အခန်း (၁၂၉-၁၃၀)
Vol. 13 Ch. 129-130
🫧 Chapter 129
ကျန်းလင် မြေအောက်ကမ္ဘာမှ ထွက်ခွာသွားပြီးနောက် သိပ်မကြာမီမှာပင် ဝိညာဉ်တမန်တော်တစ်ဦးသည် နန်းဆောင်ရှေ့သို့ ရောက်ရှိလာခဲ့သည်။
သို့သော် နန်းဆောင်တံခါးဝတွင် စောင့်ကြပ်နေသော ဝိညာဉ်ထံမှ တပ်မှူးမှာ နန်းဆောင်အတွင်း၌ မရှိကြောင်း သိရှိလိုက်ရလေတော့သည်။
"ကျွန်တော်တို့ကတစ်ဆင့် မှာကြားချင်တဲ့ အကြောင်းအရာ ရှိပါသလား" ဟု တံခါးစောင့်ဝိညာဉ်က မေးမြန်းလိုက်၏။
"မလိုပါဘူး"
လီရှောင်းသည် နန်းဆောင်၏ဆိုင်းဘုတ်ကို ကြည့်ရှုပြီးနောက် အနီးအနားရှိ လှေကားထစ်တွင် ဝင်ထိုင်လိုက်ကာ
"ကျွန်တော် မလောပါဘူး၊ အဖွဲ့ခေါင်းဆောင်ပြန်လာတဲ့အထိ ဒီမှာပဲ စောင့်နေပါ့မယ်"
တံခါးစောင့်ဝိညာဉ်နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် ဆက်လက်၍ အနှောင့်အယှက် မပြုတော့ပါချေ။
……
ဟိုင်ချန်မြို့
ဝိညာဉ်နယ်ပယ်အတွင်း၌
အိပ်ခန်းခေါင်မိုးမှာ ‘ဗုန်း’ ခနဲ အသံနှင့်အတူ ပေါက်ကွဲထွက်သွားပြီးနောက် အလင်းတန်းကြီးတစ်ခု စီးဝင်လာခဲ့သည်။
ယကျန်းလင်သည် စုချန် ရှေ့သို့ ရောက်ရှိလာပြီး ‘ဝိညာဉ်ငြိမ်ဆေးပြား’ တစ်ပြားကို တိုက်ကျွေးလိုက်၏။
ထို့နောက် လက်တစ်ချက် ဝေ့ယမ်းကာ သူ့ကို လူသားလောကရှိ ခန္ဓာကိုယ်အတွင်းသို့ ပြန်လည် ရိုက်သွင်းလိုက်တော့သည်။
စုချန်မှာ ဝေဝေဝါးဝါးဖြင့် တစ်စုံတစ်ခုကို စားသုံးလိုက်ရသည်ဟုသာ ခံစားလိုက်ရသည်။
သူမည်သည့်အရာမျှ မစဉ်းစားရသေးမီမှာပင် ထိုအရာမှာ ဝမ်းဗိုက်အတွင်းသို့ ရောက်ရှိသွားပြီးနောက် မျက်စိရှေ့တွင် မှောင်အတိ ကျသွားတော့၏။
"ပြန်ရောက်တဲ့အခါ နတ်ဒေဝါတွေရဲ့အာဏာစက်ပြင်းတဲ့ နေရာတွေမှာ ရက်အနည်းငယ်လောက် သွားနေလိုက်ဦး"
၎င်းစကားမှာမူ သူ မပြန်မီ ကျန်းလင် မှာကြားလိုက်ခြင်း ဖြစ်သည်။
ဝိညာဉ်ငြိမ်ဆေးပြား : ဝိညာဉ်ခန္ဓာအတွင်းရှိ ယင်ဓာတ်နှင့် ဝိညာဉ်အရှိန်အဝါများကို ဖယ်ရှားပေးနိုင်သည်။
ဤအရာမှာ တာဝန်ပြီးဆုံး၍ အစီရင်ခံသည့်အခါ ပြန်လည်တောင်းခံနိုင်သည်။
အဘယ်ကြောင့်ဆိုသော် တာဝန်ဌာန၏ တာဝန်အများစုမှာ လူသားလောကတွင် သောင်းကျန်းနေသော ဝိညာဉ်ဆိုးများအကြောင်းဖြစ်သဖြင့် လူသားများမှာ မလွဲမသွေ ပတ်သက်မိတတ်သောကြောင့် ဖြစ်၏။
ထို့ကြောင့် တာဝန်ဌာနတွင် ဤဆေးပြားကို အမြဲတစေ အသင့်ထားရှိထားရာ တာဝန်ထွက်သည့် ဝိညာဉ်ရဲမက်များ ၏ ကိုယ်ပေါ်တွင်လည်း အနည်းငယ်စီ အမြဲပါရှိတတ်ကြပေသည်။
“……”
ကျန်းလင်၏လှုပ်ရှားမှုမှာ မြန်ဆန်လွန်းလှသဖြင့် ထိုဝိညာဉ်မလေးမှာ ခေါင်မိုးပေါက်ကွဲသွားသည့် အရှိန်ကြောင့် လန့်သွားရာမှ သတိပြန်ဝင်လာပြီး နောက်သို့ဆုတ်လိုက်သည့်အချိန်တွင်မှ မော့ကြည့်လိုက်ရာ ကျန်းလင်ကို ရုတ်တရက် တွေ့လိုက်ရခြင်း ဖြစ်ပေသည်။
ဝိညာဉ်တမန်တော်
သူမသည် အခန်းအတွင်းသို့ တစ်ချက် ဝေ့ကြည့်လိုက်ရာ
ဟင် ?
