မြောက်ဘက်ရပ်ကွက်ရှိ စစ်ဆေးအကဲဖြတ်ခြင်းများအား အဆုံးသတ်ခြင်း
Vol. 22 Ch. 218
“အကုန်လုံး ပြင်ဆင်ပြီးပြီလား”
ခေါက်ဆွဲစားပြီး၍ ဟင်းသီးဟင်းရွက်အစုံကြော်ကို ဆက်စားရန် ပြင်နေသော လူငယ်လေးအား ယန်ချင်းက လှမ်းမေးလိုက်သည်။
“အင်း...”
ထိုလူငယ်က သူ၏ဟင်းလျာများမှ ကြွပ်ရွသော အရသာကို ခံစားနေရင်း ခေါင်းညိတ်ပြလိုက်လေသည်။
“ပြီးတော့ရော...”
ယန်ချင်းက စိတ်မရှည်စွာဖြင့် ထပ်မေးလိုက်၏။ မေးခွန်းမေးပြီးသည်နှင့် သူ၏ဗိုက်ထဲမှ တဂွီးဂွီးမြည်သံ ထွက်ပေါ်လာရာ လူငယ်လေးထံမှ ရယ်သံတစ်ခု ထွက်ပေါ်လာစေခဲ့သည်။
“သူတို့အားလုံး ဟင်းသီးဟင်းရွက်နှင့် ဟင်းရည်လမ်းမက ရင်ပြင်မှာ ရောက်နေကြတယ်။”
“ခင်ဗျား ကံကောင်းတယ်ပဲ ပြောရမယ်၊ သူတို့ကို စစ်ဆေးတဲ့အခါ ခင်ဗျားစားဖို့ တစ်ခုခု ပြင်ထားခိုင်းလိုက်တယ်”
ထိုလူငယ်က သူ၏တူဖြင့် ဟင်းသီးဟင်းရွက်တစ်ခုကို ကောက်ယူရင်း ပေါ့ပေါ့ပါးပါးပင် ပြောလိုက်လေသည်။
‘ငါ့ကို ဟင်းချက်ပြိုင်ပွဲမှာ အကဲဖြတ်ဒိုင် လုပ်နေတယ်လို့ မင်းထင်နေတာလား’ ဟု ယန်ချင်းက လေသံတိုးတိုးဖြင့် ရေရွတ်လိုက်သော်လည်း စိတ်ထဲတွင်မူ အတိုင်းမသိ ဝမ်းသာနေမိသည်။
သူသည် ဟင်းလျာမျိုးစုံကို မြည်းစမ်းခွင့် ရတော့မည် မဟုတ်ပါလား။
သစ်တောဖြူနိုင်ငံအတွင်း စစ်ဆေးအကဲဖြတ်ရန် စာရင်းသွင်းထားသော အဖွဲ့အစည်းပေါင်း ၅၀ခန့် ရှိသည်။
စစ်ဆေးခံရမည့် အဖွဲ့အစည်းအများစုမှာ စားသောက်ဆိုင်များ ဖြစ်ကြပြီး ကျန်အနည်းငယ်မှာမူ စားသောက်ကုန်ကုန်ကြမ်းများ ထောက်ပံ့ပေးသည့် ကုန်သည်ဆိုင်များကဲ့သို့ စားသောက်ကုန်နှင့် သွယ်ဝိုက်၍ဆက်စပ်နေသော အဖွဲ့အစည်းများသာ ဖြစ်ကြသည်။
သစ်တောဖြူနိုင်ငံတွင် ဂိုဏ်းများ တည်ထောင်ခဲလှသဖြင့် သူ၏စစ်ဆေးရမည့်စာရင်းထဲတွင် မည်သည့်ဂိုဏ်းမှ ပါဝင်ခြင်း မရှိပေ။
သစ်တောဖြူနိုင်ငံသည် စားသောက်ဆိုင်များကိုသာ ဦးစားပေးလေ့ရှိပြီး ပေးအပ်ရန် မြေနေရာလည်း များများစားစား မရှိချေ။
တစ်နိုင်ငံလုံးတွင် အဆင့် ၄ ဂိုဏ်း နှစ်ဂိုဏ်းသာ ရှိသည်။
