← Chapters

ဘုရင်ဖြစ်လာသော မင်းသား

Vol. 22 Ch. 215

ဘုရင်ဖြစ်လာသော မင်းသား

Vol. 22 Ch. 215

မာယွမ်အိပ်ပျော်နေသည်မှာ နာရီဝက်ခန့် ကြာမြင့်သွားလေပြီ။

ယန်ချင်းက သူ့ကိုဆက်၍အနားယူစေရန် ဆုံးဖြတ်လိုက်ပြီး သူနိုးလာမှသာ ပျောက်ဆုံးနေသော ဇနီးနှင့်သမီးဖြစ်သူတို့၏ ကိစ္စများကို ဆွေးနွေးတော့မည်ဟု တွေးထားလေ၏။

လေဟုန်စီးကြေးစားသက်တော်စောင့်များ၏ နယ်မြေမှ ထွက်ခွာလာသည်နှင့်တစ်ပြိုင်နက် ယန်ချင်းက ထိုအပိုင်းအစကို သိမ်းဆည်းလိုက်သည်။

သူက အကဲဖြတ်မှုများကို အရင်ဆုံးအပြီးသတ်ရန် ကျန်ရှိနေသေးပြီး ပြီးသည်နှင့် ချက်ချင်းဆိုသလို အခမ်းအနားတစ်ခုအတွက်ပါ ပြင်ဆင်ရမည်ဖြစ်သောကြောင့် ထိုအမှုကိစ္စကို စုံစမ်းဖော်ထုတ်ရန် အလျင်မလိုသေးပေ။

သို့သော် သူ့တွင် ကြပ်တည်းလှသော အချိန်ဇယားများရှိနေလင့်ကစား ယခုအချိန်၌ ယန်ချင်းသည် အလွန်တက်ကြွနေလေသည်။

သူ၏ပေါင်ပေါ်တွင် ကြွပ်ရွနေအောင်လှော်ထားသော နေကြာစေ့အိတ်တစ်အိတ်ရှိနေပြီး ၎င်းတို့ကို တမြုံ့မြုံ့ဝါးရင်း တေးသီချင်းတစ်ပုဒ်ကို ကပေါက်တိကပေါက်ချာ အော်ဆိုနေလေ၏။

သီချင်းစာသားများကို မသိဘဲ ခေါင်းထဲပေါ်လာသည့် စကားလုံးများကိုသာ အလျဉ်းသင့်သလို သီကုံး၍ ဆိုနေခြင်းဖြစ်ပေသည်။

ခွင့်ရက်များတွင်ပင် ဂိုဏ်း၏နယ်မြေထဲမှ ထွက်လေ့မရှိသော်လည်း ထွက်လာခဲ့သည့် အချိန်တိုင်း၌ သူအကြိုက်ဆုံး နေရာများထဲမှ တစ်ခုမှာ သစ်တောဖြူနိုင်ငံပင် ဖြစ်လေသည်။

ထိုတိုင်းပြည်သည် ကြီးမားသော နေရာတစ်ခုမဟုတ်ဘဲ အဆင့်(၄)နိုင်ငံများအကြားတွင်ပင် စုစုပေါင်းအင်အားအရ အလယ်အလတ်အဆင့်ဟုသာ သတ်မှတ်နိုင်ပေသည်။

သမိုင်းကြောင်းအရဆိုလျှင်လည်း တည်ထောင်ခဲ့သည်မှာ နှစ်ပေါင်းငါးရာပင် မပြည့်သေးချေ။

သို့သော် ဤအချက်များရှိနေလင့်ကစား ယန်ချင်းကတော့ လူတစ်ယောက်သွားရောက်လည်ပတ်သင့်သည့် အကောင်းဆုံးနေရာများထဲမှ တစ်ခုအဖြစ် သတ်မှတ်ထားဆဲပင်ဖြစ်သည်။

ဤအမြင်ကို လူအများက လက်မခံကြသော်လည်း လူတစ်စုကသာ ထိုသို့တွေးကြပြီး ၎င်းတို့ထဲမှ တစ်ဦးမှာ ယန်ချင်းဖြစ်ကာ အခြားတစ်ဦးမှာ ဖုန့်ရှင်းပင် ဖြစ်လေ၏။

