အခန်း (၁၂၁-၁၂၂)
Vol. 13 Ch. 121-122
🫧 Chapter 121
[လူက လောကထဲကို ငိုယိုပြီး ရောက်လာကြတယ်၊ ငိုယိုပြီးတော့ပဲ ပြန်သွားရတယ် ပြုံးပြုံးရွှင်ရွှင်နဲ့ ပြန်လို့မရဘူးလို့ ဘယ်သူမှ မပြောခဲ့ပါဘူး]
[တကယ်ကို နွေးထွေးပြီး စိတ်ချမ်းသာဖို့ ကောင်းလိုက်တာ]
ကျိယင်၏ လုပ်ရပ်မှာ ပရိသတ်များ စိတ်ထဲရှိ ဝိညာဉ်တမန်တော် ပုံရိပ်နှင့် အနည်းငယ် ကွဲပြားနေသော်လည်း လူတို့ကို နွေးထွေးမှုနှင့် စိတ်ကျေနပ်မှုကို ပေးစွမ်းနိုင်ခဲ့ပါသည်။
[စိတ်ဓာတ်ခွန်အား ရသွားတယ် ကျေးဇူးပဲ]
[အရင်က ငါတွေးခဲ့တာတွေ မှားနေတယ်ဆိုတာ ရုတ်တရက် သတိထားမိသွားတယ်]
တစ်ခါတရံတွင် အယူအဆတစ်ခု ပြောင်းလဲသွားရန်မှာ ‘စိတ်ထဲ၌ တစ်ချက်လှုပ်ခတ်သွားသည့်’ အခိုက်အတန့်လေးမျှသာ လိုအပ်သည်မဟုတ်ပါလော။
Live လွှင့်ကတည်းက နေ့တိုင်းလိုလို လူသေဆုံးမှုများကို မြင်တွေ့ခဲ့ရသဖြင့် လူတို့အား မသိစိတ်ထဲ၌...ဝိညာဉ်တမန်တော် ရောက်ရှိလာခြင်းသည် သေခြင်းတရား ရောက်ရှိလာခြင်းဖြစ်သည်ဟု ခံစားရစေခြင်းဖြစ်သည်လေ။
ထိုအရာမှာ ဝမ်းနည်းဖွယ်ရာ၊ စိတ်မကောင်းဖွယ်ရာနှင့် နှမြောဖွယ်ရာများချည်းပင်။
အခုချိန်ထိ ပရိသတ်တော်တော်များများမှာ Live ကြည့်ရင်း ငိုကြွေးရန် တစ်ရှူးနှစ်ထုပ်ခန့်ကို အမြဲအသင့်ဆောင်ထားကြဆဲပင်။
ထို့ပြင် Live ထဲတွင် မိမိကိုယ်တိုင် ရုတ်တရက် ပါဝင်လာမည်ကိုလည်း စိုးရိမ်နေကြပါသည်။
ထိုသို့ဆိုလျှင် သူတို့ အလျင်အမြန် တစ်ခုခုကို ပြင်ဆင်မိကြပါလိမ့်မည်။
သို့သော် ဤမြင်ကွင်းကို ကြည့်ပြီးနောက်တွင်မူ... ပရိသတ်များ၏ စိတ်ထဲ၌ တစ်ခုခုလှုပ်ခတ်သွားကြသည်။
ဖြစ်နိုင်သည်မှာ သူတို့အနေဖြင့် ဤကိစ္စကို တခြားရှုထောင့်တစ်ခုမှ ကြည့်သင့်သည်ဟုပင်။
လူတစ်ယောက် ထွက်ခွာသွားတိုင်း ဝိညာဉ်တမန်တော်များ ရောက်ရှိလာပြီး ၎င်းတို့ကို ပြန်လည်ခေါ်ဆောင်သွားပေး သည်။
၎င်းမှာ သံသရာသစ်တစ်ခုကို အဆုံးသတ်ပေးရန်ဖြစ်သည်။
အရာအားလုံး အသစ်မှပြန်စခြင်းမှာ အစပြုခြင်းသစ်တစ်ခုပင်။
တစ်ဖက်မှ ကြည့်မည်ဆိုလျှင်...
'ဒါဟာ ကံကောင်းခြင်းတစ်မျိုး မဟုတ်ပါလား'
Live ကို အကြိမ်ပေါင်းများစွာ ကြည့်ခဲ့ပြီးပြီ၊ စရိုက်မတူသည့် ဝိညာဉ်တမန်တော်အများကြီးကိုလည်း တွေ့ခဲ့ရပါပြီ။
သို့သော် စရိုက်များ မည်သို့ပင် ကွဲပြားစေကာမူ ဤဝိညာဉ်တမန်တော်များတွင် တူညီသည့် အချက်တစ်ချက်ရှိသည်။
၎င်းမှာ ဝိညာဉ်များ ပေါ်လာသည့် အချိန်တိုင်း ဝိညာဉ်တမန်တော်များသည် ဘေးနားတွင် စောင့်ကြပ်ပေးနေခြင်းပင်။
လမ်း၏အဆုံး၌ စောင့်ကြိုနေပေးမည့် ‘တစ်စုံတစ်ယောက်’ ရှိနေခြင်း....
ဤအရာက နွေးထွေးစရာကောင်းသည့် ကိစ္စတစ်ခု မဟုတ်ပါလော။
......
