← Chapters

မာယွမ်၏ အတိတ် (၂)

Vol. 22 Ch. 220

မာယွမ်၏ အတိတ် (၂)

Vol. 22 Ch. 220

“ဒီလိုလုပ်စရာ မလိုပါဘူး”

ယန်ချင်းက လက်ရှိစိုးရိမ်ပူပန်မှုကြောင့် အနည်းငယ်တုန်ယင်နေသော မာယွမ်ကို ထူပေးရင်း ပြောလိုက်၏။

ယန်ချင်းသည် မာယွမ်ကို ထူပေးနေစဉ် သူ၏အာရုံကြောများကို ငြိမ်သက်သွားစေရန် ချီစွမ်းအင်အချို့နှင့် ဝိညာဉ်ကျင့်ကြံခြင်းကျင့်စဥ်တစ်ခုကို ပေါင်းစပ်အသုံးပြုပေးလိုက်လေသည်။

“အဖွဲ့အစည်းဆိုတာ တိတိကျကျပြောရရင် ဒီလိုအမှုမျိုးတွေအတွက် တည်ထောင်ထားတာပါ။ ဒါကြောင့် ခင်ဗျားအနေနဲ့ ဒီလိုတွေလုပ်နေစရာ မလိုသလို ကျွန်တော်တို့ဘက်ကလည်း ခင်ဗျားဆီကနေ ကျွန်ခံပါ့မယ်ဆိုတဲ့ သစ္စာဆိုမှုမျိုးကို မလိုအပ်ပါဘူး။”

“ခင်ဗျားက အမှုကို လာရောက်တိုင်ကြားထားပြီးဖြစ်တဲ့အတွက် ဒီအချိန်ကစပြီး အမှုကို အောင်မြင်စွာ ပြီးပြတ်အောင် ဆောင်ရွက်ပေးဖို့က ကျွန်တော်တို့ရဲ့ တာဝန်ပဲ။”

“တကယ်လို့ ခင်ဗျားက ကျွန်တော်တို့ကို ကူညီချင်တယ်ဆိုရင် ကူညီပေးနိုင်တဲ့ အပိုင်းတွေ အများကြီး ရှိပါတယ်။ အဓိကကတော့ ဒီအမှုနဲ့ပတ်သက်တဲ့ အပိုင်းတွေမှာပေါ့။”

“အမှန်တော့ ခင်ဗျား ရှင်းပြပေးနိုင်မယ့် အချက်အချို့ ရှိသေးတယ်” ဟု ယန်ချင်းက မာယွမ်ကို ဆန်အရက် နောက်တစ်ခွက် ငှဲ့ပေးရင်း ပြောလိုက်လေသည်။

“ကျေးဇူးတင်ပါတယ်”

မာယွမ်က အရက်အိုးကို လှမ်းကိုင်ရင်း တိုးညှင်းစွာ ပြောလိုက်၏။ အရက်အိုးကို ကိုင်လိုက်သည့် သူ၏လက်များမှာ တုန်ယင်နေချေပြီ။

“တရားသူကြီး ယန်ချင်း... လိုအပ်တာရှိရင် အချိန်မရွေး မေးမြန်းနိုင်ပါတယ်။”

“ကျွန်တော့်ဇနီးနဲ့ သမီးကို ရှာတွေ့ဖို့ဆိုရင် ကျွန်တော်တတ်နိုင်သမျှ ဘာမဆို လုပ်ပေးဖို့ ဆန္ဒရှိပါတယ်” ဟု မာယွမ်က ဆိုလေသည်။

“ကျွန်တော် ရှင်းရှင်းလင်းလင်း သိချင်တဲ့ အပိုင်းနည်းနည်းတော့ ရှိတယ်။ ပထမတစ်ခုက ခင်ဗျားအိမ်ထဲကို ကျူးကျော်ဝင်ရောက်ပြီး ဇနီးနဲ့ သမီးကို ဖမ်းခေါ်သွားတဲ့ အမျိုးသမီးအကြောင်းပါ။”

