အခန်း (၁၂၇-၁၂၈)
Vol. 13 Ch. 127-128
🫧 Chapter 127
[ဒီမျက်လုံးတွေကတော့ ဆုံးဖြတ်ချက် ခိုင်မာသွားတဲ့ ပုံပဲလား]
[အားတင်းထား... အားတင်းထား]
[ဘာလဲ အရှေ့ကလူတွေ ဘာပြောနေကြတာလဲ ဘယ်လိုမျက်လုံးလဲ ဘယ်လိုဆုံးဖြတ်ချက်လဲ]
[ဒါကတော့ ဒီဝိညာဉ်တွေနဲ့ပဲ ဆက်နေထိုင်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်နိုင်သလို၊ ဝိညာဉ်မလေးနဲ့ ဉာဏ်စမ်းကစားပြီး ဒီကနေ ထွက်ခွာဖို့ ကြိုးစားတာလည်း ဖြစ်နိုင်တာပဲ]
Live လွှင့်ခန်းအတွင်း၌...
စုချန်၏နောက်ဆုံးကျန်ရစ်ခဲ့သော ပြတ်သားပြီး ရူးသွပ်နေသည့် မျက်ဝန်းများကိုကြည့်ကာ ပရိသတ်များမှာ အမျိုးမျိုး ခန့်မှန်းနေကြတော့သည်။
အချို့သော ပရိသတ်များမှာ မိမိတို့၏ စိတ်ပညာဘွဲ့လက် မှတ်များကိုပင် ထုတ်ပြကာ ထိုနေရာ၌ စိတ်ဖြာဆန်းစစ်နေကြသဖြင့် မှတ်ချက်များမှာ ချီးကျူးသံများဖြင့် ပြည့်နှက်နေပေသည်။
Host က အဘယ်ကြောင့် မလှုပ်ရှားသနည်း ဟူသော မေးခွန်းနှင့် ပတ်သက်၍မူ
Host သည် ထိုသူတစ်ဦးတည်းအတွက် သီးသန့်ဝန်ဆောင်မှု ပေးနေခြင်း မဟုတ်ပေ။
Host လက်မလှုပ်ရှားခြင်းမှာ မုချကိုယ်ပိုင် အကြောင်းပြချက် ရှိပေလိမ့်မည်ဟု ပရိသတ်များက အခိုင်အမာ ယုံကြည်နေကြ၏။
ထို့အပြင် သူတို့အနေဖြင့်လည်း အခြားဘာမျှ မတတ်နိုင်ပေ။
Host ကြောင့်သာ ဤအရာများကို မြင်တွေ့ခွင့်ရခြင်း ဖြစ်သဖြင့် သံသယဝင်ရန် အကြောင်းမရှိပါချေ။
...
စုချန်သည် မိမိအိပ်ခန်းထဲသို့ မည်သို့ ပြန်ရောက်လာသည်ကိုပင် မသိတော့ပေ။
သတိပြန်ဝင်လာသည့် အခါတွင်မူ သူသည် အိပ်ခန်းတံခါးဝသို့ ရောက်ရှိနေပြီ ဖြစ်၏။
"သမက်တော်စု"
အိပ်ခန်းတံခါးဝရှိ အစေခံမလေးနှစ်ဦးမှာ ဒူးကိုညွှတ်၍ အလေးပြုကြ၏။
သူတို့မှာ ဤနေရာ၌ အမြဲစောင့်ကြပ်နေပုံရပေသည်။
ထိုအခါ စုချန်သည် သူတို့ကို ငုံ့ကြည့်လိုက်၏။
ယခင်က မသိရှိခဲ့စဉ်ကမူ ရှေးခေတ်ဝတ်စုံနှင့် အစဉ်အလာများကို လိုက်နာခြင်းဟု ထင်မှတ်ခဲ့သော်လည်း၊ ယခုကြည့်ရသည်မှာ ဤ 'လူ' နှစ်ဦးမှာ ရှေးခေတ်ကတည်းက ကျန်ရစ်ခဲ့သော ဝိညာဉ်များသာ မုချဖြစ်ပေလိမ့်မည်! 'သမက်တော်စု' ဟု ခေါ်ဝေါ်ခြင်းမှာလည်း သမက်တော်စုအပြင် ကျောက်၊ ချန်၊ စွန်း၊ လီ စသည့် အခြားသော သမက်တော်များစွာရှိနေသောကြောင့် ဖြစ်ပေလိမ့်မည်။
မင်္ဂလာဦး နှစ်ရက်အတွင်း သူသည် အပြင်သို့ထွက်လေ့မရှိခဲ့ပေ။
ယနေ့တွင် ဖူနင်၌ အလုပ်ကိစ္စ အနည်းငယ် ရှိနေသဖြင့်သာ သူသည် အပြင်သို့ထွက်၍ လမ်းလျှောက်မိခြင်း ဖြစ်သည်။
ဤသို့ လမ်းလျှောက်မိရာမှပင် ထိုအမှန်တရားများကို သိရှိသွားခဲ့ခြင်း ဖြစ်ပေသည်။
"..."
စုချန်သည် ဘာမျှမပြောဘဲ တစ်ချက်ကြည့်လိုက်ပြီးနောက် တည်ငြိမ်စွာပင် အိပ်ခန်းတံခါးကို တွန်းဖွင့်လိုက်၏။
'ကျွီ...'
ထိုအိပ်ခန်းတံခါးမှာ ပွင့်သွားပြီးနောက် ပြန်လည်ပိတ်သွားတော့သည်။
တံခါးဝရှိ အစေခံမလေးနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။
သမက်တော်စုမှာ အပြင်မှ ပြန်လာပြီးနောက် တစ်စုံတစ်ခု ထူးခြားသွားသကဲ့သို့ ခံစားရပေသည်။
သူတို့အပေါ် ကြည့်သော မျက်လုံးများမှာလည်း ထူးဆန်းနေ၏။
ထိုအရာမှာ သူကတစ်စုံတစ်ခုကို သိရှိသွားသကဲ့သို့ပင်။
...
