အခန်း (၁၃၇-၁၃၈)
Vol. 14 Ch. 137-138
🫧 Chapter 137
လူ့လောက....
ထမင်းစားနေသူများ၊ သတင်းဖတ်နေသူများ သို့မဟုတ် လမ်းလျှောက်နေသူများစွာ၏ လက်ကိုင်ဖုန်းများထံမှ အကြောင်းကြားစာ အသံများ ရုတ်တရက် မြည်ဟီးလာခဲ့သည်။
【တူ~ သင် Follow ထားသော ‘မရဏလောကမှအံ့ဖွယ်နေ့ရက်များ’ Live လွှင့်ခန်း စတင်ပါပြီ၊ လာရောက်ကြည့်ရှုလိုက်ပါဦး】
ထိုသတင်းကို မြင်သည်နှင့် သူတို့၏ မျက်နှာတွင် ဝမ်းသာရိပ်များ ယှက်သန်းသွားပြီး Live လွှင့်ခန်းအတွင်းသို့ အပြေးအ လွှား ဝင်ရောက်လာကြတော့သည်။
[ရှောင်ကျဲက host ကို တိုက်ကြီး ၁ လုံးလက်ဆောင်ပေး လိုက်ပါတယ်]
[မမ်မီ က host ကို ပြိုင်ကား ၁စီး လက်ဆောင်ပေးလိုက်ပါတယ်၊ စာသား - Live ပြန်စတာ ဝမ်းသာပါတယ်]
[Host ရဲ့ ခန့်ညားတဲ့ မျက်နှာကို ပြန်မြင်ရပြန်ပြီ၊ အရမ်းပျော်တာပဲ (/≧▽≦)/]
[အပေါ်ကလူ... မင်း သက်တံတွေ ဘယ်လောက်တောင် စားထားလို့ ဒီလောက် မြှောက်ပင့်နိုင်ရတာလဲ]
မကြာသေးခင်က ကျန်းလင်သည် တစ်ခုခု ဖြစ်တော့မည်ဟု ကြိုတင် ခံစားနေရသလို အဖွဲ့ဝင်များ၏အလုပ်မှာလည်း လမ်းကြောင်းမှန်ပေါ် ရောက်ရှိနေပြီဖြစ်သည်။
ထို့ကြောင့် အချိန်ဇယားများကို ကျင့်ကြံခြင်းဘက်သို့ ပိုမို အလေးသာစေခဲ့ရာ Live လွှင့်ချိန်မှာ အနည်းငယ် နည်းပါးသွားခဲ့သည်။
တာဝန်များ လက်ခံဆောင်ရွက်နေဆဲ ဖြစ်သော်လည်း ယခင်ကဲ့သို့ စိတ်တိုင်းကျ မကြာခဏ မဟုတ်တော့ပါချေ။
Live ကြည့်ရှုသူ အများအပြားမှာ အလုပ်ကိစ္စနှင့် အချိန် ဇယားများကြောင့် host နှင့် မဆုံရသည်မှာကြာပြီဟု ခံစားနေရစဉ် ယခုကဲ့သို့ ပြန်လည် ဆုံတွေ့ရသဖြင့် အတိုင်းမသိ ဝမ်းသာနေကြ၏။
နန်းဆောင် (၁၈) အတွင်း၌ Live ကင်မရာ ရွေ့လျားသွားသည်နှင့်အမျှ ကြည့်ရှုသူများမှာ ဝိညာဉ်ရဲမက် အများအပြား ထပ်မံ ရောက်ရှိနေသည်ကို အံ့အားသင့်ဖွယ် တွေ့ရှိလိုက်ရသည်။
သို့သော် သူတို့မှာ အဖြူရောင် ဝိညာဉ်ရဲမက်ဝတ်စုံကို ဝတ်ဆင်ထားခြင်း မဟုတ်ပါချေ။
[ဘာများ ဖြစ်တာပါလိမ့်.....]
[မကြာသေးခင်က Live ထဲမှာ တစ်ခုခု ထူးထူးခြားခြား ဖြစ်ခဲ့လို့လား......]
[တစ်၊ နှစ်၊ သုံး၊ လေး... ဝိညာဉ်ရဲမက် အယောက် ၂၀ တောင် တိုးလာတာလား....]
[Host ကရာထူးတိုးသွားတာလား ဘာလို့ ဝိညာဉ်ရဲမက်တွေ ဒီလောက်တောင် များနေရတာလဲ]
[အဖွဲ့ဝင်သစ်တွေ ထပ်တိုးလာတာပဲ၊ ခွက်ချင်းတိုက်ပြီး ဂုဏ်ပြုလိုက်ကြရအောင်]
[ငါတော့ ရင်းနှီးနေတဲ့ ပုံရိပ်တစ်ခုကို မြင်လိုက်သလိုပဲ...]