“ သူက မှုန်ဝါးဝါးဖြစ်နေတယ်လို့ ခင်ဗျား ပြောခဲ့တယ်နော်။ အဲဒီမှုန်ဝါးဝါးဖြစ်နေတဲ့ အသွင်က ရုတ်တရက်ကြီး ပေါ်လာတာမျိုးလား၊ ဒါမှမဟုတ် အစကတည်းက အဲဒီလိုပဲ ဖြစ်နေခဲ့တာလား”

ယန်ချင်းက သူ၏သိုလှောင်လက်စွပ်ထဲမှ အညိုရောင်ဖျော့ဖျော့ အမွှေးတိုင်အနည်းငယ်ကို ထုတ်ယူရင်း မေးလိုက်၏။

“အဲဒီအချိန်က ကျွန်တော် အရမ်းစိုးရိမ်ပူပန်နေခဲ့တော့ သေသေချာချာတောင် အာရုံမစိုက်နိုင်ခဲ့လို့ သိပ်တော့မသေချာဘူးဗျ။ နေပါဦး...”

မာယွမ်သည် မျက်မှောင်ကြုတ်သွားပြီး ယန်ချင်းမေးသည့် အသေးစိတ်အချက်အလက်များကို မှတ်မိရန် ကြိုးစားရင်း မျက်စိမှိတ်လိုက်လေသည်။

“အဲဒီနေ့က ခင်ဗျား ဘာတွေလုပ်ခဲ့တယ်ဆိုတာကနေ စပြီး အဲဒီအချိန်ရောက်တဲ့အထိ ပြန်စဉ်းစားကြည့်ပါ။”

“ဒါဆိုရင် ခင်ဗျားရဲ့စိတ်ထဲမှာ ပိုပြီးလွယ်ကူသွားလိမ့်မယ်။ နောက်ပြီး နှစ်ပေါင်းနှစ်သောင်း သက်တမ်းရှိတဲ့ နံနက်ခင်းနှင်းရည် ထင်းရှူးသားနဲ့ လုပ်ထားတဲ့ ဝိညာဉ်ခိုင်ခံ့စေတဲ့ အမွှေးတိုင်တွေကိုလည်း ကျွန်တော် အသုံးပြုပေးမယ်။”

“အထူးသဖြင့် ခင်ဗျားရဲ့ မှတ်ဉာဏ်တွေ အတင်းအဓမ္မ ပြုပြင်ပြောင်းလဲခံထားရတယ်ဆိုရင်တောင် ဝိညာဉ်အသိစိတ်ကို ခိုင်ခံ့စေဖို့ ဒီအမွှေးတိုင်က ကူညီပေးနိုင်ပါတယ်”

ယန်ချင်းက သိုလှောင်လက်စွပ်ထဲမှ ထုတ်ယူထားသော အညိုရောင်ဖျော့ဖျော့ အမွှေးတိုင် ခုနစ်တိုင်အနက် လေးတိုင်ကို မီးညှိရင်း ပြောလိုက်လေသည်။

“ဒါဆို အဲဒီနေ့က ဘာတွေဖြစ်ခဲ့တာလဲ”

ယန်ချင်း၏အသံတွင် နက်နဲသိမ်မွေ့သော မှော်ဆန်သည့် အရည်အသွေးအချို့ ပါဝင်နေ၏။

သူသည် မာယွမ် မှတ်ဉာဏ်များ ပြန်လည်မှတ်မိစေရန် ကူညီပေးနိုင်ရန် သူ၏အသံကို ဝိညာဉ်စွမ်းအင်ဖြင့် အားဖြည့်ထားခြင်း ဖြစ်ပေသည်။

အကယ်၍ သူ၏မှတ်ဉာဏ်များသည် အတင်းအဓမ္မ ပြုပြင်ပြောင်းလဲခံထားရပါက၊ ထိုဖြစ်ရပ်များကို ပြန်လည်မှတ်မိရန် မာယွမ်၏ ကြိုးစားအားထုတ်မှုသည် သူ၏ စိတ်ဝိညာဥ်ပင်လယ်ကို ထိခိုက်စေနိုင်သည့် အန္တရာယ်ရှိနေသည်။