[သွားပြီ၊ သွားပြီ၊ သတင်းသွားပို့တော့မှာလား]
အစေခံမလေးတစ်ဦး ထွက်ခွာသွားသည်ကို ကြည့်ကာ ဖန်သားပြင်ရှေ့မှ ပရိသတ်များမှာလည်း စတင်ရင်ခုန်လာကြတော့သည်။
ဤအလှည့်အပြောင်းမှာ အတော်ပင် စိတ်လှုပ်ရှားဖွယ် ကောင်းလှပေသည်။
၎င်းခံစားချက်မှာ သည်းထိတ်ရင်ဖို ရုပ်ရှင်တစ်ကား ကြည့်နေရသကဲ့သို့ပင်။
နောက်တစ်ခဏတွင် Live ကိရိယာ ဘောလုံးလေးမှာ အိပ်ခန်းအတွင်းသို့ ဝင်ရောက်သွားသည့်အတိုင်း Live လွှင့်ခန်း၏ မြင်ကွင်းမှာလည်း ပြောင်းလဲသွားတော့၏။
အိပ်ခန်းအတွင်း၌...
စုချန်သည် စားပွဲပေါ်ရှိ မုန့်အချိုပွဲများကို ကြည့်ကာ မိမိသည် လွန်ခဲ့သော နှစ်ရက်လုံးလုံး ဝိညာဉ်အစာများကို စားသုံးခဲ့သည်ဟု တွေးမိသည့်အခါ ပျို့အန်ချင်စိတ်များ ဖြစ်ပေါ်လာတော့သည်။
သို့သော်လည်း ယခုအချိန်တွင် ထိုအရာများကို တွေးတောနေ၍ မရတော့ပေ။
သူသည် ဤအခန်းအတွင်းရှိ အသုံးချနိုင်မည့် အရာများကို သေချာစွာ လေ့လာလိုက်၏။
အခန်းအတွင်းရှိ ပရိဘောဂများမှာလည်း ရှေးဟောင်းပုံစံများသာ ဖြစ်ပေသည်။
အနီရောင် ပိုးသားများနှင့် 'မင်္ဂလာ' စာလုံးများကို မခွာရသေးသဖြင့် မင်္ဂလာအငွေ့အသက်များ လွှမ်းမိုးနေဆဲပင်။
သို့သော် ယခုအခါ၌...
သူသည် ဤအခန်းလယ်တွင် ရပ်နေရင်း အေးစိမ့်သော ခံစားချက်ကိုသာ ခံစားနေရပေသည်။
ရုတ်တရက် အိပ်ခန်းတံခါး ပွင့်သွား၍ စုချန်သည် လန့်၍ လှည့်ကြည့်လိုက်ရာ မိမိ၏ မျက်နှာအမူအရာကိုပင် မနည်းထိန်းချုပ်လိုက်ရပေသည်။
တံခါးဝ၌...
အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားသော ဖူနင်သည် အထဲသို့ လှမ်းဝင်လာပြီး သူမ၏နူးညံ့လှပသော လက်ကလေးမှာ တံခါးကိုညင်သာစွာပိတ်လိုက်၏။
သူမက ချိုသာစွာပြုံးပြလိုက်ရာ ခါးတွင် စည်းနှောင်ထားသော အနီရောင်ဝတ်စုံကြောင့် သူမ၏သေးသွယ်လှပသော ခါးလေးမှာ ပိုမိုထင်ရှားနေပေသည်။
ကိုယ်ဟန်အနေအထားမှာလည်း ဆွဲဆောင်မှု ရှိလှပေ၏။
သူမ လှမ်းလျှောက်လာသည့်အတိုင်း ခြေကျင်းဝတ်ရှိ ဆည်းလည်းလေးများမှာ သာယာနာပျော်ဖွယ် အသံများကို မြည်ဟီးစေသည်။
ယခင်ကမူ စုချန်သည် ထိုဆည်းလည်းလေးများကို နှစ်သက်ကြောင်းနှင့် ဖူနင် ၏ လှုပ်ရှားမှုနှင့်အတူ ထွက်ပေါ်လာသော အသံလေးမှာ အလွန်ပင် စိတ်ဝင်စားစရာ ကောင်းသည်ဟု ပြောဆိုဖူးပေသည်။
သို့သော် ယခုမူ ထိုအသံမှာ ဝိညာဉ်တစ်ခုက အသက်ကို လာရောက်တောင်းခံနေသည့် အသံဟုသာ သူ ခံစားနေရတော့သည်။
"တိတိ~ တိတိက ဘာလို့ ကျွန်မကို ဒီလောက်တောင် စိုက်ကြည့်နေရတာလဲ ကျွန်မမျက်နှာမှာ တစ်ခုခု ရှိလို့လား"
(T/N : တိတိ - မောင်လေး/ ညီလေး )
ဖူနင် ရှေ့တိုးလာပြီး စုချန်၏လက်တစ်ဖက်ကို လှမ်း၍ ဆွဲလိုက်၏။
ထိုအခါ စုချန်မှာ မစဉ်းစားမိဘဲ လက်ကို အရင်ဦးစွာ ရုန်းထုတ်လိုက်မိသည်။
"ငါ့ကို မထိနဲ့"
"..."