ထိုတိုင်းပြည်သည် စားဖိုမှူးနှင့် အစားအသောက်ချစ်သူများအတွက် နိဗ္ဗာန်ဘုံတစ်ခုပင် ဖြစ်လေသည်။

၎င်းနှင့်အဆင့်တူ နိုင်ငံများစွာသည် သစ်တောဖြူနိုင်ငံတွင်ရှိသော စားသောက်ဆိုင်အရေအတွက်ကို မီရန် အလှမ်းဝေးလှပေသည်။

ယန်ချင်း ထိုနေရာသို့ သွားရောက်လည်ပတ်ခဲ့စဉ်က သူ၏ခန့်မှန်းချက်အရ မြို့တော်တစ်ခုတည်းတွင်ပင် စားသောက်ဆိုင်ပေါင်း အနည်းဆုံး တစ်ထောင်ခန့်ရှိမည်ဟု ခန့်မှန်းရသည်။

ထိုတိုင်းပြည်ကို သူ၏ထူးဆန်းသောဝါသနာများကြောင့် ဘုရင်ဖြစ်သူ၏ မျက်နှာသာပေးမှုမှ ကျဆင်းသွားသော တိုင်းပြည်တစ်ခုမှ အိမ်ရှေ့စံမင်းသားတစ်ပါးက တည်ထောင်ခဲ့ခြင်းဖြစ်သည်။

ထိုမင်းသားသည် နန်းမွေဆက်ခံခွင့်မှ ဖယ်ရှားခံခဲ့ရပြီး မျိုးရိုးအမည်နှင့် မင်းသားအဆင့်အတန်းကို ရုပ်သိမ်းခံရကာ တိုင်းပြည်မှ နှင်ထုတ်ခံခဲ့ရပေသည်။

သို့သော် သူ၏ဖခင်ဖြစ်သော ဘုရင်ကြီးသည် လုံးဝရက်စက်တတ်သူ မဟုတ်သောကြောင့် အခြားတစ်နေရာတွင် ဘဝသစ်စတင်နိုင်ရန် ငွေကြေးအမြောက်အမြားကို ပေးအပ်ခဲ့လေသည်။

ထိုမင်းသားမှာမူ တိုင်းပြည်၏ ဘုရင်ဖြစ်ရန် စိတ်ဝင်စားမှု လုံးဝမရှိသဖြင့် ထိုသို့နှင်ထုတ်ခံရခြင်းအပေါ်တွင်ပင် အလွန်ဝမ်းသာနေခဲ့၏။

ရာဇပလ္လင်အပေါ် စိတ်ဝင်စားမှု လုံးဝမရှိသော်လည်း သူသည် အခြားအရာတစ်ခုအပေါ်တွင်မူ အလွန်အမင်း စွဲလမ်းမှုရှိခဲ့လေသည်။

၎င်းမှာ အစားအသောက်ပင် ဖြစ်ပေသည်။

သူသည် အစားအသောက်အတွက်ဆိုလျှင် အရာအားလုံးကို စွန့်လွှတ်ရဲပြီး မည်သည့်အစားအသောက်ကိုမဆို ဆိုလိုခြင်းမဟုတ်ပေ။

သူ၏ကိုယ်ပိုင်စကားအရဆိုရသော် “စားဖိုမှူး၏ စိတ်ဝိညာဉ်ပါဝင်ပြီး ဖန်တီးသူရဲ့ ရောင်ပြန်ဟပ်မှုပါဝင်တဲ့ အစားအသောက်မျိုးပေါ့။ ကိုယ်ပိုင်လက္ခဏာရှိတဲ့ အစားအသောက်ပဲ ဖြစ်ရမယ်။” ဟု ဆိုလေသည်။

လမ်းဘေးဈေးဆိုင်မှဖြစ်စေ၊ ဇိမ်ခံစားသောက်ဆိုင်ကြီးများမှဖြစ်စေ ထိုစံနှုန်းများနှင့် ကိုက်ညီသရွေ့ သူက စားသောက်မည်သာ ဖြစ်သည်။

သို့သော် ထိုအရာများမပါဝင်ပါက မည်သူကချက်ပြုတ်သည်ဖြစ်စေ၊ ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆောက်အအုံများ မည်မျှပင်ကြီးကျယ်စေကာမူ သူကတော့ လုံးဝစားမည်မဟုတ်ချေ။