ယန်ချင်း၏ အသံတွင် မာယွမ်၏ စိတ်ဝိညာဥ်ပင်လယ်အတွင်း အကာအကွယ်တစ်ခုအဖြစ် လုပ်ဆောင်ပေးသည့် အထူးဝိညာဉ်ကျင့်စဥ်တစ်ခု ပါဝင်နေလေသည်။

…

ယန်ချင်း၏ အသံစွမ်းအင်ကြောင့် မာယွမ်သည် ထိုနေ့၏ မှတ်ဉာဏ်များဆီသို့ ဆွဲခေါ်ခံလိုက်ရပုံပေါ်၏။

မှတ်တမ်းတင်အဆောင်တစ်ခုမှ မြင်ကွင်းတစ်ခုကဲ့သို့ မှတ်ဉာဏ်များသည် သူ၏စိတ်ထဲတွင် ပေါ်လာပြီး၊ ထိုဖြစ်ရပ်များကို တတိယလူနေရာမှ ကြည့်ရှုနေရသကဲ့သို့ ဖြစ်နေလေသည်။

“ကျွန်တော်တို့ ပုံမှန်အတိုင်းပဲ နေ့တစ်နေ့ကို စတင်ခဲ့တယ်။ မနက်ခင်း လုပ်ရိုးလုပ်စဉ်အတိုင်း ကျွန်တော်က ပန်းခြံထဲမှာ အလုပ်လုပ်နေချိန် ဖေးအာက ကျွန်တော်တို့ရဲ့သမီးကို ကျင့်ကြံခြင်းနဲ့ပတ်သက်ပြီး လမ်းညွှန်ပြသပေးနေခဲ့တယ်။”

“သူမက လူမှုဆက်ဆံရေးမှာ သုညဖြစ်နေနိုင်ပေမဲ့၊ နားလည်သဘောပေါက်နိုင်စွမ်းနဲ့ ပတ်သက်လာရင် ပါရမီပါတဲ့အတွက် ကျွန်တော့်ထက် ပိုကောင်းတဲ့ ဆရာတစ်ယောက် ဖြစ်နေတာပေါ့။”

“တစ်ဖက်မှာ ကျွန်တော်ကတော့ ပန်းခြံထဲမှာ အလုပ်လုပ်နေခဲ့တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ရခဲ့တဲ့ အမွေအနှစ်က ဝိညာဉ်အပင်တွေ စိုက်ပျိုးပြုစုတာနဲ့ ဆေးပညာဘက်မှာ ဗဟုသုတနဲ့ ကျွမ်းကျင်မှု နည်းနည်းပါးပါး ပေးထားလို့လေ။”

“လေ့ကျင့်ပြီးသွားတော့ ကျွန်တော်တို့ အတူတူ ထမင်းစားကြတယ်။ ပြီးတော့ ကျွန်တော့်ဆီမှာရှိတဲ့ ဆေးပင်တချို့ကို ရောင်းချဖို့ မြို့ထဲက စျေးကိုသွားရင်း ကျွန်တော်တို့ရဲ့ ကျင့်ကြံခြင်းအတွက် လိုအပ်တဲ့ ပစ္စည်းတချို့ကိုလည်း ဝယ်ခဲ့ကြသေးတယ်။

“ညနေစောင်းလောက်မှ အိမ်ပြန်ရောက်ကြတယ်။ ကျွန်တော်နဲ့ ဇနီးက ကိုယ့်ကျင့်ကြံရေးအခန်းတွေဆီ အသီးသီးသွားပြီး ကျင့်ကြံခဲ့ကြပြီး လင်းအာကိုတော့ အိမ်စောင့်ဖို့ ထားခဲ့ကြတယ်။”

“ညဦးပိုင်းလောက်မှာ ကျွန်တော်တို့ ကျင့်ကြံတာ ပြီးသွားခဲ့တယ်။ အဲဒီနောက်မှာ ကျွန်တော်က အမြန်စားလို့ရမယ့် အစားအစာတစ်ခုကို ပြင်ဆင်ခဲ့တယ်။”

