အခန်း (၁၂၃-၁၂၄)
Vol. 13 Ch. 123-124
🫧 Chapter 123
လမ်းကြားလေးအတွင်း၌...
ဝိညာဉ်သုံးကောင်သည် လူစုခွဲ၍ ထွက်ပြေးကြသော်လည်း နှစ်ကောင်မှာ အသတ်ခံလိုက်ရပြီ ဖြစ်သည်။
တတိယမြောက် ဝိညာဉ်မှာမူ ထွက်ပြေးစဉ်အတွင်း ၎င်းနှင့် အသင့်တော်ဆုံး ဖြစ်မည့်နေရာသို့ အလိုလိုပြေးမိသွားတော့၏။
၎င်းမှာ ယင်စွမ်းအားသိပ်သည်းပြီး ပုန်းကွယ်နေထိုင်နိုင်မည့် နေရာတစ်ခုပင်။
ထိုအနီးအနားတွင် ယန်စွမ်းအား အားနည်းနေသူ တစ်ဦးလည်းရှိနေ၏။
နံရံအချို့ကို ဖြတ်ကျော်ပြီးနောက် ၎င်းသည် ဟော့ပေါ့ဆိုင်တစ်ဆိုင်သို့ ရောက်ရှိသွားတော့သည်။
၎င်းရှာနေသောသူမှာ အခြားတစ်ဦးနှင့်အတူ ပြတင်းပေါက်ဘေးတွင် ထိုင်နေသည်ကို တွေ့လိုက်ရသဖြင့် ဝိညာဉ်ဆိုးမှာ ဝမ်းသာသွား၏။
သို့သော် အနားသို့ အတင်းတိုးသွားရန် ပြင်လိုက်စဉ် တစ်စုံ တစ်ခု မှားယွင်းနေသည်ကို ခံစားလိုက်ရပြန်သည်။
ထို့ကြောင့်သူမော့ကြည့်လိုက်သည့်အခါ မလှမ်းမကမ်းတွင် ဝိညာဉ်တမန်တော်ချူးဝမ်သည် ကွယ်လွန်သူ၏ဝိညာဉ်ထွက်လာမည့်အချိန်ကို စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရ၏။
ချူးဝမ် မျက်မှောင်ကြုတ်၍ လှည့်ကြည့်လိုက်ကာ
"ငါ့ရဲ့ ပစ်မှတ်ကိုတောင် မင်းက လုချင်နေတာလား"
ချူးဝမ် အကြည့်အောက်တွင် တတိယမြောက် ဝိညာဉ်မှာ ခြေဖျားလက်ဖျားများ တုန်လှုပ်သွားပြီး
"မ... မဟုတ်ပါဘူး... မဝံ့ရဲပါဘူးခင်ဗျာ..."ဟုတုန်ယင်စွာပြောလိုက်သည်။
ထိုသို့ စကားပြောနေသည့် စက္ကန့်ပိုင်းအတွင်းမှာပင် လီရှောင်းသည် နောက်မှ အမီလိုက်လာကာ ထိုဝိညာဉ်ဆိုးကို အမှုန့်ခြေပစ်လိုက်တော့၏။
ချူးဝမ်သည် ထိုမြင်ကွင်းအားလုံးကို ကြည့်နေသော်လည်း တစ်စုံတစ်ရာ စကားဆိုခြင်းမရှိပေ။
ဟော့ပေါ့ဆိုင်အတွင်း၌ ဖန်းလဲ့တို့စားပွဲတွင် ဟင်းရည်အိုးပင် မရောက်သေးပေ။
ထိုစဉ် အနက်ရောင်အင်္ကျီဝတ်၍ ဦးထုပ်ဆောင်းထားသော အမျိုးသားတစ်ဦး ခေါင်းငုံ့၍ဝင်လာ၏။
၎င်းကို ဆိုင်အတွင်းရှိသူများမှာ ဘာမှမရိပ်မိဘဲ စကားပြောသူပြော၊ စားသူစားဖြင့် အေးချမ်းနေဆဲဖြစ်သည်။
ရုတ်တရက် ထိုအမျိုးသားသည် စားပွဲတစ်ခုအနားသို့ ချဉ်းကပ်သွားပြီး ဓားကိုထုတ်၍ ရက်စက်စွာလွှဲရိုက်လိုက်တော့၏။
"လူလိမ်တွေ မင်းတို့အားလုံး လူလိမ်တွေ"
'ဇွပ် ဇွပ်'
ဓားချက်က စားပွဲပေါ်သို့ ကျရောက်သွားပြီး သွေးများကလည်း စဉ်ထွက်ကုန်၏။
ဓားချက်ထိမှန်သူမှာ အရေးပေါ် ရှောင်တိမ်းလိုက်သော် လည်း လက်တွင် ဒဏ်ရာရသွားခဲ့သည်။
ဆိုင်အတွင်း၌ အော်ဟစ်သံများ၊ ထိုင်ခုံများ ရွှေ့သံနှင့် ပန်းကန်ခွက်ယောက်များ ကျကွဲသံများဖြင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့၏။
ဖန်းလဲ့တို့ စားပွဲမှာလည်း ထိုနေရာနှင့် နီးကပ်နေသဖြင့် ရုန်းရင်းဆန်ခတ်မှုအတွင်း ပါဝင်သွားခဲ့ရသည်။
ထိုစဉ် လဲကျနေသော ကလေးငယ်တစ်ဦးကိုကယ်တင်ရန် ကြိုးစားရင်း ဖန်းလဲ့သည် စိတ်ဖောက်ပြန်နေသော ထိုအမျိုး သား၏ဓားချက်ဖြင့် အသတ်ခံလိုက်ရတော့၏။
ထိုသွေးများကို မြင်လိုက်ရသည့်အခါမှ ထိုအမျိုးသားသည် တစ်ခဏမျှ အသိပြန်ဝင်လာပြီး ကြောင်အသွားသည်။
ထိုအခွင့်အရေးကို သုံးကာ ဆိုင်အတွင်းရှိ လူများက သူ့ကို ဝိုင်းဝန်းဖမ်းဆီးလိုက်ကြတော့၏။
[ကောင်းရာသုဂတိ ရောက်ပါစေ...]
