အခန်း (၆၈၉-၆၉၀)
Vol. 69 Ch. 689-690
အခန်း (၆၈၉) လက်နက် အားလုံးတို့၏ နတ်ဘုရား
"ဒါထက် ပိုပြီးတော့တောင် အံ့သြစရာကောင်းတဲ့ အရာတစ်ခု ရှိသေးတယ်၊ ဒါပေမဲ့ အဲဒါက ပုံပြင်တစ်ပုဒ်လို ဖြစ်နေတော့ ဘယ်လောက်အထိ မှန်ကန်မလဲဆိုတာတော့ ငါ မသိဘူး" ရွှင်းက ဆက်ပြောသည်။
"အထွတ်အထိပ် အဆင့် နိယာမထက် ပိုပြီး အံ့သြစရာကောင်းတာလား။ အဲဒါက ဘာလဲ" လုံချန်းက ပို၍ စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းလိုက်သည်။
"လက်နက်အားလုံးရဲ့ နတ်ဘုရားပဲ။ အရင်ကလည်း ငါ နင့်ကို ပြောဖူးမယ် ထင်ပါတယ်၊ လက်နက်တွေထဲမှာ အမြင့်ဆုံးအဆင့်က နတ်ဘုရားအဆင့် လက်နက်တွေပဲ။ လက်ရှိမှာ နတ်ဘုရားအဆင့် လက်နက်ဆိုလို့ နည်းနည်းပဲ ရှိတော့တယ်။ အဲဒီထဲက တစ်လက်ကို ကောင်းကင်ဧကရာဇ်က ပိုင်ဆိုင်ထားပြီး နောက်တစ်လက်ကိုတော့ နတ်ဆိုးဧကရာဇ်က ကိုင်ဆောင်ထားတယ်။ အဲဒီလိုမျိုး အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်တွေကပဲ နတ်ဘုရားအဆင့် လက်နက်တွေကို ပိုင်ဆိုင်ထားကြတာ" ရွှင်းက စတင် ရှင်းပြသည်။
"ယေဘုယျအားဖြင့်တော့ သာမန်လူတစ်ယောက်ဟာ ဒီလက်နက်တွေကို မြင်တွေ့ခွင့်ရဖို့တောင် မမျှော်လင့်နိုင်ပါဘူး၊ ဘာလို့လဲဆိုတော့ ကောင်းကင်ဘုံက ကောင်းကင်ဧကရာဇ် ဒါမှမဟုတ် နတ်ဆိုးလောကက နတ်ဆိုးဧကရာဇ်တို့လို အဆင့်မျိုး ရောက်ဖို့ဆိုတာ မဖြစ်နိုင်သလောက် ခက်ခဲလို့ပဲ။ ဒါပေမဲ့ အဲဒီမှာ ချွင်းချက်တစ်ခုတော့ ရှိတယ်" သူမက ထပ်လောင်း ပြောသည်။
"ဘယ်လို ချွင်းချက်မျိုးလဲ" လုံချန်းက မေးလိုက်သည်။
"ပျောက်ဆုံးနေတဲ့ နတ်ဘုရားအဆင့် လက်နက်ပေါ့။ အဲဒါကတော့ အချိန်ဓားပဲ။ အဲဒါကို ပိုင်ရှင်မဲ့ နတ်ဘုရားအဆင့် လက်နက်လို့ ခေါ်ကြတယ်၊ ဘာလို့လဲဆိုတော့ ပျောက်ဆုံးသွားပြီးကတည်းက ဘယ်သူမှ ရှာမတွေ့ခဲ့ကြလို့ပဲ" ရွှင်းက ကောင်းကင်ယံကို လှမ်းကြည့်ရင်း ပြန်ဖြေသည်။
"အရင်က ဒီနေရာကို ထျန်းရှန် လာခဲ့ဖူးတယ်လို့ ငါ နင့်ကို ပြောခဲ့တာ မှတ်မိလား။ သူ ဒီကို လာခဲ့တာက အဲဒီအရာအတွက်လည်း ပါပါတယ်။ သူက အချိန်ဓားနဲ့ ပတ်သက်တဲ့ သဲလွန်စတစ်ခုကို ရှာတွေ့ခဲ့တာ။ သူ ပြောပုံအရဆိုရင် အဲဒီဓားဟာ ဒီချိတ်ပိတ်ခံထားရတဲ့ ဂြိုဟ်ရဲ့ တစ်နေရာရာမှာ ရှိနေတယ်တဲ့" သူမက ဆိုသည်။
