အခန်း (၁၃၃-၁၃၄)
Vol. 14 Ch. 133-134
🫧 Chapter 133
"ညီလေး... အကြောင်းရင်းလေး ပြောပြလို့ ရမလား" ရဲဝန်ထမ်းကြီးက မေးမြန်းလိုက်၏။
"အကြောင်းရင်းကတော့..."
စုချန်သည် ချောင်းနှစ်ချက်ခန့် ဟန့်လိုက်ရင်း "ကျွန်တော် သူများပစ္စည်းကိုကောက်ရပြီး အချိန်မီ ပြန်မပေးခဲ့မိလို့... အဲဒါကို အထဲမှာဝင်ပြီး နောင်တရချင်လို့ပါ... အဲဒါရော အကျုံးဝင်ပါသလား"
ရဲဝန်ထမ်းကြီး၏ ဦးနှောက်ထဲတွင် စကားလုံးသုံးလုံး ရုတ်ချည်း ပေါ်လာတော့သည်။
'ခိုးယူမှုလား'
သို့သော်လည်း မိမိအလိုအလျောက် လာရောက်ဝန်ခံသည်ဆိုကတည်းက ပြစ်မှုမှာ အလွန်အမင်းကြီးလေးဟန်မတူပါချေ။
သူသည် ကျွမ်းကျင်သော အမူအရာဖြင့် တည်ငြိမ်စွာပင် လူကြီးမိဘတစ်ဦးကဲ့သို့ ဆက်လက်မေးမြန်းလိုက်သည်။
"ဒါဆို အဲဒီငွေတွေကိုရော ပြန်ပေးခဲ့ပြီလား"
စုချန် : "…… ပေးခဲ့ပါပြီ" (ဖြစ်လိမ့်မယ်)
'နောက်ဆုံးမှာတော့ အဲဒီငွေတွေက ပြာဖြစ်သွားပြီဆိုတော့ ပြန်ပေးလိုက်သလိုမျိုးပဲ မဟုတ်ပါလား'
"အမှားကို သိပြီး ပြင်ဆင်နိုင်ရင် ကောင်းတာပေါ့"
ရဲဝန်ထမ်းကြီးက ခေါင်းညိတ်လိုက်၏။
စုချန်က ရဲစခန်းတံခါးကို ထပ်မံညွှန်ပြရင်း
"ဒါဆို ကျွန်တော် အထဲမှာ ရက်အနည်းငယ်လောက် နေလို့ ရမလား ကျွန်တော် ကောင်းကောင်းမွန်မွန် နောင်တရချင်လို့ပါ"
ရဲဝန်ထမ်းကြီးက သူ၏ပခုံးကို ပုတ်ကာ "အရင်ဆုံး အထဲဝင်ပြီး ထွက်ဆိုချက်ပေးရအောင်"
"ဟုတ်... ဟုတ်ကဲ့ပါ"
……
ဆယ်မိနစ်ခန့်အကြာ၊ ရဲစခန်းအတွင်း၌...
ရဲဝန်ထမ်းအချို့မှာ လက်ထဲမှ ထွက်ဆိုချက်ကို ကြည့်လိုက်၊ စုချန်ကို ကြည့်လိုက်နှင့် အလုပ်ရှုပ်နေကြသည်။
ထို့နောက် ထွက်ဆိုချက်ကို ထပ်မံ ကြည့်ရှုကြပြန်၏။
"ငါ ပြောသားပဲ၊ ကြည့်ရတာ တစ်နေရာရာမှာ မြင်ဖူးသလိုလိုနဲ့"
"ညီလေးက တကယ်ကို ချောတာပဲ"
စုချန် : "....."
"စောစောက ပြောရမှာပေါ့၊ ဒီလောက်ချောတာကို ဘာလို့ နှာခေါင်းစည်းကြီး တပ်ထားရတာလဲ"
သူ့ကို ခေါ်ဆောင်လာသော ရဲဝန်ထမ်းကြီးက ကျောကို ပုတ်ကာ ရယ်မောလိုက်၏။
"နေပါ နေပါ၊ ငါ သုံးရက် ခွင့်ပြုပေးမယ်၊ မလောက်ရင် ခုနစ်ရက်ပေါ့၊ မင်းကိုယ်ပေါ်က အအေးဓာတ်တွေကိုသေချာ ပေါက် နှိမ်နင်းပေးနိုင်လိမ့်မယ်"
"……"
ထိုမှသာ စုချန်မှာ ချက်ချင်းပင် နားလည်သွားတော့သည်။
နားရွက်များမှာလည်း ရုတ်ချည်းနီရဲသွားရ၏။
အမှန်တကယ် အရှက်ရစရာပင်။
ရဲဝန်ထမ်းကြီးက ဆက်ပြောလိုက်သည်။
"နောင်ဆိုရင် ပစ္စည်းတွေကို လျှောက်မကောက်နဲ့တော့"
စုချန်က ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်... ဟုတ်ကဲ့ပါ"
"အသက်ရှင်အောင် ကြိုးစားပါ၊ အခက်အခဲရှိရင် ငါတို့ဆီ လာခဲ့"
"ဟုတ်ကဲ့"
"ခန္ဓာကိုယ်မှာ တစ်ခုခု နေမကောင်းဖြစ်ရင်လည်း ငါတို့ကို ပြော၊ နေရာပြောင်းပေးလို့ ရသေးတယ်"
"ဟုတ်ကဲ့ပါ"
ထို့နောက် ရဲဝန်ထမ်းများမှာ ထိုအကြောင်းအရာနှင့်ပတ်သက် ၍ ဝိုင်းဝန်း ပြောဆိုလာကြတော့သည်။
"မနေ့ညက မင်းတို့ မသိပါဘူး၊ ငါ့သမီးဆို ဖုန်းကြည့်ပြီး စိတ်လှုပ်ရှားလွန်းလို့ ရယ်နေလိုက်တာ၊ ချောတဲ့လူတွေကို လိုက်ရေတွက်နေသေးတယ်"
"ဒါက ဘာဆန်းတာလဲ၊ ငါ့သားဆိုလည်း ညသန်းခေါင်ကြီး 'ဟား... ဟား...' နဲ့ ဝက်အော်သလို အော်နေတာ"
"ငါကြားတာတော့ အထက်ကလူလွှတ်ပြီး အဲဒီနေရာကို ဝိုင်းထားခိုင်းပြီတဲ့"
"ဝိညာဉ်နယ်ပယ် တစ်ခုဆိုတော့လည်း အရေးတယူ လုပ်ရမှာပဲလေ"
"ဒီခေတ်ကြီးကတော့ တကယ်ကိုထူးဆန်းလာပြီပဲ..."
