← Chapters

အခန်း (၁၂၅-၁၂၆)

Vol. 13 Ch. 125-126

အခန်း (၁၂၅-၁၂၆)

Vol. 13 Ch. 125-126

🫧 Chapter 125

မြေအောက်ကမ္ဘာလမ်းကြောင်းအတွင်း၌...

ကျန်းလင်သည် လူသားလောကသို့ သွားရာလမ်းတွင် ‘ဝိညာဉ်မလေး၏ မင်္ဂလာပွဲ’ တာဝန်အချက်အလက်များကို ဖွင့်ကြည့်လိုက်၏။

ဤတာဝန်မှာ ယခင်က ဝိညာဉ်တမန်တော်တစ်ဦး ဟွိုင်ချန်၌ အလုပ်ကိစ္စဖြင့် သွားရောက်စဉ် ‘မင်္ဂလာလက်ဆောင်’ လာရောက်ပေးအပ်သော ဝိညာဉ်ငယ်လေးနှင့် တိုက်တိုက်ဆိုင်ဆိုင် တွေ့ဆုံခဲ့ခြင်းမှ စတင်ခဲ့ခြင်းဖြစ်ပေသည်။

ထိုဝိညာဉ်ငယ်၏ ပြောကြားချက်အရ ၎င်းတို့ သခင်မမှာ ခင်ပွန်းသည် ဆယ်ဂဏန်းကျော်ကိုလက်ထပ်ယူပြီးဖြစ်ကာ ယခုလည်း နောက်ထပ်တစ်ဦးကို ထပ်မံလက်ထပ်ရန် ပြင်ဆင်နေသည်ဟု ဆို၏။

သို့သော် ၎င်းတို့သခင်မ၏ တိကျသော တည်နေရာကို မေးမြန်းသည့်အခါတွင်မူ ထိုဝိညာဉ်ငယ်များမှာ ကိုယ်တိုင်ပေါက်ကွဲသွားကြပြီး မီးခိုးငွေ့များအဖြစ် ပျောက်ကွယ်သွားကြတော့သည်။

"ခင်ပွန်းသည် ဆယ်ဂဏန်းကျော်..."

ကျန်းလင်၏စိတ်ကူးထဲတွင် လူအုပ်ကြီးက ဝိညာဉ်မလေးတစ်ဦးကို ဝိုင်းရံထားသည့် ပုံရိပ်များ ပေါ်လာ၏။

ဤမျှများပြားလှသော လူအုပ်ကြီးမှာ... အချို့က ခြေထောက်နှိပ်ပေးရန်၊ အချို့က အစားအစာကျွေးရန်နှင့် အချို့ကမူ ဖျော်ဖြေတင်ဆက်မှုများ ပြုလုပ်ရန် ဖြစ်မည်လော။

သို့သော်လည်း ဝိညာဉ်ဆိုးများ၏ မင်္ဂလာလက်ဆောင်ဟူသည် လူသားများနှင့်လည်း သက်ဆိုင်နေပေသည်။

ဝိညာဉ်များ၏လက်ဆောင်ပစ္စည်းဟူသည်မှာ စိတ်ကြိုက်ယူ၍ အသုံးပြုရမည့် အရာမျိုးမဟုတ်ပေ။

ကျန်းလင်သည် အချိန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် Live လွှင့်ခန်းကို ဖွင့်လိုက်တော့၏။

...

ဤအချိန်တွင် လူသားလောက၌ ညဉ့်နက်နေပြီ ဖြစ်ပေသည်။

တိုက်ခတ်လာသော ညနေခင်းလေပြေများထဲတွင်ပင် အပူရှိန်အငွေ့အသက်များ ပါဝင်နေ၏။

【တိန်~ သင် Follow လုပ်ထားသော ‘မရဏကမ္ဘာ၏အံ့ဖွယ်နေ့ရက်များ’ Live လွှင့်ခန်း စတင်ပါပြီ၊ အမြန်ဝင်ရောက်ကြည့်ရှုလိုက်ပါ】

အိပ်ယာဝင်ရန် ပြင်နေသော ပရိသတ်များမှာ အံ့အားသင့်သွားကြပြီး ချက်ချင်းထထိုင်လိုက်ကြတော့၏။

[ဘာဖြစ်တာလဲ၊ Live ပြန်လွှင့်တာလား Host က ဒီနေ့အတွက် ပြီးပြီလို့ပြောထားတာ မဟုတ်ဘူးလား]

[အပေါ်ကလူ တစ်ချက်ကြည့်လိုက်ဦး၊ အခုက တကယ်ပဲ နောက်တစ်နေ့ ကူးသွားပြီလေ၊ သန်းခေါင်ကျော်သွားပြီ ]

[မြေအောက်ကမ္ဘာအချိန်၊ မြေအောက်ကမ္ဘာ Live လွှင့်ခန်း... နာမည်နဲ့လိုက်အောင်ကို ထူးခြားတာပဲ]

[တကယ်ပဲ ညဉ့်နက်မှအိပ်တဲ့ကလေးတွေက Host ရဲ့ Live ကို ကြည့်ခွင့်ရတာပဲ ဟဲဟဲ...]

