အခန်း (၁၄၁-၁၄၂)
Vol. 15 Ch. 141-142
🫧 Chapter 141
[အမည်းရောင် ပုံရိပ်မှာလည်း နောက်ကြောင်းဇာတ်လမ်း ရှိပုံရတယ်နော်...]
[လူပျိုကြီးတွေကတော့ မင်းတို့ရဲ့ ပျော်ရွှင်မှုတွေကို နားမလည်နိုင်ပါဘူးလေ ╮(╯▽╰)╭]
ကြည့်ရှုသူများမှာ 'လေတစ်ပွက်' (ဘာမှမဟုတ်သောအရာ) ဆိုသည့် စကားကြောင့် ရယ်မောနေကြစဉ်...
Live မြင်ကွင်းအတွင်း၌ တစ်ဖက်သတ် ချစ်ခဲ့ရသည်ဟု ဆိုခြင်းခံရသော မိန်းကလေးမှာ ရုတ်တရက် ဝေခွဲမရသည့် လေသံဖြင့် စတင်ပြောဆိုလာသည်။
"ကျွန်မ ထင်တာတော့... ရှင်က မှန်ကန်တဲ့သူနဲ့ မဆုံခဲ့ရသေးလို့ ထင်ပါတယ်ရှင်"
အမည်းရောင် ပုံရိပ်နှင့် ကျန်းလင်တို့၏စကားပြောဆိုမှုမှာ မရှည်လျားသော်လည်း သူတို့သည် အဖြစ်အပျက်မှာ မည်သို့ရှိမည်ကို အနည်းနှင့်အများ ခန့်မှန်းမိကြသည်။
'နှလုံးသားတစ်ခုကို ရယူနိုင်ပါစေ၊ ဆံဖြူသည်အထိ မခွဲမခွာ ပေါင်းဖက်ရပါစေ' ဆိုသည်မှာ နှစ်ဦးနှစ်ဖက် စိတ်တူကိုယ်တူ ရှိမှသာ ဖြစ်နိုင်သောအရာ ဖြစ်သည်။
သို့သော် အကယ်၍... ရှေ့သို့ တိုးဝင်နေသူမှာ တစ်ဖက်တည်းသာ ဖြစ်နေခဲ့ပါလျှင်...
ထိုသို့ တွေးလိုက်မိသည်နှင့် ချူးရှသည် သူမ၏ စတင်ကတည်းက ကျရှုံးသွားခဲ့သော အချစ်ဇာတ်လမ်းကို ပြန်လည်သတိရသွားကာ မျက်ရည်များမှာ ထပ်မံ ဝဲတက်လာပြန်သည်။
သို့သော် ကံကောင်းသည်မှာ သူတို့ သေရတော့မည် မဟုတ်ပါချေ။
"မှန်ကန်တဲ့သူနဲ့ မဆုံခဲ့ရဘူး ဟားဟားဟားဟား..."
အမည်းရောင်ပုံရိပ်မှာ တိုးတိုးလေး ရေရွတ်ရင်း အားရပါးရ ရယ်မောလိုက်သည်။
ထို့ပြင် ၎င်းမျက်နှာပေါ်ရှိ လခြမ်းပုံသဏ္ဌာန်သုံးခုမှာ ပိုပိုကွေးညွတ်လာတော့၏။
'ဂျွတ် ဂွပ်'
ခဏအကြာတွင် ထိုလခြမ်းပုံသဏ္ဌာန် သုံးခုမှာ ကွဲအက်သွားတော့သည်။
"ဘယ်သူက မှန်ကန်တဲ့သူလဲ ဘယ်သူက ငါ့အတွက် မှန်ကန်တဲ့သူလဲ ငါ့ရဲ့ နှလုံးသားကို ဘယ်သူ့ဆီ ပေးအပ်ခဲ့သင့်တာလဲ ဟားဟားဟား..."
၎င်း၏ကိုယ်ပေါ်ရှိ အမည်းရောင် မြူခိုးများမှာ ပိုမို ပြင်းထန်စွာ လှုပ်ခါလာပြီး နောက်ဆုံးတွင် လူသားပုံသဏ္ဌာန်ကိုပင် မထိန်းထားနိုင်တော့ပါချေ။
၎င်းမှာ ပြိုကွဲပျက်စီးလိုက်၊ ပြန်လည် စုစည်းလိုက်နှင့် ဖြစ်နေတော့သည်။
ကျန်းလင်သည် ခေါင်းကို အသာအယာ ခါယမ်းလိုက်ရင်း ကျွန်းပေါ်ရှိ ချစ်သူငါးတွဲကို အပြင်ဘက်သို့ ပို့ထုတ်ပေးလိုက်သည်။
ထို့နောက်သူသည် လက်ကို ဆန့်ထုတ်လိုက်ရာ ဝိညာဉ်နယ်ပယ်တစ်ခုလုံးကို လွှမ်းခြုံထားသော ဝိညာဉ်အရှိန်အဝါများမှာ ပိုက်ကွန်တစ်ခုကဲ့သို့ ကျုံ့ဝင်လာတော့သည်။
Live မြင်ကွင်းအတွင်း၌ ကင်မရာမှာလည်း တစ်ချက်ပြောင်း လဲသွားကာ ပြိုကွဲပျက်စီးနေသော ဝိညာဉ်နယ်ပယ်ဆီသို့ ဦးတည်သွားသည်။
မြေပြင်မှာလည်း တုန်ခါနေပြီး ဝိညာဉ်နယ်ပယ်တစ်ခုလုံးသည် အစွန်းဆုံးနေရာများမှ စတင်ကာ အတွင်းဘက်သို့ ကျုံ့ဝင်လာနေ၏။
ပင်လယ်ရေလှိုင်းများမှာ ပြင်းထန်စွာ ထကြွလာပြီး ကျွန်းစုများမှာ ရေအောက်သို့ နစ်မြုပ်သွားကြသည်။
ကောင်းကင်ယံမှာလည်း ပိုမို ကျဉ်းမြောင်းလာခဲ့ကာ လေပြင်းများ တိုက်ခတ်ကာ တိမ်တိုက်များမှာလည်း လိပ်တက်နေတော့သည်။
……
[ဝိုး... ဒီမြင်ကွင်းက တကယ်ကို အံ့မခန်းပဲ]
[ဒါက အထူးပြုလုပ်ချက်တွေထက် ပိုမိုက်တာပဲ]