……
အသစ်ရောက်ရှိလာသော အစမ်းခန့် ဝိညာဉ်ရဲမက် အယောက် ၂၀ ထဲတွင် အနက်ရောင် ကြောင်လေးတစ်ကောင်ကို ပွေ့ချီထားသော မိန်းကလေးတစ်ဦး ပါဝင်နေသည်။
ထိုကြောင်နက်လေးနှင့် ထိုမိန်းကလေး... ကြည့်ရှုသူ အများအပြားမှာ ယခင်က မြင်တွေ့ခဲ့ဖူးကြပေသည်။
[ဟယ်... သူမက ဝိညာဉ်ရဲမက် လာလုပ်နေတာကိုး]
[ပြောပြကြပါဦး၊ သူမက ဘယ်သူလဲ မင်းတို့က သိနေကြတာလား]
[အရင်က ကိစ္စက တော်တော်ကြီးသွားတယ်လေ၊ အိမ်ရာဆောက်လုပ်ရေး လုပ်ငန်းရှင်က မရိုးသားလို့ ဆောက်ထားတဲ့ အဆောက်အဦက အရည်အသွေး မပြည့်မီတဲ့ ကိစ္စလေ]
[ဒီကြောင်လေးနဲ့ ညီမလေးက လူအားလုံးကို ကာကွယ်ပေးဖို့ အဲဒီမှာ အကြာကြီး စောင့်ရှောက်ပေးခဲ့တာလေ]
[မင်းပြောမှ ငါလည်း နည်းနည်း ပြန်မှတ်မိလာသလိုပဲ]
ကြည့်ရှုသူများမှာ ရင်းနှီးသူကို ပြန်လည် မြင်တွေ့ရသဖြင့် စိတ်လှုပ်ရှားနေကြသည်။
သူတို့က ချီယောင်ယောင် ကို ကြည့်နေစဉ်မှာပင် သူမ၏ ပခုံးပေါ်ရှိ ကြောင်ဝိညာဉ်လေးကလည်း ခေါင်းမော့ကာ တစ်ခုခုကို လိုက်လံ ရှာဖွေနေသကဲ့သို့ ရှိနေကာအနောက်ရှိ အမြီးလေးမှာလည်း ဟိုဘက်ဒီဘက် ယမ်းနေသည်။
သို့သော် အမှတ် (၁၈) အဖွဲ့၏ အဖွဲ့ဝင်ရင်းများ တစ်ဦးပြီးတစ်ဦး စုံလင်စွာရောက်ရှိလာသည့်အခါတွင်မူ ထိုကြောင်နက်လေးမှာ ချက်ချင်းထိတ်လန့်သွားတော့သည်။
နားရွက်များ ထောင်သွားပြီး အနောက်ရှိ အမြီးလေးမှာလည်း မလှုပ်ရှားတော့ပါချေ။
အစမ်းခန့် ဝိညာဉ်ရဲမက်များနှင့် အဖွဲ့ဝင်ရင်းများမှာလည်း တစ်ဦးကိုတစ်ဦး လေ့လာနေကြသည်။
အစမ်းခန့် ဝိညာဉ်ရဲမက်များ၏ မျက်ဝန်းထဲတွင် အားကျစိတ်များ ပြည့်နှက်နေပြီး အဖွဲ့ဝင်ရင်းများကမူ အစမ်းခန့် ဝိညာဉ်ရဲမက်များ ဘာကြောင့် ဤမျှ များပြားနေရသနည်းဟု ထူးဆန်းနေကြ၏။
……
ထိုခဏတွင် ကျန်းလင်သည် ခန်းမအတွင်းရှိ အဖွဲ့ဝင်များကို ဝေ့ကြည့်လိုက်သည်။
ထို့နောက်သူသတိထားမိသွားသည်မှာ
' တစ်ယောက် လိုနေသေး၏'
ထို့ကြောင့် သူသည် ဝိညာဉ်ဆင့်ခေါ်စာအုပ်ကို ထုတ်ယူကာ နျဲ့ကျို၏ တည်နေရာကို အာရုံခံလိုက်သည်။
ထို့နောက် ထိုင်နေရာမှ ထရပ်ကာ နန်းဆောင်အပြင်သို့ ထွက်ခွာသွားတော့၏။
ခဏအကြာတွင် ဘယ်နေရာ ရောက်နေမှန်းမသိသော နျဲ့ကျိုကို ခေါ်ဆောင်ကာ နန်းဆောင် (၁၈) အတွင်းသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
နန်းဆောင်အတွင်း၌ ဝိညာဉ်ရဲမက် အများအပြား စောင့်ဆိုင်းနေသည်ကို မြင်သောအခါ နျဲ့ကျိုသည်လည်း အလျင်အမြန်ပင် နေရာယူကာ မတ်တတ်ရပ်လိုက်သည်။
ကျန်းလင်သည် အရှေ့ဆုံးတွင် ရပ်လိုက်ကာ "အားလုံး စုံပြီဆိုရင် စကြရအောင်"
ချက်ချင်းပင် အဖွဲ့ဝင်အားလုံး၏အကြည့်မှာ သူ့ထံသို့ ကျရောက်သွားပြီး နန်းဆောင်အတွင်းရှိ လေထုမှာလည်း တည်ကြည် လေးနက်သွားတော့သည်။
ကျန်းလင်သည် အစည်းအဝေး အကြောင်းအရာများကို ဦးစွာ ချပြလိုက်၏။
၎င်းကိစ္စများမှာ
ဝိညာဉ်ဆိုင်ရှင် ကိစ္စ၊ သက်ရှိများကို ချိပ်ပိတ်ထားသော ဝိညာဉ်လက်နက်များ ကိစ္စနှင့် အဖွဲ့တစ်ခုစီကို နယ်မြေအလိုက် ခွဲဝေပေးထားသည့် ကိစ္စများပင်။
ယခုအချိန်မှစ၍ ဝိညာဉ်များကို လမ်းပြခေါ်ဆောင်ရုံတင်မကဘဲ...
