အခန်း (၁၃၉-၁၄၀)
Vol. 14 Ch. 139-140
🫧 Chapter 139
"ကျွန်ုပ်ရဲ့ နယ်မြေမှ ကြိုဆိုပါတယ်... ဝိညာဉ်တမန်တော်ကြီး..."
ကြမ်းတမ်းခက်ထန်သော ရယ်မောသံမှာ ဤကောင်းကင်နှင့် မြေပြင်အကြား ဟိန်းထွက်နေသည်။
ကုလားထိုင်များပေါ်တွင် ကျောချင်းကပ်လျက် ချည်နှောင်ခံထားရသော အမျိုးသား၊ အမျိုးသမီး ငါးစုံထံမှမူ အသက်ဘေးမှ လွတ်မြောက်လိုသော အသနားခံသံများ ထွက်ပေါ် လာ၏။
သေချာသည်မှာ သူတို့သည် ဤဝိညာဉ်နယ်ပယ်အတွင်းသို့ ရောက်ရှိနေသည်မှာ အတန်ကြာပြီ ဖြစ်ဟန်တူသည်။
"ရှားရှားပါးပါး ဝိညာဉ်တမန်တော်ကြီးကိုယ်တိုင် ရောက်လာမှတော့... အားလုံးပဲ အစွမ်းကုန် ကြိုးစားပြီး ကိုယ့်ကိုယ်ကိုယ် ပြသကြရအောင်"
စကားအဆုံးတွင် အမည်းရောင် မြူခိုးများဖြင့် ဖွဲ့စည်းထားသော ပုံရိပ်တစ်ခုမှာ လေဟာနယ်အတွင်း ပေါ်လာခဲ့သည်။
၎င်းသည် လူသားတစ်ဦး၏ ပုံသဏ္ဌာန် ရှိသော်လည်း ကိုယ်ပေါ်ရှိ မြူခိုးများမှာ အသက်ဝင်နေသကဲ့သို့ တလှုပ်လှုပ် ရှိနေ၏။
ဤသည်က ထိုပုံရိပ်ကို ရုပ်မြင်သံကြားလှိုင်း မကြည်လင်သည့်အခါ ပေါ်လာတတ်သော ဝေဝါးဝါး မြင်ကွင်းတစ်ခုကဲ့သို့ ဖြစ်စေသည်။
ထူးခြားသည်မှာ ၎င်း၏ မျက်နှာပင်။
မျက်နှာဖုံးတစ်ခု တပ်ဆင်ထားသကဲ့သို့ပင် အင်္ဂါရပ်များကို သဲသဲကွဲကွဲ မမြင်ရသော်လည်း လခြမ်းပုံသဏ္ဌာန် သုံးခုကိုမူ မြင်တွေ့ရသည်။
ကွေးညွတ်နေသော မျက်ဝန်းအစုံနှင့် နားရွက်အထိ တက်နေသော ပါးစပ်... ၎င်းမှာ ပြုံးရယ်နေခြင်း ဖြစ်သည်။
၎င်းသည် ကျန်းလင် ရှေ့သို့ ရောက်လာပြီး လက်တစ်ချက် ဝေ့ယမ်းလိုက်သည့်အခါ ချစ်သူငါးတွဲအနက် တစ်တွဲမှာ ရှေ့သို့ ရောက်ရှိလာခဲ့သည်။
ထိုချစ်သူနှစ်ဦးမှာ အသက် ၂၄၊ ၂၅ ဝန်းကျင်ခန့် ရှိပုံရ၏။
အမျိုးသမီးမှာ အဝါနုရောင် ဂါဝန်လေးကို ဝတ်ဆင်ထားပြီး အမျိုးသားမှာမူ အလုပ်မှ ပြန်လာကာစဖြစ်၍ ဝတ်စုံပြည့် ကိုပင် မလဲရသေးပါချေ။
သူတို့၏မျက်လုံးများကို အမည်းရောင် ပိတ်စများဖြင့် စည်းနှောင်ထားသဖြင့် အပြင်ဘက်ကို မမြင်ရသော်လည်း မိမိတို့ ရွေ့လျားသွားသည်ကိုမူ ခံစားမိကြသည်။
မှောင်မိုက်နေသော အခြေအနေတွင် ကြောက်ရွံ့စိတ်မှာ အဆမတန် ကြီးထွားလာတတ်၏။
အမျိုးသမီး၏မျက်နှာတွင် ထိတ်လန့်မှုအပြင် ဖုံးကွယ်မရနိုင်သော ဝမ်းနည်းပူဆွေးမှုများလည်း ထင်ဟပ်နေသည်။
"လာပါ... လာပါ... ဝိညာဉ်တမန်တော်ကြီးကို ငါ မိတ်ဆက်ပေးမယ်"
အမည်းရောင်ပုံရိပ်၏ကြမ်းတမ်းသော အသံထဲတွင် ယုတ် မာသော ရယ်မောသံများ ပါဝင်နေသည်။
"အခု ငါတို့ ကစားနေတာက ‘စစ်မှန်တဲ့အချစ်၊ ရင်ဖွင့်စကားနဲ့ စွန့်စားခန်း’ပဲ၊ ဒီဂိမ်းနှစ်ခုကို ဖြတ်ကျော်နိုင်ရင် မင်းတို့ တကယ် ချစ်၊ မချစ်ဆိုတာ သိရလိမ့်မယ်"
