒီတုန်းက မိန်းမလျာ ကျန်းဇီဖုန်းက လင်းဖုန်းကို သတ်မလို့ လုပ်ခဲ့တာ။ အခု ပြန်တွေးကြည့်တော့ အဲဒီချိန်တုန်းက ငါ သိပ်အားမရလိုက်ဘူး။ ငါ သူ့ကို ထပ်ပြီး ရိုက်နှက်ခဲ့သင့်တာကွာ"
"အဲဒါတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က တကယ့်ကို အမြင်ကျယ်တာပဲ။ သူက အစကတည်းက ဒီလင်းဖုန်းကို အာရုံစိုက်နေခဲ့တာ။ လင်းဖုန်းကို ကယ်ဖို့ မင်းကို ကိုယ်တိုင် ကျောက်တုံးမြို့ကို သွားခိုင်းခဲ့တာလည်း သူတော်စင်သခင်ပဲ မဟုတ်လား"
ရှလောင်ကွေ့သည် ထိုကိစ္စအကြောင်း အတော်လေး သိထားပုံ ရသည်။
"ဒါပေါ့... ငါတို့ရဲ့ အမြင်က သူတော်စင်သခင်နဲ့ ဘယ်လိုလုပ် ယှဉ်လို့ရမလဲ။ ဒီကောင်လေးက ဟင်းလင်းပြင်ပူပေါင်းကို လေ့ကျင့်ထားရုံတင် မကဘူး။ သူ့ရဲ့ စိတ်ဓာတ်ခွန်အားကလည်း ထူးထူးခြားခြား ခိုင်မာနေပုံရတယ်။ ဟင်းလင်းပြင်ပူပေါင်းရဲ့ စွမ်းအားကို အထွတ်အထိပ်ရောက်အောင် မြှင့်တင်ဖို့ သူ ဘယ်လိုနည်းလမ်း သုံးခဲ့လဲဆိုတာ ငါ တကယ် သိချင်မိတယ်။ ကျစ်... သူက တကယ့်ကို ပြိုင်ဘက်ကင်းပြီး တားဆီးလို့ မရတဲ့သူပဲ"
ရှလောင်ကွေ့သည် အဝေးရှိ ယူမိုကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းခါကာ ပြောလိုက်သည်။
"သူက တကယ်ကို ထူးခြားတာပဲ။ အသွင်ပြောင်းနယ်ပယ် တတိယအဆင့်ပဲ ရှိသေးပေမဲ့ ကြယ်တာရာ သိုင်းပညာရပ်ရဲ့ စွမ်းအားကို မြှင့်တင်နိုင်နေပြီ။ အဲဒီကောင်လေးမှာ တကယ်ကို အတွေးအခေါ်ကောင်းတွေ ရှိတာပဲ။ ယူမိုအတွက်တော့ နှမြောစရာပဲ။ သူတို့နှစ်ယောက်ကို အောင်သွယ်ပေးချင်ခဲ့ပေမဲ့ အဲဒီကောင်လေးက ငါ့ရဲ့ စေတနာကို အသိအမှတ်မပြုခဲ့ဘူး။ ဟမ့်... ငါ့ယူမိုက သိပ်ညံ့နေလို့လား"
"ရှလောင်ကွေ့... မင်းက အောင်သွယ်တော်လမင်းကြီးလုပ်ဖို့တောင် မျက်နှာပြောင်တိုက်သေးတယ်။ လူငယ်လေးမှာက တောက်ပတဲ့ အနာဂတ် ရှိသေးတယ်ကွ။ သူက သေချာပေါက် သူ့နှလုံးသားနောက်ကို လိုက်ရမှာပေါ့။ သူ သဘောကျရင် သဘောကျတယ်၊ သဘောမကျရင် မကျဘူးပေါ့။ သူ့နှလုံးသားနဲ့ ဆန့်ကျင်ပြီး လုပ်ရမယ်ဆိုရင် သူ့ရဲ့ သိုင်းပညာလမ်းစဉ်က ချောမွေ့တော့မှာ မဟုတ်ဘူး။ ငါ မင်းကို သတိပေးလိုက်မယ်...မဟုတ်မဟက် ဘာအကြံအစည်မှ မကြံနဲ့နော်"
ထိုအချိန်တွင် ဟောက်ရှီရီ၏ မျက်နှာအမူအရာမှာလည်း အလွန် လေးနက်သွားသည်။
