မာယွမ်၏ အတိတ် (၁)
Vol. 22 Ch. 219
မာယွမ်က သူ့အား ထူးဆန်းသောအကြည့်များဖြင့် ကြည့်နေသည်ကို သတိပြုမိသွားချိန်၌ ယန်ချင်းက “ဘာဖြစ်လို့လဲ” ဟု မေးလိုက်လေသည်။
“ဘာမှမဖြစ်ပါဘူး”
မာယွမ်က ပြန်ဖြေလိုက်ပြီးနောက် ချက်ချင်းပင် အနေခက်စွာဖြင့် လည်ချောင်းတစ်ချက် ရှင်းလိုက်၏။
“ကောင်းပြီလေ... ဒီတော့ ဒီအပိုင်းအစလေးအကြောင်း ပြောရရင်...”
ယန်ချင်းက မာယွမ်၏ ထူးဆန်းသောအပြုအမူကို သိပ်ခေါင်းထဲမထည့်တော့ဘဲ သူ၏ထံမှရရှိထားသော အစအနလေးကို ထုတ်ယူလိုက်လေသည်။
“ဒီအပိုင်းအစလေးတစ်ခုတည်းနဲ့တော့ ကိစ္စတစ်ခုလုံးကို ကောက်ချက်ချဖို့ မလုံလောက်ပေမယ့် အသုံးဝင်တဲ့ အချက်အလက်တချို့ကိုတော့ ပေးနိုင်ပါတယ်”
ယန်ချင်းက ပြောလိုက်ရင်း သူ၏ရုပ်သွင်တစ်ခုလုံးမှာ မဟူရာတစ္ဆေဂိုဏ်းမှ အဖွဲ့ဝင်နှင့် ရင်ဆိုင်ခဲ့စဉ်ကအတိုင်း ဖြူစင်သောအသွင်သို့ ပြောင်းလဲသွားချေပြီ။
“စွမ်းအင်လှိုင်းတွေကို အခြေခံပြီး ကြည့်ရရင် ခင်ဗျားအပေါ်မှာ သုံးထားတဲ့သိုင်းပညာက အနည်းဆုံး အပြာရောင်အဆင့်မှာ ရှိတယ်။”
“တိုက်ခိုက်ခဲ့တဲ့သူရဲ့ စွမ်းအားနဲ့ပတ်သက်လို့ကတော့ နှစ်ကာလတွေကြာလာတာနဲ့အမျှ စွမ်းအင်တွေယုတ်လျော့သွားလို့ သေသေချာချာ မပြောနိုင်ပေမယ့် တာအိုအမှတ်အသားရဲ့ သဲလွန်စလေးတွေကိုတော့ ကျွန်တော် ထောက်လှမ်းနိုင်သေးတယ်”
“ခင်ဗျားကို တိုက်ခိုက်ခဲ့တဲ့သူက အနည်းဆုံးတော့ နန်းတော်အဆင့် တစ်ဝက်လောက်မှာရှိတဲ့သူ ဖြစ်ရမယ်။ အဲဒီလိုမဟုတ်ခဲ့ရင်တောင်မှ အဲဒီအဆင့်ကို ကူးပြောင်းနိုင်ဖို့ လုံလောက်တဲ့ အခြေခံအုတ်မြစ်တွေ ရှိနေတဲ့သူပဲ”
“သဘာဝအရပြောရရင် ဒါက ယင်သဘာဝကို အခြေခံထားတဲ့ နည်းစနစ်ဖြစ်ပေမယ့် ဘာကြောင့်မှန်းမသိဘူး၊ သူ့ရဲ့ပင်ကိုသဘာဝမှာ နည်းနည်းတော့ ရက်စက်ကြမ်းကြုတ်တဲ့ ခံစားချက်မျိုးကို ရနေတယ်။”
“ပြီးတော့ ယင်သဘာဝအခြေခံတဲ့ ကျင့်စဥ်တွေမှာ ပုံမှန်အားဖြင့် မတွေ့ရတတ်တဲ့ ခိုင်မာတောင့်တင်းမှုမျိုးလည်း ရှိနေတယ်။ ပုံမှန်ဆိုရင် သူတို့က ပျော့ပျောင်းပြေပြစ်နေတတ်တာလေ”
“သူ့ရဲ့သေစေနိုင်စွမ်းကလည်း တော်တော်လေးကို ကောင်းတယ်။ မာယွမ် ခင်ဗျား အသက်ရှင်နေသေးတာကိုပဲ ကံကောင်းတယ်လို့ ဆိုရမယ်။”