"ကံမကောင်းတာက လပေါင်းများစွာ ရှာဖွေခဲ့ပေမဲ့ သူ ရှာမတွေ့ခဲ့ဘူး။ သူ ဒီနေရာကနေ ထွက်ခွာသွားချိန်မှာတောင် အချိန်ဓားဟာ ဒီဂြိုဟ်ပေါ်မှာ ရှိနေသေးတယ်လို့ သူ ယုံကြည်ခဲ့တယ်။ ငါလည်း သူ့ကို ယုံပါတယ်။ အချိန်ဓားဟာ ဒီနေရာရဲ့ တစ်နေရာရာမှာ ရှိနေဖို့ အခွင့်အရေး အများကြီး ရှိတယ်လို့ ငါ ထင်တယ်" သူမက ဆက်ပြောသည်။
"နတ်ဘုရားအဆင့် လက်နက်... အချိန်ဓားလား" လုံချန်းသည် ထိုဓားမှာ မည်သို့သော ပုံစံရှိမည်နည်းဟု တွေးတောရင်း ရေရွတ်လိုက်သည်။
"ဟုတ်တယ်၊ အချိန်ဓားပဲ။ တန်ဖိုးအရှိဆုံး ပျောက်ဆုံးပစ္စည်းတွေထဲက တစ်ခုပေါ့။ ဒဏ္ဍာရီအရဆိုရင် လက်ရှိမှာ နတ်ဘုရားအဆင့် ဓား ၅ လက် ရှိတယ်။ အဲဒီထဲက သုံးလက်က ကောင်းကင်ဘုံမှာ ရှိနေတာ။ အဲဒါတွေကတော့ တရားစီရင်ခြင်းဓား၊ သွေးဓား နဲ့ ကောင်းကင်ဧကရာဇ် ကိုယ်တိုင် ကိုင်ဆောင်ထားတဲ့ ကောင်းကင်ပြစ်ဒဏ်ခတ်ခြင်းဓားတို့ပဲ" ရွှင်းက ရှင်းပြသည်။
"စတုတ္ထမြောက် နတ်ဘုရားအဆင့် ဓားကတော့ နတ်ဆိုးလောကမှာ ရှိနေတယ်။ နတ်ဆိုးဧကရာဇ်က နတ်ဘုရား ကွပ်မျက်ခြင်းဓားကို ပိုင်ဆိုင်ထားတယ်။ ပဉ္စမမြောက် နတ်ဘုရားအဆင့် ဓားကတော့ အခုပြောတဲ့ အချိန်ဓားပဲ"
"နတ်ဘုရားအဆင့် ဓား... တကယ်လို့ ငါသာ အဲဒါကို ရခဲ့မယ်ဆိုရင် တကယ့်ကို အင်အားကြီးလာမှာပဲ" ရွှင်း၏ စကားကို ကြားရသောအခါ လုံချန်းက ရေရွတ်လိုက်သည်။
"ဟုတ်တယ်၊ အချိန်ဓားက တကယ့်ကို အစွမ်းထက်ပါတယ်။ အဲဒါက ဟင်းလင်းပြင်နဲ့ အချိန်ကိုတောင်မှ ပိုင်းဖြတ်ပစ်နိုင်တယ်။ အဲဒီဓားရှိရင် နင် အများကြီး ပိုပြီး အစွမ်းထက်လာမှာပါ။ ပြီးတော့ အဲဒီဓားမှာ နောက်ထပ် ထူးခြားချက်တစ်ခု ရှိသေးတယ်။ အဲဒီဓားရဲ့ အကူအညီနဲ့ နင် အချိန်တွေကို ရှေ့တိုးတာ ဒါမှမဟုတ် နောက်ဆုတ်တာတွေ လုပ်နိုင်တယ်၊ ဒါပေမဲ့ အဲဒီစွမ်းရည်ကို ဘယ်သူမှ သုံးလိမ့်မယ်လို့တော့ ငါ မထင်ဘူး" ရွှင်းက ပြန်ဖြေသည်။
"ဓားမှာ အချိန်ခရီးသွားနိုင်တဲ့ စွမ်းရည် ရှိတာလား။ အဲဒါက တကယ် ကြောက်စရာ ကောင်းလောက်အောင် အစွမ်းထက်တာပဲ။ အဲဒီဓားကို ရတဲ့သူက ဒီလောက် အံ့သြစရာကောင်းတဲ့ စွမ်းအားကို ဘာလို့ မသုံးဘဲ နေမှာလဲ" လုံချန်းသည် သူမ၏ စကားကို မယုံနိုင်သဖြင့် ဇဝေဇဝါဖြင့် မေးလိုက်သည်။
"ဘာလို့လဲဆိုတော့ အဲဒီစွမ်းရည်ကို အသုံးပြုခြင်းက ပိုင်ရှင်ကို သေခြင်းတရားပဲ ယူဆောင်လာလို့ပဲ" ရွှင်း၏ အဖြေကြောင့် လုံချန်း အံ့အားသင့်သွားသည်။
"ကဲ... ငါ နင့်ကို ဥပမာတစ်ခုနဲ့ ပြောပြမယ်။ ဒါက လူတိုင်းနီးပါး သိထားတဲ့ နာမည်ကျော် ပုံပြင်တစ်ပုဒ်ပဲ။ အဲဒီဓား နောက်ဆုံး ပေါ်ထွက်ခဲ့တုန်းက အကြောင်းပေါ့" သူမက ထပ်လောင်း ပြောသည်။