ဘေးနားတွင်မူ စုချန်တစ်ယောက် အရှက်တကွဲ ဖြစ်နေသော မျက်နှာဖြင့် နားထောင်နေရ၏။
ဒီလူမှုအသိုင်းအဝိုင်းသတင်းပြန့်မှုက နယ်ပယ် ကျယ်လွန်းလှသည်။
ကုမ္ပဏီဘက်ကလည်း သေချာပေါက် သိသွားလောက်ပြီ...
ယခု သူ မျှော်လင့်ရသည်မှာ...
အဖေနှင့် အမေတို့ဆီကို သတင်းတွေ အရောက်နှေးပါစေဖို့သာ ဖြစ်တော့သည်။
o(╯□╰)o
……
မြေအောက်ကမ္ဘာ၊ နန်းဆောင် (၁၈)
ကျန်းလင် ပြန်လာသည်ကို မြင်လိုက်ရသည့်အခါ လီရှောင်းအလျင်အမြန် ထရပ်လိုက်သည်။
"အဖွဲ့ခေါင်းဆောင်"
ကျန်းလင် ခေါင်းညိတ်ပြကာ "ငါ့ကို ရှာစရာ ရှိလို့လား အထဲဝင်ရအောင်"
ပြောဆိုပြီးနောက် သူသည် နန်းဆောင် (၁၈) အတွင်းသို့ ရှေ့ဆုံးမှ ဝင်သွားတော့သည်။
"ဘာကိစ္စလဲ"
စာပွဲတွင် ထိုင်လိုက်ရင်း သူက မေးမြန်းလိုက်၏။
"အဖွဲ့ခေါင်းဆောင်... ကျွန်တော် သိချင်တာက..."
လီရှောင်းသည် နန်းဆောင်၏အလယ်တွင် ရပ်ကာ သူ၏ ရင်ထဲမှ သံသယကို မေးမြန်းလိုက်သည်။
"ဘာကြောင့် ကျွန်တော့်ကို 'အအဖြူရောင် ဝိညာဉ်တမန်တော်' အဖြစ် ခန့်အပ်တာလဲ၊ ဘာလို့ 'အမည်းရောင် ဝိညာဉ်တမန်တော်'မဟုတ်ရတာလဲ"
စောစောက အပြင်မှာ စောင့်နေစဉ် သူသည် မိမိကိုယ်ကိုယ် ပြန်လည် မေးမြန်းနေခဲ့မိသည်။
သူသည် 'အဖြူရောင် ဝိညာဉ်တမန်တော်' အဖြစ် တကယ်ရော သင့်တော်ပါမည်လော။
အစမ်းခန့် ကာလတုန်းကလည်း အဖြူရောင်ဝိညာဉ်ရဲမက်၏ အလုပ်ထက် တိုက်ခိုက်နှိမ်နင်းရသောအလုပ်က သူ့အတွက် ပို သင့်လျော်နေခဲ့သည် မဟုတ်ပါလော။
ဒါဆို... ဘာလို့ နောက်ဆုံးမှာ အဖြူရောင် ဝိညာဉ်ရဲမက် ဖြစ်လာရတာလဲ။
လီရှောင်း နားမလည်နိုင်ပါချေ။
ထို့ကြောင့် သူသည် အသင်းခေါင်းဆောင်ထံသို့ လာရောက် မေးမြန်းခြင်း ဖြစ်သည်။
ကျန်းလင်က သူ့ကို ကြည့်ကာ ပြန်လည် မေးခွန်းထုတ်လိုက်၏ ။
"မင်းကိုယ်တိုင်ကရော... ဘာကြောင့် အမည်းရောင် မဟုတ်ဘဲ အဖြူရောင်အဖြစ် ခန့်အပ်ခံရတယ်လို့ ထင်သလဲ"
အစမ်းခန့် ဝိညာဉ်ရဲမက်များ၏နောက်ဆုံးရာထူးကို အစမ်း ခန့်ဌာနက ခန့်အပ်ခြင်းဖြစ်သည်။
လီရှောင်း၏အလုပ်လုပ်ပုံကို မြင်ဖူးထားသဖြင့် ကျန်းလင်အနေဖြင့် ဤမေးခွန်းအတွက် သိပ်ပြီးအံ့အားမသင့်မိပါချေ။
သို့သော် လီရှောင်းက သူ့ထံသို့ တိုက်ရိုက်လာရောက်မေးမြန်းသည့် လုပ်ရပ်ကမူ သူ့ကို အနည်းငယ် အံ့အားသင့်စေခဲ့သည်။
"ကျွန်တော်က... ဝိညာဉ်တွေနဲ့ တွေ့ရင် အရမ်းစိတ်လိုက်မာန် ပါ ဖြစ်လို့လား"
လီရှောင်း မျက်နှာတွင် ဝေခွဲမရဖြစ်မှုနှင့် မသေချာမှုများ ပေါ်လွင်နေသည်။
"အမြော်အမြင် မရှိလို့လား လက်က အရမ်းကြမ်းလို့လား"
ကျန်းလင်က ခေါင်းယမ်းလိုက်ရင်း "အမည်းရောင် ဝိညာဉ်တမန်တော်တွေထဲမှာ မင်းထက် လက်ကြမ်းတဲ့သူတွေ မရှိတာ မဟုတ်ဘူး၊ စိတ်လိုက်မာန်ပါ လုပ်တဲ့သူတွေလည်း ရှိတာပဲ"
"မင်း ဘာတွေ ကြုံတွေ့ခဲ့ရလဲဆိုတာ ငါမသိဘူး၊ ဒါပေမဲ့..."