[ရုပ်ရှင်တွေတောင် ဒီလောက်ထိ မရိုက်နိုင်ဘူး 666]
[လင်းချွှမ်က host ကိုမိုးမျှော်တိုက်ကြီး လက်ဆောင်ပေး အပ်လိုက်ပါသည်]
မြင်ကွင်းမှာ အလွန်တရာ ခမ်းနားလွန်းလှသဖြင့် ကြည့်ရှုသူများမှာ 'ဝိုး' ခနဲ အာမေဍိတ်သံများ ထွက်ပေါ်နေကြသည်။
Live တစ်ခု ကြည့်နေရသည်မှာ စူပါ ဟီးရိုး ကားကြီးတစ်ကား ကြည့်နေရသကဲ့သို့ပင်။
ဝိညာဉ်နယ်ပယ်အတွင်း ဖြစ်သော်လည်း ကမ္ဘာငယ်လေးတစ်ခု ပျက်စီးသွားသည်ကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ရခြင်းမှာ ဖော်ပြ၍မရနိုင်သော ခံစားချက်ကို ပေးစွမ်းသည်။
ရင်သပ်ရှုမောဖွယ်၊ နှမြောတသဖွယ်...ခံစားချက်များနှင့်အတူ သူတို့၏ တစ်ကိုယ်လုံးမှာ ကြက်သီးမွေးညင်းများပင် ထလာတော့သည်။
[အံသြလွန်းလို့ ထုံတောင် သွားပြီ၊ host ရဲ့ ဒီတစ်ခါ လက်ချက်ကတော့ တကယ်ကို အံ့မခန်းပဲ ]
[ကမ္ဘာပျက်ကပ် ရုပ်ရှင်တွေအတွက် ကုန်ကြမ်းတွေ ရပြီ၊ ရုပ်ရှင် နယ်ပယ်ထဲက လူကြီးမင်းတွေ လာကြည့်ကြပါဦး]
[ဒါကိုတော့ ကြယ်ငါးပွင့် မပေးလို့ မရတော့ဘူး]
……
ကြည့်ရှုသူများ၏ အာရုံမှာ ဝိညာဉ်နယ်ပယ်၏အပြောင်း အလဲများဆီသို့ ရောက်နေစဉ် ကျန်းလင်သည် မိမိရှေ့ရှိ မြူခိုးထုကြီးကို စိုက်ကြည့်ကာ လက်ယပ်ခေါ်လိုက်သည်။
နောက်တစ်စက္ကန့်တွင် ထိုမြူခိုးထုမှာ တစ်စုံတစ်ရာဖြင့် ပတ်ရစ်ခံလိုက်ရကာ သူ၏ ရှေ့သို့ ပျံသန်းလာခဲ့၏။
"မင်း 'ဝိညာဉ်အရောင်းအဝယ်သမား' (ဝိညာဉ်ဆိုင်ရှင်) အကြောင်း ကြားဖူးသလား"
ထို့နောက်သူက စတင်မေးမြန်းလိုက်၏။
"သူက မျက်နှာဖုံး တပ်ထားတတ်ပြီး ဝိညာဉ်ပစ္စည်းတွေကို လိုက်ရောင်းတတ်တဲ့သူလေ"
ကျန်းလင်၏လက်ရှိ အလုပ်မှာ နှစ်မျိုးရှိသည်။
ပထမမှာ မိမိနယ်မြေအတွင်းရှိ ဘေးကင်းလုံခြုံရေးကို ထိန်းသိမ်းရန်နှင့် ဒုတိယမှာ 'ပိုးမွှား' များကို ဖယ်ရှားရန် ဖြစ်သည်။
ပိုးမွှားများကို ဖယ်ရှားရန်မှာ သူတို့ကို အရင်ဆုံး ရှာဖွေတွေ့ရှိရမည် ဖြစ်သည်။
ထိုဝိညာဉ်အရောင်းအဝယ်သမားသည် နေရာအနှံ့ ပစ္စည်းလိုက်ရောင်းရန် ဝါသနာပါသဖြင့် ကျန်းလင် ဤဝိညာဉ်များထံမှ သဲလွန်စအချို့ ရရှိနိုင်ကောင်း ရရှိနိုင်လိမ့်မည်ဟု တွေးတောမိခြင်း ဖြစ်သည်။
မြူခိုးထုမှာ ဖြည်းညှင်းစွာ လွင့်မျောနေပြီး အတွင်းမှ ကြမ်းတမ်းသော အသံမှာ ထွက်ပေါ်လာသည်။
"မကြားဖူးဘူး... ဒါပေမဲ့ မြင်တော့ မြင်ဖူးတယ်"
ရယ်မောသံများ မရှိတော့သည့်အခါ ထိုအသံမှာ အနည်းငယ် လေးလံကာ ပင်ပန်းနွမ်းနယ်နေသည့် အသွင်ဆောင်နေ၏။
"ငါ အခုလို ပုံစံမျိုးဖြစ်လာရတာလည်း သူ့ကျေးဇူးကြောင့်ပဲ"
မြူခိုးထုမှာ အနည်းငယ် လှုပ်ရှားသွားပြီး ကျန်းလင်ကို တစ်ချက် ကြည့်လိုက်ပုံရသည်။
"မင်း သူ့ကို ရှာချင်တာလား ရှာလို့ မတွေ့နိုင်ပါဘူး၊ သူက ဘယ်နေရာမှာမဆို စိတ်ကြိုက် ပေါ်လာနိုင်တာ"
"ဒါပေမဲ့ အပြန်အလှန်အနေနဲ့ အချိန်အတိုင်းအတာတစ်ခု ရောက်တိုင်း သူက အဖိုးအခတစ်ခု လာလာသိမ်းတတ်တယ်"
ကျန်းလင် "နောက်တစ်ခါက ဘယ်တော့လဲ"
မြူခိုးထု "မသိဘူး၊ ငါ သူ့ကို တစ်ခါပဲ မြင်ဖူးတာ ဒါမှမဟုတ် သူ ငါ့အနားမှာပေါ်လာတာနဲ့ အဖိုးအခကို အလိုအလျောက် သိမ်းသွားတာလည်း ဖြစ်နိုင်တယ်..."