သူတို့ တစ်ခါတရံတွေးမိသည်မှာ နောင်တစ်ချိန်တွင် မိမိသည် ကမ္ဘာကြီး၏ တစ်နေရာရာ၌ ဘယ်သူမှမသိဘဲ တိတ် တဆိတ် ပျောက်ကွယ်သွားမလားဟူ၍ဖြစ်၏။
တကယ်လို့သာ ထိုသို့ ဖြစ်ခဲ့လျှင်... တော်တော်လေး အထီးကျန်မည်မှာ အမှန်ပင်။
အခုတော့ သူတို့ သိသွားပါပြီ။
ဘဝ၏နောက်ဆုံးအခိုက်အတန့်တွင် သူတို့သည် လူအများ၏အမြင်ကိုခံရမည်ဖြစ်သလို၊ စောင့်ကြပ်ပေးမည့်သူလည်း ရှိနေမည်ဖြစ်သည်။
ဘယ်သူမှ မသိလိုက်ဘဲ အထီးကျန်စွာ သေဆုံးသွားရခြင်းမျိုး မဟုတ်ဘဲ... နောက်ဆုံးပျောက်ကွယ်သွားသည့် အချိန်မှာပင် တစ်ယောက်တည်း မဟုတ်တော့ပေ။
"..."
ဖုန်းမျက်နှာပြင်ရှေ့တွင် ပရိသတ်အချို့မှာ ပါးစပ်ကိုအုပ်၍ အသံတိတ် ငိုကြွေးနေကြ၏။
ဤခံစားချက်မှာ ရုတ်တရက် ပြင်းထန်စွာ ရောက်ရှိလာခြင်းပင်။
၎င်းမှာ အချိန်အကြာကြီး ဖိနှိပ်ထားခဲ့ရသည့် စိုးရိမ်စိတ်၊ မခံချင်စိတ်နှင့် ဝမ်းနည်းမှုတို့မှာ... ယခုခံစားလိုက်ရသည့် နွေးထွေးမှုကြောင့် ပေါက်ကွဲထွက်လာသလိုပင်။
တချို့က အိမ်တွင် တစ်ခုခုလုပ်ရင်း၊ တချို့က ကဖေးဆိုင်၌ ထိုင်ရင်း၊ တချို့ကတော့ ထမင်းစားဆောင်တွင် တစ်ယောက် တည်း ထမင်းစားရင်းငိုနေကြခြင်းဖြစ်သည်။
ဘေးကလူများက ဘာဖြစ်လို့လဲဆိုတာ မသိကြပေမဲ့... တော်တော်လေး ဝမ်းနည်းစရာကောင်းသည့် ကိစ္စတစ်ခုခု ဖြစ်မည်ဟုပင် ထင်ကြပါလိမ့်မည်။
ထိုငိုသံများထဲတွင် ဖိနှိပ်မှုများ၊ ဝမ်းနည်းမှုများ ပါဝင်နေသော်လည်း... တစ်ဖက်၌လည်း စိတ်သက်သာရာရမှုများ ကိန်းအောင်းနေခြင်းဖြစ်သည်လေ။
ပြီးခဲ့သည့်ရက်များတွင် ဘဝ၏ သောကပေါင်းစုံမှာ တောင်ကြီးတစ်လုံးလို သူတို့ကို ဖိနှိပ်ထားခဲ့ခြင်းဖြစ်သည်။
အလုပ်တွင် အမှားလုပ်မိ၍ အထက်လူကြီး ဆဲဆိုခြင်း၊ ကားဖိုး အိမ်ဖိုး ပေးဆောင်ရန် ရှိခြင်း... ဘွဲ့ရပြီးနောက် အလုပ်ရှာဖွေရမည်ကို စိုးရိမ်ခြင်း၊ အနာဂတ်အတွက် လမ်းပျောက်နေခြင်း... စာမေးပွဲကျရှုံး၍ ဆရာနှင့် မိဘများ စိတ်ပျက်ခြင်း၊ မိမိကိုယ်တိုင် အပြစ်တင်ခြင်း...
ထူးဆန်းသည်မှာ Live ၏ အကြောင်းအရာသည် ဤကိစ္စများနှင့် လုံးဝမသက်ဆိုင်ပေ။
သို့သော် ဤအခိုက်အတန့်တွင်မူ မိမိကိုယ်မိမိ နှိပ်စက်နေခဲ့သည့် အရာများမှာ ရုတ်တရက် ပျောက်ကွယ်သွားသလို ခံစားလိုက်ရပါသည်။
ရှေ့မှလမ်းမှာလည်း ရုတ်တရက် ‘ပွင့်’ သွားသလိုပင်။ အရာအတော်များများမှာ ထင်သလောက် မဆိုးရွားလှပေ။
မိမိကိုယ်မိမိ အတင်းအကျပ် ဖိအားပေးနေရန်လည်း မလိုတော့ပေ။
သူတို့အနေဖြင့် အမောဖြေရန် ရွေးချယ်နိုင်သလို၊ မိမိကိုယ်မိမိ အခွင့်အရေးအသစ် တစ်ခါပြန်ပေးရန်လည်း ရွေးချယ်နိုင်ပါသည်။
[ ရှောင်ကျဲက Host ကို မိုးမျှော်တိုက်ကြီး ၁ခု လက်ဆောင်ပေးလိုက်ပါတယ်]
[ ပိုင်ကျယ်က Host ကို မိုးပျံပူဖောင်း ၅ခု လက်ဆောင်ပေးပါတယ်]
[ ချင်ယုက Host ကို ... လက်ဆောင်ပေးပါတယ်]
[.....]
