← Chapters

သဲလွန်စရှာဖွေခြင်း

Vol. 22 Ch. 212

သဲလွန်စရှာဖွေခြင်း

Vol. 22 Ch. 212

လေဟုန်စီးကြေးစားသက်တော်စောင့်အဖွဲ့ဘက်မှ ယန်ချင်း၏ လုပ်ငန်းဆောင်တာများတွင် ကူညီပေးရန်တွက် သူတို့၏ ထောက်ပံ့ရေးတာဝန်ခံကို စေလွှတ်ပေးခဲ့လေ၏။

ထိုတာဝန်ခံမှာ ပိန်ပါးပါးခန္ဓာကိုယ်နှင့် ကျောင်းတော်သားအသွင်အပြင်ရှိသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်ပေသည်။

သူ၏အမည်မှာ ယွမ်ဝေ့ဖြစ်ပြီး ယနေ့ လေဟုန်စီးကြေးစားသက်တော်စောင့်အဖွဲ့ကြီး ယခုကဲ့သို့ အမြင့်ဆုံးနေရာသို့ ရောက်ရှိလာစေရန် အဓိကကျသော သူများထဲမှ တစ်ဦးလည်း ဖြစ်လေသည်။

သူသည် ဖော်ရွေသော စရိုက်လက္ခဏာရှိကာ လုပ်ဆောင်သမျှ ကိစ္စရပ်တိုင်းတွင် အလွန်စေ့စပ်သေချာပြီး ဗဟုသုတလည်း ကြွယ်ဝလှ၏။

သူတို့နယ်မြေအတွင်းရှိ အဖွဲ့အစည်းအားလုံး၏ နောက်ခံသမိုင်းကြောင်းကို အလွတ်ရနေပြီး အဖွဲ့အစည်းတစ်ခုချင်းစီနှင့် ပတ်သက်သည့် သူ၏ နက်ရှိုင်းသော သတင်းအချက်အလက်များကြောင့် သူ့ကို ထိုအဖွဲ့အစည်းများ၏ တည်ထောင်သူဟုပင် လူအများက ထင်မှတ်မှားနိုင်ပေသည်။

အဆင့်သတ်မှတ်ချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အဖွဲ့အစည်းအားလုံးနှင့် ပတ်သက်၍ သူက ခရေစေ့တွင်းကျသည်ကအစ သိရှိထားလေသည်။

နှစ်ကုန်မတိုင်မီ အဆင့်တိုးမြှင့်ရန် စံချိန်မီနိုင်ခြေရှိသော အဖွဲ့အစည်းများအားလုံး၏ စာရင်းကိုပါ ပြုစု၍ ယန်ချင်းထံသို့ ပေးအပ်ခဲ့သေး၏။

ယခုနှစ်အတွင်း အဆင့်တိုးမြှင့်ရန် ခန့်မှန်းထားသော အဆင့်ငါးအဖွဲ့အစည်းများစွာကို တွေ့လိုက်ရသဖြင့် ယန်ချင်းက ထိုစာရင်းကို ဝမ်းမြောက်ဝမ်းသာ လက်ခံခဲ့လေသည်။

သူ နန်းတော်တရားရုံးများသို့ ပြောင်းရွှေ့သွားသောအခါ အဆင့်ငါးအဖွဲ့အစည်းများကို အဆင့်လေးသို့ တိုးမြှင့်ပေးမည့်ကိစ္စရပ်များကို စတင်ကိုင်တွယ်ရမည် ဖြစ်၏။

ယွမ်ဝေ့ပေးအပ်သော သတင်းအချက်အလက်များသည် အချိန်ကျလာပါက သူ၏စစ်ဆေးအကဲဖြတ်မှုများကို ပိုမိုကောင်းမွန်စွာ စီစဉ်နိုင်ရန် ကူညီပေးနိုင်ပေမည်။