"ရင်ဖွင့်စကားဆိုတော့... လိမ်လို့ မရဘူး မဟုတ်လား"
မြူခိုးလက်များက ထိုချစ်သူနှစ်ဦး၏ ပါးပြင်ကို ပွတ်သပ်လိုက်ရာ သူတို့နှစ်ဦးမှာ တုန်တုန်ရင်ရင်ဖြင့် ခေါင်းငြိမ့်ပြလိုက်ရသည်။
"လိမ္မာလိုက်တာ... ဒါပေမဲ့ တကယ်ကို ရယ်စရာကောင်းတာပဲ"
အမည်းရောင် ပုံရိပ်၏လေသံမှာ ရုတ်တရက် ပြောင်းလဲသွားပြီး သူတို့နှစ်ဦးမျက်နှာကို ကျန်းလင်ဘက်သို့ လှည့်ပေးလိုက်ကာ ပါးစပ်ထောင့်မှာ ပိုမိုကွေးတက်သွားတော့သည်။
"ဝိညာဉ်ရဲမက်မင်း ကြည့်စမ်း... ဒီချစ်သူတစ်စုံက တွဲလာတာ သုံးနှစ်ရှိပြီ၊ လက်ထပ်တော့မယ့်သူတွေပေါ့"
"ဒါပေမဲ့ ဒီအမျိုးသားက သူမ ကုမ္ပဏီရဲ့လျှို့ဝှက်ချက်တွေကို ရဖို့အတွက်ပဲ သူမနောက်ကို လိုက်ခဲ့တာ၊ သနားစရာကောင်းလိုက်တာ... ဒီမိန်းကလေးကတော့ လက်ထပ်ဖို့ အိပ်မက်မက်နေတုန်း ဟားဟားဟား..."
"ဘာ စစ်မှန်တဲ့အချစ်လဲ ကြည့်စမ်း... ဘယ်သူမှ လိမ်လို့မရတော့ရင် လှည့်ဖြားမှုတွေရှိတော့မှာ မဟုတ်ဘူး"
ထို့နောက်အမည်းရောင် ပုံရိပ်သည် ထိုနှစ်ဦးကို ဘေးသို့ဖယ်လိုက်ပြီး ဒုတိယမြောက် ချစ်သူတစ်တွဲကိုခေါ်လာခဲ့သည်။
ဤတစ်စုံတွင် အမျိုးသမီးမှာ လှိုင်းတွန့် ဆံပင်ရှည်များနှင့် လှပသော မျက်နှာလေး ရှိသည်။
သူမ၏မျက်လုံးများကို ဖုံးထားသော်လည်း ကျန်ရှိသော မျက်နှာအစိတ်အပိုင်းများမှာပင် အလွန်တရာ လှပလွန်းလှသည်။
အမျိုးသားမှာမူ သန့်သန့်ပြန့်ပြန့် ရှိသော်လည်း အမျိုးသမီး ၏အလှရှေ့တွင်မူ မှေးမှိန်နေခဲ့၏။
"ဝိညာဉ်ရဲမက်မင်း... ဒါက ဒုက္ခိတ အချစ်သားတွေပေါ့"
"ဒီအမျိုးသားက သူမနောက်ကို လေးနှစ်တောင်လိုက်ခဲ့တာ၊ အခုမှ လက်လေးကိုင်ခွင့်ရတာလေ၊ ဒါပေမဲ့ ဒီအမျိုးသမီးကတော့ လမ်းခွဲဖို့ ပြင်ဆင်နေပြီ"
"ဒါက ဝမ်းနည်းစရာ မကောင်းဘူးလား ၊ ဒီတောသားက တော့ အခုထိ ကြိုးစားချင်နေတုန်းပဲ"
"တကယ့်ကို စိတ်လှုပ်ရှားစရာကောင်းတဲ့ အချစ်စစ်ကြီးပါပဲ ဟားဟားဟား..."
အမည်းရောင်ပုံရိပ်မှာ အူလှိုက်သဲလှိုက် ရယ်မောနေပြီး မျက်နှာပေါ်ရှိ လခြမ်းပုံသဏ္ဌာန်များမှာ ပိုမို ကွေးညွတ်သွားတော့သည်။
ဤကိစ္စမှာ ၎င်းအတွက် အလွန်ပင် ရယ်စရာကောင်းနေပုံရ၏။
……
[ဟ.ဒါ... ဘာအချစ်ဂိမ်းလဲ ဒါ လမ်းခွဲပွဲကြီးဖြစ်နေပြီ မဟုတ်လား]
[အချစ်ကို အသုံးချပြီး လှည့်ဖြားတဲ့သူတွေကို အမုန်းဆုံးပဲ]
[ငါ့ရည်းစား ဗိုက်အောင့်တယ်ဆိုလို့ ညကြီး ၄ နာရီမှာ တံတိုင်းကျော်ပြီး ရေနွေးအိတ် သွားဝယ်ပေးဖူးတယ်၊ ဒါပေမဲ့...]
[ငါဘာလို့ ဒီဝိညာဉ်ကို ကြည့်ပြီး... ငိုနေသလို ခံစားရတာလဲ သူရော တစ်ယောက်ယောက်ရဲ့ ထားခဲ့တာ ခံခဲ့ရလို့လား]
Live လွှင့်ခန်းအတွင်း၌...
