← Chapters

အခန်း (၁၃၅-၁၃၆)

Vol. 14 Ch. 135-136

အခန်း (၁၃၅-၁၃၆)

Vol. 14 Ch. 135-136

🫧 Chapter 135

"ကျွမ်းယီဖန်... နင် စာမေးပွဲ ဖြေတာဘယ်လိုလဲ"

လပတ်စာမေးပွဲ ပြီးဆုံးသွားသည့်နောက် ကျောင်းသားအားလုံး မိမိတို့အတန်းထဲသို့ ပြန်ရောက်လာကြသည်။

ချူရှောင်ယွမ်သည် တစ်ကိုယ်လုံးကို အညောင်းဆန့်လိုက်ရင်း ဘေးနားရှိ အတန်းဖော်ကို စပ်စုချင်စိတ်ဖြင့် လှမ်းကြည့်လိုက်၏။

သို့သော် သူမ၏ အမေးကို တုံ့ပြန်လိုက်သည်မှာ စာအုပ်လှန်သံများပင် ဖြစ်သည်။

ဤတစ်ခေါက် လပတ်စာမေးပွဲတွင် ဘာသာရပ်တစ်ခု ဖြေဆိုပြီးတိုင်း ကျွမ်းယီဖန်သည် စာအုပ်ကို မလှန်ဘဲ မနေနိုင်ခဲ့ပါချေ။

သူသည် စာအုပ်အတွင်းရှိ သင်ခန်းစာအချက်အလက်များနှင့် မှတ်စုများကို ရူးသွပ်စွာ လှန်လှောကြည့်ရှုနေမိသည်။

ထို့ပြင် စာမေးပွဲမေးခွန်းထဲမှ အချို့သောပုစ္ဆာများသည် သင်ရိုးစာအုပ်ထဲရှိ ပုစ္ဆာပုံစံမျိုးများနှင့် အတူတူပင် ဖြစ်နေ၏။

ပုစ္ဆာတော်တော်များများကို သူ သေချာပေါက်တွက်ဖူးပါသည်။

သို့သော် စာမေးပွဲဖြေနေစဉ်တွင်မူ သူသည် အကုန်လုံးကို မေ့လျော့နေခဲ့ပြီး တွက်ဖူးသလိုလိုသာ ဝေဝေဝါးဝါး မှတ်မိနေခဲ့ခြင်းဖြစ်သည်။

ချူရှောင်ယွမ်သည် သူ့ အမူအရာကို ကြည့်ကာ ဘာမှ ထပ်မမေးတော့ဘဲ နှစ်သိမ့်လိုက်၏။

"ငါလည်း ပုံသေနည်း တော်တော်များများကို မေ့သွားသေး တာပဲ။ စာမေးပွဲလည်း ပြီးသွားပြီဆိုတော့ စိတ်လျှော့လိုက်ပါတော့"

"စိတ်လျှော့လို့ မရဘူး... စိတ်လျှော့လို့ မရဘူး..."

ကျွမ်းယီဖန် တိုးတိုးလေး ရေရွတ်နေသည်။

"အမှတ်ကောင်းမှ ရမယ်၊ အကုန်ဖြေနိုင်မှ ဖြစ်မယ်"

"နင်ပြောတာ မှန်တယ်၊ အမှတ်ကောင်းကောင်း ရအောင် ကြိုးစားရမယ်၊ နောက်တစ်ခါကျရင် အခုထက် ပိုတိုးတက်လာမှာပေါ့"

ရှောင်ယွမ်က လက်သီးကို ဆုပ်ကာ အားပေးလိုက်၏။

ထိုခဏတွင် စာအုပ်လှန်သံများက ရပ်တန့်သွားသည်။

ထို့နောက် ကျွမ်းယီဖန်သည် ခေါင်းကို ဝုန်းခနဲ မော့လာပြီး သွေးကြောများ ယှက်သန်းနေသော မျက်ဝန်းများဖြင့် သူမကို စိုက်ကြည့်လိုက်၏။

သူ့ နှုတ်ခမ်းထောင့်တွင် ထူးဆန်းသော အပြုံးတစ်ခု ရှိနေသည်။

"မလိုတော့ဘူး... ငါ အမှတ်ပြည့် ရပြီးပြီ"

"ဘာ... ဘာပြောတာလဲ"

"ငါ အကုန်ဖြေနိုင်ခဲ့တယ်၊ အကုန်လုံး မှန်တယ်"

"တကယ်ကြီးလား နင်က ဒီလောက်တောင် ယုံကြည်မှု ရှိနေတာလား"

ရှောင်ယွမ်သည် သူ့ကို မယုံကြည်နိုင်စွာ ကြည့်နေမိသည်။

သို့သော် ကျွမ်းယီဖန်သည် စာအုပ်ကို ပိတ်ကာ အကြည့်ကို လွှဲသွားပြီ ဖြစ်သည်။

အိတ်ကပ်ထဲရှိ သူ့ လက်များကမူ ထိုစုတ်တံလေးကို အသာအယာ ပွတ်သပ်နေမိ၏။

ဖြေနိုင်ခဲ့ပြီ....

အကုန်လုံးကို ဖြေနိုင်ခဲ့ပြီ....