“ခင်ဗျားကို တိုက်ခိုက်ခဲ့တဲ့သူသာ တကယ်သတ်ချင်ခဲ့မယ်ဆိုရင် အသက်ရှူကြိမ် ဆယ်ကြိမ်အတွင်းမှာတင် ခင်ဗျားကို သတ်ပစ်နိုင်တယ်”
“ခင်ဗျားက သူတို့ဘယ်သူဘယ်ဝါဆိုတာကို မသိတာတောင် ဘာလို့များ ခင်ဗျားကို အသက်ရှင်ခွင့်ပေးထားရတာလဲ ဆိုတာကိုတော့ ကျွန်တော်လည်း စဉ်းစားလို့မရဘူး”
ယန်ချင်းက အပိုင်းအစလေးအား ဆက်လက်စစ်ဆေးနေရင်း သိချင်စိတ်ပြင်းပြနေသော မျက်နှာထားဖြင့် မေးလိုက်လေသည်။
ယန်ချင်း၏အမေးကြောင့် မာယွမ်၏မျက်နှာထားမှာ မည်းမှောင်သွား၏။
သူသည် အရာအားလုံးကို ဖွင့်ဟပြောပြရန် ဆုံးဖြတ်ထားပြီးဖြစ်သော်လည်း ပြောထွက်နိုင်ရန် ခွန်အားကုန်သုံး၍ ရုန်းကန်နေရဆဲပင်။
ဇနီးနှင့် သမီးဖြစ်သူတို့အား ဆုံးရှုံးခဲ့ရသည့်နေ့ကို ပြန်လည်အမှတ်ရနေမည့်အစား အေးစက်လှသော ယင်ရေကန်ထဲတွင်သာ ထပ်မံရေနစ်သေဆုံးသွားချင်မိပေသည်။
သူတို့ပျောက်ဆုံးသွားခဲ့ချိန်မှစ၍ ထိုကြောက်မက်ဖွယ်ကောင်းသောနေ့ကို မေ့ဖျောက်ထားနိုင်ရန် သူဆန္ဒရှိခဲ့သော်လည်း မည်မျှပင် ဆန္ဒပြင်းပြနေပါစေ မလုပ်နိုင်ခဲ့ပေ။
ထိုအဖြစ်အပျက်သည် သူ၏ရင်ထဲ၌ မေ့ဖျောက်၍မရသော အမှတ်အသားတစ်ခုကို ချန်ရစ်ထားခဲ့လေသည်။
ထိုနေ့သည် သူ၏အကြီးမားဆုံးသော နာကျင်ခံစားရမှုများ၏ မြစ်ဖျားခံရာဖြစ်သော်လည်း သူ၏ဇနီးနှင့် သမီးဖြစ်သူတို့အား ဆက်သွယ်ပေးထားသည့် တစ်ခုတည်းသော ကြိုးတစ်ချောင်းလည်း ဖြစ်နေ၏။
အကယ်၍ သူသာ သူတို့ကို ပြန်လည်ရှာဖွေတွေ့ရှိမည်ဆိုပါက ထိုသို့လုပ်ဆောင်ရန် သူ့အတွက် မည်မျှပင် နာကျင်ရစေကာမူ ထိုနေ့က သဲလွန်စများကို အလွန်တရာ ရှင်းလင်းပြတ်သားစွာဖြင့် အမှတ်ရနေရန် လိုအပ်ပေသည်။
…
“ကျွန်တော့်ဇနီးကြောင့်သာ ကျွန်တော် အသက်ချမ်းသာရာရခဲ့တာပါ” မာယွမ်က ခါးသီးစွာပြောလိုက်ရင်း ဝမ်းနည်းပူဆွေးစွာဖြင့် ပြုံးလိုက်လေသည်။
“နောက်ဆုံးအချိန်အထိ သူမက ကျွန်တော့်ကို စောင့်ရှောက်ပေးသွားခဲ့တာပါ”
မာယွမ်သည် အတွေးလွန်သွားဟန်ဖြင့် သူ၏အကြည့်များမှာ ဝေဝါးသွားချေပြီ။
ကံကောင်းစွာဖြင့် ယခင်ကနှင့်မတူဘဲ သူ သတိပြန်လည်လာရန် အချိန်ကြာကြာ မယူလိုက်ရပေ။
“တရားသူကြီးယန်ချင်း၊ အဆင်ပြေမယ်ဆိုရင် ဆန်အရက် တစ်ခွက်လောက် တိုက်နိုင်မလား” မာယွမ်က ညင်သာစွာ မေးလိုက်၏။