ဘယ်မှာလဲ စုချန် ဘယ်ရောက်သွားတာလဲ
'သူမရဲ့ ကောကောစုချန် တစ်ယောက် ဘယ်ပျောက်သွားတာလဲ...'
……
[ဝိုး... Host လက်စွမ်းပြပြီ အရမ်းမိုက်တာပဲ]
[ဘယ်လို အလင်းတန်းကြီးလဲ၊ အရမ်းကို စူးရှတာပဲ အော အဖြူရောင် အလင်းတန်းပါလား]
[ဒါနဲ့ ခုနက Live မြင်ကွင်းက အရမ်းမြန်သွားလို့ စုချန် ဘယ်လိုပျောက်သွားတာလဲတောင် မမြင်လိုက်ရဘူး]
[Host ရဲ့ ဝိညာဉ်ရိုက်သွင်းခြင်း အတတ်ပညာပဲ ဖြစ်ရမယ်၊ တစ်ချက်တည်းနဲ့ အိမ်ပြန်ပို့လိုက်တာ ]
Host နောက်တစ်ကြိမ် လက်စွမ်းပြသည်ကို မြင်တွေ့ရသည့်အခါ Live လွှင့်ခန်းမှ ပရိသတ်များမှာ အလွန်စိတ်လှုပ်ရှားသွားကြတော့သည်။
Host သည် အဖွဲ့ ၁၈ ခေါင်းဆောင် ဖြစ်လာပြီးနောက်ပိုင်း တပ်ဖွဲ့ဝင်များကိုသာ စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။
ထိုအဖွဲ့ဝင် (၂၀) ၏အလုပ်လုပ်ပုံကို ကြည့်ရသည်မှာ စိတ် ဝင်စားစရာ ကောင်းသော်လည်း Host ကိုယ်တိုင် လက်စွမ်းပြသည်ကိုသာ ပိုမြင်တွေ့လိုကြပေသည်။
ပရိသတ်များစွာမှာ ချက်ချင်းပင် စိတ်အားတက်ကြွလာကြတော့၏။
ခြေထောက်များပင် မခိုင်တော့ဘဲ ကီးဘုတ်ပေါ်ရှိ လက်များမှာလည်း အငြိမ်မနေနိုင်တော့ပါချေ။
ဂုဏ်ပြုဆုများလည်း တသီတတန်းကြီး ပေးပို့လိုက်ကြသည်။
[သကြားလုံး ၂၀ ပို့လိုက်ပါသည်....]
[မိုးမျှော်တိုက်......]
....
"ရှင် စုချန်ကို ဘယ်ကို ပို့လိုက်တာလဲ"
ဖူနင်သည် သူမရှေ့ရှိ ကျန်းလင်ကို ကြည့်ကာ သတိကြီးစွာ ထားနေမိသည်။
သူမသည် သူ့ ကျင့်စဉ်အဆင့်ကို ခန့်မှန်း၍ မရပါချေ။
ဤသို့သော အခြေအနေမျိုးတွင် သူ၌ ကျင့်စဉ်အဆင့် မရှိခြင်းဖြစ်နိုင်သလို၊ သူမထက် ပိုအစွမ်းထက်ခြင်းလည်း ဖြစ်နိုင်ပေသည်။
သို့သော် ကျင့်စဉ်မရှိဘဲ သူမ မျက်စိရှေ့မှ လူတစ်ယောက်ကို တိတ်တဆိတ် ခေါ်ဆောင်သွားရန်မှာ မဖြစ်နိုင်ပါချေ။
ဒါပေါ့... နောက်ထပ် အခြေအနေတစ်ခုလည်း ရှိနိုင်ပေသေးသည်။
၎င်းမှာ ဝိညာဉ်လက်နက်တစ်ခုခုကို အသုံးပြုထားခြင်းပင် ဖြစ်၏။
ကျန်းလင်က သူမကို တစ်ချက်ကြည့်ကာ တည်ငြိမ်စွာပင်
"သူ ရှိသင့်တဲ့ နေရာကို ပြန်သွားတာပေါ့"
"ဒါပေမဲ့ သူ ငါ့ရဲ့ တင်တောင်းမှုကို လက်ခံထားပြီးပြီ၊ ငါတို့က လက်ထပ်ပြီးသားလေ"
ဖူနင် မကျေမနပ်ဖြင့် "ဒီနေရာကသာ သူ ရှိနေရမယ့် နေရာပဲ"
“……”
ကျန်းလင် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် "မင်းက လူသားတစ်ယောက်ကို တင်တောင်းတယ်ဆိုတာက စည်းကမ်းဖောက်ဖျက်မှုပဲ၊ ဒါကြောင့် ဒီသဘောတူညီချက်က မအောင်မြင်ဘူး"
"ဒီလက်ထပ်မှုကလည်း တရားမဝင်ဘူး"
"စည်းကမ်းဖောက်ဖျက်တဲ့သူ အနေနဲ့ မင်း ငါနဲ့အတူလိုက်ခဲ့ရမယ်"