စာမေးပွဲ ဖြေနေစဉ်အတွင်း သူ့ ဦးနှောက်မှာ ဗလာဖြစ်နေခဲ့သော်လည်း ထိုစုတ်တံကို ကိုင်လိုက်သည့်အခါတွင်မူ သူ၏ လက်မှာ အလိုလိုလှုပ်ရှားသွားခဲ့သည်။

ပုံသေနည်းများ၊ သင်ခန်းစာ အချက်အလက်များမှာ အဖြေလွှာပေါ်သို့ တရစပ် ကျရောက်သွားခဲ့၏။

ဘာသာရပ်တစ်ခု ဖြေဆိုပြီးတိုင်း သူ စာအုပ်ပြန်လှန်ကြည့်သည့်အခါ မှန်ကန်နေခဲ့ပါသည်။

သင်ခန်းစာ အချက်အလက် တော်တော်များများနှင့်တွက် ချက်ပုံ အဆင့်ဆင့်မှာ အကုန်လုံးမှန်ကန်နေခဲ့ခြင်းဖြစ်သည်။

သူ့တွင် ထူးဆန်းသော ယုံကြည်မှုတစ်ခုရှိနေသည်၊ ဤစုတ်တံဖြင့် ဖြေဆိုခဲ့သော စာမေးပွဲမှာ သေချာပေါက် အမှတ်ပြည့် ရလိမ့်မည်။

ကျွမ်းယီဖန် စိတ်ထဲတွင် စိတ်လှုပ်ရှားမှုများ ပြင်းထန်လာ၏။

'ဒီစုတ်တံအကြောင်းကို တခြားသူတွေ ဘယ်တော့မှ မသိစေရဘူး'

သူသည် တခြားသူများ၏အာရုံကို လွှဲရန်အတွက် စုတ်တံအများအပြားကို ထပ်မံဝယ်ယူရပေဦးမည်။

……

"တစ်ကျောင်းလုံးမှာ ပထမ ကျွမ်းယီဖန်... ဒါ တကယ်ပဲ မင်း ဖြေခဲ့တာလား"

ကျွမ်းယီဖန်၏မိခင်သည် အမှတ်စာရင်းကို ကြည့်ရင်း သူမ မျက်စိမှားနေသလားဟု သံသယ ဝင်နေမိသည်။

ကျွမ်းယီဖန်က ခေါင်းမော့ကာ အခိုင်အမာ ပြောလိုက်သည်။

"သေချာတာပေါ့ မေမေ၊ ဆရာမတွေက ကျွန်တော့်အတွက် သက်သေခံပေးနိုင်ပါတယ်"

"အခုတောင် မေမေ့ရှေ့မှာ ဒီမေးခွန်းတွေကို ပြန်တွက်ပြလို့ ရသေးတယ်"

သားဖြစ်သူ ကိုယ်တိုင် ဖြေဆိုခဲ့သော အမှတ်များဖြစ် ကြောင်း အတည်ပြုပြီးနောက် ကျွမ်းယီဖန်၏ မိခင်မှာ အတိုင်းမသိ ဝမ်းသာသွားတော့သည်။

သူမသည် သားဖြစ်သူကို တင်းတင်းကျပ်ကျပ် ဖက်လိုက်ရင်း "ဖန်ဖန်က အခုလို တော်လာမယ်လို့ မေမေ မထင်ထားဘူး"

"ဒီရက်ပိုင်း စာကျက်ရတာ ပင်ပန်းနေပြီလား ဘာစားချင်လဲ ပြော၊ မေမေ ချက်ပေးမယ်"

သူမ၏ အပြုံးကို ကြည့်ရင်း ကျွမ်းယီဖန်လည်း လိုက်ပြုံးမိသည် "ဘာဖြစ်ဖြစ် ရပါတယ် မေမေ၊ မေမေ ဖေဖေ့ဆီ သွားကြည့်လိုက်ဦးလေ၊ ကျွန်တော် အိမ်စာ အရင်လုပ်လိုက်ဦးမယ်"

"အေးအေး... ဖန်ဖန် ကြိုးစားနော်! မေမေ အနှောင့်အယှက် မပေးတော့ဘူး"

မိခင်ဖြစ်သူမှာ ဝမ်းသာအားရဖြင့် ဘေးအခန်းသို့ သွားကာ ခင်ပွန်းဖြစ်သူကို သတင်းကောင်းပါးတော့သည်။

"ကိုကြီးရေ... ဖန်ဖန်က အခု စာတွေ အရမ်းတော်နေပြီ၊ သူ ဒီတစ်ခေါက် ဘယ်လောက် အမှတ်ရလဲ သိလား..."

……

အိပ်ခန်းထဲတွင် ကျွမ်းယီဖန်သည် လေ့ကျင့်ခန်းစာအုပ်ကို ထုတ်ကာ စတင် တွက်ချက်နေတော့သည်။

သူသည် ထိုအနက်ရောင် စုတ်တံကိုကိုင်ကာ အဖြေများကို လျင်မြန်စွာ ရေးသားလိုက်၏။

မိနစ်နှစ်ဆယ်ခန့်အတွင်းမှာပင် သူသည် အိမ်စာအားလုံးကို လုပ်ဆောင်ပြီးသွားခဲ့သည်။

ထို့နောက် သူသည် စားပွဲပေါ်ရှိ အိမ်စာများကို သိမ်းဆည်းရင်း တိုးတိုးလေး ရေရွတ်နေမိသည်။

"မလောက်ဘူး... မလောက်သေးဘူး... အိမ်စာတွေက နည်းလွန်းတယ်"

သူ ထပ်လုပ်ချင်သေးသည်။

လက်တွေက ထပ်လုပ်ချင်နေသေးတယ်

……

"ဘုရားရေ... ကျွမ်းယီဖန်၊ မင်း ဒီရက်ပိုင်း အရမ်း ကြိုးစားနေတာပဲ"

ချူရှောင်ယွမ်သည် ကျွမ်းယီဖန်၏ စားပွဲပေါ်ရှိ အသစ်ဝယ်ထားသော မေးခွန်းဟောင်းများနှင့် လေ့ကျင့်ခန်း စာအုပ်ပုံကြီးကို ကြည့်ကာ မိမိကိုယ်ကိုယ်ပင် သံသယဝင်လာမိသည်။

"မင်း..."