ဤပရိသတ်များ ဘာမှ ထပ်မပြောတော့ဘဲ တိုင်ပင်မထားဘဲ လက်ဆောင်များသာ ပေးနေကြတော့သည်။
မျက်ရည်ကို သုတ်၊ ခေါင်းကိုမော့လိုက်လျှင် လူသစ်တစ်ယောက် ဖြစ်လာဦးမည်သာ။
.....
.....
Live ထဲတွင် ဖြစ်ပျက်နေသည့် အပြောင်းအလဲများကို ကျန်းလင်က မသိရှိရှာပေ။
သူက ခေါင်းမော့ကြည့်လိုက်သည့်အခါ လက်ဆောင်များ မျက်နှာပြင်အပြည့် တက်လာသည်ကိုသာ မြင်တွေ့လိုက်ရသည်။
"..."
'ယနေ့ ပရိသတ်များမှာ အားပေးမှု အမှန်တကယ်ပင် ပြင်းထန်လှချေလား....'
မလှမ်းမကမ်းတွင်မူ ဝိညာဉ်တမန်တော် နှစ်ဦးသည် ဝိညာဉ်များကို လာရောက်ခေါ်ဆောင်နေကြ၏။
၎င်းတို့မှာလည်း ဝိညာဉ်တမန်တော် အသစ်တစ်ဦးနှင့် စီနီယာတစ်ဦး တွဲဖက်ထားခြင်းပင်။
"မင်း ကြည့်လိုက်၊ လူ့ပြည်မှာ ထူးဆန်းတာတွေ များသလို အကောင်းစားအရက်တွေလည်း အများကြီးပဲ ဒါပေမဲ့ ပြဿနာတွေကလည်း တကယ်ကိုပေါတာ"
"ဒါကြောင့်မို့လို့ပဲ ဇာတ်လမ်းတွဲတွေ ဒီလောက်များနေတာပေါ့၊ ယောက္ခမနဲ့ ချွေးမရန်ဖြစ်တာတွေရော မင်း သိတယ်မလား"
မေးမြန်းခြင်းခံရသည့် ဝိညာဉ်တမန်တော် အသစ်ကလေးမှာ ခေါင်းကိုသာ တဆတ်ဆတ် ညိတ်နေတော့၏။
ခေါင်းညိတ်ခြင်းမှတစ်ပါး တခြားဘာမျှ မလုပ်တတ်တော့ပေ။
စီနီယာဖြစ်သူမှာမူ ဘေးနားမှ တတွတ်တွတ် ပြောဆို၍ ကောင်းနေဆဲပင်။
"မင်းလည်း အဲဒီလိုပဲ ထင်တယ်မလား"
စီနီယာက ပေါင်ကို တစ်ချက်ပုတ်လိုက်ပြီး "ဟေး... ငါပြောပြမယ်၊ ငါတို့ မြေအောက်ကမ္ဘာကမှ တကယ့်အကောင်းဆုံးပဲ၊ အစားအသောက်တွေဆိုတာ ဈေးကြီးတာကလွဲရင် ကျန်တာ အကုန်ပြည့်စုံတယ်"
"အဲဒီက အကြီးဆုံး စားသောက်ဆိုင်ဆိုရင် စားဖိုမှူးတွေက လွန်ခဲ့တဲ့ နှစ်ပေါင်းရာချီက နာမည်ကျော် စားဖိုမှူးတွေချည်းပဲ"
"မင်း ဝိညာဉ်ဈေးတန်းကို မရောက်ဖူးသေးဘူးမလား၊ အဲဒီက ဝိညာဉ်တွေ ကပြတာလည်း တော်တော်လေးပျော်ဖို့ကောင်းတယ်၊ နောက်တစ်ခေါက် ငါ မင်းကို ခေါ်သွားမယ်..."
ဝိညာဉ်တမန်တော် အသစ်ကလေးက ခေါင်းညိတ်ပြပြီး ရှေ့ရှိ လူသားကို လက်ညှိုးထိုးပြလိုက်ကာ
"စီနီယာ၊ အလုပ်စရတော့မလားခင်ဗျ"
စီနီယာက အလုပ်မှတ်တမ်းစာအုပ်ရှိ အချိန်ကို ကြည့်လိုက်ပြီး ပြောလိုက်၏။
"အင်း... အလုပ်စဖို့ ပြင်တော့"
ထိုမြင်ကွင်းကို မြင်တွေ့ရမှသာ ဝိညာဉ်တမန်တော်အသစ်ကလေးမှာ ခိုး၍သက်ပြင်းချနိုင်ပါတော့သည်။
မလှမ်းမကမ်းရှိ ကျန်းလင်မှာလည်း နားကို မသိမသာပွတ်လိုက်မိ၏။
ဤမျှ စကားပြောသန်သော ဝိညာဉ်တမန်တော်မျိုးကို သူလည်း ပထမဆုံးမြင်ဖူးခြင်းပင်။
ဤရက်ပိုင်းအတွင်း လာရောက်တိုင်း နားထဲ၌ အသံများစွဲထင်နေရပြီ ဖြစ်သည်။
ဝိညာဉ်ကို ခေါ်ဆောင်၍ ထွက်ခွာခါနီးတွင် စီနီယာက တစ်စုံ းတစ်ခုကို သတိရသွားဟန်ဖြင့် ထပ်မံပြောကြားပြန်သည်
"ဒါပေမဲ့ ဝိညာဉ်ဈေးတန်းမှာတော့ သတိထားရမယ်နော်၊ အဲဒီနေရာက နည်းနည်းတော့ ရှုပ်ထွေးတယ်၊ လျှောက်လည်တာသက်သက်ပဲ မလုပ်နဲ့"
"ဥပမာဆိုရင် ဆေးပညာသင်ထားတဲ့ ဝိညာဉ်တစ်ကောင် ရှိတယ်၊ အခုတလော ဘာဖြစ်တယ်မသိဘူး တခြားဝိညာဉ်များကို ခွဲစိတ်ရတာ ဝါသနာပါနေတာ၊ သူ ဖျားယောင်းတာကို မယုံမိစေနဲ့ဦး..."