"ဟားဟားဟား"
နောက်ဆုံးစကားကို ကြားလိုက်ရသည့်အခါ ဖူနင်မှာ ကြောက်လန့်သွားခြင်း မရှိသည့်အပြင် ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။
"ဝိညာဉ်တမန်တော်ကြီး ရှင် မေ့နေပုံရတယ်၊ ဒါ ကျွန်မရဲ့ နယ်မြေလေ"
သူက ဝိညာဉ်လက်နက်ကို သုံးသည်ဖြစ်စေ၊ သူမထက် အစွမ်းထက်သည်ဖြစ်စေ... သူမ နယ်မြေအတွင်း၌ ရှိနေသရွေ့ သူမကို အဆုံးအဖြတ်ပေးရန် လွယ်ကူလိမ့်မည် မဟုတ်ပါချေ။
ဤဟိုင်ချန်မြို့တွင် နေထိုင်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိပြီဖြစ်ရာ သူမ၌လည်း ကြိုတင်ပြင်ဆင်မှုများ ရှိထားပေသည်။
သူမ အလိုရှိလျှင်... မည်သည့်အချိန်မဆို ဝိညာဉ်အရှိန်အဝါ အမြောက်အမြားကို စုပ်ယူ၍ ရန်သူကိုတိုက်ခိုက်နိုင်ပေသည်။
"ကျွန်မကို ခေါ်သွားဖို့ဆိုတာ မလွယ်ဘူးနော်"
ပြောဆိုနေစဉ်မှာပင် သူမသည် ကြောက်မက်ဖွယ်ကောင်းစွာ ပြုံးလျက် လက်နှစ်ဖက်ကို ဖြန့်လိုက်၏။
သူမ၏ ကိုယ်ပေါ်မှ ဝိညာဉ်အရှိန်အဝါများ ပေါ်ထွက်လာကာ အနီရောင် ဝတ်စုံမှာလည်း လေမတိုက်ဘဲ ရူးသွပ်စွာ လှုပ်ရှားလာတော့သည်။
ဝိညာဉ်နယ်ပယ်အတွင်းရှိ ကောင်းကင်ယံမှာ ခဏချင်းမှာပင် မည်းမှောင်သွားပြီး တိမ်တိုက်များမှာလည်း လှုပ်ခတ်လာတော့၏။
ကြီးမားလှသော ဝိညာဉ်အရှိန်အဝါများ စုစည်းလာပြီး အခန်းခေါင်မိုးပေါ်တွင် ဝဲပျံနေတော့သည်။
ကောင်းကင်မှာလည်း ရုတ်ချည်း မှောင်အတိ ကျသွား၏။
လေထုမှာလည်း ရုတ်ချည်း တင်းမာလာခဲ့ပြီဖြစ်ကာ ထိုလှုပ် ရှားနေသော ဝိညာဉ်အရှိန်အဝါများအတွင်းမှ သတ်ဖြတ်လိုသော အငွေ့အသက်များ ပေါ်ထွက်လာ၏။
ဤဝိညာဉ်အရှိန်အဝါများမှာ သူမ၏ အစိတ်အပိုင်းတစ်ခုပင် ဖြစ်သည်ဟု ဆိုနိုင်ပေသည်။
သူမသည် ရယ်မောနေရင်း...
ရယ်မောနေရင်း...
ဖူနင်၏ယုံကြည်ချက်ရှိသော မျက်နှာပေါ်တွင် ဝေခွဲမရသည့် ပဟေဠိဖြစ်မှုများ ရုတ်တရက် ပေါ်ပေါက်လာ၏။
သူမသည် လက်နှစ်ဖက်ကို ထပ်မံဆန့်တန်းလိုက်ရာ ကိုယ်ပေါ်မှ ဝိညာဉ်အရှိန်အဝါများမှာလည်း တိုးပွားလာခဲ့သည်။
ကောင်းကင်ပေါ်မှ တိမ်တိုက်များ၏ လှုပ်ရှားမှုမှာလည်း ပိုမိုပြင်းထန်လာခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း...
စက္ကန့် (၃၀) ကုန်ဆုံးသွားခဲ့ပြီ...
တစ်မိနစ် ကုန်ဆုံးသွားခဲ့ပြီ...
သုံးမိနစ် ကုန်ဆုံးသွားခဲ့ပြီ....
သူမ မည်သို့ပင် ခေါ်ယူစေကာမူ အခန်းခေါင်မိုးပေါ်တွင် ဝဲပျံနေသော ကြောက်မက်ဖွယ် ဝိညာဉ်အရှိန်အဝါများမှာ အောက်သို့ ဆင်းသက်မလာပါချေ။
ထို့နောက် ဖူနင်မှာ မနေနိုင်တော့ဘဲ ခေါင်မိုးမရှိတော့သော အခန်းအတွင်းမှ ကောင်းကင်ယံသို့ မော့ကြည့်လိုက်မိသည်။
“....”