ကျွမ်းယီဖန် မျက်နှာကို မြင်လိုက်ရသည့်အခါ သူမ၏ စကားလုံးများမှာ ထစ်ခနဲ ရပ်တန့်သွားပြီး မျက်လုံးများ ပြူးကျယ်သွားရသည်။

ဒါ သူမရဲ့ အတန်းဖော် တကယ်ပဲလား....

ရက်အနည်းငယ်အတွင်းမှာတင် ကျွမ်းယီဖန်၏ ပါးပြင်များမှာ ချိုင့်ဝင်သွားခဲ့သည်။

သူ၏မျက်လုံးအတွင်းရှိ သွေးကြောများမှာလည်း အထင်အ ရှား ပေါ်လွင်နေပြီး မျက်ကွင်းများမှာလည်း ညိုမည်းနေ၏။

မျက်နှာတစ်ခုလုံးမှာလည်း ဝါဖတ်နေကာ တစ်ကိုယ်လုံး၏ အခြေအနေမှာ အလွန်ပင်ဆိုးရွားနေပုံရသည်။

ထို့ကြောင့် ရှောင်ယွမ်က စိုးရိမ်တကြီး မေးလိုက်မိသည်။

"နင် နေမကောင်းဖြစ်နေတာလား"

"ဘာတွေ ပြောနေတာလဲ၊ ငါက ဘယ်လိုလုပ် နေမကောင်း ဖြစ်မှာလဲ"

ကျွမ်းယီဖန်သည် မေးခွန်းစာအုပ် တစ်အုပ်ကို ဖွင့်လိုက်ကာ စိတ်လှုပ်ရှားစွာဖြင့် "ကဲ... ငါ ပုစ္ဆာတွက်တော့မယ်၊ မင်းနဲ့ စကားမပြောတော့ဘူး"

သူသည် ထိုစုတ်တံကို ကိုင်ကာ ရူးသွပ်စွာဖြင့် ပုစ္ဆာများကို တရစပ် တွက်ချက်နေတော့သည်။

ရှောင်ယွမ်သည် ဘာကြောင့်မှန်းမသိဘဲ ဤအတန်းဖော်ကို ကြောက်စရာကောင်းသည်ဟု ခံစားလိုက်ရ၏။

ထို့နောက်သူမသည် ဘေးသို့ အနည်းငယ် တိုးလိုက်ရင်း ဝေခွဲမရစွာ ပြောလိုက်သည်။

"စာကျက်တာလည်း ကျန်းမာရေး ဂရုစိုက်ဦးလေ၊ နင် သတင်းတွေ မကြည့်ဘူးလား၊ အိပ်ရေးပျက်တာ ဒါမှမဟုတ် စိတ်ဖိစီးမှု အရမ်းများရင် လူက ရုတ်တရက် သေသွားတတ်တယ်တဲ့"

"……"

သူမ၏ စကားကို တုံ့ပြန်လိုက်သည်မှာ စာရွက်ပေါ်သို့ စုတ်တံ ကျရောက်သွားသော 'ရှပ်... ရှပ်...' ဟူသည့် အသံများပင် ဖြစ်သည်။

ကျွမ်းယီဖန်သည် ခေါင်းကိုပင် မော့မလာခဲ့ပါချေ။

……

အိမ်ထဲတွင် ကျွမ်းယီဖန်၏ မိခင်သည် ခင်ပွန်းဖြစ်သူကို တစ်ဖက်သို့ လှည့်ပေးရင်း တတွတ်တွတ် ပြောနေမိသည်။

"ကိုကြီးရေ... ဖန်ဖန်က အခု အသိဝင်သွားပြီ၊ စာကျက်တာကို အရမ်း ဝါသနာပါနေတာ၊ ဆရာမတွေတောင် သူ့ကို ချီးကျူးနေကြတယ်"

ကုတင်ပေါ်ရှိ အမျိုးသားမှာမူ ပါးစပ်မှာ ရွဲ့စောင်းနေပြီး ထူးဆန်းသော အသံများကိုသာ ထွက်ပေါ်နေစေသည်။

သူက ပြုံးနေတာလား၊ ဒါမှမဟုတ် စကားပြောချင်နေတာလား ဆိုသည်ကို မသိနိုင်ပါချေ။

မိခင်ဖြစ်သူက တစ်ရှူးဖြင့် သူ့ နှုတ်ခမ်းထောင့်ကို သုတ်ပေးလိုက်၏။

"ဝမ်းသာလိုက်စမ်းပါ၊ သားလေးက အားကိုးရတော့မယ်"

"ကိုကြီးလည်း မြန်မြန်နေကောင်းလာမှ ဖြစ်မယ်"