သူသည် ဝိညာဉ်အိတ်ထဲမှ ပိုးအိမ်တစ်ခုကိုထုတ်ကာ ကြမ်း ပြင်ပေါ်သို့ ပစ်ချလိုက်ရင်း လီရှောင်းကို ကြည့်ကာ ပြောလိုက်သည် ။
"မင်းအနေနဲ့ ချောက်ကမ်းပါးထဲမှာ ရောက်နေချိန်မှာတောင် ကိုယ်တိုင်က ချောက်ကမ်းပါးကြီး တစ်ခုအဖြစ် ပြောင်းလဲမသွားအောင် လုပ်နိုင်ပါ့မလား"
ပိုးအိမ် ပေါ်လာသည်နှင့် တစ်ပြိုင်နက် လီရှောင်းသည် အတွင်းမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် ဝိညာဉ်အရှိန်အဝါများကို သတိပြုမိသွားသည်။
သူ့ အကြည့်မှာ ချက်ချင်း ပြောင်းလဲသွားပြီး တစ်ကိုယ်လုံးရှိ ဝိညာဉ်အရှိန်အဝါများမှာလည်း ပြင်းထန်လာ၏။
သူ့ ခန္ဓာကိုယ်သည် အသိစိတ်ထက် ပိုမိုမြန်ဆန်စွာတုံ့ပြန်လိုက်ခြင်း ဖြစ်သည်။
ခဏအကြာမှသာ...
သူသည် သတိပြန်ဝင်လာပြီး တစ်ကိုယ်လုံးမှ သတ်ဖြတ်လိုသော အရှိန်အဝါများကို ပြန်လည်ရုပ်သိမ်းလိုက်၏။
ကျန်းလင် ပြောသွားသော စကားကို ပြန်လည်စဉ်းစားရင်း သူသည် ခေါင်းငုံ့ကာ တိတ်ဆိတ်သွားတော့သည်။
“……”
ကျန်းလင်သည် ပိုးအိမ်ကို ပြန်လည် သိမ်းဆည်းလိုက်၏။
လီရှောင်း သူ့ထံ လာရောက်ခြင်း မရှိမီကတည်းက သူသည် ဤကိစ္စကို စဉ်းစားခဲ့ဖူးသည်။
အစမ်းခန့်ဌာနက ဤကဲ့သို့ ခန့်အပ်လိုက်ခြင်းမှာ လီရှောင်၏ ပြင်းထန်သော တုံ့ပြန်မှုနှင့် သက်ဆိုင်ပေလိမ့်မည်။
အမည်းရောင် ဝိညာဉ်တမန်တော်များ ကြုံတွေ့ရသော အလုပ်မှာ ဤလောက၏မှောင်မိုက်သော အခြမ်းနှင့် အမြဲ ထိတွေ့နေရတတ်သည်။
ထို့ကြောင့် ရာထူးခွဲဝေသည့်အခါ ဌာနက ဤအချက်ကို သေချာပေါက် ထည့်သွင်းစဉ်းစားပေလိမ့်မည်။
လီရှောင်၏ ယခု အခြေအနေနှင့်ဆိုလျှင် အမည်းရောင် ဝိညာဉ်တမန်တော် အုပ်စုထဲသို့ ထည့်လိုက်ခြင်းမှာ မတည် ငြိမ်သော အချက်တစ်ချက်ကို ထည့်သွင်းလိုက်ခြင်းနှင့် အတူတူပင်။
"မင်းက အခုမှ ငယ်သေးတာပဲ၊ အချိန်အတိုင်းအတာ တစ်ခုအထိ စောင့်ကြည့်ပြီးမှ မင်းက အမည်းရောင်ဝိညာဉ်တမန်တော်တစ်ဦးရဲ့ အရည်အချင်းနဲ့ ပြည့်စုံလာခဲ့ရင် ငါ မင်းအတွက် လျှောက်ထားပေးပါ့မယ်" ကျန်းလင်က ဆိုသည်။
"အဲဒီမတိုင်ခင်မှာတော့... မင်းအနေနဲ့ အမည်းရောင် ဝိညာဉ်ရဲမက်ရဲ့အလုပ်ကို ကြိုတင်ပြီး လေ့ကျင့်ကြည့်လို့ရနိုင်မလား"
လီရှောင်းက ခေါင်းမော့လာကာ ဝေခွဲမရသော အမူအရာဖြင့် ကြည့်လိုက်သည်။
"ကျွန်တော် မေးပါရစေ၊ မြေအောက်ကမ္ဘာက ဘာကြောင့် အပြစ်သား ဝိညာဉ်တွေကို ဖမ်းဆီးရတာလဲ"
ကျန်းလင်"...."