အစပိုင်းတွင် အမည်းရောင် ပုံရိပ်ကို မြင်ရသည့်အတွက် ကြည့်ရှုသူများမှာ ကြောက်ရွံ့ခဲ့ကြသော်လည်း host ၏ တည်ငြိမ်နေသော ပုံရိပ်ကို မြင်ရသည့်အခါ စိတ်အေးသွားကြသည်။
ကြောက်စရာကောင်းသော်လည်း ပြဿနာ မရှိနိုင်ဟု ထင်ကြ၏။
သို့သော် ထိုအမည်းရောင် ပုံရိပ်၏အပြုံးမျက်နှာကို ကြည့်ရင်း... တစ်မျိုးကြီးထူးဆန်းနေသလို ခံစားရကြသည်။
အလွန်အမင်း ရယ်မောနေသော်လည်း ထိုမြင်ကွင်းမှာ ငိုကြွေးနေခြင်းနှင့် ပိုမိုတူညီနေ၏။
[အဲဒီဝိညာဉ်က တခြားသူတွေကို သနားစရာကောင်းတယ်လို့ ပြောနေပေမဲ့... သူ့ကိုယ် သူက ပိုသနားစရာကောင်းနေသလိုပဲ]
[သနားစရာကောင်းပေမဲ့ ယုတ်မာတယ်! တခြားသူတွေက ဘုရားကျောင်း ဆယ်ကျောင်းဖျက်ရင်တောင် အိမ်ထောင်တစ်ခု မဖြိုဘူး၊ သူကတော့ အိမ်ထောင်ရေးတွေကိုပဲ ဖျက်ဆီးနေတာ]
[အချစ်စစ်ဆိုတာ ဘယ်မှာရှိလို့လဲ... ဟူး]
[ငါက အမြင့်လည်း ကြောက်တယ်၊ ဝိညာဉ်လည်း ကြောက်တယ်... ဒါပေမဲ့ Live ကိုတော့ ဆက်ကြည့်နေတုန်းပဲ၊ ငါ့ရဲ့ Live အပေါ်ထားတဲ့ အချစ်က အချစ်စစ်ပဲ]
……
အမည်းရောင်ပုံရိပ်က ချစ်သူစုံတွဲများကို မိတ်ဆက်ပေးနေစဉ် ကျန်းလင်၏ဝိညာဉ်အရှိန်အဝါများမှာလည်း ဤဝိညာဉ်နယ်ပယ်အတွင်းသို့ တိတ်တဆိတ် စီးဝင်နေခဲ့ပြီဖြစ်သည်။
ရှေ့မှ အမည်းရောင်ပုံရိပ်မှာ နယ်ပယ်သခင်၏ကိုယ်ပွားသာ ဖြစ်ကြောင်း ထင်ရှားလှ၏။
သို့သော် ထူးဆန်းသည်မှာ ကျန်းလင်သည် ဤနယ်ပယ်အတွင်း၌ နယ်ပယ်သခင်၏ ပင်မခန္ဓာကို ရှာမတွေ့ခြင်းပင် ဖြစ်သည်။
တစ်နည်းအားဖြင့်...
ဤနယ်ပယ်တစ်ခုလုံးမှာပင် နယ်ပယ်သခင် ဖြစ်နေသကဲ့သို့ပင်။
ဝိညာဉ်နယ်ပယ် တည်ရှိသရွေ့ သူရှိနေမည်၊ ဝိညာဉ်နယ်ပယ် ပျက်စီးပါက သူလည်း ကွယ်ပျောက်သွားပေလိမ့်မည်။
ကျန်းလင်သည် အမည်းရောင်ပုံရိပ်က တစ်စုံပြီးတစ်စုံ မိတ်ဆက်နေသည်ကို တည်ငြိမ်စွာပင် စောင့်ကြည့်နေသည်။
တတိယမြောက် စုံတွဲမှာ Online မှ ဆုံတွေ့ပြီး လူချင်း တွေ့ဆုံခြင်း ဖြစ်ကာ၊ စတုတ္ထမြောက် စုံတွဲမှာမူ ငယ်သူငယ် ချင်းများ ဖြစ်ကြပြီး တွဲလာသည်မှာ နှစ်နှစ်ရှိပြီ ဖြစ်သည်။
ဤနှစ်စုံတွင် ထူးထူးခြားခြား လျှို့ဝှက်ချက်များမရှိသဖြင့် အမည်းရောင် ပုံရိပ်မှာ အနည်းငယ်မကျေမနပ်ဖြစ်နေပုံရ၏။
မျက်တောင်တစ်ခတ်အတွင်း ပဉ္စမမြောက် စုံတွဲဆီသို့ ရောက်ရှိလာခဲ့သည်။
ကျန်းလင်မှာမူ ယခင်က သူ စဉ်းစားခဲ့ဖူးသော မေးခွန်းတစ်ခုကို ပြန်လည် သတိရလိုက်မိ၏။
အချစ်ဆိုသည်မှာ အဘယ်နည်း။
မုန့်ပေါ် ကိုပင် နှစ်ပေါင်းထောင်ချီ စောင့်ဆိုင်းစေနိုင်သည်အထိ စွမ်းအားရှိသလော။
ဤဝိညာဉ်၏ ဂိမ်းက အချစ်ကို တကယ်ပဲ တိုင်းတာနိုင်သလော။
……
"တောင်းပန်ပါတယ်... သူ့ကို လွှတ်ပေးပါ၊ ဒါတွေက သူနဲ့ ဘာမှ မဆိုင်ပါဘူး..."