"ဒဏ္ဍာရီအရ ရှေးဟောင်း အပျက်အစီး တစ်ခုထဲမှာ အချိန်ဓားကို ရှာတွေ့ခဲ့တဲ့ မိန်းကလေးငယ် တစ်ယောက် ရှိခဲ့တယ်။ အပျက်အစီးတွေထဲမှာ သေချာ စူးစမ်းလေ့လာပြီးနောက် သူမက အဲဒီဓားရဲ့ နာမည်နဲ့ အသုံးဝင်ပုံတွေကို သိသွားခဲ့တယ်" သူမက ဆက်ပြောသည်။
လုံချန်းသည် အချိန်ခရီးသွားရန် ကူညီပေးနိုင်သော ထိုဓားအကြောင်းကို သိချင်စိတ်ဖြင့် သေသေချာချာ နားထောင်နေမိသည်။ ဤစွမ်းရည်ကို မည်သို့ အသုံးချရမည်ဆိုသည်ကို သူ၏ စိတ်ထဲတွင် နည်းလမ်းများစွာ တွေးတောနေမိသည်။
"မိန်းကလေးငယ်က ဓားကို ယူပြီး စိတ်လှုပ်ရှားစွာနဲ့ အိမ်ပြန်လာခဲ့တယ်၊ ပြီးတော့ သူ့မိသားစုကို အဲဒီအကြောင်း ပြောပြခဲ့တယ်။ အဲဒီဓားမှာ လူတစ်ယောက်ကို အချိန်နောက်ပြန် နှစ်ပေါင်း တစ်သောင်းအထိ ခေါ်သွားနိုင်တဲ့ ထူးခြားချက် ရှိတယ်လို့ သူက ပြောပြခဲ့တယ်။ ပြီးတော့ အဲဒီရဲ့ ဆိုးကျိုးကိုလည်း သူက ပြောပြခဲ့သေးတယ်။ သူ ပြောပုံအရဆိုရင် လူတစ်ယောက်က အဲဒီစွမ်းရည်ကို သုံးပြီး အချိန်နောက်ပြန်သွားရင် ဖြစ်ဖြစ် ရှေ့ကိုသွားရင် ဖြစ်ဖြစ် သုံးပြီးနောက် ၂၄ နာရီပဲ အသက်ရှင်နိုင်တော့မယ်တဲ့။ အဲဒီ ၂၄ နာရီ ပြည့်ပြီးတဲ့နောက်မှာ အဲဒီလူနဲ့ သူ့ရဲ့ အတိတ် ဒါမှမဟုတ် အနာဂတ်က ကိုယ်ပွားတွေ အားလုံးဟာ ဒီကမ္ဘာကနေ ပျောက်ကွယ်သွားလိမ့်မယ်" ရွှင်းက ရှင်းပြသည်။
"ဥပမာအားဖြင့် နင်သာ အဲဒီလက်နက်ကို သုံးပြီး အချိန်နောက်ပြန်သွားမယ်ဆိုရင် နင် ၂၄ နာရီအတွင်း သေရလိမ့်မယ်။ ဒါကြောင့်ပဲ ဒီစွမ်းရည်ကို ဘယ်သူမှ သုံးမှာမဟုတ်ဘူးလို့ ငါ ထင်တာ" သူမက ထပ်ပြောသည်။
"စိတ်ဝင်စားစရာပဲ။ အဲဒီစွမ်းအားကို သုံးဖို့အတွက် ပေးဆပ်ရတာ တကယ့်ကို ကြီးမားတာပဲ။ ဒါနဲ့ အဲဒီမိန်းကလေး ဘာဖြစ်သွားလဲ။ ငါ သိသလောက်ဆိုရင် ဓားက ပျောက်ဆုံးနေတုန်းပဲ မဟုတ်လား။ အဲဒါဆိုရင် မိန်းကလေးက ဓားကို ဖျောက်ပစ်လိုက်တာလား။ တစ်ယောက်ယောက်က ခိုးသွားတာမျိုးလား" လုံချန်းက ရွှင်းကို မေးလိုက်သည်။