ကျန်းလင်သည် မြေအောက်ကမ္ဘာလမ်းကြောင်းမှ ထွက်လာရင်း ယခုတာဝန်အကြောင်းကို ပရိသတ်များအား ရှင်းပြလိုက်၏။

ဝိညာဉ်မလေးက ခင်ပွန်းသည် ဆယ်ဂဏန်းကျော်ကို လက်ထပ်ထားသည့်အကြောင်းကို ကြားလိုက်ရသည့်အခါ Live လွှင့်ခန်း၏ မှတ်ချက်များမှာ ရုတ်ချည်း ပေါက်ကွဲသွားတော့သည်။

[ဝိုး... ဒါက ဘယ်လိုမျိုး မြေအောက်ကမ္ဘာက သူဌေးမလဲ]

[ဒါကြောင့် လမ်းဘေးမှာတွေ့တဲ့ ပိုက်ဆံကို စည်းမဲ့ကမ်းမဲ့ မသုံးသင့်တာ၊ အလှူခံပုံးထဲ ထည့်လိုက်ရမှာ... မဟုတ်ပါဘူး ရဲဦးလေးတို့ဆီ အပ်ရမှာ]

[ဆယ်ဂဏန်းကျော်တဲ့... ဒါက ဧကရာဇ်မင်းမြတ်ရဲ့ လူနေမှုဘဝမျိုးပဲ မဟုတ်လား]

[ကျွန်တော်တောင် နည်းနည်း အားကျသွားသလိုပဲ]

[အပေါ်ကလူက တကယ်ကို ရဲရင့်တဲ့ သူရဲကောင်းပဲ]

[+1]

...

Live လွှင့်ခန်းအတွင်း ဆွေးနွေးနေကြစဉ် ကျန်းလင်သည် ဟိုင်ချန်သို့ ရောက်ရှိလာပြီး ရှာဖွေမှုများကို စတင်လိုက်၏။

ထိုဝိညာဉ်မလေးမှာ ဤမျှအကြိမ်များစွာ လက်ထပ်ပြီးမှသာ ဖော်ထုတ်ခံရခြင်း ဖြစ်သလို ပုန်းကွယ်ရာနေရာမှာလည်း ပေါ်ပေါက်လာခြင်း မရှိသေးပေ။

ကြည့်ရသည်မှာ နည်းလမ်းအချို့ကို အသုံးပြုထားပုံရ၏။

ထို့ပြင် ၎င်း၏ အဆင့်မှာလည်း တစ္ဆေစစ်သူကြီးအဆင့်အထက်တွင် ရှိနိုင်ပြီး ကိုယ်ပိုင် ဝိညာဉ်နယ်ပယ် တစ်ခုကိုပင် တည်ဆောက်ထားနိုင်ပေသည်။

ထိုသို့တွေးရင်းပင် ကျန်းလင်သည် ဟိုင်ချန်၏ကောင်းကင်ထက်၌ ပျံဝဲရင်း အောက်ရှိ မီးရောင်စုံများကို ငုံ့ကြည့်လိုက်၏။

"အတော်ပဲ၊ နယ်ပယ်အကျယ်အဝန်းကို တစ်ခါတည်း စမ်းသပ်ကြည့်လို့ ရတာပေါ့"

သူသည် မကြာသေးမီကပင် ဝိညာဉ်ဘုရင် အဆင့်သို့ တက်လှမ်းခဲ့သဖြင့် စွမ်းဆောင်ရည်အသစ်များ တိုးတက်လာခဲ့၏။

သူ၏အာကာသနယ်ပယ်ကို ခံစားသိရှိနိုင်မှုနှင့် ထိန်းချုပ်နိုင်မှုတို့မှာလည်း ပိုမိုအားကောင်းလာခဲ့ပြီ ဖြစ်ပေသည်။

'ခရက် ခရက်...'

သူသည် လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်ရာ လက်သီးဆုပ်လိုက်တိုင်း ပတ်ဝန်းကျင်ရှိ လေထုထဲတွင် ပေါက်ကွဲသံများ တစ်ချက်စီ ထွက်ပေါ်လာတော့၏။

"ဘယ်မှာ ပုန်းနေတာလဲ..."

ထိုအချိန်တွင် ကျန်းလင်သည် ဤနေရာမှစ၍ ရှာဖွေမှုများကို စတင်လိုက်တော့သည်။

...

ရှေးဟောင်းစံအိမ်ကြီးအတွင်း၌...

ဝေါခနဲ အသံနှင့်အတူ ဖြူဖျော့နေသော မျက်နှာကြီးတစ်ခုသည် ရေထဲမှ ထွက်ပေါ်လာပြီး အေးစက်သော အသက်ရှူသံမှာ စုချန်၏ မျက်နှာနှင့် သုံးစင်တီမီတာခန့်သာ ကွာဝေးတော့၏။

သူသည် ထိုမျက်နှာပေါ်ရှိ ညိုမည်းနေသော သွေးကြောမျှင်များကိုပင် အထင်အရှား မြင်တွေ့နေရပေသည်။

"..."

စုချန်၏ မျက်စိသူငယ်အိမ်များမှာ ကျုံ့ဝင်သွားပြီး ကျောရိုးတစ်လျှောက် အေးစိမ့်သွားကာ အော်လိုက်တော့သည်

"အားးးးးးးးး"

သူသည် နောက်သို့ အရှိန်ဖြင့် လန်ကျသွားကာ ကြမ်းပြင်ပေါ်သို့ ဖင်ထိုင်လျက် ကျသွားတော့သည်။

ထို့နောက် လက်ရောခြေရော အသုံးပြုကာ နောက်သို့ ဆုတ်ခွာသွားရင်း ကျောက်ခုံဘေးသို့ ရောက်ရှိသွား၏။

"မင်း... မင်းက ဘာကောင်လဲ၊ လူလား ဝိညာဉ်လား"

"ငါက ဘာကောင်လဲ ဟုတ်လား" ရေထဲမှ အမျိုးသားတစ်ဦး၏ အသံထွက်ပေါ်လာသည်။

ဝေါခနဲ အသံနှင့်အတူ ညိုမည်းသော သွေးကြောများဖြင့် ပြည့်နှက်နေသော လက်တစ်ဖက်သည် ရေကန်အနားသတ်သို့ ရောက်ရှိလာ၏။

ထို့နောက်၎င်းသည် တဖြည်းဖြည်းနှင့် ကုန်းပေါ်သို့ တွားသွားတက်လာတော့သည်။

၎င်း၏ စိုစွတ်နေသော ဆံပင်များက မျက်နှာ၏တစ်ဝက်ကျော်ကို ဖုံးအုပ်ထားပေသည်။

'ဂျွတ်... ဂျွတ်...'