ပဉ္စမမြောက် စုံတွဲမှာ အသက် ၂၀ ဝန်းကျင်ခန့်သာ ရှိသေးပြီး တက္ကသိုလ်ကျောင်းသားများ ဖြစ်ဟန်တူသည်။
အမည်းရောင် ပုံရိပ်က ခေါ်ဆောင်လာသည့်အခါ ထိုမိန်းက လေးမှာ အဆက်မပြတ် အသနားခံနေခဲ့သည်။
ယနေ့သည် နွေဦးရာသီ၏ရည်စားစကားပြောသည့်နေ့ ဖြစ်သလို သူမအတွက်လည်း ကံဆိုးမိုးမှောင်ကျသော နေ့တစ် နေ့ ဖြစ်ခဲ့ရသည်။
နတ်ဘုရားမကျောက်ရုပ်ရှေ့တွင် ရည်စားစကားပြောပါက အောင်မြင်နိုင်ခြေ ရှိသည်ဟု ကြားသဖြင့် သူမသည် အား တင်းကာ ရည်စားစကားပြောခဲ့ခြင်းဖြစ်သည်။
သို့သော် သူမ၏ ‘နတ်သားလေး’ နှင့်အတူ ဤငရဲခန်းသို့ ရောက်ရှိလာလိမ့်မည်ဟု သူမ မထင်မှတ်ခဲ့ပါချေ။
အသက်ရှင်လျက် ပြန်နိုင်ပါ့မလားတောင် မသေချာတော့ပေ။
ဤသည်မှာ အချစ်စမ်းသပ်ပွဲဖြစ်ကြောင်း သိသည်နှင့် သူမသည် ရှင်းပြရန် ကြိုးစားနေတော့သည်။
"သူက အားလုံးနဲ့အတူ လာလည်တာပါ၊ ကျွန်မကပဲ တစ် ဖက်သတ် ရည်စားစကားပြောတာ၊ သူနဲ့ ဘာမှ မဆိုင်ပါဘူး၊ ကျွန်မတို့က ချစ်သူတွေလည်း မဟုတ်ကြဘူး"
"ဒါတွေက သူနဲ့ ဘာမှ မဆိုင်ဘူး..."
"ရှူး...."
အမည်းရောင်ပုံရိပ်က သူမ၏စကားကို ဖြတ်ပြောလိုက်သည်။
"ငါ သိတယ်... သူလည်း စောစောကပြောပြီးပြီလေ၊ မင်းနဲ့ သိပ်မရင်းနှီးဘူးတဲ့"
၎င်းက ရယ်မောလိုက်၏။
"ဒါကြောင့် မင်းက သုံးနှစ်လုံးလုံး တစ်ဖက်သတ် ချစ်နေခဲ့ရတာပေါ့ ဟားဟားဟား..."
"မချစ်ရတဲ့သူကို ချစ်နေရတဲ့ ခံစားချက်က တကယ် အရသာရှိတယ် မဟုတ်လား"
"ဒါပေမဲ့ လက်တွေ့က ဒီထက်တောင် ပိုရက်စက်သေးတယ်၊ မင်းရဲ့ နှလုံးသားကို သူ့ရှေ့မှာ ထုတ်ပြလိုက်ရင်တောင် သူက ဂရုစိုက်မှာ မဟုတ်ဘူး"
"မင်းအကြောင်းကို ပြောနေတာလား"
ကျန်းလင် ရုတ်တရက် မေးလိုက်သည်။
အမည်းရောင်ပုံရိပ်၏ ကိုယ်ထည်မှာ တောင့်တင်းသွားပြီး ရယ်မောသံလည်း ရပ်တန့်သွားတော့သည်။
နောက်တစ်ခဏတွင် ကိုယ်ပေါ်ရှိ မြူခိုးများမှာ ပြင်းထန်စွာ လှုပ်ခါလာပြီး လူသားပုံသဏ္ဌာန်ပင် မတည်မြဲတော့သည့်အလား ဖြစ်နေ၏။
"ဟုတ်တယ်... ငါပေါ့၊ ငါ့ရဲ့ နှလုံးသားကို ထုတ်ပြတော့မလို ဖြစ်နေတာတောင် သူမက ထွက်သွားခဲ့တယ်လေ"
၎င်းက ခေါင်းမော့လိုက်ရာ မျက်နှာပေါ်ရှိ လခြမ်းပုံသဏ္ဌာန်များမှာ ပိုမိုပြုံးရယ်နေသည့်အလားဖြစ်နေ၏။
"အချစ်ဆိုတာ တကယ်ကို ရယ်စရာကောင်းတဲ့ အရာ မဟုတ်လား"
"ထာဝရချစ်ပါ့မယ်ဆိုတာတွေ အားလုံးက အလကားပဲ၊ မယုံရင် ကြည့်လိုက်လေ"
ပြောဆိုပြီးနောက် လက်တစ်ချက် ဝေ့ယမ်းလိုက်သည့်အခါ ချစ်သူစုံတွဲများ အားလုံးသည် အောက်ဘက်ရှိ ကျွန်းစုများပေါ်သို့ ရောက်ရှိသွားကြတော့သည်။
"အခု... စွန့်စားခန်း အဆင့်ကို စမယ်"
……
ချစ်သူများ၏မျက်စိမှ အမည်းရောင် ပိတ်စများကို ဖယ်ရှားလိုက်သည်။