သူတို့သည် အမှတ် (၁၈) အဖွဲ့အား ခွဲဝေပေးထားသော နယ်မြေအတွင်းရှိ လုံခြုံရေးကိုတာဝန်ယူရမည်ဖြစ်ပြီး ထို 'ပိုးကောင်' များကို ရှင်းလင်းရမည် ဖြစ်သည်။
တိုက်ခိုက်ရန် လိုအပ်လာပါက အစွမ်းကုန် တိုက်ခိုက်ကြရမည်။
မြေအောက်ကမ္ဘာ၏ သိက္ခာကို စော်ကားခွင့် မပြုနိုင်ပါချေ။
…
ထို့နောက် ကျန်းလင်သည် အသစ်ရောက်ရှိလာသော အစမ်းခန့် ဝိညာဉ်ရဲမက် အယောက် ၂၀ နှင့် မိတ်ဆက်ပေးလိုက်သည်။
"ဒီကာလအတွင်းမှာ သူတို့တွေကလည်း အမှတ် (၁၈) အဖွဲ့ရဲ့ အဖွဲ့ဝင်တွေ ဖြစ်လာမှာပါ၊ အဓိကကတော့ ကင်းလှည့်ဖို့နဲ့ သတင်းအချက်အလက် စုဆောင်းဖို့ပဲ ဖြစ်တယ်"
"အလုပ်လုပ်တဲ့အခါမှာ နှစ်ယောက်တစ်တွဲ အနေနဲ့ ဆောင် ရွက်သွားကြမယ်"
ဤသို့ ပြောပြီးနောက် ကျန်းလင်သည် အဖွဲ့ဝင်အားလုံးကို ဝေ့ကြည့်ကာ သတိပေးလိုက်၏။
"အမှတ် (၁၈) အဖွဲ့ဆိုတာ တစ်သားတည်းပဲ ဘယ်သူပဲ ပြဿနာတက်တက် ဘေးထိုင်ပြီး ဝေဖန်တာမျိုးကို မလုပ်ရဘူး"
"ယုတ်မာတဲ့ ဝိညာဉ်တွေကို နှိမ်နင်းဖို့နဲ့ ကွယ်လွန်သူ ဝိညာဉ်တွေကို ကာကွယ်ပေးဖို့ဆိုတာ ဝိညာဉ်တမန်တော် အားလုံးရဲ့ တာဝန်ပဲ"
"ဟုတ်ကဲ့ပါ အဖွဲ့ခေါင်းဆောင်"
အဖွဲ့ဝင် အယောက် ၄၀ စလုံးသည် ကိုယ်ကို မတ်လိုက်ကြပြီး ပြိုင်တူ ဖြေကြားလိုက်ကြသည်။
ဝိညာဉ်ဆိုင်ရှင် ကိစ္စကို ကြားသိရပြီးနောက် နန်းဆောင်အတွင်းရှိ လေထုမှာ အနည်းနှင့်အများ လေးလံနေခဲ့သည်။
ဤကဲ့သို့သော အချိန်မျိုးတွင် အဖွဲ့အတွင်း စည်းလုံးမှုမရှိပါကယုတ်မာသော ဝိညာဉ်များအတွက် အခွင့်အရေးပေးသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
ဝိညာဉ်များ သောင်းကျန်းမှုကို သူတို့ ဘယ်သောအခါမှ ခွင့်မပြုနိုင်ပါချေ။
ဤအဖွဲ့ဝင် အယောက် ၄၀ ထဲတွင် ပုံမှန်အချိန်၌ တစ်ဦးနှင့်တစ်ဦး အဆင်ပြေသည်ဖြစ်စေ၊ မပြေသည်ဖြစ်စေ၊ အလုပ် ကိစ္စနှင့် ရင်ဆိုင်ရသည့်အခါတွင်မူ အရာအားလုံးကို အနောက်တွင် ထားခဲ့ရမည် ဖြစ်သည်။
လက်ရှိ အလုပ်ကိုသာ ဦးစားပေး ဆောင်ရွက်ရပေမည်။
……
[လေထုက အရမ်းတင်းမာနေတာပဲ၊ ငါတောင် မသိလိုက်ဘဲ ကျောကို မတ်လိုက်မိတယ်]
[ဒါဆို မကြာခင်မှာ ကိစ္စကြီးတစ်ခု ဖြစ်တော့မှာလား]
[ငါ နားလည်လိုက်တာက နှစ်ခုပဲ၊ တစ်ခုက 'ဝိညာဉ်ဆိုင်ရှင်' ဆိုတဲ့ တစ်ယောက်က ပြဿနာရှာနေတယ်၊ နောက်တစ်ခုက host တို့တွေ အချိန်ပိုဆင်းရတော့မယ် ဆိုတာပဲ]
[‘အချိန်ပို' ဆိုတဲ့ စကားလုံးက တကယ့်ကို ကွက်တိပဲ]
နန်းဆောင် (၁၈) အတွင်း၌ အစည်းအဝေး လုပ်နေစဉ် Live လွှင့်ခန်းအတွင်းရှိ Comment များမှာလည်း ဆူညံသွားတော့သည်။
သူတို့သည် တခြားကိစ္စများကို ဘေးဖယ်ထားကာ ဤအကြောင်းအရာကိုသာ ဆွေးနွေးနေကြ၏။
ဤကိစ္စမှာ သေးငယ်သော ကိစ္စမဟုတ်ကြောင်း သိသာလှပေသည်။
ထို့ပြင် ဤကိစ္စမှာ လူသားလောကနှင့် သက်ဆိုင်နေသဖြင့် သူတို့နှင့်လည်း တိုက်ရိုက် ပတ်သက်နေပေသည်။ ထို့ကြောင့် ဂရုမစိုက်ဘဲ မနေနိုင်ပါချေ။
[Host က အခုလို Live လွှင့်ပြတာက ငါတို့ကိုလည်း သတိထားဖို့ ပြောတာဖြစ်မယ်]