ထိုမျက်နှာကြီးမှာ မော့လာပြီး ခေါင်းမှာ ၁၈၀ ဒီဂရီခန့် ဖြည်းညှင်းစွာ လည်သွားကာ စုချန်ကိုကြည့်၍ ထူးဆန်း သော အပြုံးတစ်ခု ပြုံးပြလိုက်၏။

"ငါက ဘာကောင်လဲဆိုတာ မင်းပြောကြည့်လေ..."

၎င်းသည် ရယ်မောရင်း ကျောက်ခုံရှိရာသို့ တွားသွားလာရာ ကြမ်းပြင်ပေါ်တွင် ရေကွက်များ ကျန်ရစ်ခဲ့ပေသည်။

'စဉ်းစားစမ်း စဉ်းစားစမ်း '

စုချန်သည် ပါးစပ်မှအော်ဟစ်ရင်း အနီးအနား၌ အသုံးပြုနိုင်မည့် ပစ္စည်းကို ရှာဖွေလိုက်၏။

သူရသည်နှင့် လက်သီးဆုပ်ခန့်ရှိသော ကျောက်ခဲတစ်လုံးကို ကောက်ယူကာ ပစ်ပေါက်လိုက်တော့သည်။

"ဗုန်း"

ကျောင်းသားဘဝက ဘတ်စကတ်ဘော ကစားခဲ့ခြင်းကြောင့်လော သို့မဟုတ် မကြာသေးမီက ထီပေါက်ခဲ့သော ကံကောင်းမှုကြောင့်လော မသိရသော်လည်း သူ ပစ်ပေါက်လိုက်သော ကျောက်ခဲမှာ ထိုဝိညာဉ်၏ နဖူးတည့်တည့်သို့ ထိမှန်သွားတော့၏။

"..."

ထိုဝိညာဉ်၏ တွားသွားမှုမှာ ခေတ္တတန့်သွား၏။

စုချန်သည် ထိုအခွင့်အရေးကို အသုံးချကာ ပန်းခြံတံခါးဝမှ အပြေးထွက်ခဲ့တော့၏။

ယခင်က အလုပ်နောက်ကျ၍ ပြေးခဲ့ဖူးသမျှထက်ပင် ပိုမိုမြန်ဆန်သော အရှိန်နှုန်းဖြင့် သူ ပြေးလွှားနေတော့သည်။

ထိုစဉ် သူ့နောက်တွင်မူ ရေထဲမှ တက်လာသော ဝိညာဉ်ဆိုးမှာ ခေါင်းကို ပွတ်သပ်ရင်း နှာခေါင်းရှုံ့လိုက်၏။

"အသစ် ရောက်လာတဲ့သူက ဘာလို့ ဒီလောက်ကြမ်းတမ်းနေရတာလဲ"

ဦးနှောက်တောင် ထွက်မတတ်ဖြစ်သွားရ၏။

ထိုသူ ထွက်ပြေးသွားရာ လမ်းကြောင်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် ၎င်းသည် ရေကန်ထဲသို့ ပြန်လည် ဆင်းသွားတော့သည်။

'ဝေါ....' ခနဲ အသံနှင့်အတူ ရေလှိုင်းများမှာ တဖြည်းဖြည်းနှင့် ပြန်လည် တည်ငြိမ်သွား၏။

ရေကန်မှာ ကြာရွက်များကြောင့် စိမ်းမှောင်နေပြီး မည်သည့် အစအနမျှ မကျန်ရှိတော့ပေ။

...

"အမလေး ဒိလို နေ့ခင်းကြောင်တောင်ကြီးမှာတောင် ဝိညာဉ်ခြောက်လှန့်နေတာပဲ"

စုချန်သည် မည်မျှကြာအောင် ပြေးမိသည်ကို မသိတော့ပေ၊ သူ ရပ်တန့်လိုက်သည့် အခါတွင် အိမ်ခေါင်မိုးတစ်ခုအောက်သို့ ရောက်ရှိနေပြီ ဖြစ်ပေသည်။

သူသည် မောဟိုက်နေရင်း ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။

ထိုဝိညာဉ်လိုက်မလာသည်ကို အတည်ပြုပြီးနောက် ကြမ်းပြင်ပေါ်သို့ ပစ်ထိုင်လိုက်တော့သည်။

တကယ်ကို ထိတ်လန့်စရာပင်...

"ခဏနေရင် ဖူနင်ကို ပြောပြရမယ်၊ နေ့ခင်းဘက်တောင် ဒီလိုဆိုရင် ညဘက်ဆိုရင် ပိုပြီးဆိုးလိမ့်မယ်"

စုချန်သည် သူ့ဇနီးဖြစ်သူ အိမ်ဝယ်ယူစဉ် သို့မဟုတ် ဆောက် လုပ်စဉ်က အလိမ်ခံလိုက်ရခြင်းဖြစ်မည်ဟု တွေးတောနေမိ၏။

သို့မဟုတ်ပါက မည်သူက ဝိညာဉ်ခြောက်သည့် အိမ်ကို ဝယ်ယူပါမည်နည်း။

ဤကဲ့သို့ ဆက်လက်နေထိုင်သွားလျှင် အသက်မသေလျှင်ပင် နှလုံးရောဂါ ရသွားနိုင်ပေသည်။

ခန္ဓာကိုယ် ဖျားနာလျှင် ဆေးရုံသွားရမည် ဖြစ်ကာ ကုန်ကျ စရိတ်များမှာလည်း များပြားလှပေသည်။