ဤကျေးဇူးကို ယန်ချင်းက ရင်ထဲတွင် မှတ်သားထားလိုက်လေ၏။

အဖွဲ့အစည်းဆီသို့ သူ ပြန်ရောက်သောအခါ လေဟုန်စီးကြေးစားသက်တော်စောင့်အဖွဲ့အတွက် လုပ်ငန်းစာချုပ်အချို့ ပိုမိုရရှိလာစေရန် တွန်းအားပေးကူညီမည်ဟု တွေးထားလိုက်သည်။

သူသည် အများအားဖြင့် ကပ်ပါးကောင်တစ်ကောင်လို ပျင်းရိတတ်သော်လည်း တစ်ခါတစ်ရံတွင်မူ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ အသိစိတ်မျိုးရှိလာကာ ကျေးဇူးဆပ်ရာ၌ အစွမ်းကုန် ကြိုးစားလုပ်ဆောင်ပေးတတ်ပေသည်။

….

ယွမ်ဝေ့၏ အကူအညီဖြင့် ယန်ချင်းသည် အချိန်တိုအတွင်း အကဲဖြတ်စစ်ဆေးမှု ၃၀၀ လုံးကို အောင်မြင်စွာ ပြီးမြောက်နိုင်ခဲ့လေသည်။

စိန်ခန္ဓာဂိုဏ်း၏ နယ်မြေတွင် ပြုလုပ်ခဲ့စဉ်ကဲ့သို့ပင် စစ်ဆေးမှုများသည် ချောမွေ့စွာ စီးဆင်းနေခဲ့၏။

ရလဒ်များမှာလည်း မဆိုးလှပေ။ သို့သော် လှည့်စားရန် ကြိုးစားသော အဖွဲ့အစည်းအချို့တော့ ရှိခဲ့လေသည်။ ဖမ်းမိသွားသည့်အခိုက်အတန့်တွင် ထိုသူတို့၏ အနာဂတ်များမှာ မှောင်မိုက်သွားပုံရ၏။

အပြစ်ပေါ်သွားချိန်တွင် ယွမ်ဝေ့ လှမ်းကြည့်လိုက်သော အေးစက်စက် အကြည့်တစ်ချက်ကပင် လေဟုန်စီးကြေးစားသက်တော်စောင့်အဖွဲ့၏ နယ်မြေအတွင်း သူတို့၏ရှေ့ဆက်ရမည့် ခရီးလမ်းမှာ လွယ်ကူမည်မဟုတ်ကြောင်း သိစေရန် လုံလောက်နေချေပြီ။

အဖမ်းခံရသူများ၏ တုံ့ပြန်မှုက စစ်ဆေးခံရမည့်သူများအပေါ် ဂယက်ရိုက်သွားစေခဲ့သည်။

ယွမ်ဝေ့၏ မကျေနပ်မှုကို ထုတ်ဖော်ပြသလိုက်သည်နှင့် တစ်ပြိုင်နက် အဖွဲ့အစည်းအချို့သည် စစ်ဆေးအကဲဖြတ်မှုများမှ နုတ်ထွက်ရန် ဆုံးဖြတ်လိုက်ကြလေ၏။

အဖွဲ့အစည်း ၃၀၀ အနက် ၈ ဖွဲ့မှာ လိမ်လည်မှုဖြင့် အဖမ်းခံရပြီး ၁၄ ဖွဲ့က နုတ်ထွက်သွားကာ ကျန်ရှိသော အဖွဲ့အစည်း ၂၇၈ ဖွဲ့မှာ အကဲဖြတ်မှုများကို အောင်မြင်သွားကြလေသည်။

ထို ၂၇၈ ဖွဲ့ထဲတွင် အပြာရောင်အဆင့် မဏ္ဍိုင်ရှိသော အဖွဲ့ဝင်များပါဝင်သည့် အဖွဲ့အစည်းပေါင်း ၃၀ ခန့်ရှိပြီး ၎င်းမှာ ယန်ချင်း၏ ပူးတွဲစစ်ဆေးမှုများ စတင်ကတည်းက အမြင့်ဆုံးစံချိန်ပင် ဖြစ်ပေသည်။