"ဒါပေမဲ့ သား ဒီအတိုင်း ဆက်သွားရင်တော့ မဖြစ်ဘူး၊ ညနေက ကြက်စွပ်ပြုတ် ပြုတ်ထားတာရှိတယ်၊ သူ့ဆီ သွားပို့ပေးလိုက်ဦးမယ်"

အမျိုးသားမှာ ပါးစပ်ကြီး ရွဲ့စောင်းလျက်နှင့်ပင် ပြုံးရန် ကြိုးစားနေပုံရသည်။

မိခင်ဖြစ်သူသည် အခန်းပြင်သို့ထွက်ကာ မီးဖိုချောင်မှ စွပ်ပြုတ်တစ်ပန်းကန်ကို ခပ်ယူလိုက်ပြီး ကြက်ပေါင်နှစ်ခု ထည့်လိုက်သည်။

ထို့နောက် သားဖြစ်သူ၏ အိပ်ခန်းတံခါးကို ခေါက်လိုက်၏။

"ဖန်ဖန်... မေမေ ကြက်စွပ်ပြုတ် ယူလာပေးတယ်၊ ဒါလေး သောက်ပြီးမှ ဆက်ကျက်နော်"

"သိပြီ"

အတွင်းမှ အသံကြားရသဖြင့် မိခင်ဖြစ်သူသည် တံခါးကို ဖွင့်ဝင်သွားကာ စွပ်ပြုတ်ပန်းကန်ကို စားပွဲဘေးတွင် ချထားပေးလိုက်သည်။

"စွပ်ပြုတ် သောက်ဖို့ မမေ့နဲ့ဦးနော်"

"သိပြီလို့"

မိခင်ဖြစ်သူမှာ အနောက်သို့ တလှည့်စီ ပြန်ကြည့်ရင်း ထွက်လာခဲ့သည်။

သားဖြစ်သူ စာအုပ်ထဲ ခေါင်းနှစ်ပြီး ပုစ္ဆာတွက်နေသည့် ပုံစံကို ကြည့်ကာ ဝမ်းသာရမည် ဖြစ်သော်လည်း... သူမ၏ စိတ်ထဲတွင် တစ်ခုခု ထူးဆန်းနေသကဲ့သို့ ခံစားနေရသည်။

"ဖန်ဖန်... ခဏလောက် အနားယူဦးမလား ပုစ္ဆာတွေက တွက်လို့ ကုန်မှာ မဟုတ်ဘူး၊ တကယ်လို့ အဆင်မပြေရင် မေမေ ဆရာမဆီ ဖုန်းဆက်ပေးမယ်လေ"

"ဘယ်သူက ဖုန်းဆက်ခိုင်းလို့လဲ"

ကျွမ်းယီဖန်သည် ခေါင်းကို ဝုန်းခနဲ မော့လာ၏။

သူ့ မျက်ဝန်းများထဲတွင် ရူးသွပ်မှုများ ပြည့်နှက်နေသည် "ကျွန်တော် ပုစ္ဆာတွက်ချင်တာ"

"ပုစ္ဆာတွက်ရတဲ့ ပျော်ရွှင်မှုကို မေမေ ဘယ်တော့မှ နားလည်မှာ မဟုတ်ဘူး"

သူသည် မိခင်ဖြစ်သူကို ကြောက်စရာကောင်းသော အမူအရာဖြင့် စိုက်ကြည့်လိုက်၏ "မေမေက ကျွန်တော့်ရဲ့ ပျော်ရွှင်မှုကို လုယူချင်တာလား"

"စာကျက်တာက မကောင်းဘူးလား"

မိခင်ဖြစ်သူမှာလည်း ထိတ်လန့်သွားရသည်။

"ကောင်း... ကောင်းပါတယ်၊ စာကျက်တာ ကောင်းတာပေါ့၊ သား စိတ်မပူနဲ့၊ မေမေ အနှောင့်အယှက် မပေးတော့ဘူး"

သူမသည် အလျင်အမြန် အခန်းပြင်သို့ ထွက်လာခဲ့ပြီး ထပ်မံ စကားမပြောရဲတော့ပါချေ။

အခန်းအတွင်း၌ ကျွမ်းယီဖန်သည် စားပွဲပေါ်ရှိ မပြီးသေးသော မေးခွန်းလွှာများကို ကြည့်လိုက်၏။

'ဖတ်'

ထို့နောက်သူသည် ထရပ်လိုက်ပြီး ကျောင်းလွယ်အိတ်ကို စတင် သိမ်းဆည်းတော့သည်။

"သူတို့တွေ ဘာမှ နားမလည်ကြဘူး ဘာမှ မသိကြဘူး ငါစာအေးအေးဆေးဆေး ကျက်လို့ရမယ့် နေရာတစ်ခုကို သွားရှာမှ ဖြစ်မယ်"

ညဉ့်နက်သန်းခေါင်ယံ

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေချိန်တွင် ပုံရိပ်တစ်ခုသည် ကျောင်းလွယ်အိတ်ကို လွယ်ကာ အိမ်ထဲမှ တိတ်တဆိတ် ထွက်ခွာသွားခဲ့တော့သည်။

……

နောက်တစ်နေ့

ကျွမ်းယီဖန် ပျောက်ဆုံးသွားခဲ့ပြီ

ကျောင်းမှာရော၊ အိမ်မှာပါ သူ့ကို ဘယ်သူမှ ရှာမတွေ့တော့ပါချေ။

🫧 Chapter 136

မြို့ပြင်....