မည်မျှပင် ချမ်းသာစေကာမူ ဆေးရုံ၏ကုန်ကျစရိတ်ကို တောင့်ခံနိုင်မည် မဟုတ်ပေ။

*တုံ.. တုံ... တုံ...*

ထိုသို့တွေးတော‌နေစဥ်ပင်ရုတ်တရက် အဖြူရောင် ဘောလုံးလေးတစ်ခုမှာ ကြမ်းပြင်ပေါ်သို့ ကျလာပြီး စုချန်၏ ခြေရင်းသို့ လိမ့်ဝင်လာ၏။

"အားးး"

ထိတ်လန့်နေဆဲ ဖြစ်သော စုချန်မှာ တုံ့ပြန်မှုအရ ချက်ချင်း ခုန်ထလိုက်မိတော့သည်။ ထို့နောက်မှသာ ထိုအရာ၏ ပုံသဏ္ဍာန်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရ၏။

ထိုအရာသည် ဝိညာဉ် မဟုတ်ပေ။

စားပွဲတင်တင်းနစ် ဘောလုံးထက် အနည်းငယ်သေးငယ် သော ဘောလုံးလေးတစ်ခုသာ ဖြစ်ပေသည်။

"ဟူး... လန့်သွားတာပဲ"

စုချန်သည် ထိုအရာကို ကောက်ယူလိုက်ရင်း မိမိကိုယ်မိမိ စိတ်ဂယောင်ခြောက်ခြား ဖြစ်နေပြီဟု ခံစားလိုက်ရ၏။

"ဒါက ဘယ်ကလေးရဲ့ ပစ္စည်းလဲ မသိဘူး..."

"အဲဒါ ကျွန်မရဲ့ ဥစ္စာပါရှင်"

စုချန် စကားပင် မဆုံးသေးမီမှာပင် အိမ်ခေါင်မိုးထက်မှ ဇောက်ထိုးကျနေသော ခေါင်းကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။

သူမ၏ ရှည်လျားသော ဆံပင်များမှာ မြေကြီးပေါ်သို့ တရွတ်တိုက် ကျနေပေသည်။

ထို့ပြင် သွေးရောင်လက်နေသော မျက်တွင်းဟောင်းလောင်းကြီးများနှင့် မျက်လုံးတစ်စုံက သူ့ကို တည့်တည့်စိုက်ကြည့်နေ၏။

နီရဲသော သွေးများမှာလည်း မျက်လုံးများမှတစ်ဆင့် သွေးလိုင်းကြောင်းကြီးအဖြစ် စီးကျနေလေသည်။

ထို့နောက် ထိုအရာကြီးသည် သူ့အားကျေးဇူးတင်စကားပြောကြားလိုက်သည်။

"ကျေးဇူးတင်ပါတယ် အဖေစု"

"...."

ထိုအခါမှသာ စုချန် ဦးနှောက်မှာ ခေတ္တမျှ ဗလာဖြစ်သွားတော့၏။

သူ့ခန္ဓာကိုယ်၏ အသက်ရှင်လိုစိတ် တုံ့ပြန်မှုအရ သူသည် နောက်ရှိ နံရံသို့ ကပ်သွားပြီးနောက် နံရံကိုမှီ၍အမြန် ရွေ့လျားသွားတော့သည်။

သူ ရွေ့လျားသွားသည့်အတိုင်း ထိုဇောက်ထိုးကျနေသော ခေါင်းကြီးမှာလည်း လိုက်ပါရွေ့လျားနေ၏။

ထောင့်ချိုးသို့ ရောက်သည်နှင့် စုချန်သည် လှည့်၍ အပြေးထွက်ခဲ့ပြန်သည်။

သို့သော် အေးစိမ့်သော ခံစားချက်မှာ ခြေဖျားမှတစ်ဆင့် ကျောရိုးသို့ ပြန်လည် ရောက်ရှိလာပြန်၏။

သူသည် နောက်တစ်ကြိမ် အမြန်ပြေးလွှားနေပြန်သည်။

ကောင်းလိုက်သည်မှာ ယခုတစ်ခေါက် သူ အော်ဟစ်ခြင်း မပြုမိတော့ပေ။

ဤအရေးပေါ် အခြေအနေတွင် သူ၏ ဦးနှောက်ထဲ၌ ထူးဆန်းသော အတွေးတစ်ခု ဝင်လာ၏။

သူ့ ဇနီးသည်မှာ ဤနေရာတွင် ဝိညာဉ်များ ရှိနေသည်ကို ကြိုတင်သိရှိထားခြင်း ဖြစ်မည်လော။

ထို့နောက် ထိတ်လန့်လွန်းသဖြင့် အသားကျသွားခြင်း ဖြစ်မည်လော။

သူ့ နှလုံးနှင့် သတ္တိမှာလည်း ယဉ်ပါးသွားခြင်းဖြစ်မည်လော။

ထိုသို့ စဉ်းစားနေစဉ်...

သူ၏ ပုခုံးကို တစ်စုံတစ်ဦးက နောက်မှ အသာပုတ်လိုက်၏။

သူ့ခံစားလျက်မှာ ရုတ်ချည်းပင် ထုံကျဉ်သော ခံစားချက်မှာ ဦးနှောက်သို့ တိုက်ရိုက်ရောက်ရှိသွားတော့သည်။

ထိုခံစားချက်ကြောင့် သူ့ဦးရေပြားများပင် ထုံကျဉ်သွား၏။

စုချန်သည် မိမိ၏ ဦးရေပြားမှာ ပေါက်ကွဲထွက်သွားတော့မည်ဟု ခံစားလိုက်ရသည်။

' ဘယ်လို ဝိညာဉ်မျိုးလဲ... လိုက်လာတာလား'

' ဒါမှမဟုတ် သူ့အပေါ်မှာ ကပ်နေတာလား'