ဘာဖြစ်တာလဲ
……
[ဟားဟားဟား... ငါ့ရဲ့ Ulti ရော... ဘယ်ပျောက်သွားတာလဲ]
[ဝိညာဉ်မလေး : ကျေးဇူးတင်ပါတယ်၊ လက်ကြီးမြှောက်ထားရတာ ကြာတော့ လက်ညောင်းလာပြီ]
[ကျွန်တော်တောင် စောင်ထဲ ဝင်ပုန်းနေပြီ၊ နောက်ဆုံးတော့ မင်းက တိမ်တွေကိုပဲ ခေါ်လိုက်တာလား]
Live လွှင့်ခန်းအတွင်းရှိ ပရိသတ်များမှာ မြင်ကွင်းကို ကြည့်ကာ ပျော်ရွှင်နေကြတော့သည်။
စောစောက ဝိညာဉ်မလေး၏ အရှိန်အဝါကို ကြည့်ကာ သူတို့လည်း အနည်းငယ်တင်းမာနေခဲ့ကြ၏။
သို့သော်ယခု ထိုလှုပ်ရှားနေသော တိမ်တိုက်များမှာ ဝိညာဉ်ပွဲတော်ညကို သတိရစေသဖြင့် ကြောက်လန့်မိကြခြင်း ဖြစ်သည်။
သို့သော် စောင့်ကြည့်နေရင်းမှာပင် သူတို့ ကြောင်သွားကြတော့သည်။
ဘာဖြစ်တာလဲ......
တကယ်ပဲ ‘တိမ်ညိုခေါ်ယူခြင်း’ ပြိုင်ပွဲ ဝင်နေတာလား.....
Ulti က ဘယ်မှာလဲ......
[ဒါက တစ်ခုခု Bug ဖြစ်နေတာလား]
[Host က တစ်ခုခု လုပ်လိုက်လို့ ဖြစ်ရမယ်]
[ချမလို့လား ချမယ် …… ဟင်၊ ငါ့ဓားရော]
……
ဖူနင်မှာ ကြောင်အအ ဖြစ်နေစဉ်မှာပင် ကျန်းလင် သူမထံသို့ လက်ကမ်းလိုက်၏။
ခဏချင်းမှာပင် ဝိညာဉ်အရှိန်အဝါများဖြင့် ပြုလုပ်ထားသော ကြိုးများစွာမှာ သူမ ပတ်ဝန်းကျင်တွင် ပေါ်ပေါက်လာပြီး သူမထံသို့ တိုးဝင်သွားတော့သည်။
ထို့ကြောင့် ဖူနင်မှာ ထိတ်လန့်သွားပြီး မသိစိတ်မှ ဝိညာဉ်အရှိန်အဝါများဖြင့် ကာကွယ်ရန် ကြိုးစားသော်လည်း ထိုကြိုးများမှာ သူမ၏ အရှိန်အဝါများကိုပါ ပတ်ပတ်လည် ဝိုင်းပတ်လိုက်တော့သည်။
ထိုအခါ မျက်စိတစ်မှိတ်အတွင်းမှာပင် ပိုးအိမ်တစ်ခုအဖြစ် ပြောင်းလဲသွားတော့၏။
ထိုပိုးအိမ်အတွင်း၌ ဖူနင်သည် သူမ၏ ဝိညာဉ်အရှိန်အဝါများဖြင့် ကာကွယ်မှုပြုလုပ်ထားသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ထိုကြိုးများမှာ ပိုမိုတိုးကပ်လာသဖြင့် သူမ လှုပ်ရှားနိုင်သော နေရာမှာ တဖြည်းဖြည်းကျဉ်းမြောင်းလာခဲ့ပြီ ဖြစ်သည်။
ဖူနင်မှာ ရင်ထဲ ထိတ်လန့်သွားတော့၏။
ကောင်းကင်ပေါ်မှ ဝိညာဉ်အရှိန်အဝါများကို မရရှိခဲ့လျှင်တောင်မှ သူမသည် စစ်သူကြီးအဆင့်ကျင့်စဉ်ရှိသော်လည်း တစ်ဖက်လူက သူမကို ဤမျှ လွယ်ကူစွာ ဖမ်းဆီးနိုင်ခဲ့သည်။
'သူက ဘယ်လို အဆင့်မျိုးလဲ...'
ဖူနင်သည် ထိုသို့ တွေးတောနေရင်းမှပင် မေးမြန်းလိုက်၏။
သူမ၏အသံမှာ ကြိုးများဖြင့် ပတ်ထားသော ပိုးအိမ်အတွင်းမှ ထွက်ပေါ်လာသဖြင့် အနည်းငယ် အက်ရှနေပေသည်။
ကျန်းလင်မှာ များသောအားဖြင့် စကားပြောနည်းသော်လည်း အခြားသူများ၏ မေးခွန်းများကိုမူ အမြဲတစေ ဖြေကြားပေးတတ်သူ ဖြစ်သည်။
"မဆိုးပါဘူး၊ မင်းထက် အဆင့်တစ်ခုပဲ ပိုမြင့်တာပါ"
ဖူနင် : “....."
🫧 Chapter 130
"...."
ကျန်းလင်အဖြေကို ကြားလိုက်ရသည့်အခါ ဖူနင်၏ ဦးနှောက်မှာ ခဏမျှ ဟာလာဟင်းလင်း ဖြစ်သွားတော့သည်။
သူမထက် အဆင့်တစ်ခု ပိုမြင့်သည်ဟုဆိုလျှင်...
ဝိညာဉ်ဘုရင် အဆင့်အစောပိုင်းပေါ့....
