လေဟုန်စီး ကြေးစားအစောင့်အရှောက်အဖွဲ့
Vol. 22 Ch. 211
ယန်ချင်း၏ ပြိုင်ဘက်ကင်းကျောက်သိမ်းခန္ဓာကိုယ်ကြောင့် သူသည် သတ်ဖြတ်ခြင်း၊ မိစ္ဆာနှင့် အလောင်းကောင်ချီကဲ့သို့သော သီးခြားချီအမျိုးအစားများကို အာရုံခံနိုင်စွမ်းတွင် အလွန်ထက်မြက်လှပေသည်။
မာယွမ်ထံမှ သိပ်သည်းသော သတ်ဖြတ်ခြင်းချီများကို ယန်ချင်း မခံစားရသည့်အတွက် ထိုလူမှာ လူသတ်ထားမှု နည်းပါးမည်ဆိုသည်ကို သိလိုက်ရ၏။
အကယ်၍သာ တတ်နိုင်မည်ဆိုပါက ခွန်အားအပြည့်ရှိနေသေးသည့် ဤလူရွယ်ကို နာကျင်ဖွယ်သေဆုံးခြင်းဆီသို့ မိမိကိုယ်တိုင် ဆန္ဒအလျောက် ဦးတည်သွားစေခဲ့သော အကြောင်းရင်းကို ယန်ချင်း ကူညီဖြေရှင်းပေးချင်မိသည်။
စောစောက သူ ဝေဝေဝါးဝါး ပြောဆိုခဲ့သော စကားများအရ လောမျိုးနွယ်ဟုခေါ်သော တစ်စုံတစ်ယောက်နှင့် ပတ်သက်နေမည်ဟု ယန်ချင်း ခံစားမိလေသည်။
ယန်ချင်းသည် အဖွဲ့အစည်းမှ ဖြစ်ကြောင်း မာယွမ် သိသွားချိန်တွင် သူ၏ အခြေအနေများကို ပွင့်ပွင့်လင်းလင်း ပြောပြလာနိုင်စေရန် ထိုနှစ်ရက်တာအချိန်က လုံလောက်မည်ဟု မျှော်လင့်မိသည်။
အကယ်၍ နှစ်ရက်နှင့် မလုံလောက်ပါက ယန်ချင်းသည် သူ့အား အဖွဲ့အစည်းသို့ ခေါ်ဆောင်သွားပြီး တည်းခိုခန်းတစ်ခု ငှားရမ်းပေးကာ သေချာစဉ်းစားရန် အချိန်အနည်းငယ် ပေးထားရန် ဆန္ဒရှိပေသည်။
အဆုံးသတ်တွင်မှ မာယွမ်က သူ၏အကြောင်းများကို မျှဝေရန် အဆင်မပြေသေးပါက ယန်ချင်းအနေဖြင့် ထိုအတိုင်းသာ ထားရစ်ခဲ့ပြီး သူ့အတွက် ကောင်းရာကောင်းကျိုးကိုသာ ဆုတောင်းပေးတော့မည် ဖြစ်သည်။
သို့သော် သူ၏ ဇာတ်ကြောင်းကို ပြောပြရန် ဆုံးဖြတ်ခဲ့ပါက မိမိတတ်စွမ်းသရွေ့ ကူညီပေးသွားရန် ဆန္ဒရှိနေ၏။
အကယ်၍ မိမိစွမ်းဆောင်နိုင်သည့် အတိုင်းအတာထက် ကျော်လွန်နေပါက လဲ့ဝေယွမ်၏ ခေါင်းပေါ်သို့သာ ဝမ်းပန်းတသာ ပုံချလိုက်တော့မည် ဖြစ်ချေသည်။
...