သို့သော်လည်း ရုပ်ရှင်များ၏ အတွေ့အကြုံအရ ဤကဲ့သို့ အချိန်မျိုးတွင် မည်သည့်အကြောင်းကြောင့်မျှ နောက်သို့ လှည့်မကြည့်ရဟု သူ သိရှိထားပေသည်။

🫧 Chapter 126

အရှိန်အဟုန်ဖြင့် ပြေးလွှားနေမှုကြောင့် တိုက်ခတ်လာသော လေပြေများသည် အင်္ကျီများကို တဖျတ်ဖျတ် မြည်ဟီးစေပြီး ပတ်ဝန်းကျင်ရှိ ရှုခင်းများမှာလည်း နောက်သို့ အရှိန်အဟုန်ဖြင့် ကျန်ရစ်ခဲ့‌စေသည်။

စုချန်သည် သူ့အစွမ်းကုန် အင်အားများကို ထုတ်သုံး၍ အပြေးပြိုင်ပွဲဝင်တစ်ဦးကဲ့သို့ အမြန်ဆုံးအရှိန်နှုန်းဖြင့် ပြေးလွှားခဲ့သော်လည်း အတန်ကြာအောင် ပတ်ပြေးပြီးနောက်တွင်မူ အင်အားများ ကုန်ခမ်းလာခဲ့ပြီ ဖြစ်ပေသည်။

သူ့ ဦးခေါင်းမှာလည်း မူးဝေလာခဲ့၏။

သွားပြီ... သွားပြီ... ဘယ်လိုလုပ်ရမလဲ...

ဒီနေရာက ဘယ်နေရာလဲ၊ ဒီစံအိမ်ကြီးက ဘာလို့ ဒီလောက်တောင် ကြီးနေရတာလဲ...

ငါ ဘယ်ကို ပြေးနေမိတာလဲ....

ဘာလို့ တစ်ယောက်ကိုမှ မတွေ့ရတာလဲ....

"ဟားဟားဟား.. ပျော်စရာကြီး၊ ပျော်စရာကြီး... နောက်ထပ် နည်းနည်းလောက် ပိုမြန်မြန် ပြေးပါဦး"

သူ့ ကျောပေါ်မှ မိန်းကလေးငယ်၏ စူးရှသော အသံလေး ထွက်ပေါ်လာ၏။

သူမသည် အလွန်ပင် ပျော်ရွှင်နေပုံရပြီး ခြေထောက်ကလေးများကိုပင် လှုပ်ယမ်းနေပေသည်။

ထိုခဏ၌ စုချန် စိတ်ထဲတွင် ကြောက်ရွံ့မှုများမှာ အထွတ်အ ထိပ်သို့ ရောက်ရှိသွားတော့၏။

သူ၏စိတ်တွင် အားကိုးရာမဲ့သည့် ခံစားချက်ပင် ဖြစ်ပေါ်လာခဲ့သည်။

မည်သူ့ကိုမှ ရှာမတွေ့နိုင်တော့သည့်အဆုံး...

သူသည် သွားကို တင်းတင်းကြိတ်ကာ ရုတ်တရက် အရှိန် သတ်လိုက်၏။

ထို့နောက် သူ၏ နောက်ကျောဘက်သို့ အမြန်လှမ်းဖမ်းလိုက်ပြီး အားဖြင့် ဆွဲချလိုက်တော့သည်။

"ထွက်လာစမ်း"

"အမလေး"

လက်ခုပ်တီးနေသော မိန်းကလေးငယ်မှာ မမျှော်လင့်ဘဲ သူမ ခြေထောက်ကို အဖမ်းခံလိုက်ရသဖြင့် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားတော့၏။

ပြေး၍လည်း မလွတ်နိုင်တော့သည့်အဆုံး စုချန်သည် ဆက်မပြေးတော့ရန် ဆုံးဖြတ်လိုက်သည်။

ဘာပဲဖြစ်ဖြစ် ဖြစ်ချင်ရာဖြစ်ဟု သဘောထားလိုက်တော့၏။

သူသည် ရှေ့မှ ဝိညာဉ်သရဲမလေးကို ကြည့်ကာ အော်ဟစ်ငေါက်ငမ်းလိုက်သည်။

"မင်းတို့ ဘာလုပ်ချင်နေတာလဲ! ငါ့နောက်ကို ဘာလို့ တကောက်ကောက် လိုက်နေကြတာလဲ"

ဖူရှောင်ရှောင်သည် သူမ၏ ဖင်ကို ပွတ်သပ်ရင်း အလွန်ပင် ဝမ်းနည်းသွားဟန်ဖြင့်

"အဖေစုကပဲ သမီးရဲ့မျက်လုံးကို အရင်ယူပြီး မပေးတာလေ..."

သူမက တိုးတိုးလေး ရေရွတ်လိုက်ပြန်သည်။

"သမီးက အဖေ သမီးနဲ့ ကစားနေတာလို့ ထင်နေတာ"

"... ဘာ၊ မျက်လုံး ဟုတ်လား"

စုချန် မျက်နှာထက် ထိတ်လန့်မှုများအပြင် ဝေခွဲမရသည့် ပဟေဠိဖြစ်မှုများလည်း ပေါ်ပေါက်လာ၏။

ထိုဝိညာဉ်သရဲမလေးနှင့် တွေ့ဆုံစဉ်က သူသည် အသေအလဲ ကြောက်လန့်နေသဖြင့် တစ်ဖက်လူ၏ စကားကို သေချာပင် နားမထောင်နိုင်ခဲ့ပေ။

မည်သည့်အရာကို ဆိုလိုသည်ကိုလည်း သူ မမှတ်မိတော့ပေ။

ရုတ်တရက် သူ့ လက်ထဲတွင် တစ်စုံတစ်ခု လှုပ်ရှားသွားသည်ကို သူ ခံစားလိုက်ရသည်။

ထို့ကြောင့် စုချန်သည် သူ့လက်ကို ဖြည်းညှင်းစွာ ဖြန့်ကြည့်လိုက်၏။

ထိုအခါ အဖြူရောင် ဘောလုံးလေးမှာ သူ့ လက်ဖဝါးပေါ်တွင် တစ်ပတ်လည်သွားပြီး ညိုမည်းသော မျက်လုံးအိမ်ကြီးတစ်ခု ပေါ်ထွက်လာသည်ကို တွေ့လိုက်ရတော့သည်။

'.....'