စကားပြောနေစဉ်အတွင်းမှာပင် ဝိညာဉ်နယ်ပယ်မှာ ဆက် လက်ကျုံ့ဝင်နေဆဲ ဖြစ်သည်။
တဖြည်းဖြည်းနှင့် ကျန်းလင်နှင့် ထိုအမည်းရောင် ပုံရိပ်တို့ ရပ်တည်ရန် နေရာလေးသာကျန်ရှိတော့တော့သည်။
ထိုအမည်းရောင် ပုံရိပ်ပါကျုံ့ဝင်ခံရတော့မည့် အချိန်တွင် ၎င်းသည် တိုးတိုးလေးတစ်စုံတစ်ရာကို ရေရွတ်နေသည်ကို ကျန်းလင် ကြားလိုက်ရသည်။
"တကယ်လို့သာ... တကယ်လို့သာ..."
၎င်းသည် ထိုစကားလုံးကိုသာ ထပ်ခါတလဲလဲ ရေရွတ်နေရင်း အသံမှာ တဖြည်းဖြည်း တိုးဝင်သွားတော့သည်။
'ထားလိုက်ပါတော့... ဒီအတိုင်းပဲ ဖြစ်ပါစေ'
ထို့နောက်၎င်းမှာ ဘာကိုမှ စဉ်းစားမနေတော့ဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားချင်သည်ဟု ၎င်းက တွေးတောနေပုံရ၏။
……
နောက်တစ်ခဏတွင် ကျန်းလင်သည် နတ်ဘုရားမကျောက် ရုပ်၏ အထက်သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
သူ့ လက်ထဲတွင်မူ ဘောလုံးလေးတစ်ခုအဖြစ် ဖိသိပ်ထားသော ဝိညာဉ်နယ်ပယ် ရှိနေ၏။
ထိုအမည်းရောင်ပုံရိပ် နောက်ဆုံးဘာပြောချင်ခဲ့သည်ကို သူ မသိပါချေ။
Live လွှင့်ခန်းတွင် တရိပ်ရိပ်တက်နေသော မှတ်ချက်များကို ကြည့်ရင်း သူက ခေတ္တမျှ စဉ်းစားကာ ဆိုလိုက်သည်။
"လူတစ်ယောက်ရဲ့ဘဝက တိုတောင်းလှပေမဲ့ အရာရာကို အတွေ့အကြုံယူနိုင်ဖို့တော့ လုံလောက်ပါတယ် အကယ်၍ အချစ်မရှိတော့ရင်လည်း တခြားသော အရာတွေကို သွားရောက် အတွေ့အကြုံယူနိုင်ပါသေးတယ်"
"မဟုတ်ရင် ဒီတစ်သက် လာရတာ တစ်ခုတည်းနဲ့ပဲ အချိန် ကုန်သွားရင် အရှုံးကြီးရှုံးပါလိမ့်မယ်"
ပြောဆိုရင်း သူက ဘောလုံးလေးသဖွယ် ဖြစ်နေသော ဝိညာဉ်နယ်ပယ်ကို Live မြင်ကွင်းသို့ ပြလိုက်သည်။
"အားလုံးပဲ သူ့ကို အတုမယူကြပါနဲ့"
မုန့်ပေါ် သည် တစ်ချိန်က နှစ်ပေါင်းထောင်ချီ စောင့်ဆိုင်းခဲ့သော်လည်း ကျင့်စဉ်မှာ ကျဆင်းသွားခြင်းမရှိသည့်အပြင် တဟုန်ထိုး တိုးတက်လာခဲ့သည်။
အသက်မွေးဝမ်းကျောင်းတွင်လည်း ပထမတန်းစား ဝိညာဉ်တမန်တော်အဆင့်အထိ ကြိုးစားအားထုတ်နိုင်ခဲ့၏။
ထို့အပြင် ယန်မမင်းယန်လော်နှင့်လည်း ဆက်ဆံရေး ကောင်းမွန်ပုံရပေသည်။
နောက်ဆုံးတွင် အချစ်မရှိတော့ကြောင်း အတည်ပြုလိုက်သည့်အခါမှသာ...
ယခုမူ လူပြန်ဝင်စားကာ အရာရာကို အသစ်မှ ပြန်လည် စတင်နိုင်ခဲ့ပြီဖြစ်သည်။
ဤသည်မှာလည်း အလွန်ကောင်းမွန်သော အရာပင်။
အမည်းရောင်ပုံရိပ်ကဲ့သို့ မိမိကိုယ်ကိုရော တခြားသူများကိုပါ ညှဉ်းပန်းနှိပ်စက်နေရန် မလိုအပ်ပါချေ။
……
[ဟုတ်ကဲ့ပါ၊ host ပြောသလိုပဲ လုပ်ပါ့မယ်၊ သူ့ကို အတုမယူဘူး! ヽ( ̄▽ ̄)]
[ဟုတ်တယ်၊ ရှုံးတာပေါ့။ အချစ်အပြင် သူငယ်ချင်းသံယော ဇဉ်၊ မိသားစု သံယောဇဉ်တွေလည်း ရှိပါသေးတယ်...]
[ကျွန်တော်လည်း အချစ်မရှိတော့ဘူး၊ ဒါကြောင့် ငွေကြေးရဲ့ ပျော်ရွှင်မှုကိုပဲ ရှာဖွေတော့မယ် ]
[ဝိုး... အပေါ်ကလူက သူဌေးကြီးပဲ၊ ကျွန်တော်လည်း ငွေကြေးရဲ့ ပျော်ရွှင်မှုကို ခံစားကြည့်ချင်ပါသေးတယ်]
[အမှန်အတိုင်း ပြောရရင် အမည်းရောင် ပုံရိပ်က ကိုယ့်ထိုက်နဲ့ ကိုယ့်ကံလို့ ထင်ရပေမဲ့ ဘာလို့မှန်းမသိဘူး စိတ်ထဲမှာ တစ်မျိုးကြီး ခံစားရတယ်ဗျာ]
နောက်ဆုံး မြင်ကွင်းကို ကြည့်ကာ...