[သိပါပြီ... သန်းခေါင်ယံမှာ တံခါးကို စိတ်ထင်တိုင်း မဖွင့်တော့ပါဘူး၊ လမ်းမှာ ပစ္စည်းတွေ့ရင်လည်း အိမ်ကိုအလွယ် တကူ ယူမလာတော့ဘူး၊ လူပြတ်တဲ့ နေရာတွေကိုလည်း တစ်ယောက်တည်း မသွားတော့ဘူး]
[အားပါးပါး... အပေါ်ကလူက ‘ဝိညာဉ်ရှောင်နည်း စည်းကမ်းချက် ၁၀၀’ ကို ထုတ်တော့မှာလား]
[ငါ့အထင်တော့... နည်းလမ်းတစ်ခုခု ရှာပြီးတော့ ‘ယန်’ ဓာတ်အားကောင်းတဲ့ နေရာမှာ သွားနေတာက အကောင်းဆုံးပဲ]
……
အစည်းအဝေး ပြီးဆုံးပြီးနောက် အဖွဲ့ဝင်များမှာ လုပ်ငန်းစတင်ရန် ပြင်ဆင်ကြတော့သည်။
အဖွဲ့ဝင်ရင်းများမှာ ဝိညာဉ်များကို လမ်းပြရန် ဦးစွာ ထွက်ခွာသွားကြပြီး အစမ်းခန့် ဝိညာဉ်ရဲမက်များကမူ နှစ်ယောက်တစ်တွဲဖြင့် အမှတ် (၁၈) အဖွဲ့ တာဝန်ယူထားသော နယ်မြေအတွင်း ကင်းလှည့်ရန်နှင့် သတင်းစုဆောင်းရန် ထွက်ခွာသွားကြသည်။
ကျန်းလင်သည် Live လွှင့်ခန်းမှ စာသားများကို ဝေ့ကြည့်လိုက်ရာ သူက အထူးတလည်ပြောနေရန် မလိုတော့ကြောင်း သိလိုက်ရသည်။
ရှေ့လျှောက် သူလည်း အလုပ်များရပေဦးမည်။ အစမ်းခန့် ဝိညာဉ်ရဲမက် အယောက် ၂၀ ကို ခေါ်ယူထားသော်လည်း တခြားအဖွဲ့များနှင့် ယှဉ်လျှင် အမှတ် (၁၈) အဖွဲ့၏အင်အားမှာ များပြားလှသည် မဟုတ်ပါချေ။
အမှတ် (၁၈) အဖွဲ့အတွက်မူ ဤသည်မှာ လေ့ကျင့်မှု တစ်မျိုးပင် ဖြစ်သည်။
……
နောက်ပိုင်း အခြေအနေများက ကျန်းလင်၏ Live လွှင့်ခြင်းမှာ အချည်းနှီး မဟုတ်ကြောင်းသက်သေပြခဲ့သည်။
ဒေသအသီးသီးရှိ ရဲစခန်းများမှာလည်း စတင် အလုပ်များလာခဲ့ကြ၏။
ရက်အနည်းငယ်ခြားတိုင်း တစ်ဦးတစ်ယောက်က လမ်းမှာ ကောက်ရလာသော ပစ္စည်းများကို လာရောက်အပ်နှံတတ်ကြသည်။
သို့မဟုတ်လျှင်လည်း နည်းလမ်းမျိုးစုံ သုံးကာ၊ အကြောင်း ပြချက် အမျိုးမျိုးပေးကာ ရဲစခန်းထဲတွင် ခဏလောက်ထိုင်နေချင်ကြသူများလည်း ရှိနေကြသည်။
အဆိုးဆုံးမှာ ရဲစခန်းတံခါးဝတွင် ထိုင်ကာ ဖုန်းကစားနေသူများပင်။
ဤအပြုအမူများကြောင့် ရဲဝန်ထမ်းများမှာ ရယ်ရခက်၊ ငိုရခက် ဖြစ်နေကြရသည်။
အများပြည်သူ၏ယုံကြည်မှုကို ရရှိခြင်းမှာ ကောင်းသော ကိစ္စဖြစ်သော်လည်း ဤကဲ့သို့ ဖြစ်နေသည်မှာလည်း အဆင်မပြေပါချေ။
ထို့ကြောင့် ရဲစခန်းတံခါးတွင် အကြောင်းကြားစာ တစ်စောင် ကပ်ထားရတော့သည်။
'အများပြည်သူများအနေဖြင့် အရေးမကြီးပါက ရဲစခန်းအတွင်း လာရောက်ထိုင်မနေကြရန်'
"ဟူးးးး ခေတ်တွေက ပြောင်းသွားပြီပဲ"
ရဲဝန်ထမ်းတစ်ဦးသည် တံခါးဝရှိ အကြောင်းကြားစာကို ကြည့်ကာ သက်ပြင်းချရင်း ဆိုလိုက်၏။
"အရင်တုန်းကတော့ အားလုံးက ဒီထဲဝင်ရမှာကို ကြောက်ကြတာ၊ မိဘတွေကလည်း ကလေးတွေကိုခြောက်ဖို့ ငါတို့ကို သုံးကြတာလေ"
စကားမနားထောင်ရင် ရဲစခန်း ပို့လိုက်မယ်၊ ဒါမှမဟုတ် ရဲဦးလေးကြီးတွေကို လာဖမ်းခိုင်းမယ် ဆိုသည့် စကားမျိုးများပင်။
ထိုစကားများကို ကြားရသည့်အခါ သူတို့မှာ ရှက်လည်းရှက်၊ အားလည်းနာ ဖြစ်ခဲ့ရဖူးသည်။
သို့သော် ယခုအခါတွင်မူ အားလုံးက ဤအတွင်း၌ ခဏတ ဖြုတ်လာနေချင်နေကြသည်မှာ မထင်မှတ်ထားသော အချက်ပင်။