လေထုမှာ ရုတ်ချည်း တိတ်ဆိတ်သွားတော့၏။
ဖူနင် မျက်ဝန်းများမှာလည်းလှုပ်ရှားသွားပြီး စုချန်ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေ၏။
စုချန်သည်လည်း သတိဝင်လာပြီး မိမိ၏တုံ့ပြန်မှုအတွက် စိုးရိမ်စိတ်များ ဖြစ်ပေါ်လာခဲ့သည်။
သူသည် မိမိ၏မထိန်းချုပ်နိုင်တော့သော မျက်နှာအမူအရာကို ဖုံးကွယ်ရန် ကျောခိုင်းလိုက်ပြီး တောင့်တောင့်ကြီး ပြောလိုက်၏။
"ငါ့ကို တိတိလို့ မခေါ်ပါနဲ့လို့ ပြောထားတယ် မဟုတ်လား၊ ငါ နားမယဉ်သေးဘူး"
ထိုအခါမှသာ ဖူနင်သည် အပြုံးမျက်နှာဖြင့် သူ၏လက်ကို ပြန်လည်ဆွဲကိုင်လိုက်ကာ မေးလိုက်သည်။
"ဒါဆိုရင်... ကောကောလို့ ခေါ်ရမလား"
(T/N : ကောကော = ကိုကို/ ကို)
သူမသည် စုချန်ကို စားပွဲဘေးတွင် ထိုင်စေပြီးနောက် မုန့်တစ်ဖက်ကို ယူ၍ သူ့ ပါးစပ်နားသို့ တေ့ပေးလိုက်၏။
"ကဲပါ၊ စိတ်မဆိုးပါနဲ့တော့၊ ကောကော... ကောကော လို့ ခေါ်မယ်လေ"
"ကိုယ် အခု မဆာသေးဘူး"
စုချန်သည် ထိုမုန့်ကို ဖယ်ရှားလိုက်ပြီး သူ့မျက်နှာအမူအရာကို ပြန်လည်ထိန်းညှိလိုက်သည်။
"ကိုယ် ဒီကို ရောက်နေတာ နှစ်ရက်ရှိပြီ၊ အိမ်ပြန်ပြီး ပစ္စည်းတချို့ ယူချင်တယ်"
ထိုစဉ်က သူသည် ဘာကို တွေးနေမိသည် မသိရသော်လည်း ဖုန်းကိုပင် ယူဆောင်မလာခဲ့ပါချေ။
"ကောင်းပြီလေ"
ဖူနင်သည် လက်ထဲရှိမုန့်ကို အသာအယာ ကိုက်သည့်ပုံစံလုပ်လိုက်ရာ သူမနှုတ်ခမ်းလေးမှာ အလွန်ပင်ဆွဲဆောင်မှုလှ၏။
စုချန်မှာ အံ့အားသင့်သွားသည်။
'သူမက ချက်ချင်း သဘောတူလိုက်သည်လား...'
သို့ဆိုလျှင် အခြေအနေမှာ သူ ထင်ထားသကဲ့သို့ မဆိုးဝါးသေးပါချေ။
သို့သော်လည်း နောက်တစ်စက္ကန့်တွင် သူမ စကားသံကို ကြားလိုက်ရပြန်သည်။
"ကောကော ဘာယူချင်တာလဲ၊ အစေခံမလေးတွေကို သွားယူခိုင်းလိုက်မယ်လေ"
"မလိုဘူး၊ အဲဒါတွေက ကိုယ့်ရဲ့ကိုယ်ပိုင်ပစ္စည်းတွေ၊ တခြားသူတွေ ထိတာကို ငါ မကြိုက်ဘူး"
သူ့စကားပင် မဆုံးသေးမီ စုချန်လက်မောင်းပေါ်သို့ နူးညံ့သော ခံစားချက်တစ်ခု ရောက်ရှိလာ၏။
ဖူနင်သည် သူ့ထံသို့ တိုးကပ်လာရာ ထိုပါးလွှာသော အနီရောင်ဝတ်စုံမှာ ဘာမျှမဝတ်ထားသကဲ့သို့ပင်အမို့အမောက်များမှာ သူ့ကိုပွတ်သပ်မိနေစေ၏။
သူမသည် ညှို့ဓာတ်ပါသော မျက်ဝန်းများဖြင့် သူ့ကို ကြည့်ကာ ချွဲနွဲ့သော အသံလေးဖြင့်
"ဒါပေမဲ့ ကျွန်မက ကောကောနဲ့ မခွဲနိုင်ဘူးလေ~ အစေခံမလေးတွေကိုပဲ သွားယူခိုင်းလိုက်ပါနော်"
...
[တောက် ဒါက ဘယ်လို အလှည့်အပြောင်းလဲ၊ ဘယ်အရာက ငါ့ရဲ့မျက်စိကို ကွယ်စေခဲ့တာလဲ]
[ကျွန်တော့်မှာ သူငယ်ချင်း တစ်ယောက်ရှိတယ်... သူက Live ရဲ့ နောက်ထပ် အပိုင်းတွေကို ကြည့်ချင်နေလို့ တောင်းဆိုနေတယ်]
[တိုက်ဆိုင်လိုက်တာ၊ ကျွန်တော့်မှာလည်း သူငယ်ချင်း တစ်ယောက် ရှိတယ်]
[အမှန်တရား ပေါ်လာပြီ၊ သူက ထွက်သွားဖို့ ဆုံးဖြတ်လိုက်ပြီ၊ ဒါက ဝိညာဉ်မလေးနဲ့ ဉာဏ်စမ်းကစားနေတာပဲ]
အိပ်ခန်းအတွင်းရှိ မြင်ကွင်းကို ကြည့်ကာ...
Live လွှင့်ခန်းမှ ပရိသတ်များမှာ ကီးဘုတ်များကို တဖြတ်ဖြတ် ရိုက်နှက်နေကြတော့သည်။ အချို့သော လူငယ်များမှာမူ မျက်လုံးကို တစ်ဝက်ခန့် ကွယ်ထားကြ၏။
'သူတို့မှာ VIP အသုံးပြုသူများ မဟုတ်ကြပါချေ၊ ဤအရာများကို ဆက်ကြည့်နေရန် သင့်တော်ပါမည်လော.....'