စုချန်သည် တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး ထိုအရာကို ချက်ချင်း လွှင့်ပစ်လိုက်တော့၏။

ထို့နောက် သူ့ အင်္ကျီတွင် လက်ကို အတင်းအကြပ်ပွတ်တိုက်နေမိသည်။

'တောက်...အဲဒါက တကယ်ပဲ မျက်လုံးအိမ်ကြီးတစ်ခုပါလား..'

"အာ..."

ဖူရှောင်ရှောင်သည် လွင့်ထွက်သွားသော မျက်လုံးအိမ်လေးဆီသို့ ကြောင်ကြည့်နေမိ၏။

"အဖေစု ဘာလို့ သမီးရဲ့ မျက်လုံးကို လွှင့်ပစ်လိုက်တာလဲ"

"မင်းက ငါ့ကို အရင်ခြောက်တာကိုး"

မသိစိတ်မှ ပြန်လည်ဖြေကြားပြီးနောက်မှ စုချန်သည် တစ်စုံတစ်ခု ထူးဆန်းနေသည်ကို ခံစားလိုက်ရသည်။

"မင်း ငါ့ကို ဘယ်လို ခေါ်လိုက်တာလဲ"

"အဖေစု လို့ ခေါ်တာလေ"

ဖူရှောင်ရှောင်က သဘာဝကျကျပင် ပြန်လည်ဖြေကြားသည်။

"မေမေ လက်ထပ်ယူလာတဲ့ ဖေဖေစာလေ၊ ဖေဖေစု အပြင် အဖေကျိုး၊ အဖေဟွား၊ အဖေချွေ့တွေလည်း ရှိသေးတယ်..."

နောက်ပိုင်းမှ ရှည်လျားလှသော ‘အဖေ’ စာရင်းများကို ကြားလိုက်ရသည့်အခါ စုချန်မှာ မူးဝေသွားတော့၏။

"မင်းရဲ့ မေမေ... နာမည်က ဘယ်သူလဲ"

"ဖူနင်လေ သမီးကတော့ ဖူရှောင်ရှောင်ပါ"

"..."

"မ... မဟုတ်ဘူး၊ မဟုတ်သေးဘူး"

စုချန်သည် ခေါင်းကို အဆက်မပြတ် ခါယမ်းကာပြောလိုက်မိသည်

"ငါ့ဇနီးက လူသားစစ်စစ်ပါ၊ မင်းရဲ့ မေမေ လုံးဝမဖြစ်နိုင်ဘူး"

အလွန်ဆုံးရှိလျှင်...

နာမည်တူနေခြင်းသာ ဖြစ်ပေလိမ့်မည်။

တစ်ကမ္ဘာလုံးတွင် နာမည်တူ မျိုးရိုးတူသူများစွာ ရှိနေသည်မဟုတ်ပါလော။

ဖူရှောင်ရှောင်သည် ခေါင်းလေးကို စောင်းကာ နားမလည်နိုင်ဟန်ဖြင့်

"မေမေက လူသား မဟုတ်ဘူးလေ ရှင့်ကို အဖေစုလို့ မေမေကပြောပြထားတာ"

"ရှောင်ရှောင်"

ထို ‘လူ’ နှစ်ဦး စကားပြောနေစဉ်အတွင်း...

အပြာရင့်ရောင် ဝတ်စုံကိုဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် အခန်းတစ်ခု၏နောက်ကွယ်မှ ထွက်လာခဲ့၏။

"ဖေဖေယန်"

ဖူရှောင်ရှောင်သည် ထိုသူ့ထံသို့ ပြေးသွားတော့သည်။

ထိုအမျိုးသားကလည်း သူမကို အသာအယာ ချီမြှောက်လိုက်၏။

"အ‌ဖေယန်... ဘာလို့ ဒီကို ရောက်လာတာလဲ"

"မင်းရဲ့ မေမေက တစ်စုံတစ်ယောက် ဒီထဲကို ခိုးဝင်နေသလားဆိုတာ လာကြည့်ခိုင်းလိုက်လို့လေ"

"ပြီးတော့ရော၊ ပြီးတော့ရော"

"ပြီးတော့ ရှောင်ရှောင်ကို တွေ့တာပေါ့"

"ဟိဟိဟိ ယန်ဖေဖေ သမီးရဲ့မျက်လုံးလေးကို ကောက်ပေးပါဦး"

...

ထိုသူများ၏ အနီးအနားရှိ သစ်ပင်ကြီးတစ်ပင်ပေါ်တွင်...