ရင်ဖွင့်စကားအဆင့်ကို ဖြတ်ကျော်ပြီးနောက်တွင် လှည့်ဖြားခံခဲ့ရသော အမျိုးသမီးမှာ အမျိုးသား၏မျက်နှာကို လက်သီးဖြင့် ထိုးချင်နေခဲ့ပြီ ဖြစ်သည်။
သို့သော် မကြာမီမှာပင် သူတို့အားလုံး လူချင်း ခွဲထုတ်ခံထားရကြောင်း သတိပြုမိသွားကြ၏။
ထိုအချိန်တွင် အမည်းရောင်ပုံရိပ်၏ ကြမ်းတမ်းသော အသံမှာ လူတိုင်းနားထဲသို့ ပဲ့တင်ထပ်လာသည်
"ကြည့်လိုက်ကြစမ်း... မင်းတို့ ချစ်တဲ့သူတွေက တစ်ဖက်ကျွန်းမှာ မင်းတို့ကို စောင့်နေကြတယ်"
ထိုစုံတွဲတစ်တွဲစီမှ တစ်ဦးကို တစ်ဖက်ကျွန်းရှိ ကုလားထိုင်များတွင် ချည်နှောင်ထားသည်။
အရေးကြီးဆုံးမှာ ချည်နှောင်ခံထားရသူ၏အထက်တည့်တည့်တွင် ကြီးမားသော ကျောက်တုံးကြီးတစ်တုံးကို ဆွဲထားခြင်းပင်။
ကျွန်းနှစ်ကျွန်းအကြားတွင် ပင်လယ်ရေပြင် ရှိနေပြီး အကွာအဝေးမှာ မီတာ ၅၀၊ ၆၀ ခန့် ရှိသည်။
အလွန် မဝေးသော်လည်း...
ပင်လယ်လှိုင်းများအကြားမှ ဘတ်စကက်ဘော အရွယ်အ စားခန့်ရှိသော ငါးကြီးများမှာ ခုန်ထွက်နေကြသည်။
ထို့ပြင် ၎င်းတို့၏ပါးစပ်အတွင်းရှိ ထက်မြက်သော သွားများမှာ သွေးနှင့်အသားကို စောင့်ကြိုနေသကဲ့သို့ တဂတ်ဂတ် မြည်နေတော့သည်။
🫧 Chapter 140
"သူတို့အပေါ်မှာ ဆွဲထားတဲ့ ကျောက်တုံးကြီးတွေက ဆယ်မိနစ်ခြားတစ်ခါ အောက်ကို တစ်ဆင့်ချင်း နိမ့်ဆင်းလာလိမ့်မယ်"
အမည်းရောင် ပုံရိပ်က ဂိမ်းစည်းကမ်းကို ရှင်းပြနေသည်။
"ကျောက်တုံးကြီးတွေ မကျလာခင် သူတို့ကို ကယ်တင်နိုင်ရင် သူတို့ သေစရာ မလိုတော့ဘူး၊ မကောင်းဘူးလား"
"ကဲ... အခု ဂိမ်းစပြီ၊ လူကယ်ချင်တဲ့သူတွေ စတင် ထွက်ခွာနိုင်ပါပြီ"
"မဖြစ်ဘူး... မဖြစ်နိုင်ဘူး... မင်းက ငါတို့ကိုပါ ဒီမှာ အသေခိုင်းနေတာပဲ"
Online မှာ ဆုံပြီး ပထမဆုံး လူချင်းတွေ့ကြသည့် အမျိုး သားမှာ နောက်သို့ ခြေလှမ်းနှစ်လှမ်းခန့် ဆုတ်သွားရင်း ပင်လယ်ထဲရှိ လူသားစားငါးများကို ထိတ်လန့်တကြား ကြည့်နေတော့သည်။
သူတို့ ရေကူးတတ်သည်ဆိုဦးတော့၊ တစ်ဖက်ကျွန်းကို အသက်ရှင်လျက် ရောက်ရှိရန်မှာ အလျဉ်းမဖြစ်နိုင်ပါချေ။
ထိုအခါ အမည်းရောင် ပုံရိပ်က လှောင်ပြောင်လိုက်၏။
"မစမ်းကြည့်ဘဲနဲ့ ဘယ်သိမလဲ၊ ဒီပင်လယ်ထဲမှာ ဘေးကင်းနေမလား ဆိုတာကို"
"……"
ဤကျွန်းပေါ်တွင် လူငါးဦး ရှိသည်။
တစ်ဖက်ကျွန်းတွင်လည်း လူငါးဦး ရှိနေ၏။
အကယ်၍ တစ်ဖက်ကျွန်းသို့ မသွားပါက ပင်လယ်ထဲရှိ လူသားစားငါးများနှင့် ရင်ဆိုင်ရန် မလိုသော်လည်း မသွားခဲ့ပါက တစ်ဖက်ကျွန်းရှိ မိမိတို့ ချစ်သူများမှာ သေဆုံးရပေလိမ့်မည်။
တစ်ခဏချင်းမှာပင် ကမ်းခြေရှိ လေထုမှာ အေးခဲသွားတော့သည်။
တကယ်ပဲ တခြားနည်းလမ်း မရှိတော့ဘူးလား
……
[ဘေးကင်းနိုင်တယ် ဟုတ်လား အဲဒါဆို မင်းကိုယ်တိုင် ဘာလို့ ဆင်းမစမ်းတာလဲ (〃>皿<)]
[ဒီဝိညာဉ်က တကယ်ကို ယုတ်မာလွန်းတယ်]