[တကယ်ကို နာကျင်မယ့်ပုံပဲ... o(╥﹏╥)o]
[အဲဒီလူက တကယ်ပဲ ဘာတွေ အလိမ်ခံလိုက်ရတာလဲ]
[ဒီလိုမျိုးတွေက တကယ်ကို ကြောက်ဖို့ကောင်းတယ်၊ ပြီးခဲ့တဲ့တစ်ခေါက် လမ်းပေါ်မှာ လူတွေအုပ်အုပ်ကြွကြွဖြစ်နေတာကို အဝေးကနေ မြင်လိုက်ရမှ တစ်ယောက်ယောက် ဓားနဲ့အခုတ်ခံရမှန်း သိလိုက်ရတာ]
[ကြည့်ရတာ တကယ်ကို ထိတ်လန့်စရာပဲ]
ဤဖြစ်ရပ်မှာ မြန်ဆန်လွန်းလှသဖြင့် Live ကြည့်ရှုနေသူများပင် ရုတ်တရက် အာရုံမစိုက်နိုင်ဘဲ ဖြစ်သွားကြသည်။
ဆိုင်အတွင်းသို့ ဖန်းလဲ့ဝင်လာသည်မှာ မိနစ်ပိုင်းသာ ရှိသေးသော်လည်း ယခုမူအလောင်းဖြစ်သွားခဲ့ပြီ။
ဤသည်မှာ ဝိညာဉ်လောကထက်ပင် ပိုမိုကြောက်မက်ဖွယ်ကောင်းသော လူသားလောက၏ ရက်စက်မှုပင်ဖြစ်ပေသည်။
ဤရုန်းရင်းဆန်ခတ်မှုကြီးတွင် မည်သူ့မှာ အပြစ်ရှိသနည်း။
မည်သူက မည်သူ့ကို အရင်ဆုံးထိခိုက်အောင် ပြုမူခဲ့သနည်း။
၎င်းတို့ အတိအကျမသိနိုင်ကြပေ။
လေဟာနယ်ထဲ၌ ဖန်းလဲ့၏ဝိညာဉ်သည် ဖြည်းညှင်းစွာ ထွက်ပေါ်လာ၏။
သူသည် အောက်ရှိ မိမိ၏ရုပ်အလောင်းကို ငုံ့ကြည့်ရင်း ဒဏ်ရာကို စမ်းကြည့်မိသော်လည်း နာကျင်မှုမရှိတော့ပေ။
ဘေးတွင်ရှိနေသော အဖြူရောင်ဝတ်စုံနှင့် လီရှောင်းနှင့် ချူးဝမ်တို့ကို မြင်သောအခါ သူသည် အံ့အားသင့်သွားပြီး
"နေပါဦး... ခင်ဗျားတို့ကများ... "
စကားမဆုံးမီမှာပင် သူသည် ပတ်ဝန်းကျင်တစ်ခုလုံး ချာချာလည်သွားကာ မှောင်အတိကျသွားတော့၏။
ဖန်းလဲ့ : "...."
ဝိညာဉ်တမန်တော်နှစ်ဦးသည် စကားအပိုပြောလိုသူများ မဟုတ်ပေ။
ဝိညာဉ်ထွက်လာသည်နှင့် ဝိညာဉ်သိမ်းအိတ်ထဲသို့ ထည့်ကာ နောက်ထပ် ပစ်မှတ်ရှိရာသို့ အမြန်ထွက်ခွာသွားကြတော့ သည်။
လုပ်ဆောင်ချက်များမှာ အလွန်လျင်မြန်ပြီး ထစ်ငေါ့နေခြင်း မရှိပေ။
ပရိသတ်များမှာလည်း 'comment' များဆက်တိုက် ပေးပို့လျက်ရှိကြ၏။
ဤအရှိန်နှုန်းကို မည်သူမျှ မမီနိုင်ပေ။
ဟော့ပေါ့ဆိုင်အနီးရှိ လမ်းကြားလေးအတွင်း၌
လီရှောင်းသည် ထိုဝိညာဉ်ဆိုးများကို သုတ်သင်ပြီးနောက် လူငယ်မှာ မိမိကျောပေါ်မှ အလေးအပင်ကြီးပျောက်ကွယ်သွားသဖြင့် တစ်ကိုယ်လုံး ပေါ့ပါးသွားကာ ပူအိုက်မှုကို စတင်ခံစားလာရတော့သည်။
"ထူးဆန်းလိုက်တာ... အရင်ကနဲ့လည်း အတူတူပဲကို ဘာလို့ ရုတ်တရက်ကြီး ဒီလောက်ပူလာရတာလဲ"