ထိုဂိုဏ်းနှစ်ခုလုံးမှာ အဆင့် ၄ အဖွဲ့အစည်းများထဲတွင် အနိမ့်ဆုံးအဆင့်၌သာ ရှိကြသော်လည်း ၎င်းတို့အား နိုင်ငံအတွင်း အခြေချခွင့် ပေးထားရခြင်းမှာ နိုင်ငံအတွက် ကြားခံနယ်မြေအဖြစ် ဆောင်ရွက်ပေးရန် သဘောတူထားသောကြောင့် ပင်ဖြစ်သည်။
၎င်းတို့အား နိုင်ငံ၏ နယ်စပ်ဒေသများရှိ မြေနေရာများကို ခွဲဝေပေးထားပြီး အထူးသဖြင့် ဆက်ဆံရေး မကောင်းသော အဖွဲ့အစည်းများနှင့် ထိစပ်နေသော နယ်စပ်ဒေသများတွင် ဖြစ်သည်။
ထိုဂိုဏ်းနှစ်ခုသည် နိုင်ငံအတွင်း စိတ်ကြိုက်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်ပြီး တပည့်များလည်း စုဆောင်းနိုင်သလို အခွန်ဆက်သရန်လည်း မလိုပေ။
သို့သော် အပြန်အလှန်အားဖြင့် နယ်စပ်ဒေသကို စောင့်ကြည့်ပေးရန် တာဝန်ရှိသည်။
အကယ်၍ တိုက်ခိုက်မှုများ ဖြစ်ပွားလာပါက နန်းတော်မှ စစ်ကူများ မရောက်လာမီအထိ အချိန်ဆွဲထားနိုင်ရန် တတ်နိုင်သမျှ ကြိုးစားပေးကြရမည် ဖြစ်သည်။
အကယ်၍ ရန်သူ၏ အင်အားမှာ ၎င်းတို့ တောင့်ခံနိုင်သည့် အဆင့်ထက်များစွာ မြင့်မားနေပါက ဆုတ်ခွာခွင့်ကိုလည်း ဘုရင်က ခွင့်ပြုထားသဖြင့် ထိုစည်းမျဉ်းမှာ အတန်ငယ် လျော့ရဲသည်ဟု ဆိုနိုင်သည်။
ဟင်းချက်ခြင်းကို အခြေခံထားသော အဖွဲ့အစည်းများ မဟုတ်ကြသော်လည်း ထိုဂိုဏ်းနှစ်ခုသည် နိုင်ငံကို စတင်တည်ထောင်ခဲ့သော ဘုရင်နှင့် သူ၏အပေါင်းအပါများပြီးလျှင် သစ်တောဖြူနိုင်ငံတွင် သက်တမ်းအရင့်ဆုံး အဖွဲ့အစည်းများ ဖြစ်ကြသည်။
၎င်းတို့သည် ဤနေရာတွင် နှစ်ပေါင်း ၁၅၀ နီးပါး ကြာမြင့်ခဲ့ပြီဖြစ်ရာ နိုင်ငံ၏ ယဉ်ကျေးမှုအတွင်း၌လည်း အမြစ်တွယ်နေပြီ ဖြစ်သည်။
သစ်တောဖြူနိုင်ငံတွင် နန်းတော်အဆင့်တစ်ဝက်ကျင့်ကြံသူ တစ်ဦးရှိသော်လည်း အခြားသော အဆင့် ၄ အဖွဲ့အစည်းများနှင့် ယှဉ်လျှင် အင်အားစုစုပေါင်း၌ မယှဉ်နိုင်သေးပေ။
သို့သော်လည်း ယန်ချင်း ရောက်ဖူးသမျှ နိုင်ငံများထဲတွင် စည်းလုံးမှု အရှိဆုံး နိုင်ငံတစ်ခုလည်း ဖြစ်ပေသည်။
နိုင်ငံသစ်တစ်ခုအနေဖြင့် ယင်းစည်းလုံးမှုသည် ရှေ့သို့ တက်လှမ်းနိုင်ရန် အခြေခံအကျဆုံး အချက်ပင် ဖြစ်သည်။
သစ်တောဖြူနိုင်ငံသည် တစ်နေ့တွင် ထိပ်တန်းနိုင်ငံတစ်ခုအဖြစ် တိုးတက်လာမည့်ရက်ကို ယန်ချင်းတစ်ယောက် မျှော်လင့်နေမိသည်။
….