"သတင်းပို့ပါတယ်"
ထိုခဏတွင် မိန်းကလေးငယ်တစ်ဦး ရဲစခန်းတံခါးဝတွင် ပေါ်လာပြီး လက်ယာဘက်လက်ကို နားထင်သို့ ကပ်ကာ အလေးပြုလိုက်သည်။
ထိုရဲဝန်ထမ်းသည်လည်း အလိုလိုပင် ပြန်လည် အလေးပြုလိုက်မိ၏။
ထိုသည်ကို မြင်သောအခါ မိန်းကလေးငယ်က ပြုံးလိုက်ပြီး ချိုသာသောအသံဖြင့် ဆိုလိုက်သည်။
"ရဲဦးလေးကြီး... မင်္ဂလာပါ"
"မင်္ဂလာပါ... ရဲဘော်လေး"
"ရဲဦးလေးကြီး... ပင်ပန်းနေပါပြီနော်"
"မပင်ပန်းပါဘူး၊ ပြည်သူ့အတွက် အလုပ်အကျွေး ပြုနေတာပဲလေ"
"ရဲဦးလေးကြီး... တောင်းပန်ပါတယ်နော်"
"ဟင်"
ရဲဝန်ထမ်း ကြောင်အသွားစဉ် ထိုမိန်းကလေးငယ်က စနစ်တကျပင် ဦးညွှတ်လိုက်သည်။
"တောင်းပန်ပါတယ် ရဲဦးလေးကြီး၊ အားလုံးက ပြောကြတာ... ဦးလေးတို့က စကားမနားထောင်တဲ့ ကလေးတွေကိုပဲ ဖမ်းတာဆိုတော့၊ အရင်က ဦးလေးတို့ကို လူသားစား ဘီလူးကြီးတွေလို့ ထင်နေခဲ့တာ"
ရဲဝန်ထမ်းက ရယ်မောလိုက်ကာ "ဒါဆို အခုရော ငါတို့ကို ဘာလို့ ထင်သလဲ"
မိန်းကလေးငယ်က ခေါင်းလေးစောင်းကာ သေသေချာချာ စဉ်းစားနေမိသည်။
ထို့နောက် မလှမ်းမကမ်းတွင် ပုန်းနေသော သူငယ်ချင်းဖြစ်သူက သူမ ပြောမထွက်သည်ကို မြင်သောအခါ စိတ်မရှည်တော့ဘဲ လှမ်းသတိပေးလိုက်၏။
"သိုင်းသမားကြီး .. သိုင်းသမား... ကြီး"
မိန်းကလေးငယ်၏မျက်လုံးများ တောက်ပသွားကာ "သိုင်းသမားကြီး မဟုတ်ဘူး ပုစွန်ကြီးပါ"
(မှတ်ချက် - တရုတ်လို သိုင်းသမားကြီး နှင့် ပုစွန်ကြီးအသံ ထွက် ဆင်တူသည်ကို နောက်ပြောင်ထားခြင်းဖြစ်သည်။)
ပုန်းနေသော သူငယ်ချင်းဖြစ်သူမှာ ချက်ချင်းပင် ဒေါသတကြီး ထွက်လာတော့သည်။
"သိုင်းသမားကြီးပါဟ၊ ငတုံးမပဲ"
ရဲဝန်ထမ်းမှာမူ နံရံကို မှီကာ မနေနိုင်ဘဲ ရယ်မောလိုက်ရတော့သည်။
"……"
ဟားဟား... တကယ်ကို မရတော့ဘူး၊ ဒီကလေးလေးတွေက အရမ်းချစ်ဖို့ကောင်းလွန်းတယ်။
……
သို့သော်အချို့သောအရာများမှာ အမှန်တကယ်ပင် ပြောင်းလဲနေခဲ့ပြီ ဖြစ်သည်။
တိတ်တဆိတ်... တဖြည်းဖြည်းချင်းနှင့်ပင်...ပြောင်းလဲနေကြတော့သည်လေ။
🫧 Chapter 138
[အစည်းအဝေး ပြီးပြီဟေ့]
[နောက်ထပ် အစီအစဉ်ကြီး တစ်ခုပေါ့ ငါတော့ စတင် မျှော်လင့်နေပြီ (*´▽`*)]
[Host အခု ဘယ်ကို သွားမလို့လဲ]
အမှတ် (၁၈) အဖွဲ့ အစည်းအဝေး ပြီးဆုံးသွားသော်လည်း Live လွှင့်ခန်းရှိ ကြည့်ရှုသူများမှာ ထွက်ခွာမသွားသည့်အပြင် ပိုမိုစိတ်လှုပ်ရှားနေကြသည်။
စိတ်လှုပ်ရှားစရာ အကောင်းဆုံး အပိုင်းမှာ ယခုမှ စတင်တော့မည်ဟု ခံစားနေရ၏။
Live ကြည့်ရှုသူ အရေအတွက်မှာလည်း တရိပ်ရိပ် တက်လာနေတော့သည်။
Live မြင်ကွင်းအတွင်း၌ ကျန်းလင်သည် နန်းဆောင် (၁၈) မှ ထွက်လာပြီးနောက် လူသားလောကသို့ ချက်ချင်း မသွားသေးဘဲ မြေအောက်ကမ္ဘာ၏ တာဝန်ပေးအပ်ရေး ဗဟိုဌာန သို့ ရောက်ရှိလာခဲ့သည်။
သူတို့အဖွဲ့ တာဝန်ယူရသည့် နယ်မြေကို ကျန်းလင်က 'ဇုန် (၁၈)' ဟု အလွယ်တကူအမည်ပေးထားသည်။
ကွယ်လွန်သူများကို လမ်းပြရန် အဖွဲ့ဝင်ရင်းများ ရှိနေသလို၊ ကင်းလှည့်ရန်နှင့် သတင်းစုဆောင်းရန်အတွက်လည်း အစမ်းခန့် ဝိညာဉ်ရဲမက်များ ရှိနေပြီးသားဖြစ်သည်။