[ငါသာဆိုရင်... ငါ သွားရဲမလားဆိုတာ ငါ့ကိုယ် ငါ တကယ်မသိဘူး]
[လက်တွေ့လောကက အချစ်တွေမှာ သေရေးရှင်ရေးအထိ ကြုံရတာ ရှားပါတယ်လေ]
Live လွှင့်ခန်းအတွင်းရှိ ကြည့်ရှုသူများမှာလည်း ရင်တထိတ်ထိတ် ဖြစ်နေကြရသည်။
ပင်လယ်ထဲတွင် လူသားစားငါးများ၊ တစ်ဖက်တွင်မူ မိမိတို့ ချစ်မြတ်နိုးရသူများ... သူတို့ ဘာလုပ်ကြမည်နည်း။
မည်သို့ ရွေးချယ်ကြမည်နည်း။
[သူတို့က အချစ်စစ် ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ... အသက်နဲ့ ရင်းပြီး စမ်းသပ်ခံရဖို့တော့ အကြောင်းမရှိပါဘူး]
[တကယ်တော့ host ရှိနေတာပဲ၊ သိပ်ပြီး စိုးရိမ်စရာ မလိုဘူးလို့ ထင်တယ်]
[နည်းလမ်းတစ်ခုလောက် ပေးရရင်... အားလုံး စည်းစည်း လုံးလုံးနဲ့ ကျွန်းပေါ်က ပစ္စည်းတွေသုံးပြီး ပိုက်ကွန်ယက်ကြပါလား၊ ပြီးရင် အဲဒီငါးတွေကို ဖမ်းထားလိုက်ပေါ့]
[ဒါက... ကျွန်းပေါ်မှာ အသက်ရှင်သန်ရေး ဖြစ်သွားပြီလား ငါးတွေရဲ့ သွားက အရမ်းထက်တာ၊ ကူးမသွားနိုင်ခင်မှာ ပိုက်ကွန် ပြတ်သွားနိုင်တယ်]
[မဟုတ်ဘူးလေ... ငါ့ဆိုလိုတာက ငါးတွေ သတိမထားမိခင်မှာ သူတို့ကို ဖမ်းပြီး ကင်စားပစ်လိုက်ဖို့ ပြောတာ]
[ဒါက…… ကျွန်တော်တို့ရဲ့ ‘အစားအသောက် နိုင်ငံတော်’ က လူတွေပဲ၊ တကယ့်ကို ထူးချွန်ကြပါပေ့]
……
"ဘာလို့ အခုလို လုပ်ရတာလဲ? ကျွန်မတို့က ကောင်းကောင်းမွန်မွန် ချစ်ချင်ရုံတင် ဥစ္စာကို... ဟီးဟီး..."
ကျွန်းပေါ်တွင် ချည်နှောင်မခံထားရသူများမှာ မနေနိုင်တော့ဘဲ ငိုကြွေးကုန်ကြသည်။
"ဒါကြောင့် မင်းတို့မှာ မသွားဘဲ နေနိုင်တဲ့ ရွေးချယ်ခွင့် ရှိတယ်လေ"
အမည်းရောင် ပုံရိပ်က ယုတ်မာစွာပြုံးလိုက်သည်။
၎င်း၏ပုံစံသည် လူသားတို့ကို အပြစ်ကျူးလွန်ရန် မြှူဆွယ်နေသော မိစ္ဆာတစ်ကောင်နှင့်တူလှပေ၏။
"မင်းတို့ကို ဘယ်သူမှ အပြစ်တင်မှာ မဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ ဒါက လူ့သဘာဝပဲလေ၊ အသက်ဘေးနဲ့ ယှဉ်လာရင် အချစ်ဆိုတာ ပြောပလောက်တဲ့အရာ မဟုတ်ပါဘူး"
"ကျွန်မ သွားမယ်"
ထိုခဏတွင် အောက်ဘက်မှ အသံနှစ်သံ ပြိုင်တူ ထွက်ပေါ်လာသည်။
ချူးရှသည် မျက်ရည်များကို သုတ်ရင်း ကမ်းစပ်သို့ လျှောက်လာခဲ့၏။
သူမ မျက်ဝန်းထဲမှ မျက်ရည်များမှာမူ အဆက်မပြတ် စီးကျနေဆဲဖြစ်သည်။
ဒီအချစ်က သူမ၏တစ်ဖတ်သတ် အချစ်သာ ဖြစ်နေပါစေဦးတော့...
ရည်စားစကား ပြောပြီးပြီးချင်းမှာပင် အငြင်းခံလိုက်ရပါစေဦးတော့...
သို့သော် သူမကသာ နတ်သမီးကျောက်ရုပ်ရှေ့တွင် ရည်စားစကားပြောရန် သူ့ကိုခေါ်မလာခဲ့ပါက သူ ဤကိစ္စတွင် ပတ်သက်လာရမည် မဟုတ်ပါချေ။
"ရှင့်ကို... ရှင်သာ သေသွားရင် အဲဒါ ကျွန်မကြောင့် သေရတာပဲ၊ မချစ်တဲ့သူကြောင့် သေရတာဆိုရင် ရှင် တကယ်စိတ်မကောင်း ဖြစ်နေရလိမ့်မယ်..."