တွေးထားသည့်အတိုင်းပင် စိန်ခန္ဓာဂိုဏ်းသို့ သွားရောက်သည့် ခရီးစဉ်တစ်လျှောက်လုံးတွင် မာယွမ်၏ အတိတ်အကြောင်းကို ယန်ချင်း တစ်ကြိမ်တစ်ခါမျှ ထုတ်မမေးခဲ့ချေ။
အယ်လီ၏ ကျောပေါ်၌ ကြည်လင်သော ကောင်းကင်ကြီးကို ငေးမေားရင်း သူတို့နှစ်ဦးလုံး တိတ်တဆိတ် သေရည်သောက်နေခဲ့ကြသည်။
ကြယ်စင်လေးသည်လည်း သူတို့နှင့်အတူ ရှိနေလေသည်။
ယင်ဓာတ်ကြွယ်ဝသောရေကန်မှ ဖမ်းလာသည့် ငါးများကို သိမ်းဆည်းရာတွင် အသုံးပြုသော စည်ထဲ၌ ကြယ်စင်လေးကို ယန်ချင်းက ထည့်ထားခဲ့၏။
စည်ထဲရှိ ပြာလဲ့လဲ့ရေများတွင် သိပ်သည်းသော ဝိညာဉ်ချီများ ပါဝင်နေပြီး ယင်းချီ၏ နူးညံ့သိမ်မွေ့သော ဂုဏ်သတ္တိက ကြယ်စင်လေးအတွက် ဆိုင်ကလုန်းပုစွန်ထံမှ ဉာဏ်အလင်းပုလဲကို သန့်စင်ရန် ကြိုးပမ်းရာတွင် အထောက်အကူ ဖြစ်စေလိမ့်မည် ဖြစ်သည်။
ဉာဏ်အလင်းပုလဲကို သန့်စင်ခြင်း၏ ကနဦးအဆင့်သည် ၎င်းအတွက် အလွန်အရေးကြီးသော အလှည့်အပြောင်းတစ်ခု ဖြစ်ပေသည်။
အကယ်၍ ကြိုးပမ်းနေစဉ်အတွင်း တစ်စုံတစ်ရာ မှားယွင်းသွားပါက ဉာဏ်အလင်းပုလဲသည် ပြာအဖြစ် ကြေမွသွားပြီး ၎င်း၏ ဉာဏ်အလင်းပွင့်မှုများအားလုံး ပျောက်ကွယ်သွားနိုင်သကဲ့သို့ ကဏန်းလေးအနေဖြင့်လည်း ထိုအထဲတွင် သိမ်းဆည်းထားသော ဉာဏ်အလင်းများအားလုံး ၎င်း၏ ဝိညာဥ်ပင်လယ်ထဲသို့ တစ်ဟုန်ထိုး ဝင်ရောက်လာချိန်တွင် ပုလဲထံမှ တန်ပြန်သက်ရောက်မှုကို ခံစားရမည် ဖြစ်သည်။
ထိုသို့ဖြစ်လာပါက ဉာဏ်အလင်းပွင့်မှုများသည် ၎င်း၏ စိတ်ဝိညာဉ်ပင်လယ်ကို ပြည့်နှက်သွားစေပြီး ၎င်း၏ ဝိညာဉ်ကို ဖြည်းဖြည်းချင်း ဝါးမြိုသွားကာ နောက်ဆုံးတွင် ရူးသွပ်သွားစေမည် ဖြစ်သည်။
ထိုအခြေအနေသို့ ရောက်သွားပါက ပေါက်ကွဲထွက်သွားရန် အချိန်ပိုင်းမျှသာ လိုတော့မည် ဖြစ်သည်။
ဝိညာဉ်ဓာတ်ကြွယ်ဝသော ပြာလဲ့လဲ့ရေများအပြင် ယန်ချင်းသည် ၎င်း၏ စိတ်ပိုင်းဆိုင်ရာအခြေအနေကို ခိုင်မာစေရန် အထူးသင့်လျော်သော ကောင်းကင်အဆင့် ဆေးပင်အချို့ကိုလည်း ထည့်ပေးခဲ့သေးသည်။
နောက်ဆက်တွဲဖြစ်လာမည့် အရာအားလုံးကတော့ ကြယ်စင်လေးအပေါ်တွင်သာ မူတည်နေတော့မည် ဖြစ်၏။
...
