← Chapters

အခန်း (၂၀၁-၂၀၂)

Vol. 17 Ch. 201-202

အခန်း (၂၀၁-၂၀၂)

Vol. 17 Ch. 201-202

ထာဝရသိုင်းတာအိုအရှင်

အခန်း (၂၀၁) - အစွမ်းထက်ပြိုင်ပွဲဝင်နှစ်ယောက်

ဘာသာပြန် - အားသစ်

ဝှစ်

မိုလေ့သည်လည်း ဖယ်ထုတ်ခံလိုက်ရသည်။ သူသည် အကြိမ် ၂၀ ကျော်သာ ဆက်တိုက်အနိုင်ရခဲ့ပြီး ပွဲတိုင်းနီးပါး အကြိတ်အနယ် တိုက်ခိုက်ခဲ့ရသည်။ နောက်ဆုံးတွင် သူသည် ကံမကောင်းစွာဖြင့် အဆင့် ၂၁ တွင် ရှိနေသော ပိုင်ရှုနှင့် သွားဆုံခဲ့သည်။

ပိုင်ရှုအကြောင်း တွေးမိသောအခါ မိုလေ့၏ မျက်လုံးအစုံတွင် အေးစက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ ဤပိုင်ရှုသည် အလွန်တရာ မုန်းစရာ ကောင်းလွန်းလှသည်။ ပိုင်ရှုသည် ထင်ယောင်ထင်မှားဖြစ်စေသည့် ပုံရိပ်ယောင် သိုင်းပညာရပ်များတွင် အထူးကျွမ်းကျင်သည်။ တချို့သော ကြယ်တာရာသိုင်းပညာရပ်များတွင်လည်း ထင်ယောင်ထင်မှားဖြစ်စေမှုများ ပါဝင်သည်။

ဤကဲ့သို့သော သိုင်းသမားမျိုးသည် အလွန်ကြောက်စရာ ကောင်းလှသည်။ သူတို့သည် ခိုင်မာသော စိတ်ဆန္ဒရှိရုံသာမက အလွန်လည်း အစွမ်းထက်ကြသည်။ ထို့ပြင် သူတို့သာ ထင်ယောင်ထင်မှားဖြစ်စေမှုကို အသုံးပြုလိုက်သည်နှင့် ပြိုင်ဘက်က မခံနိုင်ပါက ပြိုင်ဘက်သည် သူတို့၏ လက်ခုပ်ထဲကရေအဖြစ်သို့ လုံးလုံးလျားလျား ကျရောက်သွားတော့မည် ဖြစ်သည်။

မိုလေ့သည် ပိုင်ရှု၏ ပုံရိပ်ယောင်ထဲသို့ ဆွဲသွင်းခံလိုက်ရပြီး ပြင်းပြင်းထန်ထန် နှိပ်စက်ခံခဲ့ရသည်။ နောက်ဆုံးတွင် ပိုင်ရှု၏ လက်သီးတစ်ချက်တည်းဖြင့် အဆုံးသတ်ခံခဲ့ရသည်။

ထင်ယောင်ထင်မှားပုံရိပ်ယောင်မှ ရရှိသော နာကျင်မှုမှာ သူ့မှတ်ဉာဏ် အနက်ရှိုင်းဆုံးနေရာတွင် စွဲထင်နေသေးပြီး ထိုမျှ မြန်မြန်ဆန်ဆန်နှင့် မဖျောက်ဖျက်နိုင်သေးပေ။ ထိုအကြောင်းကြောင့်ပင် သူ ပြိုင်ပွဲမှ ဖယ်ထုတ်ခံရပြီး ပုံရိပ်ယောင်တိုက်ပွဲဝင်စနစ်မှ ထွက်လာပြီးနောက်တွင်ပင် နာကျင်မှုကို သူ ခံစားနေရဆဲပင်။

အမှန်တကယ်တော့ ပိုင်ရှုသည် ထိုမျှဒုက္ခမခံဘဲ အလွယ်တကူ အနိုင်ယူနိုင်သည်။ ပြိုင်ဘက်ကို သူ့ကိုယ်ပိုင် ပုံရိပ်ယောင်ထဲ ဆွဲသွင်းပြီးပြီးချင်း ချက်ချင်း သတ်ပစ်နိုင်ပေသည်။ သို့သော် ပိုင်ရှုသည် ပြိုင်ဘက်၏ စိတ်ကို ခြယ်လှယ်ရသည်ကို နှစ်သက်ပြီး သူ ခြယ်လှယ်ထားသော ပြိုင်ဘက်များ နာကျင်မှု ခံစားရစေသည်ကို သဘောကျနှစ်ခြိုက်နေတတ်သည်။

ဤအကြောင်းကြောင့်ပင် အချို့သော သိုင်းသမားများသည် ပိုင်ရှုနှင့် တွေ့သောအခါ လုံးဝ မတိုက်ခိုက်တော့ဘဲ အရှုံးပေးလိုက်ကြသည်။

မိုလေ့ ဖယ်ထုတ်ခံရပြီးနောက် သဘာဝကျကျပင် လင်းဖုန်းကို တွေ့လိုက်ရသည်။ လင်းဖုန်း၏ အဆင့်မှာ တည်ငြိမ်စွာ တက်လာသည်ကို မြင်သောအခါ သူလည်း အလွန်အံ့ဩသွားသည်။ လင်းဖုန်းသည် မြောက်ပိုင်းတောင်တန်း အခြေစိုက်စခန်းတွင် တတိယအဆင့် အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦးထက် မနိမ့်ကျသော ခွန်အားကို ပြသခဲ့သော်လည်း သူသည် တတိယအဆင့် အသွင်ပြောင်းနယ်ပယ် သိုင်းသမားစစ်စစ် မဟုတ်သေးပေ။

ယခုမူ လင်းဖုန်းသည် အသန်မာဆုံးသော မြင်းနက် ဖြစ်လာခဲ့ပြီမှာ ထင်ရှားလှသည်။

"ဟမ်... ပိုင်ရှုလား"

မိုလေ့သည် လင်းဖုန်းကို စောင့်ကြည့်နေဆဲဖြစ်သော်လည်း လင်းဖုန်း၏ နောက်ထပ် ပြိုင်ဘက်မှာ ပိုင်ရှု ဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ပိုင်ရှု မည်မျှ ကြောက်စရာကောင်းသည်ကို အမှတ်ရသွားပြီး မိုလေ့ အံကြိတ်လိုက်သော်လည်း သူ ဘာမှ မတတ်နိုင်ပေ။

"ဟူး... ဒါက ကံတရားပဲ။ ညီလေး လင်းဖုန်း... မင်း သိပ်ပြီး ဒုက္ခမရောက်ဖို့ မျှော်လင့်ပါတယ်"