ထို့ကြောင့် ထိုသတင်းအချက်အလက်များ ပြန်မရောက်လာမီ အချိန်အတွင်း ကျန်းလင်သည် မိမိဘာသာလိုက်လံ ရှာဖွေနေမည့်အစား ဇုန် (၁၈) အတွင်း၌ ယခင်ကတည်းက တွေ့ရှိထားပြီးသားဖြစ်သော ဝိညာဉ်များကို အရင်ဆုံး ရှင်းလင်းပစ်ရန် ဆုံးဖြတ်လိုက်သည်။
ထိုမှတစ်ဆင့် သဲလွန်စအချို့ကိုလည်း ရှာဖွေနိုင်ကောင်း ရှာဖွေနိုင်ပေလိမ့်မည်။
ထို့ကြောင့် သူသည် တာဝန်ပေးအပ်ရေးဌာနမှ ဝန်ထမ်းကို တိုက်ရိုက်ရှာဖွေကာ မြေပုံပေါ်တွင် ဇုန် (၁၈) ၏ အတိုင်း အတာကို ဝိုင်းပြလိုက်၏။
"ဒီနယ်မြေအတွင်းမှာ ရှိနေတဲ့ တာဝန်အားလုံးကို ထုတ်ပေးပါဦး"
ဝန်ထမ်းဖြစ်သူက ဘာကြောင့်လဲဟု မမေးဘဲ ရိုသေစွာဖြင့် ပြန်လည် ဖြေကြားလိုက်သည်။
"ခဏ စောင့်ပါဦး အရှင်"
ခဏအကြာတွင် ဝန်ထမ်းဖြစ်သူသည် တာဝန်မှတ်တမ်းလွှာ ပုံကြီးနှင့်အတူ ပြန်လည်ရောက်ရှိလာခဲ့သည်။
ဤအရာများမှာ ဇုန် (၁၈) အတွင်း၌ လက်ရှိ တွေ့ရှိထားသော တာဝန်များ ဖြစ်ကြသည်။
ကျန်းလင်သည် ထိုစာရွက်များကို အကြမ်းဖျင်း လှန်လှောကြည့်ရှုလိုက်ရာ ထူးဆန်းအံ့သြဖွယ်ကောင်းသော တာဝန်မျိုးစုံကို တွေ့ရ၏။
သန်းခေါင်ယံတွင် ပေါ်လာတတ်သော ဝိညာဉ်ကားများ၊ နေရာအနှံ့ လျှောက်သွားနေသော ယုတ်မာသော ဝိညာဉ်များ၊ လူများ မကြာခဏ ထူးဆန်းစွာသေဆုံးတတ်သော နေရာ... ထိုနေရာတွင် ဝိညာဉ်နယ်ပယ်တစ်ခု ရှိနေပုံရသည်။
လမ်းပေါ်တွင် အမြဲ လှည့်လည်နေသော ဝိညာဉ်ဆိုးများနှင့် လူသားတို့၏ဝိညာဉ်ကို ညှို့ယူဖမ်းစားတတ်သော ဝိညာဉ်များ...
ပုံမှန်အချိန်ဆိုလျှင် ကျန်းလင်သည် မိမိစိတ်ဝင်စားရာကို ရွေးချယ်လုပ်ဆောင်မည်ဖြစ်သော်လည်း ယခုမူ အခြေအ နေမတူတော့ပါချေ။
ယခုသည် 'အလုပ်' ဖြစ်သည်။
သူသည် ထိုတာဝန်များ၏ လူသားလောကအပေါ် အနှောင့် အယှက်ပေးနိုင်မှု အဆင့်အတန်းအလိုက် အစီအစဉ်တကျ စီစဉ်လိုက်သည်။
ပထမဆုံးအနေဖြင့် ဝိညာဉ်နယ်ပယ် ရှိနိုင်သည်ဟု ယူဆရသော နေရာသို့ သွားရောက်ရန် သူ ဆုံးဖြတ်လိုက်၏။
အကယ်၍ ဝိညာဉ်နယ်ပယ် အမှန်တကယ် ပေါ်ပေါက်နေပါက ထိုအတွင်းသို့ ဆွဲခေါ်ခံရသူ နည်းပါးမည် မဟုတ်ပါချေ။
တာဝန်ပေးအပ်ရေးဌာနမှ ထွက်လာပြီးနောက် ကျန်းလင်သည် မြေအောက်လမ်းကြောင်းကို ဖွင့်လှစ်လိုက်ရင်း Live လွှင့်ခန်းရှိ ကြည့်ရှုသူများကို ပြောလိုက်သည်။
"နောက်ပိုင်း လွှင့်မယ့် Live တွေအားလုံးက ဇုန် (၁၈) အတွင်းက ဝိညာဉ်တွေကို ရှင်းလင်းတဲ့အကြောင်းတွေပဲ ဖြစ်ပါလိမ့်မယ်"
"ပထမဆုံး ဘူတာကတော့... အန်းပြည်နယ်၊ နန်အန့် ကမ်း ခြေအပန်းဖြေစခန်းပဲ ဖြစ်ပါတယ်"
……
[အန်းပြည်နယ် နန်အန့်လား ငါ အခုပဲ ရှာကြည့်လိုက်ဦးမယ်]
[ငါ သိတယ်၊ အဲဒီမှာ နာမည်ကြီးတဲ့ အပန်းဖြေစခန်းတစ်ခု ရှိတယ်လေ]
ကျန်းလင်က လိပ်စာကို ပြောလိုက်သည်နှင့် ကြည့်ရှုသူများမှာ ထိုနေရာမှာ ဘယ်နေရာလဲဆိုသည်ကို စတင် စဉ်းစားကြတော့သည်။
ထိုအနီးအနားတွင် နေထိုင်သော ကြည့်ရှုသူအချို့ကမူ မိမိတို့ သိထားသည်များကို ချက်ချင်းရေးသားပေးကြ၏။