သစ်တောဖြူနိုင်ငံသာ ထိပ်တန်းအင်အားကြီးနိုင်ငံ ဖြစ်လာပါက စားသောက်ဆိုင် မည်မျှအထိ များပြားလာမည်ကို ယန်ချင်း စိတ်ကူးယဉ်နေစဉ်မှာပင် လူငယ်လေးက သူ့အား ဟင်းသီးဟင်းရွက်နှင့် ဟင်းရည်လမ်းမ၏ ရင်ပြင်သို့ ခေါ်ဆောင်လာခဲ့သည်။
ဟင်းချက်ခြင်းကို အခြေခံထားသော နိုင်ငံဖြစ်သည်နှင့်အညီ လမ်းမများနှင့် နိုင်ငံ၏ ဖွဲ့စည်းပုံမှာ ဟင်းလျာအမျိုးအစားများအလိုက် စီစဉ်ထားခြင်း ဖြစ်သည်။
စီမံကိန်းချမှတ်ရန်နှင့် စီစဉ်ရန် လွယ်ကူစေရန်အတွက် သီးခြားဟင်းလျာ အမျိုးအစားတစ်ခုကို အထူးပြုသည့် အဖွဲ့အစည်းများအားလုံးကို နေရာတစ်ခုတည်းတွင် စုထားပြီး ထိုနေရာကိုလည်း ၎င်းတို့အထူးပြုသည့် အစားအစာအမည်အတိုင်း ပေးထားခြင်း ဖြစ်သည်။
၎င်းသည် ဝယ်ယူသူများအတွက် သွားလာရ လွယ်ကူစေသလို စားဖိုမှူးအသစ်များနှင့် စီမံကိန်းချမှတ်သူများ အတွက်လည်း အဆင်ပြေစေသည်။
သီးခြားကုန်ကြမ်းတစ်ခုကိုသာ ရောင်းချသော ကုန်သည်များသည်လည်း မည်သည့်လမ်းမတွင် ပို၍ အရောင်းအသွက်ဆုံး ဖြစ်မည်ကို သိရှိနိုင်ကြသည်။
…
မကြာမီမှာပင် သူတို့သည် ဟင်းသီးဟင်းရွက်နှင့် ဟင်းရည်လမ်းမ၏ အပေါ်သို့ ရောက်ရှိလာခဲ့သည်။ အဆောက်အအုံအားလုံးမှာ အနည်းဆုံး လေးထပ်ရှိကြပြီး တစ်ခုနှင့်တစ်ခု အလွန်နီးကပ်စွာ တည်ရှိနေကြသည်။
သို့သော်လည်း ကျဉ်းကျပ်ခြင်း မရှိဘဲ အဆောက်အအုံများမှာ သေသေချာချာ စီစဉ်ထားပြီး ဒီဇိုင်းများမှာလည်း အပြစ်ပြောစရာ မရှိရာ ပန်းချီကားတစ်ချပ်ထဲမှ ထွက်ပေါ်လာသည့်အလား ထင်မှတ်ရသည်။
အဆောက်အအုံတစ်ခုစီတွင် မတူညီသော ပုံစံနှင့် အရောင်အသွေးများ ရှိကြသော်လည်း အချင်းချင်း လိုက်ဖက်ညီစွာ တည်ရှိနေကြသည်။
လမ်းများမှာ ကျဉ်းမြောင်းလှပြီး မြင်းရထားများကိုမူ လုံးဝ မတွေ့ရပေ။ လမ်းမပေါ်တွင် ကျင့်ကြံသူအုပ်စုများ အဆောက်အအုံများအတွင်းသို့ ဝင်ထွက်သွားလာနေကြသည်ကို တွေ့မြင်ရသည်။
မြေနေရာကို အကျိုးရှိရှိ အသုံးပြုရန်နှင့် လမ်းပိတ်ဆို့မှုများကို လျှော့ချရန်အတွက် သစ်တောဖြူနိုင်ငံ၏ လမ်းမများပေါ်တွင် မြင်းရထားများနှင့် ဝိညာဉ်သားရဲများကို အသုံးပြုခြင်းအား တားမြစ်ထားသော်လည်း ငှက်ကဲ့သို့သော ပျံသန်းနိုင်သည့် ဝိညာဉ်သားရဲများကိုမူ ခွင့်ပြုထားသည်။
ထိုစည်းမျဉ်းမှာ နိုင်ငံအတွင်းရှိ လူတိုင်းနှင့် သက်ဆိုင်ပြီး ယန်ချင်းနှင့်အတူ လိုက်ပါလာသော လူငယ်လေးဖြစ်သည့် ဘုရင်ကိုယ်တိုင်ပင် လိုက်နာရလေသည်။
လမ်းမတစ်ခုမှ တစ်ခုသို့ လမ်းလျှောက်သွားလာနေကြရသော်လည်း အောက်ဘက်ရှိ လူအုပ်ကြီးမှာ စိတ်ပျက်ပုံ မရကြပေ။
သူတို့အားလုံး၏ မျက်နှာတွင် ပျော်ရွှင်တက်ကြွသော အမူအရာများ ရှိနေကြပြီး အချို့မှာလည်း ကျေနပ်အားရနေသည့် ပုံစံများ ရှိကြသည်။
သစ်တောဖြူနိုင်ငံသို့ လာရောက်သူ အများစုမှာ အစားအသောက်အပေါ် ထားရှိသော စိတ်အားထက်သန်မှုကြောင့် လာကြခြင်း ဖြစ်သည်။ အခြားအရာအားလုံးမှာ အစားအသောက်နှင့် ယှဉ်လျှင် အရေးမပါလှပေ။
….