မိုလေ့ ခေါင်းခါလိုက်သည်။ သူသည် ပိုင်ရှုကို မုန်းတီးသော်လည်း ကြောက်ရွံ့မှုက အကဲပိုသည်။ တစ်ဖက်လူ၏ ပုံရိပ်ယောင်က သူ့နှလုံးသား အနက်ရှိုင်းဆုံးနေရာတွင် ဒဏ်ရာတစ်ခုကို မြှုပ်နှံထားခဲ့ပြီး ဖြစ်သည်။ အကယ်၍ သူ ပိုင်ရှုနှင့် ထပ်မံ ရင်ဆိုင်ရပါက မိုလေ့သည် သူ့ခွန်အား တစ်ဝက်ကိုပင် ထုတ်သုံးနိုင်မည် မဟုတ်ပေ။

လင်းဖုန်းက ပိုင်ရှုကို အနိုင်ယူနိုင်လိမ့်မည်လော။

မိုလေ့ ထိုဖြစ်နိုင်ချေကို တစ်ခါမှ မတွေးဖူးပေ။ ပိုင်ရှု၏ ပုံရိပ်ယောင်သိုင်းပညာရပ်များမှာ အလွန် ကြောက်စရာ ကောင်းလွန်းလှသည်။ ယခုအချိန်အထိ သူ့ကို ဖက်တုယှဉ်ပြိုင်နိုင်သူ မရှိသေးပေ။

သံသယဖြစ်စရာမလိုဘဲ ထိုတိုက်ပွဲသည် လက်ရှိအချီ၏ အဓိကပွဲစဉ် ဖြစ်လာသည်။ လူတိုင်း၏ အကြည့်များမှာ ဤအစွမ်းထက်သိုင်းသမားနှစ်ယောက်၏ တိုက်ပွဲပေါ်သို့ အပြည့်အဝ အာရုံစူးစိုက်နေကြသည်။

လင်းဖုန်းသည် အသန်မာဆုံးသော မြင်းနက်ဖြစ်ပြီး အဆင့် ၃၈ အထိ ရှုံးပွဲမရှိ တောက်လျှောက် တက်လာခဲ့သည်။ အခြားတစ်ဖက်တွင် ပိုင်ရှုမှာ အဆင့် ၂၁ တွင် ရှိနေသည်။ သူသည် သဲလွန်စမကျန်ဘဲ သတ်ဖြတ်နိုင်သော ထင်ယောင်ထင်မှားဖြစ်စေသည့် ပုံရိပ်ယောင်သိုင်းပညာရပ်များကိုလည်း ကျင့်ကြံထားသူ ဖြစ်သည်။

သူတို့နှစ်ဦး၏ ထိပ်တိုက်တွေ့ဆုံခြင်းမှာ ဤအချီတွင် အရေးအပါဆုံးသော တွေ့ဆုံမှုဟု ဆိုနိုင်ပေသည်။

တချို့က မျှော်လင့်နေကြသော်လည်း တချို့ကမူ စိုးရိမ်နေကြသည်။

ချူချန်း မျက်မှောင်ကြုတ်လိုက်သည်။ သူမ ပိုင်ရှုအကြောင်းကို သိထားပြီး သူ့ကို သေချာ စောင့်ကြည့်နေခဲ့သည်။ အမှန်တကယ်တော့ ပိုင်ရှု၏ ပု့ရိပ်ယောင် သိုင်းပညာရပ်များမှာ ခန့်မှန်းရခက်ပြီး ကာကွယ်ရန် မဖြစ်နိုင်လောက်အောင်ပင်။ ထို့ကြောင့် တစ်စုံတစ်ယောက်သည် မည်သည့်အချိန်တွင် ပုံရိပ်ယောင်ထဲသို့ ကျရောက်သွားမှန်းပင် သိလိုက်မည် မဟုတ်ပေ။

ပိုင်ရှုနှင့်ရင်ဆိုင်ရသော တချို့သိုင်းသမားများမှာဆိုလျှင် ကခုန်ပြီး မိမိကိုယ်ကိုယ် အရူးလုပ်နေကြသည်အထိပင်။

လင်းဖုန်း ပိုင်ရှု၏ ပုံရိပ်ယောင်သိုင်းပညာရပ်များကို ခံနိုင်ရည်မရှိမည်ကို ချူချန်း အနည်းငယ် စိုးရိမ်နေမိသည်။

ထိုအခိုက်တွင် လီဟန်သည် သူ၏ ယခင်က တက်ကြွမှုများ အားလုံး ပျောက်ဆုံးနေခဲ့ပြီ ဖြစ်သည်။ နတ်ဘုရားတစ်ပါးကဲ့သို့ သူ ထင်မြင်ခဲ့သော သူ့အစ်ကိုကြီး ပြိုင်ပွဲမှ ဖယ်ထုတ်ခံခဲ့ရသည်မှာ ကြာပြီဖြစ်သည်။ တစ်ချိန်တည်းမှာပင် လင်းဖုန်း၏ အဆင့်သန်မှတ်ချက်က လျင်မြန်စွာ တက်လာပြီး မြင်းနက်တစ်ဦးပီသစွာ အဆင့် ၃၈ အထိ ရောက်ရှိလာခဲ့သည်။

သူ မမြင်ချင်ဆုံးသော အရာမှာ သူ့မျက်စိရှေ့တွင် အမှန်တကယ် ဖြစ်ပျက်နေခဲ့ပြီ ဖြစ်သည်။

ချူချန်း၏ စိုးရိမ်နေသော အမူအရာကို မြင်သောအခါ လီဟန်၏ မျက်နှာမှာ ပျက်ယွင်းသွားသည်။ သူ၏ ယခင်က ယုံကြည်မှုမှာ အနည်းငယ် ရယ်စရာကောင်းသည်ဟုပင် သူ ခံစားလိုက်ရသည်။ သူ လင်းဖုန်းနှင့် ယှဉ်နိုင်သည်ဟု တွေးခြင်းမှာ အရူးတစ်ယောက်၏ အိပ်မက်သက်သက်သာ ဖြစ်သည်။

"ချူချန်း... ငါ နေလို့ သိပ်မကောင်းဘူး။ ငါ အရင် ပြန်တော့မယ်"

ထိုသို့ပြောပြီးနောက် လီဟန် မတ်တပ်ရပ်ကာ ထွက်သွားသည်။

ချူချန်းမှာ စဉ်းစားဟန်ပေါက်နေသော်လည်း နောက်ဆုံးတွင် သက်ပြင်းအနည်းငယ် ချလိုက်ရုံသာ တတ်နိုင်တော့သည်။ လီဟန် ဘာတွေးနေသည်ကို သူမ မည်သို့ မသိဘဲ နေမည်နည်း။ သို့သော် ထိုပုဂ္ဂိုလ်သည် သူမ၏ နှလုံးသားထဲတွင် အမြဲရှိနေပြီး သူမ၏ စိတ်အစဉ်ကို အမြဲတစေ စိုးမိုးထားသူ ဖြစ်သည်။ ဖြစ်နိုင်သည်မှာ သူမတွင် အခြားသူတစ်ယောက်အတွက် နေရာမရှိတော့ခြင်း ဖြစ်ပေလိမ့်မည်။