သူသည် ယန်ချင်းနှင့် ဖုန့်ရှင်းတို့ကဲ့သို့ အစားအသောက်ကို ရူးသွပ်သူဖြစ်သော်လည်း လုံးဝကွဲပြားခြားနားသော အစားအသောက်ချစ်သူတစ်ဦး ဖြစ်လေသည်။

ထိုနှစ်ဦးလုံးကမူ သူတို့စားသောက်မည့်အရာနှင့် ပတ်သက်၍ မည်သည့်စည်းမျဉ်းမှမထားဘဲ အစားအသောက်ဟူသော ဝေါဟာရသည် သူတို့အတွက် အဓိပ္ပာယ်ဖွင့်ဆိုချက် ကျယ်ပြန့်လွန်းလှသည်။

အခြားသူတစ်ဦးအတွက် ဝက်သားဟင်းနီချက်က စားဖွယ်တော်တစ်ခု ဖြစ်နိုင်သကဲ့သို့ မွှေးပျံ့သော အဆိပ်သည်ပင်လျှင် သူတို့အတွက်မူ အရသာရှိသော စားဖွယ်တော်တစ်ခုအဖြစ် သတ်မှတ်နိုင်ပေသည်။

သို့သော် ထိုမင်းသားအတွက်မူ အစားအသောက်ဟူသည် စားဖိုမှူး၏ စစ်မှန်သော စိတ်ဝိညာဉ်ဖြင့် ပြင်ဆင်ပြီး ချက်ပြုတ်ထားသော ပါဝင်ပစ္စည်းများသာ ဖြစ်သည်။

အစားအသောက်၏အပြင်အဆင်နှင့် အနံ့အသက်မွှေးပျံ့မှုတို့ကို ဂရုမစိုက်ဘဲ စားဖိုမှူး၏ ရိုးသားစစ်မှန်သော ကြိုးစားအားထုတ်မှုပါဝင်နေသရွေ့ ၎င်းသည် သူ၏အတွက်တော့ စားဖွယ်တော်တစ်ခုပင် ဖြစ်ပေသည်။

သူ၏အကြိုက်နှင့် ယန်ချင်း၊ ဖုန့်ရှင်းတို့၏ အကြိုက်များသည် တစ်ခါတစ်ရံတွင် တူညီလုနီးပါးဖြစ်ပြီး ကွဲပြားချက်မှာ အလွန်နည်းပါးလှသည်။

….

လက်ထဲတွင် ငွေကြေးများပြည့်နှက်နေသဖြင့် ထိုမင်းသားသည် တိုက်ကြီး၏ နေရာအနှံ့အပြားမှ အစားအစာများကို မြည်းစမ်းရင်း တစ်နေရာမှတစ်နေရာသို့ လှည့်လည်သွားလာနေခဲ့သည်။

ထိုခရီးစဉ်အတွင်းမှာပင် သူ၏နှလုံးသားထဲ၌ သေးငယ်သော စိတ်ကူးတစ်ခု ပေါက်ဖွားလာခဲ့လေ၏။

အစားအသောက်ကိုသာ အဓိကထားသော တိုင်းပြည်တစ်ခုကို တည်ထောင်နိုင်လျှင် မည်မျှကောင်းမွန်လိုက်မည်နည်း။

တောင်ပိုင်းတိုက်တစ်ခွင်မှ စားဖိုမှူးများကိုသာမက ထိုထက်ပို၍ပင် ဆွဲဆောင်နိုင်မည့် နေရာတစ်ခုကို ဖန်တီးချင်လာမိသည်။

သူသည် တစ်နေရာမှတစ်နေရာသို့ သွားလာနိုင်သော်လည်း သူ၏ကျင့်ကြံခြင်းအဆင့်က သူသွားရောက်နိုင်မည့် နေရာများကို ကန့်သတ်ထားလေသည်။

သို့သော် တိုက်ကြီးတစ်ဝိုက်ရှိ စားဖိုမှူးများ၏ အသေးငယ်ဆုံးသော အစိတ်အပိုင်းကိုပင် ဆွဲဆောင်နိုင်မည့် ဗဟိုချက်နေရာတစ်ခုရှိခြင်းက အန္တရာယ်အနည်းငယ်နှင့် အားစိုက်ထုတ်မှုတစ်ဝက်ဖြင့် မတူညီသော အစားအစာအမျိုးမျိုးကို မြည်းစမ်းနိုင်မည်မှာ သေချာလှပေသည်။