“ဟိုမှာ သူတို့ စောင့်နေကြပြီ”
ကြိုးကြာငှက်ပေါ်တွင် ထိုင်နေသော လူငယ်လေးက ရင်ပြင်တွင် သေသေသပ်သပ် ပြင်ဆင်ထားသော အဖွဲ့တစ်ခုကို ညွှန်ပြရင်း ပြောလိုက်သည်။
‘ဒီလူကတော့ တကယ့်ကို ဟင်းချက်ပြိုင်ပွဲကျနေတာပဲ’ ဟု မြင်တွေ့နေရသော အခင်းအကျင်းကို ကြည့်ကာ ယန်ချင်းက ပြုံးရင်း တွေးလိုက်မိသည်။
သူ စစ်ဆေးရမည့် အဖွဲ့အစည်းများကို နှစ်ဖက်ခွဲထားပြီး တစ်ဖက်စီတွင် အဖွဲ့အစည်းတစ်ခုနှင့်တစ်ခုကို ကန့်လန့်ကာလေးများဖြင့် ခြားထားသော စားပွဲရှည်ကြီးများ၏ နောက်ကွယ်တွင် ရပ်နေကြသည်။
၎င်းတို့၏ အပေါ်တွင်မူ အဖွဲ့အစည်းအမည်များ ရေးထိုးထားသော အလံများကို ချိတ်ဆွဲထားသည်။
ထိုအခင်းအကျင်းမှာ စားပွဲများကို ဆိုင်ခန်းလေးများအဖြစ် ခွဲခြားထားသကဲ့သို့ ရှိသည်။ စားပွဲပေါ်တွင် ဟင်းလျာမျိုးစုံကို တင်ထားကြသည်။
ထိုစားပွဲများကြားတွင် ဟင်းလျာများ မရှိသော လူလေးဦးပါဝင်သည့် အုပ်စုငယ်တစ်ခုလည်း ရှိနေသည်။ ၎င်းတို့မှာ ကုန်သည်အဖွဲ့အစည်းများ ဖြစ်မည်ဟု ယန်ချင်း ခန့်မှန်းလိုက်မိသည်။
အဘယ်ကြောင့်ဆိုသော် ထိုအခင်းအကျင်းကြောင့် ၎င်းတို့မှာ ထူးထူးခြားခြား ဖြစ်နေသဖြင့် တစ်ယောက်မျက်နှာ တစ်ယောက် အနေရခက်စွာ ကြည့်နေကြသောကြောင့် ဖြစ်သည်။
…
“ခင်ဗျား ဒါတွေကို ဒီလိုမျိုး စီစဉ်ထားဖို့ လိုလို့လား”
ယန်ချင်းက စိတ်ပျက်လက်ပျက်ဖြင့် မေးလိုက်ရာ လူငယ်လေးက ဂရုမစိုက်သလို ပုခုံးတွန့်ပြလိုက်သည်။
ယန်ချင်းက သက်ပြင်းတစ်ချက်ချကာ အလုပ်စရန် ဆုံးဖြတ်လိုက်သည်။
သူသည် အယ်လီ၏ ကျောပေါ်မှ ခုန်ချကာ ရင်ပြင်အလယ်တွင် ညင်သာစွာ ဆင်းသက်လိုက်ပြီး လူငယ်လေးကလည်း သူနှင့်အတူ ဆင်းသက်လိုက်သည်။
သူသည် သစ်တောဖြူနိုင်ငံ၏ ဘုရင်ဖြစ်သော်လည်း ဘုရင်တစ်ပါး ရုတ်တရက် ပေါ်လာချိန်တွင် ရှိသင့်သော အံ့ဩမှင်တက်သံများ အခြားသော တုံ့ပြန်မှုမျိုးများကို လမ်းသွားလမ်းလာများနှင့် စစ်ဆေးခံမည့် အဖွဲ့ဝင်များထံမှ လုံးဝ မတွေ့ရပေ။
သူတို့အားလုံးမှာ ဘုရင့်ရှေ့မှောက်တွင် ပေါ့ပေါ့ပါးပါးနှင့် ရင်းနှီးဖော်ရွေစွာပင် ရှိနေကြသည်။ အမှန်စင်စစ် သူတို့၏ ဘုရင်နှင့်ယှဉ်လျှင် ယန်ချင်းကသာ သူတို့ကို ပို၍ အနေကျပ်စေပုံ ရသည်။
….
ယန်ချင်းသည် စစ်ဆေးမှုများကို တရားဝင် မစတင်မီ ပုံမှန်အတိုင်း အကဲဖြတ်မှု လုပ်ထုံးလုပ်နည်းများကို ရှင်းပြလိုက်သည်။
ထို့နောက် စစ်ဆေးမှုများကို အမြန်ဆုံး ပြီးမြောက်လိုနေသော ကုန်သည်အဖွဲ့အစည်းများမှ စတင်ကာ စစ်ဆေးပေးလိုက်ရာ ၎င်းတို့မှာလည်း သက်ပြင်းချနိုင်သွားကြသည်။
ကုန်သည်များကို စစ်ဆေးပြီးနောက်တွင်မူ စားဖိုမှူးများထံသို့ ကူးပြောင်းကာ ၎င်းတို့၏ ဟင်းလျာများကို သေသေချာချာ မြည်းစမ်းရင်း အချိန်ယူကာ စစ်ဆေးလေသည်။
သူနှင့် ဘုရင်တို့မှာ ဖြတ်သန်းသွားသော ဆိုင်တိုင်းရှိ ဟင်းလျာများနှင့် အိုးများကို အပြောင်ရှင်းပစ်ကြသည်။
ပုံမှန်ဆိုလျှင် လေးနာရီခန့်သာ ကြာမြင့်မည့် စစ်ဆေးမှုမှာ ခြောက်နာရီအထိ ကြာမြင့်သွားခဲ့သည်။
ထိုအတောအတွင်း မာယွမ်သည်လည်း နိုးလာပြီး သူတို့၏ မြည်းစမ်းစစ်ဆေးမှုတွင် လာရောက် ပူးပေါင်းခဲ့လေသည်။
….