"မဟုတ်ဘူး။ အဲဒီမိန်းကလေးက သူ့မိသားစုကို ဓားပြခဲ့တယ်။ သူ့မိသားစုက သူ့ကို ဓားမသုံးဖို့ တားမြစ်ခဲ့ပေမဲ့ သူ့ရဲ့ အစ်ကိုဖြစ်သူကတော့ တခြားတစ်ခုကို တွေးနေခဲ့တာ။ သူက တစ်ညမှာ ဓားကို ခိုးယူလိုက်ပြီး ပေးဆပ်ရမယ့် ဆိုးကျိုးကို သိပါလျက်နဲ့ အချိန်နောက်ပြန်သွားဖို့ သုံးစွဲလိုက်တယ်။ သူက လွန်ခဲ့တဲ့ ၁၀ နှစ်၊ သူ့ရဲ့ ချစ်သူ အသတ်ခံလိုက်ရတဲ့ အချိန်ဆီကို နောက်ပြန်သွားခဲ့တာ။ သူက သူ့ချစ်သူကို ကယ်တင်နိုင်ခဲ့ပေမဲ့ ၂၄ နာရီအကြာမှာ သူ သေဆုံးသွားခဲ့တယ်။ အဲဒီနောက်မှာ ဓားက ပျောက်ကွယ်သွားခဲ့တာပဲ။ အဲဒီဓား ဘယ်ရောက်သွားလဲဆိုတာ ဘယ်သူမှ မသိကြတော့ဘူး" ရွှင်းက ဖြေလိုက်သည်။
"ဒါနဲ့ တစ်နေ့မှာတော့ ထျန်းရှန်က အဲဒီဓားရဲ့ မကြာသေးမီက တည်နေရာနဲ့ ပတ်သက်တဲ့ သဲလွန်စတစ်ခုကို ရှာတွေ့ခဲ့ပြီး အဲဒီသဲလွန်စက သူ့ကို ဒီချိတ်ပိတ်ထားတဲ့ ဂြိုဟ်ဆီကို ခေါ်ဆောင်လာခဲ့တာပဲ။ ကျန်တာတော့ နင် သိတဲ့အတိုင်းပါပဲ။ သူ ဓားကို ရှာမတွေ့ခဲ့သလို သူ့ရဲ့ အချိန်ကန့်သတ်ချက်ကြောင့် ဒီနေရာကနေ ထွက်သွားခဲ့ရတယ်" သူမက ရှင်းပြချက်ကို အဆုံးသတ်လိုက်သည်။
"သူ ထွက်သွားတဲ့အချိန်မှာ အချိန်ဓားက ဒီဂြိုဟ်ပေါ်မှာ ရှိနေတယ်ဆိုတာ သူ ဘယ်လောက်အထိ သေချာခဲ့တာလဲ" လုံချန်းက မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။
"သူက ရာနှုန်းပြည့် သေချာခဲ့တာ။ တကယ်လို့ သူ့အလိုအတိုင်းသာဆိုရင် နောက်ထပ် နှစ်ပေါင်း ထောင်ချီပြီး ဒီဂြိုဟ်တစ်ခုလုံးကို အနှံ့ရှာဖွေနေမှာ၊ ဒါပေမဲ့ သူ့မှာ တခြား လုပ်စရာတွေလည်း ရှိနေခဲ့လို့ပဲ" ရွှင်းက ပြန်ဖြေသည်။
"ကောင်းပြီလေ။ ငါ့ရဲ့ ရှေ့ကလူရဲ့ ဗီဇကို ငါ ယုံကြည်လိုက်ပါ့မယ်။ ဒဏ္ဍာရီလာ အချိန်ဓားဟာ ဒီဂြိုဟ်ပေါ်မှာ ရှိနေမှာ အသေအချာပဲ။ နောက်ထပ် အထွတ်အထိပ် အဆင့် နိယာမ ရတနာလုံးကလည်း ဒီမှာပဲ ရှိနေတယ်။ သွေးမျိုးဆက် ကျောင်းတော်က ငါ့ကို ဒီကို ပို့လိုက်တာ ငါ တကယ့်ကို ကံကောင်းတာပဲ" လုံချန်းက ပြုံးလျက် ရေရွတ်လိုက်သော်လည်း သူ ရှေ့ကို ကြည့်လိုက်သောအခါ ထိုအပြုံးမှာ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
သူသည် သူ၏ တဲအိမ်ရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း သူ၏ ရှေ့တွင် မြင်တွေ့လိုက်ရသော မြင်ကွင်းက သူ၏ သွေးများကို ဒေါသဖြင့် ဆူပွက်သွားစေခဲ့သည်။
သူ၏ တဲအိမ်ရှေ့တွင် လူ ၁၀ ယောက်ခန့် ရပ်နေသည်ကို သူ မြင်လိုက်ရသည်။ ထို ၁၀ ယောက်ထဲမှ တစ်ဦးသည် မိလျာယီ၏ လက်ကို ဆွဲကိုင်ကာ တဲအိမ်အပြင်ဘက်သို့ ဆွဲထုတ်နေခြင်း ဖြစ်သည်။
"နင်က ဘယ်လိုတောင် သတ္တိရှိလို့ အလုပ်ထွက်မယ်လို့ ပြောရတာလဲ။ နင့်ကြောင့် ငါတို့ ဘယ်လောက်အထိ ငွေတွေ ဆုံးရှုံးနေရတယ်ဆိုတာ နင် သိလား" လူဝကြီးတစ်ယောက်က မိလျာယီကို ဆွဲလားရမ်းလား လုပ်ရင်း ဆူပူကြိမ်းမောင်းနေတော့သည်။