ယန်ချင်းက အရက်ဘူးကို တိတ်ဆိတ်စွာ ထုတ်ယူလိုက်ပြီး သူ့အား တစ်ခွက် ငှဲ့ပေးလိုက်သည်။
မာယွမ်သည် အရက်ကို ချက်ချင်းပင် မော့သောက်လိုက်ရာ ယန်ချင်းက နောက်ထပ်တစ်ခွက်ကို ထပ်ငှဲ့ပေးလိုက်ပြန်လေသည်။
သုံးခွက်တိတိ သောက်ပြီးသွားသောအခါမှသာ မာယွမ်က သူ၏ဇာတ်လမ်းကို ဆက်လက်ပြောပြလေတော့သည်။
“ကျွန်တော့်ဇနီးဖေးအာနဲ့ လွန်ခဲ့တဲ့ ဆယ့်ရှစ်နှစ်လောက်က ဆုံခဲ့ကြတာပါ။”
“ကျွန်တော့်ရဲ့ စွမ်းအားတွေ တိုးတက်လာဖို့ အခွင့်အရေးတွေ ရှာဖွေရင်းနဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အပျက်အစီးတစ်ခုထဲကို မတော်တဆ ရောက်သွားတဲ့အချိန်မှာ သူမက သေလုမျောပါးဖြစ်နေတဲ့ ကျွန်တော့်ကို တွေ့ခဲ့တာပါ။ အဲဒီအချိန်က ကျွန်တော်ကလည်း ထွက်ပြေးနေရတဲ့အချိန်ပေါ့”
“ကျွန်တော်က မိဘမဲ့တစ်ယောက်အနေနဲ့ မွေးဖွားလာခဲ့ပြီး ဘာကျောထောက်နောက်ခံမှလည်း မရှိခဲ့ဘူး”
“ကျွန်တော်နဲ့ သူငယ်ချင်းတွေက ကွယ်လွန်သွားတာကြာပြီဖြစ်တဲ့ ကျင့်ကြံသူတစ်ယောက်ရဲ့ စံအိမ်ထဲကို မတော်တဆ ရောက်သွားခဲ့ချိန်မှာ ကံကောင်းထောက်မစွာနဲ့ပဲ ကျင့်ကြံခြင်းလမ်းစဉ်ပေါ်ကို လျှောက်လှမ်းနိုင်ခဲ့တယ်။”
“အဲဒီကျင့်ကြံသူက သူ့ရဲ့ဆက်ခံသူဖြစ်လာမယ့်သူအတွက် စမ်းသပ်မှုတချို့နဲ့အတူ အမွေအနှစ်တွေကို ချန်ရစ်ထားခဲ့တာပါ”
“ခါးသီးလှတဲ့ ရုန်းကန်မှုတွေအပြီးမှာတော့ ကျွန်တော်တစ်ယောက်တည်းသာ သတ်မှတ်ထားတဲ့ စမ်းသပ်မှုတွေကို ကျော်ဖြတ်နိုင်ခဲ့တယ်။”
“အဆုံးသတ်အထိ ရောက်နိုင်ခဲ့တာကလည်း ကျွန်တော့်သူငယ်ချင်းတွေရဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံမှုတွေကြောင့်ပါပဲ”
“အချိန်တွေအရမ်းကြာသွားလို့ စံအိမ်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ အစီအရင်တချို့ ပျက်စီးသွားတာကြောင့်လားတော့ မသိဘူး၊ အဲဒါတွေအကုန်လုံးပြီးသွားတဲ့အချိန်မှာ ကျွန်တော်ရလိုက်တဲ့ အမွေအနှစ်က မပြည့်စုံခဲ့ဘူး။”
“အဲဒါကပဲ ကျွန်တော့်ကို အခြေတည်အဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်အောင် တွန်းပို့ပေးနိုင်ခဲ့တယ်”