Live လွှင့်ခန်းအတွင်း၌ ဝမ်းသာသူ ရှိသလို ဝမ်းနည်းသူလည်း ရှိနေကြသည်။
ဤလောကတွင် လူတိုင်းမှာ အရာရာကို အလွယ်တကူ လက်လွှတ်နိုင်ကြသည် မဟုတ်ပါချေ။
ထို့ကြောင့်လည်း ဝမ်းနည်းစရာ ဇာတ်လမ်းများစွာ ရှိနေခြင်း ဖြစ်သည်။
[အကယ်၍ သူသာ အစကတည်းက မှန်ကန်တဲ့သူနဲ့ တွေ့ခဲ့ရင် အခုလို ဖြစ်လာမှာ မဟုတ်ဘူးနော်]
[ကျွန်မလည်း မှန်ကန်တဲ့သူကို ရှာချင်မိတယ်..]
[တိုးတိုးလေး ပြောပြရရင်... ကျွန်မလည်း ရင်ဖွင့်စကား ကိုတော့ စမ်းကြည့်ချင်တယ်၊ အင်း... စွန့်စားခန်း ကတော့ မလိုပါဘူး]
[အယ်... ဒါကတော့...]
……
"ဟင်း..."
အန်းပြည်နယ် နန်အန့် အပန်းဖြေစခန်း ရုံးခန်းအတွင်း၌...
တာဝန်ခံဖြစ်သူသည် စားပွဲတွင် ထိုင်ရင်း သက်ပြင်းကို အရှည်ကြီး ချလိုက်မိသည်။
စောစောကပင် သူသည် အပန်းဖြေစခန်းဆီသို့ ဘိုကင်များ အများအပြား ဝင်လာသဖြင့် ဝမ်းသာနေခဲ့ခြင်းဖြစ်သည်။
သို့သော် Live လွှင့်ခန်းရှိ အကြောင်းအရာများကို ကြည့်ပြီးနောက်တွင်မူ သူ မရယ်နိုင်တော့ပါချေ။
ယခုတစ်ကြိမ်တွင် ကျန်းလင်က ဝိညာဉ်နယ်ပယ်တစ်ခုလုံးကို သိမ်းယူသွားခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ရဲတပ်ဖွဲ့ဘက်မှ အပန်းဖြေစခန်းသို့ လူလွှတ်၍ စောင့်ကြည့်ခြင်းမပြုတော့ဘဲ စစ်ဆေးမှုအချို့သာ ပြုလုပ်ခဲ့သည်။
သို့သော်...
နတ်ဘုရားမကျောက်ရုပ်က ဘာအတွက်လဲ.....
ချစ်သူစုံတွဲများကို ဆွဲဆောင်ရန် ဖန်တီးထားသော နေရာ ဖြစ်သည်။
သို့သော် ယခု ထုတ်လွှင့်လိုက်သည်က ‘စစ်မှန်သောအချစ်၊ ရင်ဖွင့်စကားနဲ့ စွန့်စားခန်း’ ဂိမ်းကြီး ဖြစ်နေသည်။
သူ အလွန်အမင်း စိုးရိမ်နေမိသည်။
ချစ်သူငါးစုံမှာ ထိုအဆင့်နှစ်ဆင့်ကို ဖြတ်ကျော်ပြီးနောက် နောက်ဆုံးတွင် မည်သူကျန်ရစ်မည်နည်း။ အထူးသဖြင့် နောက်ဆုံး စွန့်စားခန်းမှာ လူ့သဘာဝကို စမ်းသပ်ခြင်းသာ ဖြစ်သည်။
တာဝန်ခံမှာ ခေါင်းကိုလက်ဖြင့် အုပ်လိုက်မိ၏။
သွားပြီ... သွားပြီ...
မနက်ဖြန် သတင်းစာခေါင်းကြီးပိုင်းကို သူ ကြိုတင် မြင်ယောင်နေမိသည်။
#နတ်ဘုရားမကျောက်ရုပ်မှာ ချစ်သူများ လမ်းခွဲသည့် ကျောက်ရုပ် ဖြစ်သွားပြီ၊ ချစ်သူငါးတွဲလုံး မလွတ်မြောက်နိုင်ခဲ့...
အစပိုင်းတွင် ဝိညာဉ်နယ်ပယ်အကြောင်းကြောင့် လူများ စိတ်ဝင်စားကြမည် ဖြစ်သော်လည်း ထိုစိတ်လှုပ်ရှားမှုများ ကုန်ဆုံးသွားသည့်အခါ ဤနေရာသည် ‘လမ်းခွဲကျောက်ရုပ်’ အဖြစ်သာ လူတို့ မှတ်မိသွားကြတော့မည်။
"ဟူးးးးး"
……
တံခါးအပြင်ဘက်တွင်မူ ဝန်ထမ်းများမှာ တိတ်တဆိတ် ချောင်းကြည့်နေကြသည်။
ယခင်က အထက်လူကြီးက ဝမ်းသာအားရဖြင့် ညကျလျှင် အပြင်ထွက် စားကြမည်ဟုပြောခဲ့ဖူးသည်။
သူတို့ သိချင်သည်မှာ... ထိုစကားက အတည်ဖြစ်ပါသေးသလား ?