အခန်း (၆၉၀) မကောင်းဆိုးဝါး
"သောက်ကောင်မ... နင် ငတ်ပြီး သေတော့မယ့်အချိန်မှာ ငါတို့က အလုပ်ပေးခဲ့တာ။ နင့် သားကို ကျွေးမွေးနိုင်အောင် ငါတို့က ပိုက်ဆံပေးခဲ့တာ၊ အခုကျတော့ နင်က အလုပ်ထွက်မယ်လို့ ပြောရဲတယ်ပေါ့လေ" လူဝကြီးသည် မိလျာယီကို ဆွဲလားရမ်းလား လုပ်ရင်း ဆဲဆိုနေတော့သည်။
"မ... မဟုတ်ဘူး။ ကျွန်မ အဲဒီမှာ ဆက်ပြီး အလုပ်မလုပ်နိုင်တော့ဘူး။ ကျွန်မ သားကို ကတိပေးထားပြီးပြီ" မိလျာယီက ရုန်းကန်ရင်း ပြန်ပြောသည်။
"ဒါက မဖြစ်နိုင်ဘူး၊ ငါတို့ရဲ့ ဖောက်သည်တွေက အဲဒီ သစ္စာဖောက်ရဲ့ မိန်းမကို လာရိုက်ပြီး စိတ်အပန်းဖြေဖို့ သီးသန့်လာကြတာဟ။ နင် ထွက်လို့ မရဘူး။ နင် သေတဲ့နေ့အထိ ငါတို့ဆီမှာ အလုပ်လုပ်ရမယ်" လူဝကြီးက တဟားဟား ရယ်မောရင်း ပြန်ပြောလိုက်သည်။
"နင့်သားကို ပေးထားတဲ့ ကတိနဲ့ ပတ်သက်လို့တော့... အဲဒီကတိက ပိုအရေးကြီးလား၊ နင့်သားရဲ့ အသက်က ပိုအရေးကြီးလား။ တကယ်လို့ နင် ငါ့စကားကို နားမထောင်ရင် နင့်သား မနက်ဖြန် နေရောင်ခြည်ကို မြင်ရတော့မှာ မဟုတ်ဘူးလို့ ငါ ကတိပေးတယ်" သူက မျက်နှာ အမူအရာ အဆိုးဆုံးဖြင့် ထပ်လောင်း ပြောကြားလိုက်သည်။
မိလျာယီသည် ထိုစကားကို ကြားရသောအခါ ထိတ်လန့်တုန်လှုပ်သွားသည်။ ထိုလူသည် သူမ၏ သားအပေါ် မည်သို့သော ယုတ်မာမှုမျိုး ပြုလုပ်မည်နည်းဟု သူမ စိတ်ပင် မကူးရဲတော့ပေ။ သူမ၏ မျက်လုံးများမှ မျက်ရည်များ စတင် စီးကျလာသည်။
"သူ့ကို ဘာမှမလုပ်ပါနဲ့။ ကျွန်မ... ကျွန်မ အလုပ်လုပ်ပါ့မယ်" သူမက ဆက်လက် မရုန်းကန်တော့ဘဲ ပြောလိုက်သည်။
လုံချန်းသည် အရာအားလုံးကို ကြားနေရပြီး ထိုလူဝကြီးကို စိုက်ကြည့်နေမိသည်။ သူ၏ လက်သီးအား တင်းတင်းဆုပ်ထားသဖြင့် လက်ဆစ်များ ချိုးသံကိုပင် ကြားနေရသည်။
သူ၏ မျက်လုံးများမှာ ကြယ်စင်များကဲ့သို့ အနက်ရောင် အလင်းတန်းများ တောက်ပလာပြီး သူ၏ ပတ်ပတ်လည်တွင် ထူးဆန်းသော ဟင်းလင်းပြင် အငွေ့အသက်များ လွှမ်းမိုးလာသည်။ သူသည် အင်္ကျီအတွင်းမှ ဓားကို ထုတ်ယူကာ လက်ထဲတွင် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။
သူသည် ရပ်နေသော နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားပြီး လူဝကြီး၏ ရှေ့တွင် ပေါ်လာခဲ့သည်။