စွန့်ပစ်ထားသော အိမ်အိုတစ်လုံးအတွင်း၌ ကျွမ်းယီဖန်၏ ရုပ်အလောင်းမှာ မြေပြင်ပေါ်တွင် ငြိမ်သက်စွာ လဲလျောင်းနေသည်။

ပြူးကျယ်နေသော သူ့မျက်ဝန်းအစုံမှာလည်း သွေးကြောများဖြင့် နီရဲလျက်ရှိ၏။

သူ့ ပတ်ဝန်းကျင်တစ်ခုလုံးတွင်မူ စာမေးပွဲအဖြေလွှာများနှင့် လေ့ကျင့်ခန်းစာအုပ်များမှာ ပြန့်ကျဲနေသည်။

အကယ်၍ တစ်ဦးတစ်ယောက်ကသာ ထိုအဖြေများကို သေသေချာချာ စစ်ဆေးကြည့်မည်ဆိုပါက အဖြေအားလုံးမှာ မှန်ကန်နေသည်ကို တွေ့ရပေလိမ့်မည်။

အချို့သော အဖြေများမှာ စံပြအဖြေများထက်ပင် ပိုမိုကောင်းမွန်နေသေး၏။

ရုတ်တရက် ထိုစွန့်ပစ်အိမ်၏ တံခါးတစ်ချပ် ပွင့်လာသည်။

ထို့‌နောက်အဖိုးအိုတစ်ဦး ထွက်လာပြီးနောက် ကျွမ်းယီဖန်၏ လက်ထဲမှ ထိုစုတ်တံကို ကောက်ယူလိုက်၏။

ဤမျက်နှာမှာ ထိုညက ကျွမ်းယီဖန်ထံသို့ စုတ်တံရောင်းချခဲ့သော 'ဆိုင်ရှင်' ပင် ဖြစ်သည်။

……

အဖိုးအို၏ နောက်ကွယ်မှ မျက်နှာဖုံးတပ်ထားသော ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

သူ့ ခြေလှမ်းများမှာ မိမိအိမ်ဦးပြင်တွင် လမ်းလျှောက်နေသကဲ့သို့ အေးဆေးတည်ငြိမ်ပြီး လွတ်လပ်မှု ရှိလှ၏။

သူ ထွက်လာခဲ့သော တံခါးချပ်၏ အနောက်ဘက်တွင်မူ ရှေးဟောင်းဟန်ဖြင့် ပြင်ဆင်ထားသော အခန်းတစ်ခန်း ရှိနေသည်။

ထိုအခန်းအတွင်းရှိ ကုန်ပစ္စည်းစင်များပေါ်တွင် အမျိုးမျိုးသော ပစ္စည်းများမှာ စီရီလျက်ရှိ၏။

ယခင်တစ်ခေါက်ထက်ပင် ပိုမိုများပြားလာပုံရသည်။

အဖိုးအိုသည် လက်ထဲမှ စုတ်တံကို ပိုးသားပုဝါဖြင့် သေသေ ချာချာ သုတ်သင်လိုက်ပြီးနောက် အနောက်ရှိ ဝိညာဉ်ဆိုင်ရှင်ထံသို့ အရိုအသေပေးကာ ကမ်းပေးလိုက်သည်။

"အရှင်..."

ဝိညာဉ်ဆိုင်ရှင်သည် ထိုစုတ်တံကို လှမ်းယူလိုက်ပြီး အတွင်းမှ စီးဆင်းနေသော အရှိန်အဝါကို ခံစားရင်း မချင့်မရဲ သက်ပြင်းတစ်ချက် ချလိုက်မိ၏။

"တကယ့်ကို အရသာရှိလိုက်တာ..."

ဤကဲ့သို့သော ခံစားချက်မျိုးက တကယ်ကို ကောင်းမွန်လွန်းလှသည်လေ...

"မင်း တကယ်ပဲ ဘာလုပ်ချင်နေတာလဲ"

အသံတစ်ခုမှာ ဝိညာဉ်ဆိုင်ရှင်၏နားထဲသို့ တိုးဝင်လာသည်။

ဤအသံမှာ ကျွမ်းယီဖန်ထံမှ မဟုတ်သလို အဖိုးအိုထံမှလည်း မဟုတ်ပါချေ။

ထိုအသံမှာ အနက်ရောင် စုတ်တံအတွင်းမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

'ငါတို့ရဲ့ အရောင်းအဝယ်က... ငါ့ရဲ့ တတ်သိပညာတွေနဲ့ မင်းအတွက် အလုပ်လုပ်ပေးဖို့ပဲလေ၊ လူတွေကို ဒုက္ခပေးဖို့ မဟုတ်ဘူး'

ဝိညာဉ်ဆိုင်ရှင်သည် လက်ထဲမှ စုတ်တံကို အေးအေးလူလူ ကစားနေရင်း

"မှန်တာပေါ့... အရောင်းအဝယ်ပဲလေ"

"မင်းရဲ့ ဦးနှောက်ကို ငါ့ဆီ ငှားရမ်းတယ်၊ ငါက မင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးတယ်၊ ဒါက ငါတို့ကြားက အရောင်းအ ဝယ်ပဲ"

"အခုတော့ မင်းရဲ့ ဦးနှောက်က ငါ့အပိုင် ဖြစ်သွားပြီ၊ ငါ ဘယ်လို အသုံးပြုမယ်ဆိုတာ မင်းနဲ့ ဘာမှ မဆိုင်တော့ဘူး"