အဖြူရောင်အဆင့် မဏ္ဍိုင်ရှိသူများမှာ နှစ်ဖွဲ့သာရှိပြီး ကျန်အများစုမှာ လိမ္မော်ရောင်အဆင့် မဏ္ဍိုင်များ သို့မဟုတ် အနီရောင်အဆင့် အဆင့်မြင့်မဏ္ဍိုင်များသာ ဖြစ်ကြ၏။

သို့သော် ရယ်စရာကောင်းသည်မှာ ထိုမျှကောင်းမွန်သော ရလဒ်များရှိသော်လည်း လာရောက်ကြသော အဖွဲ့အစည်းအားလုံးကြားတွင် မှတ်တမ်းတင်နိုင်သည့် အထူးခန္ဓာကိုယ်ဖွဲ့စည်းပုံမှာ တစ်ခုတည်းသာ ရှိနေခြင်းပင်တည်း။

၎င်းမှာ သံမဏိမြူခိုးခန္ဓာကိုယ်ဖွဲ့စည်းပုံဖြစ်ပြီး ၎င်း၏ စွမ်းအားနှင့် ထိရောက်မှုမှာ အသုံးပြုသူ၏ ကျင့်ကြံခြင်းအဆင့်ပေါ်တွင်သာ မူတည်နေသောကြောင့် သိပ်ပြီး မျက်စိကျစရာကောင်းလှသော ခန္ဓာကိုယ်ဖွဲ့စည်းပုံမျိုးတော့ မဟုတ်ပေ။

ထိုခန္ဓာကိုယ်ဖွဲ့စည်းပုံမှာ သေစေနိုင်လောက်သော စွမ်းအားမျိုးမရှိဘဲ အသုံးဝင်မှုသက်သက်ကိုသာ အခြေခံထားခြင်း ဖြစ်လေသည်။

သံမဏိမြူခိုး ခန္ဓာကိုယ်ဖွဲ့စည်းပုံ ပိုင်ဆိုင်ထားသူများသည် မီးခိုးရောင်မြူခိုးများကို ထုတ်လွှတ်နိုင်ပြီး ၎င်းတို့၏ ခန္ဓာကိုယ်ပတ်လည်တွင် သဏ္ဌာန်မဲ့စက်ကွင်းတစ်ခုကို ဖန်တီးကာ အခြားကျင့်ကြံသူတစ်ဦး၏ ဝိညာဉ်အာရုံခံစားမှုဖြင့် စစ်ဆေးခြင်းမှ ကာကွယ်ပေးနိုင်ပေသည်။

ခန္ဓာကိုယ်ဖွဲ့စည်းပုံ၏ အတိုင်းအတာနှင့် စွမ်းဆောင်ရည်များသည် အသုံးပြုသူ၏ စွမ်းအားအပေါ်တွင်သာ ကန့်သတ်ထားလေသည်။

ထိုခန္ဓာကိုယ်ဖွဲ့စည်းပုံကို ပိုင်ဆိုင်ထားသော အခြေတည်အဆင့် ကျွမ်းကျင်သူတစ်ဦးသည် အမြုတေဖွဲ့စည်းခြင်းအဆင့်ရှိ ကျွမ်းကျင်သူတစ်ဦး၏ ဝိညာဉ်အာရုံခံစားမှုမှ မိမိကိုယ်ကို ကာကွယ်နိုင်မည် မဟုတ်ချေ။

မြူခိုးများ အသုံးဝင်နိုင်သူများမှာ သူတို့နှင့် အဆင့်တူ ကျင့်ကြံသူများသာ ဖြစ်ကြ၏။

သို့တိုင်အောင် ထိုသို့သော ကန့်သတ်ချက်များ ရှိနေသည့်တိုင် ၎င်းတွင် ကောင်းမွန်သောအချက်အချို့ ရှိနေသေးပေသည်။