လီဟန် ထွက်သွားခြင်းက တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲ၏ ရေပန်းစားမှုကို မထိခိုက်စေပေ။ အမှန်တကယ်တော့ လင်းဖုန်းသည် ပိုင်ရှုနှင့် တိုက်ခိုက်တော့မည် ဖြစ်သဖြင့် ဤအစွမ်းထက် သိုင်းသမားများ၏ ထိပ်တိုက်တွေ့ဆုံမှုက ကြည့်ရှုသူအရေအတွက်ကို လျင်မြန်စွာ ထိုးတက်သွားစေသည်။

ခန့်မှန်းချေ စာရင်းဇယားများအရ ကမ္ဘာပေါ်ရှိ လူဦးရေ အနည်းဆုံး ၈၀ ရာခိုင်နှုန်းခန့်သည် တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲကို ကြည့်ရှုနေကြသည်။ ဤကိန်းဂဏန်းမှာ မည်မျှ အံ့ဩစရာ ကောင်းလိုက်သနည်း။

မည်သူပင်ဖြစ်ပါစေ ဤသိုင်းပညာပြိုင်ပွဲတွင် စွမ်းဆောင်ရည် ကောင်းမွန်သရွေ့ ကမ္ဘာတစ်ဝန်း၏ အာရုံစိုက်မှုကို ရရှိမည်ဖြစ်ပြီး အဆုံးမဲ့ အကျိုးကျေးဇူးများကို ခံစားရမည် ဖြစ်သည်။

ပိုင်ရှုသည်လည်း ထိုအထဲမှ တစ်ယောက် ဖြစ်သည်။ သူ၏ ပန်းတိုင်မှာ ထိပ်တန်း ၅၀ ထဲ ဝင်ရန်သာမက ထိပ်တန်း ၁၀ ယောက်၊ သို့မဟုတ် ထိပ်တန်း ၃ ယောက်ထဲအထိ ဝင်ရောက်ရန် ဖြစ်သည်။

သူသည် လုံလောက်သော ထူးချွန်သည့် ပါရမီကို ပြသချင်သည်။ ပိုင်မိသားစုမှ ထွက်ခွာလာပြီးနောက်တွင်လည်း သူသည် ပါရမီအရှိဆုံး သိုင်းသမား ဖြစ်နေဆဲဖြစ်ကြောင်း လူတိုင်းကို သက်သေပြချင်သည်။

ပိုင်ရှုသည် အလွတ်တန်းကျင့်ကြံသူများသမဂ္ဂမှ သိုင်းသမားတစ်ဦး ဖြစ်သည်။ သို့သော် အမှန်တကယ်တန်းတွင်မူ သူက အလွန် ဂုဏ်သတင်း ကြီးမားလှသည့် ပိုင်မိသားစုမှ ဖြစ်သည်။ ပိုင်မိသားစုသည် စီးပွားရေးအဖွဲ့အစည်းမှ ကြီးမားသော သိုင်းပညာမိသားစုကြီးတစ်ခု ဖြစ်သည်။ ပိုင် မိသားစုတွင် ကြီးကြပ်နေသော နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဦး ရှိပြီး မိသားစုထဲတွင်လည်း ပါရမီရှင်များစွာ ရှိသည်။ အစပိုင်းတွင် သူတို့သည် ပိုင်ရှုကို သိပ်ဂရုမစိုက်ခဲ့ကြပေ။

နောက်ပိုင်းတွင် ပိုင်ရှုသည် ပိုင်မိသားစုကို သစ္စာဖောက်ပြီး အလွတ်တန်းကျင့်ကြံသူများသမဂ္ဂသို့ ဝင်ရောက်ကာ နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဦး၏ အသိအမှတ်ပြုခြင်းကို ရရှိခဲ့သည်။ ထိုအချိန်မှစ၍ ပိုင်ရှုနှင့် ပိုင်မိသားစုမှာ ပြန်လည်သင့်မြတ်၍ မရနိုင်တော့ပေ။ မကြာသေးမီကပင် သူသည် သူ့အစ်ကိုအရင်းဖြစ်သူ ပိုင်မိသားစုဝင် တစ်ယောက်နှင့် ဆုံတွေ့ခဲ့သည်။

နောက်ဆုံးတွင် ပိုင်ရှုသည် ထင်ယောင်ထင်မှားပုံရိပ်ယောင်နည်းစနစ်ကို အသုံးပြုကာ သူ့အစ်ကိုအရင်းကို သေသည်အထိ နှိပ်စက်ညှင်းပန်းခဲ့သည်။ ထိုလုပ်ရပ်က ပိုင်မိသားစုကို သူ့အပေါ် အရိုးထဲထိ မုန်းတီးသွားစေခဲ့သော်လည်း ပိုင်ရှုမှာမူ တက်ကြွရွှင်လန်းနေသည်။ သူနှလုံးသားမှာ တဖြည်းဖြည်း ပြည့်စုံလာသည်ဟုပင် သူ ခံစားရသည်။ သူသည် ပုံရိပ်ယောင်နည်းစနစ်ကို အပြည့်အဝ ကျွမ်းကျင်တော့မည်ဖြစ်ပြီး ဒုတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု ပြုလုပ်ကာ နတ်ဘုရားနယ်ပယ်သို့ ဝင်ရောက်ရန် အခွင့်အရေး ရှိနေပြီ ဖြစ်သည်။

လင်းဖုန်းအတွက်မူ...