ထိုစုတ်တံမှာ အနည်းငယ်တုန်ခါသွားရသည် 'ဒါပေမဲ့ ငါတို့ ကတိကဝတ်ပြုခဲ့တာက... မကောင်းမှုတွေ မလုပ်ဖို့လေ'

"မကောင်းမှု"

ဝိညာဉ်ဆိုင်ရှင်က ပေါ့ပါးစွာ ရယ်မောလိုက်၏။

ထိုပုံစံကသူ့မှာ အလွန်ရယ်စရာကောင်းသော စကားကို ကြားလိုက်ရသည့်နှယ်ပင်။

"ဘယ်မှာလဲ မကောင်းမှု ငါ ဘာလို့ မမြင်မိတာလဲ"

သူသည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း ရှေးဟောင်းဟန် ခန်းမ အတွင်းသို့ လှမ်းဝင်သွားတော့သည်။

"ဝိညာဉ်တွေအတွက်တော့... မကောင်းမှုဆိုတာ မရှိဘူး"

ပြောဆိုပြီးနောက် သူ့ လက်ချောင်းလေးဖြင့် အသာအယာ တို့ထိလိုက်သည့်အခါ အနက်ရောင်စုတ်တံမှာ ချက်ချင်းပင် ငြိမ်သက်သွားတော့သည်။

အနောက်မှ အဖိုးအိုသည် တံခါးကို ပြန်လည် ပိတ်လိုက်၏။

"အရှင်... စောစောက ညာဏ်အလင်းနဲ့ သင့်တော်မယ့် ဧည့်သည်တစ်ယောက် ပေါ်လာပါတယ်"

ဝိညာဉ်ဆိုင်ရှင်သည် စုတ်တံကို ကုန်ပစ္စည်းစင်ပေါ်သို့ ပြန်တင်လိုက်ရင်း "အဲဒီပစ္စည်းက မဆိုးဘူး၊ အဲဒီလိုမျိုးတွေ ပိုပြီး စုဆောင်းထားလိုက်"

……

ရဲကားများ၏ ဥဩသံမှာ မြို့ပြင်၏တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်၏။

ကျွမ်းယီဖန်၏မိခင်သည် ရဲဝန်ထမ်းများနောက်မှ ပြေးထွက်လာခဲ့သည်။

လဲလျောင်းနေသော ပုံရိပ်ကိုမြင်လိုက်ရသည့် ခဏတွင် သူမခန္ဓာကိုယ်မှာ ယိုင်နဲ့သွားပြီး ဒူးထောက်ကျလုနီးပါး ဖြစ်သွားရသည်။

မြေပြင်ပေါ်ရှိ ပြန့်ကျဲနေသော စာမေးပွဲအဖြေလွှာများနှင့် လေ့ကျင့်ခန်းစာအုပ်များကို ကြည့်ရင်း သူမသည် တုန်လှုပ်ချောက်ချားဖွယ် အေးစက်မှုကိုသာ ခံစားလိုက်ရတော့သည်။

သူမသည် မြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး ကျွမ်းယီဖန်၏ ကိုယ်အထက်ပိုင်းကို ပွေ့ပိုက်လိုက်၏။

"ဖန်ဖန်... နိုးတော့လေ၊ တို့တွေ အိမ်ပြန်ကြရအောင်"

"ဘာလို့ ဒီလိုဖြစ်ရတာလဲ... ဘာလို့လဲ... ဘုရားရေ၊ ကျွန်မတို့ မိသားစုက ဒီလောက်တောင် မဆင်းရဲသေးဘူးလား..."

"ကျွန်မရဲ့ တစ်ဦးတည်းသော မျှော်လင့်ချက်ကိုတောင် ရှင်က လုယူသွားရသလား... ဘာလို့လဲ အားးးးး..."

အမျိုးသမီးဖြစ်သူသည် အော်ဟစ်ငိုကြွေးနေမိသည်။

မျက်ရည်များမှာ ပါးပြင်ပေါ်မှတစ်ဆင့် ကျွမ်းယီဖန်၏ တောင့်တင်းနေသော မျက်နှာပေါ်သို့ ကျရောက်သွား၏။

ကျွမ်းယီဖန်မှာမူ သွေးကြောများ ယှက်သန်းနေသော မျက်လုံးကြီးများဖြင့် စိုက်ကြည့်နေဆဲ။

လက်မှာမူ စုတ်တံကို ကိုင်ထားသည့် ပုံစံအတိုင်း ရှိနေဆဲ ဖြစ်သည်။

……

မြေအောက်ကမ္ဘာ

ကျန်းလင်သည် အကြောင်းကြားစာရရှိသဖြင့် ယမမင်းနန်းဆောင်သို့ အစည်းအဝေး တက်ရောက်ရန် ထွက်လာခဲ့သည်။

၎င်းမှာ ဝိညာဉ်လက်နက်ပန်းပဲဖိုမှ စစ်ဆေးချက် ရလဒ်များ ထွက်ပေါ်လာသောကြောင့်ဖြစ်သည်။

ထိုဝိညာဉ်လက်နက်များအတွင်း၌ သက်ရှိများကို ချိပ်ပိတ်ထားသည့် အထောက်အထားများကို တကယ်ပင်တွေ့ရှိခဲ့ရသည်။

ဖူနင် ပြောပြခဲ့သော 'ဝိညာဉ်ဆိုင်ရှင်' နှင့် ပေါင်းစပ်ကြည့်လျှင် ဤသည်မှာ ကြိုတင်စီစဉ်ထားသော အဖွဲ့အစည်းတစ်ခု ဖြစ်နေသည်မှာ သိသာလှပေသည်။