"သူတို့က လူသားလောကရဲ့ စနစ်ကို ဖျက်ဆီးပြီး လူသားတွေရဲ့ အသက်ကို နှုတ်ယူလို့လား"
ကျန်းလင် ခေါင်းညိတ်ပြကာ "ဝိညာဉ်တမန်တော်တွေက အပြစ်သား ဝိညာဉ်တွေကို ဖမ်းဆီးတယ်ဆိုတာ တကယ်တော့ တိုက်ခိုက်ခြင်းဆိုတဲ့ အမူအရာနဲ့ 'ကာကွယ်ခြင်း' ဆိုတဲ့ တာဝန်ကို ထမ်းဆောင်နေတာပဲ"
"ဒါကြောင့် မင်းက အမည်းရောင်ဝိညာဉ်တမန်တော် ဖြစ်ချင်တယ်ဆိုရင် အပြစ်သားဝိညာဉ်တွေရဲ့ လက်ထဲကနေ ဝိညာဉ်တွေကို အရင်ဆုံးကာကွယ်ကြည့်ဖို့ ကြိုးစားကြည့်ပါ"
"လုပ်နိုင်ပါ့မလား"
အသင်းခေါင်းဆောင်၏တည်ငြိမ်လွန်းသော မျက်ဝန်းများကို ကြည့်ရင်း လီရှောင်း ဦးနှောက်ထဲတွင် တခြားသော မျက်ဝန်းတစ်စုံမှာ အလိုလိုပေါ်လာတော့သည်။
ကြည်လင်ပြီး နွေးထွေးသော...
ကာကွယ်ခြင်း...
အကယ်၍ ထိုအချိန်က သူသာ စောစောရောက်ခဲ့မည်ဆိုလျှင်...
လီရှောင်း လက်သီးကို တင်းတင်းဆုပ်ကာ ခန္ဓာကိုယ်ကို မတ်မတ်ရပ်လိုက်၏။
"ကျွန်တော် လုပ်နိုင်အောင် ကြိုးစားပါ့မယ်! အဖွဲ့ခေါင်း ဆောင်"
လုပ်နိုင်ပါ့မလား ဆိုသည်ထက်... သူ သေချာပေါက် အစွမ်း ကုန် ကြိုးစားပြီး လုပ်ဆောင်သွားမည်။
"အင်း... တခြား မေးစရာ ရှိသေးလား"
"မရှိတော့ပါဘူး အဖွဲ့ခေါင်းဆောင်"
"ကြိုးစားပါ"
လီရှောင် ထွက်ခွာသွားပြီးနောက် ကျန်းလင် ထိုင်ခုံနောက် ကျောကို မှီလိုက်၏။
ကြည့်ရသည်မှာ အဖွဲ့ခေါင်းဆောင် ဆိုသည့် ရာထူးက...
အလုပ်ခွဲဝေပေးရုံတင်မကဘဲ အဖွဲ့ဝင်တွေကို စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှုတွေပါ လုပ်ပေးရဦးမည့်ပုံပင်။
အကယ်၍ လီရှောင်းသာ တိုက်ခိုက်ခြင်းထက် ကာကွယ်ခြင်းကို သင်ယူနိုင်ခဲ့မည်ဆိုပါက... သူ့ စွမ်းရည်နှင့် ကြိုးစားမှုအရ မကြာခင်မှာပင် အမည်းရောင်ဝိညာဉ်တမန်တော် တစ်ဦး၏ အရည်အချင်းကို ရရှိလာပေလိမ့်မည်။
ထို့နောက်ကျန်းလင်၏အကြည့်မှာ လေထဲတွင် အလုပ်ရှုပ်နေသော သန့်ရှင်းရေးဝိညာဉ်များဆီသို့ ရောက်ရှိသွားသည်။
ခဏမျှ အတွေးနယ်ချဲ့ပြီးနောက် သူသည် ပြန်လည်ထထိုင်လိုက်၏။
ယခုသူသည် 'ဝိညာဉ်လက်ထပ်ခြင်း' ကိစ္စကို စတင် ကိုင်တွယ်ရပေတော့မည်။
သူသည် ဝိညာဉ်အိတ်ကို ဖွင့်ကာ ဝိညာဉ်မလေး ဖူနင်၏ ပိုးအိမ်ကိုထုတ်လိုက်၏။
ထို့နောက် ဝိညာဉ်ဖြစ်ရသည့် အကြောင်းရင်း၊ ဝိညာဉ်လက် ထပ်ရသည့် အကြောင်းရင်း စသည်တို့ကို စတင် မေးမြန်းတော့သည်။
သူ့ လက်ထဲတွင် ဝိညာဉ်နယ်ပယ်တစ်ခုလုံးရှိ ဝိညာဉ်များ ရှိနေသဖြင့် သူမအနေဖြင့် မဖြေဘဲ နေလိမ့်မည်ကို စိုးရိမ်စရာ မလိုပါချေ။
တာဝန်အတွက် လိုအပ်သော မေးခွန်းများကို မေးမြန်းပြီးနောက် သူသည် ဝိညာဉ်နယ်ပယ်မှ ရှာဖွေရရှိခဲ့သော ပစ္စည်းငါးမျိုးကို ထုတ်ယူလိုက်သည်။
စုတ်တံ၊ သစ်သားသေတ္တာ၊ ပန်းအိုး၊ တုတ်နှင့် ဆံထိုး.....
ဤပစ္စည်းများနှင့် ပတ်သက်၍ ဖူနင်ကိုယ်တိုင်လည်း အများကြီး မသိပါချေ။
စွမ်းအားကို ခေတ္တ မြှင့်တင်ပေးနိုင်ကြောင်းနှင့် ဝိညာဉ်နယ်ပယ်အတွင်းရှိ အအေးဓာတ်များကို မြှင့်တင်ရန်အတွက် အစီအရင်များတွင် အသုံးပြုနိုင်ကြောင်းသာ သိရှိထား သည်။
ကျန်းလင်က မျက်မှောင်ကြုတ်ကာ "ဒါဆို မင်းက ဒါတွေကို ဘယ်က ရခဲ့တာလဲ"
ဖူနင်သည် ပိုးအိမ်အတွင်းမှ လူးလွန့်ရင်း ဘာမှ ဖုံးကွယ်မထားဘဲ ပြောပြလိုက်သည်။
"ဝိညာဉ်တစ်ကောင်နဲ့ အရောင်းအဝယ်လုပ်ပြီး ရခဲ့တာပါ။ ကျွန်မက သူ့အတွက် ဝိညာဉ်တွေနဲ့ လူသားတွေကို ရှာပေးရတယ်၊ သူက ကျွန်မကို ဝိညာဉ်ပစ္စည်းတွေ ပေးတယ်"
"ဘယ်လို ဝိညာဉ်မျိုးလဲ"
"သူက မျက်နှာဖုံး တစ်ခုတပ်ထားတယ်၊ သူ့ကိုယ်သူ 'ဝိညာဉ်ဆိုင်ရှင်' လို့ ခေါ်ပြီး စီးပွားရေးလုပ်နေတာတဲ့"
ဖူနင် ခေတ္တစဉ်းစားပြီးနောက် ဆက်ပြောလိုက်သည်။
"သူက ကျွန်မထက် ပိုစွမ်းအားကြီးလိမ့်မယ်၊ ဘာလို့လဲဆိုတော့ သူက ကျွန်မရဲ့ ဝိညာဉ်နယ်ပယ်ထဲကို တိုက်ရိုက်ပေါ် လာနိုင်လို့ပဲ"
"ကျန်တာတော့ ကျွန်မလည်း မသိတော့ဘူး”
🫧 Chapter 134
ဝိညာဉ်ဆိုင်ရှင်လား.....