"..."
ဤအဖွဲ့၏ အခြေအနေကို လေ့လာပြီးနောက်တွင်မူ Live ကြည့်ရှုနေသော ပရိသတ်များအားလုံး သက်ပြင်းချလိုက်ကြကုန်၏။
[သူ့မှာ ပြောစရာ စကားတွေ ဒီလောက်တောင် များနေတာကို တကယ်ပဲ အံ့သြမိတယ်]
[ငါကတော့ မတူဘူး၊ အလုပ်သင်ပြီးကာစ ဝိညာဉ်တမန်တော်လေးကိုပဲ သနားနေမိတယ်]
[တကယ်တော့ အဆင်ပြေပါသေးတယ် ငါကတော့ နားထောင်ရင်း ထမင်းစားနေတာလေ]
[မင်းတို့ ဘာတွေပြောနေကြတာလဲ ငါက ခုနက အသံပိတ်ထားလို့ (⑉⊙ȏ⊙)]
[အပေါ်ကလူက တကယ့်ဆရာကြီးပဲ၊ အထာကျလိုက်တာ]
ပရိသတ်များက စနောက်နေကြသော်လည်း မည်သူမျှ Live မှ ထွက်ခွာသွားခြင်း မရှိကြပေ။
မကြာမီတွင် သူတို့အားလုံး ပြန်လည် စိတ်လှုပ်ရှားလာကြပါသည်။
အကြောင်းမှာ Live ပြကွက်သည် လီရှောင်းတို့အဖွဲ့ထံသို့ ရောက်ရှိသွားသောကြောင့် ဖြစ်၏။
ဤအဖွဲ့၏ ပုံစံမှာမူ တည်ငြိမ်လှကာဝိညာဉ်တမန်တော် နှစ်ဦးသည် ၎င်းတို့ ခေါ်ဆောင်ရမည့် ပစ်မှတ်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြ၏။
ထိုအချိန်တွင် လမ်းပေါ်ရှိ ထိုလူသားမှာ ခေါင်းပေါ်မှ ပူပြင်းလှသော နေမင်းကြီးကို မော့ကြည့်လိုက်ပြီး မည်သည့်အကြောင်းကြောင့်မှန်းမသိ တုန်တုန်ယင်ယင် ဖြစ်လာသည်။
ထို့ကြောင့် သူသည် ဘေးရှိ သူငယ်ချင်းဖြစ်သူကို မေးမြန်းလိုက်၏။
"မင်း ချမ်းနေလား"
သူငယ်ချင်းက သူ့အား ထူးဆန်းသလို ကြည့်လိုက်ပြီး "၃၂ ဒီဂရီ အပူရှိန်ပြင်းတဲ့ နေရောင်အောက်မှာ မင်း ချမ်းနေတာလား"
"..."
ဖြေကြားလာသော စကားကိုကြားသော်ထိုလူသားမှာ ပါးစပ်ပိတ်သွားပါတော့သည်။
ထို့နောက် လက်တိုအင်္ကျီဝတ်ဆင်ထားသဖြင့် ပေါ်လွင်နေသော လက်မောင်းများကို ပွတ်သပ်လိုက်မိ၏။
သို့သော်... အမှန်တကယ်ကို အေးစိမ့်နေသည် မဟုတ်ပါလော။
🫧 Chapter 122
"ဒီရာသီဥတုကတော့ တကယ်ကို ပူလွန်းလှပါလား"
"...... ဟုတ်တယ်ဟေ့"
သူငယ်ချင်းဖြစ်သူ၏ စကားကို ကြားသော် ဖန်းလဲ့ သည် မိမိ၏ လက်မောင်းများကို ပွတ်သပ်ရင်း စိတ်မပါဘဲ ထောက်ခံလိုက်ရ၏။
ရာသီဥတုက အမှန်တကယ် ပူပြင်းလှသော်လည်း သူကမူ တကယ်ပင် အေးစိမ့်နေခြင်း ဖြစ်သည်။
"ဒီနေရာပဲ မဟုတ်လား"
ဖန်းလဲ့ သည် ရှေ့ရှိ ‘ဟုန်လော့’ ဟော့ပေါ့ဆိုင်ကြီးကို မော့ကြည့်လိုက်ကာပြောလိုက်ကြ၏
"ငါတို့ အရင်ဝင်ပြီး မှာထားနှင့်ကြမယ်၊ ကျန်တဲ့လူတွေလည်း ခဏနေ ရောက်လာကြလိမ့်မယ်"
သူငယ်ချင်းဖြစ်သူက ပြောပြောဆိုဆိုဖြင့် ဆိုင်ထဲသို့ လှမ်းဝင်သွား၏။
ထို့နောက် အဲယားကွန်းမှ ထွက်ပေါ်လာသော အအေးဓာတ်က ဆီးကြိုနှုတ်ဆက်လိုက်ရာ ပူအိုက်မှုများ ပျောက်ကွယ်သွားတော့သည်။
တစ်ခဏချင်းမှာပင် တစ်ကိုယ်လုံး နေသာထိုင်သာရှိသွားပြီး စိတ်ချမ်းသာစွာဖြင့် သက်ပြင်းတစ်ချက်ချလိုက်မိ၏။
ဖန်းလဲ့မှာမူ ‘ရှူး’ ခနဲ အသံထွက်အောင် တုန်တက်သွားတော့ သည်။
'သောက်ကျိုးနည်း... တကယ်ကို အေးလွန်းတယ်ဟ'
"အစ်ကို... ယွမ်ယန်ဟော့ပေါ့ တစ်အိုးပေးပါ"
"ဟုတ်ကဲ့၊ ခဏနေ ရောက်လာပါလိမ့်မယ် အရင်ဆုံး ဟင်းချက်စရာတွေ ရွေးထားလို့ ရပါတယ်ခင်ဗျ"
......