သို့သော်လည်း လောကဓံကိုများစွာ ကြုံတွေ့ဖူးသော ပရိသတ်များမှာမူ အခြားတစ်နေရာကို အာရုံစိုက်နေကြ၏။
Live ထဲတွင် ဝင်ရောက်စွက်ဖက်၍ မရသော်လည်း မှတ်ချက်များ ရေးသားခြင်းမှာမူ ပြဿနာမရှိပေ။
[ကျွန်တော် ထင်တာကတော့ ဝိညာဉ်မလေးက သိသွားပြီ၊ အခုက မြှူဆွယ်တာကို အသုံးချပြီး သူ့ကို ဒီမှာ ဆက်နေဖို့ တိုက်တွန်းနေတာပဲ]
[နောက်ပိုင်းမှာ သူ တကယ်ပဲ လက်လျှော့ပြီး ထွက်သွားမှာလားဆိုတာကို စောင့်ကြည့်ရမယ်]
[သူကတော့ ထွက်သွားဖို့ပဲ ရွေးချယ်လိမ့်မယ်လို့ ထင်တယ်၊ ပြီးတော့ သူက သရုပ်ဆောင်ကောင်းတဲ့ လူစားမျိုး မဟုတ်ဘူး၊ စိတ်ကို ထိန်းထားနိုင်မှာ မဟုတ်ဘူး]
ဗုန်း....
ချက်ချင်းပင် ထိုမှတ်ချက်ကို ပြန်လည်ဖြေကြားသည့်အလား Live အတွင်း၌ ရုတ်တရက် အသံကျယ်ကြီး တစ်ခုထွက်ပေါ်လာ၏။
စုချန်သည် နောက်ဆုံးတွင် စိတ်မထိန်းနိုင်တော့ဘဲ ဝုန်းခနဲ ထရပ်ကာ ထိုဝိညာဉ်မလေးကို တွန်းဖယ်လိုက်တော့သည်။
ထိုဝိညာဉ်မလေးမှာ တမင်တကာလော သို့မဟုတ် မမျှော်လင့်ဘဲလော မသိရသော်လည်း ကြမ်းပြင်ပေါ်သို့လဲကျသွား၏။
ထိုင်ခုံမှာလည်း လဲကျသွားသည်။
ထိုအသံကျယ်ကြီးမှာ ထိုင်ခုံလဲကျသွားသော အသံပင် ဖြစ်ပေသည်။
"ငါ့ကို ပြန်ခွင့်ပေး"
စုချန်သည် သူမကိုကြည့်ကာ မျက်လုံးများ နီမြန်းနေတော့ သည်။
သူမသည် ဝိညာဉ်တစ်ဦး ဖြစ်သည်ကို သိသွားခဲ့ပြီ၊ ထို 'သမက်တော်' များအကြောင်းကိုလည်း သိရှိသွားခဲ့ပြီ...
ဤအတိုင်း ဆက်သွားနေလျှင် သူ ရူးသွားပေလိမ့်မည်။
ဖူနင်သည် နှစ်စက္ကန့်ခန့် ကြောင်အသွားပြီးနောက် ဖြည်းညှင်းစွာ ထရပ်ကာ ဝတ်စုံကို ခါလိုက်၏။
"ရှင် အားလုံး သိသွားပြီပေါ့"
"..."
"ဟက်...ဟ.....ဟ "
ဖူနင်သည် ရုတ်တရက် ပါးစပ်ကို ပိတ်၍ တိုးတိုးလေး ရယ်မောလိုက်သည်။
"ရှင်က ဘာလို့ ဒီလောက်တောင် တုံးရတာလဲ၊ ကျွန်မက ရှင့်ကို ဒီတံခါးကနေ ထွက်ခွင့်ပေးတယ်ဆိုကတည်းက ရှင့်ကို ပြန်သွားလို့ မရအောင် လုပ်နိုင်မယ်ဆိုတာ မုချပဲ"
သူမသည် နူးညံ့သိမ်မွေ့သောပုံစံကို ဆက်လက် ဟန်ဆောင်မနေတော့ဘဲ ဆွဲဆောင်မှုရှိသော ကိုယ်ဟန်ဖြင့် ခုတင်ဘေးတွင် သွားထိုင်လိုက်၏။
ထို့နောက် သူမ၏ ရှည်လျားလှပသော ခြေထောက်များကို ချိတ်ကာ စုချန်၏ အူကြောင်ကြောင်ပုံစံကို အေးအေးဆေး ဆေး စိုက်ကြည့်နေတော့သည်။
"ရှင် ပြန်သွားလို့ရော ဘာထူးမှာလဲ ကျွန်မပေးတဲ့ အဲဒီပိုက်ဆံတွေ မရှိရင် ရှင် အိမ်ငှားခန်းထဲမှာ ခေါက်ဆွဲခြောက်ပဲ စားနေရဦးမှာ မဟုတ်လား"
စုချန် မျက်မှောင်ကြုတ်လိုက်ကာ "ဘယ် ပိုက်ဆံလဲ"
သူသည် တစ်ဖက်လူထံမှ ပိုက်ဆံယူခဲ့သည်ကို မမှတ်မိပါချေ။
မကြာသေးမီက ထီပေါက်ခဲ့ခြင်းမှလွဲ၍ သူ မည်သည့်ပိုက်ဆံမျှ မရရှိခဲ့ဖူးပေ။
သူသည် မယုံကြည်နိုင်စွာဖြင့် မော့ကြည့်လိုက်ကာ "မင်းပြောတာက အဲဒီထီပေါက်တာကို ပြောတာလား"
ဖူနော့ : "ဒါပေါ့၊ မဟုတ်ရင် ဘာရှိဦးမှာလဲ ပြီးတော့ သူဌေးသမီးလေးက ရှင့်ကို လက်ထပ်ခွင့်တောင်းတဲ့ ဇာတ်လမ်းကိုလည်း ရှင် အတော်လေး သဘောကျခဲ့တယ် မဟုတ်လား"
စုချန် ခန္ဓာကိုယ်မှာ တုန်ယင်သွားတော့၏။