ကျန်းလင်သည် ဝိညာဉ်မလေးဖူနင် ပြောကြားချက်များကို သေသေချာချာ မှတ်သားလိုက်ပြီးနောက် ပိုးအိမ်များစွာကို သယ်ဆောင်ကာ 'ဝိညာဉ်လက်ထပ်ပွဲ' တာဝန် ပြီးဆုံးကြောင်း တင်ပြရန် တာဝန်စင်တာသို့ ထွက်ခွာခဲ့သည်။
ဖူနင်သည် အဆင့်မြင့် တစ္ဆေစစ်သူကြီး အဆင့်၏အစောပိုင်းအဆင့်တွင် ရှိနေသည့်အပြင် ၎င်းပိုင်ဆိုင်သော ဝိညာဉ်နယ်ပယ်နှင့် ဝိညာဉ်ပေါင်းရာချီကိုပါ ဖမ်းဆီးနိုင်ခဲ့သော ကြောင့် ကျန်းလင် ရရှိလိုက်သောဆုလာဘ်များမှာ အဆင့် မြင့်ကျင့်ကြံခြင်းကတ် ၃ ခု၊ အလတ်စား ကျင့်ကြံခြင်းကတ် ၅ ခု၊ ဝိညာဉ်ကျောက်တုံး ၃၀ နှင့် မြေအောက်ငွေစ ၂၀,၀၀၀ ပင် ဖြစ်သည်။
သူ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် တာဝန်စင်တာမှ တာဝန်ရှိသူက လှမ်း၍သတိပေးလိုက်၏။
"လူကြီးမင်း... မကြာသေးခင်က ဝိညာဉ်တွေရဲ့ စွမ်းအားတွေ ရုတ်တရက် ခုန်တက်ကုန်တယ်ဆိုတဲ့ သတင်းတွေ ရထားပါတယ် ကျေးဇူးပြုပြီး သတိထားပါဦး"
ကျန်းလင် ခေါင်းညိတ်ပြရင်း "ကျေးဇူးတင်ပါတယ်" ဟု ဆိုလိုက်သည်။
……
ဝိညာဉ်တွေရဲ့ စွမ်းအားတွေ ရုတ်တရက် ခုန်တက်ကုန်တယ် ဟုတ်လား...
ဝိညာဉ်နယ်ပယ်ထဲမှ သူ ယူဆောင်လာသော ပစ္စည်းငါးမျိုးတွင်လည်း ထိုကဲ့သို့ စွမ်းအားရှိပေသည်။
ကျန်းလင်သည် သူ အမှတ် (၉) အဖွဲ့တွင် ရှိစဉ်က အသင်းခေါင်းဆောင်ထံ အပ်နှံခဲ့သော ပုတီးစေ့လေးကို ရုတ်တရက် သတိရသွား၏။
ဝိညာဉ်များ၏စွမ်းအားကို အချိန်တိုအတွင်း အဆမတန် မြင့်တက်စေနိုင်သော ထိုပုတီးစေ့လေး
ဤပစ္စည်းများအားလုံးမှာ တစ်နေရာတည်းက ဆင်းသက်လာခြင်းများ ဖြစ်နေနိုင်မလား
ထို 'ဝိညာဉ်ဆိုင်ရှင်' ဆိုသူကရော ဘယ်ကနေ ရောက်လာတာလဲ
သူ့ရဲ့ ရည်ရွယ်ချက်ကရော ဘာဖြစ်နိုင်မလဲ
တာဝန်စင်တာမှ ထွက်လာပြီးနောက် ကျန်းလင်သည် နန်းဆောင် (၁၈) သို့ တန်းမပြန်ဘဲ လမ်းခုလတ်မှ လမ်းကြောင်းပြောင်းကာ ကျန့်အန်းမင်းသားရှိရာ အမှတ် (၉) အဖွဲ့၏ ရုံးခန်းသို့ ဦးတည်လိုက်သည်။
အဘယ်ကြောင့်ဆိုသော်သူသည် ထိုပုတီးစေ့နှင့် ပတ်သက်၍ သတင်းအသစ်များ ရှိ၊ မရှိ သိလိုသောကြောင့်ပင်။
……
"နှမြောစရာပဲ၊ အဆင့်မြင့် တစ္ဆေစစ်သူကြီး အဆင့်ရှိတဲ့ အရောင်းအဝယ် အဖော်အဖက်တစ်ယောက်ကို ရှာရတာ မလွယ်ဘူး"
ရှေးဟောင်းဟန်ဖြင့် ပြင်ဆင်ထားသော အခန်းတစ်ခန်းအတွင်း၌
အနီရောင် ဝိညာဉ်မျက်နှာဖုံးကိုတပ်ဆင်ကာ အနက်ရောင် ဝတ်ရုံကို ဆင်မြန်းထားသော အမျိုးသားတစ်ဦးသည် သစ်သားစင်ဘေး၌ ရပ်နေသည်။
သူသည် လက်ထဲမှ အနီရောင်သစ်သားရုပ်လေးကို ကစားရင်း တောက်တစ်ချက် ခေါက်လိုက်၏။
"ဝိညာဉ်ဘုရင်အဆင့်ရှိတဲ့ တစ်ယောက်နဲ့ သွားတိုးလိမ့်မယ်လို့ မထင်ထားမိဘူး၊ သူမကတော့ တကယ့်ကို ကံဆိုးတာပဲ"
သူသည် နှမြောသယောင် စကားဆိုနေသော်လည်း အသံနေ အသံထားမှာမူ အနည်းငယ်မျှ ဝမ်းနည်းဟန်မရှိပါချေ။