လက်တွေ့တွင် မည်သည့်အချိန်မဆို အစားအသောက်ဘုရင်များမှာ စားရန်အတွက် ဘယ်တော့မှ မေ့လျော့ခြင်းမရှိကြပါချေ။
🫧 Chapter 142
ကျန်းလင် ထွက်ခွာသွားပြီး မကြာမီမှာပင် ထိုချစ်သူငါးတွဲမှာ အပန်းဖြေစခန်း၏ဆေးပေးခန်းအတွင်း၌ နိုးလာခဲ့ကြသည်။
ထို့နောက်တွင် နည်းလမ်းအမျိုးမျိုးမှတစ်ဆင့် ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာများနှင့် ဝိညာဉ်နယ်ပယ်အကြောင်းကို သူတို့ သိရှိသွားကြတော့သည်။
'ဒါဆို အဲဒါတွေအားလုံးက တကယ်ပဲလား'
'အိပ်မက်တစ်ခု မဟုတ်ခဲ့ဘူးလား'
'ဖြန်း'
ဆေးပေးခန်းမှ ထွက်လာသည်နှင့် လှည့်ဖြားခံခဲ့ရသော ဝန်ထမ်းအမျိုးသမီးမှာ အမျိုးသား၏ပါးကို လက်ဝါးဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။
ထို့နောက်တွင် နောက်သို့ပင် လှည့်မကြည့်တော့ဘဲ ထွက်ခွာသွားတော့၏။
Online တွင် ဆုံတွေ့ခဲ့ကြသောစုံတွဲမှာမူ ကြီးမားသော အငြင်းပွားမှုများ မရှိခဲ့သော်လည်း နှစ်ဦးသား၏မျက်နှာအမူအရာမှာ များစွာကောင်းမွန်မနေပါချေ။
သူတို့သည် သာမန်အတိုင်း ချစ်ချင်ခဲ့ရုံသာဖြစ်ပြီး သေရေး ရှင်ရေးအထိ စဉ်းစားခဲ့ဖူးခြင်း မရှိကြပေ။
ထို့ကြောင့်လည်း ဂိမ်းအတွင်း တစ်ဖက်လူ၏တုံ့ပြန်မှုကို အပြစ်မတင်လိုကြပါချေ။
သို့သော်လည်း သေရေးရှင်ရေး အခြေအနေတွင် မိမိကိုယ် တိုင် သို့မဟုတ် တစ်ဖက်လူ၏ နောက်ဆုတ်သွားခဲ့မှုကို သတိရလိုက်တိုင်း အနာဂတ်တွင် ဆက်လက် တွဲဖြစ်ကြဦးမည် ဆိုပါကလည်း ယခင်ကကဲ့သို့ ဆက်ဆံရေးမျိုး ပြန်ရရန်မှာ မဖြစ်နိုင်တော့ပေ။
သူတို့တွင် အပြစ်မရှိပါချေ။
မှားယွင်းသွားသည်မှာ ဤသို့သော အချိန်မျိုးတွင် ထိုသို့သော 'ဂိမ်း' နှင့် လာရောက် ကြုံတွေ့ခဲ့ရခြင်းပင်။
……
"ဟူး"
ငယ်သူချင်းများ ဖြစ်ကြသောစုံတွဲမှာမူ တစ်ဖက်လူမှာ မိမိရှေ့တွင် ဘေးကင်းစွာရပ်နေသည်ကို ကြည့်ကာ သက်ပြင်းကို အေးအေးဆေးဆေးချလိုက်မိကြသည်။
သူတို့အကြားက သံယောဇဉ်မှာ တစ်ဖက်လူ၏ အနစ်နာခံမှုဖြင့် သက်သေပြရန် မလိုအပ်ပါချေ။
……
"သွားကြရအောင်"
နတ်ဘုရားမနှင့်တောသားဟု အမည်းရောင်ပုံရိပ်က ခေါ်ဆိုခဲ့သော စုံတွဲမှာလည်း အတူတူပင် ထွက်ခွာသွားကြသည်။
ဂိမ်းအတွင်း၌ အမျိုးသမီးကလမ်းခွဲချင်သည်ဟု ပြောခဲ့သော်လည်း အနည်းဆုံးတော့ သူတို့ အတူတူ ရှိခဲ့ဖူးကြသည်။
ထို့အပြင် အသက်ရှင်နေသရွေ့ နောက်ပိုင်းကိစ္စများကို အတပ်မပြောနိုင်ပါချေ။
"ဟင်း"
ထိုစုံတွဲများ တစ်ဦးပြီးတစ်ဦး ထွက်ခွာသွားကြသည်ကို ကြည့်ရင်း တစ်ဖက်သတ်ချစ်ခဲ့ရသူ ချူးရှ သည် လက်နှစ်ဖက်ကို အိတ်ကပ်ထဲထည့်ကာ အပန်းဖြေစခန်း အပြင်ဘက်သို့ လျှောက်လာခဲ့သည်။
သူမသည် လမ်းလျှောက်ရင်း လမ်းဘေးရှိ ကျောက်ခဲလေးများကို ကန်ကျောက်နေ၏။
နတ်ဘုရားမကျောက်ရုပ်ရှေ့မှ ဖြတ်သွားသည့်အခါ သူမသည် မစတင်ရသေးခင်မှာပင် ကျရှုံးသွားခဲ့ရသော သူမ၏ အချစ်ရေးအတွက် ထပ်မံသက်ပြင်းချလိုက်မိပြန်သည်။
တခြားသူတွေက အနည်းဆုံးတော့ အတူတူ ရှိခဲ့ဖူးကြသေးသည်။
သူမကတော့
'အင်း ပြောလေလေ ဝမ်းနည်းလေလေပါပဲ'
'တီ.တီ'
ထိုစဉ် အိတ်ကပ်ထဲရှိ ဖုန်းမှာ တုန်ခါသွား၏။
ချူးရှကတော့ ဘယ်သူငယ်ချင်းက အခြေအနေ လာမေးပြန်ပြီလဲဟု ခန့်မှန်းလိုက်မိ၏။
သူမသည် အဖြစ်အပျက်တစ်ခုလုံးကို Live လွှင့်ခဲ့သည်ကို သိထားသဖြင့် သတင်းစကားများစွာ ရောက်လာမည်ကို သူမ ကြိုတင်တွေးဆထားပြီးသား ဖြစ်သည်။
သို့သော် ယခုအချိန်တွင် သူမ၌ ထိုသို့သော စိတ်ခံစားချက်မျိုး မရှိပါချေ။
'ကျေးဇူးပြုပြီး သူမကို တစ်ယောက်တည်း အေးအေးဆေး ဆေး '
"ကျွန်မ ရှင့်ဆီက တိုက်ခတ်လာတဲ့ ညနေခင်းလေညင်းကို ရှူရှိုက်ခဲ့ဖူးတယ်၊ လေထုထဲမှာ ပျံ့လွင့်နေတာက..."