မြူခိုးများကို ပို၍အသုံးပြုလေလေ၊ အသုံးပြုသူ၏ စိတ်ဝိညာဥ်ပင်လယ်ကို ပို၍အားကောင်းလာစေလေဖြစ်ပြီး ရလဒ်အနေဖြင့် ၎င်းတို့၏ ဝိညာဉ်အာရုံခံစားမှုများကိုလည်း ပိုမိုခိုင်မာလာစေလေသည်။

မျက်နှာချင်းဆိုင် ထိပ်တိုက်ရင်ဆိုင်ရချိန်တွင် တိုက်ရိုက်အထောက်အကူ မပြုနိုင်သော်လည်း ထွက်ပြေးလွတ်မြောက်လိုသူများ သို့မဟုတ် သူလျှိုလုပ်ခြင်းနှင့် ထောက်လှမ်းခြင်းလုပ်ငန်းများကို လုပ်ကိုင်သူများအတွက်မူ လုံလောက်သည်ထက်ပင် ပိုနေသေး၏။

…

ယန်ချင်းက ထိုရလဒ်များကို သိပ်ပြီးအံ့သြမနေသော်လည်း တစ်ချိန်လုံး မျက်လုံးပြူးကာ ကြည့်နေခဲ့သော မာယွမ်အတွက်မူ ထိုသို့မဟုတ်ပေ။

အထူးသဖြင့် အပြာရောင်အဆင့် မဏ္ဍိုင်အရေအတွက် ၂၀ ပြည့်သွားချိန်တွင် ဖြစ်လေသည်။

ယန်ချင်းသည် ဤနေရာမှ ထိုသို့သော ရလဒ်မျိုးထွက်လာမည်ဟု မျှော်လင့်ထားပြီး ဖြစ်ကာ အကြောင်းရင်းမှာ ထိုနယ်မြေတွင် လေဟုန်စီးကြေးစားသက်တော်စောင့်အဖွဲ့ ရှိနေခြင်းကြောင့်ပင်။

သူတို့၏ အဓိကတာဝန်များအပြင် ထိုကြေးစားအဖွဲ့အစည်းသည် ပွဲစားများနှင့် ပစ္စည်းရှာဖွေပေးသူများအဖြစ်လည်း ဆောင်ရွက်ပေးလေသည်။

သူတို့၏ တာဝန်များနှင့် စာချုပ်လုပ်ငန်းများကြောင့် တစ်နှစ်တာ၏ အချိန်အတော်များများကို တိုက်ကြီး၏ နေရာအနှံ့အပြားတွင် သွားလာနေရသဖြင့် တိုက်ကြီးတစ်ခွင်မှ ကုန်ပစ္စည်းများနှင့် သတင်းအချက်အလက်မျိုးစုံကို ရရှိနိုင်ရန်အတွက် ဗဟုသုတများစွာနှင့် အခွင့်အလမ်းများကို ရရှိစေခဲ့သည်။

ငွေကြေးပေးချေမည်ဆိုပါက သူတို့၏ စွမ်းဆောင်နိုင်စွမ်းအတွင်းရှိပြီး သူတို့၏ ခရီးစဉ်လမ်းကြောင်းပေါ်တွင် ရှိနေသရွေ့ လိုချင်သမျှကို သူတို့က ရအောင်ရှာဖွေပေးနိုင်လေသည်။

သူတို့နယ်မြေအတွင်းရှိသူများသည် လေဟုန်စီးကြေးစားသက်တော်စောင့်အဖွဲ့၏ အဆက်အသွယ်များကို အသုံးပြု၍ ကျင့်ကြံခြင်းပညာရပ်များ၊ ဆေးလုံးများနှင့် ဝင်္ကပါပုံစံကြမ်းများကဲ့သို့သော အခြားအရင်းအမြစ်များကို သူတို့မှတစ်ဆင့် ဝယ်ယူကြလေသည်။