"ဟေ့ကောင်... ငါက အဲဒါကို မသိဘူးလို့ မင်း ထင်နေတာလား။ မင်း အဲ့ဒီကောင်လေးကို ဒီလောက်တောင် အထင်ကြီးနေတာလား"
"ဒါပေါ့... စောင့်သာကြည့်နေ။ သူ ထိပ်တန်း ၁၀ ယောက်ထဲ ဝင်ဖို့ ပြဿနာမရှိနိုင်ဘူးလို့ ငါ ထင်တယ်။ ပထမနေရာအထိတောင် ရောက်နိုင်ကောင်း ရောက်နိုင်တယ်ကွ။ ဒီကောင်လေးက အရမ်း ရည်မှန်းချက်ကြီးတာ။ ဒီလောက်ကြီးတဲ့ စွမ်းအားကို ဖုံးကွယ်ထားပြီး ငါ့ကိုတောင် တစ်ခွန်းမှ မပြောခဲ့ဘူး"
ဟောက်ရှီရီသည် အလွန် ကြည်နူးပျော်ရွှင်သော စိတ်အခြေအနေဖြင့် ရွှင်လန်းတက်ကြွစွာ ပြောလိုက်သည်။
ထာဝရသိုင်းတာအိုအရှင်
အခန်း (၂၀၀) - မြင်းနက်
ဘာသာပြန် - အားသစ်
လင်းဖုန်း ရုတ်တရက် အရှိန်အဟုန်ဖြင့် တက်လှမ်းလာမှုက ပရိသတ်များစွာ၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။ အဆင့် ၉၈ မှ ၈၈ သို့ တက်လှမ်းနိုင်ခြင်းမှာ မယိုင်မလဲ တည်ငြိမ်သော ဆက်တိုက်အနိုင်ရရှိမှုများကြောင့်ဖြစ်ကြောင်း ထင်ရှားလှသည်။
“ဒီလူက လင်းဖုန်း မဟုတ်လား။ နဂါးကျောက်တုံးမြို့တော်မှာ လူသားမျိုးနွယ်ရဲ့ သူရဲကောင်းတံဆိပ် ရခဲ့တဲ့ လင်းဖုန်းဆိုတာ သူပဲမဟုတ်လားကွ”
“အေး...ဟုတ်မယ်ထင်တယ်။ ငါ သူ့ဗီဒီယိုကို ကြည့်ဖူးတယ်။ ဒါပေမဲ့ လင်းဖုန်းက မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်တာ မကြာသေးဘူး မဟုတ်လား။ သူက ဘယ်လိုလုပ် ဒီလောက်တောင် အစွမ်းထက်နေရတာလဲ မသိဘူးနော်။ အခုဆို သူက ထိပ်တန်း ၁၀၀ ထဲတောင် ရောက်နေပြီဟ”
“ဟင်းလင်းပြင်ပူပေါင်းက တကယ့်ကို အစွမ်းထက်တာပဲ။ ငါလည်း အဲဒီကြယ်တာရာသိုင်းပညာရပ်ကို လေ့ကျင့်ဖူးတယ်။ ကျင့်ကြံဖို့ အရမ်းခက်ခဲပေမဲ့ ငါ ကျွမ်းကျင်ခဲ့ရင်တောင် ဒီလောက် အစွမ်းထက်နိုင်ပါ့မလားကွာ”
“သူက သိပ်အစွမ်းထက်တာပဲကွ။ ပြိုင်ဘက်တွေကို မျက်စိတစ်မှိတ်အတွင်း အနိုင်ယူတာကြီးက တော်တော့်ကို လွန်လွန်းတယ်။ အသွင်ပြောင်းနယ်ပယ် တတိယအဆင့် သိုင်းသမားတွေကိုတောင် သနားညှာတာမှုမရှိဘဲ ချေမှုန်းပစ်တာပဲ”
လူပေါင်းများစွာက လင်းဖုန်းကို ပိုမိုအာရုံစိုက်လာကြပြီး သူ၏ နောက်ကြောင်းရာဇဝင်နှင့် သူအသုံးပြုသော ဟင်းလင်းပြင်ပူပေါင်းအကြောင်းကို သိလိုစိတ်ဖြင့် စူးစမ်းလာကြသည်။ ဟင်းလင်းပြင်ပူပေါင်းနည်းစနစ်မှာ အမှန်တကယ်ပင် ထိုမျှ အစွမ်းထက်သလောဟု မေးမြန်းစုံစမ်းသူများလည်း ရှိလာသည်။