ပိုင်ရှု လုံးဝ ဂရုမစိုက်ပေ။ လင်းဖုန်းဟုခေါ်သော မြင်းနက်ကို သူ တစ်ခါမှ အလေးမထားခဲ့ဖူးပေ။

သူတို့နှစ်ဦးသည် ပုံရိပ်ယောင် တိုက်ပွဲဝင်စနစ်ထဲတွင် မျက်နှာချင်းဆိုင် ရပ်နေကြသည်။ လင်းဖုန်းသည် တိုက်ခိုက်ရန် အလောတကြီး မရှိပေ။ အတိအကျပင် ပိုင်ရှုသည်လည်း ကျွမ်းကျင်သူတစ်ဦးဖြစ်ကြောင်း သူ သိသည်။ ပုံရိပ်ယောင်တိုက်ပွဲဝင်စနစ်တွင် နှစ်ဖက်စလုံးသည် တစ်ဖက်လူ၏ ရလဒ်ကောင်းများကို ရရှိနိုင်သည်။

သံသယဖြစ်စရာမလိုဘဲ တိုက်ပွဲရလဒ်များအရဆိုလျှင် ပိုင်ရှုသည် လင်းဖုန်းထက် ပိုမို ထူးချွန်သည်။

"မင်းရဲ့ ပု့ရိပ်ယောင်သိုင်းပညာတွေက အရမ်း အစွမ်းထက်တာပဲ"

လင်းဖုန်းက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။ သူ ချက်ချင်း မတိုက်ခိုက်ပေ။ ဤမျှ အစွမ်းထက်သော အသွင်ပြောင်းနယ်ပယ် သိုင်းသမားနှင့် တွေ့ဆုံရခဲလှသည်။

"မင်း သုံးနေတာ ဟင်းလင်းပြင်ပူပေါင်းနည်းစနစ် မဟုတ်လား။ အဲ့ဒီနည်းစနစ်ရဲ့ စွမ်းအားကလည်း မဆိုးပါဘူး။ ဒါပေမဲ့ မင်း ငါ့ရဲ့ ထင်ယောင်ထင်မှားပုံရိပ်ယောင်ထဲ ကျရောက်သွားပြီးရင် ဟင်းလင်းပြင်ပူဖောင်းကို ဆက်ပြီး ထုတ်လွှတ်နိုင်ဦးမလားဆိုတာ ငါ သိချင်မိတယ်"

ပိုင်ရှုကလည်း တည်ငြိမ်စွာ ပြောလိုက်သည်။ သူသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သိုင်းသမားတစ်ဦးထက် ရှေးခေတ်ပညာရှင်တစ်ယောက် သို့တည်းမဟုတ် သခင်လေးတစ်ယောက်နှင့် ပိုတူသည်။ သို့သော် သူ့အကြည့်များမှာမူ အနည်းငယ် ထက်ရှနေသည်။

"မင်းက အရမ်း ငယ်သေးတယ်။ မင်းမှာ မိသားစု ရှိတယ် မဟုတ်လား။ မင်း ချစ်ရတဲ့သူတွေရဲ့ သစ္စာဖောက်တာခံရပြီး မင်းရဲ့ မိသားစု ပျက်စီးသွားတဲ့အခါ ဘယ်လိုခံစားရလဲဆိုတာ မင်း ခံစားဖူးလား"

ပိုင်ရှု ဖြည်းဖြည်းချင်း ရှေ့သို့ လှမ်းတိုးလာသည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် ကြယ်တာရာစွမ်းအား အနည်းငယ် လှုပ်ခတ်နေသည်။ ဤသည်မှာ သူ အသုံးပြုသော ထင်ယောင်ထင်မှား ပုံရိပ်ယောင်သိုင်းပညာဖြစ်ပြီး အလွန်ဆန်းကြယ်နက်နဲသည့် ကြယ်တာရာသိုင်းပညာရပ်တစ်ခု ဖြစ်သည်။

ရန်သူက သူ မြင်စေချင်သည့်အရာကို မြင်ရမည် ဖြစ်သည်။ ထိုမှတစ်ဆင့် ရန်သူသည် ထင်ယောင်ထင်မှားဖြစ်စေမှုထဲသို့ ကျရောက်သွားမည် ဖြစ်သည်။ ဤသည်က ပြိုင်ဘက်၏ စိတ်ပိုင်းဆိုင်ရာ အားနည်းချက်ကို လုံးလုံးလျားလျား ပစ်မှတ်ထားခြင်း ဖြစ်သည်။

သူ၏ ပုံရိပ်ယောင်သိုင်းပညာများကို တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲတွင် စမ်းသပ် အသုံးပြုခဲ့ပြီး ဖြစ်သည်။ မည်သူမျှ မခုခံနိုင်ခဲ့ပေ။ ဤသည်ကပင် သူ အလွန် ယုံကြည်မှု ရှိနေရခြင်း၏ အဓိက အကြောင်းရင်း ဖြစ်သည်။

လင်းဖုန်းကဲ့သို့သော လူငယ် ပါရမီရှင် သိုင်းသမားများတွင် စိတ်ပိုင်းဆိုင်ရာ အားနည်းချက်များစွာ ရှိပြီး မိသားစုသည် သူတို့အတွက် အလွန် အရေးကြီးလေ့ရှိသည်။ ထို့ကြောင့် မိသားစုသည် လင်းဖုန်း၏ အကြီးမားဆုံးသော စိတ်ပိုင်းဆိုင်ရာ အားနည်းချက်ဖြစ်မည်ဟု ပိုင်ရှု ယုံကြည်ထားသည်။

ထို့ကြောင့်ပင် ပိုင်ရှု ခုနက စကားများကို ပြောခဲ့ခြင်း ဖြစ်သည်။ လင်းဖုန်း၏ နှလုံးသားကို ဖွင့်ချပြီး သူ၏ အားနည်းချက်ကို ရှာဖွေရန် ဖြစ်သည်။

ပိုင်ရှုသည် သူ၏ပုံရိပ်ယောင်သိုင်းပညာများကို အလွန် ယုံကြည်မှု ရှိသည်။ ထို့ကြောင့် လင်းဖုန်း ထင်ယောင်ထင်မှားပုံရိပ်ယောင်ထဲသို့ လုံးဝနစ်မျောသွားရန် စောင့်ဆိုင်းနေစဉ် သူ့နှုတ်ခမ်းဖျားပေါ်တွင် အပြုံးတစ်ခု တဖြည်းဖြည်း ပေါ်လာသည်။

ထာဝရသိုင်းတာအိုအရှင်

အခန်း (၂၀၂) - စိတ်ပျက်ရခြင်း

ဘာသာပြန် - အားသစ်

လင်းဖုန်းသည် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ထူးဆန်းသော စွမ်းအားတစ်ခုက လွှမ်းခြုံလာသလို ခံစားလိုက်ရသည်။ သူ့စိတ်ထဲရှိ စိတ်စွမ်းအားစက်လုံးသည်လည်း တစ်စုံတစ်ခုက လာရောက်နှိုးဆွလိုက်သကဲ့သို့ လျင်မြန်စွာ လည်ပတ်လှုပ်ရှားသွားသည်။ ထိုအခါ စိတ်စွမ်းအားများက လင်းဖုန်း၏ စိတ်ထဲတွင် နေရာမလပ် ပြည့်နှက်သွားပြီး သူ၏ စိတ်ဝိညာဉ်ကို အတိအလင်း နိုးကြားတက်ကြွစေသည်။

သို့သော် ထိုသည်မှလွဲ၍ သူ ဘာကိုမျှ ခံစားရပုံမပေါ်ပေ။

လင်းဖုန်းက ပိုင်ရှုကို အနည်းငယ် အံ့အားသင့်ဟန်ဖြင့် ကြည့်လိုက်သည်။ ပိုင်ရှုမှာမူ ထိုနေရာမှာပင် ပြုံးနေဆဲ ဖြစ်သည်။ သို့သော် သူ့အမူအရာက ဘာကြောင့် အနေရခက်သလို ဖြစ်နေရသနည်း။