ထိုအစား ဘေးထိုင်ပြောကာ ပွဲကြည့်နေသည့်နှယ် ပေါ့ပေါ့ပါးပါးပင် ရှိနေ၏။
"အရှင်... ဒါက ကျွန်တော်တို့အပေါ် တစ်ခုခု သက်ရောက်မှုရှိနိုင်မလား" အမှောင်ထုထဲမှ အဖိုးအိုတစ်ဦး ထွက်ပေါ်လာသည်။
ဝိညာဉ်ဆိုင်ရှင်သည် လက်ထဲမှ သစ်သားရုပ်လေးကို အေးအေးလူလူပင် ပြန်ချလိုက်ကာ "ဝိညာဉ်တမန်တော် တစ်ယောက်ပဲလေ၊ အောက်က ဝိညာဉ်တွေကို သတိထားခိုင်းလိုက်၊ အသေမခံစေနဲ့ဦး"
သူ့ စကားလုံးများထဲတွင် အထင်သေးသည့် အရိပ်အယောင်များ ကိန်းအောင်းနေ၏။
ထိုအခါ အဖိုးအိုမှာ အနောက်သို့ အနည်းငယ် ဆုတ်လိုက်မိပြီး မြင်လို့မရသော ဖိအားတစ်ခုရင်ဆိုင်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
"ဟုတ်ကဲ့ပါ"
ရုတ်တရက် ဝိညာဉ်ဆိုင်ရှင်သည် တံခါးဝဆီသို့ လှမ်းကြည့်လိုက်သည်။
ထို့နောက် သူ့ ကိုယ်ပေါ်တွင် ပေါ့ပေါ့ပါးပါး အမူအရာများ ပြန်လည် စီးဆင်းလာပြန်၏။
"အို... ဧည့်သည် ရောက်လာပြီပဲ"
ဒီဧည့်သည်ရဲ့ အရှိန်အဝါက... တကယ့်ကို အရသာရှိမယ့် ပုံစံမျိုးပါလား
……
"ကျောင်းသားတို့... မကြာခင်မှာ လပတ်စာမေးပွဲ ရှိမယ်၊ အားလုံး ပြင်ဆင်ထားကြ"
"ကျွမ်းယီဖန်... မင်း သေသေချာချာ စာမသင်နိုင်ဘူးလား မင်းခေါင်းထဲမှာ ဘာတွေ ထည့်ထားတာလဲ"
"စာကြိုးစားပါတယ် ဟုတ်လား"
" ဒါဆို ဆရာမက ဘာလို့ မင်းအတန်းထဲမှာ ငိုက်နေတယ်လို့ ပြောတာလဲ"
" မင်းရဲ့ အမှတ်စာရင်းကို ကိုယ်တိုင်ကြည့်လိုက်ဦး"
"မင်း ဒီအတိုင်း ဆက်သွားနေရင် အထက်တန်းကျောင်းတောင် အောင်မှာ မဟုတ်ဘူး၊ ကျောင်းတက်နေလို့ရော ဘာထူးမှာလဲ"
……
ညဉ့်နက်သန်းခေါင်ယံ၊ လမ်းဘေးရှိ ဆိုင်ခန်းများမှာ တစ်ဆိုင်ပြီးတစ်ဆိုင် ပိတ်သိမ်းကုန်ကြပြီ ဖြစ်သည်။
လမ်းမီးတိုင်များ၏ အားနည်းသော အလင်းရောင်အောက်တွင်မူ ခြင်နှင့် ပိုးကောင်လေးများမှာ လှည့်ပတ် ပျံသန်းနေကြ၏။
'ဂျွမ်း...'
နောက်ဆုံး ကျန်ရှိသော ကုန်စုံဆိုင်လေးမှာလည်း တံခါးချကာ ပိတ်သိမ်းသွားတော့သည်။
ထိုနေရာတွင် အသက် ၁၅ နှစ်၊ ၁၆ နှစ်အရွယ် လူငယ်လေးတစ်ဦးသည် လမ်းဘေး၌ ဆောင့်ကြောင့်ထိုင်ကာ လက်ထဲမှ သစ်ခက်လေးဖြင့် မြေပြင်ပေါ်ရှိ ပုရွက်ဆိတ်တွင်းကို အဓိပ္ပာယ်မဲ့စွာ ထိုးဆွနေမိသည်။
သူ့ ဘေးနားတွင်မူ ကျောင်းလွယ်အိတ်ကို ပစ်စလက်ခတ် ချထား၏။
မြေပြင်ပေါ်တွင်လည်း ဆွဲဖြဲထားသော လေ့ကျင့်ခန်းစာအုပ်များနှင့် စာအုပ်များမှာ ပြန့်ကျဲနေသည်။
၎င်းတို့အပေါ်တွင် မှင်ဖြင့် ရေးသားထားသော စာလုံးများ ပြည့်နှက်နေသော်လည်း ယခုအခါတွင်မူ အမှိုက်သရိုက်သဖွယ် စွန့်ပစ်ခြင်း ခံထားရသည်။
ကားများ ဖြတ်မောင်းသွားတိုင်း ပူနွေးသော လေနှင့်အတူ မြေပြင်ပေါ်မှ စာရွက်အပိုင်းအစများမှာ လေထဲသို့ လွင့်ပါသွားကြ၏။
"ကျွန်တော် စာကျက်တာပဲ... တကယ် စာကျက်တာပါ..."