သို့သော် ဟင်းလင်းပြင်ပူပေါင်းကို လေ့လာဖူးသော သို့မဟုတ် နားလည်တတ်မြောက်ထားသော သိုင်းသမားအနည်းငယ်မှာပင် ဝေခွဲမရ ဖြစ်နေကြသည်။ ဟင်းလင်းပြင်ပူပေါင်းက မည်သည့်အတွက်ကြောင့် ဤမျှ အစွမ်းထက်နိုင်မည်နည်း။
ခန္ဓာကိုယ်ထဲမှ ကြယ်တာရာစွမ်းအားမျှင် ၉၉၉၉ ခုအထိ ထုတ်လွှတ်နိုင်သော တတိယအဆင့် သိုင်းသမားများပင် လင်းဖုန်းရှေ့တွင် အနည်းငယ်မျှ ခုခံနိုင်စွမ်း မရှိကြပေ။ ဤသည်မှာ အမှန်တကယ်ပင် ဟင်းလင်းပြင်ပူပေါင်းနည်းစနစ်မှ ဟုတ်ပါ၏လော။
အကယ်၍ ထိုနည်းစနစ်သည်သာ ဤမျှ အစွမ်းထက်နိုင်မည်ဆိုလျှင် မည်မျှပင် လေ့ကျင့်ရခက်ပါစေ သူတို့ သေချာပေါက် လေ့ကျင့်ကြပေလိမ့်မည်။
ထို့ကြောင့် လူအများမှာ ရှင်းပြရန်ခက်ခဲကာ နဝေတိမ်တောင် ဖြစ်နေကြသည်။ လင်းဖုန်း အသုံးပြုနေသည်မှာ ဟင်းလင်းပြင်ပူပေါင်းနည်းစနစ် ဖြစ်သည်မှာ မှန်သော်လည်း သာမန် ဟင်းလင်းပြင်ပူပေါင်းများနှင့်မူ မတူကွဲပြားလှသည်။
သာမန်လူများက ခွဲခြားနိုင်မည် မဟုတ်သော်လည်း သူတော်စင်ကိုးပါးကမူ မည်သို့ မသိဘဲ နေပါမည်နည်း။
အကြီးအကဲခန်းသည်လည်း လင်းဖုန်းကို သတိထားမိသွားသည်။ သူက ပြုံးလျက် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်အား မေးလိုက်သည်။
“ဒါ မင်းကာကွယ်ပေးချင်နေတဲ့ ကောင်လေး မဟုတ်လား။ ကောင်းတယ်... ဟင်းလင်းပြင်ပူပေါင်းနည်းစနစ်ရဲ့ စွမ်းအားကို ဒီအဆင့်ထိ ထုတ်ဖော်နိုင်တာ တကယ့်ကို အံ့ဩစရာပဲ။ သူ့ရဲ့ စိတ်ဆန္ဒက အရမ်းကို ခိုင်မာပြီးတော့ ပူပေါင်းထဲကို ကြယ်တာရာစွမ်းအားတွေ ပုံမှန်ထက်အများကြီးပိုပြီး ထည့်သွင်းနိုင်တယ်။ ဒီလောက် ခိုင်မာတဲ့ စိတ်ဆန္ဒခွန်အားမျိုးနဲ့ဆိုရင် နောက်ထပ် နှစ်နည်းနည်းလောက် လေ့ကျင့်ပြီးရင် ဒုတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုကို လုပ်ဆောင်ပြီး နတ်ဘုရားနယ်ပယ်ထဲ ဝင်ဖို့ကတော့ ဘာပြဿနာမှရှိမှာ မဟုတ်ဘူး”
သူတော်စင်တစ်ဦး၏ အမြင်မှာ မည်မျှ ထက်ရှလိုက်သနည်း။ လင်းဖုန်းအသုံးပြုနေသော ဟင်းလင်းပြင်ပူပေါင်း၏ အနှစ်သာရကို သူတို့ တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။ သူ၏ စိတ်ဆန္ဒမှာ အလွန်တရာ ခိုင်မာလွန်းလှသဖြင့် ကြယ်တာရာပူပေါင်းကို မပျောက်ကွယ်သွားအောင် ထိန်းချုပ်နိုင်ပြီး ပူပေါင်းထဲသို့ ကြယ်တာရာစွမ်းအားများ ပိုမိုထည့်သွင်းကာ ပိုမိုကြီးမားသော စွမ်းအားကို ထုတ်ဖော်နိုင်သည်။
ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးကာ ပြောလိုက်သည်။
“အကြီးအကဲခန်း... ဒီကောင်လေးက သာမန်ပါရမီရှိရုံတင် မဟုတ်ပါဘူး။ သူ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ခဲ့တာ ဘယ်လောက်ကြာပြီလဲဆိုတာ ခင်ဗျား သိလား”
“ဘယ်လောက်ကြာပြီလဲ။ တစ်နှစ်ကျော်လောက် ရှိပြီလား။ သူ့ကို လူသားမျိုးနွယ် သူရဲကောင်းတံဆိပ် ပေးဖို့ ငါတို့ ကိုးယောက်စလုံး သဘောတူခဲ့ကြတာပဲလေ”
အမှန်တကယ်တော့ အကြီးအကဲခန်း သိပ်ပြီး မမှတ်မိတော့ပေ။ သူကဲ့သို့ သူတော်စင်တစ်ဦးက အသွင်ပြောင်းနယ်ပယ် သိုင်းသမားလေးတစ်ဦးကို အဘယ်ကြောင့် အမြဲတမ်း အာရုံစိုက်နေပါမည်နည်း။ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်သာ ယခင်တစ်ခေါက်က သူ့လူသူ ကာကွယ်ရန် အတင်းအကျပ် ပြောဆိုခဲ့ခြင်း မရှိပါက လင်းဖုန်းကို သူ မှတ်မိနေမည်ပင် မဟုတ်ပေ။
“ဟဲဟဲ... ဒီလင်းဖုန်းလေးက ထူးခြားတယ်။ ငါ သေချာ မှတ်မိတာတော့ သူ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ခဲ့တာ ၉ လလောက်ပဲ ရှိသေးတယ်”
“၉ လ... တစ်နှစ်တောင် မပြည့်သေးဘူးလား” အကြီးအကဲ ခန်း အနည်းငယ် အံ့ဩသွားသည်။
သူတော်စင်မပင်းယွီက ဆက်ပြောလိုက်သည်။ “လင်းဖုန်းက အသွင်ပြောင်းနယ်ပယ် တတိယအဆင့်ကို ရောက်နေပြီ မဟုတ်လား။ ဒါဆိုရင် သူက မင်းတို့ အနန္တလမ်းစဉ်အကယ်ဒမီက တုန်ဖန်းရှန်ထက်တောင် အချိန်နည်းသေးတာပေါ့”
သူတော်စင်ကိုးပါး၏ အမြင်အရ လင်းဖုန်းသည် အသွင်ပြောင်းနယ်ပယ် တတိယအဆင့်သို့ ရောက်နေပြီဖြစ်ကြောင်း သူတို့သိနိုင်သည်။ သို့သော် ယင်းမှာ ၉ လပင် မပြည့်သေးသည့် အချိန်အတွင်း ဖြစ်နေသဖြင့် သူတို့လည်း အနည်းငယ် အံ့ဩသွားကြသည်။
အသွင်ပြောင်းနယ်ပယ် ပထမအဆင့်မှ တတိယအဆင့်သို့ တက်လှမ်းရန် အချိန်အတိုဆုံးယူခဲ့သူမှာ အနန္တလမ်းစဉ်အကယ်ဒမီမှ တုန်ဖန်းရှန်ဖြစ်ပြီး သူသည်ပင် တစ်နှစ်နှင့် သုံးလ ကြာမြင့်ခဲ့သည်။
သူတော်စင် ကတ်ကလည်း မနာလိုဟန်ဖြင့် ပြောလိုက်သည်။ “ပြိုင်ဘက်ကင်း... မင်းက တကယ်ကို ကံကောင်းတာပဲ။ အရင်တုန်းက တုန်ဖန်းရှန် အခု လင်းဖုန်း... ဘာလို့ ပါရမီရှင်တွေ အကုန်လုံးက မင်းဆီပဲ သွားနေကြတာလဲ။ သူတော်စင်မပင်းယွီတော့ စိတ်ပူနေလောက်ပြီ ဟားဟားဟားဟား”