ယခုအခါ ရည်မှန်းချက်တစ်ခုရှိလာပြီဖြစ်သဖြင့် သူ၏ဖခင်က အမြဲတစေ ဖိအားပေးခဲ့သော်လည်း ငြင်းဆန်ခဲ့သည့် သူ၏ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ကျင့်ကြံခြင်းအပေါ် အာရုံစိုက်လာခဲ့လေတော့သည်။

သူနှင်ထုတ်ခံရစဉ်က မင်းသားတစ်ပါးအနေဖြင့် အရင်းအမြစ်များစွာကို ရရှိခဲ့သော်လည်း သူသည် အခြေတည်အဆင့်အဋ္ဌမအဆင့်ရှိ ကျင့်ကြံသူတစ်ဦးသာ ဖြစ်ခဲ့သည်။

သူသည် မည်သည့်အခါမျှ မကျင့်ကြံခဲ့ဘဲ သူရရှိခဲ့သော တိုးတက်မှုမှန်သမျှသည် သူစားသောက်ခဲ့သော အစားအစာများ၏ သွယ်ဝိုက်သော အကျိုးသက်ရောက်မှုသာ ဖြစ်လေသည်။

ဤမျှသာမက ထိုမင်းသားတွင် ထိပ်တန်းအဆင့်ရှိ အပြာရောင်အဆင့် မဏ္ဍိုင်များ ရှိနေသေးသည်။

ယန်ချင်းသည် သူ၏နောက်ခံအကြောင်းကို ဖတ်ရစဉ်က အလွန်ရယ်မောခဲ့ရသည်ကို မှတ်မိနေသေးသည်။

ဘုရင်ကြီးက သူ့ကိုနှင်ထုတ်လိုက်စဉ်က ဖြစ်ပေါ်ခဲ့မည့် ဒေါသကို သူကောင်းကောင်း နားလည်နိုင်ပေသည်။

ထိုမင်းသားသည် ဘုရင်ကြီးအတွက် မနာလိုမှုနှင့် စိတ်ပျက်မှု နှစ်ခုလုံး၏ အရင်းအမြစ်တစ်ခုအဖြစ် သတ်မှတ်နိုင်လေသည်။

ကျင့်ကြံသူတစ်ဦးအနေဖြင့် ကျင့်ကြံခြင်းကို သေချာဂရုမစိုက်သောသူတစ်ဦးက မိမိဘယ်တော့မှ မရောက်နိုင်သော အမြင့်သို့ ရောက်ရှိသွားသည်ကို မြင်တွေ့ရလျှင် ရင်နာစရာပင်။

ထိုအမြင့်သို့ရောက်ရှိရန် တစ်ခုတည်းသောနည်းလမ်းမှာ မိမိ၏အသက်ကိုရင်းရမည်ဆိုလျှင် ပို၍ပင်ဆိုးရွားလှပေသည်။

တစ်ဦးက ဂုဏ်ကျက်သရေကို ရရှိရန် သေလုမျောပါး ကျင့်ကြံအားထုတ်နေရချိန်တွင် အခြားတစ်ဦးကမူ ဂုဏ်ကျက်သရေအတွက် စားသောက်နေရုံသာဖြစ်သည်။

ထိုဂုဏ်ကျက်သရေမှာပင် သူရှာဖွေခဲ့သောအရာမဟုတ်ဘဲ ဘေးထွက်ဆိုးကျိုးတစ်ခုသာ ဖြစ်နေပါက ပို၍ ရင်နာစရာကောင်းနေသေးသည်။

သူတို့သည် သားအဖဖြစ်လင့်ကစား ဘုရင်ကြီးသည် ဤကိစ္စနှင့်ပတ်သက်၍ သူ၏သားဖြစ်သူကို သတ်ပစ်ရန် အကြိမ်အနည်းငယ်မျှ စဉ်းစားခဲ့ဖူးမည်ဟု ယန်ချင်း ခံစားမိလေသည်။