၎င်းတို့နှစ်ဦး ထိုင်၍ ဟော့ပေါ့ကို စောင့်ဆိုင်းနေစဉ်...
လေဟာနယ်ထဲ၌ တည်ငြိမ်လှသော အမူအရာများဖြင့် အဖြူရောင် ဝိညာဉ်တမန်တော် အသွင်ဝတ်ဆင်ထားသည့် ဝိညာဉ်တမန်တော် နှစ်ဦးသည်လည်း ဟော့ပေါ့ဆိုင်ထဲသို့ ဝင်ရောက်လာကြ၏။
၎င်းတို့သည် အောက်ရှိ လူရိပ်ကို စကားတစ်ခွန်းမျှ မဆိုဘဲ စိုက်ကြည့်နေကြ၏။
မလှမ်းမကမ်းတွင်မူ ကျန်းလင်က ထိုအဖွဲ့ဝင်နှစ်ဦး၏ လုပ်ဆောင်ချက်များကို စောင့်ကြည့်နေသည်။
လီရှောင်းကို ဦးဆောင်လာသည့် စီနီယာ၏အမည်မှာ ချူးဝမ် ဖြစ်သည်။
သူသည် ဝိညာဉ်တမန်တော်အဖြစ် အတည်ပြုခန့်အပ်ခြင်း ခံထားရသည်မှာ ကြာပြီဖြစ်ပြီး လက်ရှိတွင် ‘ဝိညာဉ်စစ်သူကြီး’အလယ်အလတ်အဆင့်သို့ ရောက်ရှိနေသူ ဖြစ်၏။
ထို့ပြင် အဖွဲ့ဝင် အယောက်နှစ်ဆယ်ထဲတွင် အောင်မြင်မှု အမြင့်ဆုံးသူလည်း ဖြစ်သည်လေ။
Live လွှင့်ခန်းအတွင်း၌မူ...
ပရိသတ်များသည် မျက်နှာပြင်ပေါ်ရှိ ‘လူ’ ငါးဦးကို အားတက်သရော စောင့်ကြည့်နေကြသည်။
[ကြည့်ရတာတောင် ငါပါ ချမ်းလာတယ်... တကယ့်ကို အေးစိမ့်တဲ့ မြင်ကွင်းပဲ]
[အစားအသောက် အဆိပ်သင့်တာလား]
[ဘေးနားမှာ စားသောက်နေတဲ့သူတွေ အများကြီးရှိတာပဲ၊ တကယ်လို့ အဲဒီလိုသာဆိုရင် သေတာ တစ်ယောက်စ၊ နှစ်ယောက်စတင် မဟုတ်တော့ဘူး]
[ရဲတပ်ဖွဲ့ - ဒေသခံ ရဲစခန်းနဲ့ ဆက်သွယ်ထားပြီးပါပြီ]
[......]
Live စတင်လွှင့်ကတည်းက လက်ရှိအချိန်အထိ...
အမှန်စင်စစ် ရဲတပ်ဖွဲ့ဝင်များသည် အမြဲတစေ စောင့်ကြည့်နေခဲ့ကြခြင်း ဖြစ်သည်မဟုတ်ပါလော။
ပရိသတ်များက ဖုန်းဆက်တိုင်ကြားရန်ပင် မလိုဘဲ ၎င်းတို့က လှုပ်ရှားမှုများကို စတင်နေပြီ ဖြစ်၏။
သို့သော် ဤသည်မှာ ရာဇဝတ်မှု မဟုတ်သလို တခြားသော Live လွှင့်ခန်းများကဲ့သို့လည်း မဟုတ်ပေ...
ဤသည်မှာ မြေအောက်ကမ္ဘာ Live လွှင့်ခန်း ဖြစ်သည်။
ဤရက်ပိုင်းအတွင်း ၎င်းတို့ သတိပြုမိသည်မှာ ရဲတပ်ဖွဲ့အနေဖြင့် ဝင်ရောက်စွက်ဖက်နိုင်သည်မှာ လူသားတို့၏ နယ်ပယ်အတွင်းရှိ ကိစ္စရပ်များသာ ဖြစ်သည်ဟူ၍ပင်။
အခြားသော ကမ္ဘာတစ်ခုတွင်မူ ထိုကမ္ဘာ၏ စည်းမျဉ်းစည်းကမ်းများ ရှိနေပါသည်။
သို့သော်လည်း အကူအညီပေးနိုင်သည်ဖြစ်စေ၊ ရာဇဝတ် သားများကို နှိမ်နင်းနိုင်သည်ဖြစ်စေ... ၎င်းတို့အနေဖြင့် ရပ်တန့်သွားရန် အစီအစဉ်မရှိပေ။
တတ်နိုင်သမျှ လုပ်ဆောင်ပေးမည်၊ ကူညီနိုင်သမျှ ကူညီပေးမည်။
သူတို့သည် ပြည်သူ့ဝန်ဆောင်မှုကို အကောင်းဆုံး လုပ်ဆောင်နိုင်ရန် ၎င်းတို့ မျှော်လင့်ထားကြသည်လေ။
......