ကျန်းလင်သည် သစ်ကိုင်းတစ်ခုပေါ်တွင် ထိုင်နေပြီး ခြေထောက်တစ်ဖက်ကို ပေါ့ပါးစွာချိတ်ထားကာ သူသည် စုချန်တို့ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေပေသည်။

ဝိညာဉ်ဘုရင်အဆင့်သို့ တက်လှမ်းပြီးနောက်တွင် သူသည် မိမိ၏အရှိန်အဝါများကို စိတ်ကြိုက် ထိန်းချုပ်နိုင်ခဲ့ပြီဖြစ် သည်။

သူ အလိုရှိလျှင် မည်သည့်အချိန်မဆို ကျင့်စဉ်အဆင့် မရှိသော ဝိညာဉ်တစ်ခုအဖြစ် ဟန်ဆောင်နိုင်ပေသည်။

ဤဝိညာဉ်နယ်ပယ်၏ အစီအရင် အတိမ်အနက်အရ ဤဝိညာဉ်ဆိုးအဆင့်မှာ တစ္ဆေစစ်သူကြီးအဆင့်ခန့်သာ ရှိပေလိမ့်မည်။

သို့သော်လည်း သူမသည် ဝိညာဉ်လက်နက်တစ်ခုခုကို အသုံးပြုထားခြင်းလည်း ဖြစ်နိုင်သလို၊ အစီအရင်ကို အားမဖြည့်လိုခြင်းကြောင့်လည်း ဖြစ်နိုင်ပေသည်။

ဤအရာအားလုံးကို တွေ့ဆုံကြည့်သည့်အခါမှသာ သိနိုင်မည် ဖြစ်၏။

တာဝန်အချက်အလက်များအရ ဤလူသားမှာ လက်ထပ်ခံရသည်မှာ နှစ်ရက်ခန့် ရှိပြီ ဖြစ်သော်လည်း သူသည် အခြေအ နေမှန်ကို သိရှိခြင်း မရှိသေးဘဲ အမှောင်ထဲတွင် ရှိနေဆဲပင် ဖြစ်ပုံရသည်။

ယခုအချိန်သို့ ရောက်မှတော့ သူသည် အလျင်စလို မလုပ်တော့ပေ။

[ကျွန်တော် ရုတ်တရက်ကြီး အားမကျတော့ပြန်ဘူး... တကယ်ကို အခြောက်ခံနေရတာ သနားစရာပဲ]

[ကျေးဇူးတင်ပါတယ်၊ ကျွန်တော်ကတော့ အကြံပေးချက်အတိုင်း ဒိုင်ပါ ဝတ်ထားလိုက်ပြီ]

[ကျွန်တော် ခုနက ရေတွက်ကြည့်တာ၊ အဲဒီကလေးက တကယ်ပဲ ဖေဖေ နာမည် ဆယ်ခုကျော်ပြောသွားတာပဲ၊ ဝိုး....]

[ဒီလိုမျိုး ပျော်ရွှင်မှုမျိုးကိုတော့ ကျွန်တော် မခံစားနိုင်ပါဘူး]

ဤဝိညာဉ်နယ်ပယ်အတွင်းသို့ ရောက်ရှိလာပြီးနောက် Live လွှင့်ခန်းမှာ ပိုမိုစည်ကားလာခဲ့၏။

ပရိသတ်အများအပြားမှာ အိပ်မောကျနေသော သူငယ်ချင်းများကိုပင် ဖုန်းဆက်၍ နှိုးနေကြတော့သည်။

[မအိပ်နဲ့ဦး၊ အမြန်ထပြီး Host ရဲ့ Live ကို ကြည့်လိုက်ဦး မဟုတ်ဘူး... Live လွှင့်တာကို ကြည့်ဦး]

ဝိညာဉ်နယ်ပယ် ဆိုသည်ကို သူတို့ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင်။

၎င်းမှာ အမှန်တကယ်ပင် ကိုယ်ပိုင်ကမ္ဘာတစ်ခုအဖြစ် တည်ရှိနေပြီး လူသားလောက၏မြေပေါ်တွင် တည်ရှိနေခြင်း ဖြစ်သည်။

စောစောက သူတို့သည် Host ကို ကုန်တိုက်တစ်ခုပေါ်တွင် မြင်တွေ့ခဲ့ရသော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် အခြားကမ္ဘာတစ်ခုသို့ ရောက်ရှိသွားသကဲ့သို့ ဖြစ်သွားခဲ့သည်။

ဤနေရာတွင် နေ့ခင်းဘက် ဖြစ်နေသည့်အပြင် စံအိမ်ကြီးများလည်း ရှိနေပေသည်။

ကျောက်တောင်တု၊ ရေကန်၊ ပန်းခြံနှင့် ရှေးဟောင်းအဆောက်အအုံများမှာ ပရိသတ်များကို အံ့အားသင့်စေခဲ့၏။

စောစောက မြင်တွေ့ခဲ့ရသော ကုန်တိုက်မှာပင် လှည့်စားမှုတစ်ခုဟု ထင်မှတ်ရပေသည်။

အလွန်ပင် ဆန်းကြယ်လှပေစွ....

[ဝိုး... နေ့နဲ့ညကိုတောင် စိတ်ကြိုက် သတ်မှတ်လို့ ရတာလား]

[ဒါပေမဲ့ ဒီမှာက နေမင်းကြီး ဘယ်တော့မှ ရှိလာမှာ မဟုတ်ဘူးနော်၊ ဟူး]

[အဲဒီ အမျိုးသားလေးကို သနားမိပါတယ်...]

[အပေါ်ကလူ၊ အဲဒီ ဝိညာဉ်မလေးက အလှလေးဖြစ်နေရင်ရော]

[အလှလေး ဖြစ်လည်း ဘာဖြစ်လဲ၊ App ဖွင့်လိုက်ရင် အလှလေးတွေ အများကြီး ကပြနေတာပဲ ကျွန်တော်တော့ မသေချင်သေးဘူး]

စံအိမ်ကြီးတွင် နေထိုင်ရသည်မှာ ကောင်းမွန်သော်လည်း ဤသည်မှာ ဝိညာဉ်အိမ်ကြီး တစ်ခုဖြစ်ကြောင်း တွေးမိသည့်အခါ ပရိသတ်များမှာ ထိတ်လန့်သွားကြပြန်သည်။

တစ်နေ့ နိုးလာသည့်အခါ ဦးခေါင်းခွံကြီးကို မြင်လိုက်ရလျှင် မည်မျှ ကြောက်စရာကောင်းမည်နည်း။