မိလျာယီက အလုပ်ပြန်လုပ်ရန် သဘောတူလိုက်သည်ကို မြင်သောအခါ ထိုဝဝတုတ်တုတ် လူယုတ်မာကြီးမှာ ပါးစပ်နားရွက် ချိတ်မတတ် ပြုံးဖြဲနေတော့သည်။
"လိမ္မာတယ် သမီးလေး။ ကဲ... ငါနဲ့ လိုက်ခဲ့တော့။ ငါတို့ အလုပ်စဖို့ လိုပြီ" သူက သူမကို ပြောရင်း သူ၏ နှုတ်ခမ်းအား လျှာဖြင့် သပ်လိုက်သည်။ သို့သော် ထိုအချိန်မှာပင် သူ၏ မျက်စိရှေ့တွင် တစ်စုံတစ်ခု တောက်ပလာသည်ကို မြင်လိုက်ရသည်။
လူငယ်တစ်ယောက်သည် သူ၏ရှေ့တွင် ဘယ်ကမှန်းမသိဘဲ ရုတ်တရက် ပေါ်လာခဲ့သည်။ ထိုလူ ဘာမှ မလုပ်နိုင်ခင်မှာပင် တောက်ပသော ဓားတစ်လက်က မိလျာယီကို ဆွဲကိုင်ထားသည့် သူ၏ လက်ဆီသို့ ပိုင်းဖြတ်ချလိုက်တော့သည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် လက်တစ်ဖက်သည် ခန္ဓာကိုယ်မှ ပြတ်တောက်သွားပြီး မြေပြင်ပေါ်သို့ ဘုတ်ခနဲ ကျသွားခဲ့သည်။
ဝက်တစ်ကောင် အသတ်ခံရသကဲ့သို့ စူးရှသော အော်ဟစ်သံကြီးက ပတ်ဝန်းကျင် တစ်ခုလုံးကို ဟိန်းထွက်သွားခဲ့သည်။
"ဖူ... ဖူချန်း" မိလီယာယီသည် သွေးများ ပေကျံနေသော ဓားကို ကိုင်ကာ ရပ်နေသည့် လုံချန်းအား ကြည့်ရင်း ထိတ်လန့်တကြား အော်ဟစ်မိသည်။
လုံချန်းသည် မိလျာယီကို တစ်ချက်လှည့်ကြည့်ကာ နှစ်သိမ့်ပေးသော အပြုံးတစ်ခု ပြုံးပြလိုက်ပြီးနောက် အော်ဟစ်နေသော လူဝကြီးထံသို့ ပြန်လည် အာရုံစိုက်လိုက်သည်။
"စိတ်မကောင်းပါဘူး၊ ဒါပေမဲ့ ဘယ်သူမှ ခင်ဗျားနောက်ကို လိုက်မှာ မဟုတ်ဘူး။ အပြန်အလှန် အနေနဲ့ ခင်ဗျားတို့ အားလုံး ဒီမှာပဲ အပြီးတိုင် ကျန်ရစ်ခဲ့ရလိမ့်မယ်" လုံချန်းက ပြုံးလျက် ပြောလိုက်သည်။
"မင်း... ဒီမျိုးမစစ်ကောင်၊ မင်း ငါ့ကို တိုက်ခိုက်ရဲတယ်ပေါ့လေ။ ငါက ငြိမ်းချမ်းရေး ဂေဟာရဲ့ တာဝန်ခံကွ။ မင်းကို ငါ သတ်ပစ်မယ်" လူဝကြီးသည် သူ၏ ကျန်ရှိနေသော ဘယ်ဘက်လက်ချောင်းများဖြင့် လုံချန်းကို ညွှန်ပြကာ ဟိန်းဟောက်လိုက်သည်။
"ဪ... ဒီလက်ကိုရော ဆုံးရှုံးချင်နေတာလား" လုံချန်းက လှောင်ပြောင် ရယ်မောလိုက်သည်။
ထိုလူသည် လုံချန်း၏ စကားကို ကြားသောအခါ ကျောရိုးထဲအထိ စိမ့်တက်သွားသလို ခံစားလိုက်ရသည်။ သူသည် သူ၏လက်ကို ပြန်ရုပ်သိမ်းကာ နောက်ဆုတ်ရန် ပြင်လိုက်သော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ ဓားသည် တစ်ဖန် ပြန်လည် လှုပ်ရှားသွားပြီး ထိုလူ၏ ဘယ်ဘက်လက်ကိုပါ ထပ်မံ ပိုင်းဖြတ်လိုက်ပြန်သည်။