[သိတဲ့သူရှိရင် ဆက်သွယ်ပေးကြပါဦး]
[ဟုတ်တယ်၊ သူ့မှာ ဘာဆန္ဒတွေများ ရှိနေသေးလဲဆိုတာ သိရအောင်လို့...]
[သူ တုန်နေသလိုပဲ ငါ မျက်စိမှားတာလား]
[အပေါ်ကလူ... ‘တုန်’ တယ်ဆိုတာ ဘယ်လိုမျိုး တုန်တာကို ပြောတာလဲ]
[တရုတ်စကားက တကယ်ကို နက်နဲလှချေလား...]
[ ဘာလို့ ရုတ်တရက်ကြီး စကားလုံးတွေ လိုက်ကောက်နေကြတာလဲ တရုတ်စကားအကြောင်းက ဘာလို့ ပါလာတာလဲ အကြောင်းအရာ ကူးပြောင်းတာက မြန်လွန်းနေတာ မဟုတ်ဘူးလား]
ပရိသတ်များ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် အလုပ်ရှုပ်နေကြစဉ်...
‘ဟုန်လော့’ ဟော့ပေါ့ဆိုင်အတွင်း၌...
ဝိညာဉ် ပေါ်လာမည့်အချိန်ကို စောင့်ဆိုင်းနေသော လီရှောင်း သည် ရုတ်တရက် မျက်လုံးများ စူးရှသွားကာ အခြားသော ဘက်တစ်ခုသို့ လှည့်ကြည့်လိုက်သည်။
ထိုနေရာတွင် ဝိညာဉ်ဆိုးများ၏ အငွေ့အသက် ရှိနေ၏။
ထို့ပြင် ၎င်းသည်ဤဘက်သို့လည်း တဖြည်းဖြည်း နီးကပ်လာနေသည်...
"စီနီယာ... ကျွန်တော် ခဏလောက် အပြင်ထွက်လိုက်ဦးမယ်"
အတည်ပြုလိုက်နိုင်သည့် ခဏချင်းမှာပင်...
သူ၏ တစ်ကိုယ်လုံးမှ အရှိန်အဝါများ ပြောင်းလဲသွားပြီး ဝိညာဉ်ကိုယ်ထည်မှာ ထက်မြက်သော ဓားတစ်လက်ကဲ့သို့ တိုးထွက်သွားတော့သည်။
သူသည် ဟော့ပေါ့ဆိုင်၏ နံရံများကို တိုက်ရိုက်ဖောက်ထွက်၍ ထိုဝိညာဉ်ဆိုး အငွေ့အသက်များရှိရာ မြစ်ဖျားခံရာသို့ ပျံသန်းသွားတော့၏။
ဤကဲ့သို့ ရုတ်တရက် အပြောင်းအလဲကို မြင်သော် ကျန်းလင် စိတ်ကူးတစ်ချက်ဖြင့်... Live ပြသသည့် ကင်မရာအလုံးလေး တစ်လုံးကို နောက်မှ လိုက်ပါစေလိုက်သည်။
Live လွှင့်ခန်းအတွင်း၌ မြင်ကွင်းနှစ်ခုကို တစ်ပြိုင်နက်တည်း ပြသပေးလိုက်သည်လေ။
[ဟာ... ကင်မရာနှစ်ခုဖြစ်သွားပြီ]
[ဘာတွေ ဖြစ်ကုန်တာလဲ]
မကြာမီ Live ကင်မရာသည် လီရှောင်နောက်သို့ လိုက်ပါရင်း လမ်းကြားလေးတစ်ခုထဲသို့ ရောက်ရှိသွားသည်။
လမ်းကြား၏အဆုံးတွင် အိမ်တစ်အိမ် ရှိ၏။
လီရှောင် ရောက်သွားသည့်အချိန်တွင် အဖြူရောင် လက်တိုအင်္ကျီ ဝတ်ဆင်ထားသော လူငယ်တစ်ဦးသည် အိမ်ထဲမှ လမ်းလျှောက်ထွက်လာသည်ကို တွေ့လိုက်ရသည်။
သူ့ရုပ်ရည်မှာ သန့်ပြန့်ပြီး ခန္ဓာကိုယ်မှာ သွယ်လျလှသည်။
ထို့ပြင်မျက်တောင်များကြားတွင် မောပန်းနွမ်းနယ်နေသည့် အရိပ်အယောင်များ ရှိနေ၏။
သူသည် လမ်းလျှောက်နေရင်း ရင်ဘတ်ရှိဆွဲသီးလေးကို လက်ဖြင့်ကိုင်ထားကာ တစ်စုံတစ်ခုကို စိုးရိမ်ပူပန်နေဟန် ရှိသည်။
ထိုအခိုက်အတန့်တွင်မူ Live ကြည့်ရှုနေသော ပရိသတ်များမှာ တစ်ကိုယ်လုံး ကြက်သီးဖြန်းဖြန်း ထသွားကြတော့သည်။
၎င်းမှာချောက်ချားဖွယ်ရာ ကောင်းလှသည်မဟုတ်ပါလော။
အဘယ်ကြောင့်ဆိုသော် ထိုလူငယ်၏ ကျောပေါ်တွင် ဝိညာဉ်သုံးကောင်သည် ပြွတ်သိပ်၍ ကပ်ပါလာသည်ကို မြင်တွေ့လိုက်ရသောကြောင့် ဖြစ်၏။
ထိုဝိညာဉ်ဆိုးများ၏ မျက်နှာပေါ်တွင် ထူးဆန်းသောအပြုံးများ ရှိနေပြီး ပါးစပ်ထဲတွင်လည်း တစ်စုံတစ်ခုကိုငုံထားကြသည်။
အနီးကပ် ကြည့်လိုက်သည့်အခါတွင်မူ... ၎င်းမှာ ဆံပင်များ ဖြစ်နေသည်....