တစ်နာရီခန့်အကြာတွင် ယန်ချင်းတို့အဖွဲ့သည် စိန်ခန္ဓာဂိုဏ်း၏ နယ်မြေသို့ ရောက်ရှိသွားခဲ့ကြသည်။
ဂိုဏ်းဘက်မှ ယန်ချင်း၏ အကဲဖြတ်မှုများတွင် ကူညီပေးရန် အဆင့်မြင့်အကြီးအကဲတစ်ဦးကို စေလွှတ်ပေးထားလေသည်။
အဆိုပါ အကြီးအကဲမှာ နန်းတော်အဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး ယင်းမှာ ယန်ချင်းကို ဂိုဏ်းဘက်မှ မျက်နှာသာပေးသည့် လုပ်ရပ်တစ်ခုလည်း ဖြစ်ပေသည်။
ယန်ချင်း ရောက်ရှိလာချိန်တွင် အကဲဖြတ်စစ်ဆေးမည့်နေရာ အပါအဝင် အရာအားလုံးကို အသင့်ပြင်ဆင်ထားပြီး ဖြစ်နေသည်။
ထိုနေရာမှာ တပည့်များအားလုံးကို ဖယ်ရှားပေးထားသော သူတို့၏ ဌာနခွဲတစ်ခု ဖြစ်သည်။
အစေခံများနှင့် ဌာနခွဲခေါင်းဆောင်သာလျှင် ထိုနေရာ၌ ကျန်ရစ်ခဲ့၏။
နန်းတော်အဆင့်အကြီးအကဲ၏ အကူအညီကြောင့် အရာရာတိုင်းသည် ချောမွေ့စွာ ပြီးမြောက်သွားခဲ့လေသည်။
နာရီအနည်းငယ်ကြာပြီးနောက် ယန်ချင်းသည် အဖွဲ့အစည်းပေါင်း ၂၇၀ ၏ အကဲဖြတ်မှုများကို လွယ်ကူစွာ အပြီးသတ်နိုင်ခဲ့သည်။
ယင်းမှာ စိန်ခန္ဓာဂိုဏ်း၏ ဩဇာတိက္ကမကြောင့်လား သို့မဟုတ် အခြားအကြောင်းရင်းတစ်ခုခုကြောင့်လားဆိုသည်ကို သေချာမသိသော်လည်း အကဲဖြတ်စစ်ဆေးမှု ခံယူရန် ရောက်လာသည့် အဖွဲ့အစည်း ၂၇၀ အနက် မည်သူတစ်ဦးတစ်ယောက်မှ လှည့်စားရန် မကြိုးစားခဲ့ကြပေ။
အဖွဲ့အစည်း ၂၇၀ လုံး အောင်မြင်ခဲ့သော်လည်း သူတို့၏ ရလဒ်များမှာ ကြာပန်းပြာတိုင်းပြည်မှ ရလဒ်များလောက်တော့ ထူးချွန်ပြောင်မြောက်ခြင်း မရှိကြချေ။
အဖွဲ့အစည်းအများစုသည် အနီရောင်အဆင့် မဏ္ဍိုင်များသာ ရရှိခဲ့ကြပြီး လိမ္မော်ရောင်အဆင့် မဏ္ဍိုင်ရရှိသူများမှာ ဆယ်ဦးထက်ပင် မပိုခဲ့ပေ။
အထူးခန္ဓာကိုယ်ဖွဲ့စည်းပုံများမှာလည်း အရေအတွက် အလွန်နည်းပါးကာ သာမန်အမျိုးအစားများသာ ဖြစ်ကြသည်။
မှတ်တမ်းတင်ထားသမျှ အထူးခန္ဓာကိုယ်ဖွဲ့စည်းပုံများအားလုံးနီးပါးမှာ သစ်သားစွမ်းအင်နှင့် ပတ်သက်နေပြီး အသုံးပြုသူအတွက် ကြီးမားသော အကျိုးကျေးဇူးကို မပေးစွမ်းနိုင်သည့် အနိမ့်ဆုံးအဆင့်များသာ ဖြစ်နေကြ၏။