ကျန်းလင်သည် ထိုလူငယ်၏ရင်ဘတ်ရှိ ရှေးဟောင်းဒင်္ဂါးပြားပုံစံ ဆွဲသီးကိုစိုက်ကြည့်လိုက်သည်။
ထိုအရာက ဝိညာဉ်ဆိုးများကို ဆွဲဆောင်နေခြင်းဖြစ်ရာ ကျန်းလင် လေထဲမှ လက်ဖြင့်ဆုပ်နယ်လိုက်သည့်အခါ ဆွဲသီးမှာ အက်ကွဲကြောင်းများ ဖြစ်ပေါ်လာပြီး မြေကြီးပေါ်သို့ ကြွေကျပျက်စီးသွားတော့၏။
"ဟင်"
လမ်းကြားအတွင်းရှိ လူငယ်မှာ ခြေလှမ်းတန့်သွားပြီး ငုံ့ကြည့်လိုက်သည့်အခါ ကြေးနီရောင်အပိုင်းအစများကို မြင်လိုက်ရသည်။
သူသည် ပျာပျာသလဲ ရင်ဘတ်ကို စမ်းကြည့်သော်လည်း မရှိတော့ပေ။
ထို့ကြောင့် သူ့ မျက်နှာတွင် စိုးရိမ်ပူပန်မှုများ လွှမ်းမိုးသွားတော့၏။
[တစ်ခုခုကို နားလည်သွားသလိုလိုနဲ့ ဘာမှနားမလည်တော့ပြန်ဘူး]
[Host လက်ကို ပြန်ရုပ်လိုက်တော့မှ ဟိုလူက တစ်ခုခုကို ရှာသလိုမျိုး ငုံ့ကြည့်တာ၊ Host က တစ်ခုခုကို ဖျက်ဆီးလိုက်တာဖြစ်မယ်]
[ဒီလူက မရိုးဘူး]
Live လွှင့်ခန်းအတွင်းရှိ ပရိသတ်များမှာ အမျိုးမျိုးခန့်မှန်းနေကြ၏။
လူသားက မရိုးသည်ဖြစ်စေ၊ ပစ္စည်းက မရိုးသည်ဖြစ်စေ ဤလူငယ်မှာ စုံစမ်းစစ်ဆေးခြင်းခံရမည်မှာ မြေကြီးလက်ခတ် မလွဲပေ။
ဝိညာဉ်သုံးကောင်တောင် ရှိနေသည်မဟုတ်ပါလော။
ထို့ပြင် ၎င်းတို့ စုပ်ယူစားသောက်နေသည်မှာ သူ့ကိုယ်ပိုင်သက်တမ်းပင် ဖြစ်ပေသည်။
'၎င်းကို သူ သိနေသလား သို့မဟုတ် မသိဘဲ ဖြစ်နေသလား'
ဆွဲသီးကို ဖြေရှင်းပြီးနောက် ကျန်းလင်သည် လှည့်ထွက်လာခဲ့ပြီး လီရှောင်းနှင့် ချူးဝမ်တို့နောက်သို့ လိုက်ပါသွား၏။
ဆင်ခြေဖုံးအရပ်တစ်ခုတွင် နောက်ထပ်ဝိညာဉ်တစ်ခုကို ခေါ်ဆောင်ပြီးနောက် ၎င်းတို့၏ လုပ်ငန်းမှတ်တမ်းစာအုပ်တွင် ဝိညာဉ်အသစ် မရှိတော့ပေ။
ထို့ကြောင့် ၎င်းတို့သည် လက်ကိုဝှေ့ယမ်း၍မြေအောက်ကမ္ဘာလမ်းကြောင်းကို ဖွင့်လှစ်လိုက်ကာ သိမ်းဆည်းထားသော ဝိညာဉ်များကို အဝါရောင်မြစ်လမ်းသို့ ပို့ဆောင်ရန် ဆုံးဖြတ်လိုက်ကြသည်။
ဝိညာဉ်များ တစ်ဦးပြီးတစ်ဦး ထွက်ခွာသွားသည်ကိုကြည့်ရင်း ချူးဝမ်က ရုတ်တရက် ပြောလိုက်၏။
"ဟော့ပေါ့ဆိုင်မှာ ဖန်လဲ့ကို လာခေါ်တဲ့အချိန်မှာ မင်းက ဘေးပတ်ဝန်းကျင်က ဝိညာဉ်ဆိုးတွေကို ရှင်းလင်းပေးခဲ့တာက အမှန်တကယ် ကောင်းပါတယ် ဒါပေမဲ့..."