[အမလေး... ကြောက်လိုက်တာ၊ ဆီးတောင် ထွက်ချင်သွားပြီ]
[ဝိညာဉ်က သုံးကောင်တောင်လား ဒီလူက ဘာတွေ လုပ်ထားတာလဲ]
[ကြောက်လွန်းလို့ ကိုယ့်ဆံပင်ကိုယ် လှမ်းစမ်းမိတယ်... ဟာ... စိုနေတာပဲ]
[ငါလည်း ကိုယ့်ခေါင်းကိုယ် စမ်းကြည့်လိုက်တယ်... သောက်ကျိုးနည်း... ဘယ်တုန်းက ထိပ်ပြောင်သွားတာလဲ]
အခင်းဖြစ်နေရာတွင် ရှိမနေသော်လည်း ပရိသတ်များသည် ဖုန်းမျက်နှာပြင်မှတစ်ဆင့် အေးစိမ့်သော အအေးဓာတ်ကို ခံစားနေကြရကာ ကျောချမ်းစရာ ခံစားချက်ကိုခံစားနေကြရသည်။
[ဒါက ဘာဝိညာဉ်တွေလဲ ဘာလို့ ဆံပင်တွေကို စားနေကြတာလဲ]
"သူတို့က ဆံပင်ကို စားနေတာ မဟုတ်ဘူး"
ထိုစကားများကိုမြင်ရ၍ ကျန်းလင်က ရှင်းပြလိုက်သည်။
"သူတို့က ဆံပင်ကတစ်ဆင့် အဲဒီလူရဲ့ သက်တမ်းကို စုပ်ယူနေကြတာ"
ထို့နောက်သူ၏ အကြည့်သည် ထိုလူငယ်၏ရင်ဘတ်ရှိ ဆွဲသီးလေးပေါ်သို့ ဖြည်းညှင်းစွာ ကျရောက်သွား၏။
......
လမ်းကြားအတွင်း၌...
လီရှောင်းမျက်လုံးထဲတွင် အအေးဓာတ်များ ပိုမိုသိသာလာပြီး ကိုယ်ပေါ်မှ ဝိညာဉ်စွမ်းအားများ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။
"ဝိညာဉ်စုတ်လေးတွေကများ... ဒီလောက်အထိ သောင်း ကျန်းရဲတယ်ပေါ့"
သူ့လက်ထဲတွင် ဝိညာဉ်ခေါ်တံပိုးတစ်ခုကပေါ်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုလူငယ်၏နောက်ကျောသို့ ရောက်ရှိသွားကာလက်ကို မြှောက်လိုက်သည်။
ထိုအခါ သိပ်သည်းလှသော ယင်စွမ်းအားများ လွှမ်းခြုံထားသည့် ဝိညာဉ်တံပိုး၏ရိုက်ချက်ကတစ်ချက်တည်း ကျဆင်းသွားလေတော့သည်။
ထို့ပြင်တစ်ခဏချင်းမှာပင် အေးစိမ့်သော လေများတိုက် ခတ်သွား၏။
'ဘုန်း ဘုန်း ဘုန်း'
ဝိညာဉ်သုံးကောင်စလုံး တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ လွင့်ထွက်သွားကြတော့သည်။
တစ်ကောင်က မြေကြီးပေါ်သို့ ကျသွားပြီး၊ တစ်ကောင်က လေထဲတွင် လွင့်နေ၏။
ကျန်တစ်ကောင်မှာမူ လမ်းကြားရှိ နံရံထဲသို့ ကိုယ်တစ်ခြမ်း ညပ်နေတော့သည်။
"သေချင်းဆိုး... ဘယ်သူက ငါ့ကို လာရိုက်တာလဲ"
"ခိုးတိုက်တာလား"
"သားကောင်ကို လုချင်တာလား မရဘူးဟေ့"
ဝိညာဉ်သုံးကောင်စလုံးမှာ ဒေါသထွက်နေကြပြီး တစ်ကောင်ပြီးတစ်ကောင် ပြန်ထလာကြ၏။
သူတို့သည် လက်သီးဆုပ်ပြီး စာရင်းရှင်းရန် ပြင်လိုက်ကြသော်လည်း... လှည့်ကြည့်လိုက်သည့်အခါ ဝိညာဉ်တမန်တော်ကြီး တစ်ဦးကို မြင်လိုက်ရသဖြင့် တစ်ခဏချင်းမှာပင် ကြောင်အသွားကြတော့သည်။
[သောက်ကျိုးနည်း ဝိညာဉ်တမန်တော် ပါလား]
[သေပြီ... သေပြီ...]