စိတ်ပျက်စရာအပိုင်းနှင့် ပတ်သက်၍မူ ယန်ချင်းက မိဘတစ်ဦးအနေဖြင့် ဘုရင်ကြီးသည် မင်းသား၏ မွေးရာပါပါရမီများကို အလဟဿဖြုန်းတီးပစ်ခြင်းအတွက် စိတ်ပျက်သွားခဲ့ခြင်းဖြစ်မည်ဟု ယူဆမိသည်။

သူသာ တကယ်တမ်း အနည်းငယ်မျှ ကြိုးစားအားထုတ်ခဲ့မည်ဆိုလျှင် မည်သည့်အမြင့်အထိ ရောက်နိုင်မည်ကို မည်သူသိနိုင်မည်နည်း။

သို့သော် သူသည် နန်းတော်ထဲတွင် နေထိုင်ခဲ့သည့် နှစ်များတစ်လျှောက်လုံး ထိုသို့မလုပ်ခဲ့ပေ။ နှိပ်စက်ညှဉ်းပန်းမည်ဟု ခြိမ်းခြောက်ခံရချိန်တွင်ပင် သူက ကျင့်ကြံရန် ငြင်းဆန်ခဲ့ဆဲဖြစ်သည်။

အခြားရွေးချယ်စရာမရှိတော့သဖြင့် သူ၏စိတ်ကျန်းမာရေးနှင့် မင်းသား၏အသက်ကို ကာကွယ်ရန်အတွက် နှင်ထုတ်ခြင်းကသာ ထိုအချိန်က တစ်ခုတည်းသော ဖြစ်နိုင်ခြေရှိသည့် ဖြေရှင်းချက်တစ်ခု ဖြစ်ပုံရသည်။

သို့သော် ရယ်စရာကောင်းသည်မှာ ကျင့်ကြံခြင်းထက် အမှောင်ရေခဲထဲတွင် အကျဉ်းချခံရခြင်းကို ပိုနှစ်သက်သော မင်းသားသည် ထိုသို့နှင်ထုတ်ခံရခြင်း၏ ရလဒ်ကြောင့်ပင် နောက်ဆုံးတွင် ကျင့်ကြံရန် ဆုံးဖြတ်လိုက်ခြင်းပင် ဖြစ်လေ၏။

သူသည် သူ၏အစားအသောက်နိဗ္ဗာန်ဘုံကို တည်ထောင်ရန် သင့်လျော်သော နေရာတစ်ခုကို ရှာဖွေရင်း တိုက်ကြီးတစ်ဝိုက်တွင် လှည့်လည်သွားလာကာ သူ၏အင်အားကို တိုးချဲ့ခဲ့သည်။

သူ၏စံနှုန်းများနှင့် ကိုက်ညီသော ဓားပြများ၏ပုန်းခိုရာ နေရာတစ်ခုကို မတွေ့မီအထိ နှစ်ပေါင်းငါးဆယ် ကြာမြင့်ခဲ့လေသည်။

ဓားကိုကိုင်လျက် ထိုပုန်းခိုရာနေရာကို ဖြတ်ကျော်ခုတ်ထစ်ကာ ထိုအပျက်အစီးများကြားမှ သစ်တောဖြူနိုင်ငံ၏ အုတ်မြစ်ကို တည်ထောင်ခဲ့ပေသည်။

ယန်ချင်း၏ တွက်ချက်မှုအရ ထိုအချိန်မှစ၍ နှစ်ပေါင်းနှစ်ရာ့ကိုးဆယ့်သုံးနှစ် ကြာမြင့်ခဲ့လေပြီ။

အုပ်ချုပ်ခြင်းနှင့် ကျင့်ကြံခြင်းတို့ကို လုံးဝအလိုမရှိခဲ့သော မင်းသားတစ်ပါးသည် နန်းတော်တစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာခဲ့ပြီး ထိုအချိန်အတွင်း အဆင့်(၄)နိုင်ငံတစ်ခုကို တည်ထောင်နိုင်ခဲ့သည်။

ထို့အပြင် သူသာ နန်းတော်အဆင့်သို့ အဆင့်တက်နိုင်ခဲ့ပါက ထိုတိုင်းပြည်သည် အဆင့်(၃)နိုင်ငံ ဖြစ်လာနိုင်ချေရှိသော လမ်းကြောင်းပေါ်တွင် ရှိနေပေသည်။