သူတော်စင်မပင်းယွီက အေးစက်စက် ပြောလိုက်သည်။ “တုန်ဖန်းရှန်ကတော့ ထားပါတော့။ သူက အခု နတ်ဘုရားနယ်ပယ် သိုင်းသမား ဖြစ်နေပြီ။ သူတော်စင် ဖြစ်လာဖို့လည်း အခွင့်အရေး ရှိတယ်။ ဒါပေမဲ့ အခု လင်းဖုန်းက အသွင်ပြောင်းနယ်ပယ် သိုင်းသမားလေးပဲ ရှိသေးတာ။ သူ နတ်ဘုရားနယ်ပယ်ထဲ ဝင်နိုင်ဦးမလားဆိုတာတောင် မသေချာသေးဘူး။ သူက တုန်ဖန်းရှန်နဲ့ ဘယ်လိုလုပ် ယှဉ်လို့ရမှာလဲ”
“သူတော်စင်မပင်းယွီ... မင်း မှားနေပြီ။ တုန်ဖန်းရှန်က ပါရမီရှင်ဆိုတာ မှန်ပေမဲ့ လင်းဖုန်းကလည်း မဆိုးပါဘူး။ ဟဲဟဲ... ငါတို့ လောင်းကြမလား။ ဒီကောင်လေးက ဒီတစ်ခါ ပြိုင်ပွဲမှာ ပထမရလိမ့်မယ်လို့ ငါ ထင်တယ်” ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က ရွှင်လန်းတက်ကြွစွာ ပြောလိုက်သည်။
“ကျွန်မ မလောင်းဘူး။ ရှင်က ပြီးခဲ့တဲ့တစ်ခါတုန်းကလည်း လောင်းကြေးရှုံးပြီးတော့ စကားဖျက်ခဲ့သေးတာပဲ။ အဲဒီပစ္စည်းကို အခုထိ ကျွန်မကို မပေးရသေးဘူးနော်”
ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၏ မျက်နှာမှာ ချက်ချင်းပင် အနည်းငယ် နီမြန်းသွားသည်။ သူသည် ရဲတင်းပြီး လောင်းကြေးထပ်ရန် ဝါသနာပါသော်လည်း ဆယ်ကြိမ်လောင်းလျှင် ကိုးကြိမ် ရှုံးတတ်သူ ဖြစ်သည်။ ဤနေရာရှိ ကျန်သူတော်စင်ရှစ်ပါးစလုံးသည် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ထံမှ လောင်းကြေး အနည်းနှင့်အများ နိုင်ဖူးကြသည်ချည်းသာ။
လောင်းကြေးအဖြစ် ထားရှိသော ပစ္စည်းများကိုမူ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က အမြဲတမ်း စကားဖျက်လေ့ရှိသည်။ ထို့ကြောင့် သူ့ကို ကပ်ချေးနှပ်စေးဟု ခေါ်လျှင်ပင် မမှားပေ။
“ဟဲဟဲ... ဒီတစ်ခါတော့ မတူတော့ပါဘူး”
ထိုအချိန်တွင် သူတော်စင်ခန်းကလည်း ပြုံး၍ ပြောလိုက်သည်။ “ဘယ်လိုပဲဖြစ်ဖြစ် ဒီကောင်လေးက မဆိုးပါဘူး။ ဒီဟင်းလင်းပြင်ပူပေါင်းရဲ့ စွမ်းအားက တကယ့်ကို ထူးခြားတယ်။ သူသာ အဲဒီ အပျက်အစီးနယ်မြေထဲ ဝင်နိုင်ရင် ငါတို့ကို အံ့အားသင့်စရာတွေ ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ရတာပဲ”
အခြားသော သူတော်စင်များကလည်း အသီးသီးခေါင်းညိတ်ထောက်ခံလိုက်ကြသည်။
လင်းဖုန်းမှာမူ သူတော်စင်များ၏ ဆွေးနွေးမှုများကို မသိပေ။ သူသည် ဆက်တိုက်အနိုင်ရမှု အရှိန်အဟုန်ကို ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်သည်။
ဆက်တိုက်အနိုင်ရမှု ၅၀၊ ၅၁၊ ၅၂...