ချူးဝမ်က လှည့်ကြည့်၍ ဆက်ပြောသည်။
"အဲဒါက ဖြစ်လာနိုင်တဲ့ အန္တရာယ်တစ်ခုပဲ ရှိသေးတာ မင်းက အဲဒီအတွက်နဲ့ မဆင်မခြင် ထွက်သွားခဲ့တယ်၊ တကယ်လို့ မင်းတစ်ယောက်တည်း ဝိညာဉ်လာခေါ်တဲ့အချိန်မှာ မင်းမရှိတုန်း ဝိညာဉ်ထွက်လာရင် အဲဒီဝိညာဉ်ရဲ့ လုံခြုံရေးက ဘယ်လိုဖြစ်သွားမလဲဆိုတာ မင်းသိလား"
ထိုစကားကိုကြားသောအခါ လီရှောင်း ငြိမ်ကျသွား၏။
ဝိညာဉ်ထွက်လာချိန်တွင် သူ ပြန်မရောက်သေးပါက ဝိညာဉ်၏ လုံခြုံရေးမှာ
သူသည် လက်သီးကို တင်းတင်းဆုပ်ထားမိလိုက်သည်။
"စီနီယာ... ကျွန်တော် သေချာ မစဉ်းစားမိခဲ့ပါဘူး"
၎င်းမှာ သူ၏တာဝန်ပျက်ကွက်မှုပင် ဖြစ်ပေသည်။
"ဘယ်အချိန်မှာမဆို ပိုင်ဝူချန်ဝိညာဉ်တမန်တော်ရဲ့ ပထမဆုံး တာဝန်က ငါတို့စောင့်ရှောက်ရမယ့် ဝိညာဉ်ရဲ့လုံခြုံရေးပဲ၊ ဒါကို မင်း နားလည်စေချင်တယ်၊ ဘာလို့လဲဆိုတော့ မင်းဟာ တစ်နေ့နေ့မှာ တစ်ယောက်တည်း ဝိညာဉ်တွေကို လာခေါ်ရမှာ ဖြစ်လို့ပဲ" ချူးဝမ်က အေးဆေးစွာ ဆို၏။
၎င်းမှာ ပြစ်တင်မောင်းမဲခြင်း မဟုတ်ဘဲ စီနီယာတစ်ဦးအနေဖြင့် ပြောပြသင့်သည်များကို ပြောပြခြင်းသာ ဖြစ်ပေသည်။
"ကျွန်တော် သိပါပြီ... ကျေးဇူးတင်ပါတယ် စီနီယာ" လီရှောင်းက ပြန်ပြောလိုက်၏။
"ကျွန်တော် ရုတ်တရက် စိတ်လှုပ်ရှားသွားတယ်..."
[ကျွန်တော်လည်း တူတူပဲ]
[လီရှောင်း တိုက်ခိုက်တုန်းက တကယ်ကို အားရစရာကောင်းပေမဲ့ သေချာစဉ်းစားကြည့်ရင် စီနီယာပြောတာကလည်း တကယ်ကို အဓိပ္ပာယ်ရှိတယ်]
ပရိသတ်များမှာလည်း ချူးဝမ်နှင့် လီရှောင်းတို့၏ စကားဝိုင်းကို ကြည့်ရင်း ဝိညာဉ်တမန်တော်ကြီးများက သူတို့၏ လုံခြုံရေးကို မည်မျှအလေးထားသည်ကို သိရှိသွားသဖြင့် အလွန်ဝမ်းသာနေကြတော့၏။
🫧 Chapter 124
"ကဲ... ဒီနေ့အတွက် Live လွှင့်တာကို ဒီမှာတင် ရပ်နားပါမယ်"
အသင်းသားအားလုံးကို နောက်တစ်ကြိမ် စောင့်ကြည့်လေ့လာပြီးနောက် ကျန်းလင်သည် နန်းဆောင် ၁၈ သို့ ပြန်လာခဲ့၏။
ထို့နောက် Live လွှင့်ခန်းကို ပိတ်လိုက်တော့သည်။
ဆက်လက်ဖွင့်ထား၍ ရသော်လည်း နောက်ပိုင်းတွင် ထုတ်လွှင့်ပြသစရာ ထွေထွေထူးထူး မရှိတော့ပေ။
ထို့ပြင် ယနေ့အတွက် Live လွှင့်ချိန်မှာလည်း လုံလောက်ပြီ ဖြစ်ပေသည်။
သူသည်ယခု Live လွှင့်ခြင်း တာဝန် သုံးကြိမ်အတွက် စုစုပေါင်း အမှတ် ၁၅၀၀ ရရှိခဲ့၏။
နန်းဆောင်အတွင်း၌လည်း အသင်းသားများမရှိဘဲ ကျန်းလင် တစ်ဦးတည်းသာ ကျန်ရှိတော့သည်။
သူ ပြန်မလာမီကပင် သန့်ရှင်းရေးဝိညာဉ်များ တစ်ခေါက် လာရောက်လုပ်ဆောင်သွားခဲ့ပုံရ၏။
ယခုမူ ဝိညာဉ်သုံးလေးကောင်ခန့်သာ ခန်းမအတွင်း၌ ဟိုဟိုဒီဒီ ပျံဝဲနေကြတော့သည်။
ကျန်းလင်သည် စားပွဲတွင် ထိုင်လိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ အလင်းတန်းများ လက်ခနဲဖြစ်သွားပြီး နှစ်စင်တီမီတာခန့် အထူရှိသော ဝိညာဉ်ခေါ်ဆောင်ခြင်း မှတ်တမ်းစာအုပ် ပေါ်လာ၏။
စားပွဲပေါ်တွင်လည်း သူ အခုရက်ပိုင်းအတွင်း မှတ်တမ်းတင်ထားသော စာရွက်စာတမ်းများ ရှိနေပေသည်။
ထိုအရာနှစ်ခုကို ကြည့်ရင်း ကျန်းလင်သည် လက်ပိုက်ကာ စဉ်းစားသုံးသပ်နေမိတော့၏။