ချူးရှ ရှိုက်ကြီးတငင် ဆိုလိုက်သည်။
မည်သို့ပင်ဖြစ်စေ သူမအနေဖြင့် သူ့ကို မျက်စိရှေ့တွင် သေခွင့် မပြုနိုင်ပါချေ။
ယခုအချိန်တွင် သူမတစ်ဦးတည်းသာ သူ့ကို ကယ်တင်နိုင် သည်။
တစ်ကယ်လို့... တစ်ကယ်လို့ လူသားစားငါးတွေက လူကို မစားရင် ဘယ်လိုလုပ်မလဲ
"ကျွန်တော်လည်း သွားမယ်"
အမည်းရောင်ပုံရိပ်က ‘တောသား’ ဟု ခေါ်ဆိုခဲ့သော အမျိုး သားသည်လည်း ရှေ့သို့ ထွက်လာခဲ့သည်။
တောသား ဖြစ်ခြင်း၊ မဖြစ်ခြင်း... ထိုစကားလုံးကို သူ မနှစ်သက်ပါချေ။
သူသည် လူတစ်ယောက်ကို စစ်မှန်စွာချစ်မြတ်နိုးခဲ့ပြီး သူမအတွက် အကောင်းဆုံးအရာများကို ပေးဆပ်နိုင်ရန် သတ္တိရှိရှိ ကြိုးစားခဲ့သူသာ။
သူ ဤသို့ လုပ်ဆောင်လိုသည်မှာလည်း သူမသည် တန်ဖိုးရှိသူတစ်ဦးဟု သူ ယုံကြည်သောကြောင့်ဖြစ်သည်။
အချစ်တွင် လူတို့သည် ကိုယ့်ကိုယ်ကိုယ် အားငယ်တတ်ကြသည်ဟု ဆိုကြသော်လည်း သူကမူ ထိုသို့ မဟုတ်ပါချေ။
သူသည် ပိုမိုကောင်းမွန်သော သူ ဖြစ်လာရန်သာ ကြိုးစားချင်သူ ဖြစ်သည်။
နောက်ပိုင်းတွင် သူတို့ လမ်းခွဲဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ... ထိုသည်မှာ အနာဂတ်ကိစ္စသာဖြစ်သည်။
အနည်းဆုံးတော့ သူ့အချစ်မှာ စစ်မှန်လှပေသည်။
…………
ထိုသူနှစ်ဦး ရေထဲသို့ ခုန်ချရန် ပြင်ဆင်နေစဉ် အမည်းရောင် ပုံရိပ်က ရုတ်တရက် ဆိုလိုက်သည်။
"သွားကြလေ... ဒီပင်လယ်ထဲက အကောင်တွေက မင်းတို့လို လတ်ဆတ်တဲ့ အစာတွေကို အကြိုက်ဆုံးပဲ"
ထိုစဉ်ပင် လူနှစ်ဦးလုံးမှာ တုန်လှုပ်သွားကြ တော့၏။
ထိုမြင်ကွင်းကို ကြည့်ကာ အမည်းရောင် ပုံရိပ်မှာ အားရပါးရ အော်ဟစ် ရယ်မောတော့သည်။
"ဟားဟားဟားဟား... မင်းတို့က တကယ်ပဲ ကူးသွားနိုင်မယ် ထင်နေတာလား"
"ဒီလူသားစားငါးတွေက ငါကိုယ်တိုင်..."
ရုတ်တရက် အမည်းရောင် ပုံရိပ်၏အသံမှာ ရပ်တန့်သွားတော့သည်။
အဘယ်ကြောင့်ဆိုသော် ရေထဲရှိ လူသားစားငါးများ အားလုံးမှာ ဗိုက်ဖြူလေးများပေါ်ကာ ပင်လယ်ရေပြင်ပေါ်တွင် ပက်လက်လန်တက်ကုန်ကြသည်ကို တွေ့လိုက်ရသော ကြောင့် ဖြစ်သည်။
ငါးအသေများမှာ ပင်လယ်ပြင် တစ်ခုလုံးကို ဖုံးလွှမ်းသွားသည့်အလား များပြားလှပေ၏။
"မင်း ဘာလုပ်လိုက်တာလဲ"
အမည်းရောင်ပုံရိပ်မှာ ချက်ချင်း လှည့်ကြည့်လိုက်သည်။
ထိုအခါ ၎င်းချည်နှောင်ထားခဲ့သော ဝိညာဉ်ရဲမက်မှာ မည်သည့်အချိန်ကတည်းက မတ်တတ်ရပ်နေခဲ့သည်ကိုတွေ့လိုက်ရ၏။
ကြိုးအသစ်များက သူ့အနီးသို့ကပ်ရန် ကြိုးစားနေသော် လည်း အနားသို့ပင် မရောက်နိုင်ပါချေ။
သူ့အနားတွင် အချည်းနှီးသာ ဝဲလည်နေကြတော့သည်။
ကျန်းလင်က အေးဆေးစွာပင် ဆိုလိုက်သည်။
"ဘာမှ မဟုတ်ပါဘူး၊ မင်းကို ချည်နှောင်ဖို့ ခဏလောက် အချိန်ယူလိုက်ရရုံပါ"
ဤဝိညာဉ်နယ်ပယ်သည် ဖူနင်၏နယ်ပယ်နှင့် မတူပါချေ။