ထိုအချိန်ရောက်လျှင်မူ ယခုတိုင် အဆင့်(၄)နိုင်ငံအဖြစ်သာ ရှိနေသေးသော သူ၏မိဘများ၏ တိုင်းပြည်ကို ကျော်တက်သွားမည်မှာ သေချာပေသည်။

ထိုမင်းသား၏ ဇာတ်လမ်းကို ကြားရသောအခါ ကျင့်ကြံသူမည်မျှ သွေးအန်သွားမည်ကို တွေးမိပြီး ယန်ချင်းက ခါးသက်သက် ရယ်မောလိုက်လေသည်။

သူ၏ဖခင်မှာရော မည်သို့နေမည်နည်း။ မိမိ၏ဝါသနာများကို ဆက်လက်လုပ်ဆောင်ရန်အတွက် တိုင်းပြည်တစ်ခုကို တည်ထောင်ခဲ့သူတစ်ဦး၏ ဇာတ်လမ်းပင် ဖြစ်သည်။

ပိုဆိုးသည်မှာ သူသည် အမှန်တကယ်ပင်အောင်မြင်ခဲ့ပြီး အတိုတောင်းဆုံး အချိန်ကာလအတွင်းတွင် ထိုသို့လုပ်ဆောင်နိုင်ခဲ့ခြင်းပင် ဖြစ်ပေ၏။

အပြင်ဘက်ရှိ များစွာသောလူတို့သည် မနာလိုမှုကြောင့် သူ၏ရဲတင်းမှုကို သေချာပေါက်မုန်းတီးနေကြသော်လည်း ယန်ချင်းကမူ သူ့ကို လေးစားအားကျမိလေသည်။

တောင်ပိုင်းတိုက်ကြီးတွင် သစ်တောဖြူနိုင်ငံကဲ့သို့သော တိုင်းပြည်များ ပိုမိုလိုအပ်နေသည်ဟု သူခံစားမိပေသည်။

ထိုတိုင်းပြည်သည် နှစ်များတစ်လျှောက် အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။ စတင်တည်ထောင်ချိန်တွင် အစားအသောက်ကို အဓိကထားသော တိုင်းပြည်ဆိုသည့် စိတ်ကူးထားသည်ထက် လွန်ကဲနေသောကြောင့် ရပ်တန့်နေသည့် ကာလတစ်ခုကို ဖြတ်သန်းခဲ့ရသည်။

သို့သော် မင်းသား၏ ဇွဲလုံ့လ၊ သူ၏အင်အားနှင့် သူ၏အစားအသောက်ခရီးစဉ်များအတွင်း နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့သော ဆက်ဆံရေးများကြောင့် တိုင်းပြည်ကို အောင်မြင်စွာ တည်ထောင်နိုင်ခဲ့လေသည်။

အစပိုင်းတွင် လာရောက်ခဲ့ကြသော စားဖိုမှူးအရေအတွက်မှာ နည်းပါးသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ထိုအရေအတွက်သည် တဖြည်းဖြည်း များပြားလာခဲ့သည်။

လွန်ခဲ့သောနှစ်တစ်ရာက ခိုင်မာသော အခြေခံအုတ်မြစ်တစ်ခုကို ရရှိခဲ့ချိန်တွင်မူ သူတို့၏အရေအတွက်သည် ကြီးမားသော တိုးတက်မှုကို ရရှိခဲ့ပြီး ယနေ့ထက်တိုင် အရှိန်အဟုန်မှာ ကျဆင်းမသွားသေးချေ။

သူတို့၏အရေအတွက်ကို နှေးကွေးသွားစေနိုင်သည့် တစ်ခုတည်းသောအရာမှာ တိုင်းပြည်၏ အရွယ်အစားပင် ဖြစ်သည်။

မူလက ဓားပြပုန်းခိုရာ နေရာတစ်ခုဖြစ်ခဲ့သောကြောင့် အရွယ်အစားမှာ သေးငယ်လှသည်။

နှစ်များတစ်လျှောက် ကြီးထွားလာခဲ့သော်လည်း ပတ်ပတ်လည်တွင် အဆင့်(၃)နှင့် အဆင့်(၄)အဖွဲ့အစည်း အနည်းငယ်တို့က ဝန်းရံထားသောကြောင့် မကြီးထွားနိုင်ခဲ့ပေ။