"ဒါပေမဲ့ ခေါင်းထဲကို မဝင်တာ၊ မဝင်ဘူး ဖြစ်နေတာ"
"ကျွန်တော်လည်း မတတ်နိုင်ဘူးလေ၊ ကျွန်တော့်ခေါင်းကို ဖွင့်ကြည့်မလား၊ အထဲမှာ ဘာတွေရှိလဲလို့"
ကျွမ်းယီဖန်သည် မြေပြင်ကို စိုက်ကြည့်နေသော်လည်း မျက်ဝန်းများမှာမူ ဗလာနတ္ထိ ဖြစ်နေသည်။
သူ၏ နှုတ်ခမ်းမှလည်း တတွတ်တွတ် ရေရွတ်နေမိ၏။
"ဘာလို့လဲ၊ ငါ အဲဒီစာလုံးတွေကို အကုန်သိပါတယ်၊ ဒါပေမဲ့ ဘာလို့ တွက်လို့မရတာလဲ"
"ခက်လိုက်တာ... တခြားသူတွေကိုပဲ လုပ်ခိုင်းလိုက်ရင် ကောင်းမလား၊ ငါ မလုပ်တော့ဘူးနော်"
သူ တစ်ခွန်းပြောတိုင်း သူ့ ကိုယ်ပေါ်ရှိ အနက်ရောင် မြူခိုးများမှာ ပိုမိုထူထပ်လာပြီး သူ့ ခန္ဓာကိုယ်ကို ဝါးမြိုရန်အား ထုတ်နေသကဲ့သို့ ရှိနေသည်။
ရုတ်တရက်...
သူသည် မိန်းမောစွာဖြင့် ထရပ်လိုက်ပြီး လမ်းကြားလေးတစ်ခုအတွင်းသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်ဝင်သွားတော့ သည်။
ထိုနေရာတွင် တစ်ခုခုက သူ့ကို လှမ်းခေါ်နေသကဲ့သို့ပင်...
လမ်းကောက်လေးများအတွင်း လှည့်ပတ်သွားလာပြီးနောက် အလင်းရောင်တစ်ချက်ကို သူ မြင်လိုက်ရသည်။
ဤမျှ တိတ်ဆိတ်လှသောနေရာ၌ ဆိုင်တစ်ဆိုင် ဖွင့်ထားဆဲ ဖြစ်နေ၏။
"ကလေးလေး... ဘာဝယ်မလို့လဲ"
ကျွမ်းယီဖန် လှည့်ကြည့်လိုက်သည့်အခါ ကောင်တာရှေ့တွင် အဖိုးအိုတစ်ဦး ရပ်နေသည်ကို သတိပြုမိလိုက်သည်။
ဤဆိုင်၏ ပိုင်ရှင်ဖြစ်ပေလိမ့်မည်။
သူသည် ဤဆိုင်ကို ကြည့်လိုက်၏၊ ကုန်စုံဆိုင်နှင့် ဆင်တူလှသဖြင့် အမှတ်မထင် မေးလိုက်မိသည်။
"ဒီမှာ ဘာတွေ ရောင်းသလဲ"
အဖိုးအိုက ပြုံးလိုက်ကာ "အကုန်လုံး ရှိပါတယ်၊ မင်း ဘာလိုအပ်လို့လဲ"
"……"
ကျွမ်းယီဖန်၏အကြည့်မှာ စင်များပေါ်သို့ ဝေဝေဝါးဝါး ကျရောက်သွားသည်။
'သူ ဘာလိုအပ်သလဲ '
'သူ တကယ် ဘာလိုချင်နေတာလဲ'
"ငါ ထင်တာတော့... မင်း ဒါကို လိုအပ်လိမ့်မယ်"
ကောင်တာရှေ့မှ အဖိုးအိုသည် ဘယ်အချိန်က ထသွားသည် မသိ၊ စင်ပေါ်မှ စုတ်တံ (သို့မဟုတ် ဘောပင်) တစ်ချောင်းကို ယူကာ ကမ်းပေးလိုက်သည်။
"ဒီစုတ်တံက... မင်းလိုချင်တဲ့ ဘယ်အဖြေကိုမဆို ရေးပေးနိုင်လိမ့်မယ်"
'ဘယ်အဖြေကိုမဆို ဟုတ်လား'
ကျွမ်းယီဖန်သည် ထိုစုတ်တံကို မိန်းမောစွာဖြင့် လှမ်းယူလိုက်သည်။
သူ သတိပြန်ဝင်လာချိန်တွင် လမ်းမပေါ်၌ ကားတစ်စီး ဖြတ်မောင်းသွား၏။
ခြေရင်းတွင်မူ သူ လွှင့်ပစ်ထားသော ကျောင်းလွယ်အိတ် ရှိနေပြီး စာရွက်အပိုင်းအစများမှာ အတော်များများ လွင့်ပါသွားပြီ ဖြစ်သည်။
ကျွမ်းယီဖန် ထိတ်လန့်သွားရ၏။
'သူ ဒီည ဘာတွေ လုပ်နေမိတာလဲ.....'