ယန်ချင်း အလုပ်ပြီးစီးသွားချိန်တွင် စိန်ခန္ဓာဂိုဏ်းမှ အကြီးအကဲနှင့် ရင်းနှီးစွာ နှုတ်ဆက်စကားအနည်းငယ် ပြောဆိုပြီးနောက် လေဟုန်စီးကြေးစားအစောင့်အရှောက်အဖွဲ့၏ နယ်မြေသို့ ထွက်ခွာလာခဲ့သည်။
အကဲဖြတ်မှုများ ပြုလုပ်နေစဉ်အတွင်း ယန်ချင်းက မာယွမ်ကို အတူတကွ ခေါ်ဆောင်ထားခဲ့ပြီး ယန်ချင်းသည် အဖွဲ့အစည်းမှ ဖြစ်ကြောင်းနှင့် နန်းတော်အဆင့်အကြီးအကဲက ယန်ချင်းအပေါ် ပြသခဲ့သော ရိုသေလေးစားမှုများကို မြင်တွေ့ခဲ့ရသည့်အတွက် မာယွမ်မှာ အလွန်တရာ အံ့အားသင့်သွားခဲ့ရပေသည်။
ထိုကဲ့သို့ ငယ်ရွယ်သူတစ်ဦးအပေါ် နန်းတော်အဆင့်ကျွမ်းကျင်သူတစ်ဦးက လေးစားမှုပြသခြင်းမှာ ယန်ချင်း၏ ကိုယ်ပိုင်အရည်အချင်းကြောင့် မဟုတ်ဘဲ အဖွဲ့အစည်း၏ ဂုဏ်သတင်းကြောင့်သာ ဖြစ်မည်ဟု မာယွမ်က ယူဆထားလိုက်၏။
ယန်ချင်းသူ၏ ရာထူးကို ထုတ်ဖော်လိုက်ကတည်းက မာယွမ်တစ်ယောက် ဂနာမငြိမ် ဖြစ်နေခဲ့သည်။
သူတို့ ထွက်ခွာလာချိန်တွင်ပင် သူ၏ စိတ်ထဲ၌ အတွေးများစွာ ပြည့်နှက်နေသည့်အလား ဝေဝေဝါးဝါး ဖြစ်နေပုံရသည်။
သူ၏ ရှုံ့မဲ့သွားသော မျက်နှာအမူအရာက ထိုအတွေးအချို့ကို ဖော်ပြနေပေသည်။
သူ၏ အကြည့်များက တုံ့ဆိုင်းခြင်း၊ ဗျာများခြင်းနှင့် ကြောက်ရွံ့ခြင်းစသည့် ခံစားချက်မျိုးစုံကို ရံဖန်ရံခါ ပြောင်းလဲနေ၏။
သူ၏ ခံစားချက်များက မည်မျှပြင်းထန်ကြောင်းကို ယန်ချင်းအတွက် ခန့်မှန်းသိမြင်ရန် မခက်ခဲခဲ့ပေ။
တုံ့ဆိုင်းမှုများ ရှိနေခြင်းက အနည်းဆုံးတော့ မာယွမ်အနေဖြင့် သူ့အကြောင်းကို ပြောပြရန် ဆန္ဒရှိနေကြောင်း ပြသနေပြီး အချိန်အနည်းငယ်ယူရန်သာ လိုအပ်နေခြင်း ဖြစ်သည်။
သူသည် အဆုံးစွန်ထိ ရောက်လုနီးပါး ဖြစ်နေသော်လည်း ယန်ချင်းကမူ အတင်းအကျပ် ဖိအားပေးခြင်းထက် သဘာဝအတိုင်းသာ ဖြစ်ပျက်ပါစေတော့ဟု ဆုံးဖြတ်လိုက်လေသည်။
...