ဤရက်ပိုင်းအတွင်း စောင့်ကြည့်လေ့လာရသည့် အချိန်မှာ မကြာလှသော်လည်း အလုပ်နှင့် ပတ်သက်၍ အသင်းသား ၂၀ ၏အခြေအနေကို သူ အကြမ်းဖျင်းနားလည်ခဲ့ပြီ ဖြစ်သည်။
အိပ်စက်ခြင်းကို ဝါသနာပါသူ၊ ဇာတ်လမ်းတွဲ ကြည့်ရသည်ကို နှစ်သက်သူနှင့် လမ်းပျောက်တတ်သူများပင်ပါဝင်နေ၏။
ချူးဝမ်ကဲ့သို့ အလုပ်တွင် ထူးချွန်ပြီးတည်ကြည်လေးနက်သူ ရှိသလို၊ ဖူကျားအဘွားအိုကဲ့သို့ လက်နက်ကို တောင်ဝှေးသဖွယ် အသုံးပြုသူလည်း ရှိပေသည်။
ထို့ပြင် လီရှောင်းကဲ့သို့ အလုပ်လုပ်ပုံမှာ အနက်ဝတ်ဝိညာဉ်တမန်တော်(ဟေးဝူချန်) ဘက်သို့ ယိမ်းနေသူလည်း ပါဝင်နေ၏။
သောင်းကျန်းနေသော ဝိညာဉ်ဆိုးများကို နှိမ်နင်းခြင်းမှာ အပြစ်ဆိုဖွယ်မရှိပေ။
သို့သော် လီရှောင်း ဝိညာဉ်ဆိုးကိုတွေ့ရှိချိန်မှ စတင်ကာ တိုက်ခိုက်သည်အထိ တုံ့ပြန်ပုံများမှာ လျင်မြန်ပြတ်သား သည်ဟု ဆိုရသည်ထက် အလွန်အမင်း စိတ်လောနေသည်ဟု ဆိုရမည် ဖြစ်သည်။
သို့သော် သူ့ တုံ့ပြန်မှုများမှာ သူ၏ စွမ်းဆောင်ရည်ကို ကြွားဝါလိုခြင်း သို့မဟုတ် ဂုဏ်ပြုဆုလာဘ်လိုချင်ခြင်းကြောင့် မဟုတ်ပုံရပေ။
ထိုမျက်ဝန်းများ၊ ထိုအရှိန်အဝါများမှာ ရန်သူကို တွေ့လိုက်ရသည့်အလားပင်။
သောင်းကျန်းနေသော ဝိညာဉ်ဆိုးများအပေါ် သူ၌ အငြိုးအတေးကြီးမားသော မုန်းတီးမှုများရှိနေပုံရ၏။
မုန်းတီးလွန်းသဖြင့် တွေ့ရှိသည်နှင့် ချက်ချင်းလက်စဖျောက်ရန် ကြိုးစားခြင်းဖြစ်ပေသည်။
တိုက်ခိုက်ချိန်တွင်လည်း တွေဝေတုံ့ဆိုင်းမှု အလျဉ်းမရှိပေ။
သိသာသည်မှာ သူ့ ခန္ဓာကိုယ်နှင့် မသိစိတ်အတွင်း၌ ဤသို့ ပြုမူရန် လိုအပ်သည်ဟု သူ ယုံကြည်နေခြင်းဖြစ်ပေသည်။
"..."
ကျန်းလင်သည် ထိုင်ခုံကို အသာမှီလိုက်ပြီး အပေါ်ရှိ ထုပ်တန်းများကို စိုက်ကြည့်နေမိ၏။
"... တစ်ခုခု ကြုံတွေ့ခဲ့ဖူးလို့လား"
ဤကဲ့သို့သော အခြေအနေမျိုးတွင် သူသည် အဘယ်ကြောင့် အဖြူရောင်ဝတ် ဝိညာဉ်တမန်တော်ဖြစ်လာခဲ့သနည်း။
ဝိညာဉ်တမန်တော် သင်တန်းကျောင်းက ဤသို့ ခွဲဝေပေးခြင်းမှာ တစ်စုံတစ်ရာ ထည့်သွင်းစဉ်းစားခဲ့ခြင်း ရှိသလော။
ကျန်းလင်သည် စားပွဲပေါ်ရှိ မှတ်တမ်းများကို ကြည့်ရင်း စိတ်ထဲတွင် ရှုပ်ထွေးနေမိ၏။
သူတို့အသင်းမှ ဝိညာဉ်တမန်တော် ၂၀ စလုံးမှာ မိမိတို့၏ ကိုယ်ပိုင်ဟန်နှင့် ကိုယ်ရည်ကိုယ်သွေးများ ထင်ရှားလွန်းလှသည်။
ကြည့်ရသည်မှာ ပုံမှန်လည်း ဖြစ်သလို၊ ပုံမှန်မဟုတ်သလိုလည်း ခံစားရ၏။
ဤသည်မှာ ကောင်းကျိုး ဖြစ်မည်လော သို့မဟုတ် ဆိုးကျိုး ဖြစ်မည်လော။
ခဏအကြာတွင် ကျန်းလင်သည် ခေါင်းကို ခါယမ်းလိုက်ပြီး အလုပ်တာဝန်များကို ပြန်လည်ညှိနှိုင်းတော့၏။
ယခု သူ လုပ်နိုင်သည်မှာ တွေ့ရှိထားသော ပြဿနာများကို ဖြေရှင်းနိုင်မည့် နည်းလမ်းရှာဖွေရန်သာ ဖြစ်ပေသည်။
ဤအသင်းကို အကောင်းဆုံးဦးဆောင်ရန် သူ ကြိုးစားရမည် ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် များပြားလှသော လစာနှင့် ခံစားခွင့်များမှာ အလကားရနေခြင်း မဟုတ်သောကြောင့်ပင်။
...