ထိုပစ္စည်းများ၏ ဈေးနှုန်းများမှာ တစ်နေရာနှင့်တစ်နေရာ မတူညီကြသောကြောင့် လေဟုန်စီးကြေးစားသက်တော်စောင့်အဖွဲ့၏ ကျယ်ပြန့်သော ခရီးစဉ်လမ်းကြောင်းများကျေးဇူးကြောင့် သူတို့လိုချင်သမျှကို ဈေးပေါပေါဖြင့် ရရှိနိုင်မည့် ရွေးချယ်ခွင့်များ ရရှိခဲ့ကြ၏။

၎င်းတို့၏ ကော်မရှင်ခမှ သီးခြားအပိုဆောင်းအခကြေးငွေတစ်ခုပေးပါက လေဟုန်စီးကြေးစားသက်တော်စောင့်အဖွဲ့သည် နေရာအနှံ့အပြားရှိ အသုံးများသော ကုန်ပစ္စည်းများနှင့် ၎င်းတို့၏ ဈေးနှုန်းများကို ဇယားဆွဲကာ ထောက်ပံ့ပေးသေး၏။

ထိုသို့သော အခွင့်အလမ်းများ ရရှိထားသဖြင့် ထိုအဖွဲ့အစည်းများ အလျင်အမြန် တိုးတက်လာခြင်းမှာ အလွန်ပင် ယုတ္တိတန်လှပေသည်။

ယန်ချင်း၏ ခန့်မှန်းချက်အရ မကြာမီအချိန်အတွင်း ဤဒေသတွင် အဆင့်သုံးအဖွဲ့အစည်းများဖြင့် ပြည့်နှက်သွားတော့မည် ဖြစ်လေသည်။

…

"အကြီးအကဲယွမ်ဝေ့... ကျွန်တော့်ရဲ့ ရိုင်းစိုင်းမှုကို ခွင့်လွှတ်ပါ။ ဒါပေမဲ့ ခင်ဗျားကို အကူအညီတစ်ခုလောက် တောင်းလို့ရမလား"

တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော မာယွမ်က ရုတ်တရက် စကားဆိုလာလေသည်။

သူ မေးလိုက်ချိန်တွင် တုန်ယင်နေသော အသံနှင့် လက်များကို ကြည့်ခြင်းအားဖြင့် သူ၏တောင်းဆိုမှုနှင့် ပတ်သက်၍ အလွန်စိုးရိမ်ပူပန်နေကြောင်း သိသာလှ၏။

ယန်ချင်းလည်း နားမလည်နိုင်စွာဖြင့် သူ့ဘက်သို့ လှမ်းကြည့်လိုက်မိသည်။

မာယွမ်၏ မျက်နှာပေါ်ရှိ လေးနက်သောအမူအရာကို အခြေခံ၍ ဤကိစ္စသည် သူ၏ လက်ရှိအခြေအနေများနှင့် ဆက်စပ်နေနိုင်ခြေရှိသည်ဟု ယန်ချင်း ခန့်မှန်းလိုက်လေသည်။

"ကျွန်တော့်တတ်နိုင်သရွေ့ ဝမ်းသာအားရ ကူညီပေးမှာပါ ညီအစ်ကိုမာယွမ်" ယွမ်ဝေ့က ယဉ်ကျေးစွာ ပြန်လည်ဖြေကြားလိုက်သည်။

ယွမ်ဝေ့သည် နန်းတော်အဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး မာယွမ်သည်ကား ကျင့်ကြံခြင်းအခြေခံ ပျက်စီးနေသူတစ်ဦးသာ ဖြစ်လေသည်။

မာယွမ်၏ အကောင်းဆုံးအချိန်များတွင်ပင်လျှင် နန်းတော်အဆင့် ကျွမ်းကျင်သူတစ်ဦးက ညီအစ်ကိုဟု ခေါ်ဝေါ်ရန် မထိုက်တန်ခဲ့သော်လည်း ယန်ချင်းနှင့် ပတ်သက်နေသောကြောင့် ယွမ်ဝေ့က မာယွမ်အား လေးစားမှု ပြသနေဆဲ ဖြစ်ပေသည်။