ဝိညာဉ်ဘုရင်အဆင့်ရှိသော ဝိညာဉ်တမန်တော် တစ်ဦးနှင့် ထိပ်တိုက်တွေ့ရလိမ့်မည်ဟု သူမ မည်သို့မျှ မထင်မှတ်ထားခဲ့ပါချေ။
ပုံမှန်အားဖြင့် ဝိညာဉ်ရဲမက်များမှာ တစ္ဆေတပ်သား သို့မဟုတ် စစ်သူကြီးအဆင့်သာ ရှိတတ်ကြသည် မဟုတ်ပါလော။
သူမ မည်မျှပင် ကံဆိုးလိုက်ပါသနည်း။
ကောင်းကင်ယံမှ ဝိညာဉ်အရှိန်အဝါများကို သူမ ရရှိခဲ့လျှင်တောင်မှ ဤသူ၏ရှေ့တွင် နှစ်ကွက်မျှပင် ပြန်လည်ခုခံနိုင်လိမ့်မည် မဟုတ်ပါချေ။
ထိုကြောင်အသွားသည့် ထိုခဏလေးအတွင်း၌ပင် ဖူနင်၏ ခုခံမှုမှာ အနည်းငယ် လျော့ရဲသွားခဲ့သည်။
ထိုခဏလေးမှာပင်...
ကြိုးများဖြင့် ပြုလုပ်ထားသော ပိုးအိမ်မှာ ရုတ်ချည်း တင်းကျပ်သွားတော့၏။
၎င်းမှာ သူမ၏ အသားအရေနှင့် တစ်သားတည်းဖြစ်သွားသည်အထိ တင်းကျပ်စွာ ဝိုင်းပတ်လိုက်သဖြင့် သူမမှာ လူသားပုံသဏ္ဌာန်ရှိသော ပိုးအိမ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေသည်။
ဖူနင်သည် ကြမ်းပြင်ပေါ်တွင် လူးလိမ့်ရုန်းကန်ရင်း "ရှင်နဲ့ လိုက်မလာဘူး ဒီမှာပဲ နေမှာ ဘယ်ကိုမှ မသွားဘူး" ဟု အော်ဟစ်နေတော့သည်။
ကျန်းလင်မှာမူ ဝိညာဉ်အရှိန်အဝါကြိုးများဖြင့် ထိုပိုးအိမ်ကို ချိတ်ဆွဲမလိုက်ရင်း
"မင်း ဒီမှာ ကောင်းကောင်းမွန်မွန်နေထိုင်နေတာ မှန်ပေမဲ့ လူ့လောကရဲ့ စနစ်တကျရှိမှုကိုတော့ မင်း ဖျက်ဆီးခဲ့ပြီ"
ပြောဆိုပြီးနောက် သူသည် လက်တစ်ချက် တောက်ခေါက်လိုက်၏။
'ဖျတ်...'
ထိုအခါ အိပ်ခန်းအပြင်ဘက်တွင် ဝန်းရံထားသော အကာ အကွယ် မှာ ချက်ချင်းပျောက်ကွယ်သွားတော့သည်။
၎င်းမှာ ခုနက သူ ခေါင်မိုးပေါ်တွင် စောင့်နေရင်း ပျင်းရိလာသဖြင့် ဤဝိညာဉ်နယ်ပယ်ကို လေ့လာကြည့်ရာမှ... စိတ်ကူးပေါက်၍ ဤအိပ်ခန်းကို အပြင်လောကနှင့် ခေတ္တခွဲထုတ်ထားခဲ့ခြင်းဖြစ်သည်။
ဤသည်မှာ ကျန်းလင်အနေဖြင့် သူ့ စွမ်းအားကို ဤသို့ ပထမဆုံးအကြိမ် အသုံးပြုခြင်းလည်း ဖြစ်ပေသည်။
ဝိညာဉ်နယ်ပယ် တစ်ခုတည်ဆောက်ခြင်းနှင့် ဆင်တူသော် လည်း အနည်းငယ်တော့ ကွဲပြားသည်။ ဝိညာဉ်နယ်ပယ်မှာ နေရာလွတ်တစ်ခု ဖန်တီးခြင်း ဖြစ်သော်လည်း သူပြုလုပ်ခဲ့သည်မှာ နေရာလွတ်တစ်ခုကို လုံးဝအထီးကျန်ဖြစ်အောင် ခွဲထုတ်လိုက်ခြင်း ဖြစ်၏။
……
အိပ်ခန်းကို ခွဲထုတ်ထားသော စွမ်းအားများ ပျောက်ကွယ်သွားသည့်အခါ ကောင်းကင်ယံတွင် ဝဲပျံနေသော ဝိညာဉ်အရှိန်အဝါများမှာ ဖူနင်၏တည်ရှိမှုကို ချက်ချင်းသိရှိသွားကြသည်။
သို့သော် ၎င်းတို့ တိုးဝင်လာခြင်း မရှိမီမှာပင် ကျန်းလင်က ထိန်းချုပ်လိုက်တော့၏။
နေရာလွတ်တစ်ခုအတွင်း၌ ဝဲလည်နေသော ဝိညာဉ်အရှိန် အဝါများကို ကြည့်ရင်း ကျန်းလင် အတွေးဝင်နေမိသည်။
ထိုအတွေးမှာဤအရှိန်အဝါများကို သူကိုယ်တိုင် အသုံးပြုနိုင်အောင် ပြောင်းလဲ၍ရနိုင်မလား ဆိုသည်ကိုပင်။
"မေမေ"
"အာ့နင်"
"ဖူနင်"
"ရုပ်ဆိုးမ"
ကျန်းလင်သည် ချိတ်ဆွဲထားသော ပိုးအိမ်ကို ယူဆောင်၍ အိပ်ခန်းအတွင်းမှ ထွက်လာသည့်အခါ မလှမ်းမကမ်းရှိ မြေကွက်လပ်တွင် ဝိညာဉ်အုပ်စုကြီး တစ်ခုရောက်ရှိနေသည်ကို တွေ့လိုက်ရ၏။