ကိုယ်ပိုင်အစွမ်း သို့မဟုတ် ဝိညာဉ်လက်နက်ဖြင့် ဖွင့်လှစ်ထားသော နယ်ပယ်ဆိုပါက နယ်ပယ်သခင်ကို ဖမ်းဆီးလိုက်ရုံနှင့် ရပေသည်။
သို့သော် မိမိ၏ခန္ဓာကိုယ်ကိုပင် နယ်ပယ်အဖြစ် ပြောင်းလဲထားသော အခြေအနေမျိုးတွင်မူ ဝိညာဉ်နယ်ပယ် တစ်ခုလုံးကိုဖမ်းဆီးရမည် ဖြစ်သည်။
အမည်းရောင်ပုံရိပ်မှာ အံ့အားသင့်သွားပြီး ခေတ္တမျှတိတ် ဆိတ်သွားပြီးနောက် ပခုံးတွန့်လိုက်၏။
"ငါ ပေါ့ဆသွားတာပဲ၊ မင်း နိုင်ပါတယ်"
ဝိညာဉ်နယ်ပယ် တစ်ခုလုံးမှာ ၎င်းကိုယ်တိုင် ဖြစ်နေသဖြင့် အရှိန်အဝါကို လျှော့ချထားသော ကျန်းလင်ကို ၎င်းက အထင်သေးခဲ့မိခြင်း ဖြစ်သည်။
"ဒါဆို... မင်း အဖြေရပြီလား" ကျန်းလင် မေးလိုက်သည်။
ကျန်းလင်သည် ဝိညာဉ်နယ်ပယ် တစ်ခုလုံးကို သူ၏အရှိန် အဝါဖြင့် လွှမ်းခြုံထားစဉ်ကပင် အောက်ဘက်က ဂိမ်းများကို သူ စောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။
"ဘာကိုလဲ"
"ဒီဂိမ်းတွေထဲကနေ မင်း လိုချင်တဲ့ အဖြေကို ရခဲ့ရဲ့လားလို့"
မိမိ၏အခြေအနေကို သိရှိသွားပြီးနောက် အမည်းရောင်ပုံရိပ်မှာ အလွန်အကျွံ ရုန်းကန်ခြင်း မပြုတော့ပါချေ။
မည်သို့ပင်ဖြစ်စေ ၎င်းတွင် ဘာမှ မကျန်တော့သည်မှာ ကြာပြီဖြစ်သည်။
နောက်တစ်ကြိမ် ထပ်မံ သေဆုံးရလျှင်လည်း ကိစ္စမရှိတော့ပါချေ။
ကျန်းလင်၏ မေးခွန်းကို ကြားသည့်အခါ ၎င်းမျက်နှာပေါ်ရှိ လခြမ်းပုံသဏ္ဌာန်များမှာ ပြုံးရယ်နေဆဲ အခြေအနေကို ထိန်းထားဆဲ ဖြစ်သည်။
"အချစ်ဆိုတာ လေတစ်ပွက် (ဘာမှမဟုတ်တဲ့ အရာ) ပါပဲ"
ကျန်းလင် "…… အဲဒါဆို မင်းက လေတစ်ပွက်ကို ချစ်ခဲ့တာလား လေတစ်ပွက်ကြောင့်နဲ့ ဝိညာဉ် ဖြစ်လာရတာလား"
အမည်းရောင်ပုံရိပ် : "……"
အောက်ဘက်မှ အဖမ်းခံထားရသော ချစ်သူစုံတွဲများ : "……"
……
[ဟားဟားဟားဟား host ကတော့ နတ်ဘုရားပဲ]
[Host က တကယ်ကို ကောင်းကောင်း ချေပလိုက်တာ]
[ဒါဆို ငါလည်း လေတစ်ပွက်ကို ချစ်နေမိတာလား]
[ဘာပဲဖြစ်ဖြစ် ဒီလေ,လေးကတော့ တကယ်ကို မွှေးတာပဲ (*^▽^*)]
[…… ဟိုလူကြီးရေ... မင်း တကယ် ပြောနေတာလား]
Live လွှင့်ခန်းအတွင်း၌...
လေးလံနေသော လေထုမှာ ကျန့်လင်၏စကားတစ်ခွန်းတည်းနှင့် ချက်ချင်းပွင့်ထွက်သွားတော့သည်။
စော်ကားခံရသည်ဟုလည်း မည်သူမှ မခံစားရပါချေ။
အဘယ်ကြောင့်ဆိုသော် host သည် သူတို့ကို ပြောနေခြင်း မဟုတ်သောကြောင့် ဖြစ်သည်။
အကယ်၍ ထိုအမည်းရောင် ပုံရိပ်က အချစ်ကို လေတစ်ပွက် (ဘာမှမဟုတ်သောအရာ) ဟု ဆိုပါက ၎င်းကိုယ်တိုင်က ထိုအရာအတွက် ရူးသွပ်နေခဲ့ခြင်း မဟုတ်ပါလော။
အချစ်အတွက် ရူးသွပ်ခဲ့သည် သို့မဟုတ် လေတစ်ပွက်အတွက် ရူးသွပ်ခဲ့သည်။
ဘာမှ မှားယွင်းမှု မရှိပါချေ။
[မရတော့ဘူး... စောစောက ငါ တကယ် စိတ်တိုနေတာ၊ အခုတော့ အဲဒီ အမည်းရောင် ပုံရိပ်ကို ကြည့်ပြီး ရယ်ချင်နေပြီ]
[အဲဒီ အမည်းရောင် ပုံရိပ်မှာလည်း နောက်ကြောင်းဇာတ်လမ်း ရှိပုံရတယ်နော်...]