နောက်ထပ် လက်တစ်ဖက် မြေပြင်ပေါ်သို့ ကျသွားခဲ့ပြန်သလို ကျယ်လောင်သော အော်ဟစ်သံကြီးလည်း ထပ်မံ ပေါ်ထွက်လာပြန်သည်။
"မင်းတို့ ကောင်တွေ၊ ဘာကြည့်နေတာလဲ။ ဒီပိုးမွှားကောင်ကို သွားသတ်စမ်း။ သူက ငါ့ကို ဘာအကြောင်းပြချက်မှမရှိဘဲ ရန်ရှာနေတာကွ" ထိုလူသည် လုံချန်းက သူ၏လည်ပင်းကို ထပ်မံ ပိုင်းဖြတ်မည်အား ကြောက်လန့်သဖြင့် နောက်သို့ ဆုတ်ပြေးရင်း သူ၏ နောက်လိုက်များကို အော်ခိုင်းလိုက်တော့သည်။
ထိုလူများသည် သူတို့၏ ကျောတွင် လွယ်ထားသော ဓားများကို ဆွဲထုတ်ကာ လုံချန်းထံသို့ ပြေးဝင်လာကြသည်။
မိလျာယီမှာမူ သူမ၏ ရှေ့တွင် မည်သည်များ ဖြစ်ပျက်ကုန်သည်ကို နားမလည်နိုင်သေးမီမှာပင် သူမ၏ သားထံသို့ လက်နက်ကိုင် လူတစ်စု ပြေးဝင်လာသည်အား မြင်လိုက်ရသည်။ သူမ၏ သားအသက်အတွက် သူမ တုန်လှုပ်သွားခဲ့သည်။
သူမသည် ဘာမှ မစဉ်းစားတော့ဘဲ လုံချန်း၏ ရှေ့သို့ ပြေးဝင်လိုက်ပြီး သူ့ကို ကာကွယ်ရန် လက်နှစ်ဖက်ကို ဖြန့်လိုက်သည်။
"ဖူချန်း၊ သား ဘာတွေ လုပ်လိုက်တာလဲ။ ဒီကနေ မြန်မြန်ပြေးတော့၊ အမေ သူတို့ကို တားထားပေးမယ်" သူမက လုံချန်းကို လောဆော်လိုက်သည်။ လုံချန်းသည် နောက်ဆက်တွဲ ဆိုးကျိုးများကို မစဉ်းစားဘဲ အဘယ်ကြောင့် ထိုလူအား ဒုက္ခပေးလိုက်သည်ကို သူမ မသိသော်လည်း သူမ သားအသက်အား ကယ်တင်လိုနေဆဲ ဖြစ်သည်။ သူမကိုယ်တိုင် အသေခံပြီး ထိုလူများကို တားထားပေးကာ လုံချန်းအား ထွက်ပြေးစေချင်နေခြင်း ဖြစ်သည်။
သို့သော် လုံချန်းက ထွက်မပြေးခဲ့ပေ။ မိလျာယီ၏ မိခင်မေတ္တာကို မြင်တွေ့လိုက်ရသဖြင့် သူသည် ခပ်ပါးပါးလေး ပြုံးလိုက်မိသည်။
သူသည် သူမ၏ ပုခုံးပေါ်သို့ လက်ကို အသာအယာ တင်လိုက်သည်။
"စိတ်မပူပါနဲ့ အမေ။ ကျွန်တော် ဘာမှမဖြစ်စေရဘူး။ ဒါပေမဲ့ သူတို့အတွက်တော့ ကျွန်တော် အာမမခံနိုင်ဘူးနော်" လုံချန်းက ပြုံးလျက် ရေရွတ်လိုက်သည်။
"သား၊ မြန်မြန်ပြေးစမ်းပါ" မိလျာယီသည် နောက်သို့ လှည့်ကြည့်ရင်း ဟိန်းဟောက်လိုက်သည်။ သူမ၏ နောက်တွင် မည်သူမျှ မရှိတော့သည်ကို မြင်လိုက်ရသောအခါ သူမ၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။
သူမ၏ သားမှာ ထွက်ပြေးသွားပြီဟု သူမ ထင်မှတ်လိုက်ခြင်း ဖြစ်သည်။ သူ သူမစကားကို နားထောင်သည့်အတွက် သူမ ဝမ်းသာသွားသည်။
သူမသည် သူမ၏ အသက်ကို ပေးဆပ်ရမည် ဖြစ်သော်လည်း သားဖြစ်သူအား လိုက်လံ ဖမ်းဆီးမည့် သူများကို အစွမ်းကုန် တားဆီးရန် ပြင်ဆင်လိုက်သည်။