“ဒါပေမဲ့ ဘာပဲရရ အဲဒီအတွက် ကျွန်တော် ကျေးဇူးတင်နေတုန်းပါပဲ။ ဘာလို့လဲဆိုတော့ အဲဒီအမွေအနှစ်ကြောင့် ရွှေရောင်ခန္ဓာကိုယ်ကို သန့်စင်နိုင်ခဲ့ပြီး အပြာရောင်အဆင့် မဏ္ဍိုင်တွေကိုတောင် ဖန်တီးနိုင်ခဲ့လို့လေ။”
“အခု ပြန်စဉ်းစားကြည့်မိတော့ တကယ်လို့ ကျွန်တော်သာ ပြည့်စုံတဲ့အမွေအနှစ်ကို ရခဲ့မယ်ဆိုရင် ကျွန်တော့်ဇနီးနဲ့ သမီးကို ကယ်တင်နိုင်မယ့် စွမ်းအားတွေများ ရှိနေမလားလို့ မတွေးဘဲမနေနိုင်တော့ဘူး...” မာယွမ်က စိတ်ဓာတ်ကျဆင်းနေသောဟန်ဖြင့် ပြောလိုက်လေသည်။
မာယွမ်သည် ထိုစံအိမ်မှ မည်သို့သောအမွေအနှစ်မျိုးကို ရရှိခဲ့သနည်းဆိုသည်အပေါ် ယန်ချင်းက သိချင်စိတ်ဖြင့် စပ်စုချင်နေမိ၏။
အမွေအနှစ်၏ အစိတ်အပိုင်းတစ်ခုမျှကပင် ကျင့်ကြံခြင်းမရှိ၊ လမ်းညွှန်ပြသပေးမည့်သူမရှိသော သူတစ်ယောက်အား ရွှေရောင်ခန္ဓာကိုယ်နှင့် အပြာရောင်အဆင့်မဏ္ဍိုင်များ ပိုင်ဆိုင်သည့် ကျင့်ကြံသူတစ်ဦးအဖြစ် ပြောင်းလဲပေးနိုင်ခဲ့သည်ဆိုလျှင် အပြည့်အစုံသာဆိုပါက မည်သို့ရှိမည်နည်း။
ထိုစံအိမ်၏ပိုင်ရှင်သည် ပြိုင်ဘက်ကင်းပုဂ္ဂိုလ်တစ်ဦး ဖြစ်နိုင်ပေသည်။
သို့သော်လည်း မတူညီသော ကျင့်ကြံခြင်းသိုင်းပညာရပ်များအပေါ် သိချင်စိတ်ပြင်းပြကာ စိတ်ဝင်စားနေသော်ငြား ယခုအချိန်သည် ထိုအကြောင်းများကို မေးမြန်းရန် အချိန်အခါနှင့် နေရာမဟုတ်ကြောင်းကို သိထားလေသည်။
မာယွမ်မှာ သူ၏ဇာတ်လမ်းကို တည်ငြိမ်စွာပြောပြနိုင်ရန် သူ၏ခွန်အားအကုန်လုံးကို အသုံးပြုနေရပုံပေါ်၏။
ထို့ကြောင့် မိမိ၏သိချင်စိတ်ကို ဖြည့်ဆည်းရန်အတွက်နှင့် စကားဖြတ်ပြောခြင်းသည် ရိုင်းပျရာကျမည်ဟု ယန်ချင်း ခံစားလိုက်ရသည်။
“အမွေအနှစ်တွေကို လက်ခံရယူပြီးသွားတာနဲ့ စံအိမ်မှာရှိတဲ့ အကာအကွယ်ယန္တရားတွေအကုန်လုံး ပျောက်ကွယ်သွားခဲ့တယ်။”
“အဲ့တာကြောင့်ပဲ အနီးနားက ဂိုဏ်းတစ်ခုက ကျင့်ကြံသူတချို့က ဆူညံသံတွေကို သတိထားမိသွားပြီး ရောက်လာခဲ့ကြတယ်။”
“မကြာခင်မှာပဲ တိုက်ပွဲစဖြစ်ခဲ့ပေမယ့် ကျွန်တော်ရထားတဲ့ အမွေအနှစ်တွေနဲ့ သူတို့ကို အလွယ်တကူပဲ ဖြေရှင်းနိုင်ခဲ့တယ်”
“ဒါပေမဲ့ အဲဒီပဋိပက္ခက အဆင့်(၄)ဂိုဏ်းဖြစ်တဲ့ သူတို့ဂိုဏ်းတစ်ခုလုံးရဲ့ ဒေါသကို ဆွဲဆောင်လိုက်သလို ဖြစ်သွားခဲ့တယ်။”