“လုံဝေ့… ကူညီပေးတဲ့အတွက် ကျေးဇူးပဲ”
ယန်ချင်းက သူ၏ဘယ်ဘက်တွင် ရှိနေသော လူငယ်လေးအား နှင်းမက်မွန်သီး ငါးလုံးပါသော ခြင်းတောင်းတစ်လုံးနှင့် လွန်ခဲ့သောရက်က ယီကျဲ ပြုလုပ်ထားသော ရွက်တစ်ရာကြံဝိုင်များ ထည့်ထားသည့် စည်ကို ပေးရင်း ပြောလိုက်သည်။
“ရပါတယ်အချင်းချင်းတွေပဲ ချင်းရာ ပြောစရာမလိုပါဘူး…”
လုံဝေ့က ဝိုင်နှင့် နှင်းမက်မွန်သီးများကို သူ၏သိုလှောင်လက်စွပ်အတွင်းသို့ ဝမ်းသာအားရ သိမ်းဆည်းရင်း ပြန်ပြောလိုက်လေသည်။
“မင်းရဲ့ အခမ်းအနားက နောက်နှစ်ရက်နေရင် မဟုတ်လား” ဟု လုံဝေ့က မေးလိုက်သည်။
“အင်း... အတိအကျ ပြောရရင် နောက်နှစ်ရက်နေရင်ပဲ”
ယန်ချင်းက သူ၏နန်းတော် တရားရုံး ရာထူးတိုးအခမ်းအနား ကျင်းပရန် ကျန်ရှိသော အချိန်ကို စိတ်ထဲမှ တွက်ချက်ရင်း ပြောလိုက်သည်။
“ဒါနဲ့ ဂုဏ်ပြုလက်ဆောင်အဖြစ် ကောင်းတာတစ်ခုခု ယူလာဖို့ မမေ့နဲ့ဦး” ဟု သူက ထပ်လောင်းပြောလိုက်၏။
“ငါ့ကို မင်းလိုကပ်စေးနှဲတယ်လို့ ထင်နေတာလား၊ မင်းတုန်းက နိုင်ငံရဲ့ ၃၅၀ ပြည့် အထိမ်းအမှတ်ပွဲမှာ ငါ့ကို ကျောက်ခဲတစ်လုံး လက်ဆောင်ပေးခဲ့တာလေ” ဟု လုံဝေ့က မကျေမနပ် ပြောလိုက်သည်။
“အဲဒါက အထိမ်းအမှတ်အနေနဲ့ ပေးတာပါ၊ ပြီးတော့ အဲဒီကျောက်ခဲက ထိပ်တန်းဝိညာဉ်ကျောက်တုံး ၁၀၀ ကျော် တန်တယ်၊ မင်းထင်သလို အသုံးမကျတာ မဟုတ်ဘူး။”
“အဲဒါက ဧရိယာတစ်ခုရဲ့ ကံတရားကို လွှမ်းမိုးနိုင်တယ်၊ အတိုင်းအတာက သေးပေမဲ့ တကယ် အကျိုးသက်ရောက်မှု ရှိတယ်။”