“အားလုံးပြင်ဆင်ပြီးတော့ စားပွဲခင်းဖို့ လုပ်ကြတယ်။ ဟင်... ဖေးအာက တစ်ခုခုကို လန့်သွားပုံပဲ” မားယွမ်က ဆို၏။

ပြင်ပမှ စောင့်ကြည့်နေသည့် မာယွမ်သည် သူ၏ဇနီးအနီးသို့ တိုးကပ်သွားပြီး ဝမ်းနည်းမှုနှင့် အံ့သြမှုတို့ ရောယှက်နေသော မျက်ဝန်းများဖြင့် သူမ၏မျက်နှာကို သေချာစွာ စူးစမ်းကြည့်လိုက်လေသည်။

ထိုမြင်ကွင်းထဲတွင် ဖေးအာ၏ မျက်ဝန်းများမှာ အံ့သြမှုကြောင့် ကျဉ်းမြောင်းသွားခဲ့ပြီးနောက်၊ ချက်ချင်းပင် သူမက ဟန်လုပ်ဖုံးကွယ်လိုက်၏။

စောင့်ကြည့်နေသော မာယွမ်အနေဖြင့် သိပ်တော့မသေချာလှသော်လည်း၊ ရယ်မောပျော်ရွှင်နေကြသော မားယွမ်နှင့် သူတို့၏သမီးလေး နှစ်ဦးလုံးအပေါ် သူမ၏အကြည့်များ ကျရောက်သွားသည့် ထိုစက္ကန့်တိုလေးအတွင်း သူမ၏မျက်ဝန်းထဲ၌ လွမ်းဆွေးမှုနှင့် နောင်တရနေသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်ကို သူ မြင်လိုက်ရပေသည်။

“ဒီအရာတွေ အကုန်လုံးမဖြစ်ခင်ကတည်းက သူမ ကြိုသိနေခဲ့တဲ့ပုံပဲ။ ဒါပေမဲ့ ဘယ်လိုလုပ်ပြီး သိတာလဲ”

မာယွမ်က သူ၏ဇနီးအပေါ် အကြည့်ရောက်သွားရင်း ဝေခွဲမရစွာ တွေးတောလိုက်မိ၏။

ထိုစဉ်မှာပင် သူ၏မျက်ဝန်းများကို ကျဉ်းမြောင်းသွားစေသည့် အရာတစ်ခုကို သူ သတိထားမိလိုက်လေသည်။

သူ၏ဇနီး ဖေးအာသည် ရေခဲပုံဆောင်ခဲဖြင့် ပြုလုပ်ထားပုံရသော ရှစ်ထောင့်ပုံစံ အရာဝတ္ထုငယ်လေးတစ်ခုကို ကိုင်ထားလေသည်။

မာယွမ်သည် တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် ယင်းမှာ မည်သည့်အရာဖြစ်ကြောင်း အတိအကျ သိလိုက်သည်။

ထိုအရာမှာ သူတို့အိမ်၏ အစီအရင်အတွက် ထိန်းချုပ်မှုချပ်ပြားပင် ဖြစ်ချေပြီ။

သူသည် အစီအရင်များနှင့်ပတ်သက်၍ များများစားစား မသိနားမလည်ပေ။

သူတို့အိမ်ရှိ အစီအရင်ကို သူ၏ဇနီးက ချထားပေးခဲ့ခြင်းဖြစ်ပြီး၊ အစီအရင်ကို ထိန်းချုပ်နိုင်ရန်အတွက် သူနှင့် သူ့သမီးကိုလည်း အလားတူ ချပ်ပြားတစ်ခုစီ ပေးထားခဲ့သည်။

သူ၏ဇနီးက ဤအစီအရင်တစ်ခုလုံးကို ချမှတ်စဉ်က သူမပြောခဲ့ဖူးသည့် စကားများကို ပြန်လည်မှတ်မိနေသည်။