လေဟုန်စီးကြေးစားအစောင့်အရှောက်အဖွဲ့၏ နယ်မြေသည် စိန်ခန္ဓာဂိုဏ်းနှင့် သိပ်မဝေးလှချေ။ သူတို့၏ ခရီးစဉ်မှာ နှစ်နာရီခန့်သာ ကြာမြင့်ခဲ့သည်။
ဝိညာဉ်ကျင့်ကြံခြင်းဂိုဏ်းကဲ့သို့ပင် လေဟုန်စီးကြေးစားအစောင့်အရှောက်အဖွဲ့သည်လည်း သူတို့၏ နယ်မြေအပေါ် လျော့ရဲစွာသာ အုပ်ချုပ်ထားခဲ့သည်။
နှစ်စဉ်ဆက်သရသည့် ပဏ္ဏာအနည်းငယ်မှလွဲ၍ သူတို့၏ နယ်မြေအတွင်းရှိသူများထံမှ များများစားစား မတောင်းဆိုကြပေ။
သို့သော် သူတို့၏ နယ်မြေမှ သီးသန့်ခွဲထွက်နေတတ်သော ဝိညာဉ်ကျင့်ကြံခြင်းဂိုဏ်းနှင့် မတူဘဲ လေဟုန်စီးကြေးစားအစောင့်အရှောက်အဖွဲ့တွင် ၎င်းတို့၏ နယ်မြေတစ်ဝန်းလုံး၌ ပျံ့နှံ့နေသော ဌာနခွဲပေါင်း တစ်ဒါဇင်ကျော် ရှိနေသည်။
ထိုဌာနခွဲများ၏ ရည်ရွယ်ချက်မှာ ကြီးကြပ်ကွပ်ကဲရန် မဟုတ်ဘဲ သူတို့နှင့် နယ်မြေအတွင်း အခြေချနေထိုင်သူများကြားမှ အဟန့်အတားများကို လျှော့ချရန်နှင့် ထိုဆက်ဆံရေးကို အသုံးပြုကာ သူတို့၏ စီးပွားရေးကို တိုးချဲ့ရန်သာ ဖြစ်လေသည်။
လေဟုန်စီးကြေးစားအစောင့်အရှောက်အဖွဲ့သည် သူတို့ကိုယ်တိုင်အတွက် ခိုင်မာသော အခြေခံတစ်ခုကို ဖန်တီးနိုင်ခဲ့သည့် အနည်းငယ်သော လွတ်လပ်သည့် ကြေးစားအဖွဲ့အစည်းများထဲမှ တစ်ခု ဖြစ်သည်။
သူတို့၏ အဓိကလုပ်ငန်းမှာ ကုန်ပစ္စည်းများကို တစ်နေရာမှ တစ်နေရာသို့ သယ်ယူပို့ဆောင်ရေးနှင့် အကာအကွယ်ပေးရေး ဖြစ်၏။
သူတို့၏ အထူးကျွမ်းကျင်မှုမှာ ခရီးဝေးပို့ဆောင်ရေး ဖြစ်ပေသည်။ ထို့အပြင် သူတို့သည် လေလံရုံအသီးသီးအတွက် လုံခြုံရေးကိုလည်း တာဝန်ယူပေးကြသေးသည်။
ဤအဖွဲ့အစည်းသည် တည်ရှိလာခဲ့သည်မှာ နှစ်ပေါင်း ၂၀,၀၀၀ နီးပါးခန့် ရှိပြီဖြစ်ပြီး ၎င်း၏ ဝန်ဆောင်မှုနှင့် ခွန်အားတို့ကြောင့် တိုက်ကြီးတစ်ဝန်းလုံးတွင် ခိုင်မာသော ဂုဏ်သတင်းကို တည်ဆောက်ထားနိုင်ခဲ့သည်။
ဖောက်သည်များနှင့် ပတ်သက်လာလျှင် သူတို့သည် ခွဲခြားဆက်ဆံခြင်း မရှိကြဘဲ ၎င်းမှာ နှစ်များတစ်လျှောက် သူတို့၏ တိုးတက်မှုနောက်ကွယ်မှ အကြောင်းရင်းတစ်ခု ဖြစ်ခဲ့သည်။
သူတို့၏ သင့်တင့်မျှတသော နှုန်းထားများကြောင့် အဆင့်မဲ့အဖွဲ့အစည်းတစ်ခုပင်လျှင် သူတို့၏ ဝန်ဆောင်မှုများကို ငှားရမ်းနိုင်ပေသည်။
သူတို့သည် အဆင့်မဲ့အဖွဲ့အစည်းများမှသည် အဖွဲ့အစည်းကဲ့သို့သော အဆင့်မြင့်အဖွဲ့အစည်းကြီးများအထိ အလုပ်များကို လက်ခံလုပ်ဆောင်ပေးကြသည်။
ထိုသို့သော ခိုင်မာသည့် ဆက်ဆံရေးရှိထားသည့်အတွက်ကြောင့်သာ ယန်ချင်းအနေဖြင့် သူ၏ အကဲဖြတ်မှုများအတွက် အချိန်တိုအတွင်း ၎င်းတို့၏ အကူအညီကို ရယူနိုင်ခဲ့ခြင်း ဖြစ်ချေသည်။