“အဲ... မင်းမလိုချင်ရင်တော့ ငါ့ကို ပြန်ပေးလို့ ရပါတယ်။ အခု ငါဖြစ်နေတဲ့ အခြေအနေအရဆိုရင် ရနိုင်သမျှ ကံတရားအားလုံးကို လိုအပ်နေတာ” ဟု ယန်ချင်းက စိုးရိမ်စိတ် အနည်းငယ်ပါသော လေသံဖြင့် ပြောလိုက်သည်။
“မင်းပြောတာကို မယုံပေမဲ့ ငါပဲ သိမ်းထားလိုက်ပါတော့မယ်။ ကဲ... ချင်း၊ ငါကတော့ နိုင်ငံတော်ကိစ္စတွေ ရှိသေးလို့ လိုက်မပို့တော့ဘူး”
လုံဝေ့က လေထဲတွင် ဝေ့ဝဲနေသော အနံ့ကို အငမ်းမရ ရှူရှိုက်ရင်း ပြောလိုက်လေသည်။
“ရပါတယ်၊ ရပါတယ်၊ မင်းအလုပ် မင်းလုပ်ပါ” ဟု ယန်ချင်းက လှောင်ပြောင်သလို ပြောလိုက်၏။
“နောက်သုံးရက်နေရင် တွေ့ကြတာပေါ့ ချင်း၊ ဆရာကြီးကျန်းဖူရဲ့ လက်ဖက်ရည်ကို ပြန်မြည်းစမ်းဖို့ မစောင့်နိုင်တော့ဘူး။”
“နောက်ဆုံးအကြိမ် ငါရောက်ခဲ့တုန်းကထက် ဘယ်လောက်တိုးတက်လာမလဲ သိချင်တယ်”
“စိတ်မကောင်းပေမဲ့ ပြောရမှာက ကျန်းဖူက နန်းတော်အဆင့်ကို တက်လှမ်းဖို့အတွက် လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ တံခါးပိတ်ကျင့်ကြံသွားပြီ။ သူပြန်ထွက်လာဖို့က အချိန်အတော်ကြာဦးမှာ”
မုန့်ချောင်နှင့် ပတ်သက်သော ကိစ္စအချို့ကို သတိရသွားရင်း ယန်ချင်းက လေးနက်စွာ ပြောလိုက်လေသည်။
“ဘာ...ဒါဆို ငါလာရမဲ့ အကြောင်းရင်းက ပျောက်သွားပြီပေါ့”
လုံဝေ့က စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်ရာ သူ၏ပခုံးများပင် တွဲကျသွားပြီး မျက်ဝန်းများမှာလည်း အသက်မဲ့သွားသလို ဖြစ်သွားသည်။
“ကျန်းဖူမရှိပေမဲ့ ချီရှန်းတော့ ရှိပါသေးတယ်။ သူမရဲ့ ဟင်းလျာတွေက သိသိသာသာ တိုးတက်လာတာ၊ မကြာခင် ကျန်းဖူရဲ့ အဆင့်ကိုမှီတော့မှာပါ”
“တကယ်လား...”