သူသည် အမြဲတမ်း ဝိညာဉ်တမန်တော်အဖြစ် အသစ်ပြောင်း လဲလာသူ တစ်ဦးကို အခြားစီနီယာ တစ်ဦးထံသို့ တာဝန်ခွဲဝေပေးလိုက်၏။
ထို့နောက် ယနေ့ တွေ့ရှိရသော သတိပြုဖွယ် အချက်အလက်အသစ်များကို မှတ်တမ်းတင်လိုက်သည်။
ထိုအထဲတွင် ဝိညာဉ်တမန်တော်သစ် နှစ်ဦးမှာ မကြာမီအတွင်း... တစ်ဦးတည်း လုပ်ငန်းခွင်သို့ ဝင်ရောက်နိုင်တော့မည် ဖြစ်ပေသည်။
ယနေ့အတွက် အလုပ်များကို အဆုံးသတ်ပြီးနောက် ကျန်းလင်သည် အနားသို့ တိုးကပ်လာသော သန့်ရှင်းရေးဝိညာဉ်တစ်ကောင်ကို ဖယ်ရှားရင်း ထရပ်လိုက်၏။
"လောလောဆယ်တော့ ဒီလိုပဲ စီစဉ်ထားလိုက်ရအောင်"
အသင်း ၁၈ ၏ ကိစ္စရပ်များမှာ လောလောဆယ်တွင် အစောပိုင်းကကဲ့သို့ မရှုပ်ထွေးတော့ဘဲ ပုံမှန်လည်ပတ်နိုင်ပြီ ဖြစ်ပေသည်။
သူသည်လည်း အနည်းငယ် အနားယူနိုင်ပြီ ဖြစ်၏။
"ရွှီရှို့စစ်ဆီ သွားပြီး ထမင်းအတူစားရအောင်"
ဤသည်မှာ ကျန်းလင် လုပ်ချင်နေခဲ့သော ကိစ္စပင်။
ရာထူးတက်ပြီး လစာတိုးလာသဖြင့် ဤထမင်းတစ်နပ်ကို သူ ကျွေးသင့်ပေသည်။
ထို့ပြင် သူတို့ နှစ်ဦး ဆုံတွေ့ကြသည်မှာလည်း ကြာပြီဖြစ်ပေသည်။
...
ကျန်းလင်သည် နန်းဆောင်မှ ထွက်လာခဲ့ပြီး ရွှီရှို့စစ်၏အိမ်သို့ လျှောက်လှမ်းလာခဲ့၏။
သို့သော် ရောက်ရှိသည့်အခါမှ မှာ မကြာသေးမီက အလွန်အလုပ်များနေကြောင်း သိလိုက်ရသည်။
ခဏတစ်ဖြုတ် ပြန်လာပြီးသည်နှင့် ချက်ချင်း ပြန်ထွက်သွားလေ့ရှိ၏။
"ထမင်းစားပြီးမှ သွားပါလား"
ကျန်းလင် ရောက်သွားချိန်တွင် ရွှီရှို့စစ် ဇနီးဖြစ်သူ ရှိူကျောင်းက မီးဖိုချောင်တွင် အလုပ်ရှုပ်နေ၏။
ရွှီရှို့စစ်နှင့် ကျန်းလင်မှာ နှစ်ပေါင်းများစွာ ခင်မင်လာခဲ့ကြသူများ ဖြစ်သဖြင့်သူမသည်လည်း ကျန်းလင်အကြောင်းကို ကောင်းစွာ သိရှိထားပေသည်။
သူသည် ယုတ်ညံ့သောသူ မဟုတ်ပေ။
ထို့ပြင် သူမ၏ အမျိုးသားကလည်း ကျန်းလင်မှာ ဤမြေ အောက်ကမ္ဘာတွင် ဆွေမျိုးသားချင်းမရှိဘဲ သူငယ်ချင်းလည်း နည်းပါးကြောင်း ပြောဖူးထား၏။
ညီအစ်ကိုများ ဖြစ်ကြသဖြင့် သူတို့မိသားစုက ပိုမိုဂရုစိုက်ပေးရမည် ဖြစ်ပေသည်။
ပုံမှန်အားဖြင့်လည်း အတူတူ သွားလာနေထိုင်နိုင်ပြီး အထူးတလည် တားဆီးရန် မလိုပေ။
သူတို့အိမ်တွင် ကောင်းမွန်သော စားစရာများ ပြုလုပ်သည့်အခါ ကျန်းလင်ကို ခေါ်ယူလေ့ရှိသလို၊ ကလေးများမှတစ်ဆင့်လည်း ပို့ပေးလေ့ရှိ၏။
ထို့ကြောင့်ရွှီရှို့စစ်က ယခုကဲ့သို့ မေးမြန်းခြင်း ဖြစ်ပေသည်။
ကျန်းလင် : "မစားတော့ပါဘူး မရီး၊ ကျွန်တော်က လာကြည့်တာပါ၊ တခြားကိစ္စလေးတွေလည်း ရှိသေးလို့ပါ"
သူတို့မိသားစု၏ စေတနာကို သူ သိရှိပေသည်။
သို့သော် ထိုသို့ ဖြစ်သောကြောင့်ပင် သူက ပိုသတိထားရမည် ဖြစ်၏။
မည်သည့် ဆက်ဆံရေးကောင်းမဆို နှစ်ဦးနှစ်ဖက်က တန်ဖိုးထား ထိန်းသိမ်းရန်လိုအပ်ပေသည်။
ရင်းနှီးသည်ဆိုကာ အားနာမှုမရှိဘဲ ပြုမူ၍မရပေ။
ထိုအခါ ရှိုကျောင်းကလည်း ထပ်မံ၍ အတင်းအကျပ် မတိုက်တွန်းတော့ဘဲ
"ဒါဆိုရင်လည်း သူ ပြန်လာတဲ့အခါ နင့်ဆီ လာခဲ့ဖို့ ငါ ပြောလိုက်ပါ့မယ်"
"ဟုတ်ကဲ့ပါ မရီး၊ ဒါဆိုရင် မရီးတို့ အရင်စားကြပါ၊ ကျွန်တော် သွားလိုက်ပါဦးမယ်"
ရွှီရှို့စစ် အိမ်မှ ထွက်လာပြီးနောက် ကျန်းလင်သည် သက်ပြင်းတစ်ချက် ချလိုက်မိ၏။
"အဲဒီကောင်က ငါ့ထက်တောင် ပိုပြီးအလုပ်များနေပုံရတယ်"
ထမင်းအတူစားမည့် ကိစ္စကို နောက်တစ်ကြိမ်မှသာသာ စီစဉ်ရတော့မည်ပင်။
...