"အဲဒီ သံယောဇဉ်တွေ အားလုံးက... အတုတွေလား"
သူ ဖူနင်၏အပြုံးကို ကြည့်ကာ ရေခဲတိုက်အတွင်းသို့ ကျရောက်သွားသကဲ့သို့ ခံစားလိုက်ရတော့သည်။
🫧 Chapter 128
"အဲဒီ သံယောဇဉ်တွေ အားလုံးက... အတုတွေလား"
ဖူနင့်အပြုံးကို ကြည့်ကာ စုချန်သည် ရေခဲတိုက်အတွင်းသို့ ကျရောက်သွားသကဲ့သို့ ခံစားလိုက်ရတော့သည်။
သူတို့အကြားတွင် သံယောဇဉ်အစစ်အမှန် အနည်းငယ်မျှ ရှိလိမ့်မည်ဟု သူ ထင်မှတ်ခဲ့မိသော်လည်း... ဤအရာအားလုံးမှာ သူမ ဖန်တီးထားသော လုပ်ကြံ 'ဇာတ်လမ်း' များသာ ဖြစ်နေခဲ့ပေသည်။
အမှန်စင်စစ် သူသည် ထီဘယ်သောအခါမျှ မထိုးခဲ့သူ ဖြစ်သော်လည်း ထိုနေ့ကမူ ရုတ်တရက် ထီထိုးမိခဲ့သည်။
ထို့ပြင် တိုက်တိုက်ဆိုင်ဆိုင်ပင် ထီပေါက်ခဲ့ပြန်၏။
ချမ်းသာပြီး လှပသော သူဌေးသမီးလေးက သူ့ကို ရုတ်တ ရက် အချစ်ဝန်ခံကာ လက်ထပ်ခွင့် တောင်းလာသည့်အခါ ၌လည်း သူသည် ထူးဆန်းသည်ဟု မထင်မှတ်ခဲ့မိပါချေ။
ဤအရာအားလုံးမှာ အလွန်ထူးခြားဆန်းကြယ်နေသော် လည်း သူသည် ဘယ်သောအခါမှ သံသယမဝင်ခဲ့သလို ထူးဆန်းမှုကိုလည်း သတိမပြုမိခဲ့ပေ။
"ငါက အထူးတလည် စုံစမ်းထားတာလေ၊ အခုခေတ် လူသားတွေက ဒီလိုမျိုးဇာတ်အိမ်တွေကို သဘောကျကြတယ် မဟုတ်လား"
ဖူနင် ပြုံးလိုက်ကာ "ဒါကြောင့် ငါက ဝိညာဉ်ဖြစ်နေတာ ဘာအရေးကြီးလို့လဲ အနည်းဆုံးတော့ ငါက မင်းအလိုရှိတဲ့ ဘဝမျိုးကို ပေးနိုင်တယ် မဟုတ်လား"
"မရှိဘူး မဟုတ်ဘူး၊ အဲဒါမျိုး မဟုတ်ဘူး..."
"မင်း ဘာပြောလိုက်တာလဲ"
"အဲဒါမျိုး မဟုတ်ဘူးလို့ ငါ ပြောနေတာ"
စုချန်သည် မျက်လုံးများ ပြူးထွက်မတတ် ဖြစ်နေပြီး အော်ဟစ်လိုက်တော့သည်။
"ဒါတွေက ငါအလိုရှိတဲ့ အရာတွေမဟုတ်ဘူး ငါ့ကို ပြန်ခွင့်ပေး"
ဖူနင် မျက်ခုံးအစုံမှာ အနည်းငယ် ကျုံ့သွားကာ "ဒါဆို မင်းက ဘာကို လိုချင်နေတာလဲ"
"ငါက အသက်ရှင်ချင်တာ ကောင်းကောင်းမွန်မွန်အသက်ရှင်ချင်တာ မင်းတို့လို ဝိညာဉ်ဆိုးတွေနဲ့ အတူရှိနေချင်တာ မဟုတ်ဘူး"
"မသိတတ်တဲ့ အကောင်"
ဖူနင်သည် ခုတင်ပေါ်မှ ထရပ်လိုက်ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် စုချန် ရှေ့သို့ ရောက်ရှိလာ၏။
သူမ လက်တစ်ချက် ဝေ့ယမ်းကာ ခြေတစ်ဖက်ဖြင့် နင်းလိုက်ရုံဖြင့် စုချန်ကို ကြမ်းပြင်ပေါ်သို့ အလွယ်တကူ ကျရောက်သွားစေကာ အပေါ်စီးမှ ငုံ့ကြည့်လိုက်တော့သည်။
သူမ၏ မျက်နှာပေါ်တွင် ဦးခေါင်းခွံ ပုံရိပ်ယောင်ကြီးမှာ တစ်ချက်တစ်ချက် ပေါ်လာရာ အလွန်ထိတ်လန့်ဖွယ် ကောင်းလှပေသည်။
ဖူနင်၏ အသံမှာလည်း အက်ရှရှ ဖြစ်သွားတော့၏။
"ရှင် အခု အသက်ရှင်နေနိုင်တာက ကျွန်မက ရှင့်ကို အသက်ရှင်ခွင့် ပေးထားလို့ပဲ"
"ဝိညာဉ်ဖြစ်တော့ ဘာဖြစ်လဲ ရှင်ပြန်သွားရင်ရော ဒီထက်ပိုပြီး ကောင်းကောင်းမွန်မွန်နေထိုင်နိုင်မယ် ထင်လို့လား"
"အဲဒီလို နေရာမျိုးမှာ နေ့တိုင်း နေထိုင်ပြီး ပိုက်ဆံအနည်း ငယ်အတွက်နဲ့ ခွေးတစ်ကောင်လို ပင်ပန်းနေရမှာလေ"
"ရှင် အိမ်ကြီးအိမ်ကောင်းနဲ့ ချမ်းသာတဲ့ ဇနီးသည်ကို လိုချင်ခဲ့တာ မဟုတ်လား အခု အားလုံးရှိနေပြီပဲ၊ ဘာက မကောင်းလို့လဲ"
...