အစေခံများ၊ အလုပ်သမားများ၊ အဖွားအိုများ... နှင့် အစေခံနှင့်မတူသော အမျိုးသားဝိညာဉ်အုပ်စုကြီးပင်။
ထို့အပြင် ဝိညာဉ်မလေးတစ်ဦးကိုလည်း ပွေ့ချီထားကြ၏။
ထင်ရှားသည်မှာ သူတို့အားလုံးသည် ဤနေရာမှ လှုပ်ရှားမှုများကြောင့် ရောက်ရှိလာခြင်းဖြစ်ပေသည်။
ဖူနင်သည် ဤမျှလောက်သော ဝိညာဉ်အရှိန်အဝါများကို စုစည်းခဲ့သည်ဆိုကတည်းက သေချာပေါက် ရန်သူနှင့် တွေ့နေရပြီဟု သူတို့ သိထားကြသည်။
သို့သော် အိပ်ခန်းအတွင်းရှိ အခြေအနေများကို အကာအ ကွယ်ကြောင့် မမြင်ရသဖြင့် သူတို့မှာ အပြင်တွင်သာ စိုးရိမ်တကြီး စောင့်နေခဲ့ကြရခြင်း ဖြစ်၏။
ယခုအခါ...
ဝိညာဉ်တမန်တော်ဝတ်စုံဖြင့် ကျန်းလင် ထွက်လာသည်ကို မြင်လိုက်ရသည့်အခါ ဝိညာဉ်အုပ်စုမှာ ရုတ်ချည်း တုန်လှုပ်သွားကြပြီး ဖူနင်ကို အလုအယက်ခေါ်ယူနေကြတော့သည်။
……
[Host ကတော့ လုံးဝကို အမိုက်စားပဲ o( ̄▽ ̄)]
[ကြည့်စမ်း... ချောတဲ့သူတွေ အများကြီးပဲ]
[ဒါကတော့ တကယ့်ကို 'မိသားစုကြီး' ပဲ၊ အဖွဲ့ဝင်တွေ အများကြီးပါလား]
Live လွှင့်ခန်းအတွင်းရှိ ပရိသတ်များမှာလည်း မြေကွက်လပ်ပေါ်ရှိ ဝိညာဉ်များကို လှမ်းကြည့်နေကြသည်။
အုပ်စုမှာ အနည်းဆုံး လူတစ်ရာလောက်တော့ ရှိပေလိမ့်မည်။
ထို့နောက် ရှေ့ဆုံးမှ အမျိုးသားဝိညာဉ်များကို ကြည့်ကာ ပရိသတ်များမှာ ထပ်မံအံ့အားသင့်သွားကြပြန်သည်။
အားလုံးက ချောမောလှပသူများချည်း ဖြစ်နေသောကြောင့်ပင်။
ခက်ထန်သော အမျိုးအစား၊ ချစ်စရာကောင်းသော အမျိုးအစား၊ အရပ်ရှည်ပြီး အေးစက်သော အမျိုးအစား...
[အို... ဘုရားရေ၊ ဒီဝိညာဉ်မလေးက ဘဝကို တကယ်ပျော်ပျော်ပါးပါး ဖြတ်သန်းနေတာပဲ]
စုချန်၏ရုပ်ရည်ကို ပြန်စဉ်းစားကြည့်လျှင်ပင် သူသည်လည်း အလှဆုံးစာရင်းဝင် ဖြစ်နိုင်သည် မဟုတ်ပါလော။
[အားကျလိုက်တာ... အားကျလိုက်တာ]
[အို... ဘုရားရေ ကျွန်မအတွက် တစ်ယောက်လောက် ချန်ထားပေးလို့ မရဘူးလား]
[ကျွန်မ အခုထိ အပျိုကြီးဖြစ်နေရတဲ့ အကြောင်းရင်းကို သိသွားပြီ ]
[ချောတဲ့သူတွေ အားလုံးက ဝိညာဉ်တွေဆီရောက်ကုန်တာပဲလား]
Live လွှင့်ခန်းအတွင်းရှိ အမျိုးသမီးပရိသတ်များမှာ အော်ဟစ်နေကြသော်လည်း အမျိုးသား ပရိသတ်များမှာမူ အမူအရာ ပျက်ယွင်းနေကြသည်။
သူတို့အနေဖြင့် ဝမ်းသာရမည်လား သို့မဟုတ် ဝမ်းနည်းရမည်လား မသိ ဖြစ်နေကြ၏။
[ထားလိုက်တော့... ငါက နတ်သားလေး ဝင်စားတာပဲ]
[အပေါ်ကလူ ဖယ်စမ်း၊ ငါ့မှာ အလှဆုံးဆိုတဲ့ လက်မှတ်ရှိတယ်]
[ကျွန်တော် သိချင်တာက... မိန်းလှလှလေးတွေကို သိမ်းပိုက်ထားတဲ့ အမျိုးသားဝိညာဉ်တွေရော ရှိမလားဆိုတာပဲ]
[ဒါနဲ့... အဲဒီ ဝိညာဉ်တွေက ဘာလို့ ထွက်မပြေးကြတာလဲ]
ပရိသတ်တစ်ဦးက သံသယဖြင့် မေးမြန်းလိုက်သည်။
ဝိညာဉ်နယ်ပယ်အတွင်း ဤမျှ လှုပ်ရှားမှုများ ရှိနေပါလျက်၊ ဝိညာဉ်မလေးအစား Host ပေါ်လာသည်ကို မြင်သည့်တိုင် အောင် ထိုဝိညာဉ်များမှာ ထွက်ပြေးခြင်း မရှိကြပါချေ။
……
'ဝုန်း...'