[ဘာလို့ ဒီနေရာမှာ ဝိညာဉ်တမန်တော် ပေါ်လာရတာလဲ]
ထို့ပြင် လီရှောင်း၏ ကိုယ်ပေါ်မှထွက်ပေါ်နေသော သတ်ဖြတ်လိုသည့် အရှိန်အဝါကြောင့် ဝိညာဉ်သုံးကောင်စလုံး တုန်လှုပ်သွားကြသည်။
ထို့ကြောင့်သူတို့သည် စဉ်းစားနေရန် အချိန်မရှိတော့ဘဲ လှည့်၍ ထွက်ပြေးကြတော့၏။
တကယ်လို့ ဝိညာဉ်တမန်တော်သာ လက်ဦးသွားပါက ၎င်းတို့ကဲ့သို့ ဝိညာဉ်စုတ်လေးများမှာ အသက်ရှင်နိုင်စရာ အကြောင်းမရှိပေ။
နောက်တစ်ခဏတွင် ‘ဗြုန်း ဗြုန်း’ ဟူသော အသံနှစ်ချက် ထွက်ပေါ်လာကာ ထွက်ပြေးရန် ပြင်နေသော ဝိညာဉ်နှစ်ကောင်မှာ ရပ်တန့်သွား၏။
ထိုအခါမှသာ ၎င်းတို့သည် ကြောင်အမ်းအမ်းဖြင့် သတိထားမိကာ ငုံ့ကြည့်လိုက်ကြသည်။
နံရံထဲတွင် ညပ်နေသော ဝိညာဉ်၏ ရင်ဘတ်တွင်လည်း သွေးများ စီးကျနေသော လက်တစ်ဖက်က ဖောက်ထွက်နေ၏။
ထိုလက်ထဲတွင်မူ နှလုံးသားတစ်လုံးကို ဆုပ်ကိုင်ထားသည်။
မြေကြီးပေါ်မှ ထလာသော ဝိညာဉ်မှာမူ ကိုယ်တစ်ခြမ်းလုံး ဝိညာဉ်ရိုက်တုတ်ဖြင့် မြေကြီးတွင် စိုက်ထားခြင်း ခံလိုက်ရသည်လေ။
'ဖောက်...'
လီရှောင်းသည် သူ့လက်ထဲရှိ နှလုံးသားကို အမူအရာမပျက်ဘဲ ညှစ်ခြေပစ်လိုက်ရာ ဝိညာဉ်ဆိုး၏ရင်ဘတ်ကို ဖောက်ထွက်နေသော လက်မှာတုန်ခါသွား၏။
ထိုအခါ ကျင့်စဉ်အဆင့်မမြင့်လှသကဲ့သို့ အားအင်များလည်း ကုန်ခမ်းနေသော ဝိညာဉ်ဆိုးသည် တစ်ခဏချင်းမှာပင် မီးခိုးပြာများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
၎င်းတို့သည် အော်သံပင် မထွက်နိုင်လိုက်ဘဲ လေထဲ၌ ပျောက်ကွယ်သွားခြင်းပင်ဖြစ်၏။
ဤလုပ်ဆောင်ချက် အစီအစဉ်တစ်ခုလုံးမှာ စက္ကန့်အနည်းငယ်သာ ကြာမြင့်ခဲ့သည်။
စတင်တိုက်ခိုက်ချိန်မှ သုတ်သင်လိုက်ချိန်အထိ လီရှောင်းသည် တစ်စက္ကန့်မျှပင် ရပ်တန့်ခြင်း သို့မဟုတ် တွေဝေခြင်း မရှိခဲ့ပေ။
မြေကြီးပေါ်ရှိ ဝိညာဉ်ဆိုးကိုပါ ရှင်းလင်းပြီးနောက် သူသည် လေထဲတွင် ကျန်ရှိနေသော အငွေ့အသက်ကို ချက်ချင်း အာရုံခံလိုက်ပြီး ကျန်ရှိနေသည့် တတိယမြောက် ဝိညာဉ်နောက်သို့ လိုက်လံဖမ်းဆီးတော့သည်။
သို့သော်တတိယမြောက် ဝိညာဉ်သွားရာလမ်းကြောင်းကို သိလိုက်ရသည့်အခါ သူ့စိတ်ထဲတွင် ထိတ်လန့်သွားကာ အရှိန်ကို မြှင့်လိုက်တော့သည်။
......
[ဝါး... သပ်ရပ်လိုက်တာ]
[ဝိညာဉ် : ငါ ဘာလို့ မီးခိုးထွက်သွားတာလဲ ဪ... ငါ သေသွားတာကိုး]
[ဒီဝိညာဉ်တမန်တော်ကို အမြဲတမ်း သဘောကျတာ၊ တကယ် မိုက်တယ် လုပ်ဆောင်ချက်တွေကလည်း ပြတ်သားတယ်]
[ရယ်ရလွန်းလို့၊ သားကောင်ကို လုချင်သေးတယ်ပေါ့ မင်းကိုယ်တိုင်က သားကောင် ဖြစ်သွားပြီလေ]
[တတိယမြောက် ဝိညာဉ်က ဘယ်ကို ပြေးသွားတာလဲ]
ပရိသတ်အတော်များများမှာ ဤမျှ ပြတ်သားသော လုပ်ဆောင်ချက်များကို မြင်တွေ့ရသဖြင့် အလွန်သဘောကျနေကြသည်။
သို့သော်လည်း လက်များကမူ မိမိ၏ နှလုံးသားလေးကို အသာအယာ ပြန်စမ်းကြည့်လိုက်ကြ၏။
အင်း ရှိပါသေးတယ်