ဖုန်းမြည်သံကလည်း ထွက်ပေါ်လာ၏။
ထိုသီချင်းသံကို ကြားသည့်အခါ ချူးရှ မျက်ရည်များမှာ ထိန်းမရတော့ဘဲ စီးကျလာတော့မလို ဖြစ်သွား၏။
သူမသည် ဖုန်းကို ထုတ်လိုက်ကာ ချက်ချင်းပင် ဖုန်းချလိုက်ပြီး Flight Mode ကို ပြောင်းလိုက်သည်။
"……"
'နေပါဦး'
'စောစောက ဖုန်းဆက်တဲ့သူက ဘယ်သူလဲ'
ထို့နောက် သူမသည် အိတ်ကပ်ထဲမှ ဖုန်းကို အလျင်အမြန် ပြန်ထုတ်ကာ ဖုန်းပြန်ဆက်လိုက်သည်။
သို့သော် ခေါ်ဆိုမှု မအောင်မြင်ပါချေ။
"ငါ့ ဦးနှောက်ကတော့"
ချူးရှသည် မိမိ၏နဖူးကို မိမိ ပြန်ရိုက်လိုက်မိလိုက်သည်။
Flight Mode ဖွင့်ထားပြီး ဖုန်းခေါ်လို့ရနေရင်တော့ ဝိညာဉ်ပဲ ဖြစ်ရတော့မှာပေါ့။
……
ဖုန်းမှာ သုံးစက္ကန့်ခန့် မြည်ပြီးနောက်တွင် တစ်ဖက်မှ ထူးလာခဲ့သည်။
ချူးရှသည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ရင်း
"ဟို စောစောက မှားနှိပ်မိသွားလို့ပါ"
"အင်း"
"ဘာ ကိစ္စရှိလို့လဲဟင်"
တစ်ဖက်မှ နှစ်စက္ကန့်ခန့် တိတ်ဆိတ်သွားပြီးနောက် ရင်းနှီးနေသော အသံမှာ ထွက်ပေါ်လာသည်။
"မေးပါရစေ၊ အခုခေတ် မိန်းကလေးတွေကြားမှာ ရည်စားစကားပြောပြီးရင် လူကို မသိချင်ယောင်ဆောင်တာက ခေတ်စားနေတာလား"
ချူးရှမှာ ကြောင်သွားကာ လွှတ်ခနဲ ပြောလိုက်မိသည်။
"ရှင်ပဲ မရင်းနှီးဘူးလို့ ပြောခဲ့တာ မဟုတ်လား"
'အဲဒါက ငြင်းလိုက်တာ မဟုတ်ဘူးလား'
"မရင်းနှီးတာတော့ အမှန်ပဲ"
ဤအသံက ချူးရှသည် နောက်သို့လှည့်ကြည့်လိုက်သည့်အခါ ထိုသူသည် သူမ နောက်ကွယ်တွင် ပေါ်လာသည်ကို တွေ့လိုက်ရသည်။
သူသည် လက်ထဲတွင် ဖုန်းကိုကိုင်ထားကာ အလင်းရောင်ကို ကျောပေးလျက် သူမဆီသို့ လျှောက်လာနေ၏။
နားထဲရှိ ဖုန်းထဲမှလည်း ရယ်မောသံ အနည်းငယ်စွက်နေ သောအသံမှာ ထွက်ပေါ်လာ၏
"တကယ်ကို မရင်းနှီးတာပါ"
"ဒါပေမဲ့ အစကစပြီး ပြန်မိတ်ဆက်ဖို့ အခွင့်အရေးတစ်ခုလောက် ပေးလို့ရမလား လူသားစားငါးတွေကို ရင်ဆိုင်ရဲတဲ့ သူရဲကောင်းမလေး"
ချူးရှ မျက်လုံးများပြူးသွားကာ "ရှင်... ရှင်...ရှင်"
ထိုသူက ပြုံးပြလိုက်သည်။
"ကျွန်တော် အားလုံး ကြားခဲ့ပါတယ်၊ ပြီးတော့ ကိုယ့်အသက်ကို ကယ်တင်ဖို့လုပ်ခဲ့တဲ့ သူရဲကောင်းမလေးကို အခွင့်ရေးမပေးလို့ဖြစ်မလား"
အမည်းရောင်ပုံရိပ်၏အသံကို ဝိညာဉ်နယ်ပယ်တစ်ခုလုံးက ကြားရသည်။
ထို့အပြင် သူတို့ကို နောက်ပြောင်ရန်အတွက် တစ်ဖက်ကျွန်းရှိသူများ ပြောသမျှကိုလည်း သူတို့ ကြားနေရပေသည်။
နောက်ဆုတ်သွားသော အသံဖြစ်စေ၊ ငိုကြွေးနေသောအသံဖြစ်စေချည်နှောင်ခံထားရသော သူတို့မှာ အတိုင်းသား ကြားနေရခြင်းဖြစ်သည်။
ဤသည်မှာလည်း Online စုံတွဲ ထွက်လာသည့်အခါ ထိုသို့သော မျက်နှာအမူအရာ ဖြစ်နေရခြင်း၏ အကြောင်းရင်းပင်။
မည်သည့်အကြောင်းကြောင့်ပင်ဖြစ်စေ ထိုအချိန်တွင် ချူးရှ ရှေ့သို့ ထွက်လာခဲ့သည်မှာ အမှန်ပင်။
သံသယဖြစ်ဖွယ်မရှိသည်မှာ ထိုအခိုက်အတန့်တွင် သူမသည် သူရဲကောင်းတစ်ဦး ဖြစ်ခဲ့၏။
ထိုသူရဲကောင်းလေးမှာ အနည်းငယ် အူကြောင်ကြောင် နိုင်နေသည်ဟု ထင်ရသော်လည်း သူရဲကောင်းပင်မဟုတ်လော။
"ဒါဆို ရင်းနှီးခွင့် ရမလား သူရဲကောင်းမလေး"