[ရင်ထဲ ထိသွားပြီ...]
[သူပြောတာက အရမ်းယုတ္တိရှိနေတော့ ကျွန်တော်တောင် ပြန်မချေပနိုင်တော့ဘူး]
[အဲဒီလို ဆိုပေမဲ့ တစ်ခုခုတော့ မှားနေသလိုပဲ... ဒါပေမဲ့ ဘာလဲဆိုတာ ပြောရခက်နေတယ်]
Live လွှင့်ခန်းအတွင်းရှိ ပရိသတ်များမှာ ရုတ်ချည်း ရင်ဘတ်ကို ဖိလိုက်ကြကာ မိမိတို့အား စော်ကားခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
ဤဝိညာဉ်မလေးမှာ အတော်ပင် လူသားတို့၏အခြေအနေကို နားလည်လှပေသည်။
နေ့စဉ် လူနေမှုဘဝအတွက် ရုန်းကန်နေရသော မိမိတို့ကိုယ်မိမိ ပြန်ကြည့်ကာ ဝိညာဉ်မလေး ပြောသည်မှာလည်း ဟုတ်သလိုလို ရှိနေပေသည်။
တကယ်တော့ လူသားအဖြစ် နေထိုင်ရသည်မှာ ဝိညာဉ်လောက်ပင် မသက်သာပါချေ။
ဒါပေါ့... ဝိညာဉ်တွေထဲမှာလည်း ဆင်းရဲတဲ့သူ ရှိပါတယ်။
'ဒါပေမဲ့ ဒီဝိညာဉ်မလေးကတော့ တကယ်ကို ချမ်းသာသလို အစွမ်းလည်း ရှိတာ သိသာနေတာပဲ'
"ဟူး..."
Live လွှင့်ခန်းအတွင်းရှိ ပရိသတ်များမှာ စိတ်ဓာတ်များ အနည်းငယ် ကျဆင်းသွားကြ၏။
ထိုအချိန်တွင် ဝိညာဉ်မလေးမှာ ခြိမ်းခြောက်လိုက်၊ မြှူဆွယ်လိုက်နှင့် ဆက်လက် ပြောဆိုနေပေသည်။
"ပြန်သွားရင် ရှင်က ဘာမှမဟုတ်တဲ့သူပဲ၊ ဆူညံတဲ့ အိမ်နီး ချင်းတွေ၊ အထင်သေးတတ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ မောက်မာတဲ့ အထက်လူကြီးတွေ..."
"ဒါပေမဲ့ ဒီမှာတော့ ရှင်က အိမ်ကြီးအိမ်ကောင်း၊ ဇနီးသည်နဲ့ မင်းအလိုရှိတဲ့ အရာအားလုံးကို ရနိုင်တာပဲ၊ ဘာလို့ မဖြစ်နိုင်ရမှာလဲ"
"..."
စုချန်သည် ကြမ်းပြင်ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေမိ၏။
ယခုအချိန်တွင် သူသည် ပိုမိုတည်ငြိမ်လာခဲ့ပြီ ဖြစ်သည်။
"မင်းပြောတာ မှန်တယ်၊ ဘဝက ငါ့ကို နှိပ်စက်တယ်၊ ဒုက္ခပေးတယ်..."
"ညံ့ဖျင်းတဲ့ အိမ်ငှားခန်းမှာ နေထိုင်ပြီး ခေါက်ဆွဲခြောက် စားရတယ်၊ နေ့တိုင်း ခွေးတစ်ကောင်လို ပင်ပန်းနေရပေမဲ့ ရလာတာကတော့ လစာနည်းနည်းလေးပဲ..."
ဖူနင် မျက်လုံးများ တောက်ပသွားပြီး မျက်နှာပေါ်မှ ဦးခေါင်းခွံ ပုံရိပ်ယောင်မှာလည်း ပျောက်ကွယ်သွားတော့ သည်။
ထို့နောက်သူမသည် လှပသော ပုံစံသို့ ပြန်လည် ပြောင်းလဲသွားကာ
"ရှင် အမှန်တရားကို သိသွားပြီဆိုတော့လည်း..."