ပိုင်ရှုသည် အမှန်တကယ်ပင် အနည်းငယ် အရှက်ရနေမိသည်။ မိသားစုဆိုသည်မှာ လင်းဖုန်း၏ စိတ်ပိုင်းဆိုင်ရာ အားနည်းချက် မဟုတ်ပါလား။ မိသားစုအကြောင်း ပြသခြင်းက လင်းဖုန်းအပေါ် အဘယ်အကြောင်းကြောင့် အရာမထင်ရသနည်း။

ထို့ကြောင့် ပိုင်ရှုက အသက်ပြင်းပြင်းတစ်ချက် ရှူကာ ပြောလိုက်သည်။

"လင်းဖုန်း... မင်း တစ်စုံတစ်ယောက်ကို သဘောကျဖူးလား"

"သဘောကျဖူးလား..."

ချူချန်း၏ ပုံရိပ်က လင်းဖုန်း၏ စိတ်ထဲတွင် ပေါ်လာသော်လည်း ထိုမျှသာ...။ ပိုင်ရှုမှာ သူ့စွမ်းအားကို အစွမ်းကုန် ထုတ်သုံးနေသဖြင့် မျက်နှာတစ်ခုလုံး နီမြန်းနေပြီ ဖြစ်သည်။ ကြယ်တာရာစွမ်းအား လှုပ်ခတ်မှုများမှာ ပိုမိုပြင်းထန်လာသော်လည်း လင်းဖုန်းကတော့ မည်သည်ကိုမျှ ခံစားရခြင်း မရှိသေးပေ။

ဒီပိုင်ရှုက သူ့ကို တမင်တကာ လျှော့ပေးနေတာလား။

လင်းဖုန်းသည် ပိုင်ရှုက သူ့ကို နောက်ပြောင်နေသည်ဟုပင် သံသယဝင်လာသည်။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မင်းရဲ့ စိတ်ထဲမှာ အားနည်းချက် မရှိဖို့ဆိုတာ မဖြစ်နိုင်ဘူး။ မင်း ဘာလို့ ထင်ယောင်ထင်မှားပုံရိပ်ယောင်ထဲ မကျရောက်တာလဲ"

ပိုင်ရှုမှာ အတော်လေး အနေရခက်သော အမူအရာ ရှိနေသည်။ မိသားစုနှင့် သူနှစ်သက်သော သူအကြောင်း ပြောလိုက်ချိန်တွင် လင်းဖုန်း၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ ဤသည်မှာ လင်းဖုန်း၏ စိတ်တွင် အားနည်းချက် ရှိနေသည်ဟု ဆိုလိုခြင်း ဖြစ်သည်။

အခြေခံအားဖြင့် စိတ်ပိုင်းဆိုင်ရာ အားနည်းချက်ရှိသူတစ်ဦးသည် သူ၏ ထင်ယောင်ထင်မှားပုံရိပ်ယောင်ထဲသို့ ကျရောက်ရန် အလွန်လွယ်ကူသည်။ သို့သော် ဤလင်းဖုန်းက အဘယ်ကြောင့် မကျရောက်ရသနည်း။

ပိုင်ရှုမှာ မယုံကြည်နိုင် ဖြစ်နေသည်။ သူ လုံးဝ နားမလည်နိုင်တော့ပေ။

"ဩော်... ဒါက မင်းရဲ့ ထင်ယောင်ထင်မှားပု့ရိပ်ယောင်လား"

လင်းဖုန်း ခေါင်းခါလိုက်သည်။ ပိုင်ရှု၏ ထင်ယောင်ထင်မှားပုံရိပ်ယောင် ဆိုသည်မှာ အမှန်တကယ်တော့ စိတ်ကို ပစ်မှတ်ထားခြင်းဖြစ်ကြောင်း သူ ခန့်မှန်းမိသွားသည်။ သို့သော် စိတ်ကိုသာ စိတ်စွမ်းအားဖြင့် ကာကွယ်ထားလျှင် ထင်ယောင်ထင်မှားဖြစ်စေမှုလေးတစ်ခုက ဘာလုပ်နိုင်ပါမည်နည်း။

စိတ်စွမ်းအား အသုံးချမှုပိုင်းတွင် လက်ရှိလင်းဖုန်းသည် သူတော်စင်ကိုးပါးထက်ပင် ပိုမို အစွမ်းထက်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် သူ့လက်ထဲတွင် စကြာဝဠာကျင့်စဉ်စနစ်အောက်ရှိ စိတ်စွမ်းအား ကျင့်စဉ်ဝစ်ခု ရှိနေသောကြောင့်ပင်။

ပိုင်ရှုနှင့် လင်းဖုန်းတို့မှာ တိုက်ခိုက်ခြင်းလည်း မရှိ၊ ပြင်းထန်သော အားပြိုင်မှုလည်း မရှိဘဲ ရပ်နေကြသဖြင့် ပြင်ပမှ စောင့်ကြည့်နေသူများနှင့် တိုက်ရိုက်ထုတ်လွှင့်မှု ကြည့်နေသူများမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်ကုန်ကြသည်။

"သူတို့ ဘာလုပ်နေကြတာလဲ။ ဘာလို့ မတိုက်ကြတာလဲ"

"ပိုင်ရှုမှာ ထင်ယောင်ထင်မှား သိုင်းပညာရပ်တွေ ရှိတယ် မဟုတ်လား။ သူ ဘာလို့ မသုံးတာလဲ"

"နှစ်ဖက်စလုံးက တစ်ဖက်လူကို ကြောက်နေကြလို့ အပြန်အလှန် စောင့်ကြည့်နေကြတာများလား"

သိုင်းသမားများစွာမှာ ပိုင်ရှု၏ အခြေအနေကို ခွဲခြားနိုင်ခြင်း မရှိသော်လည်း ဝေဖန်သုံးသပ်သူတချို့မှာ သိုင်းပညာရှင် အကြီးအကဲများ ဖြစ်ကြသည်။ သူတို့သည် အလွန်တရာ ခွန်အားကြီးမားကြသည် မဟာတ်သော်လည်း ဗဟုသုတကတော့ အလွန်ကြွယ်ဝကြသည်။

တချို့သော ဝေဖန်သုံးသပ်သူများက ပိုင်ရှာသည် တိုက်ခိုက်နေပြီဖြစ်ကြောင်းနှင့် ပုံရိပ်ယောင်သိုင်းပညာရပ်ကို အသုံးပြုခဲ့သော်လည်း လင်းဖုန်းအပေါ် အကျိုးသက်ရောက်မှု ရှိပုံမရကြောင်း သုံးသပ်ပြကြသည်။