အိပ်ခန်းပတ်ပတ်လည်ရှိ အကာအကွယ်များ ပျောက်ကွယ်သွားသည်နှင့်အမျှ ကျန်ရှိနေသော နံရံလေးဘက်မှာလည်း ပြိုကျသွားတော့သည်။
၎င်းတင်မကဘဲ အနီးနားရှိအခန်းတွဲများမှာလည်း တစ်ဆက် တည်း ပြိုကျကုန်၏။
ထိုနေရာတစ်ခုလုံး ပြိုကျသံများမှာ ဆူညံသွားတော့သည်။
ထင်ရှားသည်မှာ အကာအကွယ်အတွင်းမှ ဝိညာဉ်အရှိန်အဝါများ၏ ရိုက်ခတ်မှုကြောင့် ဖြစ်ပေသည်။
ကျန်းလင်သည် အောက်ခြေရှိ အပျက်အစီးများကို ကြည့်ရင်း “……”
'ခုနက သူ အားသိပ်မသုံးလိုက်ပါဘူးနော်..'
မြေကွက်လပ်ပေါ်ရှိ အော်ဟစ်နေသော ဝိညာဉ်များမှာလည်း ထိုဖျက်ဆီးနိုင်စွမ်းကို မြင်လိုက်ရသည့်အခါ ခဏမျှတိတ် ဆိတ်သွားကြသည်။
"မင်း သူမကို ဘာလုပ်လိုက်တာလဲ"
အပြာရင့်ရောင် ဝတ်စုံဝတ်ထားသော ယန်ရှူက မေးမြန်းလိုက်၏။
သူ၏ အကြည့်မှာ ကျန်းလင် နောက်ကွယ်တွင် ချိတ်ဆွဲထားသော ပိုးအိမ်ပေါ်သို့ ရောက်ရှိနေသည်။
"အစ်ကိုကြီးက မေမေကို ဖမ်းသွားတော့မှာလား"
ဖူရှောင်ရှောင်သည် ယန်ရှူ ကိုယ်ပေါ်မှဆင်းကာ စိုးရိမ်တကြီး မေးမြန်းလိုက်၏။
ကျန်းလင်သည် သူတို့ကို တိတ်ဆိတ်စွာကြည့်နေရင်း အခင်း ဖြစ်ပွားရာနေရာရှိ ဝိညာဉ်အရေအတွက်ကို စာရင်းပြုစုနေမိသည်။
' အင်း... တစ်ကောင်မှ ထွက်မပြေးဘူးပဲ'
သူ စာရင်းပြုစုနေသည့် အမူအရာမှာ ခံစားချက်ကင်းမဲ့သော လူသတ်သမားတစ်ဦးကဲ့သို့ တည်ငြိမ်လွန်းလှသဖြင့် ဝိညာဉ်အားလုံးမှာ ရင်ထဲထိတ်လန့်သွားကြတော့သည်။
'ဗုန်း'
အစေခံတစ်ဦးက စတင်၍ ဒူးထောက်လိုက်၏။
'ဗုန်း'
'ဗုန်း'
ဝိညာဉ်များမှာ တစ်ဦးပြီးတစ်ဦး ဒူးထောက်လိုက်ကြတော့ သည်။
"အရှင်... ကျွန်တော်တို့ရဲ့ သခင်မလေးကို လွှတ်ပေးဖို့ တောင်းပန်ပါတယ်"
“……”
ရှေ့ဆုံးမှ ရပ်နေသော အမျိုးသား ဝိညာဉ်တစ်ကျိပ်ခန့်မှာလည်း အံကြိတ်ကာ ခေါင်းငုံ့၍ဒူးထောက်လိုက်ကြသည်။
"အရှင်... သူမကို လွှတ်ပေးဖို့ တောင်းပန်ပါတယ်"
ဖူနင်မှာ သူတို့ထဲတွင် အစွမ်းအထက်ဆုံး ဝိညာဉ်ဖြစ်ပေသည်။
သူတို့အားလုံး ပေါင်းတိုက်လျှင်ပင် သူမကို မနိုင်နိုင်ပါချေ။
ယခုအခါ သူမကိုယ်တိုင်ပင် ဝိညာဉ်တမန်တော်၏လက်ထဲသို့ ကျရောက်သွားပြီဖြစ်ရာ သူတို့က မည်သို့ ခုခံနိုင်ပါမည်နည်း။
အရေးကြီးဆုံးမှာ... ဖူနင်မှာ သူ့ လက်ထဲတွင် ရှိနေခြင်းပင်။
သူမ သေဆုံးသွားလျှင် သူတို့လည်း အသက်ရှင်နိုင်လိမ့်မည် မဟုတ်ပါချေ။