ယန်ချင်းသည် မာယွမ်နှင့်အတူ သွားခဲ့သော နေရာတိုင်းတွင် သူ့အား သူငယ်ချင်းတစ်ဦးအဖြစ် မိတ်ဆက်ပေးခဲ့ရာ ၎င်းကပင်လျှင် မာယွမ်အား သူ၏ အရှိန်အဝါဖြင့် လွှမ်းခြုံပေးထားရန် လုံလောက်ခဲ့လေသည်။

ယွမ်ဝေ့၏ စိတ်ထဲတွင် ၎င်းသည် မာယွမ်မှတစ်ဆင့် ယန်ချင်းနှင့် အဖွဲ့အစည်း၏ အဆက်အသွယ်ကို ပိုမိုနက်ရှိုင်းလာစေရန် အခွင့်အရေးတစ်ခုဖြစ်သောကြောင့် မာယွမ်အား ကူညီရန် အလွန်ပင် စိတ်အားထက်သန်နေလေသည်။

တက်ရောက်လာသူ အဖွဲ့ဝင်အားလုံးသည် ဤနေရာတွင် ဘာတွေဖြစ်နေသနည်းဆိုသည်ကို သတိပြုမိကြ၏။

ထိုတောင်းဆိုချက်ကို သဘောတူခြင်းဖြင့် ယွမ်ဝေ့သည် သူနှင့် အဆက်အသွယ်ပိုလုပ်ချင်နေကြောင်းကို ယန်ချင်း သိထားသလို မာယွမ်ကလည်း သူ့အား ပေးအပ်လာမည့် မည်သည့်အကူအညီမဆို ယန်ချင်းကြောင့်သာ ဖြစ်ကြောင်း သိထားလေသည်။

သို့မဟုတ်ပါက အကြီးအကဲ ယွမ်ဝေ့ကဲ့သို့ အဆင့်အတန်းမြင့်မားသူတစ်ဦးထံမှ အကူအညီတောင်းခံရန်ဆိုသည်မှာ အိပ်မက်ပင် မက်ရဲမည် မဟုတ်ပေ။

သူ၏ရည်မှန်းချက်များ အထမြောက်စေရန် ယန်ချင်းကို အသုံးချနေမိမှန်း သိနေသောကြောင့် အနည်းငယ် အပြစ်ရှိသလို ခံစားနေရသော်လည်း သူ လုပ်မှရမည် ဖြစ်၏။

ဂုဏ်သိက္ခာနှင့် မျက်နှာစသည့် အရာများသည် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်းကတည်းက သူ မသယ်ပိုးနိုင်သော ဝန်ထုပ်ဝန်ပိုးများ ဖြစ်နေခဲ့ချေပြီ။

ယွမ်ဝေ့၏ သဘောတူညီချက်ကို မြင်လိုက်ရသောအခါ မာယွမ်သည် သူ၏ သိုလှောင်လက်စွပ်ထဲမှ တစ်စုံတစ်ရာကို ထုတ်ယူလိုက်လေသည်။

ထိုသိုလှောင်လက်စွပ်မှာ သူ့တွင်ရှိသော တစ်ခုတည်းသော ပိုင်ဆိုင်မှုပင် ဖြစ်ပေသည်။

သူထုတ်ယူလိုက်သောအရာမှာ လက်သန်းအရွယ်အစားခန့်ရှိသော အပိုင်းအစလေးတစ်ခု ဖြစ်၏။

ထိုအပိုင်းအစလေးမှာ ခရမ်းရောင်သန်းနေသော အဖြူရောင် တောက်ပမှုအနည်းငယ်ရှိပြီး ပုံဆောင်ခဲသဏ္ဌာန် ရှိလေသည်။

၎င်း၏ ခမ်းနားလှပမှုကြောင့် ဈေးကြီးသော ကျောက်မျက်ရတနာတစ်ခုဟု အလွယ်တကူ ထင်မှတ်မှားသွားနိုင်ပေသည်။