"ဒါပေမဲ့"
စုချန်က သူမ၏ စကားကို ဖြတ်ပြောလိုက်၏။
"ဒါပေမဲ့ အဲဒီလို ဖြစ်နေရင်တောင်မှ ငါက ရုန်းကန်ပြီး အခုချိန်ထိ အသက်ရှင်နေနိုင်တုန်းပဲ"
သူသည် သူမကို ပြောပြနေသကဲ့သို့လည်းကောင်း၊ မိမိကိုယ်မိမိ ပြောနေသကဲ့သို့လည်းကောင်း ဖြည်းဖြည်းချင်း ဆက်ပြောလိုက်သည်။
"ငါက နူးညံ့တဲ့ ဇနီးသည်ကိုလက်ထပ်ချင်ခဲ့တာ မှန်တယ်၊ ချမ်းသာချင်ခဲ့တာလည်း မှန်ပါတယ်"
"ဒီလိုမျိုး လှပတဲ့အရာတွေကို တောင့်တခဲ့လို့သာ ငါက ဒီလောက်ထိ နာကျင်ခဲ့ရတာပေါ့"
"ဒါပေမဲ့ ငါ ဒီလောက်ထိ ကြိုးစားခဲ့တာက ဒီလိုမျိုးအတုအ ယောင်ဘဝကြီးမှာ နေထိုင်ဖို့ မဟုတ်ဘူး"
"သေခြင်းတရားကို အခြေခံထားတဲ့ ဘဝမျိုးလည်း မဟုတ်ဘူး"
သူသည် လက်သီးကို တင်းတင်းဆုပ်လိုက်ရာ မျက်ဝန်းထဲ၌ တောက်လောင်နေသော မီးလျှံများ ရှိနေသကဲ့သို့ပင်။
သူ ဘာလုပ်ချင်သည်၊ ဘယ်လိုဘဝမျိုးနဲ့ နေထိုင်ချင်သည် ဆိုသည်မှာ သူ့ ကိုယ်ပိုင်ရွေးချယ်မှုသာ ဖြစ်ရပေမည်။
ဝိညာဉ်တစ်ကောင်က သူ့အတွက် ဆုံးဖြတ်ပေးရမည့် အရာမဟုတ်ပါချေ။
"နောက်ဆုံးမှာ အဲဒီလူက အဲဒီလောက်ထိ နူးညံ့ပျော့ပြောင်းတဲ့သူ မဟုတ်ခဲ့ရင်တောင်မှ၊ ငါတို့ အချင်းချင်း ချစ်နေကြဖို့ပဲ လိုတာပါ"
"နောက်ဆုံးမှာ ငါက ချမ်းသာတဲ့သူ မဖြစ်လာခဲ့ရင်တောင်မှ၊ သာမန်ဘဝရဲ့လှပတဲ့ အရာတွေကိုတော့ ငါ မုချ ရှာတွေ့မှာပါ"
"နောက်ဆုံးမှာ ငါ သေရမှာ ဖြစ်ပေမဲ့လည်း..."
သူသည် ဝိညာဉ်မလေး၏ ခြေထောက်ကို အံတုကာအား ယူ၍ ထရန် ကြိုးစားနေသဖြင့် မျက်နှာမှာ နီမြန်းနေတော့ သည်။
"မြေအောက်ကမ္ဘာက ငါ့ကို လာမသိမ်းမချင်း၊ ဘယ်သူမှ ငါ့ရဲ့ အသက်ရှင်ပိုင်ခွင့်ကို လုယူလို့ မရဘူး"
...
[အားတင်းထား အားတင်းထား]
[ကောင်းလိုက်တဲ့ စကား]
[မြေအောက်ကမ္ဘာက ငါ့ကို လာမသိမ်းမချင်း! ဘယ်သူမှ ငါ့ရဲ့ အသက်ရှင်ပိုင်ခွင့်ကို လုယူလို့ မရဘူး]
[ငါ ဒီလောက်ထိ ကြိုးစားပြီး နှစ်ပေါင်းသုံးဆယ်လုံး အသက်ရှင်ခဲ့တာက ဒီလိုမျိုးအတုအယောင် သံယောဇဉ်တွေကြားမှာ နေထိုင်ဖို့ မဟုတ်ဘူး အိမ်ပြန်တဲ့အခါ ငါ့အတွက် လင်းထိန်နေမယ့် မီးအိမ်လေး တစ်လုံးရှိနေဖို့အတွက်ပဲ]
[အသက်ရှင်ရတာ ပင်ပန်းပေမဲ့ အိမ်ပြန်ရောက်လို့ ဇနီးနဲ့ သားလေးကို မြင်ရတဲ့အခါ ရင်ထဲမှာ နွေးထွေးသွားတာပဲ]
စုချန်၏စကားကြောင့် Live လွှင့်ခန်းအတွင်းရှိ ကျဆင်းနေသော စိတ်ဓာတ်များမှာ ရုတ်ချည်း ပျောက်ကွယ်သွားတော့ သည်။
ပရိသတ်များမှာ ကီးဘုတ်ကို ရိုက်နှက်ရင်း တစ်ကိုယ်လုံးရှိ သွေးများ ဆူပွက်လာသကဲ့သို့ ခံစားလိုက်ရ၏။
သူတို့၏ ဘဝမှာ တကယ်ပင် ဗရုတ်ဗရက် နိုင်လှပေသည်။
သို့သော်လည်း အမြဲတမ်းတော့ မဟုတ်ပါချေ။
လှပသော အချိန်များစွာလည်း ရှိနေပေသေးသည်။
နံနက်ခင်း၏ပထမဆုံးသော နေရောင်ခြည်၊ ဆောင်းဦး၏ ပထမဆုံးသော အနွေးဓာတ်၊ ဆွေမျိုးများထံမှ 'လွမ်းတယ်' ဆိုသော ဖုန်းခေါ်ဆိုသံ၊ ညဉ့်နက်ပိုင်း၏ မီးရောင်စုံများ...။
သာမန်ဘဝအတွင်း မထင်မှတ်ဘဲ ပေါ်ပေါက်လာတတ်သော နွေးထွေးမှုနှင့် လှပမှုများကသာ သူတို့၏ရင်ကို နွေးထွေးစေခဲ့ခြင်း ဖြစ်ပေသည်။
လူသားလောကသည် တန်ဖိုးရှိသည်ဟု ခံစားရစေ၏။
တခါတရံ မိမိတို့ကိုယ်တိုင် ဘဝကို ငြီးငွေ့မိတတ်သော် လည်း... လူသားဆိုသည်မှာ ထူးဆန်းလှပေသည်။
မိမိတို့၏ အရာများကို မိမိတို့ စိတ်ကြိုက် စီစဉ်ချင်ကြသော် လည်း အခြားသူတစ်ဦးက လာရောက် စီစဉ်ပေးမည်ဆိုလျှင်တော့ လက်မခံနိုင်ကြပါချေ။
ပို၍ပင် အရေးကြီးသည်မှာ လူသားတစ်ဦး၏ အသက်ရှင်ပိုင်ခွင့် ဖြစ်ပေသည်။
ဝိညာဉ်တစ်ကောင်၏ဆုံးဖြတ်ချက်ကို အဘယ်သို့ အလွယ် တကူ လက်ခံနိုင်ပါမည်နည်း။
အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ... အဓိကမှာ စိတ်ဓာတ် မကျဆင်းရန် ဖြစ်ပေသည်။
[အားတင်းထား]
[ရှေ့သို့တိုးလော့ မတ်တတ်ရပ်လိုက်စမ်း]
[ညီအစ်ကို... အဲဒီလောက်ထိ အလောတကြီး မလုပ်ပါနဲ့ဦး၊ သူမနဲ့ ဆွန်ဇူးစစ်ဗျူဟာကျမ်းတို့၊ ပရိယာယ် ၃၆ ပါးတို့ သုံးပြီး ကစားကြည့်ပါဦး]
[လာ... စစ်ဗျူဟာကျမ်းအချို့ မီးရှို့ပေးလိုက်မယ်၊ ရနိုင်မလား မသိဘူး]
...