လင်းဖုန်း မြန်သလော။ သူက အမှန်တကယ်တော့ မမြန်ပေ။ သို့သော် အလွန် တည်ငြိမ်သည်။ အစွမ်းထက်သော သိုင်းသမားနှင့် တွေ့သည်ဖြစ်စေ အားနည်းသော သိုင်းသမားနှင့် တွေ့သည်ဖြစ်စေ သူသည် တစ်ကွက်တည်းဖြင့်သာ အနိုင်ယူသည်။
ဤသည်မှာ အလွန် ကြောက်စရာ ကောင်းလှသည်။ အခြားသော သိုင်းသမားများမှာ လင်းဖုန်း၏ ခွန်အား မည်မျှအထိ ရှိသလဲဆိုသည်ကိုပင် ရှင်းရှင်းလင်းလင်း မခန့်မှန်းနိုင်ကြပေ။
လင်းဖုန်း၏ အဆင့်မှာလည်း အဆင့် ၈၈ မှ ၃၈ သို့ မျက်စိတစ်မှိတ်အတွင်း တက်လှမ်းသွားသည်။ နေရာ ၅၀ တိတိ တစ်ဟုန်ထိုး ခုန်တက်သွားခြင်း ဖြစ်ပေသည်။
လင်းဖုန်းသည် ထိပ်တန်း ၁၀ ယောက်စာရင်းဝင်ရန် သေချာပေါက် အခွင့်အရေးရှိကြောင်းနှင့် ထိပ်တန်း ၃ ယောက်ထဲအထိပင် ရောက်နိုင်ကြောင်း လူတချို့က အခိုင်အမာ ပြောဆိုနေကြပြီ ဖြစ်သည်။
သူသည် အစစ်အမှန် မြင်းနက်တစ်ဦး ဖြစ်ပေသည်။ တကယ့်ကို အစွမ်းထက်သော မြင်းနက်ပင်။
ချန်းလျန်သည် လင်းဖုန်း၏ နောက်ပိုင်းတိုက်ပွဲများကို မြင်တွေ့ရသောအခါ သူ ရှုံးနိမ့်ခဲ့ရခြင်းအတွက် လုံးဝ ကျေနပ်လက်ခံသွားသည်။
ချင်ခယ့်ရန်သည်လည်း လင်းဖုန်းကို မှတ်မိသွားသည်။ သူမကို ဖယ်ထုတ်ခဲ့သူမှာ လင်းဖုန်းပင် ဖြစ်သည်။ သူမသည် မိမိကိုယ်ကိုယ် အလွန် အထင်ကြီးပြီး ထိပ်တန်း ၁၀၀ ထဲ ဝင်နိုင်သည့် ခွန်အားရှိသည်ဟု ယူဆထားသော်လည်း လင်းဖုန်း၏ စွမ်းဆောင်ရည်နှင့် နှိုင်းယှဉ်လျှင် သူမ၏ ရှုံးနိမ့်မှုမှာ သံသယဖြစ်ဖွယ်မရှိ တရားမျှတကြောင်း သူမ ကောင်းကောင်း သိလိုက်ရသည်။
လင်းဖုန်းသည် ထိပ်တန်း ၁၀ ယောက်ထဲ ဝင်နိုင်သည့် ခွန်အား ရှိသည်မှာ သေချာပေသည်။ ထိုထက်ပင် ပို၍ အစွမ်းထက်နိုင်သေးသည်။
လင်းဖုန်းသည် ပြိုင်ပွဲရင်ပြင်တွင်သာ နာမည်ကြီးနေခြင်း မဟုတ်ခေိ။ တစ်ကမ္ဘာလုံးရှိ ပရိသတ်များရှေ့တွင်လည်း ချက်ချင်းပင် ရေပန်းစားလာခဲ့သည်။ အထူးသဖြင့် တိုက်ရိုက်ထုတ်လွှင့်နေသော ရုပ်မြင်သံကြားဌာနများတွင် ဖြစ်သည်။ ဖန်သားပြင်မှာ သေးငယ်သဖြင့် အာရုံစိုက်ပြသရန်အတွက် အချို့သော သိုင်းသမားများကိုသာ ရွေးချယ်ပြသကြခြင်း ဖြစ်သည်။