သို့သော် ၎င်းကို ကျောက်မျက်ရတနာဟု မခေါ်နိုင်စေမည့် မထင်ရှားသော လက္ခဏာတစ်ခုရှိပြီး ၎င်းမှာ အေးခဲစေသောစွမ်းရည်ပင် ဖြစ်လေသည်။

၎င်းကို ထုတ်ယူလိုက်သည့် အခိုက်အတန့်မှစ၍ ပတ်လည် မီတာ ၅၀ အတွင်းရှိ အပူချိန်မှာ ရုတ်တရက် ထိုးကျသွား၏။

ထိုသို့ ပြောင်းလဲသွားစေရန်အတွက် မည်သည့်အရာကိုမျှ သိသိသာသာ ထုတ်လွှတ်ခြင်းမျိုး မရှိပေ။

လေထုနှင့် ထိတွေ့ရုံမျှဖြင့် ထုတ်ယူလိုက်ပြီး စက္ကန့်ပိုင်းအတွင်း အပူချိန်ကို ရုတ်တရက် ပြင်းထန်စွာ ကျဆင်းသွားစေခဲ့ခြင်း ဖြစ်သည်။

ထိုအပိုင်းအစလေးကို မြင်လိုက်ရချိန်တွင် ယန်ချင်း၏ မျက်ဝန်းများ ရုတ်တရက် ကျဉ်းမြောင်းသွားသည်။

ထိုအပိုင်းအစလေးအတွင်းရှိ စွမ်းအင်သည် မာယွမ်၏ ပျက်စီးနေသော ဒန်တျန်အတွင်း၌ သူ အာရုံခံမိခဲ့သည့် စွမ်းအင်နှင့် အတူတူပင်ဖြစ်ကြောင်း သတိပြုမိလိုက်၏။

စွမ်းအင်လှိုင်းများ ရှင်းလင်းနေသည်ကို ကြည့်ခြင်းအားဖြင့် ဇာစ်မြစ်မှာ အတူတူပင်ဖြစ်ကြောင်း သူ သံသယမဝင်တော့ပေ။

"ဘယ်လောက်တောင် သိပ်သည်းလှတဲ့ ယင်ချီစွမ်းအင်လဲ" မာယွမ်၏ လက်ထဲရှိ အပိုင်းအစလေးကို စူးစိုက်ကြည့်ရင်း ယွမ်ဝေ့က အံ့သြတုန်လှုပ်စွာ ရေရွတ်လိုက်လေသည်။

အပိုင်းအစကို ကိုင်လိုက်သည်နှင့် တစ်ပြိုင်နက် မာယွမ်၏ လက်များသည် ချက်ချင်းပင် နှင်းခဲများ ဖုံးလွှမ်းလာလေသည်။

သို့သော် သူ့အား ကြီးမားသော နာကျင်မှုကို ဖြစ်ပေါ်စေနေသည့်တိုင် သူက ဂရုမစိုက်ပေ။

"အကြီးအကဲ ယွမ်ဝေ့... ဒီအပိုင်းအစနဲ့ အနီးစပ်ဆုံး တူညီတဲ့ တိုက်ခိုက်မှုမျိုးရှိတဲ့ အဖွဲ့အစည်းကို ရှာဖွေပေးဖို့ ကူညီပေးနိုင်မလား။ သတင်းအချက်အလက် ဘယ်လောက်ပဲ သေးငယ်နေပါစေ ရပါတယ်"

"ကျွန်တော့်နာမည်နဲ့ ပိုင်ဆိုင်တာ သိပ်မရှိပေမယ့် ခင်ဗျားသာ ဒီကိစ္စမှာ ကူညီပေးမယ်ဆိုရင် ကျွန်တော့်အသက်ကို ပေးဆပ်ရမယ်ဆိုရင်တောင် ဒီကျေးဇူးကို အဆများစွာ ပြန်ဆပ်ဖို့ ဆန္ဒရှိပါတယ်"