“ နောက်ထပ် ဆယ်နှစ်တိတိ ကျွန်တော်ဟာ သေမင်းရဲ့နှုတ်ခမ်းဝမှာ အသက်ရှင်ခဲ့ရတယ်။ ဒါပေမဲ့ အဲဒါကပဲ ကျွန်တော့်အတွက်တော့ အဆိုးထဲကအကောင်း ဖြစ်လာခဲ့တယ်။”
“ဘာလို့လဲဆိုတော့ အဲဒီအခြေအနေက အမွေအနှစ်တွေကို ပိုပြီးနားလည်သဘောပေါက်လာစေဖို့နဲ့ ကျွန်တော့်ရဲ့ကိုယ်ပိုင်အဖြစ် ပြောင်းလဲနိုင်အောင် ကူညီပေးခဲ့လို့ပဲ။”
“နောက်ဆုံးမှာတော့ ကျွန်တော်ဟာ အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖြတ်ဝင်ရောက်နိုင်ခဲ့ပြီး နောက်ကလိုက်နေတဲ့သူတချို့ကိုလည်း ရှင်းလင်းနိုင်ခဲ့တယ်”
“ကျွန်တော့်ရဲ့စွမ်းအားတွေ တိုးတက်လာပြီဆိုတာကို အဲဒီဂိုဏ်းက သိသွားတဲ့အခါ သူတို့ရဲ့ ပိုပြီးအင်အားကြီးတဲ့ အကြီးအကဲတွေကို စေလွှတ်ခဲ့တယ်။”
“ကျွန်တော့်မျက်စိထဲမှာတော့ သူတို့တွေက ကျွန်တော့်ကို ပိုပြီးထက်မြက်လာအောင် သွေးပေးမယ့် အနင်းခံကျောက်တုံးတွေထက် မပိုတာမို့လို့ ကျွန်တော်ကတော့ ဝမ်းသာအားရပဲ ကြိုဆိုခဲ့တာပေါ့”
“အဲဒီတုန်းက ကျွန်တော် ဘယ်လောက်တောင် မောက်မာခဲ့သလဲဆိုတာ ယုံတောင်မယုံနိုင်ဘူး” မာယွမ်က ရယ်မောရင်း ပြောလိုက်လေသည်။
ယခင်ကရယ်မောခြင်းများနှင့်မတူဘဲ ယခုတစ်ကြိမ်သည်သာ ထိုအမှတ်တရများကို နှစ်လိုစွာပြန်လည်ကြည့်ရှုနေသကဲ့သို့ ပေါ့ပေါ့ပါးပါးရှိလှ၏။
“ပြောစရာတောင် မလိုတော့ပါဘူး၊ အဲဒီတုန်းက ကျွန်တော့်ရဲ့ မောက်မာတဲ့စကားတွေနဲ့ လုပ်ရပ်တွေက အမြုတေဖွဲ့စည်းခြင်းအဆင့်ရဲ့ နောက်ပိုင်းအဆင့်တွေမှာရှိနေကြတဲ့ သူတို့ရဲ့ဂိုဏ်းချုပ်နဲ့ အမြင့်ဆုံးအကြီးအကဲနှစ်ယောက်ရဲ့ အာရုံစိုက်မှုကို ရသွားခဲ့တယ်လေ”
“ကျွန်တော့်ရဲ့စွမ်းအားတွေကို တိုးမြှင့်နိုင်ဖို့နဲ့ ဘေးကင်းတဲ့ခိုလှုံရာတစ်ခုကို ရှာတွေ့ဖို့ မျှော်လင့်ချက်နဲ့ တတ်နိုင်သမျှ အဝေးဆုံးကို ထွက်ပြေးခဲ့တယ်။”
“အဲဒါကနေတစ်ဆင့် ဖေးအာ ကျွန်တော့်ကိုတွေ့ခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့နယ်မြေထဲကို ရောက်သွားခဲ့တာပဲ။”
“အဲဒီနယ်မြေထဲကို ကျွန်တော်ရောက်သွားတုန်းက ပြင်းထန်တဲ့ဒဏ်ရာတွေ ရထားပြီးသားပါ။ နယ်မြေထဲက အန္တရာယ်တွေနဲ့ ရင်ဆိုင်ရတဲ့အခါ ဒဏ်ရာတွေက ပိုပြီးဆိုးရွားလာခဲ့တယ်”