"ထင်ယောင်ထင်မှား ပုံရိပ်ယောင်သိုင်းပညာတွေက တကယ်တော့ အစွမ်းထက်ပါတယ်။ ဒါပေမဲ့ ပြန်ပြီး အတားဆီးခံလိုက်ရရင်တော့ ဘာမှ တန်ဖိုးမရှိတော့ဘူး"

ဟောက်ရှီရီက ခေါင်းခါရင်း ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။ အစပိုင်းတွင် သူ လင်းဖုန်းအတွက် အနည်းငယ် စိုးရိမ်နေခဲ့သော်လည်း ယခုမူ လင်းဖုန်း၏ စိတ်ဆန္ဒမှာ သူထင်ထားသည်ထက်ပင် ပိုမိုခိုင်မာပုံရသည်။

ပိုင်ရှု၏ ထင်ယောင်ထင်မှားပုံရိပ်ယောင်ကို တိုက်ရိုက် လျစ်လျူရှုနိုင်ရန်အတွက် ထိုစိတ်ဆန္ဒမှာ မည်မျှအထိ အားကောင်းနေရမည်နည်း။

"ကောင်းတယ်... ပိုင်ရှုရဲ့ ထင်ယောင်ထင်မှားဖြစ်စေမှုကို လျစ်လျူရှုနိုင်လောက်တဲ့အထိ ခိုင်မာတဲ့ စိတ်ဆန္ဒရှိတာပဲ။ လင်းဖုန်းလေးက နတ်ဘုရားနယ်ပယ်ထဲ ဝင်ဖို့ သေချာပေါက် ပြဿနာမရှိနိုင်တော့ဘူး"

ရှလောင်ကွေ့မှာ စိတ်လှုပ်ရှားမှုကြောင့် မျက်နှာတစ်ခုလုံး ဝင်းပလျက် လက်နှစ်ဖက်ကို ပွတ်နေမိသည်။

သိုင်းသမားများစွာမှာ စိတ်စွမ်းအား မလုံလောက်သဖြင့် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုကို မပြုလုပ်နိုင်ကြပေ။ သို့သော် လင်းဖုန်းမှာမူ ထိုအချက်နှင့် ဆန့်ကျင်ဘက် ဖြစ်သည်။ သူ၏ စိတ်စွမ်းအားမှာ အလွန် အစွမ်းထက်လှပြီး သာမန် သိုင်းသမားများထက် များစွာ သာလွန်သည်။

သို့သော် သူ၏ အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုမှာ ထိုမျှ မလွယ်ကူပေ။ အဘယ်ကြောင့်ဆိုသော် သူ ကျင့်ကြံနေသည်မှာ စစ်မှန်သော စကြာဝဠာကျင့်စဉ်စနစ် ဖြစ်သောကြောင့်ပင်။ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ဖန်တီးလိုလျှင် အလွန်အစွမ်းထက်သော စိတ်စွမ်းအား လိုအပ်သည်။ မဟုတ်ပါက စိတ်စွမ်းအားကို အသုံးပြု၍ မျိုးရိုးဗီဇများကို တိုက်ပွဲဝင်ခန္ဓာကိုယ်နှင့်လိုက်လျောညီထွေဖြစ်အောင် အတင်းအကျပ် ပြန်လည် တည်ဆောက်ရန် မဖြစ်နိုင်ပေ။

အနည်းဆုံးတော့ လင်းဖုန်း၏ လက်ရှိ စိတ်စွမ်းအားသည် ဒုတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုအတွက် လိုအပ်သည့် အဆင့်သို့ မရောက်သေးပေ။ အကယ်၍ အခွင့်အရေး ရလာပြီး ချက်ချင်း အသွင်ပြောင်းနိုင်လျှင်ပင် သူသည် တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ကျင့်ကြံနိုင်ဦးမည် မဟုတ်ပေ။

သို့သော် သူ၏ လက်ရှိ စိတ်စွမ်းအားနှင့် ပိုင်ရှု၏ ပုံရိပ်ယောင်သိုင်းပညာကို ခုခံရန်မှာတော့ ကလေးကစားစရာကဲ့သို့ လွယ်ကူလှသည်။

"မဟုတ်ဘူး... မဖြစ်နိုင်ဘူး။ ငါ မယုံဘူး။ မင်းမှာ စိတ်ပိုင်းဆိုင်ရာ အားနည်းချက်တွေ ရှိနေတာ ဒီလောက်သိသာနေတာတောင် ငါ့ရဲ့ ထင်ယောင်ထင်မှားပုံရိပ်ယောင်ကို ဘယ်လိုလုပ် လျစ်လျူရှုနိုင်မှာလဲ။”

"ထင်ယောင်ထင်မှားမျက်လုံး"

ပိုင်ရှု၏ အမူအရာမှာ အနည်းငယ် ကြမ်းတမ်းလာသည်။ သူသည် ဤကဲ့သို့ ထိုးနှက်ချက်မျိုးကို လုံးဝလက်မခံနိုင်ပေ။ သူ၏ ထင်ယောင်ထင်မှား ပုံရိပ်ယောင်သိုင်းပညာအပေါ် သူ အပြည့်အဝ ယုံကြည်မှု ရှိထားပြီး လင်းဖုန်းက ထိုပုံရိပ်ယောင်ကို အမှန်တကယ် ကျော်လွှားနိုင်သည်ဟု သူ မယုံကြည်ပေ။

ထို့ကြောင့် ပိုင်ရှုသည် ဘာကိုမျှ ထိန်ချန်မထားတော့ဘဲ သူ၏ ကြယ်တာရာစွမ်းအား အားလုံးကို ထုတ်လွှတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် မီးခိုးရောင် အလင်းဖျော့ဖျော့ ထွက်ပေါ်နေသော မျက်လုံးတစ်လုံးသည် သူ့နဖူးထက်တွင် တဖြည်းဖြည်း ပွင့်လာသည်။

ထိုမျက်လုံး၏ စူးစိုက်ကြည့်ခြင်းကို ခံရသောအခါ လင်းဖုန်းသည် သူ့စိတ်ထဲရှိ စိတ်စွမ်းအားစက်လုံးမှာ ပိုမို လျင်မြန်စွာ လည်ပတ်လာသည်။ စိတ်စွမ်းအားလုံးသည် သူ့စိတ်အစဥ်ကို ကာကွယ်ရန် စိတ်စွမ်းအား အမြောက်အမြား ထုတ်လွှတ်ပေးနေသည်ကို သူ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။

"စိတ်ပိုင်းဆိုင်ရာ မွေးရာပါ စွမ်းရည်လား"