ကျွမ်းကျင်သူများ၊ တင်ဆက်သူများနှင့် ဝေဖန်သုံးသပ်သူများမှာ လင်းဖုန်း၏ တိုက်ပွဲများအကြောင်း အသီးသီးမှတ်ချက်ပေးလာကြပြီး လင်းဖုန်း၏ အသေးစိတ် အထုပ္ပတ္တိများကိုလည်း ကြေညာလာကြသည်။
ယခုလက်ရှိအချိန်တွင် လင်းဖုန်း၏ ကျော်ကြားမှုမှာ နဂါးကျောက်တုံးမြို့တွင် ရှိစဉ်ကထက်ပင် များစွာ သာလွန်နေပြီ ဖြစ်သည်။ သူသည် တစ်ကမ္ဘာလုံး၏ အာရုံစိုက်မှုကို အမှန်တကယ်ပင် ရရှိနေပြီ ဖြစ်သည်။
သူသည် လူသားမျိုးနွယ်၏ သူရဲကောင်းတံဆိပ်ကို ရရှိထားသူဖြစ်သလို တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲ၏ အသန်မာဆုံးသော မြင်းနက်လည်း ဖြစ်သည်။ အမှန်တကယ်ပင် လင်းဖုန်းကို အသန်မာဆုံးသော မြင်းနက်အဖြစ် တချို့က ကြေညာထားကြပြီ ဖြစ်သည်။ တစ်ဖက်တွင်လည်း လင်းဖုန်းသည် မြင်းနက်ဟူသော အမည်နာမနှင့် လိုက်ဖက်ညီစွာပင် သူ၏ တည်ငြိမ်သော တိုးတက်မှုများဖြင့် လူအများ၏ အာရုံစိုက်မှုကို ပိုမို ရရှိနေလေသည်။
လင်းဖုန်း၏ မိဘများနှင့် ညီမဖြစ်သူတို့မှာလည်း လင်းဖုန်းကို ရုပ်သံလိုင်းပေါ်တွင် တွေ့လိုက်ကြရသည်။
လင်းကတော်မှာ မှင်သက်သွားရသည်။ သူမသည် လင်းဖုန်း၏ ဆက်သွယ်ရေးကိရိယာကို ချက်ချင်း ခေါ်လိုသော်လည်း လင်းကျုံးက တားမြစ်လိုက်သည်။ လင်းဖုန်းသည် တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲတွင် ပါဝင်နေခြင်း ဖြစ်ရာ လက်ရှိအချိန်တွင် သူ ဖုန်းကိုင်နိုင်ပါမည်လော။
လင်းဇနီးမောင်နှံသည် လင်းဖုန်း ရုတ်တရက် ပြိုင်ပွဲတွင် ပေါ်လာမှုကြောင့် အလွန် အံ့ဩသွားကြသော်လည်း သူတို့၏ စိတ်ထဲတွင်မူ အလွန် ကျေနပ်ဂုဏ်ယူနေမိကြသည်။
ဤသည်မှာ တစ်ကမ္ဘာလုံးသို့ တိုက်ရိုက် ထုတ်လွှင့်နေခြင်း ဖြစ်သည်။ ဤကဲ့သို့ အရေးပါသော ပြိုင်ပွဲကြီးတွင် သူတို့၏သားဖြစ်သူ လင်းဖုန်းက အစစ်အမှန်မြင်းနက်တစ်ဦးအဖြစ် ထိပ်တန်း ၅၀ ထဲ ဝင်နိုင်ခြင်းမှာ မည်မျှ ဂုဏ်ယူစရာ ကောင်းလိုက်သနည်း။
“ဖုန်းအာက သေချာပေါက် ထိပ်တန်း ၁၀ ယောက်ထဲ ဝင်မှာပါ။ သေချာပေါက်ကို ဝင်မှာပဲ”
လင်းဇနီးမောင်နှံသည်လည်း လင်းဖုန်းအပေါ် မျှော်လင့်ချက်အသစ်များ ရှိလာကြပြီ ဖြစ်သည်။