သူက မေးလိုက်သည်။
"……"
ချူးရှသည် သူမ၏အနီရောင် အင်္ကျီစလေးကို ဆုပ်ကိုင်ထားမိသည်။
ထို့နောက်သူမ ခေါင်းငြိမ့်လိုက်သော အခိုက်အတန့်တွင် မျက်ရည်များမှာလည်း ဝဲတက်လာတော့သည်။
ဘုရားရေ "ಥ‿ಥ'
'တစ်ဖတ်သတ် အချစ်မှာ တုံ့ပြန်မှုရရှိလိုက်တဲ့ ခံစားချက်က အခုလိုမျိုးလား'
'နတ်ဘုရားမကျောက်ရုပ်ကို ကျေးဇူးတင်ပါတယ်'
'Host ကို ကျေးဇူးတင်ပါတယ်'
'လောကကြီးကို ကျေးဇူးတင်ပါတယ်'
'အသက်ရှင်နေရတာ တကယ်ကို ကောင်းလှပါပေ့'
……
အပန်းဖြေစခန်း တာဝန်ခံမှာတော့ စောင့်ရင်း စောင့်ရင်းနှင့် သူ့ ဆံပင်များပင် အတော်များများ ကျွတ်သွားခဲ့ပြီ ဖြစ်သော်လည်း 'နတ်ဘုရားမကျောက်ရုပ် လမ်းခွဲကျောက်ရုပ် ဖြစ်သွားပြီ' ဆိုသည့် သတင်းများ ရောက်မလာခဲ့ပါချေ။
အပန်းဖြေစခန်း ပျက်စီးသွားပြီဆိုသည့် သတင်းအစား အပန်းဖြေစခန်း၏ ရှာဖွေမှုနှုန်းနှင့် စိတ်ဝင်စားမှုနှုန်းမှာ တရိပ်ရိပ်တက်နေသော အချက်အလက်များကိုသာ သူ ရရှိခဲ့သည်။
လာရောက် လည်ပတ်သူများမှာလည်း ပိုမိုများပြားလာခဲ့၏။
"...."
သူသည် အပန်းဖြေစခန်း၏ အကောင့်ရှိ မှတ်ချက်ကဏ္ဍတွင် ဝင်ရောက် ဖတ်ရှုလိုက်သည်။
သို့သော် အကြောင်းရင်းကို သိရှိသွားပြီးနောက်တွင်မူ သူသည် ဝမ်းသာအားရဖြင့် မျက်ရည်များကို သုတ်လိုက်မိတော့သည်။
မိမိ၏ ခေါင်းပေါ်မှ သနားစရာကောင်းသော ဆံပင်လေးများကို ပွတ်သပ်ရင်း
"မလွယ်ပါဘူး တကယ်ကို မလွယ်ပါဘူး"
……
အမှန်မှာမူ
ထိုချစ်သူစုံတွဲများ အပန်းဖြေစခန်းမှ ထွက်ခွာသွားပြီးနောက် Live လွှင့်ခန်းကြောင့် သူတို့မှာ အနည်းငယ် နာမည်ကျော် သွားကြသည်။
သူတို့၏နောက်ဆက်တွဲများကို မိမိတို့၏ Friend Circle များတွင် တင်ခြင်း သို့မဟုတ် ဘေးနားရှိသူများမှတစ်ဆင့် ဒေသခံများက သိရှိသွားကြခြင်း ဖြစ်သည်။
အလုပ်ခွင်မှ စုံတွဲ ပြန်သွားပြီးနောက်
အမျိုးသမီးမှာအလုပ်ကိုသာ အာရုံစိုက် လုပ်ကိုင်တော့ပြီး အမျိုးသားမှာမူ သူ့ယုတ်မာသော စိတ်ထားကြောင့် လုပ်ဖော် ကိုင်ဖက်များ၏ရှောင်ကြဉ်ခြင်းကို ခံလိုက်ရသည်။
ထို့အပြင် အမည်းရောင်ပုံရိပ်က တောသားနှင့် နတ်ဘုရားမဟု ခေါ်ခဲ့သော စုံတွဲမှာမူ မကြာသေးမီက Friend Circle တွင် ခရီးထွက်နေသော ပုံများကိုတင်ခဲ့ကြသည်။
လမ်းခွဲမည့် အရိပ်အယောင်ပင် မတွေ့ရပါချေ။
ငယ်သူငယ်ချင်း စုံတွဲမှာလည်း ကောင်းကောင်းမွန်မွန်ပင် ရှိနေဆဲဖြစ်သည်။
Online စုံတွဲမှာမူ လမ်းခွဲသွားကြ၏။
သို့သော်
ချစ်သူပင် မဟုတ်ခဲ့သော တစ်ဖတ်သတ်အချစ်၏တိုးတက် မှုမှာမူ မထင်မှတ်ထားသော အောင်မြင်မှုတစ်ခုအဖြစ်ထိပ်ဆုံးသို့ ရောက်ရှိသွားတော့သည်။
ယခုအချိန်တွင် ချစ်သူများမဖြစ်ကြသေးသော်လည်း အနည်းဆုံးတော့ ပိုမိုရင်းနှီးသော အဆက်အသွယ်များရှိနေကြပြီဖြစ်သည်။
အပန်းဖြေစခန်း၏ မှတ်ချက်ကဏ္ဍတွင်
သတင်းပေးသူ၏မှတ်ချက်အောက်၌ ဒေသခံများမှာ တစ်ခဲ နက် အော်ဟစ် အားပေးနေကြသည်။
[အား... ငါတော့ အချိုတွေစားမိပြီး သေတော့မှာပဲ]
[ကယ်ကြပါဦး ဒီမှာ လူပျိုကြီးတွေကို နှိပ်စက်နေကြပြီ]