အကယ်၍ စုချန်သာ ဤနေရာတွင် နောက်ထပ် ရက်အနည်း ငယ်ထပ်နေခဲ့ပြီး ကိုယ်တွင်းရှိ အသက်ဓာတ်များ လုံးဝ ပျောက်ကွယ်သွားခဲ့မည် ဆိုပါက... သူလည်း သူတို့ထဲမှ တစ်ဦးဖြစ်လာပေလိမ့်မည်။
"အရှင်... မေမေကို လွှတ်ပေးပါ"
ဖူရှောင်ရှောင်မှာလည်း ဒူးထောက်လိုက်ပြီး မျက်ဝန်းထဲ၌ မျက်ရည်များ ဝဲနေတော့သည်။
"ရှောင်ရှောင်က ဖေဖေကို လိုချင်တယ်လို့ ပြောခဲ့လို့ပါ၊ ရှောင်ရှောင်ရဲ့ အပြစ်ပါ၊ မေမေ့ကို အပြစ်မတင်ပါနဲ့၊ ရှောင်ရှောင်ကိုပဲ အပြစ်ပေးပါ"
"အော်... မင်းကြောင့်ပေါ့"
ကျန်းလင် အကြည့်မှာ ဖူရှောင်ရှောင်အပေါ်သို့ ရောက်ရှိသွား၏။
"မဟုတ်ဘူး"
ထိုအခါမှာကျန်းလင်၏ နောက်ကွယ်ရှိ ပိုးအိမ်မှာ ထပ်မံ လှုပ်ရှားလာပြီး ဝေဝေဝါးဝါး အသံတစ်ခုထွက်ပေါ်လာသည်။
"ငါကိုယ်တိုင်က လက်ထပ်ချင်တာ၊ ရှောင်ရှောင်နဲ့ မဆိုင်ဘူး သူမကို အပြစ်မတင်နဲ့"
ကျန်းလင်: "ငါလည်း အဲဒီလိုပဲ ထင်ပါတယ်"
ဖူနင်: “……”
ကျန်းလင်သည် ထိုအကြောင်းရင်း နှစ်ခုလုံးကို မှတ်သားထားလိုက်၏။
အသေးစိတ်ကိုမူ မြေအောက်ကမ္ဘာသို့ ပြန်ရောက်သည့်အခါမှဖြည်းဖြည်းချင်း မေးမြန်း၍ရပေသည်။
ထို့နောက် သူသည် ဖူနင်အတွက် တောင်းပန်တိုးလျှိုးနေသော ဝိညာဉ်အုပ်စုကို ကြည့်ကာ လက်တစ်ချက် ဝေ့ယမ်းလိုက် ၏။
"စိတ်မပူကြပါနဲ့၊ မင်းတို့ အားလုံးကို ငါ ခေါ်သွားမှာပါ၊ တစ်ယောက်မှ ချန်မထားခဲ့ဘူး"
ထို့ကြောင့် မည်သူကမှ မည်သူ့အတွက်မှ တောင်းပန်နေစရာ မလိုတော့ပါချေ။
"ဟင်"
မြေကွက်လပ်ပေါ်ရှိ ဝိညာဉ်များမှာ ကြောင်အသွားကြတော့ သည်။
သူတို့ပါ လိုက်သွားရမှာလား...
လက်ထပ်ချင်တဲ့ ဝိညာဉ်မလေး ဖူနင်ကိုပဲ ဖမ်းဖို့ လာတာ မဟုတ်ဘူးလား...
သူတို့က... ဘာအမှားမှ မလုပ်ခဲ့ဘူး ထင်တာပဲ.....
……
[Host ရဲ့ ပုံစံအတိုင်းပဲ ဟားဟားဟား]
[မလောနဲ့ မလောနဲ့၊ အားလုံး အတူတူ သွားရမှာ၊ တောင်းပန်နေစရာ မလိုဘူး]
[Host : လက်စွမ်းပြမယ်၊ နှိမ်နင်းမယ်၊ အကုန်လုံးကို ပါဆယ်ထုတ်ပြီး ယူသွားမယ်]
[ဝိညာဉ်များ : …… ဒါဆို ငါတို့က ဆက်ပြီး တောင်းပန်ရဦးမှာလား]
Live လွှင့်ခန်းအတွင်းရှိ ပရိသတ်အချို့မှာ မနေနိုင်တော့ဘဲ ဟားတိုက် ရယ်မောမိကြတော့သည်။
[ထွက်ပြေးချင်လို့လား တစ်ယောက်မှ ပြေးလို့ မရဘူး ဟားဟားဟား]
[မရတော့ဘူး... ဒီညတော့ ရယ်ရလွန်းလို့ မျက်နှာက ကြွက်သားတွေတောင် တောင့်ကုန်ပြီ]
[ဝိုး ကျွန်တော့်ရဲ့ ရယ်သံကြောင့် အပြင်က တံခါးလာခေါက်သံ ကြားလိုက်ရတယ်]