ကျန်းလင်နှင့် ကျန့်အန်းမင်းသားတို့သည် ဤအကြောင်း အရာကို ယမမင်းထံ ချက်ချင်းတင်ပြခဲ့ကြသည်။

ထို့ကြောင့် အဖွဲ့ခေါင်းဆောင်များ အားလုံးပါဝင်သော အစည်းအဝေးကြီး ပေါ်ပေါက်လာခြင်း ဖြစ်သည်။

လမ်းခုလတ်တွင် အဖြူရောင် ဝိညာဉ်တမန်တော်များအပြင် တခြားသော ဌာနအသီးသီးမှ အဖွဲ့ခေါင်းဆောင်များကိုပါ ကျန်းလင် မြင်တွေ့ရသည်။

အမည်းရောင် ဝိညာဉ်ရဲမက်များ၊ နွားခေါင်းမြင်းခေါင်းများ၊ ကင်းလှည့်အဖွဲ့များ၊ အစမ်းခန့်ဌာနမှ လူများ..

သာမန်ရက်များတွင် ထိုအဖွဲ့ခေါင်းဆောင်များမှာ မိမိတို့ တာဝန်ဖြင့် မိမိတို့အလုပ်ရှုပ်နေကြသဖြင့် ဤကဲ့သို့ ဆုံတွေ့ရန် အခွင့်အရေး အလွန်နည်းလှသည်။

ယခုကြည့်လိုက်သည့်အခါ ကျန်းလင်သည် ဝိညာဉ်ဘုရင် အဆင့်ထက် မြင့်မားသော သူအချို့ကိုသတိပြုမိလိုက်၏

သေချာသည်မှာ ထိုအဆင့်အောက်ရှိ သူများလည်း ပါဝင်ပေသည်။

ဤသည်မှာ ကျန်းလင် အဖွဲ့ခေါင်းဆောင် ဖြစ်လာပြီးနောက် ပထမဆုံးအကြိမ် တက်ရောက်ရသည့် အဖွဲ့ခေါင်း ဆောင်များ အစည်းအဝေး ဖြစ်သည်။

……

ယမမင်းနန်းဆောင် အတွင်း၌

ယမမင်းမလေး ယန်လော်သည် အရှေ့ဆုံးတွင် ပျံဝဲနေပြီး သူမ၏ မျက်နှာမှာ အလွန်နက်မှောင်နေ၏။

"မကြာသေးခင်က ကျွန်မတို့ရဲ့ နယ်မြေထဲမှာ ပိုးကောင်တွေ အတော်များများ ပေါ်လာတယ်"

သူမက လက်ကို ဝေ့ယမ်းလိုက်သည့်အခါ စစ်ဆေးခဲ့သော ဝိညာဉ်လက်နက် အချို့မှာ ဝိညာဉ်ရဲမက်အားလုံး၏ ရှေ့မှောက်တွင် ပေါ်လာတော့သည်။

"ဒါတွေက သက်ရှိတွေကို ချိပ်ပိတ်ထားတဲ့ ဝိညာဉ်လက်နက်တွေပဲ၊ အခု သိထားတာကတော့ ဝိညာဉ်တွေရဲ့ စွမ်းအားကို အချိန်တိုအတွင်း မြှင့်တင်ပေးနိုင်တယ် ဆိုတာပါပဲ"

စကားအဆုံးတွင် အောက်ရှိ ဝိညာဉ်တမန်တော်များ၏ အကြည့်မှာ ချက်ချင်းပြောင်းလဲသွားပြီး ထိုလက်နက်များကို စိုက်ကြည့်နေကြသည်။

သက်ရှိများကို ချိပ်ပိတ်ပြီး ဝိညာဉ်လက်နက် ပြုလုပ်ခြင်းမှာ ဘယ်သောအခါမှ ခွင့်မပြုခဲ့သော ကိစ္စဖြစ်သည်။

' ချိပ်ပိတ်ခံထားရသော သက်ရှိများမှာ ဘယ်ကရောက်လာရသနည်း.....'

' ဤအရာများကို အသုံးပြုပြီး ဘာကို ရည်ရွယ်နေသနည်း....'

ခဏချင်းမှာပင် ဝိညာဉ်တမန်တော်များ၏ ဦးနှောက်ထဲတွင် အတွေးမျိုးစုံ ဖြတ်သန်းသွားကြသည်။

ဤကဲ့သို့သော တားမြစ်လက်နက်များကို ရင်ဆိုင်ရန် မခက် ခဲသော်လည်း ဤအရာများ တစ်ကြိမ်ပေါ်လာသည်နှင့် တစ်ခုတည်းဖြင့် ရပ်တန့်သွားမည် မဟုတ်ပါချေ။

တားမြစ်လက်နက်များ များပြားလာသည်နှင့်အမျှ လူသားလောကနှင့် မြေအောက်ကမ္ဘာ နှစ်ခုလုံးတွင် ဆူပူမှုများစွာ ဖြစ်ပေါ်လာပေလိမ့်မည်။

ထို့ပြင်...