“ဖေးအာက ကျွန်တော့်ကိုတွေ့တဲ့အချိန်မှာ ကျွန်တော်က သေလုမျောပါးဖြစ်နေပြီး သတိလစ်နေခဲ့ပြီ။ သူမက ကျွန်တော်ကျန်းမာရေးပြန်ကောင်းလာအောင် ပြုစုပေးခဲ့တယ်။”
“သတိရလာတဲ့အချိန်မှာ အေးစက်စက်နဲ့ ကျောက်စိမ်းရုပ်လေးလို လှပတဲ့ မိန်းမလှလေးတစ်ယောက်က ခံစားချက်မဲ့နေတဲ့ မျက်နှာထားနဲ့ တန်ဖိုးကြီးဆေးဘက်ဝင်အပင်မျိုးစုံကို အသုံးပြုပြီး ကျွန်တော့်ကို ကုသပေးနေတာကို မှတ်မိနေသေးတယ်”
“အဲဒီအချိန်တုန်းက အဲဒါကို ထင်ယောင်ထင်မှားတစ်ခု ဒါမှမဟုတ် အဲဒီနယ်မြေကနေ တိုက်ခိုက်တာလို့ ထင်လိုက်မိလို့ သူမကို ကျွန်တော် ပြန်တိုက်ခိုက်ခဲ့တယ်။”
“သူမကတော့ ကျွန်တော့်ကို ချက်ချင်းပဲ သတိလစ်သွားအောင် လုပ်ပစ်လိုက်တာပေါ့” မာယွမ်က အရူးတစ်ယောက်လို ပြုံးဖြီးဖြီးလုပ်ရင်း သူ၏ဦးခေါင်းနောက်ဘက်တွင် ဒဏ်ရာတစ်ခုခုရှိနေသကဲ့သို့ ဂရုတစိုက် ပွတ်သပ်ကာ ပြောလိုက်လေသည်။
“အဲဒီနောက်မှာတော့ အသက်ကယ်ပေးခဲ့တဲ့ကျေးဇူးကို ဆပ်ဖို့ကြိုးစားရင်းနဲ့ သူမအနားမှာ ခေါင်းမာမာနဲ့ ကပ်နေခဲ့တော့တာပဲ။”
“အဲဒီအချိန်တုန်းက ကျွန်တော်မသိခဲ့ပေမယ့် သူမက ကျွန်တော့်ထက် အဆင့်များစွာ ပိုပြီးအင်အားကြီးမားပါတယ်။ ဒါကြောင့် သူမကို ကျွန်တော်ပေးနိုင်တဲ့ အကူအညီဆိုတာက နည်းနည်းလေးပါ။”
“ဒါပေမဲ့ အဲဒါက ကျေးဇူးဆပ်မယ်လို့ ဆုံးဖြတ်ထားတဲ့ ကျွန်တော့်ကို နည်းနည်းလေးတောင် နောက်တွန့်သွားစေခဲ့ခြင်းမရှိပါဘူး။ ပြီးတော့ သူမက ကျွန်တော်မြင်ဖူးသမျှထဲမှာ အလှဆုံးမိန်းမတစ်ယောက် ဖြစ်နေတာကလည်း ဆိုးဝါးတဲ့အချက်မှ မဟုတ်တာ”
“အစပိုင်းမှာတော့ ကျွန်တော်ရှိနေတာကို သူမက မနှစ်မြို့ခဲ့ပါဘူး။ အဲဒီအတွက် အရိုက်ခံရတာတွေလည်း ရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူမကိုယ်တိုင်ပဲ ပြန်ပြုစုပေးခဲ့တာပါ။”
“ဒါပေမဲ့ သုံးနှစ်ကြာပြီးတဲ့နောက်မှာတော့ မျက်မှောင်ကြုတ်တာကလွဲလို့ တခြားဘာမျက်နှာအမူအရာမှမရှိတဲ့၊ အဲဒီအေးစက်စက်မိန်းမလှလေးဟာ နောက်ဆုံးမှာတော့ ကျွန်တော့်အပေါ်ကို နွေးထွေးလာခဲ့ပြီး ကျွန်တော်တို့ လက်ထပ်ဖြစ်ခဲ့ကြတယ်”
“ကျွန်တော်တို့လက်ထပ်ပြီး သုံးနှစ်မြောက်မှာတော့ မာလင်းလို့ နာမည်ပေးထားတဲ့ လှပတဲ့သမီးလေးတစ်ယောက်ကို ရခဲ့တယ်။”