သခင်ဖြစ်သူထံသို့ တစ်စုံတစ်ရာ ဆက်သနေသည့် အစေခံတစ်ဦးကဲ့သို့ လက်နှစ်ဖက်ကို ရှေ့သို့ဆန့်ထုတ်ကာ ကိုးဆယ်ဒီဂရီ ခါးညွှတ်အရိုအသေပေးရင်း မာယွမ်က လေးနက်စွာ ပြောကြားလိုက်သည်။

"ဒါက... ညီအစ်ကို မာယွမ် ဒီလိုလုပ်ဖို့ မလိုပါဘူး" မာယွမ်ကို ထူပေးရင်း ယွမ်ဝေ့က ညင်သာစွာ ပြောလိုက်လေသည်။

ထိုအပိုင်းအစလေးမှာ သူ့အတွက် အလွန်အရေးပါပြီး ကောင်းမွန်သည့်အရာတစ်ခုခုနှင့် ဆက်စပ်နေခြင်းမဟုတ်ကြောင်း ယွမ်ဝေ့ သိနိုင်ပေသည်။

မာယွမ်က ထိုအပိုင်းအစလေးကို ဖယ်ရှားလိုက်ချိန်တွင် ၎င်းကို ကိုင်ဆောင်ထားစဉ် သူ၏ မျက်ဝန်းများအတွင်း၌ သတ်ဖြတ်လိုစိတ်အချို့ ဖျတ်ခနဲ လက်သွားခဲ့လေသည်။

"ဒီအရာက ဘယ်အဖွဲ့အစည်းကလဲဆိုတာ ရှာတွေ့နိုင်မယ်လို့ ကျွန်တော် တိတိကျကျ အာမမခံနိုင်ပေမယ့် ဒီအပိုင်းအစရဲ့ သက်ရောက်မှုတွေကို အခြေခံပြီး ရလာမယ့်အဖွဲ့အစည်း စာရင်းကတော့ နည်းတယ်။”

“ဒီလောက် အားကောင်းတဲ့ ယင်အခြေခံ သိုင်းပညာရပ်မျိုး ပိုင်ဆိုင်ထားတဲ့ အဖွဲ့အစည်းတွေကို ကျွန်တော် သိထားတာ သိပ်မရှိပါဘူး"

"ရှာဖွေမှုက အချိန်အနည်းငယ် ယူရနိုင်ပြီး ဘာရလဒ်မှ ထွက်မလာနိုင်တဲ့ အခြေအနေမျိုးတယ်ဆိုတာကို ခင်ဗျား ပြင်ဆင်ထားရလိမ့်မယ်။”

“ရှာဖွေမှု အတိုင်းအတာက တိုက်ကြီးတစ်ခုလုံး အနှံ့ဖြစ်နေမှာဖြစ်ပြီး ကျွန်တော်တို့ရဲ့ အဆက်အသွယ်တွေနဲ့တောင် ဖြတ်သန်းသွားလာလို့ မရနိုင်တဲ့ နေရာတချို့ ရှိနေနိုင်တယ်"

"တစ်ခါတလေကျရင်......"

ယွမ်ဝေ့က စကားအချို့ကို ချန်လှပ်ထားခဲ့သော်လည်း ယန်ချင်းထံသို့ ကျရောက်သွားသော သူ၏ အကြည့်တစ်ချက်က သူ၏ အတွေးများကို သိရှိစေရန် လုံလောက်နေခဲ့ပေသည်။

အဖွဲ့အစည်းကြီး၏ အမြစ်များသည် သူတို့ထက် များစွာ ပိုမိုကျယ်ပြန့်စွာ ဖြာထွက်နေပြီး ဤကဲ့သို့သော ကိစ္စရပ်များကို စုံစမ်းစစ်ဆေးရာတွင် သူတို့ထက်စာလျှင် အဖွဲ့အစည်းကြီး၏ အားသာချက်က ပိုမိုများပြားလှလေသည်။

All Chapters