ထိုအစီအရင်သည် အမြုတေဖွဲ့စည်းခြင်းအဆင့် (၁၀) မှ ကျင့်ကြံသူတစ်ဦးကိုပင် ကာကွယ်နိုင်လောက်အောင် အစွမ်းထက်သည်ဟု သူမက ဆိုခဲ့ဖူးလေသည်။

အဲဒီအချိန်က သူ၏ဇနီးမှာ အမြုတေဖွဲ့စည်းခြင်းအဆင့် (၇) တွင်သာ ရှိသေးသဖြင့်၊ ထိုစကားကို သူမပြောခဲ့စဉ်က သူ မည်မျှအံ့သြခဲ့ရကြောင်း မာယွမ် ပြန်လည်အမှတ်ရမိသည်။

မိမိထက် အဆင့်အနည်းငယ်မြင့်သော ကျင့်ကြံသူတစ်ဦးကို တားဆီးနိုင်သည့် အစီအရင်တစ်ခု ဖန်တီးနိုင်ခြင်းက အစီအရင်ပညာရပ်တွင် သူမ မည်မျှကျွမ်းကျင်ကြောင်းကို ပြသနေပေသည်။

သူ၏အမျိုးသမီးတွင် လူမှုဆက်ဆံရေးစွမ်းရည် လုံးဝမရှိသည့်အတွက် သူမ လိမ်နေသည်ဟု မာယွမ်က မသင်္ကာဖြစ်ခဲ့ခြင်း မရှိပေ။

တစ်ခါတစ်ရံတွင် သူမ လိမ်ရော လိမ်ဖူးပါရဲ့လားဟုပင် သူ တွေးမိခဲ့ဖူးလေသည်။

…

“ဖေးအာ... မင်းက ဘာလို့ သူ့ကို ဝင်လာခွင့်ပေးလိုက်တာလဲ”

သူမက အိမ်ကို ကာကွယ်ထားသည့် အစီအရင်များကို ပိတ်ပစ်ရန် ထိုချပ်ပြားကို အသုံးပြုလိုက်သည်ကို မြင်လိုက်ရသောအခါ မာယွမ်မှာ အံ့သြဝေခွဲမရ ဖြစ်သွားရ၏။

ထိုနေ့က ဖြစ်ပျက်ခဲ့သည့် အချို့သောအရာများကို သူ အဘယ်ကြောင့် မမှတ်မိနိုင်ရသနည်းဟူသည့် အချက်အပေါ်တွင်လည်း သူ ရှုပ်ထွေးနေမိသည်။

ယခု သူမြင်တွေ့နေရသည့် အရာအချို့သည် သူ့အတွက် လုံးဝ အသစ်အဆန်းလို ဖြစ်နေချေပြီ။

သူ၏ကျင့်ကြံခြင်း စွမ်းရည်များ ပျက်စီးသွားခဲ့နိုင်သော်လည်း၊ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ စိတ်ဝိညာဥ်ပင်လယ်နှင့် ဝိညာဉ်အာရုံ အပါအဝင် ခန္ဓာကိုယ်နှင့် အာရုံခံစားမှုများ ရှိနေဆဲဖြစ်သည်။

လွန်ခဲ့သော နှစ် ၃၀ က ဖြစ်ပျက်ခဲ့သည့် အရာများကိုပင် ယခုချက်ချင်း ဖြစ်ပျက်နေသကဲ့သို့ အသေးစိတ် ပြန်လည်မှတ်မိနိုင်သော်လည်း၊ လွန်ခဲ့သော ၇ နှစ်က ဖြစ်ပျက်ခဲ့သည့် အရာတစ်ခုနှင့်ပတ်သက်၍မူ သူ၏မှတ်ဉာဏ်များတွင် ကွက်လပ်များ ရှိနေလေသည်။

သူတို့ကို တိုက်ခိုက်ခဲ့သော အမျိုးသမီးက ပေါ်ပင်မလာသေးသည့်အချိန်၌ အဘယ်ကြောင့် ဤသို့ဖြစ်ရသည်ကို သူ နားမလည်နိုင်အောင် ဖြစ်နေမိ၏။