လုံဝေ့က ဝမ်းသာအားရဖြင့် ယန်ချင်း၏ ပခုံးများကို အတင်းဆွဲကိုင်လိုက်သည်။
“အင်း...” ဟု ယန်ချင်းက ပြောရင်း လုံဝေ့၏ လက်များကို သူ၏ပခုံးပေါ်မှ မကျေမနပ်ဖြင့် အတင်းဖယ်ထုတ်လိုက်သည်။
“ပြီးတော့ တစ်ခုပြောပြဦးမယ်၊ ဖုန်းရှင်းက မြူနွံတောဒေသကနေ တောဝက်တစ်ကောင်ကို ယူလာခဲ့တယ်။”
“လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ အဲဒါကို ကင်စားခဲ့ကြတာ လုံဝေ့ရေ... အဲဒီအရသာက ငါစားဖူးသမျှ ဝက်သားတွေထက် အဆပေါင်းများစွာ သာလွန်တယ်။ အဲဒါကို မြည်းစမ်းချင်ရင်တော့ ‘တန်ဖိုးတူတဲ့’ တစ်ခုခုကို ယူလာဖို့ မမေ့နဲ့ဦး”
ယန်ချင်းက မျက်လုံးများအတွင်း ကောက်ကျစ်သော အရိပ်အယောင်များ လက်ခနဲ ဖြစ်သွားရင်း ဂုဏ်ယူစွာ ပြောလိုက်လေသည်။
ထိုသို့ပြောပြီးသည်နှင့် သူသည် အယ်လီ၊ မာယွမ်တို့နှင့်အတူ ချက်ချင်း ထွက်ခွာသွားခဲ့ရာ လုံဝေ့မှာ မှင်တက်ကာ ကျန်ရစ်ခဲ့သည်။
သူသည် လမ်းလျှောက်နေရင်း ‘ပန်းစိမ်းတောဝက်’ ဟု ထပ်တလဲလဲ ရေရွတ်နေမိသည်။
သူ ဤကဲ့သို့ ဖြစ်နေသည်မှာ ပထမဆုံးအကြိမ် မဟုတ်သဖြင့် ဘေးပတ်ဝန်းကျင်ရှိ လူများကလည်း သူ့အား ဂရုမစိုက်ကြပေ။
….
သစ်တောဖြူနိုင်ငံ၏ ကောင်းကင်ယံထက်တွင်...
“ဒါက မင်း ငါ့ကို အမြဲတမ်း နှိပ်စက်နေတာကို သင်ခန်းစာပေးတာပဲ။ မင်းဆီကနေ အားလုံးကို အတိုးချပြီး ပြန်ယူရမယ်။”
“ဟဲဟဲ... ငါ့သူငယ်ချင်းကောင်းကြီး လုံဝေ့၊ တန်ဖိုးရှိတာတစ်ခုခု ယူလာဖို့ မမေ့နဲ့ဦး”
ယန်ချင်းက သူ၏လက်ဖဝါးနှစ်ဖက်ကို ပွတ်ရင်း မျက်နှာတွင် မကောင်းဆိုးဝါး အပြုံးတစ်ခုနှင့်အတူ တိုးတိုးလေး ရေရွတ်လိုက်သည်။
မိမိ၏ နောက်ကြောင်းရာဇဝင်ကို ပြောပြရန် ပြင်ဆင်နေသော မာယွမ်သည် ယန်ချင်း၏ အမူအရာကို မြင်သောအခါ တွန့်ဆုတ်သွားပြီး ချီတုံချတုံ ဖြစ်သွားလေသည်။
‘သူက ဓားပြတွေထက်တောင် ပိုဆိုးတဲ့ ဓားပြကြီးနဲ့ တူနေတာပဲ’ ဟု မာယွမ်က တွေးလိုက်မိလေတော့သည်။