သူမသည် ရှေ့သို့ ကြည့်လိုက်သော်လည်း ခဏချင်းမှာပင် မျက်နှာမှာ ဖြူလျော်သွားခဲ့သည်။ လုံချန်းသည် ထိုလူများထဲမှ တစ်ယောက်၏ ရှေ့တည့်တည့်တွင် ရပ်နေသည်ကို သူမ မြင်လိုက်ရခြင်း ဖြစ်သည်။
ထိုလူသည် လုံချန်းထံသို့ သူ၏ ဓားကို ဝေ့ယမ်း ပိုင်းဖြတ်လိုက်သည်။ သူမ နောက်ကျသွားပြီဖြစ်ကြောင်း သိလိုက်ရသည်။ ထိုလူကို သူမ မတားနိုင်သလို သားကိုလည်း မကယ်နိုင်တော့ပေ။ သူမ၏ နှလုံးခုန်သံမှာ တစ်စက္ကန့်မျှ ရပ်တန့်သွားသလို ခံစားလိုက်ရပြီး ကြောက်လန့်တကြား မျက်လုံးများကို မှိတ်ထားလိုက်သည်။ သူမ၏ သား မျက်စိရှေ့တွင်ပင် အသတ်ခံရသည်ကို သူမ မကြည့်ရဲတော့ပေ။
သူမ၏ မျက်လုံးမှ မျက်ရည်တစ်စက် ကျဆင်းလာသည်။ သို့သော် ထိုမျက်ရည် မြေပြင်ပေါ်သို့ မကျမီမှာပင် အော်ဟစ်သံတစ်သံကို သူမ ကြားလိုက်ရသည်။
သူမ မျက်မှောင်ကြုတ်သွားမိသည်။ အဘယ်ကြောင့်ဆိုသော် ထိုအော်သံမှာ သူမသား၏ အသံနှင့် မတူသောကြောင့် ဖြစ်သည်။ ထိုအသံမှာ ပို၍ လေးလံပြီး လူကြီးတစ်ယောက်၏ အော်သံနှင့် တူနေသည်။
ပထမ အော်သံပြီးသည်နှင့် ဒုတိယ အော်သံကိုပါ သူမ ထပ်မံ ကြားလိုက်ရပြန်သည်။ ယခုတစ်ကြိမ်တွင်လည်း လူကြီးတစ်ယောက်၏ အသံပင် ဖြစ်သည်။ တစ်ယောက်ပြီး တစ်ယောက် အော်ဟစ်သံများ အဆက်မပြတ် ပေါ်ထွက်နေသဖြင့် မည်သည်များ ဖြစ်နေကြောင်း သူမ မသိတော့ပေ။
သူမသည် မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်ရာ... ပထမဆုံး မြင်လိုက်ရသည်မှာ မြေပြင်ပေါ်တွင် လဲကျနေသော ခေါင်းပြတ်နေသည့် အလောင်းတစ်လောင်း ဖြစ်သည်။ ထိုအလောင်းမှာ သူမ၏ သား မဟုတ်ပေ။ လုံချန်းကို တိုက်ခိုက်ရန် ပြင်ခဲ့သည့် လူ၏ အလောင်း ဖြစ်သည်။ အနီးအနားတွင်လည်း နောက်ထပ် အလောင်းတစ်လောင်းကို သူမ မြင်လိုက်ရပြန်သည်။
သူမ မြေပြင်ပေါ်ကို ဝေ့ကြည့်လိုက်သောအခါ အလောင်းများစွာကို မြင်တွေ့လိုက်ရသည်။ ထိုအလောင်းအားလုံးမှာ လုံချန်းကို တိုက်ခိုက်ခဲ့သည့် သူများ၏ အလောင်းများ ဖြစ်ကြသည်။
သူမ အကြည့်ကို အထက်သို့ ပင့်တင်လိုက်သောအခါ လုံချန်းသည် ကောင်းကင်ယံမှ ဓားကို ကိုင်ကာ ဆင်းသက်လာသည်ကို မြင်လိုက်ရသည်။ ဓားသည် လူတစ်ယောက်၏ ဦးခေါင်းခွံထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြီး ထိုလူ၏ မျက်လုံးများ ပြူးထွက်သွားအောင် လုပ်လိုက်သည်။
ထိုလူသည် မြေပြင်ပေါ်သို့ ဘုတ်ခနဲ လဲကျသွားတော့သည်။