အရွယ်အစားပြဿနာကို ဖြေရှင်းရန် သူတို့အသုံးပြုခဲ့သော တစ်ခုတည်းသော နည်းလမ်းမှာ အဆောက်အအုံတစ်ခုစီအတွက် ခွဲဝေပေးထားသော မြေနေရာအရွယ်အစားကို ကန့်သတ်ထားခြင်းဖြစ်သည်။

ယခုအခါ သစ်တောဖြူနိုင်ငံ၏ ဘုရင်ဖြစ်နေပြီဖြစ်သော မင်းသား၏ ပြောပြချက်အရ သူသည် မြို့တော်၏ အရွယ်အစားကို တိုးချဲ့ရန်အတွက် နေရာချဲ့ထွင်ခြင်း ဝင်္ကပါတစ်ခုကို ခင်းကျင်းရန် ရည်ရွယ်ထားလေသည်။

သို့သော် ထိုသို့လုပ်ဆောင်ရန်မှာ လုပ်အားရော လိုအပ်သော ပစ္စည်းများပါမကျန် ကုန်ကျစရိတ် အလွန်ကြီးမားလှပေသည်။

ထိုကုန်ကျစရိတ်သည် တိုင်းပြည်၏ လက်ရှိတတ်နိုင်စွမ်းထက် ကျော်လွန်နေပြီး အဆင့်(၂)နှင့်အထက် အဖွဲ့အစည်းတစ်ခုခုက ထောက်ပံ့မှုမပေးလျှင် မဖြစ်နိုင်ပေ။

သို့သော် ဘုရင်ဖြစ်သူက ထိုသို့ထောက်ပံ့ခံရခြင်းကို ငြင်းပယ်ထားလေသည်။

ယန်ချင်းကမူ ဖုန့်ရှင်းနှင့် သစ်တောဖြူနိုင်ငံအတွင်းရှိ စားသောက်ဆိုင်ပိုင်ရှင်များနှင့်အတူ သူ၏ဝင်ငွေတစ်စိတ်တစ်ပိုင်းကို ထိုရည်မှန်းချက်အတွက် ရံဖန်ရံခါ လှူဒါန်းလေ့ရှိသည်။

ရာစုနှစ်တစ်ခုအတွင်းမှာ ထိုပမာဏသည် စီမံကိန်းကို စတင်ရန်နှင့် အခြေခံအုတ်မြစ်ချရန် လုံလောက်သွားနိုင်မည်ကို မည်သူသိနိုင်မည်နည်း။

ယန်ချင်းတစ်ယောက် နန်းတော်တရားရုံးတရားသူကြီးတစ်ဦးအနေဖြင့် သူ၏လစာအသစ်ကို ရရှိပြီးနောက် လှူဒါန်းမည့်ပမာဏကို တွက်ချက်နေစဉ်မှာပင် သစ်တောဖြူနိုင်ငံသည် မိုးကုပ်စက်ဝိုင်းပေါ်တွင် ပေါ်ထွက်လာခဲ့သည်။

ယန်ချင်းသည် မျက်နှာပေါ်တွင် ကျယ်ပြန့်သောအပြုံးတစ်ခုဖြင့် အလိုအလျောက်ပင် အသက်ပြင်းပြင်း ရှူသွင်းလိုက်လေသည်။

ကီလိုမီတာတစ်ရာခန့် ကွာဝေးပြီး အလွန်မြင့်မားသော နေရာတွင်ပင် သူသည် လေထဲ၌ အစားအသောက်များ၏ သင်းပျံ့သောရနံ့ကို ရရှိနိုင်ပေသည်။

၎င်းသည် သစ်တောဖြူနိုင်ငံ၏ ကြိုဆိုရေးသင်္ကေတပင် ဖြစ်လေ၏။

“လုံဝေ့.. မင်းကတော့ ပါရမီရှင်တစ်ယောက်ပဲကွာ။” ဟု မျက်ဝန်းများအတွင်း စိတ်လှုပ်ရှားမှုများ တောက်ပလာကာ ယန်ချင်းက တီးတိုးရေရွတ်လိုက်လေသည်။

All Chapters