ပြန်လာသည့် လမ်းတွင် ကျန်းလင်သည် တာဝန်ပေးအပ်ခြင်း ဗဟိုဌာနကို ဖြတ်ကျော်သွားစဉ် ခြေလှမ်းတန့်သွား၏။
၎င်းမှာ သူ လုပ်ဆောင်ရန် ကျန်ရှိနေသေးသော တာဝန်တစ်ခုကို ရုတ်တရက် သတိရသွားခြင်းသာ။
ယခင်က သူသည် တာဝန်နှစ်ခုကို တစ်ပြိုင်နက်တည်း လက်ခံခဲ့ဖူး၏။
တစ်ခုမှာ လူသားတစ်ဦး၏ကံကြမ္မာ အစဉ်တစိုက် ပြောင်းလဲနေခြင်းကို စုံစမ်းရန်ဖြစ်ပြီး၊ အခြားတစ်ခုမှာ ဝိညာဉ်ဆိုးများ လက်ထပ်သည့် ကိစ္စပင်။
ကံကြမ္မာပြောင်းလဲနေသည့် ကိစ္စကို သူ လုပ်ဆောင်ခဲ့ပြီး ဖြစ်ကာ မိမိကိုယ်မိမိ ပေါက်ကွဲလုနီးပါးဖြစ်နေသော ဝိညာဉ်တစ်ခုကိုပင် ခေါ်ဆောင်လာခဲ့သေး၏။
သို့သော် လက်ထပ်သည့် တာဝန်မှာမူ ထိုစဉ်က အချိန်မကျသေးသဖြင့် ခေတ္တဘေးဖယ်ထားခဲ့မိသည်။
ရလဒ်အနေဖြင့် အလုပ်များလွန်းသဖြင့် ထိုကိစ္စကို သူ မေ့လျော့နေခဲ့ခြင်း ဖြစ်ပေသည်။
"..."
ကျန်းလင်သည် တာဝန်အချက်အလက်များကို အမြန်ထုတ်ကြည့်လိုက်ရာ မျက်နှာကို လက်ဖြင့်အုပ်လိုက်မိတော့၏။
လက်ထပ်မည့် အချိန်မှာ နှစ်ရက်ပင် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့်သူသည် လက်ကို ဝှေ့ယမ်းကာ မြေအောက်ကမ္ဘာ လမ်းကြောင်းကို ဖွင့်လိုက်တော့၏။
အချိန်ရှိခိုက်တွင် ထိုသောင်းကျန်းနေသော ဝိညာဉ်ကို ဖြေရှင်းရန် သူ ဆုံးဖြတ်လိုက်တော့သည်။
.....
စုချန်သည် မကြာသေးမီက အိပ်မက်ကမ္ဘာထဲတွင် နေထိုင်နေရသကဲ့သို့ ခံစားနေရ၏။
ပထမဦးစွာ ထီပေါက်ခဲ့ပြီး နောက်ပိုင်းတွင် အလှလေးတစ်ဦးက သူ့ကို ချစ်ခွင့်ပန်ကာ လက်ထပ်ရန် ကမ်းလှမ်းခဲ့သည်။
ထို့ပြင် တစ်ဖက်လူမှာ မင်္ဂလာကြေးတစ်ပြားတစ်ချပ်မျှ မယူသည့်အပြင် ရှေးဟောင်းစံအိမ်ကြီး တစ်လုံးကိုပါ လက်ဖွဲ့အဖြစ် ပေးအပ်ခဲ့သေး၏။
"နောင်မှာ ကလေးက ဘယ်သူ့မျိုးရိုးအမည်ကို ခံယူမှာလဲ" သူက မသေချာသဖြင့် မေးမြန်းခဲ့ဖူး၏။
ဤသည်မှာ သမက်အဖြစ် ဝင်နေရခြင်း ဖြစ်မည်လော။
"သဘာဝကျကျ စု ဆိုတဲ့ မျိုးရိုးအမည်ကိုပဲ ခံယူမှာပေါ့"
ထိုစဉ်က ထိုအလှလေးမှာ သူ့ရင်ခွင်ထဲတွင် မှီတွယ်ရင်း နူးညံ့စွာ ပြောခဲ့ခြင်းဖြစ်သည်။
သူမ အသံမှာလည်း ငှက်ငယ်လေးတစ်ကောင်၏ တေးသံကဲ့သို့ သာယာလှပေသည်။
‘ကျွိီ’ခနဲ အသံနှင့်အတူ စုချန်သည် အိပ်ခန်းတံခါးကို ဖွင့်လိုက်၏။
"စုသမက်လေး မင်္ဂလာပါ" တံခါးဝတွင် ပိန်ပါးသော အမျိုးသမီးငယ်နှစ်ဦးက ဦးညွှတ်၍ နှုတ်ဆက်ကြသည်။
သူတို့သည် ရှည်လျားသော ဆံပင်များကို သေသပ်စွာ ထုံးဖွဲ့ထားပြီး အစိမ်းနုရောင် အင်္ကျီများကို ဝတ်ဆင်ထားကြ၏။
ကြည့်ရသည်မှာ အစေခံ မိန်းကလေးများအတိုင်းပင်။