…

“မားယွမ်... ပြီးတော့ ဘာဆက်ဖြစ်လဲ”

ယန်ချင်း၏ ညင်သာသောအသံက မားယွမ်၏စိတ်ထဲတွင် ပေါ်လာ၏။

သူ၏ဇနီးမျက်ဝန်းများမှ အံ့သြထိတ်လန့်သွားသည့် အရိပ်အယောင်ကို မြင်လိုက်ရသည့်အချိန်မှစ၍ သူ ပြောပြနေခြင်းကို ရပ်တန့်ကာ တိတ်ဆိတ်သွားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော့်ဇနီးက ကျွန်တော်ထင်ထားတာထက် အများကြီးစောပြီး ကျူးကျော်သူကို သတိထားမိခဲ့တဲ့ပုံပဲ။”

“ ပြီးတော့ အိမ်ပတ်ပတ်လည်မှာ ချထားတဲ့ အစီအရင်တွေကိုတောင် ဖျက်သိမ်းပြီး သူ့ကို ဝင်လာခွင့် ပေးလိုက်သေးတယ်” ဟု မာယွမ်က မယုံကြည်နိုင်စွာဖြင့် ပြောလိုက်လေသည်။

“ကျွန်တော် အဲဒီမှာရှိနေခဲ့တာတောင် ဘာလို့ တစ်ခုမှ မမှတ်မိရတာလဲ” ဟု မျက်မှောင်ကြုတ်ရင်း မာယွမ်က ရေရွတ်လိုက်၏။

“စားပွဲခင်းပြီးသွားတော့ ကျွန်တော်တို့ အတူတူ ထမင်းစားခဲ့ကြတယ်။”

“ ဒါက နောက်ဆုံးအတူတူ ရှိနေခြင်းမှန်းသာ ကျွန်တော် သိခဲ့မယ်ဆိုရင်၊ သူ့ကို ဒီထက်ပိုပြီး မြတ်မြတ်နိုးနိုးနဲ့ တန်ဖိုးထားခဲ့မှာပါ” ဟု မားယွမ်က နာကျင်စွာဖြင့် ပြောလိုက်လေသည်။

“ဒီလိုနဲ့ ဆယ်မိနစ်လောက် ကုန်သွားတဲ့အခါ၊ ဖေးအာက ပုံမှန်နဲ့မတူတဲ့ အလုပ်တစ်ခုကို လုပ်ခဲ့တယ်။ သူမက ကျွန်တော့်နဖူးကို နမ်းခဲ့တယ်။ သူမက အများကြီး ပြောင်းလဲလာခဲ့တာပဲ”

စောင့်ကြည့်နေသော မားယွမ်၏ပုံရိပ်နှင့် ယန်ချင်းရှေ့တွင် မျက်စိမှိတ်၍ ထိုင်နေသော အစစ်အမှန် ခန္ဓာကိုယ် နှစ်ခုလုံးက တစ်ချိန်တည်းမှာပင် ပြုံးလိုက်ကြ၏။

“ဒါက...”

စက္ကန့်အနည်းငယ်အကြာတွင် ထိုအပြုံးသည် အံ့သြမှုကြောင့် တုန်လှုပ်သွားလေသည်။

ပြန်လည်မြင်ယောင်လာသည့် မှတ်ဉာဏ်ထဲတွင်၊ စောင့်ကြည့်နေသော မာယွမ်သည် မှတ်ဉာဏ်ထဲမှ သူ၏ နဖူးပေါ်၌ သေးငယ်သော အက္ခရာတစ်ခု ပေါ်လာသည်ကို မြင်လိုက်ရ၏။

သူ၏ဇနီးက သူ့ကို နမ်းလိုက်သည့် နေရာအတိအကျတွင် ထိုအက္ခရာက ပေါ်လာခြင်း ဖြစ်ပေသည်။

“ဖေးအာ... ဘာတွေဖြစ်နေတာလဲ။ မင်း ဘာလုပ်နေတာလဲ”