[နန်အန့် အပန်းဖြေစခန်းကို 'ချစ်သူများရဲ့ နတ်ဘုံနတ်နန်း' လို့လည်း ခေါ်ကြတယ်၊ အဲဒီက နတ်သမီးကျောက်ရုပ် အောက်မှာ မိမိချစ်တဲ့သူနဲ့အတူ ဆုတောင်းရင် အချစ်တည်မြဲတယ်လို့ ဆိုကြတယ်]
[လက်ချင်းတွဲလို့... အိုအောင်မင်းအောင် ပေါင်းရပါစေပေါ့ ]
[နတ်သမီးကျောက်ရုပ် နာမည်ကြီးရတဲ့ အကြောင်းရင်းက တစ်ချက်က ပုံပြင်ဆန်လို့ဖြစ်ပြီး နောက်တစ်ချက်ကတော့ အဲဒီမှာ ရည်စားစကားပြောရင် အောင်မြင်နိုင်ခြေ အရမ်းများတယ်လို့ ဒေသခံတွေက ပြောကြလို့ပဲ]
[အဲဒီက ရှုခင်းကလည်း တကယ်လှတာ၊ ရာသီလေးပါးလုံးမှာ ပန်းစုံပွင့်နေတာလေ၊ ရည်စားစကားပြောတာတင်မကဘဲ ချိန်းတွေ့ဖို့အတွက်လည်း တကယ်ကို ကောင်းတဲ့နေရာပဲ]
[Google ခေါက်ဖို့ ပျင်းပေမဲ့ တော်တဲ့သူတွေ ပြောပြတာကိုတော့ 666 လို့ပဲ ပြောလိုက်တော့မယ် (* ̄︶ ̄)]
(Note : 666 = အရမ်းလန်းတယ် )
မိနစ်အနည်းငယ်အတွင်းမှာပင် ကြည့်ရှုသူများမှာ နန်အန့် အပန်းဖြေစခန်းအကြောင်းကို အခြေခံအားဖြင့် နားလည်သွားကြသည်။
တစ်ခဏချင်းမှာပင် နန်အန့် အပန်းဖြေစခန်းကို ရှာဖွေသူ အရေအတွက်မှာလည်း ထိုးတက်ကြသွားတော့သည်။
ဤသည်မှာ မည်သို့သော Live လွှင့်ခန်းနည်း....
မရဏလောက၏နေ့စဉ် Live လွှင့်ခန်း ဖြစ်သည်။
Live လွှင့်တိုင်း ကြည့်ရှုသူ အရေအတွက်မှာ သန်းနှင့်ချီရှိပြီး တစ်ခါတစ်ရံ ကုဋေနှင့်ချီသည်အထိ မြင့်တက်တတ်ပေသည်။
ဤကြီးမားသော အကြောင်းအရာများ ကြောင့် ဒေသတွင်း အပန်းဖြေစခန်း တာဝန်ရှိသူများကိုပင် ဆွဲဆောင်နိုင်ခဲ့၏။
"နန်အန့် အပန်းဖြေစခန်း တာဝန်ခံ : အားလုံးကို ကျွန်ုပ်တို့ အပန်းဖြေစခန်းဆီ လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါတယ်"
"ဟားဟားဟား... မသိမသာနဲ့ ဒေသတွင်း စီးပွားရေးကို အထောက်အကူ ပြုလိုက်တာပဲ"
"ဒါက ဘယ်လို ကြော်ငြာမျိုးထက်မဆို ပိုပြီးထိရောက်တာပေါ့ "
ကြည့်ရှုသူများက အပန်းဖြေစခန်းအကြောင်း ဆွေးနွေးနေကြစဉ် ကျန်းလင်သည် မြေအောက်လမ်းကြောင်းမှ ထွက်ပေါ်လာပြီး နန်အန့်အပန်းဖြေစခန်းသို့ ရောက်ရှိလာခဲ့သည်။
Live မြင်ကွင်းအတွင်း ပေါ်လာသည်မှာ လေအဝေ့တွင် လှိုင်းထနေသော လှပတင့်တယ်လှသည့် ပန်းခင်းကြီးဖြစ် သည်။
အားလပ်ရက် မဟုတ်သော်လည်း လာရောက်လည်ပတ်သူ နည်းပါးလှသည် မဟုတ်ပါချေ။
ထိုနေရာတွင် ပန်းကြည့်သူက ကြည့်၊ ဗီဒီယိုရိုက်သူက ရိုက်နှင့် စည်ကားလှပေသည်။
ကလေးငယ်များမှာလည်း ကစားကွင်းအတွင်း ပြေးလွှား ဆော့ကစားနေကြ၏။
သို့သော် ဤလှပသော ရှုခင်းကြီး၏အောက်တွင်မူ တခြားသော ကမ္ဘာတစ်ခု ဖုံးကွယ်နေခဲ့သည်။
……
ကျန်းလင် ရောက်ရှိလာသည်နှင့် ထိုကမ္ဘာ၏ တည်ရှိမှုကို ခံစားလိုက်ရသည်။
ထို့နောက်သူ၏အကြည့်မှာ ကြည့်ရှုသူများ ပြောနေကြသော နတ်သမီးကျောက်ရုပ် အထက်တည့်တည့်သို့ ရောက်သွားပြီး အရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်၏။
[အယ် စောစောက ဘာဖြစ်သွားတာလဲ]
[ဝိုး... ဝိညာဉ်နယ်ပယ်လား ဝိညာဉ်နယ်ပယ်လား]