ထို့ပြင် ဤမိန်းကလေးငယ်တွင် အဖေ တစ်ဦးတည်း ရှိသည် မဟုတ်ပေ။

အမျိုးသားတစ်အုပ်ကြီးက အမျိုးသမီးတစ်ဦးတည်းကို ပြုစုနေရမည်ကို တွေးကြည့်ကာ ပရိသတ်အများအပြားမှာ လက်မခံနိုင်ကြပေ။

ရှေးခေတ်ကာလကမူ စီးပွားရေးနှင့် လူမှုရေးစနစ်များ ကွာခြားခဲ့သော်လည်း သူတို့မှာ ခေတ်သစ်လူသားများ ဖြစ်ကြပေသည်။

ကိုးနှစ်တာ အခြေခံပညာရေးကို အလကား သင်ယူခဲ့ကြသည် မဟုတ်ပါလော။

သို့သော်လည်း အိပ်မက်ထဲတွင် စိတ်ကူးယဉ်ကြည့်လျှင်တော့ အဆင်ပြေနိုင်မည်လော။

...

Live အတွင်း၌...

စုချန်သည် ထိုကလေးမလေးကို ချီထားသော အမျိုးသားကို ကြည့်ရင်း လက်များ တုန်လှုပ်နေမိ၏။

"မင်း... မင်းကလည်း..."

၎င်းမှာ အငယ်ကို နှိမ်နင်းပြီးသည့်အခါ အကြီး ထွက်လာခြင်းပင်လော။

"မင်းကိုယ် မင်း လူသားတစ်ယောက်လို့ ထင်နေတုန်းပဲလား"

အပြာရင့်ရောင် ဝတ်စုံဝတ် ယန်ရှုကလှည့်ကြည့်လိုက်၏။

စုချန်၏ပုံစံကိုမြင်သည့်အခါ သူသည် နှာခေါင်းရှုံ့လိုက်ကာ

"နောက်ထပ် ရက်အနည်းငယ်ဆိုရင် မင်းရဲ့ခန္ဓာကိုယ်က တောင့်ခံနိုင်မှာ မဟုတ်တော့ဘူး"

စုချန် : "...."

ဘာကို ဆိုလိုတာလဲ.....

သူက လူသားတစ်ယောက်ပဲလေ...

ယန်ရှု : "ငါလည်း အရင်က မင်းလိုပဲ၊ လှည့်စားပြီး အခေါ်ခံခဲ့ရတာပဲ"

စုချန်က လွှတ်ခနဲ မေးလိုက်မိသည်။

"ဒါဆိုရင် အမှန်တရားကို သိပြီးတာတောင် မင်း ဘာလို့ ဒီကနေ ထွက်မသွားတာလဲ"

"ဘာလို့ ထွက်မသွားတာလဲ ဟုတ်လား"

ထိုအခါ ယန်ရှုက မျက်မှောင်ကြုတ်လိုက်ကာဖြေလိုက်၏။

"ဘာလို့လဲဆိုတော့ သူက ငါ့ထက် ပိုပြီး အစွမ်းထက်လို့ပေါ့"

စုချန် : "..."

ဤစကားမှာ အလွန်ပင် ယုတ္တိရှိလှသဖြင့် သူ ပြန်လည်မချေပနိုင်တော့ပေ။

"ရှောင်ရှောင်၊ သွားကြစို့" ယန်ရှုက ပြောလိုက်၏။

ဝိညာဉ်မလေး ပြောသော ဤနေရာသို့ ဝင်ရောက်လာသည့် အရာကို သူ ဆက်လက်ရှာဖွေရဦးမည် ဖြစ်သည်။

ထိုဝိညာဉ်မလေး၏သဘောထားအရ ထိုအရာမှာ အရေး ကြီးပုံမရသော်လည်း ကြိုတင်ရှင်းလင်းထားသည်က ပိုကောင်းပေသည်။

အဘယ်ကြောင့်ဆိုသော် ဖူရှောင်ရှောင်မှာလည်း ဤစံအိမ်ထဲတွင် ရှိနေသောကြောင့်ပင်။

"ဒါဆို ဖေဖေစုကရော" ဖူရှောင်ရှောင် ယန်ရှုရင်ခွင်ထဲမှ ခေါင်းလေးပြူကာ စုချန်ကိုကြည့်လိုက်၏။

"သူ့ကို ထားလိုက်ပါ၊ သူ အေးအေးဆေးဆေး စဉ်းစားပါစေဦး"

"ဟုတ်ကဲ့"

ထိုသားအဖနှစ်ဦး ထွက်ခွာသွားသည်ကို ကြည့်ရင်း စုချန် မော့ကြည့်လိုက်ရာ သူ့ ကိုယ်လုံးမှာ အနည်းငယ် တုန်လှုပ်နေသော်လည်း သူ့ မျက်ဝန်းထဲတွင်မူ မကြုံစဖူး ပြတ်သားမှုနှင့် ရူးသွပ်မှုများ ပေါ်ပေါက်နေတော့သည်။

သူ မဖြစ်မနေ ပြန်သွားရမည်....

ထိုအမျိုးသား၏စကားအရ သူ့ ခန္ဓာကိုယ်မှာ သေဆုံးခြင်း မရှိသေးပေ....

ရက်အနည်းငယ်

သူ့မှာ အချိန် ဘယ်လောက်ကျန်သေးသလဲ

သုံးရက်လား၊ ဒါမှမဟုတ် ငါးရက်လား

ဤရက်ပိုင်းအတွင်း အဘယ်ကြောင့် အိပ်မက်ထဲတွင် နေထိုင်နေရသကဲ့သို့ ခံစားနေရသည်ကို သူ နားလည်သွားခဲ့ပြီ။

သူ အမှန်တကယ်ပင် ဝိညာဉ်အိပ်မက်ထဲတွင် ရောက်ရှိနေခြင်းဖြစ်ပေမည်။

All Chapters