စောင့်ကြည့်နေသော မာယွမ်သည် သူမထံမှ မည်သည့်တုံ့ပြန်မှုမျှ ရနိုင်မည်မဟုတ်သော်လည်း၊ မှတ်ဉာဏ်ထဲရှိ သူ၏ဇနီးကို မအောင့်နိုင်ဘဲ မေးလိုက်မိလေသည်။ သူ၏မေးခွန်းက လက်တွေ့ကမ္ဘာတွင်လည်း ပဲ့တင်ထပ်သွား၏။

ဖေးအာက မှတ်ဉာဏ်ထဲရှိ မာယွမ်ကို ချစ်ခင်မြတ်နိုးသည့် အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက်၊ သူမ၏ယခင် အေးတိအေးစက်အသွင် ပြန်ပေါ်လာကာ၊ သမီးဖြစ်သူအား ကြွားလုံးထုတ်ရင်း အူကြောင်ကြောင် ပြုံးဖြဲဖြဲဖြစ်နေသော မာယွမ်ကို ထားခဲ့ကာ သူမ၏ထိုင်ခုံသို့ ပြန်သွားခဲ့လေသည်။

သူမ၏သမီးလေးကလည်း တခစ်ခစ်ရယ်မောကာ တုံ့ပြန်နေလေသည်။

“ဒါက သူမ အတင်းဝင်လာခဲ့တဲ့ အချိန်ပဲ”

မာယွမ်က အသက်မဲ့စွာ ပြောလိုက်၏။ ဤအချိန်၌ ပြန်လည်မြင်ယောင်လာသည့် မှတ်ဉာဏ်များထဲတွင် အံ့သြစရာကောင်းလောက်သည့် အရာမည်မျှပင် ဖြစ်ပျက်ခဲ့သည်ဖြစ်စေ၊ ထိုမှတ်ဉာဏ်သည် သူ၏ကိုယ်ပိုင်မှတ်ညဏ်နှင့် အစစ်အမှန် ဟုတ်မဟုတ်ကိုပင် သူ မသေချာတော့ချေ။

အထူးသဖြင့် သူ၏ဇနီး ပါဝင်နေသည့် အပိုင်းများကို သူ လုံးဝ နားမလည်နိုင်အောင် ဖြစ်နေမိလေသည်။

သူပြောသကဲ့သို့ပင်၊ ဖန်သားလို တောက်ပနေသည့် အဖြူရောင်စစ်စစ် ဝတ်ရုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် အမိုးပေါ်မှတစ်ဆင့် သူတို့အိမ်ထဲသို့ အတင်းဝင်ရောက်လာခဲ့သည်။

သို့သော်လည်း ယခုအခါ တစ်ခုခု ပြောင်းလဲသွားပြီဖြစ်သည်။ သူမ၏ပုံရိပ်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့နေရပြီဖြစ်သော်လည်း၊ ယင်းက သူ့အတွက် မည်သည့်သက်သာရာရမှုကိုမျှ မဖြစ်စေခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် အတင်းဝင်ရောက်လာသော အမျိုးသမီး၏မျက်နှာကို မြင်ရသည့်အပြင်၊ ထိုအမျိုးသမီး ပေါ်လာသည့်အချိန်၌ သူ၏နဖူးရှိ အက္ခရာများ တောက်ပလာသည်ကိုပါ သူ မြင်လိုက်ရသောကြောင့် ဖြစ်သည်။

မာယွမ် မြင်တွေ့နေရသည့် အခြေအနေအရ၊ အဖြူရောင်ဝတ်ရုံနှင့် အမျိုးသမီး အတင်းဝင်မလာမီ စက္ကန့်ပိုင်းအလိုတွင် သူ၏ဇနီးက အသံတိတ် ဂါထာတစ်ခုကို ရေရွတ်လိုက်ခြင်းဖြင့် ထိုအက္ခရာကို အသက်သွင်းလိုက်ခြင်းဖြစ်ကြောင်း သူ သိလိုက်လေသည်။

All Chapters