လင်းဖုန်း အနည်းငယ် အံ့ဩသွားသည်။ ဤသည်မှာ ပိုင်ရှု နိုးထလာခဲ့သော စိတ်ပိုင်းဆိုင်ရာ မွေးရာပါ စွမ်းရည်ဖြစ်ကြောင်း သူ မည်သို့ နားမလည်ဘဲ နေပါမည်နည်း။

ဤကဲ့သို့သော မွေးရာပါ စွမ်းရည်မှာ အလွန်တရာ ရှားပါးလှသည်။

ထိုသို့သော စိတ်ပိုင်းဆိုင်ရာစွမ်းရည် နိုးထလာပြီးသည်နှင့် ထင်ယောင်ထင်မှားဖြစ်စေသော ပုံရိပ်ယောင်သိုင်းပညာများကို ကျင့်ကြံရာတွင် အားစိုက်ထုတ်မှု တစ်ဝက်ဖြင့် ရလဒ်နှစ်ဆ ရရှိစေပြီး အလွန် လွယ်ကူအဆင်ပြေလှသည်။ ဤပိုင်ရှုသည် ထင်ယောင်ထင်မှား ပုံရိပ်ယောင်သိုင်းပညာများကို ရွေးချယ်ကျင့်ကြံပြီး အောင်မြင်မှု အဆင့်အတန်း မြင့်မားနေသည်မှာ မဆန်းတော့ပေ။

အကယ်၍ လင်းဖုန်းသာ စိတ်စွမ်းအားစက်လုံးကို မဖန်တီးထားခဲ့ပါက ပိုင်ရှု၏ ထင်ယောင်ထင်မှားဖြစ်စေမှုကို လင်းဖုန်း၏ စိတ်ဆန္ဒသက်သက်ဖြင့် ခုခံရန် အလွန်ခက်ခဲပေလိမ့်မည်။

ပိုင်ရှု ထင်ယောင်ထင်မှားမျက်လုံးကို အသုံးပြုလိုက်သည်ကို မြင်သောအခါ သူတော်စင်ကိုးပါးပင် စိတ်ဝင်တစား ရှိလာကြသည်။

"သူတော်စင် ယွမ်ယီ... ဒီပိုင်ရှုက မင်းတို့ အလွတ်တန်းကျင့်ကြံသူများသမဂ္ဂက မဟုတ်လား။ သူက တကယ်ပဲ ပုံရိပ်ယောင်အမျိုးအစား မွေးရာပါ စွမ်းရည် နိုးထထားတာပဲ။ တကယ်ကို မဆိုးဘူးပဲ" အကြီးအကဲခန်းကလည်း ချီးကျူးလိုက်သည်။

သူတော်စင်ယွမ်ယီက ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ဟုတ်ပါတယ်... ပိုင်ရှုက ကျွန်တော်တို့ သမဂ္ဂရဲ့ အဖွဲ့ဝင်ပါ။ ကံမကောင်းတာက ပိုင်မိသားစုနဲ့ သူတို့ရဲ့ အတိတ်ကြောင့် သူ့ရဲ့စိတ်နေစိတ်ထားမှာ အားနည်းချက်တချို့ ရှိနေတယ်။ အဲဒီ အားနည်းချက်တွေကို သူ မဖြေရှင်းနိုင်ရင် နတ်ဘုရားနယ်ပယ်ထဲ ခြေတစ်လှမ်းလှမ်းဖို့တောင် ခက်ခဲလိမ့်မယ်"

"နတ်ဘုရားနယ်ပယ် ထင်ယောင်ထင်မှားပုံရိပ်ယောင်သိုင်းသမားတွေ ရှိဖို့က တကယ်ပဲ ရှားပါးပါတယ်။ ဒါပေမဲ့ မင်းတို့ သမဂ္ဂအနေနဲ့ ဒီကိစ္စကို စီးပွားရေးလုပ်ငန်းရှင်များ အဖွဲ့အစည်းနဲ့ ဆွေးနွေးလို့ ရတာပဲ။ သူတော်စင်ဘာတိုင်လည်း ဒီမှာ ရှိနေတာဆိုတော့ ဒါက သင့်တော်တဲ့ အခွင့်အရေးပဲလေ"

အကြီးအကဲခန်းမှာလည်း ကြားဝင်ညှိနှိုင်းပေးချင်ပုံရသည်။ သူသည် လူသားသိုင်းသမားများ၏ ရှေ့ဆောင်လမ်းပြ၊ ပထမဆုံးသူတော်စင်ဖြစ်ပြီး အလွန် ဂုဏ်သတင်းကြီးကာ အဆင့်အတန်း မြင့်မားသူ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူသည် လူသားမျိုးနွယ်၏ အလုံးစုံ အင်အားကို မြှင့်တင်နိုင်ရန် တတ်နိုင်သမျှ ကြိုးစားပေးလိုသူ ဖြစ်သည်။

ပိုင်ရှုသည် အသွင်ပြောင်းနယ်ပယ် သိုင်းသမားလေးသာ ဖြစ်သော်လည်း အကယ်၍ သူသာ နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဦးအဖြစ် ကြီးပြင်းလာနိုင်ပါက နောင်တစ်ချိန်တွင် ကြမ်းကြုတ်သားရဲကြီးများကို ရင်ဆိုင်တိုက်ခိုက်ရာတွင် အလွန်အစွမ်းထက်သော အထောက်အကူလက်နက်တစ်ခု ဖြစ်လာပေလိမ့်မည်။

အသိဉာဏ်ရှိသော သက်ရှိများအပေါ် ထင်ယောင်ထင်မှား ပုံရိပ်ယောင်သိုင်းသမားများ၏ အားသာချက်မှာ အလွန် ကြီးမားလှသည်။

သူတော်စင်ဘာတိုင်ကလည်း ခေါင်းညိတ်ကာ ပြောလိုက်သည်။ "အကြီးအကဲခန်းက ပြောနေမှတော့... နောက်ကျရင် ငါ တစ်ယောက်ယောက်လွှတ်ပြီးတော့ ပိုင်မိသားစုကို အရေးပါတာကို အရာပေးဖို့ သတိပေးခိုင်းလိုက်ပါမယ်။ ဒီကောင်လေး သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ အားနည်းချက်တွေကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ငါ မျှော်လင့်တယ်"

"ဟားဟား... ဒါ ငါ လိုချင်တာပဲ။ ဒီကောင်လေးကိုယ်စား သူတော်စင်ဘာတိုင်ကို ကြိုပြီး ကျေးဇူးတင်ပါတယ်"