သူသည် မြေပြင်ပေါ်မှ ကျန်ရှိသော စာရွက်အပိုင်းအစများကို အလျင်အမြန် ကောက်ယူလိုက်သည်။
အိမ်ရောက်ရင် ပြန်ကပ်လို့ရမလား ကြည့်ရမည်။
' အဖေနဲ့အမေ သိသွားရင်တော့ သွားပြီပဲ'
ထို့နောက်သူ လက်ပတ်နာရီကို ကြည့်လိုက်သည့်အခါ 'ဘုရားရေ! ဒီလောက်တောင် နောက်ကျသွားပြီလား' ဟုရေရွတ်လိုက်တော့သည်။
လက်ထဲမှ စုတ်တံကိုလည်း ခဲတံအိတ်ထဲသို့ ထည့်လိုက်ပြီးနောက် သူသည် အိမ်သို့ အပြေးအလွှား ပြန်သွားတော့၏။
……
မြေအောက်ကမ္ဘာ
ကျန်းလင်သည် အမှတ် (၉) အဖွဲ့၏ရုံးခန်းသို့ ရောက်ရှိသွားချိန်တွင် ကျန့်အန်းမင်းသားမှာ အပြင်မှပြန်ရောက်လာပုံရသည်။
ဤသည်မှာ ကျန်းလင်ကို အနည်းငယ် အံ့အားသင့်စေခဲ့၏။
သူ့ အမှတ်ရမှုအရ ကျန့်အန်းမင်းသားသည် ရုံးခန်းမှထွက်ခွာလေ့ မရှိသလောက်ပင်။
"မင်း ရောက်လာတာ အတော်ပဲ"
ကျန်းလင်ကိုမြင်သည်နှင့် ကျန့်အန်းမင်းသားက ရုံးခန်းအတွင်းသို့ ခေါ်ဆောင်သွားသည်။
သူတို့ ထိုင်လိုက်ကြပြီးနောက် သူက ဆက်ပြောသည်။
"မင်း အရင်က ယူလာပေးတဲ့ ပုတီးစေ့နဲ့ တခြားအဖွဲ့ဝင်တွေ ယူလာပေးတဲ့ အလားတူပစ္စည်းတွေကို ငါ လေ့လာကြည့်ပြီးပြီ"
"ငါ သံသယရှိတာက... အဲဒီပစ္စည်းတွေထဲမှာ 'သက်ရှိ' တစ်ခုခု ရှိနေနိုင်တယ်"
ကျန်းလင်၏ စိတ်ထဲတွင် ထိတ်ခန့်သွားရသည်။
"သက်ရှိကို ချိပ်ပိတ်ပြီး ဝိညာဉ်လက်နက် လုပ်ထားတာလား"
"အခုထိတော့ အတည်မပြုနိုင်သေးဘူး"
ကျန့်အန်းမင်းသားက ပြောလိုက်သည်။
"ငါ အဲဒီပစ္စည်းတွေကို ဝိညာဉ်လက်နက်ပန်းပဲဖို ဆီ ပို့ပြီး စစ်ဆေးခိုင်းထားတယ်၊ မကြာခင်မှာ ရလဒ် ထွက်လာလိမ့်မယ်"
ဝိညာဉ်လက်နက်ဖို ဆိုသည်မှာ မြေအောက်ကမ္ဘာ၏လက် အောက်ခံဖြစ်ပြီး ဝိညာဉ်လက်နက်များအား သီးသန့် ပြုလုပ်သော နေရာဖြစ်သည်။
ကျန်းလင်တို့ ကိုင်ဆောင်သော ဝိညာဉ်ခေါ်တံပိုးစသည်တို့မှာ ထိုနေရာမှ ထွက်ပေါ်လာခြင်းဖြစ်သည်။
အကယ်၍ တခြားသော ဝိညာဉ်များက ဝိညာဉ်လက်နက် ပြုလုပ်လိုလျှင် အဆင့်ဆင့် စစ်ဆေးမှုများကို ဖြတ်သန်းရမည် ဖြစ်သည်။
မည်သူက ပြုလုပ်သနည်း၊ မည်သည့်လက်နက်ကိုရရှိသနည်း စသည်ဖြင့် မှတ်တမ်းတင်ထားရ၏။
သို့သော် ဝိညာဉ်လက်နက် ပြုလုပ်ရန် လိုအပ်သော ကုန်ကြမ်းနှင့် လက်ခမှာ အလွန်မြင့်မားလှသည်။
သာမန် ဝိညာဉ်များအနေဖြင့် ထိုသို့ ပြုလုပ်ရန် အခွင့်အရေး မရှိသလောက်ပင်။
"ဒါနဲ့... မင်း အခု လာတာက ဘာကိစ္စရှိလို့လဲ"
ဝိညာဉ်လက်နက် ကိစ္စ ပြောပြီးနောက် ကျန့်အန်းမင်းသားက မေးမြန်းလိုက်သည်။
ကျန်းလင်သည် ဝိညာဉ်နယ်ပယ်မှ ရှာဖွေတွေ့ရှိခဲ့သော ပစ္စည်းငါးမျိုးကို ထုတ်ယူလိုက်ကာ
"ကျွန်တော် လာတာကလည်း ဒီကိစ္စအတွက်ပါပဲ"
……
အမှတ် (၉) အဖွဲ့ရုံးခန်းမှ ထွက်လာပြီးနောက် ကျန်းလင်သည် ကျန့်အန်းမင်းသား၏စကားများကို ပြန်လည် စဉ်းစားနေမိသည်။
ရာထူးတိုးသွားသော ဝိညာဉ်ရဲမက် အသစ်ငါးဦးကိုလည်း ဝါရင့်စီနီယာများနောက်တွင် အချိန်အနည်းငယ် ထပ်မံလိုက်ပါခိုင်းရန် ဆုံးဖြတ်လိုက်၏။
သူ တစ်ခုခုကို ကြိုတင် ခံစားနေရသည်၊ မကြာခင်မှာ အခြေ အနေတွေက တည်ငြိမ်လိမ့်မည် မဟုတ်ပါချေ။
'ဝိညာဉ်လက်နက်ထဲမှာ ချိပ်ပိတ်ခံထားရတဲ့ သက်ရှိတွေ ဟုတ်လား...'
သူ စဉ်းစားမိသမျှထဲတွင် ထိုသို့ဖြစ်နိုင်သော အရာမှာ အနည်းငယ်သာ ရှိပေသည်။