ဤအရာများမှာ လူ သို့မဟုတ် ဝိညာဉ်များ၏စိတ်ထဲမှ အနုတ်လက္ခဏာဆောင်သော၊ လွန်ကဲသော ခံစားချက်များကို ဆွဲထုတ်ရန် အလွန်ကျွမ်းကျင်လှသည်။

ထိုမှတစ်ဆင့် မိမိကိုယ်ကိုယ် အင်အားဖြည့်တင်းကြခြင်း ဖြစ်သည်။

ပြောရလျှင် ဤဝိညာဉ်လက်နက်များမှာ 'အသက်ရှင်' နေကြခြင်းပင်။

'လူဖြစ်စေ၊ ဝိညာဉ်ဖြစ်စေ... ကိလေသာ ရမ္မက်ဆိုသည်မှာ ရှိကြစမြဲပင်'

ဤသည်မှာ ကာကွယ်ရန် အခက်ခဲဆုံးအချက်ပင်။

ယန်လော်သည် သူတို့၏ တုံ့ပြန်မှုအားလုံးကို ကြည့်ရှုရင်း သူမ၏ အသံမှာ နန်းဆောင်တစ်ခုလုံးတွင် ဟိန်းထွက်သွားတော့သည်

"ဒီလို အရာတွေက အခု အပြင်မှာ အကြီးအကျယ် အရောင်း အဝယ် ဖြစ်နေသလို လူသားလောကထဲမှာလည်း ပြန့်နှံ့နေပြီ"

"ကျွန်မ ရထားတဲ့ သတင်းအရတော့ ဒါတွေကို ရောင်းဝယ်နေတဲ့သူက 'ဝိညာဉ်ဆိုင်ရှင်' လို့ အမည်ရတဲ့ တစ်ယောက်ပဲ"

"အဖွဲ့တိုင်းက သတ်မှတ်ထားတဲ့ နယ်မြေအလိုက် လုံခြုံရေးကို တာဝန်ယူရမယ်၊ ပြီးတော့ ကိုယ့်နယ်မြေထဲက ပိုးကောင်တွေကို ချက်ချင်းရှင်းလင်းပစ်ကြ"

ဤကဲ့သို့သော 'ပိုးကောင်' များ ပေါ်လာခြင်းမှာ လောကနှစ်ခု၏ စနစ်ကို ဖျက်ဆီးရုံတင်မကဘဲ ဤနယ်မြေကို တာဝန်ယူထားသော မြေအောက်ကမ္ဘာကိုပါ စိန်ခေါ်စော်ကားလိုက်ခြင်း ဖြစ်သည်။

"အမိန့်ကို နာခံပါ့မယ်"

အသင်းခေါင်းဆောင် အားလုံးသည် လက်သီးဆုပ်ကာ ပြိုင်တူပင် ဟိန်းဟောက် ဟစ်‌ကြွေးလိုက်ကြ၏။

ထိုအချိန်တွင် ယမမင်းနန်းဆောင်မှ ပြင်းထန်သော ဝိညာဉ်အရှိန်အဝါများမှာ သတ်ဖြတ်လိုသော အငွေ့အသက်များနှင့်အတူ ပျံ့နှံ့သွားတော့သည်။

ဤပိုးကောင်များက သူတို့နယ်မြေမှာ ပြဿနာရှာရဲမှတော့... ထိုက်တန်တဲ့ တန်ဖိုးကို ပေးဆပ်ဖို့ အသင့်ပြင်ထားရပေမည်။

……

ယမမင်းနန်းဆောင်မှ ထွက်လာပြီးနောက် ကျန်းလင်လည်း နယ်မြေတစ်ခုကို တာဝန်ယူလိုက်ရသည်။

သို့သော် သူ၏ အဖွဲ့ဝင်ဦးရေမှာ နည်းပါးလှသဖြင့် ရှာဖွေရေးလုပ်ငန်းများမှာ နှေးကွေးနိုင်ပေသည်။

ထို့ကြောင့်ကျန့်အန်းမင်းသားက အစမ်းခန့်ဌာနမှ အစမ်းခန့် ဝိညာဉ်ရဲမက်များကိုခေါ်ယူ အသုံးပြုရန် အကြံပေးလိုက်သည်။

အစမ်းခန့် ဝိညာဉ်ရဲမက်များမှာ စွမ်းအားမကြီးမားသော် လည်း ကင်းလှည့်ရန်အတွက်မူ လုံလောက်လှပေသည်။

ထို့ကြောင့် ကျန်းလင်သည် အစမ်းခန့်ဌာနသို့ သွားရောက်ကာ အစမ်းခန့် ဝိညာဉ်ရဲမက် အယောက် ၂၀ ကို ခေါ်ဆောင်ခဲ့သည်။

ထို့ပြင် သူသည် သူတို့တစ်ဦးချင်းစီကို ယာယီအသင်းဝင်ကတ်ပြားများ ပေးအပ်လိုက်၏။

အရေးပေါ် အခြေအနေ ကြုံလာပါက ထိုကတ်ပြားကို ချိုးဖဲ့ပြီး သူ့ကို အကြောင်းကြားနိုင်ပေသည်။

အမှတ် (၁၈) အဖွဲ့မှ အဖွဲ့ဝင်ရင်းများမှာမူ အလုပ်မှတ်တမ်းစာအုပ် မှတစ်ဆင့် သူ့ကို တိုက်ရိုက် ဆက်သွယ်နိုင်ပါသည်။

နန်းဆောင် (၁၈) သို့ ပြန်ရောက်သည်နှင့် ကျန်းလင်သည် သူ၏ Live လွှင့်ခန်းကိုလည်း ဖွင့်လှစ်လိုက်တော့သည်။

All Chapters