“သမီးလေးက သူ့အမေရဲ့အလှတရားကို ရထားပေမယ့် ကံကောင်းစွာနဲ့ပဲ လူမှုဆက်ဆံရေးစွမ်းရည်ကတော့ ကျွန်တော့်ဆီကရခဲ့တယ်။ အဲဒီလိုမှမဟုတ်ရင် သူမအတွက် ကျွန်တော် စိတ်ပူနေရမှာ”
“ကျွန်တော်လိုအပ်တယ်လို့ တစ်ခါမှ မတွေးဖူးခဲ့တဲ့ မိသားစုဆိုတဲ့အရာဆီကနေ ပျော်ရွှင်မှုကို ရရှိခဲ့တယ်။ အဲဒီနောက်ပိုင်း ဖြတ်သန်းခဲ့ရတဲ့ ရှစ်နှစ်တာကာလက ရိုးရိုးသားသားပြောရရင် ကျွန်တော့်ဘဝရဲ့ အပျော်ရွှင်ဆုံးနှစ်တွေပါပဲ။”
“ကျင့်ကြံခြင်းအဆင့်တွေကို ချိုးဖြတ်ဝင်ရောက်နိုင်ခဲ့တာတောင်မှ အဲဒီရှစ်နှစ်အတွင်းမှာ ကျွန်တော်ခံစားခဲ့ရ၊ ကြုံတွေ့ခဲ့ရတာတွေရဲ့ အနီးအနားကိုတောင် မကပ်နိုင်ပါဘူး”
“ဒါပေမဲ့ ညတစ်ညမှာ မိန်းမတစ်ယောက်က ကျွန်တော်တို့အိမ်ထဲကို အတင်းဝင်လာပြီး ကျွန်တော့်ဇနီးနဲ့ သမီးကို ခေါ်သွားခဲ့တဲ့အချိန်မှာတော့ အဲဒီအရာအားလုံး ပြောင်းလဲသွားခဲ့ပါတယ်။”
“ ကျွန်တော်ကတော့ တားဆီးဖို့ ဘာမှမတတ်နိုင်ဘဲ အဲဒီမှာတင် ကျန်ရစ်ခဲ့ရတယ်” မာယွမ်က သူ၏လက်ဆစ်များ မြည်လာသည်အထိ လက်သီးကို တင်းကျပ်စွာဆုပ်ထားရင်း ပြောလိုက်လေသည်။
“ဘာကြောင့်လဲတော့ မသိဘူး၊ ကျွန်တော် ဘယ်နှစ်ခါပဲ ကြိုးစားကြည့်ကြည့် အဲဒီမိန်းမရဲ့မျက်နှာက ကျွန်တော့်အတွက် ဝေဝါးနေတုန်းပဲ။ သူမရဲ့အသံနဲ့ လှုပ်ရှားမှုတွေကိုပဲ မှတ်မိတယ်။”
“သူမ အတင်းဝင်လာတုန်းက ဒီတိုင်းကျူးကျော်လာသူတစ်ယောက်လို့ပဲ ထင်ခဲ့ပေမယ့် ကျွန်တော့်ဇနီးနဲ့ သူမတို့ရဲ့ ပြောဆိုဆက်ဆံမှုတွေအရ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် သိနေကြတယ်လို့ ယုံကြည်လာခဲ့တယ်”
“သူမက ကျွန်တော့်ဇနီးကို သူမနဲ့အတူလိုက်ခဲ့ဖို့ ပြောခဲ့တယ်။ ဘာကြောင့်လဲတော့ မသိပေမယ့် ကျွန်တော်သိထားတဲ့ ကြမ်းတမ်းတဲ့ဇနီးသည်က အဲဒီအချိန်မှာ နူးညံ့သွားခဲ့ပြီး သူမနဲ့အတူလိုက်သွားဖို့ သဘောတူခဲ့တယ်။”
“ဖေးအာက ကျွန်တော့်ကို ဘယ်လိုပဲ နားချဖို့ကြိုးစားပါစေ ကျွန်တော်ကတော့ အဲဒီကိစ္စတစ်ခုလုံးကို လုံးဝလက်မခံဘဲ ငြင်းပယ်ခဲ့တာပေါ့”
“ကျွန်တော်က အဲဒီမိန်းမကို ဒုတိယအကြိမ် စဉ်းစားမနေဘဲ တိုက်ခိုက်လိုက်ပေမယ့် စက္ကန့်ပိုင်းအတွင်းမှာပဲ ကျွန်တော့်ရဲ့ဒန်တျန်က ပျက်စီးသွားခဲ့ပြီး အသက်ကို စုပ်ယူသွားသလိုခံစားရတဲ့ ပြင်းထန်လွန်းတဲ့ အအေးဒဏ်နဲ့အတူ ကြမ်းပြင်ပေါ်မှာ လဲကျနေခဲ့တယ်။”