"အဲ... ဟုတ်ကဲ့ပါ"
ဤကဲ့သို့ ခေါ်ဝေါ်ခြင်းကို ကြားရသည့်အခါ စုချန်မှာ အသားမကျသေးပေ။
သူမ၏ ပြောကြားချက်အရ ဤသည်မှာ ရှေးဟောင်းဗိသုကာလက်ရာနှင့် လိုက်ဖက်စေရန် ပြုမူခြင်း ဖြစ်သည်ဟု ဆို၏။
"ဒီလိုမျိုးက ပိုပြီးအနုပညာဆန်တယ်လို့ မထင်ဘူးလား" ဇနီးဖြစ်သူက ပြောဖူးသည်။
"ဟုတ်ပါတယ်၊ တကယ် ကောင်းပါတယ်"
ခေတ်မီစတိုင်လ်များကိုသာ မြင်တွေ့နေရသော စုချန်အတွက် ဤကဲ့သို့ ရှေးခေတ်လူနေမှုပုံစံကို တုပနေထိုင်ခြင်းမှာ အလွန်ပင် ဆန်းသစ်နေပေသည်။
သူသည် စံအိမ်အတွင်း လမ်းလျှောက်ရင်း ရှေးဟောင်းဗိသုကာလက်ရာများကို ကြည့်ရှုနေမိ၏။
လွန်ခဲ့သော နှစ်ရက်က မင်္ဂလာပွဲ ကျင်းပခဲ့သဖြင့် လက်ရန်းများနှင့် ပြတင်းပေါက်များတွင် အနီရောင် ပိုးသားများနှင့် 'မင်္ဂလာ' စာလုံးများ ရှိနေဆဲ ဖြစ်သည်။
"ဒီစံအိမ်ကြီးက တကယ်ကြီးမားလွန်းတယ်"
လှပသော ပန်းခြံများနှင့် လမ်းစင်္ကြံများမှာ ရှေးခေတ်က သူဌေးကြီးများ၏ အိမ်အတိုင်းပင်။
တည်နေရာကို ထည့်မတွက်လျှင်ပင် ဤကဲ့သို့ သေသပ်လှပသော အိမ်တစ်လုံးကို တည်ဆောက်ရန်အတွက် ကုန်ကျ စရိတ်မှာ မနည်းလှပေ။
စုချန်သည် ပန်းခြံအတွင်းသို့ လမ်းလျှောက်လာခဲ့ပြီး ဘေးရှိ ကျောက်ခုံတစ်ခုတွင် ထိုင်လိုက်၏။
ထိုင်လိုက်သည်နှင့် တစ်ပြိုင်နက် ‘ဝုန်း’ ခနဲ အသံတစ်သံကို ကြားလိုက်ရသည်။
သူ အသံလာရာသို့ ကြည့်လိုက်ရာ ဘေးတွင် ကြီးမားသော ရေကန်တစ်ခု ရှိနေပြီး ရေကန်အတွင်း၌ ကျောက်တောင်တုများနှင့် အပင်များ စိမ်းလန်းစိုပြည်နေ၏။
"ငါးကြင်းတွေ မွေးထားတာလား ဒါမှမဟုတ် တခြား တိရစ္ဆာန်တွေလား"
‘ဝုန်း’
နောက်ထပ် ရေလှိုင်းသံတစ်သံ ထပ်မံထွက်ပေါ်လာပြန်သည်။
ထို့ကြောင့် စုချန်သည် အနားသို့ တိုးကပ်သွားပြီး ကြာရွက်တစ်ခုကို ဖယ်လိုက်၏။
ရေပြင်မှာ ကြာရွက်များ၏ အရိပ်ကြောင့် စိမ်းမှောင်နေပြီး သဲသဲကွဲကွဲ မမြင်ရပေ။
သူ အတန်ကြာအောင် ကြည့်နေသော်လည်း ငါးကြင်းနှင့် တူသောအရာကို မတွေ့ရပေ။
ဘဲများ ဖြစ်နေမည်လော...
ထိုသို့ စဉ်းစားနေစဉ် ရေပြင်ထက်၌ ရေလှိုင်းများ ရုတ်တရက် ထလာတော့၏။
‘ဝေါ’ခနဲ အသံနှင့်အတူ ဖြူဖျော့နေသော မျက်နှာကြီးတစ်ခုသည် ရေထဲမှ ရုတ်တရက် ထွက်ပေါ်လာပြီး အေးစက်သော အသက်ရှူသံမှာ စုချန်၏ မျက်နှာနှင့် သုံးစင်တီမီတာခန့်သာ ကွာဝေးတော့သည်။
...
[မူရင်းစာရေးသူမှတ်ချက် - ရွှီရှို့စစ်မှာ ကျန်းလင်၏ အနက်ဝတ် ဝိညာဉ်တမန်တော်(ဟေးဝူချန်) သူငယ်ချင်းတစ်ယောက် ဖြစ်ပြီး၊ ကလေးအပါအဝင် မိသားစုလိုက် မြေအောက်ကမ္ဘာသို့ ရောက်ရှိလာသူများ ဖြစ်ကြသည်]