ထိုအချိန်တွင် အခန်းအတွင်းမှ "ငါ့ကို ပြန်ခွင့်ပေး" ဆိုသော အသံကို ကြားလိုက်ရသည့်အခါ အိပ်ခန်းခေါင်မိုးပေါ်တွင် ထိုင်နေသော ကျန်းလင်သည် ဖြည်းညှင်းစွာ ထရပ်လိုက်၏။
အချိန်တန်ပြီ ဖြစ်ပေသည်။
စုချန်သည် ဤဝိညာဉ်နယ်ပယ်သို့ ရောက်ရှိလာပြီး ဤနေရာမှ အစားအစာများကို စားသုံးခဲ့သလို ထိုဝိညာဉ်မလေးနှင့်လည်း ပတ်သက်မှု ရှိခဲ့ပေသည်။
အကယ်၍ စုချန်ကိုယ်တိုင်က ထွက်ခွာရန် လုံးဝ ဆန္ဒမရှိဘဲ အသက်ရှင်လိုစိတ် မရှိခဲ့ပါက... ကျန်းလင် ပြုလုပ်ရမည့် အလုပ်မှာ ပို၍ပင် ခက်ခဲသွားပေလိမ့်မည်။
'ဗုန်း...'
အိပ်ခန်းအတွင်း၌...
ဖူနင်သည် စုချန်ကို ခြေဖြင့် ကန်ထုတ်လိုက်ရာ သူမ၏ နီမြန်းသော ဝတ်စုံနှင့် ဆံနွယ်များမှာ လေမတိုက်ဘဲ လှုပ်ရှားလာတော့၏။
မျက်နှာပေါ်တွင် ဦးခေါင်းခွံ ပုံရိပ်ယောင်မှာ နောက်တစ်ကြိမ် ထပ်မံ ပေါ်ပေါက်လာပြန်သည်။
ထိုအမူအရာအရ သူမမှာအလွန်စိတ်ဆိုးသွားခဲ့ပြီပင်။
"ရှင် ပြန်လို့ မရတော့ဘူး ရှင် သေချင်တယ်ဆိုရင်တော့ ကျွန်မက ကူညီပေးနိုင်ပါတယ် ဒါပေမဲ့ ပြန်ဖို့ကတော့ လုံးဝ မဖြစ်နိုင်ဘူး"
"..."
စုချန် လည်ချောင်းအတွင်းမှ နာကျင်စွာ အော်ဟစ်သံတစ်ချက် ထွက်ပေါ်လာ၏။
သူသည် နံရံမှတစ်ဆင့် ဖြည်းညှင်းစွာ လျှောကျလာပြီး တစ်ကိုယ်လုံး နာကျင်မှုကို ခံစားနေရတော့သည်။
"ငါ့ကို ပြန်ခွင့်ပေး..."
"ငါ ပြန်သွားရဦးမယ်..."
'အိမ်မှာ သူ့ကို စောင့်နေတဲ့သူ ရှိသေးတယ်..'
သူ့လို 'ပိုက်ဆံစားတဲ့ သတ္တဝါလေး' တစ်ကောင် ဒီလောက်အထိ ကြီးပြင်းလာခဲ့ပြီးမှ... အခုမှ အိမ်က ပိုက်ဆံကို မသုံးဘဲ ကိုယ်တိုင်ရှာနိုင်တော့မှာလေ။
'ဒီအတိုင်း ထွက်သွားလို့ မဖြစ်ဘူး'
' အဲဒီလိုဆိုရင် ဖေဖေနဲ့ မေမေတို့ အရမ်း နစ်နာသွားလိမ့်မယ်...'
စုချန်သည် ခန္ဓာကိုယ်ကို ကွေးထားရင်း ဝေဝေဝါးဝါး ဖြစ်နေစဉ်မှာပင် ရုတ်တရက် အသံကျယ်ကြီး တစ်ခုကို ကြားလိုက်ရ၏။
'ဂျိမ်း....' ခနဲ အသံနှင့်အတူ အိပ်ခန်းခေါင်မိုးမှာ ပေါက်ကွဲထွက်သွားတော့သည်။
ထို့နောက်အဖြူရောင် ဝတ်စုံဝတ်ထားသည့် ပုံရိပ်တစ်ခုမှာ သူ့ ရှေ့တွင် ပေါ်လာပြီး အသံတစ်ခုထွက်ပေါ်လာတော့သည်။
"ပြန်ချင်တယ်ဆိုရင်... ပြန်လိုက်လေ”