“အဲဒီမိန်းမက ကျွန်တော့်ကို သေစေလောက်တဲ့ တိုက်ကွက်နဲ့ အဆုံးသတ်ဖို့ လုပ်နေပေမယ့် ကျွန်တော့်ဇနီးက ကျွန်တော့်အသက်ကို ချမ်းသာပေးဖို့ တောင်းပန်ခဲ့တယ်။”
“သူမ တုန်လှုပ်သွားတာ၊ မျက်ရည်ကျတာကို တစ်ခါမှ မမြင်ဖူးခဲ့ပေမယ့် အဲဒီအချိန်မှာတော့ သူမက ကျွန်တော့်အသက်အတွက် ငိုယိုပြီး တောင်းပန်နေခဲ့တာပါ”
“အဲဒီမိန်းမက သဘောတူခဲ့ပေမယ့် အပြန်အလှန်အနေနဲ့ ကျွန်တော့်သမီးကို အတင်းအကျပ် ခေါ်သွားခဲ့တယ်။”
“ကျွန်တော့်ဇနီးက တားဆီးဖို့ ကြိုးစားခဲ့ပေမယ့် သူမရဲ့ခန္ဓာကိုယ်ပေါ်မှာ ထူးဆန်းတဲ့ စာလုံးတချို့ ပေါ်လာပြီးတဲ့နောက်မှာတော့ သူမဟာ ချက်ချင်းပဲ လဲကျသွားခဲ့တယ်”
“သူတို့ ခေါ်ဆောင်သွားခံရတာကို ကျွန်တော် ဘာမှမတတ်နိုင်ဘဲ ရပ်ကြည့်နေခဲ့ရုံပဲ။ သူတို့ကို ပြန်ရှာတွေ့အောင်လုပ်မယ်လို့ ကျိန်ဆိုခဲ့ပေမယ့် သူတို့ကို ရှာဖွေရတာက ကျွန်တော်ထင်ထားတာထက် အများကြီးပိုပြီး ခက်ခဲနေခဲ့တယ်။”
“အဲဒီမိန်းမနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်မှန်သမျှကို တူးဖော်ဖို့ ကျွန်တော့်မှာရှိသမျှ အရာအားလုံးကို အသုံးချခဲ့ပေမယ့် ခုနစ်နှစ်ကြာတဲ့အထိ အနီးအနားကိုတောင် မရောက်နိုင်ခဲ့ပါဘူး။”
“ကျွန်တော်တို့အိမ်ထဲကို အတင်းဝင်လာပြီး ဇနီးနဲ့ သမီးကို ခေါ်သွားခဲ့တဲ့အချိန်တုန်းကလိုပဲ ဒီကနေ့အထိ သူမက လျှို့ဝှက်ဆန်းကြယ်နေတုန်းပါပဲ”
“ခင်ဗျား ကျွန်တော့်ကို တွေ့တဲ့အချိန်မှာ သူတို့ကို ရှာတွေ့နိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေ အားလုံး ဆုံးရှုံးနေခဲ့ပြီ။”
“ဒါကြောင့် အဲဒီရေကန်ထဲမှာ ကိုယ့်အသက်ကိုယ် အဆုံးစီရင်ပြီး နာကျင်မှုတွေကို အဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့တာပါ”
“ကျွန်တော့်အသက်ကလွဲပြီး ပေးစရာ ဘာမှမရှိတော့ပါဘူး။ ကျေးဇူးပြုပြီး တရားသူကြီးယန်ချင်း၊ ကျွန်တော့်ဇနီးနဲ့ သမီးကို ရှာတွေ့အောင် ကူညီပေးနိုင်မယ်ဆိုရင် ကျွန်တော့်အသက်နဲ့ လဲလှယ်ဖို့ ဆန္ဒရှိပါတယ်”
မာယွမ်က အယ်လီ၏ကျောပေါ်တွင် ဒူးနှစ်ဖက်ထောက်၍ ဦးညွှတ်ရင်း ပြောလိုက်လေသည်။