သူတော်စင်ယွမ်ယီလည်း အလွန် ဝမ်းသာသွားသည်။ မညသို့ပင်ဖ့စ်စေ ပိုင်ရှုသည် သူတို့ သမဂ္ဂ၏ ပါရမီရှင်တစ်ယောက် မဟုတ်ပါလား။ အကယ်၍ နောင်တစ်ချိန်တွင် သူတို့သမဂ္ဂမှ နတ်ဘုရားနယ်ပယ် ထင်ယောင်ထင်မှား ပုံရိပ်ယောင်သိုင်းသမားတစ်ယောက် ထွက်ပေါ်လာမည်ဆိုလျှင် ဤသည်က သမဂ္ဂအတွက်လည်း အလွန် ကောင်းမွန်သည့် ကိစ္စရပ်တစ်ခု ဖြစ်လာမည်ပင်။

"ဒါပေမဲ့ လင်းဖုန်းက ပိုပြီးတော့တောင် အံ့ဩစရာ ကောင်းတယ်လို့ ငါ ထင်တယ်။ ပိုင်ရှုက သူ့ရဲ့ မွေးရာပါ ပုံရိပ်ယောင်စွမ်းအားကို ထုတ်သုံးနေတာတောင် လင်းဖုန်းကို ထင်ယောင်ထင်မှားဖြစ်စေမှုထဲ ကျရောက်အောင် မလုပ်နိုင်သေးဘူး။ ဒီကောင်လေးရဲ့ စိတ်ဆန္ဒခွန်အားက တကယ်ကို အစွမ်းထက်တာပဲ"

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ကတော့ လင်းဖုန်းကို ပို၍ အထင်ကြီးနေသည်။ သို့သော် အခြားသော သူတော်စင်များကလည်း ခေါင်းညိတ် ထောက်ခံကြသည်။ နှိုင်းယှဉ်ကြည့်လျှင် လင်းဖုန်းသည် အမှန်တကယ်ပင် ပိုမိုထူးချွန်သည်။ ပိုင်ရှု အသုံးပြုသော ကြောက်စရာကောင်းသည့် ထင်ယောင်ထင်မှားပုံရိပ်ယောင်များထဲတွင် လူတိုင်း လင်းဖုန်းကဲ့သို့ ကျောက်ဆောင်ကျောက်ခဲကြီးတစ်ခုနှယ် တည်ငြိမ်စွာ ရပ်တည်နိုင်မည် မဟုတ်ပေ။

"ဘာလို့ နည်းနည်းမှ အရာမထင်ရတာလဲ"

ပိုင်ရှုသည် ထင်ယောင်ထင်မှားမျက်လုံးကို အသုံးပြုခဲ့သော်လည်း လင်းဖုန်း၏ အမူအရာက ပြောင်းလဲခြင်း မရှိသည်ကို တွေ့လိုက်ရသည်။ ထိုအဖြစ်က သူ၏ မွေးရာပါစွမ်းရည်မှာ လင်းဖုန်းအပေါ် အလုပ်မဖြစ်ကြောင်း ထင်ရှားလှသည်။

"ပိုင်ရှု... မင်းရဲ့ ထင်ယောင်ထင်မှားဖြစ်စေမှုတွေက ငါ့အပေါ်မှာ ဘာမှအသုံးမဝင်ဘူး။ အခု ငါ့အလှည့်ပဲ"

လင်းဖုန်း ပိုင်ရှု၏ ပိုမိုဖြူရော်လာသော မျက်နှာကို ကြည့်ပြီး ခေါင်းခါလိုက်သည်။ သူ အမှန်တကယ်ပင် အနည်းငယ် စိတ်ပျက်မိသည်။

အစပိုင်းတွင် ပိုင်ရှု၏ ထင်ယောင်ထင်မှားဖြစ်စေမှုက မည်မျှအထိ အံ့ဩစရာ ကောင်းသလဲဆိုသည်ကို သူ ကြုံ‌တွေ့လိုခဲ့ခြင်း ဖြစ်သည်။ သို့သော် အခြေအနေအရဆိုလျှင် ပိုင်ရှု၏ စွမ်းအားသည် သူ့အပေါ်တွင် မည်သည့်သက်ရောက်မှုမှ မရှိပေ။ ထိုအဖြစ်က လင်းဖုန်းအတွက် အလွန်စိတ်ပျက်စရာ ကောင်းလှသည်။

ပိုင်ရှု၏ ထင်ယောင်ထင်မှားဖြစ်စေမှု ကျရှုံးသွားပြီဖြစ်ရာ လင်းဖုန်းကတော့ အားနာနေမည် မဟုတ်ပေ။ အခု သူတိုက်ခိုက်ရမည့်အလှည့် ရောက်လာပြီ ဖြစ်သည်။

"ဟင်းလင်းပြင်ပူပေါင်း"

ကြီးကျယ်ခမ်းနားသော ဟင်းလင်းပြင်ပူပေါင်းသည် ပိုင်ရှုကို ချက်ချင်း လွှမ်းခြုံသွားသည်။

ပိုင်ရှုကိုယ်တိုင် ထင်ယောင်ထင်မှား ပုံရိပ်ယောင်သိုင်းသမားတစ်ဦး ဖြစ်သဖြင့် သူသည် ဟင်းလင်းပြင်ပူပေါင်း၏ လှည့်စားမှုနောက်သို့ သဘာဝကျကျပင် လိုက်ပါသွားခြင်း မရှိပေ။ သို့သော် ဟင်းလင်းပြင်ပူပေါင်း၏ အပြည့်အဝ လွှမ်းခြုံခြင်းကို ခံလိုက်ရပြီး ပူပေါင်းထဲတွင် ပါဝင်သော ကြောက်စရာကောင်းသည့် စွမ်းအားကို ခံစားလိုက်ရချိန်တွင် ယခုတစ်ကြိမ် သူ ရှုံးသွားပြီဖြစ်ကြောင်း သူ အတပ်သိလိုက်ရသည်။

"ပြိုကွဲစေ"

လင်းဖုန်း စကားဆုံးသည်နှင့် လှပသော ဟင်းလင်းပြင်ပူပေါင်းမှာ ရုတ်ချည်းဆိုသလို ပြိုကွဲသွားသည်။ ပိုင်ရှု၏ ပုံရိပ်သည်လည်း ပြာအဖြစ်သို့ လုံးဝပြောင်းလဲသွားသည်။

ဧရာမဖန်သားပြင်ပေါ်တွင် ပိုင်ရှု၏အမည် ချက်ချင်း ပျောက်ကွယ်သွားသည်။ လင်းဖုန်း၏ အဆင့်မှာလည်း အဆင့် ၃၇ သို့ တက်လှမ်းသွားပြီ ဖြစ်သည်။

ဤအစွမ်းထက်သိုင်းသမားနှစ်ယောက်ကြား တိုက်ပွဲသည် လင်းဖုန်း၏ အနိုင်ရရှိမှုနှင့် ပိုင်ရှု ဖယ်ထုတ်ခံရခြင်းတို့ဖြင့် အဆုံးသတ်သွားခဲ့လေပြီ။

All Chapters