[နတ်သမီးကျောက်ရုပ် အပေါ်မှာ ဒီလို ကမ္ဘာတစ်ခုရှိနေတာလား ငါ ပြီးခဲ့တဲ့အခေါက်က သွားတုန်းက ဘာမှ မတွေ့ခဲ့ပါဘူး]
[အပေါ်ကလူ... မင်းသာ တွေ့ခဲ့ရင် အခုချိန်မှာ အန္တရာယ်ရှိနေလောက်ပြီ]
Live ကြည့်ရှုသူများမှာ ကင်မရာမြင်ကွင်း တစ်ချက်ပြောင်း လဲသွားသည်ဟုသာ ခံစားလိုက်ရသည်။
မျက်တောင်တစ်ချက် ခတ်လိုက်သလိုပင်၊ ပြန်ကြည့်လိုက်သည့်အခါ Host မှာ အပန်းဖြေစခန်းတွင် မရှိတော့ပါချေ။
သို့သော် စောစောက ကျန်းလင် သည် နတ်သမီးကျောက် ရုပ်၏အထက်တွင် ရပ်နေခဲ့သည်ကို သူတို့ အထင်အရှားမြင်လိုက်ရသည်။
ကြည့်ရှုသူ အများအပြားမှာလည်း အံ့သြချီးကျူးနေကြ၏။
ယခင်က ဝိညာဉ်မလေး လက်ထပ်ပွဲတွင် တစ်ကြိမ် မြင်တွေ့ခဲ့ဖူးသော်လည်း ယခုတစ်ကြိမ် ထပ်မံမြင်တွေ့ရသည်မှာလည်း ဆန်းကြယ်နေဆဲ ဖြစ်သည်။
ဤသည်မှာ နေရာပြောင်းရွှေ့ခြင်း လား၊ သို့မဟုတ် ရွှမ်ဟွမ်တရုတ်သိုင်းဝတ္ထုများထဲမှ သီးခြားကမ္ဘာ လားပင် မသိနိုင်ပါချေ။
"ကြည့်ရတာ ငါတောင် ကျင့်ကြံသူ ဖြစ်ချင်လာပြီ..."
"တော်စမ်းပါ၊ ညမအိပ်ဘဲ မနေနဲ့ဦး၊ ညမအိပ်လည်း host ကို တွေ့ရမှာ မဟုတ်ဘူး "
……
ဝိညာဉ်နယ်ပယ် တစ်ခုစီတိုင်းမှာ ကိုယ်ပိုင် ကမ္ဘာတစ်ခု ဖြစ်ကြပြီး နယ်ပယ်သခင်၏ စိတ်ကူးအကြံအစည်အလိုက် ပြောင်းလဲတတ်ကြသည်။
ထို့ကြောင့် အတွင်း၌ မည်သို့သော မြင်ကွင်းမျိုးမဆို ပေါ်လာနိုင်ပြီး မည်သည့်အရာမဆို ဖြစ်ပျက်နိုင်ပေသည်။
အတွင်းအခြေအနေကို သေချာ မသိရသေးသဖြင့် ကျန်းလင်သည် မိမိ၏အရှိန်အဝါကို လျှော့ချထားလိုက်သည်။
အတွင်းသို့ ရောက်ရှိပါက အရင်ဆုံးပုန်းကွယ်နေပြီး အခြေ အနေကို သေသေချာချာ စောင့်ကြည့်ပြီးမှ ဆုံးဖြတ်ရန် ရည်ရွယ်ထား၏။
သို့သော်...
သူ ရောက်ရှိလာသည်နှင့် အနောက်တွင် နောက်မှီကုလားထိုင် တစ်လုံး ပေါ်လာခဲ့သည်။
ထို့နောက် လေဟာနယ်ထဲမှ ကြိုးများအလိုလိုပေါ်လာပြီး သူ့ကိုကုလားထိုင်တွင် ချည်နှောင်ရန် ကြိုးစားတော့သည်။
တွေ့ရှိသွားပြီဖြစ်သဖြင့် ကျန်းလင်လည်း အလောတကြီး မလုပ်တော့ဘဲ ကုလားထိုင်ပေါ်တွင် အသာအယာထိုင်ချလိုက်၏။
ဤနေရာမှာ မြင့်မားသော ကောင်းကင်ယံထက်တွင် ဖြစ်ပြီး အောက်သို့ ငုံ့ကြည့်လိုက်ပါက ပြာလွင်နေသော ပင်လယ်ရေပြင်နှင့် ကျွန်းစုများကိုမြင်တွေ့ရပေလိမ့်မည်။
ကျန်းလင်အပြင် ဤကောင်းကင်ယံထက်တွင် အမျိုးသား၊ အမျိုးသမီးအတွဲငါးတွဲ ခန့်လည်း ရှိနေသည်။
အားလုံးမှာ ကျောချင်းကပ်လျက် ကုလားထိုင်များတွင် ကိုယ်စီ ချည်နှောင်ခံထားရ၏။
ကျန်းလင်သည် လက်ရှိ ကြိုးများကို ဖြတ်တောက်ရန် ကြိုးစားကြည့်သော်လည်း မကြာမီမှာပင် ကြိုးအသစ်များမှာ ကုလားထိုင် လက်ရန်းပေါ်ရှိ သူ့လက်များကို ထပ်မံချည် နှောင်သွားပြန်သည်။
"ဟားဟားဟားဟား... ရှားရှားပါးပါး ဧည့်သည်တော်ကြီးပါလား"
ခဏအကြာတွင် ကြမ်းတမ်းသော ရယ်မောသံတစ်ခု ထွက်ပေါ်လာပြီး ဤကောင်းကင်ယံ တစ်ခွင်တွင် ဟိန်းထွက်သွားတော့သည်။
"ကျွန်ုပ်ရဲ့ နယ်မြေကနေကြိုဆိုပါတယ်... ဝိညာဉ်တမန်တော်ကြီး..."