ထိုအင်တာနက်သုံးတတ်သောဒေသခံများမှာ မိမိတို့ကိုယ်မိမိ သံပုရာသီးစားထားသလိုမျိုး ချဉ်ခြင်းတက်နေကြသည်ဟု ခံစားနေရသည်။
ဤလောကတွင် လူပျိုကြီးများကို နှိပ်စက်သည့်နေရာမှာ အနှံ့အပြားပင်။
[လက်တွေ့မှာ သက်သေပြလိုက်တာပဲ၊ ကြိုက်ရင် သတ္တိရှိရှိ ရှေ့တိုးရမယ်]
[အဓိကကတော့ စိတ်ရင်းမှန်ရင် အောင်မြင်တာပါ ]
[ငါလည်း နတ်ဘုရားမကျောက်ရုပ်အောက်မှာ host ကို သွားကိုးကွယ်ရင် အကျိုးကျေးဇူး နှစ်ဆရနိုင်မလား]
[အပေါ်ကလူ... မင်းက တကယ်ကို ပါရမီရှင်ပဲ တို့ကုမ္ပဏီမှာ အလုပ်လာလုပ်ပါလား]
သံပုရာသီး စားထားသလို ခံစားနေရသော လူများအပြင် ချစ်သူရှိသောလူ များမှာလည်း တစ်စုံတစ်ခုကို စဉ်းစားနေကြသည်။
သူတို့သည်လည်း မိမိတို့၏အဖော်ကို ကြည့်လိုက်ကြ၏။
' စွန့်စားခန်းက အန္တရာယ်များလွန်းသော်လည်း ရင်ဖွင့်စကားဆိုရင်တော့'
'သွားပြီ... သူတို့ နည်းနည်းတော့ စိတ်လှုပ်ရှားနေကြပြီ'
သို့သော်လည်း တကယ်တမ်း ဝိညာဉ်နယ်ပယ်လိုမျိုး ရင်ဖွင့်စကား စမ်းသပ်ပွဲသာ လုပ်လိုက်ပါက ချစ်သူမည်မျှလမ်းခွဲကုန်ကြမည်ကို မပြောနှင့်ဦး၊ သူတို့ လုပ်ချင်သည်ဆိုဦးတော့ အခြေအနေကပေးသည် မဟုတ်ပါချေ။
ပထမဆုံးအနေဖြင့် ဝိညာဉ်နယ်ပယ် ရှိရမည် ဖြစ်ပြီး ဒုတိယအနေဖြင့် ထိုနယ်ပယ်အတွင်း၌ ရင်ဖွင့်စကား ဆိုသည့် အစီအစဉ် ရှိရမည် ဖြစ်သည်။
အရေးကြီးဆုံးမှာ ထိုနေရာတွင် host (ကျန်းလင်) ရှိနေရမည် ဖြစ်သည်။
မဟုတ်ပါက အရာရာမှာ အဆုံးသတ်သွားပေလိမ့်မည်။
……
ထိုအရာများကတော့ ကျန်းလင် အပန်းဖြေစခန်းမှ ထွက်ခွာသွားပြီးနောက်ပိုင်း ဖြစ်ပျက်ခဲ့တဲ့ နောက်ဆက်တွဲလေးတွေင်ဖြစ်သည်လေ။
……
တခြားတစ်ဘက်မှာတော့
ကျန်းလင်သည် ဘောလုံးလေးသဖွယ်ဖြစ်နေသော ဝိညာဉ်နယ်ပယ်ကို ယူဆောင်သွားပြီးနောက် နောက်ထပ် တစ်နေရာသို့ သွားရောက်ခဲ့သည်။
ဝိညာဉ်နယ်ပယ် တာဝန်နှင့် ပတ်သက်၍မူ...
ဝိညာဉ်ဖြစ်ရသည့် အကြောင်းရင်းကို သိခဲ့ရသလို ဝိညာဉ်နယ်ပယ်ဖြစ်ပေါ်လာရသည့် အကြောင်းရင်းကိုလည်း သိရှိခဲ့ရပြီဖြစ်သည်။
သို့သော် သူသည် တာဝန်စင်တာသို့ သွားရောက်ကာ တာဝန်အပ်နှံရန် လောလောဆယ် အစီအစဉ်မရှိပါချေ။
ထိုအမည်းရောင်ပုံရိပ် ပြောသွားသည့် စကားအရဆိုလျှင် ဝိညာဉ်အရောင်းအဝယ်သမားသည် အနီးအနားသို့ ရောက်ရှိလာပါက အဖိုးအခကို အလိုအလျောက် လာရောက် သိမ်းယူမည် ဖြစ်သည်။
ထိုသို့ဆိုလျှင် သူသည် ဤဝိညာဉ်နယ်ပယ် ဘောလုံးလေးကို မိမိနှင့်အတူ ယူဆောင်သွားရုံဖြင့် ထိုဝိညာဉ်အရောင်းအဝယ်သမား အနီးအနားသို့ရောက်လာပါက ဤဘောလုံးလေးက တုံ့ပြန်မှု ရှိလာမည် မဟုတ်ပါလော။
……
ကျန်းလင်သည် 'ဝိညာဉ်နယ်ပယ် ဘောလုံးလေး' ကို ယူဆောင်ကာ ဝိညာဉ်အရောင်းအဝယ်သမား၏ သဲလွန်စကို ရှာဖွေရင်း ၁၈ နယ်မြေအတွင်းရှိ ဝိညာဉ်ရေးရာ ဖြစ်ရပ်များကို ဖြေရှင်းပေးနေစဉ် အဖွဲ့ဝင်များမှာလည်း သူတို့အလုပ် များကို မနားတမ်း လုပ်ကိုင်နေကြသည်။
ဝိညာဉ်များကို လမ်းညွှန်သူက လမ်းညွှန်ကာ အချက်အ လက် စုဆောင်းသူက စုဆောင်းနေကြ၏။
ထို့နောက် နယ်မြေ ၁၈ အတွင်း ညအချိန်ရောက်လာသည့်အခါတွင် လမ်းမပေါ်တွင် bus ကားတစ်စီးက ပေါ်လာခဲ့ပြီး တရွေ့ရွေ့မောင်းနှင်နေတော့သည်။